July 30, 2025
Uncategorized

တောလိုက်တဲ့ ည

ဝန်းရံခ
တောလိုက်တဲ့ ည

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ဒေါင်းလူးရွာကလေးသည် မြို့နှင့် တစ်မိုင်ခန့်သာဝေးပြီး လမ်းပန်းဆက်သွယ်ရေးက အထူးကောင်းမွန်သဖြင့် အလွန်စည်ကားသာယာပေ၏။

ရွာအနေအထားမှာ တာလမ်းမဘေးတွင် ရွာတန်းရှည်ပုံစံ အလျားလိုက် အပြိုင်တည်ဆောက်ကာ ဈေးဆိုင်ကန္နားတို့ဖြင့် ဝေစည်လျက် ရှိပါသည်။ ထိုများစွာသော ဆိုင်တွေထဲမှာမှ ဒေါ်ခင်တုတ်၏ အရက်ဆိုင်၊ မောင်လတ်၏ ထန်းရည်ဆိုင်၊ ဒေါ်ခင်သန်း၏ မုန့်ဟင်းခါးဆိုင်နှင့် ဦးရဲလွင်၏ ကွမ်းယာဆိုင်တို့မှာ အားပေးသူပရိသတ်များ၍ နာမည်ရလေသည်။

နာမည်ရသည့် အကြောင်းရင်းမှာ ဒေါ်ခင်တုတ်၏ အရက်ဆိုင်သည် ကြောင်သားကောင်း၍ မောင်လတ်၏ထန်းရည်ဆိုင်က ထန်းရည်နှင့် ကြွက်ကြော်မှာ လွန်စွာအရသာရှိလှပေသည်ဟု စားသုံးဖူးသူတို့က ဆိုကြ၏။

ဒေါ်ခင်သန်း၏ မုန့်ဟင်းခါးဆိုင်မှာမူ ဒေါ်ခင်သန်းကိုယ်တိုင်က အပြောအဆို အပေါက်ဆိုးသော်လည်း မုန့်ဖတ်နှင့် ဟင်းရည်က အလွန်ကောင်းသဖြင့် မစားဘဲ မနေနိုင်ကြပေ။

ဦးရဲလွင်၏ ကွမ်းယာဆိုင်ကမူ အထက်ဖော်ပြပါ ဆိုင်တွေနှင့် မတူညီချေ။ သူ့ကွမ်းယာမှာ အရမ်းအကောင်းကြီး မဟုတ်သော်လည်း ဦးရဲလွင်၏ ဇနီး ဒေါ်ညွန့်ကြည်၏ ဆက်ဆံရေးကောင်းခြင်းနှင့် စားသုံးသူ စိတ်ကျေနပ်စေရန် ထုံး၊ ဆေး၊ ကွမ်းသီးကအစ လိုအပ်သလို ပိုပိုသာသာ ထည့်ပေးတတ်ခြင်းတို့ကြောင့် ရောင်းကောင်းရခြင်း ဖြစ်ပါသည်။

ထိုဆိုင်တွေထဲမှ မောင်လတ်ထန်းရည်ဆိုင်က ထန်းရည်မှာ ရာသီပေါ်ဖြစ်သဖြင့် ထန်းရည်ချိန်ကုန်ပါက ခေါင်ရည်အစားထိုး ရောင်းခြင်းဖြင့် အဆင်ပြေသော်လည်း ကြွက်ကြော်ရရှိရန်မှာ အခက်အခဲရှိပါ၏။

ထိုထက်ပိုဆိုးသည်မှာ ဒေါ်ခင်တုတ်၏ အရက်ဆိုင်ဖြစ်၏။ ဒေါ်ခင်တုတ်၏ အရက်ဆိုင်တွင် ရောင်းသည့်အရက်မှာ မှာသည့်နေရာက အချိန်မရွေးလာပို့သော်လည်း အရက်ဖြင့်တွဲရောင်း၍ နာမည်ကြီးနေသည့် ကြောင်သားက နေ့စဉ်ရဖို့ခက်ခဲ၏။

သို့သော်လည်း ဒေါ်ခင်တုတ်၏ အရက်ဆိုင်တွင် ကြောင်သားကို မပြတ်အောင် ပို့ပေးနိုင်သူတစ်ယောက်ကတော့ ရှိနေပါ၏။

X XX XXX XX X

သူ့နာမည်က ဘဲဥ။

ဒေါင်းလူးရွာသားဖြစ်၏။

နာမည်ရင်းတော့ မဟုတ်။ ငယ်ငယ်ကတည်းက အသားဖြူပြီး ပုပုဝိုင်းဝိုင်းလေးမို့ ချစ်စနိုးခေါ်ကြရင်း တွင်သွားသည့် ပညတ်တစ်ခုပင် ဖြစ်ပါသည်။

ဘဲဥသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လူရည်လည်သူ ဖြစ်သည်။ အရွယ်လေးရလာတော့ လောင်းကစားက ဖက်လာသည်။ လူလတ်ပိုင်းရောက်လာတော့ ဘဲဥတို့က နှယ်နှယ်ရရမဟုတ် တော့ပေ။ ကြက်ဝိုင်းဆိုလည်း ဘဲဥပါမှ ပွဲစည်သလိုဖဲဝိုင်းတွင်လည်း ဘဲဥပါမှ ပွဲမြိုင်တော့၏။

ဒါပေမဲ့ ဘဲဥ၏ အစ်ကိုတွေ အစ်မတွေက လူရိုးလူမှန်တွေမို့ ဘဲဥ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံကို သဘောမကျကြသဖြင့် ခဏခဏ ဆုံးမပေမယ့် ဘဲဥတို့က ခွေးမြီးကောက် ကျည်တောက်စွပ်သလို ဖြစ်နေသည်မို့ ဘဲဥ၏အစ်ကို အစ်မများ တိုင်ပင်ပြီး နောက်ဆုံးတွင် ဘဲဥကို ဘဲဥ၏အစ်မအကြီးဆုံးက ဒေါင်းလူးရွာ အနောက်ပိုင်းရှိ သူ့အိမ်တွင် ခေါ်ထားလေတော့သည်။

ဘဲဥသည် သူ့အစ်မအိမ်၌နေစဉ် တစ်လနှစ်လခန့် ဣန္ဒြေရနေ၏။ ဒါကလည်း သူ့ယောက်ဖကို ကြောက်ရ၍ ဖြစ်သည်။

အဲဒီအိမ်ရောက်မှ ဘဲဥခမျာ တစ်ခုကောင်းလာသည်မှာ လောင်းကစား မလုပ်တော့ခြင်းဖြစ်၍ နောက်တစ်ခု မကောင်းသည်မှာ ရွာအနောက်ပိုင်းသားတွေဖြစ်သည့် ကိုဝင်းမောင်ကြီးတို့အဖွဲ့နှင့် ပေါင်းပြီး ညဘက်ဆိုလျှင် ကြောင်လိုက်တတ်လာခြင်းပင်ဖြစ်သည်။

တောရွာတို့၌ ကြောင်လိုက်သည်ဆိုရာတွင် တောကြောင်ကိုသာမကပဲ အိမ်ကြောင်တွေ့ပါကလည်း လိုက်ကြသည်။

ကြောင်လိုက်ရာမှာ ခွေးကောင်းဖို့လိုသလို ဓာတ်မီးအားကောင်းကောင်းနှင့် လူကလည်း လျင်မြန်ဖျတ်လတ်ဖို့ လိုသည်။ ပြာသိုလ ကြောင်မိတ်လိုက်ချိန်မျိုးတွင် တောကြောင် အိမ်ကြောင်တို့ လယ်ကွင်းပြင်သို့ ပို၍ အထွက်များ၏။

ထိုအခါ လူက ခွေးကိုခေါ်ပြီး ရွာထဲမှ လယ်ကွင်းပြင် သို့ထွက်ကာ ငါးတောင့်ထိုးဓာတ်မီးအားကောင်းကောင်းနဲ့ လယ်ကွင်းပြင်တွေဆီ လှည့်ပတ်ထိုးကြည့်ရသည်။

ကြောင်မျက်လုံးနှင့် ဓာတ်မီးအလင်းရောင်ဆုံပါက အစိမ်းရောင်အလုံးကလေးနှစ်လုံးအဖြစ် တွေ့မြင်ရသည်။ ထိုအခါ ကြောင်မှာ ဓာတ်မီးအလင်းရောင်ဒဏ်ကို မခံနိုင်သဖြင့် မျက်စိခဏမှိတ်၍ ဝပ်နေတတ်သည်။

ဒီတော့မှ လူက ဓာတ်မီးနဲ့ တည်နေရာကိုထိုးပြီး ကြောင်ရှိရာသို့ ဦးတည်သွားရင်း ခွေးကို လက်ဟန်ပြခေါ်ကာ ချဉ်းကပ်ရသည်။

ကြောင်လိုက်ကောင်း သော ခွေးဆိုပါက လူအချက်ပြစရာပင် မလိုချေ။ ဓာတ်မီးရောင်အောက် လင်းခနဲ လက်ခနဲ တွေ့လိုက်သည်နှင့် ကြောင်ဆီသို့ အပြေးသွားပြီး ကိုက်ခဲရန် ဟန်ပြင်လေတော့သည်။

ကြောင်ထွက်ပြေးပါကလည်း ခွေးက ကြောင်နောက်သို့ တအားထိုးလိုက်သဖြင့် ကြောင်လည်း နီးစပ်ရာသစ်ပင်ပေါ်သို့ တက်၍ နေတတ်သည်။

တစ်နည်းအားဖြင့် ခွေးက ကြောင်ကို နီးစပ်ရာသစ်ပင်ပေါ်တွင် တင်ထားပေးသလို ဖြစ်နေတော့၏။ ထိုစဉ် ခွေးက သစ်ပင်အောက်မှ တအားထိုးဟောင်နေသော်လည်း ကြောင်က ဆင်းမလာဘဲ သစ်ပင်ပေါ်တွင်သာ ပေကပ်၍ နေနေတော့၏။

ဤသို့ ကြောင်ကို သစ်ပင်ပေါ် တက်ပြေးစေရန် ခွေးကဖန်တီးခြင်းကို ဒေသစကားအရ ခွေးက ကြောင်တင်ပေးသည်ဟု ဆိုကြ၏။ ထိုသို့ ကြောင်ကို သစ်ပင်ပေါ်သို့ တင်ပြီးပါကလည်း ခွေးက သစ်ပင်အောက်ကနေ အူသံ ဟောင်သံပေး၍ လူကို ခေါ်လိုက်သေးသည်။

ထိုအခါမျိုးတွင် ကြောင်လိုက်သူအနေဖြင့် “ငါ့ခွေးတော့ ဘယ်နေရာ ဘယ်အကွာအဝေးက ဘယ်အပင်ပေါ်မှာ ကြောင်တင်ထားပြီ”ဆိုသည်ကို အတပ်သိနေသည်။

တကယ့် ကြောင်လိုက်နေကျ ညဘက် ထွက်နေကျခွေးသည် အလေ့အကျင့်တစ်ခုလို အချိန်ကျ မထွက်ရမနေနိုင် ဖြစ်တတ်ပါသေးသည်။

တစ်ခါတစ်ရံ လူမပါဘဲ ခွေးက ကြောင်တင်ထားပြီး သခင်ကို အူသံဟောင်သံပေး ခေါ်နေသော်လည်း သခင်နှင့် အလှမ်းဝေးကာ မကြား၍သော်လည်းကောင်း၊ ခရီးသွားနေ၍သော်လည်းကောင်း ဖြစ်နေစဉ် နားလည်တတ်ကျွမ်းသူတစ်ယောက်ယောက်က တွေ့၍ သစ်ပင်ပေါ်တက်ကာ ကြောင်ကိုရိုက်၍ အချောင်စားရသူများပင် ကြုံရတတ်သေးသည်။

ခွေးတင်ပြီးသား သစ်ပင်ပေါ်ရှိ ကြောင်ကို လူက တက်ရိုက်ရာတွင် ကြောင်က အကြောက်လွန်ပြီး အရိုက်ခံတာလည်း ရှိပါသည်။

တစ်ခါတစ်ရံ လူက ကြောင်အနားရောက်ကာမှ ခုန်ချထွက်ပြေးတာမျိုးလည်း ရှိသေးသည်။

ထိုအချိန်မျိုးတွင် အဖော်အဖြစ်လိုက်ပါလာပြီး သစ်ပင်အောက်က စောင့်နေရသည့်လူမှာ များစွာအကင်းပါးရလေ၏။

မည်သို့ အကင်းပါးရသလဲဆိုသော် အပင်ပေါ်ကကြောင်မှာ သစ်ပင်၏ ဘယ်အကိုင်းမှာနေပြီး ကြောင်၏ခေါင်းက ဘယ်ဘက်လှည့်နေသလဲ ဆိုတာကိုပါ သေချာစွာအရင်ကြည့်ရ၏။ ထို့နောက်တွင်မှ ဒီကြောင် ခုန်ချလျှင် ဘယ်ဘက်ကိုခုန်ချနိုင်၍ ဘယ်အကွာအဝေးလောက်မှ ကျနိုင်သည်ဆိုတာကိုပါ စိတ်ကူးနှင့်တွက်ချက်ကာ ခွေးကိုအချက်ပြ ခေါ်ရင်း အသင့်စောင့်နေတတ်ရသည်။

အကယ်၍ ကြောင်ခုန်ချသည့် အခါတွင်လည်း အောက်က စောင့်ရိုက်သူမှာ ကြောင်ကိုရချင်ဇောဖြင့် တုတ်နဲ့ ဇွတ်မရိုက်ရချေ။

အကြောင်းမှာ ကြောင်ခုန်ချလာသည်နှင့် မိမိ၏ခွေးကပါ ခုန်ကိုက်ခဲတတ်သည်မို့ ရိုက်ချက်မမှန်ပါက မိမိရဲ့ခွေးကို ပြန်ရိုက်မိကာ ကြောင်လွတ်သွားပြီး ကိုယ့်ခွေးပဲ ကိုယ်ကျိုးနည်းရတတ်သည့် အဖြစ်မျိုးကြုံဖူးကြ၍ဖြစ်သည်။

ဒေါင်းလူးရွာ၏ ဇာတ်လိုက်ကျော်ဘဲဥသည် ရွာအနောက်ပိုင်းရှိ သူ့အစ်မကြီးအိမ်တွင် နေရင်း သူ့ပင်ကိုယ်ဉာဏ်က ကောင်းသည်က တစ်ကြောင်း၊ မျက်စိကလျင်၊ လူကလည်းအကင်းပါသည်က တစ်ကြောင်း၊ သည့်အပြင် လူပေါင်းကပါ ဆံ့သည့်အတွက် ကြောင်လိုက်ခြင်းအတတ်၌ အထူးကျွမ်းကျင်သည်မို့ “ကြောင်လိုက်မုဆိုး”ဟုပင် နာမည်ရလာတော့သည်။

ကြောင်လိုက်မုဆိုးဟုပင် အမှန်တကယ် တင်စားရလောက်အောင် ဘဲဥ ကြောင်ထွက်လိုက်လျှင် မရဘူးဆိုသည့်နေ့ မရှိအောင်ပင် ပြောစမှတ်တွင်လာလေ၏။

သည်လိုနှင့် ဘဲဥတစ်ယောက် အပျော်တမ်းကြောင်လိုက်ရာမှ သူစားဖို့ပင်မက ရောင်းစားစရာကြောင်တွေပါ ရလာလေတော့ ငွေစလေးများရွှင်လာသည်။ သူ ယခင်က နေခဲ့သည့် ရွာအရှေ့ပိုင်း ဒေါ်ခင်တုတ်အရက်ဆိုင်ကပါ ကြောင်အော်ဒါ မှာလာလေတော့သည်။

ထို့ကြောင့် ဘဲဥတစ်ယောက် ညတိုင်းလိုလို ကြောင်ထွက်လိုက်သည်။

ဘဲဥတစ်ယောက် ကြောင်လိုက်ကောင်းခြင်းကြောင့် ဒေါင်းလူးရွာရှိ အိမ်ကြောင်တွေ ကုန်သလောက်ဖြစ်သွားသည်။

ရွာထဲရှိ ကြောင်ပါသွားသည့် အိမ်သူအိမ်သားတို့မှာလည်း ဘဲဥကို မေတ္တာပို့ကြလေတော့သည်။

သည်တော့ မှ ဘဲဥခမျာ သူနှင့်အတူ ကြောင်လိုက်ဖော် ကိုဝင်းမောင်ကြီးနှင့် သူ့ယောက်ဖအိမ်ရှိ ခွေးနှစ်ကောင်ကိုခေါ်ကာ တခြားရွာတွေကိုပါ ခြေဆန့်ရလေတော့သည်။

xxx xxx xxx

ဒေါင်းလူးရွာနှင့် ရွာနီးချုပ်စပ်များမှာ အရှေ့ဘက်တွင် ရှမ်းကုန်းကျေးရွာ၊ သပြုပင်ကျေးရွာ၊ အနောက်ဘက်တွင် သိုးဘိုကျေးရွာ၊ ရဲတမံကျေးရွာ၊ စစ်ကုန်းကျေးရွာတို့ရှိ၍ မြောက်ဘက်တွင် ပန်းထိမ်ဝင်ကျေးရွာ၊ တောင်ဘက်၌ သရက်ပင်ညီအစ်ကိုကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ရှမ်းစု(တော)ကျေးရွာနှင့် ချောင်းကမ်းပါးကျေးရွာတို့ ဖြစ်ကြပါသည်။

ဘဲဥတို့အဖွဲ့အနေဖြင့် တခြားရွာတွေသွားပြီး ကြောင်လိုက်ရသည်မှာ ကိုယ့်ရပ်ကိုယ့်ရွာတွင် ကြောင်လိုက်ရသလိုတော့ မလွယ်ကူလှချေ။

ကိုယ့်ရပ်ကိုယ့်ရွာမှာကတော့ ဘယ်သူ့ အိမ်နောက်ဖေးခြံစည်းရိုးတွင် ကြောင်တင်တင် အိမ်ရှင်က ထွက်ကြည့်လို့ တွေ့တာတောင်မှ ကိုယ့်ရွာသားချင်းလည်းဖြစ်ပြန်၊ ဆွေရိပ်မျိုးရိပ်ကလည်း တစ်ရွာလုံးမကင်းကြ၍

“ဟာ ဘဲဥတို့ပဲ မလုပ်ကြနဲ့ကွာ။ ဒီကြောင်မကြီးက မျိုး(ဇီး)ကြီးနဲ့ကွ၊ သွားကြ … သွားကြ”

ဟု ဖျောင်းဖျ ပြောဆိုခွင့်လွှတ်တတ်ကြပေမယ့် တခြားရွာသားများက ဤကဲ့သို့ နားလည်၊ အားနာ၊ သနားနေမည့်သူများ မဟုတ်ကြပေ။

ကြောင်လိုက်သည်ကို မိလို့ကတော့ အသေမသတ်တောင် ထိပ်ပေါက်ခေါင်းကွဲလောက်ဖြစ်ဖြစ် နည်းနည်းပါးပါး ဆုံးမလွှတ်လိုက်ရမှ ကျေနပ်ကြသူများဖြစ်သည်။

ဘဲဥက ဒီသဘောသဘာဝကို နားလည်ပြီးသားဖြစ်သော်လည်း တစ်ခါက ဘဲဥတို့အဖွဲ့ ရှမ်းကုန်းရွာတွင် ဒုက္ခအကြီးအကျယ်ရောက်ဖူးလေသည်။

ဖြစ်ပုံမှာ ဘဲဥတို့အဖွဲ့ အဲဒီညက စထွက်ထွက်ချင်း ချောင်းကမ်းပါးကျေးရွာနားက မြို့လယ်ချောင်းအစပ်၌ပင် ကြောင်နက်တစ်ကောင် စရလေသည်။

အဖွင့်ကောင်းလှသဖြင့် ချောင်းရိုးအတိုင်း ထောင်တက်ရာ ချောင်းကမ်းပါးကျေးရွာအရှေ့ဘက် ချောင်းနားစုကျေးရွာနားအရောက်တွင် ဘာကောင်မှန်းမသိသည့်နောက်သို့ သူတို့ ခွေးနှစ်ကောင်က ထိုးလိုက်သွားလေသည်။ ခွေးတွေလိုက်ရာဘက်သို့ ဦးတည်လျှောက်ခဲ့ပေမယ့် ခဏလောက်ကြာသည်အထိ ဘာသံမှ မကြားရပေ။

ဘဲဥ၏ ခွေးနှစ်ကောင်မှာ ခါတိုင်းဆိုရင် ဒီအချိန်လောက်ကြာအောင် မစောင့်ရချေ။ ကြောင်ကို သစ်ပင်ပေါ်တင်ပြီး အူသံ ဟောင်သံ ပေးနေမြဲဖြစ်သည်။

ခုတော့ ဘာအသံမှမလာ၊ လူကလည်း ဇွတ်တရွတ်လိုက်၍ မဖြစ်သည့်အနေအထားဖြစ်သည်။

ဒီလို ချောင်းလျှိုမြောင်းကြားရွာတွေမှာ ကြောင်လိုက်ရသည်မှာ အင်မတန် အန္တရာယ်များမှပေသည်။

ပိုး ခေါ် မြွေပွေးကြောက်ရ၍ဖြစ်၏။

လူက ကြောင်ကိုမဲပြီးလိုက်၊ မြွေပွေးက အနေပက်စင်သဖြင့် စိတ်မထင်လို့ တက်နင်းမိပါက ယင်တောင်မလွတ်သည့်သတ္တဝါမို့ လူကတော့ ခွေခနဲပင်။

မြွေပွေးကိုက်(ပိုးထိ)၍ သေဆုံးသွားကြရသည့် ကြောင်လိုက်သမားများမှာ ဒုနဲ့ဒေးရှိ၏။

ယခုလည်း ဘဲဥတို့အဖွဲ့ သတိရှိရှိနှင့် ခွေးပြေးရာလမ်းကြောင်းအတိုင်း မှန်းပြီးလိုက်လာခဲ့ရာ မကြာခင်ပင် ရှမ်းကုန်းကျေးရွာနား ရောက်လာလေ၏။

ခွေးတစ်ကောင်က အမြီးတစ်နှံ့နှံ့နဲ့ လူကို ပွတ်သီးပွတ်သပ်လုပ်ကာ ခေါ်နေလေသည်။ ဘဲဥတို့လည်း အထာနပ်စွာဖြင့် ခွေးနောက်လိုက်သွားရာ မကြာမီပင် ရွာထဲ၌ သူတို့ခွေးတစ်ကောင်က အသံကိုချုပ်တည်း၍ တအုအုလုပ်ကာ နှာခေါင်းဖြင့် မန်ကျည်းပင်ကြီးပေါ်သို့ ညွှန်ပြနေလေသည်။

သူများရွာထဲမှာမို့ သူ့ခွေးတွေက အသံမထွက်ဘဲ အချက်ပြနေခြင်းဖြစ်ကြောင်း ဘဲဥသဘောပေါက်သွားသည်။

အကယ်၍ သူ့ခွေးတွေ အသံထွက်ပါက ထိုရွာထဲရှိ တခြားခွေးများ ထွက်လာနိုင်သလို အနံ့စိမ်းရ၍ ခွေးချင်းကိုက်သံကလည်း ညံနေပေဦးတော့မည်။

ဒါကို ဘဲဥ၏ ကြောင်လိုက်ခွေးတွေက အတွေ့အကြုံအရ သိပုံပေါ်သည်။ ဒါ့အတွက် ဘဲဥက သူခွေးတွေကို ကြိတ်၍ ကျေးဇူးတင်နေမိသည်။

မန်ကျည်းပင်ပေါ်မှာ ကြောင်တင်ထားမှန်းသိလျက်နဲ့ တခြားရွာထဲမှာမို့ လှည့်ပြန်ရတာမျိုး ဘဲဥက သူ့ကြောင်လိုက်သက်တမ်းတစ်လျှောက် မရှိခဲ့ဘူး၍ သိက္ခာအကျမခံလိုပေ။

ထို့ကြောင့် သူ့လူရင်း… တစ်နည်းအားဖြင့် သူ့ဆရာ ကိုဝင်းမောင်ကြီးရဲ့အနား တိုးကပ်ပြီး တိုင်ပင်သလို ဆန္ဒထုတ်ဖော်လိုက်သည်။

“ကိုဝင်းမောင်ကြီး ကျုပ်ကတော့ ဒီကြောင်ရမှ အိမ်ပြန်မယ်ဗျာ။ ခင်ဗျား သတိထားပြီး အောက်ကစောင့်ရိုက်ဗျာ။ အရေးအကြောင်းဆိုရင် ခင်ဗျားသာ လွတ်အောင်ပြေး။ ကျုပ်ကို မငဲ့နဲ့။ ကျုပ်ဘာသာ ကျုပ် မီးစင်ကြည့်ကမယ်”

ဘဲဥလည်း ကိုဝင်းမောင်ကြီးကိုမှာပြီး မန်ကျည်းပင်ပေါ် ပြေးတက်သွားသည်။

ကိုဝင်းမောင်ကြီးအနေဖြင့် ဘဲဥကို သူများရပ်ရွာမှာ ဒီလိုအရဲစွန့်ပြီး မလုပ်သင့်ကြောင်း ပြောဖို့ပင် အချိန်မရလိုက်တော့ပါ။

ဘဲဥလည်း မန်ကျည်းပင်ပေါ်တက်သွားပြီး ဆယ့်လေးငါးမိနစ်ခန့်ပဲ ကြာလောက်မည်ထင်၏။ ကြောင်ဝါချောကြီးကို တွေ့သလို အနားကိုပါ အကပ်ခံသဖြင့် အားရဝမ်းသာဖြင့် တအားလွှဲရိုက်ချ လိုက်သည်။

“ဖောင်း”ခနဲဟူသော အသံနှင့်အတူ အနီးအနားရှိ အိမ်ထဲမှ ချောင်းဟန့်သံတစ်ချက်ကိုပါ ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခွေးချင်းကိုက်သံများ ဆူညံ၍ လူသံသူသံတွေကပါ တစ်ရွာလုံး ညံနေလေတော့သည်။

“ကြောင်လိုက်ဟေ့ … ကြောင်လိုက်ဟ။ မိရင် အရှင်မထားနဲ့။ ခွေးသူတောင်းစားတွေ”

ညာသံပေး၍ ထွက်လာသော အသံများကြားသည်နှင့် ကိုဝင်းမောင်ကြီးနှင့်အတူ ဘဲဥ၏ ခွေးနှစ်ကောင်ကလည်း တင်ပါးနဲ့ဖနောင့် တစ်သားတည်းကျအောင် ပြေးကြလေတော့သည်။

မန်ကျည်းပင်ပေါ်ရှိ ဘဲဥမှာ ပိတ်မိ၍ ငြိမ်နေရလေသည်။

ရှမ်းကုန်းရွာသားတို့လည်း ထိုမန်ကျည်းပင်အား ဟိုဘက်ကလှည့်၊ ဒီဘက်ကလှည့်ပြီး ဓာတ်မီးနဲ့ ထိုးကြည့်နေကြ၍ အပင်ပေါ်ရှိ ဘဲဥမှာ မနေရဲတော့ဘဲ နီးစပ်ရာ မြို့ပင်ပေါ် ဒိုင်ဗင်ထိုးချပြီး အောက်သို့လျှောချကာ အသားကုန်ပြေးခဲ့ရဖူးလေသည်။

နောက်က ဝိုင်းလိုက်သည့် လူသံ ခွေးသံတို့မှာ ပွက်လောညံ၍ ကျန်ခဲ့လေတော့သည်။

XXX XXX XXX

နှစ်ကာလကြာညောင်းလာသည်နှင့်အမျှ ဒေါင်းလူးရွာသား ဘဲဥတစ်ယောက်မှာလည်း ကြောင်လိုက်မုဆိုးဘဝသို့ ရောက်မှန်းမသိ ရောက်ရှိလာလေသည်။

ကြောင်လိုက်ထွက်ချင်သည့် ပိုးကလည်း မသေးချေ။ လူမဆိုထားနဲ့ ကြောင်ထွက်လိုက်နေကျ ခွေးတွေတောင်မှ နေဝင်လို့ ညမိုးချုပ်ပြီဆိုကတည်းက အမြီးတနှံ့နှံ့နဲ့ အငြိမ်မနေနိုင် တအီအီအသံပေး၍ ပိုင်ရှင်ကို ခေါ်နေချေပြီ။

အကျင့်တစ်ခုသည် ဖျောက်ပစ်ဖို့ရာ အလွန်ခဲယဉ်းလှပေသည်ဟူသည့် စကားလည်းရှိ၏။ တစ်ရက်တလေ နားဦးမည်ဟု စိတ်ကူးထားသော ဘဲဥတစ်ယောက် ညဘက် ကြောင်လိုက်ထွက်နေကျအချိန် ရောက်ပြီဆိုတာနဲ့ နေမထိ ထိုင်မသာဖြစ်နေသည်ဆိုမှ သူ့ခွေးနှစ်ကောင်ကလည်း အိမ်နောက်ဖက်မှ အသံပေးပြီး ခေါ်နေပြန်သည်။

တစ်နေ့တွင် ဘဲဥ၏ ယောက်ဖနှင့် အစ်မကလည်း ဘဲဥကို ရာဇသံအပြတ်ပေးလိုက်သည်။

“အိမ်မှာ ကောင်းကောင်းနေမယ်ဆိုရင် ဘာအလုပ်မှ ကူမလုပ်လည်း ရတယ်။ စားရေးသောက်ရေး၊ အဝတ်အစားကအစ သူများနဲ့တန်းတူ ဖြစ်စေရမယ်။ ကြောင်လိုက်သလိုလို၊ ဖဲရိုက်သလိုလို ရှုပ်ရှုပ်ယှက်ယှက်တွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဒီအိမ်မှာမနေနဲ့ တော့။ ကိုယ့်ဘဝကိုယ် ဖန်တီးဖို့ အထုပ်ပြင်ပြီးဆင်းသွားပေတော့။ ဒါ အစ်ကို နောက်ဆုံးပြောတဲ့စကားပဲ”

“မင်းအစ်ကိုပြောတာ ဟုတ်တယ် မောင်လေး။ မမတို့က မောင်လေးကို ဘာအလုပ်မှ ကူမလုပ်လည်း အပြစ်မမြင်ပါဘူး။ ဒါပေမယ့် မင်း အခုလုပ်နေပုံတွေက မမတို့ကို သိက္ခာကျစေတယ်ကွယ့်။ ရပ်ထဲရွာထဲမှာလည်း မမတို့လင်မယားကို မင်းကြောင်လိုက်တာနဲ့ပတ်သက်ပြီး တိုင်တဲ့လူပေါင်းကလည်း များလှပြီ။ ကိုယ့်ဘဝ နောင်ရေးအတွက် အလုပ်တွေအများကြီးရှိပါတယ်ကွယ်။ အကုသိုလ် အထုပ်ကိုတော့ မထမ်းချင်စမ်းပါနဲ့ မောင်လေးရယ်”

“ဟုတ်ကဲ့ပါ အစ်ကိုနဲ့ မမ၊ ကျွန်တော် ဆင်ခြင်ပါတော့မယ်”

ဘဲဥ သူကတိပေးထားသည်မို့ စိတ်တင်း၍နေသည်။ ညရောက်ပြန်တော့လည်း စိတ်တင်း၍ အိပ်ကြည့်သည်။ အိပ်လို့က လည်းမပျော်နိုင်၊ ခွေးဟောင်သံတွေကသာ နားထဲဝင်လာသည်။

သိပ်မကြာလိုက်ပါချေ။ “အိန်” “ဂိန်” ဆိုသည့်အသံတွေ ဆက်တိုက် ကြားလိုက်ရသည်။

ဒါဟာ ယောက်ဖဖြစ်သူက သူ့ခွေးတွေကို လေးခွနဲ့ လိုက်ပစ်နေခြင်းပဲ ဖြစ်မည်ဆိုသည်ကို ဘဲဥ အတပ်သိလိုက်သည်။

ဘဲဥရင်ထဲ တစ်ချက်အောင့်သွားသည်။ ထိုခွေးနှစ်ကောင်စလုံးသည် ယောက်ဖ၏ ခွေးများဖြစ်သော်လည်း ဘဲဥနှင့်ခင်မင်နေ၏။ သူ သိပ်တန်ဖိုးထားသည့် ကြောင်လိုက်အင်မတန်ကောင်းသည့် သူ့ရဲဘက် ခွေးတွေ။ တစ်နည်းအားဖြင့် သူ့ကို ကြောင်လိုက်သမား(မုဆိုး)ဘဝ ရောက်အောင် ကူညီပံ့ပိုးပုံဖော်ပေးခဲ့သည့် ကျေးဇူးရှင် သူ့ခွေးတွေ။ ခုတော့ သူ့ကြောင့် အပစ်အခတ် အရိုက်အနှက်ခံနေရရှာပြီဖြစ်၍ ဘဲဥ စိတ်မကောင်းဖြစ်နေသည်။

ထို့နောက် ဘဲဥတစ်ယောက်တည်း တွေးရင်း ပါးစပ်က

“မဖြစ်ဘူး … မဖြစ်ဘူး။ ဒါလုံးဝ မဖြစ်သင့်ဘူး”

ဟု ညည်း၍ ဆုံးဖြတ်ချက်တစ်ရပ်ကို အခိုင်အမာချလိုက်ပြီး သူ့အဝတ်အစားထုပ်ကို ကောက်လွယ်ကာ အိမ်ပေါ်မှ ပြေးဆင်းသွားလေတော့သည်။

ဘဲဥတစ်ယောက် အိမ်နောက်ဖေးခြံစပ်ရောက်တော့ သူ့ရဲဘက် ခွေးနှစ်ကောင်ကို လေချွန်ခေါ်၍ သုတ်ခြေတင်ခဲ့တော့သည်။

နောက်ပိုင်းတွင် ဘဲဥ၏ သတင်းမျိုးစုံကို ကြားနေကြရသော ဘဲဥရဲ့ ညီအစ်ကို မောင်နှမတွေက

“ဘဲဥတစ်ယောက် တစ်နေ့ကျ အသိတရားရပြီး လိမ္မာလာပါစေ”

လို့ ကြိတ်၍သာ ဆုတောင်းနေကြတော့၏။

ခုတလော ဘဲဥတို့ ကြောင်လိုက်ရသည်မှာ ရွာနီးစပ်ချုပ်၌ သိပ်အဆင်မပြေတော့ပေ။

ကြောင်လိုက်တဲ့အဖွဲ့တွေ ပိုများလာသလို ကြောင်လိုက်သမားတွေ ရွာတွေထဲအထိ အတင့်ရဲ သောင်းကျန်းလာကြလို့ ရွာသားတွေက စုရုံးစောင့်ဆိုင်းနေတတ်ကြသည်။

သူတို့ရွာ အနားသွား ၊ မီးရောင်မမြင်လိုက်နဲ့ မီးရောင်နောက်ကို အဖွဲ့လိုက် ထိုးလိုက်ကြလေတော့သည်။ ဒီတော့ ဘဲဥတို့မှာ ပဲခူးရိုးမတောင်ခြေဘက် တက်ရတော့သည်။ ဒီလိုတက်လာရင်းနဲ့ ဘဲဥနှင့် ကိုဝင်းမောင်ကြီးတို့ မြိုကိုင်းရွာနား ရောက်လာသည်။

ထိုအချိန်တွင် သူတို့မှာ ကြောင် (၂)ကောင်လောက် ရနေပြီဖြစ်သည်။ သက်ကြီးခေါင်းချ ကြက်တွန်သံလည်း ကြားနေရသဖြင့် ကိုဝင်းမောင်ကြီးက ပြန်ဖို့ သတိပေး၏။

“ဗိုလ်ဘဲရေ၊ တို့တွေ ဒီညတော့ တော်လောက်ပြီ ပြန်ကြ စို့ကွာ”

“ဟာဗျာ ကိုဝင်းမောင်ကြီးကလည်း ဒီနှစ်ကောင်လေးရတာနဲ့ လာရတဲ့ခရီးက မတန်ပါဘူးဗျ။ လိပ်ဥကုန်းရွာဘက် ပတ်ကြည့်ရအောင်ဗျာ”

“ဟာ ဗိုလ်ဘဲ ဒါတော့ မလုပ်နဲ့ကွာ။ လိပ်ဥကုန်းချောင်းတံတားက ဓားပြလည်း ပေါတယ်ကွ။ ကြောင်ထပ်မရတဲ့အပြင် ကိုယ့်မှာရှိတာလေးပါ ပေးခဲ့ရတော့မှ ဟုတ်ပေ့ဖြစ်နေပါဦးမယ်ကွာ”

ထိုသို့ စကားကောင်းနေစဉ် ဘဲဥ၏ ခွေးနှစ်ကောင်သည် လိပ်ဥကုန်းချောင်းဘက်ကို ထိုးလိုက်သွားသည်မို့ ဘဲဥက ဝမ်းမြောက်ဝမ်းသာဖြင့် . . .

“ကဲ ကျွန်တော်မပြောဘူးလား။ ခုတော့ ဟန်ကျပြီ”

ဟု ဆိုလိုက်ပြီး လိပ်ဥကုန်းချောင်းဘက်သို့ ဦးတည်သွားလေသည်။

ကိုဝင်းမောင်ကြီးမှာလည်း မငြင်းသာတော့ဘဲ နောက်ကလိုက်ရလေတော့သည်။ သူတို့လိုက်ရာ ဝါးငါးပြန်လောက်အရောက်၌ လိပ်ဥကုန်းချောင်းကမ်းပါးဘက်မှ သူတို့ခွေးနှစ်ကောင်က ကြောင်ကို သစ်ပင်ပေါ် တင်ထားပြီးနှင့်လေပြီ။

ခွေးသံလာရာဆီသို့ ကသောကမျော အပြေးတစ်ပိုင်း လိုက်သွားကြသည်။

ဟိုရောက်တော့ အပင်ပေါ် ဓာတ်မီးထိုးကြည့်ရာ ဘဲဥနဲ့ ကိုဝင်းမောင်ကြီးတို့ ကြောင်လိုက်သက်တမ်း တစ်လျှောက် တစ်ခါမှမတွေ့ဖူးမကြုံဖူးသေးသည့် မျက်လုံးကြီးနှစ်လုံး တဝင်းဝင်းနဲ့ အလွန်တရာကြီးမားသည့် တောကြောင်ကြီးတစ်ကောင်ကို တွေ့ရလေသည်။

ဘဲဥကိုယ်တိုင်ပင် အံ့သြလွန်းမက အံ့သြပြီး …

“ကိုဝင်းမောင်ကြီးရေ သေချာကြည့်ပါဦး။ ကြောင်မှ ဟုတ်ရဲ့လား။ ကျွန်တော်က အပေါ်တက်ရမယ့်သူဗျ”

“ကြောင်မှ ကြောင်အစစ်ပါကွာ။ ဒီမှာ ဘဲဥ၊ ဒီအကောင်ကြီးကိုသာ မင်းရလို့ကတော့ ကြို့ပင်ကောက်မြို့နယ်တစ်နယ်လုံးမှာ မင်းလောက်တော်တဲ့ ကြောင်လိုက်မုဆိုး တစ်ယောက်မှ မရှိဘူးလို့သာ မှတ်ကွာ”

အချင်းချင်း သြဘာပေးနေကြသဖြင့် ဘဲဥမှာ သဘောကျကာ စိတ်အားတော်တော်တက်ကြွလာပြီး …

“ဟုတ်လိုက်လေဗျာ။ ကျွန်တော် အပိုင်တက်ရိုက်ပါ့မယ်။ အောက်ခုန်ချရင်သာ ခင်ဗျားတာဝန် ကျေပါစေနော်”

ဘဲဥသည် ထိုသို့ပြောပြီး ကြောင်တင်ထားသည့် သခွပ်ပင်ကြီးပေါ် တက်သွားလေတော့သည်။

ဘဲဥ အပင်ပေါ်တက်လိုက်သည်နဲ့တပြိုင်နက် သခွပ်ပင်ကြီး ငြိမ့်ခနဲဖြစ်သွားသည်ဟု ဘဲဥစိတ်က ထင်လိုက်ပြီး ဆက်၍ မတက်သေးဘဲ ခဏနားလိုက်ရသလို သစ်ပင်အောက်မှာရှိသည့် ကိုဝင်းမောင်ကြီးမှာလည်း ကြက်သီး(သည်း) ဖြန်းခနဲထ၍ စောင်းမွေးတွေထောင် ခေါင်းနားပန်းကြီးလာလေသည်။

ထိုသို့ အသိစိတ်ဝင်သည်နှင့်တပြိုင်နက် ကိုဝင်းမောင်ကြီးက သံကုန်အော်ပြီး ဘဲဥကို အပင်ပေါ်ဆက်မတက်ဘဲ ပြန်ဆင်းဖို့ လှမ်းခေါ် လိုသော်လည်း အာစေးထည့်ခံထားရသကဲ့သို့ အသံက ထွက်မလာချေ။

ဘဲဥကတော့ ကြောင်ဇောကပ်နေ၍ ဆက်တက်ကာ အဆိုပါကြောင်ကြီးနှင့် လက်တစ်ကမ်းအမီလောက်တွင် သင်းဝင်သားအနှစ်ဖြင့် ပြုလုပ်ထားသည့် တုတ်ကိုရမ်းပြီး ကြောင်နဖူးကို ချိန်ဆကာ တအား လွှဲရိုက်ချရန် ဟန်ပြင်စဉ် “ရှီး” “ဂရီး” ဟူသော မာန်ဖီသံနှင့်အတူ ဘဲဥ၏ “အား”ဆိုသည့် အသံနှင့် တစ်ဆက်တည်း “ဝေါ … ဒရော… ဝေါ” ဆိုသော အသံကြီးပါ ထပ်ကြားရပြီး သခွပ်ပင်မှာ ယိမ်းထိုးလှုပ်ရှားလျက် အပင်အောက်ရှိ ကိုဝင်းမောင်ကြီးမှာလည်း အလွန်တရာသွေးပျက်ကာ သူ့လက်ထဲမှာ ဆွဲထားသည့် ကြောင်သေနှစ်ကောင်ကိုပါ ပစ်ချ၍ ပြေးမိပြေးရာ ပြေးလေတော့သည်။

ဘဲဥ၏ ရဲဘက်ခွေးနှစ်ကောင်မှာလည်း တအီအီနဲ့ ဖင်သီပြီး ကိုဝင်းမောင်ကြီးအနောက်သို့ ပြေးလိုက်သွားကြလေသည်။

ကိုဝင်းမောင်ကြီးလည်း ကြောက်အားလန့်အားဖြင့် ပြေးမိပြေးရာ ပြေးရင်း သရက်ကုန်းရွာသို့ ရောက်သွားပြီး ထိုရွာ၌ အိမ်ထောင်ကျနေသည့် သူတို့ဒေါင်းလူရွာသားကိုသက်စိုးကို သတိရကာ အော်ဟစ်ခေါ်ငင် အကူအညီ တောင်းခံလေသည်။

ကံအားလျော်စွာ သူအော်ဟစ်ခေါ်ငင်သည့်အသံကို ထိုအနီးအနားရှိအိမ်မှ လူများကကြား၍ ကိုသက်စိုးအိမ်သို့ လိုက်လံပို့ဆောင်ကာ အကူအညီပေးကြပါသည်။

ကိုသက်စိုးကလည်း သူ့အိမ်၌ အဆင်သင့်ရှိနေသဖြင့် လှည်းကိုပြင်ကာ ချက်ချင်းလိုက်လာ၍ အကူအညီပေးလေ၏။

ကိုသက်စိုးနှင့် ကိုဝင်းမောင်ကြီးတို့ လိပ်ဥကုန်းချောင်း ကမ်းပါးပေါ်ရောက်တော့ မိုးစင်စင်လင်းလုနေပြီ ဖြစ်၏။

သခွပ်ပင်ကြီးပေါ်နှင့် လိပ်ဥဥကုန်းချောင်းကမ်းပါးပေါ်၌ ဘဲဥကို လိုက်လံရှာဖွေရာ မတွေ့ရချေ။

ကိုသက်စိုးက လိပ်ဥကုန်းချောင်းထဲ ဆင်းရှာမှ သွေးသံရဲရဲဖြင့် သဲသောင်ပေါ်တွင် ပက်လက်လန်လဲနေသော ဘဲဥကို တွေ့ရလေသည်။

ကိုဝင်းမောင်ကြီးကလည်း ချောင်းအတွင်း ပြေးဆင်းလာပြီး …

“ဗိုလ်ဘဲ မင်းဘာဖြစ်သွားသေးလဲ။ ငါလေ မင်းကို မတွေ့ရတော့ဘူးလို့ ထင်နေတာကွ။ ဒီဒဏ်ရာတွေလောက်က ဆေးကုလို့ ရပါတယ်ကွာ။ ဗိုလ်ဘဲ မင်းဘာမှ မဖြစ်စေရဘူး။ အားတင်းထားကွ”

ဟု ပြောရင်း ဖက်ကာ ငိုလိုက်သေးသည်။

ဘဲဥကတော့ ဘာစကားမှ မပြောနိုင်ရှာသေး။

ထိုစဉ် ဘဲဥ၏ ခွေးနှစ်ကောင်မှာ ဘယ်ကဘယ်လို ပြန်ရောက်လာမှန်းမသိဘဲ ဘဲဥအနားကပ်လာပြီး အမြီးတနှံ့နှံ့နဲ့ ပွတ်သီးပွတ်သပ်လုပ်နေလေသည်။

ထို့နောက် လှည်းရှင်ဖြစ်သူ ကိုသက်စိုးနဲ့ ကိုဝင်းမောင်ကြီးတို့က ဘဲဥကို ချောင်းကမ်းပါးပေါ် ပွေ့ချီ၍လာပြီး လှည်းပေါ် ကောက်တင်ကာ ရွှေပန်းတောရွာ အလယ်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်လေတော့သည်။

ဆေးရုံရောက်တော့ အရေးပေါ် ဆေးကုသမှု အချိန်မီကုသခွင့်ရသဖြင့် သေကံမရောက် အသက်မပျောက်ခဲ့ချေ။

သို့သော် ကြောင်ကုတ်ခံရသည့် ဒဏ်ရာကြီးများမှာတော့ အတော်နက်လှသဖြင့် သေရာပါ ရှင်ရာပါအဖြစ် မျက်နှာနှင့် ရင်ဘတ်တို့တွင် ထင်ကျန်ခဲ့ပေလိမ့်မည်။

ဘဲဥ၏ ဖြစ်စဉ်သတင်းကို ကိုသက်စိုးက အကြောင်းကြားပေး၍ ဒေါင်းလူးရွာရှိ ဘဲဥ၏ ညီအစ်ကို မောင်နှမတွေ ဆေးရုံသို့လိုက်လာခဲ့ကြပါသည်။

အလယ်ကုန်းဆေးရုံ၌ ဘဲဥ ဆေးကုသမှုခံယူနေသည့်အဆောင်ကို ရောက်သွားတော့ ဘဲဥခမျာ ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ပတ်တီးအထပ်ထပ်နဲ့မို့ မောင်နှမသားချင်းတို့မှာ စိတ်မကောင်း ကြီးစွာ ဖြစ်ကြရသည်။

ဆေးရုံလူနာစောင့်ဖြစ်သူ ကိုဝင်းမောင်ကြီးကသာ ညီအစ်ကို မောင်နှမများကို ဆီးကြို၍ နေရာထိုင်ခင်းပေးရင်း…

“အားလုံး စိတ်မကောင်းမဖြစ်ကြပါနဲ့တော့ဗျာ။ ကံသီလို့သာ ဘဲဥအသက်ကို ပြန်ရလိုက်တာဗျ။ ကျွန်တော်ကတော့ ဆုံးရှုံးရပြီ မှတ်နေတာဗျ။”

ဟု ဆိုသဖြင့် အစ်ကိုဖြစ်သူ ကိုသူက….

“ဒါနဲ့ နေပါဦးဗျ … ကိုဝင်းမောင်ကြီးရ။ ခင်ဗျားတို့နှစ်ယောက် အတူတူ ကြောင်လိုက်ထွက်ကြရင်း ဘယ်လိုက ဘယ်လို ဒီလိုတွေဖြစ်ကြရတာလဲဗျ”

“ဒီလိုပါ ကိုသူရေ… လိပ်ဥကုန်းချောင်းကမ်းပါးပေါ်က သခွပ်ပင်ကြီးပေါ်မှာ ကြောင်တင်ထားတယ်ထင်ပြီး ဘဲဥက တက်ရိုက်တာဗျ။ အပေါ်ကျမှ ကြောင်ဘယ်ဟုတ်လိမ့်မတုန်း။ ညဘက်ဆိုတော့ သစ်ကြုတ်ကို ကြောင်နဲ့ မှားရိုက်မိတော့ ခုလို ပြန်အကုတ်ခံရတာပဲဗျို့။

တောခြောက်တာလား၊ တောမှောက်တာလားဆိုတာကတော့ ခုထိ ကျွန်တော်ရော ဘဲဥရော မသဲကွဲသေးဘူး။ ဒါမှမဟုတ် ကြောင်တက်ပြေးတဲ့ အပင်ပေါ်မှာပဲ သစ်ကြုတ်ပါရှိနေတာလားဆိုတာကိုတော့ စဉ်းစားလို့မရဘူးဗျ။

သစ်ကြုတ်အကုတ်ခံရတယ်ဆိုတာကိုလည်း ဘဲဥ က ကျွန်တော့်ကို ပြန်ပြောပြမှ သိရတာလေ ကိုသူရေ”

“အလို ဘုရား ဘုရား သစ်ကြုတ်က အလွန်မြန်တာဗျ။ ဒါကြောင့် ဒီလောက်ခံလိုက်ရတာ။ ကံကောင်းလို့ အသက်မသေတာပေါ့”

ဟု ညီအစ်ကို မောင်နှမတွေက မှတ်ချက်ပြုကာ ဘဲဥကို ဝိုင်းဝန်းပြုစုကြပါသည်။

ဘဲဥခမျာလည်း မျက်ရည်များဝေ့သီလျက် ညီအစ်ကို မောင်နှမများ၏ ပြုစုယုယမှုကို ခံယူရင်း “လူမိုက်နောင်တ နောင်မှရ” သကဲ့သို့ ဟိုးအရင်က ကြောင်လိုက်မိသည်များ၊ သူတစ်ပါးရဲ့အသက်ကို သတ်ခဲ့မိသည်များကို တွေးတောကာ ပြန်လည် မြင်ယောင်၍ နောင်တအကြီးအကျယ် ရနေလေတော့သတည်း။ ။

– ပြီး –

စာရေးသူ – ဝန်းရံခ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *