မိုးသက်အောင်(မြန်မာစာ)
တူးကြွက်
နတ်တော်လကုန် ပြာသိုလဆန်း။
စပါးသိမ်းပြီးချိန်။
ဆောင်းနတ်သမီးသည်လည်း သူ၏ မြပဝါအဖြူ လွလွကိုဖြန့်ကာ ဆော့ကစားနေသည့်အရှိန်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်အချိန်တည်း။
ငွေနှင်းမှုန်တို့က မကွဲပြားသေးချေ။
သို့တိုင် ငွေနှင်းမှုန်တို့ ပိတ်ဖုံးနေသည့်ကြားထဲသို့ မောင်သူရိန်က တစ်ချက်တစ်ချက် သူ၏ တန်ခိုးကိုပြကာ အန်တုနေလေ၏။
မနိုင်ပါချေ။
ဆောင်း၏ပီသမှုကြောင့် နံနက်ရှစ်နာရီမတ်တင်းအချိန်ကိုပင် မောင်သူရိန် အနိုင်မယူနိုင်သေး။ တစ်ခေါ်လောက်မှ လျှောက်လာသော လူကိုပင် ကွဲပြားအောင် မမြင်ရသေးချေ။
တော်ချိုက်ရွာတစ်ရွာလုံး မိမိတို့အိမ်ရှေ့ဝယ် အသီးသီး မီးလှုံနေကြလေ၏။ သည်သို့ မီးလှုံနိုင်စေရန် ယမန်နေ့ညနေပိုင်းက အိမ်ပတ်ဝန်းကျင်ရှိ သနပ်ပင်၊ ကုက္ကိုပင်၊ ဝါပင် အစရှိသည့် အပင်တို့မှ ကြွေကျသော အရွက်ခြောက်များကို ကောက်ပြီး ပုံထားသည့်အတွက် နံနက်အစောပိုင်း ချမ်းအေးသည့်အချိန်တွင် လွယ်ကူစွာ မီးလှုံကြရသည်။
မအုံးမေတစ်ယောက်ကတော့ မီးလှုံစရာမလို။
ဝေလီဝေလင်းကတည်းကပင် ဖခင်၊ လင်သားနှင့် သမီးတို့နိုးလာလျှင် နံနက်စာကို အဆင်သင့်စားနိုင်ရန် ထမင်းအိုးထချက်နေသည့်အတွက်ကြောင့် နဖူးတွင် ချွေးသီးလေးများ စို့နေလေပြီ။
ဖခင်ဖြစ်သူ ဦးဖိုးဇံ၏ ဘုရားဝတ်တတ်သံကိုလည်း ခပ်သဲ့သဲ့ ကြားနေရသည်။ ထမင်းအိုးကလည်း ဝေကျလာသဖြင့် ထမင်းရည်ငှဲ့ရသည်။ သားဖြစ်သူ မောင်ဖိုးအေးက ထမင်းရည်သောက်တတ်သည်။ သို့ကြောင့် ထမင်းရည်အနည်းငယ်ကို ကမန်းကတန်း ခံထားလိုက်ရသေးသည်။
ထမင်းရည်ငဲ့ပြီး မီးဖိုခွင်ပေါ်သို့နှပ်ရန် ပြန်တင်လိုက်ပြီး တညီးညီးတောက်အားကောင်းနေသော မီးဖိုထဲမှ မီးစအနည်းငယ်ကို ထင်းချောင်းနှင့် အပြင်သို့ အသာယက်ထုတ်လိုက်သေး၏။ ပြီး အိမ်ပေါ်ပြေးတက်လာခဲ့သည်။
“အမယ်လေးတော်၊ အိပ်လိုက်ကြတာ တုတ်တုတ်တောင်မလှုပ်ကြဘူး”
ခြင်ထောင်ကြိုးကိုဖြုတ်ရင်း ခပ်ဆတ်ဆတ်အသံဖြင့် ပြောလိုက်သည်။ အိပ်နေသော သားအဖသုံးယောက်ကတော့ အကွေးမပျက်ကြချေ။
“ကိုစံလှ”
ခပ်ကျယ်ကျယ်ခေါ်နှိုးလိုက်တော့မှ လင်ဖြစ်သူက ကုန်းရုန်းထသည်။
“တော် ကြွက်တူးသွားမှာဆို၊ ဘယ်အချိန်ရှိပြီလဲ … ထတော့။ ဘယ်နှယ့်တော် ကလေးတွေနဲ့အပြိုင် အိပ်နေရတယ်လို့”
ကိုစံလှသည် သျှောင်ထုံးကို ခပ်လျော့လျော့ထုံးလိုက်၏။ အိမ်ရှေ့ ရေအိုးရှိရာသို့ သွားသည်။ တမာရွက်ပြာချနှင့် သွားတိုက်သည်။ ကာပေါ် လစ်ဆပ်ပြာနှင့် မျက်နှာကိုသစ်သည်။ ပြီးတော့ ခါးတွင်ဝတ်ထားသော ချည်ပုဆိုးနှင့် မျက်နှာကို အားရပါးရ သုတ်ပစ်လိုက်သည်။
ရေထိလိုက်သောကြောင့် အအေးဓာတ်သည် ပို၍ပင် တိုးလာသည်။ ထို့ကြောင့် မယားထမင်းအိုးချက်နေသည့်နေရာသို့ မီးလှုံရန် အပြေးလာခဲ့သည်။ ထမင်းအိုးက ကျက်ပြီ။ ရေနွေးအိုးတည်ထားသော မီးကျီရဲရဲတွင် အမဲသားခြောက်အနည်းငယ်ကို မအုံးမေက ဖုတ်နေလေသည်။
“မအုံးမေ ဘယ်နှနာရီထိုးပြီလဲ”
မယားဖြစ်သူဘေးတွင် မီးဝင်လှုံရင်း မေးလိုက်သည်။
“ခုနစ်နာရီမတ်တင်းထင်တာပဲ”
“ဟိုကောင်တွေ ငါခေါ်ထားတာ မလာသေးဘူး။ နေမြင့်တော့မယ်”
“လာမှာပေါ့တော်။ သူတို့လာရင် အဆင်သင့်ဖြစ်အောင် တော် ထမင်းကြမ်းစားတော့မလား။ ကျုပ် ခူးလိုက်တော့မယ်”
“အေး လုပ်ကွာ၊ စားတာပေါ့”
အမဲသားခြောက်တစ်မြှောင်းကို ပါးစပ်ထဲသို့ပစ်ထည့်ရင်း အိမ်ရှေ့သို့ ပြန်ထွက်လာခဲ့သည်။
“အဖေ ဒီနေ့ ဟိုဘက်ရွာသွားမလို့ဆို”
“အေး သွားမှာကွ၊ ထမင်းကြမ်းစားပြီး သွားမလားလို့”
သူက ယောက္ခမဖြစ်သူ ဦးဖိုးဇံကို ဘာမျှမတုံ့ပြန်တော့ဘဲ မယားဖြစ်သူကို လှမ်းအော်ပြောသည်။
“အုံးမေရေ အဖေပါ ထမင်းကြမ်းစားမှာနော်၊ တစ်ခါတည်းခူးခဲ့”
“မင်း ကြွက်တူးသွားမလို့ဆို”
“ဟုတ်တယ် အဖေ၊ သူများရောင်းတဲ့ ထောင်ကြွက်ချည်းစားနေရတာ အရသာမရှိဘူး။ ပြီးတော့ ဈေးကလည်း ကြီးသေးတယ်။ သန့်လည်း မသန့် ဘူး။ အရသာရှိရှိ သန့်သန့် တူးကြွက်စားချင်လို့ သွားတူးမလားလို့”
ဦးဖိုးဇံက ဆေးပေါ့လိပ်ကို ဖွာရင်း ကိုစံလှအပြောကို ခွန်းတုံ့ပြန်၏။
“တူးကြွက်က ကောင်းတော့ ကောင်းတာပေါ့ကွာ။ ငရဲတော့ အတော်ကြီးတယ် ငါ့မောင်ရ”
ကိုစံလှ ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်သာနေ၏။
“အဖေ့မြေးတွေက စားချင်နေတော့ တစ်ခါတလေ ငရဲကြီးတာ ဘာမှမဖြစ်လောက်ပါဘူးတော်”
ထမင်းပန်းကန်များကိုချရင်း မအုံးမေက ဝင်ထောက်၏။
ဦးဖိုးဇံလည်း ဘာမှဆက်မပြောတော့။ ဆေးပေါ့လိပ်ကိုသာ ဆက်တိုက်ဖွာပြီး အငွေ့ များကို ခပ်ပြင်းပြင်းမှုတ်ထုတ်နေသည်။
လယ်ကြွက်သားက အရသာကောင်းသည်။ စပါးပေါ်ချိန်တွင်ရသည့် လယ်ကြွက်က ပို၍ပင် ဆူ၍ စားကောင်း၏။ ထန်းပင်ကျရည်နှင့် လယ်ကြွက်သားဆိုလျှင် ဘာနဲ့မျှ မလဲနိုင်ကြ။
စပါးရိတ်ချိန် စပါးတောတွင်းနေသော လယ်ကြွက်မိသားစုတို့သည် ကောက်ရိတ်သံကို နားမခံနိုင်သောကြောင့် လွတ်ရာသို့ ပြေးတတ်ကြ၏။ စပါးရိတ်သူတို့သည်လည်း ထိုကြွက်များကို လိုက်လံဖမ်းဆီးကြသည်။ လွတ်သည့်အကောင် လွတ်၍ မိသည့် အကောင် မိ၏။ ဤနည်းဖြင့် လယ်ကြွက်ကို ရတတ်ကြ၏။
စပါသိမ်းပြီးချိန်တွင် လယ်တော၌ ရိုးပြတ်တို့သာ ကျန်တော့သည်။ လယ်ကွင်းထဲတွင် လယ်ကြွက်ထောင်သူများ ခြေရှုပ်နေတတ်၏။ လယ်ကြွက်ထောင်သူတို့သည် ဝါးတံဖြင့် ပြုလုပ်ထားသော ကြွက်ထောင်ချောက်တို့ကို လယ်ကန်သင်းရိုးတစ်လျှောက်ရှိ ကြွက်တွင်းပေါက်ဝများတွင် ထောင်ထားတတ်ကြသည်။ ဤနည်းဖြင့်လည်း လယ်ကြွက်ကို ရတတ်ကြ၏။
သို့သော် မသမာသော ကြွက်ထောင်သမားတို့သည်ကမူ အိမ်ကြို အိမ်ကြား၊ မြောင်းကြို မြောင်းကြားမှ ကြွက်တို့ကိုထောင်၍ လယ်ကြွက်ဟုဆိုကာ ရောင်းတတ်ကြ၏။ ထို့ကြောင့် ကိုစံလှက မသန့်သောကြွက်ဟု ဆိုခြင်းဖြစ်သည်။
နောက်ဆုံး လယ်ကြွက်ရရန် တစ်နည်းရှိသည်။ ထိုနည်းမှာ တူးယူမှရမည့် တူးကြွက်ပင်ဖြစ်သည်။
လယ်ကန်သင်းရိုးတစ်လျှောက် ကြွက်တွင်းများကိုရှာမည်။ ကြွက်စာခဲများကို ကြည့်မည်။ ထိုတွင်းထဲတွင် ကြွက်ရှိ မရှိ ခွေးတို့ကို အနံ့ခံခိုင်းမည်။ ရှိသော် ခွေးတို့သည် အငမ်းမရ ယက်တူးကြမည်။ ထိုအခါ လူတို့က တူးရွင်းငန်းပြား ပေါက်တူးတို့ဖြင့် သူတို့၏ အသိုက်အမြုံကို ထိုးခွဲဖျက်ဆီးမည်။ ကြွက်မိသားစုတို့ အရေးပေါ် ပြေးပေါက်များတွင်လည်း ခွေးတစ်ကောင်စီ အစောင့်ထားမည်။ သို့တည်းမဟုတ် ရိုးပြတ်တို့ဖြင့် ပိတ်ထားမည်။ ကြွက်မိသားစုတို့ ပြေးမရသည့်အဆုံး လူတို့၏ တူးရွင်းလက်ချက် မှိန်းလက်ချက် ပေါက်တူးလက်ချက် ခွေးပါးစပ်တို့ဖြင့် သေပွဲဝင်ကြရမည်။
ဤနည်းဖြင့်ရသော ကြွက်သည် အခြားထောင်ကြွက် ထိုးကြွက်တို့ထက် ပို၍ပင် စားကောင်းသည်။
ထိုးကြွက်ဆိုသည်မှာ လူတို့ ညဘက်သန်းခေါင်ကျော် လက်နှိပ်ဓာတ်မီးနှင့် မှိန်းတို့ကို အသုံးပြုကာ တာကန်သင်းရိုးတစ်လျှောက် တက်ရှာသော ကြွက်တို့ကို မှိန်းနှင့်ထိုးကာ သတ်ကြသည်။ ထိုသတ်၍ ရလာသော ကြွက်တို့ကို မနက်ရောက်မှ အရေခွံဆုတ် မီးကင်ပြီး ရောင်းရသည့်အတွက်ကြောင့် နေ့ခင်းဘက်ရသော တူးကြွက်လောက် မလတ်ဆတ်ပေ။
ထောင်ကြွက်သည်လည်း ထိုကဲ့သို့ပင် မလတ်ဆတ်ချေ။
ရရှိလာသော လယ်ကြွက်အသေတို့ကို အရေခွံဆုတ် မီးကင် ခါးလယ်မှပိုင်းကာ ခရမ်းချဉ်သီးနှင့် နှပ်စားရလျှင်…။
ထိုသို့မဟုတ်ဘဲ အဖြူထည်ခပ်ကြွပ်ကြွပ်လေး ကြော်စားရလျှင်..။
အုံးမေတစ်ယောက် လယ်ကြွက်က ဘယ်ဆီနေမှန်းမသိ။ စိတ်ကူးကယဉ်နေလေပြီ။
“အဖေ ဟိုဘက်ရွာသွားတော့မယ်”
အုံးမေ၏ စိတ်ကူးယဉ်မှုကို ဖခင်ဖြစ်သူက ဖျက်ဆီးလိုက်ချေသည်။
“စောစောပြန်လာခဲ့နော်။ အဖေကြိုက်တတ်တဲ့ ခရမ်းချဉ်သီးလေးနဲ့ ကြွက်ကို ကျုပ် နှပ်ထားလိုက်မယ်”
ဦးဖိုးဇံကတော့ ဘာမှခွန်းတုံ့မပြန်ဘဲ စေ့စေ့ပြုံးကာ ထွက်သွားတော့သည်။
“စံလှရေ သွားရအောင်လေကွာ”
တူရွှင်းနှင့် ငန်းပြားများကိုယ်စီထမ်းထားသော ကိုအေးနှင့် ကိုဘပုတို့ ခြံရှေ့ရောက်လာကြသည်။
“လာလေကွာ၊ ထမင်းကြမ်းစားဦးမလား”
ကိုစံလှက သူ့ညီအစ်ကိုတော်တွေကို ခေါ်၏။
“မစားတော့ဘူး။ စားလာပြီးပြီကွ။ သွားရအောင် နေမြင့်နေလိမ့်မယ်”
ကိုဘပုက ပြန်ပြောအပြီး ကိုစံလှလည်း သောက်ရေအိုးစင်ပေါ်မှ ခမောက်ကိုဆောင်းပြီး ခေါင်းရင်းအဖီတွင် ချိတ်ထားသော ပေါက်တူးကို ပခုံးပေါ်တင်ကာ ခြံအပြင်သို့ ထွက်သည်။ ပြီး သူ့ကြွက်တူးရာတွင် အားကိုးရသော ခွေးသုံးကောင်ကိုခေါ်လိုက်သည်။
ကိုစံလှတို့ ကြွက်တူးထွက်ချိန်သည် ရှစ်နာရီမတ်တင်း။ သို့သော်နှင်းကတော့ မကွဲသေးချေ။
ရွာအပြင် လယ်ကန်သင်းရိုးတွေဆီရောက်တော့ ကန်သင်းရိုးရှိ မြက်ဖျားပေါ်တွင်တင်နေသော နှင်းတို့သည် သူတို့ခြေထောက်ပေါ်တွင် တဖြည်းဖြည်း ရွှဲစိုလာလေတော့သည်။
“ငါတို့ ကြွက်မတူးဖြစ်တာတောင် ကြာပြီ”
သုံးယောက်သား တန်းစီသွားရင်း ကိုဘပုက ပြောလိုက်သည်။
“ဟုတ်ပဗျာ။ ကြွက်အုပ်များများနေတဲ့တွင်းမျိုး တွေ့ လိုက်စမ်းချင်ဘိ”
ကိုစံလှက ပြန်ထောက်လိုက်၏။
ထမင်းတစ်အိုးကျက်လောက် လျှောက်လာပြီးသောအခါ ကိုစံလှ၏ခွေးများက ကန်သင်းရိုးတစ်နေရာရှိ တွင်းတစ်ခုကို အငမ်းမရ ယက်တော့လေသည်။
“စံလှ မင်းခွေးတွေတော့ ယက်နေပြီ။ ကြွက်ရှိလောက်တယ်ကွ။ ကြည့်ရအောင်”
ကိုအေးစကားကြောင့် ထိုတွင်းနားသို့ ချဉ်းကပ်သွားကြသည်။
ခွေးသုံးကောင်သည်လည်း တစ်လှည့်ပြီးတစ်လှည့် ယက်နေကြ၏။
“ကိုဘပု ကြွက်ရှိတယ်ဗျ။ ပြေးပေါက်တွေကိုရှာပြီး ရိုးပြတ်နဲ့ ပိတ်လိုက်ဦး”
ကိုဘပုက ရိုးပြတ်တို့ကို နုတ်ကာ ပြေးပေါက်လေးပေါက်ကိုရှာ၍ ပိတ်ထားလိုက်သည်။
ခွေးတွေက တူးလိုက်၊ ကိုစံလှတို့ကလည်း တူရွင်း နှင့် ကြွက်တွင်းပေါက်ဝကို ချဲ့ပေးလိုက်နှင့် အချိန်တော်တော်ကြာသွားသည်။
မောင်သူရိန်၏ ရောင်ဖြာခပ်တောက်တောက်သည်ပင် ဆောင်းနတ်သမီး၏ ဖြူလွလွပဝါစကို ဟိုဘက်ဒီဘက် ထိုးဖောက်အနိုင်ယူလိုက်လေပြီ။
တွင်းထဲရှိ ကြွက်မိသားစုတို့ကတော့ သောကရောက်ရချေပြီ။
အကြီးဆုံးဖြစ်သော ကြွက်အဖေ၊ ကြွက်အမေနှင့် ကြွက်သားသမီး ၁ဝ ယောက်၊ အငယ်ဆုံး ကြွက်မြေးလေး ငါးယောက်။ စုစုပေါင်း ကြွက် ၁၇ ယောက်တို့ နေစရာမရှိအောင် ဖြစ်ကုန်ကြရ၏။
တူရွင်းဖြင့် အပေါ်မှ တဒုန်းဒုန်းထိုးနှက်သံတို့ကို ကြားရလျှင် ချောက်ချားကြောက်လွန်း၍ ကြွက်မြေးလေးတို့၏အသားများ ဆတ်ဆတ်တုန်သွား၏။ ကြွက်မြေးလေးတို့ကို သူတို့၏မိခင်က မီးဖွားထားသည်မှာ တစ်ပတ်သာရှိသေးသည်။
“အဖေ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ သူတို့ တဖြည်းဖြည်း နီးလာပြီ”
ကြွက်သားအကြီးက ဖခင်ကို မေးသည်။
“သားကြီးက မင်းမိန်းမနဲ့ ကလေးတွေကိုခေါ်ပြီး နံပါတ်တစ် အရေးပေါ်ပေါက်က ထွက်။ အဖေက မင်းအမေနဲ့ မင်းညီမကိုခေါ်ပြီး နံပါတ်နှစ်အပေါက်ကထွက်မယ်။ သားငယ်က မင်းမိသားစုနဲ့ နံပါတ်သုံးအပေါက်ကထွက်။ အပြင်မှာ တို့တွေ ပြန်ဆုံကြမယ်”
ထိုသို့ အစီအစဉ်ချ၍မဆုံးသေး အပေါ်မှ ရန်သူတော်ခွေး၏ ပါးစပ်အတွင်းသို့ ကြွက်သမီးကြီး ပါသွားလေပြီ။
“သမီးကြီး”
“အဖေ သမီးကိုကယ်ပါဦး”
အော်သံ ခေါ်သံတို့မဆုံးမီ သမီးကြီး အသက်ထွက်သွားလေသည်။
“တောက်”
ကြွက်သားအဖတစ်တွေ တောက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ကြသည်။
“အချိန်မရှိတော့ဘူး။ ငါပြောသလို သေချာသွားကြ”
ဖခင်ကြွက်ကြီးစီမံသည့်အတိုင်း အရေးပေါ်ပေါက်များကို မျက်ရည်များနှင့်အတူ ပြေးတက်လာခဲ့ကြသည်။
ကြွက်မြေးလေးများကမူ ငယ်ရွယ်လွန်းသောကြောင့် သွက်သွက် လက်လက် ပြေးလွှားခြင်းမပြုနိုင်သေးပေ။ ကြွက်ဖခင်က ရှေ့ကဦးဆောင်ပြီး ကြွက်မိခင်က နောက်ကထိန်းပေးရ၏။
အရေးပေါ်အပေါက်ဝသို့ ရောက်ကြသောအခါ ရိုးပြတ်တို့ဖြင့် ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ ပူပန်မှု ပို၍ ကြီးသွားရတော့သည်။
တွင်းထဲသို့ ကြွက်မိသားစု ဆောက်တည်ရာမရ ပြန်ဆင်းခဲ့ကြရသည်။
ကန်သင်းရိုးသည်လည်း တူရွင်းဒဏ်၊ ပေါက်တူးဒဏ်ကြောင့် ကြွက်မိသားစုအသိုက်မြုံ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလေပြီ။
“အဖေ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ဖခင်ကြွက်ကြီး ကြံရာမရတော့။ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိတော့၏။
“အမယ်လေး ကျွန်မခါးကို ခွေးကြီးဆွဲနေပြီတော် လုပ်ပါဦး။ ကယ်ပါဦး သားတို့ရယ်”
ကြွက်မိခင်ကြီး ပါသွားပြန်လေပြီ။ ကြွက်မိသားစုနေသော တွင်းကြီးသည် မွမွကြေတော့မည်။ ကြွက်မိခင်နှင့် ကြွက်သမီးတစ်ယောက်သည်ကတော့ ခွေးတို့၏ပါးစပ်အတွင်း လည်စင်းခံခဲ့ရပြီ။
“အဖေ ကျွန်တော့်ကလေးတွေကို ကယ်ပါဦးဗျာ”
ထိုစကားအဆုံး တူရွင်း၏ အရှိန်ပြင်းပြင်းထိုးခွဲသည့်အရှိန်ကြောင့် ကြွက်မိသားစုတို့နေသော ရိပ်မြုံလေးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့လေသည်။
“ပြေးကြဟေ့ … ပြေးကြ”
ကြွက်ဖခင်၏ နောက်ဆုံးပြောသံကိုသာ ကြားလိုက်ရသည်။ ကြွက်သားအကြီးဆုံးသည် ကိုဘပု၏ ပေါက်တူးလက်ချက်ကြောင့် သေပွဲအရင်ဝင်သည်။ ကြွက်သားအကြီး၏မိန်းမ ကြွက်မြေးလေးတို့မိခင်သည်လည်း ခွေးတို့ပါးစပ်တွင် ရောက်ကုန်ကျလေပြီ။ တစ်ကောင်ပြီးတစ်ကောင် ဤနည်းဖြင့်သာ သေပွဲဝင်ကြလေသည်။
ကြွက်မြေးလေးများကိုသာ ကိုစံလှတို့စားရန် အိမ်သို့မယူ၊ ခွေးတွေကိုသာ အရှင်လတ်လတ်ကျွေးပစ်၏။
မပြေးနိုင် မလွှားနိုင် တကျွီကျွီနှင့် အော်မြည်နေသော ကြွက်မြေးလေးများကိုကြည့်ရင်း ကြွက်အဘိုးသည်ပင် ပေါက်တူးလက်ချက်ကြောင့် မေ့မြောသွားလေတော့သည်။ ကြွက်ဖခင်ကြီးတစ်ယောက်သာ အသက်ရှင်လျက် ကိုစံလှတို့နောက်သို့ ပါလာခဲ့သည်။
ရွာခြေသို့ရောက်သောအခါ ကိုစံလှတို့ တူး၍ရသော ကြွက်တို့ကို ဝေစုခွဲကြသည်။
ကြွက်ဖခင်ကြီးလည်း ချာချာလည်အောင် ခေါင်းမူးဝေနေသည်။ ပါးစပ်မှသွေးများလည်း ခြင်းခြင်းထွက်နေသည်။ ကိုစံလှတို့က ကြွက်အကြီး ၁၅ ကောင်ရသည့်အတွက် တစ်ယောက်ကို ငါးကောင်စီ အညီအမျှ ခွဲယူ၏။
ကြွက်အဖေကြီး၊ ကြွက်သားအကြီးဆုံး၊ ကြွက်သမီးကြီး၊ ကြွက်သမီးငယ်တို့သည် ကိုစံလှဝေစုမှာ ပါလာသည်။
ကြွက်၏နားရွက်များကို နှမ်းပင်၏ အရိုးတံအမာကြီးဖြင့် ထိုးသီကာ သယ်လာသောကြောင့် ရင်ချင်း ယှက်၍ နေရသည်။
သူ့သားအကြီးဆုံး၏ မျက်ဝန်းကို ကြွက်အဖေကြီး သေချာကြည့်မိသည်။ သေသော်လည်း မျက်လုံးက မပိတ်ချေ။ သူ့သားကလေးများအပေါ် မသေခင် ပူပန်သောကရောက်နေပုံကို မျက်လုံးထဲတွင် အတိုင်းသားပေါ်နေသည်။
ကြွက်အဖေကြီး မျက်ရည်များ ကျမိတော့သည်။
ထို့နောက် ကိုစံလှ၏ မျက်နှာကို သေသေချာချာမော့ကြည့်ရင်း အန်ကိုကြိတ်မိကာ ကျလာသောမျက်ရည်များကို ပြန်သိမ်းရန် ကြိုးစားမိသည်။ နှုတ်မှလည်း တစ်ခုခုကို ရေရွတ်နေသေးသည်။
“အုံးမေရေ ရေနွေးအိုးတည်ဟ။ အရေခွံဆုတ်ရအောင်”
ကိုစံလှ အိမ်ရှေ့ကနေ အော်ပြောလိုက်သည်။ သားနှင့် သမီးတို့က ဖခင်ဆီသို့ ပြေးထွက်လာသည်။
“မင်းတို့ အမေရော”
“ရေနွေးအိုးက အဆင်သင့်ပါပဲတော်။ တော် ဘယ်နှကောင်ရခဲ့တုံး”
“ငါးကောင်”
လက်ထဲက ကြွက်တွေသီထားသော နှမ်းပင်ရိုးကို မြှောက်ပြလိုက်သည်။
“မဆိုးဘူး ကြီးသားပဲတော်”
“အေး အရေခွံဆုတ်ရအောင်”
နောက်ဖေးသို့ လာခဲ့ကြသည်။
“သားတို့ မောင်နှမနှစ်ယောက်က ကြွက်သွန်ဖြူနွှာ၊ အမေ ငရုတ်သီးထောင်းလိုက်ဦးမယ်။ တစ်ဝက်ကို သားတို့အဘိုးအကြိုက် ခရမ်းချဉ်သီးနဲ့နှပ်မယ်။ တစ်ဝက်ကို စပါးလင်နိုင်နိုင် ငရုတ်သီးနဲ့ ခပ်ပျော့ပျော့လေး ကြော်မယ်”
နောက်ဖေးကပြင်တွင် ကိုစံလှက ကြွက်အရေခွံဆုတ်။ မအုံးမေက ငရုတ်သီးထောင်း၊ သားနှင့်သမီးက ကြက်သွန်ဖြူ နွှာကြ၏။ ကိုစံလှတစ်ယောက် ကြွက်ငါးကောင်ကို တစ်ကောင်ပြီးတစ်ကောင် အရေခွံဆုတ်နေသည်။ နောက်ဆုံး ကြွက်အဖေကြီးတစ်ကောင်သာ ကျန်တော့သည်။
ကြွက်အဖေကြီးကို အရေခွံဆုတ်ရန် ကိုင်လိုက်သည်။ ပြီး ရေနွေးပူလောင်းရန် ပြင်လိုက်သည်။ ရေနွေးသည် အနည်းငယ်သာ ကျန်တော့သည်မို့ မအုံးမေကို ရေနွေးလှမ်းတောင်းသည်။ ပြီး ဇလုံထဲသို့ ရေနွေးလောင်းထည့်ရန် ကြွက်အဖေကြီးကို ကြည့်မိလိုက်သည်။
“အမလေး ကိုစံလှ … ကိုစံလှ”
မအုံးမေ ရေနွေးအိုးကို ရုတ်ခြည်းပစ်ချလိုက်ပြီး ကြွက်အဖေကြီးကိုကြည့်ကာ အံ့သြနေမိသည်။
ကိုစံလှလည်း ကြွက်အဖေကြီးကို ကြည့်မိသောအခါ အလွန်ကြောက်လန့်တုန်လှုပ်သွားပြီး ခပ်ဝေးဝေး သဲတောထဲသို့ လွှင့်ပစ်လိုက်မိသည်။
ကြွက်အဖေကြီး၏ မျက်နှာတွင် မအုံးဖေ၏ဖခင် ဦးဖိုးဇံ၏မျက်နှာကြီးသည် သွေးသံရဲရဲနှင့် ပေါ်လာသောကြောင့်ပင် ဖြစ်သည်။
လင်မယားနှစ်ယောက် စကားမပြောနိုင်ကြဘဲ တစ်ဦးကို တစ်ဦး ကြည့်ရင်း တန့်နေမိကြသည်။
ထိုအချိန်တွင်ပဲ ကိုဘပု၏ အမောတကောခေါ်သံကို ကြားလိုက်ရသည်။
“အုံးမေရေ … အုံးမေ”
ခေါ်သံနှင့်အတူ ကိုစံလှတို့ရှိရာ နောက်ဖေးသို့ ကိုဘပု ပြေးဝင်လာသည်။
“ကိုဘပု ဘာဖြစ်လို့တုံး”
အလန့်တကြား မေးလိုက်မိသည်။ မအုံးမေ ရင်တွေ တဒုန်းဒုန်းတုန်လာသည်။
“နင့်အဖေ ရွာထိပ်မှာ ကျွဲခတ်ခံရလို့သေပြီ။ မြန်လိုက်တာဟာ။ ငါတို့ရှေ့တင်ပဲ သွေးတွေကို ရဲရဲတောက်လို့”
ကိုဘပုစကားအဆုံးတွင် မအုံးမေ သတိလစ်မေ့မြောသွားတော့သည်။ ထိုခဏမှာပဲ ကိုစံလှလွှင့်ပစ်လိုက်သော သဲတောထဲမှ ကြွက်အဖေကြီးသည် နှစ်ချက်သုံးချက် ထခုန်ပြီး အသက်ထွက်သွားလေတော့သည်။
မဟေသီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – မိုးသက်အောင်(မြန်မာစာ)
Uncategorized