အောင်သာဆန်း(သံတွဲ)
ပင်လယ်စခန်း
(၁)
ဦးမိုးကောင်းသည် ဆေးအိုးမှ ပြာစပြာကြွင်းများကိုလှေနံတွင် တဒေါက်ဒေါက် ခေါက်၍ ခါချလိုက် သည်။ ပြီးနောက် ဆေးအိုးကို ဆေးသစ်ထပ်ဖြည့်ကာ တဖွာပြီးတဖွာ ဖွာရှိူက်လိုက်၏။
အချိန်မှာ ည ၉-နာရီကျော်ခန့်ရှိပြီး တန်ဆောင်မုန်း လဆန်း ၄-ရက်နေ့ညမို့ လမှာ ဝင်သွားခဲ့လေပြီ။ လဝင်သော်လည်း တဖိတ်ဖိတ် တလက်လက် တောက်ပနေသော ကြယ်ရောင်များကြောင့် ညမှာ ပိန်းပိတ်အောင် မှောင်မိုက်ခြင်းကား မရှိလှပေ။
ကြယ်ရောင်သည် ပင်လယ်မျက်နှာပြင်နှင့် ထိတွေ့သောအခါ တလက်လက်ထနေတော့သည်။
အနောက်ရမ်းလေမှာ နေ့လယ်က ထန်ခဲ့သလောက် ခုတော့ တဖြည်းဖြည်း အားပျော့ကာ ငြိမ်ချက်သား ကောင်းနေတော့၏။ လေငြိမ်လျှင် လှိုင်းယဉ်သည်မှာ ဓမ္မတာဖြစ်သည့်အတိုင်း အနည်းငယ် လှုပ်ရှားသော ဂယက်လှိုင်းများရှိသည်ကလွဲ၍ ပင်လယ်ပြင်ကြီး တခုလုံးမှာ အိပ်မောကျနေသူပမာ ငြိမ်ချက်သား ကောင်းနေပေသည်။
အနောက်ရမ်းလေ သေသွားခဲ့ပြီးဖြစ်ရာ မကြာခင် စုန်လေခေါ် အရှေ့မြောက် လေမှန် တက်လာဘွယ် ရာ ရှိပေသည်။ စုန်လေ တက်လျှင် ဆောင်းဦးမို့ အနည်းငယ် ချမ်းပေလိမ့်ဦးမည်။ သို့သော် ပင်လယ်ရေငန်၏ အငွေ့အသက်ကြောင့် ကုန်းပေါ်မှာကဲ့သို့ သိသိသာသာကား အချမ်းကဲလိမ့်မည် မဟုတ်ပေ။
ဦးမိုးကောင်းတို ပိုက်လှေကြီးသည် အုန်းတပင်နောက်ဆွယ်တွင် ပင်လယ်စခန်းဖြင့် ပိုက်မျှော၊ငါးဖမ်းနေခဲ့သည်မှာ ယခုညပါဆိုလျှင် သုံးညတိတိ ရှိပေပြီ။
ပထမညက သူတို့သည် ငညို့အကောင်ငါးရာခန့်နှင့် ဒုတိယညတွင် ၃၀၀-ကျော်ခန့် ဖမ်းမိရရှိလိုက်ပေရာ ယခုအခါ သူတို့လှေကြီးထဲ၌ ငညို့အကောင် ရှစ်ရာကျော်ခန့်ကို ဖမ်းမိရရှိနေလေပြီ။
သူတို့ ပိုက်သမားများအဖို ငညို့နှင့် ငမန်းမှာ ကြေးအကိုက်ဆုံး ငါးများဖြစ်ရာ သည်တပတ်တော့ ကမ်းဝင်လှပတော့မည်။
ယခုညအဖိုလည်း ခါတိုင်းညများကဲ့သို့ ပင်လယ် ရေမှာ မှုန်၍ ကောင်းဆဲပင်ဖြစ်ရာ ကျိန်းသေ ငါးအမိ များပေလိမ့်ဦးမည်။
သည်မှောင်သည် သူတို့ပိုက်သမားများ ပထမဆုံး ပင်လယ်စခန်းထွက်သော မှောင်ဖြစ်သလို ကံကောင်းသော မှောင်လည်း ဖြစ်ပေသည်။
လွန်ခဲ့သော သီတင်းကျွတ်လ မှောင်တုန်းကဆိုလျှင် ပင်လယ်၌ မိုးရိပ်မိုးသားများ မကင်းတတ်သေးသည့်ပြင် ရာသီလေကလည်း မမှန်သေးသဖြင့် ပင်လယ်စခန်း မထွက်ရဲကြသေးချေ။ ကမ်းနှင့် နီးစပ်ရာများ၌သာ မပို့မစို့ ငါးဖမ်းငါးရှာ နေခဲ့ကြရ၏။
ယခုတော့ အနောက်တောင် ရာသီလေမှာ အတက်မှန်ပြီး မိုးရိပ်မိုးသားများလည်း ကင်းရှင်းခဲ့ပြီးဖြစ်ရာ ရေနက်ပိုင်းသို့ ပထမဆုံးအကြိမ် ပင်လယ်စခန်း ထွက်ခဲ့ကြခြင်း ဖြစ်ပေသည်။
ပင်လယ်စခန်း ထွက်ခြင်းဆိုသည်မှာ စင်စစ် မလွယ်လှ။ တပတ်စာပိုပို တပတ်စာခန့် ဆန်၊ ရေ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစ ဆေးဝါးအဆုံး အလုံအလောက်ယူကာ ကမ်းပြန်မဝင်တော့ဘဲ ပင်လယ်ထဲ၌ပင် ချက်ပြုတ်စားသောက်ကြရသည်။
ပိုက်မျှော၍ ဖမ်းမိသမျှ ငါးတို့ကိုလည်း လှေပေါ်၌ပင် ခွဲခြမ်း ဆားသိပ်ကာ ထားရပြီး ကမ်းဝင်တော့မှ အခြောက်လှန်းရမည် ဖြစ်ပေသည်။
ထိုသို့ ပင်လယ်စခန်းထွက်ရခြင်းမှာ ကမ်းနီးသော ရေတိမ်ပိုင်းတွင် ငါးအမိနည်းပါးပြီး ရေနက်လေ ငါးပိုမိလေဖြစ်ရာ ထိုရေနက်ပိုင်း ငါးမိရာသို့အရောက် ညနေထွက် နံနက်ပြန်ဝင်ရန် မဖြစ်နိုင်တော့ရကား သည်စံနစ်ကို သုံးရခြင်း ဖြစ်တော့သည်။
ထို့ပြင် သူတို့အသုံးပြုသော နိုင်လွန်ပိုက်များမှာ ရေစိုခံပြီး လှေထဲတွင် မည်မျှကြာကြာ ပုံထားသည် ဖြစ်စေ ဆွေးခြင်း ရိခြင်း လုံးဝကင်းသော ရေစိမ်ခံ
ပိုက်မျိုးပင် မဟုတ်ပါလား။
ဦးမိုးကောင်းသည် လှေကိုမှီကာ ဆေးအိုးကို ဖွာရှိုက်ရင်း တောင်ဘက် မိုးကောင်းကင်သို့ ရည်ရွယ်ချက်မဲ့စွာ ငေးမောကြည့်ရှုလျက် ရှိနေပေသည်။
ကျော်ထွေးနှင့် ချစ်သန်းတို့မှာမူ အသက်အရွယ် ပျို ရွယ်တုန်းဖြစ်သည့်အတိုင်း ရှစ်နာရီသာသာ ပိုက်မျှော ပိုက်ချပြီးကတည်းကပင် အသီးသီး မိမိအိပ်စင်“ကန့်” များပေါ်တွင် လဲလျောင်းသွားခဲ့ကြလေပြီ။
ဒီကျဒီပြန်ချိန်မှသာ ပိုက်ဖေါ်ကြရမည်ဖြစ်ရာ သူတို့သည် တရေး ကောင်းကောင်းတော့ အိပ်ကြရမည် ဖြစ်ပေသည်။ ခုမှ ဒီတက်ချိန်ရှိသေးသည် မဟုတ်ပါလား။
ဦးမိုးကောင်းမှာမူကား အသက်အရွယ်ကလည်း ၅၅-နှစ်ကျော်ခဲ့ပြီဖြစ်ရာ ကျန်းမာရေးကလည်း ယခင် တုန်းကလောက် မကောင်းတော့ချေ။ အအိပ်အနေ နည်းပါးပြီး အစားအသောက်လည်း လျော့ပါးလာခဲ့ပေပြီ။ အသက်က စကားပြောခြင်းပင်။
သို့ဖြစ်ရာ လွန်ခဲ့သော ၂-နှစ်၊ သူ့ အသက် ၅၃ နှစ်ထဲဝင်စကပင် သည်အလုပ်ကို မလုပ်တော့ပါဘူးဟု ဖြတ်ထားခဲ့ဘူးသည်။ အကုသိုလ် ဒုစရိုက်မှုများကို ရှောင်ရှားပြီး ဘဝကူးကောင်းမည့် တရားဘာဝနာ များနှင့်သာ ပျော်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
သိုသော် လူဆိုသည်မှာ ဖြစ်ချင်တိုင်းလည်း မဖြစ် ရပါ ဆိုသည့်အတိုင်း ဦးမိုးကောင်း၏ ရည်ရွယ်ချက် မှာ အောင်မြင်ထမြောက်ခြင်း မရှိသည်သာမက တသက်ပြန်မလှည့်တော့ပါဘူးဆိုသော ပိုက်အလုပ် ကို တဖန်ပြန်၍ စခဲ့ရပြန်သည်။
ဤသို့ မမြော်လင့်ဘဲ လမ်းဟောင်းကို ပြန်လျှောက်ခဲ့ရသည်မှာလည်း သူ့သား အောင်ကျော်ထွန်း ဓားခုတ်ခံရပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းမှာ အကြောင်းတရား ဖြစ်ချေတော့သည်။
(၂)
“အရက်မူးတော့ ခေါင်းမှာချာချာလယ် … ဝေါ့”
“ဝေ လေ လေ … နိပ်ဟ”
“ကလိုက်စမ်းဘသား၊ ကွေးလိုက်စမ်းဘသား … ထွီ”
“နတ်စည်းစိမ် ဆယ်သက်-မမက်ဖူး ခင်ရေ”
“ဝေ ဟေ ဟေ”
အချိန်မှာ ညဆယ်နာရီကျော်ခဲ့ပေပြီ။ ကလေးများ အိပ်မောကျကာ လူကြီးများပင် ခေါင်းချခဲ့ပေပြီ။ နတ်ကန်တရွာလုံး တိတ်ဆိတ်ပြီး အိမ်မီးများလည်း ငြိမ်းသတ်ကုန်ကြတော့၏။
ရာသီမှာ တပေါင်းလရာသီဖြစ်ပြီး ပိုက်သမားများ နောက်ဆုံး ပိုက်သိမ်းပိုက်တင်ချိန် ဖြစ်လေသည်။
မိုးရာသီတွင်မူ မုတ်သုန်ထန်ချိန်ဖြစ်ရာ ပိုက်သမားများ ပင်လယ်မထွက်နိုင်ကြတော့ချေ။ ထိုအချိန်သည် အားလပ်ချိန်ဖြစ်သဖြင့် ပိုက်များကို ဖါထေးပြုပြင်ချိန်ပင် ဖြစ်လေသည်။
ယခု နောက်ဆုံးပိုက်သိမ်းချိန်တွင် ပိုက်သမားများ ငွေလည်း လက်ထဲရွှင်ခိုက် အုပ်လည်းမကွဲမီ တနွေ လုံး အပျော်အပါးနှင့် ကင်းခဲ့သမျှ အစွမ်းကုန် အတိုး ချကာ ပျော်ပါးနေကြခြင်း ဖြစ်တော့သည်။
နေ့လယ်ကပင် ပိုက်သမားအချင်းချင်း စုဝေးကြပြီး အုန်းကျွန်းသို့ဆင်းကာ ဝက်ဝယ်သူက ဝယ်သည်။ ခရိုင်သို့ကူးပြီး ဓနိရည်ထမ်းသူက ထမ်းလာခဲ့ကြသည်။
ညနေ ၃-နာရီခန့်ကပင် ဝက်ကိုသတ်ပြီး ချက်ကာ ဓနိရည်နှင့် ပျော်ပွဲစားနေခဲ့ကြသည်မှာ ယခုတိုင် မစဲသေးပေ။
ဦးမိုးကောင်းသည် နွေရာသီ၏ ညဖြစ်သည့်အတိုင်း
အိုက်စပ်စပ်ရှိသည်က တကြောင်း၊ သားဖြစ်သူ အောင်ကျော်ထွန်း ယခုတိုင် ပြန်မရောက်သေးသည် က တတန်တို့ကြောင့် အိပ်စက်၍ မပျော်နိုင်ခဲ့ချေ။
အိမ်ဦးခန်းတွင် သားအပြန်ကို စောင့်ရင်း လေသလပ်ခံကာ ဆေးအိုးကိုဖွာရှိုက်ပြီး တစောင်းလဲလျက် ရှိနေပေသည်။
အိမ်ခန်းထဲ၌မူ ချွေးမဖြစ်သူနှင့် မြေးကလေးတို့မှာ အသံဗလံများဆိတ်ပြီး အိပ်မောကျနေချေပြီ။
“နတ်စည်းစိမ်ဆယ်သက် မမက်ဘူးခင်ရေ”
“ဝေ… ဟေ… ဟေ”
“ဝေါ့”
အထက်ပါ အသံဗလံများကို လေသင့်တိုင်း ဦးမိုး ကောင်း တချက်တချက် ကြားနေရပေသည်။ သည် ဝိုင်းတွင် သူ့သား အောင်ကျော်ထွန်းလည်း ပိုက်သမားမို့ အများနည်းတူ ပါနေပေသည်။ သည်လို သူ့သား ပါဝင်နေသည့်အတွက် သူ တစက်မှ စိတ်မကောင်း။
အသောက်အစား အမူးအယစ်ဆိုသည်မှာ လူကို ဘယ်တော့မှ ကောင်းကျိုးမပေးသည်ဖြစ်ရာ သူ့ သား အောင်ကျော်ထွန်းအား တားလိုလှပေသည်။ သို့သော် အများမိုးခါးရေသောက်၍မှ သူ့သား မသောက်လျှင် “မိန်းမကြောက် … လူအ”” စသည်ဖြင့် အတင်းအဖျင်း ပြောခံရမည့်ပြင် ဝိုင်းပယ်၍လည်း ထားလိုက်ကြဦးမည်။
သို့ဖြစ်ရာ သူ သည်အတိုင်း ကြည့်နေရုံမှအပ ဘာမျှမတတ်နိုင်ခဲ့ချေ။
“အသောက်များတော့ အမှားပါတတ်သကွဲ့ ။ သောက်တယ် မူးတယ်ဆိုတာ ရူးတာနဲ့ ဘာမှမထူး ဘူး။ သတိထားပီး ဆင်ခြင်ကြကွယ်”
သို့သော် သူသည် အခွင့်သာတိုင်း အထက်ပါအတိုင်း သားဖြစ်သူအား ဆုံးမသွန်သင်လေ့ ရှိပေသည်။
“အဖေကလဲ … အမြဲသောက်နေတာမှ မဟုတ်တာ။ တခါတရံ အများနဲ့မို့ အပျော်သဘောပါ အဖေရယ်။ ငြင်းလို့ မကောင်းဘူး”
ဟုတ်တော့လည်း ဟုတ်ပေသည်။ လုပ်ဖော်ကိုင် ဘက်ချင်း တခါတရံ အပျော်သဘောမို့ ငြင်း၍ လည်း မကောင်းလှချေ။ ထို့ပြင် သူတိုအချင်းချင်း သောက်စားပျော်ပါးကြသည်မှာ ခိုက်ရန်ဒေါသလည်း ကင်းသည့်ပြင် အချင်းချင်း ညီညွတ်သော သဘောလည်း ရှိပေသည်။
“အေးပေါ့ကွယ် … ဒါပေမယ့် သတိဆိုတာ ထားမှ၊ ကြိမ်ဖန်များတော့ အမှားပါတတ်တယ်”
မည်သိုပင်ဆိုစေ သူ့ မိန်းမ မညံ သာ ရှိခဲ့လျှင်တော့ သူ့သား အောင်ကျော်ထွန်းအား ဘယ်လို ဆင်ခြေခံခံရမည်ကား မဟုတ်ပေ။ မညံသည် တစူးထိုး ဇွတ်သမား။ ပြီးတော့ အသောက်အစား အမူးအယစ်ဆိုလျှင် သူ လုံးဝ မလိုလား၊ ခွင့်မပြုနိုင်သူတည်း။
သောက်ရာစားရာ အပေါင်းအဖေါ် များကြားထဲ အတင်းဝင်ပြီး မရမက သူ့သားအား ဆွဲခေါ်လာမည်သာ ဖြစ်ပေသည်။ ခုတော့ မညံလည်း မရှိတော့ပေရာ အောင်ကျော်ထွန်းအား သူ့ မိန်းမ မသွယ်လည်း မလွှမ်းမိုးနိုင်သည့်ပြင် ဦးမိုးကောင်း သတိပေးစကား ဆိုရုံကလွဲ၍ ဘာမျှ မတတ်နိုင်တော့ချေ။
“ဦးကြီး … ဦးကြီးမိုးကောင်း”
ဦးမိုးကောင်း အတွေးလွန်နေခိုက် ခြံတံခါးဝမှ ရုတ်တရက် ခေါ်သံကြားလိုက်ရသည်။
“ဘယ်သူလဲကွ၊ ဘာဖြစ်တာလဲ … အချိန်မတော်”
ဦးမိုးကောင်း အိပ်ရာမှ ထထိုင်ရင်း လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
“ကျနော်လေ…. ချစ်သန်းလေ”
“ဟေ… မင်း ဘာဖြစ်လာတာလဲ””
“ကျနော် ဘာမှမဖြစ်ပါဘူး။ ကိုအောင်ကျော်ထွန်းရယ်……. ဓားခုတ်ခံရလို့ ”
“ဟေ… ဟုတ်လား”
ဦးမိုးကောင်း ရင်ထဲတွင် ဒိန်းကနဲ လာဆောင့်ပြီး ဒေါသမီးမှာ ဟုန်းကနဲ ထတောက်တော့၏။
“ဘယ်ကောင်လဲကွ ငါ့သားခုတ်တာ။ ဒင်းကို ငါမထားဘူး။ မိုးကောင်းတဲ့ကွ … တွေ့မယ် … ခုတွေ့မယ်”
ဦးမိုးကောင်းသည် ခေါင်းရင်းတိုင်တွင် လိုလိုမယ် မယ် ထောင်ထားသော ငါးခွဲဓားမျှောင်ကြီးကို ဆွဲ ကာ အိမ်ပေါ်မှ လွှားကနဲ ခုန်ဆင်းပြီး ပိုက်ဆိပ်သို့ တန်း၍ ပြေးတော့သည်။
“ဘယ်ကောင်လဲကွ ငါ့သားခုတ်တာ။ ခုထွက်ကွ … တွေ့မယ်”
“ဦးကြီး… ဦးကြီး၊ လွန်မယ် … လွန်မယ်၊ သတိထား”
ချစ်သန်းသည် ဦးမိုးကောင်းအား လိုက်ဖမ်းသော် လည်း မမိလိုက်တော့ချေ။
“ဦးကြီးမိုးကောင်း ဓားကြီးနဲ့ ပြေးလာလေရဲ့ ၊ ဝိုင်းဖမ်းကြ … ဝိုင်းဖမ်းကြ”
ချစ်သန်းသည် ဦးမိုးကောင်းနောက်မှ တအော်တည်းအော်ကာ ပြေးလိုက်လေတော့၏။
ချစ်သန်း ပိုက်ဆိပ်ရောက်သောအခါ၌ကား ပိုက်သမားများ ဦးမိုးကောင်းကို ဝိုင်း၍ ဖမ်းဆီးပြီး ဓား ကြီးကိုလည်း လုယူထားနှင့်ပြီ။
တရားခံ ညိုအေးကြီးလည်း အဝေးသို့ ရှောင်နှင့် နေ နေပြီးချေပြီ။
အောင်ကျော်ထွန်းမှာမူကား မရှုမလှ ပိုက်ဆိပ် ဇရပ်ပေါ် တွင် လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာကြီးဖြင့် အသက်ပျောက်နေချေတော့သည်။
“ဖြစ်မှ ဖြစ်ရလေ သားရယ်”
အောင်ကျော်ထွန်း ဓားခုတ်ခံရသည့်အကြောင်းရင်းကို သိရသောအခါ၌ကား ဦးမိုးကောင်းမှာ ပို၍ ရင်နာရသည်။
အောင်ကျော်ထွန်း ဓားခုတ်ခံရသည်မှာ ဘာမဟုတ်သော ကိစ္စနှင့်ပင် ဖြစ်သည်။ ထန်းရည်မူး ကျွဲခိုးပေါ်ဆိုသည့်အတိုင်း ကာလသားဘဝတုန်းက ကိုညိုအေးကြီး အပေါင်းအဖော် ကာလသားတသိုက်နှင့် အောင်ကျော်ထွန်း၏ တိုက်ကြက်ဖကြီးအား တည ခိုးချက်စားကြသည်ဆို၏။
ထိုအကြောင်းကို အောင်ကျော်ထွန်းက အမူးလွန်နေပြီဖြစ်သော ကိုညိုအေးအား ပြောင်ကာလှောင်ကာ စလိုက်မိပေရာ အများရှေ့တွင် ယခုလို အရှက်ခွဲရပါမည်လားဆိုပြီး စကားများကြရာမှ ကိုညိုအေးကြီးသည် ဒေါသထွက်ကာ ဝက်ခုတ်သော ဓားမကြီးဖြင့် တချက်တည်း မမြှော်လင့်ဘဲ ရုတ်တရက် ထခုတ်ချလိုက်သည်ဟု ဆိုသည်။
မည်သူမျှ ဆွဲချိန် ဖမ်းချိန် မရလိုက်ခဲ့။ အောင် ကျော်ထွန်းမှာမူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
အမှန်စင်စစ်တော့မူ မူး၍ မှားခြင်းသာ ဖြစ်ပြီး ကိုညိုအေးကြီးသည် သူ့အမှားကိုသူ နောင်တရကာ အဖမ်းခံခဲ့သည့်ပြင် ဦးမိုးကောင်းအားလည်း အကြိမ်ကြိမ် တောင်းပန်ကန်တော့ခဲ့သေးသည်။
(၃)
အောင်ကျော်ထွန်း ကွယ်လွန်ပြီးနောက် ဦးမိုးကောင်းသည် သူမလုပ်တော့ပါဘူးဟု ဆုံးဖြတ်ထားသော ပိုက်အလုပ်ကို ပြန်၍ စရပြန်တော့၏။ သူသာ သည်အလုပ်ကို ပြန်မလုပ်တော့ဟု “ဘူး”ခံနေမည်ဆိုလျှင် အရွယ်မရောက်သေးသော သူ့မြေး ထွန်းလှနှင့် အောင်လှတို့၏ ဘဝမှာ တွေးဝံ့စရာပင် မရှိချေ။
ယခုမှ သူတို့အသက်မှာ ၁၀-နှစ်နှင့် ၈-နှစ်။ မူလတန်းကျောင်းသားကလေးများဖြစ်ရာ ဘယ်နည်း နှင့်မှ လူမွေးလူတောင် ပြောင်စရာမမြင်။
သူ့ချွေးမ မသွယ်မှာလည်း ဆွေမဲ့မျိုးမဲ့ တကောင်ကြွက်ဖြစ်ရာ သူ့မှတပါး အားကိုးရာမရှိ။
မိန်းမသားတဦးအနေဖြင့် တောကြီးမျက်မဲတွင် လမ်းပျောက်သူပမာ ရှိတော့၏။ သို့ဖြစ်ရာ သူသည် အကြောင်းကြောင်းကို ထောက်ထား၍ နှစ်ပေါင်း ၃၀-ခန့် လုပ်ခဲ့ဘူးပြီး ယခု မလုပ်တော့ပါဘူးဟု ဆုံးဖြတ်ထားသော ပိုက်အလုပ် ပြန်လုပ်ရန် ဆုံးဖြတ်လိုက်၏။
လူဆိုသည်မှာ အရေးကြုံလျှင် သက်လုံကောင်းအောင် ကြိုးစားရမြဲဖြစ်ရာ မိမိ တကိုယ်ကောင်း တရားဓမ္မနှင့် ပျော်မွေ့ရန်မှာလည်း အခွင့်မသာတော့ချေ။
ထို့ပြင် အောင်ကျော်ထွန်း ကွယ်လွန်ပြီးနောက် သူ့ပိုက်လုပ်ငန်းမှာလည်း တိုးလိုတန်းလန်း ကျန်ရှိနေ သေးပေရာ ဦးမိုးကောင်းအဖို့ အဆင်တပြေ ဆက် လုပ်ရန်သာ ရှိပြီး အခြားအလုပ်တခု ပြောင်းရန်ဆို သည်မှာ မလွယ်ကူလှချေ။
ပိုက်လုပ်ငန်းမှာ သူကိုယ်တိုင် ကျွမ်းကျင်ပြီးသား ဖြစ်သည့်ပြင် စီးပွားရေးအနေဖြင့်လည်း သူတို့ ဒေသတွင် အပြေလည်ဆုံး လုပ်ငန်းတခုလည်း မဟုတ်ပါလား။
ထို့ပြင် အောင်ကျော်ထွန်း၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော ကျော်ထွေးနှင့် ချစ်သန်းတို့ကလည်း
“ဦးကြီး ဘာမှ စိတ်ကူးမလွဲနဲ့။ ဦးကြီး ဘာမှ မပင်ပန်းရဘူး။ လုပ်စရာ ပင်ပန်းခံစရာရှိတာ ကျနော်တို့ တာဝန်ထား။ ဦးကြီး ခေါင်းဆောင်အဖြစ် လိုက်သာလိုက်ပါ”
ဟု အတန်တန် ခေါ်နေပြန်သဖြင့်
“အေးလကွယ်၊ ဒါဖြင့်လဲ လုပ်ကြတာပေါ့”
ဟု ဝန်ခံခဲ့ရတော့သည်။
ယခုတော့ သူသည် ပိုက်သမားကြီးတဦး ဖြစ်လာခဲ့ပြီး အုန်းတပင်နောက်ဆွယ်တွင် သုံးညမြောက် ပိုက်ချလျက် ရှိနေပေပြီ။
ဦးမိုးကောင်းသည် အိပ်မပျော်တိုင်း နောက်ကြောင်းကို တစိမ့်စိမ့် ပြန်တွေးလျက်ရှိသည်။ ချစ်သန်းနှင့် ကျော်ထွေးတို့မှာမူ အိပ်မောကျလျက် ရှိချေပြီ။
လေမှာ ငြိမ်ချက်သားကောင်းပြီး ယခုတိုင် ဘာ လေမှ တက်မလာသေးပေ။
ဦးမိုးကောင်း အတွေးလွန်နေခိုက် တောင်ဖက် မိုးကောင်းကင်မှ ရုတ်တရက် ဝင်းကနဲ လျှပ်စစ်လက်သည်ကို မြင်တွေလိုက်ရ၏။ဦး
မိုးကောင်းသည် ဆတ်ကနဲ အိပ်နေရာမှ ထထိုင်လိုက်၏။ စိတ်ထဲမှလည်း “တိမ်ခွပ်တာပါလား” ဟူ၍ တွေးလိုက်မိ၏။
တိမ်ခွပ်သည်ဆိုခြင်းမှာ လျှပ်စီးလက်သည်ကို ရခိုင်လို သုံးနှုန်းခေါ်ဝေါ်သော ကျေးလက်စကား ဖြစ်ပါသည်။
ဦးမိုးကောင်းသည် သူ့မျက်စိကို အသေအချာ ပွတ်သပ်ပြီး တိမ်ခွပ်ရာ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သောအခါ ကြက်မတဝပ်သာသာခန့် ရှိသော မိုးရိပ်ခဲကလေးကို ဝိုးတဝါး လှမ်းမြင်ရ။
“ကောင်းကင်တခုလုံး ပြည့်ကြက်နေတဲ့ မိုးသား ထက် ကြက်မတဝပ် မိုးသားက ကြောက်စရာပိုကောင်းတယ်”
ဟုတ်ပေသည်။
သူတို့ ပိုက်သမားဘဝ အတွေအကြုံအရ ယခုလို ကြက်မတဝပ်သာသာခန့်ရှိသော မိုးရိပ်ခဲကလေးကိုတိမ်ခွပ်သည်ဟု ခေါ်သော လျှပ်စီးဖြတ်၍ လက်ခဲ့သော် မကြာမီ ထိုမိုးရိပ်သည် ကောင်းကင်တခုလုံး ဖြန့်ကြက်အုပ်ဆိုင်းသွားတတ်ပြီး ထိုဖက်အရပ်မှ လေထန်ထန် တိုက်ခတ်လာတတ်သည်မှာလည်း မုချမလွဲတည်း။
ဦးမိုးကောင်း ကြည့်နေခိုက်မှာပင် ကြက်မတဝပ်သာသာခန့် ရှိသော မိုးရိပ်ခဲကလေးမှာ တဖြည်းဖြည်း ဖျာတဝန်းခန့် ကျယ်ပြန့်လာကာ အဆက်မပြတ် လျှပ်စီးလည်း လက်မြဲလက်လျက် ရှိနေပေသည်။
“ကျော်ထွေးရေ … ချစ်သန်းရေ၊ မြန်မြန်ထကြစမ်း။ ပိုက်ဖော်ကြ … မြန်မြန်လုပ်”
နဂိုရ်ကပင် သတိနှင့် အိပ်နေကြသော ကျော်ထွေး နှင့် ချစ်သန်းတို့မှာ ဦးမိုးကောင်း နှိုးသံကြားလျှင် ရုတ်တရက် ထထိုင်ကြသည်။
“ဘာလဲ ဦးကြီး … ဒီပြန်ပလား”
ချစ်သန်းသည် အိပ်မှုန်စုံမွှားနှင့် လှမ်း၍မေး၏။
“မဟုတ်ဘူးကွ။ ဟောဟိုမှာ မိုးရိပ်ခဲလေး မြင်တယ် မဟုတ်လား။ အဲဒီ မိုးရိပ်ခဲ့လေးဟာ မကြာခင် ကောင်းကင်တခုလုံး ပြည့်သွားလိမ့်မယ်။ ပီးတော့ အဲဒီ တောင်ဖက်က လေလဲ လာလိမ့်မယ်။ လေမလာခင် ပိုက်ကိုသာ မြန်မြန် လှေပေါ်အရောက် ဆွဲတင် ကြတော့ဟေ့”
“ဟုတ်နိုင်ပါ့မလား ဦးကြီးရဲ့ … ဟုတ်မှလဲလုပ်ပါဗျာ။ ငါးတွေ့တုန်း တချက်မှားရင်တော့..”
အတွေအကြုံ နည်းပါးသော ကျော်ထွေးက မယုံ ကြည်ဟန်ဖြင့် ဆိုသည်။
“ငါပြောရင် မြန်မြန်လုပ်စမ်း။ မင်းတို့ထက် ငါ ထမင်းစား ပိုကြာဘီ”
ဦးမိုးကောင်း စိတ်တိုပြီး တချက်ဟောက်လိုက်တော့မှ ကျော်ထွေးနှင့် ချစ်သန်းတို့မှာ ကပျာကရာ ထပြီး ပိုက်ကို ဆွဲတင်ကြတော့သည်။
“ငါးဖြုတ် မနေကြတော့၊ မြန်မြန်သာ ဆွဲတင်”
ပြောရင်း ဆိုရင်းပင် မိုးသားများမှာ တဖြည်းဖြည်းများ၍များ၍ လာခဲ့၏။ သူတို့ပိုက်အားလုံး လှေ ပေါ်ရောက်ချိန်၌ကား ကောင်းကင်တခုလုံး မိုးရိပ်မိုးသားများဖြင့် ပြည်လျက်ရှိတော့သည်။
ယခင်က တလက်လက်တောက်ပခဲ့သော ကြယ်များမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ချပြီ။ ပင်လယ်ပြင်ကြီးတခုလုံးသည်လည်း ပိန်းပိတ်အောင် မှောင်နေတော့၏။
ခဏကြာသောအခါ တောင်ဘက်အရပ်မှ ရောင်နီ ပေါ်တော့မည့်အလား၊ နီဖျော့ဖျော့အရောင်သန်းပြီး တရှဲရှဲမြည်သံကြီးကို ရုတ်တရက် ကြားလိုက်ရ၏။အသံမှာ ဝေးရာမှ နီး၍ နီး၍ လာခဲ့ချေပြီ။
“ကဲ ရွက်တင်တော့၊ လေလာဘီ။ ရွက်ကြိုးကို သတိ နဲ့ အရှင်ထား”
ဦးမိုးကောင်း စကားမဆုံးမီပင် တောင်လေကြမ်း ကြီးမှာ သူတို့လှေအား ဝှီးကနဲ လာဟပ်တော့၏။
လှေကြီးမှာ နစ်ကနဲ တွေ့လိုက်ရပြီး ပြိုင်မြင်းတကောင်ကဲ့သို့ တဟဲဟဲ ပြေးတော့သည်။
“ရွက်ကြိုး သတိထား။ ဒီထက် လေထန်ရင် ကန့်မရွက်ကြီးဖြုတ်ပီး ဦးရွှက်တဖုံထဲနဲ့ တိုက်မယ်”
ဦးမိုးကောင်းသည် တဖွဖွ သတိပေးစကားများကို ပြောကြားရင်းက ကမ်းသို့ မှန်းဆကာ ပဲ့ကို ကြိုးစားခိုင်းလျက် ရှိနေပေသည်။
ပင်လယ်ပြင်ကြီးတခုလုံးမှာ လှိုင်းများဖြင့် ထမင်း အိုးဆူသကဲ့သို့ ပွက်ထနေပြီး မိုးကလည်း ရွာလိုက် ပြန်သေးရာ မှောင်ထက်မက ပိန်းနေတော့၏။ တချက်တချက် ဝင်ဆောင့်သော လှိုင်းဒဏ်ကြောင့် လှေကြီးမှာ သိမ့်ကနဲ သိမ့်ကနဲ ခါ၍ခါ၍ သွား၏။ လေမှာ တဖြေးဖြေး ပို၍ပို၍ ထန်လာရာ လှိုင်းမှာလည်း ပို၍ပို၍ ကြီးလာတော့၏။
“ကန့်မရွက် ဖြုတ်လိုက်”
ဦးမိုးကောင်း စကားမဆုံးမီပင် လေပုန်းတလုံးသည် ရုတ်တရက် ဝင်ရိုက်လိုက်ရာ “ဖြောင်း”ဆိုသော အသံကြီးနှင့်အတူ ကန့်မရွက်ကြီး တခုလုံးမှာ ရွက်တိုင်ကျိုးပြီး ပင်လယ်ထဲသို့ ထိုးကျသွားခဲ့တော့၏။
လှေကြီးမှာလည်း တဖက်နံသို့ စောင်းကာ နစ်တော့မည် အခြေအနေသို့ ဆိုက်ရောက်နေတော့၏။
“ရွက်ကြိုးကို ဓားနဲ့ မြန်မြန်ခုတ်ချလိုက် … မြန်မြန်”
ချစ်သန်းသည် ဦးမိုးကောင်းညွှန်ကြားချက်အတိုင်း ဓားကိုဆွဲကာ ရွက်ကြိုးကို တိကနဲ ဖြတ်ချလိုက်တော့၏။
တရာကျော်တန်သော ဇင်ကြမ်းရွက်ထည်ကြီးမှာ ပင် လယ်ထဲ၌ ကျန်ရစ်ခဲ့တော့သည်။
“ချစ်သန်းက ရွက်ကို သတိထားကိုင်။ ကျော်ထွေးက ရေပက်၊ ကမ်းနဲ့ နီးတော့မယ်”
ဦးမိုးကောင်း ပြောသည့်အတိုင်း ကျော်ထွေးသည် လှေဝမ်းထဲမှ ရေများကို တဝုန်းဝုန်းခပ်၍ ပက်တော့၏။
ချစ်သန်းမှာမူ ရှေ့သို့ ဂရုတစိုက် ကမ်းမြင်နိုးဖြင့် ရှာဖွေလျက် ရှိပေသည်။
“ဟော… ရှေ့မှာ ငှက်ဆင်တောင်”
ချစ်သန်း ရုတ်တရက် ဝမ်းသာအားရ အော်လိုက် သည်။ လျှပ်စီးအလက်တွင် ရုတ်တရက် သူမြင်တွေ့လိုက်ရသည်မှာ အမှန်ပင် ငှက်ဆင်တောင် ဖြစ်နေ တော့သည်။
ယခင်က တနေ့လုံးလုံး လာရသော ခရီးကို ယခု သူ တို့ တနာရီခန့်နှင့် ရောက်လာခဲ့ပြီတကား။
“ကဲ…. မကြောက်ကြနဲ့တော့ဟေ့ … ရောက်ပြီ”
ဦးမိုးကောင်း လှေကြီးကို ငှက်ဆင်တောင်အား အနီးကပ် ချိုးကွေ့ ပတ်ဝင်လိုက်ချိန်တွင် လေမှာ တောင် ကွယ်၍ သိသိသာသာ အားပျော့သွားတော့သည်။
သည်တော့မှ ချစ်သန်းနှင့် ကျော်ထွေးတို့မှာ သေ ဘေးမှ သီသီလေး လွတ်ခဲ့သူများပီပီ သက်မကြီးကို
“ဟင်း”ကနဲ ပြိုင်တူ ချနိုင်ကြတော့၏။
ဦးမိုးကောင်းမှာမူကား သည်လို အတွေအကြုံမျိုး ကို ကြိမ်ဖန်များစွာ တွေကြုံခဲ့ဘူးသူပီပီ ဘာမျှ မထူး ခြား မတုန်လှုပ်ဟန်ဖြင့် ဆေးအိုးကို ဆေးဖြည့်ပြီး မီးညှိကာ တဖွာပြီးတဖွာ အားရပါးရ ဖွာရှိုက်နေတော့သတည်း။
ငွေတာရီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၇၃
– ပြီး –
စာရေးသူ – အောင်သာဆန်း(သံတွဲ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized