ဒုက္ခလမ်းကြုံ(စ/ဆုံး)
——————
ကျွန်တော် နာရေးတစ်ခုသွားရန်ရှိသည်။
ကွယ်လွန်သူမှာ ကျွန်တော်နှင့် တစ်လမ်းတည်းသား။ သူက ဆိုင်ကယ် ကယ်ရီဆွဲသူဖြစ်သည်။
လွန်ခဲ့သော ၅ ရက်လောက်ကမှ ကျွန်တော် လမ်းလျှောက်ရင်း သူနှင့်စကားပြောဖြစ်သေးသည်။
“ဆီဈေးတွေ ဒီလောက်တက်နေတာ ဆိုင်ကယ်ဆွဲလို့ ကိုက်သေးရဲ့လား”
“သိပ်မကိုက်တော့ဘူးဆရာရေ … မနေ့က ၁၄၅၀၀ ရတယ်။ ဆီဖိုးက ၅၀၀၀၊ အုံနာကို ပေးရတာက ၅၀၀၀၊ ကိုယ့်အတွက်က ၄၅၀၀ ပဲကျန်တော့တယ်၊ အရင်ကဆိုရင် ဆီ ၂၀၀၀ ဖိုးလောက်ထည့်ပြီး တစ်နေကုန်ပတ်မောင်း နေတာ။ ခုတော့ ၅၀၀၀ ဖိုးထည့်ရတော့ သိပ်ကိုက်တယ်လို့ မဆိုနိုင်ဘူး။ ဒီကြားထဲက ဖမ်းတယ် ဆီးတယ် ဆိုရင် ရှောင်ရ တိမ်းရနဲ့ အိတ်စိုက်ရတာတွေတောင်ရှိတယ်”
သူတို့နှင့် စကားပြောလိုက်တိုင်း ရင်ထဲတွင် တင်းကျပ်ခဲ့ရသည်။
သူ့နာမည်က စိုးမောင်
စိုးမောင်သည် ဤဇာတိမဟုတ်။ ပြေးရင်းလွှားရင်း ရန်ကုန်ရောက်လာသူတစ်ယောက်ဖြစ်သည်။ သူတို့ဇာတိ နယ်တွင် လုပ်ကိုင်စား၍မရနိုင်လောက်အောင် အခြေအနေတွေကဖြစ်လာသည်။ ထို့ကြောင့် သူကရန်ကုန်ကို ပြောင်းလာပြီး ကြုံရာ ကျပန်းလုပ်စားသည်။
“နယ်မှာထက်တော့ အဆင်ပြေတယ် ဆိုရမယ်။ ဒီမှာက ပိုက်ဆံပိုရသလို၊ ပိုရှာနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရှာသလောက်ဟာ လောက်တယ်လို့ကို မရှိပါဘူး။ အိမ်လခ၊ စားစရိတ်ကို မျက်လုံးပြူးနေအောင် ရှာရတယ်။ မတ်တတ်စာပဲရှိတယ် … တုံးလုံးစာမရှိဘူး”
ကျွန်တော်က သူပြောသည့် မတ်တတ်စာနှင့် တုံးလုံးစာဆိုသည်ကို သဘောကျသွားမိသည်။
ဤကာလတွင် လူတိုင်းသည် တစ်ခုမဟုတ်တစ်ခု ဒုက္ခရောက်နေသူတွေသာဖြစ်သည်။
တစ်မနက် လမ်းလျှောက်လာရင်း
“ဆရာ … ညက စိုးမောင် ဆုံးသွားပြီ”
“ဟာ ဘာဖြစ်လို့လဲ”
“ဆိုင်ကယ်တွေ လိုက်ဖမ်းတော့ ထွက်ပြေးရင် ကားတိုက်မိတာ”
“အို ဖြစ်ရလေ”
“ဖမ်းနေ ဆီးနေတဲ့ကြားက ဘာဖြစ်လို့များ”
“ဒီတစ်လော အဖမ်းအဆီးများလာတော့ သူဆိုင်ကယ်မထွက်နိုင်တာ ကြာပြီဆရာ … ညနေကမှ ဆန်ဖိုးလေး ရအောင်ဆိုပြီး ခိုးဆွဲတာ ခံလိုက်ရတယ် … တောက်”
သူ့ တောက်ခတ်သံက ကျွန်တော့်ရင်ထဲကို လှုပ်ခတ်သွားသည်။
“ဪ ဖြစ်ရလေ စိုးမောင်ရယ်”
ကျွန်တော် စိတ်မကောင်းဖြစ်စွာနှင့် သူ့အသုဘကို လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
အသုဘချသည့်နေ့တွင် သူ့အိမ်မှ နာရေးကြို ကားတစ်စီးသာ စီစဉ်နိုင်ပါသည်။ ကျွန်တော် မမီလိုက်ပါ။ ထို့ကြောင့် သင်္ချိုင်းကို တက္ကစီငှားသွားရန် ဆုံးဖြတ်လိုက်သည်။ တက္ကစီခကလည်း ၅၀၀၀ တောင်းနေသဖြင့် ကျွန်တော် မတတ်နိုင်ပါ။ ထို့ကြောင့် လိုင်းကားတစ်ဆင့်စီး၊ သင်္ချိုင်းအဝင်လမ်းရောက်မှ ဆိုင်ကယ် ကယ်ရီ တစ်ဆင့်စီးရန် ဆုံးဖြတ်ကာ လိုင်းကားစောင့်နေပါသည်။
ယခုတစ်လော လိုင်းကားတွေကလည်း ပြတ်သည်။ ဂက်စ်မရလို့ဆိုလား ပုံမှန်မထွက်နိုင်ကြတော့။ ကျွန်တော် လိုင်းကားစောင့်နေစဉ် ကျွန်တော့်ရှေ့ကို အိမ်စီးကားတစ်စီး ရပ်လိုက်သည်။
“ဆရာ ဘယ်လဲ”
“ဦးဘသောင်းပါလား … အသုဘပို့သွားမလို့ လိုင်းကားစောင့်နေတာ”
“လာလေဆရာ … ကျွန်တော့်ကားနဲ့ လိုက်ခဲ့ … သုသာန်လမ်းအထိ ကြုံပါတယ်”
“ရပါတယ်ဗျာ … ဦးဘသောင်း သွားစရာရှိတာ သွားပါ”
“မြို့ထဲသွားမှာ ဆရာရယ် … လိုက်ခဲ့ပါ … အပန်းမကြီးပါဘူး”
ကျွန်တော်က အားနာသော်လည်း ရွေးချယ်စရာမရှိ။ အသုဘ ပို့ချိန်ကလည်း နီးနေပြီ။
“အေးဗျာ … လမ်းထိပ်မှာချပေးခဲ့ပါ”
ကျွန်တော်က ကားနောက်ခန်းက တက်လိုက်သည်။ ဦးဘသောင်းက ရှေ့ခန်းမှ ဆင်းလာပြီး ကျွန်တော်နှင့်အတူ နောက်ခန်းတွင် လာထိုင်သည်။
“ဆရာနဲ့ စကားပြောချင်နေတာ အတော်ပဲ”
ကျွန်တော့်နေရာမှ သင်္ချိုင်းကို ကားက ၁၅ မိနစ်ခန့် မောင်းရမည်ထင်သည်။ ၁၅ မိနစ်လုံးလုံး ကျွန်တော် ဒုက္ခရောက်ခဲ့ရသည်။
နားဒုက္ခ … စိတ်ဒုက္ခ
ဦးဘသောင်းသည် ချမ်းသာသူတစ်ဦးဟု ဆိုနိုင်သည်။ နွားတွေမွေးထားသည်။ လယ်တွေများစွာ ပိုင်သည်။ တက္ကစီတွေလည်း ထောင်ထားသည်။ တောသူဌေးတစ်ဦးဟု ဆိုနိုင်သည်။ သားတစ်ယောက်က မလေးရှားမှာ ဆိုလား။
တစ်လမ်းလုံး သူတွင်တွင် ရွတ်လာသည်မှာ “ဒုက္ခ” တွေဖြစ်သည်
သားဒုက္ခ၊ သမီးဒုက္ခ၊ ဇနီးဒုက္ခ၊ အလုပ်သမားဒုက္ခ၊ လယ်ဒုက္ခ၊ ကြွေးဒုက္ခ၊ ငွေဒုက္ခ၊ စပါးဒုက္ခ၊ ရာသီဥတုဒုက္ခ
ဒုက္ခ … ဒုက္ခ … ဒုက္ခ
ကျွန်တော် သူ့ကားနှင့်လိုက်လာရသည်မှာ ဒုက္ခပေါ်ကို ရောက်လာသည့်အလားဖြစ်သွားသည်။ စိတ်ညစ်လို့ ကမ်းနားလာထိုင်ပါတယ် သပွတ်အူနှင့်တိုးဆိုသလို ဖြစ်နေရသည်။ တစ်လမ်းလုံး သူတစ်ယောက်တည်း ဒုက္ခရောက်နေရှာသည်။ ကျွန်တော်က သူ့ကို သနားစွာဖြင့် ကြည့်ကာ အင်းလိုက်နေရသည်။ တစ်လုံးမျှ ပြန်ပြောချင် စိတ်မရှိသဖြင့် မပြောတော့။ အမှန်တော့ ဦးဘသောင်းသည် သူ့ဒုက္ခကို ကျွန်တော့်အား မျှဝေလိုသဖြင့် လမ်းကြုံတင် လာခြင်းဖြစ်မည်ဟု ဆိုလိုက်ချင်တော့သည်။
“ဆရာတို့ပဲအေးပါတယ် … မနက်ဆို လမ်းလေးလျှောက်လိုက် … ဘာမှလည်းမလုပ် အေးအေးဆေးဆေး နေရတော့ ဒုက္ခကင်းတာပေါ့”
သူက ကျွန်တော့်ဘက်ကို လှည့်လာသည်။
ကျွန်တော့်မှာ ပြောစရာတွေရင်ထဲအပြည့်။ သို့သော် ပြန်ပြောလိုက်လျှင် ဆုံးနိုင်အံ့မထင်သဖြင့် ငြိမ်နေလိုက်ရသည်။
သင်္ချိုင်းလမ်းဆုံထိပ်ကို ရောက်လာသည်
“ဦးဘသောင်းရေ … ကျွန်တော် ဆင်းတော့မယ်”
“ရပါတယ်ဆရာ … ကျွန်တော် သုသာန်အထိ လိုက်ပို့ပေးမယ် … ဟေ့ … ဆရာ့ကို သုသာန်အရောက် လိုက်ပို့ပေး လိုက်ပါကွာ”
သူက သူ့ကားဒရိုင်ဘာကို အမိန့်ပေးလိုက်ကာ သူ့ဒုက္ခကို ဆက်ပြန်သည်။
“ဆီဈေးတွေ တက်တော့ အရင်က ၂၀၀၀၀ ဖိုးလောက်ကို ခုဆိုရင် ၅၀၀၀၀ လောက်ပေးနေရတယ် …မသွား မဖြစ်တဲ့ ကိစ္စကြောင့်သာ သွားနေရတာ ဆရာရေ … တွက်ခြေသိပ်မကိုက်ဘူး”
ဘာကို တွက်ခြေမကိုက်သည်မသိ။ သုသာန်ရှေ့ရောက်ပြီ
“ဦးဘသောင်း”
“ဘာလဲဆရာ”
“ခင်ဗျားကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ် လိုက်တွေ့ပါလား”
“ဘယ်သူလဲဗျ”
“ခင်ဗျား တွေ့လိုက်ရင် အံ့ဩသွားရမယ်”
“ဘယ်လိုလူလဲဗျ”
“ဒုက္ခမရှိတဲ့လူတစ်ယောက်ပေါ့ဗျာ”
“ဆရာ … ဒုက္ခမရှိတဲ့သူ ရှိတယ်ဆိုရင် ကျွန်တော် ဂုဏ်ပြုလိုက်ချင်တယ် … ဒီကာလမှာ လူတိုင်း ဒုက္ခတွေနဲ့ ချည်းပဲ”
“စောစောကပဲ … ခင်ဗျားက ကျွန်တော့်ကို ဒုက္ခကင်းတယ်ဆိုဗျ”
“ဆရာလည်း ဒုက္ခမရှိဘူးလား”
“ရှိတာပေါ့ … လာပါ ခဏလေး … ဒုက္ခတကယ်ကင်းတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့”
“စိတ်ဝင်စားတယ်ဗျာ … လိုက်ပြီး စကားပြောကြည့်မယ် … တရားသမားတော့ ဟုတ်မယ်မထင်ပါဘူး”
“လာပါ”
ကျွန်တော်က သူ့ကို ဦးဆောင်ကာခေါ်သွားသည်။ စိုးမောင်အလောင်းကို လက်တွန်းလှည်းလေးပေါ်တွင် ပြင်ထားသည်။ အခေါင်းပင် တတ်နိုင်ဟန်မတူ။ သူ့မိန်းမနှင့် ကလေးတွေက ဘေးနားတွင် ငိုနေကြသည်။ မကြာမီ အချိန်ကျလာသဖြင့် လက်တွန်းလှည်းကို မီးသင်္ဂြိုဟ်သည့် စက်ဆီသို့ တွန်းလာသည်။
“ဆရာ ဘယ်မှာလဲဗျ … ဒုက္ခကင်းတဲ့လူနဲ့ ပေးတွေ့မယ်ဆို”
“ခင်ဗျားရှေ့မှာလေ”
“ဟာ”
“ဟုတ်တယ် … လတ်တလောတော့ သူက ဒုက္ခတွေ ကင်းသွားပြီပေါ့ဗျာ … ဒါပေမဲ့ သူ့မိန်းမနဲ့ ကလေးတွေမှာတော့ ဒုက္ခတွေ တစ်လုံးတစ်ခဲနဲ့ကို ကျန်ခဲ့တာ။ ဘယ့်နှယ် သေသွားတဲ့ သူကိုကြည့်စမ်းဗျာ။ သူ့နာမည်က စိုးမောင်တဲ့။ မသေခင်အထိရော နောက်ဆုံး ထွက်သက်အထိပါ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့သူ ပေါ့။ ခုတော့ ကြည့်စမ်း … သူမဟုတ်တဲ့အတိုင်းပဲ … ပြုံးလို့”
#တင်ညွန့်
၂၉.၇.၂၀၂၂