July 31, 2025
Uncategorized

နက်ရှိုင်းသည်ထက် နက်ရှိုင်းသော

နေခြည်(ကြီးနီ)
နက်ရှိုင်းသည်ထက် နက်ရှိုင်းသော

မြေသားတွေ တစ်သားတည်း ဖြစ်သွားသည်နှင့် မိမိအနံ့ ကျန် မကျန်ကို သူက လိုက်လံနမ်းရှုပ်နေမိသည်။ အနီးအနားရှိ မြေစိမ်းကို ယက်၍ ကိုယ်နံ့ပျောက်သွားစေရန် ဖုံးအုပ်လိုက်သည်။ စိတ်ချရပြီဆိုမှ ထိုနေရာလေးမှ ထွက်ခွာလာခဲ့လေသည်။

အကယ်၍ အန္တရာယ်ဖြစ်စေနိုင်သည့် ရန်သူ ရောက်လာပါစေဦး ကိုယ်နံ့မကျန်ခဲ့သဖြင့် မိမိရင်သွေးကလေးများ ထိုနေရာ၌ ရှိနေသည်ကို သိရှိနိုင်တော့မည် မဟုတ်ပါ။

သူသည် ထိုနေရာသို့ သုံးရက်ခြားတစ်ခါသာ သွားရောက်တူးဖော်သည်။ သဘာဝတရားကြီးက သူ့အစား နေရာဝင်ယူ၍ ရင်သွေးကလေးများအား မိခင်ပထဝီဓာတ်ကို ပေးထားလေသည်။

စိတ်မချရ၍သာ သုံးရက်ခြားတစ်ခါ ကြည့်ရှုရသော်လည်း အန္တရာယ်သည် အချိန်မရွေး ကျရောက်လာနိုင်သည်ကို သိရှိထားလေသည်။

အလုံဖုံးအုပ်ထားခဲ့သည့် မြေကျင်းထဲတွင် လုံခြုံ စိတ်ချရစွာ ထားခဲ့နိုင်လေသည်။

တစ်ပတ်ခန့်ရှိမှသာ တစ်ခါထုတ်ကာ နို့တိုက်ခြင်းဖြစ်၍ အငမ်းမရသောက်စို့ကြရာ သူ၏အမွေးများသည် ကျွတ်ကျသည်အထိ အားအင်စိုက်ထုတ်ပေးရလေသည်။ နို့ချိုတိုက်ကျွေးပြီးပါက သူသည် လုံခြုံစိတ်ချစွာ တစ်ခါပြန်၍ မြေကျင်းကို ဖုံးအုပ်ထားခဲ့ရပြန်လေသည်။

သွေးနုနု သားနုနု သူ၏ ရင်သွေးကလေးများသည် လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်ကို မခံကြရသေးပါ။ လုံလောက်သော ကိုယ်လုံမွေးနှင့် အပူဓာတ်ကို ထုတ်လွှင့်ကာကွယ်နိုင်မှသာ ဓာတ်ကြီးလေးပါးကို ထိတွေ့ခံစားနိုင်မည် ဖြစ်လေသည်။

ဤသို့ ခံနိုင်ရည်ရှိရန် ၂၂ ရက်တိတိ ကြာလေသည်။ ဤရက်မတိုင်မီအတွင်း အန္တရာယ်မကျရောက်စေရန်မှာ သူ၏တာဝန်ပင် ဖြစ်သည်။

သူသည် ထိုနေရာနှင့် ဝေးရာအရပ်၌သာ နေထိုင်ရလေသည်။ စိတ်ကရောက်လျက်ရှိနေသော်လည်း ကိုယ်က အနီးအပါးပတ်ဝန်းကျင်တွင် ရှိနေ၍ မဖြစ်ပါချေ။ သူကိုယ်တိုင် အနားတွင် ရှိနေသည်က အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်၍ပင်။

အနံ့ခံကောင်းသော တောကြောင်တို့သည်လည်းကောင်း၊ လူသားမုဆိုးတို့ ကျွေးမွေးထားသည့် တောလိုက်ခွေးတို့သည်လည်းကောင်း အနံ့ရသည်နှင့် သူ၏ ရင်သွေးကလေးများ သိုဝှက်ထားသည့် နေရာကို သိရှိသွားနိုင်လေသည်။

သူ၏အမွေး တစ်မျှင်သော်လည်းကောင်း၊ စားကြွင်းတစ်စုံတစ်ရာသော်လည်းကောင်း၊ မစင်ဖြစ်ဖြစ်၊ ကျင်ငယ်ရည်ဖြစ်ဖြစ် ထိုနေရာတွင် သဲလွန်စကျန်နေခဲ့၍ မရပါချေ။ လွန်စွာ ဂရုစိုက်ရလေသည်။

ထိုနေရာအနီးတစ်ဝိုက်နှင့် နီးရာသည် စားကျက်မြေဖြစ်နေ၍မရ။ ပျော်ပါးစံပျော်ရာအရပ် ဖြစ်နေ၍ မရပါချေ။

သူတို့မျိုးနွယ်၏ ဗီဇအရ အစာစိမ်းစားပြီးသည့်အခါ သွားဆေးလိုကြသည်။ ထိုအခါ စားကျက်မြေ ၌ ပေါက်ရောက်လျက်ရှိသော အပင်ငယ်တို့၏ ပင်စည်ကို ကိုက်ဖြတ်ကုတ်ခြစ်တတ်ကြသည်။ ဤသည်ကိုကြည့်၍ လူသားမုဆိုးတို့သည် သူတို့ကျက်စားတတ်သည့်အရပ်ကို ခန့်မှန်းသိရှိကြသောကြောင့်ပင် ဖြစ်လေသည်။

သူသည် သားပေါက်၍ ပြီးပြီးချင်း ထပ်မံသားဆော့ လိုသော ချစ်မှုရေးရာကို ရှောင်ရှားရလေသည်။ မိခင်တို့တွင် ဖြစ်တတ်သည့်ဆန္ဒအရ မိမိရင်သွေး ကိုယ့်ခြေထောက်ပေါ် ရှင်သန်အထမမြောက်မချင်း ကျန်သည့်အရာအားလုံးကို လျစ်လျူရှုထားနိုင်လေ သည်။

အသွေးထဲကဖြစ်သည့်ကိုယ်၊ အသားထဲကချစ် သည့် အချစ်တို့သည် ဖြူလွသော သူ၏ ကိုယ်မွေးနှင့် အလားသဏ္ဌာန်တူ ဖြူစင်စွာသိမ်မွေ့ပါ၏။

ဒီနေ့သည် ၂၂ ရက် ပြည့်မြောက်သောနေ့ ဖြစ်လေသည်။

သူသည် ရင်သွေးကလေးများကို မြေကျင်းထဲတွင် ပိတ်လှောင်ထားခြင်းမှ ပြင်ပကမ္ဘာကို ထိတွေ့ခံစားစေတော့မည် ဖြစ်လေသည်။

သို့မှမဟုတ် ရင်သွေးကလေးများသည် ကိုယ့်အားကိုယ်ကိုး၍ မြေကျင်းထဲမှ အပြင်လောကသို့ ထွက်လာကြတော့မည် ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုနေရာသို့ ကြီးစွာသော ပီတိအဟုန်ဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

နေမင်းသည် အရှေ့အရပ်မှ ထွက်ပေါ်လာတော့ မည်။ စိမ်းနုသောမြက်ခင်းကမ္ဗလာသည် နူးညံ့ခြင်း အတိ ရှိနေလေသည်။

သူသည် ခုန်ပေါက်လိုက်တိုင်း စကြဝဠာအပြင်ဘက်အထိ အပျော်တွေ ရောက်ရောက်သွားသည်ဟု ခံစားနေရလေသည်။

အစားကောင်း စားရခြင်း၊ ချစ်မှုရေးရာ၌ ပျော်ရွှင်ရခြင်းထက် ဤအပျော်၊ ဤမေတ္တာသည် သာ၍နက်ရှိုင်းလွန်းပေသည်။

မြင်တွေ့ရတော့မည့် ရင်သွေးဟူသော အသွေး အသားကို ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖန်တီးပေးခွင့် ရတော့မည်။ မှောင်မည်းတိတ်ဆိတ်နေသောမြေကျင်းထဲ၌ နေထိုင်ခဲ့ရသော ကလေးငယ်များကို ဒါဟာ ပျော်စံစရာကောင်းသည့် ကမ္ဘာကြီးဟု ထုတ်ဖော်ပြသခွင့် ရတော့မည်။

ရင်သွေးငယ်များကို နမ်းရှုပ်၍ ဤသို့သောအရပ်၌ အစာရှိသည်၊ ဤမည်သောအရပ်၌ ရေရှိသည်၊ အန္တရာယ်ကို မည်သို့ရှောင်ကွင်းရမည်၊ မုဆိုးတို့ မာယာများသည့်အကြောင်းများကို ဖွင့်ဆို ရှင်းပြ၊ ဘဝနေနည်း ထိုင်နည်းများကို လှပစွာ သင်ကြားပြသပေးရတော့မည် ဖြစ်လေသည်။

မိခင်တစ်ဦး၏ ရင်ထဲက ပေါက်ဖွားလာသော မေတ္တာတရားကို ဒီကမ္ဘာလောက၌ မည်သည့်အရာက တုဖက်ယှဉ်ပြိုင်နိုင်ပါမည်နည်း။

အပျော်တွေဖြင့် ရှိနေသည့် သူသည် မြေကျင်းကို စတင်၍ ယက်ထုတ်လိုက်သည်။ စိတ်ဆန္ဒစောလွန်း နေ၍ လျင်မြန်သောအဟုန်ဖြင့် ကိုယ်လုံးချင်းဝင်တိုက်လိုက်သည်ကိုပင် သတိမထားမိလိုက်ချေ။

သူ့အနားတွင် နှစ်ပတ်သုံးပတ် မြူးထူးခုန်ပေါက်လျက် ရှိနေချိန်မှ သတိပြုမိသွားသည်။ သို့သော် သူသည် ဤအချိန်တွင် ပျော်ရွှင်ဖွယ်သော ချစ်မှုရေးရာကိစ္စများကို စိတ်မဝင်စားချေ။ မသိသလိုသာ ပြုမူထားလိုက်သည်။

ဤသည်ကပင် သူ၏အမှား ဖြစ်လေသည်။

ဒေါသထွက်လာသော ယုန်ထီးကြီးက အတင်းဝင်ရောက်ကိုက်ခဲတော့သည်။ မည်သို့မှ အဆင်မပြေနိုင်မှန်းသိသဖြင့် ယက်ထားသော မြေသားများကို ပြန်ပိတ်လိုက်သည်။ မေထုန်အမှု ပြုချင်နေသော ယုန်ထီးကြီးသည် သူ၏ ရင်သွေးတွေကို တွေ့မြင်သွားပါက ဒေါသတကြီး ကိုက်ပစ်နိုင်ပေသည်။ သူ့ကိုလည်း အတင်းတိုးဝှေ့ ကိုက်ခဲကာ ဒေါသထွက်ပြနေလေသည်။ အတူပျော်ပါးရန်သာ ခေါ်နေ၏။

ရုတ်တရက် အဖြစ်အပျက်ကပြောင်းလဲသွားသည်။ ယုန်ထီးကြီးသည် လေ၏လျင်မြန်ခြင်းမျိုးဖြင့် သူ့အနားမှ ပြေးထွက်သွားလေတော့သည်။

ဤသည်ကား အန္တရာယ်၏ အနံ့အသက်ရ၍ဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

သို့သော်ငြား ယက်ဖော်လက်စကျင်းကို အလျင်စလိုပြန်ပိတ်နေရသည်။ အသက်ရှင်လွတ်မြောက်လမ်းကိုပင် တွေးနေချိန်မရှိပေ။ လက်စလက်န ကျန်နေခဲ့ပါက သူ၏ရင်သွေးများ ဒုက္ခရောက်တော့မည် ဖြစ်လေသည်။

ကျင်းကို ပြန်ပိတ်အပြီး၌ပင် လူသားမုဆိုးတို့ လေ့ကျင့်ထားသော တောလိုက်ခွေးများ၏ ဝိုင်းရံခြင်း ခံ လိုက်ရလေပြီ။ သို့သော် သူသည် ကြောက်ရွံ့နေခြင်း ကား မရှိပါချေ။ ဤနေရာမှ ဝေးရာသို့ခေါ်ဆောင် သွားနိုင်ရန်သာ အရေးကြီးသည်။

ထိုသို့မှသာ. . .

အစွယ်တွေကိုဖြဲလျက် အတင်းတိုးဝင်လာသော ခွေးတစ်ကောင်၏လက်မှ ခုန်ထွက်ကာ ခြေဦးတည့်ရာ ခြောက်ခါခန့် ခုန်လိုက်ပြီး နောက်ပြန်တုံ့ကာ ကျွမ်းပစ်လိုက်သည်။

အရှိန်မသတ်နိုင်သော ခွေးတွေ လွန်သွားခိုက် အားကုန်သွန်၍ ပြေးထွက်လိုက်လေသည်။

လူသားမုဆိုးရော ခွေးများပါ သူ့နောက်မှ ထက်ကြပ် မကွာ။

သူသည် အသက်အန္တရာယ်နှင့် နီးကပ်စွာ အသက် လုပြေးနေရချိန်၌ မြေကျင်းကလေးထဲမှ သူ၏ရင်သွေးကလေးများသည် ကိုယ်တိုင်ကျင်းဖောက်၍ ထွက်ပေါ် လာကြလေပြီ။

သူတို့ကို မွေးဖွားပေးကာ ကမ္ဘာလောကကြီးထဲ ရှင်သန်အထမြောက်စေခဲ့သော မိခင်သည်ကား အသက်အန္တရာယ်မှ လွတ်မြောက်နိုင်မည်လော၊ မလွတ်မြောက်နိုင်မည်လော မသိနိုင်သေးပါချေ။ ။

ငွေတာရီမဂ္ဂဇင်း
အမှတ် (၇၀၇)
ဇွန်လ ၊ ၂၀၁၉

– ပြီး –

စာရေးသူ – နေခြည်(ကြီးနီ)

Leave a Reply

Your email address will not be published. Required fields are marked *