မြလှိုင် (နတ်တလင်း)
တောင်ညိုနယ်က ကျားဆိုးအန္တရာယ်
ကျွန်တော်သည် ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပါပြီ။ ၁၉၈ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် နတ်တလင်းမြို့နယ်၊ ဗိုလ်ကြီးစခန်းကျေးရွာ မူလတန်းကျောင်းလေးတွင် စတင်အလုပ်ဝင်ခဲ့ရပါသည်။
တောင်ညိုနယ်၊ ခြောက်အုပ်စုတွင်ပါဝင်သော ထိုရွာကလေးသည် ပျော်စရာအလွန်ကောင်းပြီး ရွာသူရွာသားများမှာလည်း စေတနာထက်သန်ကာ ဖော်ရွေမှုလည်းရှိကြပါသည်။
အခြားရွာများမှ ဆရာ၊ ဆရာမများသည် ထမင်းဟင်းများကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြရပါသည်။ ကျေးရွာသူ ကျေးရွာသားများက ဟင်းသီးဟင်းရွက်များကိုတော့ ပေးကမ်းကြပါသည်။
ဗိုလ်ကြီးစခန်းကျေးရွာလေးမှာမူ တစ်မူထူးခြားလှပါသည်။ ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်း၏ စာသင်စာပြကောင်းမှု၊ ကျေးရွာသားများနှင့် ချစ်ခင်ရင်းနှီးကာ စည်းရုံးရေးလည်းကောင်းမွန်မှုကြောင့် ကျွန်တော်တို့ဆရာသုံးယောက်ကို နေ့စဉ် ထမင်းပို့၍ ကျွေးကြရှာပါသည်။
အိမ်ခြေ ၁၅ဝ ကျော် ရှိသည့်အထဲမှ စီးပွားရေးကောင်းမွန်သင့်တင့်သော ၇၅ အိမ်ကို ရွေးချယ်စည်းရုံးခဲ့ပါသည်။ ၎င်းအိမ်များမှ ၂၅ အိမ်စီ ခွဲဝေကာ ဆရာကြီး၊ ဆရာဦးမောင်မောင်မြင့်နှင့် ကျွန်တော်တို့ကို ထမင်းချိုင့်ပို့ ပေးခဲ့ပါသည်။ စတီးချိုင့်များမပေါ် သေး၍ ဒန်သုံးဆင့်ချိုင့်လေးများနှင့် နေ့လယ်တစ်ကြိမ်၊ ညနေ တစ်ကြိမ်ပို့ပေးခဲ့ပါသည်။
နံနက်စောစောထမင်းကြမ်းကို အိမ်သားများကကျွေးပြီး နေ့လယ်နှင့် ညစာကို ရွာသားများပို့ပေးသော ထမင်းချိုင့်အား စားသောက်ခဲ့ရ၍ အဆင်ပြေလှပါသည်။ ထမင်းရှင်များကျေးဇူးကား ကြီးမားလှပေစွ။
အိမ်ရှင်များမှာ ကိုကြည်၊ မကြည်ဝင်းတို့ ဇနီးမောင်နှံနှင့် သုံးနှစ်သမီးလေး မစာဥတို့ သုံးယောက်သာရှိပါသည်။ အလွန်ဖော်ရွေကာ စေတနာကောင်းကြပါသည်။
မြို့ပေါ်မှ ဌာနဆိုင်ရာဝန်ထမ်းများ ရွာသို့ ကိစ္စကြီးငယ်ဖြင့် ရောက်လာသူတိုင်း ကိုကြည်တို့အိမ်မှာ စားအိမ်သောက်အိမ် ဖြစ်ခဲ့ရပါသည်။
တစ်နေ့ နံနက်စောစောအချိန်တွင် ကိုကြည်က သတင်းထူးတစ်ခု ကိုပြောပါသည်။
“ကျောင်းဆရာရေ… ညတုန်းက ညောင်လေးပင်ရွာထဲကို ကျားကြီးဝင်လို့တဲ့။ ဝက်ကြီးတစ်ကောင်ကို ဆွဲသွားတယ်တဲ့ဟေ့”
ဟု အမောတကောပြောပြ ပါသည်။
ကျွန်တော်လည်း အံ့အားသင့်သွားပြီး
“ဟာ… ဒုက္ခပါပဲ၊ ကျွန်တော်တို့ရွာတွေလဲ သတိထားရတော့မှာပေါ့နော် အစ်ကိုကြည်”
“အေးပေါ့ကွ၊ တို့ရွာနဲ့ ညောင်လေးပင်က ကြားမှာ သဖန်းချောင်းကြီးနဲ့ ကွေ့ကြီး နှစ်ရွာပဲ ခြားတာလေ”
ဟုပြောရာ ကျွန်တော်က …
“အရင်နှစ်တွေက အဲဒီလို ဝင်ဖူးလားဗျ”
ဟု မေးကြည့်ရာ ကိုကြည်က …
“မဝင်ဖူးပါဘူးကွာ၊ တောလွန်လာတာနေမှာပေါ့။ ကျားဆိုတာမျိုးက အိုမင်းမစွမ်းဖြစ်လာရင် တောထဲက သားကောင်တွေကို မီအောင်လိုက်မဖမ်းနိုင်တော့လို့ အလွယ်တကူဖမ်းလို့ရတဲ့ ရွာတွေထဲ ဝင်တာလို့ ရှေးလူကြီးတွေ ပြောကြတာပဲကွ”
ဟု ပြောပြပါသည်။ ကိုကြည်က …
“ဟေ့… ကျောင်းဆရာ၊ အရမ်းလဲမကြောက်ပါနဲ့ကွ။ ကျားက မင်းတို့ကျောင်းတက်နေတဲ့အချိန် နေ့ခင်းမှာ မလာဘူး။ ညကျတော့လဲ တို့တွေက အိမ်အပေါ်ထပ်မှာနေကြတာလေ။ ပြီးတော့ တို့အိမ်အောက်မှာ ငါ့ကျွဲကြီးတွေ ခုနစ်ကောင်တောင်ရှိတာကွ”
ဟုဝပြောရာ ကျွန်တော်က…
“အစ်ကိုကြည်ရေ… ကျွဲတွေက ကျားကို မကြောက်ဘူးလားဗျ”
ဟု မေးမိပါသည်။ ကိုကြည်က…
“ကျွဲတွေက ကျားကို မကြောက်ဘူးကွ။ ကျားအနံ့ ရရင် ကျွဲတွေက နှစ်ကောင် ဖင်ချင်းခိုင်းနေပြီးတော့ ချိုတွေယမ်း အသံတွေပေး ခုခံတာတဲ့ကွ။ တောထဲမှာ ကျွဲကြီးတစ်ကောင်တည်း ကွဲနေရင်တောင် ကျားလာရင် သစ်ပင်ကြီးကို နောက်ခိုင်းထားပြီး ပြန်ခုခံတာတဲ့ကွ”
ဟု ပြောပြ၍ ကျွန်တော်လည်း အတော်အတန် ကြောက်စိတ်ပြေခဲ့ရပါသည်။
ညောင်လေးပင်ရွာတွင်ကား ကျားဆိုးအန္တရာယ် နှိမ်နင်းရန် စီစဉ်ကြလေသည်။ ထိုခေတ်က ပြည်သူ့စစ်မှ ရိုင်ဖယ်တစ်လက်ငှားကာ မုဆိုးကိုထွန်းအောင်အား ပေးအပ်ပြီး မုဆိုးကိုဆင့်က ဒူးလေးနှင့် နှစ်ဦးသား ပစ်ခတ်နှိမ်နင်းရန် တိုင်ပင်ကြသည်။
ညနေနေဝင်ရီတရောအချိန်တွင် ကျားကြီးဝင်ခဲ့သော အိမ်နားမှ အိမ်မြင့်ကြီးခေါင်မိုးပေါ် တွင် မုဆိုးနှစ်ယောက်နှင့် အဖော် ကိုထွေးတို့ နေရာယူကြလေသည်။ တစ်ရွာလုံးလည်း အိမ်များပေါ် တက်ပြီး ငြိမ်သက်နေကြလေသည်။
ညမှောင်လာပြီး တဖြည်းဖြည်း ညဉ့်နက်လာလေပြီ။ ပြာသိုလဆုတ်ရက်ဖြစ်နေ၍ အမှောင်ထုကကြီးစိုး ထားလေသည်။
ည ၁၀ နာရီကျော်လောက်တွင် ကျားကြီးသည်
တောင်ညိုချောင်းကို ဖြတ်၍ ဝင်နေကျလမ်းအတိုင်း ရွာထဲသို့ ဝင်လာလေသည်။
ညဉ့်ငှက်များလန့်ပျံကြ၊ ခွေးများလည်း လန့်ဟောင်ကြ၊ နွားများ၏ နှာမှုတ်သံများနှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။
မုဆိုးကျော်ကြီးနှစ်ယောက်ကား လက်နက်ကိုယ်စီဖြင့် အသင့်ပြင်နေကြလေသည်။ မုဆိုးကိုထွန်းအောင်က ရိုင်ဖယ်သေနတ်ကို မောင်းတင်ပြီး ကိုထွေး ထိုးပြသော ဓာတ်မီးရောင်အောက်တွင် မြင်နေရသော ကျားဆိုးကြီးကို ပစ်ခတ်လိုက်လေသည်။
သို့သော် “ဒိုင်း” ခနဲ မြည်ဟိန်းသံကြီး ထွက်ပေါ် မလာဘဲ “ချောက်”ခနဲသာ အသံထွက်ပေါ်လာပါသည်။
ကိုဆင့်က ဒူးလေးကြီးဖြင့် ကျားဆိုးကြီးကို ချိန်ရွယ်ကာ ပစ်ပြန်ပါသည်။ ကံဆိုးစွာပင် ဒူးလေးကိုင်းကြီး ကျိုးသွားလေရာ ကျားဆိုးနှိမ်နင်းရေးမှာ မအောင်မမြင် ဖြစ်ခဲ့ရလေသည်။
ကျားကြီးကား မည်သည့်အရာကိုမျှ ကြောက်လန့်ခြင်းမရှိဘဲ တဟင်းဟင်းမာန်ဖီဟိန်းဟောက်ကာ ဝက်ကြီးတစ်ကောင်ကို ကိုက်ချီ၍ ပြန်ထွက်သွားလေသည်။
မိုးလင်းသောအခါ ညောင်လေးပင်ရွာ၌ ကောလာဟလတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ကျားဆိုးကြီးမှာ နတ်ကျားကြီးဖြစ်နိုင်သည်ဟူ၍ ဖြစ်လေသည်။
ပြည်သူ့စစ်သေနတ်မှာ အမြဲ အသုံးပြုနေခြင်း မဟုတ်သလို သန့်ရှင်းရေးလည်း မလုပ်ထား၍ ကျည် မထွက်ခြင်း ဖြစ်နိုင်လေသည်။
ဒူးလေးကြီးမှာလည်း ဟောင်းနွမ်းနေ၍သာ ကျိုးသွားခြင်း ဖြစ်တန်ရာသည်။
သို့သော် ဝေးလံခေါင်ဖျားအရပ်ဒေသမှ ကျေးရွာသားများကား ထိုသို့အမြင်မှန်မရနိုင်ကြပါပေ။
ထို့ကြောင့် ညောင်လေးပင်၊ ကွေ့ကြီး၊ သဖန်းချောင်းကြီး စသော ရွာနီးချုပ်စပ်မှ ကျေးရွာလူကြီးများ ကျားဆိုးနှိမ်နင်းရေးကို ခေါင်းချင်းဆိုင် တိုင်ပင်ကြလေသည်။
ထိုအချိန်တွင် အားတက်စရာသတင်းကား သဖန်းချောင်းကြီးရွာနေ စစ်မှုထမ်းဟောင်း ကိုတင်မြင့်တစ်ယောက် ခရီးသွားရာမှ ပြန်လာပြီဟူ၍ ဖြစ်လေသည်။ ကိုတင်မြင့်လည်း ခရီးရောက်မဆိုက် လူကြီးများဆွေးနွေးတိုင်ပင်ရာနေရာသို့ ရောက်လာလေသည်။ ကျေးရွာလူကြီး ဦးကျော်သိန်းက …
“လာဟေ့ မောင်တင်မြင့်၊ တို့တွေ မင်းကို မျှော်နေကြတာနဲ့ အတော်ပဲဟေ့”
ဟု နှုတ်ဆက်လိုက်ပါသည်။ ဦးတင်ရွှေက ….
“ကဲ… မောင်တင်မြင့်ရေ၊ မင်းလဲ ကျားဆိုးကြီးသတင်း ကြားပြီးရောပေါ့။ ဒီကျားကြီးကို နှိမ်နင်းဖို့ မင်းကိုပဲ အားကိုးရမှာ။ ကဲ… မင်း ဘယ်လိုသေနတ် သုံးမလဲ။ ကွင်းကျယ်ပြည်သူ့စစ်မှာတော့ စတင်းဂန်းရှိတယ်၊ ရိုင်ဖယ်တွေ လဲရှိတယ်”
ဟု ပြောရာ ကိုတင်မြင့်က …
“ကျွန်တော့်စိတ်ကြိုက် ရိုင်ဖယ်တစ်လက်ရရင် တော်ပါပြီဗျာ”
ဟု ပြောပါသည်။
ထို့နောက် ကိုတင်မြင့်သည် ရိုင်ဖယ်တစ်လက်ကို စိတ်တိုင်းကျ ရွေးချယ်ကာ ဖြုတ်ပြီး တိုက်ချွတ် သန့်စင်လေသည်။ ကျည်ဆန်ခုနစ်တောင့်ကို ယူပြီး ကျားဆိုးနှိမ်နင်းရေးအတွက် စိတ်ထက်သန်နေလေ သည်။
တပည့်ကျော်ဖိုးထောင်နှင့်လည်း အသေးစိတ် ဆွေးနွေးတိုင်ပင်ကာ ညွှန်ကြားချက်များပေးကာ နေလေသည်။
နေ့လယ် ၂ နာရီထိုးချိန်တွင် ကိုတင်မြင့်နှင့် တပည့်ကျော်ဖိုးထောင်တို့နှစ်ယောက်သည် ညောင်
လေးပင်ရွာမှ ကောင်စီလူကြီး ဦးအေးသိန်းအိမ်သို့ ရောက်လာကြသည်။ ဦးအေးသိန်းက…
“လာကြဟေ့ မောင်တင်မြင့်နဲ့ မောင်ဖိုးထောင်ရေ၊ ငါတို့ မနက်ကတည်းကမျှော်နေကြတာကွ”
ဟု ပြောဆိုနှုတ်ဆက်ရာ ကိုတင်မြင့်က…
“ကျွန်တော်လဲ ခရီးရောက်မဆိုက် ကျားဆိုးကြီးသတင်းကို ကြားကြားချင်း အရမ်းထိတ်လန့်သွားတယ် ဦးလေးရေ။ ရွာက လူကြီးတွေက ကျွန်တော်ပြန်လာ ရင် ကျားဆိုးကြီး နှိမ်နင်းဖို့ တာဝန်ပေးထားတယ်ဆိုလို့ အခု လာခဲ့တာပါပဲဗျာ”
ထိုအခါ ဦးအေးသိန်းက…
“ကဲ… ကဲ… နားကြပါအုံး။ မြေပဲကြော်လေးမြည်းရင်း ရေနွေးကြမ်းသောက်ကြကွာ”
ဟု လောကွတ်ပြုလေသည်။ ကိုတင်မြင့်က …
“ဟုတ်ကဲ့ ဦးလေး၊ ခဏနားပြီးရင် ကျားကြီး ဝင်နေကျနေရာ အခြေအနေ သွားလေ့လာကြမယ်လေ”
ဟု ပြောရင်း လက်ဖက်ရည်ကြမ်း သောက်နေလေသည်။
ထိုအချိန်တွင် မုဆိုးကျော်များဖြစ်သော ကိုထွန်းအောင်၊ ကိုဆင့်နှင့် ကိုထွေးတို့သည် ရိုင်ဖယ်သေနတ်တစ်လက်နှင့်အတူ ရောက်လာကြပါသည်။ ကျားကြီးနှိမ်နင်းရေး တိုင်ပင်ကြပြန်သည်။
ကိုတင်မြင့်က ကိုထွန်းအောင် ယူလာသော ရိုင်ဖယ်သေနတ်ကို ယူ၍ ဖြုတ်ကာ သန့်ရှင်းရေးပြုလုပ်ပေးပါသည်။
အတန်ကြာသောအခါ ကျားမုဆိုးအဖွဲ့သည် ရွာအရှေ့ဘက် ကျားကြီး ဝင်နေကျနေရာကို သွားရောက်လေ့လာကြလေသည်။
ညောင်လေးပင်ရွာကား တောင်ညိုချောင်း (မြို့ ပေါ်တွင် ဘိုးသာအောင်ကုန်းချောင်းဟု ခေါ်ကြပါသည်) ကမ်းပေါ်တွင် ကပ်လျက်တည်ရှိပါသည်။
တောင်ညိုချောင်းအရှေ့ဘက်တွင် တောတန်းလေးရှိပြီး ပဲခူးရိုးမတောကြီးနှင့် ဆက်စပ်လျက်ရှိနေပါသည်။ ပဲခူးရိုးမကြီးထဲတွင် သားကောင်ရှားပါးလာခြင်း၊ ကျားဆိုးကြီးမှာ အိုမင်းမစွမ်းဖြစ်လာခြင်းတို့ ကြောင့် သားကောင် အလွယ်တကူရရန် ရွာများထဲသို့ ဝင်ရောက်သောင်းကျန်းခြင်းဖြစ်နိုင်ပါသည်။
ကျားမုဆိုးအဖွဲ့များမှာ ကျားခြေရာများကို လေ့လာကြပါသည်။
ကျားကြီးကား ရွာသို့မဝင်မီ ချောင်းရိုးတစ်လျှောက် သွားလာထားသည့် ခြေရာများကား ရှုပ်နေပါသည်။ ကိုထွန်းအောင်က …
“ဒါက ညက ခြေရာတွေ။ ဒီဘက် ခြေရာတွေက မနေ့က ခြေရာတွေ ဖြစ်နိုင်တယ်”
ဟု သူ၏ ထင်မြင်ချက်ကို ပြောပြပါသည်။ ကိုတင်မြင့်က
“ဒီကျားကြီးက ရွာအရှေ့ဘက်ကသာ ဝင်နေတာ။ ခြေရာတွေက ချောင်းရိုးတစ်လျှောက် သွားလာထားတာတွေ တွေ့နေရတယ်ဗျ”
ဟု သူ၏ လေ့လာတွေ့ရှိချက်ကို ပြောပြပါသည်။ သူကပင်ဆက်၍
“ကိုထွန်းအောင်တို့က ရွာအနောက်ပိုင်းမှာ နေရာယူ၊
ကျွန်တော်တို့က ရွာအရှေ့ပိုင်းမှာ နေရာယူပါမယ်။ လိုအပ်ရင် နှစ်ဖွဲ့ပေါင်းကြတာပေါ့ဗျာ”
ဟု ပြောရင်း ရွာသို့ ပြန်လာကြပါသည်။
ဦးအေးသိန်းတို့အိမ်တွင် မုဆိုးအဖွဲ့ဝင်များအားလုံးကို ထမင်းကျွေးရာ ကူညီချက်ပြုတ်သူများနှင့် လူများ စည်ကားနေပါသည်။ ကျားဆိုးအန္တရာယ် နှိမ်နင်းရေးအတွက် တက်ကြွစွာ ပါဝင်လုပ်အားပေးနေကြခြင်းပင်။
ညနေ ၅ နာရီကျော်သည်နှင့် တောတောင်ရိပ်ရှိသော ညောင်လေးပင်ရွာလေးမှာ မှောင်ရိပ်သန်းလာလေပြီ။ မုဆိုးအဖွဲ့ နှစ်ဖွဲ့သည် သတ်မှတ်နေရာများတွင် နေရာယူကြလေသည်။
ကိုထွန်းအောင်၊ ကိုထွေးနှင့် ကိုဆင့်တို့မှာ ရွာအနောက်ပိုင်းမှ အိမ်မြင့်မြင့်တစ်လုံးပေါ်တွင် ရိုင်ဖယ် တစ်လက်၊ ဒူးလေးတစ်လက်၊ ၅ လုံးထိုးဓာတ်မီးနှစ်လက်၊ အမဲလိုက်ဓားကြီးတစ်လက် စသည်တို့နှင့် အသင့်အနေအထား ဖြစ်နေလေသည်။
ကိုတင်မြင့်နှင့် ဖိုးထောင်တို့ ဆရာတပည့်နှစ်ဦးမှာ ရွာအရှေ့ပိုင်း ကျားကြီးဝင်နေကျနေရာ ချောင်းကမ်းပါးအနီး မန်ကျည်းပင်ကြီးအောက်တွင် နေရာယူနေ ခြင်းဖြစ်သည်။
စစ်မှုထမ်းဟောင်းပီပီ တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော ကိုတင်မြင့်မှာ ကြောက်လန့်ခြင်း အနည်းငယ်မျှမရှိ။ မျက်စိကိုဖွင့်၊ နားကိုစွင့်လျက် ကျားဆိုးကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပါသည်။
အနည်းငယ်မှောင်လာသည်နှင့် တစ်ရွာလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားပါသည်။
ညဉ့်ဦးပိုင်းတွင် အခြေအနေ မထူးခြားသေးချေ။ မုဆိုးများမှာ ခြင်များကိုက်နေသော်လည်း အသံ မြည်အောင်မရိုက်ရဲ၊ ပွတ်ကာသပ်ကာဖြင့် သည်းခံနေကြရလေသည်။
ည ၉ နာရီခွဲခန့်တွင် ရွာအနောက်ပိုင်းမှ ဆူဆူညံညံအသံများထွက် ပေါ်လာပါသည်။ ကျွဲ၊ နွားများ နှာမှုတ်သံ၊ ခွာခုတ်သံ၊ ခွေးများလန့်ဟောင်သံ စီစီညံနေသည်။
ကျားစဉ်းလဲကား ရွာထဲဝင်နေကျနေရာမှ မဝင်ဘဲ တစ်မျိုးကြံစည်ထားပုံရသည်။
ကိုထွန်းအောင်က ကိုထွေး ဓာတ်မီးထိုးပြရာသို့ ကြည့်ရာ ကျားကြီးကို လှမ်းမြင်နေရသည်။ သို့သော် အတော်လှမ်းနေပြီး ကျွဲများ၊ နွားများကြား ဖြတ်ပြေးနေ၍ ပစ်ခွင့်မသာပေ။
တစ်နေရာအရောက်တွင် ကျားကြီးနောက်ပိုင်းကို အထင်းသားမြင်ရ၍ ချိန်ရွယ်ပစ်ခတ်လိုက်လေသည်။ ကျားကြီး၏ပေါင်ကို ရှပ်မှန်သွားပြီး ထိချက်မမှန်၍ လဲကျခြင်းမရှိပေ။ ထို့နောက် ရွာအရှေ့ပိုင်းသို့ အိမ်ကြိုအိမ်ကြားမှ ဖြတ်ပြေးလေသည်။
ကိုတင်မြင့်တို့ ဆရာတပည့်နှစ်ဦးသားမှာ အခြေ အနေကို သတိထားမိ၍ ကျားကြီး ပြေးလာရာလမ်းမှ ဆီးကြိုစောင့်ဆိုင်းနေကြသည်။
ကျားကြီးမှာ ဒီကနေ့အဖို့ အမဲတစ်ကောင်တော့ ရရမည်ဟု ဆုံးဖြတ်ထားပုံ ရလေသည်။ အိမ်တစ်အိမ်အောက်ရှိ ဝက်ခြံထဲမှ ဝက်တစ်ကောင်ကို အတင်း ဝင်ကိုက်ချီပါသည်။ အခြေအနေမကောင်းမှန်းသိနေသော ကျားကြီးမှာ ရွာထဲမှ အမြန်ဆုံးထွက်ခွာရန် တောင်ညိုချောင်းကြီးဘက်သို့ ထွက်သွားလေသည်။
ချောင်းကြီးကိုကျော်ပြီးလျှင် တောထဲသို့ အမြန်ဆုံးထွက်ခွာရန်ဖြစ်နိုင်ပါသည်။
ကိုတင်မြင့်တို့ စောင့်သောနေရာနှင့် အတော်လှမ်းလှမ်းမှ ချောင်းထဲ ခုန်ဆင်းသွားခြင်းဖြစ်၍ ပစ်ခွင့်မသာပါချေ။ ကိုတင်မြင့်တို့ ဆရာတပည့်မှာ အမြန်ပြေးလိုက်ကြပါသည်။ ကျားကြီးမှာ မြင်ကွင်း မှ ပျောက်ကွယ်သွားရာ ဓာတ်မီးဖြင့် ထိုး၍ ရှာကြပါသည်။
မုဆိုးကျော်နှစ်ယောက်မှာ အသည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်နေကြလေသည်။
ထိုစဉ် ကိုင်းတောထဲမှ တစ်တီတူးငှက်တစ်ကောင် လန့်ပျံသွား၍ ဓာတ်မီးဖြင့်ထိုးကြည့်ကြရာ ကိုင်းတောတစ်နေရာ၌ ဝက်ကြီးကို ကိုက်ချီထားသော ကျားကြီး၏ ခေါင်းကို အထင်းသားမြင်ရလေ သည်။
ကိုတင်မြင့်မှာ ကျားကြီး၏ ခေါင်းကို ချိန်ရွယ်၍ မောင်းတင်ပြီးသား သေနတ်၏ ခလုတ်ကို ဆွဲလိုက် လေသည်။
သေနတ်သံကြီးကား မြည်ဟိန်းလျက် တောတောင်ထဲမှ ပဲ့တင်သံအထပ်ထပ် ထွက်ပေါ်လာပါသည်။ ကျားကြီးကား ချက်ကောင်းကို ထိသွားသည်ဖြစ်၍ ချောင်းရေစပ်သို့ ကျွမ်းပစ်ကျသွားလေသည်။
ကိုတင်မြင့်သည် အခြေအနေကို အကဲခတ်စောင့်ကြည့်နေပါသည်။ အတန်ကြာသော်လည်း ကျားကြီး ကား မလှုပ်မယှက် ငြိမ်သက်သွားပေပြီ။
ကျားဆိုးကြီးကို အပြီးတိုင် နှိမ်နင်းနိုင်ခဲ့သော မုဆိုးကျော်နှစ်ယောက်မှာ လက်သီးလက်မောင်း တန်းလျက် “အောင်ပြီ … အောင်ပြီ” ဟု ကြွေးကြော်အော်ဟစ်ကြပါသည်။
ရွာသူ ရွာသားများသည် ကလေးလူကြီးမကျန် ဓာတ်မီးများ၊ မီးတုတ်ကြီးများ ကိုင်ဆောင်လျက် လာကြည့်ကြပါသည်။ ကိုထွန်းအောင်တို့အဖွဲ့လည်း အမြန်ရောက်ရှိလာပြီး …
“ကိုတင်မြင့်ရေ… ကျွန်တော်လဲ ပစ်ကွင်းကမကောင်းပေမဲ့ လက်လွတ်သွားမှာစိုးလို့ သေချာမချိန်ရဘဲ အမြန်ပစ်ထည့်လိုက်ရတယ်ဗျို့။ ဟောဒီမှာ ကြည့်ပါအုံး။ ပေါင်ကို ရှပ်မှန်သွားတာကိုးဗျ”
ဟု ပြောပြနေပါသည်။ ကိုတင်မြင့်က…
“ဟုတ်တယ် ကိုထွန်းအောင်ရေ၊ ဒါတောင်မှ ကျားစဉ်းလဲကြီးက ဝက်တစ်ကောင်ကို ဆွဲမိအောင် ဆွဲသွားသေးတယ်ဗျို့။ အတော်လဲ ပါးနပ်တဲ့ကောင်ကြီးဗျ။ ကျွန်တော်တို့လဲ လွတ်သွားပြီထင်နေတာ။ ကံကောင်းလို့ပေါ့ဗျာ၊ တစ်တီတူးငှက်ကလေး လန့်အော်ပြီး ပျံမှ ကျားကြီးရှိနေတဲ့နေရာကို သိသွားရတာလေ။ တကယ်တော့ တစ်တီတူးငှက်ကလေးတွေက ငှက်ဆိုး မဟုတ်ပါဘူး၊ မိတ်ဆွေငှက်ကလေးတွေပါ ပဲဗျာ”
ဟု ရှင်းပြနေပါသည်။
ရွာသူရွာသားများလည်း တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံစွာ ပြောဆိုနေကြပါသည်။
အောင်ပွဲခံသည့်အနေဖြင့် ဦးအေးသိန်းက စိမ်ရည်အိုးကြီးတစ်အိုး၊ ဆတ်သားခြောက်များဖြင့်
မုဆိုးများနှင့် ရွာသားများကို ဧည့်ခံကျွေးမွေးရာ ညလုံးပေါက် ဆူညံစွာ ပြောကြဆိုကြဖြင့် ပျော်ရွှင်နေကြလေသည်။
ကျားဆိုးကြီးကို နှိမ်နင်းပြီးပြီဟူသော သတင်းသည် ညောင်လေးပင်ရွာပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပါသည်။
ဗိုလ်ကြီးစခန်းရွာတွင်လည်း ဟိုတစ်စု ဒီတစ်စု ပြောဆိုနေကြပါသည်။ ကျွန်တော်နေသောအိမ်မှ ကိုကြည်က
“ကျောင်းဆရာရေ… ပြည်တော်သန်းတို့၊ နေဝင်းတို့ ညောင်လေးပင်ကို သွားမလို့တဲ့ကွ။ ငါလည်း လိုက်သွားအုံးမယ်”
ဟု ပြောပြောဆိုဆို ပတောက် (ပစ္စည်းများထည့်လွယ်ရသော ဝါးဖြင့်ရက်လုပ်ထားသည့် ခြင်းတစ် မျိုး) ကို လွယ်လျက် ထွက်သွားပါသည်။
ကျွန်တော်လည်း သူငယ်ချင်းဖြစ်သူ ဆရာမောင်မောင်မြင့် လာသည်နှင့် ကျောင်းသို့ ထွက်လာခဲ့ပါသည်။ ကျောင်းတွင်လည်း ကျောင်းသား ကျောင်းသူလေးများမှာ ကျားကြီးသေဆုံးသွားပြီဖြစ်ကြောင်း၊ ဦးတင်မြင့်မှာ သေနတ်ပစ် အလွန်လက်တည့်ကြောင်း စသည်ဖြင့် တစ်ယောက်တစ်ပေါက် ပြောကြကုန်၏။
နေ့လယ်ကျောင်းဆင်းချိန်တွင် ကျွန်တော် ထမင်းစားအပြန် အိမ်၌ အစ်ကိုကြည်တစ်ယောက် ပြန်ရောက်နေပါပြီ။ ကျွန်တော့်ကို မြင်သည်နှင့်
“ကျောင်းဆရာရေ… ဒီမှာ ကျားသားနည်းနည်းရလာ
တယ်ဟေ့။ ဆေးဖက်ဝင်တယ်ပြောတယ်။ တို့ နည်းနည်း ကြော်စားကြည့်ရအောင်”
ဟု အဖော်ညှိပါသည်။ ကျွန်တော်ကလည်း
“ဆေးဖြစ်ဝါးဖြစ် နည်းနည်းတော့ မြည်းကြည့်ရတာပေါ့ဗျာ”
ဟု ပြန်ပြောရာ အစ်မ မကြည်ဝင်းက
“ကိုကြည်ရယ်… ညှီလို့ စားနိုင်မှာ မဟုတ်ပါဘူး”
ဟု ပြောပါသည်။
ကိုကြည်က အသားတုံး ခပ်သေးသေးကလေးများတုံးတစ်၍ ကြော်ပါလေသည်။
ထမင်းစားပြီးသောအခါ ရေနွေးကြမ်းဝိုင်းသို့ ကျားသားကြော်အနည်းငယ် ထည့်ယူလာပါသည်။ ကိုကြည်နှင့် ကျွန်တော်တို့ တစ်ယောက်တစ်တုံးစီ စားကြည့်ကြရာ အလွန်တရာ ညှီသောအနံ့ကို ရသော်လည်း မျက်စိမှိတ်လျက် ရှုံ့ကာမဲ့ကာဖြင့် စားလိုက်ကြပါသည်။
မကြည်ဝင်းက ဘယ့်နှယ်ရှိစဟူသော သဘောဖြင့် ပြုံးရယ်နေပါသည်။
၎င်းအဖြစ်အပျက်သည် နှစ်ပေါင်းလေးဆယ် ကျော်ခဲ့လေပြီ။ အစ်ကိုကြည်နှင့် မကြည်ဝင်းတို့ လည်း ဘဝတစ်ပါးသို့ ပြောင်းသွားကြလေပြီ။ သူတို့၏သမီးနှင့် သားလေးတို့ ကျန်ရစ်ခဲ့လေသည်။ ၎င်းတို့ မိသားစုကို အမှတ်တရဖြင့် ဤ ကိုယ်တွေ့ဝတ္ထုကလေးကို ရေးဖြစ်ခဲ့ခြင်း ဖြစ်လေသတည်း။
ငွေတာရီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – မြလှိုင်(နတ်တလင်း)
Uncategorized