ကျွန်းစဉ်မြေစောခတ်
တံငါအသည်း မာရဲသည်
ချမ်းမြအောင်တို့အမေ ဒေါ်ခင်ချမ်းမြသည် မိသားစုကို မျက်ကွယ်ပြုသွားသည်မှာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။
ဒေါ်ခင်ချမ်းမြမှာ အားကိုးလှပါသည်ဆိုသော ငယ်ချစ်လင် ဦးဖိုးစံအောင်ကိုလည်း မှီတွယ်မနေနိုင်ခဲ့။ သိပ်ချစ်လှချည်ရဲ့ဆိုတဲ့ သားသမီးတွေကိုလည်း ခေါ်မသွားနိုင်ခဲ့။ လောဘဇောကပ် သမုဒယဇာတ်ကို တစ်ခန်းရပ်ပြီး သံသရာခရီးသို့ ဆက်လျှောက်သွား ခဲ့လေရဲ့။
ချမ်းမြအောင် အရွယ်ရောက်ချိန်မှစပြီး အဖေ့ငါးဖမ်းလုပ်ငန်းမှာ ကူညီခဲ့သည်။
ရေကြီးရေထရက်များဆိုလျှင် ပသျှူးပိုက် (ကကူရံပိုက်) မျှောသည်။ ကကူရံမကျသော ရက်တွေဆိုလျှင် မြစ်ချောင်းတစ်လျှောက် ဝါးဝမ်းပူပိုက် မျှောသည်။ ကွန်ပစ်သည်။
ကျွန်းစဉ်ဒေသမှာ ဒီရေရောက်မြစ်ချောင်းများ ပေါများသောနေရာ ဖြစ်သဖြင့် ငါးဟင်းမိစ္ဆာ ပေါများသည်။
ရေလုပ်ငန်းဖြင့် အသက်မွေးသူများလည်း ဝမ်းခါးလှကြသည်။
ချမ်းမြအောင် ကျောင်းစာဘက်တွင် ဆုံးခန်းတိုင်မရောက်ခဲ့။ ရှစ်တန်းနှစ်ခါဖြေမှ သူ့ညီ ထွန်းမြအောင်နှင့်အတူ အောင်ခဲ့သည်။ ချမ်းမြအောင်၏ ပညာရေး အရည်အသွေးကိုကြည့်လျှင် အောင်သည်ဆိုရုံလောက်သာ ဖြစ်သည်။
သူ့ညီ ထွန်းမြအောင်ကတော့ အတန်းတိုင်းမှာ အဆင့်တစ်ဖြင့် အောင်ခဲ့သည်။ ထွန်းမြအောင်၏ ပညာရေးပျိုးပင်ငယ်ကား အညွန့်တလူလူနဲ့ လှပနေပေသည်။ ရေလောင်းပေါင်းသင်ပေးလျှင် သည်ထက် လှပလာနိုင်သည်။ သည်ထက် ဝေဆာလာနိုင်သည်။ ထွန်းမြအောင်၏ အနာဂတ်ကား လှပနေသယောင်။
“အဖေရယ် … ညီလေးကိုပဲ မြို့ပို့ပြီး ကျောင်းဆက်ထားပေးပါ။ သားကို ကျောင်းဆက်မထားပါနဲ့တော့။ ညီလေးက ပညာရေး အလားအလာကောင်း ပါတယ်။ ညီလေး ပညာရေးအတွက် အဖေနဲ့လက်တွဲပြီး သား ကူညီမယ်နော် အဖေ”
‘“မဟုတ်ဘူးသား၊ မိဘဆိုတာ သားသမီးကို အဘက်ဘက်က တိုးတက်ကောင်းမွန်ဖို့အတွက် ပြုစုရမယ့်တာဝန် ရှိတယ်လေ။ မကောင်းမြစ်တာ ကောင်းရာညွှန်လတ်လို့ ဆိုထားတယ် မဟုတ်လား”
ချမ်းမြအောင်တို့ သားအဖနှစ်ယောက် အိမ်ရှေ့ ကွပ်ပျစ်လေးတွင်ထိုင်ရင်း စုန်ရေဆန်ရေတို့၏ မေတ္တာလွန်ပွဲ ဆွဲနေကြခြင်းပေလော။
“သားက ကိုယ့်မိသားစုအခြေအနေကိုသိလို့ ပြောပြနေတာပါ အဖေ။ အမေ မရှိတဲ့နောက်မှာ သားတို့မောင်နှမ သုံးယောက်အတွက် အဖေ့နေရာ ရော အမေ့နေရာပါ အဖေတစ်ယောက်တည်း တာဝန်ယူနေရတာပါ အဖေ ပင်ပန်းလွန်းလှပါတယ် အဖေ့ကို သားလေးစားပါတယ်။ အဖေ့ဘဝကို သား ကိုယ်ချင်းစာပါတယ် အဖေ”
ချမ်းမြအောင်၏အသံမှာ ကြည်မြလွန်းနေသည်။
“သားကို အဖေ မြို့ပို့လိုရှိရင် ညီလေးနဲ့ပါဆို ကျောင်းသားနှစ်ယောက် တာဝန်ကို အဖေယူရလိမ့်မယ်၊ မြို့မှာ ကျောင်းသားနှစ်ယောက်အတွက် တာဝန်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူးအဖေ။ နောက်ပြီး စီးပွားရေး ကျောထောက်နောက်ခံလည်း ဘာမှရှိတာမဟုတ်ဘူး။ ငါးရှာဖားရှာပြီး ဘဝရပ်တည်နေရတာ။ မကျန်းမာတဲ့တစ်နေ့မှာ အဖေမလွယ်ဘူး’”
အဖေ ဦးဖိုးစံအောင်၏ စိတ်ထဲမှာ သားကြီး၏ လိမ္မာရေးခြားရှိမှုအတွက် ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်းများ ထွေးရောယှက်တင် ဖြစ်နေပါတော့သည်။
xxx xxx xxx
နွေလယ်ကာလမို့ မနက်ငါးနာရီကတည်းကပင် အလင်းဓာတ်က လောကကြီးကို ဖြန့်ကြက်နေပေပြီ။ ရွာ သဘာဝအတိုင်းပါပဲ။ ဓားသွေးသူသွေး၊ တက်ရှာသူရှာ၊ ခေါ်သူခေါ် အော်သူအော်နှင့် အုတ်အော်သောင်းတင်းရှိချေ၏။
“အဖေရယ် … ဒီနေ့ သား ကွန်ပစ်ဆင်းမလားလို့”
“ဘယ်နားသွားမှာမို့လဲ။ ရေသေရက်ကြီးလေ သားရဲ့”
“မနေ့က ဦးထွန်းဖြူအောင် ပြောတယ်အဖေ။ ရေသေရက်တွေဆို လယ်ပစ်ဆည်တွေမှာ ငါးတွေရှိတတ်တယ်တဲ့။ သူတို့ စွန့်ပစ်ထားခဲ့တဲ့ ဖရုံကျွန်းကွင်းမှာ ဆည်ရှိတယ်။ ပစ်ထားခဲ့တာလည်း ကြာပြီ။ လူသူအရောက်အပေါက်လည်း မရှိဘူး။ သွားကြည့်လိုက်ပါလားတဲ့”
“ဖြစ်နိုင်တယ်။ အဲလိုဆိုရင် သားရယ် … အဖေပါ လိုက်ခဲ့မယ်လေ”
“အဖေလိုက်လို့ ဘယ်ဖြစ်မလဲ။ အဖေ နေမကောင်းဘူးလေ။ ဆေးတောင် သောက်ထားရတာ”
“ဪ … ဟုတ်ပါ့ကွယ်”
ဦးဖိုးစံအောင် မနေ့က နေ့လယ်မှာ ချောင်းက တက်တာနဲ့ ရေချိုးပစ်လိုက်တာ ဖျားသလိုဖြစ်သွားလို့ ဗိန္ဓောဆေးဆရာ ဦးမောင်မှုန်ကိုပင့်ပြီး ဆေးသောက်လိုက်ရပါရော့လား။
“ဒါဆိုရင်လည်း သား သတိဝီရိယနဲ့သွားနော်။ ရေလမ်းခရီးဆိုတာ ပေါ့လို့မရဘူးကွဲ့”
“ဟုတ်ကဲ့ပါ အဖေ”
ချမ်းမြအောင်က ကွန်ထုပ်နှင့် ပလိုင်းကို ပခုံးပေါ်တွင်ပြီး ထမင်းချိုင့်နှင့် လှော်တက်ကို လက်မှာဆွဲရင်း လှေဆိပ်သို့ ဆင်းလာလိုက်သည်။
တန်ခူးလပြည့်ကျော် ၁ဝ ရက်၊ ရေသေရက်မို့ ဒီချောင်းရေက ညင်ညင်သာသာ စီးဆင်းနေပေ၏။
ချမ်းမြအောင်သည် ခါးကိုဆန့်လျက် လှော်တက်
ကို ရေအောက်သို့ လှမ်းနှစ်ချပြီး အားရအောင် လှော်ထည့်လိုက်သည်။ တစ်စပ်တင် လုံးထွင်းလှေကလေးမှာ ချောင်းရေပြင်ပေါ်တွင် ခပ်သွက်သွက် ပြေးနေပေတော့သည်။
ရွာချောင်းရေပြင် ဝဲယာတစ်လျှောက်ရှိ ဒီရေရောက် တောတန်းနှင့် ဓနိတန်းကလေးကတော့ တောင်လေအဆော့တွင် တသော့သော့ လှုပ်ခတ်နေကြ၏။
တစ်နာရီခန့်အကြာတွင် ရွာကြီးချောင်းပေါက်ဝသို့ ရောက်ရှိလာသည်။ ပင်လယ်ဒီရေ မပြန်ခင် ချမ်းမြအောင် ဖရုံကျွန်းသို့ ရောက်ဖို့လိုသည်။
စိတ္တရ မြစ်ရေပြင်ကို ဓားလွယ်ခုတ် ဖြတ်သန်းပြီး ရေစုန် လှော်ဆင်းလိုက်၏။ တန်ခူးနေက ဆွမ်းခံဝင်ချိန် ရောက်လာပြီမို့ အင်အားပိုမိုပြည့်လာသည်။
ချမ်းမြအောင် လှော်နေရင်း လှော်တက်ကို လှေပေါ်သို့ ဗြုန်းခနဲတင်ပြီး ပုဆိုးအထက်စဖြင့် မျက်နှာနှင့် လည်ပင်းတစ်လျှောက် ချွေးစေးတန်းကို ပွတ် သုတ်ပစ်လိုက်၏။ အဖေ့လက်ရာ စလူခမောက်လေး တစ်ထည် ပါနေလို့ ခေါင်းတစ်လုံးကတော့ သူရိန်မင်း၏ ပူရှိန်ပြင်းသည့်ဒဏ် ခံနိုင်သလိုလို ဖြစ်နေသည်။
ဗျိုင်းဖြူတစ်အုပ်က မြစ်ရေပြင်ပေါ်မှ ဖြတ်သန်းပျံသွားကြသည်။ မိုးသားကောင်းကင်၊ ဒီရေရောက် တောတန်း၊ မြသားရေပြင်ပေါ်က လှေငယ်တစ်စင်းနှင့် ဗျိုင်းတစ်အုပ်မှာ တကယ့်လက်ရာမြောက် သဘာဝပန်းချီကား တစ်ချပ်ပေတည်း။
ချမ်းမြအောင် ဗျိုင်းတို့ ဦးတည်ရာသို့ကြည့်လိုက်၏။ ဖရုံကျွန်းပေါ်သို့ ပျံသန်းနေကြသည်။ ကြည့်နေရင်းပင် ဗျိုင်းအုပ်တွေ ဖရုံကျွန်း အလယ်ပိုင်းလောက်သို့ ထိုးဆင်းသွားကြသည်။
ချမ်းမြအောင် တစ်ချက်ပြုံးလိုက်၏။ ဗျိုင်းတို့သည် ရေသတ္တဝါငါးကလေးများကို ထိုးဆိတ်စားသောက်ကြ၏။ ဗျိုင်းတို့စုဝေးရာသည်လည်း ငါးတွေရှိသောနေရာသာ ဖြစ်တန်ရာသည်။
မနေ့က ဦးထွန်းဖြူအောင် ပြောလိုက်သောစကားမှာ ဧကန်မှန်နေပြီဟု မိမိခံယူချက်ကို ချမ်းမြအောင် ထပ်မံအတည်ပြုလိုက်သည်။ ဘဝမှပေးသော အသိ၊ အလုပ်မှပေးသော တွေးခေါ်တတ်မှုများက ချမ်းမြအောင်ကို ရေတံငါအဖြစ် မှတ်ကျောက်တင်လိုက်ခြင်းပင် ဖြစ်ပေသည်။
မနက် ၁၁ နာရီလောက်တွင် ချမ်းမြအောင် ဖရုံကျွန်းသို့ ရောက်ရှိသွား၏။ ရေစစ်ချိန်မို့ ဒီချောင်းရေစပ်နှင့် တောတန်းသည် တော်တော်လှမ်းသည်။ မိမိအိမ်ပြန်ချိန်သည် ဒီရေ တိုင်ချိန်လောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
“ငါ အိမ်ပြန်ချိန်မှာ လှေ ဒီရောက်တောစပ်နားရှိနေမှ အဆင်ပြေမှာပဲ။ ရေလယ်ထဲရောက်နေရင် အဆင်ပြေမှာမဟုတ်ဘူး”
ဘဝပေးအသိက လုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးလိုက်ခြင်းပင် ဖြစ်သည်။ လှော်တက်ကို လှေပေါ်သို့ စွတ်ခနဲ ထိုးတင်ပြီး ဒီရောက်ရွှံ့သောင်ပြင်သို့ ဗြုန်းခနဲ ဆင်းလိုက်၏။ ပုဆိုးအောက်စကို ချက်ချင်းမတင်ပြီး ခါးတောင်းကျိုက်ထားလိုက်၏။ လှေပဲ့ဖျားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာကိုင်လျက် ရွှံ့ပြင်ကိုခြေကန်ပြီး ဆောင့်တွန်းလိုက်တော့သည်။
တုတ်ခိုင်လှသော ခြေသလုံးနှစ်ချောင်းမှာ ရွှံ့ပြင်ထဲတစ်ချောင်းသွင်း တစ်ချောင်းနုတ်နဲ့ တစွပ်စွပ် အသံပေးကာ ရွေ့လျားနေပေ၏။ လှေကလေးကမူ ချမ်းမြအောင်၏ရှေ့က လင်းမြွေတစ်ကောင်နှယ် ပြေးနေပေတော့သည်။
တောစပ်သို့အရောက်တွင် လှေကြိုးကိုဆွဲယူပြီး ဗြူးရုံတွင် အသေအချာ ချည်ထားလိုက်သည်။ တစ်ဆက်တည်းမှာပင် ကြောင်ငိုပလိုင်းကြိုးနှစ်ဖက်ကို လက်လျှိုသွင်းပြီး ကျောပိုးလွယ်ထားလိုက်သည်။
ချမ်းမြအောင် ဒီရေရောက် ကျွန်းလယ်ပိုင်းသို့ လှမ်းတက်လိုက်သည်။ တာရိုးပျက်ကြီးတစ်ခုပေါ်သို့ အရောက်မှာ မတ်တတ်ရပ်လျက် ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်၏။
ဖရုံကျွန်းမှာ လယ်ပစ်ကျွန်းဖြစ်သည်။ ကျွန်းစဉ်ဒေသသည် မြေပြန့်လွင်ပြင် ရှားပေါးသောဒေသဖြစ်သည်။ လယ်ယာလုပ်ကိုင်လိုသူများမှာ ဒီရေရောက်မြစ်ချောင်းများ ပတ်လည်ဝန်းရံနေသော ဒီရောက်တောကြီးများကို တာတမံဝိုင်းပတ် ဆည်ဖို့ကြရသည်။ ဒီရေကို တားဆီးနိုင်ပြီဆိုလျှင် တမံတွင်းက ဒီရောက်တောများကို ကိုယ့်တာ သူ့တာ ခွဲဝေပြီး တောခုတ်ကြရသည်။
တောကို မိုးနှောင်းပိုင်းကာလများတွင် အပြီးခုတ်ပြီး စုပုံထားရသည်။ သင်္ကြန်လွန်ပြီး သစ်ရွက်သစ်ကိုင်းများ ခြောက်သွေ့သွားချိန် မိုးဦးမိုးမရွာမီ မီးရှို့ကြရသည်။ မိုးကျလျှင် ထွန်ယက်စရာမလိုဘဲ ဒီအတိုင်းပင် စပါးကြဲရသည်။ သုံးနှစ်ခန့် ကြဲစပါးစိုက်ပြီးမှ သစ်ငုတ်များကိုထွင်၍ လယ်ကန်သင်း တည်ရသည်။
ကျွန်းစဉ်ဒေသတွင် လယ်တစ်ကွင်း ရရေးမှာ လွယ်ကူသည်တော့ မဟုတ်ပေ။ အချိန်ယူပြီး အလုပ်တွေအဆင့်ဆင့် လုပ်ရသည်။ တမံဆည်၊ တောခုတ်၊ တောရှင်း၊ တောမီးရှို့ စသည်ဖြင့် အလုပ်ကြမ်းတွေချည်း တောက်လျှောက်လုပ်ကြရသည်။
ကျွန်းစဉ်လယ်သမားတို့အတွက် လယ်မြေကို ဤသို့ခဲရာခဲဆစ် ကြံဖန်တီထွင်ပြီးသော်လည်း စိတ်မအေးရပေ။ တမံအတွင်း ဆားငန်ဒီရေ မဝင်ရေးအတွက် တမံရိုးကို အမြဲတမ်း ပြုပြင်မြေဖို့နေကြရသည်။ တမံတွင်းသို့ ရေငန်ဝင်လျှင် စပါးစိုက်ပျိုး၍ မရတော့ပေ။ စိုက်ပျိုးထားပြီးသား စပါးများ ရှိလျှင်လည်း ပျက်စီးကြရသည်။
ဖရုံကျွန်းမှာ မုန်တိုင်းဒဏ်ကြောင့် တာတမံရိုးကျိုးပေါက်၍ ဆားငန်ရည်များ တစ်ကွင်းလုံး လွှမ်းပြီး စပါးပင်များ အကုန်လုံး ဆုံးရှုံးခဲ့ရသည်။ တမံတာ ရိုးတစ်လျှောက်လုံးမှာ ဒီရေတိုးအား လှိုင်းပုတ်အားကြောင့် ဘီလူးသွားလို ဖြစ်သွားခဲ့ရသည်။
လယ်သမားများမှာ ပြန်လည် လယ်တည်ရန်အတွက် အင်အားမရှိတော့သဖြင့် စွန့်ပစ်လိုက်ကြရသည်။ ဤသို့ စွန့်ပစ်လယ်ပြင်ကို လယ်ပစ်ကွင်းဟု ခေါ်ကြသည်။
လယ်ပစ်ကွင်းများမှာ ကာလရှည်ကြာလာသည့်အခါ ဒီရောက်သစ်ပင်များ ပြန်လည်ပေါက်ရောက်လာပြီး လယ်ကွင်းတစ်ခုလုံး ဒီရောက်တောကြီး ပြန်ဖြစ်သွားကြသည်။ သို့သော် လယ်ဆည်စဉ်ကပင် လိုအပ်လျှင် ရေဖောက်ချရန်အတွက် ချောင်းများကို နှစ်ဖက်ပိတ်ပြီး ဝိုင်းဆည်ထားကြရာ လယ်ကိုပစ် ပြီး ဒီရောက်တောအလယ်တွင် နှစ်ဖက်ပိတ်ဆည်များအဖြစ် ဆက်လက်ရှိနေတတ်ကြသည်။
ချမ်းမြအောင် ခြေလှမ်းခပ်ကျဲကျဲဖြင့် ဖရုံကျွန်း လယ်ပစ်ကွင်းထဲ လှမ်းလာခဲ့သည်။ လယ်ပစ်မြေများမှာ မြေမြင့်မြင့်တွင် တည်ရှိနေမှုကြောင့် ရေ သေရက်များတွင် ဒီရေမရောက်ပေ။ မြေက ခပ်မာမာမို့ ချမ်းမြအောင် ခြေလှမ်းတွေ သွက်သည်။
လယ်ပစ်ကွင်း အလယ်လောက်အရောက်တွင် ဆည်တစ်ဆည်ကို လှမ်းမြင်လိုက်ရသည်။ ဗျိုင်းအုပ်တွေက ဟိုနားဒီနား ပျံသန်းနေကြသည်။ ချမ်းမြအောင် ရင်ထဲတွင်ကျေနပ်မှုဂယက်ကလေး ရိုက် ခတ်သွားသည်။
ဆည်နှင့်နီးလာလေ ခြေလှမ်းတွေက သွက်လာလေလေပင်။ ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်သည်။ ဒီရောက်တောကြီးအလယ်မို့ မည်သူမျှ ရောက်ကြပုံမပေါ်။ တောရိုင်းလို ဖြစ်နေ၏။
သို့သော် ချမ်းမြအောင်မှာ သည်လို တောလမ်းတောင်လမ်း ခရီးလမ်းကို သွားခဲ့ဖူးပေါင်း များခဲ့သည်မို့ စိတ်ချောက်ချားမှုမရှိ။ တည်တည်ငြိမ်ငြိမ်ပဲ လှမ်းသွားလိုက်သည်။
ဖရုံကျွန်းဆည်ကြီးကို လယ်ပစ်ထားသည်မှာ ခြောက်နှစ်ခန့်ရှိပြီဟု ပြောကြသည်။ ဆည်ဘောင်သို့အရောက်တွင် ဆည်ရေပြင်ကို ကြည့်ပြီး ချမ်းမြ အောင် ကျေနပ်သွားသည်။
ချမ်းမြအောင် သိပ်အထွေအထူး စဉ်းစားမနေ။ ကွန်ကိုဖြန့်ပြီး ဘယ်ဘက် တံတောင်ပေါ်တင်ကာ ညာလက်ဖြင့် ကွန်အဝ ခဲထုပ်ကို ဖွင့်လိုက်သည်။
ဆည်၏ အခြေအနေ ရေ၏အကဲအလဲကို တစ်ချက် ကြည့်ပြီး လက်ကို အားကုန်လွှဲပြီး ပစ်ချလိုက်တော့သည်။
“ဝှီး … ဖြန်း … ဂျောင်း”
ကွန်ချက်က အသံကလေးပေးပြီး ဆည်ရေပြင်ထဲသို့ အဝိုင်းညီစွာ ကျသွားသည်။ ရေအောက်ကြမ်းခင်းပြင်သို့ ကွန်ချက်ရောက်သွားပြီဟု သိလိုက်ချိန်တွင် ကွန်ဖူးချာတွင်ချည်ထားသော လက်ဆယ်ကြိုးကို တင်းကြည့်လိုက်၏။
“ဟာ … ဟာ … ဟာ”
ကွန်အဝိုင်းကြီးတစ်ခုလုံး ခပ်ကြမ်းကြမ်း လှုပ်ခါသွား၏။ တစ်စုံတစ်ခုက ကွန်ကြီးကို ပြေးဆောင့်သလိုမျိုး တွေ့နေရသည်။ ငါးကြီးကြီးတစ်ကောင် မိနေပြီဟု ချမ်းမြအောင် နားလည်လိုက်၏။
ကွန်သားကိုတင်းတင်းဆွဲထားလျှင် ငါးဖောက် ထွက်သွားတတ်သည်မို့ လက်ဆယ်ကြိုးကို လျှော့ပေးလိုက်၏။
ချမ်းမြအောင် စဉ်းစားမနေတော့။ ရေထဲရှိ ကွန်အောက်ခြေသို့ ငုတ်ဆင်းကာ ကွန်ကို လျှောက်စမ်းကြည့်လိုက်၏။
“ဟာ … နည်းတဲ့အကောင်ကြီး မဟုတ်ဘူး”
အသိကလေးနှင့်အတူ ငါးကြီးကို ကွန်ဖြင့် လုံးထွေးပြီး ဖမ်းယူလိုက်၏။
“ဟာ … ကကတစ်ကြီး’”
ချမ်းမြအောင် ဆည်ကမ်းပါးသို့ ပြေးတက်ပြီး ငါးကြီးကို ဖြုတ်ထုတ်လိုက်၏။ မဒမရိုးတစ်ချောင်းကို ဓားမတိုလေးဖြင့် ခုတ်ယူပြီး ပါးဟက်ကြားသို့ ထိုးသွင်းကာ ရွှံ့ပြင်တွင် ပစ်ချထားလိုက်သည်။ ငါးကြီး တဖြန်းဖြန်းရုန်း၏။
ချမ်းမြအောင် ချက်ချင်းပင် ကွန်ကိုဖြန့်ပြီး နောက်တစ်ကြိမ် ပစ်ချလိုက်ပြန်သည်။ ကွန်တစ်ခုလုံး တဖြုန်းဖြုန်း တုန်ခါသွား၏။ ချမ်းမြအောင် အားရပါးရ ဆွဲဖော်လိုက်ပြန်သည်။
“ဟာ … ကဘီလူးကြီးတွေ ငါးစင်ရိုင်းကြီးတွေ”
ဆည်ကမ်းပါးသို့တက်ပြီး ငါးတွေကို ဖြုတ်လိုက်၏။ ရလာသော ငါးများကို မြေကျင်းတစ်ခုထဲတွင် စုထည့်ထားလိုက်သည်။
ကကတစ်၊ ကဘီလူးနှင့် ငါးစင်ရိုင်းများမှာ အကုန်လုံး ဆည်နေငါးများပင် ဖြစ်ကြသည်။ မည်သူမျှ နှောင့်ယှက်သူမရှိသဖြင့် အေးအေးလူလူနေကြရသည့် ငါးများမှာ လှချင်တိုင်းလှပြီး ဝချင်တိုင်း ဝနေကြသည်။
ငါးစင်ရိုင်းကြီးများမှာ အဆီတဝင်းဝင်းနဲ့ ရွှေရောင်အဆင်း ဆောင်နေကြ၏။
“မနက်ဖြန်ဆို လဆုတ် ၁၁ရက်၊ ရေထတော့မယ်။ ဒီရေတွေ ဆည်ထဲဝင်ရင် လူလှုပ်ရှားထားတဲ့ဆည်မို့ ငါးတွေအကုန်လုံး ထွက်ကြတော့မှာပဲ”
ရေတံငါတစ်ဦး၏ အသိသည် ချမ်းမြအောင်အား ဇွဲရှိရှိနဲ့ ရနိုင်သမျှ ဖမ်းယူရန် တိုက်တွန်းနေပေသည်။
ချမ်းမြအောင်မှာ အားကောင်းမောင်းသန် လူငယ်တစ်ဦးပီပီ ရင်ဘတ်လောက် ရေအနက်ထိဆင်းပြီး ကွန်ကို ပြန့်ကားအောင် မောင်းရင်းအားကောင်းကောင်းနဲ့ လွှဲပစ်နိုင်သည်။
မွန်းလွဲပိုင်းလောက်တွင် ငါးအတော်အတန်ရထားပြီဖြစ်သည်။ ရွာတွင် ရောင်းချိန်မီရေးအတွက် ငါးများကို တစ်ခေါက်ပြီးတစ်ခေါက် လှေသို့ သယ်ချ၏။
ချမ်းမြအောင် ငါးသယ်ပြီးချိန်တွင် ဒီတက်ရေက လှေကျောအောက်သို့ ရောက်နေပြီး လှေကလေးမှာ ရေပေါ်တွင် ကြွကြွကလေး ပေါ်နေပေပြီ။
လှေကြိုးကိုဖြုတ်ပြီး နောက်ပြန်လှည့်ကာ ပဲ့စင်ပေါ်သို့ စွေ့ခနဲ တက်ထိုင်လိုက်သည်။ ရေအိုးကိုမပြီး မျက်နှာမော့ကာ ရေတစ်ကျိုက် သောက်ချပစ် လိုက်ပြီး ဖရုံကျွန်းကမ်းခြေမှ အားရပါးရ လှော်ထွက်လိုက်သည်။
လှေကလေးကတော့ မြစ်ရေပြင်တွင် ခပ်မြူးမြူး ပြေးနေလေပြီ။
“ဒီနေ့ ငါးဖိုးကတော့ ညီလေး ကျောင်းစရိတ် တစ်လစာတော့ အေးအေးဆေးဆေးပဲ “
ချမ်းမြအောင် ငါးပုံကြီးကိုကြည့်ပြီး အတွေးနဲ့ မြူးနေ၏။ အင်ပြည့်အား ပြည့်လှော်ခတ်နေသည်မို့ ရေယက်ကလေးများမှာ လှေနောက်တွင် ချာလ ပတ်လည်ကာ ကျန်ခဲ့ကြသည်။
“ဟာ . . . ဟိုမှာ လှေတစ်စင်း လက်ပြခေါ်နေပါလား”
မြစ်လယ်သို့အရောက်တွင် ဘယ်ဘက်ခြမ်း ကမ်းခြေအနီးလှေပေါ်က လူတစ်ယောက် လက်ပြခေါ်နေသည်ကို လှမ်းမြင်လိုက်၏။
ချမ်းမြအောင် လှော်အားမြှင့်ပြီး လှော်သွားလိုက်သည်။ သိပ်တောင်မကြာ၊ ကမ်းစပ်နားက လှေကလေးဆီသို့ ရောက်သွားသည်။
“ဟင် … ဦးလေးကျော်ကြီးပါလား”
“ဟာ … အရီးလေး ခင်ပု”
ချမ်းမြအောင် ဦးကျော်ကြီးကို လှမ်းပြောရာမှ လှေဝမ်းထဲတွင် တုံးလုံးလဲပြီးပါလာသူ ဒေါ်ခင်ပုကို တွေ့လိုက်ရသည်။
“ဟုတ်တယ်ကွာ။ ဒီနေ့မနက်ပဲ မင်းအရီးလေး ဗိုက်နာလာလို့ ရွာကို လှော်လာခဲ့တာလေ’’
“ဟာ … ဦးလေးကလည်း မွေးခါနီးရင် စောစောစီးစီး ရွာပို့ထားတာ မဟုတ်ဘူး”
“သူကလည်း မမွေးသေးဘူးပြောတာနဲ့ကွာ၊ ငါးပိတွေကလည်း ဒီရေမှာ ရတာကို အချောလုပ်နေကြတာလေ”
ချမ်းမြအောင် ကျေးလက်လူတန်းစားတို့၏ အသိပညာအားနည်းမှုကို တွေးပြီး စိတ်မကောင်းဖြစ်မိသည်။
ဗိုက်ကြီးသည်ဒေါ်ခင်ပုမှာ ဘယ်လူးညာလှိမ့်ညည်းနေ၏။ ချမ်းမြအောင်မှာ သူ့အမေ၏ရုပ်သွင်က အသိစိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာသည်။ သူ့အမေမှာ ညီမလေး မေအိမ်ချမ်းကို မွေးပြီး မကြာခင်ပင် လောကမျက်နှာစာထဲက သံယောဇဉ်အားလုံးကို မျက်ကွယ်ပြုသွားခဲ့သည် မဟုတ်ပေလော။
“ကျွန်တော် ဘာကူညီရမှာလဲဗျာ”
“ဦးလေးလည်း ပိုက်တဲက ထွက်လာကတည်းက ဖျားနေတာလေ အခု အဖျားတွေတက်လို့ ဘယ်လိုမှ ဆက်မလှော်နိုင်တော့ဘူးကွာ”
“ဒါဆို ကျွန်တော့်လှေနဲ့ တွဲလှော်ပေးမယ်နော် ဦးလေး ငြိမ်ငြိမ်ကလေး မှေးလိုက်ပါ”
ချမ်းမြအောင် ချက်ချင်းပင် ဦးကျော်ကြီးတို့လှေကြိုးကို မိမိလှေ ပဲ့ဖျား နှာခေါင်းပေါက်တွင် တွဲချည်လိုက်၏။
“ကျွန်တော် ကိုယ့်လှေကိုလှော်ရင်း ဦးလေးလှေကို နောက်က တွဲခေါ် မယ်နော်”
ချမ်းမြအောင် ခါးကိုဆန့်ပြီး လှော်တက်ကို ရေထဲသို့ နာနာနှစ်ကာ ကျုံးလှော်လိုက်ပေပြီ။ ဒီရေတက်ချိန် ရေသင့်မို့ လှေနှစ်စင်းပေမယ့် ပြေးအားက မဆိုး။ မြစ်ရေပြင်ဖွေးဖွေးပေါ်တွင် လှေကလေးနှစ်စင်းက ရှေ့ နောက်ကပ်ကာ ပြေးနေကြသည်။
ချမ်းမြအောင်ကတော့ ဇွဲအားသွင်းပြီး လှော်ပြီးရင်းလှော်၏။ တစ်ချီပြီး တစ်ချီ။
“ဦးလေးကျော်ကြီး . . . လှေဦး မယမ်းစေနဲ့။ နိုင်နိုင်ထိန်းနော်”
လှေ ဘယ်ညာ မယမ်းစေရန် တက်မကိုင်ပေးနေသော ကျော်ကြီးကို ချမ်းမြအောင် သတိပေး၏။
ချမ်းမြအောင်တို့ ညနေငါးနာရီ ရေတိုင်ချိန်တွင် ရွာသို့ရောက်ကြသည်။ ချမ်းမြအောင် ဦးကျော်ကြီးတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့လိုက်သည်။ ထို့နောက် ချက်ချင်းပြန်လာပြီး ငါးတွေကို သားအဖသုံးယောက် အိမ်သို့ သယ်ကြ၏။ လက်လီရောင်းပြီး ကျန်ငါးတွေကို ဒိုင်မှာသွားသွင်းလိုက်သည်။
“အူဝဲ … အူဝဲ … အူဝဲ”
ချမ်းမြအောင် ငါးဒိုင်ကအပြန် အိမ်နီးနားချင်း ဦးကျော်ကြီးတို့အိမ်မှ ကလေးငိုသံက လောကတွင် လူသားတစ်ယောက် တိုးပြီဖြစ်ကြောင်း အသိပေးလိုက်ပေပြီ။
“ဒီကလေး လူ့လောကထဲ အောင်အောင်မြင်မြင်ရောက်ဖို့ သား ကြိုးစားကူညီခဲ့တာပဲ အဖေ”
“ဟုတ်တာပေါ့ သားရယ်၊ သားက စိတ်ထားမွန်မြတ်တယ်၊ စိတ်ကောင်း ရှိတယ်။ သားရဲ့လုပ်ရပ်က လောကသံသရာ နှစ်ဖြာအကျိုးရှိတာပေါ့ကွယ်”
ချမ်းမြအောင်တို့ သားအဖသုံးယောက်၏ ညနေခင်းထမင်းဝိုင်းကလေးမှာတော့ မြိုင်ဆိုင်နေပေ၏။ ဆည် ငါးစင်ရိုင်း အကောင်ကြီးကြီးများကို ဓားဖြင့်နာနာမွှန်းလျက် ရှမ်းနံနံကလေးအုပ်ပြီး ချက်ထားသည်။ အဆီရွှဲရွှဲလေးနဲ့ ငါးဟင်းမှာ ခွက်လုံးမှိုင်းနေ၏။ ငါးဟင်းနံ့ မွှေးမွှေးလေးက သွားရည်ကျချင်စရာ။
ချမ်းမြအောင် ထမင်းလုတ်ကြီးကို ကြီးကြီးဆုပ်ပြီး ပလုတ်ပလောင်း လွေးနေသည်မှာ အားရစရာပင်။ ဘူးညွန့်ပြုတ်နဲ့ ရခိုင်ငရုတ်သီးထောင်းနဲ့ဆိုတော့ ထမင်းလုတ်တွေ လက်ဝါးပြည့် တစ်လုပ်ပြီးတစ်လုပ်။
xxx xxx xxx
နွေနှောင်းဝသန်၏ နံနက်ခင်းလေပြည်လေးသည် မြစ်ကမ်းခြေ ဒီရေရောက် တောတန်းကလေးကို တိုးတိုးညင်းညင်း အသံမြည်စေပြီး ဣန္ဒြေရရ လှုပ်ခါစေ၏။ ပင်ငယ်ပင်ကြီးတို့ဖြင့် ရိပ်ထီးချမ်းမြနေသော ကွမ်းချောင်းတောင်ကြီးကတော့ တောင်ခြေတွင် စီးဆင်းနေသော မြစ်ရေအလျဉ်ကို တည်တည်ငြိမ်ငြိမ် ငုံ့ကြည့်နေ၏။
“ဒီနေ့ လပြည့်ကျော် ၉ ရက်ဆိုတော့ အတော်ပဲကွာ။ ကဲ သား ချမ်းမြအောင် … လက်ဖျားဖော့ကို ကမ်းခြေရေစပ်ထိ ပစ်တင်မယ်နော်။ အောင်ကျား … မင်း တက်ခတ်တော့”
ဦးဖိုးစံအောင် စကားအဆုံးတွင် ပိုက်သမားများ ကိုယ့်တာဝန်ကိုယ် ထမ်းရွက်လိုက်ကြ၏။ ပိုက်သူကြီး ဦးဖိုးစံအောင်က လှေဦးကို ကမ်းခြေကနေ မြစ်လယ်ထိ တန်းတန်းဆွဲလှော်ပြီး ပိုက်သွားလမ်းကို အရယူလိုက်၏။
သည်ကနေ့ ဦးဖိုးစံအောင်တို့ သားအဖနှင့် လှေထိုးသား အောင်ကျားတို့ ကျောက်ကပ်ပိုက်ချရန် ထွက်လာကြခြင်းဖြစ်သည်။ ကျောက်ကပ်ပိုက်ချရာ တွင် ပဲ့ကိုင်တစ်ယောက်၊ ပိုက်ချသားတစ်ယောက်နှင့် တက်ခတ်သားတစ်ယောက် ပေါင်း သုံးယောက်လိုသည်။ အဖေ ဦးဖိုးစံအောင်က ပဲ့ကိုင်ပြီး သား ချမ်းမြအောင်က ပိုက်ချသည်။ တက်ခတ်သား အောင်ကျားကို လူငှား ခေါ်ယူခဲ့သည်။
ကျောက်ကပ်ပိုက်ချခြင်းကို အိုင်မြှုပ်သည်ဟု ခေါ်ကြ၏။ ပသျှူးပိုက်ဖြင့် ငါးဖမ်းကြခြင်းပင်ဖြစ်သည်။ သို့သော် ပသျှူးပိုက်ချသလို ရေတက်ရေကျ မမျှောရ။ ရေသေရက်များတွင် ရေနက်အိုင်များ ကြမ်းခင်းပြင်ရှိ ကျောက်များတွင် ပိုက်ကပ်ရသည်။ အိုင်၏ အနက်ကို ချိန်ဆပြီး ဖော့ကြိုးအရှည် လွှတ်ပေးရသည်။
ရေတက်တစ်ကြိမ်၊ ရေကျတစ်ကြိမ် ပိုက်ချရသည်။ ပိုက်ချစဉ် လက်ဖျားဖော့ကြိုးကို ကျောက်ဆူးဖြင့် အသေကိုက်ပြီး ပိုက်လက်ဖျားကို လှေအသွားနှုန်းဖြင့် ဆွဲဆန့်ပြီး တန်းတန်းဆွဲရသည်။
ပိုက်ဆုံးသောအခါ ရေတက်ရေကျ၏ တွန်းအားကြောင့် ပိုက်လက်ဖျား ဝေ့ဝိုက်လာပြီး ရေအောက် ကျောက်တုံးကြီးတွင် ပတ်မိသွားသည်။
ပိုက်တစ်ဖောင်လုံး ကျောက်တုံးကြီးကိုပတ်မိသွားချိန်တွင် ရေသေဖြင့် အိုင်ဝပ်ပြီး ကျောက်ရိပ်ခိုနေကြသော ကကူရံ၊ ကသမြင်၊ နတ်ကတော် စသော ကျောက်ခိုငါးများကို ဖမ်းမိကြသည်။
ကျောက်ကပ်ပိုက်ချသူများမှာ မြစ်ချောင်းတို့၏ ရေအောက်ကြမ်းခင်းပြင် ကျောက်ရှိရာ ရေနက်အိုင်များကို သိကြရသည်။
“ရေတော့ ငြိမ်လာပြီ။ ရေစစ်ပြီ … ဆွဲလို့ရပြီ’’
“ကဲ … ကဲ … ဆွဲကြတော့ဟေ့”
ချမ်းမြအောင်နဲ့ အောင်ကျားတို့ ပိုက်ကို ကောက်ဆွဲလိုက်ကြ၏။ ပိုက်ကို ရေနက်အိုင်ထဲ ဆွဲတင်နေရရာ တော်တော် အားစိုက်ရသည်။
ကိုယ်တစ်ခါမျှ မချဖူးသော ရေအိုင်ဖြစ်၍ ကျောက်နဲ့ငြိမှာကိုလည်း စိုးရိမ်ကြရသည်။
တစ်ချီ တစ်ချီတွင် ကျောက်စွန်းများနဲ့ ငြိသည်ဟုယူဆရသည်။ ကျောက်မှုန်ရွှံ့မှုန်များ ရေထဲမှ နောက်နောက်ကျိကျိ ပေါ်ထွက်လာကြသည်။
ရေသေရက်ဖြစ်၍ မြစ်ရေပြင်တစ်ခုလုံး စိမ်းလဲ့ကြည်လင်နေ၏။ ရေထဲမှ ပေါ်လာသော ပိုက်လမ်းကြောင်းကို ရေအောက် တော်တော်လှမ်းလှမ်းကပင် လှမ်းမြင်နေရသည်။
ပိုက်တွင် ငါးကြီးကြီး နှစ်ကောင် ပူးတွဲပါလာ၏။ ငါး တို့၏အရောင်မှာ ရေထဲတွင်ဆိုလျှင် ရွှေရောင်အဆင်းကိုဆောင်ပြီး အလွန်ကြည့်ကောင်းသည်။
ချမ်းမြအောင်နှင့် အောင်ကျားတို့ ငါး နှစ်ကောင်စလုံးကို ဆွဲတင်ပြီး ဖြုတ်ယူလိုက်ကြ၏။
“နတ်ကတော်ကြီးတွေပဲ”
ပိုက်ကို ဆက်ဆွဲလိုက်ကြပြန်၏။ နတ်ကတော်ငါးများမှာ ပိုက်ဖော့ မကျော်ဘဲ ပိုက်လက်တိုင်းတွင် နှစ်ကောင် သုံးကောင်စီ ပုံမှန်ပါလာကြ၏။ ပိုက်သူကြီး ဦးဖိုးစံအောင်ကတော့ ပိုက်ဆွဲအဆင်ပြေစေရေးအတွက် လှေဦးကို အဆင်ပြေသလို ဘယ်ညာလှည့်ပေးထား၏။ လှေမှာ ကျောက်ဆူးချထားသော လက်ဖျားဖော့ရှိရာ ကမ်းစပ်သို့ ရောက်သွားပေပြီ။
‘“ဘယ်နှကောင်လဲဟေ့”
“၁၈ ကောင် အတိပဲ”
ပိုက်ခေါင်းဆောင်၏ အမေးကို အောင်ကျား ဖြေလိုက်၏။
“တို့ ရေမပြည့်ခင် တစ်တန်းလောက် မီနိုင်သေးတယ်”
“အောင်ကျား တက်ကိုဆွဲခတ်ထားဟေ့”
အောင်ကျား ခတ်တက်ကို လှန်ဆွဲခတ်လိုက်ရာ လှေမှာ သိမ့်သိမ့်ခါပြီး ပြေးလမ်းကြောင်းထဲသို့ လည်ထွက်လာ၏။
“ပိုက်ချတော့ သားရေ”
“ဖန်း … ဖန်း … ဖန်း”
“ဖျန်း … ဖျန်း … ဖျန်း”
ပိုက်ချသမား ချမ်းမြအောင်ကလည်း လျင်သည်။ ဖော့တစ်လုံးပြီးတစ်လုံး ပိုက်တစ်လက်ပြီးတစ်လက် မြစ်ပြင်ထဲသို့ ပစ်ချလိုက်၏။ ပဲ့ကိုင်ကလည်း လှော်တက်ကြီးကို ကျိတ်သည် ကန့်သည် လှော်သည်။
ပိုက်ချပြီးသည်ဆိုလျှင် ကိုယ့်နေရာနဲ့ကိုယ် နေရာယူပြီး ပိုက်ကိုစောင့်ကြည့်လိုက်ကြ၏။ ရေသေရက် ဖြစ်၍ နေ့လယ်ဘက်တွင် ပင်လယ်ပြင်မှ ရေတက်ရေဦး လှည့်လာပြန်သည်။
“ရေပြန်လာပြန်ပြီကွ … ပိုက်တစ်ခေါက် ပြန်ဖော်လိုက်ကြရအောင်”
ပိုက်ဆွဲသမားနှစ်ယောက်ကလည်း လူငယ်များပီပီ မြန်သည်။ သဘာဝကို အန်တုဘက်ပြိုင်ပြီး အလုပ်လုပ်နေကြ၏။ ငါးတွေကလည်း ထင်သည့်အတိုင်း ခပ်စိပ်စိပ် ငြိပါလာကြသည်။ ရေဆွဲအား သိပ်မပြင်းခင်ပင် ပိုက်ဆွဲခြင်းလုပ်ငန်း ပြီးသွားပြန်၏။
“ဘယ်လောက်လဲဟေ့”
“ဒီတစ်ခါတော့ ၁၂ ကောင်ပဲ’’
“ဟုတ်တယ် … အကောင် ၃ဝ ပြည့်ပြီ။ ဒါကြောင့် တို့လှေ ရေပြင်မှာ ဝပ်သွားတာကိုး”
ပိုက်သမားသုံးယောက်မှာ အားရကျေနပ်စိတ်ကလေးများ ရင်တွင် ပြည့်သိပ်သွားကြသည်။
xxx xxx xxx
ပိုက်လှေကလေးမှာ မြောက်ပြန်လေစဖြင့် တောင်ဆီသို့ ပြေးနေ၏။ ချမ်းမြအောင်နှင့် အောင်ကျားတို့က ရွက်ရိပ်ခိုပြီး ကပ်စင်ပေါ်ထိုင်ကာ စကားစမြည်ပြောရင်း လိုက်ပါလာကြ၏။
ပိုက်သူကြီး ဦးဖိုးစံအောင်ကတော့ ရွက်ကို လေသွင်းပြီး တက်မကို မြဲမြဲကိုင်ကာ လှေဦးကို လိုသလို လှည့်ပေးနေသည်။ အိမ်ပြန်စိတ်ကူးလေးက ချိုမှချို … အိမ်ပြန်မော့မော့ ဆိုတာမျိုးပေပ။
“မင်းတို့ စောင့်ကြည့် … နောက်တစ်ရေပေါ့နော်။ အဲဒီရေအိုင် ပိုက်သွားချကြည့်၊ တစ်ကောင်မှ မရတာသေချာတယ်”
“ဘာဖြစ်လို့လဲ . . . ဦး”
“အဲဒါ ရေသတ္တဝါတွေရဲ့ သဘာဝပဲလေ။ ဒီလို လူမွှေထားတဲ့အိုင်ကို နောက်ဆို သူတို့ တော်ရုံနဲ့ မလာရဲတော့ဘူးလေ”
“ဒီကောင်တွေ လန့်သွားကြတာပေါ့နော်”
“သူတို့တွေရဲ့ သဘာဝအတိုင်း အချင်းချင်း နားလည်သွားကြတာပေါ့နော်’”
“တို့ သုံးယောက်ကတော့ ပိုက်သမားတွေရဲ့ သမိုင်းတစ်ခေတ်ကို ဆန်းသစ်စေခဲ့တာတော့ အမှန်ပါပဲကွာ”
“မင်းတို့တွေ ပင်ပန်းပေမယ့် ရွှင်လန်းနေကြပြီ မဟုတ်လား”
ပိုက်သမားသုံးယောက်တို့ သဘာဝအားမာန်ပြည့် အပြုံးမျက်နှာများမှာ စိမ်းမြသောမြစ်ရေပြင် ပြာလွင်သောတောင်တန်းကြီးများနဲ့အပြိုင် ကျက်သရေရှိလှပါဘိတောင်း။
ချမ်းမြအောင်တို့ သားအဖ နှလုံးသားတစ်ဝိုက်မှာတော့ သူတို့သားအဖ ပင်ပန်းသမျှ ကြိုးစားသမျှ ရရှိလာတဲ့အခွင့်အရေးသည် ဆေးကျောင်းသား ထွန်းမြအောင် ကျောင်းစရိတ် ပညာသင်စရိတ်ပဲဟု မြဲခိုင်စွာ ခံယူထားကြပေသည်တကား။
xxx xxx xxx
မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်သန်းသန်းရှိန်၏ “တက္ကသိုလ်နန်း” သီချင်းသံက ခန်းမတစ်ခုလုံးအား လွှမ်းမိုးနေ၏။ ဘွဲ့ရကျောင်းသား ကျောင်းသူများမှာ ဘွဲ့ဝတ်စုံကလေးများဝတ်ပြီး မိမိအလှည့် မိမိနာမည်ခေါ်သံကို စောင့်ရင်း တန်းစီ၍ မတ်တပ်ရပ်ကြရ၏။
အခမ်းအနားမှူးဆီက နာမည်တစ်ဦးစီခေါ်သံ ထွက်ပေါ်လာတိုင်း ကြီးကြပ်သူဆရာမက တစ်ဦးစီလွှတ်ပေး၏။ မိမိနာမည်ခေါ်သံကြားလျှင် ကျောင်းသား ကျောင်းသူ ဆရာဝန်လောင်းများက စည်းကမ်းတကျ လျှောက်လာပြီး ပါမောက္ခချုပ်ပေးအပ်သော ဘွဲ့လက်မှတ်ကို လက်ခံယူကြ၏။
‘‘မောင်ထွန်းမြအောင်’’
“အဖေကြီ … ညီလေး … ညီလေး”
ကြေညာသံအဆုံးတွင် ချမ်းမြအောင် အားရဝမ်းသာ အော်ဟစ်လိုက်ပြီး ထိုင်ခုံချင်းကပ်နေသော သူ့အဖေ ဦးဖိုးစံအောင် လက်မောင်းကြီးကို ကိုင်လှုပ်ပစ်လိုက်၏။
“အဖေရယ် … ညီလေး ဆရာဝန်ဖြစ်ပြီဗျ”
ချမ်းမြအောင်တို့သားအဖ ရွှန်းလှသောမျက်ဝန်းများဖြင့် ညီဖြစ်သူ ထွန်းမြအောင်၏ ဘွဲ့လက်မှတ်ခံယူနေပုံကို လှမ်းကြည့်ကြ၏။ ထွန်းမြအောင် စင်မြင့်ပေါ်မှဆင်းလာစဉ် သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ် ယောက်ကြည့်ပြီး မျက်ရည်များကြားက ပြုံးလိုက်ကြ၏။
“သားအမေရှိရင် ဘယ်လောက်များ ဝမ်းသာလိုက်မလဲကွာ”
ဦးဖိုးစံအောင်၏အသံက ရင်ဘတ်ထဲက ဆို့နင့်စွာ ဆောင့်ထွက်လာ၏။
ချမ်းမြအောင်တို့လို ကျေးလက်မှာမွေး၊ ကျေးလက်မှာ ကြီးပြင်ခဲ့သူများအဖို့ ဒီအောင်ပွဲဟာ မဟာအောင်ပွဲပါပဲ။
ဒီလိုကျေးလက်၏ အခြေခံလူတန်းစားတစ်ယောက် ဆရာဝန်အဖြစ် ရပ်တည်လာနိုင်ဖို့အတွက် ချမ်းမြအောင်တို့ သားအဖနှစ်ယောက် ကျွန်းစဉ်တစ်ခွင် ခရီးနှင်ရင်း မြစ်ချောင်းမကျန် ငါးရှာခဲ့ကြရသည်။
နွေဆို နွေ၊ မိုးဆို မိုး၊ ဆောင်းဆို ဆောင်း ရာသီသဘာဝသာ ပြောင်းခဲ့သည်။ လုပ်ငန်းကား မပြောင်းခဲ့။ ပြောင်းနိုင်ရန်လည်း သဘာဝနဲ့ ဘဝက ခွင့်မပြု။
သူတို့ပိုင်ဆိုင်တာက ငါးဖမ်းကိရိယာ၊ သူတို့အတတ်ပညာက ငါး ပုစွန် ကဏန်းဖမ်းဆီးခြင်း၊ သူတို့ပတ်ဝန်းကျင်က ဒီရေရောက်မြစ်ချောင်း ဆည်မြောင်းများ ခက်ဖြာယှက်နွယ်နေသော ရခိုင်ကျွန်းစဉ်ဒေသ။
ဘဝကပေးသော အတတ်ပညာနဲ့ သဘာဝကပေးသော ရေထွက်ပစ္စည်း ရှာဖွေခြင်းဖြင့် ဘဝရပ်တည်ပြီး သားလေးကို ပညာသင်ပေးခဲ့ကြသော ကျေးလက်က ရေတံငါသားအဖ။
မာလိုက်သည့်အသည်း၊ ကောင်းလိုက်သည့် သတ္တိ ၊ ချီးကျူးထိုက်ပါပေသတည်း။
ငွေတာရီမဂ္ဂဇင်း၊ အမှတ် ၆၉၉၊ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ
– ပြီး –
စာရေးသူ – ကျွန်းစဥ်မြေစောခက်
Uncategorized