ဖိုးကျော့
တိုက်ပွဲပျော်တို့၏ ဘဝခရီး
သက်ရှိသတ္တဝါတိုင်းသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးပေါ် မှီတင်း၍ ရှင်သန်ကြီးထွားလာကြရလေသည်။
လက်ရှိ ပစ္စက္ခဖြစ်စဉ်ဘဝတွင် ဇီဝအသက်ရှင်သန်ရေး၌ အာဟာရသည် အရေးအကြီးဆုံးသော အကြောင်းတရားတစ်ခုပင်။
ထို့ကြောင့် အသက်ရှိသူတိုင်းသည် လောကသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် အစာအာဟာရကို အော်ဟစ်တောင်းဆိုတတ်ကြလေသည်။
သူတို့သည်လည်း ဥခွံမှ ထွက်လာကတည်းကပင် မွတ်သိပ်ဆာလောင်သော ဝေဒနာက ပါလာလေသည်။ ထို့ကြောင့် လောကသို့ ရောက်ရောက်ချင်း ကျီကျီကျာကျာနှင့် အစာအာဟာရကိုသာ အော်ဟစ် တောင်းဆိုနေကြလေသည်။
ဤသည်ကိုသိသော မိခင်ကြီးသည် ရုတ်ခနဲ သိုက်မြုံမှ ထွက်ပျံသွား၏။ သားငယ် သမီးငယ်များ၏ အာဟာရကို ပေးစွမ်းနိုင်ရန် မိခင်စိတ်နှင့် အစာရှာထွက်သွားခြင်း ဖြစ်လေသည်။
မျက်စိနှစ်ကွင်းပင် အလင်းမရကြသေးသော သူတို့သည် အစာအာဟာရကို တောင့်တရင်း သိုက်မြုံထဲတွင် ကျီကျီကျာကျာ အော်ကာ ကျန်ရစ်ခဲ့ကြလေသည်။
သူတို့၏ အသိုက်သည် ဝေသီမြင့်ခေါင်သော သစ်ရိုင်းပင်တစ်ပင်၏ ခွကြားတွင် ရှိ၏။ ထို့ကြောင့် လေသည် အဆမတန်တိုက်၏။ အစာအာဟာရ၏ ချင်ခြင်းကို အော်ဟစ်တောင်းဆိုနေကြသော သူတို့ပါးစပ်ထဲ အပလေများ ဝင်လာသည်။ အသက်ရှူလိုက်တိုင်း ပါးစပ်ထဲသို့ ဝင်လာသော လေသည် သူတို့၏ နှာခေါင်းနှစ်ပေါက်မှ ပြန်ထွက်သွားကြ၏။
သို့သော် တဒင်္ဂ၌ ထိုအပလေကို ရှူရှိုက်လုပ်နေရခြင်းကပင် ဝမ်းဗိုက်၏ ဆာလောင်မွတ်သိပ်မှုကို ငြိမ်းအေးသွားစေသကဲ့သို့ပင်။ ထို့ကြောင့် သူတို့သည် ပါးစပ်ကို အစွမ်းကုန်ဟကာ အစာအာဟာရကို အော်မြည်တောင့်တရင်း လောလောဆယ်တွင် အာနာပါနအလုပ်ကိုသာ ဆက်လုပ်နေကြရလေသည်။
XXX XXX XXX
သူတို့၏အသိုက်သည် သိမ့်ခနဲ တုန်ခါသွား၏။ ဖြဲဟထားကြသော သူတို့၏ ပါးစပ်ထဲကို အစာအာဟာရတို့ ရောက်ရှိလာသည်။ မိခင်ကြီး၏ နှုတ်သီးနှင့် ထိတွေ့အစာကျွေးမွေးမှုကို နွေးထွေးစွာ ခံစားနေကြရသည်။
သူတို့၏ ဆာလောင်မွတ်သိပ်မှုသည် မိခင်ကြီး၏ မစို့မပို့ ကျွေးမွေးသော အစာအာဟာရ၌ တင်းတိမ်ရောင့်ရဲမှု မရှိကြ။ ဆာလောင်မြဲ ဆာလောင်လျက်၊ မွတ်သိပ်မြဲ မွတ်သိပ်လျက်သာ။
ထိုအခါ သူတို့သည် အော်မြည်ကြပြန်သည်။ အစာအာဟာရအလို့ငှာ သူတို့ကိုယ်နှင့် ထိတွေ့နေသော မိခင်ကြီး၏ ကိုယ်ကိုပင် အစာအာဟာရအဖြစ် နှုတ်သီးနုနုကလေးတွေနှင့် ထိုးစမ်းပေါက်ကိုက်နေကြသည်။
မိခင်ကြီးအနေကမူ ဤသည်ကိုပင် သူ့အား သားသမီးများက ကျီစယ်ကစားနေကြသည်ဟု ထင်ပုံရ၏။ ထို့ကြောင့် မိခင်ကြီးသည် သူတို့အား တစ်ဖန်ပြန်လည်၍ သူမ၏နှုတ်သီးကြီးနှင့် သားသမီးများ၏ လည်တိုင်၊ တောင်ပံ၊ ပေါင်ခြံကြားများကို မနာမကျင်လေအောင် သာသာညင်ညင် ထိတွေ့ထိုးဆွပေးလေ၏။
မိခင်ကြီး၏ ကျီစယ်မှုကြောင့် သူတို့၏ဆာလောင်မွတ်သိပ်မှုသည် ပို၍ ပြင်းပြလာကြသည်။ မမြင်မကန်းနှင့် အသိုက်ထဲတွင် ဆောက်တည်ရာမရ ခုန်ပေါက်မိသည်အထိ ဖြစ်ကြရ၏။
သူတို့က အစာအာဟာရကိုချည်းသာ အော်ဟစ်တောင်းဆိုနေကြသောအခါ မိခင်ကြီးသည် နားငြီးသွားပုံရ၏။ သူတို့ရှိရာ အသိုက်ထဲမှ ခဏခွာကာ သစ်ကိုင်းတစ်ကိုင်းပေါ် နားနေ၏။ သူ့သားသမီးများ၏ အခြေအနေကိုလည်း မကြာခဏ ငုံ့ကြည့်နေလေသည်။
အပလေကိုရှူကာ ကြိမ်ဖန်များစွာ ပွားများထားသော အာနာပါန၏ တန်ခိုးအစွမ်းနှင့် သူတို့သည် မိခင်ကြီး သူတို့အနား၌ ရှိနေသေးကြောင်း သိနေကြရသည်။ မိခင်ကြီး၏ ကိုယ်ငွေ့နှင့် အနံ့များကိုလည်း ရှူရှိုက်မိနေကြသည်။
ထိုအခါ သူတို့၏ သိစိတ်တွင် ဖြစ်ပေါ်နေသော ဆာလောင်မွတ်သိပ်မှုဝေဒနာသည် သည်းမခံနိုင်စွာ ပေါက်ကွဲပေါ်ပေါက်လာ၏။ ချင်ခြင်း၏ နိုးထမှုကြောင့် အသိုက်ထဲမှ သစ်ရွက်ခြောက်၊ မြက်ခြောက် နှင့် တုတ်ချောင်းများကိုပင် စမ်းတဝါးဝါး ကိုက်ခဲမိကြသည်။
မိခင်ကြီး၏ ကျွေးမွေးသော အစာအာဟာရနှင့်စာလျှင် သူတို့ ကိုက်ဝါးမိကြသော အရာတို့မှာ ကြမ်းတမ်းခက်ထရော်လွန်းသဖြင့် နှုတ်သီးနုနုလေးများပင် နာကျင်ကုန်ကြ၏။ ထိုအခါ၌ကား ဤအရာသည် စားဖွယ်သောက်ဖွယ်မဟုတ်၊ အာဟာရမဟုတ်ဆိုသည်ကို သူတို့သည် အလိုလို သိသွားကြလေသည်။
မိခင်ကြီးဆီမှ ကိုယ်သင်းနံ့ကို ရနေကြသဖြင့် အစာကိုအော်ဟစ်တောင်းဆိုကြပြန်သည်။ အစာအာဟာရ၏ မွတ်သိပ်ဆာလောင်မှုကြောင့် ဆောက်တည်ရာမရ ဖြစ်နေကြသော သားသမီးများကို မကြည့်ရက်သော မိခင်ကြီးသည် အစာရှာဖွေရန် ရုတ်ခနဲ ထပျံသွားလေသည်။ မိခင်ကြီး ထပျံသွားမှုကြောင့် သစ်ခွကြားရှိ သူတို့၏ သိုက်မြုံလေးသည် သိမ့်ခနဲ လှုပ်သွားကာ ကျန်ခဲ့လေ၏။
XXX XXX XXX
သူတို့၏ ဝမ်းမီးသည် အခါခပ်သိမ်း တောက်လောင်လျက်ရှိသည်။ အစာအာဟာရ၏ ဆာလောင်မှုဝေဒနာကြောင့် တစ်ရံတစ်ဆိတ်မျှ ငြိမ်သက်စွာနေ၍ မရကြ။ အမြဲရုန်းကန်လှုပ်ရှားပြီး အော်ဟစ်နေကြ၏။ လောကသို့ စတင်ခြေချကတည်းက အပလေကို ရှူရှိုက်မှုဖြင့် အာရုံကြောတွေ နိုးကြားနေကြသော သူတို့သည် အစာအာဟာရကို တောင့်တရင်း အစာရှာရာမှ ပြန်လာမည့် မိခင်ကိုသာ စောင့်မျှော်နေကြသည်။
တိုက်ခတ်နေသော လေအလျင်ထဲတွင် မိခင်ကိုယ်သင်းနံ့ကိုသာ ခံနေကြသည်။ သူတို့၏ အာနာပါနစွမ်းအားသည် မိခင်ကြီး မည်မျှဝေးဝေးသို့ ရောက်သွားပြီး မည်မျှနီးနီးသို့ ပြန်ရောက်လာနေပြီဆိုသည်အထိ သိနေကြသည်။ ထို့ကြောင့်လည်း လေရှူရှိုက်မှုကို တစ်ရံတစ်ဆိတ်မပြတ် လုပ်နေကြခြင်း ဖြစ်၏။
မကြာခင်ပင် လေထဲ၌ အနံ့တစ်ခုကို ရှူရှိုက်မိကြသည်။ သို့သော် မိခင်၏ ကိုယ်နံ့မဟုတ်။ သူတို့၏မျိုးတူစုထဲမှ တစ်ဦးဦး တစ်ကောင်ကောင်၏ ကိုယ်နံ့သာ။
မိခင်ကိုသာ ထိတွေ့ဖူးသော သူတို့သည် ယခုအနံ့မှာ ဖခင်၏ အနံ့လေလောဟု တွေးမိသွားကြ၏။ မိခင်သည် သူတို့အား အစာအာဟာရကို ရှာဖွေကျွေးမွေးနေသလို ဖခင်သည်လည်း ယခုအခါ မိခင်ကဲ့သို့
တစ်လှည့်တစ်ပြန် အစာကျွေးရန် လာလေပြီဟုလည်း ထင်သွားကြ၏။ ထိုအခါ ဆာလောင်မွတ်သိပ်မှုနှင့်အတူ အစာအာဟာရကို ပို၍ ကျယ်ကျယ်လောင်လောင် အော်ဟစ်တောင်းဆိုမိကြလေသည်။
ရုတ်ခနဲ သူတို့တစ်ကိုယ်လုံးကို လေဟပ်သွား၏။ တောင်ပံခတ်သံကြီးနှင့်အတူ သူတို့ထဲမှ တစ်စုံတစ်ဦး၏ အော်ဟစ်ညည်းတွားသံကို ရုတ်ခြည်းကြားလိုက်ရသည်။ သိုက်မြုံထဲမှ ထွက်ပါသွားသော သူတို့၏ အဖော်အော်သံမှာ ထိတ်လန့်ချောက်ချားစရာ ကောင်းသည်။ ရုတ်တရက် လေထဲမြောက်ပါသွားသူ၏ အသံသည် မည်သို့မျှ မရှည်ကြာလိုက်။ ခဏချင်း ဆိတ်သုဉ်းသွားသည်။
သူတို့၏ အဖော်တစ်ဦးသည် ရန်သူ့လက်ထဲ ပါသွားပြီး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူတို့နှစ်ကောင်၏ ပါးစပ်သည် ရုတ်တရက် ပိတ်သွားကြသည်။ အသက်ကိုပင် မှန်မှန်မရှူရဲကြတော့ဘဲ အသိုက်ထဲတွင် ချောက်ချားနေကြ၏။ အားကိုးအားထားရာ မိခင်ကြီး၏အနံ့ကိုပင် ခံစားသိရှိအောင် အသက်ပြင်းပြင်း မရှူရဲဖြစ်သွားကြသည်။
ရန်သူသည် သူတို့အဖော်အား မည်သည့်အရပ်ဒေသသို့ ယူဆောင်သွားလေပြီ ဆိုသည်ကိုလည်း မခန့်မှန်းတတ်ကြ။ သူတို့၏ အမြင်အာရုံ၌ အလင်းတည်းဟူသော ဟင်းလင်းပြင်သာရှိပြီး အရာဝတ္ထုတစ်ခုကို ကွဲကွဲပြားပြား မမြင်နိုင်စွမ်းကြသေးပေ။ သူတို့ မြင်နေရသော အလင်းရောင်လွင်ပြင်ကျယ်ကြီးသည်လည်း အမှန်ကတော့ အမှောင်နှင့်ဘာမျှ မခြားပေ။
ထိတ်ရွံ့ချောက်ချားသောစိတ်ကြောင့် မိခင်ကြီး၏ ကိုယ်နံ့ကိုပင် တဒင်္ဂမေ့သွားကြသည်။ ထို့ကြောင့် သိုက်မြုံ သိမ့်ခနဲ လှုပ်သွားသည်ကိုပင် ရန်သူပြန်လာပြီဟူသော စိုးရွံ့စိတ်နှင့် အထိတ်တလန့် အော်မိကြသည်။
သူတို့၏ အလန့်တကြား အော်မြည်သံနှင့်အတူ မိခင်ကြီး၏ ပူဆွေးတမ်းတသံကိုလည်း ရုတ်ခြည်း ကြားလိုက်ကြရသည်။ မိခင်ကြီးသည် ခါတိုင်းနေ့တွေလို ရှာဖွေရလာသော အစာအား နှုတ်သီးချင်းတေ့ကာ ကျွေးမွေးခြင်းအလုပ်ကိုပင် ဤနေ့၌ မလုပ်နိုင်တော့ပေ။ သားပျောက်သော မိခင်ကြီး၏ သောကပရိဒေဝမီးသည် အဆီးအတားမရှိ တောက် လောင်နေပေပြီ။
မိခင်ကြီးသည် ရလာသောအစာကို အသိုက်ထဲ ပစ်ချထားခဲ့ကာ တကစ်ကစ်အော်မြည်ပြီး မိုးပေါ်ပျံတက်သွားပြီး အရှိန်အဟုန်ပြင်းသော ဂဠုန်တောင်ပံစုံကို တဖြောင်းဖြောင်းရိုက်ခတ်ကာ အနီးဝန်းကျင်၌ ရန်သူကို လှည့်ပတ်ရှာဖွေနေ၏။ ပါးစပ်ကလည်း တကစ်ကစ်နှင့် စိန်ခေါ်သံကိုပြု၏။
မိခင်ကြီးသည် သူတို့ရှိသောအသိုက်ကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာ၌ ရန်သူကို ရှာဖွေနေသည်။ တောင်သို့လည်းကောင်း၊ မြောက်သို့လည်းကောင်း၊ အရှေ့သို့လည်းကောင်း၊ အနောက်သို့လည်းကောင်း ပစ္ဆိမုတ္တရာယ၊ ဒိသာယ မိခင်ကြီးရောက်သွားရာအရပ်တိုင်းကို သူတို့က ကိုယ်သင်းနံ့ခံ၍ သိနေကြသည်။ ကြိမ်ဖန်များစွာ ပွားများထားသော အာနာပါန၏ တန်ခိုးအစွမ်းသည် ဟင်းလင်းပြင်လေဟာနယ်ထဲ၌ သူတို့အား အသိပေးနှိုးဆော်လျက် ရှိလေသည်။
သူတို့ဝန်းကျင်သည် မိခင်ကြီး ရှိနေသည်ဟူသော အသိစိတ်ကြောင့် အကြောက်ပြေသွားကြ၏။ ဆာလောင်မွတ်သိပ်မှုသည် တစ်ဖန် ပြန်၍ နိုးထလာကြပြန်သည်။ ထိုအခါ အသိုက်ထဲတွင် မိခင်ကြီးပစ်ချထားခဲ့သော သားကောင်တစ်ကောင်၏ အပိုင်းအစများကို သူတို့ ပထမဆုံး ကိုယ့်ခွန်ကိုယ့်အား ကိုယ်သုံးကာ ကောက်စားဖြစ်ကြလေသည်။
မိမိတို့၏ ကိုယ့်ခွန်ကိုယ့်အားနှင့် ထိုးဆိတ်ကောက်စားရသော အစာအာဟာရသည် မိခင်ကြီးကိုယ်တိုင် ခွံ့ကျွေးသော အစာအာဟာရထက် များစွာအရသာရှိလေသည်။ နှုတ်သီးနှင့် ထိုးဆိတ်ကောက်ယူလိုက်တိုင်း သွေးညှီနံ့များသည် သူတို့၏ နှာသီးနှစ်ပေါက်မှ အသည်းနှလုံးထိ စွဲငြိ၍ ဝင်သွားကြ၏။
ကိုယ်တိုင် ကောက်ယူထိုးဆိတ်စားရသော အာဟာရကြောင့် တစ်ကိုယ်လုံး ခုန်ဆွခုန်ဆွဖြစ်နေကြရာ တစ်ခါ တစ်ခါ အသိုက်နှင့်ခြေထောက်ပင် မထိသော ခံစားမှုအသစ်တစ်ခုကိုလည်း ကြည်ကြည်နူးနူး ခံစားရမိကြပြန်လေသည်။
အတွေ့အကြုံသစ်ကြောင့် ကြောက်ရွံ့စိတ်တွေပျောက်ကာ သူတို့၏ အတောင်ပံများကိုပင် ဝမ်းပန်းတသာ လေထဲ၌ လွှဲခတ်မိကြ၏။ အမွေးအမှင်မရှိသော သူတို့၏ အတောင်ပံနှစ်ဖက်က လေထုနှင့်ဖိတိုက်မိသောအခါ ထပ်ဆင့်၍ အတွေ့အကြုံသစ်၊ အာရုံခံစားမှုအသစ်တစ်ခု ပေါ်လာပြန်သည်။
လေထဲတွင် အတောင်ပံများ လှုပ်ခတ်နေရသော အထိအတွေ့ အပေါ် သာယာကြည်နူးစိတ်နှင့် သူတို့သည် အတောင်ပံများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေထဲ၌ လှုပ်ခတ်နေကြသည်။
သူတို့၏ မိခင်ကြီးသည် ပူဆွေးမြည်တမ်းကာ ပြန်ရောက်လာ၏။ ရန်သူကို တွေ့ခဲ့ပုံမရ။ သူတို့ စားသောက်ပြီး၍ ကျန်သော အစားအစာများကို နှေးကွေးလေးလံစွာ စားပြီး အသိုက်ထဲ၌ပင် အိပ်စက်လေသည်။ သူတို့နှစ်ဦးသည်လည်း မိခင်ကြီး၏ ရင်ငွေ့ကိုလှုံကာ မိခင်ကြီး၏ တောင်ပံကြားတွင် ငိုက်မျဉ်းသွားကြလေ၏။
မိခင်ကြီး အသိုက်ထဲမှ ထွက်ပျံသွားသည်နှင့် အားငယ်စိတ် ဝင်လာကြသည်။ သူတို့၏ အစာတောင်းအော်မြည်သံသည် ရန်သူအား ဖိတ်ခေါ်သလို ရှိလေသလားဟု တွေးမိကြ၏။ ထို့ကြောင့် ဤနေ့၌ သူတို့လုံးဝ မအော်မြည်ရဲကြတော့ပေ။ ဆိတ်ဆိတ်သာနေကြ၏။
မနေ့က မိခင်ကြီး ယူလာပေးထားခဲ့သော အစားအစာ အပဲ့အစများသည် အသိုက်ထဲတွင် အကြွင်းအကျန်အဖြစ် ရှိနေသေးသဖြင့် ငြိမ်နေကြသည်။ လေထဲတွင် မိခင်ကြီး၏အနံ့နှင့်အတူ မနေ့က သူတို့အဖော်တစ်ဦးအား ကိုက်ချီသွားသော ရန်သူ၏ အနံ့ကို မကွဲမပြား ထွေးထွေးရောရော ရှူရှိုက်မိကြ၏။ ကြောက်ရွံ့ထိတ်လန့်စိတ်သည် ကြီးစွာ ဝင်လာကြပြန်လေသည်။
ထိုအချိန်မှာပင် ရန်သူအား အလစ်စောင့်ဆိုင်း၍ တိုက်ခိုက်လိုက်သော မိခင်ကြီး၏ ဟစ်ကြွေးသံသည် မိုးယံဘဝဂ်ထိ ပျံတက်သွား၏။ မိခင်ကြီး၏ အောင်နိုင်သောအသံကို ကြားရ၍ သူတို့က အသိုက်ထဲမှ အားရဝမ်းသာ ထခုန်ကြသလို အလစ်ခံလိုက်ရသော ရန်သူ၏ အထိတ်တလန့် အော်မြည်သံမှာလည်း ချောက်ချားဖွယ်ရာ ကောင်းလေသည်။ မိခင်ကြီးနှင့် ရန်သူတို့သည် လေဟာပြင်ထဲ၌ လုံးထွေးသတ်ပုတ်ရင်း သူတို့အသိုက်နား ရောက်လာကြသည်။
ဤမှာတွင် ကြီးစွာထိတ်လန့်သွားကြသော သူတို့၏ မျက်စိနှစ်ကွင်းသည် ဘွင်းခနဲ အလင်းကို မြင်လိုက်ရသည်။ ရုတ်တရက် ကျိန်းစပ်သွားသော မျက်လုံးထဲမှ အလင်း၏ တွန်းအားနှင့် ဖြစ်တည်မှုဒြပ်စင်များသည် ချက်ချင်း တစ်ခုပြီးတစ်ခု ဆက်စပ်ပေါက်ကွဲသွားသည်။ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်း အနီ၊ အဝါ၊ အပြာ၊ အစိမ်း စသည့်အရောင်များ ရောထွေးဖြစ်ပျက်ပြီး အလင်းကို ပီပီသသ မြင်သွားကြလေသည်။
မိခင်ကြီးသည် ပြာလွင်သော မိုးကောင်းကင်ထက်မှ ရန်သူအား အပြီးသတ် တိုက်ခိုက်ပစ်ချလိုက်သည်။ မိခင်ကြီး၏ စွမ်းအားနှင့် စွမ်းပကားကို မြင်ရသော သူတို့သည် မိခင်ကြီးနည်းတူ တောင်ပံများကို လေထဲလွှဲခတ်ကာ ကျယ်ကျယ်လောင်လောင် အော်လိုက်ကြလေသည်။
XXX XXX XXX
အာရုံသစ်များသည် သူတို့၏ကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာလေသည်။ ပြာလွင်သော မိုးကောင်းကင်ထက်တွင် လေနှင်ရာ ပါနေကြသော တိမ်ဖြူ၊ တိမ်ပြာ၊ တိမ်ဝါများကို မော့ကြည့်ကာ သူတို့၏ စိတ်သည်လည်း မိုးပေါ်၌ပျံသန်းနေကြလေသည်။
မိခင်ကြီး၏ ပျံသန်းလှုပ်ရှားမှုများကို နေ့စဉ်မြင်နေရသော သူတို့ စိတ်ထဲမှာ အလိုလို ခွန်အားတွေဖြစ်လာ၏။ ခုန်ချင် ပျံချင်စိတ်နှင့် မရိုးမရွ မချင့်မရဲ ဖြစ်နေကြ၏။
အထူးသဖြင့် သူတို့အသိုက်နား ဝဲပျံလာကြသော ရန်သူများအား မိခင်ကြီးက အလစ်ထိုးသုတ် တိုက်ခိုက်နေသည်ကို မြင်ရသောအခါ သူတို့စိတ်ထဲမှာ ပို၍ မရိုးမရွဖြစ်လာကြ၏။
သည်လိုနှင့် အသိုက်ထဲတွင် အချင်းချင်း ထိုးဆိတ်ကိုက်ဖဲ့ကြ၏။ တစ်ကောင်နှင့်တစ်ကောင် ကျီစားသန်ကြရာမှ ရန်ဖြစ်ကြတော့သည်။ တစ်ကောင်နှင့်တစ်ကောင် ရန်သူပမာ အသေအကျေ တိုက်ခိုက်ရန်ကိုပင် ဝန်မလေးကြတော့ဘဲ တိုက်ပွဲဝင်ရန် ခွန်အားတွေ အလိုလို ပြည့်လာကြသည်။
အမွေးအတောင် မစုံကြသေး၊ မပျံနိုင်ကြသေး၊ မိမိ၏အစားအစာကိုပင် မိမိ ရှာဖွေမစားနိုင်ကြသေးသော်လည်း သူတို့၏စိတ်ထဲတွင် အမြဲ တိုက်ပွဲကို မျှော်လင့်တောင့်တနေကြသည်။ တစ်ကောင်နှင့်တစ်ကောင် စူးစူးရဲရဲ အကြာကြီး စိုက်ကြည့်ကာ စူးစူးရှရှအသံကိုလည်း စဉ်ဆက်မပြတ် အော်မြည်နေတတ်သည်။
အမွေးအတောင် မစုံကြသေးသော်လည်း ယခင်ကလို ကြောက်စိတ် မရှိကြတော့။ သွေးညှီသွေးနံ့ရလျှင် တိုက်ချင်ခိုက်ချင်သော သူတို့၏ ဇာတိစိတ်က ပိုပြီး ထကြွသောင်းကျန်းလာကြသည်။ ဤလိုအချိန် မျိုးတွင် ယခင်က သူတို့၏ အဖော်အား အလစ်ထိုးသုတ်သွားသော ရန်သူကိုပင် သူတို့ခွန် သူတို့အားနှင့် တိုက်ခိုက်ထိုးသုတ်ရန် ဝန်မလေး ဖြစ်နေကြသည်။
သူတို့ကိုယ်တွင်း အဇ္ဈတ္တတွင် မည်မျှ သွေးဆာ၍ မည်မျှ တိုက်ခိုက်ချင် ဖြစ်နေကြသော်လည်း အမွေးအတောင်ပင် မစုံသေးသော၊ ကောင်းကင်မိုးယံထက်ပင် မပျံတက်နိုင်ကြသေးသော သူတို့သားသမီးများ အကြောင်းကို မိခင်ကြီးကား ကောင်းစွာသိလေသည်။
ထို့ကြောင့်လည်း တစ်ကောင်သော သားငယ်သည် ရန်သူ့လက်ထဲ ပါသွားဖူးသော သင်ခန်းစာကိုယူကာ မိခင်ကြီးသည် သူတို့နှင့် ဝေးဝေးသွားပြီး အစာမရှာဘဲ ဝန်းကျင်တစ်ခို၌သာ လှည့်ပတ်ကာ အစာရှာနေရလေ၏။
မိခင်ကြီးသည် သူတို့အား အစာရှာကျွေးသလို ရန်သူတို့၏ ဘေးရန်မှလည်း ကာဆီးပေးနေတုန်းပင်။
သည်လိုနှင့် တစ်နေ့တွင် မိခင်ကြီးယူလာပေးသော ကြွက်ဝမ်းဖြူလေးတစ်ကောင်ကို လုယက်စားသောက်ရာမှ သူတို့နှစ်ကောင်သည် မပြေငြိမ်းနိုင်သော ရန်ပွဲကို ဆင်နွှဲကြလေသည်။
နေ့စဉ်နှင့်အမျှ သွေးဆာပြီး တိုက်ချင်ခိုက်ချင်နေကြသော သူတို့ နှစ်ကောင်အတွက် ဤနေ့တွင် ကြွက်သေတစ်ခုအရင်းပြုကာ သူသေ ကိုယ်သေ တိုက်ခိုက်ကြတော့သည်။
တစ်ပါးသူတို့၏ ရန်မှသာ ကာကွယ်ပေးသော မိခင်ကြီးသည် သူတို့နှစ်ကောင် ကြွက်သေလုရင်း အသေအကျေ တိုက်ခိုက်နေကြသည်ကို လုံးဝ တားမြစ်အော်ဟန့်မှု မပြု။ ဝမ်းသာအားရနှင့်သာ ငေးကြည့်နေ၏။ တိုက်ပွဲ၌သာ ပျော်မွေ့နိုင်သော သူ့သားသမီးတို့၏ အတွင်းစိတ်ကို မိခင်ကြီးကား ပကတိ ဖောက်ထွင်းသိမြင်နေသူပမာပင်။
သူတို့နှစ်ကောင် အသေအကျေ ကိုက်ခဲနေကြသည်ကို မြင်သော်လည်း လုံးဝ တုန်လှုပ်မှုကို မပြ။ မိခင်ကြီး၏ ကြည့်နေဟန်မှာ တိုက်ပွဲပျော်တို့အား ကောင်းချီးသြဘာပေးနေသလိုပင်။
သည်လိုနှင့် သူသည် သူ့အဖော်အား လည်ကုပ်ကို တအားခဲကာ အသိုက်ထဲမှ အောက်သို့ ပစ်ချလိုက်လေ၏။ သူ့အဖော်သည် အထိတ်တလန့်အော်ဟစ်ကာ တလိမ့်ခေါက်ကွေးနှင့် သစ်တောထဲကို ထိုးကျ သွားလေ၏။
သူသည် အောင်နိုင်သူတစ်ယောက်၏ ကြွေးကြော်သံကို ပြုလိုက်သည်။ သို့သော် အခွန်းပေါင်းများစွာ မကြုံးဝါးလိုက်ရ။ သူတို့နှစ်ဦး၏ တိုက်ပွဲကို စိမ်းစိမ်းကြီးကြည့်ရှုနေသော မိခင်ကြီးသည် ရုတ်တရက် အသိုက်ထဲ ခုန်ဆင်းလာကာ သူ့အား အသိုက်ပေါ်မှ ကန်ချလိုက်လေသည်။
XXX XXX XXX
သူသည် အတောင်အလက် မစုံသေးသော်လည်း မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ကျလာသည်။ သူ စောစောက ကိုက်ချလိုက်သော အဖော်ကို ရှာကြည့်သော်လည်း အနီးဝန်းကျင်၌ မမြင်ရပေ။ ထိုသူသည် မြေပြင်သို့ သူ့ထက်ဦးစွာ ရောက်သွားသူ ဖြစ်သဖြင့် သူ့လမ်းသူ သွားလေပြီ။
သူသည်လည်း သူ့လမ်းသူ လျှောက်ရုံသာ။ ထိုအခါမှစ၍ သူသည် မိခင်ကြီးအား လုံးဝ မမြင်မတွေ့ရတော့ပေ။ ဤသည်ကို သူကလည်း ဝမ်းမနည်း။ သူနိုင်လျက်နှင့် အသိုက်အမြုံမပိုင်ခဲ့ရသည်ကိုသာ ပြန်တွေး၍ ဒေါသဖြစ်ရ၏။
သည်အချိန်ကစ၍ သူ့လမ်းသူ စလျှောက်ရတော့သည်။ ကောင်းကင်မိုးယံထက်သို့ ပျံမတက်နိုင်သော်လည်း သစ်ပင်ကြို သစ်ပင်ကြား၊ ချုံကြိုချုံကြားတွင်သူ သွားလာပျံသန်းနေသည်။ အထူးသဖြင့် အမြင့်မှ အနိမ့်သို့ ခုန်ပျံသန်းရသောအလုပ်ကိုမူ သူကောင်းစွာ ကျွမ်းကျင်နေလေပြီ။
မိခင်ကြီးသည် သူ့အား ခြေထောက်နှင့် အသိုက်ထဲ က ကန်ချပြီး ဤအတတ်ပညာကို သင်ပေးလိုက်သည် မဟုတ်ပါလား။
XXX XXX XXX
သူသည် ပထမက မျိုးတူများဖြစ်ကြသော ငှက်မျိုးစုံတို့ ပျံသန်းသွားလာနေကြသည်ကိုကြည့်ကာ သူတို့နှင့် အရောတဝင်နေရန် ကြိုးစားကြည့်၏။ သို့သော် သူ့အား မည်သည့်ငှက်ကမျှ အကပ်မခံကြ။ သူ့ကို မြင်လျှင် သူ့ထက် ငယ်ရွယ်သူတွေက ပြေးရှောင်ကြသလို ကြီးသူများကလည်း အဖက်မလုပ် နေကြသည်။
ငှက်လောကကြီးတစ်ခုလုံးက သူ့အား အန္တရာယ်ကောင် တစ်ကောင်လို သဘောထားကြသည်။ ပစ်ပယ်ခြင်း၊ အထင်အမြင်သေးခြင်း၊ အရာမသွင်းခြင်းသဘော မဟုတ်ဘဲ သူ့ကို ကြောက်ရွံ့ထိတ်လန့်နေ ကြခြင်း အသွင်ကိုသာ ဆောင်နေကြလေ၏။ ထို့ကြောင့် သူသည် တခြားငှက်များနှင့် နီးနီးနားနားပင် နေမရတော့ဘဲ အထီးကျန် တစ်ကောင်တည်း ဖြစ်နေရလေ၏။
သည်လိုနှင့် သူသည် တစ်နေ့သ၌ မြေတွင် တွားသွားနေသော တိရစ္ဆာန်တစ်ကောင်ကို သစ်ပင်ထက်မှ ခုန်အုပ်၍ တိုက်ခိုက်၏။ သူ၏ ကုတ်ချွန်သော နှုတ်သီးမြမြနှင့် ချွန်ထက်သော ခြေသည်းများကြားတွင် တွားသွားသတ္တဝါလေးသည် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အသက်ပျောက်သွားလေသည်။
ဤသည်မှာ သူ၏ ပထမဆုံးသော အောင်ပွဲပင်တည်း။
XXX XXX XXX
သူသည် မြေပြင်တွင် တွားသွားတတ်သော တိရစ္ဆာန်များနှင့် ပိုးမွှားဟူသမျှကို အငမ်းမရ သတ်ဖြတ်စားသောက်ရင်း မိုးထက်အဇဋာပေါ် ပျံတက်လာလေသည်။ လေထဲတွင် တောင်ပံတစ်ချက်မျှ မခတ်ဘဲ အကြာကြီး ဝဲပျံနေ၏။ သူ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် စိတ်ကူးအိပ်မက်မက်ခဲ့ရသော လေတွင် ဝဲပျံမှုအတတ်နှင့် လတ်ဆတ်သန့်စင်သော အာကာသလေ၏ အထိအတွေ့ကို တဝကြီး ခံစားရလေ
သွေးစိမ်းရှင်ရှင်တို့၏ ချိုမြိန်သောအရသာနှင့် ညှိဟောက်သော အနံ့အသက်တို့သည် သူ့တစ်ကိုယ်လုံးတွင် အစဉ်အမြဲ ပျံ့နှံ့နေလေသည်။ ထိုအခါ သွေးဆာတတ်သော ဝသီနှင့် တိုက်ခိုက်လိုမှုတို့သည် ချက်ချင်း နိုးကြွလာပြန်လေ၏။
တောင်ကုန်းများ၊ တောအုပ်များပေါ် ပျံဝဲနေရာမှ ယာခင်းများ၊ လယ်ခင်းများ၊ ကိုင်းတောများပေါ် ရောက်လာ၏။ သူသည် မြေပြင်၌ လည်းကောင်း၊ တောတောင်များပေါ်၌ လည်းကောင်း သူပျံဝဲရာ အောက်မှ ထက်ကြပ်မကွာ ရွေ့လျားပါနေသော မိမိအရိပ်ကို ငုံ့ကြည့်ကာ ပီတိဖြစ်လျက် ရှိလေသည်။ တကစ်ကစ်နှင့် ကျယ်လောင်စူးရှသော အသံကို လည်း အကြိမ်ပေါင်းများစွာ ဟစ်ကြွေးလျက်ရှိလေသည်။
သည်လိုနှင့် သူသည် လယ်ကွင်းထဲမှ ကြွက်တစ်ကောင်ကို ဦးစွာ ဆင်းဖမ်း၏။ သူ၏ရှည်လျားစူးရှသော ခြေသည်းထဲ ဆန့်ငင်ဆန့်ငင် ပါလာသော လယ်ကြွက်ကြီး၏ ဦးခေါင်းကို လေထဲ၌ပင် နှုတ်သီးနှင့် ကိုက်ဖောက်သတ်ပစ်လိုက်လေသည်။
အာကာသမှ ထိုးဆင်းတိုက်ခိုက်ယူရသော တိုက်ပွဲကို သူ ပို၍ သဘောကျသွား၏။ အတောင်ပံနှစ်ဖက်ကို ရုတ်ခနဲ ဆွဲသိမ်းကာ လေထဲမှ အသည်းတအေးအေးနှင့် သားကောင်ရှိရာသို့ တစ်ဟုန်ထိုး ပြေးဆင်းသုတ်ချီရသော အလုပ်မှာ သွေးဆာတတ်သော သူ့အတွက် ပို၍ အရသာရှိလေသည်။
မြေပြင်ပေါ်မှ သူ့အရိပ် ဖြတ်ကျော်ခြင်းခံရသော တိရစ္ဆာန်ဟူသမျှသည် ရုတ်ခြည်း အသက်ပျောက်သွားတတ်ကြသလို ငြိမ်ကုပ်သွားတတ်ကြသည်။ ဤသို့ တိရစ္ဆာန်များ ကြောက်လန့်တကြီးနှင့် မှင်တက်မိသွားကြခြင်းသည် သူ့အတွက် အကောင်းဆုံးတိုက်ကွက် ဖြစ်လေသည်။
သူသည် တောင်တန်း၊ တောအုပ်ပေါ် အစာရှာရခြင်းထက် ယာဟောင်း၊ ကိုင်းတော၊ လယ်ကွင်းများပေါ် အစာရှာရခြင်းကို ပိုနှစ်သက်လာသည်။ တောင်ကုန်း၊ တောအုပ်များပေါ်၌ အစာရှာရခြင်းမှာ ထင်သလောက် မလွယ်ပေ။
စူးရှသော သူ့အကြည့်များသည် သစ်ရွက်စိမ်းများ၊ ချုံပုတ်များကို ဖောက်ထွင်း၍ မမြင်နိုင်သလို သစ်ကိုင်းပေါ် နားနေသော ငှက်ကလေးများကို ထိုးသုတ်ရန် ပြေးဆင်းလျှင်လည်း ငှက်ကလေးများသည် ရုတ်ခနဲ သစ်တောထဲ ခုန်ဆင်းသွားတတ်ကြသည်။
တစ်နေ့တွင် ကညင်ပင်ကြီးတစ်ပင်ပေါ်က ရှဉ့်ပေါက်တစ်ကောင်ကို လိုက်ဖမ်းရာ ကညင်ပင်ကြီး ကိုင်းတစ်ကိုင်းနှင့် ရုတ်တရက် တိုက်မိသဖြင့် တောင်ပံတစ်ဖက်ပင် နာသွား၏။ ထို့ကြောင့် ယခုအခါ သူသည် အမြင်ရှင်းသော လယ်ကွင်းရိုးပြတ်တောများ၊ ယာခင်းဟောင်းများ၊ ကိုင်းတောများ၌သာ ဝဲပျံအစာရှာလျက် ရှိလေသည်။
အမြင့်မှ လှမ်းကြည့်သော သူ့အမြင်ထဲတွင် လယ်ကြွက်ကြီးတစ်ကောင်အား ဝါးမျိုရန် ညှို့ဖမ်းနေသော လင်းမြွေကြီးတစ်ကောင်အား အပေါ်စီးမှ ပီပီပြင်ပြင် မြင်ရလေသည်။ ကြွက်သား ကြွက်သွေး စားဖူးသော သူ့အသိစိတ်တွင်မူ မြွေသား မြွေသွေး စားလိုသော ဇာတိစိတ်က ရုတ်ခြည်းနိုးကြွလာပြန်၏။
သူသည် လယ်ကွင်းပေါ် ပြင်းစွာ တိုက်ခတ်နေသော လေအလျင်ကို ခွဲဖြတ်ကာ လင်းမြွေကြီးရှိရာသို့ ထိုးချလိုက်သည်။
လယ်ကြွက်ကို စားလိုမှုနှင့် အစာငမ်းနေသော လင်းမြွေကြီးသည် ရုတ်ခြည်း သူ့ခြေသည်းနှစ်ဖက်ပေါ် စူးနစ်၍ပါလာ၏။ သို့သော် ပွဲဦးထွက် မြွေတိုက်ပွဲတွင် သူ့ခြေသည်းများသည် မှန်းခြေမကိုက် ဖြစ်သွားသည်။ မြွေ၏ ကုပ်ဆက်ကို မှန်းကုတ်သော သူ့ခြေသည်းများသည် ကုပ်ဆက်မှလွဲကာ ကိုယ်အလယ်ပိုင်းကို ကုတ်မိသွား၏။
ဤသည်မှာ ကောင်းကင်ထက်မှ သူကြည့်စဉ်က မြွေသည် ဤမျှကြီးမားလိမ့်မည်ဟု မထင်ခဲ့ခြင်းလည်း ပါ၏။
မြွေကြီးသည် သူ့ရင်ဘတ်ကို တစ်ချက်ပေါက် သည်။ အမွေးအမှင်ထူသော သူက မမှု။ သူ၏ စက်လက်နက်သဖွယ် ချွန်မြသော နှုတ်သီးကမူ မြွေကြီး၏ ဦးခေါင်းကို ဒက်ခနဲ ဒက်ခနဲ ပေါက်သတ်မိပြီးသား ဖြစ်သွားလေ၏။
တနင့်တပိုးကြီး လေးလံသော လင်းမြွေကြီးကို တန်းလန်းကြီးဆွဲချီကာ သူသည် တောင်စောင်းပေါ်ရှိ သစ်ပင်ခွကြားတစ်ခုသို့ ပြေးပျံလာသည်။ ချိုမြိန်သော လင်းမြွေကြီး၏ အသွေး အသား အနံ့တို့က သူ့ဝမ်းဗိုက်ကို ဆာလောင်စေသည်။
သစ်ပင်ကြီးနား ရောက်လာသောအခါ ခရီးတစ်လျှောက်လုံး ဆွဲယမ်းလှုပ်ခါလာသော သူ့စွမ်းအားကြောင့် လင်းမြွေကြီးသည် အရိုးအဆစ်တွေပြုတ်ကာ ဆန့်ဆန့်ကြီး သေနေလေပြီ။ သူသည် လင်းမြွေကြီးအား စိမ်ပြေနပြေ စားသောက်ရန် သစ်ပင်ခွကြား၌ နားလိုက်လေ၏။
ထိုစဉ် တကစ်ကစ်နှင့် မာန်ဖီပြီး ပျံလိုက်လာသော စွန်ရဲကြီး တစ်ကောင်၏ ကြုံးဝါးသံကို ကြားလိုက်ရသည်။ သူပိုင်ဆိုင်သော နယ်ပယ်မှ လုယူထိုးသုတ်သွားသော လင်းမြွေကြီး၏ ဥပါဒါန်ကြောင့် စွန်ရဲကြီးသည် သူ့အား အငြိုးကြီးစွာနှင့် စတင်တိုက်ခိုက်လေသည်။
မျိုးတူစုချင်း တိုက်ပွဲကို မဆင်နွှဲခဲ့ဖူးသော သူသည် ရုတ်တရက်ကြောင်သွား၏။ သူ့ထက် တစ်ဆမျှကြီးသော စွန်ရဲကြီးကိုလည်း ရုတ်တရက်ကြောက်ရွံ့ ထိတ်လန့်သွားသည်။
ဧရာမစွန်ရဲကြီးသည် ဤသည်ကိုပင် အခွင့်ကောင်းယူကာ သူတိုက်ခိုက်ယူလာသော လင်းမြွေကြီးကို ကုတ်ချီယူပြေးသွား၏။ သူသည် အင်အားချင်းမမျှသည်ကိုပင် သတိမရလိုက်နိုင်တော့ဘဲ အာဟာရ၏ ချင်ခြင်းရမ္မက်နှင့် စွန်ရဲကြီးနောက်ကို ပြေးလိုက်ထိုးကိုက်၏။
စွန်ရဲကြီး၏ ခြေနှစ်ခုကြားမှ လင်းမြွေ လွတ်ကျသွားသည်။ ထိုအခါ စွန်ရဲကြီးသည် ကြီးစွာ ဒေါသပေါက်ကွဲပြီး သူ့ကို အသေအကျေ တိုက်ခိုက် တော့သည်။
လေထဲမှ လုံးထွေးကျလာကြရင်း စွန်ရဲကြီးသည် လမ်းခုလတ်၌ သူ့ကို ဆောင့်ကန်ပစ်လိုက်၏။ ရုတ်တရက် သူ့ခေါင်းသည် ထုံကျဉ်သွားလေသည်။ စူးရှသော မျက်လုံးအမြင်များလည်း ဝိုးဝါးသွား၏။ တစ်ကိုယ်လုံးမှ ကျွတ်ထွက်လွင့်ပျံသွားသော အမွေးများသည် လေထဲတွင် လွင့်ပျံနေကြသည်။
သူ သတိရသောအခါ မြေပြင်နှင့် ဆောင့်မိရန် ဝါးတစ်ရိုက်ပင် မလိုတော့ပေ။ ကိုယ်ရှိန်သတ်ကာ ရုတ်တရက် ထပျံသည်။
အငြိုးကြီးသော စွန်ရဲကြီး၏ တရစပ် ကိုက်ခဲထိုးကုတ်ခြင်းကို ခံလိုက်ရပြန်သည်။ အာကာသကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်ထားသော စွန်ရဲကြီးသည် လင်းမြွေကြီးကိုပင် မေ့သွားကာ သူ့နောက်ကိုသာ အတင်းပြေးလိုက် ထိုးကိုက်လေတော့သည်။
ရှိသမျှခွန်အားနှင့် သူ ခုခံပြန်ကိုက်သေး၏။ သို့သော် တိုက်ပွဲပေါင်းများစွာတို့တွင် အောင်ပွဲရထားသော စွန်ရဲကြီးကို သူ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တော့ပေ။
တောင်ပံနှစ်ဖက်နှင့် ခြေနှစ်ဖက်က လေးလံလာသည်။ အကိုက်ခံရပေါင်းများသဖြင့် ဦးခေါင်းနှင့် တစ်ကိုယ်လုံးသည်လည်း နာကျင်လာလေပြီ။
သူသည် ရှုံးနိမ့်သူတို့၏ အသံကို ပြုရ၏။ တောင်ချိုင့်တစ်ခုနားသို့ ပြေးဝင်ရန် ကြိုးစားလိုက်မိသည်။
သို့သော် စွန်ရဲကြီးကား သူ့အား ချမ်းသာမပေး။ လိုက်မြဲလိုက်ကာ တိုက်မြဲတိုက်ခိုက်၏။ ဤမျှအငြိုးကြီးနေသော စွန်ရဲကြီးကို သူ အကြောက်ကြီး ကြောက်လာ၏။ သူငယ်စဉ်က တစ်ကောင်သော သူ့အဖော်အား မိခင်ကြီးအလစ်တွင် ထိုးသုတ်ယူသွားသည်မှာ ဤတိရစ္ဆာန်ကြီးပင် ဖြစ်လေမလားဟု တွေးလိုက်၏။ သူတို့ ကြီးပြင်းလာလျှင် သူ့နယ် စားကျက်ကို လာလုတိုက်ခိုက်မှာစိုးသဖြင့် ဤစွန်ရဲကြီးသည် သူတို့အား ငယ်စဉ်ကပင် အပြတ်ရှင်းသတ်ရန် ရန်ငြိုးထားသူသာ ဖြစ်လေသည်။
ဤမျှ ရန်ငြိုးကြီးနေသူအား ခုခံတိုက်ခိုက်နေလျှင် သေဖွယ်သာ ရှိသည်ကို ချက်ချင်း သိလိုက်သော သူသည် စွန်ရဲကြီးနယ်ပယ်မှ အထိတ်တလန့် အော်ကာ တောင်ကြားထဲ ဝင်ပြေးလာရလေ၏။
နာကျင်ပန်းဟိုက်မှုနှင့်အတူ သူသည် အရွက်စိပ်သော သစ်ပင်ကြီး၏ အရိပ်တစ်ခုထဲ ဝင်ပုန်းနေရ၏။ အငြိုးကြီးသော စွန်ရဲကြီးသည် စိန်ခေါ်သံကို အခါခါမြည်ကြွေးပြီး တောင်ချိုင့်ကြားတွင် သုံးလေးပတ် ဝဲပျံနေသည်။
သူသည် စွန်ရဲကြီးကို ထွက်မတိုက်ဝံ့တော့ပေ။ တိုက်ပွဲအတွေ့အကြုံ နည်းပါးမှုကြောင့် ကြောက်ရွံ့သွား၏။ စွန်ရဲကြီးက မည်မျှ စိန်ခေါ်အော်ဟစ်နေသော်လည်း သူကား တုတ်တုတ်မျှ မလှုပ်ရဲတော့ဘဲ ငြိမ်ကုပ်နေရလေ၏။
စွန်ရဲကြီးပြန်သွားမှ သစ်ရွက်အုပ်ထဲက သူ ထွက်လာရဲလေသည်။ ကြောက်စိတ်ပြေပျောက်သွားသောအခါ ဆာလောင်မှုဝေဒနာသည် တစ်မုဟုတ်ချင်း ပြန်ပေါ်လာပြန်၏။ ထိုအခါ တောင်တန်းများ ပေါ်ပျံဝဲပြီး အစာရှာရပြန်လေ၏။
XXX XXX XXX
နယ်သစ် ပယ်သစ်ကို နောက်ထပ်မရှာရသေးသော သူသည် မိုးဥတုနှင့် ဆောင်းကာလတစ်လျှောက်လုံးကို သည်တောင်ကြောကုန်း တစ်ဝိုက်၌သာ အချိန်ကုန်စေလေ၏။
ယာခင်းဟောင်းများတွင် ကြွက်များ၊ ယုန်များ၊ ရှဉ့်ငပေါများ၊ ကြက်များကို ထိုးသုတ်ဖမ်းစားရင်း အင်အားအသစ်တို့သည် နိုးကြားပေါ်ပေါက်လာပြန်လေသည်။
တောင်ကြောကုန်းတန်းတစ်လျှောက်၌ လေဟုန်စီးကာ သူ အစာရှာရပြန်သည်။ သည်နယ်တစ်ဝိုက်တွင် ရန်သူများကို မတွေ့ရသေး။ သည်ဒေသသည် သူ၏ကြီးစိုးမင်းမူရာ ဒေသဖြစ်လာသည်။
နွေဦးပေါက်ကာလတွင် သူ့အာရုံ၌ ထူးထူးခြားခြားအနံ့အသက် တစ်မျိုးကို ရှူရှိုက်မိသည်။ ထိုအနံ့အသက်ကြောင့် သူ့အမွေးအတောင်တို့သည် ကြွရွပွယောင်းလာသည်။ လည်ပင်းတစ်လျှောက်မှ အမွေးများ
သည် ပြန်လည်ပြားချပ်သွားခြင်းမရှိဘဲ အမြဲ ထိုးထိုးထောင်ထောင် ဖြစ်နေ၏။
ဝေဒနာသစ်ကြောင့် သူ စိတ်တိုလာသည်။ လေဟုန်စီးကာ ပျံဝဲနေရင်းက အာရုံသစ်အနံ့များသည် သူ့ကို နှောင့်ယှက်လျက်ရှိကြသည်။ အတိတ်ကာလကို လေထဲတွင် အတောင်မခတ်ဘဲ လေဟုန်စီး လေဈာန် ခံနေ၍မရ ဖြစ်လာသည်။ သူ့စိတ်သည် ကြီးစွာလှုပ်ရှားလာ၏။ ဝေဒနာသစ်၏ အနံ့အသက်များအပေါ်တွင် သာယာတပ်မက်မှုတို့ကလည်း ဖြစ်ပေါ်လာသည်။
သစ်ပင်ပေါ် နားနေစဉ်၌လည်း တစ်စုံတစ်ခုကို အလို မကျဖြစ်ကာ သစ်ခွံများကို နှုတ်သီးနှင့် ပေါက်ကိုက်ထိုးဆွနေမိသည်။ ဂနာမငြိမ်စိတ်နှင့် လေထဲပျံတက်လာ၏။ သည်မှာတင် ခံစားရှူရှိုက်ဖူးသော အနံ့အသက်တစ်ခုကို သူ ထပ်၍ ရှူရှိုက်မိပြန်၏။ ဤ တစ်ခါ အာကာသထဲ၌ လေဟုန်စီးနေ၍ မရတော့။ အနံ့လာရာသို့ သူ တောက်လျှောက်ကြီး ဝဲပျံလိုက်လာလေသည်။
တွေ့ပါပြီ။ သူ့အား အသေအကျေတိုက်ခိုက်ဖူးသော စွန်ရဲကြီးနှင့် သိမ်းငှက်မငယ်တစ်ကောင်။ သိမ်းငှက်မငယ်ကို မြင်သောအခါ သူသည် စွန်ရဲကြီးအား လုံးဝ ကြောက်စိတ်ပျောက်သွားသည်။ ခွန်အား သစ်နှင့်အတူ သူသည် စွန်ရဲကြီးအား ချက်ချင်း ရင်ဆိုင်တိုက်ခိုက်လေသည်။
ဤတစ်ခါ စွန်ရဲကြီးသည် သူ၏ ရဲရဲရင့်ရင့်တိုက်ခိုက်မှုကို မရှုမလှ ခံရလေတော့သည်။ စွန်ရဲကြီး၏ ဦးခေါင်းကို သူ၏ တောင်ပံနှင့် တဖြောင်းဖြောင်း ရိုက်ခတ်ပစ်သည်။ ခြေသည်းချွန်ထက်ထက်နှင့် ကျောကုန်းမှ အမွေးများကို ပလူပျံသွားအောင် ကုတ်ဖဲ့ဆွဲခါပစ်လိုက်သည်။ မော့လာသော ဦးခေါင်းကို သန်မာချွန်ထက်သော သူ၏ နှုတ်သီးကောက် ကောက်နှင့် တအားပေါက်ကိုက်ချလိုက်သည်။ ကိုယ်ချင်းပူးမိသည်နှင့် တစ်ပြိုင်နက် လည်ကုပ်ကို မိမိရရကိုက်ခဲကာ စွန်ရဲအိုကြီးအား လေဟာပြင်ထဲမှ ပစ်ကန်ချလိုက်လေသည်။
အောင်အောင်မြင်မြင် ကလဲ့စားချေလိုက်ရသော သူသည် သိမ်းငှက်မငယ်နောက် ဝဲပျံလိုက်လာသည်။ တကစ်ကစ် အော်မြည်ပျံပြေးသွားသော သိမ်းငှက်မငယ်သည် ရုတ်တရက် လေဆန်ထဲ ပြေးမပျံနိုင်ဘဲ ရှိ၏။ နိမ့်မြင့်စီးမျောနေသော လေစီးကြောထဲ၌သာ မျောပါနေကြ၏။ မကြာပါချေ။ လေလှိုင်းထဲတွင် လူးလာပြေးပျံနေသော သိမ်းငှက်မငယ်အား သူသည် လျှပ်တစ်ပြက် ဝင်ရောက်ကာ အပိုင်သိမ်းယူလိုက်လေသည်။
XXX XXX XXX
နယ်ပယ်သစ်ကို စိုးမိုးလိုက်နိုင်သော သူနှင့် သိမ်းငှက်မတို့သည် တောင်ပံချင်းယှက်ကာ ကောင်းကင်၌ ပျံဝဲနေကြလေ၏။ သည်လိုနှင့် အာရုံသစ်တစ်ခုသည် နိုးကြွလာပြန်၏။ သူတို့မောင်နှံသည် များစွာ ရှာဖွေရခြင်းမရှိဘဲ တောင်စောင်းတစ်ခုနား ရောက်လာကြ၏။ ကညင်ပင်ကြီး၏ ကိုင်းတစ်ကိုင်းအောက်မှ တွဲရရွဲဆွဲနေသော ပျားတစ်အုံကို မြင်ကြရသည်။ ထိုအခါ ပြိုင်တူထိုးဆင်းပြီး ပျားသူငယ်အိမ်ရှိရာ ပျား သလက်ကို ကိုက်ဖဲ့ပျံတက်လာကြ၏။
ပျားသူငယ်အိမ်အား လာရောက်ထိုးသုတ်သွားသော သူတို့မောင်နှံ နောက်ကို ပျားများသည် အုပ်ဖွဲ့လိုက်လာကြ၏။ အသိန်းအသောင်းမကသော ပျားကောင်များသည် သူတို့မောင်နှံအား မီရာ၌ပင် ကိုက်တုပ်ထိုးဆိတ်ကြ၏။
သို့သော် ထောင်သောင်းမကသော ပျားကောင်များ ထိုးတုပ် ကိုက်ခဲကြသော်လည်း အမွေးအမှင်ထူသော သူတို့ဇနီးမောင်နှံကား ဘာမျှမဖြစ်ပေ။ လေကြောကို တည့်တည့်မတ်မတ် ပျံတက်ရင်းကပင် ကိုက်ချီယူလာကြသော ပျားသူငယ်အိမ်များကို အားပါးတရ ဝါးစားပစ်ကြလေသည်။
ဒေါသပေါက်ကွဲနေကြသော ပျားများသည် လေကြောထဲ သူတို့ မောင်နှံအား တည့်တည့်မတ်မတ် ပျံတက်ပြေးလိုက်လာနိုင်ကြခြင်းမရှိ။ ပါးလျားသေးငယ်သော ပျားငယ်တို့၏အတောင်ပံသည် လေပြင်းသော ဒဏ်ကို မခံနိုင်ကြသဖြင့် သူတို့၏သိုက်အုံရှိရာသို့သာ ပြန်ဆင်းပြေးသွားကြရလေသည်။
သည်လိုနှင့် သူတို့မောင်နှံသည် ချိုမြိန်အီဆိမ့်သော ပျားငယ်များကို အာလယတက်ကာ အခေါက်ခေါက်အခါခါ ထိုးသုတ်စားသောက်နေကြသည်။ ထောင်ပေါင်းများစွာသော ပျားကြီးများကလည်း သူတို့နောက်ကို ဒေါသတကြီးနှင့် အခေါက်ခေါက်အခါခါ လိုက်လံကိုက်တုပ်ကြ၏။ သို့သော် သူတို့၏တိုက်ခိုက်မှုမှာ အချည်းနှီးသာ။ သွေးညှီနံ့လွှမ်းသော သားစိမ်း ငါးစိမ်းကောင်များနှင့်စာလျှင် အဆီရည်တည်ခါစ ပျားကောင်ငယ်များမှာ သူတို့ဇနီးမောင်နှံအတွက် ပို၍ ခံတွင်းတွေ့လှလေသည်။
ထို့ကြောင့်လည်း သူတို့ဇနီးမောင်နှံသည် ပျားအုံကြီးနားက မခွာနိုင်ကြတော့ဘဲ နေ့စဉ်ရက်ဆက်ပင် ပျားသူငယ်နုနုများကို ထိုးသုတ်စားသောက်လျက် ရှိနေကြလေသည်။
သို့သော် မကြာပါချေ။ သူတို့ဇနီးမောင်နှံနှင့် ပျားများ တရုန်းရုန်း တဝုန်းဝုန်း နေ့စဉ်တိုက်ခိုက်နေကြရသောအခါ အသံဗလံများကြောင့် စည်းပေါက်သွား၏။ သစ်ခုတ်သမားများသည် စွန်သတ်ပျားကို ဖွပ်ယူရန် မီးတုတ်၊ ဝါးပြောင်း၊ ဝါးကျည်တောက်တွေနှင့် ရောက်လာကြ၏။ စွန်သတ်ပျားအုံကို လူသားတွေ ဖွပ်ယူသွားကြသောအခါ သူတို့မောင်နှံမှာလည်း မည်သို့မျှမတတ်နိုင်ကြတော့ဘဲ ထိုအရပ်မှ စွန့်ခွာလာခဲ့ကြရလေ၏။
XXX XXX XXX
သူတို့သည် ချိုမြိန်အီဆိမ့်သော ပျားအုံကြီးကို စွန့်ခွာလာခဲ့ကြရသလို မိုးတွင်းတွင် အစာရှာခက်ခဲသော အရပ်များကိုလည်း စွန့်ခွာထားခဲ့ကြ၏။
သည်လိုနှင့် ရာသီဥတုကောင်းမွန်သော မိုးနှောင်းကာလ တစ်နေ့ သ၌ သိမ်းငှက်မငယ်သည် သူ့ကို စွန့်ခွာသွားပြန်လေသည်။ တောက်ပသော နေရောင်ခြည်ထဲတွင် အတူပျံဝဲ နေစာလှုံနေကြရင်းက ပျောက်ခြင်းမလှ ပျောက်သွား၏။
သိမ်းငှက်မလေးကိုရှာရင်း သူသည် တောင်ကုန်းများ၊ တောအုပ်များကို ဖြတ်ကျော်လာသည်။ မိုးကောင်းကင်တစ်ခုလုံးကို စိုးမိုးပိုင်သထားသူတစ်ဦးပမာ လေဟုန်စီးကာ ဝဲပျံနေ၏။
သူသည် သိမ်းငှက်မလေးကိုရှာရင်း မြို့ရွာများပေါ်ရောက်လာ၏။ သိမ်းငှက်မကိုကား မတွေ့ရသေး။
အမှန်မှာ သိမ်းငှက်မငယ်သည် သားသမီးငယ်များ မွေးဖွားရန်အတွက် အသိုက်အမြုံကို သူမသိအောင် တမင် ခြေရာဖျောက်သွားခြင်းပင် ဖြစ်လေသည်။ သူသည် သိမ်းငှက်မကို ဆက်ရှာရင်း ရွာသူရွာသားတို့၏ ကြက်ကလေး၊ ငှက်ကလေးများကို ဝင်ရောက်ထိုးသုတ်သည်။ ရွာစွန်ရွာဖျားရှိ တဲနား၊ အိမ်နားတွင် လှည့်ပတ်ပျံသန်းနေသည်။
တစ်နေ့သ၌ လယ်တဲနားတစ်ခုမှ ကြက်ကလေးတစ်အုပ်ကို ဝင်ရောက်ထိုးသုတ်ရန် အဆင်းတွင် သူ၏အရိပ်ကို ကြက်မကြီး မြင်သွား၏။ ကြက်မကြီးသည် သူ့ကလေးများအားလုံးကို ရင်အုပ်ထဲသွင်းပြီး ကာကွယ်သည်။
ကြက်မကြီးက အရှိန်ပြင်းစွာ ထိုးဆင်းလာသော သူ့ကို လှမ်းခွပ်၏။ ကိုယ်ကိုမထိန်းနိုင်ဖြစ်ပြီး ကြက်မကြီး၏ ခွပ်လက်ထဲ တည့်တည့်မတ်မတ် ဝင်မိလျက်သား ဖြစ်သွားသည်။ ကြက်မကြီး၏ ဆီးခွပ်မှုကြောင့် သူ့မျက်လုံးတစ်ဖက် ပြာဝေသွားသည်။ လှည့်အရှောင်လိုက်တွင် သူ့ကိုယ်လည်း ခြံတိုင်တစ်ခုနှင့် ဝင်တိုက်မိ၏။
မြေပြင်တိုက်ပွဲကို မကျွမ်းကျင်သောသူသည် လေထဲပျံတက်လာ၏။ ကြက်မကြီး၏ ကတော်တိုက်သံနှင့် ကြက်ကလေးများတို့၏ အထိတ်တလန့် အော်ကြသံတို့မှာ ရုတ်ခြည်းဆူညံသွားသည်။ သူသည် နောက်ထပ် ကြက်ကလေးတစ်ကောင်ကို ရလိုရငြား တစ်ပတ်ပျံဝဲလာသေး၏။
သည်မှာတွင် ကြက်သားပေါက်မနား၌ လူသားတစ်ယောက် မတ်တတ်ရပ်နေသည်ကို မြင်ရသည်။ ကြက်မကြီးသည် လူသားအားကိုးနှင့် တစ်ကိုယ်လုံးရှိ အမွေးအမှင်များကို ထောင်ကာ သူ့အား စိန်ခေါ် ကတော်တိုက်နေလေသည်။
သူသည် နာကျင်သောဒေါသစိတ်နှင့် ကြက်မကြီးကိုပင် ဆင်းကုတ်ရန် အားယူလိုက်၏။ ထိုစဉ် လူသားကြီးဆီမှ ပစ်လွှတ်လိုက်သော ခဲလုံးလေးတစ်လုံးသည် သူ့ကိုယ်နားက ဝှီခနဲ ဖြတ်သွားသည်။ သူ့ ကိုယ်ကိုပင် လေဟပ်သွား၏။
လူသားကြီးသည် သူပျံဝဲနေသော အခြေအနေကို မော့ကြည့်ကာ စောင့်ဆိုင်းနေသည်။ မနီးမဝေးရောက်လာတိုင်း လေးခွနှင့် လှမ်းလှမ်းပစ်ခဲ့၏။ ခဲလုံးလေးများသည် သေးငယ်သလောက် အရှိန်အဟုန်ပြင်းလွန်းသဖြင့် သူလှည့်ထွက်လာရလေသည်။
XXX XXX XXX
ရေပေါ်ပျံဝဲကာ ရေထဲဆင်းနားနေကြသော စင်ရော်ငှက်တစ်အုပ်ကို အပေါ်စီးက သူကြည့်နေ၏။ ပင်လယ်ပြင် စင်ရော်ကြီးများသည် လေထဲတက်ပျံလိုက်၊ ရေပြင်ထဲနားလိုက်နှင့် ပျော်မြူးနေကြ၏။ ရေတွင် နားနေနိုင်ကြသော စင်ရော်များကို မြင်ရသောအခါ သူ့စိတ်ထဲမှာ သိမ်းငှက်မကို သတိမရတော့။ စင်ရော်တို့၏ အစွမ်းအစကိုသာ တအံ့တသြ ငေးမောပျံကြည့်နေသည်။
စင်ရော်များသည် လှိုင်းလုံးထိပ်များဆီမှ ငါးများကိုလည်း ထိုးသုတ်စားသောက်နေကြသည်။ စင်ရော်ကြီးများ ငါးရှာစားနေကြသည်ကို မြင်ရသောအခါ သူ့ဝမ်းမီးသည် တရှိန်ရှိန်တောက်လောင်လာ၏။ စင်ရော်ကြီးတို့၏ ထိုးသုတ်သတ်ဖြတ်ခြင်းခံရသော ငါးများဆီမှ သွေးညှီ သွေးနံ့များသည် သူ၏ ဆာလောင်မွတ်သိပ်နေသော အာလယကို ပြင်းပြင်းပြပြ နှိုးဆွပေးနေလေသည်။
သူသည် ကောင်းကင်ယံထက်တွင် ပျံဝဲနေရာမှ ရေပြင်နှင့် နီးနီးသို့ ထိုးဆင်းလာ၏။ သည်မှာတင် လှိုင်းခေါင်းဖြူများ၏ထိပ်တွင် တလိမ့်လိမ့်ပါနေကြသော ငါးများကို မြင်လိုက်ရသည်။
ဆာလောင်မွတ်သိပ်မှုနှင့် သွေးဆာတတ်မှုတို့သည် တိုက်ပွဲဝင်ရန် သူ့ကို စေ့ဆော်လျက်ရှိကြလေပြီ။ သို့သော် ရေထဲမှ ငါးများကို ဆင်းဖမ်းရန်မှာကား သူ့အတွက် တစ်ခါဖူးမျှ မကြုံဖူးသေးသော တိုက်ပွဲပင်။
သူသည် စင်ရော်ကြီးများ ထိုးသုတ်စားသောက်နေကြသော ငါးများဆီမှ သွေးညှီနံ့ကို ခံကာ ရေစပ်ရှိ ကျောက်ဆောင်ကြီးပေါ် ခဏနားလိုက်သည်။ ပင်လယ်လေကို တဝကြီးရှူရှိုက်ကာ စင်ရော်ကြီးများ ငါးဖမ်းနေကြသည်ကို အားကျစွာ ငေးကြည့်နေ၏။
ငြိမ်နေ၍မရတော့။ သူ ရှူရှိုက်လိုက်တိုင်း ငါးများဆီမှ သွေးညှီ သွေးနံ့များသည် သူ့စိတ်ကို အမြဲစေ့ဆော်နေလေပြီ။
ကျောက်ဆောင်ပေါ်မှ ရုတ်ခနဲ ထပျံလိုက်၏။ လှိုင်းလုံးကြီးများ ပေါ် ရောက်သွားသည်။ လှိုင်းစီး၍မြူးနေကြသော ငါးများကို မြင်လိုက်ရသည်။ လှိုင်းလုံးနှင့်အတူ ရုတ်တရက် ငါးများပျောက်သွားပြန်၏။ သူသည် ရေပြင်ထက်၌ တစ်ပတ် နှစ်ပတ် ဝဲပျံနေသည်။
လှိုင်းခေါင်းဖြူကြီးထိပ်မှ ငါးတစ်ကောင်ပေါ်လာသည်။ တိုက်ပွဲဝင်ခါနီးတိုင်း မြည်တတ်သော တကစ်ကစ်အသံကို မြည်ကြွေးကာ သူသည် လှိုင်းခေါင်းဖြူထိပ်မှ ငါးကို ဆင်းကုတ်၏။ သူ့ခြေထောက် တွေ ရေစိုသွားသည်။ ငါးကို မမိလိုက်။
သူ ဟစ်ကြွေးသံကြောင့် စင်ရော်ကြီးများသည် သူ့ကို သတိပြုမိ သွားကြသည်။ ငါးမမိလိုက်သော သူ့အား လှောင်ပြောင်လိုသော အကြည့်နှင့် စင်ရော်ကြီးများ ဝိုင်းကြည့်နေကြသည်ဟု ထင်လိုက်ရသည်။
ရှက်စိတ် ဒေါသနှင့်အတူ မာန်ဖီဟစ်ကြွေးကာ ဒုတိယအကြိမ် လှိုင်းခေါင်းဖြူထိပ်မှ ငါးလေးတစ်ကောင်ကို ဆင်းကုတ်သည်။ ဤ တစ်ခါတော့ ငါးလေးသည် သူ့ခြေသည်းနှစ်ဖက်ကြားထဲ စူးပါလာ၏။ သို့သော် လှိုင်းထိပ်နှင့် မလွတ်သဖြင့် သူ့ကိုယ်တစ်ဝက် ရေစိုသွားလေသည်။
အောင်ပွဲရသောအသံကို ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးကာ ကျောက်ဆောင်ကြီးဘက် ဝဲပျံလာ၏။ ကျောက်ဆောင်ပေါ်နားကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော ငါးလေးကို ခြေထောက်နှင့် ဖိကုတ်ထားရသည်။
တိုက်ပွဲသစ်၏ အောင်ပွဲအတွက် သူ စိတ်မချသေး။ ပတ်ဝန်းကျင် ဘယ်ညာကို အကဲခတ်ကြည့်၏။ ယခင်က သူတိုက်ခိုက်၍ရထားသော လင်းမြွေကြီးအား စွန်ရဲကြီး လာလုသလို အနီးအနားတွင် လုယက်တိုက် ခိုက်နိုင်သူ ရှိ မရှိ ကြည့်ရ၏။ အထူးသဖြင့် သူ့ကိုယ်နှင့် ရွယ်တူလောက်နီးနီးရှိသော ပင်လယ်ပျော်စင်ရော်ကြီးတွေကို သူ စိတ်မချ။
သို့သော် စင်ရော်ကြီးများသည် သူ့ကို ရန်မမူကြ။ ဘာသာလဝါသာ အော်ဟစ်မြူးတူးနေကြ၏။ သူသည် ရေစိုလာသော အမွေးအမှင်များကို တဖြုန်းဖြုန်းခါပစ်လိုက်၏။ ရေသီးရေမွှားများသည် ဘေးသို့ စဉ်ထွက်သွားကြလေသည်။
ခြေသည်းထဲတွင် မိနေသော ငါးလေးကို ကြည်နူးဝမ်းသာစွာ ငုံ့ကြည့်လိုက်၏။ ငါးကိုစားသောက်ရန် ခြေသည်းများကို ဆန့်ဖြုတ်သောအခါ တော်တော်နှင့် ပြန်ဖြုတ်မရ ဖြစ်နေ၏။ တအားကုတ်ဖမ်းထား သော သူ့ခြေသည်းများသည် ငါး၏ကိုယ်ပေါ်တွင် အရင်းထိ စူးနစ်နေကြသည်။
တောင်ပံနှင့် နှုတ်သီးကို အားပြုကာ ခြေသည်းကြားထဲက ငါးလေးကို ဖြုတ်ရ၏။ တော်တော်နှင့် ဖြုတ်မရသောအခါ နှုတ်သီးနှင့် ထိုးဆိတ် ကိုက်ဝါးစားရသည်။ ငါးအသားမှာ ကြက်ငှက်များအသားထက် နူးညံ့ သဖြင့် သူ့ခြေသည်းများ အတိုင်းအဆမရှိ စူးဝင်နေကြလေသည်။
သို့သော် သူပျော်သွား၏။ ဤကျောက်ဆောင်ကို အမှီပြုကာ သူသည် ငါးဖမ်းသောအလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီဟုလည်း သိလိုက်၏။ ပင်လယ်ငါးကို စားသောက်ရသောအခါ ခွန်အားတို့သည် ပို၍ ပြည့်ဖြိုးလာလေသည်။
သည်လိုနှင့် တစ်နေ့မှာ ကျောက်ဆောင်ပေါ် အသိုက်လာလုပ်နေကြသော ဇီဝဇိုးငှက်ငယ်တစ်ကောင်ကို အမှတ်မထင် ဖမ်းစားလိုက်မိ၏။ ဤမျှထူးခြားသော အရသာကို တစ်ကြိမ်တစ်ခါမျှ မစားသောက် ဖူးသေးသော သူသည် တစ်ကိုယ်လုံးရှိ အမွေးအမှင်များပင် ချက်ချင်း ထောင်ထသွားလေ၏။
ကုန်းနေ၊ ရေနေတိရစ္ဆာန်ဟူသမျှထဲတွင် ဤဇီဝဇိုးငှက်ငယ်လို အရသာထူးခြားပြီး အသွေးအသားကောင်းသော တိရစ္ဆာန်ကို သူ မစား မသောက်ဖူးသေးပေ။
ထို့ကြောင့် လှိုင်းလုံးကြီးများထိပ်မှ ရေစိုခံကာ ငါးဖမ်းရသောအလုပ်ကိုပင် သူမေ့သွားလေသည်။ သူ့ကိုယ်ခန္ဓာမှ တောင့်တနေသော အသွေးအသားများမှာ ဇီဝဇိုးငှက်ငယ်များ၏ အသွေးအသားများသာ။
သူသည် နေ့စဉ်လိုလိုပင် မိုးပေါ်မှ တိမ်ညွန့်ကိုစားပြီး အန်ဖတ်နှင့် အသိုက်လာလုပ်ကြသော ဇီဝဇိုးငှက်ငယ်များကို တစ်ကောင်ပြီး တစ်ကောင် အာသာငမ်းငမ်းနှင့် ဖမ်းစားသတ်ဖြတ်လျက် ရှိလေသည်။
သို့သော် မကြာပါချေ။ ငှက်သိုက်ရှာနေသော လူသားများသည် ကျောက်ဆောင်ပေါ် ရောက်လာကြ၏။ ထိုအခါ သူ့ကို လိုက်လံပစ်ခတ်ကြသည်။ သူ့အား အကြိမ်ကြိမ် နှောင့်ယှက်ဖူးသော၊ သူ၏ အစာအာဟာရများကို အကြိမ်ကြိမ် လုယူဖူးကြသော လူသားများကို သူ အကြီးအကျယ် ဒေါသဖြစ်သွားသည်။ သူ့လက်ထဲမှ ပျားသူငယ်များနှင့် ကြက်ငှက်များကို လုယူကြသော လူသားများသည် ယခုလည်း အလွန်အရသာထူးသော ဇီဝဇိုးငှက်ငယ်များကို လုယူရန် ကျောက်ဆောင်များပေါ် ရောက်လာကြပြန်လေပြီ။
ယခင်က လူသားများနှင့်စာလျှင် ယခုလူသားများသည် သူ့ အပေါ် ပို၍ အငြိုးကြီးနေကြသည်။ ငှက်သိုက်ကျောက်ဆောင်ပေါ် မဆိုထားနှင့်၊ အနီးအနားတွင် သူပျံဝဲနေသည်ကိုပင် လုံးဝမလိုလားကြ။ မီရာလက်နက်နှင့် လှမ်းပစ်ကြ၏။ ခြောက်လှန့်ရုံမဟုတ်၊ သေတွင်းသို့ ပို့ရန် တမင်ချောင်းမြောင်း၍ ပစ်ခတ်ကြသည်။
ဇီဝဇိုးငှက်ငယ်များ၏ သွေးသားအာလယပြင်းပြနေသော သူသည် ညအချိန် လူအလစ်၌ ဇီဝဇိုးငှက်ငယ်များကို ဖမ်းစားရန် ကြိုးစားကြည့်သေး၏။ သို့သော် အချည်းနှီးသာ။
သူ့အား လွန်စွာအငြိုးထားသော လူသားများသည် အကာလ ညအချိန်၌ပင် သူ့အား အလစ်မပေးဘဲ စောင့်ကြိုပစ်ခတ်ကြ၏။ ကြာသော် သူသည် ဇီဝဇိုးငှက်ငယ်များ အသိုက်လုပ်တတ်သော ကျောက်ဆောင်နားပင် မသီရဲ ဖြစ်လာရသည်။
ထာဝရသွေးဆာပြီး တိုက်ပွဲတွင်ပျော်တတ်သော်လည်း လူသားများနှင့် ဘက်ပြိုင်ကာ တိုက်ပွဲမဝင်နိုင်သော သူသည် ဇီဝဇိုးငှက်ငယ်များရှိရာ ကျောက်ဆောင်ကို သည်လိုနှင့် စွန့်ခွာခဲ့ရလေသည်။
သို့သော် ပင်လယ်ကမ်းခြေကိုကား သူ မခွာနိုင်သေး။
XXX XXX XXX
ဇီဝဇိုးငှက်ငယ်များ၏ အသွေးအသားပေါ် အာလာတပ်မက်နေသော သူသည် ရုတ်တရက် မဖြတ်နိုင်သော သံယောဇဉ်ကြောင့် ကျောက်ဆောင်များရှိရာ ပင်လယ်ကမ်းခြေနားတစ်ဝိုက်၌သာ ရစ်သီပျံဝဲလျက် ရှိနေပေသည်။
ဇီဝဇိုးငှက်ငယ်များရှိရာ ကျောက်ဆောင်တိုင်းလိုလို၌ လူသားများက မပြတ်မလပ် စောင့်ကြည့်နေကြသောအခါ သူသည် လှိုင်းခေါင်းဖြူများထိပ်မှ ငါးဖမ်းသောအလုပ်ကိုပင် ပြန်လုပ်နေရလေသည်။
ထိုညက မိုးကောင်းကင်ပေါ်တွင် ထွန်းပသော လဝန်းကိုမြင်ရသည်။ လရောင်သည် ပင်လယ်ရေပြင်ပေါ်သို့ အဆီးအတားမရှိ ထိုးကျနေ၏။ ပင်လယ်စင်ရော်ကြီးများသည် လရောင်ထဲဝဲပျံကာ လှိုင်းခေါင်း ဖြူများထိပ်မှ ငါးများကို ဖမ်းစားလျက်ရှိကြသည်။
အကယ်၍ သူ့ဝမ်းမီးသာ တရှိန်ရှိန်တောက်လောင်မနေခဲ့ပါလျှင် ညသည် အင်မတန် သာယာကြည်နူးဖွယ်ကောင်းလေသည်။ ဝမ်းဗိုက်၌ အစာအာဟာရသာ အပြည့်အဝရှိနေခဲ့လျှင် သူသည် လရောင်ကို အကြာ ကြီး ငေးကြည့်ကောင်း ငေးကြည့်နေပေလိမ့်မည်။
သို့သော် ယခုမှာတော့ သူ့မှာ လရောင်ကို ငေးကြည့်မနေအားပေ။ မွတ်သိပ်ဆာလောင်နေသော ဝမ်းဗိုက်ကို ဖြည့်ဆည်းပေးရန် လှိုင်းခေါင်းဖြူထိပ်မှ ငါးတစ်ကောင်ကို အလျင်စလို ထိုးသုတ်ဆင်းကုတ်ရ လေသည်။
သူဆင်းကုတ်လိုက်သောငါးကို အတောင်ပံအားကိုးနှင့် မ,ချီ လိုက်သောအခါ သူ ထိတ်လန့်သွားသည်။ သူ ဆင်းကုတ်မိသော ငါးမှာ ယခင်ကလို အသေးအမွှားလေးမဟုတ်။ သူ့ကိုယ်ထက်ပင်ကြီးသော ငါးကြီးတစ်ကောင် ဖြစ်နေ၏။
သူ့စိတ်သည် ဇီဝဇိုးငှက်ငယ်များ၏ အသွေးအသား ၌သာ အာလယပြင်းပြနေသဖြင့် ငါးအကြီးအသေးကို သတိမေ့သွားခြင်း ဖြစ်၏။
ပြီး ကြက်မကြီး ဆီးခွပ်ခံထားရသော သူ့ မျက်စိတစ်ဖက်မှာလည်း ညဆိုလျှင် ယခင်ကလို အမြင်မထက်မြက်ဘဲ မှုန်ဝါးနေတတ်၏။
နောက်တစ်ချက်မှာ သူ၏ကြီးရင့်လာသော ဇရာ
ဒုဘလအရွယ်နှင့် လရောင်ထဲမှ လှိုင်းရိပ်ရေစုန်းတို့၏ အရောင်များကြောင့် ငါးကြီးကို မှားကုတ်မိလေပြီ။
သူကုတ်ထားသော ငါးကြီးက ရုန်းကန်လိုက်သောအခါ သူ့ကိုယ်မှာ လှိုင်းပေါ်လဲကျသွား၏။ သတိရ၍ သူ့ခြေသည်းအစုံကို ကမန်းကတန်း ပြန်ဖြုတ်၏။ လုံးဝ ဖြုတ်၍မရတော့။ ရှည်လျားသော သူ့ခြေသည်း ခြေချောင်းများသည် ပျော့ညံ့သော ငါးကြီးအသားကို ပြုတ်တူနှင့် ဆွဲညှပ်ထားသလို စူးနစ်နေလေသည်။
ရေထဲတွင် သူ့ထက်အင်အားကြီးသော ငါးကြီးသည် သူ့ကို ရေထဲ ဆွဲနှစ်ရန် ကြိုးစား၏။ ရုတ်တရက် ခြေသည်းကို ဖြုတ်မရသော သူက ရေထဲနစ်ပါမသွားရန် အတောင်ပံနှစ်ခုကို ဖြန့်ခံထား၏။ သူ၏ ရှည်လျားကြီးမားသော အတောင်ပံနှစ်ခုကြောင့် ငါးကြီးသည် သူ့အား ရုတ်တရက် ရေထဲ ဆွဲနှစ်၍မရ ဖြစ်နေသည်။
သူကမူ ရေပြင်ပေါ်တွင် အတောင်ပံနှစ်ဖက်ကို တဖြောင်းဖြောင်း ရိုက်ခတ်ကာ ငါးကြီးကိုယ်ပေါ် ကုတ်မိထားသော ခြေသည်းရှည်များကို ဖြုတ်ရန်သာ ကြိုးစားနေ၏။ သို့သော် ရေထဲနစ်နေသော ခြေနှစ်ချောင်းကမူ ကုန်းပေါ်လေပေါ်မှာလို အားမရှိ၊ အအေးကြောင့် ကြွက်တက်ကာ ဖြုတ်မရ ဖြစ်နေ၏။
သူက ရေပြင်ကို အတောင်ပံနှင့် ဖြန့်ခံအားပြုထားသဖြင့် သူ့အား ရေနက်ထဲ ဆွဲနှစ်၍မရသောအခါ ငါးကြီးသည် တိုက်ကွက်ပြောင်းပြီး ရေပေါ်ရှပ်ပြေး၏။ အတောင်ပံရှည်ကြီးနှစ်ဖက် ဖြန့်ခံထားသော သူ့အနေမှာ ငါးကြီး ရှပ်ပြေးရာနောက် မောကြီးပန်းကြီး လွင့်ပါနေရ၏။
ရေပြင်နှင့်ထိထားသော သူ့အတောင်ပံနောက်မှ ရေပန်းရေမွှားများသည် ဖွေးဖွေးလှုပ်ကာ စဉ်ကျန်ခဲ့ကြသည်။ သည်ကြားထဲ လှိုင်းခေါင်းဖြူများနှင့် ဝင်တိုးသောအခါ သူ့တစ်ကိုယ်လုံးမှာ ရေရွှဲရွှဲနစ်သွား သည်။ ရေမွန်းသွားသော သူသည် ကြောက်ကြောက်ရွံ့ရွံ့နှင့် ငယ်သံပါအောင် အော်လိုက်၏။
သူ၏အော်သံကြောင့် စင်ရော်ကြီးများပင် လန့်ပျံအော်ဟစ်ကြ၏။ သူရေပြင်ပေါ် ရှပ်တိုက်ပြေးဆွဲခံရခြင်းကို စင်ရော်ကြီးများ လာရောက်ကြည့်သွားကြသည်။ သို့သော် မျိုးမတူသောသူ့အား ဝိုင်းမကူညီ ကြ။ မတန်မရာ အစာငမ်းလွန်းသည်ဟုပင် ဆဲဆိုမြည်တမ်းသွားကြသလား ထင်လိုက်ရ၏။
စင်ရော်ကြီးများ ပြန်သွားကြသောအခါ သူ့မှာ ပို၍အားငယ်လာသည်။ သို့သော် သတိကိုကား တစ်ချက်ကလေးမျှ အလစ်မပေးခဲ့။ သူသတိလစ်၍ အတောင်ပံနှစ်ဖက်ကို ရုပ်လိုက်မိသည်နှင့် တစ်ပြိုင်နက် ငါးကြီးသည် သူ့အား အသူတစ်ရာနက်သော ရေအောက်ပင်လယ်ထဲ ဆွဲမြှုပ်သွားမည်မှာ မုချပင်။
သူကသာ ဆောက်တည်ရာမရဘဲ တကစ်ကစ် အော်ဟစ်နေသော်လည်း ငါးကြီး၏ ဆွဲပြေးနှုန်းမှာကား လုံးဝ အရှိန်လျော့မသွား။ ပို၍ပင် မြန်လာ၏။
အမှန်မှာ သူ့အား ရေထဲဆွဲနှစ်၍မရသော ငါးကြီး သည်လည်း သွေးရူးသွေးတန်းနှင့် ပြေးနေခြင်းသာ။
အတောင်ပံနှစ်ဖက်ကို လေတိုးအား၊ ရေတိုးအားတို့ကြောင့် အားအင်ကုန်ခန်းလာသည်။ တစ်ချက် တစ်ချက်တွင် အတောင်ပံနှစ်ဖက်သည် နောက်သို့လန်သွားကြ၏။ သတိနှင့် အံကြိတ်ထိန်းထားရင်းက အားပျော့လာသည်။
ရေထဲတွင် အလွန်အားသန်သော ငါးကြီးသည် သူ့အတောင်ပံနှစ်ဖက် နောက်သို့ လန်ထွက်သွားတိုင်း သူ့ကို ရေနက်ထဲဆွဲမြှုပ်ရန် ကြိုးစားသည်။ ထိုသို့ ငါးကြီးက ကြိုးစားအားထုတ်လိုက်တိုင်း သူ့ ကိုယ်တစ်ဝက်သည် ရေထဲ နစ်နစ်ပါသွားတတ်သည်။
ရှိသမျှခွန်အားကို အစွမ်းကုန်ညှစ်ထုတ်ကာ သူသည် အတောင်ပံနှစ်ဖက်ကို ခိုင်ခိုင်မာမာ ဖြန့်ခံထား၏။ သို့သော် အားအင်ကုန်ခန်းလာသော သူ့အတောင်ပံနှစ်ဖက်သည် သူ အင်နှင့်အားနှင့် ဖြန့်ခံထား သည့်ကြားထဲက နောက်သို့လန်သွားကာ အတောင်ချင်း ပူးကပ်သွားလေသည်။
သည်မှာတင် ငါးကြီးသည် သူ့အား ရေထဲသို့ စွပ်ခနဲ ဆွဲမြှုပ်သွားလေ၏။ ချက်ချင်းပင် သူသည် သတိလစ်ကာ အဏ္ဏဝါသင်္ချိုင်းအောက်သို့ လိုက်ပါသွားရလေ၏။
သွေးညှီနံ့ကိုနှစ်ခြိုက်၍ တိုက်ပွဲ၌သာ မွေ့လျော်ပျော်ပိုက်တတ်သော သူသည် ဤတိုက်ပွဲ၌ပင် သူရဲကောင်းတို့၏ ကျဆုံးနည်းဖြင့် ဘဝနိဂုံးချုပ်သွားရလေတော့သည်။
မိုးဝေ မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၈၅
– ပြီး –
စာရေးသူ – ဖိုးကျော့
Uncategorized