မောင်မြင့်မား(ဘိုကလေး)
တောခွေးနှင့် ဒူလာ
တောထဲကိုရောက်တာ မကြာသေး။ ပြဿနာစတွေ့တာက အဖော်လိုက်လာသော အောင်ပု ဖြစ်သည်။ တောပစ်ထွက်ရာ၌ လူများလျှင် မကောင်း။ ရွာထဲကို ရောက်ကတည်းက တောထဲကို လိုက်ပါရစေ၊ ခိုင်းချင်ရာခိုင်းပါ။ ညနေအပြန် ဟင်းစားရရင် တော်ပါပြီလို့ ပြောလာသော အောင်ပု ဖြစ်သည်။ အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျ၊ သားသမီး နှစ်ယောက်ရကာ အလုပ်အကိုင် မည်မည်ရရမရှိဘဲ ဆင်းရဲလှသူ ဖြစ်သည်။ စောဂျိမ်းက . . .
“တောပစ်ထွက်တယ်ဆိုတာ လူများရင် မကောင်းဘူးကွ။ မင်းကိုတော့ ခေါ်ချင်ပါတယ်ကွာ။ တို့အတွက် အနှောင့်အယှက်ဖြစ်လို့”
“ဆရာတို့ရယ် … အရင်တုန်းက မကြာမကြာလာတဲ့ လူတွေနဲ့ ကျွန်တော် လိုက်ပါဖူးပါတယ်။ ကျွန်တော်လည်း ဝါသနာပါလို့ပါ။ တောထဲရောက်ရင် ကြိုက်တာခိုင်းပါ။ ကျွန်တော် အချက်အပြုတ်လည်း တတ်ပါတယ်”
တင်ဝင်းက …
“စောဂျိမ်း ဒါဆိုလည်း လိုက်ပါစေဗျာ။ သူ သိပ်လိုက်ချင်နေတာပဲ”
“အေး… ဒီလိုဆိုရင် တို့မသိတာ ဘာမှမလုပ်နဲ့၊ စကားလည်း များများမပြောနဲ့၊ တို့ခိုင်းတာပဲလုပ်”
“စိတ်ချပါ ဆရာတို့ရယ်၊ အပြန်ဟင်းစားလေးရရင် တော်ပါပြီ”
တောထဲရောက်တော့ တောကင်ပွန်းချုံ တစ်ချုံအောက်တွင် ကျော်စိုးက ဖွတ်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ဖွတ်ကြီးက တစ်စုံတစ်ခုကို စားနေခြင်းဖြစ်သည်။ စောဂျိမ်းတို့အဖွဲ့ကို မမြင်။ ကျော်ဦးက ဖွတ်သား မစားရတာကြာပြီဖြစ်၍ သူ့လက်စွဲတော် ပွိုင့်တူးတူးနှင့် ပစ်ချင်နေသည်။ စောဂျိမ်းက လက်ကုတ်ထားလိုက်သည်။
စောဂျိမ်းက သူ့အဖွဲ့ကို လက်ကာပြလိုက်၍ တစ်ယောက်တည်း ကင်ပွန်းချုံများဆီသို့ တရွေ့ရွေ့ သွားလိုက်သည်။ ဖွတ်ကြီးနှင့် (၅)ကိုက် အကွာလောက်ရောက်ချိန်တွင် ကင်ပွန်းချုံ တစ်ချုံကိုကွယ်၍ ခါးကြားမှ တစ်စုံတစ်ခုကို ထုတ်လိုက်သည်။
စောဂျိမ်း တောပစ်ထွက်လျှင် ကိုင်နေကျ လှံအတိုကလေးဖြစ်သည်။ လှံတိုကလေးကို ကျကျနန ချိန်ကာ ပစ်ထည့်လိုက်သည်။
လှံက ဖွတ်ကြီး၏ လက်ပြင်တွင် အတော်နက်အောင် စူးဝင်သွားသည်။ ဖွတ်ကြီးက တွန့်လိမ်၍ ကင်ပွန်းချုံထဲကို ပြေးဝင်သွားသည်။
ထိုအချိန်တွင် စောဂျိမ်းနောက်မှ တဖုန်းဖုန်း ပြေးလာသော ခြေသံကြား၍ စောဂျိမ်း လှည့်အကြည့်လိုက်တွင် မြင်လိုက်ရသူကား အောင်ပု။
စောဂျိမ်းက ကြက်သေသေ၍ တားဖို့အချိန် မရလိုက်မီမှာပင် အောင်ပုက ဖွတ်ကြီးဝင်သွားသော ကင်ပွန်းချုံအောက်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် သိပ်မကြာလိုက် ကင်ပွန်းချုံအောက်မှ အောင်ပု အော်၍ ပြေးထွက်လာတော့သည်။ စောဂျိမ်းက လေသံခပ်မာမာဖြင့် …
“ဟေ့ကောင် ဘာဖြစ်တာလဲ”
“ကျွန်တော့် မျက်လုံးတွေ ဘာဖြစ်သွားလဲ မသိဘူး။ စပ်လိုက်တာ။ ကြည့်လို့လည်း မရတော့ဘူး”
ကျော်စိုးက ရေဘူးကိုဖွင့်ကာ အောင်ပု မျက်လုံးပေါ်သို့ လောင်းချပေးလိုက်သည်။ ထိုအခါကျမှ အောင်ပု နေသာထိုင်သာ ရှိသွားကာ မျက်လုံးက ပြန်ကောင်းသွားသည်။
စောဂျိမ်းက အောင်ပု ပြန်ထွက်လာသော တောကင်ပွန်းချုံအောက်ကို ဝင်ကာ လေ့လာလိုက်သည်။ ပြီးမှ …
“မင်းက ဘာဖြစ်လို့ ဖွတ်ကြီးနောက်ကို အတင်းလိုက်ရတာလဲ”
“တော်ကြာ ချုံတောထဲ တိုးသွားရင် ပျောက်သွားမှာစိုးလို့ မီတုန်း လိုက်ထားတာပါ”
“မင်းကို ဘယ်သူက ခိုင်းလို့လဲ”
“ဘယ်သူမှတော့ မခိုင်းပါဘူး။ ဖွတ်တစ်ကောင်ရဖို့ဆိုတာ မလွယ်လို့ လွတ်သွားမှာစိုးလို့ လိုက်တာပါ”
“မခိုင်းပဲ မင်း လုပ်လိုက်တော့ မင်း ခံရတာပေါ့။ ကင်ပွန်းချုံထဲကို မင်း တိုးလိုက်တော့ အရွက်တွေနဲ့ မျက်လုံးထိပြီး မင်း ဒုက္ခရောက်တာ မဟုတ်လား။ အဲဒါကြောင့် နောက်ကို မင်း မခိုင်းဘဲ ဘယ်တော့မှ မလုပ်နဲ့။ အဲ… ဒီကင်ပွန်းချုံတွေကို တောခွေးတွေ သေးပန်းထားတယ်ကွ။ ဒီတောထဲကို တောခွေးအုပ် ရောက်နေတယ်”
ကျော်စိုးက …
“ဟုတ်လား စောဂျိမ်း”
“ဟုတ်တာပေါ့။ ဖွတ်ကြီး စားနေတာ တောဝက် အသေကောင်ကွ။ တောခွေးချသားလို့ ခေါ်တယ်။ တောခွေးတွေ ကိုက်ပြီးထားခဲ့တဲ့ အသေကောင်ကို ဖွတ်ကစားနေတာ”
“ဒါဆိုရင် ဒီတောထဲမှာ ကျွန်တော်တို့ သားကောင်ရဖို့ မလွယ်တော့ဘူးပေါ့။ တစ်ခုတော့ ရှိတယ်။ ဒီကောင်တွေနောက်လိုက်ရင် ဝက်တော့ ကျည်မကုန်ပဲ ရနိုင်တယ်”
“အေး… ဟုတ်တယ်။ ဒီတောထဲမှာ တောဝက်အုပ်ရော၊ တောခွေးအုပ်ရော ရောက်နေတယ်။ ဘယ်လိုလဲ တင်ဝင်း … လိုက်ကြမလား”
“လုပ်လိုက်လေ စောဂျိမ်း”
“သတိတော့ ရှိပါစေနော်။ စောစောက ဖွတ်ကြီးကို ကျော်စိုးနဲ့ တင်ဝင်း သွားဆွဲကြဦးကွ။ မျက်လုံးလည်း သတိထားနော်၊ ဖွတ်ကြီးကတော့ ငါ့လှံချက်နဲ့ ဝေးဝေးတော့ မပြေးနိုင်ပါဘူး”
သိပ်မကြာလိုက် လှံတန်းလန်းနှင့် ဖွတ်ကြီးကို ကျော်စိုးနှင့် တင်ဝင်းက ဆွဲထုတ်လာသည်။
“ကဲ… အောင်ပု၊ မင်း အဲဒီကောင်ကြီးကို အိတ်ထဲထည့်ပြီးထမ်းခဲ့တော့။ တို့ သွားကြမယ်”
ရာသီဥတုက ခြောက်သွေ့၍ မြေသားက မာနေသဖြင့် ခြေရာများ ထင်ထင်ရှားရှား မမြင်ရ … ရှုပ်နေသည်။
တောကင်ပွန်းချုံများကို လွန်လာပြီး ၁၅ မိနစ်လောက် အကြာတွင် အချိန်နှစ်ဆယ်လောက်ရှိသော ဝက်သေတစ်ကောင်ကို တွေ့ လိုက်ရသည်။ တောခွေးအုပ် ကိုက်ထားသော ဒဏ်ရာများက ပွနေသည်။ ဗိုက်လည်းပွင့်နေသည်။ အောင်ပုက စောဂျိမ်း မျက်နှာကို ကြည့်လိုက်သည်။
“အောင်ပု အဲဒီတောဝက်ကို ခေါင်းဖြတ်လိုက်ကွ”
ပါလာသောဓားနှင့် အောင်ပုက ခေါင်းဖြတ်လိုက်သည်။
“ပြီးရင် ဘယ်ခြေနဲ့ ယာလက်ကို နွယ်ကြိုးတစ်ချောင်းနဲ့ချည်ပြီး တောကောင်တွေ မမီနိုင်တဲ့ သစ်ကိုင်းတစ်ခုခုမှာ ချိတ်ထားခဲ့၊ အပြန်ကျမှ ယူမယ်”
တင်ဝင်းက …
“စောဂျိမ်း ဘာဖြစ်လို့ ခေါင်းဖြတ်ထားခဲ့ရတာလဲ”
“ဒီလိုကွ တောခွေးတွေ ကိုက်ပြီးထားခဲ့တဲ့ အကောင်ကို တောခွေးချသားလို့ ခေါ်တယ်။ မုဆိုးတို့ တချို့ တောထဲရောက်လာတဲ့ လူတွေက တောခွေးချသားကို မယူဘူး … မစားဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောခွေး သဘာဝက ကိုက်ထားခဲ့ပြီး အပြန်မှာ အဲဒီ အကောင်တွေကို ပြန်စားကြတော့ အပြန်မှာ သူတို့ ကိုက်ထားတဲ့ အစာမတွေ့ရင် အနံ့ခံပြီး နောက်က လိုက်တတ်တယ်။
ဒီကောင်တွေက အနံ့ခံ သိပ်ကောင်းပြီး အုပ်လိုက် နောက်ကနေ လိုက်တာဆိုတော့ အန္တ ရာယ် တွေ့နိုင်တာပေါ့။ ဒါကြောင့်မို့ တောခွေးချသားကို ရှောင်ကြတယ်။ တို့က အကုန်မယူဘဲ ထားခဲ့တော့ အန္တရာယ်ကင်းတာပေါ့ကွာ။ ခေါင်းမှ မဟုတ်ပါဘူး၊ တစ်ခုခု ထားခဲ့ရင်လည်း ရပါတယ်။ ကဲ… လာ ဆက်လိုက်ကြရအောင်”
ဝက်အုပ်နှင့် တောခွေးအုပ်တို့၏ ရှုပ်ထွေးနေသော ခြေရာများ အတိုင်းလိုက်ကြရင်း လမ်းတွင် ဝက်ချေးများကို နေရာအနှံ့ တွေ့လိုက်ကြရသည်။
အသက်ဘေးကြောင့် ပြေးရင်း ကြောက်ချေးများပါ သွားကြဟန် တူသည်။ နာရီဝက်လောက် သွားမိကြသောအခါ ဒူးခေါင်းလောက် ရေရှိသော အိုင်ကလေးတစ်အိုင်အတွင်း သေနေသော ဆတ်ပေါက်တစ် ကောင်။ အချိန် ၃ဝ လောက်တော့ ရှိမည်။ တောခွေးကိုက်ထားသော ဒဏ်ရာဗလပွနှင့် ဖြစ်သည်။
စောဂျိမ်းက …
“တောခွေးတွေဒဏ်ကို အခံရဆုံးက အဲဒီ ဆတ်တွေပဲကွ။ ဆတ်ထီးတွေတောင် ချိုရှိပေမယ့် တောခွေးကိုခတ်ဖို့ မလွယ်ဘူးကွ။ တောခွေးအုပ်နဲ့တွေ့လို့ ပြေးရင်း မောလာလို့ ရေအိုင်ထဲအဆင်းမှာ ခွေးတွေ ဝိုင်းကိုက်လို့ သေရတာပဲ။ အခုတော့ တို့ ဟင်းစားရပြီပေါ့ကွာ။ အပြန်ကျ ယူကြတာပေါ့”
ရေအိုင်မှတက်လာပြီး ခြေရာများအတိုင်း တောင်ကြောကလေးတစ်ခုပေါ်သို့ တက်လာကြသည်။ တောင်ကြောက မသိမသာ မြင့်တက်လာသော တောင်ကြောဖြစ်၍ ပေ ၁ဝဝ ခန့်လောက်သာ မြင့်သည်။ တောင်ကြောထိပ်ကို အရောက်တွင် ခြေရာများက ယာဘက်တောင်ကြော အောက်ဘက်ကို ပြန်နေပြန်သည်။
ခြေရာများအတိုင်း တောင်ကြောကို ဆင်းလိုက်လာကြသည်။ တောင်ကြောအလယ်လောက်တွင် ချုံပုတ်များ အကြား၌ တစ်ပိုင်းတစ်စ တွေ့ရသော ဝက်သေးသေးတစ်ကောင်။ ခြေ လက်နှင့် ခေါင်းသာ တွေ့ရတော့သည်။ ပြေးရင်းလွှားရင်း စားသွားကြဟန်တူသည်။
ဆက်လျှောက် ကြသောအခါ ဗိုက်ပွင့်ကာ အူများထွက်နေသော တောခွေးတစ်ကောင်။ ဝက်က ပြန်ပက်လိုက်သောကြောင့် ခံလိုက်ရခြင်းဖြစ်သည်။
ရိုး တောင်ကြောအဆုံးကို ရောက်၍ မုန်တိုင်းပင်၊ မြယာပင်နှင့် သျှိသျှားပင်များ အုပ်လိုက်ရှိနေသော တောထဲကို ခြေရာများက ပြနေပြန်သည်။ စောဂျိမ်းတို့အဖွဲ့ ခြေရာအတိုင်း ချီတက်လာကြပြန်သည်။
ဒယ်အိုးကြီးသဖွယ် နိမ့်ဆင်းသွားသော တောလမ်းအတိုင်း ကိုက် ၁ဝဝ လောက် အရောက်တွင်…
“ကစ်… ကစ်… ကစ်… ကစ်”
ကရင် မနီးမဝေးမှ ကြားနေရသော အသံများဖြစ်သည်။ စောဂျိမ်းက နောက်ကိုလှည့်ကာ …
“ဟေ့ကောင်တွေ တောခွေးအုပ်နဲ့ နီးနေပြီနော်။ သတိသာ ထားပေတော့။ သေနတ်တွေလည်း အသင့်ပြင်ထား။ ရင်ဆိုင်တွေ့ရင် နီးရာသစ်ပင်ပေါ်သာတက်ပြေး၊ ဒီကောင်တွေက လူလည်း ကြောက်တာ မဟုတ်ဘူး”
“စိတ်ချပါ စောဂျိမ်း”
စောဂျိမ်းက အသံလာရာဆီသို့ ခြေသံမကြားအောင် ရှေ့ကနေ လျှောက်သွားလိုက်သည်။ တောခွေးများ၏ အသံကြားရာနေရာက တဖြည်းဖြည်း နိမ့်ဆင်းသွားသောကြောင့် တောခွေးများ နောက်ပြန်လှည့်လာပါက စောဂျိမ်းတို့အဖွဲ့ အမြင့်ဘက်သို့ ပြန်ပြေးရမည် ဖြစ်သည်။ ထို့ကြောင့် စောဂျိမ်းက ချုံပုတ်တစ်ခုဘေးတွင် ရပ်လိုက်ကာ အိတ်ထဲမှ မီးခြစ်ကိုယူ၍ ခြစ်ကြည့်လိုက်သည်။
မီးတောက်ကလေးက အမြင့်ဘက်ကို ယိုင်နေသည်။ တော်သေးဟု စောဂျိမ်း သဘောပေါက်လိုက်သည်။
တောခွေးများက အနံ့ခံကောင်းသည်။ နောက်က လိုက်လာသော စောဂျိမ်းတို့ အနံ့ကို ရသွားလျှင် လမ်းပြောင်းသွားနိုင်သည် မဟုတ်ပါလား။
စောဂျိမ်း၊ ကျော်စိုးနှင့် တင်ဝင်းက အကာအကွယ်ယူ၍ ရင်ပေါင်တန်း တက်လာကြသည်။ တောခွေးများ၏ “ကစ် ကစ် ကစ်” အသံများက တဖြည်းဖြည်း နီးလာနေပြီ။
သစ်စိမ့်ပင် အပေါက်ကလေးတစ်ခုကို ဆွဲဖယ်၍ ကြည့်လိုက်ချိန်တွင် သုံးယောက်သား၏ မြင်ကွင်းက ရှင်းနေသည်။
အကောင် ၂ဝ ခန့်ရှိသော တောခွေးအုပ်တစ်အုပ်က တခြား သစ်ပင်တစ်ပင်ကို ဝိုင်းနေသည်။ တစ်အုပ်က တခြားတစ်ပင်ကို မော့ကာ ဝိုင်းနေသည်။
မြေပြင်တွင်လည်း တောဝက်သေတစ်ကောင်။ တစ်ပင်ပေါ်ရှိ သစ်ပင်ခွကြားတွင် ကျားပေါက်ကလေး နှစ်ကောင်က ငုတ်တုတ်ထိုင်၍ ဟိုသည်ကြည့်နေသည်။ နောက်တစ်ပင်၏ ခပ်မြင့်မြင့် ခွကြားတွင် ထိုင်နေသည်က လူတစ်ယောက်။
တင်ဝင်းက …
“စောဂျိမ်း ဘယ်လိုဖြစ်ကုန်တာလဲ”
“ငါလည်း စဉ်းစားနေတာ”
ကျော်စိုးက …
“တောဝက်အုပ် နောက်ကိုလိုက်တာ တောဝက်အုပ် မတွေ့ဘဲ လူတစ်ယောက်နဲ့ ကျားပေါက်ကလေး နှစ်ကောင်က ဘယ်လိုဖြစ်ရတာလဲ“
“အဲဒီကိစ္စ အသာထားဦးကွ။ ဟိုသစ်ပင်ပေါ်က လူက ဒုက္ခတွေ့နေပြီ”
စောဂျိမ်းက သစ်ပင်များ အနေအထားကို ကြည့်လိုက်ရင်း ခပ်လှမ်းလှမ်းရှိ တည်ပင်တစ်ပင်ကို မေးငေါ့ပြလိုက်ကာ…
“တို့လေးယောက်လုံး အဲဒီအပင်ပေါ်ကို တက်ကြရအောင်။ သတိထားပြီး တို့ကို မမြင်အောင် တက်ကြနော်”
တည်ပင်ရှိရာသို့ တရွေ့ရွေ့သွားပြီး လေးယောက်သား တည်ပင် အရွက်အခက်များကြားတွင် နေရာယူလိုက်ကြသည်။ တည်ပင်က အရွက်အခက်များ စိပ်နေ၍ နေပြောက်မထိုးအောင် အုပ်ကောင်းလှသောကြောင့် ပုန်းရန်အတွက် အကောင်းဆုံး ဖြစ်နေသည်။
တည်ပင်ပေါ်တွင် နေရာယူပြီးသည်နှင့် စောဂျိမ်းက တည်ပင် အရွက်များကြားမှ တောခွေးအုပ်ရှိရာသို့ ကြည့်လိုက်သည်။
အပေါ်စီးမှဖြစ်သည်။ မြင်ကွင်းက ရှင်းသည်။ ပစ်ကွင်းက ကောင်းသည်။ စောဂျိမ်းက . . .
“တင်ဝင်း အသာနေ၊ ကျော်စိုးနဲ့ ငါ ပစ်မယ်။ ငါက ဟိုဘက်ကလူ ချောင်းနေတဲ့ တောခွေးအုပ်ထဲကို ပစ်မယ်။ ကျော်စိုးက ဒီဘက်က တောခွေးအုပ်ထဲကို ပစ်။ နှစ်ချက်စီ ပစ်မယ်၊ နှစ်ချက်စီပစ်လို့ မပြေးကြ သေးရင် အခြေအနေအရ ထပ်ပစ်မယ်။ မှတ်မိတယ်နော် ကျော်စိုး”
“စိတ်ချ စောဂျိမ်း”
စောဂျိမ်းက အချက်ပြလိုက်သည်နှင့် …
“ဖောင်း… ဖောင်း”
“ဒိန်း… ဒိန်း”
တောခွေးများက သေနတ်သံကြောင့် ကစဉ့်ကလျားနှင့် ခြေဦးတည့်ရာသို့ ပြေးကုန်ကြသည်။ တောခွေးသံများ ပျောက်သွားမှ စောဂျိမ်းတို့ တည်ပင်ပေါ်မှ ဆင်းလာခဲ့ကြသည်။
သစ်ပင်အောက်တွင် အသက်ပျောက်နေသော တောခွေးနှစ်ကောင်။
သစ်ပင်ပေါ်က လူက ဆင်းလာသည်။ ထိုလူက ဆင်းလာပြီး ခပ်လှမ်းလှမ်းချုံထဲမှ တစ်စုံတစ်ခုကို သွားကောက်သည်။ ပွိုင့်တူးတူး တစ်လက်ဖြစ်သည်။ ထိုလူ စောဂျိမ်းတို့အနား ရောက်လာတော့
“ကျေးဇူးတင်တယ်ဗျာ၊ နောင်ကြီးတို့က မုဆိုးတွေလား”
“ဟုတ်တယ်”
“ခင်ဗျားကကော”
“အင်း… တောကြိုးဝိုင်းက သစ်တောဝန်ထမ်းပါ”
“ဟာ… ဝေးလှချည်လား။ ဒီကို ဘယ်လိုရောက်လာတာလဲ”
“ဥသျှစ်ပင်ရွာမှာ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူ့ ဆီ လာလည်ရင်း တောပစ်ထွက်လာတာ”
“အခု သူရော”
“တောခွေးအုပ် ဝင်လာတာနဲ့ လူကွဲသွားတယ်”
“ကဲ… ကဲ… ခင်ဗျား အဖြစ်ကို ပြောပါဦး”
“ကျွန်တော့် မိတ်ဆွေနဲ့ ကျွန်တော် မနက်စောစော ထွက်လာရင်း ဒီနားရောက်တော့ အသံကြားလို့ ချောင်းကြည့်လိုက်တာ ကျားမကြီး ကျားပေါက်ကလေး နှစ်ကောင်နဲ့ ဆော့နေတာ တွေ့ လိုက်ရတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း အပိုင်ပဲဆိုပြီး ပစ်မလို့ချောင်းနေတုန်း တဝုန်းဝုန်းနဲ့ ပြေးလာတဲ့အသံတွေ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ဝက်အုပ်ကြီးနောက်မှာက တောခွေးအုပ်။ အဲဒီအချိန်မှာ ကျားမကြီးနဲ့ ကျားပေါက်ကလေးက ထွက်ပြေးပြီ။
ကျွန်တော်တို့ နှစ်ယောက်လည်း ပစ်ဖို့တောင် အချိန်မရဘဲ ခြေဦးတည့်ရာ ထွက်ပြေးလိုက်ကြတာ လူကွဲသွားတယ်။ နောက် တောခွေးအုပ်က ကျွန်တော်နဲ့ ကျားပေါက်ကလေးနှစ်ကောင်ကို တွေ့သွားတော့ ဝက်အုပ်နောက်ကို မလိုက်ဘဲ တန့်သွားတယ်။
ကျွန်တော်လည်း ကြောက်ကြောက်နဲ့ သစ်ပင်ပေါ်ကို တက်နေလိုက်ရတယ်။ အပင်ပေါ်ရောက်မှ ကြည့်လိုက်တော့ ကျားပေါက်ကလေးနှစ်ကောင်လည်း သစ်ပင်ပေါ် ကုတ်တက်နေတာ တွေ့လိုက်ရတယ်။ သေနတ်လည်း ပြေးရင်းလွှားရင်း ကျကျန်ခဲ့တာပါပဲ”
“ကောင်းဗျာ၊ ကဲ… ခင်ဗျား အခု ဘာဆက်လုပ်မလဲ”
“ကျွန်တော့် မိတ်ဆွေကို ရှာဦးမလားလို့”
“ခင်ဗျားမိတ်ဆွေက ဒီနယ်သား မဟုတ်လား။ သူက တောကျွမ်းပြီးသား။ ခင်ဗျား ဒုက္ခရောက်လိမ့်မယ်။ ခင်ဗျား မိတ်ဆွေက ခင်ဗျားနဲ့မတွေ့လည်း သူ့ဟာသူ ပြန်လာတတ်တယ်။ ကျားမကြီးက သူ့ ကလေး လည်းတွေကို ပြန်လာရှာလိမ့်မယ်။ ရင်ဆိုင်တွေ့ နိုင်တယ်။
နောက်တစ်ချက်က မုဆိုးဆိုတာ သားကောင်တွေ့တိုင်း ပစ်ရတာ မဟုတ်ဘူး။ ဇီးရှိတဲ့ သားကောင်တို့ အခုလို သားပေါက်ကလေးတွေရှိတဲ့ သားကောင်တို့ဆိုရင် မပစ်ရဘူး။ မသိလို့ မလွှဲမရှောင်သာလို့က တစ်မျိုးပေါ့။
မုဆိုးစည်းဆိုတာ ရှိရတယ်။ ကျုပ်တို့ကတော့ ဒီနေ့ မပင်ပန်းပဲ တောဝက်တို့ ဆတ်တို့ ဖွတ်တို့ ရလိုက်ပြီ အပြန်သယ်ရုံပဲ”
“ဒါဆိုရင် ကျွန်တော်လည်း နောင်ကြီးတို့နဲ့ ပြန်လိုက်ခဲ့ပါမယ်”
“ကောင်းတာပေါ့ဗျာ၊ အပြန်မှာ တောကောင်သယ်ဖို့ အဖော်ရတာပေါ့”
ထုံးစံအတိုင်း တောခွေးကိုက်ထားသော တောဝက်ကို ခေါင်းဖြတ်ထားခဲ့ပြီး ဝါးတစ်လုံးနှင့်လျှို၍ အထမ်းတွင် အောင်ပုက . . .
“ဆရာ ဒီတောခွေး နှစ်ကောင်ရော”
“ဟေ… ဘာလုပ်ဖို့တုန်း”
“ချက်စားလို့ မရဘူးလား”
“ရတယ်ကွ … ဒါပေမယ့် တောခွေးကို လူတိုင်းတော့ မစားဘူး။ တို့ မုဆိုးတွေက သားကောင်တွေကို အန္တရာယ်ပေးတဲ့ တောခွေးကို ပစ်သာပစ်တာ ဘယ်တော့မှ မစားဘူး။ အေး… တစ်ခုတော့ရှိတယ်။ မင်းမှာ ဒူလာရောဂါ ရှိလား”
“မရှိပါဘူး ဆရာ”
“မရှိလည်း ကြိုတင်စားထားရင် စားထားပေါ့ကွာ။ တောခွေးသားက ဒူလာရောဂါ ပျောက်တယ်လို့ ကြားဖူးတယ်”
“ဟာ… ဆရာကလည်း”
တောဝက်ထမ်းလာသော ကျော်စိုးနှင့် တင်ဝင်းက ပြုံးလိုက်ကြသည်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဗိုလ်ကလေး)
Uncategorized