July 31, 2025
Uncategorized

တလင်းစောင့်ကလေးများ

ဖျာပုံလှမိုးနွယ်
တလင်းစောင့်ကလေးများ

လကလေးတဝက်က ကောင်းကင်တွင် သာနေပါသည်။ ကြယ်များကလည်း တဖျတ်ဖျတ်နှင့် မျက်တောင်ခတ်နေကြပါသည်။ နှင်းမှုန်တဖွဲဖွဲကျ၍ ဆောင်းလေအေးက တသုန်သုန်မြူးနေသည်။ပုဇဉ်းရင်ကွဲကောင်များအော်သံသည် တစီစီနှင့် ဆူညံနေပါသည်။

ကျွန်တော်တို့သည် ကောက်ရိုးအုံကလေးရှေ့၌ ထိုင်နေကြပါသည်။

ကောက်ရိုးအုံကလေးမှာ လူသုံးယောက် အိပ်သာပါသည်။ အဝတွင် ကောက်ရိုးလုံးကြီး တလုံးကိုလည်း အသင့်ပြင်ထားပါသည်။ အိပ်သည့်အခါ ကောက်ရိုးအုံကို ဆို့ပိတ်ရန် ဖြစ်ပါသည်။ ထိုသို့ပိတ်ထားမှ လေလုံပါသည်။ နှင်းလည်းလုံ၍ နွေးထွေးပါမည်။

ယခုလို ဆောင်းနှင်းများကျ၍ အေးမြသော ရာသီတွင် ကောက်ရိုးအုံသည် အလွန်နွေးထွေး၍ အိပ်စက်ရန် ကောင်းလှပါသည်။

ကျွန်တော်တို့ ကျောင်းပိတ်ရက်များ၌ ရွာပြန်လာပြီး တလင်းမှ ကောက်ရိုးအုံတွင် တမင်သွားအိပ်ကြမြဲ ဖြစ်ပါသည်။ ရွာနှင့် တလင်းမှာ လက်လံငါးဆယ်ရှိ လယ်ကြီးသုံးကွက်သာ ခြားပါသည်။

အဖေသည် လယ်စောင့်တဲ သီးသန့်မဆောက်ပါ။ အိမ်မှသွားရောက်၍ လယ်ထွန်ပါသည်။ ရိပ်သိမ်းပါသည်။ တလင်းသို့ ကောက်လှိုင်းများရောက်ချိန်တွင်မူ တလင်းစပ်၌ ကောက်ရိုးအုံကလေးဆောက်၍ စောင့်ပါသည်။

ကျွန်တော်တို့ ရွာဝန်းကျင်ရှိ တလင်းများမှ ကောက်လှိုင်းများ ပျောက်တတ်ပါသည်။ သို့ကြောင့် ညဉ့်အခါ တလင်းစောင့်ရပါသည်။

ကျွန်တော်တို့သုံးယောက် ယနေ့ညတွင် တလင်းစောင့်ရပါသည်။ ကျောင်းပိတ်ရက်တွင် ရွာသို့ ပြန်အလာနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် အဖေငှားထားသော စာရင်းငှားမှာ အပြင်းအထန် ဖျားနေ၍ မြို့ဆေးရုံသို့ အဖေ လိုက်ပို့နေရသည်။ သို့ကြောင့် ကျွန်တော်နှင့် ညီအကိုတဝမ်းကွဲတော်သော လှဦးနှင့် သူ့ညီမ စောကြည်တို့ လိုက်ပါ၍ တလင်းစောင့်အိပ်ကြပါသည်။

လှဦးက အသက် ၁၂ နှစ်ရှိပြီ ဖြစ်ပါသည်။ ကျွန်တော်က သူ့ထက် တနှစ်ငယ်၍ သူ့ညီမစောကြည်ထက် တနှစ်ကြီးသူ ဖြစ်ပါသည်။ သူတို့မောင်နှမ သုံးယောက်မှာ ရွာမူလတန်းကျောင်းတွင် စတုတ္ထတန်း၌ စာသင်နေကြသူများ ဖြစ်ပါသည်။

ကျောင်းနေစော၍ ကျောင်းတက်နှစ်မပျက်သော ကျွန်တော်က သူတို့ထက် တတန်းကြီးကာ မြို့မအလယ်တန်းကျောင်းသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်။

ယခုလိုကျောင်းပိတ်ရက် ရွာပြန်လာမှ သူတို့နှင့် တွေ့နိုင်ပါသည်။

လှဦးနှင့် စောကြည်မှာ ကျွန်တော့်ကို အလွန်ချစ်ခင်ပါသည်။ ငယ်စဉ်ကတည်းက အိမ်ခြေရင်းခေါင်းရင်းနေ၍ ကစားအတူ စားအတူ နေခဲ့ကြပါသည်။ ကျွန်တော်တို့သည် ကောက်ရိုးအုံကလေးရှေ့တွင် ထိုင်ကြရင်း မြို့ကျောင်းမှ အတွေ့အကြုံများ ရုပ်ရှင်များနှင့် ရွာမှ ကစားဖော်ကစားဘက်တို့အကြောင်း ကို ပြောဆိုနေကြပါသည်။

ရွာဆီမှ မီးရောင်လက်လက်ကလေးများကို ကျွန်တော်တို့ မြင်ရပါသည်။ မလှမ်းမကမ်းရှိ ဘကြီးချစ်ဝင်းတို့တဲဆီမှ မီးရောင်ကိုလည်း မြင်နေရပါသည်။

အခြားတလင်းများမှ စပါးနယ်ရင်း ကျွဲမောင်းသံ၊ နွားမောင်းသံနှင့် သီချင်းဆိုသံများကိုလည်း ကြားနေရပါသည်။

တဖြည်းဖြည်း ညဉ့်နက်လာပါသည်။ လတခြမ်းကလေးမှာလည်း ကျွန်တော်တို့ခေါင်းပေါ် တည့်တည့် ရောက်လာပါပြီ။ စောကြည်မှာ ကောက်ရိုးအုံကလေးထဲ၌ အိပ်ပျော်နေပါပြီ။

ကျွန်တော်တို့ တလင်းထဲ၌ ကောက်လှိုင်းပုံမဲမဲကြီးများ ရှိနေပါသည်။ နယ်ပြီး၍ လေ့ရန်အသင့်ဖြစ်နေသော စပါးခေါက်တန်းကြီးလည်း ရှိနေပါသည်။ ယခင်နှစ်ထက် စပါးပိုထွက်မည် ဟု အဖေက ပြောပါသည်။

ယခုနှစ် လယ်အလုပ်အားလုံးပြီးပါက ကျွန်တော့် ညီလေးဖိုးလုံးနှင့် လှဦးတို့ကို အဖေက ရှင်ပြုပေးမည်ဟု ပြောပါသည်။ ဤအကြောင်းကို လှဦးနှင့် ကျွန်တော် ပြောနေကြပါသည်။ ကျွန်တော်တို့ ပျော်နေကြပါသည်။

“ညဉ့်နက်ပြီကွ အိပ်ကြစို့”

“မအိပ်ခင် ဒို့ တလင်းတပတ်လောက် လှည့်ကြည့်ယင် မကောင်းဘူးလား”

“ကြည့်လေ”

ကျွန်တော့်စကားကို လှဦးက ထောက်ခံပါသည်။

သူသည် အဖေကိုင်နေကျဖြစ်သော လှံကို ဆွဲယူရင်း နေရာမှ ထပါသည်။ ကျွန်တော်က ကောက်လှိုင်းတင်ရာတွင်သုံးသော ခက်ရင်းခွကိုယူ၍ သစ်သားမီးခြစ်ကို ခါးတွင်လိမ်ညှပ်ကာ ရှေ့မှ ထွက်ခဲ့ပါသည်။

တလင်းပတ်ဝန်းကျင်ကို မီးရှို့ထားပါသည်။ ကျွန်တော်တို့ရွာတွင် ဤသို့ မီးရှို့ထားခြင်းကို တလင်းမီးတားသည်ဟု ခေါ်ပါသည်။

တနေရာမှ မီးလောင်ပြီး ရိုးပြတ်များမှတဆင့် ကူး၍ လာက ကြိုတင်၍ ရှို့ထားခြင်းကြောင့် ဆက်၍ လောင်စရာမရှိသော နေရာတွင် မီးသည် အလိုလို ငြိမ်းသွားရပါသည်။

ကောက်လှိုင်းများကို စနစ်တကျထပ်ထားသော ကောက်ဆိုင်ပုံတခုအနီးသို့ ရောက်သောအခါ ကောက်လှိုင်းများကြားမှာ တရှဲရှဲနှင့် တိုးသံများကို ကြားသည်။

ကျွန်တော်တို့ မတုန်လှုပ်ပါ။ လှဦးက လှံနှင့် ရမ်းသမ်းပစ်ထိုးလိုက်သည်။ လှံက ကောက်လှိုင်းတလှိုင်းပေါ်တွင် စိုက်ဝင်သွားပါသည်။

လယ်ကွက်ထဲမှ ကြွက်များသည် တလင်းထဲအထိ စပါးလိုက်စားနေကြသည်။ သူတို့သည် ကောက်လှိုင်းများကြားတွင် စားချင်တိုင်းစား၍ ပျော်မြူးနေကြပါသည်။

တလင်းတပတ်ကို ကျွန်တော်တို့ မျက်စိရှင်ရှင်ထား၍ စေ့စေ့စပ်စပ် ကြည့်ခဲ့ကြပြီး ဖြစ်ပါသည်။ ထူးထူးခြားခြား ဘာမျှ မတွေ့ပါ။

တလင်းပတ်လည်ရှိ မီးတားထားသော လွင်ပြင်တွင် ကောက်ရိုးများကို ဟိုနားတစု သည်နားတစု ကျွန်တော်တို့ ချထားပါသည်။

ကျွန်တော့်ခါးတွင် မီးခြစ် အသင့်ရှိနေပါသည်။ အကြောင်းရှိလျှင် ပုံထားသော ကောက်ရိုးများကို မီးရှို့၍ သံပုံးတီး အချက်ပေးရပါမည်။ သံပုံးတလုံးကို ကျွန်တော်တို့ ကောက်ရိုးအုံထဲတွင် အသင့်ထားရှိပါသည်။

သံပုံးတီးသံကြား၍ ကောက်ရိုးမီးရှို့သည်ကိုမြင်လျှင် နီးရာတဲများမှ ဝိုင်းလာကြမည်ဖြစ်ပါသည်။ ဤအလေ့အထမှာ ကျွန်တော်တို့ ရွာဝန်းကျင်ရှိ လယ်တဲများအားလုံး လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။

“သတိထားအိပ်ဟေ့ … ငါလဲသတိထားမယ်။ မင်းနိုးလို့ရှိယင် ငါ့လဲနှိုးကွ ကြားလား။ တခြားတလင်းတွေမှာ ခဏ ခဏ ကောက်လှိုင်းအခိုးခံရတယ်တဲ့။ တချို့လယ်ကျတော့ ကောက်လှိုင်းတောင် မယူဘူးတဲ့။ နယ်ပြီးသားစပါးကို ယူသွားတယ်တဲ့”

လှဦးက လှံကို နံဘေးတွင် ချအိပ်ရင်း ပြောလိုက်ပါသည်။

ဟုတ်ပါသည်။ ကျွန်တော်တို့ သတိထားအိပ်ရပါမည်။ အဖေ မြို့သို့သွားသည်ကို တရွာလုံး သိပါသည်။ တလင်းတိုင်းကို စောင့်ခိုးရန် အကြံရှိသူလည်း ရှိကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့လို ကလေးတွေချည်း စောင့်အိပ်သည်ကို သိထား၍ အလွယ်နှင့် ခိုးဖြစ်မည်ဟု တွက်ချင် တွက်ကြပါမည်။ သို့ကြောင့် ကျွန်တော်တို့ နိုးနိုးကြားကြားအိပ်ရန် လိုပါသည်။

တဖြည်းဖြည်း ညဉ့်နက်လာပါသည်။ ပို၍လည်း အေးလှပါသည်။ တလင်းထဲကို အလွယ်တကူ မြင်နိုင်ရန် ကောက်ရိုးပုံအဝတွင် အသင့်လုပ်ထားသော ကောက်ရိုးထုံးကြီးကို မဆို့ပိတ်၍ လေနှင့်အတူ နှင်းများ ဝင်လာနေပါသည်။

အိပ်ချင်လွန်းလှသော်လည်း ကျွန်တော် အိပ်မပျော်ပါ။ ကျွန်တော် စိုးရိမ်ကြောင့်ကြနေပါသည်။ နိုးတဝက် အိပ်တဝက် ဖြစ်သွားစဉ် တလင်းထဲမှ ကောက်လှိုင်းများ ထိပွတ်သံလိုလို စပါးများကို ယက်နေသံလိုလို ကြားရင်း ခေါင်းထောင်ကြည့်မိရက်သား ဖြစ်နေတတ်ပါသည်။

စောကြည်က တရှူးရှူးအိပ်မောကျနေပါသည်။ ပုဇဉ်းရင်ကွဲများ၏ အော်သံများသာ ကြားနေရပါသည်။ တလင်းမီးတားရာအစပ်မှ ရိုးဖြတ်များကို ကြွက်များတိုးသံ တချက်တချက် ကြားနေရသည်ကို သတိထားမိပါသည်။

ကျွန်တော့် မျက်တောင်များက တဖြည်းဖြည်း မှေးစင်းလာပါသည်။ သတိထားနေသည့်ကြားမှ အိပ်ပျော်သွားပါသည်။

ရှဲကနဲ၊ ရှဲကနဲ အသံများကြောင့် ကျွန်တော် ဖျတ်ကနဲ နိုးလာပါသည်။ ကျွန်တော့်ကိုယ်ပေါ်တွင် နှင်းများစိုနေပါသည်။

နိုးသည်နှင့် ခေါင်းထောင်၍ တလင်းထဲကို ကြည့်လိုက်ပါသည်။ ရုတ်တရက် ဘာမျှမမြင်ရပါ။ လရောင်မှုန်မှုန်သည် လင်းနေဆဲဖြစ်ပါသည်။

“ရှဲ … ရှဲ”

ကျွန်တော် ဆက်ကနဲ ထထိုင်လိုက်မိပါသည်။ မျက်လုံးလည်း ပိုကျယ်သွားမိပါသည်။

တလင်းထဲမှ ကောက်လှိုင်းပုံများကို စေ့စေ့စပ်စပ် ကြည့်လိုက်ပါသည်။ မည်သည့်ထူးခြားချက်မျှ မတွေ့ရပါ။ သို့သော် ကျွန်တော်မြင်နေရသော ကောက်လှိုင်းပုံများအစွန်းရှိ ကောက်လှိုင်းပုံဆီမှ ရွက်ခြောက်များ ထိပွတ်သံကို ကြားရပါသည်။

ကျွန်တော်သည် နေရာမှ လေးဘက်ထောက်၍ ကောက်ရိုးအုံရှေ့သို့ ထွက်လိုက်ပါသည်။ အသံကြားရာဆီသို့ အသေအချာ ကြည့်လိုက်ပါသည်။ ကောက်လှိုင်းတလှိုင်းသည် အပုံပေါ်မှ ကြွတက်ကာ တဖက်အကွယ်တွင် ပျောက်သွားပါသည်။

လရောင်မှုန်လွန်း၍ ကောက်လှိုင်းကို မဲမဲသဏ္ဌာန်ဖြင့်သာ မြင်နေရပါသည်။ ကောက်လှိုင်းမဲမဲများသည် တလှိုင်းပြီးတလှိုင်း ကြွတက်ပြီး တဖက်သို့ကျကာ ပျောက်သွား၏။

“လှဦး … လှဦး… ဟေ့ကောင် ထစမ်းပါဟ”

ကျွန်တော်သည် လှဦးခြေသလုံးကို ဆွဲလှုပ်ရင်း နှိုးလိုက်ပါသည်။ ရုတ်တရက် ကျွန်တော့်အသံ ကျယ်သွားပါသည်။

ကောက်လှိုင်းများဆီမှ လှုပ်ရှားမှုသည် ချက်ချင်း ရပ်သွား၏။

လှဦးသည် အိပ်ချင်မူးတူးနှင့် ထလိုက်သည်။

“သူခိုး… သူခိုး… ကောက်လှိုင်းခိုးနေတယ်”

“ဟေ … ဘယ်မှာလဲ”

လှဦးသည် သူ့လှံကိုဆွဲယူကာ နေရာမှ ကုန်းထလိုက်သည်။ ကျွန်တော်က သူ့ကို ဆွဲထားလိုက်ပါသည်။

“နေအုံး…. ငါပြတဲ့နေရာ အသေအချာကြည့်စမ်း”

စောစောက မြင်ရသော ကောက်လှိုင်းပုံဆီသို့ လက်ညှိုးထိုးပြလိုက်ပါသည်။ လှဦးက ငြိမ်သက်စွာ ကြည့်နေ၏။

ကျွန်တော်က သူ့အနီးသို့ တိုးတိုးကပ်ပြောလိုက်ပါသည်။

“ဒို့အသံကြားလို့ ငြိမ်နေတယ်။ ခဏကြည့်နေအုံး”

“ဘုံး… ဖျန်း ဖျန်း …. ရှဲ”

ကျွန်တော့်ကိုယ်မှာ တွန့်ကနဲဖြစ်သွားသည်။ လှဦးမှာလည်း တုန်သွားသည်။

ကောက်လှိုင်းတလှိုင်းသည် ကောက်ဆိုင်ပုံမှ ကြွတက်လွင့်လာကာ လှေ့ရန် အသင့်ပုံထားသော စပါးခေါက်တန်းပေါ် အရှိန်နှင့် ကျလာပြီး စပါးပုံပေါ်မှတဆင့် ကျွန်တော်တို့ ကောက်ရိုးအုံကလေးဆီသို့ သုံးလေးပတ် လိမ့်လာသည်။

ကျွန်တော်တို့နှစ်ယောက်သည် အံ့ဩစွာ ကောက်လှိုင်းပုံဆီ ငေးကြည့်နေမိကြပါသည်။ လူဟူ၍ မတွေ့ရပါ။ လှုပ်ရှားသည့် အရိပ်အယောင်ကိုလည်း မမြင်ရပါ။

“ဘုံး… ဖျန်း… ရှဲ …. ရှဲ”

ကျွန်တော်တို့ ငေးကြည့်နေစဉ်မှာပင် ကောက်လှိုင်းမဲမဲကြီးတခုသည် မြောက်ကနဲတက်လာပြီး စောစောကထက် အရှိန်ပြင်းစွာဖြင့် စပါးခေါက်တန်းပေါ် ကျလျက် ကျွန်တော်တို့ ကောက်ရိုးအုံဆီ လိမ့်လာပြန်ပါသည်။

ကျွန်တော့်ရင်မှာ ဖိုနေပြန်ပါသည်။ လှဦးက ကျွန်တော့်လက်ကို လာဆုပ်ကိုင်သည်။ သူ့လက်မှာ တုန်နေသည်။

“တစ္ဆေ ကွ … တစ္ဆေ … ခြောက်နေတာ”

“မ … မဟုတ်ပါဘူးကွ…”

လူဦးက လေသံနှင့်ပြောနေသည်။ ကျွန်တော်က စိတ်ကိုတင်း၍ ခေါင်းရမ်းကာ ပြန်ပြောလိုက်သည်။ ကျွန်တော့်ရင်မှာ တဒိတ်ဒိတ် ခုန်နေသည်။

“လူမရှိတာ … တစ္ဆေပေါ့ကွ။ ဟော… လာပြန်ပြီ”

“ဘုံး… ဖျန်း… ရှဲ… ရှဲ”

လှဦး စကားမဆုံးမီပင် ကောက်လှိုင်းတလှိုင်းသည် စောစောကနည်းအတိုင်း ကျလာပြန်ပါသည်။ ကျွန်တော့်မှာ ကြက်သီးများပင် ထသွားမိ၏။

“ကောက်ရိုးတွေ မီးထွက်ရှို့မယ်ကွာ”

“ဒို့ထွက်လို့ ဖြစ်မလား”

လှဦးက အတော်ကြောက်နေပါသည်။ ကျွန်တော်လည်း ကြောက်နေပါသည်။ သို့သော် ကျွန်တော် အရဲစွန့်လိုစိတ် ပြင်းပြနေပါသည်။ တစ္ဆေခြောက်သည်ဆိုခြင်းမှာ မကြုံဘူး၍ မယုံချင်ပါ။ လူတဦးက ကျွန်တော်တို့ကို ကြောက်လန့်အောင် ခြောက်လှန့်နေသည်ဟု ထင်မိပါသည်။

“မင်း ကြောက်သလား”

ကျွန်တောါက လှဦးကို တိုးတိုးကပ်၍ မေးလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်တို့ဘေးမှ အိပ်ပျော်နေသော စောကြည်သည် နိုးလာပါသည်။

“ဘာလဲ”

စောကြည်က လေသံနှင့် မေးသည်။ ကျွန်တော်တို့က မဖြေ။

“မင်း ကြောက်သလား”

“မကြောက်ဘူးကွာ… လှံရှိတယ်”

လှဦးက သူ့လှံကို ပြင်ကိုင်၍ ပြောလိုက်သည်။ စောကြည်က ကျွန်တော်တို့အနီးသို့ ရွှေ့ထိုင်ရင်း ထပ်မေးသည်။

“ဘာလဲ အကို၊ ဘာမကြောက်တာလဲ”

“ကောက်လှိုင်းသူခိုး တလင်း ဟိုဘက်အစပ်မှာ ရောက်နေတယ်ဟ။ ဒို့ကို ကောက်လှိုင်းတွေနဲ့ပစ်ပြီး ကြောက်အောင် ခြောက်နေတယ်၊ ဟော…”

ကျွန်တော့် စကားမဆုံးမီပင် ကောက်လှိုင်းနှစ်လှိုင်းသည် ဆက်တိုက် ကျလာပါသည်။ စောစောက ကောက်လှိုင်းများနည်းတူ ကောက်ရိုးအုံရှေ့သို့ လိမ့်လာကြပါသည်။

“ဒီလိုလုပ်မယ်၊ ငါနဲ့ လှဦးက အပြင်မှာ မီးရှို့ဘို့ ချထားတဲ့ ကောက်ရိုးတွေကို ထွက်ပြီးရှို့မယ်။ ကောက်ရိုးကို မီးလောင်တာနဲ့ နင်က ဒီသံပုံးကို တအားတီးပေး။ ဒို့က တလင်းပတ်လည်ကို လိုက်ရှို့ မယ်”

စောကြည်က ထိတ်လန့်စွာကြည့်နေပါသည်။

“နင်က သူခိုးကို ကြောက်လို့လား”

“နဲနဲတော့ ကြောက်တယ်ဟ”

“ဘာလို့ ကြောက်ရမှာလဲ။ ဒီကိုမလာဝံ့ဘူး။ နင်သာ သံပုံးကို တအားတီးပေး။ ဒို့က မီးရှို့ရင်း ကြည့်မှာပေါ့။ သူ့ကိုတွေ့ယင် ဒို့မှာ လှံတွေ ခရင်းခွတွေ ရှိသားဘဲ။ လိုက်ထိုးမှာပေါ့။ ပီးတော့ ဒို့ဆီက သံပုံးတီးသံကြားပြီး မီးရှို့တာမြင်ရယင် ဘကြီးချစ်ဝင်းတို့နဲ့ ဘေးကတဲတွေက ပြေးလာကြမှာဘဲ”

ကျွန်တော်က လေသံနှင့် ပြောနေရပါသည်။

ခဏကြာမှ စောကြည်က ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

“အေး… ဒီလိုဆို နင်တို့ သွားရှို့ချေ။ မီးတောက်တာနဲ့ ငါတီးမယ်။ နင်တို့ ငါ့ကိုတော့ ပစ်မထားခဲ့ကြနဲ့နော်”

“အေးပါဟာ… နင့်ကို ဘယ်ပစ်ထားမလဲ။ နင်ကလဲ ကြံဖန်ကြောက်နေတာဘဲ။ ကဲ လာဟေ့… လှဦး”

ကျွန်တော်က ကောက်ရိုးအုံရှေ့မှ မထွက်ပဲ ခေါင်းရင်းတွင် အုံဖို့ထားသော ကောက်ရိုးများကို တိုး၍ အပြင်ထွက်ခဲ့ပါသည်။

လှဦးက သူ့လှံကို ကိုင်ရင်းနောက်က ကပ်ပါလာသည်။ ကျွန်တော်သည် ခက်ရင်းခွကို ချိုင်းကြားတွင် ညှပ်ပြီး သစ်သားမီးခြစ်ဆံတဆံကို ခြစ်၍ အသင့်ချထားသော ကောက်ရိုးများကို စတင် မီးရှို့လိုက်ပါသည်။ နှင်းစိုထား၍ ရုတ်တရက် မီးမတောက်မီ ရှေ့သို့တိုး၍ ကောက်ရိုးများကို ဆက်ရှို့ခဲ့ပါသည်။

နှင်းများကျ၍ လရောင်မှာ မှုန်ဝါးနေပါသည်။ စောစောက ကောက်လှိုင်းများ လှုပ်ရှားသည့် တလင်းဒေါင့်ဆီနှင့် အနီးဆုံးဖြစ်သည့် ကောက်ရိုးများကို မီးစွဲအောင် ရှို့လိုက်ပါသည်။ ကောက်လှိုင်းပုံများကွယ်နေ၍ တဖက်မှ ကျွန်တော်တို့ကို ရုတ်တရက်မမြင်နိုင်ပါ။

“ဒုံး … ဒုံး … ဒုံးဒုံး … ဒုံး”

စောကြည်သည် သံပုံးကြီးကို တအားတီးလိုက်ပါသည်။ ကျွန်တော်တို့ ရှို့ခဲ့သော မီးတောက်များသည်လည်း ချက်ချင်း မြင့်တက်၍ ပတ်ဝန်းကျင်ကို လင်းထိန်စေပါသည်။

လှဦးက လှံကို အသင့်ကိုင်၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

“ဝင်းစိုးတို့ လှဦးတို့၊ ဒို့လာပြီဟေ့”

သံပုံးတီးသံကြားသည် မနီးမဝေး တဲများဆီမှ လှမ်း အော်ပြေးလာကြပါသည်။

ကောက်လှိုင်းများ ကြွတက်လှုပ်ရှားခဲ့သော ကောက်လှိုင်းပုံအကွယ်မှ လူနှစ်ယောက်သည် ကွင်းပြင်ဘက်သို့ ပြေးထွက်သည်ကို ကျွန်တော်တို့ မြင်လိုက်ရပါသည်။

အရှိန်ပြင်းလာသော မီးတောက်များကြောင့် သူတို့ ကို ကျွန်တော်တို့ ကောင်းစွာမြင်နေရပါသည်။ ကောက်လှိုင်းများကို ဖရိုဖရဲ ပစ်ထားခဲ့ကြပါသည်။

“သူခိုးနှစ်ယောက်ဗျို့၊ အဲဒီဘက်ပြေးလာပြီ ဘကြီးချစ်ဝင်းရေ…။ နှစ်ယောက်ဗျ … နှစ်ယောက်”

လှဦးက အသံကုန်ဟစ်အော်သည်။

“အေးဟေ့… တွေ့တယ်ကွ။ မင်းတို့ဆီက မီးရောင်ကြောင့် သူခိုးနှစ်ယောက်ကို တွေ့နေရပြီကွ။ ဝိုင်းကြပါဟ၊ သံချောင်းတို့ အေးမောင်တို့။ မိယင် ခြေလွန် လက်လွန် မလုပ်ကြနဲ့ဟေ့။ ဟိုကောင်တွေ မပြေးနဲ့၊ မင်းတို့ အမိခံ၊ ပြေးယင် သတ်မိလိမ့်မယ်”

ဘကြီးချစ်ဝင်း၏ အောင်မြင်သောအသံကြီးကို ကျွန်တော်တို့ ကြားနေရပါသည်။ တလင်းပတ်လည်မှာမီးများ ထိန်လင်းနေပါသည်။

ရွာထည်းမှ လူများပင် တုတ်ဓားများ၍ ပြေးလာနေသည်ကို ကျွန်တော်တို့ မြင်နေရပါသည်။

စောကြည်က သံပုံးကို တီးမြဲတီးနေပါသည်။

ကျွန်တော်တို့က မီးပုံများကို ကောက်ရိုးများ လိုက်ဖြည့်ပေးနေပါသည်။

“ဟေ့…ဟေ့… အရမ်းမလုပ်ကြနဲ့၊ အရမ်းမလုပ်ကြနဲ့….”

“မလွတ်စေနဲ့ဟေ့နော်… မလွတ်စေနဲ့”

မနီးမဝေးမှ အော်သံများသည် ဆူညံနေ၏။

မကြာမီ ဘကြီးချစ်ဝင်းတို့သည် သူခိုးနှစ်ယောက်ကို လက်များချုပ်၍ ဖမ်းလာကြပါသည်။

ကျွန်တော်တို့ အံ့ဩကြရပါသည်။

သူခိုးနှစ်ယောက်မှာ ကျွန်တော်တို့အိမ်နှင့် မနီးမဝေးတွင် နေကြသော ကိုဘုတိုနှင့် ကိုဖိုးသိန်းတို့ ဖြစ်ပါသည်။ သူတို့သည် အလုပ်မယ်မယ်ရရလုပ်သူများ မဟုတ်ကြပါ။ အလွန်အရက်သောက်ကြပါသည်။ လောင်းကစားအမျိုးမျိုး လုပ်ကြသူများလည်း ဖြစ်ပါသည်။ ဓာတ်သိဖြစ်၍ ကျွန်တော်တို့တလင်းကို ဝင်ခိုးခြင်း ဖြစ်ပါသည်။

“သား… မောင်ဝင်းစိုးတို့”

ရွာမှပြေးလာသူများကြားမှ အမေ၏ ခေါ်သံကို ကြားရ၏။ အမေသည် ဆံပင်ဖရိုဖရဲနှင့် ရောက်လာပါသည်။

“မင်းတို့ ဘာဖြစ်သေးလဲ”

“ဘာမှမဖြစ်ပါဘူး အမေ”

ကျွန်တော်က အမေ့လက်ကို ဆုပ်ညှစ်ရင်း ပြောလိုက်သည်။ အမေက သက်ပြင်းကိုချလိုက်ပါသည်။ ကျွန်တော်တို့အတွက် အတော်စိတ်ပူခဲ့ရဟန် တူပါသည်။ စောကြည်က ပိန်ချိုင့်နေသော သံပုံးနှင့် တုတ်တချောင်းကို ကိုင်ကာ ကောက်ရိုးအုံထဲမှ ထွက်လာပါသည်။

“မင်းတို့ ဘယ်လိုလုပ်သိသလဲကွ”

ဘကြီးချစ်ဝင်းက ကျွန်တော်တို့နားတွင် ရပ်ရင်း မေးပါသည်။ ကျွန်တော်က အဖြစ်စုံကို ပြောပြပါသည်။

ကျေးရွာလူကြီးများနှင့် ကူညီရန်ရောက်လာကြသော တဲနီးချင်းများက စိတ်ဝင်စားစွာ နားထောင်နေကြပါသည်။

“တစ္ဆေလိုလို ခြောက်လှန့်တာကို မင်းတို့တကယ်ကြောက်ပြေးယင် ကောက်လှိုင်း နှစ်ဆယ် အစိတ်တော့ အသာလေး ပါတာပေါ့ကာ။ သူတို့က ကောက်လှိုင်းတွေကို အကွယ်မှာပုန်းပြီး စိမ်ပြေနပြေ ထမ်းကြမလို့ကွ။ မင်းတို့က မကြောက်တတ်လို့သာပေါ့”

ကိုအေးမောင်က ပြုံး၍ ပြောပါသည်။ သူခိုးနှစ်ယောက်ကို ရွာဆီသို့ ခေါ်သွားနေကြပါပြီ။

“ကြောက်တော့ ကြောက်သားဘဲ ဦးလေးရ။ ဒါပေမယ့် မကြောက်မိအောင်တော့ သတိထားရတာပေါ့”

“ဒါပေါ့ကွာ… နေရာတကာမှာ သတိရှိတာဟာ အလွန် အဖိုးတန်တာပေါ့”

အားလုံးက ကျွန်တော်တို့ မောင်နှမသုံးယောက်ကို ဝိုင်းဝန်းချီးမွမ်းကြပါသည်။ ကျွန်တော်တို့ မောင်နှမ သုံးယောက်သည် တိုင်ပင်ညှိနှိုင်း၍ ညီညွတ်စွာဖြင့် အန္တရာယ်ကို ရင်ဆိုင်တွန်းလှန်နိုင်ခဲ့ကြပါသည်။

တွေးမိတိုင်း ကျွန်တော်တို့ ပီတိဖြစ်ရပါသည်။ဤအဖြစ်ကို ကျွန်တော်တို့ မေ့နိုင်ကြမည်မဟုတ်ပါ။

ထိုနှစ်နွေတွင် ကျွန်တော်တို့ ရွာဝန်းကျင် လယ်ကွင်း၌ စပါးခိုးမှု၊ ကောက်လှိုင်းခိုးမှု လုံးဝ မဖြစ်တော့ပါ။ အားလုံး သတိရှိနေကြပြီ ဖြစ်ပါသည်။

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်

Leave a Reply

Your email address will not be published. Required fields are marked *