မောင်သိက္ခာ
နေသေးသပ ချုံထဲက
(၁)
ချုံထဲမှာခို၍ ချိုသွေးနေသော ကျွဲပေါက်ကို အကြောင်းပြုပြီး “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော စကားပုံတစ်ခု ပေါ်ထွန်းလာခဲ့သည်ဟု မှတ်သားမိဖူးပါသည်။
ယခု အဘဉာဏ်နှင့် ကြွက်နီတို့ မြေးအဘိုးနှစ်ယောက် တွေ့ရသော ချုံထဲမှ သတ္တဝါမှာ ချိုသွေးနေသော ကျွဲသိုးပေါက်တစ်ကောင် မဟုတ်ပါ။ ကုန်းပေါ်မှာ အလေ့ကျပေါက်နေသော ချုံလည်းမဟုတ်ပါ။ ရေထဲတွင် လူပြုပြင်ဖန်တီးထားသော ချုံအတွင်းမှာ ခိုအောင်းနေသည့် ငါးမြွေထိုးများ၊ ဆတ်ပုစွန်တုပ်ကြီးများ၊ ငါးနက်ပြာနှင့် ငါးခုံးမများသာ ဖြစ်နေပါသည်။
ဤချုံများလည်း အဘဉာဏ်တို့ ပြုလုပ်ဖန်တီးထားသော ချုံအတုများသာ ဖြစ်ပါ၏။
(၂)
ယခုလို နယုန်လ ဝါဆိုလ ရေပြာပေါက်ချိန်၊ အထက်အညာမှ တောင်ကျရေများ ဒလဟောကျစပြုပြီဖြစ်၍ ဧရာဝတီမြစ်ပြင်တစ်ခုလုံး တရိပ်ရိပ် ရေတက်စပြုနေပြီ။ စိမ်းမြမြရေပြင်အရောင်မှာ ရွှံ့နှစ်များဖြင့် နောက်ကျိစပြုပြီ။
ထိုအချိန်တွင် အဘဉာဏ်တို့ ချုံတန်းချသည့်လုပ်ငန်းကို စတင်လုပ်ကြရသည်မှာ နှစ်စဉ်နှစ်တိုင်း။
ရေတက်စပြုချိန်တွင် ဇလွန်ဘက်တန်းရွာမှ လူငယ်အချို့မှာ အပျင်းပြေ ကမ်းပါးစပ်တစ်လျှောက်တွင် ညအခါ လက်နှစ်ဖက်အားကိုးပြီး ပုစွန်စမ်းကြသေးသည်။ လက်နှစ်ဖက်ဖြင့် ပုစွန်လိုက်စမ်းသည်ပင် တစ်ဦးလျှင် သုံးဆယ်သားခန့်မျှ ပုစွန်တုပ်ကြီးများကို အသာကလေးရသည်။ စမ်းမိသော ဆတ်ပုစွန်များမှာလည်း တစ်ကောင်လျှင် အသေးဆုံး လက် ညှိုး လက်မလောက်တော့ ရှိသည်။ ပြီးတော့ ဝမ်းဗိုက်မှာ ဥများအပြည့်။
ဤအချိန် ကမ်းပါးစပ် ရေမတိမ် ရေမနက် အလောတော်နေရာတစ်လျှောက်တွင် ချုံတန်းများချထားပြီး ချုံတန်းတွင် ခိုအောင်းနေမည့် ငါး ပုစွန်များကို ဒိုင်းဝန်းဖြင့် ဖမ်းဆီးခြင်းဖြစ်၏။
အဘဉာဏ်၊ ကြွက်နီ၊ ပူတူးမ မြေးအဘိုးသုံးယောက်စလုံး အားလပ်ချိန်မရှိတော့။ ကိုင်းတံအဖြစ် အသုံးပြုရန် ဝါးကိုင်းအလောတော်များကို ရှာဖွေစုဆောင်းရသည်။
ဝါးကိုင်းတွင် ချုံများဆွဲချိတ်ရန် ကြိုးများလည်း ရှာဖွေရသေးသည်။ ပြီးတော့ ချုံအတုများ ဖန်တီးရပေဦးမည်။
ချုံများပြုလုပ်လျှင် အကောင်းဆုံးမှာ “ဆူးကြီးပင်” ခေါ် ဟင်းနုနယ်အရိုင်းပင်များမှာ အကောင်းဆုံးဖြစ်သည်။ ဆူးကြီးပင်၏အသားမှာ ပွပြီး ရေနူးမြန်သည်။ အကိုင်းအခက်အရွက်များ ရှုပ်ထွေးသည်။
ထို နူးလွယ်၊ ပွလွယ်သော ဆူးကြီးပင်ချုံအောက်တွင် ငါးများ၊ ပုစွန်များ အများဆုံး ခိုအောင်းနေလေ့ရှိတတ်သည်။
နူးပွနေပြီဖြစ်သော ဆူးကြီးပင်၏ အမြှေးကလေးများ၊ အရွက်အနုကလေးများကို ကြိုက်တတ်သော ငါးများ၊ ပုစွန်များက ချုံခိုကာ စားလေ့ရှိကြ၏။
အဲ ဆူးကြီးပင်များကိုသာ ချုံအဖြစ်ဖန်တီးနိုင်သေးသည်မဟုတ်။ အဘဉာဏ်တို့အရပ်မှာ ခေါ်ဝေါ်လေ့ရှိသော ဆေးရိုးပင်ခေါ် အုန္နဲပင်ကိုင်းများကိုလည်း အသုံးပြုနိုင်သေးသည်။ မန်ကျည်းကိုင်းကလေးများကိုလည်း အသုံးပြုတတ်သည်။
ဆေးရိုးနှင့် မန်ကျည်းကိုင်းများမှာ ဆူးကြီးပင်လို အသားမပွ။
သို့သော် အချိန်ကြာကြာ အသုံးပြုနိုင်သည်။ နွမ်းရိသွားခြင်း မရှိ။
အဘဉာဏ် ယခုနှစ်တွင် ချုံများချရန် နေရာများကို စီစဉ်သတ်မှတ်ပြီး ဖြစ်သည်။ ထို့ကြောင့် ကြွက်နီအား-
“ဟေ့ ကြွက်နီ၊ ငါနဲ့ ပူတူးမနဲ့က ကမ်းပါးရိုးတစ်လျှောက်မှာ ပေါက်နေတဲ့ ဆူးကြီးပင်တွေကိုရှာပြီးလိုက်နှုတ်မယ်။ မင်းတော့ ဓားတစ်လက်ယူသွားပြီး ဆေးရိုးနဲ့ မန်ကျည်းကိုင်းတွေ လိုက်ခုတ်ကွာ”
ဤသို့ အလုပ်တာဝန်များ ခွဲခြား၍ အဘဉာဏ်နှင့် ပူတူးမတို့က ဆူးကြီးပင်များ အရှာထွက်သလို ကြွက်နီကလည်း ဓားတစ်လက်ကို ခါးထိုး၍ ဆေးရိုးနှင့် မန်းကျည်းကိုင်းများခုတ်ရန် ရွှေဘိုတန်း၊ ရှမ်းစုရွာဘက်သို့ ထွက်သွားသည်။
ထိုနေ့က တစ်မနက်လုံး အတော်ကလေး ပင်ပန်းလိုက်၏။ ပူပြင်းသော နေရောင်အောက်မှာ မြေးအဘိုးလုံးယောက် ချုံတန်းချရသည်မှာ မသက်သာ။
အဘဉာဏ်တို့ ချုံတန်းချသည့်နေ့ကျမှ မိုးကမရွာ။ ကိုယ်အပေါ်ပိုင်း ကျောကုန်းတစ်ပြင်လုံး နေရှိန်ပူပြင်း၍ ချွေးတရွှဲရွှဲ ဖြစ်နေသလောက် ကိုယ်အောက်ပိုင်းက ရေထဲမှာ တစိုစို။
တော်ရုံတန်ရုံ မြို့ကြီးသားသာ ဤအလုပ်မျိုး လုပ်ရပါက တစ်ခါတည်း အပူရှပ်ကာ ဖျားသွားနိုင်သည်။
မကြာမီ အဘဉာဏ်တို့ ချုံတန်းချလုပ်ငန်း အကောင်အထည် ပေါ်ပါပြီ။
ဧရာဝတီကမ်းပါးတစ်လျှောက်တွင် ဝါးကိုင်းတံများမှတစ်ဆင့် ကြိုးဖြင့်ဆွဲချည်ထားသော ချုံအတုကလေးမှားမှာ မျက်စိတစ်ဆုံး။ ဤချုံကလေးများရှိလျှင် မကြာမီ ငါးကလေးများ၊ အထူးသဖြင့် ပုစွန်များ ချုံအောက်သို့ လာရောက်၍ ခိုအောင်းနေကြပေတော့မည်။
ငါးကလေး၊ ပုစွန်ကလေးများ၏ဘဝမှာ ဧရာဝတီမြစ်ရိုးတွင် အလွန်မျက်နှာငယ်ကြသူများပါ။
အားလုံးသော သတ္တဝါအမျိုးမျိုးနှင့် သဘာဝဒဏ်ကိုပါ သူတို့က ကြောက်နေကြရသည်။
လှိုင်းလေထန်သော ရေပြင်နက်နက် ရေလယ်ကောင်တွင် သူတို့တစ်တွေ ကူးခပ်နိုင်စွမ်း မရှိကြပါ။
အကယ်၍ ကူးခပ်နေနိုင်သည့်တိုင်အောင် အချိန်ကြာကြာ ကူးခပ်ပြီး နေဝံ့သော သတ္တိမရှိပါ။
ရေနက်တွင် ကျက်စားနေလေ့ရှိသော ငါးကြီးများ၏အစာ ဖြစ်သွားမည်။
ရေတိမ်ကမ်းပါးစပ်တွင် ခိုကပ်နေမှသာ သူတို့၏အသက် အတော်အသင့် ရှည်ရှည်နေရမည်။
သူတို့တွင် ရန်သူများ ဝိုင်းပတ်နေ၏။ ငါးကြီးများ၏ အန္တရာယ်သာရှိသည်လား၊ မဟုတ်ပါ။
အလွန်ပရိယာယ်များလှသော လူသားတို့၏အန္တရာယ်က ပိုမိုကြောက်စရာကောင်းသည်။
ခေါင်းပေါ်သို့ ရုတ်တရက်ပြန့်ကြဲကျလာပြီး ဖမ်းဆီးနိုင်သည့် ပိုက်ကွန်အမျိုးမျိုးရှိသည်။
အစာကို မှားယွင်းစားမိပါက ငါးမျှားချိတ်တွင် မိသွားနိုင်သည်။ အဝင်မှား၍ မြှုံးအတွင်းသို့လည်း ရောက်သွားနိုင်သည်။
အို နောက်ဆုံး ကမ်းပါးစပ်ရေတိမ်တိမ် ပပ်ကြားအက်ထဲဝင်၍ အနားယူနေလျှင်ပင် မတော်တဆ ပုစွန်စမ်းသူများ၏ လက်ထဲသို့ ကွိခနဲလည်း ရောက်သွားနိုင်သေးသည်။
အမျိုးမျိုးသော ငါးဖမ်းကိရိယာများကို ရှောင်ရသည်မှာလည်း အမော။ သဘာဝဒဏ်၊ ငါးကြီးများနှင့် လူသားတို့၏ အန္တရာယ်သာရှိသလား။
မဟုတ်သေးပါ။ ငှက်အမျိုးမျိုးတို့ကလည်း သူတို့ကို ဒုက္ခပေးနိုင်ပါသေးသည်။
ရေပေါ်သို့ ခေတ္တမျှ အသက်ရှူရန် အမှုမဲ့ အမှတ်မဲ့ ခေါင်းမဖော်လိုက်ပါနှင့်။ အခန့်မသင့်ပါက ရေတိန်ညင်းငှက်၊ စင်ရော်ငှက်၊ လင်းယုန်၊ ချိုး၊ သိမ်းငှက် စသည်တို့၏ နှုတ်သီးဖျားတွင် အသက်ပါသွားနိုင်ပါသေးသည်။
မိမိနေထိုင်ရာမှာ ရေတိမ်လွန်းပြန်ပါကလည်း ဗျိုင်း၊ ရေဘဲ၊ ငဟစ်ငှက်တို့၏ အစာလည်း ဖြစ်သွားနိုင်သည်။ သူတို့ဘဝ၊ ဘယ်ဘက်ကမှ မသက်သာ။
သည်တော့ အေးအေးဆေးဆေး ဘေးကင်းရာ ချုံများအောက်တွင် ခိုအောင်းနေသည်ကမှ အကောင်းဆုံး။
သူတို့၏ သဘာဝကိုကလည်း ချုံထဲတွင် ခိုအောင်းနေရသည်ကို နှစ်သက်ကြဟန်တူသည်။
ချုံအစစ်ထဲတွင် ခိုအောင်နေမိလျှင်မူ မထောင်းတာ။ ယခုကဲ့သို့ အဘဉာဏ်တို့ ဖန်တီးပြုလုပ်ထားသော ချုံအတုမျိုးကို ခိုလှုံမိမှားပါက ချုံထဲမှတစ်ဆင့် ပြန်လမ်းမရှိသော မရဏလမ်းသို့သာ မြန်းရချိမ့်မည်။
ဖမ်းဆီးပုံကိုလည်း ကြည့်ပါ။
အေးအေးဆေးဆေး လုံခြုံပြီအထင်နှင့် ချုံထဲတွင် ခိုလှုံအနားယူနေသော ငါးမြွေထိုးများ၊ ပုစွန်များ၊ ငါးနက်ပြာ၊ ငါးခုံးမ စသော ငါးကလေး၊ ပုစွန်ကလေးများကို ရေအောက်မှပင့်၍ ဒိုင်းဝန်းဖြင့် ဆယ်တင်လိုက်လျှင် သူတို့၏ အေးချမ်းသော ချုံကမ္ဘာကလေးမှာ တစ်မုဟုတ်ချင်း ပျက်သုဉ်းသွားပေတော့သည်။
“ဒိုင်းဝန်း” ဆိုသည်မှာ လက်နှစ်ဖက်မျှမက ကျယ်ဝန်းသည့် ဝါးခွေတွင် တပ်ဆင်ထားသော ပိုက်စိပ်စိပ်ထိုးထားသည့် ပိုက်အိတ်ကြီးတစ်အိတ်ပင်။ ထိုပိုက်အိတ် တပ်ဆင်ထားသော ဝါးခွေကြီးကို လက်ကိုင်ဝါးရိုးရှည်ရှည် တပ်ထားသည်။
ယခုခေတ်တွင်မူ ပြီးစလွယ် နိုင်လွန်ခြင်ထောင်ဇာဖြင့်ပင် ပိုက်အိတ်ပြုလုပ်ထားကြသည်လည်း ရှိသေးသည်။
ထိုပိုက်မျိုးကား ချုံခိုမှားသော ငါးကလေး၊ ပုစွန်ကလေးများအဖို့ တစ်ခါတည်း အသက်ပါသွားနိုင်သော ကိရိယာတစ်ခုပါပေ။
(၃)
ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ တောတန်းပေါ်မှ နေဝန်းနီနီ ထန်းတစ်ဖျားမျှ မြင့်နေသေးသည်။
အဘဉာဏ်တို့ တောရွာဓလေ့အတိုင်း ခေါ်ဝေါ်ရလျှင် “နေစွယ်ကျိုးချိန်” ရောက်ပြီ။
စက်နာရီနှင့်သာဆိုလျှင် ညနေလေးနာရီနီးပါးရှိပြီ။
နေဝန်းနီနီသည် သူ၏အပူရှိန်ကို ကမ္ဘာလောကအပေါ်သို့ ဖြန့် ကြဲထားသည်ကို မရုပ်သိမ်းသေး။
မြစ်တွေးငှက်ကလေးများ၊ ရေညှောင့်ကောင်ငှက်ကလေးများပင် သူတို့၏ အမြီးကလေးများကို အငြိမ်မနေ။ နိမ့်ချည်မြင့်ချည်ဖြင့် သဲသောင်ပြင်တွင် ဣန္ဒြေမရ။ ဟိုပြေး သည်လွှား အစာရှာစားနေတုန်းရှိသေးသည်။
အဘဉာဏ် ဒိုင်းဝန်းကိုကိုင်၍ အသာကလေး ရေထဲသို့ ဆင်းလိုက်၏။
ချုံဆွဲထားသော ကိုင်းတံဖျားမှာ အနားယူနေကြသော ပျံလွှားငှက်ကလေးများပင် အလန့်တကြား ထပျံသွားကြသည်။
ကြွက်နီကမူ သောင်စပ်မှနေ၍ ဖမ်းဆီးမိသော ငါးများ၊ ပုစွန်များထည့်ရန် ပုလုံးတစ်ခုကို လွယ်ပြီး အဆင်သင့်စောင့်ဆိုင်းနေသည်။
အဘဉာဏ်သည် ချုံအောက်ရှိ ရေထဲသို့ ဒိုင်းဝန်းကိုမြှုပ်၍ ချုံပါရောပြီး ရေပေါ်သို့ ပင့်မ၍ တင်လိုက်သည်။ ထို့နောက် ပိုက်ထဲတွင် ပါလာသော ချုံကလေးကိုခါပြီး ပိုက်အတွင်းမှ အပြင်သို့ ချလိုက်သည်။
“ဟာ အဘရေ မနည်းဘူးဗျ၊ ဒီတစ်ခါ ပုစွန်ဆတ်ထုပ်တွေ အတော်ကလေးပါလာသဗျ”
ကြွက်နီက ဝမ်းမြောက်ဝမ်းသာ အော်လိုက်၏။ အဘဉာဏ်မှာလည်း မျှော်မှန်းသလို တွက်ခြေကိုက်သွားသဖြင့် တပြုံးပြုံး။
ဟုတ်ပါသည်။
ဒိုင်းဝန်းအတွင်းမှ ပုစွန်များသည် တဖျပ်ဖျပ်ခုန်၍ တဆတ်ဆတ်တောက်၍ သူတို့၏လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြ၏။ သို့သော် လွတ်လမ်းမမြင်ပါ။
ငါးမြွေထိုးများကလည်း တွန့်၍ လိမ်၍ သူတို့၏ ခေါင်းချွန်ချွန်ကလေးများဖြင့် ပိုက်ပေါက်အကွက်မှ ထိုးထွက်နေကြ၏။ သို့သော် ပိုက်ပေါက်ကွင်းများမှာ သူတို့၏ခေါင်းထက် ကျဉ်းမြောင်းနေသဖြင့် တိုးမ ထွက်နိုင်ပါ။
ငါးနက်ပြာ၊ ငါးခုံးမ စသော ငါးကလေးများမှာမူ ရေပေါ်သို့ ဒိုင်းဝန်းကို ဆွဲတင်လိုက်ကတည်းက ပါးဟက်ကလေးများကို ဖွင့်ချည်ပိတ်ချည်လုပ်၍ ပါးစပ်ကလေးများကို ဟ၍ အသက်ကို မဝတဝ ရှူနေကြပါပြီ။
မကြာမီ ခန္ဓာစဲ၍ သေပွဲဝင်ကြပေရော့မည်။
ထိုငါးမျိုးများမှာ ကုန်းပေါ်ရောက်လျှင် သေလွယ် ပုပ်လွယ်ကြသောကြောင့် “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဟူသော ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် အဘဉာဏ်တို့ မြေးအဘိုးမှာတော့ ငါးများ ပုစွန်များ ရလေလေ သူတို့၏ မျက်နှာများမှာ သကာရည်လောင်းထားဘိသကဲ့သို့ ချိုချိုပြုံးလေလေ။
အဘဉာဏ်သည် တစ်ချုံပြီးတစ်ချုံ ရွှေ့၍ ဒိုင်းဝန်းကြီးဖြင့် ပင့်တင်နေသည်နှင့်အမျှ ကြွက်နီ၏ ပခုံးဘေးမှ တနင့်တပိုးလွယ်ထားသော ပလုံးကြီးမှာလည်း ငါးပုစွန်အရွယ်အစားမျိုးစုံတို့ဖြင့် ပြည့်၍ ပြည့်၍ လာသည်။
နေမင်းကား အနောက်ဘက်တောစပ်သို့ တရွေ့ရွေ့ နိမ့်ဆင်းနေချေပြီ။ တောတန်းပေါ်တွင် ဘောလုံးနီနီကြီး တင်ထားသကဲ့သို့ပင် ဖြစ်နေချေပြီ။ နေအေးချိန် ရောက်စပြုပြီ။
အဘဉာဏ်တို့ မြေးအဘိုးမှာမူ သူတို့၏ဝမ်းရေးအပူကို ငြိမ်းအေးစေမည့် ငါးများ၊ ပုစွန်များ ရနေမှုကြောင့် သူတို့၏ ကျောကုန်းများပေါ်သို့ အချိန်ကြာမြင့်စွာ ရက်ရက်စက်စက် ထိုးကျနေသော နေအပူရှိန်ကိုပင် ဂရုမထားမိ။
ကြာတော့ နေမင်းကအရှုံးပေးသွားဟန်တူ၏။ မကြာမီ သူ၏ အပူရှိန်ကို ရုပ်သိမ်း၍ တောတန်းနောက်သို့ ငုပ်လျှိုးသွားပေတော့မည်။
ချုံများအားလုံးကိုလည်း ဖော်ပြီးပြီ။ ဆကာကြီးဈေးတော့ မီတန်ကောင်းပါရဲ့။
ဟယ် … ခပ်သုတ်သုတ်ကလေး ပြေးနိုင်ခါမှ တော်ရုံကျမည်။ ထို့ကြောင့် အဘဉာဏ်က-
“ကဲဟေ့ ကြွက်နီ၊ ဒီငါးတွေ ပုစွန်တွေယူပြီး ငါတော့ ဆကာကြီးဈေးကို မြန်မြန်ကလေး ပြေးလိုက်ဦးမယ်ကွ။ အများကြီးရရင်လည်း ဓနုဖြူဒိုင် သွားသွင်းရ အကောင်းသားကွာ။ အခုတော့ မနည်း မများနဲ့ တို့ရထားတဲ့ ငါးတွေ၊ ပုစွန်တွေကို ဆကာကြီးဈေးထဲမှာပဲ ဖောက်သည်ပေးလိုက်မယ်ကွာ။ မင်းတော့ ဒီဒိုင်းဝန်းကြီးယူပြီး အိမ်ကိုပြန်နှင့်တော့”
“ဟုတ်တယ် အဘ၊ မြန်မြန်ကလေး ဈေးအမီသွားမှ ကောင်းမယ်။ သူတို့မယူတဲ့ ပုစွန်ကလေး၊ ငါးခုံးမကလေးတွေကို အိမ်ပြန်ယူလာပြီးမှ ကျွန်တော်တို့အတွက် ညစာချက်ကြတာပေါ့”
ကြွက်နီသည် ဒိုင်းဝန်းကို ပခုံးတွင်ထမ်း၍ နေအိမ်ရှိရာ ဇလွန်ဘက်တန်းရွာဘက်သို့ ပြန်သွားသလို အဘဉာဏ်ကလည်း ပလုံးကိုလွယ်ကာ ဆကာကြီးဈေးဘက်သို့ ထွက်ခွာ၍ မြေးအဘိုးနှစ်ယောက်သား လမ်းခွဲသွားနေကြလေပြီ။
အဘဉာဏ်တို့ဘဝကား သူတို့ဖမ်းဆီးမိသော ငါးပုစွန်များမှ အညံ့ဆုံး ဝယ်သူမရှိသော သို့မဟုတ် တန်ဖိုးနည်းပါးသော ငါးခုံးမလို ငါးကလေးများ၊ ပုစွန်ကလေးများကိုမှ စားရသောက်ရသော ဘဝဖြစ်နေ သည်။
“အိုးသည် အိုးကောင်းမသုံးရ”
“လက်သမား အိမ်ကောင်းမနေရ”
ဆိုသော စကားနှင့် ဘာများထူးခြားပါသနည်း။
သည်စကားပုံများ ဘဝင်မကျစရာ။ ဆင်းရဲသား ငမွဲဆိုသည်မှာ အစားကောင်း အနေကောင်းနှင့် မတန်။
မင်းတို့နေရာမှန်က မွဲမြဲ မွဲနေစေ၊ ငတ်မြဲ ငတ်နေစေဟုပင် ဆိုနေသလိုလို။
ယခုအထိတော့ အဘဉာဏ်တို့မှာ သည်အတိုင်းပင် ဖြစ်နေချေသေးသည်။
ဟယ် … ဒါတွေ အချိန်ကြာကြာတွေးနေဖို့ အချိန်မရ။ လက်လှုပ် ခြေလှုပ်နိုင်ပါမှ ပါးစပ်လှုပ်နိုင်သော အဘဉာဏ်တို့လို အောက်ဆုံးအလွှာမှ တံငါသည်များအဖို့ တွေးတောချိန်၊ စဉ်စားချိန် များများရော ဘယ်သို့ ရနိုင်ပါမည်နည်း။
နောက်ဆုံးတော့ မတွေးတတ်သည့်အတူတူ ဟိုဘဝက ဒါနပါရမီမရှိလို့ အခုဘဝမှာ မွဲနေသည်ဟုပင် လွယ်လွယ်ကူကူ ကံကိုသာ ရိုးမယ်ဖွဲ့လိုက်ပြီး မကျေမနပ်သောစိတ်ကို ဖြစ်သည့်နည်းဖြင့် ခေတ္တဖြေသိမ့်လိုက်ရသည်မှာ ထုံးစံ။
(၄)
“မိညှက်ကလည်းဟာ၊ နင်ပေးတဲ့ဈေးက မနည်းဘူးလားဟ”
အဘဉာဏ်သည် မကျေမနပ်ဖြင့် ငါးများ ပုစွန်များ ဖောက်သည်ယူသည့် ငါးစိမ်းသည် ဒေါ်ညှက်အား ပြန်ပြောလိုက်သည်။
“အို အဘဉာဏ်ရယ်၊ ဒီပုစွန်တွေ ငါးတွေ ယူလာတဲ့အချိန်ကိုလည်း ကြည့်ပါဦး။ ညနေပဲ စောင်းနေပြီ။ ရန်ကုန်တို့ ဓနုဖြူတို့မှာလို ရေခဲရိုက်ပြီး နောက်တစ်နေ့အတွက်လည်း ထားနိုင်တာ မဟုတ်ဘဲနဲ့။ အဘဉာဏ် စဉ်းစားကြည့်စမ်းပါ။ ဈေးမှာ ဒီငါးတွေ ပုစွန်တွေ မကုန်ရင် အရပ်ထဲလျှောက်ပြီး လျှော့ဈေးနဲ့ ကျုပ်က အော်ဟစ်ပြီး ရောင်းရဦးမှာကော မတွေး မိဘူးလား။ ကျုပ်တော့ ဒီဈေးပဲ ပေးနိုင်မယ်တော်”
သူ့ဆင်ခြေနှင့် သူ့အကြောင်းပြချက်က မှန်ကန်နေသည်။ အဘဉာဏ်တွင် ငါးမြွေထိုး၊ ငါးနက်ပြာ စသော ငါးများက မဆိုစလောက်သာပါ၍ ဈေးနှုန်းအတွက် အငြင်းမပွား။
အဘဉာဏ် ယခုယူလာသည်က ဝမ်းဗိုက်အတွင်း ဥများဖြင့်ပြည့်နေသော ဆတ်ထုပ်ပုစွန်ကြီးများက အတော်ကလေးများသည်။
မနက်က သူတို့အိမ်အနားမှ ဒေါ်ဘုမ ဆွမ်းလှည့်ကျသဖြင့် တစ်ပိဿာ နှစ်ဆယ်ဈေးနှင့် ဝယ်သွားသော ပုစွန်တုပ်များပင် ယခုပုစွန်လောက် မကြီးသည်ကို အဘဉာဏ် အသိ။
ယခု သူ့ပုစွန်ကျမှ ငါးစိမ်းသည် ဒေါ်ညှက်က တစ်ပိဿာ ဆယ့်ငါးကျပ်ဈေးသာ ပေးဝယ်နေသည်။
မနက်စောစောမို့ နှစ်ဆယ်ဈေးရသည်မှာ မှန်သည်။ ယခုမူ ရောင်းချိန်လည်း မရှိတော့။ သူ့ကံ ကိုယ့်ကံမို့ တစ်ပိဿာ ဆယ့်ငါးကျပ်ဈေးသာ ပေးနိုင်မတဲ့။
ထုံးစံအတိုင်း ငါးမူးလျှော့ငွေချေဆိုလျှင် တော်သေး။
အဲ … ငါးမူးလျှော့ဆိုသည်မှာ အဘဉာဏ်တို့လို တံငါသည်များက သူတို့ဖမ်းမိသော ငါးများကို ဒေါ်ညှက်တို့လို ငါးစိမ်းသည်များအား ပထမ ငါးရောင်းရန် အပ်ထားလိုက်ရသည်။
ထိုနေ့ကငါးများ နှစ်ဆယ်ဈေးနှင့် ရောင်းလိုက်ရသည် ဆိုကြပါစို့။ အဘဉာဏ်တို့ကို ငါးမူးလျှော့၍ ဆယ့်ကိုးကျပ်ခွဲဖြင့် ပြန်လည်ပေးချေသည်။ ငါးသည်များက ရောင်းခအဖြစ် တစ်ပိဿာလျှင်ငါးမူးယူသည်။ ဤသို့သော စနစ်ကို “တကဲရုပ်” ရောင်းသည်ဟုလည်း ခေါ်ကြသည်။
အခြားနည်း ရှိသေးသည်။ ငါးများ ပုစွန်များ ပထမ ဝယ်သူလိုက်၍ ရောင်းကောင်းသဖြင့် နှစ်ဆယ်ဈေးနှင့် ရောင်းရသည်။ နောင် တဖြည်းဖြည်းငါးများအရောက်များလာ၍ သို့မဟုတ် ဝယ်သူနည်းလာ၍ အပြိုင်အဆိုင် တစ်ဆယ်ဈေးနှင့်သာ လျှော့ရောင်းလိုက်ရသည် ဆိုကြပါစို့။ အဘဉာဏ်တို့အား ပျှမ်းမျှဈေး တစ်ဆယ့်ငါးကျပ်ဈေးနှင့်သာ ပေးချေသောနည်းဖြစ်သည်။
အချိန်များသော ငါးကြီးများမိလျှင်မူ ဆကာကြီးဈေးတွင်ရောင်း၍ မကုန်နိုင်။ ထိုအခါ ရန်ကုန်ပို့ရန် ငါးကြီးကို အူထုတ်ပြီး ဓနုဖြူငါးအဝယ်ဒိုင်သို့ သွားပို့ကာ ရောင်းရသည်။
ဓနုဖြူငါးဒိုင်မှ ယမန်နေ့က ရန်ကုန်မြို့တွင် ပေါက်ဈေးနှင့် ငွေချေသော ဘောက်ချာပြေစာကိုပြပြီး တစ်ကျပ်ခွာနှင့် ဝယ်သည်။ ဆိုလိုသည်မှာ ရန်ကုန်ပေါက်ဈေး တစ်ပိဿာလျှင် နှစ်ဆယ်ဟု ဘောက်ချာပြေစာတွင်ပါလျှင် တစ်ဆယ့်ကိုးကျပ်ဈေးသာပေး၍ ငွေချေသည်။
အဘဉာဏ်တို့အဖို့ ဤမျှလောက်ငွေကို လျှော့ယူရသည်မှာ မထောင်းတာ။ သူတို့လည်း သူတို့အတွက် အကျိုးအမြတ်မရှိလျှင် ဘယ်သို့ လုပ်နိုင်ပါမည်နည်း။
သို့သော် အဘဉာဏ်တို့လို တံငါသည်များမသိဘဲ အနစ်နာခံလိုက်ရသည်များ ရှိနေသည်။
အချို့မရိုးသားသော ဖောက်သည်များက ချိန်ခွင်၊ ရာဇူ၊ ကတ္တား စသည်တို့ကို မရိုးမသား ချိန်တွယ်ယူသောကိစ္စများပါ။
ချိန်ခွင်ကို ကြိုးတစ်ဖက်နှင့်တစ်ဖက် အတိုအရှည် မသိမသာခွာ၍ထားကာ “ဘောင်တို ဘောင်ရှည်” ချိန်နည်းဖြင့် ငါးအချိန်ကို ခိုးယူကြ၏။
အချို့က ချိန်ခွင်လက်ကိုင်ကို လက်ဖနောင့်ဖြင့် မှေးကိုင်ထားကာ ချိန်ခွင်လျှာမထွက်စေဘဲ ခိုးယူသောနည်းလည်း ရှိသေးသည်။
အလေးများကလည်း မှန်ချင်မှ မှန်မည်။ သူတို့ရောင်းသည့်အလေးနှင့် ဝယ်သည့်အလေး တစ်မျိုးစီထားတတ်ကြသူများလည်း ရှိသည်။
ပြီးတော့ အခြောက်နှင့် အစို။
အဘဉာဏ်တို့ထံမှ ဝယ်သောအခါ ငါးများ ပုစွန်များကို ရေလွတ် အခြောက်ချိန်ယူတတ်ကြသော်လည်း သူတို့ရောင်းတော့ ရေစွတ်စွတ်ဖြင့် လောင်းကာ ချိန်တွယ်ပေးခြင်းဖြင့် အကျိုးအမြတ်အများကြီးရသွားသည်။
ယခုအဘဉာဏ်တို့ရောင်းသော ပုစွန်ဥအပြည့်နှင့် ဆတ်ထုပ်ကြီးများဆိုလျှင် အဘဉာဏ်တို့ရောင်းတော့ ရေလွတ်အခြောက်ချိန်တွယ်ပေးရမည်။
သူတို့လက်ထဲရောက်သည်နှင့် လင်ဗန်းထဲကို ပုစွန်တုပ်များထည့်ပြီး ရေမြုပ်အောင် လောင်းလိုက်မည်။ ပြီးတော့ ပုစွန်ဥများကိုလက်ဖြင့် လှုပ်ခါ၍ရေအောက်သို့ အနည်ထိုင်ကျသွားစေမည်။
ပုစွန်များကို ဆယ်ယူလိုက်သောအခါ ရေအောက်တွင်ပုစွန်ဥများ သီးခြားကျန်ရစ်ခဲ့သည်။ ထိုပုစွန်ဥများကို အထူးဈေး တစ်ပိဿာလျှင် ငွေငါးဆယ်ဈေးလောက်အထိ ရောင်းရသည်။
ပုစွန်ဥများကို မုန့်ဟင်းခါးချက်ရန် မုန့်ဟင်းခါးသည်များနှင့် ငွေကြေးတတ်နိုင်သူများက ကြော်စားရန်၊ သို့မဟုတ် ဟင်းခတ်လုပ်ရန် ဝယ်ကြ၏။ ပုစွန်ဥသည် အလွန်ချို၍ ဟင်းခတ်ရာတွင် ထိရောက်သောအရသာရှိသည့် ဟင်းလျာမဟုတ်ပါလော။
ပုစွန်ဥများ မရှိတော့သော ပုစွန်တုပ်ကြီးများမှာလည်း ဥမပါတော့သဖြင့် အလေးချိန်လျော့သွားပြီဟု မထင်လိုက်ပါနှင့်။ ရေစိမ်ထားသဖြင့် မူလအလေးချိန်ထက် လျော့နည်းသွားခြင်း မရှိ။ ပုစွန်ဥအတွက် အမြတ်များရလိုက်သည်ကသာ အနင့်သား။
ဤသို့သော နည်းအမျိုးမျိုးဖြင့် အဘဉာဏ်တို့လို တိုက်ရိုက်ဖမ်းဆီးရှာဖွေရသော တံငါသည်များက တန်ဖိုးအဖြစ် ငွေတစ်ကျပ်ရသော ငါးနှင့် ပုစွန်များသည် ကြားမှ ငါးစိမ်းသည်၊ ဖောက်သည် ငါးဒိုင်၊ ငါး ရွဲငါးပွဲစား၊ လက်ကားရောင်းသူ၊ လက်လီရောင်းသူများ အဆင့်ဆင့်၏ အကြံအဖန်အမျိုးမျိုးထုတ်ပြီး အမြတ်ယူမှုကြောင့် နောက်ဆုံး စားသုံးသူထံ ရောက်သောအခါ အဘဉာဏ်တို့ ရရှိလိုက်သော တစ်ကျပ်တန်ငါးကို အနည်းဆုံး တစ်ကျပ်ခွဲနှုန်းဖြင့် ဝယ်စားရသော အခြေသို့ ရောက်သွားရသည်။
အမြတ်အစွန်းကို ပင်ပင်ပန်းပန်းမလုပ်သူ ကြားသမားများက စားသွားကြခြင်း ဖြစ်သည်။
အဘဉာဏ်တို့ ဘာများ တတ်နိုင်ပါမည်နည်း။ တတ်နိုင်သရွေ့ ကြားသမားများ နည်းပါးလျှင် အဘဉာဏ်တို့ တန်ဖိုးပိုရလာမည်ဖြစ်သလို စားသုံးသူများမှာလည်း ယခုထက် ဈေးသက်သာစွာ စားသုံးနိုင်မည်။
ယနေ့အထိတော့ သည်အခြေအနေက မတက်သေးပါချေ။
(၅)
အဘဉာဏ်သည် မြေးအဘိုးသုံးယောက် ညစာအတွက် ငါးခုံးမကလေးများနှင့် ပုစွန်ဆိတ်ကလေးအနည်းငယ်ကို ပလုံးတွင် ထည့်လိုက်သည်။ ပုစွန်ဖိုးရသော ငွေစကလေးကို ဆုပ်ကိုင်၍ ကုပ်ချောင်းချောင်းဖြင့် နွမ်းလျစွာ အိမ်သို့ပြန်ခဲ့၏။
သူ၏ နစ်နာချက်များကို တစိမ့်စိမ့်တွေး၍ ဝမ်းနည်းနေမိ၏။
“တောက် နှစ်ဆယ်တန်ပစ္စည်းကို ဆယ့်ငါးကျပ်နဲ့ရောင်းရတာ နာသကွာ”
အချိန်က မှောင်စပျိုးပြီ။ ဆကာကြီးမှ လမ်းမီးများပင် လင်းနေပြီ။
အိမ်တွင် ကြွက်နီနှင့် ပူတူးမနှစ်ယောက် ထမင်းတော့ ချက်ထားတန်ကောင်းပါရဲ့။ သူ့တွင်ပါလာသော ငါးခုံးမကလေးများနှင့် ပုစွန်ဆိတ်ကလေးများကိုတော့ အိမ်ရောက်မှ ဟင်းချက်ရမည်။
ဝမ်းဗိုက်က တစ်နေ့လုံးပင်ပင်ပန်းပန်းလုပ်ကိုင်ရသဖြင့် ဆာလာပြီ။ ထမင်းစားရဖို့ အချိန်ကို အတော်ကလေး စောင့်ရဦးမှာပါတကား။
အဘဉာဏ်တို့ဘဝမှာ ဤအဖြစ်မျိုးက ရိုးနေချေပြီ။
ရေသတ္တဝါများတွင် မျက်နှာအငယ်ဆုံး၊ အနိမ့်ကျဆုံး၊ အောက်ဆုံးအလွှာ ချုံထဲမှ ငါးကလေး ပုစွန်ကလေးများကို လူ့လောကအောက်ဆုံးအလွှာ ချုံထဲမှ အဘဉာဏ်တို့က ဖမ်းဆီး၍ အသက်မွေးရခြင်းဖြစ်သည်။
ချုံထဲမှ သတ္တဝါအချင်းချင်း တစ်ဦးနှင့်တစ်ဦး ဘာများကော ထူးခြားပါသနည်း။
အဘဉာဏ်တို့လို အောက်ဆုံးအလွှာမှ လူများ စိတ်ဓာတ်နိမ့်ကျလာပြီဆိုလျှင် အားမာန်တင်းသည့်အနေဖြင့် ဟစ်ကြွေးတတ်ပါ၏။
တစ်နေ့တော့ လူလူသူသူ ဖြစ်စေရမပေါ့။
“ဟယ် … နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” တဲ့။
အဘဉာဏ်တို့ တစ်နေ့တော့ ချုံထဲက ထွက်နိုင်မည်ထင်သည်။
“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော စကားပုံရှိသော်လည်း အဘဉာဏ်တို့၏ အခြေအနေက-
“နေသေးသပ ချုံထဲက၊ ချိုသွေးသပ ချုံထဲက” ဟုသာ ဟစ်ကြွေးရမလို ဖြစ်နေသည်။
ချုံထဲမှာပင် တဝဲလည်လည် မထွက်နိုင်အောင်ဖြစ်နေရသော အဘဉာဏ်တို့ဘဝ။
မြမြထက်အောင် ချိုလည်း မသွေးနိုင်သေး။
ချုံထဲကလည်း မထွက်နိုင်သေး။
အဘဉာဏ်တို့ ဘဝကား-
ကျွဲသိုးပေါက်လား၊ ငါးကလေး ပုစွန်ကလေးများလား။ ။
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၅၊ အမှတ် ၄၁၄၊
နိုဝင်ဘာလ၊ ၁၉၈၁)
– ပြီး –
စာရေးသူ – မောင်သိက္ခာ