ဝင်းဇော် (သုံးဆယ်)
နောက်လိုက်မုဆိုး
သည်တစ်ခါ ခရီးသွားရန် ပြင်ဆင်သောအခါ မန္တလေးမှ ဖွားလေးဆီသို့ အလည်အပတ်သွားဦးမည်ဟု အကြောင်းပြရသည်။
အဖေနှင့် အမေက ကျွန်တော် အမဲလိုက်သည်ကို မကြိုက်။ အထူးသဖြင့် တောတောင်ထဲတွင် အန္တရာယ်တစ်စုံတရာနှင့် ကြုံတွေ့မည်ကို အမေက စိုးရိမ်သည်။
“မင်းက ဂျီ၊ ဆတ်၊ ဒရယ်တွေကို သတ်ဖို့သွားတယ်။ မင်းကို သားကောင်ကြီးတွေက ရန်ပြုလို့သေရမှာကို မကြောက်ဘူးလား။ သားကောင်ဖြစ်သွားသော မုဆိုးဆိုတဲ့ ဇာတ်လမ်းတွေကို အမေက ဖတ်ဖူးတော့ မင်းကို အမေက တောထဲမှာ အမဲလိုက်တာ သဘောမကျဘူး”
“ကျွန်တော်က ငယ်စဉ်ကတည်းက စွန့်စားတာကို ဝါသနာပါခဲ့တာ အမေရ။ တစ်ယောက်တည်း သွားတာမှ မဟုတ်တာ။ အဖွဲ့နဲ့ သွားတာပဲ၊ ဘာမှ စိုးရိမ် စရာ မရှိပါဘူး အမေရယ်”
“ငါ့သားသာ တစ်စုံတစ်ခုဖြစ်သွားရင် အမေကသေမှာ “
“အမေစိတ်ချမ်းသာအောင် ကျွန်တော် တောပစ်မသွားဘူးဗျာ။ ဘယ်နှယ့်လဲ ကျေနပ်ပြီလား”
ကျွန်တော့်စကားကြောင့် အမေ ပျော်ရွှင်သွားပုံရသည်။ ကျွန်တော်က ပြန်မပြော နားမထောင်သမား။ မိဘများရှေ့မှာတော့ ဟုတ်ကဲ့ဆိုပြီး စကားနားထောင်သလို နေပြတတ်သည်။ ကွယ်ရာမှာတော့ ကိုယ်လုပ်ချင်တာ လုပ်နေတတ်သည်။
မန္တလေးသို့သွားမည်ပြောပြီး ကားဂိတ်သို့ ထွက်လာခဲ့၏။ အမေက ဖွားလေးအတွက် စားစရာများ ဝယ်မပေးသည်ကိုပင် ကျေးဇူးတင်နေမိသည်။
ရန်ကုန်မှ ဆင်းလာသည့် မြေလတ်သားကားဖြင့် ပြည်သို့ စီးလာခဲ့သည်။ ပြည်မြို့အဝင် သရက်တပင်ဆိပ်ကမ်းမှ ဆင်တဲသို့ ဇက်ဖြင့်ကူးသည်။
ထိုစဉ်က ပြည်မှ ဆင်တဲသို့ ဖြတ်ဆောက်ထားသည့် တံတားကြီး မရှိသေးပါ။ ဆင်တဲမှ ပန်းတောင်းမြို့သို့ Hilux ကားဖြင့် စီးလာခဲ့သည်။
အဒေါ်ဝမ်းကွဲအိမ်သို့ ကျွန်တော် မသွားရဲ။ အဒေါ်က ကျွန်တော် အမဲပစ်လာသည်မှန်းသိလျှင် အိမ်သို့ အားချင်း ပြန်ခိုင်းမည်ကို သိနေ၍ဖြစ်သည်။
လမ်းတွင်တွေ့သော သူတစ်ဦးအား ကိုခင်မောင်ကျော်အား ခေါ်ခိုင်းလိုက်မိသည်။
“ကိုခင်မောင်ကျော်က ညောင်ကျိုးရဲကင်းမှာ တာဝန်ကျ နေပါတယ်”
ပို၍ ဟန်ကျသွားသည်။ ပန်းကောင်းကားဂိတ်မှ BM ကားဖြင့် ညောင်ကျိုးသို့ လိုက်လာခဲ့သည်။ ကိုခင်မောင်ကျော် တာဝန်ကျနေသည့် ညောင်ကျိုးစခန်း သည် ပန်းတောင်းနှင့် တောင်ကုတ်လမ်းအလယ်တွင်ရှိသော တောင်ပေါ်စခန်းတစ်ခုဖြစ်သည်။
“မင်းလာတာ အတော်ပဲ။ ငါက မုဆိုးစောဖသာတို့နဲ့ အမဲပစ်လိုက်မလို့”
“ဟာ… ရေငတ်တုန်း ရေတွင်းထဲကျတာပဲ”
ထိုနေ့က ကိုခင်မောင်ကျော်၏ ရဲကင်းတွင် စာဖတ်ရင်း အနားယူနေလိုက်သည်။ ညနေတွင် မုဆိုး စောဖသာက ရဲကင်းသို့ ရောက်လာသည်။ ကိုခင်မောင်ကျော်က ထမင်းဆိုင်တွင်မုဆိုးစောဖသာကို အရက်ဖြင့် ဧည့်ခံ၏။
မုဆိုးစောဖသာက အရက်ရှိန်ကလေးရလာလျှင် ကျွန်တော့်ကို အရက်အတင်းတိုက်သည်။ ကျွန်တော်က ခေါင်းခါပြလိုက်သည်။
“သောက်တတ်အောင် လေ့ကျင့်ထားကွ။ ဒါမှ အပင်ပန်းခံနိုင်မှာ.”
“မသောက်လည်း အပင်ပန်းခံနိုင်ပါတယ်။ ကျွန်တော်က အလေးမသမားဗျ။ ဘယ်လောက်ခရီးကိုသွားမလဲ လျှောက်နိုင်တယ်။ သန်မာပြီးသားပါ မုဆိုးကြီးရယ်”
“အေးလေ၊ မနက်ဖြန်ကျတော့မှ ဟုတ် မဟုတ် ကြည့်ကြသေးတာပေါ့”
ကျွန်တော်က ရယ်နေလိုက်သည်။
မုဆိုးစောဖသာသည် အရက်ရှိန်တက်လာလေ စကားများလာလေ ဖြစ်သည်။ ကျွန်တော် ရဲကင်းတွင် ပြန်၍ အိပ်နေလိုက်သည်။
အဖေနှင့် အမေကတော့ ကျွန်တော့်ကို ရထားကြီးစီးပြီး မန္တလေးသို့ သွားပြီဟု ထင်နေကြမည်မှာမလွဲ။ ကျွန်တော်သည် ဟိုသည်တွေးရင်း အိပ်ပျော်သွား လေသည်။
နံနက် (၄)နာရီတွင် နာရီနှိုးစက်မြည်သံကြောင့် ကျွန်တော် အိပ်ယာမှ နိုးသွားသည်။ အိပ်ယာမှ ထလာခဲ့သည်။ မျက်နှာသစ်ပြီး တောတွင်းသို့ယူမည့် အဝတ်အစားနှင့် အစားအစာများကို ကျောပိုး အိတ်ထဲသို့ ထည့်သည်။
“စောဖသာကြီး ညက မူးပြီး ပြန်သွားတာကွ။ အရက်တော့ တော်တော်ကြိုက်တဲ့လူ”
ကိုခင်မောင်ကျော်က ပြောသည်။
“သူက တောထဲမှာလည်း အရက်သောက်တာပဲလား”
“ဆိုင်ရာပိုင်ရာတွေကို တင်မြှောက်ပြီး သောက်တာပေါ့”
ကျွန်တော်နှင့် ကိုခင်မောင်ကျော်က ထမင်းဆိုင်ရှေ့မှ ထိုင်စောင့်နေမိသည်။ မကြာမီတွင် စောဖသာက တူးမီးသေနတ်ကိုထမ်းလျက် ကျောပိုးအိတ်လွယ် ကာ ရောက်လာသည်။
“ဟ ငါ့လူတို့က ရောက်နေပြီပဲ”
“မြန်မာစောစောနေထွက် ဆိုတဲ့ စကားပုံရှိနေတာပဲ”
“နေတော့ မထွက်သေးပါဘူး။ အလင်းရောင်လေးတော့ လာနေပြီ … တောထဲဝင်ကြစို့”
စောဖသာက ဦးဆောင်၍ တောင်အောက်သို့ ဆင်းသွားသည်။ ညောင်ကျိုးစခန်းသည် တောင်ပေါ်၌ ရှိသည်။ သည်ဒေသရှိ ကျောက်တောင်များက မတ်စောက်သည်။ ကျောက်သားကြားမှ ထိုးထွက် ပေါက်နေသော သစ်ပင်ကြီးများသည် အလွန်မြင့်မားသည်။ နေရောင်ခြည်ရစေရန် ထိုးတက်လာ ကြဟန်ရှိသည်။ တောင်အောက်သို့ရောက်မှ ညောင်ကျိုးစခန်းကို လှမ်း၍ကြည့်မိသည်။
မုဆိုးစောဖသာသည် မုဆိုးအလုပ်ဖြင့် အသက်မွေးနေသူဖြစ်၏။ သူဖမ်းဆီးရရှိလာသော သားကောင်အသားကို ညောင်ကျိုးစခန်းမှ ထမင်းဆိုင်များသို့ ရောင်းချသည်။
တောင်အောက်မှ ဆက်လက်ခရီးနှင်ခဲ့ရာ အုပ်ဆိုင်းညှို့မှိုင်းနေသော တောတွင်းသို့ ရောက်လာသည်။ စောဖသာက တောပိုင် တောင်ပိုင်များကို အရိုအသေပြုပြီး ဟင်းစားသားကောင်ကို ရှာဖွေဖမ်းဆီးခွင့်ပြုရန် တောင်းသည်။
သည်တောက မျောက်အလွန်ပေါသည်။ မျောက်အရှင်လတ်လတ် ဖမ်းမိလျှင် ဈေးကောင်းရသည်။ မျောက်အရှင်ကို သတ်ပြီး မျောက်ဦးနှောက်ကို အရက်သောက်ရာတွင် အမြည်းအဖြစ် စားသုံးကြသည်။ မြင်ရသူအဖို့တော့ အသည်းထိတ်စရာ။
ကျောက်တောင်ငယ် လေးလုံးဆုံနေသည့် နေရာခြေဆင်းတွင် ကျောက်ရေအိုင်ကြီးဖြစ်နေသည်။ ကျောက်ခွက်ရေတို့သည် ကြည်လင်နေသည်။ ကျေးငှက်များက အစာကို ကိုက်ချီလာပြီး ကျောက်ရေအိုင် အနီးမှ သစ်ပင်ပေါ်တွင် စားသုံးကြသည်ထင့်။ ကျောက်ရေအိုင်ထဲတွင် စားပြီးသား သစ်သီးအစေ့များ ကျနေသည်ကို မြင်ရသည်။ ကျောက်တောင်ငယ်များပေါ်တွင် သစ်ပင်များ တွယ်ကပ်ပေါက်ရောက် နေသည်။
“လူတို့က ဖန်တီးပေးထားတာမဟုတ်ဘူး။ သဘာဝအတိုင်း ဖြစ်ပေါ်နေတာ။ ဘယ်လောက် ထူးဆန်းသလဲ”
“ဟုတ်တယ်နော်၊ ကျောက်ရေကန်ကြီး ကျနေတာပဲ”
“ဒီရေအိုင်ထဲကို တောင်ဆိတ်တွေ ရေဆင်းသောက်ကြတယ်”
“ကျွန်တော် တောင်ဆိတ်သား မစားဖူးသေးဘူးဗျ”
ကျွန်တော်က ပြောလိုက်သည်။
“တစ်ခြားသားကောင်ကြီးတွေကိုပစ်ဖို့ စဉ်းစားထားတာကွ။ တောင်ဆိတ်ကိုတော့ နောက်ဆုံးပစ်မှတ် ထားတာပေါ့”
အရှေ့မြောက်ဘက်အရပ်သို့ ခရီးနှင်လာခဲ့ကြသည်။
သည်တော သည်တောင်က ပဲခူးရိုးမကဲ့သို့မဟုတ်။ သစ်ပင်များက အုပ်ဆိုင်းလွန်းသည်။ နေရောင်သည် သစ်ရွက်များကြားမှ ပြိုးပြိုးပျောက်ပျောက်သာကျနေသည်။ စိမ့်ပြီး အေးနေသည်။
စောဖသာက ရှေ့ဆုံးမှ သွားနေရင်းမှ ညာလက်ကိုအပေါ် သို့ထောင်ပြီး အထာပြသည်။ သွားလက်စ ခြေလှမ်းများကို ရပ်တန့်နေရန်ဖြစ်သည်။
ကျွန်တော်နှင့် ကိုခင်မောင်ကျော်က အကြည့်ချင်းဆုံသွားသည်။ မေးဆတ်ပြီး မေးမိကြသည်။
“ဘာကြောင့် ရပ်ခိုင်းတာလဲ”
ဆိုသည့် သဘောပင်။
ကျွန်တော်တို့ရှေ့မှာ ချုံနွယ်ပိတ်ပေါင်းများ ထူထပ်သော တောတန်းရှိနေသည်။
“အွတ် … အွတ် … အွတ်”
တောဝက်၏အသံက မလှမ်းမကမ်းမှ ကြားမိသည်။ စောဖသာက သစ်ပင်တွင် အကာအကွယ်ယူနေရန် မျက်ရိပ်ပြသည်။ ကိုခင်မောင်ကျော်က ကာဘိုင် သေနတ်ကို အသင့် အနေအထား ကိုင်ထားသည်။ ကျွန်တော်က ဒူးလေးတွင် မြားတပ်ကာ မောင်းတင်ထားသည်။ သစ်ရွက်ခြောက်များကို နင်းပြီး ပြေးလာသည့်အသံက ကျွန်တော်တို့နှင့် ပို၍ နီးကပ်လာ သလိုပင်။
အရပ်ထောင့်ဖြင့် ညွှန်းဆိုရပါလျှင် စောဖသာက အရှေ့တောင်အရပ်၊ ကျွန်တော်က အနောက်တောင် အရပ်၊ ကိုခင်မောင်ကျော်က အနောက်မြောက်အရပ်ရှိ သစ်ပင်ကြီးများကို အကာအကွယ်ယူထားကြသည်။
“အွတ် … အွတ် … အွတ်”
ရှေ့ဆုံးမှ တောဝက်တစ်ကောင် ပြေးလာသည်။ တောဝက်မလေး ဖြစ်သည်။ သူ့နောက်မှ အစွယ်နှစ်ဖက်နှင့် တောဝက်ကြီးတစ်ကောင် ပြေးလိုက်လာသည်။ စောဖသာက ကျွန်တော့်ကို လက်နှစ်ဖက်ဖြင့် အထာပြသည်။ ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ တောကျွမ်းသည့် မုဆိုးက တောတွင်းတိရစ္ဆာန်များ၏ အလေ့အထကို မြင်ရုံဖြင့် သိနေ သည်။
တောဝက်ထီးနှင့် တောဝက်မတို့သည် ချုံအကွယ်တွင် ချစ်ရည်လူးနေကြသည်။ အရပ်ထဲ ရွာထဲတွင် တွေ့မြင်ဖူးကြသည့် အတိုင်းပင်။ ကျွန်တော်တို့သုံးဦးမှာ သူတို့မမြင်အောင် ပုန်းကွယ်ပြီး ချောင်းကြည့်နေရသလိုပါ။
ကိုခင်မောင်ကျော်က သေနတ်နှင့် ပစ်လိုက်ရမလားဟု ခေါင်းဆတ်ပြီး စောဖသာကို လှမ်းမေးသည်။
စောသာက ခေါင်းခါ၍ ပြသည်။
သကောင့်သားနှင့် သကောင့်သမီးက အချစ်နိဗ္ဗာန်ဘုံတွင် ပျော်မွေ့နေသည်။
စောဖသာနှင့် ကိုခင်မောင်ကျော်တို့ ပြိုင်တူပစ်လျှင် တောဝက်နှစ်ကောင်စလုံးကို ရရှိမည့် အနေ အထား။စောဖဘာက ဘာကြောင့် မပစ်ခိုင်းသလဲဟု စဉ်းစားကြည့်နေမိသည်။
“ဟပ်ချိုး … ဟပ်ချိုး”
စောဖသာထံမှ အသံကို ကြားလိုက်ရသည်။
“အွတ် … အွတ် … အွတ်”
တောဝက်မလေးက အတင်းရုန်းကန်ပြီး တစ်ဟုန်ထိုး ထွက်ပြေးသွားသည်။ တောဝက်ထီးက မပြေး။ သူတို့ချစ်ခြင်းကို ကွေကွင်းအောင် ဖန်တီးသူကို တရှူးရှူး တရှဲရှဲနှင့် ရှာဖွေနေသည်။ ချစ်စိတ်တွေ့မွှန်နေရှာပြီ။
“စောဖသာ… ခင်ဗျားကို ဒီကောင်ရန်မူတော့မယ်၊ သတိထား”
ကိုခင်မောင်ကျော်က လှမ်း၍ သတိပေးသည်။ စောဖသာ က တူးမီးသေနတ်ကို ရှေ့ကိုထိုးပြီး ခြောက်လှန့်သည်။ တောဝက်ထီးက အစွယ်ဖြင့်ပက်ရန် ဟန်ပြင်နေသည်။ လက်ဝှေ့ကြိုးဝိုင်းထဲတွင် လက်ဝှေ့ကျော်နှစ်ဦး တစ်ဦး၏ အငိုက်ကို တစ်ဦးကဖမ်းပြီး ထိုးသတ်မည့်ပုံသွင် ဖြစ်နေသည်။
“ဒိုင်း ..”
စောဖသာက တူးမီးသေနတ်ကို ပစ်ချလိုက်သည်။ သို့သော် တောဝက်ထီးကို မထိ။ တောဝက်ထီးက စောဖသာကို အစွယ်ဖြင့် လှမ်းပက်သည်”
“အား”
စောဖသာ၏ လက်မောင်းကို အစွယ်ပက်မိသွားသည်။ ကိုခင်မောင်ကျော်က သေနတ်ကို ထိုးချိန်ပြီး ပစ်သည်။
“ဒိုင်း”
တောဝက်ထီးက ပြေးလွှားလှုပ်ရှားနေသဖြင့် မမှန်။
ကျွန်တော်က တောဝက်ထီး၏ လည်ပင်းကိုမှန်းပြီး ဒူးလေးဖြင့် ပစ်သည်။
“ဒုတ်”
“အွတ် … အွတ်.”
တောဝက်ထီး၏ လက်ပြင်ကိုထိပြီး မြားတန်းလန်းဖြစ်သွားသည်။ တောဝက်ထီးက ကျွန်တော့် ရှိရာသို့ပြေးလာသည်။ ဒူးလေးတွင် မြားတပ်နေဆဲမှာပင် အနားသို့ ရောက်လာသဖြင့် ဒူးလေးဖြင့် ရိုက်ချလိုက်သည်။
“အွတ်”
“ကောင်လေး အနားအကပ်မခံနဲ့”
စောဖသာက သွေးများ ယိုစီးကျနေသော ဘယ်ဘက်
လက်မောင်းကို လက်ဖြင့်ဆုပ်ကိုင်ထားရင်း ပြောသည်။ တောဝက်ထီးက သူ့လက်ပြင်မှဒဏ်ရာကို သတိ မထားပဲ တိုက်ခိုက်နေသည်။
ကိုခင်မောင်ကျော်က သေနတ်ဖြင့် ထိုးချိန်ထားသည်။ တောဝက်ထီးက ဂဏှာမငြိမ်ဖြစ်နေသဖြင့် ပစ်ရန် အခက်တွေ့နေသည်။
ကျွန်တော်က စောဖသာအနီးသို့ ပြေးသွားသည်။ တူးမီးသေနတ်ကို ပြောင်းဝနားမှ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ အနားသို့ ကပ်လာလျှင် လွှဲရိုက်ရန် ပြင်ဆင်ထားသည်။
တောဝက်က သေနတ်ဖြင့်ချိန်ရွယ်နေသော ကိုခင်မောင်ကျော်ထံသို့ ပြေးပက်သည်။ ကိုခင်မောင်ကျော် နောက်ဖက်သို့ လဲကျသွားသည်။ သေနတ် ဖြင့် ထိုးချိန်ပြီး ကုန်းထသည်။
တောဝက်ထီးက ကျွန်တော်နှင့် စောဖသာရှိရာသို့ ပြေးလာသည်။
“ကောင်လေး သတိထားနော်”
တောဝက်ထီးက ကျွန်တော့်ကို ပြေးကိုက်သည်။ ကျွန်တော်က ဒူးလေးဖြင့် မျက်နှာကို ရိုက်ချလိုက်သည်။
“အု..”
တောဝက်ထီးသည် တစ်ဖက်သို့ လည်ထွက်ပြီး ခြေဦးတည့်ရာသို့ အော်ပြေးလေသည်။
“တောက် … ငါက ဝဋ်လိုက်မှာကြောက်လို့ နှစ်ကောင်စလုံး သတ်မပစ်တာ။ ဝဋ်မှာအမြဲ၊ ငရဲမှာအပဆိုတဲ့စကားရှိတာကိုး။ ငရဲမကြောက်ပေမဲ့ ဝဋ်လိုက်မှာ တော့ ကြောက်တယ်ဟေ့။ အခုအထိ မိန်းမ မရသေးတာသာ ကြည့်တော့။ တောက် အရေးထဲ မအောင့်နိုင်ပဲ ချီမိတော့ သင်းက သူတို့ကို နှောင့်ယှက်တယ်သဘောထားပြီး ရန်မူတော့တာပဲ။ ဟင်း …”
ကိုခင်မောင်ကျော်က တောဝက်ကို ပစ်တာမမှန်သဖြင့် သူ့ကိုယ်သူ ဒေါသဖြစ်နေသည်။ ပုဆိုးပိုင်းကိုဖြဲကာ စောဖသာ လက်မောင်းမှ ဒဏ်ရာအား ပတ်တီးစီးပေးထားလိုက်သည်။
“သတိထားပြီး ရှောင်လိုက်လို့၊ ချက်ကောင်းထိရင်သေတယ်။ ဒီလိုပဲ ခင်မောင်ကျော်ရ၊ အန္တ ရာယ်နဲ့ကြုံတွေ့တဲ့အခါ စိတ်လောကြီးပြီး ပစ်ပေမဲ့ မမှန်ဘူးကွ”
“ကျွန်တော်က သူတို့ အကြည်ဆိုက်နေကတည်းက ပစ်ချင်နေတာ။ စောဖသာက မပစ်နဲ့ဆိုလို့ အောင့်အီးနေရတယ်ဗျာ“
“တစ်ခါတစ်လေတော့လည်း ကိုယ်ချင်းစာတရား ထားရတာတွေရှိတယ်။ တောဝက်ထီး တစ်ကောင်တည်းနဲ့သာ ပက်ပင်းတိုးရင်ကောင်းမှာကွ။ ဒီကောင်က မာန်တက်နေချိန်ဆိုရင် တောဝက်မာန်စွယ်က အဘိုးတန်တယ်၊ အစွမ်းထက်တယ်လို့ ရှေးလူကြီးတွေပြောတာ ကြားဖူးတယ်“
“ခင်ဗျားလက်မောင်းက ဒဏ်ရာက ဓါးနဲ့ခွဲထားသလိုကြီး အသားပြဲသွားတာ။အကိုက်အခဲ ပျောက်အောင် ကျွန်တော့်မှာ အင်နာဂျက်ဆင် ဆေးပြားပါတယ်။ အစာခံပြီး သောက်ထားဦး”
“အေးပါကွာ…”
ကျောက်ရေအိုင်နှင့် မနီးမဝေးတွင် စခန်းချကြသည်။ စောဖသာက သစ်ပင်ခြေရင်းတွင် စောင်ပိုင်းလေးကိုခင်းပြီး လဲလျောင်းအနားယူနေ၏။ ကျွန်တော်က ဓါးရှည်ကိုကိုင်ကာ စောဖသာအနားသို့ လာခဲ့သည်။
“စောဖသာ စမ်းချောင်းက ဘယ်နားမှာရှိတာလဲ။ ရေသွားခပ်ချင်လို့.”
“ဟောဟို တောတန်းအလွန်မှာ ရှိတယ်။ ငါပါလိုက်ခဲ့မယ်”
“ဟာ နေပါစေဗျာ။ ခင်ဗျားလက်မောင်းမှာ ဒဏ်ရာ ကြီးနဲ့ … အနားယူနေစမ်းပါ”
“ဒီလောက်ဒဏ်ရာကို ငါ မမှုပါဘူး”
စောဖသာက ကျွန်တော်နှင့်အတူ လိုက်လာသည်။ တောတန်းအလွန်တွင် တောင်ပေါ်မှ စီးဆင်းနေသောစမ်းချောင်းငယ်ကို မြင်ရသည်။ စမ်းရေတို့က ကြည်လဲ့နေသည်။ ရေအောက်ကြမ်းပြင်ကို အထင်းသား မြင်တွေ့နေရသည်။
စောဖသာက ကျွန်တော့်လက်ထဲမှ ဓါးရှည်ကို တောင်းယူသည်။ စမ်းချောင်းရေထဲသို့ ဆင်းသွားသည်။ ရေထဲသို့ အသေအချာကြည့်နေပြီး ဓါးရှည်ဖြင့် ထိုးချလိုက်သည်။
“ဟာ”
ဓါးရှည်တွင် ငါးသလောက်အရွယ်ခန့်ရှိသည့် ငွေရောင်လက်နေသည့် ငါးကြီးတစ်ကောင် တန်းလန်းပါလာသည်။ ငါးကို ဓါးရှည်မှ ဆွဲချွတ်ပြီး ကမ်းပေါ်သို့ ပစ်တင်သည်။
“ကောင်လေး”
စောဖသာက ကျွန်တော့် ကို လက်ယပ်ခေါ် သည်။ ကျွန်တော်က သူ့အနားသို့ လျှောက်သွားသည်။
“အင့် … မင်းရဲ့ အရည်အချင်းကို ကြည့်ရအောင်”
စောဖသာက ဓါးရှည်ကို လှမ်းပေးရင်း ပြောသည်။ ကျွန်တော်က စမ်းချောင်းရေထဲသို့ စူးစိုက်ကြည့်နေသည်။ နှစ်ပေခန့်နက်သည့် ရေထဲတွင် ကူးခတ်သွားလာနေသည့် ငါးတစ်ကောင်ကို မြင်ရသည်။
ဓါးရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ငါးရှိရာသို့ တစ်အားထိုးချလိုက်သည်။ မှန်ချက်လွဲပြီး ငါးကိုမထိ။
ကျောက်တုံးပေါ်တွင် ထိုင်ကာ ကြည့်နေသော စောဖသာက တဟားဟားနှင့် ရယ်နေသည်။ ကျွန်တော်က လည်း အရှက်ပြေ ရယ်မိသည်။
“အများကြီးရှိပါတယ်ကွာ။ ကြိုးစားကြည့်ပါဦး”
ကျွန်တော်က တစ်နေရာသို့ သွားကြည့်သည်။ ရေထဲတွင် ကူးနေသည့် ငါးနှစ်ကောင်။ ငါး၏ အခြေအနေကို မှန်းဆပြီး ရေထဲသို့ ဓါးရှည်ကို ထိုးချလိုက်သည်။ ဓါးရှည်က ငါးကိုယ်လုံးကို ထိုးဆိုက်မိသွားသည်။ ကျွန်တော်က ဓါးရှည်ကို ရေပေါ်သို့ မြှောက်ပြလိုက်သည်။ ဓါးရှည်တွင် ငါးက တန်းလန်းကြီးပါလာသည်။
“အင်း .. ငါ့လူက တယ်ဟုတ်ပါလားကွ”
“ဆရာတပည့်ပဲ၊ မညံ့ပါဘူးဗျာ”
ကျွန်တော်က ငါးကို ကမ်းပေါ်သို့ ပစ်တင်လိုက်သည်။ ရေထဲတွင် ငါးများကို မြင်နေရသေးသဖြင့် နောက်ထပ်တစ်ကောင် ထပ်ရအောင် ကြိုးစားလိုက်သည်။
ငါးသုံးကောင်ကို ရင်ခွဲပြီး ရေဆေးသည်။
ကျွန်တော်နှင့် စောဖသာက ငါးသုံးကောင်ကို ယူပြီး စခန်းချရာနေရာသို့ ပြန်လာခဲ့သည်။
“ခင်မောင်ကျော်ရေ ထင်းမီးခဲရဲရဲမှာ ငါးတွေကင်ကွာ။ ငါ့အတွက် အမြည်းလည်းရအောင်၊ ထမင်းစားဖို့လည်း ရတာပေါ့”
ကိုခင်မောင်ကျော်က သစ်ကိုင်းခြောက်များကို စုပြီး မီးရှို့သည်။ မီးဖို ဟိုဘက်သည်ဘက်တွင် ဝါးတိုင်နှစ်တိုင်စိုက်ပြီး ငါးသုံးကောင်ကို မီးကင်သည်။ အသားကင်ညှော်နံ့ ထွက်လာသည်။
“စောဖသာ ညှော်မိနေဦးမယ်။ ခင်ဗျား အနာရင်းမှာစိုးလို့”
“ငါ့ဘက်က ညှော်မလာပါဘူး”
အသားကင်နံ့က မွှေးလာသည်။
စောဖသာက ကျောပိုးအိတ်ထဲမှ အရက်ပုလင်းကို ထုတ်သောက်နေသည်။ ကိုမောင်ကျော်က စောဖသာထံမှ အရက်တစ်ခွက် တောင်းသောက်သည်။ ငါးကင် တစ်ကောင်ကို စောဖသာထံသို့ လာပေးသည်။ စောဖသာက ငါးကင်ကို ဖဲ့ပြီး စားနေသည်။ စောဖသာသည် လက်မောင်းမှ အနာကို ဂရုပင်မထား…။
“ကောင်လေး ထမင်းဆာနေပြီလား”
“စောဖသာ အရက်သောက်တာ ပြီးတော့မှ စားကြ တာပေါ့ဗျာ”
“ငါက အရက်ကို ဇိမ်ခံသောက်တာကွ။ အင်း … မင်းပြောမှ သတိရတယ်”
စောဖသာက လက်မောင်းမှ အနာပေါ်သို့ အရက်အနည်းငယ် လောင်းချသည်။
“တောဝက်ထီးကတော့ ငါတို့ကို ကျိန်ဆဲနေမှာ အမှန်ပဲ၊ အဟင်းဟင်း”
စောဖသာက ပြောရင်း ရယ်မောနေသည်။
“ဟုတ်မယ်နော်၊ ဒီကောင်က ကျွန်တော်တို့ကို ဒေါသနဲ့ တိုက်ခိုက်နေတာ။ သတိကင်းလွတ်သွားရင်တော့ ကျွန်တော်တို့ ခံရမှာ သေချာတယ်”
“တောက် … အသေအချာ ချိန်ပစ်ရဲ့သားနဲ့ မမှန်ဘူးဗျာ။ တောဝက်သား စားရပြီ အောက်မေ့တာ”
ကျွန်တော်တို့သုံးဦးသည် ငါးကင်ဖြင့် ထမင်းစားကြသည်။
“ဆေးသောက်လိုက်ဦး စောဖသာ”
ထမင်းစားပြီးလျှင် ကိုခင်မောင်ကျော်က ပြောသည်။
“ငါက အရက်တွေသောက်ထားတာကွ။ မင်းဆေးတိုးမှာမဟုတ်ဘူး။ ငါ အိပ်နေဦးမယ်။ အိပ်ယာကနိုးတော့မှ သောက်မယ်”
ကျွန်တော်တို့သည် အိပ်စက်အနားယူကြသည်။ ထမင်းဆိပ်တက်ပြီး အိပ်ပျော်သွားသည်လား မပြောတက်။ စောဖသာနိုးတော့မှ လန့်ပြီး နိုးသွားသည်။
မီးမွှေးကာ ရေနွေးအိုးတည်သည်။ ထမင်းစားချင်စိတ် မရှိတော့သဖြင့် ထမင်းမချက်တော့။
ညနေ နေစောင်းသည်နှင့် တောထဲတွင် အမှောင်ထုက လွှမ်းမိုးသွားသည်။ မီးဖိုမှ မီးရောင်ဖြင့် ထိုင်ကာ စကားပြောနေမိကြသည်။
“စောဖသာက အမဲလိုက်တာကြာပြီဆိုတော့ သားကောင်တွေနဲ့ ဦးချို၊ သွား၊ အရိုး၊ သားရေ တွေအများကြီးရထားပြီပေါ့”
ကျွန်တော်က မေးကြည့်မိသည်။
“ရှိတာပေါ့။ တစ်ချို့မြို့သားတွေက ရောင်းပါလို့ ပြောကြတယ်။ ငါက အသက်စွန့်ပြီး ရယူထားရတဲ့ ပစ္စည်းတွေဆိုတော့ မရောင်းချင်ဘူးလေ။ ဒီပစ္စည်းတွေရဲ့ ကာလပေါက်ဈေးလည်း ငါမှ မသိတာပဲ”
“စောဖသာ တောဝက် ရဖူးမှာပေါ့”
“ရဖူးတာပေါ့ကွာ၊ ကျားလည်း နှစ်ခါရဖူးတယ်။ ကျားသားရေကို ငါရောင်းစားခဲ့တာ ဈေးမနည်းဘူး။ တစ်ခုကိုတော့ ရခိုင်က ဘုန်းတော်ကြီးတစ်ပါးကို လှူလိုက်တယ်။ တောကောင်တွေရဲ့ အရိုး ဦးချိုတို့က ဆေးဖက်ဝင်တာရှိတယ်။ မင်း မြို့ပြန်ရင် လက်ဆောင်တစ်ခု ပေးလိုက်ပါ့မယ်”
“ဘာလက်ဆောင်များလဲ စောဖသာ”
“မင်းပြန်တော့ သိရမှာပေါ့။ ကဲ အိပ်ရေးဝအောင် အိပ်ပေတော့ကွာ။ ငါတို့သုံးယောက် ယှဉ်အိပ်ကြမယ်။ ဘာသံညာသံကြားရင် ငါ့ကိုနှိုးနော်”
ကျွန်တော်တို့သည် စောင်ကို ခေါင်းမြီးခြုံကာ အိပ်ကြသည်။ တစ်နေကုန် သွားလာထားသဖြင့် ပင်ပန်းနေ၍လားမသိ။ ဦးခေါင်းချသည်နှင့် အိပ်ပျော်သွားသည်။
နောက်တစ်နေ့နံနက်တွင် သုံးယောက်စလုံးသည် ပြိုင်တူလိုလို အိပ်ယာမှ နိုးကြသည်။ စမ်းချောင်းသို့သွားကာ မျက်နှာသစ်သည်။ ကျွန်တော် ဇက်ဆိပ်မှ ဝယ်လာသော မုန့်များကို မနက်စာအဖြစ် ခွဲဝေ၍ စားကြသည်။
“စောဖသာ လက်မောင်းအနာက မနာဘူးလား”
“ဝက်ပက်ခံထားရတဲ့ ဒဏ်ရာပဲကွာ၊ နာကျင်တာပေါ့။ ဒါပေမဲ့ ဂရုမစိုက်အားသေးဘူး၊ ကျောက်အိုင်ကို အချိန်မီ သွားရအောင်။ ဒီအချိန်ဆို သားကောင် တွေ ကျောက်ရေအိုင်ထဲ ဆင်းပြီး ရေသောက်နေပြီ”
စောဖသာက တူးမီးသေနတ်ကို ယမ်းမှုန့်များ ထောင်း ထည့်နေရင်းမှ ပြောသည်။
“လာ … သွားကြစို့”
စောဖသာက ရှေ့မှ ဦးဆောင်ပြီး ထွက်သွားသည်။ ကိုခင်မောင်ကျော်က သေနတ်ကို မောင်းတင်ပြီး အသင့်အနေအထား ကိုင်ထားသည်။ တောကောင်များ၏ အသံကို ကြားရသည်။ စောဖသာက အနောက်ဘက် ကျောက်တောင်ကုန်းလေးအနီးသို့ ဖြေးညှင်းစွာ ချဉ်းကပ်သွားသည်။
ကိုခင်မောင်ကျော် ကျွန်တော်က မြောက်ဘက်ကျောက်တောင်ကုန်းကလေးပေါ်သို့ ဝပ်၍ တက်လာသည်။
ကျောက်တောင်ကုန်းကလေးများသည် ပြေပြေကလေး တက်၍ တစ်ဖက်သို့ ပြေပြေကလေး ဆင်းသွားသည်။ သဘာဝအတိုင်း ဖြစ်ပေါ်နေမှုသည် မြင်ရသည်နှင့် အံ့ဩစရာကောင်းလှသည်။
ကျောက်တောင်ကလေး၏ အလယ်မှ ရေအိုင်တွင် တောင်ဆိတ်သုံးကောင်သည် ရေသောက်သုံးနေသည်ကို မြင်သည်။
စောဖသာထံမှလည်းကောင်း၊ ကျွန်တော်တို့ထံမှလည်းကောင်း၊ တစ်ဦးကို တစ်ဦး အချက်ပြရန် မလွယ် လှပေ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် တောကောင်ပစ်ရန်သာရှိတော့၏။
ကိုခင်မောင်ကျော်က အနောက်ဘက်အရပ်သို့ ဦးခေါင်းတည်ကာ ရေသောက်နေသော တောင်ဆိတ်ကို သေနတ်ဖြင့် အသေအချာ ချိန်ထားသည်။
ကျန် တောင်ဆိတ်နှစ်ကောင်က ကျောက်ရေအိုင် အစပ်တွင် ဝပ်နေသည်။ ဝပ်နေသည့်အကောင်ကို စောဖသာက ပစ်လိမ့်မည်ဟု ထင်မိသည်။
“ဒိုင်း …”
သေနတ်သံနှစ်ချက်သည် တစ်ပြိုင်တည်း ပေါ်ထွက်လာသည်။ ရေသောက်နေသော တောင်ဆိတ် သည် ပစ်လဲကျသွားသည်။ ငြိမ်ကျသွား၏။ ဝပ်နေသော တောင်ဆိတ်နှစ်ကောင်က တောင်ကုန်းကလေးပေါ်သို့ တက်ပြေးသည်။ အနောက်ဘက် ကျောက်တောင်ကုန်းထိပ်တွင် စောဖသာကို လှမ်းမြင်ရသည်။
ကျွန်တော်နှင့် ကိုခင်မောင်ကျော်က တောင်ဆိတ်ရှိရာသို့ ပြေးသွား၏။ သေဆုံးနေသော တောင်ဆိတ် ၏ဝမ်းဗိုက်ကို သေနတ်ဒဏ်ရာတစ်ချက်၊ လည်ပင်းအောက်နားတွင် သေနတ်ဒဏ်ရာတစ်ချက် တွေ့ရသည်။
စောဖသာနှင့် ကိုခင်မောင်ကျော်တို့ စိတ်ကူးတူညီ သွားခြင်း သာဓကပင် ဖြစ်သည်။
ကျွန်တော်နှင့် ကိုခင်မောင်ကျော်တို့က တောင် ဆိတ်၏ ခြေလက်တို့ကို ကြိုးချည်ပြီး ဝါးလုံးဖြင့်လျှိုကာ ထမ်းလာခဲ့ကြသည်။
ညောင်ကျိုးစခန်းသို့ ညနေ (၅)နာရီခန့်တွင် ပြန်ရောက်သည်။
စောဖသာက တောင်ဆိတ်ကို အသားဖျတ်သည်။ ထမင်းဆိုင်များသို့ တောင်ဆိတ်အသား သွားပို့သည်။
ထိုညတွင် တောင်ဆိတ်ဟင်းဖြင့် ထမင်းစားကြသည်။
“စောဖသာနဲ့ ကိုခင်မောင်ကျော်က ဘာကြောင့် စိတ်ကူးခြင်းတူသွားရတာလဲ”
“ရေစပ်မှာ ဝပ်နေတဲ့ ကောင်တွေက အကောင်သေးတာကိုး”
“ဟား … ဟား”
စောဖသာက လက်မောင်းမှအနာကို ဆေးမှူးအားပြသပြီး ကုသသည်။ တောင်ဆိတ်သား ရောင်းရငွေကို ဝေစုခွဲပေးသည်။ ကျွန်တော်နှင့် ကိုခင်မောင်ကျော် တို့က မယူပါ။
“ဟာ… မဟုတ်တာပဲ၊ စောဖသာ လက်မောင်းက ဒဏ်ရာကို ပျောက်အောင်ကုသရဦးမှာပဲ”
“မကြာခင် ဒဏ်ရာက ပျောက်သွားမှာပါကွာ။ ကောင်လေး မင်းက ဘယ်နေ့ပြန်မှာလဲ။ မင်း အိမ်ကို တောင်ဆိတ်သားတွေ ယူသွားချင်သေးသလား”
“ဟာ… ယူမသွားရဲပါဘူး၊ မန္တလေးက ဖွားလေးဆီသွားမယ်လို့ အဖေနဲ့အမေကို လိမ်ညာပြောဆိုပြီး ဒီကိုလာခဲ့ရတာဗျ”
“ဟင်… မင်းပြန်တော့ မန္တလေးက ဘာလက်ဆောင်မှ
ပါမလာဘူးဆိုရင်”
“ဒီကပြန်ရင် ရန်ကုန်ကိုသွားမယ်။ ရန်ကုန်မှာ မန္တလေးမုန့်မျိုးစုံ ဝယ်လို့ရပါတယ်ဗျ”
“ဟင်း … တကယ့်ကောင်ပဲ”
စောဖသာက တဲအိမ်အတွင်းခန်းသို့ ဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲတွင် ပုလင်းတစ်လုံး ပါလာသည်။
“ကောင်လေး ဒါ တောင်ဆိတ်ဆီ။ အကြောအခြင်တင်းနေရင် အဲ့ဒီအဆီလိမ်းတာနဲ့ ပျောက်တယ်။ မင်းကို ငါပေးမယ်ဆိုတဲ့လက်ဆောင်”
“ခြေသလုံးတို့ ပေါင်တို့ကို ကိုက်ရင်ကော။ ကျွန်တော့်အဘိုးက ပေါင်ကိုက်တဲ့ဝေဒနာရှိတယ်”
“လိမ်းပေးတာနဲ့ ပျောက်ကင်းသွားမယ်”
“ကျေးဇူးပဲဗျာ”
ကျွန်တော်သည် ညောင်ကျိုးစခန်းတွင် သီတင်းတစ်ပတ်ခန့် နေပြီးမှ မိဘများထံသို့ ပြန်လာခဲ့သည်။
ကျွန်တော် အမဲပစ်လိုက်သွားသည်ကို အဖေနှင့် အမေတို့ ယနေ့တိုင်မသိ။ ကျွန်တော်ကတော့ ကျွန်တော်ဝါသနာပါသည့် အလုပ်ကို လုပ်နေရလျှင် အမြဲပျော်နေမိသည်။ ကျွန်တော် အမဲလိုက်ခဲ့သောအကြောင်းများကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရေးသားတင်ပြခွင့်ရလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်ခဲ့။
ဪ ယခုတော့ ….။
– ပြီး –
စာရေးသူ – ဝင်းဇော် (သုံးဆယ်)
Uncategorized