တယောကလေးနဲ့အဖေ
နုနုရည်(အင်းဝ)
ကုက္ကိုလ်ပင်အိုကြီးတွေ စိမ်းညို့ အုပ်ဆိုင်းနေတဲ့ ရွာအပြင်က ကျွန်တော်တို့ရွာသင်္ချိုင်းလေးဟာ ကြောက်စရာမကောင်းဘဲ လွမ်းစရာကောင်းပါတယ်။
ငယ်ငယ်တုန်းကတော့ သွပ်မိုးတွေ လန်နေတဲ့ ဇရပ်အိုကြီးရယ်၊ ကုက္ကိုလ်ပင်အိုကြီးတွေရယ်၊ မြေပုံမို့မို့တွေရယ်ဟာ ကျွန်တော်တို့မောင်နှမအတွက် ကြောက်စရာပေါ့။ ဒါပေမယ့် အဲသည် ကြောက်စရာအားလုံးဟာ အမေသေပြီးတဲ့အချိန်ကစပြီး ကျွန်တော်တို့မောင်နှမတွေအတွက် လွမ်းရာတွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်…..ခုလိုပဲ လေပူပူတွေတိုက်နေတဲ့အချိန်မှာ အဖေရယ်၊ ကျွန်တော်တို့မောင်နှမခြောက်ယောက်ရယ် ဒီသင်္ချိုင်းလေးထဲက အမေရဲ့လတ်လတ်ဆတ်ဆတ် မြေပုံမို့မို့လေးဘေးမှာ ဝမ်းနည်းကြေကွဲ ငိုရှိုက်ခဲ့ကြရတယ်။
အမေဆုံးတော့ အဖေ့အသက်က လေးဆယ့်ရှစ်နှစ်၊ သားအကြီးဆုံး ကျွန်တော်က နှစ်ဆယ့်နှစ်နှစ်၊ ဒုတိယနှစ်သင်္ချာ ကျောင်းသား၊ အငယ်ဆုံးကောင် ဖိုးချိတ်ကလေးကမှ သုံးနှစ်သားပဲရှိသေးတယ်။
ဖိုးချိတ်ကလေးကို အဖေ
ပွေ့ထားရင်း အမေ့မြေပုံပေါ်ကို တပေါက်ချင်း ကျခဲ့တဲ့ အဖေ့မျက်ရည်တွေကို ကျွန်တော် မြင်နေမိတယ်။
ခုတော့ နှစ်,နှစ်ကြာခဲ့ပြီဖြစ်တဲ့ အမေ့မြေပုံပေါ်က မြက်ပင်ရှည်တွေကြားမှာ အဖေရဲ့မျက်ရည်ပေါက်အရာလေးတွေကို ကျွန်တော် ရှာလို့ ဘယ်ရနိုင်တော့မလဲလေ။
မြက်ပင် ပေါင်းပင်တွေ ရှုပ်ထွေးဖုံးအုပ်ပြီး ပျောက်ကွယ်လုမတတ်ရှိနေတဲ့ ကျွန်တော့်ရှေ့က မြေပုံလေးဟာ နောက်နှစ်လောက်ဆို ရှိချင်မှရှိတော့မယ်။
အမေ့မြေပုံပေါ်က မြက်ပင်တွေကို ကျွန်တော် စတင်ဆွဲနှုတ်လိုက်တယ်။ အမေ မရှိတဲ့နောက်ပိုင်း မောင်နှမ ခြောက်ယောက်လေ အဖေကို ပိုချစ်လာကြတယ်၊ ပို အားကိုးလာကြတယ်။ အမေ့ထက်တောင် ပိုပြီးပြုစုယုယနိုင်ဖို့ ကြိုးစားကြတယ်။ အဖေ တခုခုဖြစ်မှာကို ကျွန်တော်တို့ သိပ်ကြောက်ကြတာပဲ အမေရဲ့။ ဒါပေမယ့် အမေရယ် …..။
အမေ့မြေပုံဘေးကနေ ကျွန်တော် ထရပ်လိုက်တယ်။ သွားတော့မယ် အမေရာ။
ရွာဘက်ကို ကျွန်တော် ဖြည်းဖြည်းလျှောက်ခဲ့တယ်။ အမေ့ကို သည့်ထက်ပိုပြီး ကျွန်တော် စိတ်ဒုက္ခမပေးချင်ပါဘူး။
ကျွန်တော့်လက်ဆွဲအိတ်ထဲမှာ အဖေ့အချစ်ဆုံး သမီး ကျွန်တော့်ညီမလေးရဲ့ မျက်ရည်စွန်းထင်းထားတဲ့ စာကလေးတစောင်ရှိတယ်။
အစ်ကို အမြန်ပြန်လာပါ၊ အဖေ မိန်းမယူတော့မယ်တဲ့။
***
“ အဖေ့ကို ရအောင် ပြော နော် အစ်ကို၊ အစ်ကို ပြောရင် အဖေက ရမှာပါ။ ကျုပ်တို့စကားကိုတော့ အဖေက နားမထောင်တော့ဘူး အစ်ကို။ ကျုပ်တို့လဲ လိုလေသေးမရှိရအောင်ကို ပြုစုပါတယ်၊ အမေ့တုန်းကထက်တောင် ပိုရင် ပိုပါလိမ့်မယ်။ ပဲရောင်း နှမ်းရောင်း ကိစ္စတွေအတွက်တောင် ကျုပ်နဲ့ အငယ် ကောင် သွားတာပါ၊ အဖေ့ကို မသွားခိုင်းတော့ဘူး။ ဒါကိုပဲ အဖေက နေပျော်တယ်မထင်တော့ ကျုပ်တို့ ဘယ့်နှယ်လုပ်ရမလဲ”
ဆယ်တန်းက ထွက်ပြီး အိမ်ထောင် ဝင်ထိန်းရရှာတဲ့ ကျွန်တော့်အောက် ညီမအကြီးဆုံးလေးရဲ့ တောသူအဘွားကြီးလို ဟန်ပန် လေသံအောက်မှာ ကျွန်တော်တို့မောင်နှမ ငါးယောက် ငြိမ်သက်နေကြတယ်။ ကျွန်တော်တို့ထိုင်နေကြတဲ့ ကွပ်ပျစ်လေးဟာ အလျင်က မိသားစု ရှစ်ယောက် တိုးဝှေ့ထိုင်နေကျ အဖေ့လက်ရာ ကွပ်ပျစ်လေးပေါ့။ အစ်ကိုလုပ်သူ မျက်နှာကို အားကိုးတကြီး ဝိုင်းကြည့်နေကြတဲ့ မျက်လုံးလေးတွေကို ကျွန်တော် မြင်ရတယ်။ မိထွေးဆိုတာကို သိနားလည်တဲ့ အကြီး ခင်ဖုန်းရဲ့မျက်လုံး၊ ခင်ဖုန်းအောက်က စိတ်ကြမ်း ကိုယ်ကြမ်း ဖိုးထောင်ရဲ့ ဒေါသမျက်လုံး၊ ဖိုးထောင် အောက်က အဖေ့အချစ်ဆုံး ခင်ထွေးရဲ့ ဝမ်းနည်း မျက်လုံး၊ ခင်ထွေးအောက်က ရောဂါသည် ခင်အေးကလေးရဲ့ထိတ်လန့်အားငယ်တဲ့မျက်လုံး၊ အငယ်ဆုံး ဖိုးချိတ်ကလေးရဲ့ မျက်လုံးကလေးတွေကတော့ ဘာမှ မသိ နားမလည်စွာ အပြစ်ကင်းစင်စွာ ဟိုသည် ကြည့်ရှာလို့။
သက်ပြင်းတချက်ကို ကျွန်တော် အသာလေး ချလိုက်တယ်။
“အဖေ အခု ဘယ်သွားလဲ”
“ရေခပ်လမ်း နေမှာပေါ့၊ ညနေတိုင်း စက်ဘီးနဲ့ မိန်းမပိုး ထွက်နေကျ။ ဒီနေ့ ကျုပ်က စက်ဘီးသော့ကို ဝှက်ထားလိုက်လို့”
“အဲ့ဒါ ခင်ထွေးမို့လို့ အစ်ကို ရဲ့၊ ကျုပ်သာဆို မာန်ခံရဦးမှာ။ ဟိုတလောကလဲ အဲဒီဟာမ အိမ်ရှေ့ဖြတ်တုန်း ကျုပ်က စောင်းမိလို့ ထင်းပေါက်ခြမ်းနဲ့ ရွယ်ခံရ တယ်”
“အေးဟာ၊ ဆိုးတာကတော့ အဖေ ယူမယ်စိတ်ကူးတဲ့ မိန်းမဟာ နင်တို့နဲ့ မတိမ်းမယိမ်း ဖြစ်နေတာပဲ”
“အို……အဖေနဲ့ ရွယ်တူဆိုလဲ မယူရပါဘူး၊ ခင်ထွေး ကတော့ အဖေ ဘယ်မိန်းမကိုမှ ယူတာ မကြိုက်ဘူး”
“အဖေ မိန်းမ ယူလိုက်တာနဲ့ ကျုပ်တို့မိသားစုလေးအစိတ်စိတ် အမြွာမြွာဖြစ်သွားမှာ ကျုပ်သိတယ်”
အကြီးမ ခင်ဖုန်းအသံက ငိုသံ ပါလာတယ်။ သူ့ခေါင်းလေးကို ဘာမှ အရေးမကြီးသလိုမျိုး ကျွန်တော် ပုတ်လိုက်ရတယ်။
“ကဲပါကွာ၊ ဒါတွေ အစ်ကို့ တာဝန်ထား၊ အဖေ့ကို အစ်ကို ပြောမယ်”
“ ဟော…..အဖေလာပြီဟေ့”
ငါးနှစ်သား ဖိုးချိတ် အော်ပြီး ကွပ်ပျစ်ပေါ်က ခုန်ချပြေးတဲ့ဆီကို ကျွန်တော်တို့ မောင်နှမတွေ ကြည့်လိုက် ကြတယ်။ ခြံဝမှာ အဖေရယ်။
“ဟာ…..ငါ့သားကြီးပါလား
ဟ”
အဖေက ကျွန်တော်တို့ဆီ ခပ်သွက်သွက် လျှောက်လာတယ်၊ အဖေက လန်းဆန်း သွက်လက်လို့၊ ခေါင်းလိမ်းဆီနံ့ကလည်း မွှေးပျံ့လို့။ အရောင်နုနုပုဆိုး ကွက်စိပ်လေးနဲ့၊ တိုက်ပုံကလေးနဲ့၊ အရပ်ကလေးကလဲ ခပ်ပျပ်ပျပ်ဆိုတော့ အသက်ငါးဆယ်အဖေဟာ အရွယ်တင် နုပျိုလို့နေတယ်။
“ငါ့သားကြီး ဘယ်တုန်းက
ရောက်နေတာတုံးဟ”
“ခုပဲရောက်တာ အဖေ”
အဖေ ကွပ်ပျစ်နား ရောက်တာနဲ့ ခင်ဖုန်းတို့ ခင်ထွေးတို့ ညီမသုံးယောက် ဖြုတ်ဆို ကွပ်ပျစ်ပေါ်ကနေပျောက်သွားကြတယ်။ ဖိုးထောင်လဲ လစ်ပြီ။
ကွပ်ပျစ်ပေါ် အဖေ ထိုင်မလို့ ရှိသေး၊ ထန်းပက်လက် ကုလားထိုင်တလုံးကို မ,လာတဲ့ ခင်ထွေး ရောက်လာတယ်။ အဖေ့နားမှာ ချပေးပြီး နောက်တလုံး အပြေးအလွှား သွားသယ်ပြန်တယ်။ နားလေးပြီး သွေးအားနည်းရောဂါရှိရှာတဲ့ ခင်အေးကလေး အဖေ့အကြိုက် လက်ဖက်သားဆီစိမ်၊ ကြက်သွန်ကြော် ပန်းကန်လေးနဲ့ အမဲခြောက်ဖုတ် ဆီဆမ်းပန်းကန်ကို သယ်လာတယ်။ နောက်က အကြီးမ
ခင်ဖုံးကတော့ လင်ပန်းလေး တချပ်ပေါ်မှာ အ အဖြူပုလင်းရယ်၊ ရေမတ်ခွက်ရယ်၊ ဖန်ခွက် တလုံးရယ်ကို တင်လို့ ညီမသုံးယောက်မှာ အဖေ့ရဲ့ ညနေချိန်ဝတ္တရားအတွက် ပျာနေကြရှာတယ်။
“ငါ့သားကြီးအတွက်ဖန်ခွက်တလုံး ယူခဲ့ပါဦးဟ၊ တို့သားအဖ တွေ့ရခဲတယ်”
ခင်ထွေးကလေးက ဖန်ခွက်တလုံး အပြေးအလွှား သွားယူရှာတယ်၊ ပြီးတော့ အဖေ့ရင်ခွင်ထဲက ဖိုးချိတ်ကို ခေါ်သွားတယ်။ ထန်းပက်လက်ကုလားထိုင် နှစ်လုံးအပေါ်မှာ ကျွန်တော်တို့ သားအဖ ထိုင်ကြတယ်။ ကွပ်ပျစ်ကို စားပွဲသဖွယ် ထားလို့ပေါ့။
အဖေက ကျွန်တော့်ခွက်ထဲကို အရက်ငှဲ့ပေးတယ်။ ရေထည့်ပေးတယ်။ အဖေဟာ အလိုက်သိ နားလည် ချစ်စရာကောင်းတဲ့ အဖေပါ။
“သောက်ကွ ငါ့သားကြီး”
အရက်တကျိုက်ကို အသာ ကျိုက်ရင်း စကားစကို ကျွန်တော် စဉ်းစားတယ်။ ဘယ်လို စရမလဲ။
အရက်ခွက်ကို တခါတည်း ဂွပ်ခနဲ မော့ချပြီး ရေတကျိုက် ကျိုက်ချ၊ လက်ဖက်တဇွန်း ကောက်မြုံ့လိုက်တဲ့ အဖေကတော့ ကျွန်တော်ဘာဖြစ်နေတယ် ဆိုတာကို သတိထားမိဟန် မတူပါဘူး။ ကျွန်တော် ချောင်း တချက် ဟန့်လိုက်တယ်။ဖန်ခွက်ကို ခပ်တင်းတင်း ဆုပ်လိုက်တယ်။
“အဖေ … အဖေ မိန်းမယူတော့မလို့ဆို”
“အေး ဟုတ်တယ်”
အဖေက လက်ဖက်ဝါးတောင် မပျက်ပါဘူး။ အပြုံးလဲ မပျက်ဘူး၊ ပိုပြီးတော့တောင် ပြုံးလာသလိုပါပဲ။
“ငါ့သားကြီးရာ၊ မင်းတို့က အချိန်တန်တော့ အဖေ့ကို ခွဲသွားကြမှာကွ၊ အဖေက တယောက်တည်း ကျန်ခဲ့ရမှာ။ အဖေ တယောက်တည်း နေမဖြစ်ဘူးကွ၊ မင်းနားလည်ပါတယ် သားကြီးရာ”
ကျွန်တော် အဖေ့ကို ခေါင်းယမ်းပြလိုက်တယ်။ အရက် တကျိုက်ကိုလည်း မော့လိုက်တယ်။
“အဲဒါကြောင့် အဖေယူမယ် ဆိုရင် အဖေမှားပြီ”
“အဖေမှားပြီ”
“ဟုတ်တယ် အဖေ မှားတယ်၊ အဖေစဉ်းစားကြည့်ပေါ့၊ အဖေက သားသမီးတွေ အရွယ်ရောက်ပြီး ခွဲသွားတဲ့အခါ တယောက်တည်းကျန်မှာစိုးလို့ မိန်းမယူမှာ မဟုတ်လား အဖေရာ၊ အဖေ့သားလေး ဖိုးချိတ်ဟာ ခုမှ ငါးနှစ်ပဲ ရှိသေးတာပါ။ သူ အရွယ် ရောက်ဖို့ နောက်ထပ် အနှစ် နှစ်ဆယ် လိုပါသေးတယ်။ ကျွန်တော်တို့အကြီးတွေက အဖေ့ကို ခွဲသွားတယ် ထားဦး၊ အဖေ့ဖိုးချိတ်လေးနဲ့ အနှစ် နှစ်ဆယ် နေလို့ရပါသေးတယ်၊ အနှစ် နှစ်ဆယ်ဆို အဖေ စဉ်းစားကြည့်လေ၊ အဖေ့အသက် ခုနစ်ဆယ် ရှိပြီ။ ကဲ အဖေ ဘာမိန်းမယူစရာလိုသလဲအဖေရာ”
ငြိမ်သွားတဲ့ အဖေ့ကို မျှော်လင့်တကြီးနဲ့ ကျွန်တော် ကြည့်လိုက်တယ်။
“နော် အဖေ၊ မိန်းမ မယူပါနဲ့တော့အဖေရာ၊ ကျွန်တော်တို့မိသားစုလေး ဒုက္ခရောက်ကုန်လိမ့်မယ်။ ကျွန်တော် တောင်းပန်ပါတယ်”
အဖေက ကျွန်တော့်ကိုမကြည့်ပါဘူး။ အရက်ခွက်ကိုပဲ တရှိန်ထိုး မော့ချလိုက်တယ်။
“အဖေ ယူဖို့ ဆုံးဖြတ်ပြီးပြီကွ”
ရုတ်တရက် ကျွန်တော် အ,သွားတယ်။ အဖေ့ကတော့ ရီဝေဝေ မျက်လုံးတွေကို ပက်လက်ကုလားထိုင်မှာ ခေါင်းတင် မှေးစင်းရာက အိမ်ဘက်ဆီကို လှမ်းအော်တယ်။
“ခင်ထွေးရေ… အဖေ့တယောလေး ယူခဲ့စမ်းဟေ့”
ချက်ချင်းဆိုသလို ရောက်လာတဲ့ ခင်ထွေးဆီက တယောအိမ်ကို အဖေ ယူတယ်။ ပြီးတော့ သူ့တယောနဲ့ ဘိုးတံကို ထုတ်တယ်။
ဒီပစ္စည်းကလေးကြောင့်
တောသားနဲ့မတူတဲ့ ကိုစိန်မောင်ဆိုတဲ့ အဖေ့ကို မငွေ တင်ဆိုတဲ့ တောသူအမေက ချစ်ခင်စုံမက်ခဲ့ တယ်။ ဒီပစ္စည်းကလေးကြောင့်ပဲ အိမ်ထောင်သက်တလျှောက်လုံးမှာ အလုပ်မလုပ်ချင်သူ၊ တကိုယ်ကောင်းဆန်သူ၊ တောသားလိုမနေသူအဖြစ် အဖေ့ကို အမေက စွပ်စွဲ ရန်ဖြစ်ခဲ့တယ်။ မျက်လုံးတွေကို စုံမှိတ်ပြီး တယောသံကို စမ်းနေတဲ့ အဖေ့ကိုကြည့်ရင်း အရက်သွေးကြွစ ကျွန်တော် စိတ်တို ဒေါသဖြစ်ချင်လာတယ်။
“အဖေ မတရားဘူးဗျ”
အဖေ့တယောသံ ရပ်သွား တယ်။ ကွပ်ပျစ်ကို ကျွန်တော့်လက်နဲ့ ပုတ်လိုက်တဲ့ အရှိန်ကလည်း နည်းနည်း ပြင်းပုံပေါ် တယ်။ အဖေ့မျက်လုံးတွေကို ကျွန်တော်
စိုက်ကြည့်လိုက်တယ်။
“တကယ်တမ်း အရွယ်ရောက်နေတဲ့သူတွေက သားသမီးတွေ… ။ ဒါပေမယ့် အရွယ်ရောက်ချင်နေတဲ့သူက ဖအေလုပ်သူ ဖြစ်နေတယ်၊ ဘယ်တရားမလဲ။ အဖေ ပထမအကြိမ် အရွယ်ရောက်ပြီးပြီလေဗျာ၊ အခု ဒုတိယအကြိမ် ထပ်ပြီး အရွယ် ရောက်ချင်တယ် ဆိုတာကတော့ဗျာ။ ဒီမှာ ကျွန်တော် ဖိုင်နယ်ကျောင်းသားဗျ။ ကျွန်တော်လဲ မိန်းမလိုချင်တာပဲ။ အရွယ်ရောက်ချင်တာပဲ။ ဒါပေမဲ့ မအေမရှိတဲ့ညီအစ်ကို မောင်နှမတွေအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတာ သိလို့ ရည်းစားတောင် မထားခဲ့ဘူးဗျာ၊ ဟင်း…ဖအေလုပ်တဲ့သူကတော့….”
ကျွန်တော့်ဒေါသကို ဖြတ်ပြီး အဖေ့ရဲ့ “ချစ်သမျှကို” တယောသံက ဝင်လာတယ်။ အလျင် အဖေ ဒီလို တယောထိုးပြီဆိုရင် အဖေ့ကို ကျွန်တော် ကြည့်မဝခဲ့ ပါဘူး။ ဒါပေမယ့် သည်တခါမှာတော့ ကျွန်တော် ထိုင်ခုံပေါ်ကနေ ဝုန်းခနဲ ထမိတယ်။
“ဒီမှာ ကိုယ်ပြောခဲ့တဲ့ စကားလေးတွေများ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားပါဦး၊ ဘာတဲ့…..တိုင်းပြည်အတွက်ဆို ကိုယ်ကျိုးစွန့် ရမယ်၊ အနစ်နာခံနိုင်ရ မယ်ကွ ငါ့သားကြီးရတဲ့။ သွားစမ်းပါ၊ တိုင်းပြည်အတွက်မပြောနဲ့၊ ကျွန်တော်တို့ လူလေး ခြောက်ယောက်အတွက်တောင် အနစ်နာမခံနိုင်တဲ့သူကများ”
“အစ်ကို … အစ်ကို”
အသံရော လူရော တုန်နေတဲ့ ကျွန်တော့်ကို နှမတွေက ဖက်ထားကြတယ်။ အဖေကတော့ ကျွန်တော်တို့မောင်နှမတွေကို ရှိတယ်လို့တောင် ထင်ဟန်မတူဘဲ မျက်စိစုံပိတ်ပြီး “ချစ်သမျှကို” မှာ နစ်မျောလို့။
သည်လို လုပ်လို့ ရကြေးလားအဖေရာ။ ကျွန်တော့်မှာ အချိန်တပတ် ရှိသေးတယ်။ သည်တပတ်အတွင်းမှာ အဖေ မိန်းမ မယူဖြစ်အောင် ကျွန်တော်တို့မောင်နှမတွေ ကြိုးစားပြမယ်။
××××××××
နောက်နေ့ကစပြီး ကျွန်တော်တို့မောင်နှမတတွေရဲ့ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။
ပထမဆုံးတိုက်ကွက်က အနုနည်း တိုက်ကွက်တခုအနေနဲ့ အကြီးမ ခင်ဖုန်းက ဘာမီတွန် ငါးပြား သောက်ချလိုက်တယ်။ ဒါပေမယ့် အဖေ့ကိုတော့ ခင်ဖုန်း ဘာမီတွန်တွေ အများကြီး သောက်ပစ်လိုက်ပြီဆိုပြီး အဖေ မိန်းမပိုးထွက်ရာ ရေခပ်လမ်းကို လိုက်ခေါ်တာပေါ့။
ကျွန်တော်တို့ ကျန်တဲ့မောင်နှမတွေက လူမှန်း သူမှန်းမသိ အိပ်ပျော်နေရှာတဲ့ ခင်ဖုန်းဘေးမှာဝိုင်းပြီး ပျာယာခတ်နေကြတဲ့ အချိန်မှာ အဖေရောက်လာတယ်။ အေးအေးဆေးဆေးပဲ အဖေ ရောက်လာတာပါ။ အဖေ ပြေးမလာပါဘူး။
အဖေ့ကိုမြင်တာနဲ့ ကြောက်လန့်ဝမ်းနည်းနေတဲ့ ရောဂါသည် ခင်အေးကလေးက အားကိုးတကြီး ငိုလိုက်တာကိုလည်း အဖေက မသိကျိုးကျွန်ပြုလို့။
အဖေ ဘာလုပ်သလဲ ….. သိလား။ အိမ်ထရံက တယောကို လှမ်းယူပြီး ကျွန်တော်တို့ဆီကို အဖေလှမ်းပြောတယ်။
“ခင်ဖုန်း သေပြီလား၊ သေလို့ကတော့ တယောကလေးနဲ့ အဖေက အသုဘချလိုက်ရုံပဲဗျား”
ကျွန်တော်တို့ရဲ့ အနုနည်း တိုက်ကွက်တခုဟာ အရှုံးကြီး ရှုံးခဲ့ရပါတယ်။
***
နောက်တခါမှာတော့ စိတ်ကြမ်း ကိုယ်ကြမ်း ကျွန်တော့်ညီ ဖိုးထောင်ကို သုံးပြီး အကြမ်းနည်း တိုက်ကွက်ကို ကျွန်တော်တို့ မောင်နှမတတွေ ပြင်ဆင်ကြပါတယ်။
ညနေစောင်း အဖေ အဖြူ လေးနဲ့၊ တယောလေးနဲ့၊ လက်ဖက်လေးနဲ့ တွဲဖက် မှီဝဲနေတဲ့အချိန်မှာ ဇာတ်တိုက်ထားတဲ့အတိုင်း ဖိုးထောင် မူးပြီး ရောက် လာတယ်။ လက်ထဲမှာလည်း ဓားရှည်ကြီး တဝင့်ဝင့်နဲ့ပေါ့။
“ဟေ့ ဒီနေ့ညနေ ဖိုးထောင် လူနှစ်ယောက် သတ်စရာရှိတယ်ကွ”
ဖိုးထောင် အော်သံ ကြားတော့ အဖေ့တယာသံ ရပ် သွားတယ်။ ကျွန်တော်ကတော့ အရိပ်အခြည် ကြည့်ရတာပေါ့။ ဖိုးထောင်က မူးလာရင် တကယ် သွေးဆိုးတဲ့ကောင်။ ကျွန်တော့်ကို ကြောက်ပေမယ့်၊ ကျွန်တော် ချောင်းဟန့်လိုက်ရင် တော်ရမယ် ဆိုပြီးတော့လည်း ဇာတ်တိုက်ထားပေမယ့် ဒီကောင် သိပ်မူးပြီး ကျွန်တော့်ဩဇာ မကိုက်ရင် ဒုက္ခ။
“သတ်မယ်၊ ဖိုးထောင် သတ်မယ်၊ လူနှစ်ယောက် ခေါင်းကို ဖြတ်ကို ဖြတ်မယ်။ ခေါင်းတခေါင်းကတော့ ဟောဒီနားမှာတင် ရှိတယ်။ နောက်တခေါင်းကတော့ ရွာတောင်ပိုင်းမှာရှိတယ်။ ဖိုးထောင်အကြောင်းကို သိရမယ်ကွ”
ဖိုးထောင် ကြမ်းတတ်တာကို ကျွန်တော်သိသလို အဖေလည်း သိတယ်လေ။ အဖေ တယောကလေးကို ချပြီး ကျွန်တော့်နားရောက်လာတယ်။
“ငါ့သားကြီး၊ မင်းညီကိုပြောစမ်းကွာ၊ ကျော်မ ကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ရင် မကောင်းဘူးကွာ။ အတော်ခက်တဲ့ ကောင်၊ ကဲ…ငါ့သားကြီး ပြောစမ်းပါကွာ”
ဘယ်ရမလဲ၊ ကျွန်တာ်က ခပ်အေးအေးပဲ။ ဒီနေရာမှာ အကွက်ပေါ့။
“ဖိုးထောင် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ အဖေ သိပါတယ်၊ အဖေ ကတိပေးလိုက်ပေါ့”
တုန်လှုပ်နေတဲ့ အဖေက ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ ပြန်ကြည့်တယ်။
“အဖေ ကတိမပေးနိုင်လို့ပါ ငါ့သားကြီးရာ”
ဪ….အဖေက သည်လိုလား၊ ကျွန်တော် အိမ်နောက်ဖေးဘက်ကို ဒေါသနဲ့ ချာခနဲ လှည့်ဝင်ခဲ့တယ်။
“ဖိုးထောင်ကို ကျွန်တော်လဲ
မနိုင်ဘူး အဖေ”
“ဒီလိုဆိုလဲ အဖေ ခံလိုက်ရုံ ပေါ့ကွာ”
သတ္တိတွေသိပ်ရှိနေတဲ့ အဖေ့စကားသံနဲ့အတူ ဝမ်းခေါင်းသံကြီးနဲ့ အော် ပြေးလာတဲ့ ဖိုးထောင်နဲ့ နှမတွေ အော်သံကို ကျွန်တော်ကြားလိုက်ရတယ်။
ကျွန်တော့်မျက်လုံးတွေ ပြာခနဲဖြစ်သွားပြီး ဖိုးထောင်ဆီကို ကျွန်တော် ဘယ်လိုရောက်သွားမှန်းမသိဘူး။ ဖိုးထောင်လက်ထဲ က ဓားကို ကျွန်တော် လုပြီးသားဖြစ်နေပြီ။ ဖိုးထောင်ကို တအား အော်ငေါက် ကြိမ်းမောင်း ပြီးသားဖြစ်နေပြီ။ ကျွန်တော့်ညီမ သုံးယောက်ကလည်း အဖေ့ကို အုပ်မိုး ကွယ်ဖက်ထားကြလို့။
“လာစမ်း လာစမ်း ဖိုးထောင်၊ မင်းကွာ၊ ငါ ပြော ထားသားနဲ့”
ဒေါသနဲ့ ကျွန်တော်ဆွဲခေါ်တဲ့နောက်ကို ဖိုးထောင် တရွတ်တိုက် ပါလာတယ်။
“ကျုပ် မလုပ်ပါဘူး အစ်ကို ရာ၊ အဖေ့ကို ကျုပ် တကယ် လုပ်ပါ့မလား၊ အစ်ကို မှာထားတာ ကျုပ် မှတ်မိပါတယ်ဗျာ၊ အစ်ကိုက ကျုပ်ကို…..ကျုပ်ကို…. “
ရွာကန်ပေါင်ပေါ်မှာ ကျွန်တော်တို့နှစ်ယောက် ဖက်ပြီး ငိုခဲ့ကြရတယ်။ အဖေ့ကိုတော့ ကျွန်တော်တို့ ရှုံးရပြန်တာပါပဲ။
***
သည်တခါ တိုက်ကွက်ကတော့ ကျွန်တော်တို့ မောင်နှမတွေ အားအထားဆုံး အဖေ့အသည်း ခင်ထွေးရဲ့ တိုက်ကွက်ပေါ့။
ခင်ထွေးက သူအလှည့်မှာ အဖေ့ကို နိုင်ကို နိုင်ရမယ်တဲ့။ ခင်ထွေး တိုက်ကွက်က ဘာလဲ ဆိုတော့ ရွာထဲလျှောက်လည်ပြီး အဖေ နေ့လယ် ထမင်းပြန်စား မယ့်အချိန်မတိုင်ခင်လောက်မှာ ကျွန်တော်တို့ ခြံနောက်ဖေး စည်းရိုးက လူလိမ့်ကျဖူးပြီး အလွန်မြင့်၊ အလွန်လည်း ကိုင်း ဆတ်တဲ့ ညောင်ညိုပင်ရဲ့ အမြင့်ဆုံး သစ်ကိုင်းပေါ်ကို တက်နေတယ်လေ။
တက်တုန်းကတော့ လှေကားနဲ့ပေါ့။ ပြီးတော့မှ ကျွန်တော်တို့က လှေကား ဖယ်ထားပြီး အဖေ့ကို စောင့်ရတယ်။
အဖေလည်း လာရော ခင်ထွေးက သစ်ပင်ပေါ်က လှမ်းခေါ်တယ်။
“အဖေ”လို့ခေါ်လိုက်တဲ့ ခင်ထွေး အသံလေးက တုန်နေ ရှာတယ်။ သစ်ပင်ပေါ်မှာ သူဘယ်လောက် ကြောက်နေရှာတယ် မသိဘူး။
ခင်ထွေးအသံကို ကြားတော့ အဖေ လိုက်ရှာတယ်။
“ အဖေ ကျုပ် ဒီမှာ၊ အဖေ မိန်းမယူရင် ကျုပ် ဒီပေါ်က ခုန်ချလိုက်မှာ၊ သိလား”
သစ်ပင်ပေါ်က ခင်ထွေးကို ကြည့်ပြီး အဖေဖြစ်သွား တဲ့မျက်နှာဟာ ကျွန်တော်တို့မောင်နှမတွေကို အား တက်စေပါတယ်။ သူ့သမီး ခင်ထွေးကျတော့ အဖေ မျက်စိမျက်နှာပျက်ပြီး တုန်သွားလိုက်ပုံများတော့ တခါတည်း သစ်ပင်အောက်ကို ပြေးတော့တာပဲ။
“ခင်ထွေး၊ သမီး မလုပ်နဲ့၊ ငြိမ်ငြိမ်လေးနေ၊ အဖေ လှေကားထောင်ပေးမယ်၊ ကြားလား”
“ဟင့်အင်း၊ ကျုပ် မဆင်းဘူး၊ အဖေ မိန်းမ မယူဘူးလို့ ကတိပေးမှ ဆင်းမှာ။ နို့မို့ရင် ကျုပ် ခုန်ချမှာပဲ”
အဖေက တောက်တချက်ကို ခေါက်တယ်။ ပြီးတော့ အိမ်ဆီကို ပြန်သွားပြီး အဖေ ပြန်လာတော့ လက်ထဲမှာ ဓားမြောင်နဲ့။
“ခင်ထွေး အဖေ့ကို ကြည့်၊ ညည်း ခုန်ချတာနဲ့ အဖေ့ကိုယ်အဖေ ဓားနဲ့ထိုးလိုက်မယ်၊ မထိုးရဲဘူး မထင်နဲ့၊ ညည်းတို့က အဖေ့ကို စမ်းတာပေါ့ ဟုတ်လား၊ ဒီမှာ ကြည့်ဟေ့”
ရုတ်တရက် သူ့လက်ဖျံကို အဖေ ဓားနဲ့ ထိုးစိုက်လိုက်တယ်။ အဖေ့လက်ကသွေးကို မြင်တာနဲ့ ခင်ထွေးတယောက် စူးစူးဝါးဝါး အော်ရင်း သစ်ပင်ပေါ် က တရကြမ်း ဆင်းတာ ကျွန်တော်နဲ့ဖိုးထောင် အပြေးအလွှား လှေကားသွားထောင်ရတယ်။
ကျွန်တော်တို့မောင်နှမတွေ မှာ အဖေ့ကတိကိုတော့ မရခဲ့ဘဲ အဖေ့လက်ကိုပဲ ဝိုင်းပြီး ပတ်တီးစည်းပေးခဲ့ကြ ရတယ်။ အဖေ့ကို ကျွန်တော်တို့ ရှုံးကြရပြန်ပါတယ်။
***
နောက်ဆုံးတိုက်ကွက်အနေနဲ့ အဖေချစ်တဲ့ သားကြီး သြရသ ကျွန်တော်ကိုယ်တိုင် ကြိုးစားဖို့ ကျွန်တော်တို့မောင်နှမတတွေ တိုင်ပင်လိုက်ကြတယ်။
အဖေ မိန်းမပိုးထွက်ရာက ပြန်လာခါနီး ညနေစောင်းအချိန်မှာ ကျွန်တော်က ပိုးသတ်ဆေးတွေကို မောင်နှမတွေအကုန်လုံး သောက်ခိုင်းတယ်။ မသောက်ကြတော့ သူ့ပါးစပ်ထဲ အကုန် ထည့်သောက်တယ် ဆိုပြီး ကျွန်တော်က လဲနေတယ်။ ဘေးက မြေကြီးတွေပေါ်မှာ ပိုးသတ်ဆေးတွေကို ချထားလိုက်ပြီးတော့ပေါ့။
အဖေလာတော့ ညီမတတွေ ဝိုင်းငိုကြရင်း အကျိုးအကြောင်း ပြောပြ နေသံကို ကျွန်တော် ကြားနေရတယ်။ အံ့သြစရာ အဖက ငြိမ်ပြီး တိတ်ဆိတ် နေတယ်။ ပြီးတော့မှ အဖေ စိတ်လှုပ်ရှားရင် လုပ်တတ်တဲ့ သွားကြိတ်သံကို ကြားရတယ်။
“ငါ့သားကြီး သေပြီလား ဟေ့၊ ကြည့်ကြစမ်း”
ခင်ဖုန်းတို့ ခင်ထွေးတို့ရဲ့တအိအိငိုသံ ရုတ်တရက် ရပ်သွားတယ်။
“ဘယ်မလဲ ပိုးသတ်ဆေးတွေ အကုန်ယူခဲ့၊ ငါ့သားကြီး သေတာနဲ့ တို့အကုန်လုံး ပိုးသတ်ဆေး သောက်မယ်။ အကုန် သောက်ရမယ်။ ငါ အဖေ သောက်ခိုင်းတာကို နင်တို့ ငြင်းလို့မရဘူး”
မှိတ်ထားတဲ့ ကျွန်တော့်မျက်လုံးတွေ ပွင့်ချင်သလိုလို ဖြစ်သွားတယ်။ အဖေ့စိတ်ကို ကျွန်တော် သိတယ်။
“ကဲ ဖိုးချိတ် လာခဲ့”
ပြေးလာတဲ့ ဖိုးချိတ်ကကလေးရဲ့ ခြေသံတဖျပ်ဖျပ်နှင့်အတူ ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။
အဖေက ကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့ တောက်တချက် ခေါက်ရင်း “ ငါ့သားကြီးရာ”ဆိုတဲ့ ရေရွတ်သံနဲ့အတူ အိမ်ဝိုင်းထဲကနေ ထွက်သွားတော့
တယ်။
***
နက်ဖြန်ဆို ကျွန်တော်ကျောင်းကို ပြန်ရတော့မယ်။ ကွပ်ပျစ်ပေါ်မှာ ပက်လက်လှန်ရင်း မိုးပေါ်က ကြယ်ကလေးတွေကို ကျွန်တော် ငေးကြည့်နေမိတယ်။
အိမ်ဘက်ဆီက အဖေ့တယောသံ မျှဉ်းမျှဉ်းနဲ့အတူ ခင်ဖုန်းတို့ညီအစ်မသုံးယောက်ရဲ့ တံခါးပိတ်သံ အထပ်ထပ်ကို ကြားနေရတယ်။ အဖေ ထွက်ပြေးမယ်လို့ ကြားလို့တဲ့လေ။ နေဝင်မိုးချုပ်တာနဲ့ အဖေ့ကို အိမ်ထဲ သွင်းပြီး တံခါး သေချာပိတ်တဲ့ အပြင် ကျွန်တော်နဲ့ဖိုးထောင်ကလည်း အိမ်ပြင်ဘက် ကွပ်ပျစ်ကနေ စောင့်အိပ်ရမတဲ့။
ကျွန်တော့်ဘေးမှာတော့ အမူးသမား ဖိုးထောင်က အပူအပင် ကင်းမဲ့စွာ တခေါခေါ ဟောက်စပြုနေပြီ ကျွန်တော် အိပ်လို့မရဘူး။
ခင်ဖုန်းရဲ့ ဘုရားရှိခိုး စည်းချသံနဲ့ အဖေ့တယောသံ ပျောက်သွားတဲ့အထိ ကျွန်တော် အိပ်လို့ မရဘူး။
ညကိုးနာရီဆို ညဉ့်နက်တတ်တဲ့ ရွာကလေးရဲ့ သန်းခေါင်ယံမှာ ကျွန်တော် မျက်လုံးကြောင်နေတယ်။
မျက်လုံးတွေကို မှိတ်ထားပြီး အတွေးတခု၊ သက်ပြင်း တရှိုက်နဲ့ ကွပ်ပျစ်ပေါ်မှာ ဘယ်ညာ လူးလှိမ့်ရင်း အတွေးများစွာ၊ သက်ပြင်းများစွာထဲမှာ ကျွန် တော် အိပ်ချင်မူးရီ ဖြစ်စပြုလာတယ်။
အဲသည်တုန်းမှာပဲ ကျွန်တော် ကြားလိုက်ရတာပဲ။ အသံတခုကိုလေ။
ဗီရိုတံခါး ကျိတ်ဖွင့်နေတဲ့ အသံပေါ့။ ကျွန်တော် မျက်လုံးတွေ ဖျက်ဆို ပွင့် လာပြီး ကွပ်ပျစ်ပေါ် ကျွန်တော် ထထိုင်လိုက်မိတယ်။
အဖေ …အဖေ၊ ကျွန်တော်တို့ စိုးရိမ်ခဲ့တဲ့အချိန်ဟာ ကျရောက်လို့လာခဲ့ပါပကော။
ဗီရိုတံခါးကို ဖြည်းဖြည်းချင်း ကျိတ်ဖွင့်နေတဲ့အသံဟာ လူခြည်တိတ်နေတဲ့ညအချိန်မှာ ပီပီသသကြီး ကြားနေရတယ်။
တနေကုန် ပင်ပန်းထားတဲ့ ကျွန်တော့်ညီမလေးတွေ နိုးကြမှာမဟုတ်ပါဘူး။ကျွန်တော် သိပါတယ်။ ဖိုးထောင်တယောက်လည်း ကျွန်တော့်နားမှာ တခေါခေါ အဟောက်မပျက် အိပ်မောကျလို့။
ကျွန်တော် ဘာလုပ်ရမလဲ။
ဖိုးထောင် ဘေးမှာတော့ လူနှစ်ယောက်ကို သတ်ဖို့ အတွက် ဆိုပြီး ဖိုးထောင် မြိနေအောင် သွေးထားတဲ့ ဓားရှည်ကြီး ရှိတယ်။
ကျွန်တော် အံတချက် ကြိတ်လိုက်မိတယ်။ ပြီးတော့ အိပ်ရာပေါ်ကို ကျွန်တော် ပြန်လှဲလိုက်တယ်။အဖေ့ကို ကျွန်တော် မတားတော့ပါဘူး။ အဖေ့ကို ကျွန်တော်တို့ မတားနိုင်တော့ပါဘူး။ အဖေ သွားပါ။
အဖေ့ဆံပင်တွေကို ဆုပ်ပြီး အဖေနဲ့တူတူ အိပ်နေကျ ဖိုးချိတ်ကလေးကို အဖေ ဘယ်လိုလုပ် ထားခဲ့မှာပါလိမ့်။ ကျွန်တော် သိချင်စမ်းလှတယ်။
ဗီရိုတံခါးဖွင့်သံ ပျောက် သွားပြီး အဖေ အသုံးဆောင်တွေ၊ အဝတ်အစားတွေကို အသံမမြည်အောင် ထည့်နေပြီပေါ့။ ထည့်ပြီးတာနဲ့ အဖေ နောက်ဖေးတခါးက ထွက်မှာပေါ့နော်။
ညင်သာလှတဲ့ ကြမ်းပြင်ပေါ် က အဖေ့ခြေသံ၊ နောက်ဖေးတံခါး ကျိတ်ဖွင့်သံ၊ ကျွန်တော် အားလုံးကို ကြားပါတယ်အဖေ။ ကျွန်တော့်ဘေးနားကနေ အသာလေး အဖေ ဖြတ်သွားတာကိုလဲ ကျွန်တော်သိပါတယ်။ သွားတော့ အဖေ၊ သွားတော့။ ကျွန်တော် အိပ်တော့မယ်။
မျက်ရည်ကျပြီး မောမောနဲ့ အိပ်ပျော်သွားတဲ့ အရသာကို ကျွန်တော် မခံစားရတာ ကြာပြီလေ။
***
နောက်တနေ့ နံနက်မှာတော့ အဖေ ပျောက်တဲ့ ကျွန်တော့်ညီမလေးတွေဟာ အရူးမလေးတွေလိုပဲ။ အိမ်ခြံဝင်းအနှံ့မှာ မရှိမှန်း သိလျက်နဲ့ အဖေရေ အဖေရေ တကြော်ကြော် ခေါ်ကြလို့။
နောက်ဖေး ခြံထောင့်က အိမ်သာကိုတောင်မကျန် ပြေးကြည့်ပြီး “အိမ်သာထဲလဲ မရှိဘူး အစ်ကိုရဲ့၊ လုပ်ပါဦး” ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ ကျွန်တော့်ဆီ ပြေးလာတဲ့ အဖေ့အချစ်ဆုံးသမီး ခင်ထွေးကလေးကို ကျွန်တော် မကြည့်ချင်ဘူး။
သားပျောက်တဲ့ မိခင်အဘွားအိုကြီးလို မြေပေါ်လူးနေတဲ့ ခင်ဖုန်း၊ မျက်လုံးဝိုင်းလေးနဲ့ ပါးစပ်
လေး ဟလို့ ထိတ်လန့်နေတဲ့ ရောဂါသည် ခင်အေး ကလေး၊ ကျွန်တော့်ရင်ခွင်ထဲမှာ အဖေ့ကို ခေါ်ခိုင်းနေတဲ့ ဖိုးချိတ်ကလေး၊ ဓားရှည်ကြီး တဝင့်ဝင့်နဲ့ ငိုချင်နေတဲ့ဖိုးထောင်။
အားလုံးက ကျွန်တော့်ကို
“အစ်ကိုရဲ့ လုပ်ပါဦး”တဲ့။
ကျွန်တော် ဘာလုပ်ရမှာလဲ၊ ကျွန်တော် လုပ်နိုင်တာ တခုပဲ ရှိတယ်။ ကျွန်တော် ကျောင်းထွက်ရမယ်။ သည်နေ့ ကျွန်တော်ကျောင်းကို ပြန်စရာမလိုတော့ဘူး။ ကျွန်တော် တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူတို့လေးတွေကို ပြောပြနိုင်ခဲ့ပါတယ်။
“မင်းတို့အားလုံး တာဝန်ကို အစ်ကို ယူနိုင်ပါတယ်ကွာ၊ တို့မောင်နှမတတွေ အဖေ့ကို မေ့လိုက်ကြစို့နော်”
***
တကယ်တမ်းကျတော့ အဖေ့ကို ကျွန်တော်တို့ မေ့နိုင်ကြလို့လား။ တစ်နှစ်ကျော်ကျော် အဖေ့ကို ကျွန်တော်တို့မောင်နှမ ခြောက်ယောက် မေ့ချင်ယောင် ဆောင်ခဲ့ကြတာပါ။
အဖေက အိမ်ကထွက်သွားလို့ တစ်နှစ်နဲ့ နှစ်လနဲ့ ငါး ရက်မြောက်တဲ့နေ့မှာ မွေးစပေါက် ကလေးလေးကို ပွေ့လို့ အဖေ အိမ်ဝိုင်းဝမှာ လာရပ်တာနဲ့ မောင်နှမ တတွေ အူယားဖားယား ပြေးထွက်ခဲ့ကြတယ်လေ။
အဖေ ထွက်သွားတဲ့အတောအတွင်း ခဏခဏလွမ်းဖျား ဖျားတတ်တဲ့ ခင်ထွေးကလေးနဲ့ ဖိုးချိတ်က ရှေ့ဆုံးကပေါ့။ အဖေ့ကိုအတင်းဖက်တွယ်ထားကြရင်း ငိုလဲငို ရီလည်းရီနဲ့လေ။
အဘွားကြီးအိုမလေး ခင်ဖုန်းကတော့ သူ့ရဲ့အဖေတူ မအေကွဲ မောင်ငယ်ပေါက်စကို ရင်ခွင်မှာ ပွေ့ပြီးသား ဖြစ်နေပြီ။
အဖေမိန်းမငယ်ငယ်လေး မီးဖွားရင်း ဆုံးပါးသွားခဲ့ပြီတဲ့။ အပြစ်မဲ့ကလေးငယ်လေးကို ကြည့်ရင်း ကျွန်တော် သက်ပြင်းတချက် ချမိတယ်။
ကျွန်တော့်အတွက် နောက်ထပ် တာဝန်တရပ် တိုးလာပြန်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပျော်ကြပါတယ်။
ကြည့်လေ လူကြမ်းဖိုးထောင် ပြုံးဖြီးဖြီးကြီးနဲ့ ချီထားတဲ့ ကလေးကို ရောဂါသည်မလေး မိခင်အေးက တခါမှ မလန်းစဖူး မျက်နှာနဲ့ ပြုံးလို့။
ကျွန်တော်တို့ဆီ အဖေ ပြန် လာပြီပဲ၊ ကျွန်တော်တို့ သိပ်ပျော်ပါတယ်။
***
ထန်းပက်လက် ကုလားထိုင်ဘေးက ကွပ်ပျစ်ပေါ်မှာ အဖြူ ပုလင်းနဲ့ လက်ဖက်သား ဆီစိမ်ပန်းကန်လေးရှိတယ်။ အမဲခြောက်ဖုတ် ပန်းကန်လေးလည်း ရှိတယ်။
ထန်းကုလားထိုင်ပေါ်မှာတော့ ကျွန်တော်တို့ရဲ့ ချစ်စွာသော အဖေရယ်လေ။
မျက်နှာညိုညို၊ ငိုင်တွေတွေနဲ့ အဝေးတနေရာကို ငေးကြည့်လို့။ အရက်ခွက်ကို ကောက်ကိုင် လိုက်တဲ့အဖေ့မျက်လုံးတွေဟာ ဆွေးရိပ်သမ်းနေတဲ့ ရီဝေဝေမျက်လုံးတွေ။
သည်ပုံစံပါပဲ။ သည်နေရာမှာပါပဲ။
သည်နေရာလေးမှာ သည်ပုံစံနဲ့ အမေ့ကို လွမ်းခဲ့တဲ့ အဖေ့ကို ကျွန်တော်တို့ ဘယ်မေ့လိမ့်မလဲ။
ကျွန်တော်တို့မောင်နှမတတွေရဲ့ တောင်းပန် တိုးလျှိုးတဲ့အကြည့်ကို အဖေ သိမှ သိပါလေစ။
မျက်လုံးတွေကိုမှိတ်လို့ အဖ တယောထိုးတော့မယ်။ ကျွန်တော် သိပါတယ်။ “ချစ်သမျှကို”ပဲ အဖေထိုးမှာပါ။ အဖေ တတိယအကြိမ်မြောက် အရွယ်ရောက်ခြင်းကို ကျွန်တော်တို့မောင်နှမတတွေ မကြာခင် ရင်ဆိုင် ကြရလိမ့်ဦးမယ်။
အဖေ.. အဖေရဲ့ထပ်ခါတလဲလဲ အရွယ်ရောက်ခြင်းတွေအတွက် အဖေဆိုတဲ့ အရှိန်အဝါအောက်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ သည်းခံနေရဦးမှာလဲဟင်။
——————–
#နုနုရည်(အင်းဝ)
Uncategorized