October 15, 2025

တောဘုရင်

ခင်မောင်အေး(မန္တလေး)
တောဘုရင်

တောသည် ပကတိ တိတ်ဆိတ်နေသည်။ ကျားပေါက်ကလေးက သူ့မိခင် ကျားမကို စိတ်ဝင်စားစွာ တအံ့တဩ ကြည့်လိုက်သည်။ သူ့မိခင်ကြီးကို သူချစ်သည်။ လေးစားရိုသေသည်။ သူ့မိခင်က သူ့ကိုအလွန်တရာ ကြင်နာသည်။ သူတို့အတွက် အစာရှိသည်။ သည်စားစရာက သူတို့ကို ငံ့လင့်နေသည်။

ထိုအစာကား ယမန်နေ့က သူတို့ ကိုက်သတ်ထားသော အမဲအသေကောင်ဖြစ်သည်။ အမဲအသေကောင် အနီးသို့ မချဉ်းကပ်မီ သတိကြီးစွာထားသည်။ လထွက်မလာမီအချိန်ထိ သူ့မိခင် ကျားမကြီးသည် အမဲအသေကောင်အနီးသို့ ကပ်မသွားသေးပဲ အရှေ့ အနောက်တောင်မြောက် ဝဲယာ အရပ်ရှစ်မျက်နှာမှသတိနှင့် လှည့်လည်ကြည့်ရှု အကဲခတ်နေသည်။ကျားငယ်ကလေးကလည်း သူ့မိခင် ကျားမကြီးကဲ့သို့ အတုယူ၍ လှုပ်ရှားသည်။

ကျားကလေးသည် အဆော့သန်လွန်းလှသည်။ အရာရာကို လေ့လာသင်ယူနေရဆဲ ဖြစ်သည်။ ကျားကြီးတကောင်လို သူ့အမွေး သူ့အရေများက တောက်ပြောင်မနေချေ။ ပီဘိ ကျားငယ်ကလေးမျှသာ ဖြစ်၍ နူးညံ့ ပျော့ပျောင်းသောအရေ၊ အသွေးရှိသည်။ သွားက နို့နှစ်ရောင်နှယ် ဖြူဖွေးနေသည်။

ဝက်ပေါက်စကလေး တကောင်၊ သမင်ပေါက်စကလေး တကောင်။ ဒါမှမဟုတ် ဒေါင်းဖိုတကောင်လောက်သာ ကိုက်ခဲသတ်ဖြတ်နိုင်သည့် သွားမျိုးဖြစ်သည်။ သားကောင်ကြီးကြီးဆိုလျှင် သူမသတ်ဖြတ်နိုင်သေးချေ။ နောင်ဆိုလျှင် သူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

နို့နှစ်လိုဖြူသည့် သွားများအောက်မှာ သန်မာသော အစွယ်တွေ ပေါက်လာပါလိမ့်မည်။ ကြွက်သားများ သန်မာပြီး ကိုယ်ခန္ဓာလည်း ထွားကျိုင်းကြံ့ခိုင်လာ ပေလိမ့်မည်။ ကျွဲပေါက်တကောင်ကို လက်တဘက်နှင့် တကြိမ်တည်း ပုတ်ရုံနှင့် တုန်းကနဲ လဲသွားပြီး လိုရာခရီးသို့ ကျွဲပေါက်၏ လည်ကုပ်ကိုခဲ၊ အလွယ်တကူ သယ်ယူသွားနိုင်မည် ဖြစ်သည်။ အမဲကောင်ကိုလည်း တထိုင်တည်း ကုန်စင်အောင် စားနိူင်မည်က အသေအချာ။

အဲဒီအချိန်မှာဆိုလျှင် ကျားပေါက်ကလေးသည် တန်ခိုးအရှိန်အဝါ ကြီးမားသည့် တောဘုရင် ဖြစ်လာချိမ့်မည်။ စုံတောဟေဝန်၏သခင် တောဘုရင်၏ ရာဇပလ္လင်က သူ့ကို ကြိုဆိုနေမည်မလွဲ။

ယခုအခိုက်အတန့်တွင်မူ ပရိယာယ်အသွယ်သွယ်ဖြင့် အန္တရာယ်ကြီးမားလှသော တော၏ သင်ခန်းစာများကို မိခင်ကျားမကြီးထံမှ သင်ယူလေ့လာရပေဦးမည်။

တော၏ ကြောအထက် လွင်အတွင်း တောင်ပူစာလေးတခုအပါးမှာ ယမန်နေ့က သူတို့ကိုက်သတ်ခဲ့သည့် ကျွဲသေကောင်ကို တရွတ်ဆွဲသွားသော စွပ်ကြောင်းရာတခု ရှိနေသည်။ ကျွဲသေသည် ခေါင်းပိုင်းနှင့် ပခုံးသားအချို့သာ ကျန်သည်။ ကျွဲသေကို သစ်ကိုင်းနှင့် သစ်ရွက်များဖြင့် ဖုံးအုပ်ထားသည်။

ကျွဲအသေကောင်အနီးမှာ တောခွေးနှစ်ကောင် ရောက်နှင့် နေသည်။ တောခွေးများက ကျွဲသေကောင်၏ ပခုံးသား အချို့ကို လှမ်းဟပ်သည်။ သို့စေကာမူ ရဲရဲဝံ့ဝံ့မရှိ ကျီးလန့် စာစားသလို ထိတ်လန့်နေကြပုံရသည်။ ကျားကို ကြောက်နေသည်က အလွန်ပင်။

ဖြုန်းကနဲ ကျားရောက်လာမည်ဟု မျှော်လင့်နေသည့် အနေအထား။ ထိုအခိုက် ကျားကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရ၍ တောခွေးနှစ်ကောင်လုံး တုန်လှုပ်ချောက်ချားသွားသည်။ အမွေးများထောင်၍ ရုတ်တရက် မပြေးနိူင်ပဲ တရွတ်ဆွဲလျက် ထိုင်ကျသွားသည်။ ခဏအကြာမှာမူ ခွေးနှစ်ကောင်လုံး ကဆုန်စိုင်း၍ တတောလုံးညံအောင် အော်ဟစ်လျက် ထွက်ပြေးသွားကြသည်။

ကျားမသည် ဟင်းကနဲ မာန်တချက်သွင်းလိုက်သည်။ တတောလုံးညံနေသည်ကို ကိုင်းမြက်ရှည်များကြားမှာ ဝပ်လျတ် စောင့်ဆိုင်း အကဲခတ် ကြည့်ရှုနေသည့် ကျားပေါက်ကလေးကလည်း သူ့မိခင်အနီးမှာ ဝပ်နေသည်။

သစ်ဆွဲစခန်းမှ သည်ကျွဲကို စားရဖို့အတွက် ယမန်နေ့က မိုင်နှစ်ဆယ်ခန့် တတောလုံး တတောင်လုံး လှည့်ပတ်ရှာဖွေခဲ့ရသည်။ သည်နေရာက အန္တရာယ်ပြွမ်းသည့်နေရာ။ သည်နေရာမျိုးမှာ အစာနှင့်မျှား၍ ကျားမုဆိုးကို လူမုဆိုးက အခွင့်ကောင်းရရှိ သုတ်သင်ပစ်ခတ်နိူင်သည့် နေရာမျိုး။ သည်နေရာမှာပင် သည်အမဲကို ရခဲ့ပြီး ယခု ဒုတိယအကြိမ် ပြန်လည်လာရောက် စားသောက်ရတော့မည်။

ကျားမသည် ဝန်းကျင်ကို သံသယရှိနေပုံရသည်။ အမဲသေကောင်ရှိရာသို့ ဒုတိယအကြိမ် ပြန်လာရလျှင် အန္တရာယ်က စောင့်ဆိုင်းနေတတ်သည်။ သို့တစေ အမဲသစ်တကောင် လွယ်လွယ်နှင့် မရနိူင်သည်ဖြစ်၍ လည်း အမဲသေရှိရာသို့ မလာပဲလည်းမနေနိူင်။

တစတစနှင့် ကျားမသည် လျှောကနဲ ရှေ့ကိုတိုး၍သွားသည်။ ကျားပေါက်ကလေးက နောက်ကကပ်၍ လိုက်သွားသည်။

အမှောင်သည် ကြီးစိုးလျက်ရှိသည်။ ကျားသားအမိ၏ အစာကိုဟပ်၍ဟပ်၍ စားနေသံက တိတ်ဆိဘ်လျက်ရှိသောရှိသော တောတွင်းမှာ ကျယ်လောင်လှသည်။

ကျွဲသေ၏ အသားကြွင်း အသားကျန်များကို အငမ်းမရ စားသောက်ပစ်ကြပြီး အရိုးများကိုပါ ကြွပ်ကြွပ် မြည်အောင် ကိုက်ဝါးကြသည်။ အမဲသားအတုံးကကြီးကြီး၊ ကြွပ်ကြွပ်မြည်အောင် ဝါးရသည့်အရိုး၊ ဒါတွေက ကျားငယ်ကလေးအတွက် အရသာရှိလှသည်။

အစားများတော့ ရေငတ်လာသည်။ သို့ဖြစ်၍ အနီးရှိရေအိုင်ရှိရာသို့သွား၍ ရေသောက်နေလိုက်သည်။

လက ဟိုသစ်ပင်ထိပ်ဖျား ချွန်ချွန်များဆီမှ ပြူ၍ ထွက်လာသည်။ ငွေလရောင်သည် ဝန်းကျင်တခွင်သို့ ဖြန့်ကြက်လိုက်သည့်ခဏ “ဒိုင်း”ကနဲ ကျယ်လောင်ပြင်းထန်သော ရိုင်ဖယ်သေနတ်သံတချက် ဟိန်းထွက်လာသည်။

မြေတုန်ခမန်း နာကျည်းစွာ ဟိန်းလိုက်သော ကျားမ၏ အသံကိုလည်း တပြိုင်တည်း ကြားလိုက်ရသည်။

ကျားငယ်ကလေးသည် သဘာဝကပေးသောအသိဖြင့် ကိုင်းဖြတ်များကြားမှ တောတွင်းသို့ တိုးဝင်ပြေးထွက်သွားသည်။ တောတွင်း အမှောင်တနေရာမှ မိခင်ကျားမကို စောင့်ဆိုင်းနေသည်။ သို့စေကာမူ မိခင်ကျားမက ပေါ်မလာတော့။

တရက် … ပြီးတော့နှစ်ရက်။

ကျားပေါက်ကလေး ဆာလာသည်။ သုံးရက်မြောက်နေ့မှာ အူဟောင်းလောင်း ဖြစ်နေသည့် ကျားကလေး မနေနိူင်တော့။ ကျွဲသေရှိရာသို့ ပြန်သွားသည်။ မိခင်ကျားမကို တွေ့လိုတွေ့ ငြား။ အစအနပင် ရှာမရ။

ကျွဲသေကောင်၏ ခေါင်းရိုးခွံက ဖွေးလို့၊ ကျွဲချိုကြီးက နက်မှောင်လို့၊ ခြောက်သယောင်း လျက်ရှိပြီး အသားကိုထားဘိဦး အရေခွံ၊ အကြောမျှင်တို့ပင် မရှိလေတော့။ တောခွေးများ၊ လင်းတများ လာရောက်စားသောက်သွားကြပြီ။

ကျားငယ်ကလေးသည် အထီးကျန်စွာဖြင့် တွယ်ရာမဲ့ လှည့်ပတ်လျှောက်သွားနေသည်။ ဆာလောင်ငတ်မွတ်သည့် ဝေဒနာက မခံမရပ်နိူင်လောက်အောင် ဖိစီးနှိပ်စက်နေသည်။ အစာကို မည်သို့မည်ပုံ ရှာဖွေရမည်ကို သူမသိ။

သို့ပင်ဖြစ်လင့်ကစား ဟင်းလင်းရှိနေသော အူများကိုဖြည့်ဖို့ အစာရှာဖွေရမည်က အသေအချာ။ မိမိအတွက် အစာကို မိမိဘာသာ ရှာဖွေရတော့မည်။ အန္တရာယ် အသွယ်သွယ်ကို ရှောင်ရှားရမည်။ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ရမည်။ အရာရာကို လေ့လာရမည်။ သင်ယူရမည်။ မိမိက တကိုယ်တည်း အဖော်မဲ့။

ကျားပေါက်ကလေးသည် မိမိတို့ ရေသောက်နေကျရေအိုင်တွင်းမှ ဖားများကို သတိရမိသည်။ သည်ရေအိုင်ကလေးက ဖားများ မြူးထူးပျော်ရွှင်ကြသည့် အိုင်ကလေး။ အုံးအင်သံ ဆူညံပြီး ရွှံ့နှစ်များအတိ ပြည့်သော ရေထဲသို့ ဖားကလေးတွေ ပလုံကနဲ စွပ်ကနဲခုန်ချတတ်သော အိုင်ကလေး။ သည်ဖား ကောင်ကလေးတွေကို အလွယ်တကူ သူဖမ်းယူနိူင်မည်။ ဖားကလေး တကောင်လောက်နှင့်တော့ သူ့အတွက် အာဟာရ ပြည့်ဝမည်မထင်။ သို့ပေမယ့် ရသလောက် အစာတော့ စားရချိမ့်မည်။

ကျားငယ်ကလေးသည် ရေအိုင်အနီးတွင် အချိန်အတော်ကြာမျှနေပြီး ဖားများကို ဖမ်းယူစားသည်။ ဖားများက သူ့အတွက် အာဟာရမဖြစ်၊ အရသာလည်းမရှိ၊ သူ့အတွက် အာဟာရဖြစ်အောင်၊ အရသာရှိအောင် အမဲရမှဖြစ်မည်။

တောတွင်းမှာ သူ ့မိခင် ကျားမကြီးနှင့်အတူ ဦးတည်ရာမဲ့ လှည့်လည်သကဲ့သို့ လှည့်ပတ် လျှောက်သွားသည်။ တရွေ့ရွေ့ တဖြည်းဖြည်း လှမ်းသွားသည်။ ရေခန်းခြောက်နေသည့် ချောင်းရိုးတလျှောက်၊ သစ်တောကြိုးဝိုင်းတလျှောက်၊ တညလုံး လှည့်ပတ်လျှောက်သွားသည်။

အရုဏ်သည် နိုးကြားလာသည်။ နေဝန်းသည် အဝေး ဟိုးတောင်ထွတ်တခုအထက်မှာ မပြုတပြူ။

အလင်းရောင်က ဝိုးတဝါး။ ကျားပေါက်ကလေးသည် လွင်တခုအတွင်းမှာ သမင်တအုပ် အစာစား နေကြသည်ကို ဘွားကနဲ တွေ့လိုက်သည်။ သမင်အုပ်ကိုကြည့်ယင်း အပြေးလှမ်း၍ ခုန်အုပ်ချင်သော ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာသည်။

မြေပြင်ပေါ်သို့ ကျားကလေးက အသာအယာ ဝပ်ချ လိုက်သည်။ သူ့ကိုယ်ကို အကာအကွယ်ဖြစ်အောင် အကာအကွယ်ရမည့် နေရာအထိ တရွေ့ရွေ့ တိုးကပ်သွားသည်။ အန္တရာယ်ကို အမြဲမပြတ် သတိရှိစွာနားစွင့်ထားသည်။

သမင်မတကောင်က ကျားပေါက်ကလေးရှိရာနေရာသို့ ဖြတ်ကနဲ လှည့်၍ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ပြီးနောက် ခွာတဘက်ဖြင့် မြေကို ပေါက်လိုက်ရာ သမင်တအုပ်လုံး အထိတ်တလန့် ဖြစ်သွားကြသည်။ တမိနစ်ခန့်အကြာတွင် သမင်အုပ် ပြန်ငြိမ်သွားသည်။ ဆက်လက်၍ အစာကိုငုံ့ကာ စားနေကြ ပြန်သည်။

ကျားကလေးက သမင်အုပ်၏ အပါးသို့ တိုးကပ် သွားသည်။ သမင်များ အစာတဖျပ်ဖျပ် ဝါးစား နေသံကို ကြားလာရသည့် နေရာအထိ ရောက်ရှိလာသည်။ သမင်အုပ်နှင့် အနီးဆုံး အကာအကွယ် နောက်ဆီသို့ ရောက်လာသည့်အခါ ကျားပေါက်ကလေးသည် ကိုယ်ကို မြေပြင်နှင့် ကပ်သည်ထက်ကပ်အောင် ဝပ်ချလိုက်ပြီး ရှေ့တိုးနောက်ငင် တဖြည်းဖြည်း ချင်းလုပ်၍ အရှိန်ယူလျက် သမင်အုပ်ဆီသို့ ခုန်အုပ်လိုက်သည်။

လေထဲ လွှားကနဲ ဖြစ်သွားပြီး သမင်အုပ်ပေါ် ရောက်လာသည်။ သမင်တအုပ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်လျက် ရုတ်ခြည်း လေအဟုန်လို ကဆုန်ပေါက်၍ ထွက်ပြေးသွားကြသည်။ သမင်အုပ်သည် သစ်ပင်များအကြားမှဖြတ်၍ ကျားပေါက်ကလေး၏ ရန်မှလွတ်အောင် ရှောင်တိမ်းသွားကြသည်။

သမင်များနောက်သို့ ကျားကလေးက အမီပြေး၍ မလိုက်နိူင်။ နောက်ဆုံး လက်လျှော့လိုက်ရပြီး စိတ်လက်ကုန်ခန်းစွာ ဟိန်းသံတချက် ပြုလိုက်သည်။

သည်အခိုက် ခပ်လှမ်းလှမ်း သစ်ပင်တပင်ထက်သို့ ကျီးတကောင် လာနားသည်။ တအအ, အသံပြု၍ သစ်ကိုင်းမှာနှုတ်သီးကို ဟို့သည်ပွတ်ခြစ်သည်။

သည်ကျီး အစာစားလာသည်နှင့် တူသည်။ ကျီးပျံလာရာ အရပ်ဆီသို့ ကျားပေါက်ကလေးက ရှေးရှုလိုက်သည်။ အစာပုပ်အနံ့ ရသည်။ သည့်နောက် အသားစတစ တွေ့ရသည်။

ကျားကြီးတကောင်ကောင်စား၍ ထားရစ်ခဲ့သည့် သမင်တကောင်၏ အသားကြွင်းအသားစ ဖြစ်သည်။

အလွန်အမင်း ဆာလောင်မွတ်သိပ်လျက်ရှိသော ကျားကလေးက သမင်သားကို အငမ်းမရ တဝကြီး စားပစ်လိုက်သည်။ ပြီးတော့ ရေသောက်ရန် ရေရှာထွက်သည်။ လမ်းခရီးတလျှောက် လက်သည်းများကို သစ်ပင်မှ သစ်ခေါက်များကိုကုတ်ခြစ်၍ သန့်စင်သည်။ သစ်ပင် ပင်စည်တွင် ကျားပေါက်ကလေး၏ လက်သည်းရာများ ကာလအတော်ကြာအောင် စွဲထင်နေပေလိမ့်ဦးမည်။

ကျောက်တုံးများ အကြားမှာ ရေအိုင်တအိုင် ရှိနေသည်။ ကျောက်ကြိုကျောက်ကြားမှ ရေက တစက်စက် ကျဆင်းလျက် ရှိနေသည်။ ရေကျနည်းလာစေကာမူ ရေမခန်းသေး။ စမ်းရေတစက်စက် ကျနေသည့် ရေနက်ပိုင်းအနီးရှိ ဍရင်ကောက်ပင်၏ အရွက်များက ရေစက်များ ကျဆင်းသည့်အရှိန်ကြောင့် ဗယ်ညာလှုပ်ယမ်းလျက်ရှိသည်။

ကျားကလေးသည် ရေအိုင်ထဲသို့ ဝုန်းကနဲ ခုန်ဆင်းလိုက်သည်။ ရေစက်ရေမှုန်များက ကျောက်တုံးနံရံဆီသို့ ဖွားကနဲ လွင့်စဉ်ထွက်သွားသည်။ ရေသည် ကြည်လင်သည်။ သန့်ရှင်းအေးမြသည်။

လှုပ်ရှားသွားလာခဲ့ရလွန်း၍ ကျားကလေး မောဟိုက်ပင်ပန်းနေသမျှ ပပျောက်သွားသည်။ ရေအိုင်အတွင်းမှာ လဲလျောင်း၍ စိတ်လက်ချမ်းသာစွာ အနားယူသည်။

ယင်ကောင်များက မျက်လုံးတဝိုက်မှာ တဝီဝီပျံသန်း၍ ဒုက္ခပေးနေသည်။ မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် လုပ်ယင်း ကာကွယ်ယင်းဖြင့် ကျားပေါက်ကလေး အိပ်ပျော်သွားလေသည်။

နေလုံးက ခေါင်းပေါ်သို့ ရောက်လာသည်။ မွန်းတည့် လုပြီ။ ပျားများက တဝီဝီဖြင့် ကျားပေါက်ကလေး၏ ဦးခေါင်းထက်မှာ ပျံသန်းသွားကြသည်။ မြိုင်ယံတခွင်တွင် ငှက်ကျေးသာရကာတို့၏ အသံကသာယာလှသည်။ ကျားပေါက်ကလေးသည် အိပ်ပျော်နေရာမှ နိုးထလာသည်။

သဲပြင်ထက်သို့ ဣန္ဒြေရရတက်လာပြီး ကိုယ်ပေါ်ရှိ ရေစက်ရေမွှားများကို ခါထုတ်လိုက်သည်။ ကိုယ်ကို သွေ့ခြောက်အောင် သဲပြင်မှာလှိမ့်၍ ရေငွေ့ ဖြင့် စိုနေသော မြေပြင်တွင် အိပ်ချလိုက်ပြန်သည်။ အူထဲမှာ အစာအပြည့် ရှိနေပြီမို့ တရက်နှစ်ရက်လောက်အထိတော့ အစာရှာဖွေရန် မလိုအပ်သေးချေ။

သို့တစေ အချိန်ကျပြန်တော့ ဝမ်းကဟာလာသည်။ အူများ ဟောင်းလောင်းဖြစ်လာသည်။ သို့နှင့် တောလုံးတခွင် လှည့်လည်၍ အစာရှာရန် ခြေလှမ်းပြင်ရသည်။ သူ့အသိဉာဏ်တွင် အစာရရှိဖို့သာ သိသည်။

မွတ်သိပ်သော ကြောက်စရာ ကျားပေါက်ကလေးကို သစ်ပင်ထိပ်ဖျားများဆီမှ မျောက်များ၊ ငှက်များ၊ တောကြက်များက မြင်တွေ့ကြသည်။ သူ့သတင်းက တတောလုံးအနှံ့ ပြန့်နေပြီ။ အန္တရာယ်အဖြစ် နိူးကြားသတိရှိနေကြသည်။

တောအခြေ မြိုင်အစပ်က ခင်တန်းများတဝိုက်ကို ကျားများက နားခိုရန် နှစ်ခြိုက်ကြသည်။ အကာအကွယ်ရသည်။ အရိပ်အာဝါသရှိသည်။ ဒေါင်းများကလည်း နှစ်သက်သည်။ ဝါးသုဉ်းတောနှင့်နီး၍ အစာရှာရန် ကောင်းသည်။ ဝါးသီး ဝါးဆံများကလည်း ပေါသည်။

ခင်တန်းတွင်းမှ ဒေါင်းအုပ်ကို ကျားပေါက်ကလေးက ချောင်းသည်။ ရံဖန်ရံခါ သစ်ငုတ်တိုကို ဒေါင်းနှင့် မှားတတ်သေးသည်။ ဒေါင်းမွေး ဒေါင်းတောင်က ခရမ်းရောင်ရင့်ရင့်၊ သစ်ငုတ်တိုက ညိုမှောင်မှောင်။

ဒေါင်းက မျက်စိလျင်သည်။ ပါးနပ်သည်။ လှစ်ကနဲနေအောင် သတိရှိသည်။ ကျားကလေးက တချီမှာ တချက်တည်းနှင့် ဒေါင်းတကောင်ကို ခုန်အုပ်၍ ဖမ်းယူရရှိခဲ့သည်။

သူ့ရှေ့လက်တကမ်းမှာ ဒေါင်းက စူးစူးရွားရွားအော်သည်။ ဒေါင်းမြီးက သူ့လက်ထဲမှာ မိနေသည်။ ဒေါင်းမွေးတွေ တထွေးကြီး အရပ်ရှစ်မျက်နှာသို့ လွင့်စဉ်သွားသည်။

ဒေါင်းက တဖျပ်ဖျပ် ဆောင့်၍ရုန်းသည်။ အတောင်နှင့် ရိုက်သည်။ တဝုန်းဝုန်းဖြစ်နေကာ ဒေါင်း၏ တောင်ပံဟုန်ကြောင့် မြက်ပင်များ ပြားပြားဝပ်နေသည်။ ဒေါင်းလဲအကျမှာ ကျားက ဒေါင်း၏ဦးခေါင်း ကို ခဲသည်။ ဒေါင်းက လက်သည်းဖြင့် ကုတ်သည်။ နောက်ဆုံးမှာ ဒေါင်းသေသွားသည်။

ဒေါင်းသားက စားလို့ကောင်းသည်။ ဒေါင်းမွေး ဒေါင်းတောင်တွေ ကျားပါးစပ်ထဲမှာ ပြည့်နေသည်။ ကျိုးပဲ့နေသော ဒေါင်း၏အရိုးကို ကျိုးကျိုးကြွပ်ကြွပ်မြည်အောင် ဝါးပစ်သည်။

ကျားပေါက်ကလေး၏ သက်တမ်းအတွင်းမှာ သည်ဒေါင်းသည် ပထမဆုံး ဖမ်းယူရရှိသော အမဲဖြစ်သည်။ ဒေါင်းသားကို အောင်သေအောင်သားအဖြစ် တဝစားပြီး အားအင်ပြည့်လာသည့်နှယ်ပင်။

ကျားပေါက်ကလေးက မာန်သွင်း၍ တချက် ဟိန်းလိုက်သည်။

သည်လိုနှင့် နောက်တဖန် ခြေကျိုးနေသော နွားတကောင် နွားစားကျက်တခုမှာ ဖမ်းယူရရှိသည်။ ထိုနောက် ကျွဲပေါက်ကလေးတရှဉ်း၊ ဆက်၍ ဆက်၍ အမဲသားကောင်များ တကောင်ပြီး တကောင် ရရှိလာသည်။

ကျားပေါက်ကလေးသည် ကျေးရွာများ ပတ်ဝန်းကျင်တွင် ဦးတည်ရာမဲ့ လှည့်လည်ကျက်စားယင်းက သန်မာထွားကျိုင်းလာသည်။ အရွယ်လုံးလုံးရောက်၍ တောအလုံးကို ပိုင်စိုးသည့် တောဘုရင်မုဆိုး ဟင်းမျိုးဖြစ်လာသည်။

အမဲတကောင်ကို ဖမ်းယူရရှိပြီးနောက် နောက်ထပ် ဘယ်တော့မှ သူ တကျော့ပြန်သွား၍ မစား။ ငယ်ရွယ်စဉ် ကျားပေါက်ကလေးဘဝကတည်းက သင်ခန်းစာ ကောင်းစွာ ရခဲ့ပြီ မဟုတ်ပါလား။ သည်အသိကြောင့် သူ အသက်ရှည်သည်။ အန္တရာယ်ကင်းသည်။

သို့ပေမယ့် အမဲကို ပိုရှာဖွေ ဖမ်းဆီးရသည်။ အမဲဆိုသည်များကလည်း တောတွင်းသားကောင်များ ဖြစ်ကြသည့် တောဝက်၊ ဖြူ၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသည်တို့က ဖမ်းဆီးရန် ခက်ခဲလှသည်။ အုပ်ကွဲ၊ သင်းကွဲ နွားကျွဲများက ဖမ်းရန်လွယ်ကူသည်။

ကျားကို ကျွဲသများက မခံမရပ်နိူင်လွန်း၍ ပြန်လည်တုံ့ပြန်သည်။ ကလဲ့စားချေသည်။ စားကျက်ထဲမှကျွဲများ မျိုးပြုတ်လုမတတ် ရှိနေပြီ မဟုတ်လား။

အမဲကို ဖမ်းယူရရှိပြီးလျှင် ကိုင်းတောထူထူထဲမှာ ကျားသည် အနားယူလဲလျောင်းနေတတ်သည်ကို သိကြသည်။ ကျွဲသမားများက ကျားကို ကျွဲအုပ်များဖြင့် ဝိုင်းဝန်းချေမှုန်းကြရန် ကျွဲများကို မောင်းလာကြသည်။ ကျားဆိုသောကျားက ကျွဲကို အမဲကောင်လို သဘောထား ဖမ်းယူစားသောက်သည့် သတ္တဝါ။ သို့စေကာမူ ကျွဲညီယင် ကျားကို ဖြိုနိုင်သည်။

ကျားနံ့ရသဖြင့် ကျွဲအုပ်သည် ရုတ်ရုတ်သဲသဲ ရှူးရှူး ရှားရှား ဖြစ်သွားသည်။ ခွာစုံကို မြေပြင်တွင်ခုတ်၍ တရှူးရှူးနှာမှုတ်သံကို ကျားက ရုတ်တရက် ကြားလိုက်ရသဖြင့် ထိတ်လန်ကြောက်ရွံ့သွားသည်။ ဗိုက်ထဲမှာဖြင့် အစာက မရှိသေး။ အန္တရာယ်က လက်တလှမ်းမှာဟူသော အသိကြောင့် တုန်လှုပ်သွားခြင်း ဖြစ်သည်။

ကျွဲသမားများနှင့် ကျား။ တိုက်ပွဲစတော့မည်။

ကျားသည် ကိုင်းပင်ရှည်များကြားတွင် လဲလျောင်းနေရာမှ ထလိုက်သည်။ ရှေ့တူရူ၌ ကျွဲသမား လူသားများနှင့် ကျွဲအုပ်များ ရှိနေသည်။ ဟိုအဝေးမှာ ဖြစ်သည်။ လာမည့်ဘေး ပြေးတွေ့မည်။ ရန်သူကို ရင်ဆိုင်မည်။ ကျားဆိုသည့် အမျိုးက တောဘုရင် မဟုတ်လား။ ကျားက ကြောက်ရသည့် သတ္တဝါ တောတွင်းမှာ မရှိ။

ကျား၏အား၊ ကျား၏မာန်ဖြင့် အပိုင်းပိုင်း အတစ်တစ်ဖြစ်အောင် ချေမှုန်းမည်။ လူသားဖြစ်ဖြစ်၊ အမဲဖြစ်ဖြစ် ကျား၏ အစာသာ ဖြစ်ရမည်။

ကိုင်းတောကို ရွက်ဖျားရှည်ရှည်များ လှုပ်ရှားခြင်း မရှိရအောင် သတိကြီးစွာထား၍ လျှောကနဲ တိုးဝင် ဖြတ်သန်းသွားသည်။ သူဖြတ်သန်းသွားရာ လမ်းတလျှောက်က ကိုင်းရွက်မြက်ခြောက်များကို လေမခတ်ရအောင်ပင် ညင်သာစွာ လှုပ်ရှားသည်။

ကျွဲအုပ်သည် သူ့တူရူမှာ ပို၍များသည်။ လေညာတွင်ရှိနေ၍ ကျွဲအုပ်က ကျားနံ့ကို မရရှိသေး။ သို့တစေ ကျွဲတအုပ်နှင့်တအုပ် သတင်းပို့ အချက်ပေး၍ အချင်းချင်း သိနှင့်နေကြပြီ။

ကျားရှိရာသို့ ဦးတည်လျက် ကျွဲအုပ်များ တရွေ့ရွေ့ တိုးကပ်လာသည်။ နာတရှူးရှူး မှုတ်သည်။ ခွာသံ တဖြောင်းဖြောင်း တဗြင်းဗြင်းမြည်အောင် မြေပြင်ကို နင်းချေသည်။ ဖုန်လုံးများ ထောင်းထောင်းထလျက် ရှိသည်။

ကိုင်းပင်များ၊ မြက်ပင်များ မြေပြင်သို့ ဝပ်စင်းသွားသည့်အခါ ကျွဲအုပ်က တရကြမ်း ကျော်နင်းဖြတ်သန်းသွားသည်။

ကျွဲချိုများ အဖျားချင်းခတ်၍ တဖြောင်းဖြောင်း တဗြင်းဗြင်းမြည်သံ ညံနေသည်။ မြိုင်ယံတခွင်မှာ မိုးပြို တော်လည်းနေသည့် အလားပင်။

ကျားက တိုက်ကွက်ကိုပြောင်းရန် ဘေးကိုပန်း၍ထွက်သည်။ သို့သော် သူ့ရှေ့မှာ ကျွဲအုပ်ကြီးတအုပ် ရှိနေပြန်သည်။ ပတ်ပတ်လည်မှာ ကျွဲတွေချည်း ရှိနေသည်။ ကျွဲများက သူ့ကို ဝိုင်းပတ်ထားချေပြီ။ ထွက်လမ်းမရှိတော့။

ကျားက ရုတ်တရက်မူ ဘာလုပ်ရမှန်း မသိနိူင်။ အခိုက်အတန့်မျှ တွေနေပြီးနေရာမှာ ရပ်တန့်နေလိုက်သည်။ ကြီးမားလှသော ဦးခေါင်းကို နှိမ့်၍ မြေကြီးနှင့်ကပ်လျက် မြေတုန်ခမန်း ဟိန်းပစ်လိုက်သည်။

ကျားဟိန်းသံသည် ချောက်ချားဖွယ်ရာ ပဲ့တင်သံဖြင့် တောအလုံးကို ပျံ့နှံ့သွားသည်။ အခိုက်အတန့်မျှမူ လူသံ၊ ကျွဲသံများ ငြိမ်သွားသည်။

ကျား၏ အဟန့်က ဤမျှ ကြီးမားသည်။ အာခေါင်ကိုခြစ်၍ ဒေါသတကြီးဟိန်းလိုက်သည် ဖြစ်ခြင်းကြောင့် တောတွင်း သတ္တဝါများဆိုလျှင် ကြောက်လန့်တုန်လှုပ်လျက် တဒင်္ဂမျှ ကြက်သေသေသွားသည်။

တောခွေးများ၊ ခွေးအများနှင့် သမင်၊ ဒရယ်၊ ချေငယ်အပေါင်း မလှုပ်နိုင် မရှားနိူင် မပြေးနိုင် ဖြစ်သွားရသည်။

ယခုလည်း ကျွဲသမားများနှင့် ကျွဲအုပ်များ ငြိမ်ကျသွားသည်။ ဆဲသံ၊ ဆိုသံ၊ ဝူးဟစ်သံများနှင့် ကျွဲများ၏ နှာမှုတ်သံ ခွာပေါက်သံများ ရပ်တန့်သွားသည်။

သည်အခွင့်ကောင်းကို ကျားက အရယူ၍ ကျွဲအုပ်ကိုဝင်ဖြိုသည်။ ကျွဲသမားများဆီက “ဝိုင်းဟ၊ ဆီးဟ၊ခုတ်ဟ၊ ထစ်ဟ” စသည့် အသံများက တပြိုင်နက် တည်း ထွက်ပေါ် လာသည်။

ကျွဲများကလည်း တဘူးဘူး တဘဲဘဲ လည်ချောင်း သံကြီးများဖြင့် အော်ဟစ်လျက် ကျားရှိရာသို့ နက်မှောင်ပြောင်လက်သည့် ဦးချိုကြီးများကို ဝင့်ကာဝင့်ကာဖြင့် အပြေးတက်လာကြသည်။

ကျားသည် သူတို့၏ရန်သူ၊ သည်ရန်သူက သူတို့ကိုစားမည်။ ရန်သူက သူတို့ကို မစားရအောင် ရန်သူကို ဝိုင်းဝန်းချေမှုန်းမည်။ သေအောင် သတ်ရမည်။

ကျားသည် တုံ့ဆိုင်း၍မနေ။ အင်နှင့်အားနှင့် အုပ်စု ဖွဲ့၍ ပခုံးချင်းဆက် ဦးချိုချင်းယှက်၍ ဝက်ခေါင်းထိုး တက်လာသော ကျွဲအုပ်ကြီးကို ကြီးမားသန်စွမ်းသော ရှေ့လက်နှစ်ဘက်ဖြင့် ခုခံတိုက်ခိုက်ယင်း ဖောက်ထွက်သည်။

ကျွဲအုပ်၏အလယ်မှနေ၍ လက်ဝဲဘက်သို့ပြေးဝင်ထိုးဖောက်လိုက်၊ လက်ယာဘက်သို့ ပြေးဝင်ထိုးဖောက်လိုက်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေသည်။

“မလွတ်စေနဲ့ဟေ့။ ဟင်းမျိုးကို အသေသတ်၊ ကျွဲအုပ်ကို မောင်းတင်စမ်း”

“ဟေး… ဟေး ကျွဲအုပ်ကိုမောင်းဟေ့၊ ဟင်းမျိုး ပိတ်မိ နေပြီ”

“ဝိုင်းထားဟေ့ … ဝိုင်းထား၊ ကျားယုတ်ကို မျိုးဖြုတ်ပစ်မဟေ့”

ကျွဲသမားများက ကျွဲအုပ်နောက်မှ တပါတည်း ကပ်ပါလာပြီး တရှိန်တိုး မောင်းတင်လာသည်။ မိမိတို့၏ သခင်များ လိုက်ပါလာခြင်းကြောင့် အားတက်လျက် ကျားရဲရှိရာသို့ မကြောက်မရွံ့တိုးဝင် လာနေသည်။ ကျွဲအုပ်ကြီး တအုပ်လုံး တကောင့်တကောင် ထိကပ်၍ ညပ်၍ တိုးဝင်နေခြင်း ဖြစ်ရကား ရုတ်တရက် ချက်ချင်း ကျားရှိရာသို့ ရောက်မလာပဲ တန့်ရပ်သွားသည်။

ကျပ်၍ ညပ်၍ တိုး၍ ဝှေ့၍ ဦးခေါင်းကိုနိမ့်လျက် ထက်မြက်ချွန်မြသော ဦးချိုကြီးများဖြင့် ကျားရဲကိုလှမ်း၍ လှမ်း၍ ဝှေ့သည်။ သည်ဦးချိုကြီးများ ထိလိုက်လျှင်ပင် ကျားရဲ ရင်ပွင့်သွားမည် မုချဖြစ်သည်။

သို့တစေ ကျားသည် ကျွဲကို အမဲသားကောင်အဖြစ် သတ်ဖြတ်ကိုက်ခဲ စားသောက်လာခဲ့သည် ဖြစ်ရကား ပျောင်းနွဲ့သော သန်စွမ်းကြီးမားသည့် ကိုယ်ခန္ဓာကို လူးကာ လွန့်ကာ၊ လှည့်ကာ လိမ်ကာဖြင့် ကျွဲအုပ်၏ချိုများအကြားက လွတ်အောင် တိမ်းရှောင်နိူင်သည်။

ကျွဲအုပ်ကြီး ဝိုင်းပတ်ထားခြင်း ခံရစေကာမူ ကျွဲအုပ်၏ အလယ်ဗဟိုမှနေ၍ မြေပြင်တွင် တသားတည်း ပြားနေအောင် ဝပ်စင်းလျက် ခုခံတိုက်ခိုက်သည်။ သူ့အပါးသို့ တိုးဝှေ့ထိကပ်ရောက် လာသော ကျွဲ၏ နှာရောင်ကို ကြံ့ခိုင်ကြီးမားသော ရှေ့လက်ဖဝါးကြီးများဖြင့် ဖုန်းကနဲ ဖန်းကနဲ ခွန်နှင့်အားနှင့် ပုတ်ထုတ်ပစ်လိုက်သည်။

ကျားရဲ၏ လက်ဖဝါးဖြင့် လှမ်းပုတ်၍ အထိခံလိုက်ရသော ကျွဲများမှာ အရုပ်ကြိုးပြတ်သည့်နှယ် ပုံ၍ပုံ၍ လဲကျသွားသည်။ ရှေ့မှ ကျွဲတကောင် ကျသွားသည်နှင့် နောက်က ကျွဲက ရှေ့သို့ တက်လာသည်။

““ရှူး”ကနဲ၊ “ဖူး”ကနဲ ကျွဲအုပ်၏ နှာမှုတ်သံ တဘူးဘူး တဘဲဘဲ ကျယ်လောင်စွာ အော်ဟစ်သံများဖြင့် ကျားရဲသည် မြေတွင်ကပ်၍ ဝပ်စင်းနေရာက “ဝေါင်း”ကနဲ၊ “ဝေါင်း”ကနဲ ဟိန်းလိုက်သည်။

ကျယ်လောင်သော ချောက်ချားဖွယ်ရာ ကျားရဲဟိန်းသံများသည် ပဲ့တင်သံ ပြန်၍ ပြန်၍ လာနေသည် ဖြစ်ရကား လျှပ်ပန်းလျှပ်နွယ်များ ပြိုးပြက်၍ ထစ်ချုန်းရိုက်ခတ် ရွာသွန်းနေသော မိုးကာလ၏ မိုးခြိမ်းသံများနှယ် ရှိသည်။

ကျွဲသမားများ၏ အားပေးသံ၊ ခေါ်သံ၊ အော်ဟစ်သံများနှင့် ကျွဲအုပ်၏ ဆူညံနေသော အသံစုံများကိုပင် လွှမ်းခြုံသွားသည်။

မြေပေါ်တွင် ဝပ်စင်းနေသည့် ကျားရဲ၏ ကိုယ်အထက်မှာ ကျွဲများ၏ ချောက်ချားကြောက်လန့်နေကြသော မျက်လုံးဖြူဖြူကြီးများကို မြင်နေရသည်။ လှိုင်းလုံးကြီးများ ရိုက်ခတ်သည့်နယ် တဟဲဟဲ၊ တဝေါဝေါမြည်အောင် ပြင်းထန်သည့် ကျွဲအုပ်၏ အသက်ရှူ နှာမှုတ်နေသံများ၊ ဦးချိုချင်းခတ်မိ၍ တဖြောင်းဖြောင်း တဒိုင်းဒိုင်းမြည်သံများကို ကြားနေရသည်။

ကျားသည် ရုတ်တရက် ချက်ချင်း ဝေါင်းကနဲ တချက်ဟိန်းလိုက်ပြီး ခုန်ထလိုက်သည်။ မြေပြင်မှ ဆယ်ပေခန့်အမြင့်သို့ မြောက်တက်သွားသည်။

ကျားရဲက လေလဟာမှာ အခိုက်အတန့်မျှ တွဲရရွဲရှိနေစဉ်ခိုက်ဝယ် သူ့အောက်တွင် မျက်လုံးပြူးပြူး၊ ဦးချိုကြီးများ တဝင့်ဝင့်ကို မြင်ရသည်။

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာ ဒေါမာန် ပြင်းထန်လျက်ရှိသည့် နက်မှောင်ရှည်လျားသော ကျွဲအုပ်၏ ကိုယ်ထည်လျားလျားများပေါ်သို့ ဖုန်းကနဲ ကျလာသည်။ ဆတ်ကနဲ ခုန်လိုက်ပြန်သည့်အခါ လေထဲသို့ ရောက်သွားပြီး ထိုမှတဖန် ကျွဲကိုယ်ထည်များပေါ်သို့ ပြန်ကျလာပြန်သည်။

သူ့လက်သည်း၊ ခြေသည်းများက ကျွဲကိုယ်ထည် နက် ကျောကျောများကို ကုတ်ခြစ်ဆုတ်ဖြဲလိုက်သည့်အတွက် နီရဲသော သွေးစိမ်းရှင်ရှင်များ ပန်းထွက်လာသည်။ ကျွဲကိုယ်ထည်များထက်မှ လေပြင်းဝှေ့သလို ခုန်ကျော်ပြေးလွှား၍ ထွက်လာနိူင်ခဲ့သည်။

သူ့နောက်မှာ ရက်စက်၍ ဒေါသထန်နေသော ကျွဲများ၏ ဦးချိုများ၊ ဖြောင်းကနဲ ဖြောင်းကနဲ မြေသားပြင်ကို ပေါက်နေသည့် ခွာစုံများ၊ တကောင့်တကောင် ဖိကပ်၊ ထိညပ်နေသည့် ကျွဲများ၏ ကိုယ်ထည်များအကြားမှ သူ လွတ်မြောက်လာခဲ့ပေပြီ။

ကျွဲသမားများ၏တောက်ခေါက်သံများနှင့် ဒေါသတဟူးဟူးထန်နေသည့် ကျွဲအုပ်၏အသံက တစတစ ဝေး၍ဝေး၍ ကျန်ရစ်ခဲ့သည်။ သည် ကျွဲစားကျက်မှ ဝေးရာသို့ ရှေးရှုဦးတည် ခရီးလှည့်လည်သည်။ ရိုးမတခွင် ပြဲပြဲစင်မျှဖြစ်သည်။

မြေကွင်းပြန့် လွင်အစပ်သို့ မဆင်းပဲ ရိုးမကြော ထိပ်မှာ ကျက်စားသည်။

သည်တဝိုက်မှာ သီးပင်၊ စားပင်များ ပေါများသည်။ မြင့်မားသော သစ်တောကြီးများ၊ စိမ့်စမ်းဂနိူင် မြိုင်ယံနှင့် တောသာမောဖွယ် ဖြစ်သည်။ ကျေးငှက်သာရကာ ငှက်ကျေးတမာတို့ အစာရှာကြသဖြင့် သာယာရွှင်မြူးဖွယ် ဖြစ်သည်။

အမဲတောကောင်များ ပေါကြွယ်လှသဖြင့် ကျားရဲအဖို့ စားကျက်ကောင်းတခု ဖြစ်သည်။ အမဲ ဖောဖောသီသီ ရရှိစားသောက်ရသဖြင့် ကျားသည် တနေ့တခြား ကြီးထွားသန်စွမ်းလာသည်။ သည်တော၊ သည်တောင်၊ သည်မြောင်ဒေသတွင် သူသည်သာလျှင် သခင်၊ သူသည်သာလျှင် ဘုရင်ဖြစ်သည်။

သူ့အမွေးများက နူညံပြီး ရှည်လျားသည်။ သူ့ကိုယ်ခန္ဓာပေါ်ရှိ အနက်စင်းကြီးများက နက်မှောင်တောက်ပနေသည်။ အဝါရောင်အမွေးများကလည်း လိမ္မော်ရွှေရောင်လို ဝင်းလက်ပြိုးပြက်နေသည်။ တိုဝိုင်းသော နားရွက်တစုံနှင့် တင်းတောင်းကြီးတခုစာမက ကြီးမား ဆန့်တက်သော ဦးခေါင်းကြီးက ကျားရဲ၏ ထွား ကျိုင်းသော ကိုယ်ခန္ဓာနှင့် တင့်တယ်လိုက်ဖက်သည်။

မာန်သွင်း၍ ရှေ့တူရူကို ရပ်လျက်ကြည့်နေတတ်သည့်အခါမျိုးတွင် ကျားသည် လက်ရာမြောက်သော ပန်းပုဆရာကျော်၏ ကျောက်ဆစ်ရုပ်နှယ် တင့်တယ်လှပသည်။

သည်ဒေသမှာ ကျားသည် ကြင်ဖော်ရသည်၊သားများကို ကြင်ဖော် ကျားမက မွေးဖွားသည်။ တောဘုရင်မင်းမျိုး ကျားမုဆိုး၏ အမည်သတင်းက သည်ဒေသမှာ ပျံ့နှံ့ကျော်ကြားသည်။

ဝါးခုတ်၊ ထင်းတိုက်၊ ဖက်ခူး၊ မှိုရှာ တောသမား လူအများ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ကြရသည့်ကျား။

ဝါးဖောင်သမား၊ သစ်ချသမားတောသူ တောင်သား များက ကျားကို အမည်ပေးထားသည်။

“ရိုးမကျား …”

မြရည်နန္ဒာ မိတ္ထီလာမဂ္ဂဇင်း၊

၁၉၈၄ခု၊ ဖေဖော်ဝါရီလ။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *