ဒိုးညီနောင်နဲ့ ဂမ္ဘီရဖြစ်ရပ်ဆန်းများ
၈။ ပါရမီဖြည့်လမ်းခရီးဆန်း
တမ္ပဒီပမြို့ဟောင်းက အကျဉ်းသားများ
ဒီနှစ် ရိုးနီချောင်းကြီး နံဘေးက သဲကုန်းရွာသားတို့အတွက် ပျော်ရွှင်ရတဲ့ နှစ်တစ်နှစ်ပဲ။
အကြောင်းက ပြီးခဲ့တဲ့မိုးကာလမှာ ရိုးနီချောင်းကြီး ရေကြီးတော့ နှစ်တိုင်းရေတိုက်စားခံကြရပြီး၊ ပြိုကျနေရတဲ့ ရွာဘက်က ကမ်းပါးတွေကို ရေတိုက်စားမခံခဲ့ကြရဘူး။
ရေဦးက စလာကတည်းက ထူးထူးလည်လည်နဲ့ တစ်ဖက်ကမ်းဆီကိုသာ ဦးထိုးပြီး တစ်နှစ်ပတ်လုံး တိုက်စားသွားခဲ့တယ်။
ဒါကြောင့် သဲကုန်း ရွာသူရွာသားတို့အတွက် ဒီနှစ်က ယခင်နှစ်တွေထက် ပျော်ကြရတဲ့ နှစ်တစ်နှစ်ဖြစ်ကြရရဲ့။
မဟုတ်ရင် သူတို့ရွာက ကမ်းနားဘေးအိမ်တိုင်း မိုးကာလရေကြီးချိန်ဆို အိုးအိမ်တွေယာယီ ရွှေ့ပြောင်းကြရတာ။
မိုးကုန်လို့ ကမ်းပါးမပြိုဘဲ ကိုယ့်နေရာမှာ မြေကျန်ပါမှ ပြန်ရွှေခဲ့ကြရတာမျိုး။ ဒီအလုပ်က တစ်နှစ်တစ်နှစ် တကယ့်ကို ကြီးမားလွန်းတဲ့ ဗာဟီရက တကယ်များတာရယ်။
ဒီနှစ်ကတော့ ချောင်းရဲ့ ရေဦးလမ်းကြောင်းပြောင်းလဲမှုက ဒီဒုက္ခတွေကနေ ကင်းဝေးစေခဲ့တယ်။
ပြီးတော့ တကယ်လို့သာ ရေကြောင်းမပြောင်းဘူးဆိုရင်လည်း ဒီနှစ်ရေတိုးအားက ကြောက်မက်ဖွယ်ရအတိ
ရွာဘက်ကိုသာ တိုးမယ်ဆို တစ်ရွာလုံးတောင် ကမ်းပြိုတဲ့အထဲ ပါသွားနိုင်တယ်။
အခု တစ်ဖက်ကမ်းကို တိုးသွားတာတောင် အရိုင်းဆန်လှတဲ့ ဖုန်းဆိုးတောကြီး ကုန်လုနီးနီးပါပဲ။
*******
” ရေချမ်းတို့ညီအကို တစ်ဖက်ကမ်းမှာ ကြွက်တူးရင်းနဲ့ ရှေးခေတ် လက်၀တ်လက်စားတွေပါတဲ့ အိုးတစ်လုံး ရခဲ့ကြတယ်တဲ့…”
သဲကုန်းရွာ တစ်ရွာလုံး အုပ်အော်သောင်းနင်းပါပဲ။
ဒီလိုအဖြစ်အပျက်မျိုးဆိုတာ သူတို့ဘ၀မှာ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးခဲ့ဘူး။
ဒီတော့ တစ်ရွာလုံး ကေချမ်းတို့ အိမ်ဆီကို စိတ်၀င်တစားနဲ့ လာကြည့်ကုန်ကြတာ လူကို ကြိတ်ကြိတ်တိုးလို့ရယ်။
ရေချမ်းတို့ လက်ထဲမှာတော့ အတာရေအိုးလောက်ရှိတဲ့ မြေအိုးလေးထဲမှာ ရှေးလက်ရာ ရွှေထည်ပစ္စည်းတွေကို ထည့်ထားတာ တွေ့ကြရတယ်။
” ကျုပ်တို့ တစ်ဖက်ကမ်း၊ ဖုန်းဆိုးတောကအဆင်း သောင်ခုံအစပ်မှာ ခလုတ်တိုက်မိလို့ တူးကြည့်ရင်း တွေ့တာဗျ…”
ရေချမ်းတို့ ညီအကိုက.သူတို့ရရှိလာခဲ့ပုံကို ပြန်လည်ပြောပြနေကြတယ်။
ရွာသားတို့ခမျာ ရေချမ်းတို့တတွေ ပြောပြတာကို မစားရ၊ ၀’ခမန်း နားထောင်ပြီး အားတွေအကျကြီးကျနေကြတော့တယ်။
ဒီဖြစ်ရပ်အပြီး နောက်တစ်ရက်မှာတော့ ရွာထဲက စျေးလှည့်ရောင်းသူ ငညိုတို့သားအဖလည်း ရေချမ်းတို့နည်းတူ တစ်ဖက်ကမ်းဆီက အိုးလေးတစ်အိုး ရကြပြန်တယ်။ ဒီအခါမှာလည်း ပါလာတဲ့ ပစ္စည်းတွေက အဖိုးတန်ရွှေဒင်္ဂါးတချို့။
ပစ္စည်းတွေရရှိလာတာ တစ်ကြိမ်က နှစ်ကြိမ်ဆိုတော့ သဲကုန်းရွာကလူတွေခမျာ အားကျမိခဲ့ကြရာက အလိုလောဘတွေအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာရတယ်။
နေ့ချင်းညချင်းပဲ ချောင်းတစ်ဖက်ကမ်းဆီမှာ လူတွေ အုံနဲ့သင်းနဲ့ ပေါက်တူးပေါက်ပြားကိုယ်စီကိုင်ပြီး သူ့နေရာ၊ ကိုယ့်နေရာ အပြိုင်အဆိုင်ကို စုပြုံလို့ တူးဖော်ကြတော့တာ။
” ရွှေချောင်းတစ်ချောင်း ရတယ်ဟေ့…”
” ဟာ…ဒီဘက်မှာက ပုလဲပုတီးကုံးတွေ…”
” ငါတို့ဘက်ကျ အုတ်အကျိုးအပဲ့တွေ…”
သူ့ဘက်ကိုယ့်ဘက် ရရှိတဲ့ ပစ္စည်းတွေကို အော်ဟစ်ပြောဆိုကြရင်း အလိုလောဘတွေက ပိုပိုတက်လာကြတယ်။
ဒီလိုနဲ့ပဲ အဲ့ဒီတစ်နေ့တာအတွက်ကတော့ တန်ဖိုးကြီးပစ္စည်းရသူရ၊ သာမန်အကျိုးအပျက်ပစ္စည်းတို့ကို ရသူရနဲ့ပဲ ပြီးမြောက်ခဲ့တယ်။
တစ်ရွာလုံးက လောဘဇောနဲ့ တူးကြတာဆိုတော့ မြေစာတွေက ချောင်းကမ်းကို လွန်ပြီး ဖုန်းဆိုးတောဆီကိုတောင် ချဉ်းနင်း၀င်ရောက်နေတော့တာပဲ။
******
အဲ့ဒီညမှာတော့…။
” ဟင်…ငါ ဘယ်ကိုရောက်နေတာပါလိမ့်…”
သဲကုန်းရွာကျောင်းထိုင် အရှင်သုခိလတစ်ပါးထဲ အမှောင်ထုကြီးအတွင်းမှာ မတ်မတ်ရပ်မိလို့…။
တပေါင်းအခါ နွေဦးကာလ ကြည်လင်ပြီး ကြယ်တွေစုံလင်နေရမယ့် ကောင်းကင်ယံမှာ ကြယ်တို့ကမရှိ။ အရာအားလုံးက အမိုက်မှောင် အတိရဲ့ ဝါးမျိုခြင်းမှာကျရောက်နေတော့တာ။
” ဒါ…ချောင်းထဲက သောင်ပြင်နေရာကို ရောက်နေတာပဲ။ ဘယ်က ဘယ်လို ငါဒီကို ရောက်လာတာပါလိမ့်…”
မျက်၀န်းတို့ဆီက ကျင့်သားရမှုကြောင့် ပတ်၀န်းကျင်ကို ခပ်ရေးရေးမြင်နိုင်ချိန် အရှင်သုခိလ အံ့သြဘနန်းဖြစ်ပြီး ရေရွတ်မိလိုက်ရဲ့။
” ဟီး…အီး…အီး…”
ရုတ်တရက် ထွက်ပေါ်လာတဲ့ သောင်ခုံတစ်ဖက်ကမ်းဆီက ညည်းသံလိုလို ငိုသံလိုလို အသံဆိုးကြီးတွေကြောင့် အရှင်သုခိလ ထိတ်လန့်သွားရတယ်။
မကြာဘူး။
အသံကို ဇဝေဇဝါနဲ့ ဝေခွဲမရဖြစ်နေတုန်းမှာပဲ ကမ်းပေါ်ကနေ သောင်ခုံဆီကို မည်းမည်းရိပ်ရိပ်အရာကြီးတွေ အများအပြားထိုးဆင်းချလာတော့တာ။
အဲ့ဒီ့အရာကြီးတွေက အရှင်သုခိလတည့်တည့်ကို ပြေး၀င်လာတယ်။
” အို…”
အလန့်တကြားနဲ့ ရှောင်တိမ်းလက်မိလိုက်စဉ်မှာပဲ အရိပ်မည်းကြီးတွေက အရှင်သုခိလကို မမြင်နိုင်သလို ကျော်လွန်သွားခဲ့ပြီး တစ်ဖက်က ရွာဆီကို ပြေးတက်ကုန်ကြတော့တာပဲ။
ရွာဘက်ကနေ ဆူညံပွက်လောရိုက်နေတဲ့ အော်သံတွေထွက်ပေါ်လာတယ်။ အရှင်သုခိလ ရွာဆီကို ပြေးသွားကြည့်ပြီး စွမ်းသမျှကူညီဖို့ ကြိုးစားပေမယ့် ခြေထောက်တွေက ရွှေ့မရခဲ့ဘူး။
အဲ့ဒီ့အခိုက်မှာပဲ အရှင်သုခိလ အိပ်မက်ကနေ လန့်နိုးလာရတယ်။ တစ်ကိုယ်လုံးတင်မက သင်္ကန်းတွေမှာပါ ဇောချွေးတွေ ရွှဲနစ်နေတယ်။
အချိန်က မနက်အာရုံတက်နေပြီ။ စိတ်ထဲက ဒီအိပ်မက်ဟာ နိမိတ်ပုံတစ်ခုဖြစ်မယ်လို့ ယူဆပြီး ကပ္ပိယကို ခေါ်လို့ ရွာထဲက လူတွေ ဘာလုပ်နေသလဲခေါ်မေးတော့ ဖြစ်ကြောင်းကုန်စင်ကို အရှင်သုခိလ သိခဲ့ရတယ်။
ဒါနဲ့ပဲ ကပ္ပိယကြီးကို အိပ်မက်မက်တဲ့အကြောင်းကို ပြောပြလို့ ရွာထဲက အကြီးအကဲတွေကို အားချင်းလိုက်ခေါ်စေပြီး ဆက်မလုပ်ဖို့ တားမြစ်ခိုင်းတယ်။
ဒါပေမယ့်လည်း ရွာလူကြီးတွေကို ကိ်၌ကိုက လောဘဇောတက်နေကြတဲ့သူတွေကို ထိန်းဖို့ရာတော့ မဖြစ်နိုင်ခဲ့ပါဘူး။
*******
မနက်နေထွက်တာနဲ့ ချောင်းကမ်းနံဘေးမှာ မနေ့တုန်းကလို လူသူတွေ သိုက်မြိုက်နေတာများ အရွယ်စုံလူကုန်ရယ်။
တစ်နေကုန် တူးလိုက်ဖော်လိုက်၊ အော်လိုက်ဟစ်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ကိုပဲ နေ၀င်ချိန်ကျတော့ ပစ္စည်းရသူတွေပျော်၊ ပစ္စည်းမရသူတွေက မျော်လင့်ချက်တွေ ပွေ့ပိုက်ရင်း။
ညဘက်ရောက်တာတောင် တချို့က အလုပ်မသိမ်းနိုင်ဘဲ မီးထွန်းပြီး ဆက်လုပ်နေကြတုန်း။
” ဒီနှစ်တော့ ငါတို့ရွာက ကံကောင်းတယ်ဆိုတာ ထီပေါက်တာထက်တောင် ပိုနေသေးတယ်…”
” အေးလေ…တစ်ရွာလုံးနီးနီး ရလိုက်ကြတဲ့ ပစ္စည်းတွေများ မနဲမနောပါတော်။ ဟွန်း…ဒါတောင် ဟိုဆရာတော်က မဆီမဆိုင်မလုပ်ဖို့ တောင်ခြိမ်း၊ မြောက်ခြိမ်း ုခိမ်းခြောက်နေသေးတယ်…”
” အေးလေ…သူနဲ့လည်း ဆိုင်တာမဟုတ်၊ မြေကပစ္စည်း မင်း( ဘုရင်) တို့အပိုင်ဆိုတာကလည်း အခုက ကိုယ်တူးလို့ ကိုယ်ရတာ။ မတူးရင် ဘယ်သူမှ မရဘူး။ အဲ့ဒီဘုန်းကြီးမို့ မတွေးတတ်တာပါ။ တို့များချမ်းသာရင် ရေမြင့်လို့ သူပါ ကြာတင့်သွားမယ့်ဟာ…”
” အေးလေ…ဟုတ်ပါ့။ တော်ပါပြီ။ ကျုပ်ကတော့ ဒီဘုန်းကြီးကို ကိုးကွယ်ချင်စိတ်တောင် ကုန်သွားပြီ…”
လေဘအမိုက်ကြောင့် စေတနာထားတဲ့ သံဃာတော်ကိုတောင် ပြစ်မှားကုန်ကြတယ်။ တချို့ကတော့ ဒီလိုမတွေးနိုင်ဘူး။
သူတို့ရလာတဲ့ ပစ္စည်းတွေကို တစိမ့်စိမ်ကြည့်ပြီး ကြီးကျယ်ခမ်းနားတဲ့ အလှူပွကြီးလုပ်မယ့်သူ၊ တချို့က အိုးအိမ်ကောင်းကောင်း ဆောက်မယ့်ဆိုတဲ့ အတွေးကိုယ်စီနဲ့။
ဒါပေမယ့် သူတို့အားလုံး မသိနိင်ခဲ့ကြတာက အရှင်သုခိလမြင်မက်ထားတဲ့ အိပ်မက်ထဲကလို အန္တရာယ်တွေဟာ ဒီတစ်ညကို မလွန်စေဘဲ သိပ်မကြာခင်မှာ ရွာဆီကို ကျရောက်လာတော့မယ်ဆိုတာကိုပဲ။
အဲ့ဒီ့ည သန်းခေါင်ချိန် ကျရောက်ပြီဆိုတာနဲ့ သဲကုန်းရွာ တစ်ရွာလုံးကလူတွေ ထူးထူးဆန်းဆန်းအဖြစ်နဲ့ တစ်ချိန်ထဲမှာပဲ ရုတ်တရက် အားလုံး အိပ်ပျော်ကုန်ကြရတယ်။
ရွာသားတွေ အိပ်ပျော်ကုန်ပြီး မကြာပါဘူး။
ချောင်းတစ်ဖက်ကမ်းဆီက ခွေးအူသံလိုလို ညည်းသံလိုလို အသံတွေ ထွက်လာခဲ့ပြီး အရိပ်မည်းမည်းကြီးတွေ ရွာထဲကို ၀င်ရောက်လာခဲ့တော့တယ်။
ခဏကြာတော့ အရိပ်မည်းကြီးတွေ ရွာထဲကနေ ပြန်ထွက်သွားခဲ့ပြီ။ သူတို့နဲ့အတူ ဖြူတူတူအရိပ်တွေလည်း ပါသွားခဲ့တယ်။
ရွာထဲမှာတော့ ရွာသူရွာသားတို့ သူ့အိမ်ကိုယ့်အိမ်မှာ မက်မက်စက်စက်နဲ့ကို အိပ်မောကျရင်း ကျန်ရစ်ခဲ့ကြလို့ပေါ့။
******
” ဘဘ…အရှေ့က ဘုန်းကြီးကျောင်းဆီမှာ လူတွေစည်ကားလွန်းနေပါ့လား…”
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ချောင်းရိုးအတိုင်း လျှောက်လာကြရင်း ကမ်းနဖူးရွာတစ်ရွာက ဘုန်းကြီးကျောင်းဆီမှာ လူတွေအုတ်အော်သောင်းနင်း စည်ကားလွန်းနေတာမို့ ဒိုးငယ်က ပြောလိုက်တာ။
ဦးသိဒ္ဒိကတော့ ကျောင်းပုရဝုန်ထဲက များပြားလှတဲ့ လူတွေကို တစ်ချက်အကဲခတ်သလို ကြည့်လိုက်ပြီး…။
” ကောင်းသော စည်ကားခြင်းပဲ ဖြစ်ပါစေ။ တစ်စုံတစ်ရာ ပြဿနာ မဖြစ်ပါစေနဲ့…”
ဦးသိဒ္ဒိရဲ့ ဆုတောင်းကို ဒိုးညီနောင်တို့ နားမလည်နိုင်ပြီ။
သုံးဦးသား ကျောင်း၀န်းထဲဆီကို လှမ်းသွားလိုက်ကြတယ်။
” သုံးရက်တောင်ရှိပြီဗျာ။ တစ်ရွာလုံး အိပ်နေကြတာများ ဘယ်လိုမှ နှိုးလို့မရဘူးဗျာ…”
” အေးဗျာ…ထူးဆန်းလိုက်တာ။ ဆရာတော်သာ ကျုပ်တို့ ဘေးရွာတွေကို အကူအညီလာမတောင်းပေးရင် ဘယ်သူမှတောင်သိမှာမဟုတ်ဘူး။ ကျုပ်အထင်တော့ ဒါ သာမန်တော့ မဖြစ်နိုင်ဘူးဗျ။ ဟို ကိစ္စနဲ့ ဆက်စပ်နေလောက်တယ်…”
လူတချို့ သူတို့ အချင်းချင်း အံ့သြတကြီးပြောဆိုနေကြတဲ့ စကားသံတွေက ကျွတ်စီကို ညံနေတာရယ်။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့က သူတို့ဆုတောင်းမပြည့်ဘဲ ပြဿနာတစ်ခုတက်နေပြီဆိုတာ မးနားလည်မိလိုက်ကြပြီး လူအုပ်အနားဆီကို သွားလိုက်ကြကာ…။
” ဒီက မောင်တို့ ဘာတွေများ အရေးဖြစ်နေကြရသလဲ။ ဘယ်ကိစ္စနဲ့များ ဆက်စပ်ရတာလဲ ဦးကြီးတို့ကို ပြောပြကြစမ်းပါဦး…”
ဦးသိဒ္ဒိရဲ့ အမေးကို အခုနက စကားပြောနေကြတဲ့အထဲက တစ်ယောက်က…။
” ဒီလို ဦးကြီးရ။ ဒီသဲကုန်းရွာကလူတွေအားလုံး အိပ်ပျော်နေကြတာ တစ်ယောက်မှ မနိုးကြဘူး…”
” ဟုတ်တယ် ဦးကြီးရ။ ဒီရွာက ဆရာတော် လာပြောလို့ ကျုပ်တို့ ဘေးရွာတွေလည်းသိကြရတာ။ ပြောရရင်တော့ ဒီလူတွေအားလုံး တမြန်နေ့က ချောင်းတစ်ဖက်ကမ်းမှာ မြေတူးပစ္စည်းရှာကြပြီး အဲ့ဒီ့ညမှာပဲ အခုလိုဖြစ်သွားတာမို့ အခုကိစ္စက အဲ့ဒါနဲ့ ဆက်စပ်နေမယ်။ မရိုးသားဘူးလို့ ထင်မိနေတာ။ အခုဆို သူတို့အိပ်ပျော်နေကြတာ သုံးရက်တောင် ရှိနေခဲ့ပြီ…”
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ အံ့သြသွားကြတယ်။ အိပ်မောကျနေတဲ့ လူတွေကတော့ ကျောင်းတိုက်ကြီးထဲမှာ အတုံးအရုံး စုပြုံလို့ ရှိနေကြတယ်။
” ကျွန်ုပ် သူတို့ကို စမ်းသပ်ကြည့်ချင်တယ် ရမလား…”
ဦးသိဒ္ဒိကပြောလိုက်တဲ့အချိန် သူတို့အနောက်က အရှင်သုခိလ ရောက်လာပြီး…။
” ရပါတယ် တကာကြီး။ သူတို့တတွေ အိပ်မောကျနေခဲ့တာ သုံးရက်တိတိရှိပြီ။ ပြန်နိုးလာအောင် ဘယ်လိုလုပ်လုပ် နိုးမလာကြဘူး။ တကာကြီး တတ်နိုင်မယ်ဆိုရင်တော့ ကူညီပေးပါလို့ ဘုန်းကြီးမေတ္တာရပ်ခံပါရစေ…”
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ အရှင်သုခိလကို လက်အုပ်ချီ ဖူးမြှော်လိုက်ကြရင်း…။
” တင်ပါ့ဘုရား…အနာသိရင်တော့ ဆေးရှိမှာပါ။ တပည့်တော် သူတို့ကို စမ်းသပ်ပါရစေ…”
အရှင်သုခိလက ခေါင်းညိတ်လက်ခံတော့ ဦးသိဒ္ဒိက အိပ်ပျော်နေကြတဲ့ သူတွေအနားဆီကို သွားလိုက်ပြီး ထိတွေ့စမ်းသပ်လို့ အာရုံခံကြည့်လိုက်တယ်။
သူ့အာရုံဆီမှာ အရိပ်မည်းမည်းကြီးတွေက ခေါ်ဆောင်သွားတဲ့ လူတွေရဲ့ ပုံရိပ်တချို့ကို မြင်လိုက်ရတယ်။
“” သံရ၀စ္စလောကသားတွေအပေါ်မှာ သူတို့ အမှားကြီးကြီးမားမားလုပ်ထားကြတယ်။ ဒီအတွက်ကြောင့်ပဲ သူတို့ရဲ့ လိပ်ပြာတွေဟာ ချုပ်နှောင်ဖမ်းဆီးခြင်း ခံနေကြရတယ်။ အချိန်ကြာသွားရင်တော့ ဒီလူတွေအားလုံး အသက်အန္တရာယ်ရှိနိုင်တယ်…”
” ဟာ…”
ဘေးမှာရှိနေကြသူတွေ အားလုံး အံ့သြကုန်ကြတယ်။
” သူတို့ ဘာလုပ်မိထားကြလဲ၊ ပြောပြနိုင်သူရှိရင် ကျွန်ုပ်ကို ပြောပြပါ…”
” ဘုန်းကြီး ပြောပြနိုင်ပါတယ် တကာကြီး…”
အရှင်သုခိလက အရှေ့တိုးထွက်လာပြီးပြောလာတာ။
” တင်ပါ့ဘုရား။ အမိန့်ရှိပါ ဘုရား…”
ဦးသိဒ္ဒိရဲ့ လျှောက်တင်မှုအဆုံး အရှင်သုခိလက သူ့ရွာသားတွေ တစ်ဖက်ကမ်းဆီက ရွှေ၊ ငွေ ပစ္စည်းတွေရရှိကြပုံနဲ့ လောဘတွေတက်ကြပြီး နေ့ရောညပါ ရှာဖွေတူးဆွကြပုံ။
နောက်ပြီး သူ့အိပ်မက်တဲ့အကြောင်းနဲ့ နောက်တစ်ညမှာ ရွာသားအားလုံး အိပ်ပျော်ခဲ့ရာက လုံးဝြပန်နှိုးလို့မရတော့တဲ့ အဖြစ်အပျက်တွေကို စီကာပတ်ကုံး ပြောပြလိုက်လေတော့တယ်။
စကားတွေကို အဆုံးသတ်ချိန်မှာတော့…။
” အဲ့ဒီညက တစ်ဖက်ကမ်းမှာ မြေတူးဖို့ ကျန်နေတဲ့သူတွေလည်း အဲ့ဒီ့နေတွေမှာတင် အိပ်ပျော်နေကြတာ။ ဘုန်းကြီးလည်း ဒီအဖြစ်အပျက်တွေကို မနက်မိုးလင်း နေမြင့်ချိန်အထိ တစ်ရွာလုံးတိတ်နေတော့မှ မသင်္ကာဖြစ်ပြီး လိုက်ပတ်ကြည့်ရင်း အဖြစ်အပျက်ကို သိရတာ…”
အရှင်သုခိလရဲ့ စကားအဆုံးမှာတော့ ဦးသိဒ္ဒိက…။
” တင်ပါ့ဘုရား…အရှင်ဘုရားပြောပုံအရဆိုရင်တော့ အခု ရွာသူရွာသားတွေက မလွတ်မလပ်ဖြစ်နေတဲ့ သူတစ်ပါးနယ်မြေထဲကို သွားရောက်ပြီး ကျူးကျော်စော်ကားမိလို့ ဖြစ်ရတယ်လို့ ယူဆရပါတယ်…”
” အင်း…ဝိသမလောဘကြောင့် မဆင်မချင်လုပ်မိပြီး ဖြစ်လာရတဲ့ လောကီရေးရာဆိုတော့လည်း ပြောရအခက်သားပဲ တကာကြီးရယ်။ ကူပေးနိုင်ရင်တော့ ကူပေးပါလို့ ထပ်တောင်းဆိုပါတယ် တကာကြီးရယ်…”
” တင်ပါ့… တပည့်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားပြီး ကယ်တင်ကြည့်ပါ့မယ် အရှင်ဘုရား…”
ဦးသိဒ္ဒိက အရှင်သုခိလဆီကို ကတိက၀တ်ပေးလိုက်ပါတော့တယ်။
******
ညအချိန်…။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ သဲကုန်းရွာတစ်ဖက်ကမ်း သောင်ခုံပြင်ကြီးပေါ်မှာ ဖိုခနောက်ဆိုင်အနေအထားနဲ့ ရွာသားတွေ မြေတူးထားရာဘက်ဆီကို မျက်နှာမူပြီး တပုလ္လင်ခွေ ထိုင်နေကြတယ်။
” လူလေးတို့ နံဘေး၀န်းကျင်ကိုတော့ ဘဘ စည်းချထားခဲ့ပြီးပြီ။ အခု အနေနဲ့ အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုလုံအောင် သရဏဂုံဆောက်တည်ထားကြဖို့ပဲ။ ပြီးရင်တော့ သီလခံယဲူကြပြီး ဘဘတိုင်ပေးတဲ့ ဂါထာကို အနောက်က လိုက်ဆိုကြချေ…”
ဦးသိဒ္ဒိက ပြောပြီးတာနဲ့ ဒိုးညီနောင်တို့လည်း သရဏဂုံဆောက်တည်ပြီး သီလခံယူကြတယ်။ နောက်တော့ ဦးသိဒ္ဒိတိုင်ပေးတဲ့ မန္တာန်ကို ခုနှစ်ခေါက်တိတိလိုက်ဆိုကြပြီးတဲ့နောက်မှာတော့…။
” ဟာ…”
” အို…ထူးဆန်းလိုက်တာ…”
တစ်ဖက်ကမ်းဆီက ရွာသားတွေ မြေတူးဆွထားရာ နေရာဆီမှာ မြို့ပျက်ကြီးတစ်ခု။ ပြီးတော့ မြို့ပျက်ကြီးနေရာမှာ နေခင်ဘက်လိုပဲ လင်းချင်းနေတယ်။
” တမ္ပဒီပမြို့ဆိုပါလား…”
ကျိုးပျက်နေတဲ့ မုဒ်ဦးတိုင်ဆီက စာကို ဦးသိဒ္ဒိက အသံထွက် ဖတ်လိုက်မိတယ်။ ဒိုးညီနောင်တို့ကတော့ ပြောင်းလဲသွားတဲ့ ုမင်ကွင်းကို တအံ့တသြငေးကြည့်နေမိကြတယ်။
” ကဲ…လူလေးတို့။ သဲကုန်းရွာသူရွာသားတွေက ဒီအထဲမှာပဲ ရှိနေလိမ့်မယ်။ တို့တတွေ ၀င်ကြစို့ရဲ့…”
ဦးသိဒ္ဒိကပြောပြီး အရှေ့ကနေ ဦးဆောင် လှမ်းထွက်သွားတယ်။ ဒိုးညီနောင်တို့လည်း ဦးသိဒ္ဒိရဲ့ အနောက်ကနေ ထပ်ချပ်မကွာလိုက်ရင်း မြို့ဟောင်းကြီးရဲ့ မြင်ကွင်းကို လိုက်လံငေးမောနေမိတယ်။
” ဂီး…ဂီး…ဂီး…”
မြို့ပျက်အထဲကို အနည်းငယ် ခြေချမိရုံရှိသေး၊ သူတို့ရဲ့ အကြားအာရုံဆီကို ရုတ်တရက် ၀င်ရောက်လာတဲ့ ဆူညံလှတဲ့ မာန်ဖီအော်သံတွေ။
အသံတွေနဲ့ ရှေးမနှောင်းမှာပဲ အပျက်အစီးအပုံတွေကြားထဲက လူတစ်ရပ်နီးပါးမြင့်မားတဲ့ ကြောက်မက်ဖွယ်ရာ အသွင်ဆောင်တဲ့ ခွေးနက်ကြီးတွေ ခုန်ထွက်လာခဲ့တယ်။
ပြီးတော့ ရန်စောင်မာန်ဖီနေရာက ဦးသိဒ္ဒိတို့ဆီကို ကိုက်ခဲဖို့ ပြေး၀င်လာတော့တာ။ ဒိုးညီနောင်တို့ခမျာ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးသေးတဲ့ မြင်ကွင်းကို ကြည့်ပြီး ကြက်သေသေနေမိကြတယ်။
ဦးသိဒ္ဒိကတော့ ခပ်အေးအေးပါပဲ။ ဒိုးညိနောင်တို့ကို သူ့အနောက်ဆီ ဆွဲပို့လိုက်ပြီး အာဏာစက်ပြင်းပြင်းနဲ့ မန္တာန်တစ်ပုဒ်ကို အာဂုံဆောင်လို့ သူ့ဆီပြေး၀င်ကိုက်ခဲ့ဖို့၀င်လာတဲ့ ခွေးကြီးတွေကို လက်နဲ့ ရိုက်ပါယ်ထုတ်လိုက်တယ်။
အံ့သြစရာကောင်းလေရဲ့…။
ဦးသိဒ္ဒိ ရိုက်ပါယ်ထုတ်လိုက်တဲ့ ခွေးကြီးတွေခမျာ အင်အားပြင်းထန်လွန်းတဲ့အရာနဲ့ ရိုက်နှက်ထိတွေ့ခံရသလို အဝေးဆီကို လွင့်သွားကန်ုတော့တာပဲ။
ခဏအတွင်းပဲ ခွေးကြီးတွေ အကုန်ကုန်သွားတယ်။
အဲ့ဒါနဲ့ ရှေ့ဆက်မယ် လုပ်ချိန် သူတို့ရဲ့ အကြားအာရုံဆီကို နောက်ထပ် ဆူညံသံတွေ ထပ်၀င်လာပြန်တယ်။
မကြာဘူး အပေါ်ကနေ မည်းမည်းလှုပ်နေတဲ့ အရာတွေ တစ်ပြုံကြီး ထိုးကျလာလေရဲ့။
” ပိတုန်းတွေပါလား…”
ဒိုးညီနောင်တို့ အလန့်တကြား ရေရွတ်မိကြတာ။
ဦးသိဒ္ဒိက ချက်ချင်းပဲ သူ့ညာလက်ကို လက်သီးဆုပ်လို့ ပါးစပ်အနားကပ်ကာ ပိတုန်းမင်းစေဂါထာကို ဥုံခံကာ မန္တာန်အဖြစ်ပြောင်း ရွတ်ဆိုလိုက်တယ်။
ပြီးတော့ ပျံဝဲလာနေကြတဲ့ ပိတုန်းတွေရှိရာဆီကို လက်ဖြန့်စေလွှတ်လိုက်ချိန် လက်ထဲက ရွှေရောင်အလင်းတန်းလေးတစ်ခုက ပိတုန်းမည်းကြီးတွေဆီကို တဟုန်ထိုး ပျံတက်သွားလေတော့တာ။
” ဖျော…ဖောက်ဖောက်…ဖောက်…”
ရွှေရောင်အလင်းတန်းလေးနဲ့ ထိခတ်မိသမျ ပိတုန်းကောင်တို့ တပြုံတမကြီးမြေဆီကို ပြုတ်ကျလာကုန်တယ်။
” အင်း…အတိုက်အခိုက်ကတော့ တယ်များတာပဲ…”
ပိတုန်းမည်းတွေအကုန်လုံး မြေပေါ်ကျလို့ ပျောက်ကွယ်သွားချိန်မှာ ဦးသိဒ္ဒိက ခပ်သာသာ ရေရွတ်လိုက်တာ။ ပြီးတော့ သူတို့သုံးဥိး အရှေ့ဆီကို ဆက်လှမ်းခဲ့ကြတယ်။
မကြာပါဘူး။
ခြောက်ကပ်ကပ်ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာတာနဲ့ ခြေလှမ်းတွေရပ်ပြီး နားစွင့်မိကြချိန်…။
” ငါ့ပိုင်နက်ကို ကျူးကျော်တယ်။ ငါ့ဥပဒေကို စော်ကားတယ်။ နင်တို့ နင်တို့လို လူတွေအားလုံး တမ္ပဒီပမြို့ဟောင်းမှာ အကျဉ်းသားဖြစ် တစ်သက်တာ နေကြရမယ်…ဟား…ဟား…”
အက်ရှကြမ်းတမ်းလွန်းတဲ့ မိန်းမတစ်ယောက်ရဲ့ အသံ။
ပုံသဏ္ဍာန်ကို မမြင်ရသေးပေမယ့် အသံကိုနားထောင်ရင်း ထိုသူဟာ ဒေါသမာနကြီးမားတဲ့ သူတစ်ယောက်ဖြစ်မယ်လို့ ဦးသိဒ္ဒိယူဆမိလိုက်တယ်။
” အသင်က ဘယ်သူလဲ…”
” ငါက ဒီတမ္ပဒီပမြို့ရဲ့ သခင်မပဲ။ နင်တို့က ငါ့မြို့ကို ဘာကြောင့် ကျူးကျော်ရတာလဲ…”
” ဪ…အသင်က ဟော့ဒီ တမ္ပဒီပရဲ့ သခင်မဆိုတော့ ကျွန်ုပ်တို့လာရင်းကိစ္စအတွက် အကူအညီတောင်းခံပါရစေ…”
ဦးသိဒ္ဒိရဲ့ စကားအဆုံး ဖြူလွှတဲ့ အရိပ်တစ်ခု သူတို့နဲ့ မျက်နှာချင်းဆိုင်နေရာဆီကို လွင့်ပါးရောက်ရှိလာတယ်။
ဘယ်ခေတ်ကာလဆိုတာ မှန်းဖို့ခက်လွန်းတဲ့ အဖြူရောင်နန်း၀တ်နန်းစားလိူ အ၀တ်မျိုးကို ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်။ သူ့ကိုယ်ပေါ်မှာ ရွှေရောင်ချပ်၀တ်တချို့ကိုလည်း ဆင်မြန်းထားသေးတယ်။
ဦးသိဒ္ဒိက…။
“ကျွန်ုပ်တို့ လာခဲ့ရတဲ့ အကြောင်းက သဲကုန်းရွာက လိပ်ပြာချုပ်ခံရသူတွေအတွက် လာခဲ့တာပါ။ သူတို့က မသိနားမလည်သူတွေမို့ သင့်အနေနဲ့ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်…”
တမ္ပဒီပသခင်မရဲ့ မျက်နှာက အလွန်တင်းမာသွားတယ်။
” ခွင့်မလွှတ်နိုင်ဘူး။ ရေအလျင်ကြောင့် ငါ့စည်း၊ ငါ့ရိုး ကျိုးပျက်တာကို အခွင့်ယူပြီး သူတို့တွေက ကျူးကျော်ဖျက်ဆီးကြတယ်။ ငါ မေတ္တာထားပြီး အသိပေးခဲ့ပေမယ့် သူတို့အရေးမလုပ်ကြဘဲ ဆက်လုပ်ကြတယ်။ အခုနေတော့ ငါ့ရဲ့ သည်းခံနိုင်မှုတွေ ကုန်ဆုံးသွားပြီ။ ဒါကြောင့် သူတို့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်အနေနဲ့ နန်းမြို့ကို ပြန်လည်တည်ဆောက်ရာမှာ အလုပ်ခိုင်းထားတယ်…”
တမ္ပဒီပသခင်မက သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်ဆိုရင်ပဲ လေဟာနယ်ဆီမှာ မြင်ကွင်းကျယ်တစ်ခု ထင်ဟပ်လာတယ်။
သဲကုန်းရွာကလူတွေ အလုပ်လုပ်နေကြတာ။ အုတ်ခဲကြီးတွေကို သယ်သူသယ်၊ သစ်ချောင်းတွေကို ထမ်းသူထမ်း၊ မ’သူမ’နဲ့။
” ကျွန်ုပ် စိတ်ကောင်းထားနေတုန်း ပြောလိုက်မယ်။ သင်တို့လည်း ကျွန်ုပ်ရဲ့ တမ္ပဒီပမှာ အကျဉ်းသားအဖြစ်မနေချင်ရင် ဒီနေရာကပဲ လှည့်ပြန်ပါ…”
ဦးသိဒ္ဒိက ခေါင်းကို ရမ်းတယ်။ ပြီးတော့…
” ကျွန်ုပ်က လှည့်ပြန်ဖို့လာခဲ့တာ မဟုတ်ပါဘူး သခင်မ။ သခင်မကို ကျွန်ုပ် ထပ်မံပြီး တောင်းဆိုပါရစေ။ သူတို့က မသိနားမလည်လို့ ဖြစ်ခဲ့တာပါ။ သူတို့ သခင်မဆီက ရယူထားသမျှကို ဇီ၀ကမ္မအတွက် ရောင်းချစားသောက်ခြင်းမရှိသေးပါဘူး။ သခင်မကိုယ်တိုင်လည်း ဒါတွေကို သူတို့ဆီက တစ်ခုမကျန်ပြန်ယူပြီးပြီလို့ ယူဆမိပါတယ်။ ဒါကြောင့် သူတို့နဲ့ ပက်သက်တဲ့ အရာတွေအားလုံးကို ကျေအေးခွင့်လွှတ်ပေးပါ…”
တမ္ပဒီပအရှင်သခင်မက မျက်၀န်းက ဒေါသတွေမပြေသေးနိုင်ဘဲ ဦးသိဒ္ဒိကို သေ့စေ့ ကြည့်လာတယ်။
” သူတို့ကို ဒီအတိုင်း ခွင့်လွှတ်ရမယ် ဟုတ်စ။ ဒါဖြင့် သူတို့ကြောင့် ငါ့မြို့ရဲ့ ပျက်စီးမှုတွေကိုကျတော့ရော ဒီအတိုင်းထားပြီး ကျေအေးလိုက်ရမှာလား။ ဒါကို နင်ဘယ်လို အစားပြန်လျော်ပေးမလဲ…”
” အသက်အစား အသက်၊ ခြေလက်အစား ခြေလက်ဆိုပြီး ပေးလျော်မှု ထုံးစံတွေက လောကနိယာမအတွက် အဆီလျော် မှန်ကန်မှု မရှိပါဘူး သခင်မ။ မြတ်ဗုဒ္ဓ ဟောညွှန်အပ်တဲ့အတိုင်း မေတ္တာထားသည်သာ ငြိမ်းချမ်းရာ ဖြစ်ပါတယ်။ အခု ဖြစ်ပျက်ပုံတွေအရတော့ သူတို့ မိုက်မှား ကျူးလွန်မိခြင်းဟာ မသိလို့သာ ကျူးမိကြတာ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါအနေနဲ့မို့ ခွင့်လွှတ်ဖို့လည်း ထိုက်တန်ပါတယ်။ သခင်မဟာ အကြီးအကဲတစ်ယောက်ဖြစ်တာကြောင့် သူတို့အတွက် ရှေ့အလားအလာကို ရှေးရှုပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချပေးပါလို့ ကျွန်ုပ်ကြားကနေပဲ အနူးအညွတ် တောင်းဆိုအပ်ပါတယ်…”
ဒီတစ်ကြိမ်တော့ ဦးသိဒ္ဒိစကားမှာ တမ္ပဒီပသခင်မ အတန်ကြာကြာ တွေဝေသွားရတယ်။ နောက်တော့မှ ဆုံးဖြတ်ချက် ချပြီးဟန်နဲ့…။
” ကောင်းပြီလေ…သင်ပြောလို့ ကျွန်ုပ်က သူတို့ကို လွှတ်ပေးလိုက်ပြီထားပါတော့။ ဒါပေမယ့် သူတို့က မနောင်ကြဉ်ဘဲ နောက်တစ်ကြိမ် ပြန်လည်ပြီး ကျူးကျော်လာခဲ့မယ်ဆိုရင်ကော သင်လို တာ၀န်ယူပေးမလဲ…”
တမ္ပဒီပသခင်မဘက်က အရိပ်အခြည်ကောင်းကြောင့် ဦးသိဒ္ဒိပြုံးမိလိုက်တယ်။
” သူတို့ နောက်တစ်ကြိမ် ကျူးကျော်မလာအောင် ကျွန်ုပ် အတိအပ တာ၀န်ယူနိင်ပါတယ်။ ဒီအတွက်ကိုလည်း သခင်မကှေ့မှာ ကတိတရား သစ္စာမဏ္ဍိုင်ကို ပြုဆိုအပ်ပါတယ်။ အကယ်၍သာ အနှီလူသားတို့သည် နောက်နောင် တမ္ပ္ဒီပမြို့ဆီကို ကျူးကျော်စော်ကားမှုရှိခဲ့သော် အကျွန်ုပ်သည် သခင်မထံ ပေးဆိုခဲ့အပ်သော ကတိတရားဖောက်ဖျက်မှုအတွက် မဟာအဝီဇိငရဲဆီမှာ လွတ်မြောက်ခြင်းမရှိ ကျခံရပါစေ…”
ဦးသိဒ္ဒိရဲ့ ပြတ်သာလှတဲ့ သစ္စာကြောင့် ဒိုးညီနောင်တို့ လန့်ဖျပ်သွားရတယ်။
တမ္ပဒီပ သခင်မကတော့ ကျေနပ်သွားရပြီိး…။
” ကောင်းပြီလေ…သင့်ရဲ့ ရဲရင့်ပြီး တာ၀န်ခံရဲတဲ့ စိတ်ဓာတ်နဲ့ ပြုထားတဲ့ သစ္စာအတွက် သင့်ရဲ့ တောင်းဆိုမှုကို ကျွန်ုပ် လက်ခံလိုက်ပါမယ်…”
တမ္ပဒီပသခင်မရဲ့ ရုပ်အသွင်က တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားလေတယ်။
” ဘဘ သစ္စာဆိုလိုက်တာ မပြင်းထန်လွန်းဘူးလား ဘဘရယ်…”
” ဟုတ်တယ် ဘဘ။ ကျုပ်တို့ဖြင့် ကြားရတာ ယုံတောင် မယုံနိုင်ဘူး။ တကယ်လို့သာ သူတို့စည်းဖောက်ခဲ့ရင် ဘဘက ကြားက သစ္စာစူးခံရမှာ…”
ဒိုးညီနောင်တို့က စိုးရိမ်တကြီးပြောတော့ ဦးသိဒ္ဒိက ပြုံးလိုက်ပြီး…။
” ဒီအတွက်တော့ စိတ်မပူပါနဲ့ လူလေးတိုရရယ်။ ဘဘ သူတို့အပေါ် ဝေါဿဇ္ဇနလို့ခေါ်တဲ့ မေ့လျော့ခြင်းကိုဆောင်တဲ့ မန္တာန် တစ်မျိုးနဲ့ သူတို့ရဲ့ စိတ်အာရုံက တမ္ပဒီပအကြောင်းတရားကို ဖျောက်ပါယ်ထားလိုက်မှာကွယ့်…”
” ဪ…အဲ့ဒီလိုလား…”
ဒိုးညီနောင်တို့ တပြိုင်ထဲပြောပြီတာနဲ့ သက်ပြင်းကို ကိုယ်စီ ချမိလိုက်ကြတယ်။
ဦးသိဒ္ဒိကတော့ ခပ်မဆိတ်သာပဲ နေခဲ့တယ်။
*****
ညဉ့်သန်းခေါင်ကျော်ချိန်မှာ ကျောင်း၀န်းထဲဆီကို ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ပြန်၀င်လာခဲ့ကြတယ်။
ကျောင်း၀န်းကြီးအထဲက သက်ရှိသက်မဲ့ အရာအားလုံးကတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုပဲ အိပ်မောကျနေပြီး အရာရာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
ဒါဟာ သာမန်အိပ်မောကျခြင်းမျိုးမဟုတ်ဘူးဆိုတာကိုတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကလွဲပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး။
ကျောင်းပေါ်ရောက်တော့ ဦးသိဒ္ဒိက ဘုရားကျောင်းဆောင်ဆီက ညောင်ရေအိုးကို စွန့်ယူပြီး မေ့လျော့ကိုဆောင်စေတဲ့ ဝေါဿဇ္ဇန မန္တာန်ရှည်ကို ကိုးအုပ်ကိုးတန် ရွတ်ဆို ထုံမွှန်းနေတယ်။
ဒိုးညီနောင်တို့ကတော့ ဦးသိဒ္ဒိရဲ့ စေခိုင်းမှုအရ အိပ်မောကျနေခဲ့သူတွေရဲ့ ပတ်ချာလည်မှာ ဖယောင်းတိုင်တချို့ကို လိုက်ထွန်းနေကြရဲ့။
ဖယောင်းတိုင်တွေ ထွန်းညှိပြီးချိန်မှာတော့ ကျောင်းတိုက်ကြီးတစ်ခုလုံးဟာ လင်းချင်းသွားခဲ့တော့တယ်။
မကြာပါဘူး…။
ချောင်းတစ်ဖက်ဆီက ဆူညံသံတချို့ထွက်ပေါ်လာတယ်။ အသံတွေကို နားထောင်ရင်း ဒိုးညီနောင်တို့ အလိုလို ပြုံးမိလျက်သားပဲ။
အသံတွေက ကျောင်း၀န်းထဲကို ၀င်ရောက်လာပြီးနောက်မှာတော့ ရုတ်တရက်ပျောက်ရှသွားတော့တယ်။
အသံတွေပျောက်ရှာသွားပြီး တအောင့်ကြာချိန်မှာတော့ ဦးသိဒ္ဒိ မန္တာန်ရွတ်ဆိုတာက ပြီးစီးခဲ့ပြီ။
” ဝေါဿဇ္ဇမည်တဲ့ ကိုးတန်သစ္စာကို ဖော်ညွှန်းအပ်သော ဤမန္တာန်သည် အာဂုံထုံညီး သိဒ္ဒိအရာ စွမ်းပပါလို့ တမ္ပ္ဒီပနှင့် ပက်သက်သော အနှီကာယကံရှင် ရဟန်းသံဃာ၊ ရွာသူရွာသားတို့ အပါအ၀င် တမ္ပဒီပအား သိရှိခဲ့သူ မှန်သမျှ ထိုအကြောင်းအရာတို့ကို အားလုံးကို ၎င်းတို့ရဲ့ စိတ္တအာရုံဆီက မေ့ပျောက် စုတေပါစေ။ ပြုအပ်သော သစ္စာအပေါင်းကြောင့် ဤနေရာ ဤဋ္ဌာနေမှာ စုဝေးရောက်ရှိနေကြတဲ့ သဲကုန်းရွာသားအပေါင်းတို့သည်လည်း ပြန်လည်ဆိုက်ကပ်လာပြီဖြစ်တဲ့ ၎င်းတို့ရဲ့ လိပ်ပြာရဲ့ ဆောင်ကြဉ်းမှုနဲ့အတူ ကိုယ့်အိုးကိုယ့်အိမ်ဆီကို ကိုယ်တိုင်ကိုယ်ကျ အရောက်မြန်းပြီးမှ ပုံမှန်သော နိုးထခြင်းနဲ့သာ နိုးထနိုင်ကြပါစေ…”
ဦးသိဒ္ဒိက ပြင်းပြလွန်းတဲ့ အဓိဋ္ဌာန်ကို ပြုလိုက်တယ်။
ပြီးတော့ သပြေခက်တစ်ခက်နဲ့ မန္တာန်အုပ်ထားတဲ့ ညောင်ရေအိုးဆီက ရေကို ဆွတ်လို့ အိပ်မောကျနေတဲ့ ရွာသားတွေဆီကို ပက်ဖြန်းလိုက်တယ်။
ချက်ချင်းဆိုသလိုပါပဲ။
ရွာသူရွာသားတွေအားလုံး လှုပ်ရှားလာခဲ့ပြီးတော့ အိပ်လျက်ပင် လမ်းလျှောက်ကာ သူတို့အိမ်များဆီကို အသီးသီး ပြန်ကုန်ကြပါတော့တယ်။
အဲ့ဒီ့နောက်မှာတော့…။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ဆရာတော်ကျိန်းစက်ရာဆီကို သွားကြပြီး တိတ်တဆိတ်ဖူးမြှော်နှုတ်ဆက်လို့ ကျောင်းတိုက်ကြီးပေါ်ကနေ ဆင်းခဲ့ပါတော့တယ်။
*****
မနက်စောစော အလင်းရောက်ချိန်…။
သဲကုန်းရွာဆီက ရွာသူရွာသားတို့ အလုပ်သွားသူသွား၊ ထမင်းချက်သူချက်ဖြင့် ကိုယ်စီကိုယ်ငှ နိစ္စဒူ၀လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နေကြပါတယ်။
ထူးဆန်းတာကတော့ သူတို့တတွေအပါအ၀င် နယ်တကြောကလူအားလုံး လွန်ခဲ့တဲ့ရက်က ဖြစ်ပျက်ခဲ့တဲ့ တမ္ပဒီပမြို့ဟောင်းကိစ္စနဲ့ ပက်သက်ပြီး တစ်ယောက်မှ သတိမရကြပါဘူး။
အဲ့ဒီ့လိုပဲ တစ်ဖက်ကမ်းတီက သဲကုန်းရွာသားတွေ တူးဆွထားလို့ မွစာကြဲနေခဲ့တဲ့ မြေစာပုံတွေကလည်း ဘယ်သူကမှ တူးဆွခဲ့တာမျိုး မရှိခဲ့သလို အကောင်းပကတိဖြစ်လို့…။
အရာအားလုံးက သူ့နေရာသူ ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်းဖြစ်ခဲ့ပါပြီ။
အဲ့ဒီ့အချိန် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ သဲကုန်းရွာဆီကထွက်ခဲ့ပြီး မြောက်အရပ်ဆီကို ဦးတည်လှမ်းလျောက်နေကြရင်းပါပဲ…။
ဒီအဖြစ်အပျက်ကို လွန်ခဲ့ပြီးနောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ပျဉ်းမပင်ဆိုတဲ့ ရွာဆီက အိမ်ပျက်ကြီးတစ်လုံးဆီမှာနေတဲ့ သူရူးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။
အဲ့ဒီ့အဖြစ်အပျက်ကိုတော့ ” ကုသိုလ်ကံထူး အရူးဖိုးမောင် ” ဆိုတဲ့ စာမူမှာ ဆက်လက်ရှုစားကြပါဥိးခင်ဗျာ…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)
Uncategorized