July 30, 2025
Uncategorized

တာတီးနှင့် မဲတူ

တာတီးနှင့် မဲတူ (ဝတ္ထတို)
သော်တာဆွေ

“ဒိုင်း” ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါခနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။

အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကို အုပ်ထားလိုက်ကြသည်။ ပြန်၍ မရဲတရဲ ဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏လက်ထဲမှ သေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှ စိုက်ကြည့်ကာ မြေပေါ်သို့ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျလျက်ရှိသော သွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် ‘တာတီး’ ကို ယူကျုံးမရ နှမြေတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင်၊ မကယ်နိုင် ဖြစ်နေဟန်တူ၏။

ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ထိုင်ကာ တာတီး၏ ပူပူနွေးနွေး ပျော့ခွေလျက်ရှိသော ကိုယ်ကလေးကို တအားပွေ့လျက် မျက်နှာချင်းအပ်ထားလိုက်လေ၏။ ထိုစဉ်က အဖေငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။

လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့်တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့ဩမိန်းမောကုန်ကြ၏။

ဤသို့ အားလုံးငြိမ်သက် တိတ်ဆိတ်လျက်ရှိရာမှ အတန်ကြာသော် အဖေသည် တာတီး၏ သွေးများဖြင့် ပေကျံလျက်ရှိသော မျက်နှာကြီးကို မော့ကာ နားထင်ကျောများ ပြိုင်းပြိုင်းထအောင် အံကိုခဲထားရာမှ ရင်ဝတွင် ဆို့တက်နေသည့် အပူလုံးကို ‘ဂလု’ ခနဲ မျိုချရင်း အမေ့အား …

“မရီ … သူ့ကို ငါ … ဟိုတစ်နေ့က ဝယ်ခဲ့တဲ့ သက္ကလပ်စောင်နဲ့ ထွေးပြီး ခေါင်းရင်းက ယုဇနပင်အောက်မှာ ကျကျနန မြှုပ်ပစ်လိုက်၊ သူနဲ့ဆိုင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ထည့်၊ သူစားနေကြ ထမင်းဇလုံလေးကိုတော့ သူ့မြေပုံပေါ်မှာ မှောက်ထား၊ ငါမပြန်ခင် အစအနမကျန်အောင် လုပ်ထားနှင့်။ ကြားရဲ့လား …”

အမေက မျက်ရည်များကြားမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသော အဖေ့ကို ကရုဏာသက်စွာ ငေးကြည့်ရင်း ခေါင်းကိုဖြည်းလေးစွာ ခါလိုက်လေ၏။

* * *

အင်္ဂလိပ်အုပ်စိုးစဉ်က အမေရိကန် သာသနာပြုကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်လသုံးရာမျှသော လခကိုစားရသည့် အဖေမှာ သားမယားကို လူတန်းစေ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည်။ သားသမီးများကို ချစ်သည် အမှန်ဖြစ်သော်လည်း ဘယ်သောအခါမှ လက်ပွန်းတတီး ရင်းရင်းနှီးနှီးမနေ၊ တည်တည်ပင် ဆက်ဆံ၍ ကျွေးစရာရှိကျွေး၊ ဆော်စရာရှိ ဆော်ခဲ့သည်ဖြစ်ရာ အဖေ့ကို ချစ်ကြောက် ရိုသေခဲ့ကြရသည်။ ကျောင်းသားတပည့်များကလည်း ထိုနည်းတူစွာပင် …

သို့သော် … တာတီးနှင့်ကျတော့ အဖေမှာ ဈာန်လျှောရလေ၏။ မိမိ၏ သိက္ခာကိုပင် မဆည်နိုင်အောင် တာတီးကို ချော့ရမြှူရ ယုယပိုက်ထွေးခဲ့ရလေသည်။ တစ်ခါတစ်ရံ အမေက အဖေ့အား ကိုယ့်သားသမီးများထက် တာတီးကို ပို၍ချစ်သည်ဟု ရန်တွေ့ပြီး စွဲချက်တင်သောအခါ အဖေက နှစ်ခြိုက်စွာပြုံး၍ …

“မင်းမလဲကွာ … တိုစရာမရှိ တိုရန်ကော။ တို့ကလေးတွေမှာက ချစ်ခင်ယုယမည့် ဆွေမျိုးသားချင်း အပြည့်အစုံနဲ့ကွ၊ တာတီးမှာတော့ ဒီလိုမေတ္တာခိုလှုံစရာ ရှိတာမဟုတ်တော့ ပိုပြီးသနားရတယ်။ ကြင်နာရတယ်ကွ မှတ်ထား …”

အဖေ၌ မည်သူကမှ တားမြစ် ဆုံးမလို့မရသော ဝါသနာဆိုးတစ်ခုရှိ၏။ ၎င်းမှာ အချိန်အားတိုင်း တောတက် အမဲလိုက်နေခြင်းပေတည်း။ နွေရာသီ ကျောင်းရက်ရှည် ပိတ်သောအခါ အဖေသည် အိမ်၌ အေးအေးလူလူ နားနေသည်ဟူ၍ မရှိ။ သူ့အပေါင်းအဖော်များနှင့် တစ်တောဝင် တစ်တောင်တက် အမဲလိုက်ရင်း အချိန်ကုန်ခဲ့သည်ချည်းပင်။ အိမ်သို့ပြန်ရောက်သောအခါ ရလာသမျှ ဂျီသား၊ ဆတ်သား အခြောက်များ၊ တိရစ္ဆာန်သားရေများ၊ ဦးချိုများကို တစ်ခုစီထုတ်ပြရင်း ဘယ်ဥစ္စာကဖြင့် ဘယ်လိုရခဲ့တာပဲ စသည်ဖြင့် သူ့လက်ရာကို ဝင့်ကြွားကာ မြိန်ရေယှက်ရေပြန်လည် ပြောပြတတ်ပေသည်။ တစ်ခါတစ်ရံ ယုန်၊ ကြက်တူရွေး၊ ဇီးကွက်စသော အကောင်ကလေးများကို အရှင်ဖမ်းခဲ့ပြီး သားသမီးကစားရန်အလို့ငှာ ယူဆောင်လာတတ်သေးသည်။

မှတ်မိပါသေးသည်။ တောမှ ပြန်ရောက်စတစ်ခါက သားသမီးများကို စုရုံးစေပြီး အိတ်တစ်ခုကို မလျက် အတွင်းမှ လှုပ်နေသော သဏ္ဌာန်ကို ပြကာ …

“အထဲမှာ ဘာကောင်ရှိလဲ ပြောကြစမ်း …” ဟု မချိုမချဉ် မျက်နှာပေးဖြင့် မေးရာ မည်သူမျှမှန်အောင် မဖြေနိုင်သောအခါမှ အထုပ်ကို ဖြေပြရာ၊ ဆောင့်ကြောင့်ထိုင်လျက်ရှိသော မျောက်မကလေး တစ်ကောင်ကို ဘွားခနဲတွေ့ကြရလေ၏။ ထို့နောက် ၎င်းမျောက်မကလေးကို ဘယ်ပုံရခဲ့ကြောင်း ရာဇဝင်ခင်းပြရာ မောင်နှမတစ်တွေမှာ တသောသောရယ်ရင်း မျောက်နှင့်လူ အသွင်ချင်း တူ၍နီးစပ်ပုံကို ရင်သတ် အံ့ဩခဲ့ကြရသည်။ မဲတူ (မျောက်မကလေးကို ပေးထားသော နာမည်) ရခဲ့ပုံကို အလျဉ်းသင့်၍ အနည်းငယ် ဖော်ပြပါရစေ။

အဖေတို့ လူသိုက်မှာ ထိုနေ့က ကျားပစ်ရန် ထွက်ခဲ့ကြရာ နေပြောက်ထိုးများ မဝင်အောင် အုံ့ဆိုင်းညို့မှိုင်းနေသော တောစပ်သို့ရောက်၍ ခေတ္တအပန်းဖြေကြစဉ် သစ်ကိုင်းများပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော မျောက်တစ်အုပ်ကို တွေ့ရသည်ဆို၏။ သို့သော် ကျားနှင့်မတွေ့မီ သေနတ်သံမပေးလို၍ မျောက်များကို ပစ်ခတ်ခြင်းမပြုကြပေ။ အဖေတို့ ရှေ့တူရူ သစ်ကိုင်းကြီးတစ်ခုပေါ်၌ မျောက်ထီး၊ မျောက်မနှင့် မျောက်ကလေး သုံးကောင်မှာ တစ်ဖက်အပင်မှ သစ်ကိုင်းကို ခုန်ကူးရန် စီစဉ်နေကြ၏။ မိခင်လုပ်သူက မျောက်ငယ်ကို ကျောပိုးထားလိုက်ပြီး၊ မျောက်ထီးကြီးက အရင်လွှဲ၍ ကူးသွားသည်။ ထို့နောက် ဟိုဘက်ကိုင်းမှ လှမ်း၍ မျောက်မအား ကူးခဲ့ရန် ‘ကွိကွိ ကွကွ’ နှင့် ခေါ်ငင်လေရာ မျောက်မသည် ကျောပေါ်မှ သားငယ်ကို မြဲမမြဲ စမ်းသပ်ပြီး ကိုယ်ကိုလွှဲ၍ ကူးလိုက်ရာ ‘ဟယ်’ ဆိုသည့် အဖေတို့၏ အသံနှင့် ‘ဖုတ်’ ခနဲ မျောက်ငယ်မှာ မြေပေါ်သို့ ကျလာလေတော့သည်။ ထိုအခြင်းအရာကို မြင်သော မျောက်ထီးကြီးမှာ ဒေါသကြီးစွာဖြစ်၍ သစ်ခက်တစ်ခုကို ချိုးထည့်ကာ မျောက်မအား သားလွှတ်ကျရကောင်းလားဟု တဖုန်းဖုန်း ရိုက်တော့သည်။ အဖေတို့ကလည်း ငိုအားထက် ရယ်အားသန်ကြကာ မိမိတို့ရှိနေလျှင် ၎င်းတို့သားငယ်ကို ဆင်း၍ မကောက်ဝံ့ဘဲ နေမည်စိုး၍ ထိုနေရာမှ ဖယ်ခွာခဲ့ကြသည် ဆို၏။

သို့ရာတွင် အဖေတို့မှာ ထိုနေ့အဖို့ ကျားမတွေ့ရဘဲ ညနေစောင်းပြန်ခဲ့ကြသော်၊ ထိုသစ်ပင်အောက်၌ တကျီကျီအော်ဟစ်နေသည့် မျောက်ငယ်ကို ထီးထီး တွေ့ကြရ၏။ (လက်မမြဲ၍ မြေသို့ကျသော် မျောက်ကို ညံ့ရကောင်းလား၊ မျောက် မပီသဟု မျောက်အုပ်က ထပ်မံလက်မခံတော့ဘဲ ဝိုင်းပယ်လေ့ရှိသည်ဟု ကြားဖူးသည်။)

ထို့နောက်တော့ အဖေက အနှီဒုက္ခိတ မျောက်မငယ်ကလေးအား သနားကရုဏာသက်၍ အိမ်သို့ ထုပ်ပိုးခေါ်ဆောင်ခဲ့ခြင်း ဖြစ်၏။ မဲတူသည် အမည်နှင့်လိုက်အောင် အကျည်းတန်သည်။ သို့သော်သူ့တွင် ချစ်စရာကောင်းသော အပြုအမူ များစွာရှိ၏။ သူသည် သိတတ်စအရွယ်ကပင် လူနှင့်အတူ ကြီးပြင်းခဲ့ရသည်ဖြစ်ရာ၊ လူကလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။ မောင်နှမတစ်တွေ ထမင်းဝိုင်းတွင် သူပါဝင်စားရသည်ဖြစ်ရာ သူ့ကိုယ်၌က ဟင်းမစားဘဲ သက်သက်လွတ် ငှက်ပျောသီး၊ သင်္ဘောသီး စသည်တို့နှင့်သာ စားသည်ဖြစ်သော်လည်း အလစ်တွင် အခြားပန်းကန်ထဲမှ ဟင်းတုံးကိုယူ၍ သူ၏ ထမင်းအောက်တွင် ဝှက်ထားတတ်သည်။ မောင်နှမတစ်တွေမှာ ဟင်းကို အတိုင်းအဆနှင့် ဝေပုံကျဖြစ်၍ နောက်ထပ်မရသဖြင့် ပထမဦးဆုံး မဲတူ၏ ဓာတ်မသိခင်၌ တစ်ယောက်ဟာ တစ်ယောက် ‘ဘုန်း’ သည်ဟု ရန်ဖြစ်လိုက်ရသည်မှာ အမော၊ မဲတူက ပြန်ပေးမှ ငိုအားထက် ရယ်အားသန်ကြရသည်။

မဲတူသည် အင်မတန် လူပါးဝ၏။ အဖေ ကျောင်းသွားခါနီးတိုင်း ကိုင်နေကျ တုတ်ကောက်ကို ယူပေးကာ လောကဝတ်ပြုတတ်သေး၏။ မောင်နှမတစ်တွေ၏ ခေါင်းကို သန်းရှာပေးရန် ဝါသနာပြင်းထန်လှပြီး ငြိမ်ငြိမ်မခံလျှင် လူကြီးမိဘသဖွယ် ခေါင်းခေါက်တတ်သေး၏။ အဖေက စိတ်ဆိုး၍ ကြိမ်းမောင်း ဆူပူသောအခါ၌ကား တံခါးကြားထဲတွင် ဖင်ဘူးတောင်းထောင်၍ ပုန်းအောင်းနေလေ့ရှိ၏။

နောင် အသက်အရွယ်ကြီးလာသော အခါတွင်မူ မဲတူသည် ပန်းနာရောဂါဖြင့် ကွယ်လွန်ရှာ၏။ သူ၏ပန်းနာမှာ ဝမ်းတွင်းပါရောဂါဖြစ်၍ သူ့မိခင်ကျောပေါ်က ပြုတ်ကျစဥ်ကတည်းကရခဲ့ဟန်တူပါသည်။ ယင်းသို့ဖြင့် အိမ်တွင် မဲတူ၏ ဇာတ်လမ်းဆုံးခဲ့ပါ၏။

နောက်တစ်ကြိမ်တွင်မူ အဖေတို့သည် သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသော စိုင်ကြီးတစ်ကောင်နောက် အတင်းထိုးလိုက်ကြရာ မွန်းတည့်အချိန်ခန့် ရောက်လျှင် ကိုင်းတောအစပ်သို့ ရောက်၍ အဖေနှင့် အဖော်သုံးယောက်မှာ ချုံကြီးတစ်ခုအနီးမှ ဖြတ်၍ ကိုင်းတောထဲသို့ ဝင်မည်ပြုစဉ် ကျားဟိန်းသံကို ချုံထဲမှ မမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက်ရ၏။ လူတိုင်းပင် ကြက်သေသေကာ မလှုပ်နိုင် မရှားနိုင်ဘဲ ဤတစ်ချီတော့ ကျားစာဖြစ်ကုန်တော့မည်ဟု တထစ်ချ မှတ်ယူကြလေ၏။ အခါတိုင်းဆိုလျှင် ဤမျှလောက် နီးကပ်နေသော သားကောင်ကို ကျားက တမုဟုတ်ချင်း ခုန်အုပ်လေ့ရှိသော်လည်း ယခုတော့ ချုံထဲမှ ကျားဟိန်းသံကိုသာ ကြားရ၍ လှုပ်ရှားမှုကိုတော့ မတွေ့ကြရပေ။ ကျားက မလှုပ်၍ လူက အနည်းငယ် လှုပ်မည်ဟန်ပြင်လျှင် ချုံထဲက ကျားက မာန်ဖီပြန်လေ၏။ ဤသို့ဖြင့် အထဲမလှုပ် အပြင်မလှုပ်ဖြင့် မိနစ်နှစ်ဆယ်မျှကြာလျှင် အဖေတို့က အတွင်းမှ ရန်သူသည် မလှုပ်ရှားနိုင်လောက်အောင် ဒဏ်ရာရနေသော ကျားနာဖြစ်ရမည်ဟု တွက်ချက်လာတော့သည်။ ထို့ကြောင့် ၎င်းတို့အချင်းချင်း လက်ဟန်ခြေဟန်ဖြင့် ချုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝိုင်းမိအောင် တဖြည်းဖြည်း ရွှေ့သွားကြလေ၏။

မကြာမီ တောင်ဘက်သို့ ရောက်နေသော ကရင်မုဆိုးထံမှ ရွှီး … ရွှီး … ဟူသော လေချွန်အချက်ပေးသံ ကြားရပြီး လှစ်ကနဲ သေနတ်မောင်းတင်သံနှင့်အတူ “ဒိုင်း …” “ဝေါ … ဝုန်း …” ဟူသည့် သေနတ်ပစ်သံ၊ ကျားအော်သံ၊ လဲပြိုသံကို တစ်ပြိုင်နက်တည်းလိုလို ကြားလိုက်ရသော ကျန်လူများမှာ လျင်မြန်စွာ တောင်ဘက် ကရင်မုဆိုးရှိရာသို့ ပြေးသွားကြလျှင် မိမိတို့ထင်သလို ကျားကလူကို ခုန်အုပ်သည် မဟုတ်ဘဲ ချုံနှင့်တလျားခုန်ခန့်တွင် နဖူးတည့်တည့် ကျည်ဆံပေါက်နှင့် သေရှာပြီဖြစ်သော ကျားမကြီးတစ်ကောင်နှင့် ၎င်းအနီးတွင် အချင်းတန်းလန်းဖြင့် ထွေးလုံးရစ်ပတ်နေသော မွေးခါစ ကျားပေါက်ကလေး တစ်ကောင်ကို တွေ့ရလေ၏။ ထိုအခါမှ ချုံထဲကကျားမှာ မွေးလုမွေးဆဲ ကမ္မဇလေ လှုပ်ရှားနာကျင်နေ၍ မိမိတို့ကို ရန်မမူနိုင်သည့်အဖြစ်ကို တွေ့ရလေ၏။ အဖေသည် ကျားမကြီးနှင့် ကျားငယ်ကလေးကို တစ်လှည့်စီကြည့်ရင်းက မည်သူချွတ်၍မျှ မကျွတ်ခဲ့သော အထုံဝါသနာကို စွန့်လွှတ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည်အထိ နောင်တ ကြီးစွာဖြစ်ခဲ့ရလေ၏။

သူတို့ပယောဂကြောင့် အမိမဲ့ရှာသော ကျားငယ်ကို အဖေက သနားခြင်း၊ ကရုဏာပြင်းပြစွာဖြစ်၍ ရင်ခွင်ဝယ်ပိုက်ပြီး အိမ်သို့ယူဆောင်ခဲ့သည်။ ထို့ပြင် ချစ်စနိုး ‘တာတီး’ ဟုလည်း အမည်ကင်ပွန်းတပ်လိုက်သေး၏။ တာတီးကို ဂလက်ဇို နို့မှုန့်နှင့် တယုတယပိုက်ထွေး မွေးမြူခဲ့ရသည်။ နို့ကို နေ့သုံးကြိမ်၊ ညသုံးကြိမ် တိုက်ရာ ညအချိန်၌ မည်သူမျှ ဤဒုက္ခကို မခံယူလို၍ အဖေကိုယ်တိုင် ဂရုတစိုက် နို့ဖျော်တိုက်လေ၏။ ခါတိုင်းဆိုလျှင် ညစာစားလျှင် အရက်ကို အဝသောက်၊ အစားကို ကျကျနနစားပြီး အိပ်လိုက်ရာ မိုးလင်းမှ တစ်ရေးနိုးလေ့ရှိသော အဖေမှာ တာတီးကြောင့် အသောက်အစားလျှော့ပေါ့ ဆင်ခြင်ရလေတော့သည်။

အဖေ၏ အလေ့ဆိုးများကို ချွတ်ပေးခဲ့သော တာတီးကို အမေက အလွန် ကျေးဇူးတင်သော်လည်း တစ်ခါတစ်ရံ သူမ၏ သားသမီးများကို မပြုခဲ့သော ယုယခြင်းမျိုးကို အဖေက တာတီးအပေါ် အစွမ်းကုန် ပေးလျက်ရှိသည်ဟု ယူဆလျက် မသက်မသာ ငြူစူလိုစိတ် ဖြစ်တတ်သေးသည်။

ဤသို့ဖြင့် တာတီးကလေးသည် အဖေ၏ မေတ္တာကရုဏာရိပ်အောက်ဝယ် တဖြည်းဖြည်း ကြီးပြင်းခဲ့လေရာ တစ်နေ့ထက်တစ်နေ့ အဖေ့အချစ်မှာလည်း ပိုသထက် ပိုခဲ့လေသည်။ တာတီးသည် အဖေဘယ်သွားသွား တကောက်ကောက်လိုက်သည်။ အဖေအိမ်သာတက်လျှင်တောင် လှေကားထစ်ပေါ် ဆောင့်ကြောင့်ထိုင်လျက် တော်တော်နှင့်ထွက်မလာလျှင် တံခါးကို လက်နှင့်ကုတ်ခြစ်၍ “ညူ … ညူ” ဟု ခေါ်တတ်သည်။ အဖေပန်းခြံထဲ လမ်းလျှောက်လျှင် သူကနောက်မှ ခုန်ပေါက်မြူးတူး၍ ပါစမြဲ။ အဖေကျောင်းသွားလျှင် သူ့ကို မည်သူမှ မထိန်းကျောင်းနိုင်၍ သံကြိုးချည်ထားပစ်ရာ ရှေ့လက်နှစ်ဖက်ပေါ် မေးတင်လျက် မျက်စိကို ပေကလပ် ပေကလပ်လုပ်ပြီး လူလာတိုင်း ညည်းပြနေလေ့ရှိသည်။ တစ်ခါတစ်ရံ သူ့ရှေ့၌ မှန်တစ်ချပ်ထောင်ပြလိုက်လျှင် မှန်ထဲတွင်မြင်ရသော သူ့အရိပ်ကို ရုတ်တရက် လန့်ဖျပ်ကာ နောက်ဆုတ်ပြေး၍ ခဏကြာမှ တစ်ဖက်မှ သူ့အရိပ်ကိုကြည့်လျက် ဒေါသတကြီး ညီခနဲ မာန်ဖီနေတတ်လေ၏။

ထိုမျှမကသေး အဖေနှင့်လမ်းလျှောက်ပြီဆိုလျှင် တစ်လံလောက်မှနေ၍ အဖေက လက်ဖျစ်တီး၍ “တာတီးရေ … သားလေး … မတ်တတ်ရပ်စမ်း … ရှေ့တိုး …” ဟု ခိုင်းလိုက်လျှင် သူ၏ နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ရှေ့သို့ယိုင်တိယိုင်တိုင် အနိုင်နိုင် လျှောက်လာရင်း တစ်ခါတစ်ရံကိုယ်ကို မဟန်နိုင်၍ ဖုန်းခနဲလိမ့်ကျသောအခါ အဖေက ဟက်ဟက်ပက်ပက် ရယ်မော၏။ တာတီး၏ ဝမ်းဗိုက်ကျားကျားကလေးကို နှာခေါင်းနှင့် ကလိနေတတ်၏။ ထိုအခါ တာတီးက သူ၏ လက်ဝဝကလေးဖြင့် အဖေ၏ မျက်နှာကိုတွန်း၍ ထုတ်တတ်ပေသည်။

ဤသို့ အဖြစ်သဲနေကြသည်ကို မြင်ပြင်းကပ်လာသော အမေက မကြားတကြား ရေရွတ်သောအခါ အဖေက အမေ့ထံသို့ အပြေးကလေးသွား၍ “ဟေ့ … မရီရဲ့ … မင်းကလည်း ငါတို့ကိုသာ အပြစ်ပြော ပြောနေတာပဲကွာ … တို့ဘာသာတို့ ချစ်ကြတာများ ဘယ်သူ့ထိခိုက်နေလို့လဲ။ တို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ ချစ်ခြင်းကို မနာလို မဖြစ်ပါနဲ့ကွာ …”

ထိုအခါ အမေက နှုတ်ခမ်းစူ၊ ပါးစူနှင့် …

“အမလေး တော်စမ်းပါ။ တိရစ္ဆာန်တစ်ကောင်နဲ့များ၊ သန့်ရှင်းမွန်မြတ်တဲ့ အချစ်လေးဘာလေးနဲ့ ကြီးကျယ်လိုက်တာတော် ကြီးကျယ်လိုက်တာ …”

“ဟ … ဒါကိုမင်း နားမလည်သေးပါဘူး။ ဒီမယ် မရီ … သန့်ရှင်းမွန်မြတ်တယ်ဆိုတာက လူလူချင်း ချစ်တဲ့အဓိပ္ပာယ်နဲ့ တွက်လို့မရဘူးကွ။ လူချင်းချစ်ကြတာက ကိုယ်ကောင်းဖို့ ကိုယ့်ဖို့ဆိုတဲ့ အခြေခံကစကြတာ၊ ဟော … ငါနဲ့တာတီး ချစ်တဲ့နေရာမှာ တာတီးဆီက ငါဘာမျှ မမျှော်လင့်ဘူး၊ ငါ့ဆီကဘာမှ တာတီး မျှော်လင့်ရကောင်းမှန်း မသိဘူး … ၊ ဘာပယောဂမှ မပါတဲ့ ချစ်ခြင်းမျိုးမို့ သန့်ရှင်းတယ်လို့ ဆိုတာကွ နားလည်ပလား …”

ဤသို့ဖြင့် အဖေနှင့်တာတီးတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေခဲ့ကြရာမှ ဂြိုဟ်ဆိုးဝင်၍ ကြမ္မာဆိုးငင်လေပြီ။

တစ်နေ့နံနက်တွင် အဖေနှင့်တာတီး ထုံးစံအတိုင်း ပန်းခြံထဲဝယ် ပြေးလွှားဆော့ကစားနေခိုက်၊ အဖေ၏ အမဲလိုက်မိတ်ဆွေနှစ်ဦးက အလည်အပတ် ရောက်လာကြသည်။ သူတို့နှင့်အတူ မျက်နှာဖြူ ရဲဝန်ထောက်တစ်ယောက်လည်း ပါလာသေးသည်။ သူတို့အား အဖေက ပန်းခြံထဲ၌ပင် ဧည့်ခံ၏။ တာတီးကမူ အဖေ့ကုလားထိုင်ဘေး၌ စင်းစင်းကြီး ဝပ်လျက်ရှိ၏။ ထိုစဉ်က တာတီး၏ အရပ်အမောင်းမှာ ကျောတစ်တောင်လောက် ရှည်၍ တောကြောင်ကြီးခန့်ရှိမည်။

ကာဖီသောက်နေရင်း ရဲဝန်ထောက်က တာတီးကိုအခုမှ သေချာစွာကြည့်မိသည် ဖြစ်သောကြောင့် အံ့ဩဟန် မျက်ခုံးနှစ်ဖက်ကို ပင့်လျက် …

“အိုး … ခင်ဗျားရဲ့ အချစ်တော်က ကျားကလေးတစ်ကောင်ပါလားဗျ … ကျုပ်က ရုတ်တရက်ဆိုတော့ ကြောင်ကြီးတစ်ကောင်လို့ အောက်မေ့တာ …”

အဖေကပြုံးနေစဉ် အဖေ့မိတ်ဆွေက ဤကျားငယ်ကို ဘယ်ကဲ့သို့ ရခဲ့ကြောင်း၊ အဖေက မည်မျှချစ်ခင် ယုယကြောင်း ပြောပြလျှင် မျက်နှာဖြူက နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီး …

“ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဒီထက်ကြီးလာရင် လူတွေကို ရန်မူမှာ စိုးရတော့ အစိုးရက ခွင့်ပြုမယ် မထင်ဘူး။ တိရစ္ဆာန်ရုံ ပို့ရမှာပဲ”

အဖေက မျက်နှာပျက်ပျက်နှင့် …

“ကျွန်တော့် ကောင်ကလေးက ငယ်ငယ်ကတည်းက လူနဲ့နေလာတော့ ဒီလောက်ရိုင်းမယ် မဟုတ်ပါဘူးဗျာ။ နောက်ပြီး … ကျွန်တော်က သူနဲ့မခွဲနိုင်ဘူး။ အင်းလေ … မတော်တဆ အစိုးရက မညှာတာလို့ တိရစ္ဆာန်ရုံ ပို့ရမယ်ဆိုရင်တော့ ကျွန်တော်ပါ လိုက်နေရမှ ဖြစ်လိမ့်မယ်ဗျ … ဟိုကကော ကျုပ်ကို လက်သင့်ခံပါ့မလား”

အဖေ့အပြောကို ကျန်လူများက သဘောကျစွာ ရယ်မောကြ၏။ ရဲဝန်ထောက်ကလည်း ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်ပြီး …

“ဒါပေမဲ့ ခင်ဗျားတစ်ခုတော့ ကောင်းကောင်း သတိထားရလိမ့်မယ်။ ခင်ဗျား ကျားကလေးဟာ ခင်ဗျားကိုဖြစ်စေ၊ ခင်ဗျားကလေးတွေကို ဖြစ်စေ မတော်တဆ သွေးထွက်သံယိုဖြစ်အောင် မကိုက်မိပါစေနဲ့။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ကျုပ်ကို ချက်ချင်းအကြောင်းကြား စေချင်ပါတယ်”

သူသည် မရယ်ချင့်၊ ရယ်ချင် ရယ်လိုက်ပြီး ဆက်လက်၍ …

“ဘာပြုလို့လဲဆိုတော့ … ကျုပ်တို့က ဥပဒေကို လေးစားကြရမယ် မဟုတ်လားဗျ။ ကျုပ်တို့လို ခင်ဗျားတို့လို လူမျိုးတွေက အမိန့်တော်ရ ပြင်ဆင်ပြုလုပ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်ကောင်းမလဲ၊ ကျုပ်ပြောတာ သဘောတူရဲ့လား”

အဖေက အောင့်သက်သက်နှင့် …

“ကောင်းပါပြီဗျာ၊ ကျုပ်ကောင်လေးကလည်း ဒီလို ဘယ်တော့မှ နာကျည်းအောင် လုပ်မယ်မဟုတ်ပါဘူး။ ဒါထက် ခင်ဗျားစကားအရဆိုတော့ ကျုပ်ကောင်က ဒီလိုမလုပ်မချင်း သူ့ကိုကျုပ်အိမ်မှာ မွေးထားနိုင်ခွင့် ရှိတာပေါ့၊ မဟုတ်လား”

ရဲဝန်ထောက်မှာ သူ့စကားနှင့်သူ မိနေ၍ မချိသွားဖြဲ ဟဲ … ဟဲ လိုက်ရလေ၏။ ထို့နောက် သူတို့သည် ထွေရာလေးပါး ပြောနေကြသည်။ ထိုအခိုက် အဖေ့ဘေးဝယ် ဝပ်စင်းနေသော တာတီးမှာ ပျင်းလာပြီဖြစ်ရကား အဖေကလည်း သူ့ကို ဂရုမစိုက်နိုင်သေးသဖြင့် အဖေ့လက်ကိုလျှာနှင့် လျက်ကာ လျက်ကာ ချော့မြူနေ၏။ အဖေမှာ စကားထဲတွင် စိတ်ဝင်စားနေသဖြင့် သူ့ကို သတိမပြုနိုင်လေ တာတီးကလျှာဖြင့်လျက်၍ သတိပေးခေါ်လေ။

ကျားလျှာဆိုသည်မှာ အလွန်ကြမ်းတမ်း၍ ဆူးတောင်ကလေးများသဖွယ် ဖြစ်နေသောကြောင့် ကျားမများသည် သားငယ်ကို နို့မတိုက်နိုင်ဘဲ သစ်ရွက်ပေါ်သို့ နို့ကိုသက်စေ၍ ကျားငယ်များက လျှာနှင့်လျက်စားရသည်။ သည်တော့ အခါလည်ကျော်ကျော်မျှ ကြီးပြင်းနေပြီဖြစ်သော တာတီး၏ လျှာဒဏ်ကို မခံနိုင်ဘဲ အဖေ၏ အရေပြားမှာ တဖြည်းဖြည်းပါးလိုက်လာလေ၏။ သွေးကလေးများပင် စို့စပြုလာသည်။ တာတီးသည် သူ၏ နှာခေါင်းကို ရှုံ့ချည်ပွချည်ဖြင့် လက်ကိုနမ်းကြည့်လိုက် လျက်လိုက် လုပ်နေရာ မည်မျှကြာသည်မသိ၊ အဖေသည် စကားပြောနေရာက လက်ဖဝါးဆီမှ မျက်ကနဲ၊ မျက်ကနဲ နာလာတော့မှ ငုံ့၍ကြည့်လိုက်ရာ အားလုံးကလည်း အဖေ့ဆီ အာရုံစိုက်နေခိုက်ဖြစ်သဖြင့် အဖေ့လက်မှ သွေးများသည် ယိုစီးလျက် ထိုသွေးများကို တာတီးက မြိန်ရေယှက်ရေ လျက်နေသည်ကို မြင်ရလျှင် အဖေနှင့်တကွ အားလုံးပင် ‘ဟာ’ ကနဲ ပြိုင်တူ ရွတ်လိုက်မိကြလေ၏။ အဖေသည် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် ရဲဝန်ထောက်ကို ကြည့်လိုက်သည်။ ရဲဝန်ထောက်က မျက်မှောင်ကြုတ်၍ တာတီးကို စိုက်ကြည့်နေ၏။ ထို့နောက် အလုပ်ခွင်ဝယ် ဝတ္တရားကို ဆောင်ရွက်ဆဲ လေသံဖြင့် အဖေ့အား …

“ဝမ်းနည်းပါတယ် လူကြီးမင်းခင်ဗျား … ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ခုလိုလာပြီး ဖြစ်ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ သို့သော် … ဘုရင်မင်းမြတ်ရဲ့ အခကိုစားနေတဲ့ ကျွန်တော်ဟာ ကိုယ့်တာဝန် ဝတ္တရားကို ကျေပွန်ပါမှ သစ္စာတော်ကို စောင့်သိ ရိုသေရာကျပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ပြန်သွားပြီး မကြာမီပင် ခင်ဗျားရဲ့ ကျားငယ်ကို အယူလွှတ်လိုက်ပါရစေ။ တကယ်ဆိုတော့ လူသွေးမြည်းဖူးတဲ့ ကျားဟာ နောက်နောင် လူသွေးကိုချည်း တောင့်တမြဲဖြစ်ကြောင်း ခင်ဗျားတို့လည်း သိမှာပေါ့။ ဥပဒေအရဆိုရင် လူကိုက်ဖူးတဲ့ ကျားကို တိရစ္ဆာန်ရုံကတောင် လက်မခံပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ကျားကလေးအတွက်တော့ ကျုပ်အစွမ်းကုန် ကြိုးစားပေးပါ့မယ် …”

အဖေ့ဇက်မှာ ကျိုး၍ ကျနေလေပြီ။ ဘေးမှ အဖော်နှစ်ယောက်က ဝိုင်း၍ နှစ်သိမ့်ကြသည်။

“ဆရာရယ် … တိရစ္ဆာန်ရုံမှာဆိုရင်လည်း ဒီမှာနေရတာလိုပဲ ကောင်းပါတယ်။ စိတ်လည်းချရပါတယ်။ နောက်ပြီး ကိုယ်တွေ့ချင်တဲ့အခါ သွားတွေ့နိုင်သားပဲ”

အဖေက ငိုသံပါကြီးနှင့် …

“ခင်ဗျားတို့ မသိပါဘူးဗျာ … ဟိုမျောက်ဖြူကောင်ဟာ ကျုပ်ကလေးကို ရန်ရှာချင်နေတာပါ။ ကျုပ်လက်ထဲက လွတ်ရင် သူတို့နှိပ်စက်ပစ်တာနဲ့ သေမှာဗျ။ တိရစ္ဆာန်ရုံရောက်အောင် ခံမယ်မထင်ဘူး” ဟု မြန်မာလို ပြောသည်။ မျက်နှာဖြူမှာ မြန်မာစကား နားမလည်ပါ။

ပြောရင်း အဖေသည် မျက်ရည်မကျသော်လည်း ရှိုက်၍လာသည်။ နောက်မှ သူ့ကိုယ်သူ အားတင်း၍ ရဲဝန်ထောက်အား …

“ခင်ဗျား ဘယ်လိုမှ မသက်ညှာနိုင်တော့ဘူးလားဗျာ”
“ဝမ်းနည်းပါတယ် မိတ်ဆွေ”

အဖေသည် အံကိုကြိတ်ထားရာမှ တက်တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘက်သို့လှမ်း၍ အမေ့ကိုခေါ်ကာ …

“ဟေ့ မရီ၊ ငါ့ရိုင်ဖယ်နဲ့ အံဆွဲထဲက ကျည်ဆံနှစ်တောင့် ယူခဲ့စမ်း” အဖေ့မိတ်ဆွေနှစ်ယောက်က အံ့ဩသွားဟန်ဖြင့် ကပျာကယာ “ဟာ ဆရာ၊ ဘာလုပ်မလို့လဲ ဆရာရယ်၊ တိရစ္ဆာန်ရုံသာ ပို့လိုက်ပါဗျာ၊ ဝန်ထောက်ကလည်း ကြိုးစားပေးပါ့မယ် ဆိုထားတာပဲ …”

အဖေက သူ့မိတ်ဆွေ နှစ်ယောက်ဘက်လှည့်၍ “ကြိုးစားပါ့မယ်ဆိုတာ အာမခံတာနဲ့ တခြားစီပဲဗျာ။ နောက်ပြီး သူတို့ လူမျိုးတွေက စကားအလှ သုံးတာဗျ … ၊ ကျုပ်တစ်သက်လုံး အရိပ်တကြည့်ကြည့် လက်ဖျားနဲ့ မထိရက်ဘဲနဲ့ မွေးလာရတဲ့ ကျုပ်ကလေးကို ဘာကြောင့် သူတို့လို နှိပ်စက်မယ့် လူတွေလက်ထဲ အပ်ရမှာတုန်း။ နောက်ပီး သူနဲ့ကျုပ် ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုပြီးဆိုးလိမ့်မယ်ဗျ။ ဒီတော့ သူ့အတွက် ကျုပ် စိတ်ဒုန်းဒုန်းချရအောင်”

ထိုအခိုက် ဘုမသိဘမသိ သေနတ်ယူလာသော အမေ့နောက်မှ အိမ်သားတွေကလည်း ကပ်ပါလာကြသည်။ အမေကမ်းပေးသော သေနတ်ကိုယူလိုက်စဉ် အဖေ့မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေလျှံလျက်ရှိသည်။ သူသည် ရှေ့လက်နှစ်ဖက်ကိုထုတ် ခြေထောက်ကို နောက်သို့ကန်ပြီး ကိုယ်ကလေးကို ဖြန့်လျက် အညောင်းဆန့်နေသော တာတီးကို တစ်ချက်မျှ စိုက်ကြည့်၍ တစ်လံကွာခန့် ပြေးထွက်သွားသည်။ ထို့နောက် အဝေးမှ လက်ဖျစ်တစ်ချက်တီးလျက် ကြေကွဲတုန်ရီသော အသံနှင့် “တာတီးရေ … သားလေး မတ်တတ်ရပ် ရှေ့တိုးခဲ့” ဟု ခေါ်လိုက်ရာ တာတီးသည် အညောင်းဆန့်နေရာမှ ကဗျာကသီ နောက်ခြေပေါ်ရပ်လျက် ယိုင်တိယိုင်တိုင် တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။

“ဒိုင်း” ဟူသည့် သေနတ်သံက တောင်တစ်ကြောဝယ် မျောကာမျောကာ ပဲ့တင်ရိုက်ရင်း တဖြည်းဖြည်း ဝေး၍ဝေး၍ သွားလေ၏။ ၎င်းပဲ့တင်သံနှင့်အတူ တာတီး၏ ဝိညာဉ်နှင့် အဖေ၏ အသဲ(သည်း)နှလုံးတို့မှာ ထွေးလုံးရစ်ပတ်၍ ပါသွားကောင်း ပါသွားမည်တည်း။

(ကျွန်တော်၏ ဇနီးပြောပြပါသည်။)

🌿🌿🌿🌿

သော်တာဆွေ
(သတ္တဝါတို့၏ သံသရာ)

Leave a Reply

Your email address will not be published. Required fields are marked *