မောင်ခြိမ့်
တိမ်တွေငိုတဲ့နေ့
နွေနှောင်းရာသီပေမို့ လယ်ကွင်းပြင် တပြန့်တပြောတွင် ဖြူရော်ရော် ရိုးပြတ်ငုတ်တိုတို့က မင်းမူလျက်ရှိ၏။ ကွင်းလေကလေး ဝေ့ဝိုက်ဆော့ကစားလိုက်ချိန်မှာတော့ ရိုးပြတ်ငုတ်တို့ကို တွယ်တက်ရှင်သန်ကာ တစ်တောင်တစ်ထွာခန့် ကျော်တက်လူးလွန့်ဝေဆာ နေသော ကောက်ရိုးနွယ်တို့သည် အညွန့်အဖူးကလေးများ တငိုက်ငိုက် တခါခါနှင့် ဘယ်ညာလူးလွန့်ရင်း ကျန်ရစ်ခဲ့ကြသည်။
ကောင်းကင်ပြာကြီးအောက် ဟိုး . . . ခပ်ဝေးဝေးတောတန်းပျပျကလေး နောက်ခံထား၍ သူတို့ရပ်သူတို့ရွာ၏ နာမည်ကျော် သော်ကဘုရားကြီးကို တံလျှပ်တွေ တဖျပ်ဖျပ် တရိပ်ရိပ် ဝေသီမှုန်မှိုင်းနေသည့်ကြားက လှမ်း၍ဖူးမြင်နေရသည်။
ဘုရားပွဲတော်ကြီး ပြီးခဲ့သည်မှာ မကြာလှသေးသည်မို့ အသစ်ကပ်လှူထားသော ရွှေသင်္ကန်းတော်သည် တောက်ပဝင်းလက်သော နွေနေရောင်ဟပ်ကာ ဝင်းပြောင်ရွှန်းအိပြီး ကြည့်၍မဝ ဖူးမဝ သပ္ပာယ်လှတော့၏။
ပူပြင်းလောင်မြိုက်လှသော မြစ်ဝကျွန်းပေါ်ဒေသ နွေအပူရှိန်ကြောင့် တွန့်လိမ်ကောက်ကွေး ဝေ့ဝိုက်လှသော လေပွေတို့က ပေါ့ပါးကြွပ်ရွနေသော မြက်ခြောက် ကောက်ရိုးခြောက်တို့ကို သယ်ဆောင်ကာ ကျယ်ပြန့်လှသော ဧကပေါင်းများစွာရှိသည့် လယ်ကွင်းပြင်တွင် ဟိုကွေ့ သည်ကောက် ပြေးလွှားဆော့ကစားလျက်ရှိ၏။
ထိုလေပွေသည် သေရည်မူးယစ်သူပမာ ယိုင်ထိုးယိုင်ထိုးနှင့် ဇုက္ကနိရွာကလေးအား အုပ်ဆိုင်းကာဆီးထားသော သစ်ပင်အုပ်တို့ကို အရှိန်နှင့် ပြေးဝင်မွှေ့ယမ်းပြီး အားရသောအခါ သရွတ်သွတ်မြစ်ပြင်ကြီးဆီ တိုးဝှေ့ကျော်ဖြတ်သွားလေပြီ။
လေပွေ၏ ဝှေ့ယမ်းမှုကြောင့် ကုက္ကိုရွက်ခြောက်၊ မန်ကျည်းရွက်ခြောက်၊ သရက်ရွက်ခြောက်တို့သည် အိမ်တွေပေါ် ၊ ရွာလမ်းမပေါ် ၊ မြေတလင်းပေါ်တွင် တသောသော တအုတ်အုတ် အလုပ်ရှုပ်ပြီး ကျန်ခဲ့လေကြသည်။
ခပ်သော့သော့ လေပြည်ထဲတွင် အစကတော့ ခပ်သဲ့သဲ့သာကြားရပြီး နောက်တော့ မပီဝိုးတဝါး၊ တဖြည်းဖြည်းနှင့် ကြည်မြ ပီသလှသည့် နှဲကြီး၏ ချွဲသံ၊ နွဲ့သံ၊ ပွတ်၍ ရှပ်၍ ဆွဲလိုက်သော လင်းကွင်းသံနှင့် နာရီစည်းဝါးကျကျ ဝါးလက်ခုပ်သံ၊ အဖိုအမ ဒိုးပတ်နှစ်လုံး၏ စွာလှမာလှသော ပတ်ဗေတိုးပိုးသံတို့သည် ပူပြင်းသော နေရောင်အောက်တွင် ငိုက်မြည်းငြိမ်သက်နေသည့် ဇုက္ကနိရွာကလေးကို လှုပ်နှိုးလိုက်လေသည်။
ထိုအသံတို့၏နောက်တွင် ကပ်ပါလာသည်ကတော့ ပွဲတိုင်းကျော် ကိုရွှေဖောင်၏ သီချင်းသံပင်ဖြစ်တော့၏။
“ဒိုးပတ်ကိုလွယ်ရုံမျှနှင့် မယားက ကွာမယ်ဆို သားမောင်က ငို . . . ပတ်ဗေတိုးပို . . . . ဘာတဲ့ . . . . ဒိုးပတ်ကို လွယ်ရုံမျှနှင့် . . . မယားကကွာမယ်ဆို . . . သားမောင်ကငို”
“မငိုပါနဲ့ လူကလေးရယ် . . . မငိုပါနဲ့ လူကလေးရယ် . . . မင်းအမေပြန်လာမှ . . . မင်းလေးအမေပြန်လာမှ . . . မနော်နွယ်ဆိုတဲ့ နို့ကိုကွယ် . . စို့ရမယ်လေး”
ရွာတောင်ဖျားဆီမှ စကာ လူစုပြီး ကခုန်တီးမှုတ်လာသော ဒိုးပတ်အဖွဲ့သည် တဖြည်းဖြည်းနီးလာခါ အခုလောက်ဆိုလျှင် ရွာလယ်ရှိ အရိပ်အာဝါသကောင်းလှသော ခရေပင်ကြီးအရိပ်အောက် မြေတလင်းတွင် တီးသူက တီး၊ ဆိုသူက ဆိုပြီး ကွေးနေအောင် ကနေကြမည့် ကိုညိုနှင့် ငခွေးကြီးတို့ကို လှမ်း၍မြင်ယောင်ရင်း ကွင်းပြင်ကျယ်ဆီ ငေးမောနေသော ဦးတိုင်းကျော်တစ်ယောက် သွားမရှိသည့် သွားဖုံးမည်းကြီးများပေါ်အောင် ပြုံးမိလျက်သား ဖြစ်သွားသည်။
အခုတလော ဘာဖြစ်သည်မသိ။ ရင်ဘတ်ထဲက စူး၍အောင့်သည်။ ဘာမျှ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိ။ အလိုလိုနေရင်း မောမောနေတတ်သေးသည်။
သို့သော် သူ့ဘဝက ဇိမ်နှင့် မနေနိုင်။ မိုးမလင်းခင် ထ၍ ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ရသည်ချည်းဖြစ်၏။ လယ်ရှင် မကျေနပ်မည်စိုး၍ နေ့လယ်နေ့ခင်းမှာ ခဏကလေးတောင် ကျောမခင်းရဲ။
နွားတင်းကုပ်ထဲတွင် ချေး၊ သေး၊ ရှင်းလင်းကာ ခြင်မီးခိုးထည့်ရန် အုန်းခွံခြောက်များ နွားချေးခြောက်များ အဆင်သင့်ပြင်ပြီး နွားစာခေါင်းထဲ ရေထည့်၊ မြက်စိုနှင့် ကောက်ရိုး သမအောင်မွှေ၍ ခဏ ခါးညောင်းဆန့်ရင်း တင်းကုပ်နောက်ဘက်ကွင်းပြင်ကြီးဆီ ငေးမောနေရာမှ အိမ်ဝိုင်းဘက် ထွက်လာခဲ့သည်။
တင်းကုပ်ဘေး ကုက္ကိုပင်အောက်တွင် ကြိုးရှည်ရှည်နှင့် လှန်ထားသော တိုးပွားကြီးကတော့ လေဝှေ့တိုင်း တစ်ဖျောက်ဖျောက် ကြွေဆင်းလာသည့် ကုက္ကိုသီးခြောက်များကို ဝါးရင်း တွေတွေကြီး သူ့ကို ငေးနေသည်။
တိုးပွားကြီးနား သူမသွားအား။ တင်းကုပ်အစပ်မှ နွားပေါက်ကြီးကို အသာစုပ်သပ်ချော့ဆွဲပြီး အစာခွက်နား ထားလိုက်သည်။ မြက်နုစိမ်းစိုနံ့၊ ကောက်ရိုးကို နှမ်းဖတ်ရည် ဖျန်းထားသော အနံ့တို့က သင်းလျက်ရှိ၏။
ထိုအချိန်မှာပင်…
“ဦးတိုင်း. . . ဦးတိုင်း. . . ဘယ်သွားနေပြန်ပြီလဲ ဒီအဘိုးကြီး”
လှမ်းခေါ်သံကြီး ကြားလိုက်ရသဖြင့် နွားတင်းကုပ် နှင့်ကပ်လျက် စပါးကျီဘေးမှဖြတ်ကာ အိမ်ရှေ့ဘက်ဆီ အမြန်လာခဲ့သည်။ လေးပင် သုံးခန်း ဆောင်ကပ်နှင့် လည်ပေါ်အိမ်ကြီးရှေ့ ဘူးစင်ရိပ်တွင် သစ်သားကွပ်ပျစ်ကြီးခင်းကာ ရေနွေးကြမ်းနှင့် ငါးခြောက်ဖုတ်မြည်းရင်း လယ်ရှင်ဦးထွန်းမောင်က လှမ်းခေါ် လိုက်ခြင်းဖြစ်သည်။
ဦးတိုင်းကျော်သည် ကွပ်ပျစ်ဘေးတွင်အသာရပ်ကာ လက်ကလေး နောက်ပစ်၍ နောက်ထပ်ပေးလာမည့် အမိန့်သံကို နားစွင့်ရင်း ငြိမ်နေသည်။
“ကဲ . . . ကဲ. . . ဒီမှာ နွားရှင်တွေ ဈေးဖြတ်ငွေချေပြီးပြီ။ တိုးပွားကြီးနေရာမှာ ဒီကောင်ကြီးက အစားဝင်မှာပဲ။ ခင်ဗျား ကောင်းကောင်းဂရုစိုက်နော်။ မြက်စိုတွေ ကွမ်းသီးချောင်းဖျားက တမံစပ်မှာ ရသေးတယ်မဟုတ်လား။ အလျှဉ်မီအောင် ရိတ်ပြီးကျွေးပါ။ ညဘက်မှာလဲ ခြင်မီးခိုးထည့်ပြီးမှ သေသေချာချာသိပ်ပါ။ တိုးပွားကြီးကို တင်းကုပ်ထဲ မထားနဲ့တော့။ ဒိုးပတ်ဝိုင်းရောက်လာလို့ လူစုံရင် ဘေးမဲ့လွှတ်ပွဲ စမယ်”
ဦးတိုင်းကျော် အသာလှည့်ထွက်ခဲ့၏။ တင်းကုပ်ဘေး ကုက္ကိုပင်အောက်က တိုးပွားကြီးနား အသာကပ်သွားသည်။ လည်ပင်းကို အသာပွတ်သပ်ပေးလိုက်တော့ ခွာတရှပ်ရှပ်လုပ်ရင်း ဦးတိုင်းကျော်ကို ခေါင်းဖြင့် အသာဝှေ့၏။
“သွားပေဦးတော့ . . တိုးပွားကြီးရေ၊ ဒီနေ့ မင်းကို ဘေးမဲ့ပေးမှာကွ သိရဲ့လား။ မင်းနဲ့ ငါလဲ ခွဲရပြီပေါ့ကွာ”
တကယ်တမ်းတော့ တိုးပွားကြီးသည် ဦးတိုင်းကျော်၏ လက်တွဲဖက်ဖြစ်၏။ ရွှံ့ထဲ ရေထဲ အတူ ရုန်းဖော်ရုန်းဖက်လည်း ဖြစ်၏။ သူတို့ လက်တွဲလာခဲ့တာပင် နှစ်ပေါင်းမနည်းတော့။ ထို့ကြောင့် သံယောဇဉ်တွယ်နေကြပြီ။
“ဒီကနေ့ကစပြီး မင်းကြိုက်တဲ့နေရာကို သွားလို့ရပြီ။ မင်းမှာ နဖားကြိုးလဲ မရှိတော့ဘူးကွ။ ဘယ်သူ့အတွက်မှ ဝန်ထမ်းပေးစရာလဲ မလိုတော့ဘူးနော်။ မင်းဘဝမှာ မင်းသာအရှင်၊ မင်းသာ သခင်ပဲဟေ့။ မင်းဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ မင်းစိတ်တိုင်းကျ နေနိုင်ပြီပေါ့ . . . ။
ငါ့ကိုလဲ သံယောဇဉ်တွယ်မနေနဲ့တော့ကွာ။ လွတ်လွတ်လပ်လပ် သွားပေတော့။ ငါကတော့ … ငါကတော့ …”
တိုးပွားကြီးသည် ဦးတိုင်းကျော် တတွတ်တွတ်နှင့်ပြောနေသည်ကို နားလည်သည့်အလား နားရွက်တောင်မခတ်ဘဲ ပေ၍ နားထောင်လျက်ရှိသည်။ လုံးဝန်းသော တင်ပါးဆုံများ၊ ပြည့်မောက်သော ရင်ဘတ်နှင့် ကျောပြင်တို့ ဘယ်ရောက်ကုန်ကြပြီလဲ။
နှစ်ပေါင်းများစွာ လယ်ထဲ ယာထဲ ရွှံ့ထဲ ရေထဲမှာ ကုန်း၍ ရုန်းခဲ့ရသဖြင့် ပိန်ချိုင့်ခွက်ဝင်ကုန်ကြပြီ။ တောက်ပရွှန်းစိုသော မျက်ဝန်းညိုကြီးတို့နေရာတွင် ဝေသီမှုန်မွဲ၊ မျက်ချေးခဲတို့ဖြင့် ပြည့်သောမျက်လုံး တို့ နေရာယူလိုက်ကြပြီ။ သွားတွေတောင် ယိုင်နဲ့ပဲ့ရွဲ့ကုန်ပြီ။ သေသေချာချာကြည့်လျှင် အရိုးစုကြီးပေါ်မှာ သားရေချပ်ကြီးဖုံးထားသလို ရှုံ့ရှုံ့တွတွကြီးဖြစ်နေပါပကော။
တစ်ချောင်းချင်းရေတွက်နိုင်သော အပြိုင်းပြိုင်းထသည့် နံရိုးကြီးများကို ကရုဏာသက်စွာ ပွတ်သပ်နေမိစဉ်မှာပင် ဒိုးပတ်ဝိုင်းသည် အိမ်ရှေ့သို့ရောက်လာနေပြီ။ ဘေးမဲ့ပေးခံရသော တိုးပွားကြီးအတွက် ရွာသားတွေ ပျော်ရွှင်နေကြသည်။
တိုးပွားကြီး၏ ချိုနှစ်ဖက်တွင် သပြေပန်းခက်တွေချည်လို့ လယ်ရှင်ဦးထွန်းမောင်တို့ ဇနီးမောင်နှံက ငွေဖလားတွင် ရွှေရည် ငွေရည် အမွှေးနံ့သာတွေထည့်ကာ တိုးပွားကြီးကို ပက်ဖျန်းလို့၊ ဒိုးပတ်သံက မြိုင်လို့၊ ကိုညိုနှင့် ငခွေးကြီးတို့က ကွေးနေအောင် ချွေးတွေပျံနေအောင် ကလို့၊ လက်ခုပ်သံတွေ၊ ရယ်သံတွေက စီစီညံလို့၊ တိုးပွားကြီး၏ ဘေးမဲ့လွှတ်ပွဲက စည်ကားနေတော့သည်။
“ဦးထွန်းမောင်တို့ကတော့ဗျာ စေတနာ သဒ္ဓါတရားကလဲ ထက်သန်၊ အကျိုးပေးကလဲ ကောင်း၊ ကုသိုလ်ဒါနတွေလဲ မပြတ်တမ်းဆိုတော့ ခင်ဗျားတို့အတွက် ကျုပ်တို့ရွာသားတွေ ဂုဏ်ယူသဗျို့။ နောက်နောင်လဲ အခုလိုပဲ ကောင်းမှုကုသိုလ်တွေ လုပ်နိုင်ပါစေဗျား”
ရွာလူကြီး ဦးသာကျော်၏ ချီးကျူးသံကို နားထောင်ပြီး လယ်ရှင် ဦးထွန်းမောင်တစ်ယောက် ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မတတ် တဟဲဟဲနှင့် သဘောတွေကျနေတော့၏။
“ဟေ့ကောင် တိုင်းကျော်၊ နွားတွေတော့ တစ်ကောင်ပြီး တစ်ကောင် အလှည့်ကျ ဘေးမဲ့သွားကုန်ကြပြီ။ မင်းကကော ဘယ်တော့ ဘေးမဲ့သွားမလဲ … ပြောပါဦးကွ”
ဦးသာကျော်က ငယ်သူငယ်ချင်းဖြစ်သူ ဦးတိုင်းကျော်ကို စလေသည်။ ဦးတိုင်းကျော်ကတော့ ခေါင်းကြီးအောက်ငုံ့ပြီး ငြိမ်နေသည်။
“အေးလေ . . . သူတို့ကတော့ ပြောအားရှိပေတာပေါ့။ သားတွေ သမီးတွေက မိမှန်း ဖမှန်းသိတတ်ကြ၊ စောင့်ရှောက်ကြတော့ မတောင့်မတ၊ မပူမပင် နေနိုင်ပေတာကိုး။
ငါ့မှာတော့ ရှိတဲ့ သားတစ်ယောက် သမီးတစ်ယောက်ကလဲ ဘယ်အရပ် ဘယ်ဒေသဆီ ရောက်နေပြီမသိ။ စာလဲ မလာ၊ လူလဲ မရောက်တာကြာပြီ မဟုတ်လား။
အိမ်သူအဘွားကြီးတောင် စွန့်ခွာသွားတာ ဆယ်နှစ် ဆယ်မိုး မကလေတော့ ငါ့လို အိုမင်းမစွမ်းကြီးကို၊ ကိုယ့်ခြေကိုယ့်လက်မှ အနိုင်နိုင်သယ်နေရသူကို ကျီးစောင့် ကြက်နှင်၊ နွားခြံစောင့် အစာရိတ်၊ ရေခပ် စတဲ့အလုပ်တွေပေးပြီး အဖီကလေးမှာ နေခွင့်ပေးထားတဲ့ လယ်ရှင်ဦးထွန်းမောင် ကောင်းပေလို့မဟုတ်လား”
တစ်ယောက်တည်း ငြိမ်ကာတွေးရင်း ဝမ်းနည်းအားငယ်စိတ်တွေက တရိပ်ရိပ်နှင့်။
ဘေးမဲ့လွှတ်ပွဲလာကြသော ရွာသားများအတွက် ရာဝင်အိုးကြီးနှင့် ဖျော်ထားသော ရှာလပတ်ရည်တိုက်သည့်နေရာတွင် လူတွေ ဝိုင်းအုံကာ အလုအယက် တိုးဝှေ့နေကြသည်။
“တိုးပွားကြီးရေ. . . သွားတော့ဟ၊ နင်သွားချင်တဲ့နေရာ သွား၊ စားချင်တဲ့နေရာ စား၊ အိပ်ချင်တဲ့နေရာ အိပ်။ နင် လွတ်လပ်ပြီ။ နင့်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ တိုးပွားကြီးကို ဘေးမဲ့ပေးလိုက်ပြီဟေ့. . .”
ဦးထွန်းမောင်၏ စကားအဆုံးတွင် ရွာသားတွေက လက်ခုပ်သံတွေ တဖြောင်းဖြောင်းတီးကာ ဩဘာပေးလိုက်ကြ၏။
“တစ်သက်လုံး ထမ်းပိုးအောက်မှာ ကုန်းပြီးရုန်းလာခဲ့သမျှ အခုတော့ လွတ်လပ်သွားပြီပေါ့တော်။ ကောင်းပါလေ့. . . ကောင်းပါလေ့။ တိုးပွားကြီးရေ. . . နင့်ကို တို့များ အားကျတယ်ဟေ့”
အရီးငွေရှင်၏ အားရဝမ်းသာကြွေးကြော်သံက လက်ခုပ်သံများကိုပင် ဖုံးအုပ်သွားတော့၏။
နွားတင်းကုပ်နောက်ဘက် လယ်ကွင်းအစပ်တွင်ရပ်ကာ တစ်လှမ်းချင်းလှမ်းပြီး၊ တရွေ့ရွေ့ ဝေးဝေးသွားသော တိုးပွားကြီးကို ငေးရင်း တိုးပွားကြီး ဘေးမဲ့ပေးခံရခြင်းအတွက် ဦးတိုင်းကျော်တစ်ယောက် ဝမ်းနည်းဝမ်းသာ ဖြစ်လျက်ရှိသည်။ နှစ်ပေါင်းများစွာ ဒိုးတူပေါင်ဖက် လက်တွဲခဲ့သော တိုးပွားကြီးနှင့် ခွဲခွာလိုက်ရသဖြင့် ရင်ထဲမှာတော့ ခံစားလိုက်ရသည်မှာ အမှန်ပင်။
သူ့တစ်သက်လုံး လယ်ပိုင်၊ ယာပိုင်မရှိခဲ့။ သူတစ်ပါး၏ လယ်ယာမြေတစ်ခွင်၌ အခစား သူရင်းငှားခေါ်သည့် လယ်ကူလီဘဝဖြင့် တစ်ဖုံ၊ တစ်ပုံစား တံငါဘဝဖြင့် တစ်နည်း ကျင်လည်ခဲ့ရပါသည်။ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း တိုးပွားကြီးတို့လို နွားများနှင့် အေးအတူ ပူအမျှ ရုန်းကန်လာကြသည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။
နွားတွေက မြက်နှင့် ကောက်ရိုးစားကာ နွားတင်းကုပ်တွင် အိပ်ရပြီး၊ ဦးတိုင်းကျော်တို့လို သူရင်းငှားတွေက ငစိန်ဆန်နှင့် ငါးပိရည်၊ တို့စရာစားပြီး တဲထဲတွင် အိပ်ရသည်သာ ကွာသည်။ ပင်ပန်းဆင်းရဲစွာ သူတစ်ပါးအတွက် ရုန်းကန်ပေးရသည်ကတော့ အတူတူပင်။
နွားတို့၏ အင်နှင့် အားနှင့် ရုန်းကန်နိုင်သော ကာလက လူထက် တိုတောင်းလှသည်ဖြစ်ရာ ယခုလို အသက် (၇ဝ) ဝန်းကျင်ကာလအတွင်း နွားတို့ကို ဘေးမဲ့ပေးသည့် ပွဲပေါင်းများစွာ ကြုံခဲ့ဖူးလှပြီ။
တိုးပွားကြီးအရင်က ငနီ၊ ငနီ့အရင်က ဘို့တင်ကြီး၊ ဘို့တင်ကြီးအရင်က အင်း သူ့အရင်က….။
တွေးရင်း တွေးရင်းက စဉ်းစား၍မရတော့။ အသက်အရွယ်အရ မှတ်ဉာဏ်တွေ ချို့ယွင်းလာခဲ့ပြီ။ ကာယအားတွေ ဆုတ်ယုတ်လာပြီ။ အသက်ကြီးလာရင် ဘာမှ မကောင်းတော့ပါလား။ ဒါကြောင့်လည်း အိုမင်းမစွမ်းဆိုတဲ့စကားကို ရှေးလူကြီးများ ထားခဲ့တာဖြစ်မည်။
တိုင်းကျော်. . . တိုင်းကျော်၊ အိုလာရင် မင်း ဘာမှ မစွမ်းတော့ဘူးကွ နော်။
လေးကန်သော ခြေလှမ်းများနှင့် နွားတင်းကုပ်ဘေး သူအိပ်စက်ရာ အဖီကလေးထဲ လှမ်းဝင်လာခဲ့သည်။ စစ်ခနဲ စစ်ခနဲ နာကျင်နေသော ရင်ဘတ်ကလေးကို အသာဖိရင်း သက်သာလို သက်သာငြား ကွပ်ပျစ်ကလေးပေါ် အသာလှဲကာ အသက်ကို မျှင်း၍ ရှူနေရသည်။
ညစ်ထပ်ထပ် ဓနိဟောင်းကလေးမိုးထားသော အဖီကလေး၏ ဝါးအခြင်တန်းတွင် ပင့်ကူအိမ်တွေနှင့် ပွေလိန်လျက်ရှိပြီး ကျူဖျာတစ်ချပ်သာခြားသော အခြားတစ်ဖက်ရှိ နွားတင်းကုပ်မှ နွားချေးနံ့၊ သေးနံ့တို့က စူးရှစွာ လွင့်ပျံလာနေသည်။
ပင့်ကူအိမ်ကို တိုးဝင်နေသော ယင်ကောင်သည် အားရှိသမျှ အတောင်ဖျပ်ဖျပ်ခတ်၍ ရုန်းထွက်နေသည်။ အတောင်တစ်ဖက် လွတ်သွားလျှင် အခြား တစ်ဖက်က ငြိနေပြန်ပြီး အတောင်နှစ်ဖက် လွတ်ပြန်တော့ ခြေချောင်းတွေကို စေးကပ်စွာ တွယ်ငြိနေသော ပင့်ကူမျှင်များက ဆွဲယူဖမ်းချုပ်ထားပြန်ချေ၏။
သို့နှင့်ပင် အစာချောင်းနေသော ပင့်ကူကြီးက အသွေးအသားများကို အာသာငမ်းငမ်း စားသောက် ရန် တဖြည်းဖြည်း အနားသို့ တိုး၍ တိုး၍ လာနေပြီ။
ခပ်ဝေးဝေး တောတန်းကလေးဆီမှ ချွဲချွဲနွဲ့နွဲ့ တွန်ကျူးလိုက်သော ဥဩသံကလေးက အေးအေးသွဲ့သွဲ့ လေပြည်ကလေးနှင့်အတူ လွင့်ပျံလျက်ရှိသည်။
တစ်ခါတစ်ခါ ဆုံးပါးသွားပြီဖြစ်သော ဇနီးကို သတိရနေသည်။ တစ်ခါတစ်ခါ ဘယ်ဆီ ဘယ်ဒေသမှာ ရောက်နေမှန်းမသိရသော သားနှင့် သမီးကို လွမ်းဆွတ်မိသည်။
အတွေးတွေက ယောက်ယက်ခတ် ပြေးလွှားလျက်ရှိ၏။
သူ အိပ်စက်ရာအဖီကလေးဘေးရှိ ကုက္ကိုပင်ကြီးပေါ်မှ ကုက္ကိုသီးခြောက်များ ကြွေကျသံကို ကြားရသောအခါ သူနှင့် လုပ်ဖော်ကိုင်ဖက် နွားကြီးတိုးပွားကို သွား၍ သတိရပြန်သည်။ ချိုမြလှသော ကုက္ကိုသီးခြောက်များကို တိုးပွားကြီးက အလွန်ကြိုက်၏။
စောစောက ဆူညံပွက်လောရိုက်နေခဲ့သော လူသံ၊ ဒိုးပတ်သံတို့ မရှိတော့။ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်စွာရှိ၏။ ဓနိမိုးအတွင်းဘက်မှာ ခိုကပ်နေသော အိမ်မြှောင်ကလေးတစ်ကောင်၏ စုတ်ထိုးသံသည်ပင် ဝန်းကျင်ကို မြည်ဟီးရိုက်ခတ်လျက် ရှိ၏။
အခုအချိန်ဆို တိုးပွားကြီးတစ်ကောင် ဘယ်ဆီသွား၍ ဘာတွေ စားနေမှာပါလိမ့်။ သစ်ရိပ်၊ ဝါးရိပ်ကောင်းကောင်းမှာ နေခိုရင်း စားမြုံ့ပြန်နေမှာလား။ ဒါမှမဟုတ် ချောင်းရိုးတမံဘေးက ရွှန်းစိုနုအိသော ပန်းတော်ဖြူမြက်နုကလေးတွေကိုပဲ သွားပြီးစားနေမှာလား။
နဖားကြိုးမရှိ၊ လှန်ကြိုးမရှိ၊ ချည်တိုင်မရှိတော့သည့်ဘဝကို ငါ အားကျလိုက်တာ တိုးပွားကြီးရယ်. . . ။
အို. . . မဖြစ်သေးပါဘူး။ တိုးပွားကြီးနဲ့ ငါနဲ့ ဘဝချင်းမှ မတူတာပါကလား။ တကယ်လို့များ ငါ့ကို လယ်ရှင်တွေက တိုးပွားကြီးလို ဘေးမဲ့ပေးလိုက်ပါပြီတဲ့။ ဘယ်မှာသွားနေ၍ ဘယ်မှာသွား၍ စားရပါ့။
တွေးရင်း တွေးရင်းကပင် ထိတ်လန့်တကြား ထ၍ ထိုင်လိုက်မိတော့၏။
မဖြစ်ဘူး … မဖြစ်ဘူး၊ တိုးပွားကြီးလို ငါ ဘေးမဲ့သွားလို့ မဖြစ်ဘူး။ လယ်ရှင်တွေ ကျေနပ်အောင် လုပ်ပေးနိုင်မှ ငါ့ကို နှင်မထုတ်မှာ။ လယ်ရှင်တွေ ကြည်ဖြူပါမှ ငစိန်ဆန်ကလေး၊ ချဉ်ပေါင်ရေကျဲကလေး၊ ငါးပိရည်ကလေး မှန်မှန်စားပြီး ဟော့ဒီ နွားတင်းကုပ်ဘေးက အဖီကလေးမှာ နေခွင့်ရမှာလေ. . . ။
ရုတ်ခနဲ မတ်တတ်ရပ်လိုက်သောအခါ ခေါင်းထဲက တရိပ်ရိပ်မူးပြီး ရင်တွေ တလှပ်လှပ်ခုန်၏။ အားတင်းကာ အဖီကလေး၏ နံရံတွင် ထိုးထားသော မြက်ရိတ်တံစဉ်ကလေးကိုယူ၍ ခါးတွင် ထိုး၏။
မြက်ထုံးထုံးရန် ကြိုးတစ်လံလောက် လျှော်ကြိုးကို ယူ၏။ ဦးထွန်းမောင် သူ့ကို မှာထားသည်မဟုတ်လော။ နောက်ရောက်လာသော နွားအတွက် အစာကောင်းကောင်း မြက်နုကောင်းကောင်း ကျွေးဖို့၊ ခြင်မီးခိုးထည့်ဖို့၊ နွားတင်းကုပ် သန့်ရှင်းထားဖို့၊ အို အလုပ်တွေလုပ်စရာ အများကြီး ရှိနေပါကလား။ သွားမှ … သွားမှ။
xxx xxx xxx
နောက်တစ်နေ့ နံနက်ခင်း ကွင်းလေတွေ တဟူးဟူးတိုက်၍ ကုက္ကိုသီးတွေ တဖြောဖြောကြွေနေချိန်တွင် လယ်ရှင် ဦးထွန်းမောင်၏ နောက်ဖေး၊ နွားတင်းကုပ်ဘေး အဖီကလေး၌ လူတွေ တရုန်းရုန်း စကားသံတွေ တညံညံနှင့် ရှိနေ၏။
“စိတ်မကောင်းလိုက်တာကွာ၊ မနေ့က ဘေးမဲ့ပွဲမှာတောင် ငါ သူ့ကို စမိသေးတယ်။ နွားအိုကြီးတွေက တစ်ကောင်ပြီး တစ်ကောင် ဘေးမဲ့ပေးခံနေရပြီ။ မင်းအလှည့် ဘယ်တော့လဲလို့။ ဟောဒီ စည်းမရှိ ကမ်းမရှိ ပါးစပ်က ပြောမိတာ”
ငိုသံပါကြီးနှင့် ဝမ်းပန်းတနည်းပြောကာ သူ့ပါးသူရိုက်နေတဲ့ ဦးသာကျော်ကို ရွာသားတွေက ဝိုင်းဆွဲထားကြ၏။
“ဟုတ်ပါ့တော်… မနေ့တုန်းက ကျုပ်နဲ့လဲ စကားပြော ဖြစ်သေးတယ်။ တိုးပွားကြီး ဘေးမဲ့ပေးလိုက်တာ ဝမ်းသာလိုက်တာတော်။ ရှင်ကော ဝမ်းမသာဘူးလားလို့မေးတော့ ဘာမှ မပြောဘူးတော်။ သော်ကဘုရားကြီးဘက် ငေးပြီး မျက်နှာလဲ မကောင်းဘူး”
ဘွားငွေရှင်က မျက်ရည်သုတ်ရင်း ပြောသည်။
“မနေ့ညနေတုန်းကတောင် အကောင်းကြီးပါဗျာ… ကွမ်းသီးချောင်းဖျားကနေ နွားစာမြက်ထုံးကြီး မနိုင်မနင်း ထမ်းလာတာ ကျုပ်နဲ့တွေ့တော့ အဘက တယ်လဲ အလုပ်ကြိုးစားနေပါလားလို့ စတော့ ကျုပ်ကို ဆဲသွားသေးတယ်ဗျ”
ငခွေးကြီးက စိတ်မကောင်းစွာ ပြော၏။ ဆွေမျိုးသားချင်းတွေ မဟုတ်သော်ငြား၊ ရပ်ဆွေရပ်မျိုးတွေ ဖြစ်၍ ရုတ်တရက် သေဆုံးသွားသော ဦးတိုင်းကျော်အတွက် စိတ်မကောင်းဖြစ်ကြသည်။
စောင့်စရာ မျှော်စရာမရှိသော ဧည့်ခံစကားပြောမည့်သူ မရှိသော ဦးတိုင်းကျော်၏ အသုဘကို နေ့ချင်းပြီး သုသာန်ပို့ဖြစ်ကြလေသည်။
ရွာကလေး၏ တောင်ဘက် ချောင်းကလေး၏ အဖျားတွင်ရှိသော ရွာသင်္ချိုင်းသို့ ရှေးရှုကာ သွားနေသည့် အသုဘပို့လူအုပ်ထဲတွင် ငိုယိုပူဆွေးသူမရှိ၊ မျက်ရည်ကျသူမရှိ၊ တက်သူ ချက်သူမရှိ၊ မိတ်ဆွေအပေါင်းအသင်း စုစုပေါင်း လက်ဆယ်ချောင်းမပြည့်။
လယ်ရှင် ဦးထွန်းမောင်တို့ မိသားစုထဲမှ တစ်ဦးတစ်ယောက်မှ လိုက်ပါပို့ဆောင်ခြင်း မရှိ၊ တိတ်ဆိတ်စွာ ခြောက်ကပ်စွာ တရွေ့ရွေ့။
ရှေ့က အလောင်းထမ်းသူ လေးယောက်၊ ကန်တော့ပွဲရွက်သူ တစ်ယောက်၊ ကြေးစည်ထမ်းသူ နှစ်ယောက်နှင့် ဘွားငွေရှင်၊ ဦးသာကျော်၊ ငခွေးကြီး၊ ကိုညိုတို့လူသိုက် တရွေ့ရွေ့နှင့် သင်္ချိုင်းဆီသို့ ငြိမ်သက်စွာ သွားနေကြသည်။
ဟိုး အနောက်ဘက် တောတန်းဆီမှာ တွဲလွဲခိုတော့မည့် နေလုံးကြီးက ငိုထားလွန်း၍ တစ်မျက်နှာလုံးနီရဲသော မိန်းမတစ်ယောက်၏ မျက်နှာနှင့် တူလေ၏။
နှာမှုတ်သံပြင်းပြင်းနှင့် ပတ်ကြားအက်မြေပြင်ကို ဂေါက်ဂက်မြည်အောင် ခွာသံကြားရသဖြင့် နောက်ဆုံးမှ လိုက်လာသော ဦးသာကျော်က အလန့်တကြား လှည့်ကြည့်ပြီး. . .
“ဟာ. . . တိုးပွားကြီးဟေ့ . . . တိုးပွားကြီးကွ။ တိုးပွားကြီးက သူ့လုပ်ဖော်ကိုင်ဖက် တိုင်းကျော် အသုဘကို လိုက်ပို့တယ်ဟေ့. . . တိုင်းကျော်သေတာ ဘယ့်နှယ်လုပ်သိသလဲ မပြောတတ်ဘူး။ နွားပေမယ့် တချို့လူတွေထက် ကျေးဇူးသိတတ်တယ်ကွာ။ တိုင်းကျော်ရေ … မင်းအသုဘကို တိုးပွားကြီး လိုက်ပို့တယ်ကွ”
မချိတင်ကဲ ပြောရင်းက တိုးပွားကြီးလည်ပင်းကို ဆွဲ၍ဖက်သည်။ တိုးပွားကြီးက နှာမှုတ်သံပေးပြီး ခွာတရှပ်ရှပ်လုပ်၏။
တိုးပွားကြီး၏ ချိုနှစ်ဖက်တွင် သပြေပန်းခက်တွေ ချည်လျက်သား ရှိသေး၏။ သို့သော် နွမ်းခြောက်နေပြီ။ ပါးစောင်နှစ်ဖက်မှာတော့ အမြှုပ်တွေတစီစီနှင့် အရိုးပေါ်အရေတင် ဝမ်းဗိုက်ကြီး ပူလိုက် ဖောင်းလိုက်နှင့် အသက်ကို အငမ်းမရရှူနေသည်။
ဘယ်လောက် ဝေးဝေးက ပြေးလိုက်လာရသည် မသိနိုင်။
“တိရစ္ဆာန်ဖြစ်ပေမယ့် ကျေးဇူးတရားတော့ သိတတ်လိုက်တာနော်။ သူနဲ့အတူ ရွှံ့ထဲ ရေထဲမှာ ရုန်းဖော်ရုန်းဖက် သူ့သခင်ကို နောက်ဆုံးခရီးမှာ လိုက်ပို့တာ သိပ်အံ့ဩစရာ ကောင်းလိုက်တာရှင်”
ဘွားငွေရှင်က ဆိုနင့်စွာပြော၏။
“သွားပေဦးတော့ တိုင်းကျော်ရေ၊ သွားပေဦးတော့ကွ။ အခုမှ တကယ့်ဘေးမဲ့ဘဝကို မင်းရောက်သွားတာပါကွ. . . ။ ထမင်းကလေးတစ်လုပ် စားရဖို့၊ တဲစုတ်ကလေးမှာ ကျောတစ်ခင်းစာ နေရာကလေးရဖို့ လယ်ရှင်တွေကြည်ဖြူအောင် အသက်အရွယ်နဲ့ မလိုက် လုပ်ပေး ကိုင်ပေးရတဲ့ ဘဝကနေ အခုတော့ မင်းတကယ့်ကိုပဲ ဘေးမဲ့ရသွားပါပြီကွာ”
ဦးသာကျော်၏ ဆို့ဆို့နင့်နှင့် အသံက လယ်ကွင်းပြင်တွင် လွင့်ပျံ့၍သွား၏။
လူတစ်စုနှင့် နွားတစ်ကောင် လိုက်ပါပို့ဆောင်သော အသုဘပို့ခရီးသည် တိတ်ဆိတ်စွာဖြင့် ရွာသင်္ချိုင်းနှင့် တရွေ့ရွေ့နီးလာပြီ . . ။
နွေနှောင်းရာသီ၏ ကောင်းကင်ပြင်သည် တိမ်တိုက်တို့ ပိတ်ဖုံးကာ အုံ့မှိုင်းရီဝေလျက်ရှိ၏။
အခါမဲ့မိုး ရွာနိုင်ပါသည်။
– ပြီး –
စာရေးသူ – မောင်ခြိမ့်
Uncategorized