မသုံးလုံးစိန်ဝင်း
နား၏ လှည့်စားခြင်း
တောကြီးမျက်မည်းတွင် သွားလာလှုပ်ရှားနေရသူများအဖို့ မကြာခဏဆိုသလို မျက်စိ၏လှည့်စားခြင်း, နား၏လှည့်စားခြင်းတို့ကို ခံကြရတတ်စမြဲပင် ဖြစ်သည်။
တောနက်လေ, တောင်ကြီးလေ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက် မည်းမှောင်ပိတ်ဖုံးကာ အလိုလိုပင် အားငယ်ဖွယ်, စိုးရွံ့ထိတ်လန့်ဖွယ် ဖြစ်လာတတ်သည်။ စိတ်ချောက်ချားကာ ကျော စိမ့်၍ ကြောက်မက်ဖွယ်ရာတို့ကို တွေးတောလာတတ်ကြစမြဲပင် ဖြစ်သည်။
ဤလို အချိန်အခါ, အခြေအနေ, ပတ်ဝန်းကျင်တွင် အနည်းငယ်မျှသော အသံဗလံကလေးသည်လည်းကောင်း, လှုပ်ရှားမှုသည်လည်းကောင်း လူတို့၏အာရုံတွင် အလွန်ကြီးမားချောက်ချားဖွယ်ရာ များအဖြစ် ထင်မှတ်ထားကြရတတ်သည်။
ဤအဖြစ်အပျက်မျိုး ကြုံလာခဲ့လျှင် မစူးမစမ်း မဆင်မခြင် ကြောက်ရွံ့တတ်သူများအဖို့ အာရုံ၏ လှည့်စားမှုကို အလွယ်တကူ ခံကြရတတ်သည်။ ၎င်းတို့ကိုယ်တိုင် အာရုံ၏ လှည့်စားမှုကို ခံကြရပြီး ဘေးဒုက္ခနှင့် တွေ့တတ်ကြရရုံမျှမက “တောချောက်သည်” ဟူသော အယူအဆများကို တစ်ပါးသူတို့၏ ဦးနှောက်တွင်းဝယ် စွဲမှတ်သွားစေရန် ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ခိုင်ခိုင်မာမာ ပြောဆိုလာတတ် ကြပေသည်။
ဆင်ဆင်ခြင်ခြင် စူးစူးစမ်းစမ်း လေ့လာတတ်ကြသူများအဖို့မူကား အာရုံ၏လှည့်စားမှု, သဘာဝ၏လျှို့ဝှက်မှုတို့ကို ဖောက်ထွင်းကျော်လွှားကာ အကြောင်းရင်းဇစ်မြစ်ကို ဖော်ထုတ်နိုင်ကြသည်။ အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည်သာ ဖြစ်တော့သည်။
သို့ဖြစ်ရာ နား၏လှည့်စားမှုကို အလွယ်တကူ လက်မခံဘဲ အကြောင်းရင်းကို စူးစမ်းရှာဖွေခဲ့သဖြင့် အကျိုးရှိခဲ့သော ကျွန်တော်၏ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ရေးသားဖော်ပြပါအံ့။
တပို့တွဲလရာသီသို့ရောက်ပြီမို့ ရိုးကျသည့်နေရာများမှလွဲ၍ တစ်တောလုံးရှိ သစ်ပင်များမှာ အရွက်များကြွေကာ အရိုးပြိုင်းပြိုင်းနှင့် ဖြစ်နေကြပြီ။ အောက်ခြေမြေပြင်မှာလည်း သစ်ရွက်ခြောက်များဖြင့် ဖုံးလွှမ်းကာ အနည်းငယ်မျှသော လှုပ်ရှားမှုကလေးသည်ပင် တဗြောဗြော တဂျွမ်းဂျွမ်း အသံများကို ဖြစ်ပေါ်နေစေပါသည်။
တကောင်းနှင့် ကြံညှပ်အကြား ဧရာဝတီမြစ် အရှေ့ဘက် ရှမ်းရိုးမတောင်ခြေရှိ ကျယ်ပြန့်လှသော တောကြီးတစ်ခုလုံးတွင် ဤအခြေအနေပင် ဖုံးလွှမ်း၍ထားပေသည်။ ခြောက်သွေ့၍နေသည့် အင်ဒိုင်းတောများ, ဝါးတောများအကြားတွင်မူ ကိုင်းတောများ, မြက်တောများကလည်း ကွက်၍ကွက်၍ ရှိနေကြသေးသည်။
ထိုကိုင်းတော, မြက်တောများတွင်မူ သစ်ခုတ်သမားများ၏ လက်ချက်ကြောင့် ကွက်ကြားလောင်ထားသော မီးလောင်ကွင်းများက တိရစ္ဆာန်စားကျက်များကို ဖန်တီးထားပေသည်။ ကျွဲစာ နွားစာ ရှားပါးလှသဖြင့် သစ်ခုတ်သမားများက မီးလောင်ပြင်တွင် ပြန်လည်ပေါက်လာသော ကိုင်းနုပေါက်, မြက်နုပေါက်များကို ၎င်းတို့ကျွဲများ စားနိုင်ရန် မီးရှို့ထားခြင်း ဖြစ်သည်။
သို့သော် ထိုကိုင်းနုပေါက်, မြက်နုပေါက်များကိုပင်လျှင် ညအချိန်၌ ဆင်, ပြောင်, စိုင်, ဆတ်, ဒရယ်နှင့် ဂျီတို့က ဝင်ရောက်စားသောက်တတ်ကြပေသည်။
မီးလောင်ကွင်းများတွင် ကျွန်တော့်သေနတ်သံ မစဲသောအခါ မီးလောင်ကွင်းများသို့ ဆင်, ပြောင်, စိုင် စသောသားကောင်ကြီးများ မကပ်လာကြတော့ပါ။
စိုင်များမှာ မီးလောင်ကွင်းများသို့ မကပ်လာ ကြသော်လည်း တစ်တောလုံးတွင် အအုပ်အသင်းလိုက်ရော တစ်ကောင်တည်းသင်းကွဲများပါ ပေါများလှပါသည်။
ကျောက်ဇလုတ်, ဒေါမကြီး စသော ကျွန်တော်စခန်းချလေ့ရှိသည့် သစ်ခုတ်စခန်းကြီးများမှာ တဲပေါင်း ၃၀-၄၀ ရှိကြပြီး ရွာကလေးများတမျှ လူဦးရေ ပေါများစည်ကားလျက် ရှိကြသည်။ ထို့ကြောင့် ဆတ်, ဒရယ်, ဂျီ မျှလောက်ဖြင့် အားရတင်းတိမ်၍မဖြစ်။ အနည်းဆုံး စိုင်လောက်ရမှ ၎င်းတို့အားလည်း ဖူဖူလုံလုံ ဝေငှနိုင်ပြီး ကျွန်တော့်အတွက်လည်း စို့စို့ပို့ပို့ ကျန်ပေမည်။
သို့ကြောင့် ကျွန်တော်ကလည်း အနည်းဆုံး စိုင်လောက်ကိုသာ ပစ်ချင်နေသည်။ သူတို့ကလည်း စိုင်ပစ်ဖို့ကိုသာ တိုက်တွန်းနေကြသည်။
စိုင်များ မီးလောင်ပြင်များသို့ မကပ်လာသဖြင့် စိုင်များပျော်မြူးရာ, အိပ်စက်ရာ တောများသို့ ကျွန်တော်တို့ လည်ကြပါသည်။ ဤမျှ သစ်ရွက်ခြောက်များ ထူထပ်နေသော တောကြီးထဲတွင် စိုင် အမြီးပင် မမြင်ရအောင် အနားသို့ မကပ်နိုင်ခဲ့ပါ။
ကျွန်တော်တို့၏ ခြေသံများကို ၂ ဖာလုံခန့်ကပင် ကြားနေရသည်သာ ဖြစ်ပါတော့သည်။
ထို့ကြောင့် မိမိက စိုင်ရှိရာသို့ လိုက်မချောင်းရဘဲ စိုင်က မိမိရှိရာသို့ လာသည့်နည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပါသည်။ ထိုနည်းမှာ အခြားမဟုတ်။ ရေသောက်လာသည့် စိုင်များကို စောင့်၍ပစ်ရန် ဖြစ်ပါသည်။
(ရေများသို့ လှည့်လည်ခြင်း)
မနက်မိုးမလင်းမီ ထ,ရန်ဖြစ်သော်လည်း ညက အိပ်ရေးပျက်ခဲ့ သည်မို့ မိုးစင်စင်လင်းမှပင် နိုးတော့သည်။ ကျောက်ဇလုတ်သစ်ခုတ်စခန်းတွင် လူတစ်ယောက်မျှပင် မရှိကြတော့ပေ။ ကြက်ဦးတွန်ချိန်ကပင် သစ်ခုတ်ရန်အတွက် တောတွင်းသို့ ဝင်သွားကြပြီဖြစ်သည်။ စခန်းတွင် ကျန်ရစ်သူများမှာ ကျွန်တော်နှင့် လက်စွဲကျော်များ ဖြစ်သည့် အောင်ရွှေ, ညိုကြီး စုစုပေါင်း ၃ ယောက်သာဖြစ်သည်။
အောင်ရွှေနှင့် ညိုကြီးတို့မှာ ညကရလာသည့် ဆတ် ၂ ကောင်ကို ဖျက်နေသည်မို့ ကျွန်တော်ထက် ပို၍ ပင်ပန်းပြီး ကျွန်တော်ထက် နောက်ကျမှ အိပ်ကြရရှာသည်။ သို့ဖြစ်၍လည်း မိုးစင်စင်လင်း၍ ကျွန်တော် နိုးသည့်တိုင် သူတို့ မနိုးသေးပါ။ ကျွန်တော် နိုးလျှင်နိုးချင်း ၎င်းတို့အား နှိုးလိုက်သည်။
“ရော် … မိုးတောင် လင်းနေပါပကော”
တကောင်းအသုံးအနှုန်းနှင့် ညိုကြီးက ညည်းလိုက်သည်။ မျက်နှာသစ် ကိုယ်လက်သုတ်သင်ပြီးသည့်တိုင် အိပ်ရေးမဝကြသဖြင့် ၃ ယောက်စလုံး ခပ်ငိုင်ငိုင် ဖြစ်နေကြသည်။ ဦးခေါင်းများမှာ မကြည်လင် မူးဝေနောက်ကျိ၍နေကြကြောင်း တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အကဲခတ်လိုက်ကြသည်။
သစ်ခုတ်သမားများ ခတ်ထားခဲ့သည့် လက်ဖက်ရည်ကြမ်းခရားနှင့် ဆတ်ဝမ်းတွင်းသားတစ်ပန်းကန်ကို အောင်ရွှေက ချပေးသည်။ တောတွင် ဖြစ်သလိုချက်ထားသော တောကောင်ဝမ်းတွင်းသားဟင်းကို ကျွန်တော် စားမရ။ ထို့အတူပင် ညိုကြီးကလည်း ဝမ်းတွင်းသားဟင်းကို မစား။ ဤသည်ကို အောင်ရွှေ သိသည်။ သို့စဉ်လျက် ဝမ်းတွင်းသားဟင်းပန်းကန်ကို ချလာသဖြင့် အောင်ရွှေ ကြောင်ပုံကို ငေးကြည့်နေမိသည်။ ကျွန်တော်တို့က ဟင်းကိုမစားဘဲ ၎င်းအား ငေးစိုက်ကြည့်နေမှ
“ဪ… မေ့လို့ … မေ့လို့”
ဟု အောင်ရွှေက ရယ်၍ပြောရင်း ဆတ်သားကြော်ပန်းကန်ကို ယူပေးတော့သည်။
“ထမင်းထုပ်ဖို့တော့ အသင့်လုပ်ထားပြီးပြီ။ ဒါပေမယ့် ဒီအချိန်မှာ တောသွားလို့ ဟန်ပါ့မလား။ ပင်လည်း ပင်ပန်းလှတယ်။ နောက်နေ့မှ သွားကြပါတော့လား”
အောင်ရွှေက ဆတ်သားကြော်ပန်းကန်ကို ချပေးရင်း ပြောလိုက်သည်။
“အခုသွားမှာက ရေတွေကို သွားကြည့်မှာပဲကွ။ အကောင်မတွေ့လည်း အရေးမကြီးပါဘူး။ ခြေရာတွေ့လို့ ရေသောက်မှန်ရင် တို့ ညအထိ ဆက်စောင့်မယ်။ ခြေရာမတွေ့ရင်လည်း လှည့်ပြန်လာမှာပဲ”
ကျွန်တော်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ အကင်းပါးပြီးဖြစ်သော အောင်ရွှေသည် ချက်ချင်းထကာ ထမင်း, ဆတ်သားကြော်, ငရုတ်သီးစိမ်းတောင့်နှင့် ဆားထုပ်တို့ကို ပလတ်စတစ်အိတ်တစ်ခုတွင် ထည့်လိုက်သည်။ အပေါ်မှ ပိန်းဖက်ဖြင့် လုံအောင်ထုပ်လိုက်ကာ လျှော်ဖြင့် စည်းနှောင်လိုက်သည်။
ထို့နောက် ၃ တောင့်ထိုးလက်နှိပ်မီးတစ်လက်နှင့်အတူ ဘေးလွယ်အိတ်တွင် ထည့်လိုက်ပြီး ဓာတ်ခဲ အပို၃ ခဲလည်း ထည့်လိုက်ပါသည်။ ပြီးလျှင် ကျွန်တော်၏ ဆွယ်တာကို ကိုင်၍ မြှောက်ပြနေသဖြင့် ကျွန်တော်က ခေါင်းညိတ်လိုက်ရာ ဆွယ်တာကိုလည်း ထိုးသိပ်ထည့်လိုက်ပါသည်။ ထို့နောက် ရေဘူး ၂ လုံးတွင် ရေများဖြည့်ကာ တဲတိုင်တွင် ချိတ်ထားပေးပါသည်။
လက်ဖက်ရည်သောက်ပြီးသည်နှင့် စစ်ဘောင်းဘီ, စစ်အင်္ကျီအစိမ်းများ ဝတ်လိုက်သည်။ ကင်းဘတ်ရှူးကို ကောက်စွပ်လိုက်ပြီး ပွိုင့် ၄ဝ၅ ဘို့ ဝင်ချက်စတာရိုင်ဖယ်ကို ဆွဲယူစစ်ဆေးကြည့်လိုက်သည်။ ဇလုတ်အတွင်း ကျည်များကို ထုတ်ယူစစ်ဆေးပြီး ကျည် ၅ တောင့်ကို ဖင်ချင်းချိတ်မနေစေရန် ဂရုစိုက်၍ ဇလုတ်တွင်း ပြန်ထည့်ထားလိုက်သည်။
ပြောင်းတွင်းသို့ နောက်ထပ် ကျည်တစ်တောင့်ထိုးကာ မောင်းကို လက်မနှင့်ထိန်း၍ ပြန်ချထားလိုက်ပါသည်။ ဤနည်းဖြင့် ၅တောင့်ထိုး ပွိုင့် ၄ဝ၅ဘို့ ရိုင်ဖယ်ကို ၆တောင့်ဆံ့အောင် ထိုးခြင်းမှာ ကျွန်တော်အတွက် အကျင့်ဖြစ်နေပြီဖြစ်သည်။ ယမ်းတောင့် ၁ဝ တောင့်ထုပ် တစ်ထုပ်ကိုလည်း ဘောင်းဘီအိတ်တွင်းသို့ ထိုးသွင်းလိုက်ပါသည်။
ညိုကြီးက သစ်ခေါက်ဆိုးအင်္ကျီကို ဝတ်လိုက်ကာ လုံချည်အပိုတစ်ထည်ကို ခေါင်းတွင် ပေါင်းလိုက်သည်။ မီးခြစ်, ဆေးတံနှင့် ဆေးမှုန်ဘူးတို့ကို ဘေးလွယ်အိတ်ထဲ ထပ်ထည့်လိုက်သည်။ ပြီးလျှင် ရေဘူး ၂ လုံးကို စလွယ်သိုင်းလွယ်၍ ဘေးလွယ်အိတ်ကိုလွယ်ကာ ဓားမတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။
ကျွန်တော်လည်း ဓားမြှောင်ချိတ်ထားသော စစ်ခါးပတ်ကို ပတ်လိုက်ပြီး အောင်ရွှေလှမ်းပေးသော နဂါးဆေးလိပ် အသေး ၁၀ လိပ်ကို အင်္ကျီအိတ်ထဲတွင်ထည့်ကာ အဝတ်ဦးထုပ်ကို ဆောင်းပြီး ထွက်ခဲ့တော့သည်။
စခန်းမှထွက်လိုက်လျှင်ပင် ၂ ယောက်သား စိုင်များကျတတ်သည့် အနီးဆုံးဖြစ်သော သရက်ရေ ရေထွက်စမ်းဆီသို့ ဦးတည်လိုက်ကြသည်။
နေမှာ အရှေ့ဘက်မှကာဆီးထားသော သောင်းဖွက်တောင် တောင်တန်းကြီးပေါ်မှ ခေါင်းပြူစ ပြု၍နေပေပြီ။ တောအလုံးကို ၎င်း၏နွေးထွေးသော ရောင်ခြည်များဖြင့် ပက်ဖျန်းစပြု၍ နေပြီဖြစ် သော်လည်း တောအောက်ရှိ မြက်ပင်များမှာ နှင်းရေများဖြင့် စိုရွှဲသီးခဲလျက်ပင် ရှိနေသေးသည်။
လှည်းလမ်းပေါ်ပင်မကျန် အနှံ့အပြား ကျရောက်ဖုံးအုပ်လျက်ရှိသော သစ်ရွက်ခြောက်များမှာလည်း နှင်းဓာတ်ဖြင့် ထိုင်းမှိုင်းနေဆဲ ဖြစ်၏။ ကျွန်တော်တို့ခြေသံများမှာ ပြင်းထန်စွာ ပေါ်ထွက်မလာသေး။ အကယ်၍ လင်းအားကြီးပိုင်းက စိုင်များ ဖြတ်သွားခဲ့လျှင် စိုထိုင်းနေသောသစ်ရွက်ခြောက်များပေါ်တွင် ခြေရာမသိမသာ ထင်ကျန်ရစ်နိုင်သည်။ နှင်းရေစိုရွှဲထားသော မြက်တောများကို ဖြတ်သွားခဲ့လျှင်လည်း စွတ်ကြောင်းများ ထင်ကျန်ရစ်နိုင်သည်။
ထို့ကြောင့် ခြေသံကို လုံနိုင်သမျှလုံအောင်နင်းကာ လျှောက်လာကြသည်။ ကျွန်တော်က သေနတ်ကိုထမ်း၍ အဝေးသို့ သားကောင်ကိုမျှော်ကြည့်ရင်း ရှေ့မှသွားနေသည်။ ညိုကြီးက ခြေရာများကို ငုံ့၍ရှာရင်း နောက်မှ လိုက်လာသည်။
၁ မိုင်သာသာခန့် သွားမိလျှင်ပင် ညိုမှောင်ခြောက်သွေ့နေသော မျက်စိအာရုံတွင် စိမ်းလန်းစိုပြည်နေ သော တောတန်းတစ်ခုရှေ့မှ ဖြတ်၍ပေါ်လာတော့သည်။ ကျွန်တော်တို့ ရည်မှန်းဦးတည်လာခဲ့သော သရက်ရေ ရေထွက်ချောင်းရိုးပင်တည်း။
ကျွန်တော်က ရှေ့မှ တုံ့ခနဲရပ်၍ နားစွင့်ထောင်လိုက်သည့် နည်းတူ ညိုကြီးကလည်း ကျွန်တော့်အနားသို့ ကပ်လာကာ မလှုပ်မယှက် ရပ်၍ နားထောင်နေသည်။ အတန်ကြာအောင် နားစိုက်၍ ထောင်နေကြသော်လည်း ဘာသံမျှ မကြားရသဖြင့် သေနတ်ကို အသင့်ကိုင်ကာ ရှေ့သို့တိုးခဲ့သည်။
သစ်ပင်ထိပ်ဖျားမှ ရှဉ့်တစ်ကောင်၏ အလန့်တကြား တကစ်ကစ်အော်လိုက်သံကြား၍ ရပ်ကာ နားထောင်ရပြန်သည်။ ရှဉ့်သည် တော၏ကင်းပင် ဖြစ်တော့သည်။ သစ်ပင်ထက်တွင် အမြဲနေသည့်အတိုင်း တောတွင်းသို့ ချဉ်းကပ်ဝင်ရောက်လာသည့် သတ္တဝါမှန်သမျှ ၎င်း၏မြင်ကွင်းမှ လွတ်အောင် ပုန်းကွယ်ရှောင်တိမ်း၍ သွားနိုင်သည်မဟုတ်။ ၎င်း၏ မြင်ကွင်းတွင် သတ္တဝါတစ်ကောင်ကောင် ပေါ်လာသည်နှင့် ထိုသတ္တဝါ ဝေးရာသို့ ရောက်သွားသည့်တိုင်အောင် တကစ်ကစ်အော်မြည်ကာ တစ်တောလုံးကို သတိပေးနေတော့သည်။
ထိုသို့ အော်မြည်နေခြင်းကို ရှဉ့်က တောက်သည်ဟု ကျွန်တော်တို့ ခေါ်ကြပါသည်။ အတော်ကြာအောင် ဂရုစိုက်နားထောင်ပြီး ကြည့်ရှုသောအခါ အခြားသတ္တဝါများကို မြင်၍ မဟုတ်ဘဲ ကျန်တော်တို့ကိုမြင်၍ ရှဉ့်ကတောက်နေခြင်းဖြစ်ကြောင်း ရိပ်မိကာ ရှေ့ဆက်တိုးလိုက်သည်။
ချောင်းမှာ ၁ဝ ပေခန့်မျှသာ နက်သော်လည်း ကမ်းပါးများက စောက်နေသဖြင့် ကမ်းပါးထိပ်ရောက် သည်အထိ ချောင်းတွင်းသို့ ကြည့်၍မမြင်ရသေး။ ကမ်းပါးထိပ်ရောက်ခါမှ သစ်ပင်တစ်ပင်ကိုကွယ်ကာ ချောင်းတွင်းသို့ ကြည့်ရတော့သည်။
ချောင်းတွင်း၌ကား ခြေမျက်စိခန့်နက်ပြီး ၂ တောင်ခန့်ကျယ်သော စမ်းချောင်းကလေး စီးနေသည်မှလွဲ၍ လှုပ်ရှားမှုတစ်ခုကိုမျှ မတွေ့ ရ။ သစ်ပင်များကိုကွယ်၍ ချောင်းတွင်းသို့ ဆင်းလိုက်သည်။ စမ်းချောင်းဘေးတွင် ဘာခြေရာကိုမျှ မတွေ့။ အထက်သို့ အနည်း ငယ်ဆန်တက်ကာ ကျောက်ခွက်ရေအိုင်ကြီးဆီသို့ လျှောက်ခဲ့သည်။
ထိုကျောက်ခွက်အိုင်ကြီး၏ဘေးတွင် ကြီးမားသော သရက်ပင်ကြီးတစ်ပင်က ပေါက်၍နေသည်။ ထိုသရက်ပင်ကြီးကို အစွဲပြု၍ “သရက်ရေ” ဟု ခေါ်နေကြခြင်းသာဖြစ်သည်။ ထိုသရက်ပင်ကြီးပေါ်မှ မျောက် ညိုကြီးများ ခုန်ဆင်းထွက်ပြေးသွားကြသည်မှလွဲ၍ အခြား ဘာမျှ မတွေ့ရ။
အိုင်ဘေးတွင်လည်း ဆတ်ခြေရာမှလွဲ၍ အခြား ဘာမှ မတွေ့ ရ။ ဆတ်ခြေရာများမှာလည်း မှန်မှန် ရေလာသောက်သည့်ပုံ မပေါ်။ သွားခိုက်လာခိုက် ခရီးကြုံရင်း ရေဝင်သောက်သွားသော ခြေရာများ ဖြစ်ပုံရနေသည်။
မျှော်လင့်ချက်မရှိတော့ဟူသောအသိ ဦးနှောက်တွင်းသို့ ဝင်လာသည်နှင့် စောစောက သတိမပေးမိခဲ့သော ခံစားမှုများမှာ ကိုယ်ခန္ဓာပေါ်တွင် ပေါ်လာပါတော့သည်။
မြက်တောများကို ဖြတ်၍တိုးခဲ့စဉ်က အောက်ပိုင်းများမှာ နှင်းရေဖြင့် စိုရွှဲ၍လာခဲ့သည်။ အပေါ်က သစ်ပင်များ နေပြောက်မထိုးအောင် အုပ်ဆိုင်းကာ တသွင်သွင် စီး၍နေသော ရေထွက်စမ်းချောင်းအတွင်း ဆင်းလိုက်သောအခါ အေးစိမ့်၍နေသည်။ ထို့ကြောင့် ရေထွက်စမ်းချောင်းအတွင်းသို့ ဆင်းလိုက် ကတည်းက အအေးဒဏ်ကို ခန္ဓာကိုယ်က ခံစားခဲ့ရသည်။
သို့သော် တောကောင်တစ်ကောင်ကောင် တွေ့ ရလိုတွေ့ ရငြား စိတ်ကစောနေသဖြင့် ကိုယ်ခန္ဓာ၏ခံစားရမှုကို သတိမမူခဲ့။ ယခုမှပင် ကျောတွင်းမှ စိမ့်တက်လာသည့်အအေးဒဏ်, ခြေထောက်များထုံကျင်လာသည့်ဒဏ် စသည်တို့ကို ခံစားရမှန်း သိလာတော့သည်။
ထို့ကြောင့် ချောင်းပေါ်သို့ ခပ်သုတ်သုတ် တက်လိုက်ရသည်။ ကုန်းပေါ်ရောက်သည်ဟုဆိုလျှင်ပင် ရာသီဥတုမှာ ပြောင်းပြန်ဖြစ်သွားတော့သည်။ တောတစ်ပြင်လုံးမှာ ကြည့်လိုက်တိုင်း ခြောက်ကပ်၍ ညည်းငွေ့ ဖွယ် ဖြစ်နေသည်။ နေမှာ အနည်းငယ်ပြင်းလာပြီဖြစ်သဖြင့် အိုက်စပ်၍လာသည်။ သစ်ရွက်ခြောက်များမှာလည်း နှင်းငွေ့များ ပျောက်လွင့်ကုန်ပြီ ဖြစ်သည့်အလျောက် နင်းလိုက်တိုင်း တဂျွမ်းဂျွမ်း မြည်နေကြပြီဖြစ်သည်။ သွားရင်းလာရင်း တောကောင်တစ်ကောင်ကောင် တွေ့ နိုင်မည့်အခွင့်အရေးကား ထိုနေ့အဖို့ ကုန်ဆုံးခဲ့ချေပြီ။
ထို့ကြောင့် တောကိုရှောင်၍ လမ်းကို ဦးတည်လိုက်ကြသည်။ သစ်တိုက်လှည်းလမ်းအတိုင်း ‘သနရေ’ ဆီသို့ ဦးတည်လိုက်ပြန်သည်။
လှည်းလမ်းအတိုင်း လျှောက်နေရ၍ အဆင်းအတက်နှင့် တောတိုးရခြင်းမှာကား များစွာသက်သာသွားသည်။ သို့သော် သစ်ရွက်ခြောက်များ၏ တဂျွမ်းဂျွမ်းမြည်သံကိုကား ရှောင်၍မရ။
အင်တောများ, ကျွန်းတောများကိုဖြတ်၍ လျှောက်သွားရသောအခါများတွင်ကား သားကောင်များအဖို့ မဆိုထားနှင့် ကျွန်တော်တို့၏ နားများပင် မခံ
နိုင်အောင် ဖြစ်လာကြတော့သည်။
၁ နာရီခန့် ခပ်သုတ်သုတ် လျှောက်မိကြသောအခါ သနရေကို ရောက်လာသည်။ သရက်ရေချောင်းလောက် မစိုပြည်၊ သစ်ပင်လည်း မထူ၊ ချောင်းတစ်လျှောက် ဝါးပင်များသာပေါက်နေပြီး ဝါးရွက်များမှာလည်း တစ်ပိုင်းစိုတစ်ပိုင်းခြောက်ကာ ကြွေစပြုနေကြပြီ။ ရေမှာလည်း စီးဆင်းနေခြင်း မရှိ။ ရေအိုင် ၂ အိုင်သာ ကိုက် ၁ဝဝ ခန့် ကွာပြီး ရှိနေကြသည်။ ထိုရေတွင် စိုင်ပေါက်ကြီး၏ ခြေရာတစ်ခုကိုသာ တွေ့ ရ၏။
ထိုရေတွင် နားနေ၍ အကျိုးမရှိကြောင်း သိလိုက်သည်နှင့် နေအလွန်မပြင်းမီ နောက်ဆုံးနှင့် အများဆုံး မျှော်လင့်ခဲ့သည့် “တတောင်ကျ”ချောင်းဆီသို့ ဦးတည်ခဲ့ရတော့သည်။
တတောင်ကျချောင်းသည် အနီးတစ်ဝိုက်တွင် အကြီးဆုံးနှင့် လူသူနှင့်အဝေးဆုံး ချောင်းဖြစ်၏။ ချောင်း၏တောင်ဘက်မှာ ကြံညှပ်ဘက်မှ အလွန် နာမည်ကြီးသည့် ခြေတော်ရာတောကြီး ရှိနေ၏။
မြောက်ဘက်တွင်မူ ကျွန်းတောမ ဒေါမကြီး စသော တကောင်းဘက်မှ နာမည်ကြီး တောကြီးက ရှိနေ၏။ နာမည်ကြီးတောကြီးများအလယ်မှ ဖြတ်စီးနေသော ချောင်းဖြစ်ရုံမက နွေမိုးဆောင်း ၁ နှစ်ပတ်လုံး စိမ့်ထွက်ကာ စီးဆင်းနေသောရေမှာ ၁မိုင်ကျော်ခန့်ပင် ရှည်လျား၏။
စီးနေသောရေမှာလည်း ချောင်းဝအထိ စီးဆင်းကာ ဧရာဝတီမြစ်တွင်းအရောက် စီးဆင်းသွားခြင်း မဟုတ်။ တောင်ခြေမှ စ၍စီးပြီး မြစ်နှင့် ၄မိုင်ခန့်အလို ချောင်းခုလတ်တွင် မြေတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သားကောင်ပေါသည့် တော၏ အလယ်ပိုင်းတွင်သာ ရေက စီးနေခြင်းဖြစ်သည်။
သရက်ရေနှင့် သနရေတွင် စိုင်များ ရေမသောက်လျှင် “တတောင်ကျ” ချောင်း၌ ရေမသောက်၍ မဖြစ်။ အခြားသောက်စရာ ရေက ရှိသည်မဟုတ်။ ထို့ကြောင့် နေပူဒဏ်ကို ဂရုမစိုက်ဘဲ တတောင်ကျချောင်းဆီသို့ ၂ ယောက်သား ခြေကုန်သုတ်ခဲ့ကြတော့သည်။
တတောင်ကျချောင်းသို့ ရောက်သောအခါ ၁ဝ နာရီပင် ခွဲ၍နေပေပြီ။ ချောင်းတွင်းသို့ ၂ ယောက်သား မျက်စိနှင့် နားတို့ကို အလုပ်ပေး၍ တစ်လှမ်းချင်း ဆင်းခဲ့ကြသည်။
အောက်ဆုံး ရေငုပ်သွားသည့်အောက်နားမှ ကျစ်တွင်းကြီးသို့ ရောက်လာကြသည်။ ကျစ်တွင်းကြီးတွင် ဝင်ရောက်ကြည့်ရှုကြရာ ဂျီခြေရာများကား ဖုံး၍ နေသည်။ ဆတ်ခြေရာ အနည်းငယ်အပြင် ဆင်ပေါက်တစ်ကောင်၏ ခြေရာနှင့် မြေငန်တွင်းဝယ် ထိုးစိုက်ထားသောအစွယ်ရာများကို တွေ့ ရသည်။ စိုင်ခြေရာများကား လုံးဝမတွေ့ ရ။
ကျစ်တွင်းမှခွာ၍ ချောင်းအတိုင်း ဆန်ခဲ့ကြသည်။
ဝက်ဝံခြေရာနှင့် ကျားသစ် အလတ်စားတစ်ကောင်၏ ခြေရာများကား ခေါက်တုံ့ခေါက်ပြန် လျှောက်ထားသည်ကို တွေ့ရသည်။ ညစောင့်ပစ်ရလျှင် ဝက်ဝံနှင့် ကျားသစ်တစ်ကောင်ကောင်တော့ ပစ်ရဖို့က ရှိနေသည်။ သို့သော် ဝက်ဝံနှင့် ကျားသစ်ကို ကျွန်တော်တို့က စိတ်မဝင်စားကြ။
ချောင်းအတိုင်းဆန်၍ ရေဆုံးသွားသည့်တိုင် ဝက်ဝံနှင့် ကျားသစ်ခြေရာမှလွဲ၍ အခြားခြေရာ လတ်လတ်ဆတ်ဆတ်ကို မတွေ့ ကြရ။ ထို့ကြောင့် ရေကောင်းသည့်နေရာတွင် ထမင်းစားကာ တရေးတမော အိပ်စက်နားနေကာ နေချိုချိန်တွင် လှည့်ပြန်ကြရန် ဆုံးဖြတ်လိုက်သည်။
ချောင်းအတိုင်း ပြန်၍စုန်ဆင်းကာ ရေကောင်းသည့် နေရာကို ရှာကြရတော့သည်။ မကြာမီပင် အခန့်သင့် နေရာကောင်းတစ်ခု တွေ့ရှိကြသဖြင့် ထမင်းထုပ်ကိုဖြည်ကာ စကားတပြောပြောနှင့် ထမင်းစားကြသည်။ ထမင်းစားပြီး၍ ချောင်းတွင် လက်ဆေးကာ ရေဘူးကိုယ်စီဖွင့်ပြီး ရေသောက်လိုက်ကြသည်နှင့် တဂျွမ်းဂျွမ်းမြည်သော သစ်ရွက်ခြောက်သံများက ပေါ်လာတော့သည်။
ချက်ချင်း ရေသောက်ရပ်လိုက်ကြပြီး အသံများကို အတန်ကြာ နားစိုက်ထောင်ကြသည်။ အသံများမှာ များပြားသည်၊ ပြင်းထန်သည်။ သို့သော် မည်သည့်အရပ်ကလာသည်ဟု ဝေခွဲမရ။
“ဘယ်ကလဲ”
တစ်ယောက်ကို တစ်ယောက်ကြည့်၍ တစ်ပြိုင်တည်း မေးလိုက်မိကြပြီး နှစ်ယောက်လုံး ရယ်လိုက်မိကြသည်။
နားစိုက်ထောင်ပြီး ကျွန်တော်က အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ ချက်ချင်းပင် ညိုကြီးက လက်ခါပြပြီး အနောက်ဘက်သို့ လက်ညှိုးထိုးပြသည်။ ၂ ယောက်လုံး စိတ်ရှုပ်သည့်လက္ခဏာများ ပေါ်လာကြသည်။
ဆက်၍ နားစိုက်ထောင်ပြန်သည်။
ကျွန်တော်က တောင်ဘက်သို့ လက်ညှိုးထိုးပြပြန်သည်။ ချက်ချင်းပင် ညိုကြီးက လက်ခါပြပြီး မြောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်ပါသည်။
ထိုအချိန်မှာ ၁၁ နာရီကျော်ခန့် ရှိနေပြီ။ နေက အရှိန်ပြင်းစွာ ပူနေသည်။ လေကလည်း လုံးဝမတိုက်။ တစ်တောလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေရာ တဂျွမ်းဂျွမ်းအသံများသည် ပို၍ကျယ်လောင်ပြီး ချောက်ချားဖွယ်ပင် ဖြစ်နေသည်။
ထိုအထဲတွင် အသံများမှာ အရပ် ၄ မျက်နှာမှ ထွက်ပေါ်လာနေသကဲ့သို့ ထင်မှတ်နေရရာ မဆင်မခြင်ကြောက်တတ်သူတို့အဖို့ လိပ်ပြာလွင့်ဖွယ်ပင် ဖြစ်လိမ့်မည်လား မပြောတတ်။
“တောချောက်တယ်”
ကျွန်တော်ကပြော၍ ရယ်လိုက်ရာ ညိုကြီးကလည်း ရယ်လိုက်ပါသည်။ ကျွန်တော်က ညိုကြီးအား ချောင်းထဲတွင်ပင် နေရစ်ရန် လက်ကာပြပြီး အများဆုံးဖြစ်နိုင်သည်ဟု တွက်မိသော ချောင်း၏ အရှေ့ဘက်ကမ်းပါးပေါ်သို့ တက်လိုက်ပါသည်။
ပြီးလျှင် သစ်ပင်တစ်ပင်ကို ကွယ်လိုက်ပြီး အသံကို ဆက်၍ နားထောင်လိုက်သည်။ အသံများမှာ ကျွန်တော်ထင်သည့်အတိုင်း ကျွန်တော်မျက်နှာမူရာ အရပ်မှ ထွက်ပေါ်လာနေခြင်းသာ ဖြစ်သည်။
သို့သော် အသံသာ ကြားနေရပြီး လှုပ်ရှားမှုဆို၍ ဘာတစ်ခုမျှ မမြင်ရ။
တောအခြေအနေမှာ အင်ကြင်းနှင့် ထောက်ကြံ့ပင်များသာပေါက်သော ကျောက်စရစ် ကုန်းတောဖြစ်ရာ မျက်စိတဆုံး ထင်းထင်းရှင်းရှင်းကြီး ဖြစ်နေသည်။
အသံများမှာ တဝေါဝေါဖြစ်နေရာ တစ်ကောင်ချင်းသံကား မဟုတ်။ အုပ်နှင့်ချီသော အသံများဖြစ်ကြောင်း ထင်ရှားနေသည်။
အင်တောများ, ကျွန်းတောများတွင် ဝါးရောင်းငှက်နှင့် ကြက်အုပ်များသည်လည်း ဤအသံမျိုးကို ဖြစ်ပေါ်စေနိုင်ကြပါသည်။ သို့သော် ယခုတောမှာ အင်ကြင်းနှင့် ထောက်ကြံ့သာဖြစ်ရာ သေးငယ်သော သစ်ရွက်ခြောက်များတွင် ကြက်,ငှက်များက ဤမျှ ကြီးမားပြင်းထန်သော အသံများကို မဖြစ်ပေါ်စေနိုင်။
ထို့ကြောင့် သေချာစွာ ဂရုစိုက်ကြည့်မိသည်။ ဘာမျှ မမြင်ရ။ ကျွန်တော်၏ရှေ့ရှိ တောတစ်ပြင်လုံးကို ဘယ်ညာ ရက်ကန်းရက်သလို အနီးမှ အဝေးတောင်ခြေသို့ရောက်အောင် ကြည့်မိသည်။ ဘာကိုမျှ မတွေ့ရ။
တောမှာ ပြန့်ပြူးနေသည်မဟုတ်ဘဲ လျှိုငယ်များ ရှိနေရာ ထိုလျှိုအတွင်းမှ ထွက်ပေါ်လာနိုင်သည်ဟု တွက်ဆကာ ရှေ့သို့တိုးရန် အကြံပေါ်လာသည်။ သို့သော် ရှေ့သို့မတိုးရမီ ထပ်မံစစ်ဆေးမည်။ ဤမျှရှင်းလင်းနေသောတောတွင် ရှေ့သို့တိုးရန်မှာ မလွယ်ကူ။ ရှေ့တွင် မိမိယူမည့်အကာအကွယ်ကို ကြိုတင်ကြည့်ရှုရသည်။ ထို အကာအကွယ်သို့ တောကောင်က မမြင်အောင် ချီတက်ရမည့် လမ်းကြောင်းကို ရွေးချယ်ရဦးမည်။ မိမိလှုပ်ရှားမှု တစ်ချက်မှားလိုက်လျှင် တောကောင်အား ချောက်လှန့်ပစ်လိုက်ပြီးဖြစ်ကာ ခဲလေသမျှ သဲရေကျ ဖြစ်ရပေတော့မည်။
ထို့ကြောင့် အကာအကွယ်မှ ရုတ်တရက်မထွက်လိုက်သေးဘဲ နောက်ဆုံး စစ်ဆေးကြည့်ရှုပြန်သည်။ မျက်လုံးများက တောင်ခြေသို့ ရောက်သွားသည်နှင့် တောင်တန်းပေါ်သို့ပါ ကြည့်ရှုရန် သတိရလာသည်။ တောင်တန်းပေါ်တွင်ကား အင်ပင်များ ပေါက်လျက်ရှိသည်ကို တွေ့လိုက်ရရာ ပိုမို၍ မျှော်လင့်ချက်ကြီးစွာနှင့် စေ့စေ့စပ်စပ် ကြည့်မိတော့သည်။
တောင်ကမ်းပါးယံတွင် စိုင်များပါတကား။ အင်ဖက်ခြောက်များတွင် စားရင်းသောက်ရင်း တဖြည်းဖြည်းဆင်းလာနေကြပေပြီ။ စိုင်များမှာ ၈ ကောင်ခန့် ရှိပေမည်။
ဝမ်းသာအားရနှင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ စိတ်စောစွာနှင့် ကျွန်တော့်အား ရပ်၍ကြည့်နေသော ညိုကြီးကို တွေ့ လိုက်ရသည်။
“စိုင်တွေ… စိုင်တွေ”
ဟု ပါးစပ်ကို တစ်အားဖြဲ၍ အသံမထွက်ဘဲ ပြောလိုက်ပါသည်။ ညိုကြီး၏မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားပါတော့သည်။
စိုင်များမှာ ကိုက် ၂ဝဝ ကျော်ခန့် ဝေးနေပြီး လှုပ်ရှားနေသည်ဖြစ်ရာ သစ်ပင်များအကြားတွင် ကွယ်လိုက်, ပျောက်လိုက် ဖြစ်နေပါတော့သည်။ တဖြည်းဖြည်းနှင့် စိုင်များမှာ တောင်ခြေသို့ ရောက်လာကြပါတော့သည်။
သို့တိုင်အောင် ကိုက် ၁၅ဝ ခန့် ဝေးနေသေးသဖြင့် ကျွန်တော်က မပစ်လိုသေးပါ။ တောကောင်အုပ်များကို ပစ်သောအခါ နီးနီးပစ်ရလေ, အကောင်များများပစ်ခွင့်ရလေဖြစ်ရာ ကျွန်တော်က စောင့်လိုသေးသည်။ ကြိုက်ကောင်ကိုလည်း ထင်ထင်ရှားရှား ရွေးနိုင်သည်။
“ပစ်ပါတော့”
ဘယ်အချိန်က ကျွန်တော့်နောက်တွင် ရောက်နေသည်မသိရသော ညိုကြီးက အနားကပ်၍ လေသံနှင့် ပြောပါတော့သည်။
“နီးမှပစ်ရင် အကောင်များများ ရမယ်”
ကျွန်တော်က လေသံနှင့်ပင် ပြောလိုက်ပါသည်။ ညိုကြီးကား ပစ်မရမှာ အတော်စိုးရိမ်၍နေပေပြီ။
“ပစ်မယ့်အကောင် ရွေးဦးမယ်”
“လေနံ့ရရင် တစ်ကောင်မျှ မပစ်လိုက်ရဘဲ ဖြစ်နေဦးမယ်”
ကျွန်တော်က လေသံနှင့်ပြောကာ စောစောက ဂရုစိုက်နေခဲ့သော ခပ်ပြာပြာစိုင်ကို ရှာနေမိသည်။ အခြားစိုင်များမှာ အနီများဖြစ်၍ စိုင်တစ်ကောင်မှာ ခပ်ပြာပြာဖြစ်နေသည်ကို သတိထားခဲ့မိသည်။ ၎င်းမှာ စိုင်ပေါက်ပင် ဖြစ်ရပေမည်။ အရွယ်အစားများမှာ သဲသဲကွဲကွဲ မြင်ရသည်မဟုတ်၍ မခန့်မှန်းနိုင်။
မကြာပါ။ စိုင်ပြာသည် ကျွန်တော်၏ ပစ်ကွင်းတွင် ပေါ်လာပါတော့သည်။ သေနတ်ကို အသာမောင်းကုတ်၍တင်လိုက်ကာ လက်နောက်တွင်ကပ်၍ သေသေချာချာချိန်ပြီး မောင်းဖြုတ်ချလိုက်ရာ စိုင်မှာ ချောက်ငယ်တစ်ခုအတွင်းသို့ ထိုးစိုက်ကျသွားပါတော့သည်။ ကျန်စိုင်များမှာ ဦးတည်ရာသို့ ထွက်ပြေးသွားကြကာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြပါတော့သည်။
စိုင်ကျသွားရာသို့ ပြေးသွားကြည့်ရှုကြရာ စိုင်မှာ ကျဉ်းမြောင်းသော ချောက်ငယ်အတွင်း ဇက်ခွေကာ အသက်ပျောက်နေပါပေပြီ။
“တကယ် တောချောက်တဲ့အတိုင်းပဲ”
ညိုကြီးက အားရဝမ်းသာ ပြောနေပါသည်။
“အေးကွ။ ငါကတော့ ချောင်းပေါ် တက်ရှာကြည့်လို့ ဘာမျှ မတွေ့ ရတော့ ကြောက်တတ်တဲ့လူဆိုရင် တောချောက်တာပဲလို့ ထင်တော့မှာပဲဆိုပြီး တစ်ယောက်တည်း ပြုံးမိသေးတယ်”
ဟု ကျွန်တော်ကလည်း အားရပါးရပြုံးပြီး ပြောမိသည်။ ကျွန်တော်တို့ ၂ ယောက် အပြုံးမှာ သားကောင်ရ၍ ဝမ်းသာကာ ပြုံးခြင်းသာမကပါ။ တောချောက်တတ်သည်ဟူသော အယူအဆပေါ်တွင် လက်တွေ့ အနိုင်ရခြင်းကြောင့် ပိုမိုဝမ်းသာ၍ ပြုံးကြခြင်းဖြစ်ပါသည်။
“ကဲ… ကဲ ဝမ်းသာမနေနှင့်။ ဒူးကောက်ကြော ၂ ဘက်လုံး ဆင်းပြီးဖြတ်လိုက်ဦး။ တော်တော်ကြာ အပမှီတယ်ဆိုတဲ့ အယူအဆကို တို့ အရှုံးပေးနေရဦးမယ်”
ဟု ကျွန်တော်က ပြောလိုက်ရ
“ဟုတ်တယ် … ဟုတ်တယ်”
ဟု ညိုကြီးက အားရပါးရပြုံး၍ ပြောရင်း ချောက်တွင်းသို့ဆင်းကာ စိုင်ပေါက်၏ နောက်ခြေထောက်ဘက်မှ ဒူးကောက်ကွေးကြောများကို ဓားမနှင့် ခုတ်ဖြတ်လိုက်ကာ…
“ကဲ … အရှင်ကြီးရော, အသေကြီးရော လာကယ်တောင် မင်း အပမှီပြီး ထွက်မပြေးနိုင်တော့ဘူးဟေ့”
ဟု ကြွေးကြော်လိုက်ပါတော့သတည်း။
– ပြီး –
စာရေးသူ – မသုံးလုံးစိန်ဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized