July 31, 2025
Uncategorized

နွံ

မောင်နေခြည်(ပြည်)

မိုးဖွဲဖွဲကြားထဲက လင်းလက်နေတဲ့ နေလုံးကြီးကို ကြည့်ပြီး ကိုသာမောင်တစ်ယောက် ငုံးထောင်တဲ့ပိုက်တွေကို ပြင်နေတယ်။

“အင်း … အခုလို မိုးရွာပြီး နေပူလို့ကတော့ ငုံးတွေမြူးပြီပေါ့။ အခုမှ ညနေသုံးနာရီဆိုတော့ အချိန် ရသေးတယ်။ သစ်ရာပင်တောကို သွားထောင်မှပဲ။ အဲဒီမှာ ငုံးပိုပေါတယ်”

လို့လဲ စဉ်းစားနေမိတယ်။

“တော့် … ကိုသာမောင် မသွားသေးဘူးလား။ မိုးတိတ်နေပြီလေ”

မီးဖိုထဲက သူ့မိန်းမ မစိန်က ငရုတ်သီးထောင်းရင်း လှမ်းမေးတော့ ကိုသာမောင်က ငုံးပိုက်ကို ထမ်းပိုးမှာ ချိတ်လိုက်ရင်း –

“အေးပါဟ… သွားမှာပါ။ မိုး ထပ်ရွာအုံးမလားလို့ စောင့်နေတာ”

“မရွာလောက်တော့ပါဘူး။ ဒါထက် ဘယ်တောကို သွားထောင်မှာတုံး”

“သစ်ရာပင်တောကို သွားမယ်”

“အင်း … များများရအောင် ထောင်ခဲ့နော်။ ဆန်က အခုညချက်တဲ့ နို့ဆီဘူးနှစ်လုံးက အကုန်ပဲ”

“အေးပါဟ”

အဲဒီအချိန်မှာပဲ အနောက်ပိုင်းက တင်သန်းတစ်ယောက် သူ့အိမ်ရှေ့ကို ပေါက်ချလာတယ်။ အထုပ်တစ်ထုပ်ကိုလဲ လက်ကဆွဲလို့။

“တင်သန်း … ဘယ်ကိုလဲကွ။ အထုပ်အပိုးတွေနဲ့ပါလား။ မိန်းမက နှင်ချလို့လား”

ကိုသာမောင်က သူ့အိမ်ပေါ် ကနေ ရယ်စရာစနောက်ပေမဲ့ တင်သန်းကတော့ မရယ်နိုင်ဘဲ ငေးတိငေးငိုင်နဲ့ သူတို့အိမ်ပေါ်ကို တက်လာတယ်။

“ဒါထက် မင်းကကော လွယ်အိတ်တွေ၊ ထမ်းပိုးတွေနဲ့ … ဘယ်သွားမလို့လဲကွ”

“အခါတိုင်း ငါလုပ်နေကျ အလုပ်ပေါ့ကွာ။ ငုံးထောင်ပေါ့။ ဒါထက် မင်းကကော မျက်နှာလဲ မကောင်းပါလား။ ငါပြောသလို မိန်းမနဲ့ ရန်ဖြစ်လာပြန်ပြီနဲ့ တူတယ် … ဟုတ်လား”

သာမောင်က လှမ်းမေးလိုက်တော့ တင်သန်းက ခေါင်းညိတ်ရင်း-

“အေးကွ … ဒီတစ်ခါတော့ ရန်ဖြစ်ရုံတင် မဟုတ်ဘူးဟေ့။ ငါ့ကို အိမ်ပေါ်ကကို နှင်ချတာ။ အဲဒါ ငါလဲ စိတ်ပျက်လို့ အိမ်ကနေ ထွက်လာတာ”

“ဒါဖြင့် အခု ဘယ်ကိုသွားမလို့တုံး”

“ငါ့နှမတွေအိမ်မှာပဲ ကပ်နေရမှာပေါ့ကွာ”

“အဲဒီလို မလုပ်နဲ့လေကွာ။ လင်နဲ့မယား လျှာနဲ့သွားတဲ့၊ ရန်ဖြစ်လဲ ခဏပေါ့။ နောက်ပြီး မင်းက ပြတ်တာလဲ မဟုတ်ဘူး။ ခဏခဏ အိမ်ပေါ်ကဆင်း၊ နောက်ပြီး ပြန်တက်တာပဲ။ အဲဒီတော့ မိန်းမက ပိုပြီး ရောင့်တက်တယ်ကွ”

“ဟေ့ကောင် ဒီတစ်ခါတော့ ငါက အပြတ်ပဲကွာ။ ကလေးတွေမျက်နှာထောက်ပြီး ပြန်ပြန်လာတာ။ ဒါကို ဒီမိန်းမက သူ့ကို မက်မောလွန်းလို့ အောက်မေ့နေတယ်။ ဒီတစ်ခါကတော့ လုံးဝပဲ။ အဲဒီမိန်းမ မျက်နှာ ကြည့်ကို မကြည့်ချင်တော့ဘူး”

တင်သန်းက တံတွေးကို ထွီခနဲ ထွေးထုတ်ရင်း ပြောတယ်။ ဆေးလိပ်ကိုလဲ ဖွာတယ်။ ပုဆိုးကိုလဲ ပြင်ဝတ်တယ်။

လက်ထဲက အထုပ်ကိုတော့ သာမောင့်နားမှာ ချထား လိုက်တယ်။

“ဟေ့ကောင် … အစား ကုန်အောင်စားတဲ့၊ စကားကို အကုန်မပြောနဲ့တဲ့”

“ဟာကွာ… ပြတ်ပါတယ်ဆို။ ဒီတစ်ခါ ကြည့်နေကွာ၊ ဒီမိန်းမ ရှိတဲ့နေရာကို လုံးဝ ခြေဦးမလှည့်တော့ဘူး”

“ကိုင်း … ဒါဖြင့်လဲ မင်းနှမတွေအိမ်ကို နောက်မှသွား။ ငါနဲ့အတူတူ ငုံးထောင်လိုက်ခဲ့။ ဘယ့်နှယ်လဲ”

သာမောင်က အဲဒီလိုပြောတော့ တင်သန်း စဉ်းစားနေတယ်။ အဲဒီအချိန်မှာပဲ မီးဖိုထဲက မစိန်က-

“ဟုတ်သားပဲ ကိုတင်သန်းရဲ့။ စိတ်ပြေလက်ပျောက် လိုက်သွားပေါ့”

လို့ အကြံပေးလိုက်တော့ တင်သန်းလဲ သာမောင့်နောက်က ငုံးပိုက်တွေထမ်းရင် လိုက်သွားတယ်။

xxx xxx xxx

သူတို့နှစ်ယောက် တောထဲရောက်တော့ ငုံးတွေက ဆူညံနေအောင်ကို ပူနေကြတာ။

အခုလို မိုးရွာပြီး နေကျဲကျဲလေးပူတာကို ငုံးတွေက သိပ်ကြိုက်တာ မဟုတ်လား။ ငုံးဖိုတွေလဲ ပူတယ်။ ငုံးမတွေလဲ ပူတယ်။

ငုံးဖို ပူသံက “ကွတ်… ကွတ်… ကွတ်… ကွတ်”နဲ့။

ငုံးမ ပူသံက “ပူ… ပူ… ပူ… ပူ” ဆိုပြီး အဲဒီလိုပူတာ။

ဒါကို သာမောင်က ကွဲကွဲပြားပြား သိပြီးသား။

“ဟေ့ကောင်တင်သန်း… သစ်ကိုင်းလေးတွေ လိုက်ချိုးကွာ”

“ကြီးကြီးလား၊ သေးသေးလား”

“သေးသေးလေးတွေ ချိုးကွ။ ကြီးရင် ငုံးကလန့်ပြီး မလာတော့ဘူး”

“ဘာလုပ်ဖို့လဲ … သစ်ကိုင်းက”

“စည်းချဖို့”

သာမောင်က သစ်တောအကျယ်ကြီးထဲက ငုံးအများဆုံး ရှိနိုင်တဲ့ နေရာလောက်ကို မှန်းပြီး ချုံပုတ်တစ်ခုကို ရှင်းလိုက်တယ်။ နောက်ပြီး အဲဒီချုံပုတ်ဘေး ဝါးတစ်ပြန်လောက် ပတ်ပတ်လည်မှာ တင်သန်း ချိုးပေးတဲ့ သစ်ကိုင်းလေးတွေနဲ့ မြေကြီးပေါ်ကို လိုက်ချထားတယ်။

သူ့မှာပါလာတဲ့ ငုံးပိုက်က ၁၅ ခု တည်းဆိုတော့ နေရာတိုင်းမှာ ပိုက်လိုက်ထောင်နေရင် ပိုက်က မလုံ လောက်ဘူး မဟုတ်လား။ ဒီတော့ ငုံးလာဖို့ မသေချာတဲ့ နေရာမျိုးကို သစ်ကိုင်းလေးတွေနဲ့ လိုက်တား တယ်။ ဒါကို စည်းချတယ်လို့ခေါ် တယ်။

ငုံးလာဖို့ တော်တော်သေချာတဲ့ နေရာမျိုးကျမှ ပါလာတဲ့ ငုံးပိုက်ကို အတိအကျ ထောင်တယ်။ ငုံးပိုက် အားလုံးလည်း ထောင်ပြီးပြီဆိုရော သူက စောစောက ရွေးချယ်ရှင်းလင်းထားတဲ့ ချုံပုတ်ထဲကို ဝင်လိုက်တယ်။

“တင်သန်းရေ … ဒီကိုလာဟေ့”

“ဘာလုပ်မလို့လဲကွ”

“လာဆိုရင် လာစမ်းပါကွာ။ ဒီထဲကနေ ငုံးတွေကိုမျှားခေါ်ရမှာကွ”

သူတို့နှစ်ယောက် ချုံပုတ်ထဲကိုရောက်တော့ ဆေးလိပ်သောက်ရင်း ခဏနားပြီး သာမောင်က သူ့ လုပ်ငန်းကိုစတယ်။

“ကွတ်… ကွတ်…. ကွတ်… ကွတ်”

သာမောင်က ပါးစပ်ကိုပိတ်ပြီး နှာသံပါတဲ့ အသံမျိုးနဲ့ အဲဒီလို အသံပေးလိုက်တော့ သာမောင့်အသံကို ငုံးအဖိုသံအစစ်ထင်ပြီး ငုံးအမတွေဟာ သူတို့နေတဲ့ ချုံပုတ်အသီးသီးကနေ တစ်ကောင်ပြီးတစ်ကောင် ပြေးလာကြတယ်။

ဒီတော့ သာမောင် ထောင်ထားတဲ့ပိုက်မှာ တစ်ကောင်ပြီးတစ်ကောင် မိကုန်ရော။

မိနေတဲ့ငုံးတွေကို သူတို့နှစ်ယောက် လိုက်ဖြုတ်ကြတော့ စုစုပေါင်း ၅ ကောင်တိတိ။

ဒါကို တင်သန်းကတော့ အံ့သြလို့မဆုံး။

“မင်းဟာက ဟုတ်သားပဲကွ”

“မချီးကျူးနဲ့အုံး။ စောစောက ငါ အသံတုအော်တာက ငုံးအဖို အော်တဲ့အသံ။ ဒီတော့ အခုမိတာတွေက ငုံးအမတွေ။ ဒီမှာကြည့်၊ ငုံးအမက အကောင်နည်းနည်းသေးတယ်၊ လည်ပင်းမှာ အရစ်မပါဘူး။ ကြည့်နေ … နောက်တစ်ခါ ငုံးအမအော်သလို အော်ပြမယ်။ အဲဒီအခါကျရင် ငုံးအဖိုတွေ မိအုံးမှာ”

တင်သန်းကတော့ သာမောင် ပြောတာကို မျက်လုံးအဝိုင်းသားနဲ့ နားထောင်နေတယ်။ သူတို့နှစ်ယောက်ဟာ ငုံးပိုက်တွေကို ပြန်ပြင်ထောင်ပြီး စောစောကချုံပုတ်ထဲကို ပြန်ဝင်ကြတယ်။

ခဏနားရင်း ဆေးလိပ်ဖွာပြီး သာမောင်က ငုံးအမ ပူ သလို ပူပြန်တယ်။

“ပူ … ပူ … ပူ … ပူ”

၅ မိနစ်လောက်ကြာတော့ ငုံးအဖိုတွေက သာမောင့်အသံကို ငုံးအမအသံအစစ်ထင်ပြီး သာမောင် ပူနေတဲ့ ချုံပုတ်ဆီကို ပြေးလာကြတယ်။ ဒီတော့ စောစောကလိုပဲ သာမောင်ထောင်ထားတဲ့ ပိုက်တွေမှာ မိကုန်ပြန်ရော။

ငုံးအဖို အကုန်လုံး ၈ ကောင်။ သာမောင်ပြောသလို လည်ပင်းမှာ အရစ်ကျားကျားလေးတွေနဲ့ချည်းပဲ။

“ဒီအကောင်တွေ ကိုယ့်သေတွင်း ကိုယ်မသိဘဲ ထောင်ချောက်ဆီကို ဘာလို့များ တိုးဝင်ကြလဲ မသိဘူး နော်”

တင်သန်းက ငုံးတစ်ကောင်ကို ကိုင်ကြည့်ပြီး သိချင်ဇောနဲ့ မေးလိုက်တယ်။

“တဏှာရမ္မက်ပေါ့ကွာ။ ငုံးအဖိုက ငုံးအမအသံကြားရင် ပြေးလာတယ်။ ငုံးအမကလဲ ငုံးအဖိုသံကြားရင် မနေနိုင်ဘူး။ အခုလို မိုးရွာပြီးခါစ နေသာတဲ့ညနေစောင်းအချိန်တွေဆို ငုံးတွေ အရွေလိုက်တဲ့အချိန် ပေါ့။ သူတို့ အမြူးဆုံးအချိန်ပဲ။ နောက်ပြီး ဒီကောင်တွေက သေတွင်းထဲ ဘယ်လောက်ရောက်ရောက် အမှတ်မရှိကြဘူးကွ”

သာမောင်က ဒီလိုပြောလိုက်တော့ တင်သန်းက သာမောင့်ကို ကြည့်ရင်း …

“မင်းပြောတာ ငါသိပ်မရှင်းဘူး သာမောင်”

လို့ ပြောလိုက်တယ်။

“မင်းရှင်းအောင် ငါ သက်သေပြမယ်။ ဒီမှာကြည့်။ ဟောဒီအထဲက ငုံးအဖိုတစ်ကောင်ကို အမှတ်အသား တစ်ခုခုလုပ်ပြီး တောထဲ ပြန်လွှတ်လိုက်မယ်။ နောက်ပြီး ငါက ငုံးအမအသံနဲ့ ပြန်ပူပြမယ်။ ဒီအကောင် အမှတ်မရှိဘူးကွ၊ ထပ်လာပြန်တာပဲ”

“ဟာ… ဟုတ်ပါ့မလားကွာ”

“မယုံရင် ကြည့်နေ”

သာမောင်က ဒီလိုပြောပြီး ငုံးအဖိုတစ်ကောင်ကို ခေါင်းက အမွေးအနည်းငယ်ကို မှတ်မိရုံလောက် နုတ်ပြီး တောထဲ ပြန်လွှတ်လိုက်တယ်။ နောက်ပြီး ပိုက်တွေကို ပြန်ပြင်ထောင်တယ်။

စောစောကလိုပဲ ချုံပုတ်ထဲကနေပြီး “ပူ… ပူ… ပူ… ပူ” ဆိုပြီး အသံပေးပြန်တယ်။

ဒီတော့ စောစောက သာမောင်ရဲ့ အသံကို မကြားလိုက်လို့ မမိသေးတဲ့ ငုံးအဖိုနှစ်ကောင်နဲ့ ခေါင်းအမွေး နုတ်ပြီး အမှတ်အသားလုပ်ထားတဲ့ ငုံးအဖိုတစ်ကောင် ထပ်မိပြန်ရော။

တင်သန်းကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြလို့မဆုံးဘူး။ ဒီတော့ သာမောင်က …

“ဒီမှာ တင်သန်း … ငါက တံငါအလုပ်၊ မုဆိုးအလုပ်မျိုးစုံ လုပ်ဖူးတယ်။ သူတို့ကို ထောင်ချောက် ဆင်ဖို့ အလွယ်ဆုံးနည်းက သူတို့ မက်မောတဲ့အစားအစာကိုဖြစ်ဖြစ်၊ ဖိုသံ မသံဖြစ်ဖြစ် ပေးပြီးတော့ ဖမ်းတာက အလွယ်ဆုံးပဲ။ ဥပမာကွာ ‘ခါ ’ဆိုပါတော့။ ငါ့အိမ်က လှေကားထုပ်တန်းပေါ်မှာ ခြင်းနဲ့ထည့်လှောင်ထားတဲ့ ခါလေး တွေ့တယ်မဟုတ်လား။ အဲဒါ တည်ခါလို့ခေါ်တယ်။ အဲဒီခါကို ခြင်းနဲ့ အဲဒီအတိုင်း တောထဲကို ယူသွားပြီး သစ်တောအလယ်မှာ ခြင်းကိုချထား၊ အခု ငုံးထောင်သလို စည်းချပြီး ပိုက်ကိုထောင်။

ခြင်းထဲက ခါက “တက်တက်တူခါးခါး … တက်တက်တူခါးခါး … တက်တက်တူခါးခါး”လို့ အော်ရင် အရင် တောထဲမှာရှိနေတဲ့ ခါတွေက ကြားရာအရပ်က ပြေးလာတော့တာပဲ။

သူစိမ်းခါ တွန်သံကြားလို့ကတော့ ဘယ်ခါကမှ ဒီအတိုင်းမနေဘူး။ သူ့ နယ်ကို ကျူးကျော်ရပါ့မလား၊ သူနဲ့ မိတ်လိုက်မဲ့ ခါအမကို စော်ကားရကောင်းလားဆိုပြီး ဒေါသတကြီးနဲ့ ပြေးလာကြတာချည်းပဲ။ ဒီတော့ ပိုက်မှာ မိကုန်တော့တာပေါ့”

“တော်တော်မိုက်တဲ့ အကောင်တွေပါလားကွာ”

“နောက်ထပ် နှဲကောဆိုတဲ့ ထောင်ချောက်ရှိသေးတယ်။ သူက ညောင်စေးနဲ့ ထောင်ရတာ။ ထောင်ချောက်အလယ်မှာ ကြွက်ပေါက်စလေးတစ်ကောင်၊ ဒါမှမဟုတ် ပုရစ်တို့၊ မြေခွေးတို့ တစ်ကောင်ကောင်ကို ကြိုးသေးသေးလေးနဲ့ အရှင်ချည်ထားရတယ်။ မြေခွေးဆိုတာ တောထဲက မြေခွေးကို ပြောတာမဟုတ် ဘူး။ ရေချိုးတဲ့နေရာက ရေအိုးတွေနားမှာနေတဲ့ ပုရစ်လို အကောင်လေးတွေကို ပြောတာ။

အဲဒီအစာသာ မြင်လို့ကတော့ ကောင်းကင်က ငှက်လဲ ပြေးဆင်းလာပြီး ထိုးသုတ်တော့တာပဲ။ ဒီတော့ ညောင်စေးနဲ့ သူတို့အမွေးနဲ့ ကပ်ကုန်ရော။ ထောင်ချောက်မှာ ချည်ထားတဲ့အစာက ကြွက်ဆိုရင် စွန်တို့၊ သိမ်းတို့ မိတယ်။ ချည်ထားတဲ့အစာက မြေခွေးတို့၊ ပုရစ်တို့ဆိုရင် ငှက်ခါးတို့၊ ငှက်တော်တို့ မိတယ်။ ငါးမျှားချိတ်ကို မမြင်ဘဲ တီကိုပဲမြင်တဲ့ ငါးတွေလိုပေါ့ကွာ”

သာမောင်က ဆေးလိပ်သောက်ရင်း ရှင်းပြတယ်။

“အင်း… တော်တော် အစားမက်ကြပါလားကွာ။ ကိုယ့်အသက်ကိုယ်တောင် မနှမြောကြတော့ပါလား။ မိုက်လိုက်ကြတာ”

တင်သန်းက တရားကျသလို လေသံနဲ့ ပြောတယ်။

“မင်း အဲဒီလို မပြောနဲ့လေကွာ။ မင်းတို့ ငါတို့လဲ သူတို့နဲ့ ဘာများ ထူးလို့လဲ”

“ဟင် … ဘယ်လိုမထူးတာလဲ ”

“မင်းကို ငါ မေးပါအုံးမယ်။ မိန်းမနဲ့ ရန်ဖြစ်ပြီး မင်း အိမ်ပေါ်က ဆင်းလာတာ ဘယ်နှကြိမ်ရှိပြီလဲ။ နောက်ပြီး ပြန်တက်တာချည်းပဲ မဟုတ်လား”

တင်သန်းက ဆေးလိပ်ကို မီးခိုးထောင်းထောင်းထအောင်ဖွာရင်း ငြိမ်နေတယ်။ ဒီတော့ သာမောင်က ဆက်မေးတယ်။

“အခုတစ်ခါကော မင်း တကယ်ဆင်းတာ ဟုတ်ရဲ့လား။ မိန်းမဆီကို ပြန်မလာတော့ဘူးလား”

တင်သန်းက ဆေးလိပ်ကိုသာ ဆက်သောက်နေတယ်။ ပါးစပ်က ဘာစကားမှ မထွက်လာဘူး။

“မင်းမိန်းမကို မပြတ်နိုင်ဘူးမဟုတ်လား တင်သန်း။ မင်း ငါနဲ့ ပြန်လိုက်ပြီး မိန်းမအိမ်ပေါ်ပဲ ပြန်တက်မှာမဟုတ်လား။ သူငယ်ချင်းအချင်းချင်း ဟန်ဆောင်မနေပါနဲ့ ကွာ။ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ”

ဒီတော့မှ တင်သန်းက သောက်လက်စဆေးလိပ်ကို မီးငြှိမ်း၊ ဖက်ရွက်အစိုတစ်ရွက်နဲ့ ပတ်ထားလိုက်ပြီး စိတ်ထဲရှိတဲ့အတိုင်း ဝန်ခံလိုက်တယ်။

“အေးကွာ … ငါ့မိန်းမကို ငါ မပြတ်ဘူး သာမောင်ရေ”

တင်သန်းအသံက တိုးတိုးညင်းညင်း။

“ဒါကြောင့် ငါတို့ ရွာဦးကျောင်းဆရာတော်က ဟောတာကွ။ ကာမဘုံသား ဆုံလည်နွားတဲ့”

“အေးကွာ … မင်းပြောလဲ ခံရတော့မှာပဲ။ လင်နဲ့မယားဆိုတာ ပြတ်ဖို့ တော်တော်မလွယ်တာပါလား သာမောင်ရာ”

“ဘယ်လွယ်မလဲကွ။ ကြိုးနဲ့ ချည်ထားတာကို။ အဲဒီကြိုးက ဘာကြိုးလဲ သိလား။ သံယောဇဉ်ကြိုးပေါ့ကွ။ သံယောဇဉ်ကြိုးက မျက်စိနဲ့ မမြင်ရပေမဲ့ ဟောဒီငုံးထောင်ပိုက်က နိုင်လွန်ကြိုးထက် အဆတစ် ထောင်လောက် ပိုခိုင်တယ်။ တိုးမိရင်လဲ ရုန်းထွက်ဖို့မလွယ်တော့ဘူး။ ဒါကို သိလျက်နဲ့ မင်းတို့ ငါတို့ကလဲ ဒီပိုက်ထဲပဲ တိုးဝင်တော့တာပဲ။

စောစောက ခေါင်းအမွေးကို နုတ်ပြီး ပြန်လွှတ်တဲ့ ငုံးကိုပဲကြည့်။ တကယ်ဆိုရင် ငါ့ရဲ့ ငုံးအမအသံတု မာယာပိုက်ကွန်မှာ တစ်ကြိမ်မိပြီးပြီပဲ၊ ဒီတစ်ခါ ဆင်ခြင်ပေါ့။ အခုတော့ ငုံးအမအသံ ကြားတာနဲ့ ဆင်ခြင်တုံတရားတွေ အကုန်ပျောက်ပြီး ကိုယ့်ကိုဒုက္ခပေးမဲ့ ကျော့ကွင်းမှာ ထပ်တိုးတာပဲ”

အပြန်လမ်းမှာတော့ တင်သန်းက ငုံးပိုက်တွေထမ်းလို့။ သာမောင်က ငုံးထည့်တဲ့ခြင်းတောင်းကို လွယ်လို့။

နေလုံးကြီးက တောင်ထိပ်မှာ မေးတင်နေပြီ။

ညနေ ဝင်လုဆဲ နေရောင်ခြည်အောက်မှာ အသက် ၅ဝ ကျော် လူနှစ်ယောက် လယ်ကွင်းကိုဖြတ်ပြီး သူတို့ကျော့ကွင်းရှိတဲ့ နေရာကို တရွေ့ရွေ့သွားနေတဲ့မြင်ကွင်းက စဉ်းစားတတ်မယ်ဆိုရင် တရားကျစရာကောင်းပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *