တွင်းကြီးသားတင်ဝင်းဦး
နေဝင်တော့မည်။
နေမင်းသည် ထက်ကောင်းကင်လမ်းကြောင်းကို အရှေ့မှ အနောက်သို့ ခရီးဆက်နေသည်ဟု ထင်ရသည်။ ဒါက သဘာဝအမြင်။ နေမင်းသည် အနောက်အရပ်ရှိ တောင်တန်းစွယ်များအတွင်း ဝင်တော့မည်မို့ နှုတ်ဆက်အလင်းရောင်နှင့် လက်ပြနေပြီ၊ လင်းလက်နေပြီ ထင်၏။
ဖျော့တော့မှေးမှိန်သွားသော နေရောင်သည် အမှောင်ပဝါသားကို သယ်ဆောင်လာသည်ဟု ဆိုရမည်။ မြောက်လေက ညင်သာစွာဖြင့် ဝန်းကျင်မှ သစ်ပင်များကို မရဲတရဲ လှုပ်ခါပေးနေသည်။ လိမ္မော်ရောင်သန်းသော နေခြည်နုနုသည် ဝန်းကျင်ကို အားအင်ရှိသမျှ လင်းလက်ဆဲ။ တိမ်မည်းအချို့က အရှေ့အရပ်၊ တောင်အရပ်တို့မှာ မင်းမူဆဲ။ အနောက်အရပ်မှာ နေခြည်နုနုနှင့် တိမ်ပါးပါးလွှာလွှာက နေရာယူပြီး ညနေဆည်းဆာကို အလှတစ်ကွက်ဖြည့်စွက်နေသည်။
မကြာမီ အိပ်တန်းမှာ တစ်ညတာနားရန် စာခေါင်းကျားတစ်အုပ်သည် ကျွိ ကျွိ၊ ကျလိ ကျလိ၊ ကျီ ကျီနှင့် အသံစုံပေးရင်း ဝှီး ဝှီး ဟု အသံဟည်းသည်အထိ တောင်အရပ်ဆီက ပျံလာကြသည်။ နားခိုရာ မန်ကျည်းပင်၊ ဆီးပင်၊ ထနောင်းပင်မြင့်ကြီးတွေမှာ နားကြ၊ အိပ်စက်ကြပေတော့မည်။
ငွေဗျိုင်းဖြူတစ်အုပ်သည် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်ကို ပျံကုန်ပြီမို့ ဗျိုင်းဖြူဖြူအကောင်များကို နေဝင်လုဆဲဆဲ နေခြည်နုနုမှာ မြင်တွေ့ရသည်က ကြည်နူးစရာအပြည့်။
သို့သော် ခြင်ကိုက်သည့်ဒဏ်ကို ခံကြရတော့မည်။
“ကတော်… ကတော်… ကတော်”
“အောက်… အီးအီး… အွတ်”
“ကွတ်… ကွတ်… ကွတ်”
ကြက်ဖအချို့၊ ကြက်မများနှင့် သားပေါက်ကြက်များသည် အိပ်တန်းတက်ရင်း ကတော်သံပြုသည့် အကောင်ကပြု၊ တွန်သည့် ကြက်ဖကတွန်၊ “ကွတ် ကွတ်”ဟု ကြက်ကလေးများကို အိပ်ရန် အသံပြုခေါ်သည့်ကြက်မက အသံပြု။ ကြက်သံ၊ စာမြည်သံနှင့်အတူ “တအာအာ”နှင့် စူးရှစွာမြည်သော ကျီးကန်းနက်နက် အကောင်များကလည်း အာရင်း၊ မန်ကျည်းပင်ထက်မှာ ထိုးရင်းဆိတ်ရင်း အိပ်တန်းအိပ်ရန် နေရာလုဆဲ။
မကြာပါ။ နေဝင်ပြီ။ နေခြည်ပျောက်ပြီ။ ကောင်းကင်သည် တိမ်တို့ဖြင့် မင်းမူလာပြီ။ အမှောင်ပဝါပါးပါးက အမှောင်ထုထည်ကြီးစွာဖြင့် ဖုံးအုပ်လွှမ်းခြုံ လာသည်။
အမှောင်ဖုံးလာသည့်အချိန် အိမ်အချို့က ရေနံဆီမီးခွက်ထွန်းသူထွန်း၊ အချို့က ဘက်ထရီမီးအိုး ထွန်းသူထွန်းနှင့် မှောင်သောအရာကို မီးတောက်အလင်း ရောင်က ဘေးဖယ်ပစ်ပြီ ထင်သည်။ မီးရောင်မှိတ်တုတ်တုတ်က ရွာထဲမှာ လင်းတလက်လက်။
မီးခွက်ကို ဒေါ်အုံးက ထွန်းသည်။ မီးရောင်သည် အိမ်ထဲရှိ အမှောင်ထုအတွင်း မရဲတရဲ လင်းလာ၏။
ရရှိလာသော အလင်းရောင်ကို အားပြုပြီး ထမင်းစားရန် ထမင်းခူးသည်။ ယိုင်နဲ့စပြုလာသော ငါးယောက်စာ စားပွဲခုံပေါ်ဝယ် ဆေးကွာပြီဖြစ်သော တရုတ်ဇလုံနှစ်ချပ်ကို တင်သည်။ ပြီး နီရဲရဲဝါတာတာ ဆန်ကြမ်းကို ရေငန်နှင့် ချက်ထားသည်မို့ ထမင်းက ပိုပြီး အရောင်မကောင်း ဖြစ်နေသည်။
ပြီး နှုတ်ခမ်းပဲ့နေသော ကြွေပန်းကန်ဇောက်ထဲ ချဉ်ရည်သောက်ကို ထည့်၏။ ထိုချဉ်ရည်ဟင်းက ဆီပါသည်ဆိုရုံ ချက်ထားသောဟင်း။ ငရုတ်သီးထောင်းကလည်း ဆီပါသည်ဆိုရုံ။
ပြီး ငါးပိနှပ်ဟင်းတစ်ခွက်။ ဟင်းများထည့်အပြီး ဒေါ်အုံးက သားဖြစ်သူ တာတီးကို ခေါ်သည်။
“လူလေး… ထမင်းစားမယ်”
“ဟုတ်… ဟုတ်”
ဟု တာတီးက ဖြေသည်။
နေစောင်းကတည်းက လက်ကိုင်ကွင်းနှင့် ရေစစ်ပုံစံ စွပ်ထားသော ပိုက်များကို ဖာခဲ့ထေးခဲ့ ပြုပြင်ခဲ့သည်။ ယခု မှောင်ပြီ။ မီးခွက် ထွန်းကြပြီ။ ညနေစာ စားရတော့မည်။
ကြိမ်ကို ဆန်ကောနှစ်ချပ်စာရှိ ကွင်းကို ပိုက်ကွက်များကို အနားသတ်ပြီး ချုပ်ရသည်။ ကွင်းကို မ,လိုက်ပါက ပိုက်စသည် အောက်သို့ ရေစစ်သဏ္ဌာန် ဖြစ်သွားသည်။
ကြိမ်ကွင်းမှနေပြီး ၈တောင်ခန့်ရှည်သော ဝါးရိုးအမာကို တပ်ရသည်။ လက်ကိုင်ဝါးရိုးသည် အမာစားလည်းဖြစ်၊ အခေါင်းမပါသည့် ဝါးမာဖြစ်ပါက ပိုကောင်းသည်။
ချုပ်ပြီးသား စာရိုက်ဒိုင်းကွင်းကို အိမ်ရှေ့မှာ ထောင်လိုက်ပြီး ထမင်းစားရန် ဝင်ခဲ့သည်။ အမေနှင့်အတူ လက်ဆုံစားရင်း စကားမပြောဖြစ်ကြ။ အမြန်စားသည်။
လက်စသတ်သည့်အချိန် နောက်တိုးနှင့် တက်တူတို့ ဒိုင်းကွင်းကိုယ်စီထမ်း၊ ခွဘတ် လွယ်အိတ်ကိုယ်စီလွယ်၊ ဆောင်ဓားရှည်တို့ပါလာပြီး အိမ်ထဲဝင်လာကြသည်။
“ဟာ… လာကြကွာ။ စားပြီးကြပြီလား”
တာတီးက နှုတ်ဆက်သည်။ နောက်တိုးတို့က စားပြီးကြောင်းပြောရင်း ကွမ်းမြုံ့နေဆဲ။
တာတီးက လက်သုတ်၊ ရေသောက်ပြီး ခွဘတ်လွယ်အိတ်ထဲ လောက်စာလုံးထည့်သည်။ ခက်ရင်းတစ်ချောင်းကို ယူသည်။
“လူလေးတို့ … ခြေခင်းလက်ခင်း ကြည့်လုပ်ကြနော်။ သတိဝီရိယဆိုတာ ပိုတယ် မရှိဘူး။ တောစောင့်တောင်စောင့်နတ်၊ နယ်ရှင်ပယ်ရှင်ကို အရင်ရှိခိုး၊ အရိုအသေပေးပြီးမှ ငှက်ရိုက်ကြ”
“ဟုတ်ကဲ့ပါ အမေ”
တာတီးက ဖြေသည်။ နောက်တိုးတို့က “ဟုတ်” ဟု ခေါင်းဆတ်ပြကြသည်။
တာတီးက ခွဘတ်အိတ်လွယ်ပြီး ဘုရားကို ဝပ်ချသည်။ ပြီး အမေ့ကို ဦးချသည်။ ဒါ တောထွက်တိုင်း ပြုမြဲကုသိုလ်။
မရှိဆင်းရဲလို့ ဝမ်းတစ်ထွာအတွက် အကုသိုလ် ဟူသော အလုပ်တွေ လုပ်နေရပေမယ့် ဘုရားမမေ့၊ တရားလက်မလွတ်။ မိဘကို ကန်တော့ပြီးမှ တောထဲထွက်ဆဲ။
ဂုဏ်တော်ကိုးပါးရွတ်ဦး လူလေးနော်”
ဟု မိခင်မေတ္တာ အပြည့်အဝနှင့်မှာသော အမေ့အသံသည် ကြည်လင်ပါဘိတော့။
သုံးဦးသား အိမ်ထဲမှလမ်း၊ လမ်းများမှတစ်ဆင့် ရွာတောင် နာနတ်ကွင်းကို ထွက်ခဲ့သည်။ ထိုကွင်းက အတော်ကျယ်သည်။ ပြောင်းခင်း၊ နှမ်းခင်း၊ ပဲစဉ်းငုံခင်း ပေါသည်။
တာတီးတို့ ရိုက်မည့် တောစာများသည် ပြောင်းခင်းထိပ်၌ အိပ်ကြသည်။ နှံစားပြောင်းနှင့် နွားစာပြောင်းခင်းများ အများဆုံးကြဲသည့်ကွင်း။ နှံစားပြောင်းက လူတွေစားဖို့၊ နွားစာပြောင်းက နွားတွေရိတ်ကျွေးဖို့ ကြဲကြခြင်းပင်။
ရွာပြင်ရောက်တော့ မိုးသားများ တက်လာသည်။ မိုးချုန်းသံတို့ ဂျိမ်းဂျိမ်းနှင့် အရှေ့တောင်က ကြားနေရ၏။ မိုးသံကြောင့် ထင်၏။
ခြင်ဝါ၊ ခြင်ကျားကြီးများက တဝီဝီအသံပြုရင်း နားရွက်၊ ပါးပြင်၊ နှဖူးပြင်၊ မေးစေ့များကိုပါမက ပုဆိုးတိုတိုဝတ်ထားသောကြောင့် ပေါ်နေသော ခြေသလုံးများကို ယီးလေးခို အသံပြုရင်း ကိုက်ခဲကြသည်က မခံရက်စရာ။
သုံးဦးသား လက်နှိပ်မီးကိုယ်စီထိုးပြီး တောလမ်းကိုဝင်သည်။ ချုံပုတ်များက ဆီးကြိုနေသည်။ အမှောင်ထုနှင့် အတူတူ လေပြည်က ညင်းညင်း တိုက်လာသည်။
တာတီး၊ နောက်တိုးနှင့် တက်တူတို့သည် ဘဝတူတွေ။ ဆင်းရဲသည်ကလည်း သူမသာ ကိုယ်မသာအဆင့်။
ငှက်ရိုက်၊ ဖားရှာ၊ မြွေဖမ်း အလုပ်ကို လူလားမြောက်လို့ ကိုးနှစ်၊ ဆယ်နှစ်အရွယ်တွင် လုပ်ခဲ့ရသည်။ အကျွမ်းအကျင်မဟုတ်သော်လည်း ဝမ်းရေးအတွက်တော့ ဟင်းစားရစမြဲ။ ငါးပိဖိုး၊ ဆားဖိုး ရတတ်စမြဲ။ အကုသိုလ်က ဝမ်းကို ဖြည့်တင်းပေးဆဲဟု တာတီးထင်သည်။
တာတီး ၁၆နှစ်အရောက် အဖေဆုံးအပြီး အမေနှင့် ဘဝကို ရုန်းကန်ခဲ့ရသည်က ယခုအချိန်အထိ။ အဖေရှိစဉ်ကတော့ မပိုတောင်မှ မပူရ။ မကြောင့်မကြ စားရခြင်းရှိသော်လည်း မတောင့်တရ၊ တင်းတင်းတိမ်တိမ်နှင့် လောဘကိုအရှိန်သတ်ရင်း ရောင့်ရဲခဲ့ရသည်။
မကြာပါ။ အဖေတိမ်းပါးအပြီး စားဝတ်နေရေးအတွက် ဝမ်းစာသည် တာတီးခေါင်းပေါ် ကျလာသည်။
အမေဖြစ်သူက ငယ်စဉ်က ဆင်းရဲသည့်ဒဏ်ချက်များကြောင့် ကျန်းမာရေး သိပ်မကောင်းလှ။ ပန်းနာရင်ကျပ်နှင့် ချောင်းတဟွတ်ဟွတ် ဆိုးခဲ့သည့် အမေ။ အဖေ ရှိစဉ်က ရလာ၊ ဖမ်းလာသော ငှက်များ၊ ဖားများ၊ ကြွက်များကို ဈေးထဲ၊ ရွာထဲ လည်၍ ရောင်းရရှာသည့် အမေ။ ခုတော့ အမေ အလုပ်မလုပ်နိုင်ရှာပြီ။
သည်တော့ အမေ ဝမ်းဝရေး၊ ဆင်းရဲကံ သက်ဆိုးရှည်ရေးအတွက် တာတီးတာဝန် ဖြစ်ခဲ့ပြီကော။
တာတီးဘဝလိုပင် တက်တူ၊ နောက်တိုးတို့မှာ မိစုံဖစုံရှိနေရသည်ကလွဲ၍ ဆင်းရဲတာချင်းက အတူတူ။ အိမ်အမိုးတွေ ကြယ်မြင် လမြင်၊ ဘေးအကာ နံရံတွေက လေဝင် နေဝင်။
ဘဝတူ၊ စရိုက်တူတွေမို့ ငှက်ရိုက်တော့လည်း မခွဲခွာကြ၊ ကြွက်တူးတော့လည်း ကျောချင်းကပ်လို့၊ မြွေဖမ်းတော့လည်း ရလျှင်အတူတူ၊ ပွေးထောင်တော့
လည်း တစ်ပြေးတည်း။
ဘယ်တောမှာ ဘယ်တောတန်းမှာ ငှက်ပေါ၊ ကြွက်ပေါသည်ဟု သတင်းထူးပြောရင်း ဆန္ဒတူလုပ်ကြသည်မို့ အတွဲညီသည်။ ဟင်းစားလည်း ပေးမည်၊ ပိုက်ချက်လည်းပြမည် ဟူသော သဘော။
အတ္တမကြီး၊ လောဘမကြီး ဟူသော စိတ်ရင်းဖြူစင်မှုများက ခင်မင်မှုကို သက်ဆိုးရှည်ခဲ့သည်။
လက်နှိပ်မီးတဝင်းဝင်းနှင့် တောလမ်းမှတစ်ဆင့် ချုံများကို ကွင်းသည်။ ကန်သင်းများကို ကျော်သည်။ ရေကြောင်းများကို ဖြတ်သည်။
မကြာပါ။ နာနတ်ကွင်းကို ရောက်ခဲ့ပြီ။ ကွင်းနယ်ထဲ ဝင်ခဲ့ပြီ။
“ကွင်းပိုင် အရှင်သခင်များ၊ ကျွန်တော်တို့သုံးဦး ကွင်းပိုင်အရှင်များ၏ နာနတ်ကွင်းထဲမှ ငှက်များကို မရှိဝမ်းစာအတွက် ဖမ်းဆီးပါမည်။ ခွင့်ပြုတော်မူပါ”
ဟု သုံးဦးပြိုင်တူ ဆိုကြသည်။ တိုင်တည်ကြသည်။ မတိုင်တည်ခင်၊ ခွင့်မတောင်းခင်မှာ လက်နက်များကို ရှေ့မှာချထားသည်။ ပြီး ထိုင်ကြရပြီး ကန်တော့ ရင်း ခွင့်တောင်းကြရ၏။ ခွင့်တောင်းပြီး ဒိုင်းကွင်းများကို ပြန်ထမ်းသည်။ ကွင်းအတွင်း ဝင်သည်။
အမှောင်ထုက ကြီးစိုးဆဲ။ ကောင်းကင်ထက်မှာ တိမ်တို့က မှောင်သထက် မှောင်အောင် ပခုက္ကူစောင်ထူထူ ခြုံထားဘိအလား။ ငါးခဲထိုး လက်နှိပ်မီးကိုယ်စီ ထိုးပြီး ပြောင်းခင်းများအကြား ဝင်ခဲ့သည်။ အပင်ဖျားက လူတစ်ရပ်မရှိသေး။
ကြည့်စမ်း။ ပြောင်းပင်ထိပ်ဖျားမှာ တစ်ပင်လျှင် တစ်ကောင်ကျဖြင့် စာဝါငှက်လေးများ အိပ်နေကြသည်။
“ကျွိ ကျွိ၊ ကျလိ ကျလိ” မြည်သံပင် မပေးကြ။ မိုးချုန်းသံနှင့်အတူ အိပ်စက်နေပြီ ထင်၏။
ပြောင်းခင်းတွင်းက ပြောင်းပင်ထိပ် အိပ်နေကြသော စာငှက်လေးများသည် ကျရောက်လာမည့် အန္တရာယ်စက်ကွင်းကို မမြင် မသိကြ။
တာတီးက လက်နှိပ်မီး ယမ်းပြထိုးပြသည်။ နောက်တိုးနှင့် တက်တူ က ဒိုင်းကွင်းလက်ကိုင်ရိုးကို ကိုင်ပြီး ဘယ်,ညာယမ်းသည်။
စာလေးများသည် ဒိုင်းကွင်းအတွင်း ပိုက်နှင့်ငြိပြီး မရုန်းမထွက်နိုင်ချိန်ကျမှသာ အလန့်တကြားနှင့် ကျလိကျလိဖြင့် မြည်ကြသည်။ ဒိုင်းကွင်းအတွင်း မိသော စာလေးများကို ဖမ်းယူသည်။ သေသည်အထိ ဒိုင်းကွင်းအရိုးနှင့် စာခေါင်းကို ဆတ်ဆတ်ရိုက်သည်။ သေသည့်စာများကို အိတ်ထဲထည့်သည်။
တစ်ခါယမ်းလျှင် အကောင်နှစ်ဆယ်မှ သုံးဆယ်။ တစ်ခါတလေ အကောင်ငါးဆယ်အထိ မိတတ်သည်။
ပထမအကြိမ် ယမ်းပြီး ခေတ္တနားသည်။ မိသောစာများ၏ မြည်သံကြောင့် အခြားအပင်ဖျားက စာများသည် အရပ်မျက်နှာအသီးသီးကို အသံပြုရင်း လန့်ပြေး ပြေးကြသည်ကိုး။ ဒီတော့ စာများ အလန့်ပြေပြီး အပင်ပေါ်ပြန်နားချိန်မှ ဆက်ရိုက် ယမ်းရမည်။
နောက်တစ်ကြိမ်ယမ်းသည်။ ပြီးနားသည်။
ဆက်ယမ်းသည်။ နားသည်။
ဆယ်ကြိမ်ခန့် ယမ်းမိတော့ အကောင်တော်တော်များများ ရပြီ။ သုံးယောက်သား နားကြသည်။ ဆေးလိပ်သောက်သူ သောက်၊ ကွမ်းဝါးသူ ဝါး။ အမောဖြေရင်း ပီတိတဝေဝေ။
အရင်ရက်တွေကတော့ စာများအပြင် သပိတ်လွယ်၊ ဇီးကွက်အထိ ရတတ်သည်။ တစ်ခါတစ်ရံ မိန်ကောင်အထိ၊ ချိုးစိမ်းအထိ ရတတ်သည်။
ဒီညတော့ စာတွေချည်း ရသည်။ စာကလည်း စာဝတီး၊ စာခေါင်းကွက်တို့က အများဆုံး မိသည်ချည်း။ စာဝါက နည်းသည်။
ထိုစာငှက်များက တောထဲနေ၊ တောထဲအိပ်သည့် စာတွေ။ အိမ်ထဲစာ (ရွာထဲနေစာ) များက စာကျားနှင့် စာဖြူနှစ်မျိုးသာရှိပြီး စာဝတီး၊ စာခေါင်းကွက်၊ စာဝါတို့ထက် အကောင်ကြီးသည်။
စာဝတီးက နီကြောင်ကြောင် အမွေးရှိပြီး အပြောက်အစက်လေးများပါသလို စာခေါင်းကွက်က အဝါရောင်သန်းသည့် အမွေးရှိပြီး ခေါင်းတွင် အကွက်လို အဖြူမွေးပါသည်။ စာဝါက စာခေါင်းကွက်အမွေးထက် အရောင်က ပိုပြီးဝါသည်။ ပြီး တောင်ပံကအမွေးသည် အရောင်ပိုပြီး ဝါသည်မို့ ခွဲခြားရတာ လွယ်သည်။
ရပြီး၊ မိပြီး၊ သတ်ပြီး စာများကို လက်နှိပ်မီးနှင့်ထိုးကြည့်ရင်း နောက်တစ်ပြန်ရိုက်ရန် အခင်းကူးကြသည်။
ပထမရိုက်သော အခင်းထဲမှာတော့ အချို့မိသည်။ အချို့ပျံပြေးပြီး အခြားအခင်းမှာ နားနေကြပြီ။
ဒီတစ်ခါ တက်တူက လက်နှိပ်မီး ထိုးပြရမည်။ တာတီးနှင့် နောက်တိုးက ဒိုင်းကွင်းယမ်းမည်။ တစ်လှည့်စီ၊ တစ်ကြိမ်စီ။ ဒါ ထုံးစံ။
ပြောင်းခင်း ကန်သင်းပေါင်ထက်မှာ မီးထိုးရင်း တောတိုးခဲ့သည်။ မိုးချုန်းသံက တဂျိမ်းဂျိမ်းနှင့် ကြားရဆဲ။ အဲ… မိုးကတော့ မရွာသေး။
“အင်း… မိုးကျရင် ကောင်းမယ်ကွ”
တောနင်းရင်း တက်တူက ပြောသည်။
“ဟာ… အတိုင်းထက် အလွန်ပေါ့ကွာ။ အိုကေတာပေါ့”
ဟု နောက်တိုးက ထောက်ခံသည်။
သူတို့ပြောသလို မှန်ပါသည်။ အကယ်၍ မိုးဖွဲဖွဲကျပါက စာများကို မိုးစိုမည်။ မိုးစိုတော့ ပျံနိုင်အားမရှိ။ ပျံတောင်မှ ဝေးဝေး မပျံနိုင်ရှာကြ။
မိုးရွာပြီး မိုးချုန်းသံပေးလျှင် ပိုကောင်းမည်။ မိုးရေစိုပြီး မိုးချုန်းသံတွေကြောင့် စာများအတွက် လူသံမကြားရတော့။ ကျလာမည့် အန္တရာယ် ပိုပြီးမသိ ကြခြင်းက တောလိုက်သူတွေအတွက် အားသာချက်တစ်ခုပင်။
ယခု မိုးချုန်းသည်။ မိုးကမရွာ။
နောက်တစ်ကြိမ် ဒိုင်းကွင်းခတ်သည်။ ခတ်တိုင်း စာကောင်များများ ရသည်။ ရပြီးစာများကို သတ်။ အိတ်ထဲ ထည့်။ နောက်တစ်ခါ ရိုက်။ ထုံးစံအတိုင်းလုပ်။ အလုပ်ရှုပ်ဆဲ။
မကြာ နားကြပြန်သည်။
တောကလည်း ရွာနှင့်ဝေးခဲ့ပြီ။ ရွာဆီက ခွေးဟောင်သံကြားရပြီး မကြာပါ။
နာရီပြန်တစ်ချက်ထိုးသံ ကြားရင်း…
“အင်း… တစ်နာရီတောင်ထိုးပြီ”
ထိုင်ရင်းက တာတီးက ပြောသည်။
“တစ် … တစ် … တီ … တူး”
“တစ် … တီ … တူး”
“တစ် … တီ … တူး”
ဟူသော ငှက်ဆိုးထိုးသံကြောင့် သုံးယောက်သား ခေါင်းများကြီးသွားကြပြီး နားရွက်များအေးစက်ပြီး ကားသွားသည် ထင်သည်။ ပြီး ဆံပင်များက သူ့ အလိုလို ထောင်ထလာသည်လို့လည်း ထင်ကြရပြီး ရင်တွေထဲ တဒိတ်ဒိတ်ခုန်လာသည်ဟု ယူဆကြသည်။
“ငှက်ဆိုး၊ ငှက်ယုတ် … ကဲကွာ”
“ဖြောင်း … ဖြောင်း”
နောက်တိုးက အရန်သင့်ကိုင်ထားသော ခွဘတ်နှင့် ပစ်သည်။ ငှက်အော်သံကြားရာ မှန်းပစ်သည်မို့ လောက်စာလုံးတို့က ပြောင်းခင်းထဲကျ၍ တဖြောင်းဖြောင်း မြည်သွားသည်။ လောက်စာလုံးနှင့် ပစ်လို့လားမသိ။ တစ်တီတူးငှက်သည် အဝေးရပ်ဆီက မြည်ရင်းရှိသည်။
“အင်း… အတိတ်နိမိတ်မကောင်းတဲ့ ငှက်ကွ”
“ဟုတ်တယ် တက်တူ။ ဒီငှက်ဆိုးထိုးရင် ဒုက္ခတစ်ခုနဲ့ ကြုံရတယ်ကွ။ လာဘ်ပိတ်တယ်”
နောက်တိုးတို့ ပြောစကားများကို နားထောင်ရင်း တာတီးပြုံးသည်။ ပြုံးရင်းက နားစွင့်သည်။ တောသံနားထောင်သည်။ ဖြောင်းဖြောင်းအသံ၊ ဖြန်းဖြန်းအသံများက ခပ်သဲ့သဲ့နှင့် ကြားရသည်ဟု အာရုံမှာထင်ဆဲ။ နားစိုက်ရင်းရှိစဉ် တစ်တီတူး က မြည်သံပြုနေပြီ။
“တစ် … တစ် … တီ … တူး”
“တစ် … တီ … တူး”
“လာပြန်ပြီ”
ဟု တက်တူက ကြိမ်းမောင်းပြန်သည်။
တက်တူ၏အသံများ တုန်ခါနေပြီ ထင်၏။ ကြောက်နေပြီလား၊ ကြောက်မည်ဆိုက ကြောက်စရာ။ တစ်တီတူးသည် တောင်အရပ်က ပျံဝဲလာရင်း တာတီးတို့ထိုင်ရာဆီ ဝဲကာပျံကာနှင့် မြည်နေပြီကိုး။
“ဟေ့… တက်တူ မပစ်နဲ့”
တာတီးက တက်တူကို တားလိုက်သည်။ ခွဘတ်နှင့် ပစ်မည့်ဟန်ချိန်နေသော တက်တူက မပစ်။ လက်နှိပ်မီးရောင်မထိုးဘဲ ငြိမ်နေကြသည်။ ငှက်ဆိုးက မြည်ဆဲ။
“တစ် … တီ … တူး”
“ရှူး… စကားမပြောနဲ့၊ လက်နက်အသင့်ပြင်ထားကြ”
တာတီးကအမိန့်ပေးလိုက်သည်။ ထိုစဉ် မိုးချုန်းသံ ဂျိမ်းဂျိမ်းကို ကြားရသည်။ မိုးချုန်းသံကြားအပြီး. . .
“ဖြောင်း…”
“ရှူး … ရှူး”
“ရွှီ … ရွှီ … ရွှီ”
တောတိုးသံ နှာမှုတ်သံနှင့် တွန်သံများ ကြားရသည်အထိ မှင်တက်မိသလို ငေးနားထောင်ဆဲ။
အန္တရာယ်ကောင်လာနေပြီ။ တာတီး အံကြိတ်လိုက်သည်။
“ဟေ့ကောင်တွေ … လက်နှိပ်မီးမထိုးနဲ့”
တာတီးကပြောရင်း ကန်သင်းခုံပေါ်မှတစ်ဆင့် ပြောင်းခင်းအရှေ့ဘက်ရှိ ပြောင်းကြဲပြီးစ မြေပြင်ဆီ ထွက်ခဲ့သည်။ တက်တူတို့နှစ်ဦးသည် တာတီးနောက်
နားမလည်စွာနှင့် လိုက်ခဲ့ကြသည်အထိ ဘာမှမသိသေး။
တကယ်တော့ တောသံနှာမှုတ်သံပေးနေသည်က မြွေဆိုးတစ်ကောင်၏ ရန်သူကို စိန်ခေါ်သံမှမှန်း သိသည်။ သို့ကြောင့် တာတီးက သတ်ကွင်းရွေးချယ်လိုက်ခြင်းပင်။
အကယ်၍ မြွေသည် ပြောင်းခင်းတွေအကြား နေကြရင်း တွေ့ပါက မြွေသည် မုဆိုးဖြစ်ပြီး တာတီးတို့ သည် သားကောင်ဖြစ်တော့မည်။ ယခု ကွင်းကျယ်ရာ သတ်ကွင်းရွေးတော့ မုဆိုးသည် သူတို့၊ သားကောင်သည် မြွေဆိုးဖြစ်မည်က အမှန်။
“ရှူး”
“ဖြီး”
“တစ် … တစ် … တီ … တူး”
“တစ် … တီ … တူး”
မြွေဆိုးသံ ငှက်သံများက အထက်နှင့် အောက်မှာ ဒေါသခြင်း ပြိုင်ဘိအလား။ နားနှင့် ဆတ်ဆတ်ကြားနေရဆဲ။
“ဟေ့… တက်တူ။ လက်နှိပ်မီးနှစ်လက် ကိုင်ထား။ ထိုးဆိုရင်ထိုးနော်။ နောက်တိုး မင်းက ခွဘတ်ရယ်၊ ခက်ရင်းရယ်၊ ဝါးရယ် အရန်သင့်လုပ်”
ဟု နောက်တိုးက ပြောရင်း အရန်သင့်လုပ်ထားပြီး ခံစစ်အနေအထားကို ပြင်သည်။
မကြာပါ။ မြွေဆိုးသည် ချက်ထောက်လာရင်းက ခေါင်းကို ဘယ်ညာ ယိမ်းရင်း၊ နွဲ့ရင်း၊ ခါရင်း၊ ဒေါသသွင်းရင်းနှင့် ပြောင်းခင်းအတွင်း လာနေ၍ ပြောင်းပင်များနှင့် မြွေ၏ ကိုယ်လုံးထိရာ ဖြောင်းဖြောင်းအသံက နီးသထက် နီးလာသည်။
ရွှီဟူသော တိုက်ပွဲခေါ်သံ၊ တွန်သံကြောင့် …
“တက်တူ နှစ်လက်ပြိုင်ထိုး”
လက်နှိပ်မီးနှစ်လက်အားကြောင့် စူးရှလင်းလက်သော မီးရောင်ပေါ်လာ၏။ မီးရောင်အောက်တွင် တောကြီးမြွေဟောက်ကြီးကို မြင်လိုက်ရသည်။
“ဟာ… နည်းတာကြီး မဟုတ်ဘူး”
တက်တူက မီးထိုးပြရင်း အလန့်တကြားပြောသည်။
ဒီကောင်က မြွေအသေးအကွေးလောက်သာ တွေ့ဖူး၊ သတ်ဖူးတာ။ ယခု တောကြီးမြွေဟောက်ကြီးနှင့် ဆုံရပြီ။
ကြုံရသော မြွေကြီးကလည်း လက်မောင်းလုံးသာသာ။ ကြီးမားသော ကိုယ်လုံးကြီးကို ရစ်ပတ်ထားသော အကြေးခွံများက ညိုညစ်ညစ်နှင့် ပြာနှမ်းနှမ်း အရောင်။ မည်းသည့် ညစ်သည့် အရောင်။ ဗိုက်ပြင်မှာဆိုလျှင် နဂါးစက်အပြောက် (အနက်ကွက်အပြောက်)များနှင့်။
ပြီး ပါးပျဉ်းထသော ပါးပျဉ်းအောက် လည်အိုးအခြေ ခေါင်းပိုင်းအောက်မှာ အနက်အရစ်အစင်းကြီးတွေနှင့်။
တချို့က နှစ်ရစ်၊ အချို့က သုံးရစ်။ အရစ်အနည်းအများအလိုက် အဆိပ်ပြင်းသည်။ အရစ်များလျှင် အဆိပ်အပြင်းဆုံး။ အရစ်က သုံးရစ်ဆိုတာအများဆုံး။
အချို့က လေးရစ်အထိတွေ့ဖူးသည်။ ဒီကောင်မျိုး အကိုက်ခံရလို့ကတော့ ဆေးမတွေ့နိုင်။
ယခု ဒီကောင်ကြီးက သုံးရစ်။
ဒီကောင်ကြီး တောမှားလာတာလား၊ အစာရှာထွက်ရင်း နယ်ကျွံလာတာလား၊ မိတ်လိုက်ရအောင် ချစ်ဖော်လာရှာတာလား။
ဒါတွေ တာတီးမသိ။ သိသည်က ဒီကောင်ကြီး ပေါက်ချက်က လွတ်ရေးပင်။
ရန်ပြုလာသည်ကို ကာကွယ်ရေး၊ ဒီကောင်ကြီးအသက် ဇီဝိန်ခြွေရေး၊ ဒါ အဓိကစိတ်ကူး။ စိတ်ကူးကို ပုံဖော်ရမည်။
မီးရောင်အောက်တွင် မြွေကြီးက နှာမှုတ်သည်။ တောသံပေးသည်။ ခေါင်းပြားပြားကြီးကို ဘယ်ညာယမ်းသည်။ ကိုယ်လုံးကြီးကို ထောက်ပြီးရပ်ထား၏။ တာတီးတို့အရပ်ထက်ပင် မြင့်၏။
အမြီးက အငြိမ်မနေ။ အားသွင်းသည်။ အားယူ သည်။ ညအမှောင်ထဲ လူသားကို တိုက်ခိုက်ရန် တာစူသည်။
တာတီးတို့ကလည်း မုဆိုး။ တောကြီးမြွေကလည်း မုဆိုး။ ခုအချိန်တော့ မုဆိုးအချင်းချင်းဟု တွေးမိ သည်။ ကိုယ့်အရိပ်ကိုတောင် ရန်မူတတ်တဲ့အကောင်။ တွေးရင်းပင် မီးရှိရာ တိုးလာသည်။
“တက်တူ မီးနှစ်လက်ကို ဟိုယမ်းဒီယမ်း လုပ်”
ပြောအပြီး တက်တူက မီးနှစ်လက်ထိုးရင်း အပေါ်နှင့်အောက်၊ ဝဲနှင့်ယာကို မီးရောင်ကစားသည့်နှယ် လုပ်သည်။ မီးပန်းကစားသလို လှည့်ဝိုင်းဝိုင်းသည်။ မီးရောင်လှည့်ကွက်ကြောင့် မြွေကြီး၏ ခေါင်းပြားပြားကြီးကလည်း ဟိုယိမ်း ဒီယိမ်းနှင့်။
“နောက်တိုး။ မင်းက ပါးပျဉ်းကို ထိထိမိမိပစ်”
တာတီးစကားအဆုံး ဘတ်ခွနှင့်ပစ်သူက နောက်တိုး။ ပစ်ချက်က ပြင်းသည်။ ပါးပျဉ်းကိုမှန်သည်။
“ဖြန်း”
“ဖုန်း”
“ရှူး”
ဟူသော ဘတ်ခွပစ်သံ၊ မှန်သံနှင့်အတူ ရှူးဟူသော ခပ်ထန်ထန်အသံပြင်းပြင်းကို ကြားလိုက်ရသည်။
လောက်စာမှန်ချက်ကြောင့် မြွေခေါင်း နောက်သို့အယိုင် –
“ကဲကွာ … ကဲကွာ”
“ဖြန်း ဖြန်း … ဖြောင်း ဖြောင်း”
“ရှူး ရှူး … ရွှီး ရွှီး”
“ဖြောင်း … ဖြောင်း”
ရိုက်သံများ၊ နှာမှုတ်သံ၊ မာန်သွင်းသံများက ဆူဆူညံညံ။
မကြာပါ။ မြွေကြီး မြေပြင် လဲကျသွားသည်။ ခေါင်းကြီးက ကျေကျေညက်ညက်။ အဲ… သူ့ကိုယ်လုံးကတော့ လူးလူးလွန့်လွန့်နှင့်။ တော်တော်နှင့်မသေသေး။
လူးလွန့်နေသော ကိုယ်လုံးပေါ် ဆင့်ရိုက် ဆက်ရိုက်သည်။ အသက်ထွက်သွားပြီ။
စိတ်ချရပြီဖြစ်တော့ ခက်ရင်းနှင့် ခေါင်းကိုထိုးပြီး မ,ကြည့်တော့ လူတစ်ယောက် အတော်မ,ယူရသည်အထိ ကြီးသည့် မြွေကြီး။
“အင်း… မင်းတို့က တစ်တီတူးမြည်တာကို မကောင်းတဲ့အတိတ်နိမိတ်လို့ ဆိုကြတယ်။ လာဘ်ပိတ်တယ်လို့ ထင်ကြတယ်။
တကယ်တော့ သဘာဝကပေးတဲ့ အတိုင်းပါပဲကွာ။ ငှက်ဆိုတာ မြည်မယ်၊ ပျံမယ်၊ ဝဲမယ်။ ဒါသူ့သဘာဝပဲ။ ငှက်ဆိုး မဟုတ်ပါဘူး။
စဉ်းစားကြည့်။ ပထမအကြိမ် ငှက်မြည်ကတည်းက ငါ ဂရုစိုက်နေမိတာ။ တစ်တီတူးက ဟိုတောင်အရပ်က မြွေကြီးလာတာမြင်လို့ မြည်တာပဲကွ။ ငါတို့ကို မြွေလာနေပြီ၊ သတိထားလို့ အသံပေးနေရှာတာပါကွာ”
တာတီးက မြွေကိုကြည့်ရင်း ရှင်းပြသည်။ တာတီးစကားကြောင့် နောက်တိုးတို့ သဘောပေါက်လာသည်။
“ပထမအကြိမ် မြွေလာရာလမ်းအတိုင်း အပေါ်ကဝဲပျံရင်း၊ မြည်ရင်း လိုက်လာမယ်။ အဲဒီအချိန် ပြောင်းခင်းထဲက တဖြောင်းဖြောင်းအသံ၊ ရှူးခနဲ နှာမှုတ်သံ၊ ဖြီးဖြီးလို့ မာန်သွင်းဒေါသဖြစ်သံကို ငါဂရုထားမိတာပါကွာ။
ဒါကြောင့် နောက်တစ်ကြိမ် ငှက်မြည်တော့ မြွေဟာ ငါတို့ဆီလာနေပြီဆိုတာ ရိပ်မိတယ်။
ဒီကောင်တွေက သူတို့အစာရှာထွက်တဲ့အချိန် ဒါမှမဟုတ် မိတ်လိုက်ချိန်တွေမှာ လူသံ၊ ကျွဲသံ၊ နွားသံကြားရင် အသံကြားရာပြေးလာပြီး ကိုက်သတ်တော့တာပဲကွ။ ဒါလည်း သူ့ သဘာဝ၊ သူ့ဒေါသကိုး။
အဲ… ငါတို့ကို ကြိုတင်သတိပေးတာကတော့ မင်းတို့မုန်းတဲ့ တစ်တီတူးပဲ။ ငှက်က မြွေမြင်တော့မြည်၊ မြည်တော့ ဗဟုသုတရှိထားတဲ့လူက ကြိုတင်ကာကွယ်ဖို့လုပ်။ ဒါကြောင့် ငါက ဒီအခင်းကျယ်ကျယ်မှာ သတ်ကွင်းရွေးတာပဲ။ အဲ… ပြောင်းခင်းအကြားဆိုရင် ဒီကောင်ကြီးကို ရှင်းဖို့ မလွယ်ဘူး။ ရိုက်ကွင်း၊ လှည့်ကွင်းမရှိဘူး”
“ဟုတ်တယ်နော်။ တစ်တီတူးမြည်သံပြုလို့ မင်းက နားပါးပါးနဲ့ ဗဟုသုတရှိလို့ပဲ။ နို့မို့ဆိုရင် မြွေပေါက်ခံရမှာကွ”
ဟု နောက်တိုးက မြွေ၏ဝမ်းဗိုက် နဂါးစက်များကို ငေးကြည့်ရင်း ထောက်ခံသည်။
“ဒီကောင်က အတော်ကြောက်စရာကောင်းတဲ့ ကောင်ပါကွာ။ ဒီကောင့် အသားနဲ့သွေးက သိပ်ပူတာ။ မနှစ်က ကိုဘရင်တစ်ယောက် ဒီမြွေမျိုး ရဖူးတယ်။ သတ်ပြီး၊ ခေါင်းဖြတ်ပြီး တောင်ပိုင်းက မြင့်စိန်ကို လင်းမြွေလို့ လိမ်ပြောခဲ့တယ်။ မြင့်စိန်က မူးမူးနဲ့ မြွေအရေကိုခွာတယ်။ ကြော်စားမယ်လို့ အားခဲထားတာ။
ဘယ်ကလာ ကြော်စားရမှာလဲကွာ။ မြင့်စိန်ခမျာ ဒီကောင်ကြီးအရေနဲ့ အသား ကိုင်မိတော့ ဘာပြောကောင်းမလဲ လက်တွေ အားကြီးပူလာလို့ကွ။ သုံးရက်လောက် ဆက်ပူနေဆဲပဲတဲ့။ ဒီအထိ အပူအားကြီးတဲ့အကောင်။ ဒါကြောင့် အဆိပ်ပြင်းတာ။ ဆေးမမီ တာကွ”
ဟု တာကီးက ရှည်ရှည်ဝေးဝေးရှင်းပြတော့ တက်တူတို့ သက်ပြင်းချသည်။
“တစ် … တစ် … တီ … တူး”
ထိုစဉ် တစ်တီတူးငှက်က တာတီးတို့အပေါ် ဝဲပျံရင်း ဟိုအဝေးကို ပျံပြေးသွားလေသည်။ ထိုငှက်၊ ထိုမြွေများကိုကြည့်ရင်း တာတီး အံကြိတ်လိုက်၏။
“အဖေ” ဟု စိတ်ထဲက ခေါ်ရင်း …
xxx xxx xxx
“တစ်တီတူး … တစ်တီတူး”
အဖေတစ်ယောက် အမေအုံးနှင့် အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်ကျပြီဆိုတော့ အညာအရပ်ထုံးစံအတိုင်း အိမ်ထောင်ခွဲကြ၊ စီးပွားခွဲကြသည်။
အဖေက တောလိုက်ဝါသနာပါသူ။ ကြက်ပစ်၊ ငှက်ပစ် ဝါသနာထုံသူ။ ရှင်းရှင်းပြောရလျှင် အကုသိုလ်အလုပ် အကျိုးပေးသူ။
တစ်ည…
အဖေက တောလိုက်ထွက်ခဲ့သည်။
ညအချိန် သည်တောထဲ၊ သုသာန်ထဲမှာ မိန်ကောင်၊ ကျီးကန်း၊ ဆက်ရက်ငှက်တို့အပြင် အခြားငှက်များ အိပ်ကြသည်။ ပစ်လို့ကောင်းသည်။ တစ်ချက်ပစ် တစ်ကောင်ရ။
ရသည့်အကောင်ကို အမွေးနှုတ်ပြီး ဈေးထဲချရောင်းပါက နှစ်ထောင်မှ သုံးထောင်အထိ ရခဲ့ဖူးသည်။
သို့ကြောင့် အဖေ လောဘကြီးခဲ့။ တစ်ညလုံး ငှက်ပစ်ခဲ့သည့် အဖေ။
ယခု နာနတ်တောကွင်းမှာ အားရအောင်ပစ်အပြီး သုသာန်ထဲ ဝင်ပစ်သည်။ အတွင်းဝင်ရုံရှိသေး တစ်တီတူးက မြည်သည်။
“တောက်… ကျက်သရေမရှိ၊ မင်္ဂလာမရှိ”
ဟု အဖေကပြောရင်း ဘတ်ခွနှင့် ငှက်ဆိုးကိုပစ်သည်။
မမှန်။ တစ်တီတူးက ပျံရင်း မြည်သည်မို့ အဘယ်မှာမှန်မည်နည်း။
ထိုအချိန် အုတ်ဂူများဘေးက တောကြီးမြွေဟောက်ကြီးသည် အဖေ့ကို ခွေးဆွဲ ဝင်ဆွဲပေပြီ။
“ဖောက်… ဖောက်”
နှာမှုတ်သံ၊ မာန်သွင်းသံ၊ အစွယ်နှင့် အဖေ့ပေါင်တံတို့ထိသံ။
ပြီး အဖေ၏ အထိတ်တလန့် “အား”ဟု အော်သံ။
သုသာန်ထဲပင် အဖေသေလို့ သုသာန်ထဲပင် မြှုပ်ခဲ့ရသည့်အဖေ။
တကယ်တော့ တစ်တီတူးက မြွေဆိုးကိုမြင်လို့ သတိပေးမှန်း အဖေ မသိခဲ့ရှာ။ ငှက်ကိုပင် အပြစ်တင်၊ ဆဲဆိုခဲ့သေးသည်။
အမှန်တကယ် မြွေများကိုမြင်လျှင် တစ်တီတူးသည် သတိပေးတတ်သည်မှန်း အဖေ သတိမထားခဲ့။
ယခုတော့ …
xxx xxx xxx
တာတီး အတွေးများကိုဖြတ်သည်။ ယခုညမှာတော့ အသိ၊ ဉာဏ်၊ ဝီရိယနှင့် သတ္တိတို့ကြောင့် အဖေ့လို အသေဆိုးနှင့် တာတီးတို့ ဝေးခဲ့ကြပြီ။
နောက်တိုး တို့လည်း ငှက်၏သဘာဝ၊ မြွေများ၏ ဓလေ့များကို သိခဲ့ပြီ။ မြွေကြီးကို ကျောခိုင်းပြီး ရွာဆီပြန်ခဲ့၏။
“တစ်တီတူး … တစ်တီတူး”
တစ်တီတူးငှက်သည် မြွေဆိုးအသေကောင်ကြီးပေါ် ဝဲပျံရင်း မြည်နေသည်ကို တာတီး သိပါသည်။ မတွေးအားတော့။ အမြန်ပြန်ခဲ့သည်။
ငှက်တွေ ဝေပုံကျခွဲရ ဦးမည်။ ပြီး အမွေးနှုတ်ရဦးမည်။
မုဆိုးမ အမေတစ်ယောက် တာတီးကိုမျှော်ရင်း မောနေရှာမည်လေ. . .။
Uncategorized