July 31, 2025
Uncategorized

တံငါလိပ်ဖမ်း ထူးဆန်းထွေလာ


[မောင်ခြိမ့်]

“ကျွန်တော်တော့ မကျေနပ်ဘူးအဘရာ။ ဒီနေရာမှာ ကျွန်တော်တို့ ငါးဖမ်းလာတာ နှစ်ပေါင်းကို မနည်းတော့ဘူး။ တစ်ခါမှ ဒါမျိုး မဖြစ်ဖူးခဲ့ဘူး။ ထူးတော့ထူးနေပြီ။ တစ်ခုခုတော့ တစ်ခုခုပဲ”

သားဖြစ်သူ ဖိုးနီ၏ မကျေမနပ် ပြောဆိုသံသည် အဘဦးတောကျော်၏ နားထဲသို့ ဝင်ရောက်လာ၏။

ဦးတောကျော်သည် မီးသတ်၍ နှပ်ထားသော ဝါစိမ်းနီတံဆိပ် ဆေးပေါ့လိပ်ကို ဝါးဆစ်ဘူးထဲမှ အသာထုတ်ယူလိုက်၏။ ပြီးမှ ဓနုဖြူကြေးဝါမီးခြစ်ကြီးကို ဗြင်းခနဲ … ဗြင်းခနဲ နေအောင် ခြစ်၍ မီးညှိလိုက်ကာ မီးခိုးတထောင်းထောင်းထအောင် ရှိုက်ဖွာလိုက်၏။

ဘာမှတော့ ပြန်မပြော။

“ပထမ ငါးမျှားကြိုးတွေပြတ်တာက ထားလိုက်ပါတော့၊ သေးတယ်လို့ ပြောလို့ရတယ်။ အခု လက်ထွန်ပစ်တဲ့ကြိုးက နည်းသလား အဘရဲ့။ လေထီးပိုးကြိုး လက်သန်းလုံးလောက်ကိုရှိတာ။ ဒါကို ပြတ်အောင် ရုန်းသွားတယ်ဆိုတာ ဘာကောင်မို့လဲ။ ကျွန်တော်တော့ မမှန်းဆတတ်အောင် ဖြစ်နေပြီ”

လူငယ်ပီပီ စိတ်မြန်သော ဖိုးနီက သူ့အဘ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ငြိမ်နေသည်ကို မကျေနပ်။ အဘဦးတောကျော်ကမူ ဖိုးနီကို စကားမပြန်။ လရောင်ဖျန်းပက်ထားသဖြင့် ဘော်ငွေရောင်တလျှပ်လျှပ်သန်းနေသော “သရွတ်သွတ်” မြစ်ပြင်ကြီးကိုသာ ငေး၍နေ၏။

သူ၏ စိတ်ထဲမှာတော့ အတွေးက ပေါင်းစုံဖြင့်။

သူတို့သားအဖ ဤမြစ်သုံးခွဆိုင်ဝဲနားတွင် ‘လက်ထွန်’ပစ်ခဲ့ပြီး ကမ်းနဖူးတွင် တိုင်စိုက်၍ လှေဦးမှ ကြိုးဖြင့်ချည်ကာ စောင့်နေခဲ့သည်မှာ ညနေ ၆-နာရီခန့်မှစ၍ ယခု ည ၁၂-နာရီထိုးတော့မည်။

ကိုက်လိုက်သည့်ခြင်မှာ တဖြန်းဖြန်းရိုက်၍ မနိုင်။ ခြုံထားသော အညာလက်ရက်စောင်ကလေးကိုပင် ပေါက်အောင် ကိုက်တော့၏။

ရေကျပြီဖြစ်၍ ဝဲကတော့ စ၍ထိုးနေပြီ။ ရေကျလေ ရေစီးအရှိန် မြန်လာလေ ဝဲကတော့က ပို၍ကြီးလေဖြင့် ရေထက်ဝက်ခန့်အကျတွင် ဝဲကတော့ကြီး၏ အကျယ်အဝန်းမှာ အတောင်ခြောက်ဆယ်ခန့် ရှိပေလိမ့်မည်။

ဝဲကတော့၏ အရှိန်ပြင်းပြင်း ချာလည်လှည့်သံသည် တိတ်ဆိတ်သောညတွင် တဟဲဟဲနှင့် ကြောက်မက်ဖွယ်အသံကြီး ထွက်နေတော့၏။

ဝဲကတော့အတွင်းဝယ် ဖျာလေးငါးချပ်စာကျယ်သော ဗေဒါပင်များ ဒိုက်သရောများ ချာချာလည်စပြုနေပြီ။

အဘ ဦးတောကျော်အသက် ၄ဝ-ခန့်၊ ဖိုးနီ ၁၅-နှစ်သားခန့် လွန်ခဲ့သောနှစ်ပေါင်း ၂ဝ-ကျော် အချိန်တုန်းက ဇုက္ကနိရွာမှ လူရွတ်လူပေကြီး ဦးဇာကြယ် ဤမြစ်သုံးခွဆိုင်တွင် ဘီးပျံတံဆိပ် အပ်ချည်လုံးကို ခဲဆွဲကာ ချကြည့်၍ ရေအနက်ကို တိုင်းကြည့်ခဲ့ဖူးသည်ဆို၏။

အပ်ချည်တစ်လုံး ဆုံးသည်အထိ အောက်ခြေမြစ်ကြမ်းပြင်ကို မထိဘူးဟု ပြောခဲ့ဖူးသည်။

၄င်းအပြင် အုန်းသီးအခြောက် လေးငါးလုံးကို ချာချာလည်နေသော ဝဲတော့ကြီးအတွင်း ပစ်ထည့်ကြည့်ရာ လုံးဝ ပြန်ပေါ်မလာဘဲ စုပ်စမြုပ်စ ပျောက်သွားသည်ဟုလည်း ပြောခဲ့ဖူးပါ၏။

လပြည့်လကွယ်ညများ၏ ရေအကျတွင် ထိုဝဲကတော့ကြီး လည်ပတ်ဆူပွက်နေသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ခြောက်လှန့်နေတော့၏။

ထို့ကြောင့် ထိုမြစ်သုံးခွဆိုင် ဝဲနားသို့ တော်ရုံလူများမသွားရဲကြ။ ရေတက်ချိန် မြစ်ရေပြည့်အီသွားချိန်များတွင်မူ မြစ်ရေပြင်သည် ပကတိတည်ငြိမ်စွာ တငြိမ့်ငြိမ့် စီးဆင်းနေမြဲပါ။

ဦးတောကျော်သည် ငယ်စဉ်အခါက မြှုံးထောင်၊ ပိုက်ချ၊ ကွန်ပစ် စသော တံငါအလုပ်မှန်သမျှ အစုံလုပ်ခဲ့သော်လည်း အခုလို အသက်အရွက်ကြီးရင့်၍ လာသောအခါ ပင်ပန်းလွန်းသော အလုပ်များကို မလုပ်နိုင်တော့။

ထို့ကြောင့်ပင် သက်သာသော လက်ထွန်ပစ်ခြင်းဖြင့်သာ အသက်မွေးလာခဲ့ရပါ၏။

လက်ထွန်ပစ်ခြင်းမှာ ခက်ခဲသောအလုပ်တော့ မဟုတ်ပါချေ။

အိန္ဒိယနိုင်ငံလုပ် သံမဏိငါးမျှားချိတ်ကြီးကြီးတွင် ပုပ်စပြုနေသော ကြက်အူ၊ ဘဲအူများကို ချိတ်ထားပြီး ရေနက်ပိုင်း မြစ်လယ်မြစ်ဆုံများတွင် ချထားကာ ကမ်းစပ်ရှိ လမုပင်၊ သပြေပင် စသည့် အပင်များ၏ကိုင်းတွင် ကြိုးစကို ချည်ထားလိုက်ရုံသာ။

ငါးမျှားချိတ်၏ အရင်းဘက် တစ်တောင်ခန့်အကွာတွင် ဇာဝီခေါ် မူလီခေါင်း ကျပ်လုံးခန့် နှစ်လုံးကို ပူး၍ ချည်နှောင်ထားသဖြင့် ရေတွင် အမြုပ်မြန်ပြီး မြစ်အောက်ကြမ်းပြင်အထိ ဆင်းသက်နေလေတော့၏။

ကြိုးအဆုံး သစ်ကိုင်းနှင့်ချည်သောနေရာတွင် နို့ဆီဘူးအခွံဖြင့် ပြုလုပ်ထားသော ခလောက်ကို ဆွဲထားရပါ၏။ သို့မှသာ ရေထဲမှသတ္တဝါတစ်ကောင်ကောင်က အစာကို ဆွဲယူပြေးပြီး ရုန်းကန်လျှင် ခလောက်က တဂွမ်ဂွမ် တချွင်ချွင် အသံပေးပြီး ကျွန်တော့်ဆီမှာတော့ ငါးမိနေပါပြီ မြန်မြန်လာပါတော့ဗျို့ဟု ဟစ်၍ ဟစ်၍ ခေါ်သည့်နှယ်။

ရေပေါ်ရေလျှံငါးဟုခေါ်သော ရေမျက်နှာပြင်အထက်ပိုင်းတွင်သာ ကျက်စားလေ့ရှိသော ငါးအုပ်ဖား၊ ငါးဖယ်အောင်း၊ ငါးစင်းပြား၊ ငါးကြင်းလုံးတို့ကိုမူ ငါးမျှားချိတ်အသေးများတွင် တီကောင်၊ ပိုးဟပ် စသော အစာများတပ်၍ မျှားယူကြရပါ၏။

ရေအနက်ပိုင်းတွင်မူ ငါးကြီးများဖြစ်ကြသော ငါးမြင်း၊ ငါးကြောင်း၊ ငါးရွေး စသော ငါးကြီးများကို အမိများတတ်ပြီး တစ်ခါတစ်ရံတွင်မူ ငါးဖရုံ၊ လိပ်၊ စသော အကောင်များလည်း မိတတ်ပါ၏။

ဦးတောကျော်တို့ကဲ့သို့ စီးပွားဖြစ် လက်ထွန်ပစ်သူများသည် ငါးမျှားချိတ်ပေါင်း ၂ဝ-ခန့်အထိ မြစ်ထဲချထားပြီး အရိပ်ကောင်းရာ၊ လေကွယ်ရာ၊ ရေစီးသာရာ တစ်နေရာရာတွင် လှေကို ကြိုးချည်ထားပြီး ထိုင်စောင့်နေရုံသာ။

မကြာသေးမီရက်ပိုင်းအတွင်းက လက်ထွန်ကြိုး ၁ဝ-ချောင်းခန့်ကို တစ်ခုနှင့် တစ်ခု လက်လံ ၃ဝ-ခန့်ခြား၍ ချထားခဲ့၏။

ဝဲနဲ့ ဝေးရာဘက်များမှ ငါးမျှားချိတ်များတွင် ပုံမှန်ငါးမိခဲ့သော်လည်း ဝဲနဲ့နီးရာတွင် ချထားခဲ့သော လက်ထွန်ကြိုး ၅-ချောင်းမှာမူ မည်သည့်သတ္တဝါက ကိုက်ဖြတ်သည်မသိ။ ငါးမျှားချိတ်ပါ မရှိတော့။

လက်ထွန်ချထားတိုင်း ငါးမိသည်မဟုတ်။ ငါးမျှားချိတ်ကို ယဉ်နေသော၊ ပါးနပ်နေသော၊ တစ်နည်းအားဖြင့် ငါးမျှားချိတ်တွင် မထိတထိ ငြိဖူးသော ငါးများသည် အစာကိုတွေ့သည်နှင့် ဝုန်းခနဲ့ မဆွဲတော့။ မဟပ်တော့။ အစာ၏ဘေးနားပတ်လည်ကိုသာ တတိတိနှင့် ဖဲ့ကာဖဲ့ကာ စားထား၍ အစာသာကုန်မည်၊ ငါးတော့မမိ။

ထိုကဲ့သို့သော အဖြစ်မျိုးလည်း ကြုံခဲ့တွေ့ခဲ့ရဖူးပါ၏။ ယခုမူ သည်သို့မဟုတ်ပြီ။ ပြန်ဖော်လိုက်သော လက်ထွန်ကြိုးသည် တုံးတိ။ ငါးမျှားချိတ်ပါမလာတော့။

ငါးကကြီးလို့များ ရုန်းအားဆွဲအား မခံနိုင်၍ ပြတ်ပါသွားသည်ထား၊ ယခုလို လက်သန်းလုံးခန့် လေထီးပိုးကြိုးကို ပြတ်ထွက်အောင် ရုန်းနိုင်သောငါးသည် ဒီသရွတ်သွတ်မြစ်မတစ်ကြောတွင် မရှိဖူးသေး မကြုံဖူးသေး။

ဝါရင့်တံငါလက်ဟောင်းကြီးဖြစ်သော ဦးတောကျော်ပင် မကြုံဖူးခဲ့ပါချေ။

“လူကလေး ပြန်ကြရအောင်ကွာ။ နောက်မှပြော”

ဟုဆိုကာ လှေကို ကမ်းစပ်မှ ခွာထွက်ခဲ့၏။

ဖိုးနီသည် မကျေနပ်သော်လည်း မပြောရဲ၍ လှေကိုသာ ဝုန်းခနဲ … ဝုန်းခနဲ နေအောင် ကျုံး၍ ကျုံး၍ လှော်လာခဲ့၏။

အဘဦးတောကျော်သည် လှေဦးမှထိုင်ကာ ပြုံးနေသည်ကို ဖိုးနီ မတွေ့နိုင်။ မသိနိုင်။

ညဉ့်သည် နက်သည်ထက် နက်လာခဲ့ပြီ။

“လူလေး မြို့ကို ကြက်အူသွားဝယ်ရင် ဖဲထီးရိုးအဟောင်းတစ်ချောင်းလောက် ယာကွတ်ဆီက တောင်းလို့ရရင် တောင်းခဲ့။ မရရင်လည်း ဝယ်ခဲ့ကွာ။ မမေ့နဲ့နော်”

ဟု အဘမှာစဉ်က ဖိုးနီ ဘာမှမသိ။ အသုံးလိုလို့နေမှာပါဟု ပေါ့ပေါ့တွေးခဲ့၏။

မြို့သို့ရောက်ပြီး ကြက်အူများဝယ်၍ အပြီးတွင် သူတို့မြို့ကလေး၏ တစ်ရုံတည်းသော ရုပ်ရုပ်ရုံဘေးရှိ ယာကွတ်၏ ထီးပြင်ဆိုင်မှ အဘမှာသည့်ထီးရိုးဟောင်းတစ်ချောင်း ဝယ်လာခဲ့၏။

သူတို့ ခေတ်အခါက လူသုံးများခဲ့သော ကြက်ဆင်ဖဲထီး၏အရိုးမှာ အတော်ရှည်၏။ အကောင်းစားသံဖြင့် ပြုလုပ်ထားပြီး နီကယ်တင်ထား၍ မာသည်မှာလည်း မပြောနှင့်။ အရွက်ကိုလဲ၍ သုံးလျှင် သုံးလေးမိုးတော့ အသာကလေး ခံသည်ပင်။

ညနေစောင်းလျှင် ဖိုးနီ ထမင်းစားတော့၏။ လက်ဆေး၍မှ မပြီးသေး ခေါင်းရင်းဘက်ရှိ အဘ၏အိမ်မှ “လူလေးရေ သွားကြရအောင်ဟေ့”ဟု အဘ၏ခေါ်သံ ကြားရ၏။

“ဟုတ်ကဲ့ … လာပါပြီ အဘ”

ဟု ပြောရင်း ယူဆောင်နေကျ ငါးထိုးမှိန်း၊ ဆောင်ဓား၊ ဆေးပေါ့လိပ်၊ မီးခြစ်၊ မီးအုပ်ဆောင်းတို့ကိုယူကာ အိမ်ရှေ့ချောင်းကမ်းစပ်သို့ ဆင်းလာခဲ့​၏။

ဖိုးနီတို့သားအဖ မြစ်သုံးခွဆိုင်ဝဲနားရောက်တော့ မှောင်ရီသန်းတော့မည်။ အဘသည် သူပြုပြင်စီမံထားသော လက်ထွန်ကြိုးကို အစာတပ်နေ၏။ ရေတက်ချိန်ဖြစ်၍ သရွက်သွတ်မြစ်ရေသည် ငြိမ့်ငြိမ့်ကလေး စီးနေလေ၏။

ကမ်းစပ်ရှိ လမုပင်၊ လမဲ့ပင်၊ မိုးမခပင်၊ ရေသဖန်းပင်၊ သပြုပင်များပေါ်တွင်တော့ ပိုးစုန်းကြူးအကောင် ကလေးများသည် ပဒေသာပင်သီးထားသလို ဝင်းဝင်းလက်၍ နေတော့၏။

ဓနိတောအစပ်မှ ရေကြက်အော်သံ၊ ပုစဉ်းရင်ကွဲသံများ ဆူညံစွာ ကြားနေရ၏။

လမုပင်ကိုင်းခြောက်တစ်ခုပေါ်တွင် ပိန်ညင်းငှက်တစ်ကောင်သည် ခေါင်းတညိတ်ညိတ်နှင့် ဇွဲကောင်းစွာ ရေပေါ်ခုန်တက်လာမည့် ငါးကလေးများ၊ ပုစွန်ကလေးများကို ချောင်းနေလေသည်။

ပုစွန်ဆီရောင်သန်းသော ကောင်းကင်ဝယ် အိပ်တန်းပြန် တင်ကျီးငှက်များ၊ ငဟစ်ငှက်များ၊ ခြောက်တောင်ဗျိုင်းများ၊ စစ်စလီငှက်များ အုပ်လိုက် အုပ်လိုက် ပျံသန်းလျက်ရှိ၏။

အဘဦးတောကျော်သည် ယနေ့တွင် လက်ထွန်တစ်ချောင်းတည်းသာ ပစ်ပါတော့မည်။ ခါတိုင်းလို့ လေးငါးဆယ်ချောင်း မဟုတ်။ အထူးပြုပြင် စီမံထားသော လက်ထွန်ကို နာမည်ကြီး သုံးခွဆိုင်ဝဲတွင် ပစ်တော့မည်။

ဖိုးနီသည် အဘ လုပ်နေသမျှကိုသာ ငေးကြည့်ရင်း ဆေးလိပ်မီးခိုးများဖြင့် မျက်နှာနားကပ်ကာ တဝီဝီ မြည်နေသော ခြင်များကို မှုတ်ထုတ်နေတော့၏။

အဘက စကားများတာကို မကြိုက်။ မေးလျှင်လည်း သူဖြေချင်မှ ဖြေသည်။

ယခုပွဲမှာ သူက နောက်လိုက် တပည့်။ အဘခိုင်းတာသာ လုပ်ဖို့မှာ သူ့တာဝန်။

ဦးတောကျော်သည် ငါးမျှားချိတ်တွင် ကြက်အူငါးစာများကို သေချာတပ်ပြီး ဝဲတည့်တည့်တွင် ပစ်ချလိုက်သည်။ ပြီးလျှင် ကြိုးအစကို လှေဦးတွင် ချည်ပြီးကမ်းစပ်ရှိ လမုပင်တွင် ကပ်၍ နားနေကြတော့သည်။

မကြာမီ ရေကျတော့မည်။ ဖိုးနီသည် လှေ၏ ပဲ့ပိုင်းတွင် ကျောခင်းကာ လှဲ၏။ ဘာဘူစောင်နွမ်းကလေးကို အောက်ပိုင်းသာ ခြုံထားလိုက်၏။ မကြာမီမှာပင် မှေးခနဲ့ အိပ်ပျော်သွားတော့၏။

“လူကလေး … ထထ”

ဟု အဘ၏ အရေးတကြီးခေါ်သံကို ကြားသလိုလိုမကြားသလိုလို ရှိ၏။

လှေကို ဘယ်ညာလှုပ်ယမ်း၍ “ထစမ်း ထစမ်း … မြန်မြန်” ဟု အဘ၏ အော်ပြောသံကြောင့် ဖိုးနီ ဖျတ်ခနဲ ထထိုင်၏။

“ဘာလဲ အဘ၊ ဘာလဲ … ဘာလဲ”

ဟု အိပ်ချင်မူးတူးအသံကြီးဖြင့် မေး၏။

“လက်ထွန်ကြိုးမှာ အကောင်တစ်ကောင် မိနေပြီကွတအားဆွဲနေပြီ။ ငါထင်တာ မှန် မမှန် မကြာခင်သိရတော့မှာပေါ့ကွာ”

ဟု ပြောပြောဆိုဆို လှေဦးမှ ကြိုးကို ဖြုတ်လိုက်၏။ လှေကြိုးဖြုတ်လိုက်သည်နှင့် ရေအောက်မှ သတ္တဝါ၏ ဆွဲအားကြောင့် လှေကလေးသည် ရေလယ်ဘက်သို့ တရွေ့ရွေ့ ပါသွားတော့၏။

အဘဦးတောကျော်သည် လက်ထွန်းကြိုးကို အသာတုန့်၍ ဆွဲယူကြည့်သည် … မရ။ လှေကလေးသာ ရေအောက်မှ ဆွဲအားကြောင့် တရိပ်ရိပ်လိုက်ပါနေရာ လှေပဲ့မှ ဖိုးနီသည် ကြောက်ကြောက်နှင့် ပဲ့ကိုင်၍ လိုက်နေရသည်။

ဤသို့ဖြင့် လက်လံ ၅၀-ခန့်အရောက်တွင် လှေကိုဆွဲသည့်အရှိန်သည် နှေးလာကာ ရပ်သွားတော့၏။

ဦးတောကျော်သည် အသာဆွဲ၍ ဆွဲ၍ ကြည့်သည်။ ပါမလာ။ လှေကသာ ရွေ့သွား၏။

မတော် ကြိုးပြတ်သွားမှဖြင့် ဟူသည့် အသိကြောင့် အဆွဲရပ်ထားရ၏။

လှေကလေးသည် ရေစုန်တွင် ကျောက်ပစ်ထားသော သမ္ဗန်များ၊ သင်္ဘောများလို တန့်၍ နေတော့၏။ စီးနေသော ရေသည် လှေဦးကို တဟဲဟဲဖြင့် တွန်းတိုက် နေ၏။

နောက်တစ်ခါထပ်၍ ဆွဲကြည့်ပြန်၏။ အောက်ကမရွေ့။ လှေသာ ရှေ့သို့တိုးသွား​၏။

ဦးတောကျော် မျက်မှောင်ကြုတ်လိုက်မိ၏။ ပြီးလျှင် တစ်ခုခုကို ယတိပြတ် ဆုံးဖြတ်ဟန်ဖြင့် လက်ထွန်ကြိုးကို လှေဦးတွင် လေးငါးပတ် ပတ်၍ အသေချည်၏။ ၄င်းနောက်

“သားရေ ပညာပြိုင်ကြတာပေါ့ကွာ။ ရေဆန်တော့ ရေဆန်ပဲ။ တအားလှော်ပေတော့”

ဟု ပြောရင်း လှေဝမ်းထဲမှ လှော်တက်ကို ဆတ်ခနဲ ကောက်ယူကာ အားထည့်၍ တဗွမ်းဗွမ်းလှော်တော့သည်။

လှေပဲ့မှ ဖိုးနီကလည်း ဘုမသိ ဘမသိဖြင့် တအားကုန် ကျုံး၍ ကျုံး၍ လှော်၏။

သူတို့၏ ဆယ်တောင်ရှိ ဘောက်တူလှေကလေးသည် တရိပ်ရိပ်နှင့် ရေဆန်ကို ဆန်၍ ဆန်၍ တက်၏။ လက်လံ ၁၀၀-ခန့် လှော်ပြီးနောက် လှေကလေးသည် တုံ့ခနဲ့ဖြစ်ကာ လှေဦးသည် ရေထဲသို့ နစ်ဝင်မတက် စိုက်၍ ယမ်းခါသွား၏။

“လူကလေး ဆက်လှော် … ဆက်လှော်၊ မရပ်နဲ့ … မရပ်နဲ့၊ ပါလာပြီ … ပါလာပြီ”

ဟု ဦးတောကျော်က မောသံကြီးဖြင့် ကုန်း၍အော်သည်။

ဖိုးနီသည် လှေကို တအားဆက်၍ လှော်လေ၏။

လက်ထွန်ကြိုး၏ အဆုံး ငါးမျှားချိတ်တွင် တစ်စုံတစ်ခု ဒါမှမဟုတ် အကောင်တစ်ကောင် ပါလာသည်မှာ သေချာသည်။

လှေသည် လှော်သလောက် မပြေး၊ ဝန်လေးကို ဆွဲရသည့်သဖွယ် လေးကန်လှတော့၏။

ထိုအချိန်မှာပင် …

“လှေကို ကမ်းဘက်ကို ကပ် … မြန်မြန်ကပ်ပါကွ၊ မြစ်ကြောင်းအတိုင်း ဆွဲပြေးလို့ ဘယ်ဖြစ်မလဲ။ ကမ်းကိုကပ် … ကပ်”

ဟု အဘက အသံကုန်အော်ပြန်၏။

ဖိုးနီသည် မြစ်ကို အလျားလိုက် ရေဆန် ဆန်တက်ရာမှ ကမ်းစပ်ဘက် လှေဦးလှည့်ကာ တအားကျုံး၍ လှော်၏။ လက်ထွန်ကြိုးသည် လှေနောက်မှ လေးလံစွာ ပါလာလျက်။

လှေဦးသည် ကမ်းစပ်က လတာပြင်ကို လျှောခနဲ ထိုးကပ်၏။

အဘသည် လှေဦးမှာ ချည်နှောင်ထားသော လက်ထွန်ကြိုးကို ဆောင်ဓားဖြင့် တိခနဲ့ ဖြတ်၏။

ဖိုးနီ အံ့အားသင့်သွား၏။ ဘာမှ မမေးလိုက်နိုင်မီမှာပင် အဘသည် အရွယ်နှင့်မလိုက် လှေပေါ် မှ ခုန်ဆင်းကာ လက်ထွန်ကြိုးစကို ကိုင်ဆွဲရင်း ကမ်းစပ်ရှိ လမုပင်ကြီးဆီ နွံထဲတွင် ရုန်း၍ ရုန်း၍ ပြေးတော့သည်။

ကမ်းစပ်ရှိ လမုပင်ကြီးတွင် ကြိုးကို သေချာစွာ ချည်နှောင်ပြီးချိန်တွင် မောမောနှင့် သောင်ပြင်ရွှံ့ညွှန်ထဲတွင် ထိုင်ချလိုက်ပြီး

“လူကလေး မြန်မြန်လာပြီး ဆွဲတင်ပါကွ”

ဟု ကုန်း၍ အော်၏။

လှေပေါ်တွင် အံ့အားသင့်ကာ ရပ်ကြည့်နေသော ဖိုးနီသည် စွပ်ခနဲ သောင်ပြင်ပေါ် ခုန်ဆင်းပြီး အဘဆီပြေးသွား၏။

သူတို့နှစ်ယောက် ခြေစုံကန်ကာ ကြိုးကို ဆွဲတင်တော့၏။

လေးတော့ လေး၏။ သို့သော် တစ်လံပြီးတစ်လံ သူတို့ဆွဲရာသို့ ပါလာ၏။

မြန်မြန်ဆွဲ၏။ မကြာမီ မှုန်မှေးသော လရောင်အောက်တွင် မည်းမည်းလုံးလုံး ဝိုင်းဝိုင်းကြီးသည် သောင်စပ်ကို မေးတင်၍ ပေါ်လာခဲ့ပြီ။

ကြောက်နေသော ဖိုးနီသည် ပါးစပ်ကိုဟ၍ အော်မည်ကြံ၏။ အသံကား မထွက်။

“ဆွဲပါဟ လူလေးရ … မြန်မြန်ဆွဲတင်ပါ”

အဘက အော်၏။

ထိုမှသတိဝင်ကာ တအားဆွဲ၏။

ထိုမည်းမည်းလုံးလုံးကြီးသည် သောင်ပြင်ပေါ် သို့ တရွတ်တိုက်၍ ပါလာ၏။ ၄င်း၏ နောက်ဘက် ရွှံ့ပြင်ပေါ်တွင် ထင်ရှားသော စွတ်ကြောင်းကြီး . . . ။

သောင်ပြင်တစ်ဝက်သို့ အရောက်တွင် အဘက “ရပ် … ရပ်တော့” ဟု ပြော၏။

“ဘာကောင်ကြီးလဲ အဘ … ဟင် ဘာကောင်ကြီးလဲဗျ”

ဖိုးနီက အမောတကော မေး၏။

“အခုတော့ ဘာတတ်နိုင်သေးလဲကွ ဟင်။ နေတိုင်း နေ့တိုင်း ငါတို့ လက်ထွန်ကြိုးတွေကို ကိုက်ဖြတ်စားနေတဲ့ ကောင်ကြီးပေါ့ကွာ။ လိပ်ကြီးဟေ့ … လိပ်ကြီး … လိပ်ကြီးကွ”

အဘပြောမှ ဖိုးနီ အကြောက်ပြေ၏။ သို့မှ သေသေချာချာ ကြည့်မိတော့သည်။

ဟုတ်လိုက်လေ။ လူခြောက်ယောက်ခန့် ထမင်းဝိုင်းထိုင်စားနိုင်သော ဘုန်းကြီးကျောင်းက ထမင်းစားပွဲခုံလောက် ရှိပေလိမ့်မည်။ ဧရာမလိပ်ကြီးပင်။

အမောဖြေနေသော အဘက “လာ လူကလေး” ဟု ခေါ်၍ လှေဆီသို့ သွား၏။

လှေဝမ်းထဲ ချထားသော ငှက်ကြီးတောင်ဓားကို ယူ၏။ ဖိုးနီက ငါးထိုးမှိန်းကို ဆွဲ၏။

“မင်းရဲ့မှိန်းကို အသာထားပါကွာ၊ လိပ်ခွံကို ပေါက်အောင် မင်း ထိုးနိုင်လို့လား”

ဟု ပြော၏။

ပြီးမှ သောင်ပြင်ပေါ်တွင် ပက်လက်လန်နေသော လိပ်ကြီးနား အသာကပ်၍ သွား၏။ ဒူးဆစ်အထိမြုပ်သော နွံကြောင့် မနည်းပင် ရုန်း၍ သွားရ၏။

လိပ်ကြီးသည် လှေကို ဆွဲပြေးသော အရှိန်ကြောင့် မောနေပြီ။ အားကုန်နေပါပြီ။

နောက်ပြီး ဝမ်းတွင်းကလီစာထဲအထိ မျိုချထားသော ငါးမျှားချိတ်၏ ဆွဲယူမှုကြောင့် အတွင်းကလီစာတို့ ပြတ်ထွက်ကုန်ပြီ။

၄င်း၏ ခေါင်းကို ဖြတ်ပြီးချိန်တွင်တော့ ဖိုးနီတို့ လိပ်ကြီးကို ပိုင်ပါပြီ။

နောက်တစ်နေ့ နံနက်ပိုင်း အဘဦးတောကျော်၏ အိမ်ရှေ့ဘူးစင်အောက်ရှိ ကွပ်ပျစ်ပေါ်တွင် လူစုံနေပြီ။ သူတို့ တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးသော လိပ်ကြီးသတင်းကြောင့် ရွာနီးချုပ်စပ်ကပါ လာကြည့်ကြသည်မှာ ပွဲကလေးတမျှပင်။

အဘဦး တောကျော်က ရေနွေးကြမ်းခွက်ကို ပြန်ချရင်း

“အစက ကျုပ်ထောင်ထားတဲ့ လက်ထွန်ကြိုးတွေ ပြတ်ပြတ်ကုန်တာ တွေးလို့ကို မရဘူးဗျ။ နောက်မှ ကြိုးကို ငါးမျှားချိတ်အရင်းကနေ တစ်ထွာလောက်မှာ အထုံးကလေးထုံးပြီး ချကြည့်သော ကြိုးကို အဖြတ်ခံရတာဟာ ငါးမျှားချိတ်အရင်းနားက မဟုတ်ဘဲ ငါးမျှားချိတ်နဲ့ တစ်ထွာကျော်ကျော် တစ်တောင် မရှိတရှိလောက်မှာ ဖြစ်နေတာ တွေ့ရတယ်။

ဒါနဲ့ ကြိုးကို အကြီးစားနဲ့ ချကြည့်တယ်၊ ပြတ်တာပဲ။ ကြိုး ဒါလောက်ကြီးကြီးကို ပြတ်အောင်ရုန်းနိုင်တာ၊ ကိုက်နိုင်တာ ငါးမဖြစ်နိုင်ဘူး။ ပြီးတော့ ရုန်းတယ်ဆိုရင် ကြိုးအရင်းက ခလောက်က အသံမြည်ရမယ်။ အခုဟာ အသံမမြည်ဘဲကို ကြိုးပြတ်တာ။

အဲဒီတော့ ဒါဟာ လိပ်ပဲ ဖြစ်ရမယ့်လို့ ကျုပ်တွေးတယ်။ လိပ်ဆိုရင်လည်း ကျုပ်တို့အရပ်မှာ တစ်ခါမှ မတွေ့ဖူးအောင်ကိုကြီးတဲ့ လိပ်။ ဥပမာ ပင်လယ်က လမ်းမှားပြီး ရောက်လာတတ်တဲ့ ပင်လယ်လိပ်ကြီးမျိုး ဖြစ်ရမယ်လို့ ကျုပ်ခန့်မှန်းမိတယ်။

လိပ်ဆိုတာမျိုးက ငါးများလို အစာကိုဟပ်ရင်း မျိုရင်း ဆွဲပြေးတာ မဟုတ်ဘူး။ မြစ်အောက်ခြေမှာ ကပ်ပြီး အစာရော ချိတ်ရော ဝမ်းထဲရောက်အောင် မျိုချတာမျိုး။ ပြီးမှ နည်းနည်းရုန်းကြည့်တယ်။ မရမှန်းလည်းသိရော ကိုက်ဖြတ်တာပဲ။

ဒါနဲ့ ဖိုးနီကို မြို့မှာ ဖဲထီးရိုးဝယ်ခိုင်းတယ်။ သူကိုက်ဖြတ်လေ့ရှိတဲ့ တစ်တောင်လောက်အထိ ကြိုးမှာ စွပ်တယ်။ ပြီးမှ မပြေးအောင် ထိပ်နှစ်ဖက် ဘုထုံးချည်ထားလိုက်တာပဲ။ အဲဒီတော့ စားနေကျ လိပ်က အစာရော ချိတ်ရော ဝမ်းထဲထိမျိုချ၊ ပြီးတော့ ကိုက် အဖြတ်မှာ ဖဲထီးသံပိုက် စွတ်ထားတော့ ဖြတ်လို့ မရဘူး။ သူ့သွားတွေ ကျိုးပဲ့ပြီးသွေးထွက်နေတာ တွေ့တယ် မဟုတ်လား။ ပြီးတော့ သူ့ဗိုက်ထဲကလည်း အရင်က ငါးမျှားချိတ် လေးငါး ဆယ်ချောင်းတွေ့ရသေးတယ်။

နောက်ပြီး ဆွဲယူလို့ မရတာကတော့ လိပ် ဒါလောက်ကြီးတာကို မပြောနဲ့။ ဆန်ကောလောက် မရှိတရှိအကောင်ကိုတောင် လူနှစ်ယောက် သုံးယောက် ဆွဲလို့မရဘူး။

မြစ်အောက်ကြမ်းပြင်မှာ ကျင်းဖြစ်ဖြစ် ကလိုင်ဖြစ်ဖြစ် သူတို့စိတ်ကြိုက်နေရာမှာ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့ ကုပ်မိတွယ်မိပြီဆိုရင် ဘယ်လိုဆွဲဆွဲ မရနိုင်ဘူး၊ သိပ်ခိုင်တယ်”

ဟု ပြောကာ မောသွားဟန်ဖြင့် ရေနွေးကို မော့လိုက်ပြန်၏။

“ဒါဆိုရင် ဒီကောင်ကြီးကို အဘ ဘယ်လိုရအောင် ဆွဲသလဲ”

ရွာသားတစ်ယောက်က မေး၏။

“ဟုတ်တယ်ဗျို့ … ကျုပ်တို့ သိချင်တာ အဲဒါကျန်သေးတယ်။ ရှင်းပြပါအုံး”

ဟု ဝိုင်း၍ တောင်းဆိုကြ၏။

“ဒါကတော့ လိပ်အကြောင်းနားလည်တဲ့ ကျုပ်တို့လို ဝါရင့် သမ္ဘာရင့် တံငါကြီးတွေအဖို့တော့ သိပ်မခက်ပါဘူး၊။ ရေစုန်မှာ ဆွဲကြည့်တယ် မရဘူး။ သူက ခြေကုပ်ယူပြီး တောင့်ခံထားတယ်။ ဒီတော့ ကျုပ်က ရေဆန်ကို ပြန်ဆန်တက်ပြီး ဆွဲတော့ နောက်ပြန် ဆွဲအလှန်ခံရပြီး ပက်လက်လန်ပြီး ပါလာတော့တာပဲဗျို့”

“တကယ်တော်တဲ့ အဘတောကျော်ပဲဗျို့”

ဟု ကာလသားများက ချီးမွမ်းလေရာ ဦးတောကျော်တစ်ယောက် ပြုံးပြုံးကြီး ဖြစ်သွားတော့၏။ ပြီးမှ…

“သတ္တဝါဆိုတာ ဘယ်လောက် ဉာဏ်များများ ကျုပ်တို့လို လူတွေကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ။ ခင်ဗျားတို့ သင်္ဘောတွေ၊ လှေကြီးတွေ ကျောက်ချထားရာက ဖြုတ်တော့မယ်ဆိုရင် ဘယ်လိုလုပ်သလဲ။ အဆန်တက်ပြီး မောင်းမှ ကျောက်လန်သွားမှ ဖြုတ်လို့ရတယ် မဟုတ်လား။ အဲဒီလိုပေါ့ဗျာ”

ဟု စကားအဆုံးသတ်၏။

“ဟုတ်တယ်နော်၊ ဘယ်အရာမဆို အတွေ့အကြုံနဲ့ သမ္ဘာက စကားပြောတာပဲ။ အတွေ့အကြုံများတဲ့ အသက်ကြီးသူတွေဟာ လူငယ်တွေထက်သာတာ အဲဒီအချက်ပဲဗျ”

ဟု လူကြီးတစ်ယောက်က ဝင်၍ ပြော၏။

“ဟုတ်မယ် … ဟုတ်မယ်၊ အသက်ကြီးတော့ … အသက်ကြီးတော့ အင်း . . . ကြီးတာပေါ့ကွာ”

ဟု ဦးတောကျော်၏သူငယ်ချင်း အဘိုးကြီးက ဝင်၍ နောက်၏။

“ဟေ့ကောင် အသက်ကြီးတော့ ဘာကြီးတာလဲ။ ရှင်းရှင်းပြော”

ဟု ဦးတောကျော်က ဟောက်လေရာ …

“အင်း အသက်ကြီးတော့ အသိဉာဏ်ကြီးတာပေါ့ကွာ”

ဟု ဆက်လိုက်လေရာ အတွေးပေါက်သွားသော လူငယ်တစ်စုက ဝါးခနဲ ထ၍ ရယ်လိုက်သံသည် ဇုက္က နိတစ်ရွာလုံး ပျံ့လွင့်သွားလေတော့သတည်း။

(ငွေတာရီမဂ္ဂဇင်း၊ ၂၀၀၆၊ အောက်တိုဘာလ)

– ပြီး –

​စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *