July 31, 2025
Uncategorized

နေထွက်တပြူ

မြေလတ်မင်းလွင်
နေထွက်တပြူ

အရုဏ်လွန်မြောက် ရောင်နီသောက်ချိန်မို့ ငှက်ကလေးတို့သည် အိပ်တန်းထ၍ ကခုန်မြူးထူးနေကြကုန်၏။

ခိုင်းနွားကြီးများသည်လည်း အိပ်ရာမှနိုးထကာ တဂျိုးဂျိုး တဂျိမ့်ဂျိမ့်နှင့် တသိမ့်သိမ့် တွန်ကျူးနေကြသည်။ သပြေတောရွာသူရွာသားများသည် နံနက် စောစောထ၍ နွားငယ်များနှင့် ခိုင်းနွားကြီးများကိုရွှေ့ကာ ချေးတည် သေးတည်(ချေးယို၊ သေးပေါက်ခိုင်း) နေကြသည်။

ဝေလီဝေလင်းအချိန်တွင် နောက်(နွား)ချေးကျုံးခြင်း၊ အိမ်ဝိုင်းထဲ တံမြက်စည်းလှည်းခြင်းစသော အိမ်မှုကိစ္စတို့ကို လုပ်ကိုင်နေကြသည်မှာ ရွာသူ ရွာသားများ၏ နိစ္စဓူဝကျင့်ဝတ်များပမာ ဖြစ်နေကြ တော့သည်။

အိမ်ဝိုင်းထဲတွင် လုပ်ရေးဆောင်တာများ ပြီးဆုံးသည်နှင့် လှည်းရေစည်တိုက်သူ တိုက်၊ ယာထွန်သွားသူ သွား၊ နောက်ချီး (နွားချေး) ချသူ ချဖြင့် တစ်ရွာလုံးမှာ လုပ်ငန်းကိုယ်စီ ဝင်ကြလေပြီ။

ထိုစဉ် ရွာ၏တောင်ဘက် ကိုတင်မောင့်ချောင်ဆီမှ စူးစူးဝါးဝါးရှိလှသည့် ခွေးအအူသံကို ကြားလိုက်ရသည်။ ထိုအခါ သပြေတော ရွာသူရွာသားများသည် ထိုခွေးအအူသံဆီသို့ နားစွင့်နေကြတော့သည်။

ထိုခွေးအူသံနှင့် ပတ်သက်၍ ပထမဦးဆုံး အသံထွက်လာသူမှာ ဘိုးသန်းမောင်ဖြစ်သည်။

“ဟေ့ အနောက်ပိုင်းက သာစိန်တို့၊ ညိုကြီးတို့။ တင်မောင့် ချောင်ဆီက ခွေးအအူသံကို ကြားကြရဲ့လားဟေ့”

“ကြားတယ် ဘိုးသန်းမောင်ရေ၊ ဒီခွေးအက အဆက်မပြတ်ကို အူနေတာဗျ”

ရှေ့နောက် ရေဆိုင်းထမ်းဖြင့် ပြန်ဝင်လာသော ထွန်းဦးက ပြောလိုက်ခြင်းဖြစ်သည်။

ဘိုးသန်းမောင်သည် အသက်သာ ခြောက်ဆယ်ကျော်သော်လည်း ပေါ့ပါးသွက်လက်လှ၏။ ရပ်ရေး ရွာရေးတာဝန်များတွင် အားတက်သရော ဆောင်ရွက်လေ့ရှိသလို တောလုပ် တောကိုင်များတွင်လည်း ဖျတ်လတ်သွက်လက်စွာ လုပ်ကိုင်နေဆဲ။

ရပ်ထဲ ရွာထဲ သာမှု နာမှုများ ရှိလာပါကလည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်တတ်သည်မှာ ဘိုးသန်းမောင်၏ ဝါသနာပင်ဖြစ်သည်။

ယခုလည်း ရွာ၏တောင်ဘက် ကိုတင်မောင့်ချောင်ဆီမှ ခွေးအအူသံ စူးစူးဝါးဝါးကိုကြားသည်နှင့် တစ်ရွာလုံးသို့လျှောက်၍ အသိပေးပြီးသား ဖြစ်သွားတော့သည်။

တစ်ရွာလုံးရှိ လှုပ်လှုပ်ရှားရှား လုပ်နိုင်သူ ယောက်ျားသားများကလည်း ဘိုးသန်းမောင် လှည့်လည် လှုပ်ရှား အသိပေးလိုက်သည်နှင့် ဓားလက်နက်ကိုယ်စီဖြင့် အသင့် ဖြစ်နေကြတော့သည်။

ခွေးအအူသံနှင့် ပတ်သက်၍ ဘိုးသန်းမောင် ဘာကိုဆိုလိုသည်ကို တစ်ရွာလုံးက သိနေကြလေပြီ။

တောထဲတောင်ထဲမှ ခွေးအအူသံနှင့်ပတ်သက်၍ အချိန်အခါကိုလိုက်၍ အဓိပ္ပာယ်သဘောသဘာဝများ ကွဲလွဲတတ်ကြောင်းကို သပြေတော ရွာသူရွာသားများသာမက အညာကျေးလက်ပျော်များအားလုံး သိရှိထားပြီးဖြစ်ကြသည်။

နေ့လယ်နေ့ခင်း အော်ဟစ်နေသည့် ခွေးအ အသံသည် အော်သံပြင်း၏။ ပြေးရင်းလွှားရင်း အော်ရသောအသံဖြစ်၏။ ထိုအချိန် အော်သောခွေးအသည် ရန်သူ တွေ့၍ ပြေးရင်းလွှားရင်း ကြောက်အော် အော်ခြင်းဖြစ်၏။

ညတွင် အော်သောခွေး၏အသံသည် ရှည်လျားပျော့ပျောင်း၏။ နေ့လယ်နေ့ခင်း ရန်သူကိုတွေ့၍ အော်သောခွေးအ အသံနှင့် ကွာခြားလှသည်။

ညအော်သည့် ခွေးအများသည် ခွေးအ ခေါင်းဆောင် ဇနီးမောင်နှံဖြစ်သည်က များ၏။

ခွေးအချို့သည် မိသားစု ရှစ်ကောင်၊ ဆယ်ကောင်မှသည် ဆယ့်ငါးကောင်ခန့်အထိ စုပေါင်းနေထိုင်တတ်ကြသည်။

၄င်းတို့သည် လျှိုမြောင်တောတောင်များထဲရှိ ထူးပေါက် လိုဏ်ခေါင်းများထဲတွင် အနေများတတ်ကြသည်။

နေ့ပိုင်းတွင် ထူးထဲ၌ အိပ်စက်နားနေ၍ ညဘက်တွင် အစာရှာ လှည့်လည်ထွက်၍ စားသောက်တတ်ကြသည်။ ညပိုင်း အစာရှာထွက်ရာတွင်လည်း မိဘများဖြစ်သည့် ခွေးအ အထီးနှင့် အမတို့ကသာ ထွက်၍ အစာရှာဖွေတတ်ကြသည်။ သားငယ် သမီးငယ်ဖြစ် သည့် ခွေးအကလေးများကိုမူ ထူးတွင်းထဲတွင်သာ ထားခဲ့တတ်ကြသည်။

မိဘ ခွေးအနှစ်ကောင်က အစာရှာတွေ့ပါမှ ရှည်လျားသောအသံဖြင့် ဆွဲဆွဲငင်ငင် ခေါ်ယူတတ်ကြသည်။ ခွေးအ အဖိုအမ နှစ်ကောင်ထဲပင် အော်ကြသော်လည်း တိုင်သံဖောက်သံပေး၍ အော်ကြခြင်းကြောင့် ခွေးအ အများစုအော်နေသည်ဟု ထင်ရလောက်အောင် ဆူဆူညံညံ ရှိလှသည်။

၄င်းတို့အော်သံမှာ ခွေးအအထီးက ‘ပျောက်-ပျောက်- ပျောက်- ပျောက်-ပျောက်’ ဟု အဆက်မပြတ် ငါးကြိမ်ခန့် အော်ပြီးသောအခါ ခွေးအ အမကြီးက ‘အူး. . .’ ဟု လေရှည်ဆွဲ၍ အော်သည်။

ခွေးအ အထီးနှင့်အမ တိုင်သံ ဖောက်သံပေး၍ အဆက်မပြတ် အော်နေကြသောအခါ ထူးတွင်းထဲတွင် ကျန်ရစ်ခဲ့ကြသည့် ခွေးအ သားသမီးလေးများသည် မိဘများရှိရာသို့ အလျင်အမြန် ရောက် လာကြတော့သည်။ ခွေးအ သားသမီးလေးများသည် မိဘများရှာတွေ့ထားသည့် အစားအစာများကို ဝိုင်းဝန်းစားသောက်ကြရတော့သည်။

သပြေတောလိုရွာမျိုးရှိ တောများတွင်ကား ခွေးအများအတွက် အစားအစာများမှာ မြေပဲများသာ အများဆုံး ဖြစ်တတ်ကြသည်။ အခြား သားငါးများကား ရရှိဖို့ ခဲယဉ်းတတ်ကြသည်။

ကျေးလက်တောရွာများတွင် “လှည်းကျိုးသမား ခွေးအများ” ဟု ပြောလေ့ပြောထ ရှိကြသည်။

တစ်ခါက လှည်းနှင့် ကုန်ရောင်းကုန်ဝယ်လုပ်သူများ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ ကူးသန်းရောင်းဝယ်နေကြသည်။ တစ်နေ့တွင် မြို့ရွာမနီး တောအုပ်ကြီးထဲ၌ လှည်းကျိုးကြသည်။

မြို့ရွာနှင့်မနီးခြင်းကြောင့် အစာရေစာလည်း ပြတ်လပ်၊ လှည်းကျိုးနေသည်ကိုလည်း ပြန်လည်တပ်ဆင်၍ မရနိုင်ဘဲ ဖြစ်နေကြသည်။

ထိုစဉ် လှည်းသမားများ အတိုင် အဖောက်ဖြင့် တိုင်သူက တိုင်၊ ဖောက်သူက ဖောက်ကာ “မြှောက်ဟေ့- မြှောက်ဟေ့-မြှောက်ဟေ့” ဟု တစ်ဖက်က အော်ကာ တစ်ဖက်က လှည်းကို ပြန်တပ်ရာ မရတော့၍ “ဖြစ်ဖူး. . . ” ဟု အော်ကြသည်။

ထိုအတိုင်အဖောက် စကားတို့ကို တစ်လှည့်စီဆိုကြသောအခါ “မြှောက်ဟေ့-မြှောက်ဟေ့-မြှောက်ဟေ့-ဖြစ်ဖူး. . . ” ဟု အော်ရင်း သေကြရာ ခွေးအဘဝသို့ ရောက်သွားကြသည်။

ခွေးအဘဝသို့ ရောက်သည့်တိုင်အောင် ထို “မြှောက်ဟေ့-မြှောက်ဟေ့-မြှောက်ဟေ့ -ဖြစ်ဖူး. . .” ဆိုသော အသံကို အစွဲပြု၍ “ပျောက်-ပျောက်-ပျောက်-အူး. . ..” ဟု အော်နေကြသည်ဟု ပြောစမှတ် ပြုကြတော့သည်။

နံနက်စောစောတွင်အော်သော ခွေးအ၏အသံသည်လည်း ရှည်လျားပျော့ပျောင်းစွာပင် အော်တတ်သည်။

ခွေးအ အထီးနှင့် အမကြီးတို့က အစာရေစာ လှည့်လည်ရှာဖွေရင်း ကျားစသော သတ္တဝါများက ကိုက်ထားသော သမင်၊ ဒရယ်၊ စိုင်၊ ဆတ်စသည် များကို ကျားစားသည်က စားလျက်မကုန်နိုင်လျှင် ထားပစ်ခဲ့ကြသည်။ ထိုသားကောင်အကြွင်းအကျန်ကို တွေ့သောအခါ မိမိတို့လည်းစား၊ သားသမီးခွေးအလေးများကိုလည်း လာရောက်စားသောက်စေချင်၍ အော်ခြင်း (လှမ်းခေါ်ခြင်း )မျိုး ဖြစ်သည်။

ယင်းသို့ ဖြစ်လေ့ဖြစ်ထရှိသော သဘာဝကို အခြေခံ၍ ရှေးလူကြီးသူမများက “နေထွက်တပြူ၊ ခွေးအအူ၊ ယူလှည့်ငင်လှည့် သားကောင်ကို” ဟု ဆိုရိုးပြု ခဲ့ကြသည်။

ယခုလည်း ဘိုးသန်းမောင်နှင့်တကွ သပြေတောရွာသူ ရွာသားများသည် နေထွက်တပြူ ခွေးအအူသံကြား၍ သားကောင်အသေတစ်မျိုးမျိုးတော့ ရလိမ့်မည်ဟု တွက်ဆကာ ခွေးအ အူရာသို့ သွားရန် အသင့်ဖြစ်နေကြတော့သည်။

“ညိုကြီးတို့ သာစိန်တို့ အလောတကြီး မသွားနဲ့နော်။ ဒီတစ်ခါ ခွေးအအော်သံက အော်သံရှည်မဟုတ်ဘဲနဲ့ ပြတ်တောင်း ပြတ်တောင်းနဲ့ ကြောက်ခံ ခံနေတဲ့အသံပေါ်နေတယ်ကွ။ သတိနဲ့ထားပြီး သွားကြ၊ သိလား … ငါ့လည်းစောင့်ဦး”

“ဟုတ်ကဲ့ ဘိုးသန်းမောင်။ ကျွန်တော်တို့ အတူတူသွားကြတာပေါ့”

“ထွန်းအေးတို့ လွန်းမောင်တို့လည်း လာကြလေ။ သွားကြရအောင်”

“ဘကြီးသန်းမောင်ရေ … ကိုထွန်းအေးတို့ ရှေ့ကသွားနှင့်ကြပြီ”

ထွန်းအေးမိန်းမ စောခ၏ အသံဖြစ်၏။

သပြေတောရွာသားများသည် ခွေးအအော်သံကြားရာဆီသို့ တက်ညီလက်ညီ ချီတက်သွားကြလေတော့သည်။

ဘိုးသန်းမောင်သည် ရပ်ရေးရွာတာ နေရာတကာပါနေရသလို ရပ်ရွာကို အမြဲစောင့်ရှောက်နေသူလည်း ဖြစ်သည်။ ယခုလည်း လူရွယ်လူငယ် ရွာသားများ တက်ကြွစွာ လှုပ်ရှားသွားလာနေသည့်အထဲတွင် ဘိုးသန်းမောင်က ကပ်လျက် ပါမြဲပါခဲ့သည်။

ကိုတင်မောင့်ချောင်နှင့် သပြေတောရွာသည် နှစ်ခေါ်သာသာ သုံးခေါ်လောက်သာရှိမည်။ ကိုက်အားဖြင့်တွက်လျှင် ကိုက်သုံးထောင်ကျော် လေးထောင်ခန့် ဝေးသည်။

ဘိုးသန်းမောင်တို့အဖွဲ့သည် ခွေးအအော်သံ ကြားနေကြရ၏။ ထိုအခါ ဘိုးသန်းမောင်က အဖွဲ့သား အားလုံးသို့ သတိပေးပြောကြားလာ၏။

“သာစိန် … ညိုကြီးရော”

“ညိုကြီး ရှေ့ကသွားနှင့်ပြီ ဘိုး”

“ဒီကောင်ကတော့ လောဘတကြီးနဲ့ ခွေးအ အော်ရာကို သွားပြီထင်ပါတယ်ကွာ … ဒုက္ခပါပဲ။ မင်းတို့ ခွေးအ အော်သံကို ကြားတယ်မဟုတ်လား။ ရင်ခေါင်းထဲကလာတဲ့ အသံအော အသံပြတ်ကြီး။ ဒါဟာ သားသေကောင်တွေ့လို့ အော်ပုံမျိုးတော့ မဖြစ်နိုင်ဘူးကွ။ သတိထားကြနော်။ ကဲ တို့ ခပ်သုတ်သုတ်သွားကြစို့။ ဟိုကောင်ညိုကြီး တစ်ယောက်တည်း ခွဲထွက်သွားတာ တစ်စုံတစ်ရာ အရေးအကြောင်းနဲ့ကြုံရင် အားငယ်နေဦးမယ်”

ဘိုးသန်းမောင်သည် ပြောပြောဆိုဆိုနှင့် ကိုတင်မောင့်ချောင်မှ ခွေးအအော်သံကြားရာဆီသို့ ဦးတည်ကာ ခပ်သုတ်သုတ်သွားနေ၏။

သာစိန်၊ ထွန်းအေး စသော လူရွယ်လူငယ်လေးများအဖွဲ့ ကလည်း ဘိုးသန်းမောင်နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာကြ၏။

ဘိုးသန်းမောင်သည် ကမ်းပါးထိပ်တစ်နေရာသို့ ရောက်သောအခါ ခွေးအအော်သံကြားရာဆီသို့ လှမ်းကြည့်လိုက်၏။ ညိုကြီးသည်လည်း ဓားမကို ပခုံးထက်တွင်ထမ်း၍ လျှိုမြောင်ဘေးလမ်း ယောင်ယောင်ကလေးအတိုင်းသီကာ ခွေးအအော်သံကြားရာဆီသို့ ခပ်သုတ်သုတ်လျှောက်နေ၏။

ဘိုးသန်းမောင်သည် လူကြီးပင်ဖြစ်သော်လည်း မျက်စိအလွန်လျင်သူ ဖြစ်၏။ ညိုကြီးနှင့် ကိုက်ငါးဆယ်အကွာ လျှိုမြောင်ဘေး၏ လမ်းယောင်ယောင်ကလေးတွင် ခွေးအနှင့် ကျားသစ်တို့ ရင်ဆိုင်တွေ့နေကြသည်ကို ဘိုးသန်းမောင် အထင်းသား မြင်တွေ့နေရ၏။

ကျားသစ်နှင့် ခွေးအတို့ မလွှဲသာ မရှောင်သာ ရင်ဆိုင်တွေ့ကြရာတွင် ခွေးအသည်လည်း နောက်ကြောင်းလှည့်၍ မပြေးဝံ့။ အကယ်၍သာ နောက်ကြောင်းပြန်လှည့်၍ ပြေးခဲ့ပါက ကျားသစ်စာဖြစ်သွားမည်မှာ သေချာလှသည်။ ထို့ကြောင့် ဟန်ကိုယ့်ဖို့ပုံစံမျိုးဖြင့် ကြောက်ခံခံ၍ အော်ဟစ်ရန်စောင်ပြနေခြင်း ဖြစ်သည်။ သံရှည်မဟုတ်ဘဲ သံတိုသံပြတ်ဖြင့် အော်နေသည်။

သတိထားကြဟူသော ဘိုးသန်းမောင်၏စကားက မှန်ကန်လွန်းလှသည်။

ကျားသစ်တို့မည်သည် သတ္တိအလွန်နည်းသော သတ္တဝါအမျိုး အစားတွင် ပါဝင်နေ၏။ မည်သည့်အခါမျှ ရန်သူကို ရင်ဆိုင် မတိုက်ခိုက်ဝံ့။ နောက်မှနေ၍ အလစ်ကိုသာ ဝင်ရောက်တိုက်ခိုက် သတ်ပုတ်လေ့ရှိ၏။ တစ်ဖက်ရန်သူအပေါ် အသာစီးမရသမျှ စောင့်ဆိုင်းနေတတ်၏။ ချောင်းမြောင်းနေတတ်၏။ အသားစီးရမှသာ အပိုင်တိုက်တတ်သည်မှာ ကျားသစ်တို့၏ သဘာဝသာဖြစ်၏။

ထို့ကြောင့်လည်း အသာစီးရမှ လုပ်ချင်သူ၊ နိုင်လိုမင်းထက်ပြုမူသူ၊ ကောက်ကျစ်စဉ်းလဲသူစသော မကောင်းသည့်စရိုက်များ ပိုင်ဆိုင် သူကို “ကျားသစ်လိုလူစားပါကွာ” ဟု ပြောလေ့ပြောထ ရှိကြသည်။

အခုလည်း ခွေးအတစ်ကောင်နှင့် ပက်ပင်းတွေ့ နေရသော ကျားသစ်သည် ခွေးအ၏ ဟာကွက်၊ ပျော့ကွက်၊ နောက်လှည့်၊ ဘေးလှည့်သွားလျှင် ပြေးအုပ်မည်ဆိုသော အချက်အကွက်တို့နှင့် အချိန်ကြာရှည်စွာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

တကယ်တမ်းဆိုလျှင် သည်ခွေးအလေးတစ်ကောင်ကို တွန်းတွန်းတိုက်တိုက် သတ်ပုတ်လိုက်ပါက ခွေးအသည် ကျားသစ်စာဖြစ်သွားမည်မှာ ကျိန်းသေ၏။ ခွေးအ၏ ပြန်လည်တိုက်ခိုက်မှု ခံရနိုင်သော်လည်း ကျားသစ်အနေဖြင့် အနိုင်ရမည်မှာ ကျိန်းသေလှသည်။ သို့သော် ကျားသစ်ဆိုသည့် အမျိုးအစားက မည်သည့်နည်းနှင့်မျှ အနစ်နာ မခံနိုင်သည့် သတ္တဝါမျိုး။ မည်သည့်အချိန်မဆို သူက အသာစီးရမှ ကျေနပ်သည်။ ထို့ကြောင့်ပင် ဤသို့စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

“ဟေ့. . . ညိုကြီး၊ ရှေ့မတိုးနဲ့ … ရှေ့မတိုးနဲ့။ ရှေ့မှာ ကျားသစ် ရှိနေတယ်။ နောက်ပြန်ဆုတ် … နောက်ပြန်ဆုတ်”

ဘိုးသန်းမောင် ရင်တွင်းမှ ထွင်းဖောက်ထွက်ပေါ်လာ
လိုသော အသံများဖြစ်သည်။ သို့သော် ပြော၍မထွက်တော့။ ဘိုးသန်းမောင်၏အော်သံကိုသာ ကျားသစ် ကြားသွားပါက ကြောက်အား လန့်အားဖြင့် မြင်မြင်ရာကို တိုးတိုက်ကိုက်သတ်သွားနိုင်သည်။

ညိုကြီးသည် ခွေးအနောက်တွင် ဆယ့်ငါးကိုက်ခန့်သာ ကွာတော့သည်ကို ဘိုးသန်းမောင် အထင်းသား မြင်တွေ့ နေရသည်။ ညိုကြီးကတော့ မြင်ဟန်မတူ။ ခွေးအသံကြားရာကိုသာ သဲသဲမဲမဲ သွားနေသည်။

ဘိုးသန်းမောင်သည် သာစိန်ဘက်သို့လှည့်ကာ အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည်။

“ဟေ့ သာစိန်”

“ဗျာ ဘိုး”

“ဟိုမှာ ခွေးအတွေ့လား။ သားကောင်နဲ့တွေ့တာတော့ မှန်တယ်။ ဒါပေမဲ့ သားကောင်က အသေမဟုတ်ဘူး။ အရှင်ကြီးကွ။ ကျားသစ်ဆိုတဲ့ ရန်သူနဲ့တွေ့လို့ အော်နေတာ။ တို့တတွေ နောက်ဆုတ်လို့လည်း မဖြစ်တော့ဘူး”

“ဘာဖြစ်လို့လဲ ဘိုးရ”

“ဟိုမှာတွေ့လား။ ညိုကြီးက ခွေးအနား နီးနေပြီ။ ဒီအတိုင်း ထားလိုက်ရင် ညိုကြီးတစ်ယောက် ကျားသစ်စာဖြစ်သွားမှာ ကျိန်းသေပဲ။ ဒီတော့ မင်းနဲ့ငါ ညိုကြီးအတွက် စွန့်စားမှဖြစ်မယ်”

“ဟာ ဘိုး မသွားပါနဲ့။ ကျွန်တော်နဲ့ သာစိန် သွားလိုက်ပါ့မယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာသာ ဘိုးက ပြောပြပါ”

အနားရှိ လွန်းမောင်က ဝင်ပြောလိုက်ခြင်းဖြစ်၏။

“လွန်းမောင် မင်းတို့ချည်းသွားလို့လည်း မဖြစ်ဘူး။ လူများလို့လည်း မဖြစ်ဘူးကွ။ မင်းတို့စေတနာတွေကို ငါ နားလည်ပါတယ်။ လေးလည်း လေးစားပါတယ်။ ဒါပေမဲ့ စကားပြောဖို့ အချိန်သိပ်မရှိတော့ဘူး။ ဒီတော့ မင်းတို့ ဒီကုန်းပေါ်ကပဲ စောင့်နေကြ။ ငါနဲ့ သာစိန်က လျှိုထဲဆင်းပြီး ညိုကြီးကို ကယ်မယ်”

ဘိုးသန်းမောင်ပြောလိုက်သောအခါ အားလုံး ငြိမ်သွားကြတော့သည်။

ဘိုးသန်းမောင်ကပင် စကားကိုဆက်ပြန်၏။

“သာစိန် . .”

“ဗျာဘိုး . . . ”

“မင်းကြောက်သလား၊ ငါခိုင်းတာ လုပ်ဝံ့ပါ့မလား”

“မကြောက်ပါဘူး ဘိုးရာ။ ဘိုး ခိုင်းချင်တာသာ ခိုင်းပါ။ ကျွန်တော့်သူငယ်ချင်းညိုကြီး အသက်ရှင်ဖို့က အဓိကပါ”

“အေး ဟုတ်ပြီ။ ဒါဆိုရင် မင်းနဲ့ငါ ကျားသစ်နောက်ရောက်အောင် လျှိုမြောင်အတိုင်း ဆင်းကြရမယ်။ ခြေသံတော့ လုံစေ့စေနော်”

“ဟုတ်ကဲ့ပါ ဘိုး။ ဘာခြေသံမှ မကြားရအောင် ကျွန်တော် ဖော့ဖော့လေးနင်းပြီး သွားပါ့မယ်”

“ဟုတ်ပြီ။ သွားတဲ့အခါ မင်း ရှေ့က နေမလား။ ငါ ရှေ့က နေရမလား”

“ဘိုး ကောင်းသလို စီစဉ်ပါ။ ဖြစ်နိုင်ရင်တော့ ကျွန်တော် ရှေ့က နေချင်ပါတယ်”

“အေး မင်း ရှေ့ကနေရင်တော့ အကောင်းဆုံးပဲကွ။ မင်းက လူငယ်ဆိုတော့ ဖျတ်လတ်တယ်။ သန်မာတယ်။ ဒါပေမဲ့ မင်း မနေဘူးဆိုရင်တော့ ငါ ရှေ့က နေမှာပါ။ ညိုကြီးအသက်အတွက် ဖြစ်အောင် ကယ်ရမှာပဲကွ”

ဘိုးသန်းမောင်နှင့် သာစိန်တို့ အချီအချပြောနေချိန်တွင် ခွေးအအော်သံကလည်း ပြင်းထန်လှသလို ညိုကြီးနှင့် ခွေးအ ကျားသစ်တို့သည်လည်း နီးစပ်နေကြလေပြီ။

ထိုစဉ် သာစိန်၏ အသံက ထွက်ပေါ်လာ၏။

“ကျွန်တော်ပဲ နေပါ့မယ် ဘိုးရယ်။ ဘာလုပ်ရမယ်ဆိုတာသာ ကျွန်တော့်ကို ပြောပါ”

“ဒါဆိုရင် တို့အခုပဲ သွားကြမယ်။ ခြေသံလုံလုံနဲ့ မင်းက ရှေ့ကသွား။ ငါက နောက်ကလိုက်မယ်။ ဟိုရောက်တာနဲ့ အခြေအနေကြည့်ပြီး မင်းလုပ်ရမှာကို ငါ ပြောပြမယ်”

ထိုစဉ် ခွေးအအော်သံပျောက်၍ “ဟိုက်. . ” ဆိုသည့် ညိုကြီး၏ အာမေဋိတ်အသံကြီးမှာ ကိုတင်မောင့်ချောင်တစ်ခုလုံးသို့ လွှမ်းမိုးသွားတော့သည်။

ဘိုးသန်းမောင် သိလိုက်ပါသည်။

ခွေးအကိုမဲ၍ ချောင်းနေသော ကျားသစ်သည် ခွေးအနောက်မှ ရောက်လာသော ညိုကြီးကို စိုက်အကြည့် ညိုကြီးကလည်း လန့်အအော်၊ ထိုအချိန်တွင် ခွေးအသည် အခွင့်ကောင်းယူကာ လျှိုမြောင်ရိုးထဲသို့ ဆင်းပြေးသွားလေပြီ။

ကျားသစ်၏အန္တရာယ်သည် ယခုအခါ ညိုကြီးထံသို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတော့သည်။ ညိုကြီးမှာ ဓားမကြီးထမ်းလျက် နောက်ဆုတ်ရခက် ရှေ့တိုးရခက် ဖြစ်နေတော့သည်။ သို့သော် ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ဆိုသော စကားအတိုင်း ပခုံးထက်တွင်ရှိသော ဓားမကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် စုံကိုင် ဆုပ်ထားကာ ကျားသစ်က တိုက်ခိုက်လာပါက ခုခံကာကွယ်ရန် အသင့်အနေအထားသို့ ညိုကြီးပြင်လိုက်သည်။ ဘိုးသန်းမောင်က စကားကိုဆက်ပြန်သည်။

“ဟိုရောက်တာနဲ့ ကျားသစ်က ခြေစုံရပ်ပြီး ညိုကြီးကို မဲနေလိမ့်မယ်။ အဲဒီအချိန်မှာ မင်းက ကျားသစ်နောက်ကပြေးပြီး ကျားသစ်ရဲ့ဒူးခေါက်(ဒခေါက်)ကြောတွေကို ဓားနဲ့ခုတ်ရမယ်”

“ဒါဆို အခုပဲ သွားရအောင် ဘိုး။ တော်ကြာ ညိုကြီးကို ကျားသစ်ကိုက်နေမှာ စိုးရတယ်”

“ဒါလောက်လည်း မစိုးရိမ်ပါနဲ့ သာစိန်ရာ။ ကျားသစ်ဆိုတာ မလစ်ရင် ဘယ်တော့မှ မလုပ်ဘူးကွ။ ညိုကြီးနဲ့ မျက်နှာချင်းဆိုင်နေသမျှ ဘယ်တော့မှ သူကစပြီး မတိုက်ဘူး။ ညိုကြီး နောက်ပြန် လှည့်ပြေးတာတို့၊ ဘေးတိမ်းပြေးတာတို့ဆိုရင်တော့ အုပ်ပြီသာ
မှတ်ပေတော့။

ခုတော့ ကျားသစ်က ညိုကြီးရဲ့အရိပ်အခြည်ကို စောင့်ကြည့်နေမှာပါ။ ဪ ဒါထက် မင်းဓားက ပြတ်ရဲ့လား၊ မပြတ်ရင်လည်း အခြားဓားတစ်လက်နဲ့ လဲခဲ့ကွာ”

“ပြတ်ပါတယ် ဘိုးရဲ့ … စိတ်ချပါ။ ကျွန်တော့်ဓားက ခြေသလုံးမွေးကျအောင် သွေးထားတာပါ”

“ဒါဆိုလည်း သွားကြစို့ဟေ့”

ဘိုးသန်းမောင်သည် ပြောပြောဆိုဆိုနှင့် ခြေသံကို လုံလုံထားကာ လျှိုမြောင်လမ်းကလေးအတိုင်း ကျားသစ်နောက် ကိုက်နှစ်ဆယ်ခန့်အကွာသို့ မှန်း၍ ဆင်းသွား၏။

သာစိန်ကလည်း ဘိုးသန်းမောင်နည်းတူ ခြေသံလုံစွာ ဆင်းခဲ့၏။

လျှိုနှုတ်ခမ်းလမ်းယောင်ယောင်သို့ ရောက်သည်နှင့် ကျားသစ်နောက်ဘက်ဆီသို့ ဦးတည်ကာ လျှောက်လာခဲ့ကြ၏။

ဟော. . . တွေ့ ပါလေပြီ။

ကျားသစ်၏ ရှေ့ ဆယ့်ငါးတောင်ခန့်အကွာတွင် ညိုကြီးတစ်ယောက် ဓားမကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပခုံးပေါ်တွင် ထမ်းလျက် ကျားသစ်၏အခြေအနေကို ကြည့်နေ၏။

ဘိုးသန်းမောင်နှင့် သာစိန်တို့နှစ်ယောက် ကျားသစ်နောက်တွင် ရောက်နေသည်ကို မြင်လိုက်ရသည်နှင့် ညိုကြီးမျက်နှာမှာ ငါးပုပ်ဖမ်းခြင်းမှ လွတ်လာသော လပြည့်ဝန်းကြီးပမာ လင်းလက်ထိန်ဖြာသွားသည်ကို ဘိုးသန်းမောင် သိလိုက်ရ၏။

အားကိုးတကြီးဖြင့် ဘိုးသန်းမောင်တို့အား ကျားသစ်အပေါ်မှ ကျော်ကြည့်နေသည့် ညိုကြီးကို ဘိုးသန်းမောင်က သဘောပေါက်စွာ ခေါင်းညိတ်ပြလိုက်၏။ တစ်ဆက်တည်းမှာပင် “ဣန္ဒြေမပျက်နေ” ဟူသော သဘောဖြင့်လည်း ဘိုးသန်းမောင်က ညိုကြီးအား လက်ဝါးဖြန့်၍ ရှေ့တိုးနောက်ဆုတ် လုပ်ပြနေ၏။

ထိုစဉ် သာစိန်အား ဘိုးသန်းမောင်က ကျားသစ်ဆီသို့ပြေး၍ ခုတ်ရန် မေးထိုးကာ အချက်ပြလိုက်၏။ ဘိုးသန်းမောင် မေးထိုးပြ၍မှ မဆုံးသေး။ သာစိန်သည် ဓားကို စုံကိုင်လျက် လေမှာပျံဝဲသည့်အလား ကျားသစ်နောက်မှ လျင်မြန်စွာ တစ်ဟုန်ထိုးပြေး၍ ကျားသစ်၏ ဒူးခေါက်(ဒခေါက်) ကြောကို တအားကုန် ခုတ်ပိုင်းချလိုက်တော့သည်။

“ဝေါင်း. . . ဟောင်း. . . ဟောင်း. . . ဟောင်း”

တိတ်ဆိတ်ငြိမ်သက်နေသည့် နံနက်စောစောတွင် ကိုတင်မောင့်ချောင် တစ်ချောင်လုံးသည် ကျားသစ်အော်သံဖြင့် ဆူညံလွှမ်းမိုးသွား၏။

ညိုကြီးသည်လည်း ကြောက်အားလန့်အားဖြင့် နောက်ပြန် လှည့်၍ ပြေးမည်အပြု။ ကျားသစ်သည် ဒူးခေါက် (ဒခေါက်) ကြောတွင် ဓားခုတ်ခံရ၍ နာသည်ကတစ်ကြောင်း၊ ရန်သူဖြစ်သည့် ညိုကြီး ပြန်လှည့်သွားသည်က တစ်ကြောင်းတို့ကြောင့် ညိုကြီးထံသို့ ဟိန်းဟောက်အော်သံနှင့်အတူ ခုန်အုပ်လိုက်တော့သည်။

သို့သော် ကျားသစ်၏ခုန်အုပ်မှုတို့မှာ မထိရောက်တော့။ သာစိန်၏လက်ချက်ကြောင့် ဒူးခေါက်(ဒခေါက်)ကြောနှစ်ချောင်းလုံး ပြတ်နေပြီဖြစ်သော ကျားသစ်သည် ယခင်က နောက်ခြေနှစ်ချောင်းကို ထောက်၍ အားယူကာ မှန်းရာနေရာနှင့် တစ်သားတည်းကျအောင် သားကောင်ကိုအုပ်၍ သတ်ပုတ်နိုင်သော်လည်း ယခုမူ ဒူးခေါက်(ဒခေါက်) ကြောတစ်စုံ ပြတ်နေပြီဖြစ်၍ နောက်ခြေလည်း အားမရှိတော့။

နောက်ခြေ အားမရှိသည်နှင့်အမျှ မှန်းရာမရောက်ဘဲ လမ်းတစ်ဝက်တွင် တရွတ်ဆွဲကြီး ဖြစ်နေတော့သည်။ ထိုတရွတ်ဆွဲကြီးနှင့်ပင် ညိုကြီးနောက်သို့ ရွတ်တိုက်လိုက်နေတော့သည်။ ညိုကြီးမှာ ကြောက်အားလန့်အားဖြင့် ပြေးနေလေပြီ။

“ညိုကြီးရေ … ဟေ့ ညိုကြီး၊ သိပ်မပြေးနဲ့ကွ။ မင်းကိုမီအောင် မလိုက်နိုင်တော့ပါဘူး။ မင်း ဒီလိုပြေးနေလို့ မင်းနောက်လိုက်နေရင် ဒီအကောင်ကို အသတ်ရခက်နေမယ်။ မင်း ကျားသစ်ရှေ့က မနီးမဝေးလေး နေပေး၊ သိလား”

“ဟာ. . . ဘိုးသန်းမောင်ကလည်း ကျွန်တော့်ကို လိုက်ကိုက်နေရင် ကိုယ်ကျိုးနည်းမှာဗျ”

“မီအောင် မလိုက်နိုင်တော့ပါဘူး။ သာစိန်ရဲ့လက်ချက်က အတော်လေးပြင်းတယ်ကွ။ မင်း ကျားသစ်ရှေ့ မနီးမဝေးမှာပဲနေ၊ ကြားလား”

“ဟုတ် … ဟုတ် … ဟုတ်ကဲ့ပါ ဘိုး”

ညိုကြီးသည် ဘိုးသန်းမောင်ခိုင်း၍သာ ကျားသစ်ရှေ့ မနီးမဝေးမှာ နေရသော်လည်း ကြောက်ဒူးများက အလိုလိုတုန်နေတော့သည်။ ကျားသစ်ကလည်း ဖင်တရွတ်ဆွဲ၍ ရှေ့လက်နှစ်ချောင်းထောက်ဖြင့် ပါးစပ်မှ ‘တဝေါဝေါ တဝါးဝါး’ ဟိန်းဟောက်ကာ ညိုကြီးနောက်သို့ သဲကြီးမဲကြီးလိုက်နေ၏။

ဘိုးသန်းမောင်သည် သာစိန်အား လက်ကာပြကာ ညိုကြီးနောက်သို့ ဖင်တရွတ်ဆွဲလိုက်နေသည့် ကျားသစ်နောက်မှ ခြေကိုဖော့၍လိုက်သွားကာ ကျားသစ်နား ရောက်သည်နှင့် လက်ထဲတွင် အသင့်ပါလာသည့် ဓားမအနှောင့်ဖြင့် ကျားသစ်၏ ခါးရိုးကို ရိုက်ချိုးလိုက်တော့သည်။

ကျားသစ်သည် ခါးရိုးကျိုးသွားသည်နှင့် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်ကာ ရှေ့တစ်ပိုင်းသာထောင်နိုင်၍ နောက်ပိုင်းမှာ လက်နှီးစုတ် ပစ်ချထားသလို ပျော့ဖတ်ပုံခွေ၍သာ နေတော့သည်။

ဘိုးသန်းမောင်သည် အရွယ်နှင့်မလိုက်အောင် လျင်မြန်ဖျတ်လတ်နေသည်ကို ဤအကြိမ်တွင် လူတိုင်း အံ့ဩစွာတွေ့မြင်လိုက်ကြရသည်။ ထိုအခါ ကျမှ ဘိုးသန်းမောင်သည် အသံဝါကြီးဖြင့် လှမ်းအော်လိုက်သည်။

“ဟေ့ ထွန်းအေးတို့၊ လွန်းမောင်တို့ အားလုံး လာခဲ့ကြတော့ဟေ့။ ဘာအန္တရာယ်မှ မရှိတော့ဘူး။ လာကြဟ… လာကြ”

ဘိုးသန်းမောင် အော်ခေါ်လိုက်သည်နှင့် သပြေတောရွာသားများသည် ကျားသစ်ရှိရာသို့ ဝိုင်းဝန်းရောက်လာကြတော့သည်။

ဘိုးသန်းမောင်တစ်ယောက်သာ ကျားသစ်၏အနားသို့ ကပ်ဝံ့၍ ကျန်လူများက မကပ်ဝံ့ကြသေး။ အထူးသဖြင့် ညိုကြီးနှင့် သာစိန်တို့က ပို၍ပင် ဆိုးသေးသည်။ နောက်ပိုင်းတစ်ပိုင်းလုံး လက်နှီးစုတ် ပုံထားသလို ဖြစ်နေသောကျားသစ်သည် အားမသန်သော်လည်း မာန်က မလျှော့သေး။ ‘တဝူးဝူး တဝေါင်းဝေါင်း’ မြည်လျက် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေဆဲပင် ရှိသေးသည်။

“ဘိုး ကျားသစ်နား သိပ်မကပ်နဲ့လေ။ တော်ကြာ ကိုက်ပစ်ဦးမယ်”

ထွန်းတင်က ပြောလိုက်ခြင်းဖြစ်၏။

“မင်းကောင် မောင်မင်းကြီးသား ကျားသစ် မကိုက်နိုင်တော့ပါဘူး ထွန်းတင်ရာ။ မင်းတို့ ကြောက်မနေစမ်းပါနဲ့။ ရဲရဲ ရှေ့တိုးခဲ့ကြစမ်းပါ။ ဒီကျားသစ်ဟာ မာန်ထွားရုံပဲ ရှိပါတော့တယ်။ သန်ရမယ့်အားတွေကတော့ ပျောက်ကုန်ပါပြီကွာ”

“ဘာဖြစ်လို့ ပျောက်ကုန်တာလဲ ဘိုးရဲ့”

“မင့်ကောင် ခါးရိုးကျိုးထားတဲ့နောက် ဘာမှ လှုပ်လို့မရတော့ဘူးလေကွာ။ သတ္တဝါတစ်ကောင်မှာ ကျောရိုးလို့ခေါ်တဲ့ ခါးရိုးက အဓိကကျတယ်ကွ။ ကျောရိုးမကောင်းရင် ဘာမှလှုပ်ရှားလို့ မရတော့ဘူး”

“ရှေ့ပိုင်းကသန်နေသေးတာပဲ ဘိုးရဲ့”

“ဪ. . . ခက်ပါဘိ ထွန်းတင်ရယ်။ မင်းနားလည်အောင် ပြောရရင် ရိုးမကြီးသုံးခုဟာ တိုင်းပြည်ရဲ့ကျောရိုးအသက်။ ဧရာဝတီချင်းတွင်း၊ စစ်တောင်း၊ သံလွင်စတဲ့ မြစ်တွေဟာလည်း တိုင်းပြည်ရဲ့ ကျောရိုး၊ တိုင်းပြည်ရဲ့အသက်လို့ပြောတာ မင်း မကြားဖူးဘူးလား”

“ဟုတ်ကဲ့ ကြားဖူးတယ်”

“အဓိပ္ပာယ်ကော သိရဲ့လား”

“ဟင့်အင်း အဓိပ္ပာယ်တော့ မသိဘူး ဘိုး”

“ဒီလိုဆို အဲဒီရိုးမကြီးသုံးခု မရှိရင် အဲဒီရိုးမကရတဲ့ ကျွန်းသစ်၊ ကျောက်သံသယံဇာတတွေ ရနိုင်ပါဦးမလား”

“ဒီရိုးမတောင်ကြီးတွေမရှိရင် ရိုးမက ထွက်တာတွေလည်း ဘယ်ရနိုင်တော့မှာလဲ ဘိုးရဲ့”

“အခုနပြောတဲ့ မြစ်ကြီးတွေမရှိရင်ကော ရေထွက်သယံဇာတတွေ ရနိုင်ပါဦးမလား ထွန်းတင်”

“ဟင့်အင်း ဘယ်ရနိုင်တော့မလဲ”

“ဒါဆို တိုင်းပြည်ရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကော ရနိုင်ပါဦးမလား”

“မရနိုင်ပါဘူး ဘိုး”

“ဒါဆို တိုင်းပြည်ရဲ့ စားရေရိက္ခာတွေလည်း ပြတ်တောက်မသွားနိုင်ဘူးလား ထွန်းတင်”

“ဟုတ်ကဲ့ သဘောပေါက်ပါပြီ ဘိုးရေ။ ဒီတော ဒီတောင် ဒီရေ ဒီမြေ မရှိရင် စားရေရိက္ခာ သယံဇာတတွေ မရှိနိုင် မရနိုင်တော့လို့ ဒီရိုးမကြီးတွေနဲ့ မြစ်ကြီးတွေကို တိုင်းပြည်ရဲ့ ကျောရိုး၊ တိုင်းပြည်ရဲ့ အသက်လို့ ခေါ် ရသလို သတ္တဝါတွေမှာလည်း အဓိကကျတဲ့ ကျောရိုး (ခါးရိုး) မသန်ရင် အသက်မရှင်နိုင်ဘူးလို့ ဆိုချင်တာမဟုတ်လား ဘိုး”

“အေး ဒါကတော့ တစ်စိတ်တစ်ဒေသ ပြောတာပေါ့ကွာ။ တောတောင်ရေမြေတွေနဲ့ ပတ်သက်လို့ ကျောရိုးနဲ့တူပုံ၊ အသက်နဲ့ တူပုံတွေလည်း အများကြီးရှိပါသေးတယ်။ ထားပါတော့ကွာ။ အဲဒါ တွေကို။

အခု ဒီကျားသစ်ကြီးကိုပဲကြည့်၊ စောစောကတော့ ခြိမ်းလိုက် ခြောက်လိုက်၊ ဟိန်းလိုက် ဟောက်လိုက်နဲ့။ ခုတော့ ဘယ်လောက် ခြိမ်းခြိမ်း မရွာတော့တဲ့ မိုးလိုပဲ ဖြစ်နေပြီ။

လူတိုင်း လူတိုင်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်း၊ အရာဝတ္ထုတိုင်း အရာဝတ္ထုတိုင်းဟာ ကျောရိုးမသန်ရင်(မရှိရင်) အသက်မရှိတော့တာနဲ့ အတူတူပဲဆိုတဲ့ သဘော သဘာဝကို သဘောပေါက်နားလည်ထားဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ပြောချင်တယ်ကွ။ သဘောပေါက်ရဲ့လား”

“ဟုတ်ကဲ့ သဘောပေါက်ပါပြီ ဘိုး”

ဘိုးသန်းမောင်နှင့် ထွန်းတင်တို့၏ အချီအချပြောဆိုနေဟန်ကို အခြားလူများကလည်း စိတ်ဝင်တစား နားထောင်နေကြ၏။

ရွာသားများ၏လက်ချက်ဖြင့် သေသွားသောကျားသစ်ကို ဘိုးသန်းမောင်သည် အကောင်မပျက် ရွာသူရွာသားများ မြင်စေရန်အတွက် လက်၊ ခြေတို့ကို တရော်လျှော်ဖြင့်တုပ်ကာ သေချာစွာ ချည်နှောင်နေ၏။

အနီးရှိ ခြေသလုံးခန့်အရွယ် ဒဟတ်သားဖြောင့်ဖြောင့်တစ်တုံးကိုလည်း ခုတ်လိုက်၏။ ခုတ်ပြီးသည်နှင့် အခက်အလက်၊ အမျက်အဖုတို့ကို ဖျင်၍ ချောမောကာ ထမ်းပိုးလုပ်စေ၏။ တုပ်နှောင်ထားသော ကျားသစ်၏ လက်ခြေများကြားမှ ထိုထမ်းပိုးကိုလျှိုကာ မြင့်ဆောင်နှင့် သာမြကို ထမ်းစေ၏။

ကျားသစ်သည် ပိဿာချိန် လေးဆယ်ကျော်ခန့်ရှိသော ကျားသစ်ကြီးဖြစ်၍ မြင့်ဆောင်နှင့် သာမြတို့ ဦးထမ်း ပဲ့ထမ်း ထမ်းနေကြသည်မှာ ခါးပင်ကုန်း၍နေကြ၏။

“မြင့်ဆောင်နဲ့ သာမြတို့ အားတင်းထမ်းထားကြကွာ။ တော်တော်ကြာမှ တစ်ယောက်တစ်လဲစီ ဝိုင်းထမ်းကြတာပေါ့ ဟုတ်လား”

ဘိုးသန်းမောင်က ပြောလိုက်ခြင်းဖြစ်၏။

“ဟုတ်ကဲ့ပါ ဘိုး။ ကျွန်တော်တို့ ထမ်းနိုင်ပါတယ်”

သပြေတောရွာသားများသည် ကျားသစ်တစ်ကောင်ကို အလဲအလှယ်ဖြင့်ထမ်းကာ ရွာဆီသို့ပြန်လာခဲ့ကြတော့သည်။

သည်နေ့သည် သပြေတောရွာသားများ၏ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ရဲရင့်ခြင်း၊ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ခြင်း၊ ဖေးမခြင်း၊ ကူညီခြင်းစသော ရွာသရုပ်ကို အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလားလေ။

– ပြီး –

စာရေးသူ – မြေလတ်မင်းလွင်

Leave a Reply

Your email address will not be published. Required fields are marked *