August 29, 2025

တော်တော်ဆိုးတဲ့လင်

တော်တော်ဆိုးတဲ့လင်(စ/ဆုံး)

——————————

“ဟဲ့ သမီး… ဘာဖြစ်တာလဲဟင်၊ အမယ်လေး- အဝတ်အစား သေတ္တာတွေ ဘာတွေနဲ့ပါလား၊ မောင်ခင်ဦးနဲ့ စိတ်ဆိုး လာတာလား ဟုတ်လား… ကြည့်စမ်းပါဦးတော်… ကျော်မကောင်း ကြားမကောင်း ပေါင်းတာမှ တစ်လ မကြာသေးဘူး၊ အခု စိတ်ဆိုး ဆင်းလာသတဲ့”

သူဌေးကတော်ကြီး ဒေါ်လေးတင်သည် မျက်နှာညိုညို၊ အဝတ်အစား ကပိုကရိုနှင့် ငိုတော့မလို တက်လာသော သမီးသည် မမြနှစ်အား စက်သေနတ် ပစ်သလို အဆက်မပြတ် စစ်မိလေ၏။ မမြနှစ်ကား အသက် နှစ်ဆယ်မျှသာ ရှိသေးသဖြင့် ကလေးစိတ် ကလေးညာဉ် မကင်းစင်သေးချေ။ ထို့ကြောင့်ပင် သမီးကို ချစ်လှသော သံယောဇဉ်သည် မိခင်ဖြစ်သူမှာ ပိုမို၍ သောင်းကျန်းတော့၏။

အချိန်တန် အရွယ်ရောက် အပျိုပေါက်ကလေး ဖြစ်ကတည်းက ကိုယ့်သမီးကို ရှုမငြီး၊ ကြည့်မဝ၊ တသသနှင့် ရွှေပေါ်မြတင် ထားခဲ့သည်။ လှစရာ ပ,စရာ တတ်နိုင်သမျှတွင် အထွတ်အထိပ်က ထား၍ လူမြင်လျှင် ကြွားရအောင် အားရပါးရ ဆင်ခဲ့သည်။

လူတကာက ကိုယ့်သမီးကို ချောကြောင်းလှကြောင်း ချီးမွမ်းသံမှာ ဒေါ်လေးတင်အတွက် နားဝင်ပီယံ လက်ခံ၍မအီ ဖြစ်ခဲ့လေ၏။ မမြနှစ် နာမည်ကလေးနှင့် လိုက်အောင် မြ၏အနှစ်ကလေးပမာ တစ်တစ်ရစ်ရစ်နှင့် ချစ်စဖွယ် တင့်တယ် ကြော့ရှင်းလှပါသည်။ လောကတံထွာ ဓမ္မတာ တစ်ခုကလည်း လိုသေးသည်။ သမီးချော မွေးသော မိဘနှင့် ပညာတတ်သားကို ပိုင်သော မိဘသည် လောကမှာ မျက်နှာကြီးကြပါပေ၏။

ထို့ကြောင့်ပင်လျှင် ဒေါ်လေးတင်၌ မမြနှစ်သမီးချောအတွက် ဂုဏ်တက်ခဲ့ရ‌ပေသည်။ အလှူအတန်း ပွဲနေပွဲထိုင်မှစ၍ မင်းပေါင်းစုံသော အခမ်းအနား ဟူသမျှတွင် ဒေါ်လေးတင်နှင့် မမြနှစ် မပါလျှင် မင်္ဂလာ မပြည့်သလို ထင်ရသည်။ အကောင်းဆုံးသော အဝတ်အစား အဖိုးအထိုက်ဆုံးသော အဆင်တန်ဆာ ရတနာတို့၏ ပြိုးပြိုးပြက်ပြက် ထိန်ဝါသော အရောင်ဟပ်၍ မမြနှစ်၏ ရူပါဓာတ်ကလေးမှာ သွားလေရာ မင်္ဂလာပွဲမှန်သမျှတို့၌ ဆက်စပ်တင့်တယ် ပါဘိသည်။ မိန်းမ ယောက်ျား ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ် မမြနှစ်၏ ရူပါတွင် ငြိတွယ်ငေးမောနေမိကြရာ ထိုအရသာကို အခံစားဆုံးသော ဒေါ်လေးတင်၌ မွေးကျေးဇူး နပ်သွားမိလေ၏။

“ဒေါ်လေးတင်ရဲ့ သမီးကို မယ်မြန်မာပြိုင်ပွဲ ဝင်ပါစေလားရှင်၊ ဝင်များ ဝင်လိုက်ရရင်တော့ ပထမဆုံးထိပ်က ရွှေတံဆိပ် ရမှာပဲ” ဟု ပြောလာသူတို့အား…

“ကြံကြီးစီရာရှင်၊ ကျွန်မသမီးကလေး လူတောထဲ ထုတ်မပြရက်ပါဘူး” ဟု ဒေါ်လေးတင်က ပြောမယ့်သာ ပြောရသော်လည်း အဟောဝတ သဘောအတော်ကျသွားမိသည်။

သို့သော်… နိုင်ငံနှင့်ချီ၍ ဝန်ကြီးချုပ်နှင့်ဆိုင်ရာ အခမ်းအနား မင်းပွဲသဘင်၌ မမြနှစ်ကို ပန်းအဆက် ခိုင်းကြသည့်အခါတွင်မူကား ကိုယ့်သမီးကို ကိုယ့်စရိတ်နှင့် ဆင်ကာ တမင်တကာ လွှတ်ရုံမက ဒေါ်လေးတင် ကိုယ်တိုင် ကိုယ့်သမီး၏ကျက်သရေကို ကြည့်ရှုငေးမောနေမိတော့လေ၏။

ဤမျှချော၍ ဤမျှချစ်သော သမီးလေးအား သူဌေးအစုံစုံ ဂုဏ်ကြီးရှင်အနန္တ ရာထူးဘွဲ့ထူးရှိသမျှက တောင်းရမ်းစေ့စပ် စကားချင်း ဟပ်ကြည့်ခဲ့သော်လည်း ကိုယ့်သမီးကို အထီးဆို ယင်ဖိုမှ မသန်းရအောင် ရှေ့တန်းကခံ၍ ကာကွယ်ခဲ့သူမှာလည်း ဒေါ်လေးတင်ပင် ဖြစ်တော့သည်။

သို့သော်… ကိုယ်ထင်သလို သမီးက မနေ။ ရာဂထုံတဲ့ ကာမဘုံမှာ အာသဝ အဖုံဖုံ ငြိတွယ်ကပ်၍ မွှေသောကြောင့် မောင်ခင်ဦး ဆိုသူနှင့် ချစ်ကြိုက်နေကြောင်း သိရသည်နှင့် တစ်ပြိုင်နက် ရင်ဘတ်စည်တီး ငိုကြီးချက်မနှင့် ဖျောင်းဖျနားချစေကာမူ တစ်ထောင့်ငါးရာကြားသို့ ငါးရာကျော်ကျော် မေတ္တာကလေးက ဝင်၍ မတုနိုင်သဖြင့် နောက်ဆုံးတွင် ချောလှသော သမီးအား ကံကြီးသူ မောင်ခင်ဦးသို့ အပိုင်စား ပေးသနားလိုက်ရပြီးသည့်နောက် မျက်ရည်နှင့် မျက်ခွက် သမီးကလေးအတွက် ရတက်ပွေခဲ့ရသည်မှာ နှမြောလွန်း၍သာ ဖြစ်တော့သည်။

ယခု- ယခု ကိုယ့်သမီးကလေး မိမိထံသို့ ပြန်လာခဲ့လေပြီ။ ဒေါ်လေးတင်အဖို့ ဆုံးရှုံးပြီးသော ရတနာ- ဥစ္စာရှင်ထံ ပြန်ရောက်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာကောင်းလှသည်ဟု ထင်ရစေကာမူ ဒေါသူပုန်ထ၍ မဆုံးနိုင်အောင် ရှိပြန်လေ၏။

“ဒင်းက သမီးကို နှင်ချလိုက်လို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာခဲ့ရတာလား။ ဒါ ငါပေးစားတဲ့လင် မဟုတ်ဘူးနော်၊ ညည်းသဘောနဲ့ ညည်း ဖျက်မရ ဆီးမရ ကြိုက်လှချည်ရဲ့၊ မရရင် သေရချည်ရဲ့ ဆိုလို့ ငါကိုယ်တိုင် ငိုတစ်လုံး ရယ်တစ်လုံးနဲ့ ယူကျုံးမရဘဲ ပေးစားလိုက်ရတာ၊ အခုတော့ ပေါင်းလို့မှ တစ်လ မကြာသေးဘူး၊ ဘယ်လို ဖြစ်လာရတာတုံး… ။ ဒင်းက ငါ့သမီးကို နှိပ်စက်သလား… လောကမှာ လင်မရှားပါဘူးလို့ မပြောခဲ့ဘဲကိုး…”

မိဘ- မိဘ၊ ကိုယ့်သမီးကို ချစ်လှ၍ ဤသို့ပင် ပြောတတ်ကြသည်။ လင်မယားချင်း စိတ်ဆိုးလျှင် ကွဲအောင်သာ လုပ်တတ်ကြသည်။ ထိုသဘောတရားမှာ မိဘ၏မေတ္တာဟု ဆိုနိုင်ပါမည်လော။ အမှန်ကတော့ ကိုယ့်သားသမီး ဟူသော အစွဲဖြင့် ပုဂ္ဂိုလ်စွဲ စွဲနေခြင်းသာ ဖြစ်၍ မာနထောင်တတ်ကြသည်။ အိမ်ထောင်သည် သားသမီးက မိဘထံ ပြန်လာ၍ ချစ်ကြသည်မှာ လင်နှင့်မယား လျှာနှင့်သွား ဆိုသလို စကားအခန့်မသင့် စိတ်အခန့်မသင့် အသည်းတစ်ချက်နင့်အောင် စိတ်ခု စိတ်နာကြသည်သာ ဖြစ်ကြောင်း ကောင်းကောင်း မစဉ်းစားမိသောကြောင့်သာ ဖြစ်ပေသည်။

“ဒင်းလို အကောင်မျိုးကို ချော့ပေါင်း နေရမလား… ၊ ပြန်သာလာခဲ့” ဟု သမီးရှင် မိဘက ပြောတတ်ကြသလို…

“လောကမှာ ဥသျှစ်တစ်တင်း- နှမ်းတစ်တင်းတဲ့၊ သူနဲ့ကွာရင် သူ့ထက်သာတာ ရချင်လို့ မှတ်၊ ကာလမှာ မိန်းမ မရှားပါဘူးကွာ” ဟူသော သားရှင်မိဘများက အားပေး အားမြှောက် မီးတောက်ရာ လေပင့် ပြောတတ်ကြသောကြောင့် လင်နှင့်မယား ထိုနှစ်ပါးမှာ တစ်နေ့တခြား ကွဲပြားသွားနိုင်စရာ ရှိပေ၏။

“ပြောစမ်း- ပြောစမ်း၊ ဘယ်လိုဖြစ်လာရတာလဲ၊ အစကတော့ ညည်းကို ချစ်လိုက်တာ၊ တစ်ရက် မမြင်ရရင် တစ်သက် ထင်ပါတယ် ဆိုတဲ့ စာတွေ ရေးပေးလို့ ငါတောင် မိ‌သေးတယ် မဟုတ်လား၊ ဒင်းကို ဒီစာတွေ ပြန်ဖတ်ပြပြီး ရန်တွေ့ ခဲ့ပါလား”

မမြနှစ်က ဘာမှ ပြန်မပြောနိုင်၊ တရှုတ်ရှုတ်နှင့် ငိုနေလေ၏။

“ညည်းကို လက်ထပ်ခါစက မြ မြ နဲ့ အရေးပေးပြီး လက်ဝါးပေါ်တင် ဖူးဖူးမှုတ် ထားရာက အခုတော့ မောက်မောက်မာမာ ငေါက်လားငမ်းလား လုပ်လို့လား”

ဒေါ်လေးတင်က မေးသော်လည်း မမြနှစ်က ပြန်မဖြေသေး။

“ပြောစမ်းပါဦး မမြနှစ်ရဲ့၊ ဘယ်ကစပြီး ဘယ်လို ဖြစ်ကြတာလဲ၊ ညည်းကို သူ ငွေတွေ အကုန်မအပ်ဘူးလား။ အရင်က ညည်းကိုသာ ရပါစေ၊ ခေါင်းကဆံပင် ရင်ကအသည်း ခွဲလို့တောင် ပေးမယ်ဆို၊ အခုတော့ ညည်းကို ကုလားမယား ထားသလို သူ့လက်ဝေခံ သုံးနေရလို့လား၊ ဒီလိုဆိုရင် ညည်းက ပြောပါလား၊ ကျုပ်မိဘလက်ထက်ကတည်းက သုံးချင်တာသုံး ဖြုန်းချင်တာဖြုန်း လုံးခနဲ ခဲခနဲမှ ကိုင်သုံးတာလို့၊ အခု လင်ယူတယ် ဆိုတာလည်း မိဘလက်ထဲကထက် ကိုယ့်ပစ္စည်း ကိုယ်ပိုင်ချင်လို့ လင်ရယ်လို့ ယူတာ၊ စားရမဲ့ သောက်ရမဲ့ ဖြစ်လို့ လင်ယူတာ မဟုတ်ဘူး၊ ညည်းတို့ ဒါတွေ ညံ့တာပဲ၊ မိဘအပေါ် ညည်းတို့ နိုင်ခဲ့သမျှ လင်နဲ့ကျတော့ အလျှော့ပေးခဲ့ရသလား။ သူက သူ့ပစ္စည်းကလေး ဆိတ်ချေးလောက်ကို မက်ရင် တစ်ရက်ပြည့်အောင်တောင် အောက်ကျခံပြီး မနေနဲ့၊ ဆင်းလာတာ ကောင်းတယ်”

ဒေါ်လေးတင်က ရေပက်မဝင်နိုင်အာင် တတွတ်တွတ် မေးလေသည်။ မေးသည်ဟုသာ ဆိုရသည်။ မေးခွန်းတစ်ခုကို ခြံရံ၍ ထွက်လာသော သူ့အာဘော် သူ့ဝါဒတွေက မေးခွန်းထက် စကားလုံးက များလှသည်။ သို့သော် ဒေါ်လေးတင်၏ မေးခွန်းများမှာ မမြနှစ်၏ ဖြစ်စဉ်နှင့် ကိုက်ညီပုံ မရ။ ထို့ကြောင့်သာလျှင် အမေးရှိလျက်နှင့် အဖြေမထွက်နိုင်သေးဘဲ ရှိဟန်တူသည်။ ဒေါ်လေးတင်သည် မေး၍ မရသောကြောင့် ဒေါသဖြစ်လာပုံရနေလေသည်။

“ဟဲ့- ပြောစမ်းပါဦးမရွှေနှစ်ရဲ့၊ ညည်းကို ဘယ်လို ထားလို့လဲ”

“ကျွန်မကို ကောင်းကောင်းတော့ ထားပါတယ်”

“ဒါဖြင့် ညည်းက ဘာဖြစ်လို့ ထွက်လာရတာလဲ”

“သူ- သူ… မယားငယ်”

“ဘာ- ဘာ- မယားငယ် ယူတယ် ဟုတ်လား… ဒင်းက မယားငယ်နဲ့ ဘာနဲ့ လူပါးဝလို့ ဒင်းတို့ယောက်ျားတွေဟာ ဒါပဲ၊ ဆွဲဆောင့်ချင်စရာ ကောင်းတာ”

ဒီအရေးကျတော့ မိန်းမတွေ သည်းမခံနိုင်သည်မှာ အပြစ်ဆိုစရာ မရှိပါ၊ ယောက်ျားက မယားငယ် ယူတိုင်း မိန်းမတွေသာ လင်ငယ် နေကြလျှင် ကမ္ဘာလောကကြီးက ကမ္ဘာစစ်ကြီး ဖြစ်သကဲ့သို့ သွေးခြင်းခြင်းနီသွားစရာသာ ရှိသည်။ မိန်းမတို့၏ သဘာဝ၊ မယားငယ် ဆိုသော စကားသုံးလုံးကို ရွံ့ကြောက်ကြီး ရွံ့ကြောက်ခဲ့ကြသည်။ မိမိကိုယ်တိုင် မယားငယ် ဘဝကို မလိုလားရုံမက မိမိ၏လင်ယောက်ျား မယားငယ် ထားရှိသည် ဆိုပြန်လျှင်လည်း မီးတကာ့မီးတွင် အပူအကြီးဆုံး ဖြစ်ကြရရှာပါသည်။

“ဒါဖြင့် ညည်းလင်ဟာ တော်တော်ဆိုးတဲ့လင်ပေါ့”

မမြနှစ်ကား သူ့လင်အပေါ် ထင်မြင်ချက် ပေးသည်ကို ဝန်ခံခေါင်းမညိတ်သော်လည်း ခေါင်းခါ၍လည်း မငြင်း၊ အတင်းသာ ရှိုက်နေပြန်လေ၏။

“နေပါဦး၊ ညည်းက ဘယ်လို သိတာလဲ၊ သူများ အပြောလား”

“မဟုတ်ဘူး- ကျွန်မကိုယ်တိုင် မြင်ရတာ”

“အင်း ဒီလိုဆိုရင် ညည်းလင် တော်တော်ဆိုးတဲ့လင်ပဲ”

ဒေါ်လေးတင်က လေးလေးပင်ပင် သက်မကြီးတစ်လုံး ပစ်ချလိုက်ပြီး အံသွားများပင် ကြိတ်လိုက်မိသေးသည်။

“ဘယ်နေရာမှာ ဘယ်လို သွားမြင်တာလဲ၊ ဒီတော့ ညည်းက သူ့မယားငယ်ကို ပါး ဝက်ဝက်ကွဲအောင် ဆွဲမချလိုက်ဘဲကိုး၊ ဒီနေရာမျိုးမှာ ငါနဲ့ လဲလိုက်ချင်စမ်းအေ…”

“ကျွန်မလည်း ရိုက်မလို့ပဲ၊ ဒါပေမဲ့ မရိုက်လိုက်ရခင်…”

“အင်း- အင်း- ပြောစမ်းပါဦး၊ ညည်းက မရိုက်လိုက်ရခင် ညည်းလင်က ညည်းကို မယားငယ်မာန် ထပြီး ရိုက်လိုက်သလား”

“မဟုတ်ဘူး အမေရဲ့၊ ကျွန်မက သူ့မယားငယ်ကို မရိုက်လိုက်ရခင် အိပ်မက် မက်ရာက လန့်နိုးတာပဲ…”
———–
#သုခ
သုခဝတ္ထုတိုများ
ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။
(စာမျက်နှာ ၁၈၅-၁၈၈)

#Credit – သောကြာကြိုက်သောစာစုများ Page မှ