July 30, 2025
Uncategorized

နဒီအတွင်းမှာ

လင်းယုန်တင့်ဆွေ
နဒီအတွင်းမှာ

ရွာတန်းရှည်ဘက်မှ မီးရောင်မြင်လိုက်ရသဖြင့် အားစိုက်လှော်ရန် အားယူထားသော လှော်တက်ကိုင်ထားသည့် ကိုရင်မောင့်လက်တွေ တန့်သွားသည်။ မီးရောင်မြင်ရာကို ကိုရင်မောင် စူးစိုက်ကြည့်သည်။

မီးရောင် အပေါ် မြောက်လာသည်။ ဘယ်ညာဝေ့ယမ်းနေသည်။

သေချာပါပြီ။ မြစ်ထဲတွင် ပိုက်ချထားကြောင်း မော်တော် သို့မဟုတ် သင်္ဘောအား မီးအုပ်ဆောင်းဖြင့် အချက်ပြနေခြင်း ဖြစ်သည်။

ကိုရင်မောင် စိတ်ဓာတ်ကျသွားသည်။ သူများထက်ဦးအောင် အိမ်က စောစောထွက်လာကာမှ ကိုယ့်ထက် ဦးသူက ရှိနေသည်။ ကိုယ်က နောက်ကျ ၍လည်း အိမ်လှည့်ပြန်လို့ မဖြစ်။ အိမ်က ထွက်မလာမီကပင် ကလေး နက်ဖြန် ဆေးခန်းပြမှ ဖြစ်မည်ဟု ကိုရင်မောင့်မယား မချောစိန်က အထပ်ထပ် ပြောလိုက်သည်။ ကလေး ဆေးဖိုးရအောင်တော့ ကိုရင်မောင် လုပ်ရမည်။

အခုတစ်လော ကိုရင်မောင့် နို့စို့သား ချူချာသည်။ မကြာခဏ ကိုယ်ပူသည်။

အရင်က ကျောပူ ခေါင်းပူ ဖြစ်လာလျှင် ဆေးတို့ပတ်ကြီးနှင့် ကွမ်းရွက်ရည်အုပ်ပေးလျှင် ကိုယ်ပူကျသည်။

အခု မရတော့။ ဆေးခန်း ဆရာဝန်ပြမှ သက်သာသည်။ ဆေးခန်း တစ်ခါသွားလျှင် တစ်ဆယ် , ဆယ့်ငါးကျပ် ကုန်သည်။

ကိုယ်က ငွေကြေးတတ်နိုင်သူ မဟုတ်။ ငါးအတိုးကောင်းမှ အိမ်စရိတ် လောက်သည်။ ငါးမတိုးလျှင် ကြွေးတက်လာသည်။ မိုးတွင်းက ငါးမတိုးသဖြင့် ငွေတိုးနှင့် ယူထားသောကြွေးက နှစ်ရာရှိသည်။ တစ်ရာ နှစ်ဆယ်တိုးမို့ လစဉ် အတိုး လေးဆယ် ပေးရသည်။ တစ်လ အတိုးမပေးနိုင်လျှင် အတိုး ငွေလေးဆယ်ကို ချေးငွေထဲ ရောမှတ်သည်။ နောက်လ အတိုး နှစ်ရာ့လေးဆယ်ကျပ်အတွက် အတိုးပေးရသည်။

ဒါက ကိုရင်မောင်တစ်ယောက်တည်း ခံရသည်မဟုတ်ပေ။ ကိုရင်မောင်လို ငါးသလောက်ပိုက်သမားတိုင်း ချေးငွေနှင့် လုံးလည် ချာလည် လိုက်နေကြသည်။

ယခုလောလောဆယ် ကြွေးထက် သူ့သားအရေးက အရေးကြီးသည်။ အရင်တစ်ခါ ကိုယ်ပူရင်း တက်သွားသဖြင့် ဆရာဝန် ပြေးပြရသည်။ ဆရာဝန်က

“နောက်တစ်ခါ ကိုယ်ပူ ဖျားလျှင် ကျွန်တော့်ဆီ အမြန်ခေါ်ခဲ့။ အခုလိုတက်တာ မကောင်းဘူး၊ အသက်အန္တရာယ်တောင် ရှိနိုင်တယ်”

ဟု သတိပေးသည်။

ကိုရင်မောင် သက်ပြင်းချသည်။

သား ကိုယ်ပူပြင်းသည်ကို ကိုရင်မောင် သိသည်။ ကိုယ်ပူမကျဘဲ တက်ခဲ့လျှင် ကိုရင်မောင် ဆက်မတွေးရဲတော့။

ဘောက်တူ ဆက်လှော်သည်။ မီးရောင် မမြင်ရတော့။ သို့သော် မှုန်မွှားမွှားကြယ်ရောင်ဖြင့် မြစ်လယ်က ဘောက်တူကိုတော့ မြင်ရသည်။ ကိုရင်မောင် ကမ်းခြေဘက် ကပ်လှော်နေသော်လည်း တက်သံကို မြစ်လယ်က ပိုက်သမား ကြားသည်။

“ဘယ်သူလဲဟေ့…”

မေးသံကို ကိုရင်မောင် ကျက်မိသည်။ ဦးဘိုးထင် အသံ။ ကိုရင်မောင် ရင်အေးသွားသည်။ ဦးဘိုးထင်က ငါးသလောက်ပိုက်သမားမဟုတ်။ ပိုက်ကလေး ကိုင်သူ။ ဆောင်းတွင်း အတိုးများသော ငါးစင်းပြား၊ ငါးအုပ်ဖား စသော ငါးကလေး အတိုးများသည့် ပိုက်ကလေးသမား။

“ရင်မောင်ပါ ဦးလေးထင်”

“စောလှချည့်လားကွ”

“စောစောဆင်းပြီး စောစောပဲ ပြန်ချင်တယ် ဦးလေးထင်၊ ကလေးက အတော်ကိုယ်ပူနေတယ်”

“ဟေ …”

ဦးဘိုးထင် ဆက်မမေးတော့။ ကိုရင်မောင် ပိုက်ချ စောစောဆင်းလာသည်ကို ဦးဘိုးယင် သဘောပေါက်သည်။

“ဦးလေးထင် ငါး တော်တော် ရပြီလား”

“ထင်သလောက် မဟုတ်ပါဘူးကွာ။ ဪ… ရင်မောင်ရေ သတိထားဟေ့။ ဝါးတောဘက်မှာ ဝါးငုတ်တွေ မျောနေတယ်”

ဝါးငုတ်ကိုတော့ ကိုရင်မောင်တို့ အထူးသတိထားရသည်။ ပိုက်ကို ဝင်ငြိလျှင် အဖြုတ်ရခက်သည်။ ပိုက်စုတ်ပြဲနိုင်သည်။ ပိုက်တန်ဖိုးက မသေး။ ကိုရင်မောင်တို့ ပိုက်သမားများအတွက် ပိုက်သည် အဓိက ကုန်ထုတ်ကိရိယာ။

ကိုရင်မောင် ဆက်လှော်သည်။

ရွာတန်းရှည်ကို ကျော်လာသည်။ ရှေ့မြစ်ကွေ့ကျော်လျှင် ဝါးတောရွာ ရောက်မည်။ ဝါးတောကျော်လျှင် ဘုရားသုံးဆူ။ ဘုရားသုံးဆူက ကိုရင်မောင့် ပိုက်ချက်။

ဝါးတောအရောက်တွင် ဦးဘိုးထင် သတိပေးလိုက်သော ဝါးငုတ်တွေကို ရှာကြည့်သေးသည်။ မမြင်ရ။

ဝါးငုတ် ရေထဲမျောသည့်အကြောင်းရင်းမှာ ကမ်းပါးစပ်တွင်ရှိသော ဝါးရုံသည် ပိုင်ရှင်မဲ့။ ထိုဝါးရုံမှ ဝါးကို အသုံးချလိုသူတို့ ခုတ်ယူသည်။ နောက်ဆုံး အငုတ်သာ ကျန်သည်။

တစ်ဖန် မိုးတွင်း ရေစီးအားကောင်းလာလျှင် ကမ်းပါးတွေပြိုသည်။ ကမ်းပြိုရာတွင် ဝါးရုံငုတ်တွေပါ ရေထဲ ပြိုကျသည်။ ကျစ,က မြေစိုင်မြေခဲတွေ ရှိနေသေးသဖြင့် ရေအောက်မြုပ်နေသေးသည်။

တဖြည်းဖြည်း မြေသားတွေ ပဲ့ကျသောအခါ ဝါးငုတ်သည် ရေပေါ်သို့ ပြန်ပေါ်လာသည်။ ရေအတက်အကျအတိုင်း ရေထဲတွင် စုန်ချည် ဆန်ချည် မျောနေသည်။ အုံနှင့်ကျင်းနှင့် ရှိနေသည်မို့ ရေထဲ ချထားသောပိုက်ကို ဝင်ငြိလျှင် အဖြုတ်ရ အလွန်ခက်သည်။

ဘုရားသုံးဆူ ရောက်သည်နှင့် ကိုရင်မောင် ပိုက်စ,ချသည်။ ပိုက်တန်းဆုံးမှ ရေသီကြိုးကို ဘောက်တူကန့်တွင် ချည်သည်။

ဘောက်တူဦးက မီးဖိုကို မီးမွှေးလိုက်သည်။ ရေနွေးအိုးတည်သည်။ ရေနွေးအဆူစောင့်ရင်း ဆေးလိပ်မီးညှိဖွာသည်။ ကိုရင်မောင်အတွက် လုပ်စရာ မရှိသေး။ ပိုက်တွင် ငါးတိုး မတိုး စောင့်ကြည့်ရုံသာ ရှိသည်။

ဆေးလိပ်သောက်ရင်း ရေပေါ် ပေါ်နေသော ဖော့ချောင်းကလေးတွေကို ကြည့်သည်။ တအိအိ ဆင်းနေသော ရေစီးကြောင်းတွင် ပိုက်တန်းက တရွေ့ရွေ့ မျောပါနေသည်။

ပိုက်ကို ငါးတိုးလျှင် ငါးတိုးသည့်နေရာက ဖော့ကလေးမှာ မြုပ်ချည် ပေါ်ချည် ဖြစ်လာသည်။

ရေနွေးအိုး ဆူလာသည်။ လက်ဖက်ခြောက် ခပ်သည်။

မချောစိန် ထည့်ပေးလိုက်သော တောင်းထဲမှ ထမင်းကြမ်းဇလုံကို ထုတ်သည်။ ထမင်းဇလုံထဲတွင် ငါးပိထောင်း ခုံညင်းပက်လောက် ပုံထားသည်။

ထမင်းကြမ်းစားလိုက် ရေနွေးကြမ်းသောက်လိုက် ကိုရင်မောင် ဇိမ်ကျနေသည်။ ထမင်းကြမ်း တစ်ဝက်အကျိုးတွင် ပိုက်တန်းအလယ် ဖော့ချောင်းကလေး မြုပ်ချည် ပေါ်ချည်ဖြစ်နေသည်။

ကိုရင်မောင် ထမင်း ဆက်မစားတော့ဘဲ ပိုက်တန်းအလယ် ဘောက်တူကို လှော်သွားသည်။ ပိုက်ဖော်သည်။ ခြောက်ဆယ်သားလောက် ငါးသလောက် တစ်ကောင် ရသည်။ ပွဲဦးထွက် မဆိုး။

ရွာတန်းရှည်အရောက်တွင် နောက်ထပ် ငါးတစ်ကောင် ထပ်ရသည်။

သန်းခေါင်ကျော်လာပြီ။

အရှေ့ဘက် မိုးကောင်းကင်တွင် လရောင်အရိပ် မြင်ရပြီ။

ပိုက်တစ်ဖုံလုံး ပြန်ဖော်သည်။ ဘုရားသုံးဆူဘက် ပြန်လှော်သည်။ ပိုက်ပြန်ချသည်။

လ,ကလည်း တဖြည်းဖြည်း မြင့်လာသည်။

မနေ့ညကလည်း အိပ်ရေးပျက်ခဲ့သဖြင့် အိပ်ငိုက်လာသည်။ အိပ်ချင်စိတ်ကို ဖျောက်ရင်းက မှေးခနဲ အိပ်ပျော်သွားသည်။ သို့သော် အလုပ်ပေါ် စိတ်က စောနေသည်မို့ ဆတ်ခနဲ ပြန်နိုးလာသည်။

ရေလယ်က ပိုက်တန်းကို လှမ်းကြည့်သည်။ ငါး
အတိုးမရှိသေး။ မြစ်ညာဘက်ကို လှမ်းကြည့်သည်။ ကိုရင်မောင် ရင်ဖိုသွားသည်။

မြစ်ညာဘက်မှ မည်းမည်းလုံးလုံးကြီး နှစ်လုံး မျောဆင်းလာသည်။ ဦးဘိုးထင်ပြောသော ဝါးရုံငုတ်ဖြစ်ရမည်။ ဝါးရုံငုတ်မျောလာသည့် ဦးတည်လမ်းကြောင်းကလည်း သူ့ပိုက်တန်း အလယ်တည့်တည့်ကြီး။

ရေသီကြိုးကို ဘောက်တူကန့်တွင် ခိုင်ခိုင်ချည်ကာ ဘောက်တူကို မြစ်ညာဘက် ထောင်လှော်သည်။ အတော်ဝေးဝေးရောက်မှ ရေလယ်ဘက်ကို ဦးတည်ပြီး လှော်သည်။ ပိုက်တန်းကို ပစောက်ပုံ ဆွဲယူခြင်းဖြစ်သည်။

သို့သော် ဝါးရုံငုတ်က ပိုက်တန်းရှိရာကို မျောလာနေသည်။ သည်အတိုင်း ပိုက်ကို ဆွဲနေလို့ကတော့ ဝါးရုံငုတ်နှင့် လွတ်မည်မဟုတ်ပေ။

ကိုရင်မောင် ချွေးပြန်လာသည်။ ဘောက်တူကန့်တွင် ချည်ထားသော ရေသီကြိုးကို ဖြုတ်လိုက်သည်။ ပိုက်စတစ်ဖက်ထိပ်ကို လွှတ်ပြီး ကမ်းဘက် ကြုံးလှော်သည်။ ပိုက်က ကမ်းဘက်ကို တရွေ့ရွေ့ပါလာသည်။

ဝါးရုံငုတ်က ပိုက်ထိပ်ဖျားနားက ပွတ်ကာ သီကာလေး မျောဆင်းသွားသည်။

ပိုက်နှင့်လွတ်သွားမှ ကိုရင်မောင် သက်ပြင်းချနိုင်သည်။ ကိုရင်မောင် တစ်ကိုယ်လုံး ချွေးပြန်နေသည်။ ပိုက်ကို ဆွဲရ၊ ဘောက်တူကို အားစိုက်လှော်ရမို့ မောနေသည်။

ကိုရင်မောင် ကောင်းကင်ကို မော့ကြည့်သည်။ ခုနစ်စင်ကြယ်ပင် ခေါင်းငိုက်ဆင်းနေပြီ။

လဆုတ်ရှစ်ရက်မို့ သန်းခေါင်ကျော်မှ လ,ထွက်သည်။ ယခု လ,က အတော်မြင့်နေပြီ။ သန်းခေါင်ကျော် နှစ်နာရီလောက် ရှိမည်။

ယခုတိုင်းသာဆိုလျှင် သားအတွက် ဆေးဖိုး မရနိုင်သေး။ ငါးက နှစ်ကောင်ပဲ ရသေးသည်။ နှစ်ကောင် ပေါင်းမှ တစ်ပိဿာသုံးဆယ်လောက် ရှိမည်။

လက်လီဈေး အစိတ်, သုံးဆယ် ရှိသော်လည်း ငါးဒိုင်က ဆယ့်ရှစ်ကျပ်သာ ပေးသည်။ ငါးနှစ်ကောင် သွင်းလို့ကတော့ နှစ်ဆယ့်နှစ်ကျပ်သာ ရမည်။ ပိုင်ရှင်ကို တစ်ဝက်ခွဲပေးရလျှင် ကိုရင်မောင်အတွက် ဆယ့်တစ်ကျပ်သာ ရမည်။ ဘောက်တူငှားခ နှစ်ကျပ်နုတ်လျှင် ကိုးကျပ်သာ ကျန်မည်။

ကိုရင်မောင်မှာ ကိုယ်ပိုင်ပိုက် ကိုယ်ပိုင်ဘောက်တူ မရှိပါ။ ငှားသုံးရသည်။

ကိုရင်မောင် မူလအလုပ်က လယ်အလုပ်။ မိဘမျိုးရိုးကလည်း လယ်သမားတွေ။ မချောစိန်ကို မေတ္တာရှိ၍ ပိုက်တန်းရောက်လာရခြင်း ဖြစ်သည်။

မချောစိန် မိဘက ရေလုပ်သားခေါ် တံငါ။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသော စကားပုံအရ တံငါသမီးယူသော ကိုရင်မောင် တံငါဖြစ်လာသည်။ ရေလုပ်သား ဖြစ်လာသည်။

ကိုရင်မောင် တံငါအလုပ် လုပ်နေပြီဟု သတင်းကြားသည်နှင့် သားကို အခေါ်အပြောမလုပ်တော့။ အိမ်ကိုပင် အလာမခံ။ နောက်ဆုံးတစ်ခေါက် အိမ်သွားစဉ်က အဖေ ပြောလိုက်သောစကားကို ကိုရင်မောင် သည်နေ့အထိ ကြားရသေးသည်။

“တို့ ဘိုးဘွားကစပြီး အကုသိုလ်အလုပ်ကို ကြောက်တယ်။ ငါလဲ အကုသိုလ်အလုပ်ကို မလုပ်ခဲ့ဘူး။ ကုန်ကုန်ပြောမယ်၊ လယ်ထဲမှာ ဖား, ငါးတောင် ရှာမစားဘူး။ မင်းကျမှ အကုသိုလ်အလုပ်ကို လုပ်တာ။ မင်းနဲ့ တို့ စရိုက်ချင်း မတူတော့ဘူး။ ငါ့အိမ်ကို ဘယ်တော့မှ မလာနဲ့”

ကိုရင်မောင့် မိဘတွေက ဘာသာရေး ကိုင်းရှိုင်းသည်။ ရှေးဆန်ဆန်နေသည်။

အဖေတို့ အမေတို့ သံယောဇဉ်အနှောင်အဖွဲ့မှ ပယ်ထုတ်ခံရသော်လည်း မချောစိန်ကိုချစ်၍ ကိုရင်မောင် မချောစိန်နှင့် အတူနေသည်။ အဖေတို့ သဘောမကျသော တံငါအလုပ်ကိုပဲ လုပ်ရသည်။

မုဆိုးစိုင်သင် စကားပုံအရ အလုပ်ကပင် ကိုရင်မောင်ကို သင်ပေးသည်။ အခုတော့ ကိုရင်မောင် တံငါအလုပ်ကို ကျွမ်းကျင်နေပါပြီ။

အမောပြေသည်နှင့် ပိုက်ကို ရေလယ်ပြန်ဆွဲရန် ကိုရင်မောင် သတိရသည်။ မြစ်လယ်ဘက် ပြန်လှော်သည်။ တစ်ဖက်ပိုက်ဖျားတွင် ရှိသော ရေသီကြိုးကို ဘောက်တူကန့် ပြန်ချည်ပြီး မြစ်လယ် ပြန်လှော်သည်။

ရေသီကြိုး တင်းသွားသည်။ ပိုက်ဖျားကို ဆွဲယူသော်လည်း ပိုက်က ပါမလာ။ တစ်ဖက် ပိုက်ဖျားက ကမ်းနှင့် နီးနေသဖြင့် ရေအောက် တစ်ခုခုနှင့် ပိုက်ငြိနေသလားဟု ကိုရင်မောင် အတွေးရောက်သွားသည်။

ပိုက်ကို ဖြည်းဖြည်းချင်း မျှင်းဆွဲကြည့်သည်။ ပိုက် ပါမလာ။

ရေအောက်တွင် တစ်ခုခုနှင့် ပိုက်ငြိနေသည်ကတော့ သေချာသည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေရသည့်အထဲ ရေငုတ်ပြီး ပိုက်ရှင်းရမည်ကို ကိုရင်မောင် လန့်သည်။ ကိုရင်မောင် ကမ်းဘက် ဘောက်တူ ပြန်လှော်သည်။

ပိုက်တန်းတစ်ဝက်လောက်တွင် ဖော့ချောင်းကလေး သုံးလေးချောင်း မြုပ်ချည် ပေါ်ချည် ဖြစ်လာသည်။

မြုပ်ပုံ ပေါ်ပုံက ကြမ်းသည်။ ပိုက်ထဲ သက်ရှိသတ္တဝါတစ်ကောင် တိုးနေခြင်း ဖြစ်မည်။

မြုပ်ချည် ပေါ်ချည်ဖြစ်နေသော ဖော့ချောင်းကလေးတွေရှိရာကို ဘောက်တူလှော်သွားသည်။ ပိုက်သားကို ဆွဲတင်သည်။ ပိုက်သား ခါလွန်းသည်။

ကိုရင်မောင် ပိုက်ကို အားစိုက်ဖော်သည်။ ပိုက်အောက်လွှာ အပေါ်ရောက်ခါနီးတွင် ဝုန်းခနဲ အသံနှင့်အတူ ကိုရင်မောင်လက်ထဲက ပိုက်သား လွတ်ထွက်သွားသည်။ ဖော့ချောင်းတွေ ရှေ့ဘက်ကို ရွေ့သွားသည်။

“ဟ… ဘယ်လိုလဲ”

ကိုရင်မောင် ပါးစပ်က အာမေဍိတ်သံ လွတ်ထွက်သွားသည်။ ဖော့ချောင်းတွေ ပရမ်းပတာ လှုပ်နေသည်။

ကိုရင်မောင် အတွေးညက်နေသည်။ သူ့ပိုက်ထဲ တိုးနေသည့် သတ္တဝါကို သူ ခန့်မှန်း၍ မရ။

ကိုရင်မောင် ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ ကြက်သီးတွေ ဖျန်းခနဲ ထ,လာသည်။

ဘုရား… ဘုရား… မိကျောင်း မဖြစ်ပါစေနဲ့။

တစ်လောက ရွာထဲတွင် ကုလားတန်းရွာဘက် မိကျောင်းပေါ်သည်ဟု ပြောနေကြသည်။ ကုလားတန်းရွာမှာ ဘုရားသုံးဆူနှင့် မဝေးလှပေ။ ကုလားတန်းတွင် မိကျောင်းပေါ်ရိုးမှန်လျှင် ထိုမိကျောင်း ဘုရားသုံးဆူကိုလည်း ရောက်လာနိုင်သည်။

ကိုရင်မောင် စောစောကထက် ပိုချွေးပြန်လာသည်။ သူ့ပိုက်ထဲ မိကျောင်း ဝင်တိုးရိုးမှန်လျှင် သူ ဘာမှ မတတ်နိုင်။ ပိုက်အဆုံးခံရမည်သာ ဖြစ်သည်။

သား ဆေးဖိုးရအောင် စောစော အလုပ်ဆင်းကာမှ မိကျောင်းနှင့် လာတိုးနေသည်။

ပိုက်ကို မဖော်ဘဲ သည်အတိုင်း ပြန်သွားလို့ကလည်း မဖြစ်။ ပိုက်ရှင်က သူ့ပိုက် အဆုံးခံမည်မဟုတ်ပေ။ ပိုက်ဖိုး လျော်ရမည်။

ကိုရင်မောင် ငိုချင်လာသည်။

ပိုက် အဆုံးခံမလား၊ ပိုက်ကို အရပြန်ယူမလား။

ကိုရင်မောင် သက်ပြင်းချသည်။ အံကို တင်းတင်းကြိတ်သည်။ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချသည်။ ပိုက်ကို အရပြန်ယူရမည်။

ဘောက်တူကန့်ခင်းပေါ် တင်ထားသော ဆောင်ဓားကို ကောက်ကိုင်သည်။ ဓားက ခြေသလုံးမွေး ပြတ်အောင် သွေးထားသဖြင့် အားကိုးရမည်ဟု ကိုရင်မောင် ထင်သည်။ ဓားကို မြဲမြဲဆုပ်ထားရင်း ပိုက်ကို ဖော်သည်။ သည်တစ်ခါတော့ ပိုက်က အလိုက်သင့် ပါလာသည်။

“ဝုန်း…”

ညိုမည်းမည်း အရာဝတ္ထုကြီးတစ်ခု ရေအောက်မှ ရေပေါ် ထောင်တက်လာသည်။ ချက်ချင်း ရေအောက် ပြန်မြုပ်သွားသည်။ ဆွဲတင်ထားသော ပိုက်သားတွေ ရေထဲ လျှောကျသွားသည်။

ရိပ်ခနဲ မြင်လိုက်ရသော်လည်း မိကျောင်းမဟုတ်မှန်း တော့ ကိုရင်မောင် သိလိုက်သည်။ မိကျောင်းမဟုတ်လျှင် ကိုရင်မောင် မကြောက်ပါ။ ဘယ်လိုသတ္တဝါမျိုးဖြစ်ဖြစ် ကိုရင်မောင် ရင်ဆိုင်ရဲသည်။

ပိုက်တန်းက မြစ်ခြေဘက် ရွေ့နေသည်။ ကိုရင်မောင် ကမ်းဘက်ကို လှမ်းကြည့်သည်။ ကမ်းပါးပေါ်တွင် ဝါးတိုင်တစ်တိုင် တွေ့ရသည်။ တိုင်ဖျားတွင် အလံလို အဝတ်ဖြူစကလေးက လေထဲတွင် လွင့်နေသည်။

ကိုရင်မောင် ပြုံးသည်။

သူ့ပိုက်ထဲ ဝင်တိုးသော သတ္တဝါကို သူ သိပြီ။

လွန်ခဲ့သော တစ်လလောက်က သည်နေရာတွင် ငါးမြင်းတန်းချသည့် ရေလုပ်သားတွေ နေသွားသည်ကို ကိုရင်မောင် အမှတ်ရသည်။ ဆယ့်လေးငါးရက် ငါးစာကျွေးပြီးမှ ငါးမရဟု အထင်ဖြင့် တခြားနေရာကို ရွှေ့သွားကြသည်။

ငါးမြင်းတန်းချသည့် အလုပ်ကို ကိုရင်မောင် မလုပ်ဖူးသာ်လည်း လုပ်ပုံကိုင်ပုံကိုတော့ ကိုရင်မောင် သိသည်။

ငါးမြင်းတန်းမချမီ အစာ အရင်ကျွေးသည်။ ငါးဖျင်းသလက်ခေါ် ငါးကလေးအရှင်များကို သုံးလေးပိဿာ ငါးမြင်းတန်းချမည့် နေရာတွင် ပက်ရသည်။

ငါးမြင်းက ချောင်ရှိသော မြစ်ကွေ့နေရာမျိုးတွင် နေတတ်သည်။ အစာ သုံးလေးရက်ကျွေးပြီးမှ ဝါးလုံးတန်းတွင် ငါမျှားချိတ်တွေ ချည်ကာ ရေထဲ တန်းပစ်ချထားလိုက်သည်။ ငါးကလေးတွေ လာစားသော ငါးမြင်းက ငါးမျှားချိတ်မှ ငါးကိုပါ ဟပ်သည်။ မိလျှင် လေးငါးပိဿာထက် မနည်း၊ အကောင်ကြီး ငါးမြင်းမျိုး ရသည်။

ငါးမြင်းက လူကြိုက်များ၍ ဈေးကောင်းသည်။ တစ်ပိဿာ ငါးဆယ် ခြောက်ဆယ်ဈေး ရှိသည်။

ကိုရင်မောင် သဘောပေါက်ပြီ။ သူ့ပိုက် ဝင်တိုးနေသော သတ္တဝါမှာ မိကျောင်း မဖြစ်နိုင်။ ငါးမြင်း ဖြစ်ရမည်။

အခုတစ်ခါတော့ ကိုရင်မောင် ပိုက်ကို ရဲရဲဆွဲသည်။ ငါးက ရုန်းလျှင် လျှော့ပေးသည်။ ပြန်ဆွဲသည်။ လျှော့လိုက် ဆွဲလိုက် နှင့် ငါး မောအောင် လုပ်သည်။

နာရီဝက်လောက် လျှော့လိုက် ဆွဲလိုက် လုပ်ပေးသောအခါ ငါးမောလာသည်။ အရုန်းအကန်မရှိ ပိုက်ဆွဲရာကို အလိုက်သင့် ပါလာသည်။

ကိုရင်မောင် ဓားကို ပြန်ကိုင်သည်။ ပိုက်ကို ဆွဲဖော်သည်။

လ,က ခေါင်းပေါ် တည့်တည့်ရောက် နေသည်။ ဝင်းပသော လရောင်က မြစ်ပြင်တစ်ခုလုံး လင်းထိန်နေသည်။

ပိုက်သား အလယ်လောက်တွင် ပိုက်ထဲက ဖြူဖြူဖွေးဖွေး ငါးကြီးကို တွေ့ရသည်။

ကိုရင်မောင့်လက်ထဲက ဓား မြောက်တက်သွားသည်။ ဓားပြန်အကျတွင် ကိုရင်မောင် နားအုံတစ်ဖက် ကျင်တက်သွားသည်။ ဘောက်တူထဲ ထိုင်ကျသွားသည်။ မျက်လုံးတွေ ပြာသွားကာ ခေါင်းထဲတွင် မူးနောက်နေသည်။

ဓားချက်ကြောင့် ငါးက အမြီးယမ်းလိုက်ရာ ကိုရင်မောင့်ခေါင်းကို အမြီးဖျားနှင့် ရိုက်မိသွားခြင်း ဖြစ်သည်။

ကိုရင်မောင် ပြန်ထိုင်သည်။ ခေါင်းမူးသက်သာရန် ခေါင်းကို ယမ်းသည်။ မြစ်ရေနှင့် မျက်နှာသစ်လိုက်သည်။ ရေထိမှ ခေါင်းမူးသက်သာသွားသည်။

ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ပိုက်ကို ပြန်ဖော်သည်။ ဒုတိယအကြိမ် ငါး ကိုယ်ကြီး မြင်ရသည်။ ငါးခေါင်းရှိရာဘက်ကို မှန်းကာ တအားလွှဲခုတ်သည်။

ဒုတ်ခနဲအသံနှင့်အတူ ငါးက ရုန်းထွက်သွားသည်။
ပိုက်သားကို လျှော့ပေးလိုက်သည်။

အခု ဓားချက်က ချက်ကောင်းထိသည်ကို ကိုရင်မောင် သိသည်။ ဓားသွား ထိသံက အပျော့ကို ထိသံမျိုး မဟုတ်။ အမာကို ထိသံမျိုး။ ငါးခေါင်းပိုင်းထိမှာ သေချာသည်။

ကိုရင်မောင် အခြေအနေကို စောင့်ကြည့်သည်။

အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် အရုဏ်ပျိုးလာပြီ။ မကြာမီ မိုးလင်းတော့မည်။

ကိုရင်မောင် ပိုက်ကို ဆွဲဖော်သည်။ အရုန်းအကန်မရှိ ပိုက်သားက ပါလာသည်။ ပိုက်နှင့် လုံးထွေးနေသော
ငါးကြီးကို လရောင်ဖြင့် မြင်ရသည်။ ငါးကား မလှုပ်တော့။

ကိုရင်မောင် ပိုက်ကို ရေထဲပြန်ချသည်။ ဘောက်တူကို ရေလယ်ဘက် လှော်သည်။ ပိုက်ဖျားက စပြီး ပိုက်ကို ဖော်မည်။ ဘောက်တူဝမ်းထဲ ပိုက်ကို အကန့်လိုက် ခေါက်ထည့်သည်။

ငါးတိုးထားသော နေရာမှာ ပိုက်ဖျားနှင့် လေးတောင်ကွာလောက် ဖြစ်သည်။

ကိုရင်မောင်က ပိုက်ကို ကမ်းဘက်ဆွဲယူသည်။ ကမ်းခြေ ခြေထောက်မှီရာရောက်မှ ရေထဲ ဆင်းပြီး ပိုက်များကို ကမ်းပေါ်ဆွဲတင်သည်။

ငါးမြင်းကြီးက အချိန်တစ်ဆယ်လောက် ရှိသည်။ ငါးရော ပိုက်ကိုပါ ကမ်းစပ်ဆွဲတင်သည်။ ပိုက်ထဲက ငါးကို ရှင်းထုတ်သည်။

ပိုက်သားတစ်ဖောင်စာလောက် စုတ်ပြဲနေသည်။ သည်လောက် စုတ်ပြဲလို့ကတော့ မချောစိန် ဖာထေး နိုင်သည်။

ပိုက်ကို သေသေသပ်သပ် ဘောက်တူထဲ ခေါက်ထည့်ပြီးမှ ငါးကြီးပါးဟက်ထဲ ဘောက်တူဦးတွင် ချည်ထားသော ထိုးဝါးချည်ကြိုးကို ဖြုတ်ပြီး ထိုး သွင်းသည်။ ကြိုးစနှစ်စကို ဘောက်တူပဲ့ ဧရာထိပ်တွင် ချည်လိုက်သည်။

ပြီးမှ ဘောက်တူကို ရွာဘက်ပြန်လှော်လာသည်။

ငါးကြီးက ဘောက်တူနောက် ရေထဲမှ အလိုက်သင့် ပါလာသည်။

ကိုရင်မောင့်မျက်နှာ ပြုံးနေသည်။

သားကို နက်ဖြန် ဆေးခန်းပြနိုင်ပြီ။

ငါးမြင်းက အချိန်တစ်ဆယ်ဆိုလျှင် ငွေလေးရာ ရနိုင်သည်။ ဖောက်သည်ဈေး လေးဆယ်လောက် ရှိသည်ကို ကိုရင်မောင် သိသည်။

ကိုရင်မောင် ရွာပြန်ရောက်လျှင် ရွာကလူတွေ အံ့သြကြမည်။ ကိုရင်မောင် ကံကောင်းသည်ဟု ပြောကြမည်။

သို့သော်…

ကိုရင်မောင့်အဖေသာ ထိုသတင်းကြားလိုက်လျှင်

“အေးပေါ့ကွာ… မင့်သား ကျန်းမာဖို့ အသက်တစ်ချောင်း အသေခံလိုက်ရတာပေါ့”

ဟု ပြောမည်မှာ သေချာသည်။

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၈-ခုနှစ်၊ ဇွန်လ။

– ပြီး –

စာရေးသူ – လင်းယုန်တင့်ဆွေ

Leave a Reply

Your email address will not be published. Required fields are marked *