မြေလတ်မင်းလွင်
ဒုန်းလိုက်ခြင်း
ပြာသိုလ၏ ဆောင်းအချမ်းသည် လန်းဆန်းလတ်ဆတ်နေ၏။ နှင်းမှုန်တွေ မြူးဆော့ကစားခြင်းကြောင့် အချမ်းလည်း စူးတော့ ဝါးတော့ စားတော့မည့်အလား ရံခါမြောက်ဘက်လေသည်လည်း နှောင့်ယှက်မွှေတီသို့ တအီအီ တသောသောဖြင့် ဒရောသောပါး ဝန်းရံထားတတ်၏။
ထိုထို ဆောင်းအချမ်းတို့သည် ဦးမောင်တို့ ပိုက်မျှောရာစခန်းသို့ နံနက်တိုင်းလိုလို ချိန်းဆိုတိုက်ခတ်လျက် ရှိသည်။
ဦးမောင်တို့ အဖွဲ့သားများသည် ဆောင်းနံနက်များပင် ဖြစ်စေကာမူ ပိုက်ချက်ကို မှန်မှန်မျှော၊ မမောမပန်း ပိုက်ကိုဖော်၊ တကျော်ကျော်တေးကိုသီ၊ ချွေးစီစီ ကိုယ်မှာခသည်အထိ အားပါးတရ ကြိုးစားလုပ်ကိုင်နေကြ၏။
တိုက်ခိုက်ရန် အပြေးအလွှားလာသည် ဆောင်းအချမ်းသည် ဦးမောင်တို့ အဖွဲ့သားအားလုံး၏ အလုပ်ကြိုးစားခြင်းဟူသော တိုက်ခိုက်စွမ်းအားကိုမြင်လျှင် အလျင်အမြန် ကြောက်ခံပင် မခံဘဲ နောက်ပြန်ပြေးလွှားကာ ပုန်းလျှိုးပျောက်ကွယ်သွားကြတော့သည်။
ရာသီဥတုက သာယာလှသည်။ ဦးမောင်တို့ အဖွဲ့သား အားလုံးတို့သည် လက်လံလေးဆယ်ခန့်တွင် (ရေ အနက်အတောင် ၁၆ဝ) နံနက်စောစော ပိုက်များ မျှောကြ၊ ဖော်ကြဖြင့် အလုပ်ရှုပ်နေကြသည်။ ငါးများလည်း အထိုက်အလျောက် တဖြောက်ဖြောက်နှင့် တွေ့ကြရကြသည်။ လှထွေးသည် တက်မကိုင်လျက် ဦးမောင်ကမူ ရရှိပြီး ငါးများကို စနစ်တကျ ခုတ်ရန် ခွဲရန်အတွက် စီစဉ်နေသည်။
ရေလုပ်သားတို့သည် ပိုက်မျှောငါးဖမ်းကိုလည်း ကျွမ်းကျင်ရ၏။ ငါးခုတ် ငါးခွဲကိုလည်း ကျင်လည်ရ၏။ ငါးလှန်း ငါးရုပ်ဆိုလည်း သွက်လက်ရ၏။ ရရှိပြီး ငါးခြောက်များ ဈေးကောင်းရ မရမှာ ခုတ်ခြင်း၊ ခွဲခြင်း၊ လှန်းခြင်း၊ ရုပ်ခြင်းတို့အပေါ်တွင် များစွာတည်နေ၏။
အမြှောင်းခွဲရမည် ငါးကို အခြမ်းခွဲမိခြင်းကြောင့် လည်း ရောင်းဈေးလျော့တတ်၏။ ပိုင်းပြားလုပ်ရမည်ကို အမြှောင်းလုပ်မိပြန်ကလည်း နေရာမကျ။
အဆီပေါများတက်သည် ငါးယောင်၊ ငါးသလောက်လို ငါးမျိုးကို ပါးပါးခွဲ၍ ဆားနည်းနေပါကလည်း မှားလွဲချက်တစ်ရပ်ပင်။
ထို့ကြောင့်ပင်လျှင် ဦးမောင်တစ်ယောက် ပိုက်မျှောကိုသာမက ငါးခွဲ၊ ငါးခုတ်၊ ငါးလှန်း၊ ငါးရုပ်များကိုပါ စနစ်ကျအောင် စီစဉ်နေရသည်။ ဦးမောင်၏ သဏ္ဌာန်ဝယ် အတိတ်ဆီက ၎င်း၏ဆရာ ဦးကြည်မောင် ပြောသည့် စကားများက အမြဲပင် ရှင်သန်နေသည်။ ကြားယောင်နေခဲ့သည်။
“ငမောင်ရေ … မင်းက လူငယ်ပေမဲ့ အလုပ်ကို တကယ်စိတ်ဝင်စားတော့ ပြောရဦးမယ်ကွာ။ မင်းလည်း တစ်နေ့နေ့ ဦးစီးချုပ်ဖြစ်လာမှာပါ။ ဒီတော့ လူကြီးလုပ်တဲ့လူဟာ အစစအရာရာ နိုးကြားတက်ကြွရုံနဲ့ မပြီးသေးဘူးကွ။ မိမိအောက်က အလုပ်သမားတွေအပေါ်ရော မိမိအလုပ်ရှင်အပေါ်မှာပါ စေတနာထားရတယ်ကွ … မှတ်ထား။
အလုပ်သမားဆိုတာကတော့ မိမိနဲ့ အမြဲထိတွေ့နေတော့ စေတနာ မေတ္တာ ထားရတာ လွယ်တယ်။ ဘာကြောင့်လည်းဆိုရင် မိမိအလုပ်သမားတွေက နေ့တိုင်း ကိုယ်နဲ့ထိတွေ့ပြီး လက်တွေ့မျက်မြင်ဆိုတော့ အားနာလို့ဖြစ်စေ၊ တကယ် စေတနာပါလို့ဖြစ်စေ၊ စေတနာမေတ္တာ ထားရတာ လွယ်တယ်ကွ။
မလွယ်တာကတော့ အလုပ်ရှင်ပဲ။ အလုပ်ရှင်က အိမ်မှာ၊ တို့တစ်တွေက ပင်လယ်ထဲမှာ။ တို့တစ်တွေ စေတနာ မထားရင် အလုပ်ရှင်ခံရတာပဲ။
ဥပမာကွာ ငါးခွဲပြီး ငါးခြောက်လှန်းတာကိုပဲကြည့်။ ခွဲနည်းစနစ်မကျရင် ငါးခြောက် တစ်ပိဿာကို (၁၀ ကျပ်) ကနေ (၅ဝ ကျပ်) အထိ အနည်းဆုံး ကွာနိုင်တယ်။ ဒါ အကြမ်းဖျင်း ပြောတာနော်။ ဒါထက်မက လျော့ပါးသွားနိုင်တာတွေလည်း ရှိသေးတယ်။
ထားတော့ကွာ။ ငါးခြောက်တစ်ပိဿာကို (၁၀ကျပ်) လျော့ရင် အချိန်တစ်သောင်းကို ငွေတစ်သိန်း၊ အချိန်ငါးသောင်းဆိုတော့ ငွေငါးသိန်းပေါ့။ ဒါဟာ တစ်ပိဿာ တစ်ဆယ်ကွာ ပြောတာနော်။ အဲဒီထက် ပိုကွာသွားရင် မင်းလည်း ခေတ်လူငယ်၊ ခေတ်ပညာတတ်ပဲ၊ တွက်သာ ကြည့်ပေတော့။
ဒါကြောင့် လုပ်ငန်းရှင်အပေါ်လည်း စေတနာအပြည့် ထားရတယ် ငမောင်။ တို့တစ်တွေဟာ ရှေးကံမွဲလို့ လက်ထဲမှာ ခြူးပြားတစ်ပြားမှ မရှိ၊ မချမ်းသာပေမယ့် စေတနာမေတ္တာတော့ အပြည်အဝ ချမ်းသာအောင် နေရ ထိုင်ရ ကျင့်သုံးရမယ်လေ။
တို့တစ်တွေမှာ အရင်းအနှီးမရှိဘဲနဲ့ ချမ်းသာနိုင်တာက စေတနာ မေတ္တာပဲ။ စေတနာ မေတ္တာ ပြည့်ဝအောင် ထားနိုင်တဲ့ အကျိုးက အခုပဲ တို့ကိုကြည့်။ သိန်းအတော်များများနဲ့ချီပြီး တန်ဖိုးရှိတဲ့ ဒီသင်္ဘော၊ ပိုက်၊ ငါးဖမ်းကိရိယာ စတဲ့ ပစ္စည်းတွေကို ပိုင်ရှင်က မမြင်ကွယ်ရာမှာ တို့နဲ့ လွှဲထား၊ လွှတ်ထားတာဟာ တို့မှာ ပြည်ဝနေတဲ့ စေတနာနဲ့ မေတ္တာကို ယုံလို့ပဲ။
ဒါကြောင့် တို့လူကြီး (ဦးစီးချုပ်) ဆိုတာ အလုပ်ရှင် အပေါ်ရော အလုပ်သမားများအပေါ်မှာပါ စေတနာ မေတ္တာအပြည့် ထားရတာပေါ့ကွာ။
ငါကြားဖူးတယ်ကွ ငမောင်ရ။ “ရဟန်းဘဝရဲ့ ချမ်းသာခြင်းဟာ ရောင့်ရဲခြင်းနှင့် မဂ်ဖိုလ်ကို တက်လှမ်းနေခြင်း၊ လူ့ဘဝရဲ့ချမ်းသာခြင်းဟာ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံခြင်း” တဲ့ ငမောင်။ တို့တစ်တွေ လူသားပီသအောင် ကိုယ်ကျင့်သီလနှင့် ပြည်စုံခြင်း၊ ကိုယ်ချင်းစာတရား အမြဲထားခြင်းဆိုတာ ရှိနေရမယ်လေ။
အဲဒီလို ကိုယ်ကျင့်သီလနဲ့ ပြည်စုံတဲ့လူဟာ လူသာသေချင်သေမယ်။ နာမည်ကတော့ ဘယ်တော့မှ မသေဘူး။ တို့ရွာက ဦးစံမြင့်ကိုကြည့်။ သူသေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် သူ့ရဲ့ကောင်းသတင်းကတော့ သင်းဆဲ၊ ထင်းဆဲ၊ လင်းဆဲပါပဲကွာ။
ဒါကြောင့် ငါ့တပည်လည်း ကိုယ်ချင်းစာတရားနဲ့ ပြည်ဝပြီး စေတနာ မေတ္တာ ချမ်းသာအောင် ကြိုးစား။ မင်းဘဝ တစ်သက်မကဘူး။ ဘဝဆက်တိုင်း ကောင်းစားသွားမယ်။ အဲဒါ မြဲမြဲမှတ်ထား ငမောင်”
ဦးမောင်သည် မိမိ၏ဆရာ ဦးကြည်မောင် ပြောကြားဆုံးမသည် စကားတို့ကို ထာဝစဉ်ကြားယောင်နေသကဲ့သို့ ဆုံးမသည်အတိုင်းလည်း အမြဲလိုက်နာကျင့် သုံး၏။ ထို့ကြောင့်လည်း ဦးစီးချုပ်ဖြစ်လာသကဲ့သို့ လုပ်ငန်းရှင်တိုင်းကလည်း ဦးမောင်အား လေးစားကြ၏၊ ချစ်ခင်ကြ၏၊ ကမ်းလှမ်းကြ၏။ ဤကောင်းကျိုး ကောင်းမွေတို့မှာ ဆရာ့စကားကို လိုက်နာကျင့်သုံးခြင်းကြောင့် ရရှိလာသည် ရလဒ်များပင်ဖြစ်၏။
မိမိ၏ ဆရာသည် မိမိအား ဦးစီးချုပ်အရာကို ခန့်အပ်ထားရှိရန်အတွက် မိမိအား ကြုံလျှင်ကြုံသလို သွန်သင်ဆုံးမကာ သင်ကြားပြသပေးခဲ့သည်ကို ယခုမှပင် ဦးမောင် သဘောပေါက်လာတော့သည်။ ကျေးဇူးတင်မဆုံး ရှိနေတော့သည်။
ဦးမောင်၏ စတစ်တကျပြသမှုဖြင့် အဖွဲ့သားများ ငါးခွဲ၊ ငါးခုတ် ပြုလုပ်ကြရာ ပြီးသလောက်နီးနီးပင် ရှိနေ၏။ ဦးမောင်သည် စဉ်းစားတွေးတောရင်းဖြင့် ငါးများကို ဝင်ခွဲနေရာ မော့၍ပင် မကြည့်ဖြစ်။ ငါးများခွဲရန် အနည်းငယ်သာ ကျန်တော့သည် အခါ ဦးမောင်သည် သင်္ဘောဦးပိုင်းသို့သွား၍ ရှေ့နောက်ဘေးဘီတို့ကို လှည့်ကြည့်ရင်း အညောင်းဆန့်နေ၏။
ထိုစဉ် ပဲ့ကိုင်နေသည် လှထွေးဆီသို့ လှမ်း၍ ပြောလိုက်၏။
“လှထွေးရေ … သင်္ဘောကို လက်ျာဘက် ဦးပေးမောင်းထားဟေ့။ မင်း အခု မောင်းနေတာက ခုံကျောကွ။ ဟောဒီ လက်ယာဘက်ကမှ ရိုးကျော။ ငါးဆိုတာ များသောအားဖြင့် ရိုးအတိုင်း စွတ်ပြီး လိုက်တတ်တဲ့ သဘောရှိတယ်။ ဒါကြောင့် ရိုးထဲအတိုင်း ပိုက်မျှောရတယ်။ ရိုးထဲအတိုင်း မျှောမှ ငါးပိုရတာကွ”
“ဟုတ်ကဲ့ ဦးလေး၊ ဦးလေးပြောတဲ့ဆီကို မောင်းမယ်စိတ်ချ … စိတ်ချ။ ဪ … ဒါထက် ဦးမောင်၊ ဒီလောက်တောင် ရေနက်တဲ့ ပင်လယ်ပြင်ထဲမှာ ရိုးကျောနဲ့ ခုံကျောကို ဦးမောင် ဘယ်လိုခွဲခြားပြီး သိသလဲဗျ”
“ဒါကတော့ကွာ … သတိထားကြည့်ရှုတတ်ရင် မြင်နိုင်ပါတယ်။ ကြည့်လေကွာ … ခုနက မင်းမောင်းခဲ့တဲ့ ခုံကျောက လှိုင်းထတဲ့နေရာမှာ ဒီရိုးကျောထက် နည်းနည်းလေး ပိုပြီးကျဲတယ်၊ ကြီးတယ်။ ဒီရိုးထဲကျတော့ မင်းမြင်တဲ့အတိုင်းပဲ လှိုင်းက နည်းနည်းစိပ်တယ်၊ သေးတယ်”
“ဟုတ်တယ်ဗျ။ ဦးမောင် မပြောခင်တုန်းကတော့ ကျွန်တော်စိတ်ထဲမှာ ကြည့်ရတာ အတူတူပါလို့ ထင်နေတာ။ အခု သေချာကြည်တော့မှ နည်းနည်းလေး ကွာနေတာတွေ့ရတယ် ဦးမောင်ရ”
“ဟုတ်တယ် လှထွေး၊ ရေအောက်ကနေပြီး ထိုးဖောက်လှုပ်ရှားရတဲ့ လှိုင်းကလေးတွေဟာ အပေါ်မှာသာ အကြီးအသေး နည်းနည်းလေး ကွာကြပေမယ့် ရေအောက်မှာရှိတဲ့ ရိုးသဘော၊ ခုံသဘောကတော့ အတော်ကို ကွာကြတာကွ။ ဒါကြောင့် ‘ရေလုပ်သားဆိုတာ အမြင်အာရုံ၊ အကြားအာရုံတွေကို အမြဲတမ်း ဖွင့်ထားပြီး အသိပွားအောင် ကြိုးစားလုပ်ကိုင်ရတယ်’ လို့ ငါ့ဆရာ ဦးကြည်မောင်က ပြောခဲ့တာပေါ့ကွာ။ ငါကတော့ အစစအရာရာ ဆရာ့ ဆုံးမ ဩဝါဒအတိုင်း လိုက်နာကျင့်သုံးနေရတယ် လှထွေးရေ”
“ဟုတ်တယ် ဦးမောင်ရာ၊ ဦးမောင်က ဆရာကောင်း သမားကောင်းနဲ့ လက်ပွန်းတတီး နေလာရတာကိုးဗျ။ ဒါကြောင့်လည်း ဦးမောင်ရဲ့ဆရာက ယုံကြည် စိတ်ချပြီး ငါးဖမ်းသင်္ဘောတစ်စီးလုံးကို ဦးစီးချုပ်အဖြစ်နဲ့ ခန့်အပ်လိုက်တာပေါ့ဗျာ”
လှထွေးနှင့် ဦးမောင်တို့သည် အတိုင်အဖောက် စကားလက်ဆုံ ကျနေ၏။ ဦးမောင်သည် ရိုးကျောအတိုင်း လက်ညှိုးညွှန်ပြနေသကဲ့သို့ လှထွေးကလည်း ဦးမောင်ညွှန်ပြရာသို့ သင်္ဘောကို မောင်းနှင်နေ၏။ ယင်းသို့ပြရင်း မောင်းရင်းဖြင့် ပိုက်ချမျှောကာ ငါးဖမ်းနေကြတော့သည်။
ထမင်းစားချိန်သို့ပင် ရောက်၍ ပိုက်မျှောသူက မျှော၊ ထမင်းစားသူက စားကာ အလဲအလှယ်ဖြင့် တစ်လှည့်စီ စားကြ၊ မျှောကြ ငါးဖမ်းနေကြသည်။
ဆောင်းရာသီ၏ နေ့လယ်ခင်းမို့ နေသည် မပူပြင်းလှ။ ရေနက်ပိုင်းဖြစ်၍လည်း ရေသည် ကြည်လင်နေ၏။ မြောက်လေတို့ နော့သွားချိန်ဝယ် လှိုင်းကလေးများလည်း ဆော့ကစားနေသည်။
ဦးမောင်တို့အဖွဲ့မှာ ငါးဖမ်းပိုက်ကို မျှောလိုက်၊ ဖော်လိုက်၊ ရပြီးငါးများကို ခုတ်လိုက် ခွဲလိုက်၊ လှမ်းလိုက်ဖြင့် မနားကြရ။
နေပင် အတော် စောင်း၍နေ၏။ ညနေသုံးနာရီခန့်တွင် ဦးမောင်က အဖွဲ့သားများအား ပြောလိုက်၏။
“သန်းဌေးရေ၊ တို့တစ်တွေ ပိုက်တွေဖော်ပြီး နားကြမယ်ဟေ့။ ပိုက်ဖော်ကြရအောင်ကွာ”
“ဦးမောင် … ဒီနေ့ နားချိန် စောလှချည်လားဗျ”
“ခဏနားတာပါ လှထွေးရာ။ ပြီးတော့ ပြန်ပြီး မျှောကြသေးတာပေါ့”
“ဒါဆိုရင်လည်း မထူးတော့ပါဘူး ဦးမောင်ရာ။ နားမနေပါနဲ့၊ ဆက်မျှောကြရအောင်ပါ။ ပြီးမှ ထမင်းစားသိမ်းရင်း တစ်ခါတည်း နားလိုက်ကြတာပေါ့”
“မဟုတ်သေးပါဘူး လှထွေးရာ။ တို့တစ်တွေ အခု နားနားနေနေနဲ့ ထမင်းစားကြသေးတာပေါ့။ အရေးမကြီးစမ်းပါနဲ့”
လှထွေးသည် ဦးမောင်၏စကားကို မပယ်ဝံ့။ ထို့ကြောင့်လည်း သင်္ဘောကို ကျောက်ချစေကာ ထမင်းစားရန် ပြင်ဆင်တော့၏။
ကျောက်ချ၍ အလုပ်နားနေခြင်းဖြစ်၍ ထမင်းစားဝိုင်းသည် လူစုံလက်စုံ ရှိလှသည်။ ဦးမောင်တို့အဖွဲ့သည် ပင်ပန်းကြသူများပီပီ စားကြသောက်ကြသည်မှာ မြိန်ရည်ယှက်ရည်ရှိနေကြသည်။ ထမင်းစားအပြီးတွင် ရေနွေးကြမ်းသောက်သူ သောက်၊ ဆေးဖွာသူ ဖွာ၊ စကား ပြောသူ ပြောဖြင့် မမောနိုင်မပမ်းနိုင် ရှိနေကြသည်။
“လူငယ်များသည် မည်မျှ မောမောပန်းပန်း ထမင်းစားပြီးက အမောအပန်းပျောက်၏” ဆိုသည် လူကြီးသူမ စကားသည် မှန်ကန်လှသည်။
ဦးမောင်တို့အဖွဲ့သားအားလုံးသည် တက်ကြွထက်သန်နေကြ၏။ မိမိတို့ သန်ရာကို ပြောသူ ပြော၊ ငြင်းသူ ငြင်း၊ ကစားသူ ကစားဖြင့် အလုပ်ရှုပ်နေကြ၏။
လူတိုင်း ထမင်းစားနေကြသည်မှာ ဆောင်းရာသီ၌ လေသည် မြောက်မှ တိုက်ခတ်၏။ ချမ်း၏ဟု ထင်တတ်၊ မြင်တတ်၊ ယူဆတတ်ကြသည်။
ဦးမောင်တို့အဖွဲ့ ထမင်းစားပြီးချိန်သည် လေးနာရီကျော်ခန့်ဖြစ်သည်။ လေသည် ငြိမ်သက်နေ၏။ တစ်နေကုန် မြောက်လေတိုက်၍ ပြီးသည်နှင့် ညနေလေးနာရီခန့်တွင် လေငြိမ်တတ်၏။ ယင်းလေငြိမ်ပြီးသည်နှင့် တောင်လေလာတတ်သည်မှာ ဤလ ဤရာသီ၌ ပင်လယ်ပြင်၏ သဘာဝ၊ ထိုရာသီ၏ သဘာဝအလှည့်အပတ်ကို ရေလုပ်သားတိုင်းပင် မသိ။
ဦးမောင်သည်ပင် ၎င်း၏ဆရာ ပြောပြချက်အရ ယခုကဲ့သို့ သိခဲ့ရခြင်းဖြစ်သည်။
ရေလုပ်ငန်း ရေလုပ်သားများ၏ အမှတ်သင်္ကေတ သဘာဝများကား များပြားလှသည်။ ကျောင်းစာကဲ့သို့ စာဖြင့်ချပြီး သင်၍၊ ကျက်၍ အရာရာတိုင်းပင် မရနိုင်။ ရနိုင်သည်အရာများ ရှိသကဲ့သို့ မရနိုင်သည်အရာများလည်း ရှိနေတော့သည်။
အကောင်းဆုံးက မိုး၊ ရေ၊ လေ အခြေအနေကိုကြည့်၍ လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ သင်ကြားကာ နည်းယူခြင်းသာ ဖြစ်၏။
ဦးမောင်သည် ၎င်း၏ဆရာ ဦးကြည်မောင်ထံတွင် ၁၄ နှစ်သား အရွယ်မှစ၍ ရေလုပ်ငန်းအတွေ့အကြုံ အတတ်ပညာများကို သင်ယူခဲ့သူ ဖြစ်၏။
လေသည် ငြိမ်သက်ပြီးသည်နှင့် တောင်လေလေး တဖြူးဖြူး တိုက်လာ၏။ ရေသည်လည်း တက်လာ၏။
တောင်လေနှင့် ရေအတက်တွင် ငါးကုလားများ မြူးတတ်ကြ၏။ ထိုငါးများ မြူးချိန်ကို ဦးမောင်က ၎င်း အဖွဲ့သားများအား ထမင်းစား အားမွေး၍ အစောင့်ခိုင်းထားခြင်းပင် ဖြစ်၏။
ရေသည် သုံးပုံတစ်ပုံခန့် တက်လာ၏။ သို့သော် ဦးမောင် မျှော်လင့်ထားသည် ငါးကုလားများ မြူးလာသည်ကို မတွေ့ ရသေး။
နေလည်း တဖြည်းဖြည်းနှင့် တောင်တစ်ဖက်သို့ ရှောင်ထွက်ရန် ဟန်ပြင်နေ၏။ ပင်လယ်ပြင်၏ ညနေချမ်းသဘာဝသည် သာယာလှ၏။
ဦးမောင်သည် ၎င်းမျှော်လင့်နေသော ငါးကုလားများ မြူးကြွတက်လာချိန်ကို စောင့်ရင်းဖြင့် နောက်ဆုံးတွင် စိတ်မောလူမော ဖြစ်နေ၏။ ထိုအကြောင်းကို မည်သူ့အားမျှ မပြောဘဲ ကြိတ်၍ မျှော်နေရင်းဖြင့် မျှော်လင့်ချက်ကို စိတ်မောစွာ လက်လျှော့၍ သင်္ဘောပဲ့ပိုင်းတွင် လှဲချအပန်းဖြေနေတော့သည်။
ထိုစဉ်တွင် စပ်စပ်စုစုရှိသော မောင်မြင့်က အထိတ်တလန့် ပြောကြားလိုက်၏။
“ဦးလေးမောင် … ဦးလေး … ထစမ်းပါဦးဗျာ”
“ဘာလဲ မောင်မြင့်၊ မင်း ဘာမေးဦးမလို့လဲ။ နောက်မှမေးကွာ။ ငါ အခု မောနေတယ်”
“ထပါဦး ဦးမောင်ရာ။ ဟိုးတောင်စူးစူးမှာ ရေပေါ်ကို ၅ ပေ၊ ၆ ပေလောက် ခုန်ပျံနေကြတာ ဘာတွေလဲလို့ ဦးလေးရ။ ထကြည့်စမ်းပါဦး”
ဦးမောင်သည် လှဲလျောင်းနေရာမှ ထကာ မောင်မြင့် ညွှန်ပြရာဆီသို့ မျှော်ကြည့်လိုက်၏။ ပြီးလျှင် နှုတ်မှ အော်ဟစ်ရေရွတ် ပြောဆိုလိုက်၏။
“ဟုတ်ပြီကွ၊ ငါ အဲဒါကို စောင့်နေတာ”
“ဦးမောင် ဘာဖြစ်တာလဲဗျ။ ဦးမောင်ဟာကလည်း အလန့်တကြား”
“ပြီးမှပြောမယ် လှထွေး။ မင်း တက်မကိုင် စက်နှိုးခိုင်း၊ ပိုက်မျှောရအောင် အသင့်ပြင်ကြဟေ့”
သင်္ဘောသားများသည် ဦးမောင်၏ အစီအစဉ်အတိုင်း သွက်လက်ဖျတ်လတ်စွာ လုပ်ကိုင်ကြ၏၊ ပိုက်မျှောကြ၏။ ဦးမောင်သည် တက်မကိုင် လှထွေးဘေးတွင်ထိုင်၍ လက်ညှိုးဖြင့် လိုရာကိုညွှန်ပြကာ ပြော၏။
“ငါပြတဲ့ဆီကိုသာ ဖြည်းဖြည်းမောင်းကွာ။ စက်သံ သိပ်ပြင်းလွန်းရင် ငါးတွေ လန့်ပြေးမှာ စိုးရတယ် လှထွေး။ ဒီငါးတွေ ဖမ်းတာကို ဒုန်းလိုက်တယ်လို့ခေါ် တယ်ကွ”
“ဘာဖြစ်လို့ ဒုန်းလိုက်တယ် ခေါ်ရတာလဲ ဦးမောင်”
“ဒီငါးတွေရဲ့အမည်က ငါးကုလားတဲ့ကွ။ သူတို့က ဒီလို ဆောင်းရာသီ တောင်လေရေတက်နဲ့ မြူးတတ်ကြတယ်။ ဒီငါးတွေကို ဖမ်းဖို့ရည်ရွယ်ချက်နဲ့ ငါညနေကတိုင် မင်းတို့ကို ထမင်းစားခိုင်းပြီး စောင့်ကြည်နေတာ။ ဒီငါးတွေဟာ မြူးပြီဆိုရင် ရေပေါ်ကို ၅ ပေ၊ ၆ ပေအထိ ခုန်ပျံပျော်မြူးကြတယ်ကွ။ ပြန်ကျတော့လည်း ခေါင်းက အောက်စိုက်ပြီး ဘုန်းကြီးပျံပွဲတို့ ပွဲတော်တို့မှာ ဒုန်းပျံလွှတ်သလိုမျိုး အောက်စိုက်ပြန်ကျတတ်တယ်။ သူတို့ရဲ့ပုံစံဟာ ဒုန်းပျံနဲ့တူလို့ ဒုန်းလို့ခေါ်ကြတာကွ။
သူတို့က တစ်ကောင် နှစ်ကောင် စသည် ခွဲပြီးနေခဲတယ်။ အုံနဲ့ကျင်းနဲ့ အုပ်နဲ့သင်းနဲ့ နေတတ်ကြတာ။ ဒါကြောင့် ရေလုပ်သားတွေက ဒုန်းကို မင်တာပေါ့။ အဲဒီငါးတွေ မြူးပျော်ချိန်ကို စောင့်ပြီး လိုက်တယ်လို့ ခေါ်တာကွ။ ဒီလို ငါးအုပ် (ဒုန်းအုပ်)နဲ့သာ တွေ့လို့တော့ တို့သင်္ဘော မကြာခင် လေးသွားမှာပါ လှထွေးရာ”
ဦးမောင်သည် လှထွေးအား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ ၎င်းတို့ သင်္ဘောကို မြင်သောအခါ ဒုန်းများ ငြိမ်သွားကြ၏။ ဦးမောင်တို့သင်္ဘောသည် စက်ရှိန်ကိုသတ်ကာ ဒုန်းများရှိရာသို့ အသာအရာ ခုတ်မောင်းမျောချကာ ပိုက်များဖြင့် ငါးဖမ်းနေကြတော့သည်။
အတန်ကြာ မောင်းမိ မျှောမိ ဖမ်းမိကြသောအခါ ဦးမောင်သည် အဖွဲ့သားများအား ပိုက်ဖော်ရန် ပြောလိုက်၏။
နေရောင်ခြည်သည် ပျောက်ကွယ်သွား၏။ လရောင်ကား ပင်လယ်ပြင်ကို ဆွတ်ဖျန်းထားခြင်းကြောင့် မျက်စိတဆုံးတွင် လဲ့လဲ့ပြာပြာဖြင့် သာယာနေ၏။ ဦးမောင်တို့အဖွဲ့သားအားလုံးသည် လရောင်အောက်တွင် ပိုက်များ ဖော်လိုက်သောအခါ ငါးကုလားများ အမြောက်အမြား မိနေသည်ကို တွေ့ရ၏။
ထိုအခါ အဖွဲ့သားအားလုံး ပျော်မဆုံး မော်မဆုံး ရှိနေကြတော့သည်။
လှထွေးသည် တက်မကိုင်ရင်းမှ ဒုန်းဟူသော အခေါ်အဝေါ် အသုံးအနှုန်း၊ ငါးများ၏ ခုန်ပျံမြူးကြွပုံ၊ ရာသီအလိုက် မြူးကြ ပျော်ကြသည်ငါးများ၊ ထိုထို ရေပိုးရေမွှား သားငါးသတ္တဝါများ၏ သဘာဝစရိုက်ကို သိနေတတ်ကြသော ရေလုပ်သားများ၊ စသည် စသည်တို့ကို တွေးရင်းတောရင်း ငေးရင်းမောရင်းဖြင့် ရင်ထဲတွင် ကြည်နူးပီတိတို့ဖြင့် တအိအိလှုပ်ရှားနေတော့သည်။
တလွင့်လွင့်တလူးလူးဖြင့် လှုပ်ရှားမြူးတူးနေသော ငွေဇာလွှာလှိုင်းကြက်ခွပ်တို့သည် တိတ်ဆိတ်သော ညယံကို ထိုးဖောက်၍ သင်္ဘောဦးကို ပုတ်ခတ် ကြည်စယ်နေကြသည်မှာ တဖတ်ဖတ် တဖိုးဖိုးဖြင့် မတိုးမကျယ်အသံများ ထွက်ပေါ်လာကြသည်။
ဦးမောင်သည် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကို ကြည့်၍ တွေးရင်းငေးရင်းဖြင့် လွမ်းရဆွေးရတော့မလို ဖြစ်နေသည်ကတော့ အမှန်ပင်။ ။
Uncategorized