တွင်းကြီးသားတင်ဝင်းဦး
တစ်ဖက်လပ် ငမှတ်
“သေပေတော့”
“ဖုန်း … ဖုန်း … ဖုန်း”
“ကိန်· … ကိန် … ကိန်”
ခွေးကို ဆဲသံ၊ ရိုက်သံတို့နှင့်အတူ ခွေး၏မြည်သံများသည် ဝန်းကျင်ကို ဆူညံသွား၏။ ခွေးသံ၊ ရိုက်သံတို့ကြောင့် ကိုမြရွှေ အိပ်ရာက လန့်နိုးသည်။
ဘယ့်နှယ်ပါလိမ့်။ နေ့လည်းမဟုတ်။ ညဦးပိုင်းလည်းမဟုတ်။ ည တစ်ချက်တီးအချိန်ကျမှ ခွေးကို ရိုက်သံကြားရ၏။ ယခင်ညတွေကလည်း တစ်ညခြား၊ နှစ်ညခြား ဆိုသလို ရိုက်သံကြားခဲ့ရသည်။ ယခုလည်း ခွေးကိုရိုက်နေပြီ။ ဘာအကြောင်းကြောင့် ပါလိမ့်။
အင်း . . . ခွေးက မီးဖိုချောင်မှာ ခိုးစားလို့လား၊ ဖြစ်နိုင်ပါသည်။ ခိုးစားတာမိလို့ အငြိုးကြီးပြီး ရိုက်တာ ဖြစ်မည်။
ကိုမှတ်၏ ဆဲသံ ကြားရပြန်သည်။ ရိုက်သံ ကြားရပြန်သည်။ ပြီး ခွေးမြည်သံပါ ဆက်ကြားရသည်။
“သတ်… သတ်ပစ်၊ သေအောင်သာ သတ်”
အလို… ဒါ ကိုမှတ်ဇနီး မတင်စိန်၏ အဆင်းဘီးတပ်ပေးသည့် အသံပါလား။ ဘယ့်နှယ် ခွေးကို အသေသတ်ခိုင်းနေသနည်း။
“ကိုမှတ်တို့ ဒီအချိန်မတော်မှာ ဘာပြုလို့ ခွေးကို ရိုက်နေပါလိမ့်”
ဇနီးဖြစ်သူက ကိုမြရွှေကိုမေးသည်။ မနက်စောစောစီးစီး ချမ်းချမ်းနှင့် စောင်ကို ပြင်ခြုံရင်းက…
“ဘယ်သိမလဲဟ။ ခိုးစားလို့ ရိုက်တာနေမှာ”
ဟု ကိုမြရွှေက ဖြေရင်း စောင်ကို ခေါင်းအထိခြုံပြီး ကြိုးစားအိပ်သည်။
ယခင်ရက်တွေကလည်း ယခုလိုပင်။ ဟော… မကြာပါ။ နောက်ညမှာ ကြားရပြန်ပြီ။ နာရီပြန်တစ်ချက် ကျော်ကျော်နှင့် နှစ်ချက်တီးအချိန်ကျမှ ခွေးရိုက် သည်ချည်း။
“ဝေါင်း … ဝေါင်း … ဝေါင်း”
“ဝုတ် … ဝုတ် … ဝုတ်”
ထုံးစံအတိုင်း ကိုမြရွှေ လန့်ပြီးနိုးသည်။ ကိုမြရွှေနှင့်အတူ ဇနီးဖြစ်သူ မတင်မိကလည်း လန့်ပြီး နိုးလာပုံရသည်။ အိပ်ရေးပျက်သည်ကို မကျေနပ်ဟန်ဖြင့် “ဟင်းခနဲ” သက်ပြင်းချသည်။
“ကဲကွာ”
ကိုမှတ်အသံပင်။ ဆဲရင်းက ခွေးကို ဘာဖြင့်ပေါက်လိုက်သည်မသိ ဘုန်းခနဲ မြည်သည့်အသံ။
“ကိန် … ကိန်” အော်မြည်သံကို ကြားရသည်။
သည်ညတော့ ခွေးက အိမ်၏အပြင်ကို ထွက်ပြေးပုံရသည်။ ဆဲသံဆူသံ မကြားရတော့။
အဲ… ကိုမှတ်တို့ မိတင်စိန်တို့၏ စကားသံလည်း မကြားရတော့။ သို့ဖြင့် လင်းခါနီး အိပ်ပျော်သွားသည်။
အိပ်ရေးက ပျက်လှပြီ။ နေ့ခင်းမှာ ပြောင်းရိတ်သွားရမည်။ ပြောင်းက ပုတ်ပြတ်ရိတ်ရသည်မို့ ခြေသွက်လက်သွက်ရိတ်ပါမှ ခရီးတွင် လုပ်ငန်းတွင်မည်။
ရိတ်ကြရတာက ပြောင်းခင်းဧကများသည်။
အဲ… အဖွဲ့ကလည်း များသည်။ ကိုမြရွှေတို့အဖွဲ့က အရေးတကြီး ရိတ်ကြသလို အခင်းရှင်များကလည်း ပိုပြီး အရေးကြီး နေကြပြီး ပြောင်းတစ်သီးတွင်မက ငရုတ်၊ နှမ်း၊ ပဲစဉ်းငုံတို့ပါ သိမ်းကြရဦးမည်။ သိမ်းစရာသီးနှံများက ကျန်သေးသည်။ လုပ်ငန်းထက် သူခိုးနှင့် ကောက်သင်းကောက်ကို အခင်းရှင် တောင်သူများက ပိုပြီးလန့်ကြ ကြောက်ကြသည်။
နှစ်တိုင်းနှစ်တိုင်း သီးနှံတိုင်းကို အခိုးခံရ၊ အလစ်ခံရတော့ ကြောက်ကြသည်က မဆန်းပါ။ သို့ကြောင့် အရေးတကြီးနှင့် ပြောင်းရိတ်ခိုင်းကြပြီ။
ယခု ကိုမြရွှေတို့ ပုတ်ပြတ်စားအဖွဲ့သည် မနားမနေရိတ်ကြရပြီ။ သို့ကြောင့် ပင်ပန်းသည်။ ပြောင်းရိတ်ရတာ မလွယ်။ နှမ်းရိတ်ရသလို၊ စပါးရိတ်သလိုမျိုး တံစဉ်သေးသေးနှင့် ရိတ်လို့မရ။ ရတော့ ရပါသည်။ ခရီးမတွင်။ တံစဉ်ကြီးကြီးနှင့်မှ ခရီးတွင် လုပ်ငန်းတွင်သည်။
နှံစားပြောင်းပင်က အရိုးတုတ်တော့ ဆွဲရချိတ်ရတာ အရိုးမာတော့ လက်မောင်းတွေနာသည်။ အောင့်သည်။ ကုန်းကုန်းကွကွနှင့် ရိတ်ရတော့ ခါးနာသည်။ ပေါင်ကြောများ တောင့်တင်းသည်။ ညောင်းသည်။
ပြီး ခြေသလုံးများက တစ်နေကုန် ရပ်ပြီး ရိတ်ရတာမို့ သွေးကျပြီး ဖောသလို ရောင်သလိုနှင့် မလှုပ်ချင်၊ မလှမ်းချင် ဖြစ်ရသည်။ သို့ကြောင့် နားရသည့်အချိန်လေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ချင်သည်။ အပန်းဖြေချင်သည်။
ယခုတော့ အိပ်ကောင်းဆဲ သန်းခေါင်းသန်းလွဲအချိန်မျိုးမှာ အနောက်ဘက်အိမ်မှ ကိုမှတ်တို့က ဆဲသံဆူသံ တညံညံနှင့် ခွေးကို ရိုက်ပုတ်မောင်းကြပြီ။
ဒါ … ဘာသဘောလဲ။ ဘာကြောင့်လဲ။ အကြောင်းမဲ့သက်သက်တော့ ခွေးကိုမရိုက်။ အကြောင်းရှိလို့ ရိုက်နှက်နေတာတော့ မှန်သည်။ အဲ… ဘာအကြောင်း လဲဆိုတာတော့ ကိုမြရွှေမသိ။
ကိုမှတ်တို့မိသားစုသည် ကိုမြရွှေတို့လိုပင် ဆင်းရဲသည်။ ဘာဆင်းရဲသလဲ မမေးနှင့်။ အတော်နုံချာ၏။
မိတင်စိန်က ကောက်သင်းကောက်၊ သမီးကြီးက အငှားလိုက်။
အဲ… ကိုမြရွှေကတော့ ကြက်ရှာ၊ ဖားရှာနှင့် လုပ်ရင်း ဝမ်းရေးကို ဖြည့်နေရသည့် ဘဝတွေ။
သားရှာ ငါးရှာအလုပ်တော့ ကိုမှတ်က ဝါသနာပါသည်။ တစ်ခါတစ်ရံ ဝက်သတ်လိုင်စင်ရ ကိုပေါမောင်အိမ်မှာ ဝက်ထု(ဝက်သတ်)ပေးသည်။ ဝက်တစ် ကောင်သတ်ပါက ဝက်အူတစ်တွဲနှင့် ငွေနှစ်ရာကျပ်ရသည်။
ဝက်သာမက နွားပါ သတ်ပေးသူပင်။ နွားသတ်ပါက အမဲတစ်ပိဿာနှင့် ငွေသုံးရာကျပ်ရသည်။ ဝက်၊ နွားအရှင်မှမဟုတ် ရွာထဲက နွားသေလို့ ဖျက်ချင်ရင်လည်း ကိုမှတ်ပါရသည်။ လာပြီး ငှားကြသည်။ ငွေနှင့် ဟင်းတွဲပေးရ၏။
ဟင်းဖျက်ရာမှာတော့ ကိုမှတ်က ကျွမ်းကျင်ပြီးသား။ ငယ်ငယ်လေးကတည်းက သားသတ် ငါးသတ်လုပ်ငန်းကို ဝါသနာကြီးသည်။
အဲ… ကိုမြရွှေကတော့ ထိုလုပ်ငန်းကို ဝါသနာမပါ။ စားချင်လျှင် ဝယ်စားသည်။ ဟင်းမရှိလျှင် မတောင့်တ။ ရှိလျှင် ဝယ်ချက်သည်။
ဝါသနာပါသည်က တောင်သူလုပ်ငန်း။ လယ်ထွန်ချင်သည်။ ယာထွန်ချင်သည်။ နွားမောင်းချင်သည်။ ထယ်ထိုးချင်သည်။ ဂျုံရိတ် ပြောင်းရိတ် ဝါသနာကြီးသည်။
သို့ကြောင့် သူများအိမ် လူငှားဝင်သည်။ လူငှားနားပါက တောထဲထင်းခုတ်သည်။ ဟင်းရွက်ခူးသည်။ မှိုရှာသည်။ ကန်သင်းတင်လိုက်သည်။ ဒါ ကိုမြရွှေအကျင့်၊ ဝါသနာ။
xxx xxx xxx
“ဝေါင်း … ဝေါင်း”
ထုံးစံအတိုင်း ကြားနေကျ ခွေးဟောင်သံကို ကြားရသည်။ ကိုမှတ်အိမ်က ခွေးပင်။ ခွေးက လမ်းမဘက် ထိုးဟောင်သည်။ ဆက်ပြီး ဟောင်သည်။ ဟောင်ပြီး သိပ်မကြာ ကိုမှတ်၏ ဆဲသံနှင့်အတူ တုတ်(ဒုတ်)နှင့်ပေါက်သံ ကြားရပြီး ခွေး၏ အော်သံကိုပါ ဆက်ကြားရ၏။ ခဏကြာတော့ ငြိမ်သွား၏။ ခွေးက လမ်းဘက် ထွက်ပြေးပုံရသည်။
တကယ်တော့ ကိုမှတ် ခွေးသည် ခွေးမကြီးပင်ဖြစ်သည်။ အောက်ခံအဖြူရောင်ပေါ်တွင် အဝါကွက် အဝါစက်များဖြင့် ဖြူဝါကြောင် ခွေးအမွေး ဖြစ်သည်။
ထိုခွေးကျားမသည် ခွေးမျိုးကောင်းသည်။ ဟောင်သည်။ ကိုက်ချင်သည်။ ညရေးညတာ စိတ်ချရသည်။ ညညဆိုလျှင် အိပ်သည်မရှိ။ သခင်၏အိမ်ကို လှည့်ပတ်ပြီး နေသည်။ လူစိမ်းသူစိမ်းမြင်လျှင် မလွတ်တမ်းဟောင်သည်။ ခွေးကျားမက နှုတ်သီးကောင်းသလို သူကျသော ခွေးပေါက်များကလည်း နှုတ်သီးကောင်းပြီး သခင့်အလိုကျ စိတ်ကြိုက် ပြုမူတတ်သည်။
“ကိုမြရွှေရယ် … ခွေးကျားတော့ သနားပါတယ်တော်”
ညနေစောင်း ကိုမြရွှေ တောကအပြန် မတင်မိက ဆီးကြိုပြောသည်။
“ဟ… ဘာပြုလို့လဲ၊ ရှင်းပါဦး”
“မနက်ကပေါ့တော်၊ ကိုမှတ်လေ မိကျားကို ဝါးလှံနဲ့ထိုးလိုက်တာ။ အဲဒါ မကျားက ငုံ့အရှောင် မျက်လုံးကို ထိုးမိရှာတယ်။ အခု မိကျား မျက်လုံးပျက်သွား တယ်လေ။ တစ်ဖက်ကန်းမိကျား ဖြစ်သွားပြီ။ အဲဒါ ဒီနေ့ညပဲ မိကျားကို သတ်မယ်တဲ့။ ချည်ထားတယ်။ သတ်ပြီး အသားပေါ်ရောင်းကြမှာနဲ့ တူတယ်။ မြင့်စိန်တို့ တင်ထွန်းတို့ ခေါ်ထားတယ်။
မောမောနှင့် တောကအပြန် မိကျား၏ သတင်းဆိုးကြားရတော့ ထမင်းပင် မဆာ။ သို့ကြောင့် အိမ်အနောက်ဘက် စည်းရိုးနားကပ်ရင်း ကိုမှတ် အိမ်ဘက်ဆီ ကြည့်မိ၏။ အိမ်ရှေ့တွင် မိကျားကို ကြိုးနှင့် လည်ပင်းကို ချည်ထားသည်။ အိမ်ထဲမှာတော့ ကိုမှတ်၊ မြင့်စိန်၊ တင်ထွန်းတို့ အရက်သောက်ရင်း ပူပူညံညံပြောသံ ကြားရသည်။ သူတို့အဖွဲ့ အတော်မူး၊ ရေချိန်ကျော်ပြီထင်၏။ သူတို့စကားများ နားထောင်ရင်းက ဒီနေ့ညမှာ မိကျားဘဝ နိဂုံးချုပ်တော့မည်မှန်း သိပါသည်။
ချည်ခံထားရရှာသော မိကျားသည် သတ်တော့မည်၊ သေရတော့မည်ကို သိသလားမသိ။ တအီအီ၊ တကိန်ကိန်အော်ဟစ်ရင်း ချည်ထားသောကြိုးစ ဆုံးသည် အထိ ရုန်းကန်ရင်း လွတ်လမ်းရှာနေရှာသည်က သနားစရာ။
ကိုမြရွှေ ဆုံးဖြတ်ချက်ချလိုက်သည်။ ကိုမှတ်အိမ်ဘက် ထွက်ခဲ့၏။
xxx xxx xxx
“ငမှတ် … ဟေ့ ငမှတ်”
ခေါ်ခေါ်ပြောပြောနှင့် အိမ်ထဲဝင်ခဲ့သည်။ အိမ်ထဲမှာ ကိုမှတ်က အတော်မူးနေပုံရသည်။ ပြန်ထူးသံက မပီမသ။
“ဘာလဲ … ဘယ်သူလဲကွ”
နှင့် ပြောရင်း အိမ်အပြင်ထွက်လာသည်။
“ငါပါဟ … မြရွှေပါ”
ပြောရင်း အိမ်အတွင်း ဝင်ခဲ့သည်။ အိမ်ရှေ့ချည်ထားသော မိကျားက မြရွှေကို မြင်တော့ မဟောင်။ အမြီးနန့်ရင်း ခေါင်းခါရင်း “တအီအီ”နှင့် လုပ်ပြ မြည်ပြနေသည်က သူ့အသက်ကို အကယ်ခိုင်းနေသယောင်။
“ဘာကိစ္စလဲ ကိုမြရွှေ … ဟင်းလိုချင်လို့လား။ ဟား … ဟား … ဟား … မပူနဲ့။ ကိုင်တော့မှာပါ”
ကိုမှတ်က မိကျားကို သတ်တော့မည်ဆိုသည့် သဘောနှင့် ညွှန်းပြီးပြောနေကြောင်း သိပြီးသား။
“အဲဒီကိစ္စပါပဲကွာ။ ဟင်းအတွက်တော့ မဟုတ်ပါဘူး။ ဒီလိုပါကွာ … ငါ တောင်းပန်ရင်း လာခဲ့တာပါ။ မိကျားကို မသတ်ပါနဲ့ကွာ”
“ဟာ … မသတ်လို့ ဘယ်ဖြစ်မလဲ။ သတ်ကို သတ်မှာ။ သတ်တော့မှာမို့ ချည်တောင်ထားပြီးပြီ။ ရှုပ်လွန်းလို့။ ပြီးတော့ မိကျားက တစ်ဖက်လပ်နေပြီ။ ကန်းနေပြီဗျာ”
“ငါကြားပြီးသားပါ ငမှတ်ရာ။ မင်းကြောင့် ဝါးလှံလက်ချက်နဲ့ ကန်းခဲ့တာမှန်း သိပါတယ်ကွာ။ အဲ… ကန်းတာတော့ ကန်းတာပါပဲကွာ။ ဒါပေမယ့် မင်းမသတ် ပါနဲ့။ ရှင်းရှင်းပြောရရင် ငါ့မှာ လုပ်အားခရှိတယ်။ ဒီနေ့ပဲ ပြောင်းရိတ်ခ တစ်ထောင် ရခဲ့တယ်။ ရော့… ယူကွာ။ မိကျားတော့ မသတ်ပါနဲ့”
ငွေတစ်ထောင်ပေးရင်းပြောတော့ ကိုမှတ်က ဘယ်နှယ့်လဲဟူသော သဘောနှင့် တင်ထွန်းတို့ကို ကြည့်၏။ မြင်စိန်က မေးငေါ့ပြသည်။ ငွေကိုယူလိုက်၊ ခွေးကို ရောင်းလိုက်ဟူသည့် သဘော။
“ခင်ဗျားကလည်း ကြံကြီးစည်ရာဗျာ။ အကန်း၊ တစ်ဖက်လပ်ကိုမှ မွေးချင်ရတယ်လို့”
ဟု ပြောရင်း ငွေတစ်ထောင်ကိုယူသည်။ ပြီး…
“ကဲ… ခင်ဗျား ဖမ်းသွားပေတော့”
ဟု ဆက်ပြောသည်။
“ဪ… မိကျားကို ငါဝယ်တာ အများအသိ၊ ငါပိုင်ခွေး ဖြစ်ပြီ။ ငါ့ခွေးကို မင်းမပိုင်တော့ဘူး။ ဒီတော့ နောက်ရက် မင်းအိမ်ဘက်လာရင် အန္တရာယ်မပြုရဘူး။ ဒါတော့ ကတိပေး”
“ဟား … ဟား … ဟား ၊ စိတ်ချပါဗျာ … စိတ်ချပါ”
သို့ဖြင့် ကိုမြရွှေသည် ချည်တိုင်မှ မိကျားကို ချော့ခေါ်ရင်း ဆွဲခေါ်ခဲ့သည်။ အစကတော့ မိကျားသည် သတ်မည့်နေရာသို့ သတ်မည့်သူများက ဆွဲခေါ်သည် ထင်ပုံရသည်။
“အို့… အို့… လာ… လာ … မိကျား လာ။ နင့်ကိုသတ်မယ့် လက်ထဲက ဝယ်ခဲ့ပြီ။ နင့်ကို မသတ်တော့ပါဘူး။ နင်က ငါ့အပိုင်ခွေး ဖြစ်ပြီ။ လာ… လာ”
မိကျား နားလည်ခဲ့ပြီလား။
“ကီ.. ကီ.. ကိန်.. ကိန်” နှင့် မြည်ရင်း ညည်းညူရင်း နောက်ကလိုက်လာသည်။ ဩော်… မိကျားခမျာ ညည်းရှာမည်။ ဝါးလှံထက်ထက်ဖြင့် ထိုးခံရသော ဒဏ်ချက်ကြောင့် မျက်လုံးပျက်၊ ဟောက်ပက်ကြီးဖြစ်လို့။ သွေးတွေရွှဲရွှဲနှင့် နာကျင်သည့်ဝေဒနာ ခံခဲ့ရပြီကိုး။ သွေးများက ခြောက်လို့ နေသည်။ ခြောက်သောသွေးများက မိကျားမျက်ဝန်းနှင့် နှာရောင်ပေါ်မှာ၊ နားရွက်ပေါ်မှာ ခြောက်လို့ကပ်နေသည်။
အိမ်ရောက်တော့ သွေးများကို ဆေးသည်။ ပျက်နေသော မျက်လုံးအတွင်းမှ အသားစများ၊ သွေးများကို ထုတ်ပစ်သည်။ ဖန်ဆေးသည်။ အရက်ပျံဆွတ်ပြီး
ဂွမ်းစနှင့် ကပ်သည်။ မိကျားက အသာငြိမ်ပြီး ကျိတ်မှိတ်ခံနေရှာသည်။
ကိုမြရွှေက မတင်မိကို အကျိုးအကြောင်းရှင်းပြသည်။
“အိုတော် … ဒါ အသက်တစ်ချောင်း ကယ်သင့်တာပေါ့။ မိကျား သနားပါတယ်။ ကျုပ်တို့ ကုသိုလ်ရမှာ အမှန်ပဲတော့”
ဒါ မတင်မိ၏ စကား။
ထို့ကြောင့် ကိုမြရွှေ ဝမ်းသာရင်း ကြည်နူးသည်။
xxx xxx xxx
မျက်လုံးကအနာသည် တော်တော်နှင့်မပျောက်ခဲ့။ မိကျားခမျာ ဘယ်လောက် ခံစားရမည်နည်း။ ပြုရက်သူ ကိုမှတ်က ပြုရက်လွန်း၊ ရက်စက်လွန်းသည်။ ဘယ်အကြောင်းကြောင့် အဘယ်အငြိုးကြောင့် ဘယ့်အတွက် ပြုရက်ပါသနည်း။
မိကျားကကော မျက်လုံးတစ်ဖက် ပေးဆပ်ရသည်အထိ မိုက်ခဲ့လို့လား။ ခွေးသည် ခွေးပင် ဖြစ်သည်။ မိကျားသည် ပညတ်ချက်ရယ်သာ။ ခွေးသည် လူလောက်မဆိုး၊ မမိုက်ပါ။
လူက သိပါသည်။ ထိုအသိကြောင့် သိကြသည်၊ မသိကြသည်ကို ဖြစ်ပေါ်၏။ ထိုအသိကြောင့် လိမ္မာသည် မလိမ္မာသည်ကို ဖြစ်ခဲ့၏။ ထိုအသိကြောင့် ဆိုးသည် မဆိုးသည်၊ မိုက်သည် မမိုက်သည်၊ မှားသည် မမှားသည်၊ မှန်သည် မမှန်သည်ကို ဖြစ်ပေါ်ခဲ့ကြပြီ။ ဒါ လူတွေ၏ အသိပိုင်းမှ အဆိုးနှင့်အကောင်း သဘောများပင်။
မိကျားကတော့ အိပ်၊ စား၊ ကာမ ထိုသုံးဝသာသိပြီး၊ ခွေးသည် ခွေးလို ပြုမူကျင့်ကြံမည်။
ယခုတော့ ကိုမှတ်သည် ခွေးတစ်ကောင်နှင့်အတူ ပြိုင်မိုက်ခဲ့ ပြီကိုး။ သို့ကြောင့် အသိကြွယ်ဝသော၊ ဒေါသကြီးသော ကိုမှတ်ကြောင့် မိကျား မျက်လုံးပျက်ခဲ့ရပြီ။
သုံးလလောက်အကြာ မိကျားအနာပျောက်ခဲ့သည်။ မိကျားနာမည်ပျောက်၍ “တစ်ဖက်လပ်”ဟုသာ အမည်တွင်ခဲ့ပြီ။
“အို့ … အို့ ၊ တစ်ဖက်လပ် … တစ်ဖက်လပ်”
ဟု ခေါ်လျှင် မိကျားသည် ကျန်သည့် မျက်လုံးတစ်ဖက်မှ အမြင်စွမ်းအားကို စူးစိုက်ပြူးပြဲကြည့်ပြီး အမြီးတနန့်နန့်၊ ခေါင်းတခါခါ၊ လျှာတစ်လစ်တစ်လစ်နှင့်လုပ်ရင်း ဝပ်ဆို ဝပ်၏။ ပြေးဆို ပြေး၏။ လာဆို လာရှာ၏။ စားဆို စားရှာ၏။
တစ်ရက် မီးဖိုချောင်ကို ဖွင့်ထားသည်။ အတွင်းက ထမင်းအိုး၊ ဟင်းအိုးများကို အပေါက်ဝနားတွင် ချကာထားသည်။ တစ်ဖက်လပ်သည် လုံးဝမစား။ မီးဖိုချောင်ထဲ လုံးဝမဝင်။ အပေါက်ဝမှာပင် ဝပ်ပြီးစောင့်နေသည်ကို မြင်တွေ့ရတော့..
“အင်း… ခိုးစားတဲ့အကျင့် မိကျားမှာ မရှိပါဘူး။ ဘာပြုလို့များ ရန်ရှာရတာလဲ ငမှတ်ရယ်။ အင်း… မင်းတော့ ဝဋ်လည်ဦးမှာပဲ။ အင်းလေ… မိကျား ဘဝကနေပြီး တစ်ဖက်လပ်ဘဝ ရောက်ခဲ့သလို မင်းလည်း အဲဒီဘဝမျိုး မရောက်စေချင်ဘူးကွာ”
ဟု ကိုမြရွှေတွေးရင်း ကိုမှတ်အတွက် ဆုတောင်း၏။
xxx xxx xxx
“ကိုမြရွှေ၊ တော်သတင်းကြားပြီးပလား”
“ဟေ… ဘာသတင်းလဲဟ”
“ဦးခွေးညို ငရုတ်ခင်း လူခိုးခံရလို့တဲ့။ ပြီးတော့ ကိုဘကြည်၊ ကိုလှမောင်တို့ အခင်းလည်း ပါသွားသတဲ့”
“ဟင်”
ဟုသာ အံ့သြမိသည်။
ကိုမြရွှေတို့သည် တောင်သူသုံးဦးပေါင်း ရှစ်ဧကခန့် ပြောင်းရိတ်ပြီးပြီ။ နောက်ထပ် ငှားမည့်သူမရှိ၍ နားနေကြရသည်။
“ပြီးတော့ ဦးဘမြိုင်၊ ဦးကံလှတို့ ပြောင်းခင်းကို ပြောင်းနှံတွေ အလစ်ယူသွား သေးသတဲ့”
“ဟာ … သူခိုးက တော်တော်သောင်းကျန်းနေပါလား”
“ဟုတ်တယ်တော်။ စားနေကျ ကြောင်ပါး။ လုပ်နေကျလူပဲ နေမှာပါတော်”
“အင်း… ရပ်စည်း၊ ရွာစည်း၊ လုပ်ငန်းစည်း၊ စီးပွားစည်းမထားဘဲ ခိုးတဲ့လူတွေ၊ လက်ကြောတင်းအောင် မလုပ်ဘဲ ရေသာခိုချင်တဲ့လူတွေကြောင့် ခက်ပါ တယ်ဟာ”
ငရုတ်သီးအခိုးခံရသည့်သတင်း၊ ပြောင်းနှံအခိုးခံရသည့် အကြောင်းများက ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့သည်။ အဲ… ယခင်ကလည်း အပျောက်အရှ ရှိခဲ့ပါသည်။ ရွာထဲမှာ ဘယ်တောင်သူမှ မကင်းကြ။ အနည်းနှင့် အများ ဆိုသလို အခိုးခံကြရသည်။ ထင်ထင်ပေါ်ပေါ် မရှိကြပါ။ ယခုကိစ္စကတော့ တရားလွန်လွန်းသည်။ ရိတ်လှဲပြီး ပြောင်းကိုသာမက ငရုတ်ခင်းများကိုပါ အလစ်သုတ်ကြပြီဆိုတော့ နာမည် မကြီးဘဲ မနေတော့။
သို့ကြောင့် နောက်ရက် နောက်ညများတွင် ပိုပြီး ဂရုစိုက်သည်။ တောင်သူတွေက သူခိုးကိုဖမ်းရန် အလစ်ချောင်းပြီဆိုတော့ ချိုမပေါက်သော သူခိုးက ပါးသည်။ ထိုရက် ထိုညများတွင် မထွက်။
ခက်သည်က သူခိုးသည် မည်သူပါဆိုတာ မသိကြ။ သို့ကြောင့် ယုန်ထင်ကြောင်ထင်နှင့် ဥစ္စပျောက် ငရဲကြီး ဖြစ်ခဲ့ကြသည်။
မလှစုန်းမျိုးထင်ရင်း မရှိခိုးနိုးမြင်ခဲ့ကြသည်မို့ ကိုမြရွှေတို့လို ရိုးရိုးသားသား လုပ်စားသူများပင် ကြားထဲက အနေခက်လှသည်။ ကိုယ့်များ ထင်လေမလား၊ ငါ့များ ထင်နေပြီလားဟူသော အသိက ရင်ထဲမှာ အရိုးစွဲနေသည်။
အင်း… ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့ဟူသော အသိဖြင့် ဖြေရင်း ရွာထဲမှာ ရင်ကော့ခေါင်းမော့ရင်း လုပ်ခဲ့ကြရသည်အထိ။
နောက်ရက် ဦးညိုက ပြောင်းရိတ်ငှားသည်။ ရိတ်နေကျအဖွဲ့အတိုင်း ရိတ်ကြသည်။ တစ်ဧကကို မနက်ခင်းဖြင့် အပြီးပြတ် ရိတ်၏။ နောက်ရက်မှာ ကိုထွေး အခင်း ရိတ်သည်။ ကိုထွေးအခင်းကို တစ်ရက် ရိတ်ကြရသည်။
ရိတ်လိုက် နားလိုက်နှင့် လုပ်ရင်းက သူခိုးအကြောင်းမေ့နေသလို အိမ်က တစ်ဖက်လပ်အကြောင်းပါ မေ့ခဲ့သည်အထိ အလုပ်က စိပ်လာသည်။ ယခု သူခိုး ကြောက်တော့ ရှေ့က စွတ်ပြီးရိတ်၊ နောက်က ပြောင်းနှံထစ်အဖွဲ့နှင့် အပြင်းထစ်ကြ၊ ချိန်ကြ လုပ်ရပြီ။
ကိုထွေးအခင်းအပြီး ဦးကံချုံ ပြောင်းခင်းကို ပြောင်းရိတ်တော့ မတင်မိက ထမင်းထုပ်လာအပို့ တစ်ဖက်လပ် ပါလာသည်။ တစ်ဖက်လပ်က အခြားသူများကို ဟောင်ရင်းက ကိုမြရွှေအနား ပြေးလာရင်း ခေါင်းဖြင့်တိုးဝှေ့ရင်းက တအီအီအသံ ပြုသည်။
“ဪ… တစ်ဖက်လပ်တောင် ကိုယ်ဝန်နဲ့ကိုး”
မှန်သည်။ ကိုမှတ်ထံက မဝယ်ခင်ကတည်းက တစ်ဖက်လပ်မှာ ကိုယ်ဝန်နှင့်။
xxx xxx xxx
ပြောင်းခင်းများရိတ်ပြီးပြီ။ ပြောင်းသီးနှံအပြီး ငရုတ်သီးများ ဆွတ်ကြပြီ။ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်သလို ပဲကြီး၊ ပဲကျား၊ ပဲနတော်၊ မတ်ပဲတို့ ပေါ်လို့ ရိတ်ကြဆွတ်ကြပြီ။ ထိုအလုပ်များကိုလည်း ကိုမြရွှေရော မတင်မိပါ နေ့စားအဖြစ် လုပ်ကြသည်။
ထိုသီးနှံများအပြီး ပဲစဉ်းငုံတို့ ခုတ်ကြပြီ။ ထိုအချိန်ဝယ် ငရုတ်တစ်မျိုးသာ ကျန်သည်။ သည်နှစ်မိုးကကောင်းတော့ ငရုတ်တို့ ဖြစ်သည်မို့ သုံးထပ်လေးထပ်ကောက်လည်း အသီးက လျော့မသွားဘဲ ယခင်နှစ်တွေကတော့ နှစ်ထပ်လောက် ဆွတ်ပြီးလျှင် အသီးတောင့်မရှိ၍ သိမ်းကြသည်။ ခု မသိမ်းကြသေး။ အစောင့်ငှားပြီး စောင့်ကြသည်။ ငရုတ်ဈေးကလည်း ကောင်း၊ ငရုတ်ကလည်း ရခဲ့ကြပြီကိုး။
ပဲစင်းငုံခုတ်တော့ ကိုမြရွှေတို့အဖွဲ့ လက်တွဲညီညီနှင့် ခုတ်ကြသည်။ အခင်းအပ်မည့် တောင်သူများနှင့်ဈေးညှိပြီး ခုတ်သည်။
အချို့က အပင်ခြေမှ နုတ်သည်။ အချို့က ခါးလယ်လောက်ကနုတ်ပြီး အမြစ်ကို ပေါက်ပေးရသည်။ အပင်ခြေနုတ်(အရင်းနုတ်)သည်က ခြောက်ရာကျပ်၊ ခါးဖြတ်၊ အမြစ်ပေါက် (အပင်အရင်း ထုတ်သည့်အပိုင်း၊ ပေါက်ပြားနှင့် ပေါက်ရသည်)က တစ်ဧက တစ်ထောင်ဈေး။
သို့ကြောင့် နေ့တွက်ကိုက်အောင် တွက်ခြေကိုက်အောင် ကြိုးစားပေါက်ကြသည်။
“ခုတ်ပြီးတဲ့ ကိုတင့်လွင်အခင်းတော့ ပဲစင်းငုံအတောင့်တွေ အခိုးခံရသတဲ့ဗျာ”
ခုတ်ရင်းမှ အောင်ဝင်းက ပြောသည်။ ထိုသတင်းကို ကြားကြပါသည်။
“အင်း… အတင့်ရဲမှရဲနော်”
ဟု ခင်မောင်စန်းကပြောသည်။
သိန်းလွင်က…
“ဒီလို အကျင့်ပျက်တွေရှိတာ ကျုပ်တို့လို လက်လုပ်လက်စားတွေ နာမည်ပျက်တယ်။ တောင်သူတွေက အခိုးခံရပြီဆိုရင် ဘယ်သူ့ထင်မလဲ။ ကူလီအလုပ် သမားတွေကိုသာ ထင်တာဗျ”
“အင်းလေ… ဘယ်သူတရားပျက်ပျက် မင်းတို့ငါတို့မပျက်ဖို့ အရေးကြီးတာပါ”
ဟု ကိုမြရွှေက သိန်းလွင်၏ စကားကို ထောက်ခံသည်။
အိမ်ပြန်လို့ အိမ်ရောက်တော့လည်း မတင်မိနှင့် ငရုတ်သူခိုး၊ ပြောင်းသူခိုး၊ ယခု ပဲစင်းငုံသူခိုးအကြောင်းသာ ပြောရင်းရှိသည်။
ပြောရင်းက ပင်ပန်းမှုတို့ကြောင့် အိပ်ပျော်သွားသူက ကိုမြရွှေ။
xxx xxx xxx
*တင်စိန် … ဟေ့ တင်စိန်”
အနောက်ဘက်အိမ်မှ ငမှတ်၏ ခေါ်သံကြောင့် ကိုမြရွှေလန့်နိုးသည်။
“ဝုတ်… ဝုတ်… ဝုတ်”
“ဝေါင်း… ဝေါင်း… ဝေါင်း”
အထိတ်တလန့်ခေါ်သံကြောင့် အိပ်ရာက ထခဲ့သည်။ ထခဲ့ရင်းက နားထောင်စဉ် တစ်ဖက်လပ်က ဟောင်သည်။ ဟောင်ရင်းက လမ်းဘက်ထွက်ပြေးသွားသည်။ လမ်းမပေါ်ကပင် လူရှိရာကို သဲကြီးမဲကြီးဟောင်ဆဲ။
“အင်း . . . နာရီပြန်တစ်ချက်ထိုးလို့ နှစ်ချက်တီးခါနီးပြီ။ စောစောက ခေါ်တာ ငမှတ်အသံပါ။ အခု လမ်းဘက်ကလည်း ငမှတ်နေမှာ”
ဟု တွေးမိသည်။
တစ်ဖက်လပ်က ဆက်ပြီး ထိုးပြီး ဒေါသနှင့်ဟောင်ပြန်၏။
*ဝုတ်… ဝုတ်… ဝေါင်း… ဝေါင်း”
“ဟခွေး… ဒီခွေးနှယ်။ တယ်… သေဘော့မယ်”
အသံကို အသေအချာနားထောင်၏။ သေချာပြီ … ငမှတ်မှ ငမှတ်။
“တင်စိန် … တင်စိန်”
“လာပါပြီတော် … လာပြီ”
ဟု မိတင်စိန်အသံ တိုးတိုးကို ကြားရသည်။ ပြီး မိတင်စိန် အိမ်ထဲက ထွက်လာပြီး ငမှတ်ဆီ လာသည်ကိုမြင်ရသည်။
“တင်စိန် ငါ … ငါ မျက်လုံးတစ်ဖက် ကန်းပြီနဲ့တူပါရဲ့”
“အလို… တော်… တော်… . တကယ်လား”
“အင်း”
ဟုသာ ပြောပြီး မိတင်စိန်က ငမှတ်ကိုတွဲပြီး အိမ်ထဲခေါ်သည်။
“ဟာ… အိမ်ရှေ့မှာ… ရှေ့မှာ ဆာလာအိတ်အဖြူ သုံးလုံးပါလား။ အင်း မဟုတ်မှလွဲရော”
တွေးရင်းက လမ်းမဘက်ထွက်ခဲ့ပြီး တစ်ဖက်လပ်မကို ချော့ခေါ်သည်။ သူ့ကို မျက်လုံးကန်းအောင်လုပ်ထားသည့် ငမှတ်မှန်း သိသလား မပြောတတ်။ ဒေါ နှင့် မောနှင့် ဟောင်သည်က မကျေမနပ်ဖြစ်သည့် အသံမျိုး။ အတော် ချော့ခေါ်ရင်း ချော့အပြီး အိမ်ဆီ ခြောက်လွှတ်သည်။
တစ်ဖက်လပ်က ငမှတ်တို့အိမ်ဆီကို ကြည့်ပြီး မာန်ရင်းမဲရင်း သွားကြိတ်ရင်းနှင့် ထွက်သွားပြီ။ ဒါတောင် အိမ်ဘက်ဆီက ဟောင်သေးသည်။
“အင်း… မျက်လုံး ခိုက်မိတယ် ဆိုပါလား”
ဟုတွေးရင်းက ရပ်သိရွာသိ ရပ်စိတ်ရွာစိတ် ဆွေမျိုးစိတ်ရှိသည့် ကိုမြရွှေ မနေသာ။ ပြီး ညကလည်း ညကြီး မင်းကြီး။ အချိန်က မတော်။
“ငမှတ်”
အိမ်ထဲသို့ လက်နှိပ်ဓာတ်မီးထိုးပြီးအဝင် ငမှတ်နှင့် မိတင်စိန်တို့ လန့်နေရသည်။
“ကို… ကိုမြရွှေလုပ်ပါဦးတော်၊ ကိုမှတ် မျက်လုံးပျက်ပြီတော့”
“ဟေ… ဟုတ်လား”
ဟုပြောရင်း သူတို့အနီး ဝင်ထိုင်သည်။ ရေနံဆီမီးခွက်ထွန်းရင်းက ငမှတ် မျက်နှာကို ပုဆိုးစနှင့် ပတ်စီးထားသည်။ သွေးများက ပုဆိုးစကို ဖောက်ပြီး အောက်ကို တွင်တွင်ကျစီးဆဲ။
“ဘယ်… ဘယ်လိုဖြစ်တာလဲကွာ”
အင့်ခနဲရှိုက်ပြီး ငမှတ်ကပြောလာပြီ။
“ကျုပ်… ကျုပ်ဘဝဆုံးပါပြီဗျာ… ဆုံးပါပြီ။ မိကျားကို မျက်လုံးကန်းအောင် လုပ်ခဲ့တဲ့အပြစ်။ ပြီးတော့ တောင်သူတွေရဲ့ လုပ်အားကို ခိုးတဲ့အပြစ်……”
“ဟေ”
“ဟုတ်တယ် ကိုမြရွှေရဲ့။ ငရုတ်သီး၊ ပြောင်း၊ ပဲစင်းငုံခိုးခဲ့တာ ကျုပ်ဗျာ… ကျုပ်။ ဘယ်သူကမှ ကျုပ်ခိုးတာမသိကြဘူး။ မိကျား အိမ်မှာရှိစဉ်ကလည်း ကျုပ်က ညကျမှ ထွက်ခိုးတာ။ တစ်ချက်တီး နှစ်ချက်ထိုးမှပြန်တာဆိုတော့ မိကျားက ဟောင်တယ်လေ။ ဟောင်တော့ လူသိမှာစိုးလို့ သတ်ဖို့ကြံခဲ့မိတာပဲ”
“ဪ”
ဟုသာပြောရင်း မိကျားဟောင်သံ၊ မိကျားကိုသတ်မည့်အကြောင်းသည် ဘယ်အတွက်ကြောင့်ဆိုတာ ခုတော့ သိရပြီ။
“ဒီည ကျုပ် ကိုမြရွှေတို့ခုတ်တဲ့ အခင်းကို သံဘီးနဲ့ခြစ်ယူခဲ့တဲ့ ပဲစင်းငုံတောင့်တွေ အိမ်ရှေ့မှာ သုံးအိတ်ရပြီလေ။ ပဲစင်းငုံခိုးတယ်ဆိုတာ သံဘီးနဲ့ခြစ်ယူတာဆိုတော့ အဲဒီ သံဘီးနဲ့ အပင်က အတောင့်တွေ ခြစ်အယူ၊ ဘီးက လက်ထဲကလွတ်အကျမှာ ကျုပ် ဘီးကိုအကောက် ခါးအောက်ကဖြတ်ထားတဲ့ ပဲစင်းငုံအငုတ်နဲ့ ထိုးမိတာဗျာ့။ ကျုပ်… ကန်း… ကန်းပါပြီဗျာ”
မကောင်းတာလုပ် မကောင်းတာဖြစ်သည်ကို သိပါသော်လည်း ဒင်းထိုက်နှင့်ဒင်းကံ ဒင်းသာခံ … ဒင်းသာခံဟု မျက်စိမလွှဲလို။ ဥပေက္ခာမပြုချင်။
သို့ကြောင့် ဆေးခန်းကိုပို့ရန် ပြောသည်။ ကာရံသင့်ပါက မျက်လုံးကို ကောင်းတန်ကောင်းအောင် ကုသဖို့ အချိန်လုသင့်ကြောင်း ပြောရသည်။
မကြာပါ ။ ငမှတ်တို့ ဆေးခန်းသွားသည်။ ဆရာမကိုပြသည်။
သို့သော် မရတော့ပါ။
“မရတော့ပါဘူးရှင်။ ကိုမှတ် မျက်လုံးက လုံးလုံးပေါက်ထွက်သွားပါပြီ”
ဆရာမကပြောတော့ ငမှတ် ငိုပါသည်။
ကြာခဲ့ပြီ။ ပဲစင်းငုံတွေ ခုတ်ပြီးပြီ။ ခုတ်လို့လည်း ပြီးကြပြီ။ ခုတ်ပြီးအပင်များကို မြေစိုက်စင်(လေးတိုင်စင်)လုပ်၊ အပေါ်က ကြမ်းဖျာပြေးပြီး အပင်အရင်းကို ကိုင်၊ အဖျားမှ အသီးတောင့်များကြွေအောင် ပုတ်ကြ(ရိုက်ကြ)ရသည်။
ယခု ဘာလုပ်ငန်းလုပ်လုပ်၊ ဘယ်ရာသီရောက်ရောက်၊ ဘယ်သီးနှံကြဲကြဲ၊ ဘယ်မျိုးစေ့ပက်ပက် ပြောကြသည်က ကိုမှတ်အကြောင်း။ ငမှတ်အကြောင်း။ ငမှတ်သည် ယခုတော့ တူညီသောအကျိုးခံစားနေရပြီ။ ရွာထဲက ခေါ်သည်မှာ “တစ်ဖက်လပ်ငမှတ်”တဲ့။
ကိုမြရွှေကတော့ သို့ကလို မခေါ်ရက်ပါ။ ငမှတ်အဖြစ်ကိုကြည့်ရင်း နောင်တတရား၊ သင်ခန်းစာတရားများကို ယူရင်း ယူကျုံးမရ ဖြစ်ခဲ့ရသည်သာ။
ဘယ်သောအခါမျှ မိကျားကိုလည်း တစ်ဖက်လပ်ဟု မခေါ်လိုတော့။
ပြီးတော့ ငမှတ်ကိုလည်း ငမှတ်ဟုသာ ခေါ်ရမည်။
အဲ… ရွာထဲကခေါ်သည် ကတော့ “တစ်ဖက်လပ် ငမှတ်”တဲ့။ ထိုအမည်ကို ရာသက်ပန်ခေါ်ကြမည်က အမှန်။
ငမှတ်က မိုက်ခဲ့ဆိုးခဲ့တာကိုး။ မိကျားကိုလည်း ကန်းအောင်လုပ်ခဲ့တာကိုး။ မိကျားကတော့ မျက်စိတစ်ဖက်ကန်းနေသော ငမှတ်ကို မြင်လေတိုင်း ဟောင်သည်က ငေါက်မရ၊ ငမ်းမရ။ အငြိုးအတေးရှိခဲ့တာကိုး။ ဟောင်မည်ပေါ့။
မိကျားဟောင်သံကို အဓိပ္ပာယ်ဖော်ကြည့်လျှင်
“မှတ်ဟ… ငါကန်းသလို မင်းလည်းကန်းပြီ။ ငါဖြစ်သလို မင်းလည်းဖြစ်ပြီ။ တူသောအကျိုးပေးပြီ”
ဟု အဓိပ္ပာယ် ရမည်ထင်၏။
– ပြီး –
စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized