မောင်ခြိမ့်
“မြောက်လေငယ် သွင်းပါလို့၊ မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည်၊ ရွှေကျီးညိုတာရာနှင့် ကြတ္တိကာ ထွန်းတဲ့လကိုလေး…”
သီတင်းကျွတ်လကုန်၍ တန်ဆောင်မုန်းပင် ဝင်ခဲ့ပြီ။ သရွတ်သွတ်မြစ်မကြီး တစ်ခွင်တစ်ပြင်လုံး ဝေရီနေအောင် နှင်းမှုန်နှင်းစက်တို့က ပိတ်ဖုံးကာဆီးလျက် ရှိတော့၏။
မြစ်မကြီးအတွင်းမှ လွင့်ပျံ့တက်လာသော ရေခိုးရေငွေ့များနှင့် ကောင်းကင်က တဖွဲဖွဲကျဆင်းလာသော နှင်းငွေ့များပေါင်းဆုံ အုံ့မှိုင်းကာဆီးနေသောကြောင့် မြစ်ကမ်းနှစ်ဖက်ရှိ သစ်ပင်အုပ်၊ ချုံပင်ငယ်၊ သောင်ကမ်းဆွယ်ညိုညိုတို့ကို ဝေဝေဝါးဝါးသာ လှမ်း၍ မြင်နေရတော့၏။
လပြည့်ခဲ့သည်မှာ လေးငါးဆယ်ရက်မက ကြာခဲ့ပြီဖြစ်၍ လဆုတ်ပက္ခသဘာဝအတိုင်း ကောင်းကင်တွင် ငွေလမင်း ဝင်းပခြင်းမရှိ။ မျက်တောင်ခတ်လျက် တဖိတ်ဖိတ် လင်းလက်နေသော ကြယ်ကလေးများ၏ ဘော်ငွေရောင်တို့သည် ပိန်းပိတ်မတတ် ခြုံသိုင်းအုံ့ဆိုင်းနေသော နှင်းထုမြူထုကြီးကို မထိုး ဖောက်နိုင်ရှာပါ။
ထို့ကြောင့် တသောသော ရစ်ခွေလျက်ရှိသော မြစ်ပြင်တစ်ကြောတွင် အမှောင်ထုကသာ ကြီးစိုးလျက် ရှိနေသည်။
သီတင်းကျွတ်လပြည့်ကျော်ပြီးကတည်းက ဖိုးနီတို့မြစ်ဝကျွန်းပေါ်ဒေသတစ်ခွင်တွင် ‘ကျမ’ဆွဲသည်ဟုခေါ်သော ရေတွေစ၍ဆုတ်နေပြီ။ ကွင်းရေ၊ ကန်ရေ၊ တမံရေ၊ ရိုးချောင်းရေတို့သည် မြောင်းငယ်မှသည် ချောင်းသို့လည်းကောင်း၊ ချောင်းမှတစ်ဆင့် မြစ်သို့လည်းကောင်း၊ မြစ်မှတစ်ဆင့် ဟိုးအောက် တော ပင်လယ်ဘက်ဆီသို့ အားနှင့်အင်နှင့် စီးဆင်းကုန်ကြပြီ။
ထိုကဲ့သို့ အလုံးအရင်းနှင့်၊ အင်နှင့်အားနှင့် စီးဆင်းနေသော ရေထဲတွင် မိုးကျရေဝင် လယ်ကွင်းတစ်ခွင်၌ တစ်မိုးတွင်းလုံး ရှင်သန်ပျော်မြူးနေခဲ့ကြသော ငါး၊ ပုစွန်၊ ခရု၊ ကဏန်းတွေပါ စုန်ဆင်းလိုက်ပါသွားကြပြီ။
မြစ်ရေသည် နောက်သည်လည်းမမည်၊ ကြည်သည် လည်းမဟုတ်၊ စိမ်းပုပ်ပုပ်အဆင်းနှင့် ကသောကမျောအတင်းထိုးဆင်းလျက် ရှိတော့၏။
သတ္တဝါတို့သည် သူတို့၏ ဘဝပေးအသိတရားအရ ဘယ်အချိန်၊ ဘယ်ရာသီတွင် ဘယ်နေရာ၌ ကျက်စားရှင်သန်ရမည်ကို သိနေကြ၊ နားလည်နေကြသည်မှာ အံ့သြစရာတော့ ကောင်းလှလေ၏။
တစ်မိုးတွင်းကာလပတ်လုံး အုန်းအုန်းခြိမ့်ခြိမ့် မိုးတွေရွာပြီး ချောင်းရေလျှံ၊ ကန်ရေတိုးစဉ်က လယ်ကွင်းအနှံ့၊ တမံတကာ၊ ရိုးချောင်း ဂယက်ကွင်းတွေပါမကျန် တက်ရောက်ကျက်စား ရှင်သန်ပေါက်ဖွားနေခဲ့ကြရာမှ ငါးဆင်းမိုးကြီး တဗြုန်းဗြုန်း ရွာပြီး ရေတွေ ပေါင်းလန်အောင် လျှံနေတုန်းမှာလည်း သူတို့ ပျော်မြူးမဆုံး ရှိကြဆဲပင်။
ယခုလို ‘ကျမ’ဆွဲချိန်မှာတော့ ရေတွေခန်းခြောက်တော့မည်ကို မည်သို့မည်ပုံ သိသည်မဆိုနိုင်။ အကုန်လုံး ကျရေနောက်သို့ ကောက်ကောက်ပါချေတော့၏။
ကွင်းထဲ၊ ရိုးထဲတွင် ငါးသေးငါးမွှားများနှင့် နွံထဲ နုန်းထဲ တိုးဝင် အသက်ရှင်နေနိုင်သော ရေသတ္တဝါတို့သာ ကျန်ရစ်ကြလေတော့၏။
ငါးတွေ၊ ပုစွန်တွေက ယင်းကဲ့သို့ သိတတ်ကြ၊ ပါးနပ်ကြသလို ဖိုးနီတို့လို တံငါတွေကလည်း ငါး၊ ပုစွန်တို့၏သဘောကို နောကျေအောင် သိထားကြ၊ နားလည်ထားကြပါ၏။
ဩော် … တံငါအလုပ်နှင့် အသက်မွေးနေတာ ဒီလောက်မှ နားလည်မထားလို့ကတော့ ထမင်းအိုးတည်ရန် ဘယ်ကလာ ဆန်ရပါမည်နည်း။
ယခုလည်းကြည့်။ မြစ်ရိုးတစ်လျှောက် ပုစွန်ခပ်သမားတို့၏ မီးခွက် မီးပုံးတွေ ဟိုဟိုသည်သည် သွား လာလှုပ်ရှား ပျားပန်းခပ်နေကြပြီ။
သည်ကနေ့ည ဆယ့်နှစ်နာရီခန့်တွင် ရေကျမည်ကို တွက်ချက်သိရှိထားကြသဖြင့် ညဆယ်နာရီလောက်
ကတည်းက ရေစီးရေလာကောင်းသော ကမ်းစပ်၊ ကမ်းကွေ့များတွင် ကိုယ်စီကိုယ်င နေရာဦးထားကြပြီ။
“တံငါလုပ်စား သားအဖမရှိ” ဆိုသော စကားအတိုင်း သားရယ်၊ အဖေရယ်၊ ဆွေမျိုး၊ သူငယ်ချင်းရယ် ဆိုပြီး ဦးစားမပေးနိုင်။ နေရာကောင်းမှန်သမျှ ပုစွန်ခပ်သမားတွေ ရောက်နှင့်နေကြပြီ။ နောက်ကျမှ ရောက်လာသူများကလည်း သူတို့ တံငါဓလေ့၊ တံငါစည်းမျဉ်းအရ နေရာဝင်မလုကြ။ နေရာဦးသူ မရှိသေးသော မြစ်ပြင်တစ်ကြောမှာ ကသောကမျောနှင့် နေရာရှာကြတော့၏။
သရွတ်သွတ်မြစ်သည် အရှေ့စု၊ ကြီးတော်ကွင်း၊ အရှေ့ဒရင်း၊ အနောက်ဒရင်း၊ ဆင်ကူး စသည့် များပြားလှသော ရွာစဉ်ရွာဆက်တို့ကို ကျော်၍ ထိပ်ဝဆိုသည့် ရွာအလွန်တွင် မြစ်မကြီးနှင့် သွား၍ ပေါင်းဆုံ စီးဝင်လေ၏။
ထိုမြစ်မကြီးမှတစ်ဆင့် အိမ်မဲ၊ ကျောင်းကုန်း၊ ပန်းတနော်၊ ကျုံပျော်၊ ရွှေလောင်း စသည့် မြို့ကလေး တွေဆီ ခရီးဆက်နိုင်လေသည်။
မြစ်မကြီးတစ်လျှောက် အသွယ်သွယ်ယှက်ဖြာနေသော ချောင်းတွေ၊ မြောင်းတွေ၊ တမံတွေ၊ အင်းတွေက တွန်းထိုးထွက်လာသော ဗေဒါဖောင်တွေ၊ ဒိုက်ပုံတွေ၊ ကန်စွန်းဖောင်တွေ၊ ကနဖော့ဖောင်တွေ၊ ကညွတ်ဖောင်တွေ မည်းမည်းလှုပ်မျှ မျောပါစီးဆင်းလာနေကြသည်။
ကွင်းထဲ၊ ရိုးထဲ၊ ချောင်းထဲ၊ တမံထဲတို့မှ ကျရေနှင့်အတူ သက်ဆင်းလာကြသော ပုစွန်ဆတ်ထုပ် လက်မကား၊ လက်မဝါ၊ ပြောင်ထုပ်တို့သည် မြစ်ထဲသို့ ရောက်လာကြသောအခါ သူ့ဘာသာ ရေထဲကူး ခပ် စုန်ဆင်း၍သွားကြမည် မဟုတ်။ မြစ်မကြီးထဲ မျောပါလာကြသော ကန်စွန်းဖောင်၊ ဒိုက်ပုံ၊ ဗေဒါအုံတို့ ၏ ရေထဲသို့ တစ်တောင့်တစ်ထွာခန့် ထိုးဆင်းနေကြသော အမြစ်သား၊ အမြစ်မွှားများတွင် လက်မများဖြင့် ညှပ်တွယ်လျက် လိုက်ပါခရီးနှင်လေ့ ရှိကြ၏။
ဤကဲ့သို့ တွယ်ကပ်လိုက်ပါတတ်သော သတ္တဝါများမှာ ပုစွန်တစ်မျိုးတည်းသာမဟုတ်၊ ဖောင်စီးကဏန်းတို့လည်း ရှိသေး၏။
၎င်းအပြင် ဒိုက်ဖောင်တွေပေါ်မှာ ခွေရင်း လွန့်ရင်း မြွေပတုံ့၊ ရေမြွေနှင့် အဆိပ်ရှိမြွေများလည်း ပါတတ်သေးသည်။
ဤကဲ့သို့ တွယ်ချိတ်၍လိုက်ပါလာကြသော ပုစွန်တို့သည် သူတို့အတွက် အစာရေစာပေါသည့်နေရာ၊ လုံခြုံဘေးကင်းစွာ ခိုအောင်းနိုင်မည့် မြစ်ဝှမ်း၊ ချောင်းကွေ့၊ သောင်စပ်၊ ကမ်းပါး စသည့် စိတ်ကြိုက်နေရာ များသို့ ရောက်လျှင် အမြစ်များတွင် ခိုတွယ်နေရာမှ လွှတ်ချကာ နေခဲ့တော့၏။
“အဲဒီပုစွန်တွေဟာ ကျွန်တော်တို့လို တံငါတွေကသာ ဆီးပြီး ဖမ်းယူ၊ ခပ်ယူ မလုပ်ကြဘူးဆိုရင် ဘယ်အထိဆက်ပြီး ပါသွားကြမှာလဲဟင် အဖေ။ ပင်လယ်ကြီးထဲအထိ ပါသွားကြမှာလားဟင်”
ဖိုးနီ ဆယ့်လေးငါးနှစ်သားအရွယ် လက်သင်တံငါဘဝတုန်းက ဖခင်ဖြစ်သူကို မေးကြည့်ခဲ့ဖူး၏။
ဖိုးနီ၏ မေးခွန်းကိုကြားရတော့ ဖခင်ဖြစ်သူ ဦးတောကျော်က သဘောကျစွာ တဟားဟားအော်၍ ရယ်ရင်း
“အေးကွ၊ ငါ မင်းအရွယ်တုန်းကလဲ ငါ့အဖေ၊ မင်းအဘိုးကို မေးခဲ့ဖူးတာပဲ။ တံငါလုပ်စ လက်သင် ကလေးဆိုတော့ ဘာမဆို သိချင် တတ်ချင် စူးစမ်းချင်တဲ့ အရွယ်ကိုး”
“အဲဒီတော့ အဘိုးက ဘာပြောလဲ အဖေရ”
“ပြောမှာပေါ့ကွာ … ပြောရမှာပေါ့။ ငါး၊ ပုစွန်တွေရဲ့စရိုက်သဘာဝကို တံငါလုပ်စားမဲ့သူက သိကို သိထားသင့်တာပေါ့”
“အခုလို ‘ကျမ’ ဆွဲချိန်မှာ ဖောင်စီးပြီးပါလာကြတဲ့ ပုစွန်တွေဟာ ရေချိုပုစွန်တွေကွ။ ရေငန်ဘက်တွေမှာ သူတို့ မနေနိုင်ဘူး။ တို့ငယ်ငယ်တုန်းက ပင်လယ်ရေငန်ဟာ ဟိုး… မြောင်းမြအောက်ဘက်လောက်အထိတက်တယ်လို့ သိရတယ်။ အခုတော့ မြစ်တွေ၊ ချောင်းတွေဟာ သောင်တွေထွန်းပြီး တိမ်လာတော့ ရေငန်ဟာ တဖြည်းဖြည်း ဆုတ်ဆုတ်သွားတယ်ကွ။ အဲဒီတော့ ရေချိုမှာသာ ပေါက်ဖွားရှင်သန်တတ်တဲ့ ငါး တွေ ပုစွန်တွေဟာ ရေငန်ရောက်တဲ့ အရပ်ဒေသမရောက်ခင် အကွက်အကွင်းကောင်းတဲ့နေရာ၊ ချောင်း မြောင်းတွေပေါပြီး ကမ်းစပ်မှာလဲ လမုပင်၊ လမဲ့ပင်၊ ဓနိပင်၊ ဓနုန်းပင်၊ ခရာပင်၊ ကျူပင်တွေပေါပြီး ရေပိုးရေမွှား၊ ရေညှိရေမှော်နဲ့ ရေသြဇာကောင်းတဲ့နေရာတွေရောက်တာနဲ့ သူတို့ဘဝပေးအသိနဲ့ ဆင်းပြီး ရှင်သန်ကြ၊ ပေါက်ဖွားကြနဲ့ မျိုးမသုဉ်းကြတော့ဘူးပေါ့ကွာ”
ငယ်ဘဝအကြောင်းတွေ ပြန်တွေးရင်း ဆုံးသွားတာကြာပြီဖြစ်သော ဖခင်ကြီးကို သတိရကာ လွမ်းသလိုလို ဆွေးသလိုလိုကြီး ဖြစ်မိလေသည်။
“ဒါနဲ့ နေပါအုံးအဖေရဲ့။ ဟိုး မြစ်ညာဘက်မှာ ကျွန်တော်တို့ရဲ့အရင် ပုစွန်ဖောင်စီးတွေခပ်နေတဲ့ သူတွေလဲ ရှိသေးတယ် မဟုတ်လား။ သူတို့ ခပ်ယူပြီးသား ဒိုက်ဖောင်တွေကို ကျွန်တော်တို့က ထပ်ခပ်တော့ ပုစွန်ကော ပါလာအုံးမှာ မို့လို့လား”
သားဖြစ်သူ လက်သင်တံငါကလေးကို အဖေဖြစ်သူက အမေးအမြန်းထူရန်ကောဟု စိတ်တိုမည် ကြံသေး၏။ ပြီးမှ သူသိချင်လို့ မေးတာပဲဟု တွေးရင်း
“မင်းပြောသလိုတော့ မဟုတ်ဘူးကွ။ မြစ်ပြင်တစ်ကြောမှာ မျောလာတဲ့ ဒိုက်ဖောင်တွေဟာ အများ ကြီးကွ။ ဘယ်သူကမှ ကုန်အောင် ခပ်ယူနိုင်ကြတာမဟုတ်ဘူးကွ။ ရေစီးနဲ့ မျောလာတာဆိုတော့ တစ်ဖောင်လောက် ကိုယ်က ခပ်ယူတုန်း ဘေးနားက ဒိုက်ဖောင်တွေက ဆက်မျောသွားရော။
ပြီးတော့ ပုစွန်တွေ က အသိဉာဏ်ရှိတာကလား သားရဲ့။ အမြစ်တွေကိုတွယ်ပြီးလိုက်လာပေမဲ့ သူတို့ဘေးရန်ကိုလဲ သူတို့ဂရုစိုက်ကြတယ်။ ခပ်ယူမယ်ဆိုပြီး ဒိုင်းဝန်းကြီး သူတို့ဘေးနား စွတ်ခနဲ ရောက်လာတာနဲ့ တွယ်နေရာကနေ လွှတ်ချပြီး ရှောင်သွားကြတယ်။
အေး… အမှုမဲ့အမှတ်မဲ့နေတဲ့ အကောင်၊ နောက်ကျသွားတဲ့ အကောင်တွေလောက်သာ လူတွေလက်ထဲပါသွားတာကွ။ စောစောက ရှောင်ထွက်သွားတဲ့ အကောင်တွေဟာ ဘေးအန္တရာယ်ကင်းပြီလို့ ယူဆရတဲ့အခါ နီးရာဒိုက်ဖောင်မှာ ပြန်တွယ်ကြပြန်တာပဲကွ။
နောက်ပြီးတော့လဲ နားထောင်လိုက်စမ်း။ ဘာသံတွေကြားရသလဲ။ တဝေါဝေါနဲ့ ကြားနေရတယ် မဟုတ်လား။ အဲဒါ မြစ်ကမ်းနှစ်ဖက်မှာရှိတဲ့ ထူးပေါက်တွေ၊ ကလိုင်ပေါက်တွေကနေ မြစ်ထဲကို ရေကျ နေတဲ့အသံတွေပေါ့ကွ။ အဲဒီနေရာတွေကလဲ ပုစွန်တွေ ဆင်းတတ်တယ်ကွ။ ကွင်းထဲ၊ ရိုးချောင်းထဲက ပုစွန်တွေဆင်းတတ်တဲ့ နေရာတစ်ခုပဲလို့ မှတ်ထားပေတော့။
ပြီးတော့ ဟောဒီ မြစ်တစ်ကြောမှာ မြစ်ထဲကို စီးဝင်နေကြတဲ့ ချောင်းလက်တက်တွေ၊ မြောင်းတွေအမြွှာအမြွှာနဲ့ ဘယ့်ကလောက်များသလဲ။ ရေတောင် မရေတွက်နိုင်ဘူး မဟုတ်လား။
အဲဒီတော့ ဒီလောက်များတဲ့ နေရာတွေက ဆင်း လာကြတဲ့ ပုစွန်တွေဟာ တွေ့ရာ နီးရာ ဒိုက်ဖောင်တွေမှာ ဝင်ပြီး ခိုကြ၊ ကပ်ကြ၊ တွယ်ကြပြန်ရော။
ဒါကြောင့် ကိုယ့်အထက်မြစ်ညာဘက်မှာ ဘယ်လောက်ခပ်ယူယူ ငါတို့ ခပ်လို့မရတော့ဘူးဆိုတာ ဟုတ်ပါ့မလားကွ။
ရေသတ္တဝါ ရေပိုးရေမွှားဆိုတာ မရေတွက်နိုင်အောင် များတာ သားရဲ့။ ဒါကြောင့်လဲ ငါတို့ ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် တံငါလုပ်ပြီး အသက်မွေးနိုင်ကြတာပေါ့”
မလှမ်းမကမ်းရှိ သောင်ခုံတန်းကြီးပင် ထက်ဝက်မက ပေါ်လာခဲ့ပြီ။ သောင်ကမ်းစပ်ရှိ ဝက်လာ၊ ငါးတန်ပိန်း၊ ခရာပင်များ ရေစပ်နှင့် အတော်ဝေးဝေးမှာကျန်ခဲ့ပြီ။ တံတောင်ဆစ်ချိုး စီးဆင်းလာသော မြစ်ရေသည် တဟဲဟဲနှင့် ကမ်းပါးကို တိုးတိုက်စီးဆင်းနေပြီ။
စိမ်းပုပ်ပုပ် မြစ်ရေကြောတွင် ဗေဒါအုံများ၊ ဒိုက်သရောပုံများ၊ ဟိုမှာတစ်ပုံ သည်မှာတစ်ပုံ သူ့ထက် ငါ အပြိုင် မျောပါလာနေကြသည်။
လှေပဲ့ပိုင်းတွင် ခမောက်ကို မျက်နှာပေါ်ဖုံးပြီး အိပ်နေသော မကျင်ငွေကို ပါးစပ်ကမခေါ်၊ လှေကို အသာလှုပ်၍ နှိုးလိုက်သည်။
သောင်စပ်တွင် ဝါးလုံးတိုင်ကလေးစိုက်၍ လှေကြိုးချည်ထားသည်ကို ဖြုတ်သည်။ ပြီးလျှင် ထိုဝါးလုံးဖြင့်ပင် သောင်ပြင်ကို ထိုးကန်ပြီး လှေကို ကမ်းမှခွာထုတ်လိုက်သည်။
မြစ်လယ်ရေကြောကိုရောက်လျှင် မကျင်ငွေက လှေဝမ်းထဲရှိ ဒီဇယ်မီးခွက်ကို ထွန်းညှိလိုက်သဖြင့် လှေကလေး၏ ဝန်းကျင်တစ်ခွင်လုံး မီးရောင်များ လင်းလက်သွားသည်။
“ကျုပ် အိပ်ပျော်သွားတယ် တော်။ ရေတောင် ကျနေပြီနော်”
သူ အိပ်ပျော်သွားသည့်အတွက် ဖိုးနီကို အားတုံ့အားနာ ပြောသည်။ လှေပဲ့မှ လှော်နေသော မကျင်ငွေကို ဖိုးနီ ကြင်နာစွာ ကြည့်လိုက်သည်။
ကြည့်စမ်း … ဒီမိန်းမနဲ့ ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အကြီးဆုံးသားသည်ပင် ဆယ် တန်းဖြေတော့မည်။ သူ့အောက်မှာ အငယ်က သုံးယောက်ရှိသေးသည်။ မောင်တစ်ထမ်း မယ်တစ်ရွက် ထမ်းပိုးတစ်ဖက်စီ ဝင်၍ရုန်းကာ ဘယ်တုန်းကမှ စိတ်ပျက်ငြိုငြင်ခဲ့သည် မရှိစဖူး။
ဖိုးနီဘဝအတွက် တကယ့် လက်တွဲဖော်ကောင်းတစ်ယောက် ပီသခဲ့ပါ၏။
လင်နှင့်မယားဆိုတာ ချမ်းသာအတူ၊ ဆင်းရဲအမျှ ဆိုရိုးစကား ထားခဲ့ကြသော်လည်း ဘယ်တုန်းကမှ ချမ်းသာအတူ မနေခဲ့ကြရ။ သူ့ခမျာ ဆင်းရဲအမျှသာ ခံစားနေခဲ့ရသည်မှာ ယနေ့ထက်ထိ မဟုတ်လား။
ယခုလို ‘ကျမ’ဆွဲချိန်၊ ဖောင်စီးပုစွန်ခပ်ချိန်တွင် တစ်ယောက်တည်း လုပ်နိုင်သည်မဟုတ်၍ လူငှားခေါ် ကြရတော့၏။ ထိုသို့ခေါ်ရလျှင် သုံးပုံတစ်ပုံ ခွဲပေးရသဖြင့် ကိုယ့်အတွက် အကျန်နည်းလိမ့်မည်။
အကြီးဆုံးကောင်က ဆယ်တန်းပေမို့ သူ့ခမျာ ကျောင်းစာနှင့် နပန်းလုံး နေရလေသည်။ ဒုတိယသားကတော့ ငယ်သေးသဖြင့် မြစ်ထဲချောင်းထဲ၊ ရေထဲမိုးထဲမှာ မခိုင်းရက်ပါ။
သို့အတွက် မကျင်ငွေက –
“လူငှား ခေါ်မနေပါနဲ့တော်။ ငါးမြွေထိုးပိုက်အသစ်ကလေး ဝယ်နိုင်အောင် စုရအုံးမယ်။ သားကြီး မြို့ ဘက်ကမ်းသွားတက်နေတဲ့ ကျူရှင်စရိတ်ကလဲ ရှိသေးတယ်။ စာမေးပွဲကြီး မတိုင်ခင် အထူးထုတ်ဆိုလား၊ အဲဒီစာအုပ်တွေကလဲ ဝယ်ရအုံးမှာတဲ့။ ကျုပ်ပဲ ပဲ့ကိုင်လိုက်ခဲ့ပါ့မယ်။
ဒါထက် ကိုဖိုးနီ၊ တော့်သားက လူပျိုလုပ်ချင်နေပြီတော့၊ သိရဲ့လား”
ဟု ပြောရင်းက တဟီးဟီး ရယ်လေသည်။
“မင်းကလဲကွာ အစမရှိ အဆုံးမရှိ။ သားကြီး ဘာဖြစ်လို့လဲ”
သားအတွက် စိတ်ပူပန်စွာ မေးသည်။
ဟုတ်သည်။ ဖိုးနီသည် သားအကြီးကောင်ကို သားဦးပေမို့လား မသိ၊ အလွန်ချစ်၏။ အားလည်း ထား၏။ သည်ကောင်ကြီးကို ပညာတတ်ကြီး ဖြစ်စေချင်သည်။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ဖြစ်စေချင်သည်။
သားကြီးကလည်း တော်ရှာပါသည်။ အခုတောင် မိဘတွေက အတင်းတားသဖြင့်သာ နေခဲ့ရသည်။ မဟုတ်လျှင် သူကိုယ်တိုင် ပဲ့ကိုင်လိုက်ချင်၊ မိဘကိုကူချင်သည့် စိတ်ရှိသည်။
“တော်ကလဲ … ပြောမှာပေါ့တော့။ ကျောင်းဝတ်စုံတွေက သိပ်ဟောင်းနေလို့ ဖြစ်နိုင်ရင် တစ်စုံ လောက် အသစ်ချုပ်ချင်တယ်လို့ ကျုပ်ကို ပူဆာနေတယ်။ ဟုတ်လဲ ဟုတ်တယ်တော့၊ မနှစ်က ကိုးတန်း တုန်းက လက်ကျန်တွေဆိုတော့ နွမ်းလဲနွမ်း၊ သေးလဲသေးကုန်ပြီ၊
အင်းလေ … သူလဲ အရွယ်ကလေး ရောက်လာပြီဆိုတော့ ဝတ်ချင်စားချင်ရှာမှာပေါ့တော်”
“မင်းကလဲကွာ … ငါ့မှာဖြင့် ဘာများလဲလို့”
ဟု ပြောရင်း မြစ်လယ်ဘက်ဆီ လှေကို လှော်တက် ဖြင့် ယက်ထုတ်လိုက်သည်။
ဟော … မြင်နေရပြီ။ မှုန်ရီဝေဝါး မြစ်ပြင်တစ်ခွင်လုံး ဒိုက်ပုံများ၊ ကန်စွန်းဖောင်များ၊ ဗေဒါအုံများ မျောပါလာနေကြပြီ။
မြစ်ညာဘက် ခပ်လှမ်းလှမ်းတွင် မီးရောင်ကလေးတွေက တလက်လက်နှင့် ဟိုသည်ရွေ့လျားကာ ပုစွန်ခပ်နေကြပြီ။
မြစ်ပြင်ပြည့်ခမန်း မျောပါလာသမျှ ဒိုက်ဖောင်၊ ဗေဒါအုံများကို မည်သူမျှ ကုန်စင်အောင် ခပ်မယူနိုင် ပါ။ ခပ်သွက်သွက် စီးဆင်းနေသည့် မြစ်ရေကြောင့် တစ်ဖောင်တစ်အုံကို ခပ်ယူနေတုန်း အခြားဒိုက်ပုံများက မြစ်အကြေဘက်သို့ မျောပါသွားကုန်ကြပြီ။
ဖိုးနီသည် လှော်တက်ကို အသာချ၍ လှေဝမ်းထဲက ပုစွန်ခပ်သည့် ဒိုင်းဝန်းကို လှမ်းယူသည်။ အချင်းသုံးပေခန့် ဝါးဖြင့်ခွေထားပြီး တစ်မတ်ကွက်ပိုက်စကို ကတော့ပုံတပ်ထားသဖြင့် ဆန်ကောဝိုင်းလောက်၊ လူတစ်ဖက်စာလောက် ဒိုက်ပုံများကို ကျုံး၍ ကော်တင်မယူလိုက်ရန် အနေတော်ပဲ ဖြစ်သည်။
သည်ည ပုစွန်များများရအောင် ရှာရမည်။
မကျင်ငွေက ရေစီးကို ဦးတိုက်ကာ မျောပါမသွားစေရန် တောင့်၍ လှော်ပေးထားရသည်။
“ဘေးကို … ဘေးကို” ဟု ဖိုးနီကအော်လျှင် လှေ ဦးကို ဘေးသို့ နည်းနည်းကပ်ပေးသည်။ ရေစီးအရှိန်နှင့် မျောပါလာသည့် ဒိုက်ပုံကြီးကို အားနှင့်ထိုး၍ ခပ်တင်လိုက်သည်။
ဒိုင်းဝန်းထဲ ပါလာသော ဒိုက်ဖတ်များကို ဆွဲဖယ်လိုက်လျှင် လက်မကားကြီးသုံးကောင် တဆတ်ဆတ် တဖျပ်ဖျပ်ခုန်ရင်း ဒိုင်းဝန်းထဲမှာ ပါလာနေပြီ။
လှေကပ်ကို အသာမ၍ ပုစွန်တုပ်ကြီးတွေကို ထည့်ပြီး ပြန်ဖုံးထားရသည်။ နို့မဟုတ်ပါက တောင်ဆုပ်ခန့်သာဇောက်နက်သော လှေဝမ်းထဲက ခုန်ထွက်သွားနိုင်သည်။
“ညာဘက် … ညာဘက်” ဟု လှမ်းအော်ကာ မကျင်ငွေက လှေဦးကို ညာဘက်အယိမ်းတွင် ဖျာ တစ်ဖျာစာခန့် ကန်စွန်းဖောင်ကြီး အောက်ခြေကို ထိုးကော်ခြစ်ဆွဲလိုက်သည်။
သည်လို ကန်စွန်းဖောင်ကြီးမျိုးကျတော့ တစ်ခါတည်း ထိုးကော်ယူ၍ မရ။ ဒိုင်းဝန်းနှင့် မဆံ့။ သို့ဖြစ်၍ ကန်စွန်းဖောင်၏ အမြစ်များကိုသာ ခြစ်ယူ၍ ဒိုင်းဝန်းကို ဆွဲဖော်လိုက်ရသည်။ ဆတ်ထုပ် လေး ငါးကောင်နှင့် လက်သန်းခန့် ဘေးကျားကလေး သုံးလေးကောင် ပါလာသည်။
ထိုကဲ့သို့ ခပ်ယူလိုက်၊ နေရာပြောင်းလိုက်နှင့် လောဘဇောကပ်ပြီး လှုပ်ရှားနေသည့် ဖိုးနီတစ် ယောက် ဘေးကြောတွေတင်းကာ လက်နှစ်ဖက်ကလည်း ညောင်းလာပြီ။
မြစ်ယံတစ်ကြောတွင် သောသောအုပ်အုပ် မျောပါလာနေကြသော ဒိုက်ဖောင်များလည်း တဖြည်းဖြည်းကျဲပါးသွားလေပြီ။ ရေစီးအဟုန်ကတော့ ရွေ့သည်ဆိုရုံကလေးသာ ရွေ့တော့၏။
တစ်ဆက်တည်း မနားတမ်း လေးငါးနာရီခန့် ဆက်တိုက် ပုစွန်ခပ်နေရသော ဖိုးနီရော လိုရာဘက် ကို ပဲ့ကိုင်လှော်ခတ်ပေးနေရသော မကျင်ငွေပါ ပင်ပန်းနွမ်းနယ်နေကြပြီ။
လှေဝမ်းထဲမှာတော့ သူတို့လင်မယား ပင်ပန်းကြီးစွာရှာထားသော ပုစွန်များက မနည်းလှ။ ထိုပုစွန်များကိုကြည့်ပြီး နှစ်ယောက်စလုံး ဝမ်းသာနေကြသည်။
ဖိုးနီသည် လှေဦးမှာပင် ခါးကို ဟိုသည်လှည့်၍ ကျွတ်ကျွတ်မြည်အောင် ချိုးပြီး ဖန်တွတ်ကျိန်းစပ်နေသော မျက်စိအစုံကို လန်းဆန်းသွားစေရန် မြစ်ရေကို လက်ခုပ်နှင့်ခပ်ပြီး မျက်နှာသစ်လိုက်သည်။
“နောက်ထပ် သုံးလေးဖောင်လောက် ခပ်ပြီးရင် ပြန်တော့မယ်ဟေ့။ ရေတောင် တဖြည်းဖြည်း တက်တော့မယ်ကွ”
ဟု ပြောရင်း လှေ၏ ဘယ်ဘက်ဘေးမှ ကပ်၍ မျောလာသော ဒိုက်ဖောင်ကို လှမ်း၍ ခပ်ယူလိုက်သည်။ ပြီးမှ –
“ဟိုက် … ဒုက္ခပါပဲ”
အလန့်တကြားအော်ပြီး မြစ်ရေထဲ ပြန်ချလိုက်သည်။
“ဘာလဲ … ဘာလဲ ကိုဖိုးနီ”
လှေပဲ့မှ မကျင်ငွေက စိုးရိမ်တကြီး လှမ်းမေးသည်။
ကံသီပေလို့သာပဲ။
တစ်ခါတစ်ခါ အင်းထဲ၊ တမံထဲမှ မျောထွက်လာကြသော ဒိုက်ပုံများပေါ်တွင် မြွေပွေး၊ မြွေဟောက်တို့ ခွေ၍ လိပ်၍ ပါလာတတ်ကြ၏။ ထို ဒိုက်ပုံများပေါ်တွင်ပင် အင်းထဲ အိုင်ထဲမှ ဖားပေါင်စင်းကလေးများ၊ ဖားပျံကလေးများကလည်း ပါလာတတ်သေးရာ မြွေများက အစာငမ်း၍ ပါလာခြင်းဖြစ်တော့၏။
“ဘာမှ မဟုတ်ပါဘူးကွာ။ အဲဒီ ဒိုက်ပုံက သူများခပ်ပြီးသားကြီးကွ။ ထိုးကော်ထားလို့ အမြစ်တွေပါ ရေပေါ်လန်တက်နေတာ သွားခပ်မိလို့ဟေ့။
တော်ပြီကွာ၊ ရေစီးနှေးသွားတော့ ဒိုက်တွေက တဖြည်းဖြည်းပဲ မျောလာရော။ သည်တော့ တို့အထက် မြစ်ညာကကောင်တွေ မလွတ်တမ်း ခပ်ယူလိုက်ပြီးသားတွေကွ။ ပင်ပန်းရကျိုး မနပ်ပါဘူးကွာ။ ပြန်မယ်”
ဖိုးနီက ဘာမှမဖြစ်သယောင်နှင့် မကျင်ငွေကိုလှမ်းပြောသည်။
တကယ်တော့ ထိုဒိုက်ပုံပေါ်တွင် မြွေပွေးလား၊ မြွေဟောက်လားမသိ ပါလာသည်ကတော့ အမှန်။ အိပ် ရေးပျက် မျက်လုံးများက သေသေချာချာ မမြင်နိုင်စွမ်းတော့။ ဇနီးဖြစ်သူ စိတ်မပူစေရန် ဖိုးနီ ညာလိုက်ခြင်း ဖြစ်သည်။
ဖိုးနီက လှေဦးခေါင်းထဲမှ ဆေးပေါ့လိပ်တိုကို ထုတ်ယူပြီး မီးညှိကာ တထောင်းထောင်းဖွာထုတ်လိုက်သည်။ ပြီးတော့ နှင်းတွေ၊ ရေငွေ့တွေ အုံ့ဆိုင်းကာ မှောင်ရီဝေနေသော မြစ်ညာဘက်ဆီ လှမ်း၍ ငေးကြည့်နေသည်။ လမိုက်ညဖြစ်၍ ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရ။
စောစောတုန်းက ပျားပန်းခပ်မျှ ဟိုဟိုသည်သည် ရွေ့လျားကာ ပုစွန်ခပ်နေကြသော ဘဝတူ တံငါလှေ ကလေးများဆီမှ မီးခွက်မီးရောင်များပင် သိပ်မတွေ့ရတော့ဘဲ တဖြည်းဖြည်း ကျဲပါးသွားလေပြီ။
တစ်ညတာလုံး ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်ကြရသဖြင့် မိမိတို့ အသိုက်အမြုံများဆီသို့ မောပန်းစွာပြန်ကုန်ကြပြီ။
အရှေ့ဒရင်းရွာဦးကျောင်းဆီက အုန်းမောင်းခေါက်သံသည် လေဟုန်စီးကာ မြစ်ယံတစ်ကြောမှာ လွင့်ပျံ့လာနေပြီ။
မကြာမီ အရုဏ်တက်တော့မည်။
ဖိုးနီတို့လင်မယား အိမ်ရှေ့ကပြင်တွင် ဖျာကြမ်းကြီးခင်းပြီး ပုစွန်များကို ရွေးဆယ်နေကြသည်။ ဆတ်ထုပ်က သတ်သတ်၊ ပြောင်ထုပ်က သတ်သတ်၊ လက်မကားက သတ်သတ် ခွဲခြားထားရသည်။
သားကြီးကတော့ အဖေနှင့်အမေ စားရန်အတွက် လက်သန်းခန့် ပုစွန်ကလေးများကို ရွေးပြီး ခေါင်းနှင့်အမြီးချွတ်ကာ ဆားနနွင်းနယ်၍ ကြော်နေသဖြင့် မွှေးကြိုင်နေသော ပုစွန်ကြော်နံ့က ဖိုးနီ၏ နှာဝကိုလာ၍ ချူနေပြီ။
ထို့ကြောင့် ဖိုးနီက မကျင်ငွေကို လှမ်းကြည့်လိုက်သည်။ ထိုအကြည့်တွင် မိမိပင် ယောက်ျားကြီးတန်မဲ့ အူတကြုတ်ကြုတ်မြည်အောင် ဆာနေပြီဖြစ်ရာ မိန်းမသားဖြစ်သည့် မကျင်ငွေခမျာကော ဆာနေပြီမဟုတ်လားဟု မေးသည့် အဓိပ္ပာယ်တွေ ပါလျက်ရှိသည်။
ထိုအခိုက်မှာပင် မကျင်ငွေကလည်း ဖိုးနီထံလှမ်း၍အကြည့်နှင့် တိုက်ဆိုင်နေသောအခါ နှစ်ယောက်သား သဘောပေါက်စွာ ရယ်မိကြတော့၏။
အဖေနှင့် အမေတို့ ပုစွန်များ ရွေးဆယ်နေသည်ကို ဘေးနားက ဆောင့်ကြောင့်ထိုင်၍ ကြည့်နေသော သားငယ်က ယခုထက်တိုင် တဆတ်ဆတ် ခုန်ပေါက်နေသေးသော ကျောက်ပုစွန်သေးသေးလေးတစ် ကောင်ကို ရအောင်လိုက်ဖမ်းပြီး အမြီးဖျားမှကိုင်ကာ ဒီဇယ်မီးခွက်တွင် မီးဖုတ်ရင်း –
“ဒီပုစွန်သေးသေးလေးတွေဟာ ကြီးလာရင် ပုစွန်တုပ်ကြီးတွေ ဖြစ်လာမှာလား အဖေ”
ဟု ဖိုးနီကို လှမ်း၍မေးလိုက်သည်။
ဖိုးနီက လှမ်းကြည့်ရင်း-
“ဟေ့ကောင် … ငတ်လှချေကလားဟ။ မီးခွက်မီးမှာဖုတ်စားတော့ ဒီဇယ်စော်နံမှာပေါ့ဟ။ မင်း အစ်ကိုကြီး ပုစွန်ကြော်တာ ကျက်တော့မယ်။ သွားစားချေ”
ဟု ဟောက်သော်လည်း မီးဖုတ်လက်စ ပုစွန်ကလေးကို ကျက်အောင်ဆက်ဖုတ်ပြီး အခွံမသင်ဘဲ တကျွတ်ကျွတ်ဝါးစားရင်းက –
“ဟင်လို့ … အဖေ၊ ဒီပုစွန်လေးတွေက ကြီးလာရင် ပုစွန်တုပ် ဖြစ်လာမှာလားလို့”
သူသိချင်တာ ဆက်မေးနေပြန်သည်။
“ကလေးသိချင်တာကို ပြောလိုက်စမ်းပါတော်”
မကျင်ငွေက တိုက်တွန်းသည်။ ဖိုးနီက သားငယ်ကိုကြည့်ရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သေးသည်။
“ဘယ်ဖြစ်ပါ့မလဲ သားရယ် … ဘယ်ဖြစ်ပါ့မလဲ။ ပုစွန်ဆိတ်ဟာ ပုစွန်ဆိတ်ပဲ။ ပုစွန်ဘေးကျားဟာ ပုစွန်ဘေးကျားပဲ။ ကျောက်ပုစွန်ဟာ ကျောက်ပုစွန်ပဲ။ ဘယ်လောက်ကြာအောင် ဆက်မွေးမွေး ဘယ်တော့မှ ပုစွန်တုပ်လဲ ဖြစ်မလာဘူး၊ ပုစွန်တုပ်လောက်လဲ ကြီးမလာနိုင်ဘူးကွ။ ဒါဟာ သဘာဝတရားကြီးက ကန့်သတ်ထားတာကွ၊ သိရဲ့လား”
နားလည်လေသလား၊ မလည်လေသလားတော့ မသိ။ ပါးစပ်ထဲက ဝါးလက်စပုစွန်ကလေးကုန်သွား သည်နှင့် အငယ်ကောင်သည် သူ့အစ်ကိုကြီး ပုစွန်ကြော်နေသည့် မီးဖိုချောင်ဘက်သို့ ပြေးထွက်သွား တော့သည်။
ဖျာကြမ်းအလယ်တွင် ချထားသော မီးခွက်တွင် ပိုးကောင်ကလေးတွေ ဝိုင်းပတ်ပျံသန်းနေကြသည်။ ပုစွန်ရွေးနေသော မကျင်ငွေသည် ရွေးလက်စခဏ ရပ်ပြီး ဖိုးနီကိုကြည့်သည်။ ပြီးမှ တိုးညင်းစွာဖြင့် –
“ကိုဖိုးနီ … ကျုပ်တစ်ခုမေး စမ်းပါရစေတော်။ သိချင်လို့ပါ” ဟု ဆိုသည်။
“ဘာများလဲကွာ၊ မင်းကလဲ ကလေးမဟုတ် သူငယ်မဟုတ်”
“ဪ … ကျုပ်တို့သားကြီး အတွက်ပါ။ ကျုပ်တို့က သားကြီးကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ဖြစ်စေချင်တယ် မဟုတ်လား။ ဖြစ်လဲ ဖြစ်ရမယ်လို့ အားခဲထားတယ် မဟုတ်လား။
ဒါပေမဲ့ ကျုပ်တို့လို တံငါနင်းပြား ဆင်းရဲသားရဲ့ သား သမီးဟာ အဲဒီ ကျုပ်တို့ရည်မှန်းထားတဲ့ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ဖြစ်လာနိုင်ပါ့မလားဟင်။ အဲဒါ ကျုပ်သိချင်လို့ပါ”
ဖိုးနီသည် မကျင်ငွေကို အကြာကြီးစိုက်၍ကြည့် နေသေးသည်။ ပြီးတော့ အံကိုလည်း တင်းတင်းကြိတ်မိသေးသည်။
“မင်းက ငါစောစောကပြောတဲ့ ကျောက်ပုစွန်သေးသေးလေးက ဘယ်တော့မှ ပုစွန်တုပ်ဖြစ်မလာနိုင် ဘူးဆိုတာနဲ့ ဆက်စပ်ပြီးတွေးမိလို့ မေးတာမဟုတ်လား။
ဒီမှာ မကျင်ငွေ။ ပုစွန်က ပုစွန်ပဲကွ၊ လူမဟုတ်ဘူး။ လူဆိုတာ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်လို့ ဆိုထားတယ် မဟုတ်လား။ ဟောဒီ ငါတို့ တံငါတွေ စုနေကြတဲ့ တို့ရွာတစ်ရွာလုံးမှာ ဘယ်တုန်းကမှ ဆရာဝန်တစ်ယောက် ဖြစ်ထွန်းမလာခဲ့ဘူး။ အင်ဂျင်နီယာတစ်ယောက် ပေါ် ပေါက်မလာခဲ့ဖူးသေးတာတော့ အမှန်ပဲကွာ။ ဒါကြောင့် တို့သားကြီးကို ဖြစ်မှ ဖြစ်လာနိုင်ပါ့မလားလို့ မင်း တွေးနေတာ မဟုတ်လား။
အေး… ငါတို့ခေတ်မှာ ငါတို့သားကတော့ ဖြစ်ကိုဖြစ်လာစေရမယ်ကွ၊ သိရဲ့လား။ ငါ့မှာ ခွန်အားဗလတွေ ရှိနေသေးတယ်။ အသက်အရွယ်အရ သန်သန်စွမ်းစွမ်းလဲ ရှိပါသေးတယ်ကွ။
ငါ ရေထဲက မတက်စတမ်း ရှာချင် ရှာရပါစေ။ မေးစေ့ ရေညှိတက်ချင် တက်ပါစေ။ ထမ်းပိုးအောက်က မထွက်စတမ်း ရုန်းချင် ရုန်းရပါစေ။ ငါ့သားကြီးကို ဆရာဝန်ဖြစ်အောင် ဒါမှမဟုတ် အင်ဂျင်နီယာကြီးဖြစ်အောင် ထားမယ်ကွ၊ သိရဲ့လား။ ထားကို ထားရမယ်”
အားမာန်အပြည့်နှင့် လက်သီးလက်မောင်းတန်းကာ လေသံမာမာ၊ ယုံကြည်ချက်ပြင်းပြင်းနှင့် ပြောနေသော ဖိုးနီကိုကြည့်ပြီး မကျင်ငွေတစ်ယောက် ကြက်သီးများ တဖြန်းဖြန်းထကာ အားတွေအင်တွေ ပြည့်တက်လာသည် ထင်ရတော့၏။
“အိုတော် … ဒီလိုတမ်းသာဆိုရင် ရှင်တစ်ယောက်တည်း မရုန်းရပါဘူး။ အလှည့်ကျရင် နွားမတောင် မနွဲ့စတမ်း ရုန်းရသေးတယ်ဆိုတဲ့ စကားလဲ အရှိသား မဟုတ်လား။ ကျန်တဲ့ ထမ်းပိုးတစ်ဖက်က ဝင်ရုန်းရမှာ ကျုပ်တာဝန် ထားလိုက်စမ်းပါတော်”
ဖိုးနီသည် မကျင်ငွေကို ငေးကြည့်နေရင်း ဘာပြန်ပြောရမည် မသိ။ စကားလုံးများ ရှာမရ ဖြစ်နေ သည်။
ကြည့်စမ်း… ဖြီးသင်ထားခြင်း မရှိ၍ ဖွာလန်ကြဲကာ လွင့်ပျံ့နေသော ဆံပင်၊ သနပ်ခါးမတင်နိုင်ဘဲ နေ ဒဏ်၊ လေဒဏ်တို့ကြောင့် ညိုညစ်ညစ်မျက်နှာ၊ အိပ်ရေးမဝသည့်အတွက် နီကြင်နေသော မျက်ဝန်း များနှင့် သည်မိန်းမ ခါတိုင်းနှင့်မတူ၊ သည်ကနေ့ သိပ်လှနေပါကလား။
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized