July 30, 2025
Uncategorized

နှလုံးသား မီးလောင်မြေ

ဖိုးကျော့
နှလုံးသား မီးလောင်မြေ

တိတ်ဆိတ်နေသော သားရဲတွင်းထဲတွင် သားသမီးများ၏ အိပ်မောကျ အသက်ရှူသံကို မှန်မှန်ကြားနေရသည်။ ဝမ်းဗိုက်၏ ဆာလောင်မွတ်သိပ်မှုက သားကောင်ထွက်လိုက်ရန် သူ့ကို စေ့ဆော်နေသည်။ အိပ် မောကျနေကြသော သားသမီးငါးကောင်ကို သူ တစ်ချက်စွေကြည့်လိုက်၏။ ကျိုးကျိုးကျဲကျဲ မွေးနုများနှင့် တစ်ကောင်ပေါ်တစ်ကောင် တိုးဝှေ့အိပ်နေကြသော ကလေးများကို မြင်ရချိန်မှာ သူ့ဝမ်းဗိုက်က ပို၍ဆာလောင်လာသည်။ သားသမီးငါးကောင်၏ နို့ဆွဲအားကြောင့် သူ့မှာ ပို၍ နွမ်းဖတ်ကြုံလှီနေသည်။

ညင်သာစွာ ထ၏။ သမ်းဝေခြင်းနှင့်အတူ ပျင်းကြောတစ်ချက် ဆန့်လိုက်၏။ တောင့်တင်းနေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများအားလုံး နိုးထလာသည်။ စတင်လှုပ်ရှားရတော့မည်ကို သဘာဝက အသိပေး လာသည်။ သားရဲတွင်းပေါ် သွက်လက်စွာ သူ တက်လာသည်။

သည်နှစ်၊ နှောင်းဝသန္တ၏ ပါးလျားလွင့်ပြေသွားကြသော နှင်းစက်ပွင့်များကို သူကောင်းစွာ သတိမထားနိုင်ခဲ့။ ရက်ပေါင်းများစွာ စိုစွတ်ထိုင်းမှိုင်းနေခဲ့သော သားရဲတွင်းနှုတ်ခမ်းဝများ ခြောက်သွေ့လာသည်ကို ယခုမှ သတိပြုမိသွားသည်။

သားရဲတွင်းနှုတ်ခမ်းဝတွင် ရှေ့လက်နှစ်ချောင်းပေါ် မေးတင်ကာ ဟေမန္တ၏ ကြမ်းရှအေးစိမ့်လာတော့မည့် ဆောင်းသရုပ်ကို တွေးမိသွားသည်။ ဆောင်းသမယသည် သူ့အတွက် အစာအာဟာရ ရှာဖွေ၍ ကောင်းသော သမယမဟုတ်။

သူ လိုက်လာသောသားကောင်သည် ဆောင်းသမယ၌ အမောခံနိုင်သည်။ စမ်းအိုင် ချောင်းပေါက်တို့မှာလည်း မခန်းခြောက်သေးသဖြင့် ပြေးရင်းလွှားရင်း အမောပြေ ရေတစ်စက် တစ်ပေါက်ကို သောက်သွား၍ ရသည်။ မောပန်းလာသော သက်ရှိတို့အတွက် ရေသည် ကြီးမားသောအင်အားကို ဖြစ်စေသည်။

ထို့ကြောင့် သူတို့အတွက် သားကောင်လိုက်ကောင်းသော၊ သားကောင်ရလွယ်သော ရာသီမှာ စမ်းဖျားစမ်းပေါက်၌ ရေခန်းခြောက်နေသော ဂိမန္တသမယ နွေရင့်ရက်ကာလများသာ ဖြစ်သည်။

မိုးနှင့် ဆောင်းတွင် သားကောင်လိုက်၍၊ သားကောင်ဖမ်း၍ မကောင်း။ ရေရှားသော နွေကာလတွင်သာ သားကောင်များအမောလွယ်၍ အချိန်တိုတိုအတွင်း ဖမ်းမိတတ်ကြသည်။

သူတို့အတွက်မှာမူ သားကောင်လိုက်နေသူများအားလုံး အမောပြော ရေကို သယ်လာပေးသူ သီးသန့်အုပ်ထဲ ပါလာသဖြင့် အဝအလင်မဟုတ်သော်လည်း အမောပြေ ရေကိုတော့ လျက်သောက်ကြရသည်။

သူသည် သားရဲတွင်းနှုတ်ခမ်းဝတွင် လက်နှစ်ချောင်းပေါ်မေးတင်ရင်း၊ သားကောင်လိုက်ရန် စဉ်းစားရင်းက အဖော်များကို သတိရလာပြန်သည်။

သူပျိုရွယ်စဉ်က တက်တက်ကြွကြွ သားကောင်လိုက်ခဲ့ကြရသည်ကို လွမ်းဆွတ်တသလာသည်။ သို့သော် ယခုမူ သူတစ်ကောင်တည်း။ သူနှင့်တကွ သားသမီးငါးကောင်၏ အသက်ဇီဝသည် သူတစ်ဦး တည်းအပေါ်၌သာ တည်နေသည်။

သူသည် အဖော်များနှင့် ခွဲခွာလာခဲ့ရသည်များကိုလည်း လွမ်းလွမ်းတတ သတိရမိလိုက်ပြန်သည်။ အထူးသဖြင့် ဝမ်းဗိုက်က အစာအာဟာရ တောင့်တလာချိန်မှာ အဖော်များကို ပို၍ သတိရတတ်သည်။ အဖော်များနှင့် တပျော်တပါး သားကောင်လိုက်ခဲ့ကြရသော ကုန်လွန်ရက်များကို ပြန်၍မြင်ယောင်လာသည်။ တမ်းတမ်းတတ ဖြစ်လာသည်။

မခွဲမဖြစ်၍ အဖော်များကို ခွဲခွာလာခဲ့ရသော်လည်း သူကား အဖော်များကို တစ်နေ့မှ မမေ့။ သားသမီးဇောကြောင့်သာ ခွဲခွာလာခဲ့ရသော်လည်း အခြေအနေအရ တစ်နေ့တော့ အဖော်များနှင့် ပြန်လည်ပေါင်း စည်းရန်ကို သူ မျှော်လင့်ထားသည်။

ယခုမူ သူ့သားသမီးတွေက ငယ်သေးသည်။ ရက်သားကလေးတွေသာ ရှိသေးသည်။ အဖော်များရှိရာကို အဖော်များရှိရာကို ဘယ်လိုမှ သွားပူးပေါင်း၍ မဖြစ်နိုင်သေး။

ယခုအချိန်တွင် သူ့အဖော်များရှိရာ သွားပြီး ပူးပေါင်းမည်ဆိုပါက သင်းအုပ်ကြီးမှသည် အရွယ်ရောက်စ အထီး အမငယ်လေးများပါမကျန် သူတို့မိသားစုကို ဝမ်းပန်းတသာ ကြိုဆိုကြမည်။ သို့သော် မကြာမီရက်ပိုင်းအတွင်းမှာပင် သူ့သားသမီးများသည် လက်သည်မပေါ်ဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြမည်ကို သူ သိသည်။

ထို့ကြောင့်လည်း သူ့အဖော်များဆီသွားရန် အချိန်အခါမရောက်သေးသည်ကို သူ ကောင်းစွာသိထား လေသည်။

ယခုနေခါမူ သူ့အဖော်များရှိရာ သွားပူးပေါင်းရန်ကို မဆိုထားနှင့်၊ သူတို့မိသားစု၏ သားရဲတွင်းရှိရာကိုပင် သူ့အဖော်များ သိသွားမှာ စိုးရိမ်ထိတ်လန့်နေနေရသည်။

သားရဲတွင်းအသစ်ကို သူ့အဖော်များ မသိ မရိပ်မိအောင် သူသည် လနှင့်ချီ၍ တိတ်တဆိတ်လှုပ်ရှားခဲ့ရသည်။ သူ့အဖော်များနှင့် သားကောင်အတူလိုက်နေရင်းမှလည်းကောင်း၊ သားရဲတွင်းမှလည်းကောင်း သူသည် တိတ်တဆိတ်ထွက်ကာ သားရဲတွင်း အသစ်တစ်တွင်းကို ရှာဖွေတူးဖောက်ခဲ့ရသည်။ ဤသည်ကို အဖော်များကလည်း သိသည်။ သို့သော် ဤသည်မှာ သဘာဝနှင့် သင်းအုပ်ကြီးကို ကြောက်ရွံ့ကြသဖြင့် မသိလိုက် မသိဘာသာ နေနေကြသည်။

အထီးသော်လည်းကောင်း၊ အမသော်လည်းကောင်း ကောက်ကျစ်စဉ်းလဲတတ်သော တစ်ကောင်တလေကမူ သူ၏အမူအရာနှင့် သားရဲတွင်းအသစ်ရှာလုပ်နေခြင်းကို နောက်ယောင်ခံ ချောင်းမြောင်းကြ သည်။ နေရာသိရန် ကြိုးစားကြသည်။

သူတို့ထဲတွင် အထီးသည်လည်းကောင်း၊ အမသည်လည်းကောင်း ဤသို့ ကောက်ကျစ်စဉ်းလဲသည့် စုန်းပြူးတစ်ကောင်တလေတော့ ပါတတ်စမြဲပင်။

ထိုကောက်ကျစ်စဉ်းလဲသူ တစ်ကောင်ကောင်သည် သူ မွေးပေါက်လာမည့် သားသမီးများကို စားသောက်နိုင်ရန်အတွက် ကြိုတင်လိုက်ချောင်းထားခြင်း ဖြစ်သည်။

အကယ်၍ ရာသီဥတုကြမ်းတမ်းသောနှစ်၊ သားကောင်လိုက်မရလောက်အောင် သရောကြီးခိုင်းသောနှစ်များဆိုလျှင် သူတို့သည် ကလေးများကိုသာမက အချင်းချင်းပင် ကြီးနိုင်ငယ်ညှဉ်း ကိုက်သတ်စားတတ်ကြသည်။

ထို့ကြောင့်လည်း သူ၏မွေးပေါက်မည့် သားရဲတွင်းသစ်ကို မည်သူမျှမသိအောင် သူက လျှို့ဝှက်စွာလုပ်ခဲ့ရသည်။ သူ ထိုသို့ လှုပ်ရှားခဲ့ရသော အစွမ်းကြောင့် ယခု သူ့သားသမီးငါးကောင်သည် ဘေးမသီ ရန်မခဘဲ သားရဲတွင်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေနိုင်ခဲ့ကြခြင်း ဖြစ်လေသည်။

XXX XXX XXX

သားရဲတွင်းထဲမှ “ဟင့်” ခနဲ ညည်းသံတစ်ချက်ကို ကြားလိုက်ရသည်။ တောခွေးမကြီး၏ နားရွက်နှစ်ဖက်က ဆတ်ခနဲ ထောင်လှုပ်သွားသည်။ မှုန်ပျပျ ပါးလျလျ ဆောင်းပန်းချီကားကို ငေးနေရင်းက သူ လန့်သွားသည်။ ဝမ်းဗိုက်ကလည်း ချက်ချင်းဆာလောင်လာသည်။

အရေးတကြီးနှင့် သူသည် ပတ်ဝန်းကျင်ကို ကြည့်သည်။ သူ့နောက်ကို လိုက်ချောင်းနေသူ၊ သူ့ကိုအန္တရာယ်ပြုလာမည့်သူ တစ်ကောင်တလေ၏ အရိပ်အယောင်ကိုမျှ မမြင်ရ။ ရက်သားသာသာ ရှိသေးသော သူ့ ကလေးငယ်များသည်လည်း သားရဲတွင်းထဲက တွားတက်မလာနိုင်ကြသေး။ အကယ်၍ တွားတက်လာကြလျှင်လည်း သူတို့၏ခြေလှမ်းများသည် တွင်းနှုတ်ခမ်းဝ၌ပင် ပြိုင်တူရပ်တန့်သွားကြလိမ့်မည်။

နယ်ပယ်မကျွမ်းကြသေးသော သူ့ကလေးများသည် မိခင်ကြီးမပါဘဲ သားရဲတွင်း၏နှုတ်ခမ်းဝမှ တစ်ထွာတစ်မိုက်ခရီးကိုပင် မထွက်ဝံ့ကြသေး။ သားရဲတွင်းဝမှ ထွက်သွားထွက်လာ ဆော့ကစားနိုင်ရန် သူ့သားသမီးများကို သူ သင်ပြလေ့ကျင့်ပေးရဦးမည်။

တောခွေးမကြီးသည် သူ့သားသမီးများကိုထား၍ စိတ်ချလက်ချပင် သားကောင်လိုက်ရန် ထွက်လာလေသည်။

ဆောင်းဦးသမယက အေးစိမ့်နေသည်။ သစ်တောစိမ့်မြိုင်ကြီးတစ်ခုလုံးကို ဆောင်းသရုပ်က လွှမ်းခြုံထားသည်။ အထူးသဖြင့် သူ၏ သားရဲတွင်းရှိရာမှာ တောင်ချိုင့်ကျသဖြင့် ဟေမန္တ၏ ပန်းချီကားတစ်ချပ်သဖွယ် ပီပြင်နေသည်။ နေရာတိုင်းမှာ စွတ်စိုနေသည့် သစ်ရွက်များပေါ်မှ နှင်းစက်နှင်းပေါက်များ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်များအပေါ် တဖြောက်ဖြောက် ကြွေကျနေသံကို ကြားနေရသည်။

တစ်နာရီလျှင် မိုင်သုံးဆယ်ခန့်အထိ ပြေးလွှားနိုင်သော သူ့ခြေထောက်များကို သူ အသုံးမပြုသေး။ သားကောင်၏ အနံ့ကို မရမချင်း သူ့ခြေလေးချောင်းသည် နှင်းစက်နှင်းပေါက်များကို စည်းချက်နင်းကာ ဆင်ခြေလျှောအတိုင်း တက်လာသည်။ ဆောင်းသမယတွင် သူဖမ်းဆီးရနိုင်သော သားကောင်များ၏ အာရုံရိပ်သည် သူ့စိတ်ထဲ ထင်လာသည်။

တောင်ကြောတစ်ခု၏ လျှိုမြောင်အစတွင် သူ့ခြေလှမ်းက အလိုလို ရပ်တန့်သွားသည်။ သူ့ဦးခေါင်းသည် အလိုလို မော့လာသည်။ လေထဲက သားကောင်နံ့ကို သူ ရလိုက်ပြီ။ သူတည်ရှိရာ ဗဟိုချက်မှ အရှေ့ အနောက် တောင်မြောက်ကို ဝေ့ဝိုက်အနံ့ခံလိုက်သည်။

သားကောင်နံ့ရရာဘက်ကို ချက်ချင်း သူ လှည့်ပြေးလာသည်။

သားကောင်ဖမ်းရာတွင် သူကား ချောင်းမြောင်းခုန်အုပ်၍ ဖမ်းတတ်သူမဟုတ်။ သားကောင်နှင့်အပြိုင် ပြေးလိုက်ကာသာ ကိုက်ဖမ်းဆီးတတ်သူဖြစ်သည်။

ယခု သားကောင်နံ့ရရာဆီသို့ သူ တစ်ဟုန်ထိုး ပြေးချလာသည်။ သို့သော် သားကောင်ကို မြင်လိုက်ရချိန်တွင် သူ့ခြေလှမ်းတွေက အလိုလို ရပ်သွားပြန်သည်။ ဤပြောင်ပေါက်ကြီးကို သူတစ်ကောင်တည်းနှင့် ဘယ်လိုမျှ ဖမ်းဆီးသတ်ဖြတ်၍မရနိုင်မှန်း သိလိုက်သည်။ အဖော်အပေါင်းနှင့်သာဆိုလျှင် ရဲရင့်သော သူမသည် ယခုလောက်ဆို ပြောင်ကြီး၏နောက်ခြေတံကောက်ကွေးကို တစ်ချက် နှစ်ချက်ပင် ကိုက်ဖဲ့ခါထုတ်ပစ်လိုက်ပြီး ဖြစ်သည်။

ယခုမူ သူတစ်ကောင်တည်းအနေနှင့် ပြောင်ပေါက်ကြီးအနားကိုပင် ပြေးကပ်ရန် မဝံ့။ တစ်ကောင်ချင်းဖြစ်သော ရန်သူကို ပြောင်ကြီးသည်လည်း ဦးတည်ရာတစ်ခုတည်းအနေဖြင့် တိုက်ခိုက်လာပါက ကန် ချက်ပြင်းသော ပြောင်ခြေထောက်နှင့် ဝှေ့ချက်မြန်သော ဦးချိုဖျားတွင် သူ့အသက်ပါသွားနိုင်သည်။

ယခင်က သူသည် ပြောင်များကိုတိုက်ခိုက်ရာ၌ သုံးလေးကြိမ်မက အောင်ပွဲရ၍ အောင်သေအောင်သား စားခဲ့ဖူးသည်။ သို့သော် ယခုလို တစ်ကောင်တည်းမဟုတ်။ သင်းအုပ်ကြီးနှင့် သူ့အဖော်များက ရှေ့နှင့် ဘေးနှစ်ဖက်မှ တိုက်ခိုက်နေကြစဉ် သူသည် ပြောင်ကြီး၏ နောက်ခြေတံကောက်ကွေးကို ပြေးခဲပြီး ပြောင်ကြီးလဲကျသွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ယခုမူ အပေါင်းအသင်း အဖော်သဟဲမပါသော သူသည် ပြောင်ကြီးနားကိုပင် မကပ်ဝံ့ဘဲ လှည့်ထွက် လာခဲ့ရလေ၏။

ပြောင်နံ့ရ၍ စောစောက သူပြေးလာခဲ့ရသော ခရီးမှာ နှစ်မိုင်နီးပါးရှိသဖြင့် အင်အားကုန်ခန်းသွားသည်။ အာဟာရခေါင်းပါးနေသော သားသည်အမေ တောခွေးမအနေဖြင့် စိတ်ဓာတ်ပါကျသွားသလို ခြေလှမ်းတွေလည်း နှေးကွေးသွားသည်။ သားကောင်နံ့ ရစဉ်က အားမာန်သည် ပြောင်ကြီးကိုမြင်လိုက်ချိန်တွင် အလိုလိုလျော့ကျသွားသည်။

သို့သော် သူမ၏ဝမ်းဗိုက်ကမူ ဆာလောင်မြဲ။ နှေးကွေးသော ခြေလှမ်းများကိုလည်း ဆက်၍ လှမ်းနေဆဲ။

သစ်ပင်ကိုင်းခက် ရွက်လက်ရိုးတံ အကြိုအကြားမှ နေစက်နေပြောက်များက မျက်နှာကို လာထိချိန်တွင် ရုတ်တရက် သူ့မျက်စိ ပြာသွားသည်။ မှောင်မည်းပိန်းပိတ်နေသော သားရဲတွင်းထဲတွင် မီးနေသည် တစ်ဦးအဖြစ် တစ်ရက်၊ နှစ်ရက်ခန့်နေခဲ့ရသော သူ့မျက်လုံးအစုံက နေရောင်ခြည်ကို ရုတ်တရက် အလေ့အကျင့်မရှိသေး။ ထို့ကြောင့် သူသည် အညိုရောင်တွင် အပြာ၊ ခရမ်းရောင် ရောပြွမ်းနေသော မျက်လုံးအစုံကို ဘယ်ညာဝှေ့ အလေ့အကျင့်ပြန်လုပ်ကာ ခြေလှမ်းမပျက် ဆက်လျှောက်လာလေ၏။

သွားရင်းနှင့်ပင် သားကောင်နံ့တစ်ခုကို သူ ရပြန်ပြီ။ ထိုအချိန်တွင် သစ်တောတစ်ခုလုံးကို နေရောင်ခြည်က ထိုးဖောက်ဝင်ရောက်လာရာ သူသိလိုက်ရသော သားကောင်နံ့နှင့် နေရောင်ခြည်ကို ဆက်စပ် တွေးမိသွားသည်။ နေရောင်ခြည်တွင် ပျော်မြူးကျက်စားတတ်သော သားကောင်များရှိရာသို့ သူ အပြေးအလွှားသွားရပြန်လေသည်။

ဤတစ်ခါတွင်တော့ သူ၏အားမာန်မှာ ယုတ်လျော့မသွားတော့။ နေရောင်ဖြန့်ကြက်ထားသော မြက်ခင်းပြင်တွင် ပျော်မြူးစွာ ခုန်ပေါက်ပြေးလွှားနေကြသော ဆတ်မောင်နှံနှစ်ကောင်ထဲမှ မည်သည့်အကောင်ကိုမဆို သူ အပြေးလိုက် ဖမ်းကိုက်နိုင်သည်ဟု မုချသိလိုက်လေသည်။

ဆာလောင်နေသော ဝမ်းဗိုက်၏ စေ့ဆော်မှုနှင့်အတူ သူသည် ဆတ်ဖားကြီးရှိရာသို့ တစ်ဟုန်ထိုးပြေးလိုက်သည်။ ခုန်ပေါက်ပျော်မြူးနေသော ဆတ်လင်မယား၏ ခြေပေါက်သံပြင်းပြင်းကြောင့် သူ့ခြေသံကို ဆတ်လင်မယားက သတိမထားမိသော်လည်း သားပေါက်ပြီးခါစ သူ့အနံ့ကို သိသွားသောအခါ ဆတ်လင်မယားသည် ချက်ချင်း ကဆုန် ပေါက်ထွက်ပြေးကြသည်။

သူလည်း ဆတ်လင်မယားနောက်ကို အပြင်း ပြေးလိုက်လာသည်။

ဆတ်လင်မယားသည် ဖုန်းဆိုးစပ် မြက်ခင်းမှ ကျောက်စရစ်တောင်ကြောကို ပြေးတက်သွားကြသည်။ ထိုအချိန်မှာ ဆတ်လင်မယားနှစ်ကောင် ကန်ကျောက်ထားခဲ့သော ကျောက်လုံး ကျောက်ခဲများသည် သူ့ကို အနှောင့်အယှက် ပေးလာတော့သည်။ နွယ်နှင့်ငြိမှာစိုး၍ သူ၏ ဦးချိုကို ကျောတွင်ကပ်၊ လည်မော့ကာ တအားပြေးနေသော ဆတ်ဖားကြီးဆီမှ အရှိန်အဟုန်ပြင်းစွာ လာနေကြသော ကျောက်ခဲ ကျောက်လုံးများက သူ့မျက်နှာနှင့်တကွ တစ်ကိုယ်လုံးကို လာထိသည်။

သွေးပူနေသော သူသည် နာကျင်ခြင်းကို အမှတ်မရနိုင်ဘဲ ပြေးလိုက်လာစဉ် ခွာသီးတစ်လုံးထက်ပင်ကြီးသော ဆတ်ကန် ကျောက်ခဲတစ်လုံးသည် သူ့နားထင်ကို တည့်တည့်မတ်မတ် လာမှန်လေသည်။ သူ၏ မျက်လုံးအစုံမှ ရောင်စုံတန်းများ ဖြာထွက်သွားချိန်တွင် သူ ယိုင်လဲကျသွားသည်။

သူ့နားထဲတွင် ဆတ်ခွာပေါက်သံသဲ့သဲ့ကို ကြားနေရသည်။ ပြီးတော့ ကလေးများ၏ နို့တောင်းသံ၊ ညည်းညူနေကြသံ။

ထိုအခါ သူ ရုတ်တရက် ခုန်ထလိုက်သည်။ အမြင်အာရုံထဲတွင် ဆတ်လင်မယားကို မမြင်ရတော့။ ဆတ်ခွာပေါက်သံကိုလည်း မကြားရတော့။ သူ ကြားနေရသည်မှာ သူ့ကလေးများ၏ နို့တောင်းသံ၊ ညည်းညူနေကြသံသာ။

သူ ကမန်းကတမ်း ကိုယ်ကိုပြန်မတ်လိုက်သည်။ ကလေးမွေးထားရ၍ အားအင်ကုန်ခန်းနေသော်လည်း သူ့အသိထဲ အားမာန်တွေ ပြန်ဝင်လာ၏။ ယနေ့ သားကောင်တစ်ကောင်ကောင်ကို သူရအောင် ဖမ်းနိုင်မှ ဖြစ်တော့မည်။

သို့သော် သူကား ပန်းဟိုက်နေပြီ။ ယခင် သူ့အဖော်များနှင့် သားကောင်လိုက်ခဲ့ကြသည်ကို သတိရလာပြန်သည်။

ထိုစဉ်က ဤသို့ သားကောင်လိုက်နေချိန် မောပန်းနေချိန်ရောက်လျှင် ရေသယ်ခွေးတစ်ကောင်ကောင်သည် သူ့အနားရောက်လာတတ်သည်။

သူတို့သဘာဝ သားကောင်လိုက်ကြရာတွင် ရေသယ်ခွေးတွေမှာ သားကောင်ကို မလိုက်ဘဲ သားကောင်လိုက်နေသော တောခွေးများ မောပန်းနေချိန်တွင် သူတို့ တစ်ကိုယ်လုံးကို ရေဆွတ်လာပြီး သားကောင်လိုက်နေသော တောခွေးများကို ရေလာပို့ကြသည်။ သားကောင်လိုက်နေရ၍ ရေငတ်မောပန်း နေသော တောခွေးများကလည်း ရေသယ်လာသော ခွေးတို့၏ တစ်ကိုယ်လုံးရှိ ရေစက်ရေစိုမွေးတွေကို လိုက်လျက်ကြခြင်းဖြင့် အမောဖြေကြသည်။ ထိုအခါ သားကောင်ကို ဆက်လိုက်နိုင်ကြသည်။

ယခု သူသည် သူ့အဖော်များနှင့် သားကောင်လိုက်ခဲ့ကြစဉ်က ရေသယ်ခွေးများကို သတိရလိုက်သောအခါ ဝမ်းဗိုက်၏ဆာလောင်မွတ်သိပ်နေမှုထက် လည်ချောင်းထဲမှ ရေငတ်မှုဝေဒနာက ပို၍ပြင်းပြ လာသည်။ ရေကို တောင့်တလာသည်။ တစ်နေကုန် သားကောင်လိုက်ခဲ့ရ၍ ပင်ပန်းနွမ်းနယ်နေမှုက ရေအာဟာရသို့ စိတ်က ရောက်သွားသည်။ ထိုအခါ ရေရှိရာ စမ်းပေါက်၊ စမ်းချောင်းများဆီ သူ့ခြေလှမ်း တွေက သူ့ကိုယ်ကို အလိုလိုသယ်ဆောင်လာမိပြီးသား ဖြစ်သွားလေသည်။

XXX XXX XXX

ရေတံခွန်တစ်ခုမှ စမ်းရေကျသံသည် သူ့ခြေလှမ်းများကို ပို၍ မြန်စေသည်။ တစ်ကိုယ်လုံးကို ရေအာလယက လွှမ်းခြုံလျက်ရှိရာ သူသည် ရေတံခွန်နားသို့ ချက်ချင်း ရောက်လာ၏။

သူကဲ့သို့ပင် ရေနု မှော်မြက်ပေါ် အာလယကြီးစွာ စားသောက်နေသော ချေငယ်တစ်ကောင်ကို မမျှော်လင့်ဘဲ မြင်လိုက်ရသည်။

ထိုအချိန်မှာ သူ့စိတ်၊ သူ့ကိုယ်သည် ထိန်းမရလောက်အောင် ဖြစ်သွားသည်။

ရေတံခွန်မှ တစ်ဟုန်ထိုး သွန်ကျနေသော ရေစီးသံကြောင့် ချေငယ်သည် သူ့ခြေသံကို မကြားမိသလို သူ့ကိုယ်နံ့ကိုလည်း သတိထားမိပုံ မရပေ။

ဤသည်မှာ စိမ်းစိုသော မှော်မြက် မှော်ရွက်ပြတ်များမှ ထောင်းထောင်းထွက်နေသော စိမ်းရွှေရွှေအနံ့ကြောင့်လည်း ဖြစ်နိုင်သည်။

တောခွေးမ၏ စိတ်သည် ရေအာလယမှ ဝမ်းဗိုက်၏ ဆာလောင်မွတ်သိပ်မှု အာဟာရကို ပြောင်းရောက်သွားသည်။ ထိုအခါ သူသည် မဆိုင်းမတွပင် ချေငယ်ကို ကိုက်သတ်ရန် ခုန်ချလိုက်သည်။

သူ ခုန်ချ လိုက်သံနှင့်အတူ ချေငယ်ကလည်း လန့်ပြီး ထခုန်လိုက်သည်။ ယခင်ကမူ သူတို့၏ သဘာဝအရ သားကောင်၏ သေနိုင်လောက်သော (သို့မဟုတ်) မပြေးနိုင်၊ မမြင်နိုင်လောက်သော ခြေတံကောက်ခွက်၊ မျက်စိ၊ ဒွါရ စသည့် သားကောင်၏ အချက်အချာနေရာများကိုသာ ရွေးကိုက် တတ်သော တောခွေးမသည် ဤတစ်ခါတော့ ဆာလောင်မွတ်သိပ်လာသော အာလယစိတ်နှင့် ချေငယ်၏ ကျောကုန်းကို ကိုက်မိလိုက်သည်။ ချေငယ်က လည်ပြန်လှည့်အပက်တွင် တောခွေးမ၏ ရှေ့လက်ပြင် တစ်နေရာကို ပက်မိသွားသည်။

သို့သော် တောခွေးမသည် နာကျင်ရမှန်းမသိတော့ဘဲ ချေငယ်ကို ထပ်ကိုက်သည်။ အစွယ်မရှိသော်လည်း ဆောက်ခုံးများလို ထက်မြက်သော သူမ၏သွားထဲတွင် ချေငယ်၏ သားတစ်ခဲက အကွင်းလိုက် ပြုတ်ပါလာသည်။ ချေငယ်သည် အထိတ်တလန့်နှင့် ထခုန်ပြန်၏။

ဤတစ်ခါတော့ သတိဝင်လာ၍ တိုက်ပွဲများစွာကို နွှဲခဲ့ဖူးသော တောခွေးမသည် ချေငယ်၏ လည်ပင်းကို ဆက်တိုက် ကိုက်ခဲခါယမ်းပစ်လိုက်၏။

လည်ပင်းသွေးကြောကြီး ပြတ်ပေါက်သွားသော ချေငယ်သည် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ ရေမှော်တောထဲ လဲကျသွားသည်။ ထိုအခါမှ သူသည် ချေငယ်၏ဒွါရမှ အူတွေကို ကိုက်ထုတ်ဆွဲကာ အသည်း ကလီစာ ဝမ်းတွင်းသားများကို အငမ်းမရ ကိုက်ဝါးစားပစ်လိုက်သည်။

အထဲမှ ဝမ်းတွင်းသားများ ကုန်သွားသောအခါ အသားဆိုင် အသားခဲများကို သူ ဆက်စားပြန်လေသည်။

ဗိုက်ကားသွားသော တောခွေးမသည် သူစား၍ မကုန်နိုင်ဘဲ ကျန်နေသေးသော ချေငယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စိမ်းစိမ်းကြီး စိုက်ကြည့်ကာ ယခင်က သားကောင်လိုက်ပွဲများကို သတိရလာ ပြန်သည်။

အဖော်အပေါင်းများနှင့် သားကောင်လိုက်၍ အောင်ပွဲရခဲ့သော ကာလတစ်လျှောက်မှာ သူသည် ယခုကဲ့သို့ ဝဝလင်လင် တစ်ခါမျှ မစားရခဲ့။ အသည်းအူ ဝမ်းတွင်းသား ကလီစာများမှာ သူတို့၏သတ်မှတ်ချက်အရ သင်းအုပ်ကြီးနှင့် လက်ထောက် ရေသယ်ခွေးများ၏ အစားအစာသာ။

သူတို့လို ပျိုရွယ်ငယ်နုသေး သူများအတွက်မူ အသားရွတ်၊ အသားမာများနှင့် အရိုးအရင်းများသာ။ သူတို့လို နောက်လိုက် တောခွေးမငယ်များအတွက် သားကောင်လိုက်နေချိန်တွင် မီရာသားကောင် ၏ လမ်းခုလတ်၌ တစ်ဖဲ့တစ်ကိုက်သည်သာ အသားဟု မှတ်မှတ်ရရ စားခဲ့ကြရသည်။

အုပ်နှင့် သင်းနှင့် သားကောင်လိုက်ပွဲများနှင့် စာလျှင် ယခုပွဲသည် တောခွေးမအတွက် ကျေနပ်စရာပွဲပင်။ ထို့ကြောင့်လည်း တောခွေးမသည် သူစားသောက်၍ မကုန်ဘဲ ကျန်နေသေးသော ချေငယ်၏ အပိုင်း အစများကို နှမြောတသစွာ စိုက်ကြည့်နေတုန်းပင်။

သို့သော် ကျန်နေသော ချေငယ်၏ အပိုင်းအစများကို သားရဲတွင်းထဲ ကိုက်ချီယူသွားရန် သဘာဝအလေ့အထ မရှိသလို တစ်ရက်၊ နှစ်ရက်သားသာ ရှိနေကြသေးသော သားငယ်များမှာလည်း စားတတ်၊ ကိုက်တတ်သော အရွယ်မဟုတ်သေးသဖြင့် သူစားမကုန်သော ချေငယ်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို တောခွေးမမှာ သည်အတိုင်းပင် ပစ်ထားခဲ့လေသည်။

ရေသောက်ပြီး၍ သားရဲတွင်းသို့ပြန်ရန် စမ်းချောင်းမှ လှမ်းအတက်တွင် ချေပက်ထားသော ရှေ့လက်တစ်ဖက်က နာကျင်လာသည်။

ထိုအခါမှ သူ့ကိုယ်မှ ဒဏ်ရာကို သူ သတိပြုမိလာသည်။ ချေသေကို စားသောက်နေတုန်းက အာဟာရအာလယကြောင့် နာကျင်မှုဝေဒနာ စိတ်ကို ဖုံးလွှမ်းထားခဲ့သည်။ ယခုဗိုက်ပြည့်၍ ဆာလောင်မွတ်သိပ်မှု ဝေဒနာငြိမ်းသွားမှ နာကျင်မှုဝေဒနာကို ခံစားလာရသည်။ ထိုဝေဒနာနှင့် တစ်ဆက်တည်းပင် ဆတ်ခွာပေါက် ကျောက်ခဲထိဒဏ်ရာကို မမြင်သာသော်လည်း အမွေးကျွတ်ပြီး သွေးစို့နေသော ချေပက်ဒဏ်ရာကိုမူ ထင်ထင်ရှားရှား မြင်နေရလေသည်။

ဤသည်တို့မှာ တိုက်ပွဲကျော် သူရဲကောင်းတို့၏ အောင်ပွဲရ အမှတ်တံဆိပ်မှန်း သူ သိသည်။ သင်းအုပ်ထဲ သူနေခဲ့စဉ်က သင်းအုပ်ကြီးနှင့်အတူ တိုက်ပွဲပျော် သူရဲကောင်းတို့၏ ကိုယ်ပေါ်တွင် အမာရွတ် များ၊ ဒဏ်ရာဒဏ်ချက်များနှင့် မျက်စိတစ်ဖက်ကန်းနေသူ၊ ခြေလက်အင်္ဂါတစ်ခုခု ချို့ယွင်းနေသူများကို သူ မြင်ဖူး၊ တွေ့ဖူးထားခဲ့သည်။

ထို့ကြောင့် သူ့ကိုယ်၊ သူ့လက်ပြင်ရင်းမှ ချေပက်ထားသော ဒဏ်ရာမှ သွေးစသွေးနများကို သူသည် သူရဲကောင်းတို့၏ ဘွဲ့တံဆိပ်တစ်ခုပမာ လျှာနှင့် ယုယုယယလျက်ပွတ်ကာ စမ်းထဲမှ တက်လာခဲ့လေသည်။

ထိုအခါ သူသည် အချိန်ကာလတည်းဟူသော နိယာမကို သတိရမိလိုက်သည်။ သစ်ရိုင်းပင်ကြီးတစ်ပင်မှ ငှက်ကလေးများ၏ အိပ်တန်းလုရန်ပွဲသည် နေဝင်တော့မည်ဆိုသည်ကို သတိပေးနေသည်။ တောရိပ် တောင်ရိပ်တို့သည် မှိုင်းပျလာသည်။ သူ့ဗိုက်မှာလည်း အစာအာဟာရတို့နှင့် တနင့်တပိုးဖြစ်လာပြီမို့ ယခုတော့ သားရဲတွင်းထဲက သားသမီး များကို တမ်းတမ်းတတ သတိရလာတော့သည်။

ထိုအခါ တောခွေးမ၏ ခြေအစုန်မှာ နာကျင်ကိုက်ခဲမှု ဝေဒနာများကို မေ့ပျောက်ကာ သားရဲတွင်းရှိရာ သူ့သားသမီးများရှိရာသို့သာ ပြေးချလာလေသည်။

XXX XXX XXX

သားသမီး မွေးပေါက်ရတော့မည်ဟူသော ဇောစိတ်ကြောင့် သူသည် ဝသန္တ၏ ပါးလျားလွင့်ပြေသွားသော မိုးစက်ပွင့်များကို သတိမထားနိုင်ခဲ့သလို ဟေမန္တ၏ မှုန်ပျပျဆေးသားများကိုလည်း ကောင်းစွာ သတိမထားမိခဲ့။

နေရောင်ခြည်ထဲတွင် ပြေးလွှားဆော့ကစားနေကြ သော သားသမီးများကို ငေးကြည့်နေရာမှ သစ်ရွက်ကြွေသံများကို ကြားရသဖြင့် နွေဦးပေါက်ပြီကို သတိရသွားသည်။ ထိုအခါမှ ပတ်ဝန်းကျင်ရှိ တောတောင်များကို သတိထားကြည့်မိလိုက်သည်။

အရွက်ခြွေထားကြသော သစ်ရိုင်းပင်ကြီးများကို အရိုးဖြိုင်ဖြိုင်နှင့် မြင်နေရသည်။ ခါတိုင်းနှစ်နှင့်စာလျှင် ဤနှစ်သည် နွေရောက်စောခြင်းလား၊ သားသမီးဇောနှင့် သူကပဲ သတိမထားမိခဲ့လေသလား ဆို သည်ကို သူဆက်မတွေးတော့။

ငယ်ရွယ်နုပျိုစဉ်ကမူ ရမ္မက်ဇောနှင့် ငေးငိုင်တွေဝေခြင်း၊ တောတောင်ရေမြေသဘာဝနှင့် သားကောင်လိုက်ရရေးတို့ကိုသာ တွေးတောခြင်း သူ ပြုလုပ်လာခဲ့သည်။

သန္ဓေရချိန်မှစ၍ သူသည် တောတောင်ရေမြေသဘာဝနှင့် သားကောင်လိုက်ရရေးတို့ထက် သားသမီးမွေးပေါက်ရန်အတွက်သာ လုံးပန်းလာခဲ့သည်။

ယခု သူ့သားသမီးများအား သားကောင်ဖမ်းနည်း နိဿရည်းများကို သင်ကြားရင်း ကလေးများနှင့် သားကောင်အတူလိုက်ရင်းက ဟေမန္တ၏ ကာလတစ်လျှောက်ကို ကျော်ဖြတ်လာခဲ့သည်။

ယခုဆိုလျှင် သူ့သားသမီးများသည် မိခင်ကြီးနှင့်အတူ သားကောင်ဖမ်းလိုက်ရာမှ သားကောင်ဖမ်းနည်း နိဿရည်းများကိုပင် တတ်မြောက်ကျွမ်းကျင်နေ ကြပြီ။

သူ့စိတ်ကူးမှာ သစ်ရိုင်းပင်များ ရွက်နုဝေလာချိန်၌ သင်းအုပ်ရှိရာသို့ ပြန်သွားရန် စိတ်ထက်သန်နေသည်။

ထိုအခါ သားသမီးများ တစ်ပြုံတစ်မနှင့် သူပြန်ရောက်လာသည်ကို အားလုံးက ကြိုဆိုကြလိမ့်မည်ဟု သူ ထင်ထားသည်။ တစ်ခုတော့ ရှိ၏။ သူ့သားသမီးများထဲတွင် ခြေစလက်စ အလုံးအထည်ကြီးထွားလာကြမည့် တစ်ကောင်တလေကိုတော့ သင်းအုပ်ကြီးက မျက်လုံးတောက်တောက်နှင့် စစ်ဆေးကြည့်ရှုခြင်းကို ခံရမည်။

အကယ်၍ သူ့သားသမီးများထဲတွင် ခြေတံလက်တံမြင့်မားပြီး ကြီးထွားလာနိုင်မည့်သူ တစ်ကောင်တလေ ပါရှိမူ သင်းအုပ်ကြီးသည် စိုးရွံ့စိတ်နှင့် စောင့် ကြည့်နေမည်။ တစ်ချိန်ချိန်၌ တိုက်ခိုက်ကာ သင်းအုပ်တစ်ခုလုံးကို လုယူနိုင်သူ ပါလာပါက တစ်နည်းနည်းနှင့် ရန်ရှာမောင်းထုတ်ပစ်လိမ့်မည်။

သို့သော် ထိုအချိန်တွင် မိခင်နှင့် မွေးချင်းများလည်း ရှိနေပြီဖြစ်သော သူ့သားသမီးတစ်ကောင်ကောင်သည် သင်းအုပ်ကြီးအား ပြန်လည်တိုက်ခိုက်နိုင်သည့် ခွန်အားဗလကို ပိုင်ဆိုင်ထားသူ ဖြစ်ကောင်း ဖြစ်နေမည်။

အနိမ့်ဆုံးအဆင့်က သင်းအုပ်ကြီးကို ပြန်၍ မတော်လှန်နိုင်သည့်တိုင်အောင် သင်းခွဲတစ်ခုကို တည်ထောင်နိုင်သူလည်း ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

နောက်ဆုံးအနေနှင့် သူအပါအဝင် သူ့မိသားစုသည် သင်းခွဲတစ်ခုအနေနှင့် နေရလျှင်လည်း မွေးချင်းများသော သူတို့မိသားစုအတွက် ဤတော ဤတောင် ဤကန္တာရတွင် နေ၍ ရနိုင်သည်။

တောခွေးမကြီးသည် ဥမမည် စာမမြောက်ကြသေးသော သားသမီးများအရေးကို ရှည်ရှည်လျားလျား စဉ်းစားတွေးတောနေစဉ် တောကြက်များ၏ လန့်ပျံပြေးလာကြသံနှင့် တောတိရစ္ဆာန်များ၏ ခြေသံမျိုးစုံကို ရုတ်တရက် ကြားလိုက်ရသည်။

နေရောင်ထဲတွင် ဆော့ပြေးကစားနေကြသော သားသမီးများကို လက်ပေါ်မေးတင်ကာ အကြာကြီး ကျေကျေနပ်နပ် ငေးစိုက်ကြည့်နေခဲ့သော တောခွေးမသည် မြေပြင်တွင် ဝပ်နေရာမှ ရုတ်တရက် ခုန်ထလိုက်သည်။

သူ့တစ်သက်တာတွင် ဤကဲ့သို့ တစ်တောလုံး တစ်တောင်လုံးရှိ သားရဲတိရစ္ဆာန်များ ဝရုန်းသုန်းကား ပြေးလာကြသည်ကို တစ်ခါမျှ မကြုံဖူး။ ထို့ကြောင့် သူလန့်သွားသည်။

အမှန်က သူသာမဟုတ်၊ ပြေးဆော့ကစားနေကြသော သူ့သားသမီးများအားလုံးသည်လည်း အထိတ် တလန့်ဖြစ်ကာ သူ့အနား ချက်ချင်းပြေးလာစုကြသည်။ နားရွက်ထောင် နားစွင့်ကာ မျက်စိသူငယ် နားသူငယ်နှင့် ခေါင်းထောင်ကြည့်နေကြသည်။

ထိုအချိန်မှာပင် သူတို့လို မိသားစုအနားကို သီရဲရန်မဆိုထားနှင့်၊ အနံ့ရ , အသံကြားသည်နှင့် ဝေးဝေးသို့ရှောင်ပြေးတတ်ကြသည့် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တို့အားလုံးသည် သူတို့မိသားစုအား ဝင်တိုးတိုက်သွားမတတ် နီးနီးကပ်ကပ်မှ ပြေးလွှားခုန်ပေါက်သွားကြသည်။

ခြေလေးချောင်းရှိသော တောတိရစ္ဆာန်များသာမက အာကာသထဲ အနိမ့်အမြင့် ဝဲပျံနိုင်ကြသော ငှက်အုပ်များသည်ပင် အထိတ်တလန့် မြည်တွန်ကာ ပျံဝဲပြေးသွားနေကြသည်။

သူ တွေးတောကြံဆရန် ဘယ်လိုမှအချိန်မရလိုက်၊ မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်အတွင်းမှာပင် လေပွေလုံးကြီးနှင့်အတူ မီးတောက်မီးလျှံကြီးသည် သစ်တောတစ်ခုလုံးကို ဝါးမျိုတိုက်လောင်လာ သည်။ ဖြိုးဖြိုးဖြောက်ဖြောက် မီးတောက်မီးလျှံတွေ ကြုံးဝါးသံနှင့်အတူ လေပွေကြမ်းကြီး၏ မွှေနှောက်လာမှုသည် သူ့ကိုယ်ကိုပါ အပူလာဟပ်သည်။ မီးခိုးမီးသင်းနံ့ဆိုးနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး မှုန်ဝါးသွားသည်။

သူ့သားသမီးများကိုပင် တဒင်္ဂမေ့သွားကာ သူသည် အထိတ်တလန့်နှင့် သားရဲတွင်းထဲ ဝင်ပြေးလိုက်ရသည်။

သူ့တစ်သက်တွင် တစ်ခါမျှ မကြုံဖူး မတွေ့ဖူးသော မီးတောက်မီးလျှံများကို ကြောက်ရွံ့ကာ လက်ရှိသားရဲတွင်းကိုပင် နက်နိုင်သမျှ အနက်ရအောင် တူးဆွ ယက်ဖောက်နေမိသည်။ အကြောက်လွန်သွားသော တောခွေးမသည် ထိုအချိန်အထိ သားသမီးများကို သတိမရနိုင်သေး။ အကြောက်လွန်ကာ သွေးရူးသွေးတန်းနှင့် သားရဲတွင်းကိုသာ နက်အောင် ကုတ်ခြစ်တူးဖောက်နေမိသည်။

သို့သော် သူ့သားသမီးများ အထိတ်တလန့် အော်ဟစ်လိုက်ကြသံက သူ့စိတ်ကိုပြန်၍ ဆောက်တည်ရာရသွားစေသည်။ မြေကျင်းတူးယက်နေရာမှ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သားရဲတွင်းလိုဏ်ခေါင်း ထဲ ရောက်လာကြသော သူ့သားသမီးများသည် ကြောက်လန့်၍ တဆတ်ဆတ်တုန်နေကြသည်။ သူ့ကိုယ့်ပေါ်ကိုလည်း အားကိုးတကြီးနှင့် ခုန်တက်လာကြသည်။

သားသမီးများကို ခါထုတ်ပစ်ကာ ပါးစပ်မှလည်း ကျိန်ဆဲညည်းညူသံများ ထွက်သွားသည်။ သူ၏ညည်းညူကျိန်ဆဲလိုက်သံမှာ သားသမီးများကိုလား၊ တောမီးကြီးကိုလား ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မသိလိုက်ရဘဲ ကြောက်လန့်တကြား ပါးစပ်ထဲက ထွက်သွားသာ အသံပင်။ သူ့စိတ်ထဲမှာ သူသေရတော့မည်ဟု ထင်သွားသည်။

သူ့ကိုယ်ပေါ် ကြောက်လန့်တကြား ဖက်တက်နေကြသော သားသမီးများကို ဘာကြောင့်မှန်းမသိဘဲ သူ ကြောက်လန့်နေသည်။ သူ၏ အသက်ဇီဝကို ချက်ချင်းခြွေပစ်နိုင်သော အမှောင့်ပယောဂ တစ်စုံတစ်ခုသည် သူ့သားသမီးများနှင့်အတူ ပါလာသလို သူ့စိတ်ထဲမှာ ခံစားနေရသည်။ ထို့ကြောင့် သူ့ကိုယ်ပေါ် အားကိုးတကြီးနှင့် ခုန်တက်နေကြသော သားသမီးများကို သူသည် သတိမေ့စွာ ခါထုတ်နေမိသည်။ သူ မည်မျှ ခါထုတ်ထုတ်၊ သားသမီးများကလည်း သူ့ကိုယ်ပေါ်ချည်း သူ့ထက်ငါဦး ခုန်တက်နေကြ၏။

ထိုအခါ သူသည် ဒေါသထွက်လာပြီး သားသမီးများကို ကိုက်ခဲပစ်လိုက်သည်။

သူ့စိတ်မှာ ယခုထိ ဆောက်တည်ရာမရသေး။

သားသမီးများကလည်း အထိတ်တလန့်နှင့် သူ့ကိုယ်ပေါ် ခုန်တက်တွယ်ခိုရန် ပြင်းပြင်းထန်ထန် ကြိုးစားနေကြဆဲ။

သားရဲတွင်း မြေအောက်ကမ္ဘာထဲတွင် သူတို့မိသားစုသည် ဝရုန်းသုန်းကားနှင့် လှည့်ပတ်ခုန်ပေါက်ကာ သွေးရူးသွေးတန်းနှင့် ရန်ပွဲဆင်နေကြသည်။

သားသမီး လေးငါးကောင်ကို ဘယ်လိုမှ ရှောင်တိမ်း၍ မရသောအခါ တောခွေးမသည် သတိလက်လွတ်နှင့် သားရဲတွင်းပေါက်ဝကို ပြေးတက်လာ၏။ သူ ကျင်းပေါက်ဝသို့ ခေါင်းပင် မပြူလိုက်ရ။ မီးရှိန်က သူ့မျက်နှာကို လာဟပ်သည်။ ဆောက်တည်ရာမရဖြစ်ကာ သားရဲတွင်းထဲ ပြန်ဆင်းပြေးလာရ၏။

ကျင်းပေါက်ဝကို ခေါင်းပင်မပြူလိုက်ရဘဲ မီးဟပ်ခံလိုက်ရမှ အပြင်က မီးရန်သူကို သတိရသွားသည်။ အပြင်က မီးရန်သူကို ကြောက်လန့်၍ သားရဲတွင်းထဲ ပြန်ဆင်းအလာမှာ သူ့ခြေထောက်အစုံမှာ သားသမီးများကို ခလုတ်ဝင်တိုက်ပြီး အကိုက်ခံလိုက်ရသည်။

သူ့သားသမီး သုံးလေးကောင်မှာလည်း သူကဲ့သို့ပင် ဆောက်တည်ရာမရ ဖြစ်နေကြသည်။

မိခင်ကြီးနှင့် ညီအစ်ကို၊ မောင်နှမများဟူသော အသိသည် ယခုအချိန်တွင် ကွယ်ပျောက်နေကြသည်။ ကြောက်စိတ်နှင့်အတူ ဒေါသစိတ်တွေဝင်ကာ တစ်ကောင်နှင့်တစ်ကောင် သည်းခံခွင့်လွှတ်စိတ်ပင် မရှိတော့ဘဲ သွေးရူးသွေးတန်းနှင့် ရန်လိုနေကြသည်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဖြစ်နေသော တောခွေးမသည် သူ့ခြေထောက်တစ်ဖက် အကိုက်ခံလိုက်ရသောအခါ နီးစပ်ရာတစ်ကောင်ကို ထိုးဟပ်ကိုက်ချီပြီး တအားကြီးကို ခါလွှင့်ပစ်လိုက်သည်။

မိခင်ကြီး ကိုက်ခဲကာ လွှင့်ပစ်လိုက်သော တောခွေးငယ်မှာ သားရဲတွင်းနံရံနှင့်ဆောင့်ကာ အထိတ်တလန့် အော်ဟစ်လိုက်သည်။ ရက်လချီ၍ ဆော့ကစားထားကြသော သားရဲတွင်းထဲက ဖုတ်တောထဲ လဲနေသော တောခွေးငယ်သည် မိခင်ကို တမ်းတမြည်ဟစ်ကာ ပြန်ထနိုင်ရန် ကြိုးစားနေသည်။

ထိုအခါမှ တောခွေးမသည် မိခင်စိတ်ပြန်ဝင်လာကာ စောစောက သူ ကောက်ချီလွှင့်ပစ်လိုက်သော အရာဝတ္ထုမှာ ရန်သူမဟုတ်ဘဲ သူ့သားသမီးတစ်ကောင် ဖြစ်နေသည်ကို သတိရသွားသည်။ သတိရသွားသည်နှင့် တစ်ပြိုင်နက် နောင်တရသံ ညင်ညင်သာသာကိုပေးကာ ခွေးကလေးကို ကိုက်ချီထူမလိုက်သည်။

ထိုအချိန်မှာ မိခင်စိတ်က သူ့ တစ်ကိုယ်လုံးကို ပျံ့နှံ့ပေါ်လာပြန်ရာ အန္တရာယ်တောမီးကြီးကို သူလုံးလုံး လျားလျား တဒင်္ဂမေ့သွားပြန်လေသည်။

အနာတရဖြစ်နေသော သူတို့အဖော်အား မိခင်ကြီးက ကြင်ကြင်နာနာ ယုယလျက် ပွတ်နေသည်ကိုမြင်မှ ကျန်သောခွေးကလေးများသည် သူတို့၏ မိခင်ကြီးနား ကပ်ရဲလာကြသည်။ သူတို့၏တစ်ကိုယ်လုံးမှာမူ အချင်းချင်း ရန်လိုကိုက်ခဲကြမှု၊ ဒေါသထွက်ကာ သွေးရူးသွေးတန်း ဖြစ်သွားသော မိခင်ကြီး၏ ကိုက်ခဲကန်ကျောက် ကုတ်ခြစ်ထားမှု ဒဏ်ရာတွေ ကိုယ်စီကိုယ်ငနှင့်သာ။

တောမီးကြီးသည် သူတို့၏သားရဲတွင်းကို စက္ကန့်ပိုင်းမျှသာ ဖြတ်ကျော်သွားသော်လည်း အလင်းရောင်ကြီးကိုပင် ကြောက်ရွံ့နေကြသော တောခွေးမတို့ မိသားစုမှာ အပြင်သို့ မထွက်ဝံ့ကြသေး။ မှောင်မည်း နေသော မြေအောက်ကမ္ဘာထဲ၌သာ အချိန်ကြာကြာ အောင်းနေကြသည်။

ယခုနေအခါမှာ သူတို့သည် အမိမှန်း၊ သားသမီးမှန်း၊ ညီအစ်ကို မောင်နှမမှန်း သိသွားကြပြီဖြစ်သဖြင့် အချင်းချင်းလည်း ရန်သူအမြင်ပျောက်ကာ ကြောက်ရွံ့ခြင်း မရှိကြတော့။

တစ်ကောင်နှင့်တစ်ကောင် ပို၍ ကြင်နာယုယမှုကိုပြကာ တိုးတိုးဝှေ့ဝှေ့နှင့် ပွတ်ပွတ်သပ်သပ် လျက် လျက်နမ်းနမ်း ဖြစ်သွားကြသည်။

သို့သော် ရန်သူအထင်နှင့် သွေးရူးသွေးတန်း ကိုက်ခဲလွှင့်ပစ်ထားခြင်းခံလိုက်ရသော တောခွေးငယ်တစ် ကောင်မှာ ယခုထိ မထနိုင်သေး။ ညည်းညည်းညူညူနှင့်ပင် သားရဲတွင်းထဲက မြေအောက်ကမ္ဘာကြီးထဲတွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေသေးသည်။

မိခင်ကြီးနှင့်တကွ ညီအစ်ကိုမောင်နှမများ ယုယနမ်းရှုပ် ပွတ်သပ်လျက်ပေးကြသည့် ကြားထဲကပင် တောခွေးငယ်လေးသည် ရက်လများစွာ နေလာခဲ့သော သားရဲတွင်း မြေအောက်ကမ္ဘာနှင့် အမိကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမ အဖော်များကိုလည်းကောင်း စွန့်ခွာသွားလေသည်။

ထိုအခါမှ မိခင်ကြီး၏ သောကမှာ သူ့တစ်ကိုယ်လုံးကို လောင်မြိုက်ခံရတော့သည်။ သားသည်အမေ၏ သောကနှင့် ဆောက်တည်ရာမရ ဖြစ်နေတော့သည်။

သားရဲတွင်းထဲတွင် ဆောက်တည်ရာမရဖြစ်နေသော တောခွေးမသည် သားသေကောင်ကို ကိုက်ချီ၍ နေရာရွှေ့လိုက်၊ ပြန်ကောက်ချီလိုက်၊ ပြန်ချလိုက်၊ နောက် သားသမီးများကို နမ်းရှုံ့လိုက်၊ လျှာနှင့် လျက်လိုက် လုပ်နေရာမှ သူ့သားသမီးများ အရေအတွက်ကို ယခုမှ သတိရလာသည်။

ငါးကောင်သော သားသမီးများထဲမှ အသေတစ်ကောင် အပါအဝင် ယခုအခါ လေးကောင်သာ ရှိတော့သည်။ တစ်ကောင်သော သားကိုမူ သားရဲတွင်းထဲ၌ ရှာမတွေ့ ဖြစ်သွားပြန်၏။

တောမီးကြီးအန္တရာယ်ကြောင့် သားရဲတွင်းထဲတွင် ဝရုန်းသုန်းကား ပြေးလွှားနေခဲ့ကြစဉ်က ရှုပ်ယှက်ခတ်နေကြသဖြင့် တစ်ကောင်သော ကလေးကို သူ သတိမထားမိခဲ့။ ယခု ထိုတစ်ကောင်သော သားသည် မီးထဲ ပါသွားလေသည်လားဟူသော အတွေးစိတ်နှင့် ကယောင်ချောက်ချား သားရဲတွင်းထဲက ပြေးတက်လာမိသည်။

တောမီးကြီးသည် ဘယ်အချိန်ကပင် သူ၏သားရဲတွင်းကို ဖြတ်ကျော်သွားသည် မသိ။ အပြင် တောတောင်တစ်ခွင်တစ်ပြင်လုံးသည် မီးလောင်မြေဖြစ်၍ ကျန်ခဲ့လေသည်။

သူ၏ သားရဲတွင်းနှင့် မနီးမဝေးရှိ တောင်ကုန်းတစ်ခုပေါ်မှ သစ်ခြောက်ပင်ထောင် တစ်ပင်ကိုမူ မီးစွဲလောင်နေတုန်း။

ထိုအပင်ကဲ့သို့ပင် အခြားအခြားသော သစ်ခြောက်ပင်များ၏ ပင်စည်များမှ မီးတောက်မီးလျှံများနှင့် နေရာအနှံ့အပြားမှ မီးခိုးတလူလူများကို မြင်နေရတုန်း။

သားသေအမေဘဝနှင့် သားပျောက်အမေဘဝ နှစ်ခုလုံးကို ပေါင်းစည်းခံစားနေရသော တောခွေးမမှာ အပြင်ကိုရောက်မှ ပို၍ ဆောက်တည်ရာမရ ဖြစ်သွားရှာသည်။

တောမီးကြီးလောင်ကျွမ်းသွား၍ အောက်ခြေရှင်းသွားသော တောတောင် တစ်မျှော်တစ်ခေါ်ကြီးကို လှမ်းမြင်နေရသော်လည်း ပျောက်သွားသောသား၏ အရိပ်အယောင်ကို ဘယ်နေရာမှာမှ မမြင်ရ။ တောမီးကြီးလောင်ကျွမ်း၍ ဟင်းလင်းပွင့်နေသော သတ္တရဘန်ကြီးကဲ့သို့ သူ့ရင်သည်လည်း ဟင်းလင်းပွင့်သွားလေပြီ။

တောခွေးမသည် သတိမေ့ကာ သားရဲတွင်းဝတွင် အကြာကြီး ဆောင့်ကြောင့်ထိုင်နေသည်။ မီးလောင်မြေ ဟင်းလင်းပြင်ကို ကြေကြေကွဲကွဲငေးကြည့်နေသည်။ သူ့အမြင်ထဲတွင် မီးခိုးများ၊ သစ်ခြောက်ပင်မှ မီးတောက်မီးလျှံများ၊ မီးမလောင်ဘဲ မတ်တတ်ပင် ထောင်ကျန်ခဲ့သော သစ်စိမ်းပင်များက တရိပ်ရိပ် ရောထွေးရှုပ်ယှက်ခတ်နေသည်။

သည်တွင် သူတို့၏အမျိုးလေးပါးထဲမှ မြေခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် ကြေကြေကွဲကွဲ အူလိုက်သံကို ကြားလိုက်ရသည်။ တဒင်္ဂ၌ တောခွေးမ၏ စိတ်သည် မြေခွေးများဆီ ချက်ချင်းရောက်သွားပြန်သည်။ မြေခွေးများ ဤကဲ့သို့ ဆွဲဆွဲငင်ငင် အူလိုက်သံသည် တောတောင်ထဲ၌ အန္တရာယ်တစ်စုံတစ်ရာ မရှိတော့ဟူသော သင်္ကေတပင်။ ကောက်ကျစ် စဉ်းလဲသော မြေခွေးများသည် တောတိရစ္ဆာန်များအတွက် ဤတစ်ချက်တော့ ကျေးဇူးတင်ဖွယ်ဖြစ်သည်။

ဆွဲဆွဲငင်ငင် အူလိုက်ကြသောအသံနှင့် ကြေကြေကွဲကွဲ မြေခွေးအူသံများနှင့်အတူ ဝေးလံသီခေါင်သော အရပ်တစ်ပါးမှ ချေဟောက်သံတစ်ခုကလည်း တောခွေးမ၏ နားစည်ကို လာရိုက်ခတ်သွားပြန်သည်။

ချေဟောက်သံကို ကြားလိုက်ရသောအခါ တမြန်နေ့ကမှ ချေငယ်တစ်ကောင်ကို သူကိုက်စားခဲ့ရသည်ကို သတိရသွားပြန်သည်။ ထိုအခါ သူ့ဝမ်းဗိုက်သည် အာလယတစ်ခုနှင့် ဆာလောင်မွတ်သိပ်လာပြန်၏။ ထိုအာလယစိတ်နှင့်ပင် သူသည် ဝန်းကျင်ဘယ်ညာကို ကြည့်သည်။

သို့သော် တစ်မျှော်တစ်ခေါ်မြင်နေရသော ဤဟင်းလင်းပြင် မီးလောင်မြေတွင် သားကောင်ကို မဆိုထားဘိ၊ ပိုးပုရွက်များပင် အသက်ရှင်သန်ကျန်နေကြမည်မဟုတ်ဟူသော အတွေးကို တွေးမိလိုက်သည်။ ထိုအခါ ဆောင့်ကြောင့်ထိုင် ထောက်ထားသော သူ့လက်နှစ်ချောင်းမှာ အလိုလို ကွေးကျသွားပြီး သူကိုယ်တိုင်သည်လည်း မြေပြင်တွင် ဝပ်ကျသွားသည်။

တောခွေးမသည် ဝပ်လျက်နှင့်ပင် မီးလောင်မြေ၏ ဟင်းလင်းပြင်ကို အဓိပ္ပာယ်မဲ့ ကြေကြေကွဲကွဲ ငေးကြည့်နေပြန်သည်။

စောစောကမှ အူသံကြားလိုက်ရသော မြေခွေးမိသားစုသုံးကောင်သည် မြေပြင်ကို ငုံ့နမ်းလိုက်၊ အနံ့ခံလိုက်နှင့် စိုက်စိုက်စိုက်စိုက် သူ့အနားကို ရောက်လာကြသည်။ မီးသင်းအနံ့နှင့် ပြာမှုန့်နံ့ကလွဲပြီး ဘာမျှမရှိသော ဤ မီးလောင်မြေပေါ်တွင် မိုက်မဲစွာ အစာအာဟာရရှာနေကြသော မြေခွေးမိသားစုကို တောခွေးမသည် စက်ဆုပ်ရွံရှာစွာ တစ်ချက် လှမ်းကြည့်လိုက်သည်။

အမျိုးလေးပါးထဲတွင် မြေခွေးဆိုသော တိရစ္ဆာန်မှာ ကောက်ကျစ်စဉ်းလဲရန်သာသိပြီး အသိဉာဏ်ကမူ ခေါင်းပါးလွန်းသည်ဟု ခွေး၊ ခွေးအ၊ တောခွေးတို့က ခွေးရာမသွင်းကြ။

မြေခွေးသည် အမျိုးလေးပါးထဲ၌ အသိဉာဏ် မည်မျှ ခေါင်းပါးသနည်းဟူမူ ပေါက်ပင်မှ ပေါက်ပွင့် ကိုပင် သားတစ်အမှတ်ဖြင့် ရက်ရှည်လများ ပေါက်ပွင့်ကြွေကျသည်အထိ ပေါက်ပင်အောက်က စောင့်တတ်သူအဖြစ် အစဉ်အလာနှင့် ပြက်ရယ်ပြုခြင်းခံရသည့် အမျိုးယုတ် မြေခွေးပင်။

တောမီးကြောင့် သတ္တရဘန်တစ်ခုလုံး ဟင်းလင်းပြင်ဖြစ်သွားသော ပြာပုံထဲတွင် ဤမြေခွေးမိုက်သုံးကောင်သည် အဘယ်မည်သော စားသောက်ဖွယ်ရာကို ရနိုင်မည်နည်းဟုတွေးကာ တောခွေးမသည် မြေခွေးသုံးကောင်ကို ဒေါသဖြစ်နေသည်။

မထီတရီနှင့် သူ့အနားက ပြာပုံတွေကို လာလျက် နမ်းရှုပ်နေကြပြန်သောအခါ သူ သည်းမခံနိုင်တော့။ အသိဉာဏ်ခေါင်းပါးကာ ပြာပုံကို လာနမ်းလျက်သော မြေခွေးတစ်ကောင်အား တောခွေးမသည် အော်ဟစ်လှမ်းပုတ်ကာ မောင်းထုတ်ပစ်လိုက်သည်။

ဘိုးစဉ်ဘောင်ဆက်အရ အမျိုးလေးပါးတွင် အားလုံးကိုကြောက်ရသော မြေခွေးမိုက်သုံးကောင်မှာ ယခုလည်း သူ အော်ဟစ်ရန်ရှာလိုက်သဖြင့် ပေစောင်းပေစောင်းနှင့် သူ့အနားမှ ခွာသွားကြသည်။ သို့သော် အသိဉာဏ်ခေါင်းပါး မိုက်မဲစွာနှင့် မီးလောင်ပြင်ထဲက ပြာပုံမှာတော့ သူတို့က စားသောက်စရာကို အနံ့ခံ ရှာဖွေတူးယက်၍ သွားနေကြဆဲသာ။

သူ့သားရဲတွင်းနှင့် သုံးလေးလံမျှသာဝေးသော ပြာပုံထဲမှ မြေခွေးတစ်ကောင်က မီးကျွမ်းထားသော အရာဝတ္ထုတစ်ခုကို ကိုက်ယူချီလိုက်သောအခါ ရုတ်တရက် တောခွေးမ အံ့သြသွားသည်။ အသိဉာဏ်ခေါင်းပါး၍ မိုက်မဲသော မြေခွေးသည် မီးကျွမ်းသစ်တုံးကို စားစရာအထင်နှင့် ကိုက်ချီလိုက်ခြင်းဟု သူထင်လိုက်၏။

သို့သော် မြေခွေးကိုက်ချီလိုက်သောအရာမှာ မီးကျွမ်းသစ်တုံးပိုင်း ဖြစ်ပုံမရ။ ထို့ကြောင့်လည်း နောက် နှစ်ကောင်ကပါ စားသောက်ရန် လုယက်ကြသောအခါ ထိုမြေခွေးသည် မီးကျွမ်းအရာဝတ္ထုကို ကိုက်ချီ၍ ထွက်ပြေးသွားသည်။ ထိုမြေခွေးမိုက် နောက်ကို ကျန်နှစ်ကောင်က အပြေးလိုက်လုနေကြသည်။

ထိုအခါမှ အမျိုးလေးပါးတွင် အသိဉာဏ်ခေါင်းပါးသည်ဟု အရာမသွင်းကြသော ဤမြေခွေးများသည် ကျရာဘဝ၊ ခံစားနေကြရသော ဒုက္ခကြားထဲမှ သူတို့ဘဝ ရှင်သန်ရေးကိုတော့ တစ်နည်းနည်းနှင့် ကြိုးစားရှာဖွေ နေထိုင်တတ်ကြသူများပါလားဟု တောခွေးမက တွေးမိလိုက်သည်။

တောခွေးမတို့အနေမှာ ဤလိုအခြေအနေမျိုး၌ မြေခွေးများလို ရှာမစားတတ်ကြ။ သားကောင်ကိုမြင်မှ၊ တွေ့မှ လိုက်ကိုက် သတ်ဖြတ် စားသောက်ကြရသည်နှင့်စာလျှင် မြေခွေးများ၏ အစာရှာဖွေရေး ဇီဝအသက်ဆက်ရေးတို့မှာ သက်သောင့်သက်သာ ရှိလှသည်။

ကောက်ကျစ်စဉ်းလဲသလို ဉာဏ်နီဉာဏ်နက်များသော မြေခွေးများသည် သားကောင်ကို ကိုယ်တိုင်အပင်ပန်းခံကာ လိုက်လံတိုက်ခိုက်ကြခြင်း မပြုဘဲ သူတစ်ပါး ကိုက်သတ်ထားခဲ့သော သားကောင်များ၊ တိရစ္ဆာန်ကြီးများ၏ စားကြွင်းစားကျန်များကို အချောင်စားသောက်နိုင်ရန် အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းသည်းခံစားသောက်ကြသည်ကိုတော့ တောခွေးမ မြင်ဖူးထားသည်။

ယခု မြေခွေးများ သူ၏သားရဲတွင်းနားမှ ရှာဖွေယူသွားကြသော သားကောင်မှာ မည်သည့်သားကောင်မျိုးဖြစ်သနည်းဟု သူ တွေးလိုက်ချိန်မှာတော့ သူ့တစ်ကိုယ်လုံးသည် ကြက်သီးဖြန်းဖြန်း ထသွားလေ သည်။

မြေခွေးမိုက်များ ကိုက်ချီတူးဖော်ယူသွားကြသော သားကောင်မှာ တောမီးကြီးအဟပ်ခံလိုက်ရ၍ သေကျန်ခဲ့သော သူ့သားမှန်း ယခုမှ သိလိုက်သည်။ သူ့အသိက နောက်ကျသွားလေပြီ။

ဒေါသတကြီးနှင့် သူ ဆတ်ခနဲထရပ်ပြီး လှမ်းကြည့်လိုက်ချိန်တွင် မြေခွေးများကား တောင်ကုန်းတစ်ခုပေါ်၌ မီးဖုတ်ထားသော သူ့သားငယ်ကို ကိုက်ဖဲ့စားသောက် သွားကြလေပြီ။ ယခုအချိန်မှာ မြေခွေးများကို ရန်ရှာကိုက်သတ်ရန် သူပြေးလိုက်သွား၍လည်း မမီနိုင်တော့။

ဤအဖြစ်အပျက်ကြောင့် တောခွေးမ၏ ကိုယ်စိတ်နှလုံးမှာ ရုတ်တရက် ထိခိုက်သွားကာ မြေပြင်သို့ ဝပ်ကျသွားပြန်သည်။ ရှေ့လက်နှစ်ချောင်းဖျားပေါ် နွမ်းနွမ်းခွေခွေ မေးထိုးတင်လိုက်ကာ မီးလောင်မြေ ဟင်းလင်းပြင်ကို ကြေကြေကွဲကွဲ အဓိပ္ပာယ်မဲ့ ငေးကြည့်နေပြန်သည်။

အချိန်မည်မျှကြာသွားသည်မသိ။ မီးလောင်ပြင်မှ မီးတောက်မီးလျှံများကို မြင်လာရပြန်သည်။ ပတ်ဝန်းကျင် ဘယ်ညာတစ်ခွင်တစ်ပြင်လုံးမှ မီးတောက်မီးလျှံများသည် သူ့သားရဲတွင်းကို ဝိုင်းထားကြသည်ဟု သူ့စိတ်ထဲ ထင်မိလိုက်သည်။

ထိုအခါ ရုတ်တရက် လန့်ဖျပ်ပြီး သူ၏ မြေအောက်ကမ္ဘာ သားရဲတွင်းထဲ မီးခိုလှုံရန် ဝင်ပြေးလာပြန်သည်။

အမှန်မှာမူ ညရောက်လာပြီဖြစ်သဖြင့် မီးလောင်ပြင်ရှိ ပင်ထောင် သစ်ခြောက်ပင်များမှ မီးရောင်များဖြာထွက်ကာ အဝေးအနီး ရောယှက်လာပြီး သူ့မျက်စိအမြင်မှာ သားရဲတွင်းထဲကို မီးဝိုင်းလာခြင်းဟု ထင်မှားခြင်းသာ။

သို့သော် မီးဟပ်ခံထားရသော တောခွေးမမှာ ဤသည်ကို မသိ။ တောမီးကြီးသည် ဒုတိယအကြိမ် လောင်မြိုက်လာပြန်ပြီအထင်နှင့် သားရဲတွင်းထဲ အထိတ်တလန့် ဝင်ပြေးလာမိခြင်းသာ။

သားရဲတွင်းထဲရောက်လာ၍ သူ့သားသမီးများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်ကို တွေ့သောအခါ တစ်ကောင်စီကို လိုက်နမ်းပွတ်လျက်လိုက်သည်။ သို့သော် သေသွားသော သူ့သားငယ်၏ အစအန ကိုမူ လုံးဝ မတွေ့ရတော့။

ချက်ချင်း တောခွေးမ သိလိုက်ပြီ။ ဆာလောင် မွတ်သိပ်နေသော သားသမီးသုံးကောင်သည် သူ့သားငယ်၏ အရိုးအရင်းကိုပင်မချန်ဘဲ ဆာဆာနှင့် အကုန်ကိုက်ဝါးစားပစ်လိုက်ကြလေပြီ။ ထို့ကြောင့်လည်း သားသမီးသုံးကောင်သည် သူ့နောက် သားရဲတွင်းပေါ် တက်လိုက်မလာကြဘဲ စားပိုးနင့်ကာ တစ်နေ့လုံး သားရဲတွင်းထဲ အိပ်နေခဲ့ကြခြင်း ဖြစ်၏။

အစာဝ၍ တုံးလုံးပက်လက် အိပ်စက်နေကြသော သားသမီးများကို မြင်ရသောအခါ သူ့ဝမ်းဗိုက်မှာလည်း အစာတောင်းလာသည်။

ထိုအခါ တောခွေးမသည် သားရဲတွင်းပေါ် တက်လာပြန်၏။ သားကောင်ထွက်လိုက်ရန် ရည်ရွယ်ချက်နှင့် သားရဲတွင်းက တက်လာသော တောခွေးမသည် မီးလောင်ပြင်မှ မီးတောက်မီးလျှံများကို မြင်လိုက်ရပြန် သောအခါ ကြောက်ကြောက်နှင့် သားရဲတွင်းထဲ ပြန်ဆင်းပြေးလာပြန်၏။

သည်လိုနှင့် တစ်ညလုံး ဝင်လိုက်၊ ထွက်လိုက် လုပ်ရင်းက မိုးလင်းသွားသည်။ ထိုအခါ သစ်ခြောက်ပင်များဆီမှ မီးတောက်မီးလျှံများမှာလည်း မှေးမှိန်ငြိမ်းသွားကြပြီးဖြစ်ရာ ဆာလောင်မွတ်သိပ်မှုနှင့်အတူ
သားကောင်လိုက်လိုသော စိတ်ဆန္ဒက ဖြစ်ပေါ်လာပြန်သည်။

သို့သော် ဟင်းလင်းပြင် မီးလောင်မြေကို မြင်နေရ၍ ဤပတ်ဝန်းကျင်တွင် မည်သည့်သားကောင်မျှ မရှိတော့ ဆိုသည်ကိုတော့ သူ သတိရသည်။ သူ့အနေမှာ မြေခွေးများလိုလည်း အစာရှာစားတတ်သူ မဟုတ်သဖြင့် မီးလောင်မြေကို ချက်ချင်း စွန့်ခွာရန် သတိတရားက နိုးကြားလာသည်။

ထိုအချိန်မှာပင် သားရဲတွင်းထဲ အိပ်ပျော်နေကြသော သားသမီးများကလည်း သူ့အနားရောက်လာကြရာ သူ၏ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာသွားလေသည်။

သည်လိုနှင့် တောခွေးမတို့ မိသားစုသည် မီးလောင်မြေကို စွန့် ခွာလာခဲ့ကြသည်။

သတ္တရဘန် တောင်စဉ် တောင်ထပ်များကို လောင်ကျွမ်းသွားသော တောမီးကြီးမှာ ဤအချိန်တွင် ငြိမ်းသွားပြီဖြစ်သော်လည်း တောခွေးမ၏ နှလုံးသားကို လောင်ကျွမ်းခဲ့သောမီးကား မငြိမ်းသေး၊ မသေသေး။

ရွှေရတုနှစ်ပတ်လည်၊ စက်တင်ဘာ ၂၀၀၁

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *