August 1, 2025
Uncategorized

ထို့ကြောင့် ဤအရာကို

မောင်ခြိမ့်

မရွာဘဲ
မမည်းလိုက်ပါနှင့် မိုးနတ်မောင်
ပိန်းပိတ်လို့မှောင်။
ရွာမယောင် ဟန်ဆောင်လို့ သူမြှူး
ရွှေမိုးညို မြောက်ကိုတိမ်းတယ်
ခြိမ်းသင့်ပါဘူး။

(ရှေးရေးတြိချိုး)

“မရွာလိုက်ပါအုံး မိုးမင်းကြီးရေ။ ကျုပ်တို့ ပြန်ရောက်တော့မှ ကြိုက်သလောက်ရွာချပါဗျို့”

ကိုညိုက ကောင်းကင်ကို မော့ကြည့်ပြီး အုန်းကနဲ လှော်တက်ကို ရေတွင် နက်နက်နှစ်၍ လှော်လိုက်ရင်း အော်ပြောလိုက်၏။

သူတို့လှေကသော အိမ်ဆိပ်ကမ်းပါးက ခွာထွက်လာ စဉ်မှာတော့ မိုးက မရွာသေး။ သို့သော် ကောင်းကင်တစ်ပြင်လုံးတွင် တိမ်မည်းညို ကိုလူဆိုးတွေက တပ်တောင်တာဗိုလ်ထုနှင့် လူစုပြီး အုံ့ဆိုင်းညို့မှိုင်းကာ ဂျိုးတဂျိမ့်ဂျိမ့် ခြိမ်းသံပေး၍ ဟန်ရေးပြင်နေကြပြီ။

မိုးဦးလေဦးတို့ထုံးစံ တောင်လေက တဖြူးဖြူး တိုက်ခတ်လှုံ့ဆော်မှုကြောင့် နွေနှောင်းလက်ကျန် ရွှေ ရောင်တချို့၊ မွဲပြာပြာတစ်သွယ်၊ ကောက်ရိုးခြောက်ရောင်တစ်မျိုး ရွက်ဝါအိုတို့က တဖွဲဖွဲ တသဲသဲ ချောင်းကလေးအတွင်း သက်ဆင်းကြွေကျကာ ရေပြင်ပေါ် မှာ ကခုန်ပျော်ပါးလျက် ရှိ၏။

ပျဉ်းမတွေ သုံးခါပွင့်ပြီဆိုလျှင် ကျိန်းသေ မိုးကျပြီဟု ဘကြီးတောကျော်တို့လို လူကြီးပိုင်း ရှေးမီနောက်မီတွေရဲ့ ပြောစကားအရဆိုလျှင်တော့ မကြာခင် မိုးကြီးဖြိုင်ဖြိုင် ကျလေတော့မည်မှာ ဧကန်ဖြစ်၏။

ဟောဟိုမြစ်ကမ်းစပ်မှာ ပင်ချင်းယှက် ကိုင်းချင်းဆက်ကာ ပေါက်နေကြသော စစ်ပင်ကြီးတွေမှာတောင် ရွက်နုတွေ မြစိမ်းရောင် ပြေးနေသည်မှာ ဘယ်မှာ ကျီးတစ်ခိုကတော့လို့လဲ။ စစ်ပင်စိမ်းစို ကျီးတစ်ခိုစာရှိလျှင် မိုးကျပြီဟု ဆိုစကားလည်း ရှိသည်မဟုတ်လား။

ကော့ကော့လန်လန် သစ်ရွက်ခြောက်တွေကတော့ ပင်အိုကိုင်းထက်က ကြွေကျသက်ဆင်း ရေပြင်မှာနင်းရလင့်ကစား တရားမရနိုင်ကြသေး။ တောင်လေတဖြူးဖြူး လှိုင်းကြက်ခွပ်တမြူးမြူးမှာ ကူးလူးပျော်ပါး လေနှင်ရာ လွင့်ပါနေဆဲပါ။

ချောင်းကလေး၏ ကမ်းနှစ်ဖက်မှာရှိသော လမုပင်၊ ဓနုန်းပင်၊ သံသတ်ပင်၊ မိုးမခပင်၊ ကျူပင်၊ ကိုင်းပင်တို့သည် လေယူရာ ယိမ်းနွဲ့ကာ မိုးမင်းကြီးရွာပါလှည့်ဟု လက်ယပ်ခေါ်နေသယောင် ရှိ၏။

“မြန်မြန်ကလေး တက်သုတ်နှင်လိုက်ပါဟေ့”

လှေဦးက ကိုတင်အုံးက ပြောလည်းပြော ကျုံး၍လည်း လှော်လေ၏။ ချောင်းရေတွေ တရိပ်ရိပ် တက်လာသဖြင့် ကမ်းနှစ်ဖက်ရှိ သောင်ခုံများကို မမြင်ရတော့ပြီ။

ပိန်ညင်းငှက်တစ်ကောင်က ကမ်းစပ်ရှိ လမုပင်၏ ကိုင်းခြောက်ကလေးပေါ်မှာ နားရင်း တက်ရေနှင့်အတူ မြူးထူးခုန်ပျံတက်လာမည့် ငါးကလေးတွေကို စိတ်ရှည်ရှည်နှင့် စောင့်လျက်ရှိသည်။

“တောက်… လေးခွ ပါမလာတာ နာသကွာ”

ကိုညိုက ရေရွတ်၏။

“မင်းကလဲကွာ … အလုပ်ဆိုတာ တစ်ခုပြီးမှ တစ်ခုလုပ်တာ ကောင်းပါတယ်ကွ။ အခု တို့သွားလုပ်မဲ့ဆီပဲ အရင်သွားရအောင်။ မြန်မြန်လှော်ကွာ”

“ဟေ့ကောင်ရဲ့ … ပိန်ညင်းငှက်သား ဘယ်လောက်ကောင်းတယ်ဆိုတာ ဆရာလေးကို ကျွေး ချင်လို့ပါကွာ”

ပြောပြောဆိုဆိုနှင့် လှော်တက်ကို ရေပြင်ပေါ် ဖြန်းခနဲ ရိုက်လိုက်လေရာ ပိန်ညင်းငှက်ကလေး လန့်ဖျပ်သွားကာ စူးစူးရှရှ တစ်ချက်အော်၍ ချောင်းကလေးအတွင်းဘက် အခြား လမုပင်တစ်ပင်၏ ကိုင်းခြောက်တွင် သွားနား၏။

“ဟုတ်တယ် ဆရာလေးရဲ့၊ ငှက်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးက ဗျိုင်းသားနဲ့ ပိန်ညင်းငှက် သားပဲဗျ”

လှေလယ်တွင် ထိုင်လိုက်လာသော ဆရာလေးကတော့ ငှက်က လက်တစ်ဆုပ်လောက်သာရှိပြီး ခိုပြာသွေးရောင်တောက်တောက်၊ ရှည်လျားကြီးမားသော နှုတ်သီး နီနီရဲရဲ၊ မျက်လုံးမျက်ဆန်ကလေး ဝိုင်းဝိုင်းနှင့် အလွန်လှသော ပိန်ညင်းငှက်ကလေးကိုကြည့်ကာ သူ့အသားကိုစားဖို့ထက် အလှမွေးထားချင်စိတ်သာ ဖြစ်ပေါ်လျက်ရှိပြီး ထိုငှက်ကလေး ပျံပြေးသွားရာဆီသို့ ငေးနေလျက်ရှိ၏။

ဗျိုင်းသားကိုတော့ ဆရာလေး အလွန်ကြိုက်၏။ နွေတုန်းက ရေခန်းစပြုနေသော တမံစပ်တွင် သံညှပ်ဖြင့် ထောင်ဖမ်း၍ရလာသော ခြောက်တောင်ဗျိုင်းကြီးတွေအကြောင်း ပြန်တွေးမိသေး၏။

အဲဒီနေ့က ဆရာလေးရယ်၊ ကိုညို၊ ကိုတင်အုံးနှင့် ကိုရွှေဖောင်တို့ လေးယောက်ဖြစ်၏။ နွေအခါ ဟင်းစားငတ်လှသည်မို့ ဘကြီးသာကျော်တို့အိမ်က သံညှပ်နှစ်ခု သွားငှားလာကာ ရေခန်းစပြုနေပြီဖြစ်သော တမံထဲတွင် သံညှပ်ထောင်ကြလေ၏။ သူတို့လေးယောက်ကတော့ တမံနှင့် မနီးမဝေး ထိန်ပင်ကြီးအောက်မှာ အရိပ်ခိုရင်း စောင့်နေကြသည်။

သိပ်တော့ မကြာ။ ဗျိုင်းတစ်အုပ် တမံပေါ်တွင် ဝဲကာဝဲကာ အစာရှာနေရင်း တမံထဲသို့ထိုးဆင်းလာကြပြီ။ နွေနေက ပူပြင်းလှသည်ကြောင့် တမံထဲတွင် ရေခန်းသည့် နေရာတွေက များပြီး ရေစပ်စပ်ကျန်တာဆိုလို့ ရှာနိုင်မှသာ တွေ့ရလိမ့်မည်။ ငါးကြီးငါးကောင်းတွေ ဟူသမျှ ရွာထဲက ကလေး လူကြီး မကျန် ဖမ်း၍ ဆီး၍ ယူသွားခဲ့ကြပြီ။

သူတို့ မလိုချင်၍ ထားခဲ့သော ယင်ပေါင်စာ၊ ငါးမော့တော့၊ ငါးခုံးမနှင့် ငါးဖျင်းသလက်ပေါက်စကလေးများသာ ပူလောင်လှသော ရွှံ့ရည်ကြောင့် မနေတတ် မထိုင်တတ်ဖြစ်ပြီး တဖျပ်ဖျပ်လူးလွန့် ခုန်ပေါက်နေကြသည်။

ဒါတွေကို လိုက်ရှာနေကြသော ဗျိုင်းတွေက မြင်ပြီး တမံတွင်းသို့ ဆင်းလာခဲ့ကြခြင်း ဖြစ်၏။

တမံစပ် ရေစပ်စပ်ထဲတွင် ခြေတံရှည်ကြီးတွေ တစ်လှမ်းလှမ်းလိုက်၊ ပေါ်လာသောငါးပေါက် ကလေးတွေကို ဆတ်ခနဲ နှုတ်သီးနှင့် ပေါက်စားလိုက်၊ ခေါင်းမော့ကာ မော့ကာ မျိုချလိုက်နှင့် အကြိုက် တွေ့နေကြတော့၏။

ကိုရွှေဖောင်က ထိန်ပင်ကို ကွယ်ပြီး အသာကလေးချောင်း၍ ကြည့်သည်။

အားပါးပါး… ခြောက်တောင်ဗျိုင်းကြီးတွေ စုစုပေါင်း ရှစ်ကောင်တောင်မှပါလား။

သံညှပ် ထောင်ထားမှန်း သိသာရန် တမံဘေးရှိ ကိုင်းပင်ကိုဖုထုံးထုံး၍ ချည်ကာ မှတ်ထားခဲ့သော နေရာနှင့် တဖြည်းဖြည်း နီးနီးလာသည်ကို တွေ့ရ၍ အသက် မရှူရဲလောက်အောင် ဖြစ်နေရသည်။

သံညှပ်ထောင်ထားသည့် နေရာကို ထိုသို့ မှတ်မထား၍ မဖြစ်။ တကယ်လို့များ ဗျိုင်းတွေ တစ်ကောင်မှ ဆင်းမလာသောအခါမျိုးတွင် ထောင်ထားသောသံညှပ်ကို ပြန်၍ ဖြုတ်ယူရဦးမည် မဟုတ်လား။

ထို့ပြင် တခြား ငါးရှာဖားရှာ၊ ငါးရှဉ့်ထိုးမည့် ရွာသားလာလျှင် သံညှပ်ထောင်ထားကြောင်း သိရှိကြစေရန် အချက်ပေးထားခြင်းလည်း ဖြစ်၏။ ထိုကိုင်းပင်ဖုထုံးကို တွေ့ကြလျှင် ထိုနေရာတွင် သံညှပ်ထောင်ထားသည်ဟု သူတို့ရွာသားချင်းက သိကြသည်သာ။

ချွန်မြထက်ရှလှသော သံညှပ်ကြီးများနှင့် ညှပ်မိပါက ငှက်မပြောနှင့် လူတောင် ချောင်မည်မဟုတ်။ ထို့ပြင် သံညှပ်ကို ပါးစပ်ဖြဲဟကာ နွံအောက် လက်တစ်လုံး နှစ်လုံး အကွာလောက်မှာ မြှုပ်ထား သဖြင့် သတ္တဝါတွေကို အသာထားလို့ လူတွေတောင် မသိနိုင်ပါ။

“ကိုရွှေဖောင် … ဘယ်လိုလဲဗျ”

ကိုညို၏ အမေးကို မဖြေအား။ “ရှူး” ဟု တိတ်တိတ်နေရန် အချက်ပြပြီး အသာဆက်၍ ချောင်းနေသည်။

ထိုအခါ သံညှပ်နှင့် ဗျိုင်းထောင်သည်ကို တစ်ခါမှမမြင်ဖူးသေးသော ဆရာလေးက သိချင်စိတ်ကို မထိန်းနိုင်ဘဲ ထိန်ပင်၏တစ်ဖက်မှ အသာကပ်ကာ ချောင်း၍ကြည့်၏။

အလိုလေးလေး … နည်းတဲ့ ဗျိုင်းကြီးတွေ မဟုတ်ပါလား။ တစ်ကောင်တစ်ကောင်လျှင် နှစ်နှစ်သား ကလေးတစ်ယောက် မတ်တတ်ရပ်နေသလောက်ကို ရှိ၏။ ဖြူဖြူဖွေးဖွေးကြီးတွေပါကလား။ ကောက် ကွေးကွေး လည်တံကြီးတွေ တယမ်းယမ်းနှင့် ရေစပ်စပ်မှာ တစ်လှမ်းချင်းလျှောက်ကာ ပေါ်လာသော ငါးတွေနောက် လိုက်ပြီး ထိုးဆိတ်စားနေကြသည်။

မကြာပါ။ ဖြောင်းခနဲ ဖြောင်းခနဲ သံညှပ်မောင်းရိုက်သံတွေ ကြားလိုက်ရပြီ။ ဗျိုင်းကြီးတွေ ဂီးဂီး ဂဲဂဲအော်ကာ ပျံတက်ပြေးသွားကြပြီ။

သို့သော် ခြောက်တောင်ဗျိုင်းကြီးနှစ်ကောင်ကတော့ အတောင်တဖြန်းဖြန်း ရိုက်ခတ်ရုန်းကန်ရင်း နာကျင်ကြောက်လန့်စွာ အော်ဟစ်ရင်း သံညှပ်တွင်မိ၍ ကျန်ခဲ့လေပြီ။

“လာဟေ့… လာကြဟ၊ မိနေပြီကွ… မိနေပြီ”

ဟု ပြေးရင်းအော်၊ အော်ရင်းပြေးသော ကိုရွှေဖောင် နောက်သို့ သူတို့အားလုံး ပြေးလိုက်သွားကြ၏။

သူတို့လူစု တမံစပ်ကိုရောက်တော့ ခြေထောက်တွင် သံညှပ်မိနေသော ဗျိုင်းကြီးနှစ်ကောင် ကြောက် လန့်တကြား ထပျံရန် ကြိုးစားကြ၏။ သို့သော် လေးလံလှသော သံညှပ်မိချက်က ခြေထောက်တစ်ချောင်းလုံး ကျိုးကြေမတတ် အထိနာလှသောကြောင့် မပျံနိုင်။

အနားကပ်လာသော လူစုကို နှုတ်သီးဖြင့် ဆိတ်၏။ အတောင်ဖြင့်ရိုက်၏။

သို့သော် … နောက်ကျခဲ့ပြီ

xxx xxx xxx

“ခြောက်တောင်ဗျိုင်းလို့ ဘာဖြစ်လို့ခေါ်တာလဲ ကိုညိုရဲ့”

ဆရာလေး၏ မေးခွန်းကို မဖြေအားသေး။ အမွေးတွေ နုတ်ထားပြီးသော်လည်း အရေပြားတွင် ကပ်၍ ကျန်နေသော အမွေးနုကလေးတွေ ကျန်နေသေးသဖြင့် ကောက်ရိုးမီးဖြင့် လှည့်ကာ လှည့်ကာ မီးမြှိုက်ပေးနေရသေး၏။

ဗျိုင်းမွေးကို မည်သူကမျှ စင်အောင် မနုတ်နိုင်ကြ။ အတောင်ပံနှင့် ကိုယ်လုံးပေါ်ရှိ အမွေးကြမ်းကြီးတွေကိုသာနုတ်ပစ်ကြပြီး ကျန် အမွေးနုများကိုမူ ယခုလိုမီးမြှိုက်ကြရိုး ထုံးစံရှိလေ၏။ ဤသို့ မီးမြှိုက်လိုက်တော့မှ ဗျိုင်းသားသည် အမွေးလည်းစင်၏။ ညှီစော်လည်းမနံတော့။ အသားမှာလည်း မွှေးနေ တော့၏။

ငရုတ်သီး လေးစိတ်ကွဲလေး ထောင်း၊ စပါးလင်နှင့် ချင်းကလေးထည့်ကာ ဆီလည်ရေလည်ကလေး ချက်လိုက်လျှင် ဗျိုင်းသားဟင်းနံ့က အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် သွားရည်ကျစေလိမ့်မည်။

လက်ထဲက မီးမြှိုက်ပြီးသား ဗျိုင်းကြီးနှစ်ကောင်ကို ကိုရွှေဖောင်လက်ထဲ လှမ်းပေးလိုက်ပြီး ကောက် ရိုးမီးခိုးမှိုင်းတွေ ရိုက်ထားသဖြင့် အဆီပြန်ကာ မည်းညစ်နေသော မျက်နှာကြီးကို ပုဆိုးခါးပုံစနှင့် သုတ်လိုက်သေး၏။ ပြီးတော့ ရေနွေးကြမ်းတစ်ခွက်ကို ကောက်၍ မော့သောက်လိုက်၏။

“ဘာဖြစ်လို့ ခြောက်တောင် ဗျိုင်းလို့ ခေါ်သလဲဆိုတော့ ခြောက်တောင်တိတိရှိလို့ ခြောက်တောင်ဗျိုင်းလို့ ခေါ်တာပေါ့ ဆရာလေးရယ်”

ဟု ပြောပြီး ကိုညိုက ဆေးလိပ်ဖွာနေတော့သည်။

ဆရာလေးက နားမရှင်းသဖြင့် ကိုညို့မျက်နှာကိုကြည့်လိုက်၊ ကိုရွှေဖောင့် မျက်နှာကို ကြည့်လိုက်နှင့် အူကြောင်ကြောင်ဖြစ်နေသည်ကို ငရုတ်သီးထောင်းနေသော ကိုတင်အုံးက တဟားဟားနှင့် သဘောကျစွာရယ်ရင်း

“ငညိုကလဲကွာ … ဆရာလေး နားရှင်းအောင်မှ မပြောဘဲဟာ။ ဒီလိုဆရာလေးရဲ့၊ ဗျိုင်းရဲ့လည်ပင်းကို တိုင်းကြည့်ရင် တစ်တောင်ရှိတယ်။ ကိုယ်လုံးက တစ်တောင်၊ အတောင်ပံနှစ်ဖက်နဲ့ ခြေထောက် နှစ်ချောင်းက တစ်တောင်စီရှိတယ်။ ပေါင်းလိုက်တော့ ခြောက်တောင်ရှိလို့ ခြောက်တောင်ဗျိုင်းလို့ခေါ်ကြတာ ဆရာလေးရဲ့။ ရှင်းပြီလား”

ဟု ပြောပြီး မြေငရုတ်ဆုံကြီးထဲက ငရုတ်သီး၊ ကြက်သွန်၊ ချင်း၊ စပါးလင်တို့ကို သစ်သားကျည်ပွေ့ကြီးနှင့် တဒုန်းဒုန်း ထောင်းနေတော့သည်။

ကျောင်းဆရာလေးကို သူတို့ တစ်ရွာလုံးက ချစ်ကြခင်ကြသည်။ အညာသား ဆရာလေးက သူတို့ အောက်အရပ် မြစ်ဝကျွန်းပေါ်ဒေသ အစားအစာများနှင့် မရင်းနှီးလှပေ။ ထို့ကြောင့် သူတို့က အခါအခွင့်သင့် တိုင်း ထူးထူးဆန်းဆန်း အစားအစာတွေ ရှာဖွေချက်ပြုတ် ကျွေးမွေးလေ့ရှိကြ၏။

ဆရာလေးကလည်း သူတို့ ကျွေးမွေးလေသမျှ ဟိုဟာတော့ မကြိုက်ဘူး၊ သည်ဟာတော့ မစားချင်ဘူးဟူ၍ မရှိ။ ကျွေးသမျှကို “ကောင်းတယ်ဗျို့” ဟု ပြောကာ နှစ်နှစ်ခြိုက်ခြိုက် စားသည်ချည်း ဖြစ်၍ ဒါကိုပင် သူတို့ရွာသားတွေက သဘောကျ၍မဆုံးနိုင်ကြတော့။

ယခုတော့ ဆရာလေးသည် ကြွက်ထိုးလည်း လိုက်ဖူးပြီ။ ဖားချိတ်ရာလည်း ပါဖူးပြီ။ မြွေပွေးသား မြွေဟောက်သားလည်း စားခဲ့ဖူးပြီ။

“ဒါထက် … နေပါအုံးဗျ၊ ခင်ဗျားတို့ သံညှပ်တွေထောင်တိုင်း အမြဲ မိတာချည်းပဲလား”

ဆရာလေးက မေး၏။

ထိုအခါကျမှ ကိုညိုက ပါးစပ်တွင် တပ်ထားသော ဆေးပေါ့လိပ်ကို ဖြုတ်၍ –

“အင်း… ဆရာလေးက ကျုပ်တို့လုပ်ငန်းတွေနဲ့ စိမ်းနေသေးတော့ ဘယ်သိနိုင်ပါ့မတုံး။ တိရစ္ဆာန်တွေမှာလဲ သူတို့ဘဝပေးအသိနဲ့ သူတို့ အန္တရာယ်ကိုတော့ သိကြတာပေါ့ ဆရာလေးရယ်။ ထောင်ထားတိုင်း တော့လဲ ဘယ်မိပါ့မလဲ။ တချို့ ပါးနပ်တဲ့ ဗျိုင်းတွေကျတော့ ကောင်းကင်ပေါ်ကဆင်းပြီး နားနားချင်း သံညှပ်ပေါ် တည့်တည့်ကျမှ မိတာကလား။ နို့မို့ရင် သူတို့က ဘယ်မှ လျှောက်မသွားဘူးဗျ။ ခြေထောက်တစ်ချောင်းကို ထောက်၊ တစ်ချောင်းကို ရင်ဘတ်မှာ ကပ်ထားပြီး ငြိမ်ငြိမ်ကလေး စောင့်နေတာပဲ။

ငါးဆိုတာမျိုးက အခုလို နေပူရေခန်းချိန်မျိုးမှာ ဘယ်မှာလာ အငြိမ်နေနိုင်မှာလဲ။ ကူးလိုက် ခပ်လိုက်၊ အဲ … ပူလာရင် ဖျတ်ခနဲ ထခုန်လိုက်နဲ့ တဖြည်းဖြည်း ဗျိုင်းနားကို ရောက်သွားတော့တာပဲ။ အဲဒီလို သူ့အနားကို ငါး ရောက်လာတော့မှ ဆတ်ခနဲ ကောက်မျိုတော့တာပေါ့။ ဒါကြောင့် ကျုပ်တို့လို လူတွေက ဉာဏ်ကူရတယ် ဆရာလေးရဲ့”

ဆရာလေးကတော့ ကိုညို၏ စကားတွင် စိတ်ပါဝင်စားလွန်းအားကြီး၍ မျက်တောင်မခတ်စတမ်း ငေးလျက်ရှိ၏။

“ကျုပ် သံညှပ်ဆင်နေတုန်းက ဆရာလေး ထိန်ပင်အောက် ရောက်နေလို့ မသိလိုက်တာပါ။ သံညှပ် မဆင်ခင်မှာ အိုင်ထဲက ငါးပေါက်ကလေးတွေ လေးငါးဆယ်ကောင်လောက် လက်နဲ့စမ်းပြီး ခါးပိုက်ထဲထည့်ထားရသေးတယ်။ ပြီးတော့ သံညှပ်ထောင်တယ်။ သံညှပ်ကို မမြင်အောင် အပေါ်က နွံနဲ့ ခပ်ပါးပါးဖုံးထားရတယ်။

ပြီးမှ ဖမ်းယူထားတဲ့ ငါးပေါက်စလေးတွေကို သံညှပ်ပတ်ပတ်လည် ရွှံ့ပြင်ပေါ်မှာ မြင်သာအောင်ဖြန့်ပြီးချထားလိုက်ရတယ်။ ဒါမှ ကောင်းကင်ပေါ်က ပျံလာတဲ့ဗျိုင်းတွေမြင်ပြီး ဆင်းလာမှာကိုး။

ဒါမှ မဟုတ်ရင်လဲ ရေထဲက ပေါ်လာတဲ့ ငါးတွေစောင့်ရင်း ရွှံ့ပေါ်မှာ ထထခုန်နေတဲ့ ငါးကလေးတွေမြင်မယ်။ ဒီတော့ တစ်ကောင်ချင်း တစ်ကောင်ချင်း အသာ ကောက်ကောက်စားရင်း အာသာမဖြတ်နိုင်ဘဲ ထောင်ထားတဲ့ သံညှပ်နား ရောက်လာရော၊ ဒီတော့ နင်းလဲ နင်းမိရော။ ဟော … ဖြောင်းခနဲ ဖြောင်းခနဲပေါ့ ဆရာလေးရယ်”

“အင်း … အင်း … ဗျိုင်းတွေကို အစာလောဘ တက်လာအောင် မြူဆွယ်ရတာကိုး။ လူတို့ပရိယာယ် ဗျိုင်းသူငယ် နားဝယ်မလည်ရှာ ဆိုပါတော့။ ဟား ဟား ဟား”

xxx xxx xxx

“ဟေ့ကောင် ငညို၊ ကပ်တော့လေကွာ… ကပ်တော့။ ချောင်းဖျားရောက်နေပြီဟ။ ရေကလဲ တော်တော်တက်နေပြီပဲ။ အလို … မင်းကောင်တွေလဲ အပင်တွေမှာ တော်တော်ကပ်နေပြီဟေ့”

ကိုညိုက လှေကို ကမ်းသို့ အရှိန်သတ်၍ ကပ်၏။ ချောင်းဖျား တစ်ခွင်လုံး ဓနုန်းတောကြီးတွေ၊ လမုပင်တွေ၊ ကိုင်းပင်တွေ၊ ဓနိပင်တွေ တောထနေသည်။

ကြည့်စမ်း … လမုပင်၏ ပင်စည်တွင် ပြည့်တက်လာသော ရေနှင့်လွတ်ရုံကလေးမှာ တုတ်တုတ်ခဲအောင် တွယ်ကပ်နေကြသည်။ အခွံခွာထားသော ကွမ်းသီးလုံး အရွယ်ခန့် ကနစိုခရုတွေပါလား။ လက်နဲ့အသာ ခွာယူလိုက်ရုံပင်။

ဆရာလေးသည် အစကတော့ ရွရွတက်နေသော ခရုကောင်တွေကို ကိုင်ရသည်မှာ အသည်းယားနေသေးသော်လည်း ခဏကြာတော့ ပင်စည်တွင်ကပ်နေသော ခရုကလေးတွေ ခွာယူလိုက်၊ လှေဝမ်းထဲ ပစ်ထည့်လိုက်နှင့် ပျော်စရာပင် ကောင်းသေးတော့သည်ဟု ထင်လာပြီ။

သူတို့ အခုလို ကနစိုခရုကောက် ထွက်မလာမီက ဘကြီးသာကျော်နှင့် ဝိုင်းဖွဲ့ပြီး ပြောခဲ့သော စကားတွေကို ပြန်၍ သတိရ၏။

“တခြား အစားအစာတွေတော့ ဆရာလေးက တော်တော်စုံပြီ။ ကနစိုခရုတော့ မစားရသေးဘူး မှတ်တယ်။ မင်းတို့ထဲက ဒီည ပိုက်ဆွဲမဆင်းတဲ့ကောင်တွေ၊ သွားကောက်ကြကွာ။ ရေပြည့်ချိန်ဆို ချောင်းဖျားမှာ အများကြီးပဲဟေ့။ ဟိုတစ်နေ့က ဓမင်းနွယ် သွားခုတ်ရင်း တွေ့ခဲ့သကွ။ အချိန်မရလို့ မကောက်ခဲ့ရဘူး”

ပိုက်ဆွဲမဆင်းဘဲ နားနေကြသော ကိုတင်အုံးတို့ လူစုက တက်ကြွစွာနှင့် –

“ကောက်ဆိုရင်တော့ သွားကောက်မယ်ဗျာ။ ချက်တာ၊ ပြုတ်တာ၊ သုပ်တာတော့ သူများခိုင်းဗျ”

ခရုဆိုသည့်အသံကိုကြားလျှင် စားပင်သီးပင်တွေပေါ် တွယ်တက်နေတတ်သော ခရုကျားကြီးတွေကို သွားမြင်ကာ ပျို့ချင်အန်ချင်ဖြစ်လာသော ဆရာလေးက …

“ဟာ … နေပါစေ ဘကြီးရာ၊ ကျွန်တော်… ကျွန်တော်”

နှင့် စကားထစ်နေပြီးမှ အားနာစွာနှင့် “ကိုတင်အုံးတို့ အလုပ်ရှုပ်နေပါ့မယ်” ဟု စကားဆက်၏။

ဦးသာကျော်က တဟဲဟဲရယ်ရင်း…

“ဆရာလေးက ခရုဆိုလို့ စားဖို့ ရွံ့သွားပုံရတယ်။ တခြားခရုမျိုးမဟုတ်ပါဘူး ဆရာလေးရဲ့။ ကနစိုခရုဗျ။ ကနစိုခရုက ဆရာလေးတို့ အညာဘက်က မြစ်တွေ ချောင်းတွေမှာ မရှိဘူးဗျ။ ကျုပ်တို့ အောက် အရပ် ရေချိုရေငန်စပ်တဲ့ နေရာတွေမှာမှ ရှိတာ။ အကောင်ကလဲ ဘာရှိမှာလဲ။ မသကာ လူကြီးလက်မ သာသာပေါ့။

ကျုပ်တို့အရပ်သားတွေ အတွက်ကတော့ သရေစာလဲဟုတ်၊ ဟင်းစားလဲ ဟုတ်တာပေါ့ဗျာ။ ကိုယ်စားချင်တဲ့အချိန်မှာ ရတတ်တာမျိုး မဟုတ်ဘူးဗျ။ အခုလို မိုးဦးကျကာလလောက်မှ ရတတ်တယ်။ ဟိုးအရင်တုန်းကတော့ ကျုပ်တို့အရပ်က ကမ်းစပ်တွေမှာ ကနစိုပင်တွေက အလွန်ပေါတာကလား။ အခုတော့လဲ မရှိတော့သလောက်ပါပဲ။ အဲဒီ ကနစိုပင်ကြီးတွေရဲ့ ပါးပျဉ်းကြီးတွေမှာ တွယ်ကပ်နေကြတာ၊ ကျုပ်ငယ်ငယ်က မီခဲ့တာပေါ့လေ။

ဒါကြောင့်လဲ ကနစိုခရုလို့ ခေါ်ကြထင်ပါရဲ့။ အခုတော့ ကမ်းစပ်တွေ ရေပြည့်တဲ့အခါ ရေလွတ်ရုံ နေရာကလေးတွေမှာ တွယ်ကပ်နေကြတာပေါ့။ လမုပင်တို့၊ ဓနိပင်တို့၊ ကိုင်းပင်တို့၊ ကိုယ်ရံကြီးပင်တို့မှာ သိပ်ပေါတာပေါ့။

ရေစစ်ချိန်ဆိုရင် ရှာလို့ မရနိုင်ဘူးဗျ။ သူတို့ အစာရှာထွက်ကြတဲ့အချိန်ကိုး။ သူတို့စားတာက မြေဆီမြေနှစ်၊ ရေညှိရေမှော်တွေပဲ စားတာဗျ။ အင်မတန် သန့်တယ်”

ဟု ပြောပြီး ရေနွေးကြမ်းတစ်ခွက် ငှဲ့၍ သောက်သည်။

“ဟုတ်တယ် ဆရာလေးရဲ့။ ခရုတွေ ရလာရင် ရေစင်စင်ဆေးပြီး ကျက်အောင်ပြုတ်ရတယ်။ ပြီးရင် ချိတ်ကလေးနဲ့ အသားတွေထွင်ပြီး ပဲမှုန့်၊ ဆီချက်၊ ရှောက်ရွက်၊ ရှောက်ရည်ကလေးထည့်ညှစ်ပြီး သုပ်စား ရင် တထုတ်ထုတ်နဲ့ ဘာပြောကောင်းမလဲ။ အစပ်ကလေး စားချင်ရင် ငရုတ်သီးစိမ်းလေး ကိုက်ပေါ့။ ပြီးတော့ ဟင်းခါးလေး သောက်ချင်သပဆိုရင် ပိန်းစွယ်ကလေးနဲ့ ဟင်းခါးချက်လိုက်ရင် အလွန်ချို တာပေါ့။

ဟင်းခါးထဲ ခရုတွေ အကောင်လိုက်ထည့်ချက်ပြီး ဟင်းခါးရည် တစ်ဇွန်းသောက်လိုက် ခရုကလေးဆယ်ပြီး ပန်းကန်နှုတ်ခမ်းမှာ ဆတ်ခနဲခေါက်ချလို့ အဆန်ထွက်လာရင် စားလိုက်နဲ့ ပျော်စရာကြီးပေါ့တော်”

ဘကြီးသာကျော်မိန်းမ ဘွားမယ်လှက ပြောပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီး ငေါ့လိုက်သေး၏။ ပြီးမှ –

“ပြောရင်းပြောရင်းနဲ့ ကျုပ်တောင် စားချင်လာပြီ။ ဟဲ့ကောင်လေးတွေ … သွားမှာဖြင့်လဲ မြန်မြန်သွားကြ။ ဟင်းခါးချက်ဖို့နဲ့ အသုပ် သုပ်ဖို့ ငါနဲ့ ညိုမြ တာဝန်ထား။ နင်တို့တာဝန်က ကနစိုခရုတွေ တစ်ခွဲ သားလောက်ရအောင် ကောက်ခဲ့ကြ”

xxx xxx xxx

ဘွားမယ်လှ၏ အမိန့်ချသံအဆုံးတွင် ဆရာလေးတို့သုံးယောက်သား လှေကလေးပေါ် ရောက်ခဲ့ကြ၏။

ရေပြည့်နေသော ချောင်းကမ်းစပ်တစ်လျှောက် ခရုတွေ တွယ်ကပ်နေသည့် အပင်မှန်သမျှ လှေနှင့် ဘေးကပ်ပြီး ခွာယူလိုက်၊ လှေဝမ်းထဲ ပစ်ထည့်လိုက်နှင့် တစ်ခွဲသားလောက် ရနေပါပြီ။

“တော်ပြီဟ … တော်ပြီဟ၊ ဒီလောက်ဆို လောက်တယ်ကွ။ မိုးတောင် အတော်နိမ့်လာနေပြီ။ ပြန်မယ်ကွ”

လှေပဲ့မှ ကိုညိုက ပြောလိုက်သည်။

“နေစမ်းပါအုံးကွာ။ စားစရာဆိုတာ ပိုတယ်ရှိသလားကွ။ များများပါသွားတော့ ဘွားမယ်လှက မင်းတို့ကို ပါးရိုက်မှာမို့လို့လား။ တွေ့တုန်း ရသလောက် ကောက်သွားရအောင်ပါ”

ကိုတင်အုံးက ကိုင်းပင်ကြားက ဓနိပင်တစ်ပင်မှာ တွယ်ကပ်နေသော တစ်ပြည်သားခန့် ခရုကလေး တွေ လှမ်းကြည့်ရင်း ထားခဲ့ရမှာ နှမြောဟန်နှင့် တားသည်။

“သွားကြရအောင်ကွာ၊ ဆရာလေးလဲ ဆာနေရောပေါ့။ အိမ်ကျ ပြုတ်ရမှာနဲ့ အဆန်ထွတ်ရမှာနဲ့ ကြာအုံးမှာကွ”

“ဟာ … ရပါတယ် ကိုညိုရဲ့။ ကျွန်တော် မဆာသေးပါဘူး”

ခရုတွေ ခွာယူရတာ ပျော်နေပုံပေါက်သော ဆရာလေးကပါ ပြောနေသဖြင့် ကိုညိုက ဘာမှ ပြောမနေတော့ဘဲ လှေကို အသာယက်၍ ကပ်ပေးသည်။

ဓနိပင်မှာ တွယ်ကပ်နေသော ခရုများကို ကုန်အောင်ပင် မခွာရသေး။ ဓနိပင်နှင့် ကပ်လျက် ကိုင်းပင်ရှုပ်ရှုပ်တွေကြားက ဖွီးခနဲ ဖွီးခနဲ နှာမှုတ်သံပြင်းပြင်းကြီးကို ကြားလိုက်ရသဖြင့် သုံးယောက်သား အလန့်တကြား ကြည့်မိကြ၏။

ကိုင်းတောစပ်ရှိ ဆန်ကောတစ်ချပ်စာမက ကြီးမားလှသော အသိုက်ကြီးထဲမှ တစ်တောင်ခန့်မြင့်အောင် ခေါင်းထောင်ပြီး ပါးပျဉ်းကြီးခွက်ကာ ဒေါသတကြီးနှင့် နှာမှုတ်နေသော ငန်းမြွေကြီးကို တွေ့လိုက်ရ လေတော့၏။

လှေဦးမှ ကိုတင်အုံးက သူနှင့် အနီးဆုံးဖြစ်နေသောမြွေကြီးကို ကြောက်လန့်တကြားကြည့်ရင်း

“ဟိုက် … ဒုက္ခပဲ၊ ငန်းပုပ်ကြီးဟ … ငန်းပုပ်ကြီး”

ဟု အော်လည်းအော်၊ လက်ကလည်း လှော်တက်ကို ကောက်ကိုင်ကာ ဓနိပင်ကိုထိုးပြီး ကမ်းမှအမြန်ခွာထွက်လိုက်သည်။

လှေလယ်တွင် လိုက်လာသော ဆရာလေးကတော့ သူ့တစ်သက်မှာ သည်လောက်ကြီးသည့် မြွေကြီးကို တစ်ခါမှ မမြင်ဖူး။ ယခုလို အသက်အန္တရာယ်နှင့်လည်း အလွန်နီးကပ်စွာ မကြုံဖူးလေရာ ဘာမှ မလှုပ်ရှားနိုင်ဘဲ ကြက်သေသေ၍ ပါလာခဲ့လေ၏။

မြွေကြီးနှင့်လှေ လေးငါးဆယ်ပြန်မက ဝေးအောင် လှော်ထွက်ပြေးလာခဲ့ပြီးမှ ဆရာလေးက နောက်သို့ပြန်လှည့်ကြည့်ရင်း –

“မြန်မြန်လှော်ကြပါဗျ၊ မတော်လို့ မြွေကြီးလိုက်လာမှဖြင့်”

ဟု တုန်ယင်သော အသံကြီးနှင့် ပြောသည်။

“မလိုက်တော့ပါဘူး ဆရာလေးရာ … စိတ်ချပါ။ သူ့ကိုလဲ ရန်မရှာဘူး၊ သူ့အသိုက်ကိုလဲ မဖျက်ဘူး၊ သူ့ဥတွေလဲ ယူမလာခဲ့ဘူးဆိုတော့ လိုက်စရာအကြောင်းမရှိပါဘူး။

သူ့အသိုက်နား ကျုပ်တို့ သွားကပ်မိတော့ သူနဲ့ သူ့ဥတွေကိုများ ရန်ရှာမလားဆိုပြီးတော့ မာန်ဖီသံပေးတာပါ။ တကယ်လို့ လိုက်လာမယ်ဆိုရင်တောင် ကြောက်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ် တို့နှစ်ယောက်လှော်တဲ့လှေကို မီအောင် မလိုက်နိုင်ဘူး၊ စိတ်ချ”

ကိုညို၏စကားကို ကြားလိုက်ရတော့မှ ဆရာလေးက စိတ်အေးသွားပုံနှင့် သက်ပြင်းကြီးတစ်ချက် ချလိုက်၏။ ပြီးတော့ နွေတုန်းက သံညှပ်နှင့်ဗျိုင်းထောင်စဉ်က ကိုညို ပြောစကားတွေကို သွားသတိရသည်။

ဗျိုင်းဆိုသည်မှာ တိရစ္ဆာန်ဖြစ်၏။ အိပ်၊ စား၊ ကာမ ဤသုံးဝကိုသာ သိ၏။ သူ့တစ်ဝမ်းတစ်ခါးဝဖို့အတွက် လောဘတက်မိတာနှင့်ပင် သူတို့အသက်ကို ပေး ဆပ်ခဲ့ရပြီးပြီ။

မိမိတို့က အသိဉာဏ်ရှိသည့် လူသားတွေဖြစ်၏။ ဒါတောင် လောဘတဏှာကို ထိန်းချုပ်နိုင်ခဲ့ ပါ၏လော။

အင်း … လောဘစိတ်၊ လောဘစိတ်။

မိမိတို့စားဖို့အတွက် လုံလောက်နေတာတောင်မှ ထပ်၍ တွေ့သောအခါ လောဘကိုမချိုးနှိမ်နိုင်ဘဲ လောဘ၏စေရာနောက်ကို လိုက်ခဲ့မိသည့်အတွက် အသက်ကို ပေးရတော့မလို့ သီသီလေးပါတကား။

Leave a Reply

Your email address will not be published. Required fields are marked *