July 31, 2025
Uncategorized

ဒေါင်းလိုက်မုဆိုးများ

လေးမောင်
ဒေါင်းလိုက်မုဆိုးများ

ရှေ့တူရူတွင် နေမင်းကြီးသည် အနောက်ဘက် တောင်ရိုးတောင်စွယ်များတို့ဆီသို့ ငုပ်လျှိုးစပင် ပြုနေပြီဖြစ်သလို လမင်းကြီးကလည်း အစွမ်းကုန် သာပြရန်အတွက် အစားလဲကာ နေရာယူဖို့ပင် ပြုနေပြီပဲလေ။

ကျွန်တော်တို့ အမဲလိုက်ကြစဉ်ကာလ ဒေါင်းများကို သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်ဖူးခဲ့သော်လည်း ယခု သူတို့ဆီကကဲ့သို့ လိုက်သည့်အလုပ်ကို မသိခဲ့တာက အမှန်။

ကျွန်တော်တို့နှစ်ဦး “စည်ရွာ” ဆီသို့ ရောက်တော့မှ ရွာခံမုဆိုး ကိုထင်ကျော်မှ လေ့လာရန်ခေါ်သဖြင့်
သိလိုက်ရခြင်းပင်။ ထို “စည်ရွာ” ဆိုသည်က မင်းတုန်းမြို့နှင့် ပြည် ကားလမ်းဘေး ရခိုင်ရိုးမကြီးအတွင်းရှိ ရွာကလေးတစ်ရွာပင်။

ကျွန်တော်နှင့် ကိုမြသိန်းတို့နှစ်ယောက် လာမည်ဆိုသဖြင့် ရောက်မည့်နေ့တွင် သူက ကားလမ်းရှိ ကား ဂိတ်သို့ထွက်ကာ လှည်းနှင့်ကြိုနေရင်း သူ့အိမ်သို့ရောက်တော့ သူပြောနေသည်ကို ကြားသိလိုက်ရခြင်းပင်။

“အတော်ပဲ … မင်းတို့နှစ်ယောက် ရောက်လာတာ။ မနက်ဖြန် လပြည့်နေ့ညလေးအတွက် ဗဟုသုတလေးတစ်ခုတော့ ပေးလိုက်နိုင်တယ်”

သူ့စကားကြောင့် အရက်ကို သောက်တော့မည်လုပ်နေရင်း ပြန်ချထားလိုက်ပြီး-

“ဘယ်လို ဗဟုသုတမျိုးကို ပေးမှာလဲ ကိုထင်ကျော်ရဲ့”

“မင်းတို့ တစ်ခါမှ မကြုံဘူးသေးတဲ့ ဗဟုသုတမျိုး။ ဒေါင်းလိုက်တဲ့ ဗဟုသုတပေါ့”

သူ့အပြောကြောင့် ကျွန်တော်တို့နှစ်ဦး အံ့ဩသွားမိသည်နှင့်အတူ-

ကျွန်တော်တို့က ဒေါင်းကို ပစ်သာ ပစ်ဖူးတာဗျ။ လိုက်လို့ရတယ် ဆိုတာကို ကြားတောင် မကြားဖူးသေး ဘူး။ အခု ခင်ဗျားပြောမှ။ ဟုတ်ကော ဟုတ်ရဲ့လားဗျ”

“ဟဲဟဲဟဲ … ဒါကြောင့် ငါပြောတာပေါ့။ ဗဟုသုတတစ်ခု ပေးမယ်ဆိုတာ။ ဘယ်လိုနည်း ဆိုတာတော့ ပြောမပြဘူးကွာ၊ မင်းတို့လေ့လာကြ။ အထူးသဖြင့် ဒီနေ့ရောက်လာမယ့် ခွေးကို အကဲခတ်ပေါ့။ ပညာတစ်ရပ်ဆိုတာ ကြိုသိရင် တန်ဖိုးကျတယ်ကွ”

“နေပါဦးဗျ၊ ခွေးက ဘာလုပ်ဖို့လဲ။ ခွေးရောက်တော့ကော ဘာလုပ်မှာလဲ”

“မင်းကလည်းကွာ၊ အမေးအမြန်း ထူရန်ကော။ ဈေးကျမခံနိုင်ဘူးမောင်။ ဒါကြောင့် ခု မပြောနိုင်သေး ဘူး။ ကဲ … သောက်ကြကွာ၊ ဒေါင်းသားလေးကိုလည်း မြည်းကြ။ မင်းတို့အရပ်က စားရခဲတယ်”

သူပြောသည်ကလည်း ဟုတ်နေသည်။ ဒေါင်းသားကို မစားခဲ့ကြရတာ ကြာခဲ့ပြီကော။

လုပ်ငန်းများကြသဖြင့် အမဲပစ်မထွက်နိုင်ကြ၍တော့ဖြင့် မဟုတ်။ ကျွန်တော်တို့ ထွက်ခဲ့ကြသည့် ပဲခူးရိုးမကြီး ဒီမှာဘက်ဆီ၌ အောက်ရှုပ်သော တောများချည်းမို့ ဒေါင်း၊ သမင် စသည့် သတ္တဝါမျိုး မရှိသည့်နေရာ ဖြစ်သည့်အတွက် ဒေါင်းသားနှင့် သမင်သားကို မစားကြရခြင်းက အဆန်းတော့ မဟုတ်။

ယခု မင်းတုန်းမြို့နှင့် ပြည် ကားလမ်းအကြား ရခိုင်ရိုးမကြီးတွင် ရှိနေသည့် “စည်ရွာ” ကလေးတွင်နေသော ကိုထင်ကျော်မှာ သူ့ကိစ္စလေးနှင့် ရန်ကုန်သို့လာရင်း အကူအညီပေးလိုက်မှုအပေါ် သူတို့ရွာဆီသို့ အမဲပစ်လာရောက်ရန် ဖိတ်ခေါ်လိုက်မှုကြောင့် ကျွန်တော်နှင့် ကိုမြသိန်းတို့ လက်ဝါးရိုက်ကာ ရုံးပိတ်ရက်ကို အရယူပြီး ခွင့်သုံးရက်စီတင်၍ ထွက်ခဲ့ကြခြင်းပင်။

ဒီနေရာတွင် ကျွန်တော်တို့နှစ်ယောက်စလုံးသည် မုဆိုးဝါသနာရှင်များ ဖြစ်ကြသလို တစ်ဖက်ကလည်း နိုင်ငံ့တာဝန်ကို ကိုယ်စီပေးအပ်ထားခြင်း ခံနေရသူများ ဖြစ်ကြပေသည်။

ဝါသနာစေစားရာမို့ ရသည့်အချိန်ကလေးကိုပင် အမဲပစ်ခြင်းလုပ်ငန်းတွင် နှစ်မြှုပ်ထားကြသူတို့ပင်။

အချိန်ရခဲ့လျှင် အနီးစပ်ဆုံး လှည်းကူး၊ နောက် ညောင်နှစ်ပင်ကွင်းလောက်တော့ ထွက်လိုက်ကြသည် ချည်းပင်။

ယခုလို ခွင့်သုံးရက်ယူပြီး စနေ၊ တနင်္ဂနွေခံကာ(၅)ရက်လောက် ထွက်ကြရသည့် ခရီးမျိုး ဆိုသည်က ရှာမှရှား။ တစ်ခါတစ်ရံ သူသွားလျှင် ကိုယ်ကျန်၊ ကိုယ်သွားလျှင် သူကျန် အဖြစ်မျိုးနှင့် ဝါသနာအရ တောပစ်ထွက်နေကြရသူများ။

ယခုလည်း နှစ်ဦးသား လုပ်ငန်း (စီမံချက်ချကာ လူထုအားနှင့် ပူးပေါင်း ဆောင်ရွက်ကြရသည့်) အချိန်ကျဲပါးသည်ကို အတန်ကြာစောင့်ကာ သူနှင့် လက်ဝါးရိုက် ထွက်လာခဲ့ကြရင်း ကိုထင်ကျော်ရှိရာ စည်ရွာဆီသို့ အမဲပစ်ရင်း ရောက်ခဲ့ကြခြင်းပင်။

လုပ်ငန်းများကာ မွန်းကျပ်နေသည့် စိတ်ကလေးကို ကိုထင်ကျော်ထံတွင် ခေတ္တ ခွာချထားလိုက်ရင်း လွတ်လပ်စွာ စားသောက်နေရာမှ သူပြောပြနေသည့် စကားများတို့ပင်။

အတန်ကြာကြာ စားသောက်နေရင်း အမှောင်ဘက်ဆီသို့ လုလာသည့်အချိန် ခြံရှေ့မှ ခွေးဟောင်သံ များ ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်တော့ ခွေးတစ်ကောင်ကို ကြိုးနှင့်ဆွဲကာ လူနှစ်ယောက် ခြံဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ရပ်နေသည်ကို ကိုထင်ကျော်က-

“မြဒင်နဲ့ ခင်ရွှေတို့နှစ်ယောက် လာကြပြီ။ ခွေးလည်းပါလာတယ်ကွ။ ပွဲကတော့ စည်သွားပြီပေါ့ကွာ”

ပြောပြောဆိုဆိုနှင့် ခြံတံခါးဆီသို့ ထွက်သွားကာ ပါလာသည့်ခွေးကို အခြားခွေးတို့က ဝိုင်းပတ်ဟောင်နေကြသည်ကို မာန်မဲခြောက်လှန့်လိုက်ပြီး ခြံတံခါးကိုဖွင့်ကာ အထဲသို့သွင်းပြီး ပြန်ပိတ်လိုက်သည်။

ခွေးကို သိုင်းကြိုးနှင့်ဆွဲလာသူနှစ်ဦးကို ကျွန်တော် နှင့် ကိုမြသိန်းတို့နှစ်ယောက် အနီးကပ် မြင်လိုက်ရပေသည်။

ခွေးကိုဆွဲလာသူက ပိန်ပိန်ရှည်ရှည်၊ အသားက မည်းမည်းနှင့် ကျွန်တော်တို့ဆီတွင် “ဓားသွေးဒယ်၊ ကတ် ကြေးသွေးဒယ်” ဟု လိုက်လံအော်ဟစ်နေသည့် ကုလားပုံစံမျိုး။ သူ့နာမည်က “မြဒင်”ဟု ပြောသည်။
နောက်တစ်ယောက်ကတော့ ပုပျပ်ပျပ်နှင့် ဂင်တိုတို။ သူ့ကိုကြည့်လိုက်လျှင် တရုတ်လူမျိုးပုံစံ ပေါက်နေသည်။ ပါးစပ်တွင်လည်း ရွှေသွားနှင့်။ သူ့ နာမည်က “ခင်ရွှေ” ဆိုသူတို့ နှစ်ဦးပင်။

မြဒင်ဆိုသူက သူဆွဲလာသော ခွေး၏ တစ်ဖက်အဖျားကြိုးကွင်းကို တိုင်တွင်စွပ်ရင်း ထိုနေရာ၌ ဆောင့်ကြောင့်ထိုင်ကာ ပါလာသည့်ခွေးကို ဖက်လျက် တီးတိုးစွာ မှာကြားပြောဆိုနေသည်။ ခွေးကလည်း “အီးအီ အဲအဲ” နှင့် လုပ်ရင်း ခွေးနှင့် စကားပြောနေစဉ် ခင်ရွှေ ဆိုသူက ကျွန်တော်တို့ဝိုင်းရှိရာဆီသို့ လာရောက်ထိုင်လိုက်ပြီး ပြုံးပြနှုတ်ဆက်သည်ကြောင့် ပြန်ပြုံးပြလိုက်ပေသည်။

ထိုအချိန်တွင် မြဒင် ဆိုသူက ခွေးကို တိုင်တွင် ကြိုးကွင်းနှင့်စွပ်ကာ ထားခဲ့ပြီး လွယ်ပိုးထားသည့် လွယ် အိတ်ကို ကုလားထိုင်တွင် ချိတ်ဆွဲ၍ နှုတ်ဆက်ပြန်သည်။

“ရန်ကုန် အမဲပစ်အဖွဲ့တွေနဲ့ တူတယ်”

“ဟုတ်ပါ့ဗျာ … ဟုတ်ပါ့။ ကျွန်တော်တို့ ရန်ကုန်က ရောက်လာကြတာပါ”

“ကဲ … ပင်ပန်းလာကြတယ်ဆိုတော့ အရင်ချလိုက်ကြကွာ။ တစ်ခွက် တစ်ဖလား။ ပြီးမှ ထမင်းစားကြတာပေါ့”

ကိုထင်ကျော် ပြောလိုက်သဖြင့် မြဒင် ဆိုသူက-

“ခွေးကို အစာကျွေးလိုက်ရအောင်၊ ခွေးအတွက် အရင်လုပ်ပါ ကိုထင်ကျော်”

သူပြောလိုက်သည့် စကားကြောင့် ကိုထင်ကျော်က အိမ်ပေါ် တက်သွားကာ ထမင်းနှင့် ဒေါင်းသားဟင်းများ ထည့်ယူလာခဲ့သည့်အတွက် မြဒင်က လှမ်းယူလိုက်ပြီး နယ်ဖတ်ကာ ငှက်ပျောရွက်ခင်း၍ သူ့ခွေးကြီးကို ချော့မော့အစာကျွေးနေသည်နှင့်အတူ ကျွန်တော်တို့ နားမလည်သည့် စကားများနှင့် အစာစားခိုင်းနေ​၏။

ခွေးကလည်း ဆာလာဟန်ထင့်၊ စားသောက်နေသည်ကို တွေ့လိုက်ရပေသည်။ ခွေး အစာစားပြီးသောအခါ ငှက်ပျောဖက်ကိုလိပ်ပြီး ခြံပြင်သို့ စွန့်ပစ်ကာ ကျွန်တော်တို့ ဝိုင်းထိုင်နေရာ လွတ်နေသော ထိုင်ခုံ (စောစောက လွယ်အိတ်ချိတ်ထားသည့်ခုံ) တွင် ဝင်၍ ထိုင်လိုက်စဉ် ကိုထင်ကျော်က ကျွန်တော်တို့ကို လက်ညှိုးထိုးပြလိုက်ရင်း-

“အတော်ပဲကွ၊ သူတို့နာမည်က ဘိုလေးနဲ့ ကိုမြသိန်းတဲ့။ သူတို့က မုဆိုးတွေလေ။ ဒေါင်းကို သေနတ်နဲ့ တော့ ပစ်ဖူးကြသူတွေချည်းပဲ။ ဒေါင်းလိုက်တာကိုတော့ တစ်ခါမှ အတွေ့အကြုံ မရှိကြသေးဘူး။ ခု ကြုံတုန်း ဗဟုသုတရအောင် ငါ ခေါ်သွားမလို့ကွ။ အလုပ်တွေကများ၊ လူတွေကလည်း မအားကြတော့ မလာနိုင်ကြရှာဘူးကွာ။ မနက်ဖြန် လပြည့်ည လုပ်မယ့်ကိစ္စကို သူတို့ လေ့လာကြမယ်”

ကိုထင်ကျော်သည် သူတို့နှင့် ကျွန်တော်တို့ကို မိတ်ဆက်ပေးလိုက်ပြီး အကျိုးအကြောင်းကို ရှင်းပြလိုက်တော့ ခင်ရွှေဆိုသူ တရုတ်လိုလူက-

“ဟုတ်လား၊ မုဆိုးတွေဆိုတော့ သားကောင်စုံ ပစ်ဖူးကြမှာပေါ့နော်”

သူ့အမေးကြောင့် ကျွန်တော်တို့က ပစ်ခတ်ဖူးကြောင်း ခေါင်းညိတ်ဝန်ခံလိုက်တော့ သူက အရက်တစ် ခွက်နှင့် ဒေါင်းသားကို စားလိုက်ရင်း ဆက်ပြောသည်က-

“ကျွန်တော်တို့ ဒီဘက်တွေမှာ ရှိကြတဲ့ ဒေါင်းတွေက ပစ်ဖို့ဆိုရင်တော့ သိပ်မလွယ်ဘူးဗျ။ ဒါကြောင့် မပစ်ကြဘဲ လိုက်ပြီး စားနေကြတာ”

“ဟုတ်လား၊ ဘာကြောင့်တုံးဗျ”

ကိုမြသိန်းက စိတ်ဝင်တစားနှင့် ပြန်မေးလိုက်တော့-

“ဒီဘက်တွေဆီမှာ ရှိနေကြတဲ့ ဒေါင်းတွေက နေ့ပိုင်းမှာ သစ်ပင်ကြီးတွေပေါ်မှာလည်း မနားကြဘူးဗျ။ အုပ်က မြေပြင်မှာနေပြီး အစာရှာဖွေ စားသောက်ကြတယ်။ တစ်ခုရှိတာက သစ်ပင်ပေါ်မှာ ကင်းဒေါင်းတစ်ကောင် အမြဲထားတယ်။ ဒီဒေါင်းက သစ်ပင်အမြင့်ထက်မှာ ကင်းစောင့်ရင်းရှိနေတော့ သူကချည်း အရင်မြင်တွေ့ပြီး အချက်ပေးပြီး အဝေးကိုပျံသွားသလို မြေပြင်မှာရှိနေကြတဲ့ ဒေါင်းအုပ်ကလည်း တောထဲကို တိုးဝင်ပြေးကြတော့ ပစ်ဖို့က ဘယ်လွယ်မလဲ။ ဒါကြောင့် ‘မုဆိုးကောင်း ဒေါင်းချောင်း’ ဆိုတဲ့စကား ပေါ်လာသလား မသိဘူးဗျ။ ချောင်းပစ်ဖို့ကို မလွယ်တာ။

နောက်တစ်ခုက သူတို့ကို ပစ်မယ်ဆိုရင် မလွယ်တဲ့အချက်က ဒေါင်းအိပ်တန်းကို အရင်ရှာရတယ်ဗျ။ ဒေါင်းဆိုတဲ့ အကောင်မျိုးက သူတို့ အိပ်တန်းမှာ အနှောင့်အယှက် မရှိရင် ဒီနေရာပဲ အိပ်တယ်။ အနှောင့်အယှက် ရှိလာရင်တော့ နေရာပြောင်းအိပ်ကြတယ်။

သူတို့အိပ်တန်းကို တွေ့ရတဲ့ နေရာတွေကလည်း များသောအားဖြင့် ဒေါင်းကို ပစ်လိုက်ရလို့ သေသွား သည့်တိုင် သွားကောက်ဖို့က မလွယ်တဲ့ တောင်စောင်းတွေ၊ တောင်ကမ်းပါးယံကြီးတွေမှာ၊ ချောက်တွေဘက်ကို စောင်းပြီး ပေါက်နေတတ်ကြတဲ့ အပင်ကြီးတွေမှာ သစ်တိုင်းပေါ် သူတို့အမြီးတင်လို့ရတဲ့ နေရာတွေကို ရွေးပြီး အိပ်တတ်ကြတယ်ဗျ”

“ဟုတ်လား၊ အဲဒီလိုပုံစံမျိုးနဲ့ အိပ်ကြလာလား”

ကိုမြသိန်းက တအံ့တဩအသွင်နှင့် ပြန်မေးလိုက်တော့ သူ ဆက်ပြောလိုက်သည်က-

“ဟုတ်တယ်ဗျ။ ပိုဆိုးတာက မုဆိုးလုပ်သူဟာ အဲဒီ အိပ်တန်းကို တွေ့လို့ ညဘက် သွားချောင်းမြောင်း ပစ်ခတ်ဖို့ဆိုတာကလည်း မလွယ်ပြန်ဘူးဗျ။ ဆုံးတာများတယ်။

ဟုတ်တယ်ဗျ၊ သူတို့အိပ်ကြတဲ့အောက်မှာ လျှိုတွေ၊ မြောင်တွေ၊ ချောက်ကြီးတွေ ဆိုတော့ ပစ်လို့ရခဲ့ရင်တောင် သူတို့ကို ကောက်ယူဖို့ မလွယ်တဲ့နေရာမျိုး မှာ အိပ်တတ်ကြလို့ မုဆိုးတွေက သူတို့ကို မပစ်ကြတော့ဘဲ လိုက်ပြီး စားကြတော့တယ်ဗျ။ သူတို့ ဘဝအသိပေးဉာဏ်ကြောင့်ပဲ ဆိုရမှာပေါ့ဗျာ။

မုဆိုးတွေဘက်က အကောင်တွေနဲ့ပတ်သက်ပြီး အားသာချက်တစ်ခုတော့ ရှိတယ်။
ဒေါင်းအုပ်ဟာ နေ့ပိုင်းမှာသာ ကင်းစောင့်ဒေါင်းထား ပြီး ချိုးအိပ်တန်းများမှာလို ညဘက် ကင်းချမထားတဲ့ အချက်ပဲဗျ။ အဲဒီ အားနည်းချက်ကိုကြည့်ပြီး လိုက်စားကြရတာပေါ့ဗျာ”

သူ့အပြောကြောင့် ကျွန်တော်တို့ ဒေါင်းများကို ပစ်ခတ်နေကြသော်လည်း တကယ်ပင် မသိသေးသည့်အ ချက်များနှင့် အသိပညာကို ခင်ရွှေနှင့် မြဒင်တို့နှစ်ယောက်ထံမှ သိရှိလိုက်ရသဖြင့် သူတို့နှစ်ဦးကို အထူးကျေးဇူးတင်မိသည်က အမှန်။

အချိန်ကလည်း မိုးချုပ်နေပြီမို့ ကျွန်တော်တို့အားလုံး ညစာစားလိုက်ကြပြီးနောက် မြဒင်ဆိုသူက အိမ်ခြေ ရင်းတွင် ဖယောင်းပုဆိုးကို ဖြန့်ခင်းလိုက်ပြီး ခွေးအိပ်ခြင်ထောင်အား ထောင်လိုက်ကာ ခွေးကို ခြင်ထောင်အတွင်းသွင်း၍ သိပ်သည်ကို အံ့ဩစွာ တွေ့လိုက်ကြရပြန်ပေသည်။

xxx xxx xxxx

ကျေးငှက်သံတစာစာတို့နှင့်အတူ ရောင်နီပျပျတို့က ပျဉ်ကာတို့အကြားမှ အိမ်အတွင်း တိုးဝင်လာ သည်ကြောင့် ကျွန်တော်တို့ အိပ်ရာမှ နိုးလာကြသည်။

နေ့သစ်တစ်နေ့ကို လှပခြင်းများစွာနှင့် ကူးပြောင်းလာခဲ့ပြီမို့ အဆာပြေထမင်းကြမ်း စားလိုက်ပြီး ခွေးကိုလည်း အစာကျွေး၍ ငါးဦးသား ခွေးကိုခေါ်ဆောင်ပြီး ဒေါင်းအိပ်တန်းရှိရာဆီသို့ ထွက်ခဲ့ကြပေတော့သည်။

ကိုမြသိန်းက လိုရမည်ရ သေနတ်သေးကလေးကို ကျောတွင် လွယ်ပိုးလာခဲ့သလို ဟိုကိုရောက်တော့ ခင်ရွှေပြောသည့် ဒေါင်းအိပ်တန်း။

ချောက်ကမ်းပါးကြီးတွင် ခပ်စောင်းစောင်း ပေါက်နေသော သစ်ရိုင်းပင်ကြီးများထက်ဆီတွင် သူတို့က ဒေါင်းအိပ်တန်းပါ ဆိုနေကြသဖြင့် ကျွန်တော်တို့ နားထောင်နေလိုက်ရသည်။ အောက်ခြေတွင် ဒေါင်းချေးပင် ရှာမတွေ့။ ရှာတွေ့ရန်လည်း မလွယ်။ ဒေါင်းအိပ်တန်းအောက် ချောက်ကမ်းပါးကြီးအတွင်း ခဲရာခဲဆစ် ဆင်းရှာမှ တွေ့နိုင်သည့် ပုံစံပင်။

ထူးထူးခြားခြား သတိထားမိလိုက်သည်က ကျွန်တော်တို့နှင့် လိုက်ပါလာသည့် ခွေးကြီးပင်။ တစ်လမ်းလုံး ကျွန်တော်တို့နှင့် ယှဉ်တွဲလိုက်ပါလာသော်လည်း လုံးဝ ငြိမ်သက်နေပြီး အရာရာသည် သူနှင့်မဆိုင်သည့် ပုံစံ။ သူလုပ်ရမည့် အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ကာ လေ့လာအကဲခတ်နေသည့်အသွင်။

သူတို့သုံးဦး ဝန်းကျင်တစ်ဝိုက်ဆီသို့ လိုက်လံလှည့်ပတ် ကြည့်ရှုနေလိုက်ကြရင်း ကိုထင်ကျော်က-

“ကဲ … သွားလိုက်ကြရအောင်။ ခွေးလိုက်လမ်းကို ရှင်းပြီးရင် ပြန်လိုက်ကြရအောင်။ သေချာပါတယ်”

ဟူ၍ ပြောလိုက်သည့်စကားကြောင့် တအံ့တဩ ဖြစ်သွားသည့် ကျွန်တော်က-

“ခွေးလိုက်လမ်း၊ ဘာလဲဗျ ခွေးလိုက်လမ်း ဆိုတာ. . . ”

“လေ့လာပါလို့ ပြောထားတယ်လေဗျာ။ မမေးနဲ့ … ကြည့်ပေါ့”

ကိုတင်ကျော်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်သည့်အတွက် ကျွန်တော်က ဆက်မေးမနေတော့ဘဲ သူတို့လုပ်ကိုင်နေကြသည်ကို ကြည့်ရင်း နောက်ပိုင်းမှ လေ့လာအကဲခတ်ကာ သူတို့သုံးဦးနှင့် ခွေးတို့ ရှေ့မှသွားနေသည့်နောက်ကို ကျွန်တော်တို့နှစ်ဦး အသာလျှောက်လှမ်းရင်း လိုက်သွားလိုက်ကြပေသည်။

သူတို့သုံးဦး တောလမ်းမဟုတ်သော အရှုပ်တောလမ်းမှ လျှောက်လှမ်းနေကြရင်း သူတို့လက်တွင် ကိုင် ဆောင်ထားကြသည့် ကိုင်းခုတ်ဓားရှည်များနှင့် လမ်းရှင်းကာ ရှေ့မှ လမ်းထွင်သွားနေကြသည်ကို တွေ့လိုက်ရပေသည်။

သူတို့ လမ်းရှင်းကာ သွားနေသည့်နောက်သို့ ကျွန်တော်တို့နှစ်ဦး လိုက်နေကြရသည်မို့ ကျွန်တော်တို့ နှစ်ယောက်အတွက် သွားလမ်းက သာနေသည်။ သူတို့သုံးဦး လမ်းထွင်သွားနေကြရာသို့ သက်သောင့်သက်သာ လိုက်သွားကြရင်းမှ လေးဖာလုံခန့်အရောက်တွင် မလွတ်ကင်းသော သစ်ကိုင်း၊ သစ်ခက်သစ်ရွက်၊ နွယ်တန်း၊ ချုံနွယ်များကို ဖြတ်တောက် ရှင်းလင်းသွားမှုကြောင့် ကျွန်တော်တို့ လျှောက်လှမ်းခဲ့သည့် လမ်းကလေးသည် ဖြောင့်ဖြူးသော လမ်းကလေးအဖြစ် ရောက်ရှိသွားသည်ကို ကျွန်တော်တို့နှစ်ဦး တွေ့မြင်လိုက်ရပေတော့၏။

ရှေ့ဆီတွင် သစ်ပင်ကြီးတို့ ကျဲပါးပြီး တောချုံများကင်းသည့် ကွင်းပြန့်တစ်ခုရှိရာသို့ ရောက်လာကြ၏။ သူတို့သုံးဦးနှင့် ခွေးမှာ ထိုမြေကွက်လပ်ကြီးကို လှည့်ပတ်၍ အတန်ကြာ ကြည့်လိုက်ကြပြီး မြဒင်က သူ့ခွေးကြီးကို ဖက်လိုက်ရင်း သင်ကြားပြောဆိုနေသည်။ ခွေးကြီးကလည်း သူ့ ပြောနေသည့် စကားကို နားလည်သည့်အလား နားရွက်များကိုထောင် ကာ ဘေးဘယ်ညာဆီသို့ ကွေ့ကွေ့ ဝိုက်ဝိုက်လုပ်ရင်း နားစိုက်ထောင်နေသည်ကိုလည်း တအံ့တဩ တွေ့မြင်လိုက်ရသည်။

ထိုစဉ် ကိုထင်ကျော် ပြောလိုက်သည်က-

“ညအတွက်လုပ်ရမယ့် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းတော့ပြီးသွားပြီ။ မြဒင် … ကွင်းမြှောက်ဖို့ကိစ္စ စီစဉ်တော့”

မြဒင်က သူလွယ်လာခဲ့သော လွယ်အိတ်အတွင်းမှ ကွမ်းတစ်ယာနှင့် ဆေးပြင်းလိပ်ကို မီးတို့ဖွာရှိုက်ပြီး လက်နှစ်ဖက်ဖြင့် နဖူးတွင်ကပ်လျက် ပါးစပ်မှ ပွစိပွစိလုပ်ရင်း တီးတိုးပြောဆိုနေသည်။ အတန်ကြာတော့ ဆေးပြင်းလိပ်နှင့် ကွမ်းယာကို တောင်စွန်း ရွက်ကြီး တစ်ရွက်ပေါ်တင်ကာ မြေပြင်တွင် ချလိုက်ပြီး ဦးသုံးကြိမ်ချလိုက်သည်ကိုလည်း တွေ့လိုက်ရပေသည်။

“လုပ်ငန်းက ညပိုင်းမှဆိုတော့ မင်းတို့ယူလာတဲ့ သေနတ်လေးနဲ့ အပြန်မှာ ဟင်းစားရှာရင်း ပစ်သွားလို့ ရတယ်။ ခင်ရွှေ … မင်း လမ်းပြပေး။ ငါတို့ ခွေးခေါ်ပြီး ပြန်နှင့်မယ်”
ပြောပြောဆိုဆိုနှင့် သူတို့နှစ်ယောက်က ခွေးကိုခေါ်ပြီး ထွက်သွားတော့ ကိုမြသိန်းက သူလွယ်ခဲ့သော ပွိုင့်တူးတူး (ဘရူနိုလ်) သေနတ်လေးကို ပြောင်းရင်းသို့ ကျည်တစ်ထောင့်ကို မဂ္ဂဇင်းအတွင်းမှ ရိုက်သွင်းလိုက်ပြီး မောင်းတစ်ဝက်တင်ထားကာ-

“ခင်ရွှေ … ငါတို့က လမ်းမသိဘူး။ သားကောင်ရှိနိုင်မယ့် နေရာကို စဉ်းစားပြီး မင်း ဦးဆောင်တော့ကွာ”

“ဒီလမ်းကသွားရင် ကိုင်းတောကြီးကို တွေ့မယ်။ အဲဒါကိုကျော်ရင် ကြက်ခြမ်းတောရှိတယ်။ တောကြက်နဲ့ ရစ်တွေ ရှိသလို ချေလည်း ပစ်ချင်ပစ်ရမယ်ဗျ”

“ကဲ … မင်း ရှေ့ကသာ သွားပေတော့”

အရှေ့ဘက်ပိုင်း ကွက်သာကိုကျော်ပြီးတော့ မြင့်တက်လာသည့် နေလုံးနီနီသည် သူ၏အလင်းရောင် အောက်၌ ကွေ့ကွေ့ကောက်ကောက်နှင့် စည်ရွာအား ဖြတ်ဆင်းမည့် ပနီတောင်ကျချောင်းရိုး တိုးဝင်သွားသည်ကို လှမ်းမြင်၍ပင်နေရသည်။

ကြက်ခြမ်းတောကြီးက ထိုနေရာတွင် ရှိနေသဖြင့် လျှောက်လှမ်းကြရပေဦးမည်။ ထိုနေရာလမ်းတစ်ကြောဆီ၌ ယခုလို နံနက်ခင်းမှာ မြက်နုများနှင့် သစ်ခက် သစ်ညွန့်တို့ကို ဝင်၍ စားသောက်နေ တတ်ကြသော ကောင်လုံးပေါ်သားကောင်တို့ကိုလည်း ပစ်လို့ရနိုင်သည်ဟု ခင်ရွှေ ပြောသဖြင့်လည်း သိလိုက်ရသည်။

ကျွန်တော်တို့ လျှောက်လှမ်းခဲ့ကြရင်း ကိုင်းတောစဆီသို့ ရောက်လာခဲ့ကြသည်။ ကိုင်းပွင့်ဖြူဖြူကလေးများက လေအတိုးတွင် ယိမ်းထိုးလှုပ်ရှားကြရင်း ခရီးဦးကြိုဆိုနေကြသည်က မျက်စိတစ်ဆုံး။ ထိုကိုင်းတောကြီးဆုံးမှ ကြက်ခြမ်းတောစဆီသို့ ရောက် မည်ဆိုသော်လည်း ကိုင်းတောကြီးအတွင်းဆီကိုတော့ သတိထားရန် ခင်ရွှေက လက်တို့သတိပေးသည်။

ကိုမြသိန်းက ကိုင်ဆောင်ထားသော သေနတ်ကို မောင်းအပြည့်တင်လိုက်ရင်း လျှပ်တစ်ပြက်ပစ်နိုင်ရန် အနေအထားမျိုးကို ကိုင်ဆောင်လိုက်ရင်း ရှေ့မှ တစ်လှမ်းချင်း လျှောက်လှမ်းနေသည်။

“ဗျော … ဖြောက် … ဖြောက်”

ညာဘက်ကိုင်းတောကြီးအတွင်းဆီမှ ကိုင်းပင်များအား တိုးထွက်ရင်း လျှောက်လှမ်းနေသည့် အကောင် တစ်ကောင်၏ ခြေနင်းသံကို ကြားလိုက်ရသဖြင့် ရပ်တန့်၍ အသံကြားလိုက်ရာဆီသို့ သေနတ်နှင့်ချိန်ရွယ် စောင့်စားနေသည်ကို တွေ့မြင်လိုက်ရသဖြင့် ကျွန်တော်တို့နှစ်ဦး ရပ်၍ ကြည့်နေလိုက်စဉ်-

“ဖန်း … ဖန်း”

ရေပြင်ထက်ဆီသို့ ဝါးခြမ်းပြားကလေးနှင့် ဆက်ကာရိုက်လိုက်သည့် အသံမျိုးနှယ် ပေါက်ကွဲသံလေးနှစ် ချက်ကို ဆင့်ကာဆင့်ကာ ကြားလိုက်ရသည်နှင့်အတူ ခပ်ပြာပြာ အကောင်တစ်ကောင်က မြေပြင်ထက်ဆီသို့ လေးပေနီးပါး ခုန်တက်ပြီး အောက်ကို ပစ်ကျသွား၍ ကိုင်းပင်တို့အကြား အတန်ငယ် လူးလှိမ့်လိုက်ရင်း ငြိမ်သက်သွားသည်ကို တွေ့မြင်လိုက်ကြရသည်။သွားကြည့်လိုက်တော့ ဒရယ်ကြီးတစ်ကောင်။ အမွေးအရောင်က ပြာနှမ်းနှမ်း အရောင်မျိုး။

ခင်ရွှေက ဒရယ်ကို ကောက်ထမ်းလိုက်ရင်း ကြက်ခြမ်းတောရှိရာဆီသို့ လျှောက်လှမ်းခဲ့ကြပေသည်။

တောက အထက်ရှင်း အောက်ရှင်းသော တောမျိုး ဖြစ်သဖြင့် ကြက်ခြမ်းပင်များတို့က ရှုပ်ထွေးစွာပေါက်နေကြသည်။

“ဒီး … ဒီး … ဒီး”

ရစ်ဖကြီးတို့၏ အတောင်ခါရင်း တစ်ကောင်နှင့်တစ်ကောင် စိန်ခေါ်သံကြီးများကို ကြားလိုက်ရရာ ခင်ရွှေက ထမ်းလာသော ဒရယ်သေကောင်ကို မြေပြင်တွင်ချကာ နားလိုက်သည်မို့ ကျွန်တော်ကလည်း နားလိုက်ရင်း သူ့ကို ကြည့်လိုက်တော့ ဒရယ်ကောင်၏ကိုယ်မှ ကျလာသော သွေးများက သူ့ ကိုယ်မှာ ရွှဲနစ်နေသည်ကို တွေ့လိုက်ရပေသည်။

ကြက်ခြမ်းပင်ဆိုသည်ကလည်း သိပ်မြင့်မြင့်တော့ မဟုတ်။ အသီးများက မြေတွင်ကပ်လျက် အပြွတ်လိုက် သီးကြသည့် အပင်မျိုး။ ရင့်လာသော အသီးများမှာ ရဲရဲနီနေပြီး ခွဲလိုက်လျှင် အတွင်းရှိ အဆန်လေးများက ဆန်စေ့ကလေးများနှယ်။

တောကြက်နှင့် ရစ်တို့အပြင် အခြားသော ကျေးငှက် တို့ လွန်စွာကြိုက်နှစ်သက်ကြသော အသီးပင်။

ကျွန်တော်တို့နှစ်ဦး ခပ်လှမ်းလှမ်းဆီတွင် ထိုင်နားနေကြစဉ် ကိုမြသိန်းက ကြက်ခြမ်းတောရှိရာဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။ တစ်နေရာသို့ လှမ်းချိန်လိုက်ပြီး မုဆိုးဒူးထောက်ပုံစံဖြင့် ပစ်လွှတ်လိုက်သည့် သေနတ်သံလေးတစ်ချက်ကိုလည်း ဖြန်းခနဲ ကြားလိုက်ကြရသည်။

သေနတ်သံနှင့်အတူ တထိတ်တလန့် ပျံပြေးထွက်သွားကြသော တောကြက်များနှင့် ရစ်များအပြင် ကျေးငှက်များကိုလည်း တွေ့လိုက်ရပေသည်။ သူက သေနတ်ကိုကိုင်ရင်း ကြက်ခြမ်းတောအတွင်း တိုးဝင်သွားပြီး ပြန်ထွက်လာတော့ ရစ်ဖကြီးနှစ်ကောင်ကို ခြေထောက်နှစ်ချောင်းစီမှ ဇောက်ထိုးဆွဲလာသည်ကို တွေ့လိုက်ရပေသည်။

ကျည်လမ်းကြောင်းတွင် ထပ်တူဖြစ်နေသော ရစ်နှစ်ကောင်ကို သေနတ်တစ်ချက်တည်းနှင့် အပိုင် ပစ်ခတ်လာခဲ့သည့်အသွင်။ သို့အတွက် နှစ်ကောင်ရလိုက်ခြင်းပင်။

ကျွန်တော်တို့ ညပိုင်းတွင် လုပ်ငန်းရှိနေကြသေးသဖြင့် ရှေ့ဆက်မတိုးတော့ဘဲ ဒရယ်နှင့် ရစ်ကို ထမ်းကာ ပြန်ခဲ့ကြပေသည်။ အပြန်လမ်းတွင် ကျွန်တော် စဉ်းစားလိုက်သည်က “ချေတစ်ဆယ်၊ ဒရယ်အစိတ်” ဆို သည့် စကားအတိုင်း ပိဿာချိန်အစိတ်နှင့် ရစ်တစ်ကောင် သုံးပိဿာနီးပါးဆိုတော့ ခြောက်ပိဿာ။ နှစ်မျိုးပေါင်းလိုက်လျှင် ပိဿာချိန်သုံးဆယ်ကျော် ဖြစ်နေသည်ကို တွေးရင်း လျှောက်လှမ်းမိခဲ့ပေသည်။
အိမ်သို့ ပြန်ရောက်ကြတော့ ဒရယ်ပြာကို အရေချ၊ ဝမ်းတွင်းသားများကိုထုတ်ကာ ခုတ်ထစ်ပိုင်းဖြတ် လိုက်သလို ရစ်နှစ်ကောင်ကိုလည်း တစ်ကောင်ချက်ပြီး ကျန်တစ်ကောင်ကို ရင်ခွဲ၊ ဝါးနှင့်ညှပ်ကာ ညနေစာအတွက် မီးကင်လိုက်ကြပြီး နံနက်စာ စားလိုက်ကာ အနားယူလိုက်ကြပေတော့သည်။

ညပိုင်းတွင် ဒေါင်းလိုက်ပွဲကို သွားကြရဦးမည် မဟုတ်ပါလား။

xxx xxx xxxx

ညနေပိုင်း ရစ်သားကင်၊ ဒရယ်ဝမ်းတွင်းသားချက်တို့နှင့် အရက်ကို မြည်းလိုက်ကြသဖြင့် ညစာထမင်းကိုပင် မစားနိုင်ကြတော့ပေ။

သူတို့လှုပ်ရှားမှု စတင်ချိန်ကို မတွေ့မြင်ရသေးသလို အိမ်ခြေရင်းတွင် ခြင်ထောင်အတွင်း ဇိမ်ယူနေသော ခွေးကြီး၏ လှုပ်ရှားမှုကို မတွေ့ရသေး။

ခင်ရွှေ နှင့်မြဒင်တို့ နှစ်ယောက်မှာ အိပ်နေရင်း ဟောက်သံများပင် ပေးနေသေးတော့သည်။

သူတို့ကို မီးတိုင်ခွက်အလင်းရောင်နှင့် လိုက်လံကြည့်နေရင်း အိပ်ချင်စိတ်များပင် ပေါက်လာသည်မို့ မျက်လုံးကို မှိတ်လိုက်တော့ တစ်ခဏအတွင်း အိပ်ပျော်ခြင်းကလည်း ကပ်ပါလာသည်။

ပခုံးကို လှုပ်နှိုးခြင်း ခံလိုက်ရသဖြင့် နိုးလာခဲ့ပြီး မီးခွက်ရောင်ဖြင့် နာရီကို လှမ်းကြည့်လိုက်တော့ (၁) နာရီပင် ရှိပေပြီ။ ကောင်းကင်တွင် ပြည့်ပြည့်ဝဝသာနေလျက်။ သူတို့ကို ကြည့်လိုက်တော့ အဆင်သင့် ထွက်ကြတော့မည့် အနေအထား။

“ကဲ … ထွက်ကြမယ်။ လမ်းမှာ မီးကို လုံးဝမထိုးပါနဲ့။ လရောင်အတိုင်း ခံပြီး လျှောက်ကြမယ်။ စကား လည်း လုံးဝ မပြောကြနဲ့။ ခြေသံကို အထူးလုံပါစေ”

ဒီစကားက သူတို့လုပ်နေကျ လုပ်ငန်းဖြစ်သည်မို့ လူသစ်နှစ်ဦးဖြစ်သည့် ကျွန်တော်တို့နှစ်ဦးကို မှာကြားနေကြခြင်းပင် ဖြစ်ပေမည်။

ခွေးကြီးကို ကြိုးနှင့်သိုင်းကာ ခေါ်ခဲ့ရင်း လူသွားလမ်းကျဉ်းကလေးအတိုင်း လရောင်ကိုခံပြီး ကျွန်တော် တို့ မနက်က လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောအတိုင်း ပြန်၍ လျှောက်လှမ်းခဲ့ကြပေသည်။ ကိုမြသိန်းက နှစ်လုံးပြူးသေနတ်ကို ကျောတွင် လွယ်လာခဲ့သည်မို့ ကိုထင်ကျော်က-

“အပြန်ကျတော့ လမ်းမှာ မီးထိုးရှာရင်း ပစ်လို့ရတာပေါ့ဗျာ။ ဒေါင်းလိုက်တဲ့နေရာမှာတော့ သေနတ်သုံး ဖို့ လုံးဝမလိုဘူး။ အောက်က ခြောက်လှန့်ပေးဖို့တော့ လိုတယ်။ ကျွန်တော် အချက်ပြ အသံပေးရင် အောက်ကနေ ခြောက်လှန့်ကြ။ ကျန်တဲ့အပိုင်းကို ဘို့မယ်က တာဝန်ယူလိမ့်မယ် … မှတ်ထား”

“ဘို့မယ် ဆိုတာ ဘယ်သူလဲဗျ ကိုထင်ကျော်ရဲ့”

“ဘို့မယ် ဆိုတာ အဲဒီခွေးရဲ့ နာမည်လေဗျာ”

တိတ်ဆိတ်သော ရခိုင်ရိုးမကြီးအတွင်းဝယ် လသာသော ညဉ့်ရင်ခွင်အတွင်း အိပ်မောကျနေသည်မို့ တိတ်ဆိတ်နေသော်လည်း ဟိုအနား, ဒီအ နားများတို့ဆီမှ ချေဟောက်သံ၊ ဆတ်တစ်သံ၊ မျောက်အော်သံများအား ကြားနေရသည်။ လရောင်ကြောင့် သွားလမ်းက အခက်အခဲ သိပ်မရှိ။

လေပြည်ကလေးတို့နှင့် စီးမျောလာကြသော တောပန်း၊ တောင်ပန်းရနံ့ သင်းပျံ့ပျံ့တို့၏ ကလူကျီစယ်မှုတို့ကို ခံနေရသလို အအေးဘက်ဆီသို့ လုနေသည်။

လပြည့်ညမို့ ထိန်ထိန်သာနေသည့် လရောင်ကို ကြိုဆိုနေသလားတော့ မသိ။ ဝါးရုံဖျားများက ထိုးထိုး ထောင်ထောင် ရှိနေရာက လေအတိုးတွင် ယိမ်းထိုးကခုန်နေကြသလို ဖက်သန်းပင်နှင့် မြရာပင်များထက်ဆီမှ သစ်ရွက်တို့ကလည်း ဝါးရွက်များနှယ် ဝိုင်းကာ တေးဆိုပေးနေကြသည်။

ကျွန်တော်တို့နှင့်အတူ ပါလာသောခွေးကြီးသည် ယခုချိန်ထိတိုင် ထူးခြားသည့် လှုပ်ရှားမှုကို မပြသော်လည်း ကောင်းကင်ထက်ရှိ လမင်းကြီးကိုတော့ မကြာခဏ မော့ကြည့်နေသည်ကို ကျွန်တော်တို့နှစ်ဦးစလုံး သတိပြုလိုက်မိကြသည်။

လျှောက်လှမ်းလာခဲ့ကြရင်းနှင့် မနက်ပိုင်းက ကျွန်တော်တို့ ဝင်ရောက်ခဲ့သည့် တောအုပ်ကြီးအစသို့ ရောက်ခဲ့ကြသည်။

“လဝင်မယ့်လမ်းကြောင်းကို မျက်နှာပြု ဝင်ခဲ့တာ အတော်ပဲကွ။ ဒီနေရာက ဝင်ကြမယ်”

ကိုထင်ကျော်က ပြောနေသော်လည်း ကျွန်တော်တို့က ဘာမှန်းမသိ။ လဝင်မယ့်လမ်းကို မျက်နှာမူလျက် သစ်တောကြီးအတွင်းဆီသို့ တိုးဝင်လိုက်သည်နှင့် စောစောက ရရှိနေသည့် အလင်းရောင်တို့ ကျဲပါးသွားသည်။ သစ်ကိုင်း၊ သစ်ရွက်များ၏အကြားမှ ဖောက်ထွက်လာနေသည့် အလင်းရောင် အစက်အပြောက်တို့ကို အားကိုးကာ သူ့လှုပ်ရှားမှုတို့ကို စူး စိုက်ကြည့်ရင်း အသံမကြားအောင် နင်းကာ နောက်က လိုက်နေရသည်။

မနက်က သူတို့သတ်မှတ်ထားသည့် ဒေါင်းများ အိပ်မည်ဆိုသော နေရာဆီ ရောက်တော့ “ခွေးကြီးဘို့မယ်” က မနက်က လမ်းထွင်ထားရာ လမ်းကြောင်းဆီသို့ မျက်နှာမူကာ မြေပြင်တွင်ထိုင်ချလိုက်ပြီး ရှေ့လက်နှစ်ဖက်ကိုထောက်ကာ အပေါ်သို့ မော့ကြည့်နေသည်။ သူမျက်နှာမူရာသည် ထိန်ထိန်သာနေသည့် လမင်းကြီးကို မျက်နှာမူထားသည်ကို သတိထားလိုက်မိပေသည်။

ကိုထင်ကျော်က ကျွန်တော်တို့နှစ်ဦးအနီးသို့ တိုးကပ်လာပြီး ခပ်စောင်းစောင်းနှင့် ပေါက်နေသည့် သူတို့ ဒေါင်းများအိပ်သည်ဆိုသော အပင်ကြီးကို လက်ညှိုးနှင့်ထိုးပြနေ၍ ကျွန်တော်တို့နှစ်ဦး ကြည့်လိုက်တော့ အရွက်များ ကြွေကျထားပြီး ရိုးတံ ကျဲကျဲများအကြား၌ ခါချဉ်ထုပ်ကြီး ခုနစ်ထုပ်ကို လရောင်အောက်တွင် တွေ့လိုက်ရပေသည်။

သူတို့သုံးဦးက ကျွန်တော်တို့နှစ်ဦးကို လက်တွဲခေါ်ကာ ခြေကိုဖွနင်းကြရင်း ခါချဉ်ထုပ်ကြီးများနှင့် အနီးစပ်ဆုံး ကမ်းပါးယံအနီးသို့ ခေါ်သွားပြီး အစပ်ရောက်တော့ ကိုထင်ကျော်က စတင်ကာ မီးစိမ်းပြလိုက်သဖြင့် ကျွန်တော်တို့အားလုံး ဝိုင်းဝန်း၍ –

“ဟေး … ဟေး … ဟေး”

“ဟား …ဟား … ဟား”

“ရှူး … ရှူး … ရှူး”

“ဒေါက် … ဒေါက် … ဒေါက်”

သူတို့တွေ အော်ဟစ်ကြသလို ကျွန်တော်တို့ကလည်း အော်ဟစ်ခြောက်လှန့်လိုက်ပြီး သူတို့လက်တွင် ကိုင်ထားကြသည့် ဓားများနှင့် သစ်ပင်ကြီးတို့၏ အခေါက်တို့ကို လိုက်လံရိုက်ကာ ခြောက်လှန့်မောင်းထုတ် လိုက်ကြသည့်အတွက်-

“ဗျော … ဗျော ၊ ဝှီး … ဝှီး … ဝှီး”

ကျွန်တော်တို့ ခါချဉ်ထုပ်များဟု ထင်ထားသော ဒေါင်းများသည် တထိတ်တလန့်နှင့် အော်ဟစ်လိုက် ကြရင်း သာနေသည့် လမင်းကြီးဆီသို့ ဦးတည်ကာ အားလုံးပင် ပျံသွားရာ နောက်ဆီသို့ ခွေးကြီးက ပြေးလိုက်သွားသည်ကို တွေ့လိုက်ရပေသည်။

ထိုအချိန်မှာပင် ခွေးပြေးထွက်သွားသည့် လမ်းကြောင်းအတိုင်း သူတို့က မီးကို မြေပြင်ထက်ဆီသို့ စိုက် ထိုး၍ လိုက်သွားကြသလို ကျွန်တော်တို့နှစ်ဦးကလည်း နောက်မှ ပြေးလိုက်သွားကြပေသည်။

ခွေးနှင့် ကျွန်တော်တို့အဖွဲ့ ပြေးနေသည့်လမ်းကား မနက်က ရှင်းထားသည်မို့ ပြေးလမ်းက အနှောင့်အ ယှက် တစ်စုံတစ်ရာမရှိ။ ပြေးလမ်းက ကောင်းနေသည် မဟုတ်ပါလား။

ပြေးလိုက်နေရင်း ကျွန်တော်တို့ မနက်က ပြေးလမ်းအဆုံး၊ တောတင်ခဲ့ကြသည့် မြေပြန့်ဆီမှ ခွေးလိုက်သံ၊ ကိုက်သံ၊ မာန်ဖီသံ၊ တဖြန်းဖြန်း အတောင်ခတ်သံ၊ သေငယ်ဇောနှင့်ညည်းတွားအော်ဟစ်နေ ကသည့် ဒေါင်းများ၏ အသံများကို ကြားလိုက်ရသဖြင့် အားသွန်ကာ ပြေးလိုက်ကြရင်း အနီးရောက်တော့ လရောင်နှင့် လက်နှိပ်မီးရောင်တို့အောက်တွင် ဒေါင်းသေကြီး ငါးကောင်ကို ခွေးကိုက်ရာကြီး များနှင့် မြေပြင်တွင် လဲကျသေဆုံးနေကြသည်ကို တအံ့တဩပင် မြင်တွေ့လိုက်ကြရပေတော့သည်။ တစ်ကောင်လျှင် ငါးပိဿာအထက်ရှိသော ဒေါင်းဖိုကြီးများပင်။

“နှစ်ကောင် လွတ်သွားတယ်ကွာ … နာလိုက်တာ။ အားလုံးရဖို့ဥစ္စာ”

ကိုထင်ကျော်ထံမှ မကျေမနပ်နှင့် ပြောလိုက်သည့်အသံကို ကြားလိုက်ကြရပေသည်။

အဖြစ်အပျက်ကို ကျွန်တော် မှန်းဆကြည့်ရသည်ကတော့ ပျံပြေးထွက်သွားကြသော ဒေါင်း(၇)ကောင် လုံးသည် ထိုကွက်သာကို အဆင်း၊ ခွေးက ထိုဒေါင်းများ မြေပြင်သို့အကျ ကိုက်ခဲကာ ဆွဲ၍ခါယမ်းလိုက်ပြီး အသက်ပျောက်သွားအောင် သင်ကြားပေးထားသည့်ဟန်ပင်။

လွတ်သွားသော ကျန်ဒေါင်းနှစ်ကောင်သည် မြေပြင်သို့ ပြိုင်တူဆင်းကြသည် မဟုတ်ကြသဖြင့် အောက်မှ ခွေးလိုက်ကိုက်သည့် အသံကြောင့် အောက်ကိုမဆင်းဘဲ ဆက်လက်ပျံသွားကြသည်ပေပဲလား၊ မြေပြင်ကို ဆင်းပါလျက် ခွေးလိုက်ကိုက်သည့်ရန်ကို ကြောက်သဖြင့် လွတ်ကင်းရာဆီသို့ တောတိုးကာ ပြေးလွှားလွတ်မြောက်သွားကြသည်ပဲလား ဆိုတာ ကိုတော့ဖြင့်. . . ။

သိဒ္ဓိမိုးမဂ္ဂဇင်း
အမှတ် ၄၂
၂၀၀၉ ခုနှစ် ၊ မတ်လ

– ပြီး –

စာရေးသူ – လေးမောင်

Leave a Reply

Your email address will not be published. Required fields are marked *