မဟာမြိုင်မုဆိုး
နေ့တောခြောက်
“ကိုထွန်းရှင် … ကျုပ်တို့လိုက်မယ်နော်”
“ကျုပ်တို့လည်း လိုက်မှာပဲ။ ချန်မထားခဲ့နဲ့ဗျို့”
“ဟာ … မင်းတို့က ဘာနားလည်လို့ လိုက်ချင်ရတာတုံး။ ဒါ တို့လူကြီးတွေ အလုပ်။ ကလေးတွေပါလို့ မဖြစ်ဘူးဟ”
“ဖြစ်ပါတယ်ဗျ။ ကျုပ်ဆို မနှစ်ကလည်းပဲ လိုက်ခြောက်ခဲ့တာပါ။ အခု သာပုတို့ညီအစ်ကိုပါ လိုက်ခဲ့ကြဖို့ ကျုပ်ခေါ်လာတာ။ ခင်ဗျားတို့ လက်ဆောင်က “ဝ” သူကြီးတွေပြောတဲ့အတိုင်း လုပ်ပါ့မယ်ဗျ”
(လက်ဆောင် – အစွန်နှစ်ဖက်ကို ဆိုသည်။ “ဝ” သည် တောမောင်းခြောက်ထုတ်လိုက်သည့်အခါ သားကောင်ပြေး ထွက်လာမည့် တူရူအရပ်၊ သေနတ်သမား စောင့်ရမည့်နေရာကို ဆိုလိုပါသည်)
နံနက်စောသေးသဖြင့် မထသေးဘဲ အိပ်ရာထဲတွင် မှေးကာနေမိသည်။ နိုးနေတာတော့ ကြာပါပြီ။ တဲအောက်မှ တဲရှင် ကိုထွန်းရှင်နှင့် တဲတိုက် (တဲစု)မှ ကလေးများ အပြန်အလှန် ပြောနေကြသံကို ကြားနေရသည်။
“ဟုတ်ပါတယ် ဦးထွန်းရှင်ရယ်။ ကျုပ်တို့လည်း ဟင်းစားရချင်လို့ပါ။ တစ်ခါလာလည်း ခရမ်းသီးချက်နဲ့ ပဲရွက်ဟင်းပဲ စားနေရလို့ပါဗျ”
“မင်းတို့နဲ့တော့ ခက်တော့တာပဲကွာ”
ဩော် စဉ်းစားကြည့်တော့လည်း တဲတိုက်နေ ကလေးများမှာ လျှာရင်းမမြက်နိုင်ဘဲ မတူတန်တဲ့ဟင်းဖြင့် နှစ်ပါးသွားနေရတာ ကြာပြီထင့်။ စာရေးသူတို့လာလျှင် သူတို့တစ်တွေ ပျော်ကြသည်။ တောကောင်သားကို မက်မောကြပေသည်။ မြို့မှာလို ဟင်းခတ်အမွှေးအကြိုင်စုံစွာ (သူတို့အခေါ် ဆေးစုံ) နှင့် ချက်ထားသောဟင်း မဟုတ်ပေသိ သူတို့များမှာ မြိန်ရှက်စွာ စားကြသည်။ စာရေးသူတို့မှာ ရေလုံပြုတ်ချက် သူတို့ဟင်းကို မစားနိုင်ပါပေ။
သို့သော် သူတို့တစ်တွေသည် အညှီနံ့ကိုပင် ကြိုက်သည့်သဘော ရှိသည်။
ယခုလည်း တောခြောက်, တောမောင်းပြီး သားကောင်ပစ်ခတ်ရာတွင် သူသူငါငါ တောခြောက်လိုက်ပါရစေဟု ပြောဆိုနေကြသည်ပင် ဖြစ်ပါသည်။
အိပ်ရာမှထ၍ တဲအောက်ဆင်းလိုက်လျှင်ပင် ထွန်းရှင်တဲရှေ့ ကွက်လပ်တွင် ပုပုရွယ်ရွယ် ဆိုက်စုံ လူအများကို မြင်တွေ့လိုက်ရသည်။
“ဟေ့ ထွန်းရှင် အဖွဲ့တောင့်လှချေလားကွ”
“ဟုတ်ပါ့ဗျာ၊ တောခြောက်ရာကို လိုက်ချင်ကြလို့ ကျုပ်ကိုလာပြောနေကြတာဗျို့”
“ငယ်လွန်းတဲ့သူတွေတော့ ခေါ် လို့ မဖြစ်ဘူးကွ။ မင်းပြောတော့ တို့ ဒီနေ့ခြောက်မယ့် “ဝ”က ရှည်တယ်ဆို”
“ဟုတ်တယ် ကိုတာ”
စာရေးသူတို့မုဆိုးအဖွဲ့ ရောက်နေသော စပ်လူးပိတ်ချင်းတောရွာ ချောင်းမကြီးဘေး ထွန်းရှင်တို့တဲတိုက်သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်း၊ မြစ်နှင့် မိုင် (၂ဝ) ကျော်ဝေးပြီး အောင်သာယာရွာ၏ အနောက်မြောက် (၁၂) မိုင်ခန့်တွင် ရှိသည်။
မုဆိုးအဖွဲ့ လာခဲ့ရသော ခရီးစဉ်မှာ မုံရွာမြို့မှ ဘုတလင်၊ ညောင်ကန်ရွာ၊ ဂွေးပင်ကျင်း၊ သခွတ္တနယ်၊ ဘုရားကြီး၊ လက်ခုတ်ကုန်း၊ အောင်သာယာရွာ၊ အောင်သုခတဲတိုက်၊ ယင်းတို့မှတစ်ဆင့် စပ်လူးပိတ်ချင်းတောရွာ ချောင်းမကြီးတဲတိုက်သို့ ရွာစဉ်လျှောက်ကာ လာခဲ့ကြသည်။
ယခုလို တပေါင်း၊ တန်ခူးလများ၌ ဖက်များလည်းကျ၊ အခင်းများကလည်း ရိတ်သိမ်းပြီး၍ မြင်ကွင်းမှာ အဝေးထိ လှမ်းမြင်ရပါသည်။
သာတပေါင်းမို့
ညှာညောင်းကြွေ ပြေပြေရောရု
မြအသွေး ရွှေရေးလှလို့
ရတုအညီ
မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ တီတာတာ
သည်ခါဓလေ့
နွေအကူး လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဖား မြီးဖျားလိုက်သို့
မြိုင်တိုက်စုံယံ
ရွက်ဟောင်းပျံသော်။ ။
တပေါင်းလသို့ ရောက်သောအခါ ကျေးရွာဝန်းကျင်ရှိ သစ်ပင်တို့မှာ အစိမ်းရောင်တစ်ဝက်၊ အဝါရောင်တစ်ဝက် စွက်သော သစ်ရွက်များ ကြွေကျပုံကို လည်းကောင်း၊ ထို သစ်ရွက်တို့သည် ဖြုတ်ချည်း တစ်သမတ်တည်း ကြွေကျသည်မဟုတ်ဘဲ ကြောင်ငယ်သည် မိမိအမြီးဖျားကို လိုက်ဖမ်းသကဲ့သို့ လေပွေ လေရူးထဲ၌ ချာလပတ်လည်ကာ ကြွေကျပုံကို သဘာဝအလှ ချစ်ခင်မြတ်နိုးစရာ ဆရာမင်းသုဝဏ်က ရေးဖွဲ့ထားပေသည်။
ချောင်းမကြီးဝန်းကျင် ချောက်တန်း၊ လျှိုတန်း၊ ခင်တန်း၊ ယာဘေး၊ အင်တိုင်းတောတိုက်၊ မွေးတော (အင်ပင်ပေါက်၊ ကျွန်းပင်ပေါက်များစိုက်ပြီး မွေး ထားသည့်တော) တို့တွင် သစ်ရွက်များ ကြွေကျ၍ ရိုးတံကျဲကျဲနှင့် ရှိတော့၏။
ပဲစင်းငုံစိုက်ခင်းများလည်း သိမ်းပြီးပြီ။
ထွန်းရှင်တို့ တဲတိုက်နေလူများသည်လည်း အလုပ်မများကြတော့ပေ။
မီးသွေးထင်းခုတ်(မီးသွေးဖုတ်ရန်ထင်း) သစ်မြစ်တူး၊ ပဲစင်းငုံရိုးတိုက် အစရှိသည့် အပရိက အလုပ်များကို သွားလာလုပ်ကိုင်ရင်း ဘယ်သူတော့ ဘယ်တောသွားတာ၊ ဘယ်လျှိုထဲမှာ သမင်တွေ့တယ်၊ ဘယ်ကုန်းဘယ်ချောက်မှာတော့ ချေဝပ်ကျင်း တွေ့တယ်၊ ဘယ်သူဖြင့်ကွာ ဘယ်ချောက်တန်းထဲထင်းသွားခုတ်တာ ချေနှစ်ကောင်ထွက်ပြေးတယ်တဲ့ စသည်ဖြင့် ရွာသားအချင်းချင်း ညအခါ ရေနွေးဝိုင်း တွင် ပြောဆိုကြပေသည်။
အထူးသဖြင့် တောလိုက်ဝါသနာပါသော ထွန်းရှင်၊ ငသိန်း၊ ကျော်အောင်၊ သန်းရွှင်တို့သည် ဘယ် “ဝ”ကို အရှေ့ပြေးခြောက်လျှင် သေနတ်သမားကို ဘယ်နေရာထားမည်၊ ဟာ … မဟုတ်သေးဘူး၊ အနောက်ပြေး ခြောက်မှရမည် စသည်ဖြင့် ငြင်းကြ ခုံကြနှင့် သူတို့၏ ရေနွေးကြမ်းဝိုင်းသည် စီစီညံတော့ပြီ။ တောဝါသနာပါကြသော သူတို့တစ်တွေသည် ချောက်ကြိုချောက်ကြား၊ လျှိုမြောင်ကြား တောအနှံ့သွား၍ လေ့လာတတ်ကြသည်။
စာရေးသူတို့ မုဆိုးများကတော့ ‘ဝ’ သူကြီးလုပ်သူ နေရာချထားရာမှနေ၍ ထွက်လာသည့် သားကောင်ကို ပစ်ခတ်ရသည်။
သားကောင်အား သေချာပေါက် ပစ်ခတ်၍ ရရှိရန်မှာ “ဝ” သူကြီးက အခရာပင်။ တစ်ခါတစ်ရံတွင်လည်း အရှေ့ပြေးထင်၍ အနောက်ဘက်ဆီမှ တောခြောက် တောမောင်းသည့်သူများဘက် ပြန်ပြေးထွက်သွားသည်လည်း ဖြစ်တတ်သည်။
ဒီအခါတွင် တောခြောက်လိုက်သူများက “ဝ” သူကြီး လုပ်သူအား မပိုင်ဘဲနှင့် ဆရာလုပ်ပြီး နေရာချထားသည်၊ အခုတော့ သားကောင်မရတော့ဘူးဆိုပြီး ဆဲရေးကြတော့သည်။
တစ်ရံတစ်ခါတွင်ကျတော့လည်း ခြောက်သည့်အတိုင်း သားကောင်က ထွက်လာ၍ သေနတ်သမားမုဆိုးက ပစ်ရသည်။ နှစ်ကောင်၊ သုံးကောင်ရသည်လည်း ရှိသည်။ ထိုအခါတွင် “ဝ” သူကြီးလုပ်သူက လက်မထောင်ပြီး “ငါကွ၊ မပိုင်ရင် မလုပ်ဘူး။ မင်းတို့ ငါ့လို သိလို့လား။ အခု ငါတော်လို့မင်းတို့ကောင်တွေ တောသားစားရမှာ သိလားဗျား” ဟု ဂုဏ်ဝင့်တော့သည်။
“ဝ” သူကြီး ဆိုသည်မှာ တောခြောက်အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ သူသည် သားကောင်နေတတ်သော လျှိုမြောင်ကို သွားရင်းလာရင်းက လေ့လာ ထားသည်။ သားကောင်သည် သူတွေ့လိုက်တိုင်း ဘယ်ဘက်အရပ်သို့ ပုံမှန်ထွက်ပြေးသည်၊ သေနတ်သမားကို မည်သည့်နေရာတွင် ထားမည်၊ တောခြောက်ကြမည့်လူများက မည်သည့်ဘက်မှ ပတ် ကာ ခြောက်ရမည်။
လူအင်အား အယောက်နှစ်ဆယ်ဖြင့် ခြောက်မည်ဆိုပါစို့။ မောင်ဖြူက ဒီ ညာစွန်မှာနေ၊ မောင်နီက ဘယ်လောက်အကွာကနေ စသည်ဖြင့် လူများကို ညာစွန်မှနေပြီး ဘယ်စွန်သို့ တစ်ယောက်ပြီး တစ်ယောက် နေရာချထားပေးသွားရာ နောက်ဆုံးမှာတော့ သူက ဘယ်အစွန်လူ ဖြစ်သွားသည်။ အစွန်နှစ်ဖက်ရှိ လူကို လက်ဆောင်ဟု ခေါ်သည်။
လူများ ပစောက်ပုံဝိုက်၍ ရှေ့သို့ တိုးကာ တုတ်တစ်ချောင်းနှင့်တစ်ချောင်း ရိုက်ခတ်၍ လည်းကောင်း၊ ကျောက်ခဲတစ်လုံးနှင့် တစ်လုံး ရိုက်ခတ်၍လည်းကောင်း ပါးစပ်မှ ဝူးဝါးအော်၍ တောခြောက်ကြပါသည်။
ဘယ်လက်ဆောင်မှ “ဝ” သူကြီးလုပ်သူသည် “မည်သူက မည်သူနှင့် ကွာသည်၊ ဘယ်ဘက်တိုး၊ ဘယ်သိပ်၊ ညာကိုသိပ်၊ အကောင်က ဘယ်ပြေးပြီဟေ့၊ ညာစွန် ညာလက်ဆောင်က တိုးပေးဟေ့” စသည်ဖြင့် သစ်ပင်ပေါ်တက်၍ ကြည့်ပြီး အော်ပြောလိုက်၊ တစ်ဖန် ပြန်ဆင်း၍ ပြေးခြောက်လိုက်ဖြင့် အလွန်မှလည်း လျင်မြန်သွက်လက်ရသည်။
တောခြောက်ရာတွင် အများအားဖြင့် မြေနိမ့်ပိုင်းဆီမှ ကုန်းမြင့်ပိုင်းသို့ ခြောက်လှန့်မောင်းတင်ကြသည်။ သေနတ်သမား မုဆိုးကို အမြင့်ပိုင်းတွင်သာ နေရာချထားသည်။ သေနတ်သမား မုဆိုးသည် သစ်ပင်ပေါ်တက်၍ နေရာယူထားသည်။ သေနတ်သုံးလက်ပါလျှင် မုဆိုးသုံးယောက်တန်း၍ နေရာယူထားရ သည်။
မုဆိုးများသည် အတန်အသင့် အမြင့်ရှိသော သစ်ပင်မျိုး၊ အနေအထိုင်ကောင်းမည့် သစ်ပင်မျိုးကို ရွေး၍ အပင်ထက်သို့ တက်ကာ စောင့်ရသည်။ ဤ သည်ကို “ဝ” စီးသည်ဟု ခေါ်သည်။
မိမိ၏ ညာဘက် အကွာအဝေးမည်မျှတွင် ဘယ်သူရှိသည်ဟုလည်း သိထားရသည်။ မုဆိုးသည် “ဝ” စီးနေစဉ် ချောင်းမဆိုးရ၊ နှာမချေရပါ။ ချောင်းဆိုးသံ၊ နှာချေသံကို သားကောင်ကြားလျှင် မုဆိုးရှိရာ မထွက်လာတော့ပေ။
နောက်တစ်ချက် ပစ်ကွင်းရှင်းအောင်ဆိုပြီး သစ်ကိုင်းများကို ချိုး၍ ဖြစ်စေ၊ ဓားနှင့် ခုတ်၍ဖြစ်စေ မချရပါ။ ဤသို့လုပ်လျှင် သားကောင်သည် အလွန်နားပါးသည်ဖြစ်၍ သစ်ကိုင်းချိုးချသံ၊ ဓားဖြင့် ခုတ်သံတို့ကို ကြားပြီး မုဆိုးရှိရာ မထွက်လာဘဲ ဘေးသို့ပြေးထွက်တတ်ပါသည်။
မိမိတို့ တောခြောက်ရာ “ဝ” များတွင် နွားကျောင်းသားနှင့် နွားအုပ်များ ရှုပ်နေလျှင်လည်း ပစ်ခတ်၍ မရတော့ပါ။ သို့ဖြစ်၍ စာရေးသူတို့ တောခြောက် လျှင် နေ့လယ် (၁၂) နာရီ၊ (၁) နာရီမှ တောခြောက် တောမောင်းပြီး ပစ်ကြသည်က များပါသည်။ ဒေသအခေါ် ထမင်းကြီးစားပြီးချိန် ဖြစ်သည်။
တောနေလူတို့မှာ နံနက်စောပိုင်းတွင် ထမင်းကြမ်း ကြော်စားကြသည်။ ထမင်းကြမ်း ကြော်ဆို၍လည်း မြို့မှ ထမင်းကြော်နှင့်တော့ မတူပါ။ ညကကျန်သောဟင်းကျန်နှင့် ထမင်း ရောနှောကာ ဒယ်အိုးတွင်ထည့်၍ မီးဖိုပေါ် တင်နွေးလိုက်ရုံသာ။
ပဲရွက်ဟင်းကျန်နေလျှင် ပဲရွက်ဟင်းဖြင့်၊ ခရမ်းသီးချက်ကျန်လျှင် ခရမ်းသီးဟင်းဖြင့် ရောနှောမွှေကာ နွေးလိုက်သည်ကို ထမင်းကြမ်းကြော်ဟု ခေါ်ကြသည်။
ဤသို့ နေမွန်းတည့်ချိန် မုဆိုးများ ‘ဝ’ စီးစောင့်ကြသည်။ သူ့အသက် မသတ်ရခင်၊ သူ့အသား မကင်ရခင် မုဆိုးများလည်း အရှင်လတ်လတ် အကင်ခံရ၏။ နေပူပူတွင် အရေပြားခြောက်သည်အထိ ကိုယ့်ကိုယ်ကိုယ် နေလှန်းခံ၍ ဇွဲကြီးစွာ သစ်ပင်ထက်မှ စောင့်ကြလေသည်။
တောခြောက်သည့်အခါ တောခြောက်သော ‘ဝ’ အတွင်းရှိ တိရစ္ဆာန် အကောင်ပေါင်းစုံ ထွက်တတ်ပါသည်။
“ခေါ်သံရိုက်ဟည်း
လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊
ခတ်ပစ်ကယ် ခြောက်သောအခါ
ပုတတ်ယုန်ခါ
တောမှာရှိကြ
ငုံးကြွက်ကယ်
ဖွတ်၊ မြွေ၊ ဝံပုလွေ
မနေထွက်လာကြသည်တည့်လေး”
အထက်တန်းကျောင်းသားဘဝ သင်ကြားခဲ့ရသော ဝန်ကြီးပဒေသရာဇာရေးသည့် ထန်းတက်သမား တျာချင်းကိုပင် ပြန်လည်၍ ကြားယောင်မိသည်။
‘ဝ’ အတွင်း အောင်းနေကြသော တောကြက်၊ တောကြောင်၊ ယုန်၊ ခွေးအ၊ ချေ၊ သမင် စသော တောကောင်များ ပြေးထွက်လာကြသည်။
ပထမဦးစွာ ထွက်လာတတ်သော တောကောင်သည် ခွေးအ,ပင် ဖြစ်သည်။ သမင်မှာလည်း ထွက်လွယ်ပါသည်။ ချေကတော့ ကတ်သည်၊ မထွက်လွယ်ပါ။ ချုံပုတ်အတွင်း ကုန်းကမူအခြေတို့တွင် ကတ်၍ ဝပ်နေတတ်ပါသည်။
ပြေးထွက်လာရလျှင်လည်း ချေသည် ပြေးလမ်းမကျပေ။ တောင်ဘက် နှစ်ခုန် ခုန်ပြေးလိုက်၊ တစ်ဖန် မြောက်ဘက်နှစ်ခုန် ခုန်ပြေးလိုက်၊ ရပ်ကြည့်လိုက်ဖြင့် ပြေးတတ်သည်။
သမင်များကတော့ ဤသို့မဟုတ်ပေ။ ပြေးထွက်လာ လျှင် အသားကျ ပြေးလာတတ်သည်။ တစ်ချီ တစ်ချီ ရပ်၍ နားစွင့်တတ်သည်။
တောခြောက်သော ‘ဝ’ ရှည်လျှင် ပစ်ခတ်၍ ကောင်းသည်။ အဝေးမှ သမင်များ အသားကျပြေးလာသည်ကို လှမ်းမြင်ရလျှင် အသာစောင့်နေပြီး သေနတ် တစ်ကမ်းရောက်သည့်နေရာ အရောက်တွင် မုဆိုးက လက်ခေါက်ထိုးကား ရွှီခနဲ အသံပြုလိုက်သည်နှင့် တုံ့ကာ ရပ်လိုက်သည်။ ဤအချိန် တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်လျှင် လဲပေတော့သည်။
လက်ခေါက်ထိုးသံမပြုဘဲ ချောင်းဟန့်လိုက်လို့ကတော့ ဖြုန်းခနဲ နောက်ခုန်၍ ပြန်ပြေးတော့သည်။ လူ၏အသံကို သိပေသည်။
စာရေးသူတို့မိတ်ဆွေ မုဆိုးကိုငွေအောင်သည် တစ်ခါက နတ်ရဲတောင်ဘက် တောခြောက်ပစ်ခတ်ကြရာတွင် သူ့ဆီ အသားကျပြေးလာသော သမင် နှစ်ကောင်ကို ပိုင်လောက်သည့်အကွာအဝေးအရောက် ရပ်တန့်စေရန် “အဟမ်း” ဟု ချောင်းဟန့်သံပေးလိုက်ရာ အသံကြားရသည်နှင့် တစ်ပြိုင်တည်း နောက်ခုန်၍ တစ်ဟုန်ထိုးပြေးပါတော့သည်။ ဤသို့ဖြင့် မပစ်ခတ်လိုက်ရတော့ပါ။ သူကတော့ သမင်များ ကြောင်ပြီး ရပ်လေမလားလို့ ပြုမူလိုက်ခြင်းပင်။ သို့သော် သမင်များက လူသံမှန်း လွန်စွာ သိပေသည်။
အချို့ အပစ်ခံထားရဖူးသော အကောင်ဆိုပါလျှင် ခြောက်သောသူများရှိရာ နောက်ဘက်သို့သာ ပြေးထွက်သွားတတ်သည်။ ထိုအခါမျိုးများတွင် တော ခြောက်သူနှင့် သမင် ဘွားခနဲ တွေ့ဆုံလိုက်ရပြီး ခြောက်သူလူက လက်ဝါးနှင့်ပင် တင်ပါးကို လှမ်းပုတ်ရိုက်လိုက်ရ၏။
“ကွာ- သမင်ကြီး ငါ့ဘက် ထွက်ပြေးလာတာ ဘွားခနဲ တွေ့ရောဟေ့။ လက်ထဲလည်း ဘာမှမပါတော့ လက်နဲ့ပဲ တင်ပါး ပုတ်လိုက်နိုင်တယ်။ သေနတ်ပါလို့ကတော့ သမင်အမွေး ပါးစပ်နဲ့မှုတ်ပစ်လိုက်ရုံပဲဗျား”
သားကောင်လည်း မပစ်လိုက်ရ၊ တောခြောက်အပြီး မောမောနှင့် တစ်ယောက်သောသူက အထက်ပါအတိုင်း အားရပါးရ ပြောချလိုက်ရာ တစ်ဖွဲ့လုံး မပြုံးဘဲ ဝါးလုံးကွဲ ရှယ်ကြတော့သည်။
တောခြောက်တောမောင်း၍ ပစ်ခတ်ရာတွင် မုဆိုးနှင့် တောခြောက်ပေးကြသူများ ဝေပုံကျ ဝေခြမ်းကြရသည်မှာ အခြားသောဒေသမှာ မည်သို့ရှိသည်မသိ ပေ။ စာရေးသူတို့ တောပစ်ဒေသတွင်တော့ တောခြောက်ပေးသူများအတွက် ရှေ့ပိုင်း ခေါင်းမပါ လည်တိုင်၊ ရင်အုံ၊ ရှေ့လက်တို့ ပေးရသည်။
မုဆိုးများအတွက်ကတော့ ပေါင်နှစ်ပေါင်နှင့် တစ်ခါးရပါသည်။
မုဆိုများ စခန်းချ တည်းခိုသော တဲအိမ်အတွက် မုဆိုးဝေပုံထဲမှ ခါးနှင့် ခေါင်း နောက်မြီး၊ ဝမ်းတွင်းသားကို ပေးပါသည်။
တစ်ခါတစ်ရံ၌ ချေလေးတစ်ကောင်သာ ရတတ်ပါသည်။ ထိုအခါမျိုးတွင် တောခြောက်သူက များသဖြင့် တစ်ယောက် (၁ဝ) ကျပ်သားခန့်သာ ရသည်။
“ဒါလည်း အရောအနှောလေးနဲ့ ချက်စားရင် အူစိုတာပဲကွာ”
ဟု ဆိုပြီး ယူသွားကြသည်ချည်းပင်။ အားလုံး ဝေခြမ်းပြီးမှ တစ်ဦးတစ်ယောက်က ပေါက်ချလာပြီး ခြောက်သည့်လူထဲတွင် သူပါပါသည်ဆိုပြီး ဝေစုလာတောင်းတတ်သည်။ ဒီအခါတွင် မုဆိုး၏ ဝေစုထဲမှ ဖဲ့ကာ ပေးလိုက်ရသည်။
အမှန်တကယ်တော့ ၎င်းသည် ခြောက်သောသူထဲမပါ။ မီးသွေးထင်းခုတ်၊ သစ်မြစ်တူးနေစဉ် တောခြောက်သံများ၊ သေနတ်သံများကို သူကြား၍ ရောယောင်ပြီး ခြောက်သံပေးလိုက်လာကာ ဝေစုလာတောင်းခြင်းသာ ဖြစ်ပေသည်။ ဤသို့သော လူလည်များလည်း တွေ့ခဲ့ရပေသည်။
ပစ်ခတ်လိုက်ရပြီး ချက်ကောင်းမမှန်သောအခါ သားကောင်သည် အဝေးသို့ ပြေးတော့သည်။ ထိုသားကောင်၏နောက် လိုက်ရန် တောကောင်းသော ခွေး များကို ခေါ်ရသည်။ တကယ်တောလိုက်ကောင်းသော ခွေးသည် သူ၏ခြေသံကို မကြားရအောင် သစ်ရွက်ခြောက်ကိုပင် ခုန်ရှောင်၍ ပြေးလိုက်တတ်သည်။
သားကောင်ကို တွေ့သည့်အခါ ခွေးများက ဟောင်သံပြု၊ မာန်ဖီသံပေးကာ ဝင်ဆွဲကြတော့သည်။ အချို့ခွေးများက လည်တိုင်ရှိ လေပြွန်ကို ဝင်ကိုက်တတ်သည်။ သားကောင်က သွေးရူးသွေးတန်း ထွက်ပြေးစဉ် ခွေးက တန်းလန်းပါသွားသည်။
သစ်ပင်နှင့်တိုက်မှ ဂိန်ခနဲ ပြုတ်ကျ ကျန်ရစ်ပေသည်။
သားကောင်က ဒဏ်ရာဖြင့် မသေမရှင် ဖြစ်နေသေးသော်လည်း ခွေးများက ပေါင်နောက်သားများကို ကိုက်ခဲကာ စားနေတတ်သည်။ ထိုအခါ သားကောင်မှာ အော်နေတော့သည်။
တစ်ခါတစ်ရံတွင်လည်း မုဆိုးနှင့် လိုက်ကြသူများ
ခွေးနှင့် သားကောင်ရှိရာ အရောက်နောက်လျှင် ခွေးများက ဗိုက်ဖောက်ကိုက်ပြီး ခေါင်းဝင်လျက် ဝမ်းတွင်းသားများ နေသည်ကို တွေ့ရှိရတတ်သည်။
ထိုသို့ ဖြစ်တတ်ပါ၍ မုဆိုးအဖွဲ့လည်း ခွေးသံကြားရာ အပြေးလိုက်ပြီး ထပ်မံပစ်ခတ်ရန် လိုလျှင် ပစ်ခတ်ရပေသည်။ ထိုအခါမျိုးတွင် ခွေးများကို အသုံးချရ၍ ခွေးအတွက်ပါ အသားဝေစုတစ်ပုံကို ခွေးရှင်အား ပေးရပေသည်။
မုဆိုးအဖွဲ့ ညမီးလည်ရန်အတွက် ဘက်ထရီအားကုန်နေသဖြင့် ဘက်ထရီအား ထပ်မံသွင်းရန် အလှမ်းဝေးသော ရွာဆီသို့ တစ်စုံတစ်ယောက်အား စေလွှတ်ရသည်။ သူသည် နေ့တောခြောက်ရာတွင် မပါသော်လည်း သူ့အတွက်လည်း ဝေစုတစ်ပုံ ပေးရပေသည်။
ယခုလို တပေါင်း၊ တန်ခူးလ နွေရာသီတွင် သမင်များသည် မိတ်လိုက်၍ အုပ်၊ အသင်းဖွဲ့ကာ နေတတ်ပေသည်။ ချေများမှာတော့ အဖိုအမ တစ်စုံ၊ နှစ်ကောင် သုံးကောင်ထက် ပို၍ အတူတွဲမနေပေ။
သားကျတတ်သည့် သဘာဝမှာလည်း မတူပေ။
သမင်သည် တစ်နှစ်လျှင် တစ်သားသာ ကျတတ်ကြပါပေသည်။ ပမာပြရလျှင် နွားသတ္တဝါကဲ့သို့ ဖြစ်ပေသည်။
ချေမှာ သမင်ကဲ့သို့မဟုတ်။ တစ်နှစ်လျှင် နှစ်သားကျပြီး၍ တစ်ဗိုက် ရှိတတ်၏။ အိမ်မွေးတိရစ္ဆာန် ဆိတ်ကဲ့သို့ ဖြစ်ပေသည်။ ထို့ကြောင့် သမင်ပေါက် ပွားမှုထက် ချေပေါက်ပွားမှုက ပို၍ လျင်မြန်ပေသည်။
ချေ၏အစွယ်မှာ အပေါ်မှ ပေါက်သည်။ အောက်မှ မပေါက်။ နှုတ်သီးရှေ့ သွားများ၏နောက်မှ အစွယ်ပေါက်ပြီး နောက်ဘက် ယောင်ယောင်ကွေးနေ၏။ အရှည်မှာ နှစ်လက်မခန့် ရှိသည်။
ချေအဖိုရော အမပါ အစွယ်ပါသည်။ ယင်းအစွယ်သည် အောက်သွားနှင့် ခတ်နေ၍ လွန်စွာ ထက်လှသည်။ တောဝက်များကဲ့သို့ မပက်တတ်။ ပါးစပ်နှင့် ကိုက်ခဲပြီး ခါယမ်းပစ်တတ်သည်။
ချေအကိုက်ခံရလျှင် ချေစွယ်ရာသည် ဓားနှင့်ဖြဲလိုက်သကဲ့သို့ ရှိသည်။ လေတိုက်တိုင်း ပြဲလေဖြစ်သည်။ တောလိုက်ကောင်းသော ခွေးကို ချေကိုက်ခံရ လျှင် မသေလျှင်ရှိတော့၊ မည်မျှပင် သတ္တိကောင်းသော ခွေးဖြစ်ပါစေ နာလန်မထူတော့ပြီ။ တောလိုက်ရာတွင် အသုံးပြု၍ မရတာ့ပေ။
အချို့ ခွေးများဆိုလျှင် ချေက ကြောက်ကန်ကန်၍ ဗိုက်ခဲယမ်းလိုက်ရာ အတွင်းမှ အူများပင် ထွက်ကျ တတ်သည်။ ခွေးသခင်မှာ သူ့ခွေးသည် တောလိုက်ကောင်း၍ အူများ အတွင်းပြန်ထည့်၊ ပုဆိုးဖြင့်ပတ်ကာ ယူခဲ့ပြီး တဲတိုက်ရောက်မှ နွားမြီးနှင့်ချုပ်၊ ဆေးကုပေးရာ အသက်ရှင်သော်လည်း ကျန်းမာလာသောအခါ တောလိုက်သွားရာခေါ် သည်။ ခွေးမှာ မလိုက်တော့ပေ။ တောကို ကြောက်လန့်သွားတော့သည်။
တစ်ခုထူးခြားသည်က ချေ၊ သမင်၊ ဆတ် တောကောင်များတွင် မျက်လုံးအောက်တည့်တည့်၌ မျက်ရည်ခံခွက် ပါကြသည်။ အလိမ်အရှုံ့ကလေးဖြင့် မျက်တွင်းပေါက်ယောင်ယောင် ဖြစ်ပါသည်။ အတွင်းထိ မပေါက်ပေ။ အဖိုရော အမပါ ယင်းမျက်ရည်ခံခွက် ပါကြသည်။
တချို့လူတွေက ချေ၊ သမင်၊ ဆတ် တောကောင်များသည် မျက်လုံးအိမ်လေးအိမ် ပါသည်။ ညအခါ အပေါ်မျက်လုံးအိမ်မှ မျက်စိသည် အောက်မှာရှိသော မျက်အိမ်ထဲသို့ရောက်၍ ညကြည့်အား ပိုမို ကောင်းသည်ဟု ပြောကြသည်။ မဟုတ်ပါပေ။
သို့သော် ဖိုမသဘာဝ အနံ့ကိုတော့ ယင်း အောက်မျက်ရည်ခံခွက်မှ ထွက်သည်။ ဆင်များ မုန်နံ့ပေးသကဲ့သို့ ၎င်းတို့သည်လည်း အနံ့တစ်မျိုးထွက်ပေသည်။ အလွန် အနံ့ဆိုးသည်။
စာရေးသူတို့မုဆိုးအဖွဲ့မှာ ယခုအခေါက်တွင် စာရေးသူ၊ ကိုကြံအောင်၊ ကိုစန်းအောင်၊ ကိုကျော်ဝေ၊ ကိုကြည်ထွန်း စုစုပေါင်း (၅) ယောက် ဖြစ်သည်။
နှစ်လုံးပြူး နှစ်လက်၊ တစ်လုံးထိုး တစ်လက်၊ အားလုံး သေနတ် (၃)လက်သာ ပါခဲ့သည်။
ယမ်းတောင့်များကတော့ (SG) ကိုးလုံးကျည်၊ (LG) ခြောက်လုံးကျည်တို့ အလုံအလောက် ယူခဲ့သည်။
နှစ်လုံးပြူးသေနတ်များမှာ နှစ်ဖက်ချုပ်နှင့်ဖြစ်သည်။ ကျည်စုကောင်းအောင် ဖြစ်သည်။ နှစ်လုံးပြူးနှင့် တစ်လုံးထိုးသေနတ်များမှာ ပြောင်းရစ်မပါ။ ပြောင်ချောဖြစ်၍ ကိုက် (၅ဝ) ခန့်ထိ ရောက် ပါသည်။
စပ်လူးပိတ်ချင်းတောရွာ ချောင်းမကြီးတဲတိုက်သို့ ကျွန်တော်တို့တစ်တွေ မနေ့ကရောက်၍ တစ်ညအိပ်ကြပြီးမှ သားကောင်တွေအကြောင်း စနည်းနာကာ ယနေ့ တပေါင်းလပြည့်ကျော်(၁၂) ရက်၊ ဒေသအခေါ် ထမင်းကြီးစားပြီးချိန် တောခြောက်၍ ပစ်ခတ်ကြမည်ဖြစ်သည်။
နောက်ချန်မုဆိုးများသည်လည်း ငြိမ်ငြိမ်မနေရပါ။ ပစ်ခတ်၍ ရလာသော သားကောင်ကို သားရေချ၍ သားရေကောင်းကောင်းရရှိရန် နေလှန်းရသည်။ အသားများကို ညှင်း၍ ယမ်းစိမ်း၊ ဆား၊ ဘီအီးအရက်အဆီတို့ဖြင့် နယ်ကာ တံစို့များထိုး၍ နေလှန်းကြရသည်။
သားရေကောင်းရန် သားကောင်၏ ဦးခေါင်းပိုင်းကို သစ်ပင်ထက်မှာ ချိတ်ဆွဲ၍ ဦးခေါင်းနောက် ကုပ်ကို ဓားဖြင့်ရစ်ပြီး အောက်သို့ဆွဲချကာ အင်္ကျီချွတ်သကဲ့သို့လည်း သားရေကို ချွတ်ခွာကြသည်။ ဤနည်းမှာ ခဲယဉ်းသည်။
ခြေ လက်တို့ကို ဓားဖြင့်ရစ်၍ အရေချဓားကလေးများဖြင့် စိတ်ရှည်လက်ရှည် သားရေကို ခွာသည်လည်း ရှိသည်။ ရလာသော သားရေကို မြေတလင်း ပြောင်ပြောင်တွင် ဝါးဆစ်ပိတ်ညှောက်ချွန်ကလေးများဖြင့် စိုက်၍ ငုတ်ရိုက်ပြီး ဖြန့်ကားကာ နေလှန်းရသည်။
ဤကဲ့သို့ လှန်းထားရာတွင် တဲတိုက်ရှိ ခွေးများရန် မနားတမ်း ခြောက်မောင်းနေရသည်။
မိုးတွင်းအခါမှာတော့ နေလှန်း၍ မရပေ။ သားရေခွံအတွင်းပိုင်း ဆားများများပက်၍ ဆားထုပ်ထုပ်ကာ ထိန်းသိမ်းရသည်။ ကွာခြားချက်မှာ နေလှန်းသောသားရေထက် ဆားထုပ်ထုပ်သော သားရေသည် ပို၍ ကောင်းမွန်ပါသည်။ ထိုသားရေမှာ အိနပ်နေပြီး လယ်သာဂျာကင်ချုပ်ရန် ကောင်းသည်။
“ကဲ ထွန်းရှင်ရေ၊ လူစုံရင် သွားကြစို့ဟေ့”
“စုံပီဗျို့”
မုဆိုး ကိုစန်းအောင်၊ ကိုကြံအောင်၊ စာရေးသူတို့ သေနတ်ကိုယ်စီနှင့် အဆင်သင့်ဖြစ်နေကြပြီး တောခြောက်မည့်သူများသည် အင်အား အယောက်နှစ်ဆယ်ခန့် ရှိသည်။ ချောင်းမကြီးတဲတိုက်မှ (၉) နှစ်၊ (၁ဝ) နှစ်ခန့် ကလေးများပါ ပါဝင်ကြသည်။
“ဝ” သူကြီးမှာ ထွန်းရှင် ဖြစ်သည်။ ထွန်းရှင်၊ ငသိန်း၊ ကျော်အောင်၊ သန်းရွှင်၊ သာပု၊ ငနီ၊ ငတိုး အစရှိသည်ဖြင့် လူစုံရွယ်စုံ ဖြစ်သည်။
“ထွန်းရှင် ဘယ် ‘ဝ’ ခြောက်ကြမှာလဲ”
ကိုကြံဆောင်က မေးသည်။
“မမန်ကြည်ကုန်း အောက်နားက ချောက်တန်းလျှို၊ လက်နှစ်ဆင့် “ဝ” ဗျာ။ တစ်မြန်မနှစ်က ကျုပ်တို့ခြောက်ကြသေးတာပဲ။ ဒီတုန်းက ဆရာကြံလည်းပဲ ပါပါတယ်”
“ဪ … အေး ဟုတ်ပြီ။ လက်နှစ်ဆင့် … သိတယ် … သိတယ်”
‘ဝ’သူကြီးထွန်းရှင်သည် သူ့လူများကို ၎င်းမှ အချက်မပေးသေးဘဲ အသံမထွက်ကြရန်၊ အသီးသီး နေရာချထားပြီးမှ သူအချက်ပေးမည်။ ပထမဦးစွာ သေနတ်သမားများကို ‘ဝ’ ထိပ်စည်းမှာ နေရာထားမည်။ ပြီးနောက် ခြောက်မည့်သူများ ‘ဝ’ အောက်ပိုင်းသို့ ရောက်အောင် ကွေ့ပတ်ကာသွားကြရာ၌ အတတ်နိုင်ဆုံး ခြေသံလုံလုံ သွားကြရမည်ဖြစ် ကြောင်း၊ ‘ဝ’ မှာ ရှည်သည်ဖြစ်၍ သေနတ်သမား မုဆိုးများကလည်း စိတ်ရှည်ရှည်ထား၍ စောင့်ရမည့်အကြောင်း၊ ခြောက်မည့်သူများအားလည်း လက်ဆောင် (လက်စွန်) နှစ်ဖက်မှ ‘ဝ’ သူကြီးများ အချက်ပြပြောဆိုသည့်အတိုင်း ပစောက်ပုံ ဝိုင်း၍ အကွက်စေ့နင်းကာ ခြောက်ကြရမည်။
အနည်းငယ်ဆင်းကာ သွားမည့် ချောက်တန်းလေးများ မိမိရှေ့တွင် တွေ့လာပါကလည်း ဆင်း၍ ခြောက်ရမည်။ ကွင်းရှောင်မသွားကြရန် စသည်စသည် ဖြင့် အာပေါင်အာရင်းသန်သန် ပြောဆိုနေပေတော့သည်။
ဤသို့ဖြင့် မမန်ကြည်ကုန်း လက်နှစ်ဆင့် ‘ဝ’ဆီသို့ မုဆိုးအဖွဲ့နှင့် တောခြောက်မည့်သူ လူအများ လျှောက်လှမ်းခဲ့ကြတော့သည်။ လက်နှစ်ဆင့်‘ဝ’ဆီသို့ ရောက်လာရာ ‘ဝ’သူကြီး ထွန်းရှင်က မုဆိုးအဖွဲ့ကို ကုန်းမြင့်ပိုင်း၊ လျှို၏ထိပ်ဝ၌ ‘ဝ’စည်းစောင့်ရမည့်နေရာကို ပြပေး၏။
‘ဝ’ ထိပ်စည်း ပထမနေရာတွင် စာရေးသူက စောင့်မည်။ တစ်ဖန် ညာဘက်ရှိ ကိုက်နှစ်ဆယ်၌ ကိုစန်းအောင်က စောင့်ပြီး သူ၏ညာဘက် ခပ်လှမ်းလှမ်းတွင် ကိုကြံအောင် စသည်ဖြင့် သေနတ်သုံးလက်တန်းစောင့်ကြသည်။
စာရေးသူလည်း မည်သည့် သစ်ပင်ပေါ် တက်ရောက်၍ နေရာယူရလျှင် ကောင်းမည်လဲဟု လှည့်ပတ်ကာ ကြည့်သည်။ ထန်းပင်လုံးခန့်တုတ်သော အင် ပင်ပေါက်ကို မော့ကြည့်၍ ရှေ့မြင်ကွင်း ပစ်ကွင်းရှင်းရဲ့လားဟု တစ်ဖန် ရှေ့သို့ အကဲခတ်ကြည့်ရပြန်သည်။
ရှေ့ကိုက် (၂၀)မှာ ယခုအပင်ထက်မြင့်သော အင်ပင်သည် ညာဘက်ယွန်းယွန်းတွင် ရှိသည်။ ဖက်များလည်း အကုန်မကျသေးပေ။
သို့သော်လည်း ကိစ္စမရှိ၊ ခပ်မြင့်မြင့်တက်နေလျှင် အောက်စိုက်ပစ်ရပေမည်။ ဒီအပင်ပေါ်ပဲ တက် တော့မည်ဟု ဆုံးဖြတ်ကာ သေနတ်နှင့် အိတ်ကိုလွယ်၍ တက်လိုက်တော့သည်။
သစ်ပင်၏ ခါးလယ်အရောက် အဝေးသို့ လှမ်းကြည့်လိုက်၊ အောက်ဆီသို့ ကြည့်လိုက်ဖြင့် နည်းနည်းနိမ့်သေးသည်၊ ထပ်၍တက်ပြန်သည်။
တော်လောက်ပေပြီ၊ ရှေ့ပစ်ကွင်းမှာလည်း အကိုင်းအခက်အလက် သိပ်မရှုပ်။ မိမိဘေးလက်မောင်းလုံး
ခန့်အကိုင်း ဘယ်ဘက်တံတောင်ကွေးအတွင်း သွင်းကာ မတ်တက်ရပ်၍ ပစ်ခတ်နိုင်ပေသည်။
ကိုစန်းအောင်၊ ကိုကြံအောင်တို့နှစ်ဦးတော့ မည်သို့ရှိမည်မသိပေ။ တစ်ခါတစ်ရံ သစ်ပင်သေးလျှင် သစ်ကိုင်းနှစ်ခွကြား ညာခြေရပ်၍ ဘယ်ခြေမှာ သစ် ကိုင်းတစ်ကိုင်းကို ခြေကလိမ်ကွပ်ကာ ပစ်ရသည်လည်း ရှိပေသည်။
ဤကဲ့သို့ အတွေးများရှိနေစဉ် ဟိုအဝေး ‘ဝ’အဖျား အောက်ဘက်ဆီမှ လူသံများ၊ သစ်ပင်ပင်စည်ကို ဝါးတုတ်ဖြင့် ခေါက်သံများ သဲ့သဲ့ကြားရပါပြီ။ အစပြု၍ တောခြောက်ခြင်းပင်တည်း။
များမကြာခင် အချိန်အတွင်း ‘ဝ’ အတွင်းရှိ သားကောင်များ ထွက်လာတော့မည်။ အသင့်အနေအထားဖြင့် နှစ်လုံးပြူးသေနတ်ကို မောင်းတင်၍ စောင့်ကာ ပစ်ခတ်ရန် စိတ်စောနေမိသည်။
ယခုမှ ခြောက်ခါစဖြစ်၍ မည်သည့်သားကောင်မျှ လှမ်းကြည့်လို့ မမြင်ရသေးပေ။ ‘ဝ’ အရှည်မှာ ခန့်မှန်းခြေ သုံးဖာလုံခန့်ရှိလိမ့်မည်။ ဆယ်မိနစ်ခန့် အကြာမှတော့ တောခြောက်သည့် လူသံများ ဆူညံစွာ ကြားရပြီး သားကောင်များ ကျောက်စရစ်မြေပေါ်သို့ ပြေးလာသည့် ခွာသံကိုလည်း ကြားရသည်။
လှမ်းမြင်ရပါပြီ။ ရှေ့ကိုက် (၁၅ဝ) ခန့်တွင် ချေနှင့် သမင်။ အကောင်ရေကို မသိရ။ ချုံနှင့် ကွယ်သွားလိုက်၊ သစ်ပင်နှင့် ကွယ်သွားလိုက်၊ တစ်ဖန် ကြားကွက်လပ်တွင် မြင်လိုက်ရသဖြင့် ပြေးလာနေသည်မှာ လျင်မြန်လှပေသည်။
မိမိမှာလည်း ခါးကုန်း၍ ကြည့်လိုက်၊ တစ်ဖန် ခါးဆန့်၍ ကြည့်လိုက်နှင့် ရှိနေတော့သည်။
ဟော … ရှေ့ဆုံးမှက ချိုသမင် နှစ်ကောင်။ ဟာ … မကဘူးဟ။ သမင်ကနှစ်ကောင်၊ ချေသုံးကောင်။
ဤသို့ လိုက်ကြည့်နေ၊ လိုက်ချိန်နေစဉ်တွင် သစ်ရွက်ခြောက်များအပေါ် တဖြောဖြောအသံမြည်လျက် ကျွန်တော့်အောက်ဘယ်ဘက်မှ သမင်ဘောက်ကြီးက ဖြတ်ပြေးတော့သည်။ ဟာခနဲ အောက်ငုံ့ကြည့်ကာ ကျန်ခဲ့သည်။ ချက်ချင်း တစ်ဖန် စောစောက မြင်ကွင်းဆီသို့ ပြန်ကြည့်လိုက်ရာ ချေဘောက်တစ် ကောင်သာ ပြေးလာသည်ကို မြင်ရတော့သည်။ ကိုက်(၅ဝ)ခန့်အရောက် ရပ်တန့်နေသည်တွင် လက်ထပ်ကိုချိန်၍ ပစ်လိုက်တော့သည်။
ဒိန်းခနဲ ယမ်းပေါက်ကွဲသံ ဆူညံသွားသည်။
ချေဘောက်မှာ ယိုင်လဲတော့သည်။
“ဒိန်း”
“ဒိန်း”
ကိုစန်းအောင်၊ ကိုကြံအောင်တို့ဆီမှ သေနတ်သံများ ကြားရသည်။ သေနတ်သံများကို ကြားရလေ တော ခြောက်သူများ ပို၍ အသံကျယ်ကျယ်ဖြင့် ဆူညံသံပေးပြီး အားတက်စွာ ခြောက်ကြတော့သည်။ ခြောက်အား ကောင်းလာသည်။
ကျွန်တော့်မှာ ညာဘက်ဆီသို့သာ အာရုံစိုက်၍ ပြေးလာသည့် သားကောင်များကို ကြည့်နေရာ ဟော- မိမိဘယ်ဘက်မှ သမင်ဘောက်ကြီး (ချိုကားကြီး) ကို မမြင်။ အောက်မှ ဖြတ်ပြေးသည်ကို ကြည့်လိုက်ရကာ ပါးစပ်ဟောင်းလောင်းဖြင့် ကျန်ခဲ့သည်။
တော်ပေသေးသည်။ ခပ်ကတ်ကတ် ချေဘောက်ကို ပစ်လိုက်ရ၍သာ။
တောခြောက်သူများလည်း ‘ဝ’ ထိပ် ရောက်ခါနီးလာပြီ။ သစ်ပင်ထက်မှ ဆင်းခဲ့တော့၏။
ကိုစန်းအောင်၊ ကိုကြံဆောင်တို့က မည်သည့်သားကောင် လှဲထားနိုင်သည် မသိရသေး။
“ဝ”သူကြီး ထွန်းရှင်နှင့် ငသိန်း၊ ကျော်အောင်၊ သန်းရွှင် စသည်ဖြင့် တောခြောက်သူများ မိမိရှိရာ ရောက်လာကြတော့သည်။
“ဗျို့ ကိုတာ၊ ဘောက်ကြီး ပစ်လိုက်ရလား”
“ဘယ် ပစ်လိုက်ရမှာတုံးကွာ။ ဘောက်ကြီးကို မမြင်ရဘူးဟေ့။ ငါ့ အောက်က တစ်ဟုန်ထိုး ဖြတ်ပြေးသွားတာ မြန်လိုက်တာ။ ဖြစ်ချင်တော့ ငါက လှမ်းမြင်နေရတဲ့ ညာဘက်က အကောင်တွေဆီ အာရုံရောက်နေတာကိုး။ ဒါပေမယ့် ချေဘောက်တစ်ကောင်တော့ လဲတယ်ဟေ့။ လာကြကွ … ဟိုမှာတွေ့လား”
“ဝေး … ဟေး … ဟေး”
ထွန်းရှင်တို့သည် ဝမ်းသာရွှင်မြူး အော်ဟစ်၍ ချေလဲနေရာ အပြေးသွားသည်။ ကျွန်တော်လည်း သူတို့နောက်မှ လိုက်၍ ချေဘောက်ကို ကြည့်ရှုရာ ပစ် မှတ်တွင် (၆) လုံး ဝင်သည်ကို တွေ့ရပေသည်။ ချေကို ငသိန်းက ထမ်းကာ အဖွဲ့လိုက် ကိုစန်းအောင်တို့ရှိရာ ထွက်ခဲ့ကြသည်။
“ဝူး”
“ဝူး”
အပြန်အလှန် အသံပေးကြပြီး အသံကြားရာ သွားကြသည်။
“ဘယ်လိုတုံးဗျို့ ကိုစန်းအောင်”
“လာကြဗျို့၊ ချေတစ်ကောင်တော့ လဲတယ်။ ကျွန်တော်က ဒီလောက် အကောင်များများထွက်မယ် ထင်မထားဘူး။ ကြုံရာသစ်ပင်တက် နေရာယူလိုက် တာ မှားသွားတယ်။ ဘယ်ညာလှည့်လို့ မရဘူးဗျ”
“ဟာ ဆရာစန်းကတော့ ဒီ ‘ဝ’ ကို ထင်မထားဘူးရယ်လို့နော်။ လုပ်ချလိုက်ပြီ၊ ကျုပ်ပြောထားရဲ့သားနဲ့ဗျာ”
‘ဝ’သူကြီး ထွန်းရှင်က ညည်းတွားသံဖြင့် ပြောတော့သည်။ ကိုစန်းအောင် ပစ်ခတ်ထားသော ချေသေနားတွင်မှာတော့ ကျော်အောင်တို့လူစု တစ်ယောက်တစ်ပေါက် ဝေဖန်သံများ လှိုင်နေကြသည်။
ထိုအချိန်တွင် ကျွန်တော်တို့လူစုရှိရာသို့ ကိုကြံအောင်သည် သေနတ်လွယ်၍ လျှောက်လာနေသည်။ သူ့မျက်နှာ ပြုံးနေသဖြင့် သူသည်လည်း တစ်ကောင်တော့ ပစ်ခတ်ရထားဟန် တူပေသည်။
“ဗျို့ … ကိုကြံ၊ ဘာကောင်လဲသတုံး”
“ကိုတာရေ … ဘောက်ကြီးဗျား”
“အံ့ပါ့ဗျာ … တယ်ဟုတ်ပါလား။ ဟား … ဟား … ဟား ပွတာပဲဗျို့”
“ကိုကြံ ဘယ်လိုပစ်လိုက်ရတာလဲ”
“ဒီလိုဗျို့- ကိုတာရဲ့။ ကျွန်တော်လည်း နေရာလျှောက်ရှာတော့ ချုံပင်တွေဝိုင်းနေတဲ့ အင်ပင်ငုတ်ကြီးကိုတွေ့ ရော။ အမြင့်က ကျွန်တော့်ခါးသာသာ ရှိတယ်။ လူတစ်ဖက်စာလောက် တုတ်တယ်။ လွှတိုက်ပြီး ဖြတ်ထားတာ ကြာဟန်တူပါပြီ။ အဲဒီငုတ်ပေါ် တက်ထိုင်စောင့်နေတာ။
ဖက်ခြောက်တွေပေါ်ကို နင်းပြေးလာသံကြားတော့ ချုံကြားက ခေါင်းပြူကြည့်ရော ဟာ … ဘောက်ကြီး ဟဆိုပြီး တစ်ခါ ပြန်ပုနေလိုက်တယ်။
အနားကိုလည်း ရောက်လောက်ရော ဖြုန်းခနဲ မတ်တတ်ရပ် ထိုးချိန်ပစ်လိုက်တော့တာ ပေ (၂၀) အကွာလောက်ပဲ ရှိမှာဗျ”
“ဟာ … တေ့ဖြုတ်လိုက်ရတယ် ပြောပါတော့ဗျာ”
“ဟုတ်တယ်ဗျ။ ယမ်းတောင့်ကလည်း (LG) ခြောက်လုံးကျည်၊ ကျည်ကြီးဆိုတော့ သေချာတာပေါ့”
ဤသို့ဖြင့် တစ်‘ဝ’တည်း ချေနှစ်ကောင်၊ သမင်ချိုကားကြီးတစ်ကောင် ရပေသည်။
ညနေ (၃) နာရီထိုး၊ နေလည်း ကျပြီ။ ကျနေမှာ ပိုပူသည်ဟု အောက်မေ့မိသည်။
ဘောက်ကြီးကိုတော့ သစ်ကိုင်းခုတ် နွယ်ဖြင့်တုပ်၍ လူနှစ်ယောက် ထမ်းကြသည်။
ထွန်းရှင်တို့ လူကြီးတစ်သိုက်က သားကောင်များထမ်း၍ ရှေ့မှ သွားကြသည်။ သာပုတို့ ကလေးတစ်တွေမှာ ရှေ့ကြိုပြေးလိုက်၊ နောက်ရောက်လိုက်ဖြင့် ဟင်းစားရတော့မည်မို့ ပျော်ရွှင်နေကြသည်။
သူတို့နောက်က လိုက်ရသည်မှာ အင်တိုင်းတောမှာ အကြောင်းမဟုတ်။ ယာဘေး လှည်းလမ်းလည်း ရောက်ကရော ဖုန်တထောင်းထောင်းဖြင့် နွားအုပ်နောက်က လိုက်ရသည့်နှယ် မွန်းလှသည်။
တဲတိုက်ကိုရောက်မှ ရေမိုးချိုး၍ ဘီအီးအရက်နှင့် ဝမ်းတွင်းသားဟင်း တွဲဖက်ပြီး “ချီးရားစ်” လုပ်ကြတော့မည်။
ကောင်းလေစွ။
– ပြီး –
စာရေးသူ – မဟာမြိုင်မုဆိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုး တံငါ စာပေများ ပေ့ချ်မှ ကူးယူဖော်ပြသည်
Uncategorized