ထောင်မှူးကြီးသိန်းဝင်း
တောတွင်းသားနှင့် ငှက်ဖျားရောဂါ
တောနေလူတန်းစားများအတွက် အဓိကဖြစ်ပွားတတ်သော ရောဂါများမှာ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါတို့ ဖြစ်ကြသည်။ ရွာသူရွာသား၊ တောတွင်းနေသူများအတွက် မဖြစ်မနေ ဖြစ်ပွားတတ်သည့် ရောဂါဆိုးကြီးများဖြစ်ကြပါသည်။
ဝမ်းရောဂါကား ယင်နားစာနှင့် အမှည့်လွန်သစ်သီးများကို မစားဘဲ ရေကို ကြိုချက်သောက်ခြင်းဖြင့်ကာကွယ်နိုင်သည်။ ဖြစ်ပွားလာပါကလည်း တိုင်းရင်းဆေးနှင့် ခေတ်ပေါ်ဆေးများက ထိရောက်စွာ အချိန်တိုအတွင်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။
ငှက်ဖျားရောဂါကတော့ ထိုသို့မဟုတ်ပါ။ အလွန်ခါးလှသော ကရိုလိုကွင်းဆေးပြားကို အပတ်စဉ် ကာကွယ်ဆေးအဖြစ် ပုံမှန်သောက်နေသော်လည်း ခြင်ကိုက်သည်နှင့် ငှက်ဖျားဖြစ်တတ်သည်။
ခြားနားသည်ကတော့ ကာကွယ်ဆေးသောက်ထားသူအတွက် ငှက်ဖျားရောဂါဖြစ်ပွားလျှင် အသက်အန္တရာယ် မထိခိုက်နိုင်ပါ။ ကာကွယ်ဆေး မသောက်သူများကတော့ ငှက်ဖျားရောဂါဖြစ်သည်နှင့် ဆေးဝါးကုသမှု လက်လှမ်းမမီပါက (၂)ပတ်အတွင်း သေဆုံးနိုင်ပါသည်။
ငှက်ဖျားရောဂါလက္ခဏာက ချမ်းတုန်ပြီး အပြင်းဖျားသည်။ အစာ စားသောက်လိုခြင်းမရှိ။ အရည်တောင် အနိုင်နိုင်သောက်နိုင်သည်။ အစာ မစားနိုင်၍ အားပြတ်သည်။ အားပြတ်တော့ အိပ်ရာထဲ လဲတော့သည်။ ငှက်ဖျားရောဂါဖြစ်လျှင်မနက်ပိုင်း တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် အချိန်မှန်ဖျားတတ်သည်။ ချွေးထုတ်ပါက သက်သာသည်။ အချိန်မီ ဆေးအကူအညီ ရပါက သက်သာပျောက်ကင်းသည်။
သို့သော် တောတွင်းနေသူများအတွက် ငှက်ဖျားရောဂါက အမြစ်မပြတ်နိုင်ပါ။ အာနိုဖိလစ်ခေါ် ငှက်ဖျားခြင် အကိုက်ခံရသည်နှင့် ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားတတ်သည်။ အမြစ်ပြတ်ကုပြီး ငှက်ဖျားခြင်မရှိရာ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်နိုင်မှသာ ငှက်ဖျားရောဂါဆိုးက ကင်းလွတ်နိုင်မည် ဖြစ်ပါသည်။
ငှက်ဖျားရောဂါအား တိုက်ဖျက်ကာကွယ်ရန် တိုင်းရင်းဆေး၊ ခေတ်ပေါ်ဆေးမျိုးစုံ ရှိသည်။ သို့သော်လည်း တောနေလူတန်းစားများကတော့ ငှက်ဖျားရောဂါနှင့် မကင်းနိုင်ကြပါ။ တောတောင်နှင့် ဆက်နွှယ်နေလျှင် ငှက်ဖျားဖြစ်တတ်သည်။
မြန်မာနိုင်ငံတွင် (G) နှင့် (F) Type ဟူသော အာဖရိကငှက်ဖျားမျိုး ရှိသည့်အပြင် ပင်လယ်ကမ်းစပ်တွင် နေထိုင်ရသူများအတွက် ပင်လယ်ငှက်ဟူသည်က ရှိသေးသည်။ မနက်ရေတက်ချိန်၊ ညနေရေကျချိန်တို့တွင် အဖျားတက်တတ်ပြီး ရေတက်ရေကျ အဖျားတက်တတ်သော ရောဂါဆိုး ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ရောဂါရှိလျှင် ဆေးရှိသည်။“အနာနှင့်ဆေး တည့်အောင်ပေး၊ ပျောက်ရေးမခက်ပါ” ဟူသော စကားပုံပင် ရှိသည်မဟုတ်ပါလော။
အထက်က ဆိုခဲ့သလို ရှေးရိုးရာ မြန်မာတိုင်းရင်းဆေးနည်း၊ ဒေသအလိုက် ဆေးနည်းများ၊ ခေတ် ပေါ်ဆေးနည်းများ စသဖြင့် ဆေးကုသနည်းမျိုးစုံ ရှိပါသည်။
သို့သော် ဒေသအလိုက် ငှက်ဖျားခြင်အမျိုးအစားအလိုက်တော့ ဆေးနှင့် ကုသပုံ ကုသနည်းများ ကွဲပြားခြားနားပါလိမ့်မည်။
အချို့အရပ်ဒေသများတွင် ရှေးရိုးရာ ယုံကြည်မှု အစွဲအလမ်းကလည်း ရှိသေးသည်။
xxx xxx xxx
စနေနေ့ ညနေ၊ နေဝင်ခါစအချိန်တွင် ကျွန်တော်တို့ ပဲခူးရိုးမတောင်ခြေ အမြန်လမ်းစီမံကိန်း ရဲဘက်စခန်း၌ ထောင်ပိတ်ချိန်ဖြစ်သည်။
သစ်ပင်ခုတ်၊ သစ်တောရှင်း၊ ကျွန်းခွေ၊ မီးရှို့လုပ်ငန်းများ လုပ်ရသောစခန်း ဖြစ်သောကြောင့် လုပ်ငန်းခွင် သိမ်းပြီး အပြန်တွင် နောက်ကျတတ်သည်။
မနက်ခင်း ထောင်ဖွင့်လူဦးရေအတိုင်း ညနေ ထောင်ပိတ်ချိန်၌လည်း လူပေါင်း ကိုက် မကိုက် စစ်ဆေးရသည်။ ထိုအချိန်အခါက ဝန်ထမ်းနှင့် ရဲဘက်များ ပင်ပန်းကြသော်လည်း ခြေချင်းမခတ်၊ ရဲဘက်ယူနီဖောင်းအပြာကို ဆင်တူဝတ်ဆင်ပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားသောကြောင့် မိမိတို့အား သတ်မှတ်ပေးထားသော လုပ်ငန်း “ကိုယ်တာ” ပြီးသည်နှင့် ချက်ပြုတ်စားသောက်ရန် အသီးအနှံနှင့် သားငါး ရှာဖွေခွင့် ပြုထားသည်။
ထို့ကြောင့်လည်း အပြန်နောက်ကျပြီး ထောင်ပိတ်ချိန် နောက်ကျခြင်း ဖြစ်သည်။
နောက်တန်းတပ်ကြပ်ကြီးက ကျွန်တော်တို့ရုံးခန်းအရှေ့ရှိ ကညင်ပင်ကြီးအောက် တန်းစီကွင်းမြေပြောင်ပြောင်တွင် အောက်လင်းဓာတ်မီးကြီးထွန်းပြီး အိပ်ဆောင်တပ်ခွဲအလိုက် ပုံစံထိုင်၍ တန်းစီလူစစ်ဆေးနေသော အချိန်အခါ ဖြစ်သည်။
“အိပ်ဆောင်(၁) တပ်ခွဲ(၁) လူပေါင်း ဘယ်လောက်လဲ”
တပ်ခွဲမှူးရဲဘက် အိပ်ဆောင်တာဝန်ခံက …
“ရဲဘက် (၈၅)ယောက်ပါ ဆရာကြီး။ မနက်က ထောင်ဖွင့်လူဦးရေအတိုင်းပါပဲ”
ငါးယောက်တွဲစီ တန်းစီထိုင်နေသော ရဲဘက်တပ်ခွဲများကို နောက်တန်း တပ်ကြပ်ကြီးက အသေအချာ ရေတွက်၍ မှတ်တမ်းတင်သည်။
“အိပ်ဆောင်(၂) တပ်ခွဲ(၂)”
“လူပေါင်း(၉ဝ)ပါ ဆရာကြီး”
စသဖြင့် အိပ်ဆောင်ကြီး (၅)ဆောင်၊ တပ်ခွဲ(၅)ခွဲအား စစ်ဆေးပြီးသည်နှင့် လက်ထောက်ထောင်မှူး ကျွန်တော်က အပတ်စဉ် စနေနေ့တွင် တိုက်ကျွေးသည့် ကရိုလိုကွင်း အဝါရောင် ငှက်ဖျားကာကွယ်ဆေးအား တစ်ဦးလျှင် (၂)လုံးနှုန်း တိုက်ကျွေးရတော့သည်။
ကျွန်တော်၏ လက်စွဲတပည့်များဖြစ်ကြသည့် မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းတို့ကလည်း ရေဆွဲပုံးကိုင်၍ ခပ်ပေးသည်။
ငှက်ဖျားကာကွယ်ဆေး သောက်ထားမှ ငှက်ဖျားရောဂါ မဝင်နိုင်ကြောင်းနှင့် အကယ်၍ ဖြစ်ပွားပါက လည်း အသက်အန္တရာယ် မထိခိုက်နိုင်ကြောင်း တရားဟောရသေးသည်။
ဝန်ထမ်းနှင့် ရဲဘက်များမှာ နယ်အသီးသီးက ရောက်ရှိလာကြပြီး စခန်းရောက်စဖြစ်ကြ၍ ငှက်ဖျားရောဂါအန္တရာယ်ကို ခံစားသိရှိကြသေးပုံ မပေါ်ပါ။
ထို့ကြောင့် တက်ကြွနေကြပြီး ထောင်အတွင်းမှာထက် လွတ်လပ်သော တောတွင်း အလုပ်စခန်းကို သဘောကျနေကြပုံရသည်။
ထိုအချိန်က နိုဝင်ဘာဖြစ်၍ ပဲခူးရိုးမတောတွင်း၌ အေးချမ်းသာယာပြီး အသီးအရွက်နှင့် သားငါးကလည်း အလွန်ပေါသည်။ လုပ်ငန်းခွင်နှင့် စခန်းပတ်ဝန်းကျင်၌ပင် စားပင်၊ သီးပင်၊ သားငါးက အလွန်ပေါသည်။
ကွပ်ကဲမှုရုံး (ထောက်ဌာန)က တစ်ပတ်တစ်ကြိမ် ဝန်ထမ်းနှင့် ရဲဘက်များ စားသောက်ရန် ပေးပို့သည်မှာ အမဲသားနှင့် ဘဲဥဖြစ်သည်။
စခန်းစဖွင့်စအချိန်တွင် ရဲဘက်များက အလေးမထားပါ။ စခန်းပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်တွင် ငါးနှင့် တောကောင်ငယ်ကလေးများက နေ့စဉ်ရှာဖွေရနေသောကြောင့် ဖြစ်သည်။
ကျွန်တော်ခေါင်းဆောင်သည့် ရဲဘက်မုဆိုး အောင်သန်းတို့ကလည်း တစ်ပတ်လျှင် တောဝက်နှင့် ချေများ ရတတ်သေးသည်။ တောဝက်ရလျှင်တော့ စခန်းတစ်ခုလုံး စားလောက်သည်။ ချေရလျှင်တော့ပဲ သို့မဟုတ် အသီးအရွက်ဖြင့် ရောရတော့သည်။
ရဲဘက်များ ရတတ်သည်က တောရှင်းရင်း ရသည့် ချေ၊ ဖွတ်၊ ပုတက်၊ ဖြူ၊ ပွေးနှင့် မြေကြွက်ကြီးများ၊ ငှက်များ ဖြစ်သည်။
ပိတ်ရက်များတွင်တော့ အိုင်ပက်ကြသည်။ ချောင်း၊ မြောင်းပိတ်ဖမ်းခြင်းဖြင့် စခန်းတစ်ခုလုံး စားသောက်ရန် ငါးမျိုးစုံ ရတတ်သည်။
အသီးအရွက်မျိုးစုံကတော့ သဖန်းသီး၊ ရေငန်းသီး၊ ဇင်ပြွန်းသီး၊ သရက်သီးကင်း၊ ကြောင်လျှာသီး၊ မလွှသီး၊ ဖန်ခါးသီး၊ ဆီးဖြူသီးများ ဖြစ်ကြပါသည်။
အတို့အမြှုပ်အတွက် ကြောင်လျှာရွက်၊ ယင်းတိုက်ရွက်၊ ကင်ပလင်းရွက်နှင့် ကင်ပွန်းချဉ်ရွက်၊ ခံတက်ရွက်များကလည်း လွန်စွာပေါပါသည်။
မိုးကာလတုန်းကတော့ မျှစ်နှင့် မှို အမျိုးမျိုး၊ ဇရစ်ရိုး၊ ချိုးခြေထောက်၊ မာလာဖူး၊ ဆိတ်ဖူး စသဖြင့်လည်း အလွန်ပေါသည်။
စခန်းပတ်ဝန်းကျင် ဆင်ခြေရာတစ်ကွက်ပက်သည်နှင့် ငါးပေါက်ကလေးများ တစ်အိုးချက် ရရှိနိုင်ပါသည်။
ထိုစဉ်ကာလက ရဲဘက်စခန်း ဖွင့်စဖြစ်၍ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများက မဖြစ်သေးပါ။ အားလုံး တက်ကြွစွာ ပျော်ပျော်ရွှင်ရွှင်ဖြင့် တာဝန်ထမ်းဆောင်နေကြပါသည်။
တကယ်လည်း တောတွင်းစခန်းဆိုသည်မှာ လွန်စွာပျော်စရာကောင်းပါသည်။
xxx xxx xxx
တစ်နေ့ ရုံးပိတ်ရက်။
ကျွန်တော်တို့ မုဆိုးအဖွဲ့ သားကောင်ရှာရန် အမဲလိုက်ထွက်ခဲ့ကြသည်။ စခန်းအနောက်ဘက်သို့ ဖြစ်သည်။ ထိုဘက်က ရိုးမတောင်ကြောကြီးရှိ၍ တောထူထပ်ပြီး သားကောင်ပေါသည်။
“အောင်သန်းရေ့… စခန်းမှာတော့ ငှက်ဖျားရောဂါ စနေပြီ။ စခန်းတာဝန်ခံ ထောင်မှူးကြီး ဦးသိန်းမြင့်နဲ့ ဆရာဝန်ကြီး ဦးတင်မောင်တို့ကိုယ်တိုင်တောင် ဖျားနေကြပြီ။ ရေကလည်း ချောင်းရေ၊ မြောင်းရေ သုံးရတော့ မသန့်ရှင်းတော့ဘူး။ အဲဒါကြောင့် မင်းတို့သိတဲ့အတိုင်း ငါ ဖိုကြီးနားမှာ ရေတွင်းတူးခိုင်းထားတာ။ ရေကောင်း ထွက်ပါတယ်။ ဝမ်းရောဂါမဖြစ်အောင်တော့ ကြိုတင်ကာကွယ်ကြရမှာပဲ”
“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း ရေကို ကျိုချက်ပြီး သောက်ကြပါတယ်။ နောက်တန်းကပို့တဲ့ လက်ဖက်ခြောက်က ပြတ်သွားတော့ အခု ဆရာတောင် လောက်သေရွက်ခြောက်နဲ့ နှစ်ပါးသွားနေရတာ မဟုတ်လား”
“ရပါတယ်ကွာ … ကိစ္စမရှိပါဘူး။ ရေကို ကျိုချက်သောက်ဖို့ပဲ အရေးကြီးပါတယ်။ ဒါနဲ့ မင်းတို့ ငှက်ဖျားကာကွယ်ဆေးရော မှန်မှန်သောက်ကြရဲ့လား”
“သောက်ပါ့ ဆရာရယ်။ နောက်ပြီး ကျွန်တော်တို့က ရိုးရာဆေးနည်းတွေကိုလည်း မှီဝဲပါတယ်”
“လုပ်စမ်းပါဦးကွ … ဘယ်လိုနည်းတွေလဲ”
“ကျွန်တော်တို့ ရဲဘက်ကြီးတွေ ဒီစခန်းကို စရောက်စနေ့ကတည်းက စခန်းက မြေကြီး လက်သန်းထိလောက် စတိ မျိုရတယ် ဆရာ။ ဒါက ကျွန်တော်တို့နေတဲ့ ဆရာစံရဲ့အလံတစ်ရာတောင်ခြေ၊ လှည်းလမ်းကူးရွာက အဘဆရာကြီး ဦးကျော်ရဲ့ဆေးနည်းပဲ။ စခန်းချရမယ့်နေရာက မြေကြီးကိုမျိုပြီး ဒေသခံအဖြစ် ခံယူတာပေါ့ ဆရာရယ်”
“တကယ်လို့ ငှက်ဖျားဖြစ်လာရင်ကောကွာ”
“အဲ့ဒါလည်း ဆရာကြီးရဲ့နည်းရှိတယ် ဆရာ။ ထုံးမန်း(၃)လုံးကို မျိုရတဲ့နည်းပဲ။ မြရာသီးအလုံးခန့် ထုံး (၃)လုံးကို လုံးပြီး “ဖုဋ္ဌဿဂါထာ” (၃)အုပ်မန်းပြီးသောက်၊ နောက်တစ်နေ့မနက် အိပ်ရာက နိုးတာနဲ့ အိမ်အနောက်ဘက်ကို သွား၊ လက်ခုပ်နဲ့ ကိုယ့်ကျင်ငယ်ရည်ကိုခံပြီး (၇)ခါရှူရမယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်တွေ ကိုလည်း မေတ္တာပို့ပြီး အမျှအတန်းဝေရမယ်”
“ငှက်ဖျားရောဂါ ပျောက်ကရောလားကွ”
“ပျောက်ပါတယ် ဆရာ။ (၁)ကြိမ် မပျောက်သေးရင် (၃)ကြိမ် (၃)ခါ လုပ်ပေါ့။ သေချာပေါက် ပျောက်ကင်းပါတယ်။
အခု ကျွန်တော်နဲ့ တင်သောင်း ဒီနည်းအတိုင်းပဲ လုပ်နေကြတာ။
နေ့စဉ် နင်းကိုင်း၊ ထောင်ချောက်တွေ စစ်ဆေးရင်းတောလည်ရတာ နည်းတဲ့ခရီးမှတ်လို့။ အခု ဆရာမြင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ နေမကောင်း ထိုင်မသာ ဖြစ်မှ မဖြစ်ဘဲ”
“အေး … ဟုတ်တော့ ဟုတ်တယ်ကွ။ ဒါနဲ့ ငှက်ဖျားရောဂါဖြစ်လာရင် ကုသနိုင်တဲ့ တခြားဆေးနည်းတွေရော ရှိသေးသလား”
“ဆေးနည်းတွေကတော့ အများကြီးရှိတာပေါ့ ဆရာရယ်။ ငှက်ဖျားဝင်လာရင် အရမ်းချမ်းတုန်ပြီး ကိုယ်အပူရှိန် တက်တယ်။ အစာလည်း မစားချင်ဘူး။ အရည်တောင် မသောက်နိုင်ဘူး။ ပါးစပ်က အရမ်းခါးပြီး ခံတွင်းပါ ပျက်တာပေါ့။
အစာ မစားနိုင်တော့ အားပြတ်ပြီး ပိုဆိုးတာပေါ့။ အဲဒီ့အချိန်မှာ လျှာကို ဆားနဲ့ မကြာခဏ ပွတ်ပေးပြီး ရေနွေးငုံ၊ ပလုတ်ကျင်းပေါ့။
“နောက်ပြီး ခါးတဲ့ဖန်တဲ့အရွက်၊ ဥပမာ တမာရွက်၊ ဂုံညင်းဒိုးနွယ်ရွက်၊ ဂွေးတောက်ရွက်၊ ကြောင်လျှာရွက်၊ ကြက်ဟင်းခါးရွက် စတဲ့ အရွက်တွေကို ရေနွေးနဲ့ ပြုတ်၊ ရေဇလုံ၊ ရေပုံးထဲထည့်ပြီး ခံနိုင်ရုံအနေအထားမှာ ခြေမျက်စိမြုပ်ရုံ စိမ်ပေးရမယ်။ ချွေးတွေ ထွက်လာလို့ အဝတ်လဲပြီး စောင်ခြုံပြီး အနားယူ။ ချွေးထုတ်ပြီးတာနဲ့ အဝတ်အစားလဲ၊ နွေးနွေးထွေးထွေးနေပြီး ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်လောက် စားနိုင်သမျှ စားပြီး အနားယူရင် သက်သာပျောက်ကင်းပါတယ် ဆရာ”
ထိုစဉ်တွင် မျောက်တင်သောင်းက …
“ဆရာရေ့ … တောထဲတောင်ထဲ ခရီးသွားရင်း ဖျားရင်တော့ တမာခေါက်၊ ကြောင်လျှာခေါက်၊ တောင်မရိုးပင်ခေါက်၊ ခံတက်ခေါက်ကိုရှာပြီး ဝါးစားရတယ် ဆရာ။ ခါးတဲ့ အပင်တွေရဲ့ အခေါက်တွေက ဆေးဖက်ဝင်တယ်။
အဲ … တစ်ခု သတိထားရမှာက ခံတက်ခေါက်က ငှက်ဖျားနိုင်ပေမဲ့ ခံတက်ရွက်က ငှက်ဖျားကို ဖြစ်စေတယ်။ ခံတက်ပင်ဆိုတာ ချောင်းမြောင်းကမ်းဘေး၊ ရေစပ်မှာမှပေါက်တာ။ ငှက်ဖျားချဉ်ဥတွေ တွယ် ကပ်နေလို့ပဲ။ ခံတက်ရွက်ကို ရေနွေးနဲ့ပြုတ်စားရင် ပြဿနာမရှိပေမဲ့ အချဉ်ထည့်စားရင် ငှက်ဖျားခြင်ဥတွေ ရှင်သန်နိုင်ပြီး ငှက်ဖျားရောဂါ ဖြစ်စေနိုင်တာပေါ့”
“အေးကွာ … ကျေးဇူးပဲ။ စခန်းက ဝန်ထမ်းနဲ့ ရဲဘက်တွေကိုလည်း ဘာအသီး အရွက်ဖြစ်ဖြစ် အစိမ်းမစားကြဖို့ သတိပေးရဦးမယ်။ သူတို့က ခံတက်ရွက်ကို ဆန်ဆေးရည်ရယ်၊ ဆားရယ် စိမ်ပြီး တို့စားသုပ်စားကြတယ်။ ခါးတော့ ပြုတ်မတို့ကြဘူး”
ထိုနေ့က ကျွန်တော်တို့ မုဆိုးအဖွဲ့ စကားပြောရင်း တောလည်ကြ၍လား မသိ။ ပစ်စရာ ဘာတောကောင်မှ မတွေ့ပါ။
တွေ့မယ့် တွေ့တော့လည်း ချောင်းကမ်းစပ် မအူပင်ကြီးပေါ်မှ လင်သက် (အမည်းရောင် နှစ်ပိဿာခန့်ရှိ ရှဉ့်ကြီး) တစ်ကောင်ကို တွေ့ရသဖြင့် ကျွန်တော်တို့ မအူပင်ကြီးအား ဝိုင်းလိုက်ကြသည်။
မအူပင်ကို အချို့ထိန်ပင်ဟု ခေါ်သည်။ အခက်အလက် အလွန်များသော အပင်ကြီး ဖြစ်သည်။ မုဆိုးအောင်သန်းနှင့် တင်သောင်းတို့က အသင့်ပါလာကြသော လောက်လေးခွကိုယ်စီဖြင့် ပစ်ကြသည်။ အကိုင်းအခက်များ၍ ချက်ကောင်း မထိပါ။
လင်သက်ကြီးကလည်း အကိုင်းအခက်များအားအကာအကွယ်ပြုပြီး တစ်ကိုင်းပြီးတစ်ကိုင်း ခုန်ကူး၍ အကာအကွယ်ယူနေသည်။
နာရီဝက်ခန့်ကြာသည်အထိ လင်သက်ကြီးကို မထိပါ။
ကျွန်တော် လွယ်လာသည့် သေနတ်ကြီးက ဒသမ ၃ဝ၃ အမေရိကန်ရိုင်ဖယ်သေနတ်ကြီး ဖြစ်သည်။ နှစ်ပိဿာခန့်သာရှိသည့် လင်သက်ကောင်နှင့် မတန်မရာ ဖြစ်သည်။
သို့သော် စိတ်က မရှည်တော့။ စခန်း၌လည်း ဟင်းစားက ပြတ်နေပြီ။
ထို့ကြောင့် ရိုင်ဖယ်သေနတ်ကြီးဖြင့် လိုက်၍ချိန်ရတော့သည်။ လင်သက်ကြီးကလည်း အလွန်ပါးသည်။ လှစ်ခနဲ လှစ်ခနဲ တစ်ကိုင်းပြီးတစ်ကိုင်း ခုန်ကူး၍ အကိုင်းကြီးများကို တွယ်ကပ်ပြီး ပုန်းအောင်းနေသည်။
ထိုစဉ် ချောင်းဘက်မှ လေနုအေးကလေး တိုက်ခတ်လာသဖြင့် အင်္ကျီ ချွေးစို့နေသော ကျွန်တော် ချမ်းစိမ့်စိမ့်ဖြစ်သွားရသည်။
နောက်ဆုံး သစ်ကိုင်းအငယ်သို့ လင်သက်ကြီး ခုန်အကူးတွင် ကျွန်တော် ပစ်ချလိုက်ရတော့သည်။
“ဒိုင်း”
တောသံဟိန်းပြီး ကော်ဒိုက်ယမ်းနံ့ညှော်၍ လင်သက်ကြီး သစ်ပင်ပေါ်မှ ပြုတ်ကျလာသဖြင့် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့ ပြေး၍ ကောက်ကြသည်။
ဒသမ ၃ဝ၃ ကျည်ဆန်ကြောင့် လင်သက်ကြီး ဗိုက်ပွင့်သွားသည်။ အမြီးရှည်ရှည်ဖြင့် နှစ်ပိဿာကျော်ခန့် ရှိပေလိမ့်မည်။
အောင်သန်းနှင့် တင်သောင်း ဝမ်းသာနေကြသော်လည်း ကျွန်တော့်မှာ ချွေးထွက်လွန်ပြီး ချောင်းလေစိမ်းတိုက်သဖြင့် အဖျားဝင်ချေပြီ။ ချက်ချင်း ချမ်းတုန်လာပြီး ခေါင်းက တစစ်စစ် ကိုက်ခဲလာသည်။
“ဟဲ့ကောင်တွေ … ငါတော့ ငှက်ဖျားဝင်ပြီ ထင်တယ်။ လုပ်ကြဦး”
“ဟော ဆရာ … ချွေးထွက်လွန်ပြီး ပင်ပန်းလို့ဖြစ်တာပါ။ ဘာမှမပူနဲ့။ ကျွန်တော်တို့ ရှိတယ်”
မုဆိုးအောင်သန်းနှင့် တင်သောင်းတို့ တစ်ယောက်က ကျွန်တော့်ရိုင်ဖယ်သေနတ်ကြီးကိုလွယ်ပြီး တစ်ယောက်က လင်သက်အသေကောင်ကို ကြိုးဖြင့်လွယ်၍ ကျွန်တော့်အား နှစ်ယောက် ညှပ်တွဲပြီး စခန်းသို့ တရွေ့ရွေ့ပြန်ခဲ့ကြပါသည်။
ကျွန်တော်တို့ စခန်းပြန်ရောက်တော့ စခန်း ဆရာဝန်ကြီး ငှက်ဖျားရောဂါဖြင့် နောက်တန်း (မင်းတုန်း) ဆေးရုံသို့ ပို့လိုက်ရကြောင်း သိရပါသည်။
ကျွန်တော့်အား တပည့်များ ဝိုင်းဝန်းပြုစုနေကြစဉ် ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ ဦးသန်းဌေးတို့အဖွဲ့ (LANDROVER) ကားကလေးဖြင့် ရောက်လာကြသဖြင့် အတော်ပင်ဖြစ်သည်။
သူတို့က ကျွန်တော့်အား စမ်းသပ်ပြီး (QUININE DRIP) ချိတ်ပေးသည်။ စားဆေးများလည်း ပေးသည်။
တပည့်များက ငါးဆန်ပြုတ် တိုက်သည်။ ထို့ကြောင့် ညပိုင်းတွင် အဖျားကျသွားသည်။
ငှက်ဖျားအဖွဲ့က ငှက်ဖျား ဖြစ်နေသော စခန်းတာဝန်ခံ ထောင်မှူးကြီး ဦးသိန်းမြင့်နှင့် ဝန်ထမ်း၊ ရဲဘက်လူနာများကိုလည်း ကုသပေးပါသည်။
စခန်းဆရာဝန်ကြီး ဦးတင်မောင်ကတော့ ထိုနေ့က စ၍ စခန်းသို့ ပြန်မလာတော့ပါ။ ငှက်ဖျားကို လွန်စွာကြောက်လန့်သွားဟန် တူပါသည်။
(သည်းထိတ်ရင်ဖို မဂ္ဂဇင်း)
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
Uncategorized