ထမီမို့ ပုဆိုးဝတ်ပေးပါသည်(စ/ဆုံး)
————————————–
“မသာလည်း တ… သာလည်း တ”
ဤစကားကို မြန်မာတိုင်း သုံးကြသည်။ မြန်မာတိုင်းလည်း အဓိပ္ပာယ် သိကြသည်။
မူလက သဘာဝမှ လမင်းကြီးကို ဆိုသည်။ တင်စားမှုအဓိပ္ပာယ် အရမူ ချစ်သူကို ရည်ညွှန်းသည်။
ချစ်သူ့ မျက်နှာကို လမင်းကြီးနှင့် နှိုင်းသည်။
လကွယ်မှာ လမင်းကြီး မရှိတော့ သူ့ကို လွမ်းပြီး တ,သ သည်။ ဤသည်ကို နားလည်ရန် လွယ်သည်။ လဆန်းရက်မှာ လမင်းကြီးက ရှိနေသည်။ သည်ကြားထဲက သူ့ကို တ,သ သည်။ အဲသည် အဓိပ္ပာယ် ကတော့ နားလည်ရန် ခက်သည်။
တ,သ သည် ဆိုခြင်းကို “လိုလား အောက်မေ့သည်၊ မြွက်ဟ ခေါ်ဝေါ် တောင်းဆိုသည်” ဟု အဘိဓာန်က အနက်ပေးသည်။
မျက်မှာက်မှာ မရှိသော၊ ဝေးနေသော ချစ်မြက်နိုးသည့် အရာကို တ,သ လွမ်းဆွဘ်သည်မှာ သဘာဝကျသည်။ မျက်မှောက်မှာ ရှိနေသော၊ အနီးကပ် ရှိနေသော ချစ်မြတ်နိုးရာကို တ,သ လွမ်းဆွတ်သည် ဆိုခြင်း၌မူ အဓိပ္ပာယ်က ငုပ်နစ် နေသည်။ ကဗျာရသ သဘောလေးက ကိန်းနေ၏။ သည်သဘောလေးကို နားလည်ဖို့က “လိုလား အောက်မေ့သည်” ဆိုသော စကားအဓိပ္ပာယ်ကို နှိုက်နှိုက်နှဲနှဲ တွေး ကြည့်တတ်ဖို့ လိုသည်ထင်၏။
မစိမ်းယဉ်တွေ့မှ သည်သဘောလေးကို ကျွန်တော်လည်း နှိုက်နှိုက်နှဲနှဲ တွေးကြည့်မိ ဖြစ်သည်။
(၂)
အင်း… မစိမ်းယဉ် ကိုယ်၌က ကျွန်တော့် အတွက်တော့ အဲ…မသာလည်း တ… သာလည်း တရသူ တစ်ယောက်။
ကျွန်တော်နေသော အိမ်က ဈေးနှင့် ဝေးသည်။ ဝေးသည်မှ တော်တော်လေး ဝေးသည်။
ကျွန်တော့် ရောဂါကလည်း… နံနက်စောစော ထလျှင် ပဲပြုတ်လေး စားလိုက်ရမှ။
ပေါင်မုန့်ကို ထောပတ်နှင့်လည်း စားဖူးပါသည်။ ဘေကွန် တွေ၊ ဟင်မ် တွေ၊ ဆော့ဆိတ်ချ် တွေ၊ စခရင်းဘဲလ် အဂ် တွေနှင့်လည်း စားဖူးပါသည်။ သို့ရာတွင် ငယ်ချစ်ကိုတော့ နံနက်စောစောတွင် ဘယ် အစားအစာကမှ မမီ၊
ထမင်းနှင့် ကြော်စားစား၊ ထမင်းကြမ်းနှင့် ဆီစိမ်း ဆမ်းနယ်စားစား၊ သူ့ချည်း ဆီစိမ်းဆမ်း၊ ကြက်သွန်နီနှင့် သုပ်စားစား ပဲပြုတ်က ကောင်းသည်။
အဟင်း… ကျွန်တော့် ငယ်ချစ်ကလည်း တန်ဖိုး အမြင့်သား။ တစ်ဆယ်သား လေးကျပ်။ လေးကျပ်ကြီး။
သူ့ချည်း ဆီစိမ်းဆမ်း၊ ကြက်သွန်နီနှင့် သုပ်ပြီး လက်ဖက်ရည်ကြမ်းလေးနှင့် စားသည်ကိုတော့ အိမ်ရှင်မက ခွင့်မပြုတော့ပါ။ ထမင်းကြမ်းနှင့် ကြော်စားခြင်း၊ နယ်စားခြင်းကိုသာ ခွင့်ပြုသည်။ ငါးကျပ်သားနှင့် အလုပ် ဖြစ်သည်ကိုး။
ပထမက ကျွန်တော်တို့ လမ်းတွင် ပဲပြုတ်ရောင်းသော ကောင်မလေးက ငယ်ငယ်လေး ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်မျှသာ ရှိလိမ့်မည်။
သူ့ ပဲပြုတ်က မနပ်၊ မာတောက်တောက်နိုင်သည်။ ပဲပြုတ်လုံးလေးတွေက သေးပြီး အနက်ရောင် အလုံးတွေ များသည်။
ကျွန်တော့်ဇနီးက ပဲပြုတ်နပ်နပ် ပြုတ်ရန် အကြံပေးသောအခါ မချောလေးက ဖြေသည်။
“ကျွန်မက ပဲပြုတ် ရောင်းချင်တာ မဟုတ်ဘူး”
“နို့… ဘာလုပ်ချင်သလဲ”
“စတီရီယို ဆိုလား ဘာလား။ စတိတ်ရှိုးလေ။ အဲဒီမှာ သီချင်း ဆိုချင်တာ”
မြတ်စွာဘုရား။ စတီရီယို အဆိုတော် ဖြစ်ချင်နေသော သည်မချောလေး၏ ပဲပြုတ် ဘယ်မှာလာ ကောင်းနိုင်တော့ မည်နည်း။
မကြာမီ ကျွန်တော်တို့ လမ်းသို့ မစိမ်းယဉ် ခြေစကြာ လှည့်လာသည်။
မစိမ်းယဉ်၌ ပဲပြုတ်သာမက နံပြားလည်း ပါသည်။
မစိမ်းယဉ်၏ ပဲက ဝါဝါဝင်းဝင်းနှင့် သန့်သည်။ ကောင်းစွာ ဖောက်ထားသည်မို့ အမြီးရှည်ရှည်လေးတွေ ပါသည်။ ပွပွ ဖောင်းဖောင်း အိအိ ညက်ညက်နှင့် နပ်သည်။
ကျွန်တော်က ပဲပြုတ်နှင့် နံပြားကိုလည်း ကြိုက်သည်။ အဲသည် အတွဲကလည်း ငယ်ချစ်အတွဲ။
နံပြား သေးသေးလေး တစ်ချပ်ကလည်း မခေ။ နှစ်ကျပ်ခွဲ၊ ငါးကျပ်ဖိုး နှစ်ချပ်စားမှ အလိုက်ကမ်းဆိုး မသိသော ဗိုက်ကလည်း အာလယ ပြေချင်သည်။
သူ့ကို တစ်သက်လုံး လုပ်ကျွေးလာခဲ့သော ကျေးဇူးကို ထောက်ရှုပြီး ကျွန်တော့်ကို ချစ်ဇနီးက တစ်ပတ် တစ်ကြိမ် ပဲပြုတ်နှင့်နံပြား စားခွင့် ပြုသည်။
ဘာပဲဖြစ်ဖြစ် မစိမ်းယဉ်ကို ကျေးဇူးတင်ရသည်။
အရပ်လှည့် ဈေးရောင်းသူတိုင်း သူ့ဒေသနှင့်သူ အော်နည်း ရှိသည်။ မိမိရောင်းသော ပစ္စည်းရှေ့က စကားတစ်ခုခု ထည့်ခြင်း ဖြစ်သည်။
ဒီက…၊ ကဲ… ဒီက….၊ ဒီအိမ်တွေက…၊ ဒီအပိုင်းက… စသည်။
ကျွန်တော်တို့ ရပ်ကွက်က ဈေးသည်တွေက “ဒီအပိုင်းက” ကို နှစ်သက်သည်။
“ဒီအပိုင်းက မုန့်စလင်းတောင့်ကြော်။ ဒီအပိုင်းက မုန့်ပေါက်စီ ဘိန်းမုန့်။ ဒီအပိုင်းက ပဲပြုတ်” ဤသို့ အော်တတ်ကြသည်။
မစိမ်းယဉ်ကမူ တစ်မူ ထူးခြားပြီး တိုတိုပြတ်ပြတ်ပင် အော်သည်။
“ပဲပြုတ် နံပြား…”
သူ့ထူးခြားသော အော်ပုံကြောင့် ပဲပြုတ်သည် မမှားနိုင်။
နံနက်လင်းလျှင် “ပဲပြုတ်နံပြား” ဟူသည့် မစိမ်းယဉ်၏ အသံကို ကျွန်တော် နားစွင့်ရသည်။ မစိမ်းယဉ် လာသောနေ့မှာ ကျွန်တော် ပျော်သည်။ မစိမ်းယဉ် မလာသောနေ့ ကျွန်တော် စိတ်ဆင်းရဲရသည်။
(၃)
ရောင်းသူနှင့် ဝယ်သူသည် ဖောက်သည် ဖြစ်သွားလျှင် ခင်မင်သွားတတ်သည်။
ကျွန်တော်တို့သည် အခြား ပစ္စည်းများကို ဝယ်ကြရာ၌ နေ့တိုင်းတော့ မဝယ်ကြ။ နေ့တိုင်းမှန်မှန် ဝယ်ရသည့် ပစ္စည်းမျိုးကလည်း ရှားလေသား။
ပဲပြုတ်ကတော့ နေ့တိုင်း ဝယ်ရသည်။ သည်တော့ ပဲပြုတ်သည်နှင့် ကျွန်တော်တို့ အလွန် ခင်မင် ရင်းနှီးတတ်သည်။ အိမ်သားချင်း မဟုတ်ဘဲ တစ်နေ့တာအတွက် ပထမဆုံး စကားပြောမိသည့် အပြင်လူဆိုလျှင် ပဲပြုတ်သည်သာ ဖြစ်လေသည်။
မစိမ်းယဉ်နှင့် ကျွန်တော်တို့ သည်လိုပင် ခင်မင်သွားပြီး သူလာလျှင် စကားပြောကြသည်။
မစိမ်းယဉ်၏ အသက်ကို အပြောရ ခက်သည်။ နှစ်ဆယ်ကျော် သုံးဆယ်တွင်းဟုသာ ခန့်မှန်းရ၏။
ကိုယ်ထည်က ပိန်ပိန်ပါးပါး၊ ပိန်ပိန်ခြောက်ခြောက်တော့ မဟုတ်။ အရပ်က မနိမ့်မမြင့်။ အသားက နဂိုက ဖြူဟန်ရှိသည်။ ယခုမူ နေလောင် ထားသဖြင့် ညိုဖျော့ဖျော့ ရှိသည်။ မျက်လုံး၊ မျက်ခုံးနှင့် နှာတံကျပုံက မဆိုးလှ၊ ဝတ်နိုင် စားနိုင် ဖြီးလိမ်းနိုင်မည် ဆိုက သနားကမား ရှိမည်။
တစ်နေ့တွင် သူ နောက်ကျနေသည်။
ကျွန်တော့် ဇနီးက ပြောသည်။
“ဒီနေ့ မစိမ်းယဉ် နောက်ကျတယ်၊ ခုနစ်နာရီတောင် ထိုးပြီးပြီ”
“မိုးမှောင် ကျနေလို့ စောစော မထွက်ဘူး အန်တီရေ့၊ သဲချောင်းကလဲ ခံနေသေးတယ်၊ ကန်တော့ပါရဲ့၊ ထဘီကို ပေါင်လယ်ကျော်အောင် မ,ကူးရတာ။ နို့မို့ဖြင့် ထဘီရေစိုကြီးနဲ့ တစ်မနက်လုံး လျှောက်ရမှာ”
“ခုလဲ မိုးရေကြောင့် ထင်တယ်၊ တစ်ကိုယ်လုံး စိုနေပါရောလား”
“အင်း… ထီးဆောင်းလို့လဲ မဖြစ်ဘူး မဟုတ်လား”
သူက တောင်းပက်ပက်ကို ခေါင်းရွက်ရသည်။ တောင်းပေါ်၌ ပလတ်စတစ် အကြည် အပြာရောင် အုပ်ထားသည်။
“မိုးကာအင်္ကျီလေး ဝတ်ပေါ့”
“အမလေး အန်တီရယ်၊ ထဘီနဲ့ အင်္ကျီတောင် ဝယ်ဖို့ အနိုင်နိုင်၊ ဒါတွေတောင် အဟောင်းဆိုင်က ဝယ်ဝတ်ရတာ”
“အဟောင်းဆိုင်က…”
“ဟုတ်တယ်၊ အဲတာနဲ့ ပြောမလို့ဟာ၊ စကား မစပ်မိလို့။ အန်ကယ် ဝတ်တဲ့ ပုဆိုးအဟောင်းလေး ဘာလေး မရှိဘူးလား”
“ဘာလုပ်ဖို့လဲ”
“အိမ်ကလူအတွက် ပုဆိုးမရှိလို့။ အဲတာ… ရှိရင် ကျွန်မကို ရောင်းပါလို့။ ပဲပြုတ်ဖိုးနဲ့ နှိမ်ချင်နှိမ်”
“အိမ်ကလူ”
“ကျွန်မ ယောက်ျားလေ”
”ယောက်ျားကကော ဘာလုပ်သလဲ”
“ဘာမှ မလုပ်ဘူး”
“ဘာမှ မလုပ်ဘူး…”
”အစကတော့ ပျံကျ လုပ်ပါတယ်၊ အခုက နေမကောင်းဘူး၊ အသည်းရောင် နေတာလေ၊ သူက အရက် သိပ်သောက်တယ်”
“ကလေးကော ရှိလား”
“ရှိပေါ့ အန်တီရယ်၊ လေးယောက်တောင်၊ ကျွန်မတို့က လူသေဌေး”
ကျွန်တော်က ကျောင်းဆရာဟောင်း၊ ကျန်တာသာ မဌေးသည်။ အဝတ်အစား အထူးသဖြင့် ပုဆိုး ပေါသည်။ တပည့်တွေက ပုဆိုးနှင့် ကန်တော့သည်က များသည်ကိုး။
ကျွန်တော့်ဇနီးက သူ့ကို ပုဆိုးဟောင်း တစ်ထည် ပေးသည်။ ရောင်းတော့ မရောင်း။
မစိမ်းယဉ်၏ မျက်နှာ တစ်ခုလုံး ကြည်ရွှင်သွားသည်။
“အမလေး… အလတ်ကြီး ရှိသေးတယ်။ အိမ်ကလူ လူထဲသူထဲ ဝတ်နိုင်တယ်”
မစိမ်းယဉ် ထွက်သွားသောအခါ ကျွန်တော့် ဇနီးက မှတ်ချက်ချ၏။
“တော်တော်ဆန်းတဲ့ မိန်းမ”
“ဘာပြုလို့လဲ”
“သူ့ အဝတ်အစားတွေလဲ နွမ်းလှပြီ၊ ဒါပေမယ့် သူ့အတွက် ထဘီဟောင်း မဝယ်ဘူး။ သူ့ယောက်ျားအတွက် ပုဆိုးဟောင်း ဝယ်တယ်”
“အဲတာ ဆန်းသလား”
“ဆန်းတာပေါ့၊ မိန်းမဆိုတာ လှချင်တာမျိုးချည်းပဲ”
ကျွန်တော့်ဇနီး၏ စကားက တိုသော်လည်း အဓိပ္ပာယ်များသည်။
မိန်းမဆိုသည် လှချင်သည်။ ဝတ်ချင်သည်။ သေဌေးကတော်ပဲ ဖြစ်ဖြစ်၊ ဇာတ်လိုက်မင်းသမီးပဲ ဖြစ်ဖြစ်၊ ပဲပြုတ်သည်ပဲ ဖြစ်ဖြစ်။
ယခု မစိမ်းယဉ်က သူ့အတွက် ထဘီ အင်္ကျီ မဝယ်။ ယောက်ျား အတွက်သာ သတိတရ ပုဆိုး ဝယ်သည်။
ဪ… ဝမ်းသာအားရပင် ပြောသွားသေး၏။
သူ့အိမ်ကလူ… လူထဲသူထဲ ဝတ်နိုင်လေပြီတဲ့။
(၄)
နောက် နှစ်လခန့် အကြာ၌ မစိမ်းယဉ် နှစ်ရက်ခန့် ပေါ်မလာ။
မိုးလည်း မမှောင်၊ မိုးလည်း မသည်း၊ သဲချောင်းလည်း ရေလျှံပုံ မပေါ်။
သုံးရက်မြောက်နေ့မှ သူ ပြန်ပေါ်လာသည်။
“အန်တီရေ… ပဲပြုတ်”
သူ အသံပြုနေကျ အတိုင်း ခြံဝမှ အော်သည်။
ပန်းကန်စောက်လေး ကိုင်ပြီး ကျွန်တော့်ဇနီး ခြံဝသို့ ထွက်သွား၏။
“မစိမ်းယဉ် ဘယ်ပျောက်နေလဲ၊ နေမကောင်းလို့လား”
“မပြောချင်ဘူး အန်တီရေ၊ ဝရချီးကို လည်သွားတာပဲ”
“ဘာဖြစ်သတုံး”
“အိမ်ကလူနဲ့ စကားများလို့”
“ဪ…”
“ဒီတစ်ခါတော့ ကျွန်မ သည်းမခံနိုင်ဘူး။ ဘယ့်နှယ် ရှင်… မိန်းမက လုပ်ကျွေးလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ၊ အလုပ် မလုပ်ချင်လဲ နေ၊ ကောင်းကောင်း နေပါလား။ ဟိုနေ့က သေရည်တွေလေ၊ သူ့ကို သင်္ချိုင်းကုန်းပို့မယ့် အရည်တွေ သောက်လာပြီး ကျွန်မနဲ့ စကားများတယ်။ ကိုင်း… မိန်းမထက် အရက်ချစ်တဲ့လူ နေရစ်လို့ ထားခဲ့ပြီး ကျွန်မနဲ့ ကလေးတွေ အုတ်ဖိုစုက အမေ့အိမ် ဆင်းလာခဲ့တယ်။ အထာမကျသေးလို့ နှစ်ရက် အရောင်း မထွက်နိုင်တာ”
“ဪ… ဖြစ်မှဖြစ်ရလေ”
“အစစ်ပဲ၊ ဖြစ်မှဖြစ်ရလေ။ ဒီလင်မျိုးကိုမှ ယူမိတယ်”
မစိမ်းယဉ်နှင့်အတူ အသက် ဆယ်နှစ်ကျော်ကျော် မိန်းကလေးတစ်ဦး ပါလာသည်။
“ဒါလေးက သမီးလေးလား”
“ဟုတ်တယ်၊ အရင်က အငယ်တွေ ထိန်းဖို့ အိမ်မှာ ထားခဲ့ရတယ်၊ အခု အမေက အငယ်တွေ ကြည့်ပေးတော့ သူ့ကို ရောင်းတတ် ဝယ်တတ်အောင် ခေါ်လာခဲ့တယ်”
ကျွန်တော်က စိတ်မကောင်း။
အိမ်ထောင်တစ်ခု ပျက်သွားသည် ဆို၍လည်း စိတ်မကောင်း။ ဆယ်နှစ်ကျော်လေးနှင့် ရောင်းတတ် ဝယ်တတ်ရန် အမေနှင့် တကောက်ကောက် လိုက်နေရသော ကလေးမကို ကြည့်၍လည်းစိတ်မကောင်း။
ကျောင်းဆရာ ဖြစ်ခဲ့သူ ကျွန်တော်က သည်အရွယ်လေးတွေ ဆိုလျှင် ကျောင်းတက် နေသည်ကိုပဲ မြင်ချင်သည်။
မတတ်နိုင်ပါ။
မစိမ်းယဉ်လည်း သူ့သမီးကို ကျွန်တော့်လိုပဲ မြင်ချင်ရှာမည် ထင်သည်။
နောက်ရက်များတွင် မစိမ်းယဉ် လာလျှင် သူ့သမီး အသံချိုချိုလေးနှင့် အော်သံကို ကြားရသည်။ ထရိန်နင် ထင်သည်။
“ပဲပြုတ် နံပြား…”
(၅)
တစ်လခန့်အကြာတွင် မစိမ်းယဉ်၏သမီး အသံ ချိုချိုလေးကို မကြားရတော့။
ကြားနေကျ မစိမ်းယဉ်၏ အသံကိုသာ ပြန်ကြားရသည်။
ကျွန်တော့်ဇနီးက စုံစမ်းသည်။
“ကလေး မပါတော့ ပါလား”
“အင်း… အဟင်း… အငယ်တွေပဲ ကြည့်ခိုင်းတော့တယ်”
“ဪ… ကောင်းတာပေါ့၊ ဈေးလျှောက် ရောင်းရတာ ကလေး ညောင်းမှာပေါ့။ ပြီးတော့ ငယ်ရှာပါသေးတယ်”
“အင်း… ဟုတ်တယ်”
သည်လိုနှင့် သီတင်းကျွတ်နား ကပ်လာသည်။
သီတင်းကျွတ်လျှင်…
အဲ… ပေါင်းဆုံကြသည်။ သီတင်းကျွတ် ဆိုသည်က ပေါင်းဆုံကြသော လ…။
ကြံကြံဖန်ဖန်…။ ကွဲကွာ နေကြသော မစိမ်းယဉ်တို့ လင်မယား အကြောင်း တွေးပြီး မဆီမဆိုင် ကြားထဲက ကျွန်တော် စိတ်မကောင်း ဖြစ်မိသည်။
ဖိုးလှမြင့်(ဝင်းဦး) ဆိုသွားသော နန်းတော်ရှေ့ ဆရာတင်၏ သီချင်းကိုလည်း သတိရသည်။
“ပဒုမ္မာ… ကြာရယ်… ကျုပ်ရည်းစားနဲ့ ညားအောင် စောင့်ဦးကွယ်…”
သီတင်းကျွတ် လပြည့်မတိုင်မီ တစ်ရက်၌ ပဲပြုတ် ထည့်ပေး အပြီးတွင် မစိမ်းယဉ်က ပြော၏။
“အားတော့နာတယ်၊ အန်တီ့ကို ပူဆာရဦးမယ်”
“ဘာလဲ မစိမ်းယဉ်”
“သီတင်းကျွတ်ပြီ မဟုတ်လား၊ ပွဲလေး လမ်းလေးတွေက ရှိတယ်”
“ဒီတော့…”
“ပုဆိုးအဟောင်း တစ်ထည်လောက် ရှိသေးသလား။ ဒီတစ်ခါ အလကား မပေးပါနဲ့။ ကျွန်မ ဝယ်ပါရစေ၊ မဟုတ်လဲ အဟောင်းဆိုင်က ဝယ်ရတာပဲ ဥစ္စာ”
“ပုဆိုး…၊ ဘယ်သူ့ဖို့…”
“အို… အန်တီကလဲ၊ အိမ်ကလူဖို့ပေါ့…”
“အိမ်ကလူ…”
“အင်း… အဟင်း… ကျွန်မတို့ ပြန်ပေါင်း နေပြီ”
“ဪ…”
“ဘယ့်နှယ် လုပ်မလဲ အန်တီ၊ ကလေးကလဲ လေးယောက်တောင်၊ သူကလဲ နောင်တရပြီတဲ့”
“ဒါနဲ့ မစိမ်းယဉ်ကလဲ ခွင့်လွှတ် လိုက်ရောလား”
“ဘယ့်နှယ် လုပ်မလဲ၊ သူ့ ကြည့်ရတာ ပိန်ချုံးလို့၊ လူရုပ်ကို မပေါ်တော့ဘူး။ ပထမတော့… ပက်ခနဲ ပြောချလိုက် မလို့ဘဲ။ နောက်တော့ သူ့မျက်နှာကြည့်ရင်း…”
“သနားသွားတယ်ပေါ့”
“အင်း… အဟင်း…၊ အဲတာလဲ ပါတယ်။ ဟို… သူ့ ကျေးဇူးလဲ အောက်မေ့မိတာ”
“သူ့ကျေးဇူး ”
“ဪ… လင်သား ပါလား၊ ထဘီ ပါလား၊ အဲဒီလို အောက်မေ့မိတာ…”
“ထဘီ…”
“တစ်ခုလပ် အစစ် ဖြစ်သွားရင်တော့ မပြောနဲ့။ လင်နဲ့ခဏ ကွဲနေတာတောင် အန်တီရေ၊ ယောက်ျားတွေ ကြည့်ရှုပုံက တစ်မျိုး။ ရိသဲ့သဲ့ လာလုပ်သူကလဲ မရှားဘူး၊ အမေ ပြောတာ မှန်တယ်။ ကျွန်မအမေက တရားတွေ ဘာတွေ နာတယ်၊ အမေက ပြောတယ်။ လင်ဆိုတာ… ထဘီပဲတဲ့”
“လင်ဆိုတာ… ထဘီ…”
“အန်တီကလဲ၊ ဥပမာ ပြောတာပေါ့၊ အမေတို့ကို ဘုန်းကြီးက တရားဟောသတဲ့။ ဘယ်တိုင်းပြည်မှာ ဆိုလဲ မိန်းမတစ်ယောက်ရဲ့ လင်ရယ်၊ သားရယ်၊ မောင်ရယ်ကို သူခိုး ထင်ပြီး ဘုရင့် တပ်တော်တွေက ဖမ်းသွား သတဲ့။ အဲတာ တစ်ခါတည်း မိန်းမက နန်းမတော်ကို ပတ်ပြီး ရှင်ဘုရင် ကြားအောင် အော်သတဲ့…။ ထဘီပေးပါ။ ထဘီပေးပါ… လို့။ ထဘီ ဆိုတာ ကျွန်မတို့ မိန်းမသားတွေရဲ့ အရှက်ကို ကာကွယ်ထားတာ။ ဟိုဒင်း ဟီရိသြတ္တပ္ပ…။ လင်တို့၊ သားတို့၊ မောင်တို့က မိန်းမရဲ့ ဟီရိဩတ္တပ္ပကို ကာကွယ်ပေးတာတဲ့။ ရှင်ဘုရင်ကြီး တစ်ခါတည်း လွှတ်ပေး လိုက်ရသတဲ့…”
“အား… အား…။ ဥစ္ဆင်္ဂဇာတ်။ အန်ကယ် ခဏခဏ ပြောပြဖူးတယ်”
မြတ်စွာဘုရား…၊ မစိမ်းယဉ်က ကျွန်တော့် ဇာတ်လိုက်မင်းသမီး ပါကလား။ ‘ချစ်သော ဤကမ္ဘာ’ ဝတ္ထုတွင် ကျွန်တော့် ဇာတ်လိုက်မင်းသမီး ကလည်း ဤစကားမျိုး ဆိုခဲ့သည်။
မစိမ်းယဉ် ဆက်ပြောနေသံကို ကြားရသည်။
“နက်ဖြန်က သီတင်းကျွတ် လပြည့်နေ့၊ လူကြီးတွေ လိုက်ကန်တော့မလို့။ ဟိုတစ်ခါက ပုဆိုးလေးကလဲ သူ့ မရှိတော့ဘူး”
မစိမ်းယဉ်ကို ခြံဝ၌ ထားခဲ့ပြီး ကျွန်တော့်ဇနီး အိမ်တွင်း ဝင်လာ၍ ပုဆိုးဟောင်း ရှာသည်။
“ရှာမနေပါနဲ့ကွယ်၊ မောင် အိမ်နေရင်း ဝတ်တဲ့ထဲက တစ်ထည် ပေးလိုက်ပါ”
“အဲတာတွေက အကောင်းကြီး ရှိသေးတယ်”
“အကောင်း ပေးလိုက်ပါ။ မောင် သူ့ကို ဆုချတာ…”
“ဆု…”
“မျက်မှောက်မှာ ရှိနေတဲ့ အရာကို ကြည့်ပြီး ဘယ်လို… လိုလား အောက်မေ့တယ် ဆိုတဲ့ သဘောကို မစိမ်းယဉ်က ရှင်းပြသွား လို့ပါ။ အကောင်းပဲ ပေးလိုက်ပါ။ သူ့ထဘီလေး… ပုဆိုး ကောင်းကောင်း လှလှ ဝတ်ပါစေ”
* * *
ပြီးပါပြီ။
—————-
#တက္ကသိုလ်ဘုန်းနိုင်
၂၀–၁ဝ-၉၂
#သောင်္ကြာကြိုက်သောစာစုများpage မှကူးယူဖေါ်ပြပါသည်
ကလျာ မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၂။
စာမျက်နှာ ၄၃-၄၆