********
ဦးမြတစ်ယောက် မိမိရှေ့တွင် မြင်နေရသော မသာအလောင်းအားကြည့်ကာ ရင်ထဲ၌ ဆို့နစ်သွားသည်။
ထိုအလောင်းအား ရုတ်တရက်ကြည့်ပါက သေတာကြာသည့် မသာကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဟု ထင်ရသော်လည်း တစ်ကယ်တန်း၌ ထိုအလောင်းသည် မနေ့ကအထိ အသက်ရှင်နေသေးသည့် လူမမာတစ်ဦးသာ ဖြစ်၏။
လူမမာဆိုခြင်းထက် သေမိန့်ချခံရပြီးသည့် အသုဘ အလောင်းအလျာတစ်ခုဟု ဆိုရလျှင်ပိုမှန်ပါလိမ့်မည်။
” အေးမိုး ဘာစားချင်သေးလဲ ၊ ဦးလေး ဘာ၀ယ်ပေးရမလဲ “
သူ့အမေးအား အေးမိုးက ခေါင်းအနည်းငယ်ခါရုံသာဖြေကြားပြီးနောက် အနည်းငယ် ပွင့်နေသောမျက်လုံးအား ကြိုးစားပိတ်နေပုံရသည်။
ထိုမြင်ကွင်းသည် အေးမိုးအား သူနောက်ဆုံးအသက်ရှင်လျှက် မြင်တွေ့ခဲ့ရခြင်းဖြစ်၏။
” ဟူး ၀ဋ်ကျွတ်သွားပြီပေါ့ ငါ့တူမလေး အေးမိုးရယ်”
သူစိတ်မကောင်းစွာ ညည်းတွားရင်း မသာအား ပလတ်စတစ်အိတ်ထဲထည့်လိုက်သည်။
” ဦးမြသတိထားနော်၊ ဒီမသာက ကူးစက်ရောဂါ နဲ့သေတာ “
” သိတယ်မောင်အောင်၊ ဒီမသာ ဘာရောဂါနဲ့သေတယ်ဆိုတာ ဦးသိပါတယ်၊ ဒီမသာ အသက်ရှင်စဉ်ကလည်း ဦးကောင်းကောင်းသိတယ်၊ ဒီကလေးမက အိမ်ကသမီး အလတ်မရဲ့ အချစ်ဆုံးသူငယ်ချင်း အေးမိုးဆိုတဲ့ ကလေးမလေးပေါ့၊ အခုအလွန်ဆုံးရှိလှမှ သူ့အသက်က နှစ်ဆယ်ေကျာ်လောက်နေမှာ”
တစ်ချိန်က လှပစွာ ဖူးပွင့်ခဲ့သည့် အလှဆုံးပန်းတစ်ပွင့်ဖြစ်ခဲ့သည့် အေးမိုးဆိုသည့် မိန်းမလှလေးသည် ယခုချိန်၌ ဦးမြလက်ထဲမှ အသက်ဝိညာဉ်ကင်းမဲ့နေသော ရုပ်ပျက်ဆင်းပျက် အလောင်းတစ်လောင်းသာ။
အလောင်းအား ထုတ်ပိုးပြီးနောက် လက်မှ နာရီအားကြည့်လိုက်သည့်အခါ ညနေ လေးနာရီခွဲ။
“ကဲ မောင်အောင်ရေ ၊ အလောင်းကို ကားပေါ်တင်လိုက်ရအောင်၊ ပြီးရင် ရေဝေးကို တိုက်ရိုက်မောင်းတော့ ၊ ဒီနေ့အတွက် ဒါက နောက်ဆုံးတစ်ကြောင်းပဲ”
” ဟုတ်ကဲ့ ဦးမြ”
မသာတင်ဆောင်ထားသော ကားလေးသည် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီး၏ ဇရပ်ဘက်မှ ရေဝေးသုဿန်ဘက်သို့ ဦးတည်လျက်ရှိ၏။
ထိုစဥ်အချိန်က ဝေဘာဂီ ဆေးရုံ၏ အနောက်ဘက်ရှိဇရပ်၌ အလောင်းများထားရှိ၏။ ထိုနေရာ၌ မြက်ပင်ကိုင်းပင်များသည် ထူထပ်ရှည်လျားကာ အနံ့အသက်များလည်းမကောင်းပါချေ။
ထိုဇရပ်သို့ တော်ရုံလူများ ခြေဦးပင်မလှည့်ကြ။
ယုတ်ဆွအဆုံး သေဆုံးသူ၏ မိသားစု၀င်များပင် ထိုဇရပ်သို့ မလာကြပေ။
ဦးမြသည်ကား ပရဟိတ လုပ်သည့် စေတနာ့၀န်ထမ်းတစ်ဦးဖြစ်သည့်အလျှောက် အများမသွားချင်သည့် နေရာ၌ အများမလုပ်ချင်သော ကူးစက်ရောဂါဖြင့်သေဆုံးသူများအား ကိုင်တွယ်သည့်အလုပ်အား လုပ်ကိုင်ခဲ့သည်မှာ အတော်ပင်ကြာခဲ့လေပြီ။
ယခုလည်း ဦးမြ၏သမီးအလတ်မ၏ သူငယ်ချင်း အေးမိုးဆိုသူ၏ နောက်ဆုံးခရီးအား ဝေဘာဂီဆေးရုံကြီး၏ ဇရပ်မှ ရေဝေးသုဿန်သို့ ပို့ဆောင်ပေးနေရခြင်းဖြစ်ပေသည်။
အေးမိုးတစ်ယောက် ဆယ်တန်းအောင်ပြီးနောက် နယ်စပ်တွင်အလုပ် သွားရောက်လုပ်ကိုင်မည်ဟုဆိုကာ ဦးမြ၏ သမီးအား လာခေါ်ခဲ့သေးသည်အား မှတ်မိနေသေး၏။
” ဟဲ့ သန္တာ ၊ ငါတို့ နယ်စပ်မှာ အလုပ်သွားလုပ်မလို့ လိုက်ခဲ့ပါလား၊ လစာလဲ ကောင်းကောင်းရမယ်တဲ့”
” ဟင် ဟုတ်လား ၊ ဘာလုပ်ရမှာတဲ့လဲ “
” စားတော်ဆက်မှာ ကောင်တာထိုင်ပေးရမှာတဲ့ “
” ဟင် နင့်အလုပ်ကြီးကလဲ ဘယ်လိုကြီးလဲ၊ စာရင်းကိုင်ဆိုလဲ စာရင်းကိုင်သင်တန်းဆင်းလက်မှတ်တွေ လိုသေးတာ၊ ခုက ဆယ်တန်းအောင်ရုံနဲ့ ငွေကိုင်လား၊ စာရင်းကိုင်လား ၊ ဘာလား ပဲ “
” အဲ့ဒါတော့မသိဘူးသန္တာ ၊ ဟိုဘက် လမ်းက မဝေတောင် အတော်အဆင်ပြေလို့ သူ့တို့အိမ်ကိုတောင်ပြန်ပြင်ဆောက်နေပြီ၊ ငါကတော့ သွားလုပ်ချင်တယ်၊ နင်နဲ့ငါက အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့ နင့်ကိုပါ လိုက်စေချင်တယ်”
” ဟော သမီးသူငယ်ချင်းရောက်နေပါလား၊ ဘာတွေတိုင်ပင်နေကြတာလဲ “
” အေးမိုးက နယ်စပ်မှာ အလုပ်သွားလုပ်မလို့တဲ့အဖေ ၊ အဲ့ဒါ သမီးကို သူတို့နဲ့အတူ လိုက်ခဲ့ဖို့ လာပြောတာအဖေ “
” ဟေ ၊ နယ်စပ်မှာဟုတ်လား “
” ဟုတ်ကဲ့”
” ဘယ်သူ့အဆက်အသွယ်နဲ့သွားမှာလဲ၊ ဘာအလုပ်တဲ့လဲ “
” ဟိုဘက်လမ်းက မဝေရဲ့ အဆက်အသွယ်နဲ့ပါဦးလေး၊ အလုပ်က စားတော်ဆက်မှာ ကောင်တာထိုင်ရမှာတဲ့ဦးလေး “
” ဟေ “
ဦးမြင့်တစ်ယောက် အေးမိုး၏ စကားကြောင့် မျက်ခုံးနှစ်ဖက်ပင် မြင့်တက်ကာ အံ့ဩသွား၏။
” စားတော်ဆက်မှာတဲ့လား၊ နယ်စပ်က စားတော်ဆက်တွေမှာလုပ်ရတာ မိန်းခလေးတွေအတွက် အရမ်းအန္တရာယ်များတယ်သမီးတို့၊ မိဘကွယ်ရာအရပ် ဆွေမျိုးတွေနဲ့ ဝေးရာအရပ်မှာ သမီးတို့လို ငယ်ရွယ်နုနယ်တဲ့ မိကောင်းဖခင်သားသမီးတွေ မသွားသင့်ဘူးလို့ ထင်တယ်”
ဦးမြင့်၏ စကားကြောင့် အေးမိုးက တစ်ချက်ပြုံးလိုက်ပြီး
” ဟုတ်ကဲ့ ခုလိုသတိပေးတာ ကျေးဇူးပါ၊ သန္တာမပါလဲ သမီးကတော့ သွားဖြစ်မှာပါ၊ လူငယ်ဆိုတာ ကိုယ်အောင်မြင်ဖို့အတွက် စွန့်စားရဲရမယ်လေ၊ သမီးက ကိုယ့်ကိုယ်ကို ထိန်းသိန်းနိုင်ပါတယ်၊ ကဲ သန္တာရေ ငါပြန်လိုက်အုံးမယ်၊ ဦးလေး သမီးပြန်တော့မယ်ရှင့် “
” အေး အေး သမီးအေးမိုး ဘေးအန္တရာယ်များ ကင်းဝေးပါစေကွယ်”
အိမ်မှ ထွက်ခွာသွားသော အေးမိုး၏ နောက်ကျောပြင်အား ကြည့်ကာ ဉီးမြင့်တစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိသည်။
အချိန်ကာလဟူသည့် ရာသီစက်ဝိုင်းကြီးနှစ်ခုကျော်လွန်ခဲ့လေပြီ။
” ဟေ့ သန္တာ “
အနောက်ဘက်ဆီမှ ခေါ်သံကြောင့် လှည့်ကြည့်မိသည်။
ဆံပင်ကာလာ အရောင်ကြားနှင့် ဂျင်းဘောင်းဘီအတို၀တ်ဆင်ထားသော မင်းသမီးရှူံးအောင်ပြင်ထားသော အပြင်အဆင်ဖြင့် မိန်းခလေးတစ်ဦး။
” ဘယ်သူပါလိမ့် “
သန္တာက ထိုအမျိုးသမီးငယ်အားကြည့်ကာ စဉ်းစားနေမိ၏။
” ငါပါ အေးမိုးလေ “
” ဟယ် အေးမိုး၊ လှလာလိုက်တာကြည့်စမ်း မှတ်တောင်မမှတ်မိဘူး “
” ခစ် ခစ် ငါအခု အရမ်းအဆင်ပြေတယ် ၊ အိမ်ကိုလည်း အများကြီးထောက်ပံ့ပေးနိုင်တယ်လေ “
ကောင်လေးအချို့၏ အကြည့်များအား အေးမိုးက အထာကျကျတုန့်ပြန်ကြည့်နေသည်မို့ သန္တာလည်း စကားပြောနေရင်းမှ
” ဩ ငါအခု စာရင်းကိုင်သင်တန်းသွားရတော့မှာမို့ ခွင့်ပြုဉီးနော်အေးမိုး “
” အိုကေ သန္တာ “
ထိုစဉ် သန္တာတို့အနီး ပရာဒိုကားတစ်စီးထိုးရပ်လာကာ ကားမှန်ချလာ၏။
ကားထဲမှာ အသားညိုညို မျက်နှာဖောင်းဖောင်းနှင့် လူကြီးက
” လာ ကလေး၊ ပြန်ရအောင် “
” ဟုတ် ကိုကြီး “
အေးမိုးအား ကလေးဟု ခေါ်သော ထိုလူကြီးက သန္တာ့တစ်ကိုယ်လုံးအား သိမ်းကြုံးကြည့်ကာ မထီတထီ ပြုံးနေသည်မို့ သန္တာ ထိုနေရာမှ ခပ်သွက်သွက် ထွက်လာမိ၏။
ထိုကိစ္စအား ဖခင်ဖြစ်သူအား ပြန်ပြောပြမိ၏။
” အင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းကောင်းအညွန့်ကျိုးသွားပြီပဲ၊ ဘယ်တတ်နိုင်ပါ့မလဲသမီးရယ် သမီးသူငယ်ချင်းရဲ့ကံပေါ့၊ ငွေကို ရှာတာ ရိုးရိုးသားသားရှာဖွေလို့ ရတဲ့နည်းလမ်းတွေအများကြီးပါ၊ အသက်မပြည့်သေးတဲ့ ကလေးမလေးတွေအတွက် မိဝေးဖဝေးနေရာမှာ အလုပ်သွားလုပ်ရင် ပျက်စီးရာဘက်ကိုဦးတည်တတ်ကြတယ်သမီး၊ ငယ်ရွယ်နုနယ်တော့ အလှအပနဲ့ငွေနောက်လိုက်ရင်း ဘ၀ပျက်ကြတာပေါ့ “
ဦးမြင့်က ခပ်လေးလေး ညည်းညူပြောဆိုရင်း အဝေးရှိ ပိတောက်ပင်ကြီးအား အဓိပ္ပါယ်မဲ့ငေးမောကြည့်ရှုနေ၏။
ထို့နောက် သက်မရှည်ကြီးအားချလိုက်၏။
ရာသီစက်ဝိုင်းတစ်ခုလည်ပတ်ပြီးနောက်
သန္တာသည်ပင် ကုမ္ပဏီတစ်ခု၌ စာရင်းကိုင်ရာထူးဖြင့် အလုပ်လုပ်နေပြီဖြစ်၏။
သန္တာ၏ညီမ အထွေးသည် ယခုစာသင်နှစ်၌ တက္ကသိုလ်၀င်တန်း စာမေးပွဲ ဖြေဆိုရပေတော့မည်။
” ဖေဖေ ဒီနေ့ အဖေတို့ နာကူကားက သမီးတို့ကျူရှင်တက်နေတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင်ခြောက်လွှာတိုက်မှာလာရပ်တာတွေ့တယ် ၊ ဘယ်သူဘာဖြစ်လို့လဲ “
” ဩ အဲ့ဒီတိုက်ရဲ့ သုံးလွှာက ပွဲစားဦးကျော်ဆိုတဲ့လူက အေ ရောဂါနောက်ဆုံးအဆင့်မို့ ဝေဘာဂီကို ပို့ပေးရတာ “
ထိုအခါသန္တာက စာဖတ်နေရာမှ
” အဖေ ဦးကျော်ဆိုတာ ပရာဒိုကားနဲ့ အသားညိုညိုမျက်နှာဖောင်းဖောင်းနဲ့လူကြီးလား “
” ဟုတ်ပ ခုတော့ အရိုးပေါ်အရည်တင် ပိန်ကပ်နေပြီလေ ၊ သူက လူရှုပ်ပဲ အပျော်မယားတွေတစ်ယောက်ပြီးတစ်ယောက် ခေါ်အိပ်တာ၊ ခုတော့ အေကိုက်ပြီလေ “
” ဟင် ဟုတ်လား ၊ ဒါဆို သမီးသူငယ်ချင်း အေးမိုးတော့ သွားပြီထင်တယ်အဖေ ၊ တစ်ခါက အေးမိုးကို အဲ့ဒီဘိုးတော်ကြီးက ခေါ်သွားတာလေ ၊ သမီးတောင် အဖေ့ကို ပြောပြသေးတယ်လေ “
” ဩ စိတ်မကောင်းစရာပဲ၊ သမီးသူငယ်ချင်းတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါဆိုး ကူးစက်ခံရပြီနေမှာ “
( ထိုစဉ်အချိန်က အေအိုင်ဒီအက်စ် ရောဂါအား နောက်ဆုံးပေါ်ရောဂါအဖြစ် လူသိများကာ နှစ်သိမ့်ဆွေးနွေးပညာပေးအသင်းအဖွဲ့များလည်း သိပ်မရှိသေးပါချေ။)
တစ်နေ့ ဦးမြင့်၏သမီး သန္တာတစ်ယောက် အလုပ်မှ အမောတကောပြန်ရောက်လာကာ
” အဖေ အဖေ “
” ဟေ ဘာဖြစ်လာတာလဲ သမီးရဲ့ ၊ အမောတကောနဲ့ “
” အဖေ သမီးသူငယ်ချင်းအေးမိုးလေ ၊ အေးမိုး “
” အေးမိုးဘာဖြစ်လို့လဲ “
” သူ့ကိုတွေ့ခဲ့တယ် ပိန်ကပ်ပြီး တစ်ကိုယ်လုံး အနာတွေနဲ့၊ ခု မြောက်ဥက္ကလာပရဲ့ ကျူးတွေဘက်မှာ အိမ်ခန်းလေး ငှားနေတာတဲ့တစ်ယောက်တည်း၊ သူက နဂိုကတည်းက သွေးသားမမှန်တော့ ရောဂါလက္ခဏာ ပြပြီးသိပ်မကြာဘူး တစ်ကိုယ်လုံး အနာတွေပေါက်လာတာတဲ့၊ သူ့အိမ်ကိုလည်း မပြန်ရဲလို့ တဲ့၊ အဲ့ဒါ သမီးကိုတွေ့တော့ သူ့ကို ဝေဘာဂီ ဆေးရုံကို ပို့ပေးပါဆိုပြီး အဖေ့ကို အကူအညီတောင်းလိုက်လို့ “
” ဟေ ဟုတ်လား ၊ အင်းပေါ့ ဦးကျော်သေသွားတာတောင် သုံးနှစ်နီးပါး ရှိပြီဆိုတော့ သမီးသူငယ်ချင်းလဲ ရောဂါလက္ခဏာ ပြရောပေါ့ စိတ်မကောင်းစရာပဲ သမီးသူငယ်ချင်းဆီ အဖေသွားပေးပါ့မယ် သမီးလဲ လိုက်ချင်လိုက်ခဲ့လေ ၊ သမီးပါတော့ သူငယ်ချင်းဖြစ်သူလဲ အားရှိတာပေါ့ “
“ဟုတ်ကဲ့ပါ အဖေ”
ဦးမြင့်တို့သားအဖနှင့် ပရဟိတ လုပ်ဖော်ကိုင်ဖက် တစ်ဦးတို့သည် အေးမိုးနေထိုင်သည့် ကျူးတဲဘက်သို့ ရောက်ရှိလာကြသည်။
အချို့ကလည်း ဦးမြင့်တို့အားစပ်စုနေကြ၏။ အချို့သူများကား အရေးပင်မစိုက်အားကြပေ။
” အေးမိုး …သူငယ်ချင်း အားတင်းထားနော်”
” အင်းပါ သန္တာရယ် ကျေးဇူးပါနော်၊ နင်က အရမ်းလှနေတယ်နော်၊ နင့်အလှက အေးချမ်းတယ်၊ နင့်အဖေလို မိဘရှိတာ သိပ်ကံကောင်းတာပဲ၊ ငါ့မိဘကတော့ နယ်ဝေးမှာ အလုပ်သွားလုပ်မယ်ဆိုလဲခွင့်ပြုတယ်၊ ငါငွေတွေပို့ပေးတော့လည်း ဘာအလုပ်လုပ်လို့ ငွေတွေဒီလိုရနေတာလဲဆိုတာ တစ်ခွန်းမှမမေးဘူး၊ ငွေမပို့ရင် တတီတီဖုန်းဆက်ပြီး ပို့ခိုင်းတယ်၊ နေကောင်းလား ကျန်းမာလားမမေးဘူး၊ ခု ငါဒီလို အခြေအနေရောက်တော့မှ မိသားစုသိက္ခာကျတယ်ပြန်မလာနဲ့တဲ့၊ သူတို့ကို ရောဂါ အကူးမခံနိုင်ဘူးတဲ့ ဟာ “
ပြောရင်း အသံများတိမ်၀င်ကာ မျက်ရည်များစီးကျနေသော အေးမိုးအား ကြည့်ရင်း သန္တာလည်း မျက်ရည်များစီးကျလာသည်။
” တိတ်ပါသူငယ်ချင်းရယ်၊ ငါ့ပုခုံးပေါ်မှာ နင့်ခေါင်းလေး မှီထားပါ၊ အသက်၀၀ရှူလိုက်၊ ဘာမှစိတ်မကောင်းစရာတွေ မတွေးနဲ့နော် ၊ ငါတို့သားအဖတွေ နင့်ကို ပစ်မထားပါဘူး၊ ငါ့အဖေက ဝေဘာဂီဆေးရုံကို မကြာခဏရောက်တယ်လေ “
” အင်းပေါ့ ၊ နင့်အဖေက ငါ့တို့လို ရောဂါဖြစ်ပြီး သေသူတွေကို အမြဲအလောင်းကောက်ပေးရတဲ့ ပရဟိတ ပုဂ္ဂိုလ်ကိုး၊ ငါလဲ ခုအဲ့ဒီကိုရောက်ပြီး မကြာဘူး သေမှာပါပဲ ၊ ငါလေ အရမ်းနောင်တရတယ် သန္တာရယ်၊ ငါ့မှာ ဒီရောဂါကြီးသာမရှိရင် အရမ်းကောင်းမှာပဲ၊ နင့်လို သန့်စင်တဲ့ဘ၀နဲ့ တစ်လလောက် လူဖြစ်ခွင့်ရချင်မိပါရဲ့၊ နင့်အဖေ တားကတည်းက ငါလည်း မသွားခဲ့မိရင် သိပ်ကောင်းမှာနော် “
” ဩ အေးမိုးရယ် “
မကြာမီ ဆေးရုံကြီးရှေ့၌ ကားက ရောက်ရှိလာသည်။
အေးမိုးက ကျနေသောမျက်ရည်များအား သုတ်ကာ အ၀တ်ထုတ်လေးအား လှမ်းယူကာ ကားပေါ်မှဆင်းလိုက်၏။
သန္တာတို့သားအဖလည်း အေးမိုးနေရမည့်အဆောင်သို့ ပို့ပေးကာ ပြန်လာခဲ့၏။
” ဦးမြင့် လူနာရှင်မိသားစုက မသေခင် ကောင်မလေးကို တစ်ခါမှလာမတွေ့ဘူးလား “
မောင်အောင်က ကားမောင်းနေရင်းမှ လှမ်းမေးသေယကြောင့် ဦးမြင့်တစ်ယောက် တွေးနေသော အတွေးစများပင် ပြတ်တောက်သွားသည်။
” လာမတွေ့ဘူးထင်ပါရဲ့၊ ကောင်မလေးက သနားစရာ၊ မိသားစုအတွင်ငွေရှာရင်း ဘ၀ပျက်ရရှာတာ “
” ဩ လောကကြီးမှာ အာစရိယ ဂုဏ်မထိုက်တဲ့ မိဘတွေ တစ်ကယ်ရှိတာပဲ “
” ဟုတ်ပမောင်အောင်ရေ “
အေးမိုးအလောင်းအား တင်ဆောင်ထားသော ပရဟိတကားသည် ရေဝေးသုဿန်၏ မီးသင်္ဂြိုဟ်စက် ရှေ့၌ ရပ်တံ့သွား၏။
မီးသင်္ဂြိုဟ် စက်၏ မီးခိုးခေါင်းတိုင်မှ ထွက်လာသော မီးခိုးများအား မော့ကြည့်ရင်း
” သမီးအေးမိုးရေ၊ ကောင်းရာသုဂတိလားပါစေ၊ ဘ၀အဆက်ဆက် ဒီလိုအဖြစ်ဆိုးမျိုး ထပ်မကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ် “
ဦးမြင့်၏ ဆုတောင်းစကားအား အေးမိုးတစ်ယောက် ကြားနိုင်တော့ မည်မထင်ပေ။
တစ်ပတ်ခန့်ကြာပြီးနောက်
” တီ တီ တီ “
” ဟလို မောင်အောင်လား၊ အေး အိမ်မှာ ၊ လာခဲ့လေ ၊ ငါလဲ ခုတလော နေသိပ်မကောင်းတာနဲ့ အသင်းဆီမလာဖြစ်တာ အေ အေ “
မကြာမီ ပရဟိတကားသည် ဦးမြင့် အိမ်ရှေ့သို့ ဆိုက်ရောက်လာသည်။
” လာဟေ့ မောင်အောင် “
မောင်အောင်သည် အိမ်ပေါ်သို့ တက်လာကာ ဦးမြင့်ဘေးရှိ ခုံအလွတ်တွင်၀င်ထိုင်ကာ နဖူးမှချွေးများအား သုတ်လိုက်ပြီး
” ကျုပ်တို့ ကားပေါ်မှာ ညဆို အမျိုးသမီးသဏ္ဍာန် မိန်းမတစ်ယောက် ထိုင်နေတာကို တွေ့ရတယ်တဲ့၊ ကျုပ်လဲ အစက မယုံဘူး ဦးမြင့်ရာ၊ မနေ့ညက နောက်ကျတာနဲ့ အသင်းမှာပဲ အိပ်ဖြစ်တယ်၊ ည တစ်နာရီကျော်တော့ ခွေးတွေအရမ်းအူတာနဲ့ နိုးလာတာ ၊ အဲ့ဒီအခါမှာ ကားနောက်ခန်းမှန်မှာ တဂျစ်ဂျစ်ကုတ်သံကြီး ကြားလိုက်ရတယ်၊ ကျုပ်လဲ မီးထိုးကြည့်တော့ ဖြူဖြူသဏ္ဌာန် အမျိုးသမီးရိပ်လို့ ထင်ရတာပဲ၊ မှန်မှာ မျက်နှာကြီးကပ်ပြီးကြည့်နေပုံက မျက်တွင်းဟောက်ပက်နဲ့ အရိုးပေါ်အရေတင်မျက်နှာကြီး “
” ဟေ ဟုတ်လား ၊ ခါတိုင်းကတော့ အဲ့လိုအသံတွေ မကြားဘူး မို့လား “
” မကြားဘူးလေ ၊ ခုရက်ပိုင်း death body တွေကလဲ accident ဖြစ်ပြီးသေတဲ့ ယောက်ကျားလေးတွေ များတယ် ၊ ကျုပ်အထင်ပြောရရင် အရင်ပတ်က ဝေဘာဂီက ကူးစက်ရောဂါနဲ့ ဆုံးတဲ့ ခင်ဗျားသမီးရဲ့ သူငယ်ချင်း ဆိုတာများလား “
မောင်အောင်၏ စကားကြောင့် ဦးမြင့်လည်း မျက်မှောင်ကုတ်ကာ စဉ်းစားနေဟန်ပြုပြီးမှ
” အင်း ဖြစ်နိုင်တယ်၊ ဒီလိုလုပ်ပါလား ကျုပ်လဲ ဒီည အသင်းမှာ လာအိပ်ရင်း အခြေအနေစောင့်ကြည့်မယ် ၊ တစ်ကယ်လို့ ကားပေါ်မှာ ရှိနေတာက အေးမိုးရဲ့ ဝိညာဉ်ဆိုရင် ကျုပ်တစ်ခုခုစီစဉ်ပေးရမှာပေါ့ဗျာ “
” ဟုတ်ကဲ့ ဦးမြင့် ၊ ဒါဆိုကျုပ်သွားတော့မယ်၊ ညကျမှ အသင်းမှာ ဆုံကြတာပေါ့ “
” အေး အေး “
ထွက်ခွာသွားသော မောင်အောင်၏ နောက်ကျောအား ကြည့်ကာ ဦးမြင့်တစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိသည်။
ပရဟိတကား၌ ဤသို့ ခြောက်လှန့်မှုများမကြာခဏ ကြုံတွေ့ရတတ်သည်မှာ အဆန်းတော့မဟုတ်ပါချေ။
သွေးသံတရဲရဲ၊ သေအံ့မူးမူး လူနာများနှင့် သေဆုံးပြီးသော မသာများအား အမြဲတစ္ဆေ တင်ဆောင်နေရသော ကားမို့လည်း ကား၌ စွဲလမ်းနေတတ်သော ပရလောကသားများ ရှိတတ်၏။
ထိုသို့ရှိလာလျှင်လည်း အသင်းသားများက တိုင်ပင်ဆွေးနွေးကာ အလှူပြုအမျှဝေပေးခြင်း၊ ဆရာတော်များထံ အကြံတောင်းကာ ထိုပရလောကသားများအား နေစရာပေးခြင်းများ ပြုလုပ်ပေးကြရတတ်၏။
ယခုလည်း အေးမိုးက မကျွတ်ပဲ ထိုပရဟိတ ကားပေါ်၌ ရှိနေသည်ဟု ထင်သောကြောင့် ဦးမြင့်အား ပြောပြအကူအညီတောင်းလာလေပြီ။
ဦးမြင့်သည် ယခင်က ရွှေရင်ကျော်ဂိုဏ်းမှ ဆရာတစ်ဆူထံ တပည့်အဖြစ်ခံယူဖူးကာ ပညာများ ဆည်းပူးဖူးသဖြင့် အသင်း၌ ပရလောကနှင့်ပက်သက်သော အရာများအား ဦးမြင့်ကပင် ဒိုင်ခံဖြေရှင်းပေးရလေ့ရှိသည်။
” အူ ဝူ ဝူ းးးး”
ညသန်းခေါင်ယံ အချိန်၌ အူလိုက်သော ခွေးအူသံများက ကြက်သည်းထဖွယ် ထွက်ပေါ်လာသည်။
” ဂျီး ဂျလစ် ဂျစ် “
ဦးမြင့်တို့ အိပ်စက်ရာ အနီး၌ ရပ်ထားသော ကားပေါ်မှာ မှန်အား ကုတ်ခြစ်သံများအား ကြားနေရ၏။
ဦးမြင့်လည်း ကားသော့နှင့် ဓါတ်မီးအား ယူကာ ထိုကားအနီး ချဉ်းကပ်လာသည်။
ထို့နောက် ဓါတ်မီးဖြင့် အသံကြားရာ နေရာအား ထိုးကြည့်လိုက်သောအခါ
” ဟာ အေးမိုး ၊ သမီးအေးမိုးပါလား ၊ သမီး ဘာဖြစ်ချင်တာလဲ ၊ ဦးလေး ဘာလုပ်ပေးရမလဲ “
ကား၏ပြတင်းပေါက်မှ ကပ်ကာ ဦးမြင့်အား ကြည့်နေသော မျက်တွင်းဟောက်ပက် ၊ အရိုးပေါ်အရေတင် နေသော အေးမိုး၏ ဖြူရော်ရော်မျက်နှာကြီးက ဦးမြင့်အား တစ်စုံတစ်ခုပြောလိုဟန် ပေါက်နေ၏ ။
ဦးမြင့်လည်း ကားရှေ့ခန်းသော့အား ဖွင့်ကာ ကားထဲမှ မီးများအား ဖွင့်လိုက်သောအခါ ကားအတွင်း၌ အရာရာသည် နေသားတကျဖြင့် ရှိကာ တိတ်ဆိတ်နေ၏။
” ဦးမြင့် ဘာထူးလို့လဲ “
” အနောက်ဘက်ဆီမှ အိပ်မှုန်စုံမွှားအသံဖြင့် မောင်အောင်၏ အမေးကြောင့်
” အင်း မင်းပြောတာဟုတ်တယ်၊ သူက အေးမိုးပဲ “
” ဩ “
” ကဲ သမီးအေးမိုးရေ၊ သမီးဒီကားပေါ်မှာ ရှိနေမှန်း ဦးလေးသိပါတယ်၊ နက်ဖြန်မနက်ကျရင် သမီး အတွက်ရည်စူးပြီး အလှူပြုပေးမယ်၊ သမီးကို ဒီကားပေါ်မှာ လာခေါ်ပေးမယ်၊ သမီးအမျှဝေပြီး ဘ၀အသစ်ကို ကူးပြောင်းပါ၊ မိဘကို လုပ်ကျွေးခဲ့တဲ့ သမီးလေးမို့ နောက်ဘ၀က ကောင်းတဲ့ဘ၀ကို ရောက်နိုင်ပါတယ်၊ နက်ဖြန်သမီးသူငယ်ချင်းသန္တာရော ဦးတို့တစ်မိသားစုလုံးက သမီးအေးစိုးအတွက် ကုသိုလ်ပြုအမျှဝေပေးပါ့မယ်၊ ဒီကားက အများပိုင်ပရဟိတကားမို့ သမီးနေလို့မသင့်တော်ပါဘူးကွယ်၊ နက်ဖြန်သာဓုေခါ်ဖို့ဆက်ဆက်စောင့်နေပါ “
ထိုအချိန်၌ ကားကြီးတစ်ခုလုံးသည် တစ်စုံတစ်ဦး ဆွဲကိုင်လှုပ်လိုက်သကဲ့သို့ သိမ့်ခနဲ တုန်ခါသွားကာ
” ဟင်း “
ရင်ခေါင်းသံကြီးဖြင့် သက်မချသံ ဩဩကြီးအား ကြက်သည်းထဖွယ် ကြားလိုက်ကြရ၏။
” ဦးမြင့် ကြား ကြားလား ၊ ရင်ခေါင်းသံကြီးနဲ့ သက်မချလိုက်တာ “
” ကဲ မောင်အောင် သွားအိပ်ကြဦးစို့ ၊ မနက်ကြရင် ထုံးစံအတိုင်း ဆရာတော် ဦးဝိမလ ကိုပင့်ပြီး အလှူပြု အမျှဝေပေးကြစို့ “
” ဟုတ် ဟုတ်ကဲ့ ဦးမြင့် “
မောင်အောင်က ဦးမြင့်ပြောသည်အား အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေကာ ကားအား နောက်ကျောမလုံသကဲ့သို့ လှည့်ကြည့်လိုက်သေး၏။
ဦးမြင့်က မောင်အောင်အားကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီးနောက်
” မင်းက ခုမှ ပရဟိတ စလုပ်တာ မကြာသေးဘူးဆိုတော့ နဲနဲတော့ ကြောက်နေမှာပေါ့၊ ကြာတော့ ဒါတွေက ရိုးသွားမှာပါ၊ အချို့မတော်တဆနဲ့ သေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ သေမှန်းမသိပဲ ကားပေါ်မှာ ငုတ်တုတ်ထိုင်နေတာတွေ၊ အချို့ကြ သူတို့အိမ်ကို ပြန်ချင်လို့ လိုက်ပို့ခိုင်းတာတွေလဲ ကြုံရတတ်တယ် ၊ ပရဟိတ လုပ်သူတွေက လူနာတွေ၊ သေပြီးသား အလောင်းတွေအပြင် မကျွတ်မလွတ်တဲ့ ပြိတ္တာဘုံသားတွေကိုပါ ကူညီရတတ်တယ်မောင်အောင်ရေ”
” ဟုတ်ကဲ့ ဦးမြင့်၊ ကျုပ်မှတ်သားထားပါ့မယ် “
” ကဲ တစ်မှေးလောက် မှေးလိုက်ကြဦးစို့ “
ဦးမြင့်နှင့် မောင်အောင်တို့နှစ်ဦးလည်း မှေးစက်ရင်း မကြာမီ ပြန်လည်၍ အိပ်ပျော်သွားကြလေသည်။
နောက်ရက်မနက်၌ ပရဟိတကားကြီးသည် ဦးမြင့်တို့၏ အိမ်ရှေ့၌ရပ်ထားသည်အား တွေ့ကြရပြီး အိမ်ထဲမှ တရားသံများ၊ အေးမိုး၏ အမည်အား အကြိမ်ကြိမ်ခေါ်ကာ အမျှပေးဝေသံများအား ကြားကြရ၏။
ထိုနောက်ပိုင်းတွင် မောင်အောင်မောင်းနှင်သော ပရဟိတ ကားပေါ်၌ ဖြူဖြူသဏ္ဍာန် အမျိုးသမီးအရိပ်ကြီးအား မတွေ့ကြရတော့သလို ကားမှန်များအား ကုတ်ခြစ်သံများအားလည်း မကြားရတော့ပါချေ။
လေးစားလျက်
စာရေးသူ နန်းကြာညို