July 31, 2025
Uncategorized

ဒုတိယပစ်ကွင်း

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
ဒုတိယပစ်ကွင်း

တဖြောက်ဖြောက်နှင့် မိုးပေါက်တို့သည် ကိုးရပ်လုံးလို ထိုးစစ်ဆင်စ ပြုနေပါပြီ။ နဘံတဝိုက်၌လည်း မိုးသားတွေ ရစ်ဝိုင်းကာ မှိုင်းရီလျက် မျှော်လေတိုင်း လွမ်းဘွယ်ရာ ဖန်နေတော့၏။

လေပြင်းကလေးသည် ဝေါကနဲ တိုက်ခတ်လိုက်ရာ သစ်ပင်သစ်ကိုင်းများပေါ်၌ တွဲလွဲခိုနေသော မိုးပေါက်တွေက တဖြုတ်ဖြုတ်နှင့် ကျွန်တော်တို့ ဦးထုပ်တွေပေါ် ကျဆင်းနေပါတော့သည်။

ကျွန်တော်၏ မိုးရည်ခံ တောလိုက်ဦးထုပ်မှ တဆင့် ကျွန်တော်၏ လည်ကုတ်၊ ၎င်းမှ မိုးခံအပါးစား အင်္ကျီရှည်နှင့် နောက်ကျောတဝိုက်သို့ မိုးရည်မိုးပေါက်တို့က လှိမ့်ကာစီးကာ ဆင်းနေပြန်ပါသည်။

စောစောပိုင်းက ခရီးကြမ်းနင်းထွက်ခဲ့သည်ကြောင့် သွေးပူကာ အိုက်စပ်စပ်ရှိခဲ့ရာမှ ယခုကဲ့သို့ ခဏတာ နားလိုက်ရစဉ် သွေးအေးအေးရှိလာသည့် တခဏဝယ် လေအေးကဆော်၊ မိုးပေါက်တွေကပက်နှင့် အချမ်းဘက်သို့ ကူးလာသည်ကို ကျွန်တော်သည် တနံနက်ခင်းလုံး လိုက်လံခဲ့သော အမဲကောင်များ၏ခြေရာ ကို နားစွင့်ရင်းမှ သတိပြုမိလိုက်ပါသည်။

၃၇၅-မက်နမ် မဂ္ဂဇင်းရိုင်ဖယ်ကိုလည်း အရေး တကြီးနှင့် ပလပ်စတစ်အိတ်ပါးကလေးတွင် စွပ်ထည့်လိုက်ပြီး ပြောင်းထဲ မိုးရေမကျနိုင်ရန် ပြောင်းဝကို ဇောက်ထိုးစိုက်ကာ ချလျက် ရိုင်ဖယ်ဒင်ကို ကျွန်တော်က ညာဖက်ဂျိုင်းကြားတွင်ညှပ်ကာ မိုး ဒဏ်ကြောင့် ရိုင်ဖယ်မပျက်စီးစေရန် ကြိုတင် ကာကွယ်လိုက်ရပေ၏။

ကျွန်တော့ကို စာဖတ်သူအပေါင်းက သေနတ်တလက်ကို ဒီလောက် ဂရုစိုက်ရသလားဟူ၍ စိတ်တွင်းမှ အပြစ်တင်ကောင်း တင်ကြပေလိမ့်မည်။ ကိုယ့်ဝမ်းသာ ကိုယ့်သာသိ ဆိုသည့်စကားအတိုင်း မုဆိုးမည်သည် မိမိ၏ စွဲကိုင်အသုံးပြုသော လက်နက်မှန် သမျှကို အင်မတန် ဂရုစိုက်ရပေမည်တကား။

ထားကြပါစို့ ။ ရိုင်ဖယ်တလက် ပျက်ခဲ့လျှင် သုံးမရအောင် ချွတ်ယွင်းခဲ့လျှင် နောက်ထပ်အမဲပစ်ရိုက်ဖယ်တလက် မုဆိုး၏လက်ဝယ် ရရှိရန်အရေးမှာ မလွယ်ကူလှချေ။

ပထမဦးစွာ သက်ဆိုင်ရာထံမှ သေနတ်ဝယ်ယူခွင့်ပါမစ်နှင့် လိုင်စင််ကို တောင်းခံလျှောက်ယူရပေမည်။ ဒုတိယ အခက်ခဲဆုံးမှာ မုဆိုးလိုလားသော ရိုင်ဖယ်ပြောင်းဝအကျယ်နှင့် သေနတ်အမျိုးအစား၊ ပြောင်းဝအရှည် စသည်တို့ကို သေနတ်ရောင်းချသော ကုမ္ပဏီများတွင် အရံသင့် ရှိ မရှိ၊ ဝယ်ယူ၍ ရနိုင် မရနိုင်ဟူသော ပြဿာနာအချက်ပင် ဖြစ်၏။

တတိယအချက်မှာ ငွေရေးကြေးရေးကိစ္စပင်ဖြစ်ပေ၏။ မုဆိုးတိုင်းတွင် ငွေရေးကြေးရေး ချောင်သည်ဟူ၍ မရှိပါ။ အလွန့်အလွန် ဝါသနာပါလွန်း၍ ထောင်ကျော်ငွေကြေးပေးရသော သေနတ်လက်နက်များကို တပင်တပန်း စုဆောင်းကာ ဝယ်ယူရခြင်းသာ ဖြစ်ပေ၏။

ထို့ကြောင့်လည်း မုဆိုးတို့မည်သည် မိမိလက်ဝယ်ရောက်ရှိနေသည့် အမဲပစ်သေနတ်မှန်သမျှကို ရင်ဝယ်သားကဲ့သို့ ယုယပိုက်ထွေး ကိုင်တွယ်အသုံးပြုနေရခြင်းသာ ဖြစ်ပေ၏။

ကျွန်တော် ဖိ၍ လိုက်လံချောင်းမြောင်းနေသော သားကောင်ကြီးများသည် ကျွန်တော်ထက်အလျင် လမ်းကူးကျောဖက် ခင်ဆက်များမှ တဖက်ရေလုံးများ ကျောဆုံများဆီသို့ ကူးသန်းခဲ့ကြပေပြီ။

သူတို့၏ ကြီးမားလှသော ခြေရာကွက်ကြီးတွေသာကျွန်တော့အား လှောင်ပြောင်နေသကဲ့သို့ မြေပြော့ပြော့တွင် အရှင်းသား ထင်လျက်ကျန်ရစ်ခဲ့ပေ၏။

ကျွန်တော်ရပ်လျက် အသံများနားထောင်နေရာ အရှေ့ဖက်စောင်းဆီမှ ရွှီကနဲ လေချွန်သံတချက် ပေါ်ထွက်လာသည်ကြောင့် ကျွန်တော်ကလည်း ချက်ခြင်းပြန်၍ အချက်ပေးကာ သံရှည်ဆွဲ၍ လေချွန်လိုက်ရပေ၏။

မကြာမီ ဦးဘိုးဟန်ကြီးသည် ၃၀.၀၆ ၀င်ချက်စတာ မဂ္ဂဇင်းရိုင်ဖယ်ကို ထမ်းလျက် ကျွန်တော်ဖက် ကူးလာတာ့၏။

နံနက် ၇-နာရီသာသာခန့်မှ စတင်ကာ ခြေရာခံခဲ့သော တောဝက်အုပ်ကြီးနောက်သို့ အမှီလိုက်ခဲ့ကြသော်လည်း ယခု ၉-နာရီ ၁ဝ မိနစ်တိုင် ရှိသော်လည်း ရှေ့ကစားရင်းနားရင်း သွားနေခဲ့ကြသည့် တောဝက်အုပ်မှတကောင်တလေမှ တောဝက်များကို မတွေ့ခဲ့ရတော့ပါ။

အကောင်အစိတ်ထက်မအောက်သော ဧရာမ တောဝက်ကြီးများကို ကျွန်တော်တို့နှစ်ဦးသည် ပျဉ်းမနားအ နောက်နယ် စလောင်းရွာ၊ ဖောင်းလောင်ရွာနှစ်ရွာကို ဗဟိုပြုကာ လယ်တာကြီးနှင့် မုံနှစ်ရွာ နှစ်ရွာကြားအထိ လိုက်လံရှာဖွေသုတ်သင်ရန် ကြံရွယ်ခြင်းမှာ အဓိပ္ပါယ်ရှိနေပေ၏။

စလောင်းရွာ၊ ဖောင်းလောင်ရွာအနီးရှိ လူများ၏ လုပ်ခင်းကိုင်ခင်းနှင့် လယ်ယာများကို လူလစ်လျှင် လစ်သလို ဖျက်ဆီးခြင်း၊ စားသောက်ခြင်းကြောင့် မှတ်လောက်သားလောက်အောင် ပစ်ခတ်နှိမ်နင်းပေးရန်အတွက် ကျွန်တော်နှင့် ဦးဘိုးဟန်တို့နှစ်ယောက်သား ခြေရာခံခဲ့ခြင်းပင် ဖြစ်ပေ၏။

မိုးဦးကျအခါလည်းဖြစ်ပြန်၊ အောက်ဓာတ်က စိုနေသည်ကြောင့်တမျိုး တောဝက်ကြီးများ၏ ခြေရာများသည် တော်တော်နှင့် မပျောက်နိုင်အောင် တောပြင်တလျောက်၌ ထင်ရှားစွာ တွေ့နိုင်ပေ၏။

ကျွန်တော်တို့ လိုက်လံချောင်းမြောင်းနေသော တောဝက်အုပ်သည် ကလေးအရွယ်မပါဘဲ အငယ်ဆုံးတကောင်ပင်လျှင် ပိဿာနှစ်ဆယ်ထက်မအောက်ကြောင်းကို ၎င်းတို့ခြေရာများကို တွေ့မြင်ရခြင်းဖြင့် ခန့်မှန်းနိုင်ပါတော့သည်။

“ဝက်တွေ သုတ်ခြေတင်လှချည်လား ဦးဘိုးဟန်။ ဘယ်လိုလဲ၊ လူအနံ့တွေများ ရနေပြီလားဗျာ”

ကျွန်တော်သည် ရောက်မဆိုက် ဦးဘိုးဟန်ကို ဆီးကြို၍ မေးမြန်းတီးခေါက်ကြည့်လိုက်ပါသည်။

“အေးဗျာ တကွက်ကလေးမှ မမှီဘူး။ ကျုပ်ဖြင့် အကဲခတ်လို့ မရဘူးဗျို့။ ကျုပ်တို့ ဒီတောအုပ်ကို အမဲပစ်မထွက်တာလဲ ကြာပြီဘဲ။ သေနတ်သမားတွေကို ဝက်တွေလန့်ရအောင် ကိစ္စကလဲ”

ကျွန်တော်သည် တောဝက်အုပ်ကြီး၏ ခြေရာ မြေကြီးများကို စေ့စေ့စပ်စပ် လိုက်ကြည့်ရင်း….

“ဘယ်ဘက်ကို ခြေဦီးလှည့်သလဲဗျ။ မှန်းကြည့်စမ်းပါအုံး။ ရှေ့ကဖြတ်ဆီးတန် ဆီးပေါ့ဗျာ။ ခု ကျုပ်တို့ နှစ်ယောက်စလုံး ဘေးက ပန်းပန်းပြီး လိုက်ခဲ့တာ တမနက်လုံးဘဲ ဆိုကြပါစို့။ တချက်တကွတ်ကလေးမှ ဝက်ကို မမြင်လိုက်ရဘူးဗျာ”

ကျွန်တော်သည် စိတ်မရှည်လာသည်ကြောင့် ကျွန်တော်တို့ မုဆိုးများ၏ ပရိယာယ်ကို ပြောင်းလွှဲရန် ဆုံးဖြတ်လိုက်ပါသည်။

“ရှေ့က ဆီးမယ်ဗျာ။ ဒါဖြင့်ရင် သပြေမျှောင်းတက်ကို သိသလား”

ဦးဘိုးဟန်သည် ရှေ့ကဖြတ်၍ တောဝက်အုပ်ကြီးကို အပိုင်ဆီးမိစေရန် သဘောတူကြောင်း ကျေညာလိုက်ပါသည်။

“သပြေမျှောင်းတက်တော့ ကောင်းကောင်း မမှတ်မိတော့ဘူးအဘိုးကြီး။ ကျုပ်က ခြေရာရင်းက ဆက်လိုက်မယ်လေ။ ခင်ဗျား ရှေ့က အပိုင်သာဆီးပေတော့။ သေနတ်သံ နားထောင်ပြီး ဝက်အုပ်ဘယ်ဘက်ခြေဦးထောင်တယ်ဆိုတာ ပန်းပြီး အရှေ့ဆီးပေတော့ဗျာ”

“ကောင်းတယ်ဗျ ၊ သိပ်ပြီး လောကြီးပြီး ဝက်အုပ်ကိုမြင်မြင်ခြင်း မပစ်နဲ့နော်။ အသာမြုံပြီး အုပ်အလယ် ရောက်အောင် ဝင်ဗျာ။ ပြီးတော့ ကြိုက်ရာအကောင်ကြီးတွေကို နာနာဖိပြီး ပစ်ထည့်။ နောင်ကို လယ်ထဲမဆင်းဝံ့အောင်”

ကျွန်တော်တို့ မုဆိုးကျော်ကြီး ဦးဘိုးဟန်သည် သူခိုး ဓားပြလက်သစ် တောဝက်တွေကို လှလှပပကြီးဆုံးမခန်းတွေ သင်ကြားနေပါတော့သည်။

“ကိုင်း… ရှေ့က ခပ်သုတ်သုတ်သာ ဖိတက်ဗျာ။ ဆယ်ငါးမိနစ်ကျော်ရင် ကျွန်တော် စပြီး ခြေရာခံမယ်ဗျို့”

ကျွန်တော်သည် အဘိုးကြီးကို အချိန်ဆွဲပေးလိုက်ပြီး ရေဗူးကိုဖြုတ်ကာ ရေသုံးလေးကျိုက် သောက်ချလိုက်ရပေ၏။

အဘိုးကြီးလည်း ဆေးပေါ့လိပ်ကြီးကို လေးငါးဖွာ ရှူလိုက်ပြီး ချက်ခြင်း မီးငြိမ်းသတ်လိုက်ရင်း သူ၏ ဝါးကျည်ထောက်တိုကလေးထဲသို့ ဆေးပေါ့လိပ်တိုကြီးကို စွပ်ထည့်လျှက် ရှေ့ကဆီး၍ ပန်းနိုင်ရန် အပြင်းချီတက်သွားပါတော့သည်။ ကျွန်တော်အဘို့ သစ်ပင်တပင်ကို မှီလျက်ထိုင်ရင်း ခေတ္တ အနားယူလိုက်ပါသည်။

၁၅-မိနစ်ကြာသည့် နောက်တွင် ကျွန်တော်သည် ကျွန်တော်၏ တာဝန်ကျရောက်ရာ လမ်းစဉ်အတိုင်း တောဝက်အုပ်ကြီး မူလခြေရာရင်းမှ စတင်၍ခံကာတလှမ်းချင်း ခပ်ပြင်းပြင်း ခြေရာခံကာ လိုက်ခဲ့ကြပြန်ပါသည်။

တောဝက်အုပ်ကြီးသည် ခြေလှမ်းကျဲကျဲနှင့် ကျွန်းပြန့်တောထဲတွင် ဖြတ်သန်းကာသွားပြီး နီးရာစပ်ရာ သစ်ဝါးပင်ကြီးများတွင် မာန်ဖီပြီး အစွယ်ကြီးများနှင့် ပက်ချခဲ့သည့် ဒဏ်ရာဒဏ်ချက်ကြီးများကို တွေ့လိုက်ရပါပြီ။

ကျန်တော်တို့နှစ်ယောက်၏ လူနံ့တွေကို ရရှိသွားသည်ကြောင့် သူတို့နောက် ထပ်ချပ်မကွာ လိုက်နေကြောင်းကို တုံ့ပြန်သတိပေးသည့်အနေဖြင့် မာန်သွင်းအမှတ်တရ ပက်ခဲ့သည်ဟူ၍ ကျွန်တော် စဉ်းစားမိပါသည်။

ထို့ကြောင့်လည်း ကျွန်တော်သည် ခါတိုင်းထက် မျက်စေ့လျင်လျင် နားပါးပါးနှင့် သတိကြီးကြီးထားရင်း အကာအကွယ်ကို မလွှတ်တမ်းယူလျက် ခြေရာ ခံခဲ့ပြန်တော့သည်။

တောဝက်အုပ်ကြီးသည် တောင်ကုန်းတခုပေါ် တက်ပြီး ကျောရိုးအတိုင်း ဆက်လက်သွားရင်း တတန်းတည်း ထွက်သွားလျှက် အကြီးဆုံးဝက်ကြီးများက နောက်ချန်ကာ သွားခဲ့သည့် ခြေရာများကို စတင်ကာ တွေ့ရပြန်ပါသည်။

ခါတိုင်းဆိုလျင် တောဝက်အုပ်ထဲမှာ ဝက်ကြီးများသည် ဝက်အုပ်ရှေ့နားကချည်း ဖိကာ တက်မြဲဖြစ်သော်လည်း ယခုတောဝက်အုပ်မှာမူ ခေါင်ဝက်ကြီးတွေက နောက်က ဆိုင်းငံ့ ဆိုင်းငံ့ လုပ်ကာ ချီတက်နေကြခြင်းမှာလဲ အဓိပ္ပါယ်ထူးခြားလှပါပေ၏။

ဤသို့နှင့်ပင် တနာရီနီးပါးမျှ အပြင်းလိုက်ကာ ခြေရာရင်းမှ နင်းခဲ့သည်ကြောင့် တောဝက်အုပ်၏ခြေရာတွေသည် အစွန်တောနယ်ပယ်ဖြစ်သည့် လောင်ရွာတော် အနောက်တောင်ဘက်ဆီသို့ တန်းတန်းကြီးသွားနေသည့်အဖြစ်ကို တွေ့မိရလေသည်။

တနေရာတောင်စောင်းမှ လိုက်၍ အတက်တွင် ရှေ့ချိုင့်ဝှမ်းဆီမှ ‘ရှူး’ ကနဲ တောဝက်တကောင်၏ မာန်ဖီပြီး နှာခေါင်းမှုတ်ရင်း ဗြင်းကနဲ အစွယ်နှင့် ပက်လိုက်သည့် အသံတသံကို နားစွင့်နေသော ကျွန်တော်သည် ရုတ်တရက်ကြားလိုက်ရသည်ကြောင့် ရှေ့သို့တက်မည့်ခြေကို အသာရပ်တန့်လိုက်ပြီး ဝက်သံထွက်လာရာဆီသို့ လှမ်း၍မျှော်ကြည့်လိုက်ရသည်။

ကျွန်တော်၏ရှေ့ ကိုက်တရာ့ငါးဆယ်ခန့်အကွာတွင် တောဝက်တကောင်၏ ဖင်ပိုင်းမဲမဲကြီးကို ရိပ်ကနဲတွေ့လိုက်ရလေ၏။ သို့သော် စက္ကန့်ပိုင်းအတွင်း၌ ကြိမ်နွယ်များနောက်ကွယ်တွင် လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားပြန်တော့သည်။

ကျွန်တော်သည် ဝက်အုပ်ကြီး၏နောက် အစွန်ဆုံး ဝက်ကို စတင်ကာ မှီလိုက်ခြင်းဖြစ်ကြောင်းကို သိလာသည့်တပြိုင်နက်ထဲ ညာဘက် လေးဆယ့်ငါးဒီဂရီမှ ပန်း၍ တက်ပြီး ခါးလယ်လောက်မှ ပိုင်းပစ်ရန် ကြံရွယ်လိုက်မိပါသည်။

ထို့ကြောင့် အဆောတလျင် ညာဘက်သို့ တန်းတန်းဖြန့်ကာ တက်လိုက်သည်။ တောင်ကုန်းကလေးတခုကို ကျော်လိုက်ပြီး ကြိမ်တော၏ ဘေးတခုဆီသို့ ရုတ်တရက် ချည်းကပ်မိလိုက်သည်။ ကျွန်တော်သည် သစ်တုံးဆွေးကြီးတတုံး၏ဘေး၌ ရင်မှောက်ကပ်ကာ ကြိမ်တောအတွင်းဆီသို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေကြည့်ရှုလိုက်ပြန်သည်။

တလှုပ်လှုပ်နှင့် တရှူးရှူး မာန်သွင်းကာ နီးရာ စပ်ရာ သစ်ပင်များကို သိမ့်ကနဲနေအောင် အစွယ်ကြီးများနှင့် မကာ ပက်နေသော တောဝက် သုံးလေးကောင်၏ လှုပ်ရှားမှုသဏ္ဍာန်များကို ကြိမ်ပင်များ၏ လှုပ်ရှားဝှေ့ ရမ်းချက်များကြောင့် ကျွန်တော် သိရပါတော့သည်။

ချက်ခြင်းပင် ကျွန်တော်သည် ၃၇၅မက်နမ်ရိုင်ဖယ် ၏သော့ကို အသာကျိတ်၍ ဖွင့်လိုက်ပြီး နောက်ထပ် တောဝက်များ၏ ရုပ်လုံးပေါ်သဏ္ဍာန်ကို မှန်းပစ်နိုင်ရန် အဆင်သင့် စီစဉ်လိုက်သည်။

တဖြာဖြော ချုံတိုးသံများနှင့်အတူ ဝက်ကြီးသုံးကောင်၏ မထင်မရှားသော သဏ္ဍာန်သုံးခုကို ကြိမ်ပင်များအကြားမှ ရုတ်တရက် တွေ့လိုက်ရပြီး ဖူးကနဲ မာန်သွင်းကာ သုံးကောင်စလုံးသည် တောင်ကုန်းအခြေဆီသို့ အပြေးတက်သွားပြီးနောက် ထောင်းကနဲ မြေစာတွေ မြောက်တက်လာအောင် ပက်ကာ စစ်ရေးပြ သကဲ့သို့ အမူအရာမျိုးကို တွေ့ရသည်ကြောင့် ကျွန်တော့အဖို့ စဉ်းစားစရာတချက် ပေါ်လာတော့၏။

ဝက်အုပ်ကြီးထဲမှ ဝက်တွေသည် ကျွန်တော့ကို တစွန်းတစမှ မမြင်သော ပထမတချက်နှင့် ကျွန်တောဆီသို့ ရန်မူခြင်း၊ မာန်ဖီခြင်း မပြုလုပ်ဘဲ တဖက် မျက်နှာမှ အန္တရာယ်တစုံတရာ ရှိနေသည်ဟူသောအချက်များကို ကျွန်တော်၏ ဦးနှောက်ထဲ၌ တရေးရေးပေါ်ထွက်လာချေ၏။

ဤတွင် တောဝက်များနောက်သို့ ရန်မူရန် လိုက်တတ်သော ရန်သူသတ္တဝါများအကြောင်းကို ကျွန်တော်သည် ချက်ခြင်း သတိရပါ၏။ ထို့ကြောင့်လည်း ကျွန်တော်သည် နောက်ပိုင်းမလုံ ကျောချမ်းလာသည်ကြောင့် ရှေ့ရှိ ပထမပစ်ကွင်း တောဝက်များဆီသို့ အာရုံမစိုက်နိုင်တော့ဘဲ နောက်ပိုင်းဆီသို့ လှည့်ကာ စေ့စေ့စပ်စပ် ကြည့်ရှုအကဲခတ်မိလေသည်။

ထိုအခိုက်တွင်တော့ ဝက်အုပ်ကြီးသည် ရှေ့သို့တက်ခါ ပြန်သွားတော့သည်။

ကျွန်တော်သည် ယခုရောက်ရှိနေသော နေရာထက် ပိုမို၍စိတ်ချရသော ကောင်းမွန်သော ကျွန်တော်၏ရှေ့ ပေတရာခန့်ရှိ ကုန်းမြင့်မြင့်ကလေးဆီသို့ အရတက်၍ယူပြီး ရှေ့ပိုင်း နောက်ပိုင်း ကင်းစောင့်ရန်အတွက် တုံးကြီးဘေးမှ အသာခွာလိုက်သည့် ခဏ၌ ကျွန်တော် အသာခိုကပ်ပြီးရပ်နေရာ သစ်တုံးကြီး၏ ဘယ်ဘက်ရှိ ငှက်ပျောတောကလေးထံမှ “ဟင်း”ကနဲ ခပ်သဲ့သဲ့အသံကြီးတသံ ထွက်ပေါ်လာပါတော့၏။

“ဟင်း” ဟူသော အသံကြီးသည် ရုတ်တရက် ရင်ခေါင်းထဲက လှိမ့်ကာ မြေကို တုန်ဟည်းသွားသည့် အသံမျိုးကြီး ဖြစ်ပေ​၏။

ဖျတ်ကနဲ ရိုင်ဖယ်ပြောင်းကို လှမ်း၍ အသင့်ချိန်ပြီး ပျောက်ကွယ်နေသော ငှက်ပျောတောထဲက ပစ်ကွင်းကို ရှာဖွေရပေ၏။

ကျွန်တော် ရှာဖွေလိုက်စဉ်တွင် ငှက်ပျောတောကလေးသည် သိမ့်ကနဲတချက် လှုပ်ပြီး ချက်ခြင်း ငြိမ်ကျသွားသည်ကို တွေ့လိုက်ရပေ၏။

မုဆိုး မုဆိုးချင်း ဟူသော စကားသည် ကျွန်တော်နှင့် ဦးဘိုးဟန်တို့ မုဆိုးများအဘို့ မဟုတ်ချေ။ ကျွန်တော့အား “ဟင်း” ဟူသော အာလုပ်သံကြီးဖြင့် မာန်သွင်းကာ ဟိန်းလိုက်သော အသံရှင်တောကောင်ကြီး သို့မဟုတ် ဝက်အုပ်နောက်သို့ လိုက်ကာ အလစ်တွင် ဝင်ပြီးကိုက်ရန် ချောင်းမြောင်းနေသော ကျားကြီး၏ သဏ္ဍာန်ကို မမြင်လိုက်ရသည်ကြောင့် ကျွန်တော်သည် ထောင်းကနဲ ဒေါသဖြစ်သွား၏။

ကျားကြီးကပင် မြန်သလား၊ ကျွန်တော်ကပင် ဖျင်းချာသလားဟူ၍ ကျွန်တော်သည် စဉ်းစားရင်း ကျွန်တော်သတ်မှတ်ထားသည့် တောင်ကုန်းမြင့်ကလေးဆီသို့ သွက်လက်စွာဖြင့် တက်လိုက်ရပေသည်။

တောင်ကုန်းကလေးထိပ်သို့ ရောက်သည့်တပြိုင်နက်ထဲ ကျွန်တော်သည် ငှက်ပျောတောကလေးဆီမှစ၍ တောင်ကုန်းအခြေတလျှောက် ပိုက်စိတ်တိုက်ကာ ကျားကြီးကို ရှာဖွေရပေ၏။

ကျားနှင့် ဝက် ပစ်ကွင်းနှစ်ချက် ၊ မည်သည့်ပစ်ကွင်းကို ပထမ ရွေးမည်နည်းဟု မေးလိုက်လျှင် ရှေးဦးဆုံး ကျားကို မုချဆက်ဆက် ပစ်ရပေမည်ဟု ဆုတ်မဆိုင်း အဖြေပေးရလိမ့်မည်။

ကျားသည် ဝက်ထက် ကြောက်စရာကောင်း၏။ ဘေးဥပါဒ်လည်း ပထမတန်းပေးနိုင်သည့် သားစား သားရဲကောင်ကြီးဖြစ်ပြီး ခြေလေးချောင်း တိရစ္ဆာန်သာမက ခြေနှစ်ချောင်းနှင့် သားကောင်ကိုပင် လစ်လျှင်လစ်သလို ချမ်းသာပေးလေ့မရှိသောကြောင့် ကျွန်တော်တို့ ကျားကို ပထမဦးဆုံး ရွေးရခြင်းဖြစ်ပေ၏။

တစုံတရာ မတွေ့ရသည်ကြောင့် ကျွန်တော် တောင်ကုန်းကလေး၏ အောက်ပိုင်းဆီသို့ ဆင်း၍ ခြေလှမ်းတချက် လှမ်းလိုက်စဉ်တွင် တောင်ကုန်းနှင့်အနီးကပ်ဆုံးကြိမ်တောသည် သိသိသာသာကြီး လှုပ်ယမ်းသွားတော့၏။

ထို့နောက် ကျားကြီး၏ ကျောရိုးညို့ကို ရေးကနဲ တွေ့မြင်လိုက်ရပြီး တမဟုတ်ချင်း ကြိမ်နွယ်များ ကြား၌ ပျောက်သွားပြန်၏။

တောကောင်ကြီးသည် ဝက်တွေထက် ကျွန်တော့ကို မဲနေကြောင်းမှာ ထင်ရှားလာ၏။ ကျွန်တော်က သူ့ကိုရှာမတွေ့သော်လည်း သူက ကျွန်တော်လုပ်သမျှ၊ ကိုင်သမျှ၊ လှမ်းသမျှကို ကောင်းကောင်းကြီး တွေ့မြင်နေကြောင်းကိုမူ ကျွန်တော် မငြင်းနိုင်တော့ချေ။

ဤတွင် ကျွန်တော့အဖို့ ကျားကြီးကို ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်ရန်အတွက် နေရာကောင်း အခွင့်ကောင်း ရှာဖွေရပေမည်။ မဖြစ်မနေ ရှာဖွေရပေမည်။ သို့မဟုတ် ကျားကြီးက ကျွန်တော့ကို အပိုင်ကိုက်ချီပေလိမ့်မည်။

ကျွန်တော်သည် နေရာကောင်းဖြစ်သော တောင်ကုန်းထိပ်မှ မဆင်းတော့ဘဲ ကြိမ်တောများအတွင်းသို့ ရှာဖွေလိုက်ပြန်သည်။ ကြိမ်တောတချို့တနေရာ၌ ရှင်းပြီး တချို့နေရာ၌ အနွယ်ချင်း ထပ်နေတော့၏။

တောင်ကုန်းထိပ်မှ အနောက်ဖက်သို့ ဆက်နေသော ကြိမ်တော၏ အစွန်းဆီသို့ ကျွန်တော်၏ မျက်စိနှစ်လုံးက ကမန်းကတန်း ရောက်ရှိပြီး ခြောက်လှမ်းကွာနေရာ ကွက်လပ်ကို ကျွန်တော်သည် အကောင်းဆုံးပစ်ကွင်းအဖြစ် သတ်မှတ်လိုက်ပါသည်။

ထိုကြောင့်လည်း ကျွန်တော်၏ ရိုင်ဖယ်ပြောင်းဝကို အသင့်လှည့်ကာ ချိန်လိုက်ပြီး ရုတ်တရက် ပေါ်လာမည့် ပထမတန်းပစ်ကွင်း သို့မဟုတ် ကျားကြီး၏ သဏ္ဍာန်ကို အပြန်ပြန်အလှန်လှန် ကြည့်ရှုရှာဖွေလိုက်သည်။

သေသေချာချာကြည့်မှပင် ကြိမ်နွယ်ပင်များအကြားမှ ကျွန်တော့ကို ခပ်စောင်းစောင်း မာန်သွင်းကာ ခပ်တည်တည်ကြီးစောင့်ကာ ကြည့်နေသည့် ကျားကြီး၏ ခေါင်းပိုင်းကို ကွက်ခနဲ တွေ့လိုက်ရပါတော့သည်။

ကျွန်တော် ဤနေရာတွင် ပရိယာယ်တမျိုး သုံးလိုက်ရပေ၏။ သူ့ကို ကျွန်တော်က မြင်လျက် မမြင်ချင်ဟန်ဆောင်ကာ ရိုင်ဖယ်ပြောင်းဝကို တရွေ့ရွေ့ နေရာရွှေ့ကာ ကျားကြီး၏ ခေါင်းဆီသို့ နေရာချထားလိုက်သည်။

ကျွန်တော့်ညာလက်ကလည်း ရိုင်ဖယ်၏ဒင်ကလေး ကို ညာဘက်ပခုံးတွင် ကပ်၍ နေရာချထားလိုက်ပြီး ရှေ့မှန်ချိန်သီးကလေးနှင့် နောက်မှန်ချိန် အလယ်ဗဟိုကြောင်းကို တတန်းတည်းရှိစေရန် ရှေ့ချိန်သီးကလေးက နောက်မှန်ချိန် အလယ်ဗဟိုတွင် ရေးရေးကလေးပေါ်နေရန် စီစဉ်လိုက်ပြီး ကျွန်တော်၏ ညာလက်ညှိုးသည် ၃၇၅ မက်နမ်၏ မောင်းကွင်းပေါ်၌ ခပ်တင်းတင်း နေရာယူလိုက်ပါသည်။

ကျားကြီးကား မျက်လုံးကြီးအပြူးသားနှင့် ကျွန်တော့ကို သွားရေတမြားမြားကျကာ သားကောင် တကောင်အဖြစ်နှင့် အပိုင်အနိုင် သတ်မှတ်ထားနေပုံနိုင်ပေ၏။

.၃၇၅-မက်နမ်ရိုင်ဖယ်၏ ရှေ့ချိန်သီးကလေးတွင် ကျားကြီးနှာရောင်အရင်းဆီသို့ စနစ်တကျ နေရာယူလိုက်ပြီးသည့် တပြိုင်နက်ထဲ ကျွန်တော်၏ ညာလက်ညှိုးသည် ဒုတိယမောင်းကွင်းကို အပြီးဖိညှစ်ကာ ဆွဲချလိုက်ပါတော့သည်။

ယမ်းအား သုံးရာဂရိမ်၏ ပေါက်ကွဲသံနှင့်အတူ တစက္ကန့်လျင် နှစ်ထောင့်ငါးရာ ငါးဆယ်ပေ အမြန်နုန်းဖြင့် ရိုင်ဖယ်ပြောင်းဝမှ ထွက်ခွါပေါက်ကွဲသွားသော သံမဏိထိပ်ဖူးတပ် ကျည်ဆန်ဖူးသည် ကျွန်တော့ဆီသို့ မော့ကာ ကြည့်နေသည့် ကျားကြီး၏ နှာရောင်ရင်းဆီသို့ ဆယ်နှစ်လက်မအတွင်း လေးထောင့်သုံးရာ သုံးဆယ်ခြောက်ပေါင် တွန်းကန်အားဖြင့် တချက်ထည်း နောက်ပိုင်းသို့ ဖင်ထိုင်ကာကျသွားစေတော့၏။

တချက်ကလေးမှ “ဟင်း” ဟူသော အသံကြီးကို မမြည်နိုင်တော့ဘဲ ရှေ့သို့ လက်နှစ်ဖက်ပစ်ကာ ၀ပ်လျှက် ငြိမ်ကျသွားသည်ကို နောက်ဆုံး ကျွန်တော်သည် တွေ့မြင်လိုက်ရပြီး ချက်ခြင်းပင် ကျည်ဆန် အသစ်တတောင့်ကို ပြောင်းဝတွင်းသို့ ထည့်ကာ မောင်းတင်ကာ ထပ်ဆင့်ပစ်လိုက်ရန် အသင့်ပြင်လိုက်ပြန်ပါသည်။

သို့ရာတွင် ကျားကြီး၏သဏ္ဍာန်ကို လုံးဝ မတွေ့တော့ဘဲ အနည်းငယ်လှုပ်နေသော ကြိမ်ပင်များ အဖျားပိုင်းကိုသာ တွေ့နိုင်ပါတော့၏။

ကျွန်တော်ရပ်နေရာ တောင်ကုန်း၏ အောက်ပိုင်းရှိ ဝါးတောတွင်းမှ တောဝက်အုပ်ကြီး၏ ဖြောင်းကနဲ ဝေါကနဲ တိုးသံများသည် ဆူညံစွာ ပေါ်ထွက်ပါတော့၏။ ကျားကြီးရန်ထက် ကျွန်တော်၏ ကော်ဒိုက်ယမ်းတောင့်သံကြောင့် တောဝက်အုပ်ကြီးသည် ကသောမြောပါး ပြေးလွှားရှောင်ရှားခြင်းသာ ဖြစ်ပေ ၏။

ကျွန်တော်သည် ရိုင်ဖယ်ကို အသင့်ချိန်ကာ ရပ်လျက် ကျန်ရစ်ခဲ့ပါတော့သတည်း။

မိနစ်အစိပ်ခန့်အကြာတွင် ကျွန်တော်ရပ်နေရာ အနောက်စူးစူး နှစ်မိုင်ခန့်ဆီမှ ရိုင်ဖယ်သံ ငါးချက်တိတိကို ဆင့်ကာ တဒိုင်းဒိုင်း ကြားရပါသည်။ ကျွန်တော့ဆီမှ ထွက်ပြေးသွားသော ဝက်များနှင့် ဦးဘိုးဟန်တို့ တိုးမိကြပြီဟု တထစ်ချ ပြောလိုက်ရပေသည်။

ဆယ့်ငါးမိနစ်အကြာတွင် “ဝူး” ဟူသော လူသံပေးခြင်းကြောင့် ကျွန်တော်ကလည်း “ဝူး” ကနဲ လူသံပေးလိုက်သည်။ နောက်ပိုင်းတွင် သပ်သပ်ချန်ထားခဲ့သော ဇလောင်းရွာသားသုံးဦးတို့ ရောက်ရှိလာသောကြောင့် ကျွန်တော် ပစ်ခတ်ချလိုက်သောနေရာကို ညွှန်ပြပြီး သစ်ပင်ပေါ်သို့တက်၍ အခြေအနေကို ကြည့်ရှုခိုင်းလိုက်ပါသည်။

“ကြိမ်ပင်တွေ ခြေရင်းမှာဗျို့။ တောကောင်ကြီး လဲနေတယ်”

“လှုပ်သေးသလားဟေ့”

ကျွန်တော်ကပြန်၍ မေးလိုက်သည်တွင်..

“မလှုပ်ဘူးဗျ”

သစ်ပင်ပေါ်မှ ကင်းစောင့်က ပြန်ဖြေလိုက်သည်။

ထို့ကြောင့် ကျွန်တော်သည် မြေကြီးခဲလေးလုံးနှင့် ချိန်ကာ ချိန်ကာ ပစ်သွင်းလိုက်သည်။

“ဘယ်လိုလဲဟေ့ … လှုပ်သေးသလား”

“မလှုပ်တော့ဘူး … ကိစ္စချောနေပါပြီ။ ဟုတ်ပြီ ကောင်းကောင်းကြီး မြင်သာပြီဗျို့”

ကင်းစောင့်ရွာသားသည် အထက်ကိုင်းကို လုတက်၍ ကြည့်ပြီး တိကျသော အဖြေကို ပေးလိုက်တော့၏။

“ဟေ့ ဘာလုပ်နေကြတာလဲ၊ သစ်ပင်ပေါ် တက်တက်ကြည့်ရအောင်ဟာ”

ဦးဘိုးဟန်ကြီး၏ အသံကို ကြားလိုက်ရသည်တွင် …

“ပစ်လှချည်လားဗျာ၊ တိုက်ပွဲတပွဲတိုက်တာ ကျနေတာဘဲ”

“ပစ်တာလဲမပြောနဲ့အုံး ဗိုလ်မှူး၊ နေရာတွင် ဝက်သုံး ကောင် ကျကျန်ရစ်ခဲ့တယ်။ ဝက်နှစ်ကောင် ဒဏ်ရာတွေနဲ့ ပါသွားလို့ ခြေရာခံဖို့ လူပြန်ခေါ်လာတာ။ ခင်ဗျားကော တချက်ထဲ ငုပ်စိစိနဲ့ ဘာပစ်တာလဲ။ အရေးထဲ မျောက်ကို ပစ်လွှတ်လို့ သစ်ပင်ပေါ်တင်နေလို့ တက်ယူခိုင်းတာ မဟုတ်လား”

“ဘယ်ကလာ မျောက်ဟုတ်ရမှာလဲဗျ။ လာကြည့်စမ်းပါအုံး။ အမဲ မဟုတ်ဘူး … အနီကျားကောင်လေ။ ဟိုမှာမြင်ရဲ့လား”

ကျွန်တော်သည် အဘိုးကြီးကိုခေါ်ကာ တပိုင်းတစပေါ်နေသော ကျားကြီးရှိရာသို့ ပြသလိုက်ရာ…

“ကောင်းကွာ … တချက်ထဲနဲ့ ကိစ္စချောနေပြီကိုး။ အေးပါ … ပစ်တဲ့အသံကလဲ တိုတော့ မှန်ရမယ်လို့”

“မပစ်လို့လဲမဖြစ်ဘူး အဘိုးကြီး။ ထိပ်တိုက်တိုးရာက ကျား ကျုပ်ကိုကိုက်ချင်နေတော့ ပစ်ကွင်းပြောင်း ပစ်လိုက်ရတယ်။

ပထမ ပစ်ကွင်းကို ဒုတိယပို့၊ ဒုတိယပစ်ကွင်းကို ပထမ ပစ်လိုက်ရတယ်ဗျာ။ ဝက်တွေ လွှတ်သွားတာ နာလိုက်တာဗျာ”

“ထားလိုက်ပါလေ … ခု ကျုပ်ပစ်တဲ့ ဝက်သုံးကောဘဲ ထမ်းစမ်းပါအုံး။ အမှန်က ဝက်အုပ်တွေနောက်ကို တောကောင်ကြီးက ဖိလိုက်နေလို့ ဝက်တွေ အနံ့မိပြီး တချိုးထဲ သုတ်ခြေတင်တာကိုး။

ကိုင်း… ရွာပြန်ပြီး ခြေရာဆက်ခံမယ် လူရော လှည်းရော နှစ်ဦးခေါ်ခဲ့ကြကွာ။ လာကြဟေ့ … တောကောင်ကြီးကို ဆွဲမ,ထုတ်ကြရအောင်”

ကျွန်တော်၊ ဦးဘိုးဟန်နှင့် ရွာသားနှစ်ယောက်တို့သည် ကျားကြီးကို ခြေလက်တွေက တယောက်စီဆွဲကာ မမကာ ထုတ်ယူရာ အင်တိုက်အားတိုက် မကာ ထုတ်ယူရလေ၏။

နှာရောင်ရင်းမှ ဝင်သွားသော ကျည်ဆံသည် လည်ဂုတ်ပိုင်းကို သွင်သွင်ကြီးကျိုးကာ ကျားကြီးအဖို့ ကျွန်တော်အား ‘ဟင်း’ ကနဲ ပထမတွေ့ဆုံစဉ်ကလို နှုတ်မဆက်နိုင်တော့ဘဲ နေရာတွင်ပင် ကိစ္စချောခဲ့ရပေပြီတကား။

လေကလေးတချက် သိမ့်လိုက်ပြီးနောက် မိုးနံ့ ကလေးတွေ ပါလာပါသည်။

“မိုးကတော့ လာပြန်ပြီဟေ့။ ရွာချင်လဲ ရွာပေါ့ကွာ။ မုဆိုးတွေခေါင်းပေါ်မှာ အိုင်ပါတာမှ မဟုတ်ဘဲကိုး။ ကိုင်း ငါ့ ဆေးလိပ်တဖွာ ပေးကြစမ်းကွာ”

ဥိးဘိုးဟန်သည် သစ်တုံးတတုံးပေါ်၌ စိတ်ချလက်ချထိုင်ကာ ဆေးပေါ့လိပ်ကြီးကို မီးခိုးတထောင်းထောင်း ထွက်လာအောင် ဖိကာ ဖွာလိုက်ပါတော့သတည်း။

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

Leave a Reply

Your email address will not be published. Required fields are marked *