မိုး(သရက်)
ပင်လယ်မျောက်ဖမ်းပွဲ
ကျွန်တော်တို့ တပ်စိတ် ခလရ (၁၇) မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြဲရွာသို့ ရောက်ရှိသည်မှာ တစ်ပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။
ထိုတစ်ပတ်အတွင်းတွင် သုံးရက်မြောက်နေ့က တောပစ်ထွက်ကြရင်း ချေလှောင်နှင့် ချေလက်ဝက်ကား(ခေါ်) တစ်ပင်တိုင်တို့ကို တွေ့ခဲ့ရ၍ သေနတ် ဖြင့် ပစ်ခတ်မရဘဲ လက်မှိုင်ချပြန်ခဲ့ကြရသည်။
ထို့နောက် အောက်စက်တော်ရာ တောင်ပေါ်တွင် သီတင်းသုံးနေတော်မူသော ဘရသေ့ကြီးက ထူးဆန်းသော အဆောင်ပစ္စည်း ပေးခဲ့ရာတွင်လည်း ကျွန်တော်တို့ အစမ်းလွန်မှုကြောင့် မူလပိုင်ရှင်ဘရသေ့ထံ ပြန်ရောက်သွားခဲ့ရသည်။
ထို့ကြောင့် ကျွန်တော်တို့ ဒီတစ်ခါ တောပစ်ထွက်တော့ ကုန်းပေါ်ကို စိတ်မပါကြတော့ပေ။ ရေထဲသို့ ခြေဦးလှည့်ခဲ့ကြသည်။
အကြောင်းတိုက်ဆိုင်စွာပင် မြိတ်မြို့မှ ကုန်သည်တစ်ဦးက ဖျံသိုလိုချင်၍ မှာသည်ဟု သတင်းကလည်း ကြားခဲ့ရသည်။ ဖျံသိုတစ်ခုလျှင် ၁၅ဝဝ ပေးမည်ဟုလည်း ကြားရသည်။ ထို့ ကြောင့် ဖျံသိုရပါက ကျွန်တော်တို့ ဖျံပစ်လည်းထွက်ရာရောက်၍ ဈေး
သုံးလည်းရမည် ဖြစ်သဖြင့် ဖျံပစ် ထွက်ရေးကို အားလုံး သဘောတူခဲ့ကြ သည်။
ဒီတစ်ခါ ဖျံပစ်ထွက်ရာတွင် လူများများ ပါလာ၏။
ကျွန်တော် အပါအဝင် ဒုတပ်ကြပ် ဆရာဘသောင်း၊ ရဲဘော်သန်းလွင်၊ ရဲဘော်လှထွန်း၊ ရဲဘော်ရန်အောင်၊ ဒေသခံမုဆိုးတစ်ဦးနှင့် ပဲ့ထောင်မောင်းသမားတစ်ဦး စုစုပေါင်း (၇)ယောက် ဖြစ်ပါ၏။
ကျွန်တော်တို့ စီးနင်းလာသော စက်လှေမှာ ပင်လယ်လှိုင်းအိအိတို့ပေါ် တွင် တရိပ်ရိပ် ပြေးနေပါသည်။
ကျွန်တော်တို့ စက်လှေ ဦးတည်သည်က ပင်လယ်ပြင်အတွင်းသို့ မဟုတ်ပါပေ။
ပင်လယ်ကမ်းစပ် ဒီရေအတက်အကျရှိသော ချောင်းကြိုမြောင်းကြားများသို့ ဖြစ်၏။ ထိုချောင်းကြိုမြောင်းကြားများသို့ ပင်လယ်ပြင်ဘက်မှ ဖျံများ အအုပ်အသင်းလိုက် လာတတ်သည်ကို ဒေသခံမုဆိုးက သိပေသည်။
ထို့ကြောင့် ၎င်း ဦးဆောင်မှုဖြင့် ကျွန်တော်တို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ပထမချောင်းတစ်ခုအတွင်းသို့ ဝင်ကြည့်ကြ၏။ ဖျံများကို မတွေ့ရပေ။ စက်လှေဖြင့် ပြန်ထွက်ခဲ့ကြသည်။
ဒုတိယချောင်းတစ်ခုအတွင်းသို့ ဝင်ခဲ့ကြပြန်သည်။
ဖျံများကို စိုးစဉ်းမျှ မတွေ့ရပါပေ။ ဖျံမပြောနှင့် ငါးပျံတောင် မမြင်ရပါ။
ကျွန်တော်တို့ အတော်ကံခေနေကြပြီလားဟူ၍ပင် ကျွန်တော်တစ်ယောက်တည်း ကျိတ်၍ တွေးလိုက်မိပါသည်။
ထို့နောက် တတိယမြောက် ချောင်း ခပ်ကျယ်ကျယ်တစ်ခုသို့ ထပ်ဝင်ခဲ့ကြပြန်သည်။
ဒီတစ်ခါ စက်လှေကို စက်ရှိန်လျော့၍ ဖြည်းဖြည်းချင်း ဝင်ခိုင်းလိုက်သည်။
ထိုချောင်းမှာ အတော်အတန် ကျယ်ကျယ်ဝန်းဝန်း ရှိပါ၏။ ချောင်းအတွင်းပိုင်း ခပ်လှမ်းလှမ်း ရောက်သည်ထိ ဘာလှုပ်ရှားမှုမှ မတွေ့ရပေ။
ဆက်လက်၍ ဝင်ခဲ့ကြရာမှ ခပ်လှမ်းလှမ်းဆီတွင် လှိုင်းများကို ခွဲ၍ မြားချွန်သဏ္ဌာန်လေးများ တရိပ်ရိပ် ပြေးနေကြသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် ကျွန်တော်တို့ စက်လှေကို ကမ်းစပ်အနားတွင် စက်ရှိန်သပ်ကာ အသာစောင့်နေကြသည်။
သေနတ်များကိုလည်း ပစ်ခတ်ရန် ကျည်အသင့် ထည့်ထားလိုက်ကြ၏။
ဖျံအုပ်မှာ ချောင်းအတွင်းပိုင်းမှ ပင်လယ်ပြင်ဘက်သို့ ပြန်ထွက်လာကြဟန် တူပါသည်။ ကိုးကောင် ဆယ်ကောင်လောက်ရှိမည် ထင်သည်။ ဖျံများ ရေကူးလာကြသည်မှာ ကြည့်၍ပင် ကောင်းသေးသည်။
ဤနေရာတွင် ပန်းချီဆရာတစ်ဦး ဒါမှမဟုတ် ဓာတ်ပုံဆရာတစ်ဦး ရှိမည်ဆိုပါက ယခုလို သဘာဝအလှတရားကို ၎င်းတို့ပညာဖြင့် မှတ်တမ်းတင်မည် ဖြစ်ပေသည်။
ခုတော့ ကျွန်တော်တို့က မုဆိုးများပါပေ။ သဘာဝ အလှတရားကို ခံစားမိကြမည့်သူ တစ်ယောက်မျှ ပါ မည်မထင်ပါ။
အားလုံး သေနတ်တပြင်ပြင်ဖြင့်သာ ဖြစ်နေကြပါ၏။
ကျွန်တော်လည်း အများနည်းတူ ကျွန်တော်၏ (BA-63) ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်ခတ်ရန် အသင့်ချိန်ထားလိုက်ပါ၏။
ဖျံများကို ဘေးတိုက်အနေအထားမှ ပစ်ကြမှာဖြစ်ပါသည်။ ဖျံအုပ်နှင့် ကျွန်တော်တို့မှာ တစ်စတစ်စ နီးကပ်လာပေသည်။ ကျွန်တော် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ဖျံများမှာ ရေထဲသို့ ဦးခေါင်းစိုက် ဆင်းလိုက်၊ ရေပေါ်သို့ ခုန်တက်လိုက်ဖြင့် ၎င်းတို့ဘာသာဘာဝအရ ပျော်ရွှင်စွာ ကူးခတ်လာနေကြသည်။ သူတို့၏ မရဏဘေးကို သိရှိပုံ မရပါပေ။
ပစ်မှတ်အကွာအဝေး အနေတော်သို့ ရောက်သောအခါ ကျွန်တော်၏ နှုတ်မှ မတိုးမကျယ် “ပစ်” ဟု တိုင်မင်ခေါ်ပေးလိုက်၏။ ထိုအခါ
‘ဒိုင်း’
‘ဒိုင်း’
ဟူသော သေနတ်သံများ ဆူညံသွားတော့သည်။
စောစောက ပျော်ရွှင်စွာ ကူးခတ်နေသော ဖျံတစ်အုပ်မှာလည်း ရေပေါ် တွင် အဖွေးသား ပေါ်နေပါတော့သည်။
ကျွန်တော်တို့ စက်လှေဖြင့် တစ်ကောင်ချင်း လိုက်ဆယ်ကြပါသည်။ ဆွဲတင်၍ ပထမတစ်ကောင် ကြည့်လိုက်သောအခါ ဖျံမ ဖြစ်နေပါသည်။ နောက်တစ်ကောင် ဆွဲတင်ပြန်သည်။
ဟော ဖျံမ ပါပင်။
နောက်တစ်ကောင် ဆွဲတင်ပြန်တော့လည်း ဖျံမပဲ ဖြစ်နေပြန်သည်။ ကျွန်တော်တို့ တော်တော်များများ ဆွဲတင်လိုက်ကြသည်။
အားလုံးအကုန်ဆွဲတင်၍ နောက်ဆုံး နှစ်ကောင် သုံးကောင် ကျန်တော့မှ ဖျံထီးကြီးတစ်ကောင်ကို တွေ့ရသည်။ ကျန်တာအားလုံး အမချည်း ဖြစ်ပါသည်။
ထို့ကြောင့် ဖျံသိုများများလိုချင်သော ကျွန်တော်တို့အတွက် တွက်ချေမကိုက်ပါတော့ချေ။
ဖျံထီးများများပါမှ ဖျံသိုများများ ရပေမည်။ ခုတော့ ခဲလေသမျှမှာ သဲရေကျ ဖြစ်ရသည်။
ဖျံတစ်အုပ်မှာလည်း ဖျံထီးတစ်ကောင်သာ ပါတတ်သည်ဟု ကျွန်တော်တို့ မသိခဲ့ကြပါပေ။
ကျွန်တော်တို့က ကုန်းမုဆိုးပေကိုး။
ထို့ကြောင့် စက်လှေကို ပြန်လှည့်ခဲ့ကြသည်။
အပြန်တွင် ပထမဝင်ခဲ့သော ချောင်းကို ရောက်တော့ ချောင်းကမ်းပါးသစ်ပင်များပေါ်တွင် မျောက်တစ်အုပ်ကို တွေ့ရသည်။
ထို့ကြောင့် ကျွန်တော်က စက်လှေသမားကို ရပ်ခိုင်း၍ အနီးကပ်ရှိနေ သော မျောက်ကြီးတစ်ကောင်ကို ချိန်၍ ပစ်ချလိုက်ပါ၏။
“ဒိုင်း”
ကျွန်တော်၏ (BA-63) ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်ကျည်ဆံမှာ မျောက်ကြီး၏ ညာဘက်ရင်အုံကို ထိမှန်သွားပေသည်။
သို့သော် မျောက်ကြီးမှာ အောက်သို့ ပြုတ်ကျမလာဘဲ သစ်ကိုင်းတစ်ခုကို ပင့်ကိုင်ရင်း ကျန်လက်တစ်ဘက်ဖြင့် သစ်ပင်မှ သစ်ရွက်တို့ကို ခူး၍ သေနတ်ဒဏ်ရာကို ဖိကာ တခြားသစ်ပင်သို့ ခုန်ကူးထွက်ပြေးသွားတော့သည်။
ထိုမျောက်ထွက်ပြေးတာ မြင်သည်ရော စောစောက ကျွန်တော်ပစ်သော သေနတ်သံကြောင့်ပါ တခြား မျောက်များလည်း ထွက်ပြေးသွားကြသည်မှာ တစ်ကောင်မှ မကျန်တော့ပေ။
ကျွန်တော်တို့အားလုံး အံ့အားတသင့်ဖြင့် သစ်ပင်ပေါ်ကို မော့ကြည့်ကာ ပါးစပ်များဟနေကြသည်။ ထိုအချင်းအရာကို ကြည့်ပြီး ဒေသခံမုဆိုးမှ ရယ်ပါတော့သည်။
ကျွန်တော်တို့ ဖြစ်ပျက်နေသည်ကို ကြည့်ပြီး ရယ်နေသောကြောင့် ကျွန်တော်တို့မှာ ထပ်မံ၍ အူကြောင်ကြောင် ဖြစ်သွားကြပါသည်။ ထို့ကြောင့် မနေနိုင်သော ကျွန်တော်က
“ညီလေးက ဘာရယ်တာလဲကွ”
“ဘာမှမဟုတ်ပါဘူး ဆရာ၊ ဆရာတို့ မျောက်သားစားချင်လို့လား”
ကျွန်တော်၏ အမေးကို မဖြေဘဲ ဒေသခံမုဆိုးလေးကပင် ပြန်၍ မေးခွန်းထုတ်ပါသည်။
“အေးလေ စားချင်လို့ရယ်တော့ မဟုတ်ပါဘူး။ ကြုံလို့ ပစ်လိုက်တာပါ”
“တကယ် ဆရာတို့ မျောက်သားစားချင်ရင် သေနတ်တစ်ချက်တောင် မပစ်ရဘဲ ရပါတယ် ဆရာ”
ဟု ဆိုသောအခါ ကျွန်တော်တို့ အံ့ဩသွားကြသည်။ မျောက်များကို သေနတ်နဲ့ မပစ်ဘဲ ဘယ်လိုရနိုင်မှာ လဲ။
လိုက်ဖမ်းဖို့လား။
ဒါတော့ မဖြစ်နိုင်ပေ။ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူး၍ လျင်မြန်စွာ ပြေးလွှားနေသော မျောက်များကို လိုက်ဖမ်းဖို့ဆိုသည်မှာ မိမိတို့ကိုယ်တိုင်ပင် အတောင်ပေါက်၍ ပျံနိုင်ဦးတော့ မိဖို့ မလွယ်ကူပါပေ။
ဒီသူငယ်ဒေသခံမုဆိုးလေး မျောက်များကို မည်သို့ ဖမ်းမည်လဲဟု သိချင်တာကြောင့် ကျွန်တော်တို့ ပင် လယ်မျောက်ဖမ်းပွဲကို လက်ခံလိုက်ကြပြန်ပါသည်။
xxx xxx xxx
နောက်တစ်နေ့၌ ပင်လယ်မျောက်ဖမ်းရန်အတွက် ပင်လယ်ကမ်းစပ်သို့ ထွက်ခဲ့ကြပါသည်။ ဒီတစ်ခါတော့ ကျွန်တော်တို့မှာ သေနတ်များ မပါကြတော့ပေ။ သေနတ်အစား ဝါးရင်းတုတ် အနေတော်များကို ကိုင်ခဲ့ကြ၏။
စထွက်လာကြတုန်းက ကျွန် တော် ဘယ်လိုမှ သဘောမပေါက်ပါ။ ဒီတုတ်ကြီးနဲ့ ဒီမျောက်တွေကို ဆိုပြီး တွေးကာ ဦးနှောက်သာ ချာချာလည်ခဲ့ရပါသည်။
နည်းဗျူဟာကို မေးတော့လည်း ဘသားချောဒေသခံ မုဆိုးလေးက လျှိုထား၏။
“ဆရာ ဟိုရောက်တော့ သိရမှာပါ။ ကျွန်တော်ပြောတဲ့အတိုင်းသာ လုပ်ပါ” တဲ့။
ကျွန်တော်တို့ ပင်လယ်ကမ်းစပ်သို့ တစ်အုပ်တစ်မကြီး ထွက်ခဲ့ကြပါသည်။ တစ်အုပ်တစ်မကြီးဟု ဆိုရာလည်း မနေ့က ဖျံပစ်ထွက်ခဲ့စဉ်ကထက် လူပိုများလာ၍ ဖြစ်ပါ၏။ ထိုသို့ လူများများ ခေါ်ခဲ့ဖို့ကိုလည်း ဒေသခံမုဆိုးလေးက မှာထား၍ ဖြစ်ပါသည်။
ကျွန်တော်တို့ ပင်လယ်ကမ်းစပ်သို့ ရောက်တော့ ဒီရေတက်နေတာနှင့် ကြုံတွေ့ရသည်။
ကမ်းစပ်ရှိ သစ်ပင်များပေါ်၌ကား အကောင်တစ်ရာခန့်ရှိသော မျောက်အုပ်ကို လှမ်းမြင်နေရသည်။
ကျွန်တော်တို့ နေရာနှင့် မျောက်များမှာ အနည်းငယ် အလှမ်းဝေးပါသည်။
ဒေသခံမုဆိုးလေးက ဆက်လက်၍ မသွားခိုင်းတော့ပေ။
အဖွဲ့သားအားလုံး ရပ်စေကာ ဒီရေအကျကို စောင့်ရမည်ဟု ပြောပါသည်။
ကျွန်တော်တို့အားလုံး ကမ်းစပ်နှင့် အနီးဆုံး ကျောက်ဆောင်ကြီးဘေး၌ ကပ်၍ ကိုယ်ဖျောက်ကာ ပုန်းကွယ်နေကြသည်။
ဆေးလိပ်ကြိုက်သူက ဆေးလိပ်ထိုင်သောက်သည်။
အရက်ကြိုက်သူက ပါလာသော အာမီရမ်ကို ထုတ်၍ သောက်သည်။ အချိန်မှာ အနည်းငယ် ကြာ ညောင်းခဲ့ပြီ ဖြစ်ပါသည်။
ဒီရေမှာလည်းစတင်ကျနေပြီဖြစ်၏။ ထိုအချိန်တွင် ကျွန်တော်တို့နှင့် အနည်းငယ် အလှမ်းဝေးသော သစ်ပင်များပေါ်မှ မျောက်များသည်လည်း လှုပ်လှုပ်ရွရွ ဖြစ်နေသည်ကို လှမ်းမြင်နေရပါသည်။
ဒီရေကျခြင်းနှင့် ဤမျောက်များ မည်သို့ သက်ဆိုင်နေသလဲဟု ကျွန်တော် တွေးနေမိပါသည်။
အဘယ်ကြောင့်ဆိုသော် ဒီရေကျမှ မျောက်များ လှုပ်လှုပ်ရွရွ ဖြစ်လာခြင်းကြောင့် ဖြစ်ပါ၏။
အစက မျောက်များကို ရှိနေတာမြင်တွေ့ရသော်လည်း ယခုလောက် လှုပ်ရှားနေကြခြင်း မရှိ၍ ဖြစ်ပါသည်။ ကြည့်နေရင်းနှင့် ဒီရေများ ပြန်လည်၍ ကျသွားသည်။
ထိုအခါ ပင်လယ်ကမ်းစပ်သောင်ပြင်ပေါ်တွင် ထူးခြားသော အရာများစွာကို ကျွန်တော်တို့ မြင်တွေ့ကြပါသည်။
ထိုအရာများမှာ များမြောင်လှသော တွင်းများပင် ဖြစ်သည်။
တွင်းများမှာ ဝိုင်းဝိုင်းမဟုတ်ဘဲ ဘဲဥပုံသဏ္ဌာန်များ ဖြစ်၏။
တွင်းများမှာ အရွယ်အစား အမျိုးမျိုး ရှိပါ၏။
တချို့ကြီးသော တွင်းများမှာ ထမင်းစား တိုက်ပန်းကန်အဝိုင်းထက်ပင် ကြီးမားကြောင်း တွေ့ရသည်။
ဒေသခံ မုဆိုးလေးက ကျွန်တော်တို့ တအံ့တသြ ကြည့်နေသော တွင်းများကို လက်ညှိုးထိုးကာ
“အဲဒါ ပင်လယ်ကဏန်းတွင်းတွေပေါ့ ဆရာ”
ဟု ဆိုလာသောအခါ၌ ကျွန်တော်မှာ ‘ဟေ’ ဟုပင် အံ့ဩသွားပါ၏။
အဘယ်ကြောင့်ဟူမူ ကျွန်တော်တို့ဆီ၌ တွေ့ ဖူးသော ဂဏန်းတွင်းများမှာ နို့ဆီဘူး အဝိုင်းသာသာလောက်သာ အကြီးဆုံး တွေ့မြင်ဖူး၍ ဖြစ်ပါသည်။
ကျွန်တော်တို့ ထိုကဲ့သို တအံ့တသြ ဖြစ်နေကြစဉ်မှာပင် ပို၍ အံ့ဩစရာအဖြစ်အပျက်က ထပ်မံပေါ်ပေါက်လာပြန်သည်။
အကြောင်းမှာ မူလခပ်လှမ်းလှမ်းရှိ သစ်ပင်များပေါ်မှ မျောက်များသည် ထိုကဏန်းတွင်းများရှိရာသို့ တစ်အုပ်ကြီး တဖွဲဖွဲ ဆင်းလာကြသောကြောင့် ဖြစ်ပါသည်။
ဒေသခံမုဆိုးလေးမှ ကျွန်တော်တို့တစ်ဖွဲ့လုံးကို စု၍ ခေါ်လိုက်ပါ၏။ အားလုံး ခေါင်းချင်းဆိုင်လိုက်ကြသည်။
“ကဲ ဆရာတို့အားလုံး ကျွန်တော်ပြောသလို လုပ်ကြပါ။ ခု မျောက်တွေ ကဏန်းတွင်းတွေဆီ ဆင်းလာကြပြီ။ ပြီးရင် ဒီကောင်တွေ သူတို့ရဲ့ အမြီးကို ကဏန်းတွင်းထဲ ထည့်ထားပြီး တွင်းထဲက ကဏန်းက သူတို့ထည့်ထားတဲ့ အမြီးကို ကဏန်းလက်မနဲ့ ညှပ်သည်ထိ စောင့်ကြလိမ့်မယ်။
ပြီးရင် အဲဒီ ညှပ်ထားတဲ့ ကဏန်းလုံးကြီးကို ကုန်း ပေါ်ကိုဆွဲတင်ပြီး ကျောက်ခဲနဲ့ခွဲကာ အတွင်းက ကဏန်းသားနုနုချိုချိုတွေကို နှိုက်စားကြလိမ့်မယ်။
ဒီတော့ ကျွန်တော်တို့က မျောက်တော်တော်များများ သူတို့အမြီးကို ကဏန်းကြီးတွေညှပ်အောင်စောင့်ပြီး မျောက်တွေ ကဏန်းကို ရုန်းနေကြတုန်းမှာ တုတ်တွေနဲ့ ဝိုင်းရိုက်ကြမယ်။
ဒါမှ ဒီကောင်တွေ ထွက်မပြေးနိုင်ကြမှာ။ ကဲ ကျွန် တော်ပြောတာ ရှင်းပြီနော်”
“ရှင်းပါပြီ”
ဟု ပြိုင်တူဖြေမိကြသည်။
“ကဲ ဒါဆိုရင် ကျွန်တော်တို့ မျောက်တွေ တော်တော်များများ ကဏန်းကြီးတွေကို ကုန်းပေါ်ဆွဲတင်ဖို့ ရုန်းနေကြတဲ့အချိန်ကို စောင့်ကြည့်ကြမယ်။ အဲဒီမှာ ကျွန်တော်တစ်ခုမှာချင်တာက မျောက်တွေရိုက်တဲ့အခါမှာ ဦးခေါင်းကို အဓိကထားရိုက်ကြဖို့ပါပဲ”
ဒေသခံမုဆိုးလေးရဲ့ စကားအဆုံးတွင် ကျွန်တော်တို့ အလောသုံးဆယ် မျောက်များရှိရာသို့ လှမ်းကြည့်ဖြစ်ကြသည်။ တချို့ မျောက်များမှာ ကဏန်းတွင်းထဲသို့ သူ့အမြီးကို ထည့်ပြီးနေကြောင်း တွေ့ရသည်။
တချို့မျောက်က ထည့်ပြီးသော အမြီးကို တွင်းထဲက ကဏန်းကြီးက ညှပ်နေသောကြောင့် ဆတ်ခနဲ တွန့် တွန့်သွားကာ မျက်နှာရှုံ့ရှုံ့သွားကြောင်း မြင်နေရသည်။
မျောက်များအားလုံး ကဏန်းတွင်း မတွေ့ကြသေးပေ။
တချို့မျောက်များမှာ သောင်ပြင်ပေါ်၌ ဟိုဒီပြေးလွှားကာ ကဏန်းတွင်း ရှာဖွေနေကြောင်း တွေ့ရသည်။
ကျွန်တော်တို့ အနည်းငယ် စောင့်ဆိုင်းကာ ကြည့်နေကြပါသည်။ တချို့မျောက်များက ကဏန်းတွင်းတစ်ခုတည်းကို မျောက်နှစ်ကောင်လု၍ အမြီးထည့်ကာ ရန်ဖြစ်နေကြသေးပါ၏။
ဪ သူတို့လည်း ကျွန်တော်တို့ လူတွေလိုပင် ဖြစ်ကြောင်း တွေးမိပါသေးသည်။
ထိုခဏ၌ ဒေသမုဆိုးလေးက အသင့်အနေအထား ဖြစ်ဖို့ အချက်ပြပါ၏။ ကျွန်တော်လည်း ကျွန်တော် ကိုင်ထားသည့် ဝါးရင်းတုတ်ကြီးကို ကျစ်ကျစ်ပါအောင် ညာလက်ဖြင့် ဆုပ်ကိုင်ထားမိသည်။
မျောက်များအားလုံးနီးပါး ကဏန်းတွင်း ရသွားကြပြီ ဖြစ်ပါသည်။ ထိုအချိန်မှာပင် ‘ရိုက်’ ဟု ဒေသခံမုဆိုးလေး၏ တိုင်ပင်ပေးလိုက်သံ ထွက်ပေါ်လာသည်နှင့် ကျွန်တော်တို့အားလုံး ‘ဟေး’ ဟု ညာသံပေးကာ မျောက်အုပ်ရှိရာသို့ တဟုန်ထိုး ပြေးထွက်ခဲ့တော့သည်။
တစ်ခဏချင်းပင် မျောက်များ၏ ဦးခေါင်းနှင့် ဝါးရင်းတုတ်ထိသံများ အဆက်မပြတ် ထွက်ပေါ်လာကြ
သည်။
“ဝှီး”
“ဒုတ်”
“ကွိ”
“ခွပ် … ခွပ်”
“ကွိ”
“ကွိ”
“ကျား”
မျောက်များ၏ ထိတ်လန့်တကြား အော်သံ၊ လူတို့၏ အားမာန်သွင်းသည့်အသံများ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်၌ ဆူညံပွက်လောရိုက်နေပါတော့သည်။
ကျွန်တော်ရိုက်လိုက်သော မျောက်ကြီးမှာလည်း ဦးခေါင်းကို ‘ဒုတ်’ ဟု ထိကာ သွေးများ ဖြာကျလာ ပြီး လဲကျသွားပါသည်။
ကျွန်တော်လည်း ဟောတစ်ကောင် ဟောတစ်ကောင်ဖြင့် ဆက်ရိုက်သွားသည်။
တော်တော်တော့ သနားဖို့ရာ ကောင်းပါသည်။
အဘယ်ကြောင့်ဆိုသော် မပြေးနိုင်အောင် ကြိုးတုပ်ရိုက်သကဲ့သို့ပင် မျောက်များမှာ အမြီးကိုလည်း ကဏန်းက ညှပ်ထားသောကြောင့် မပြေးနိုင်၊ ဒီအချိန် ကျွန်တော်တို့ကလည်း ဝင်ရိုက်ပြန်ဆိုတော့ ပြန်လည်းခုခံချိန်ပင် မရရှာတော့ပေ။
ကျွန်တော်တို့အားလုံး၏ ဝါးရင်းတုတ်ရိုက်ချက်အောက်၌ မျောက် တော်တော်များများ အသက်ပျောက်ကုန်ကြတော့သည်။
တချို့မျောက်များက လူတွေ၏ တုတ်ကို ပြန်လုရန် ကြိုးစားကြသော်လည်း လူကြမ်းစိတ်ကြမ်းဖြစ်သော ကျွန်တော်တို့ စစ်သားများ၏ အတိုက်အခိုက်ကောင်းမှုကြောင့် အရာမထင်ဘဲ ကျွန်တော်တို့ တုတ်ရိုက်ချက်များကသာ မျောက်တွေရဲ့ ဦးခေါင်းကို ရိုက်ခွဲနိုင်ခဲ့ကြပါသည်။
ပွဲသိမ်းတော့ ကျွန်တော်တို့အဖွဲ့မှ မျောက် (၂၆) ကောင်ကို အသေရရှိ၍ တစ်ကောင်ကို အရှင်ရလိုက်၏။ ထိုမျောက်အရှင်လေးမှာ မျောက်ပေါက်ကလေးပင် ဖြစ်သည်။
ကျန်မျောက်များမှာ ကဏန်းလုံးကြီးများ အမြီးတွင် တိုးလို့တန်းလန်းဖြင့် တောထဲသို့ ထွက်ပြေးသွားကြသည်။
ကျွန်တော်တို့ ယခုရလိုက်သော မျောက်များကို ဒေသခံမုဆိုးလေးက မျောက်တံငါဟု ခေါ်ကြောင်းသိရပါသည်။
သူပြောသည့်အတိုင်းပင် မျောက်သေတစ်ကောင်၏ဖင်ကို ကျွန်တော်ကြည့်တော့ မည်းနက်ကာ ဂျွတ်တက်နေကြောင်း တွေ့ရသည်။
ကဏန်းတွင်းဝတွင် အထိုင်များ၍ ဖြစ်ဟန်တူသည်။
အမြီးဖျား၌လည်း ဂျွတ်တက်နေပါ၏။ လွန်စွာအံ့ဩစရာကောင်းသော မျောက်တံငါများပါပင်။
ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာဖြင့် မျောက်သေများကို သယ်ဆောင်၍ စခန်းရှိရာသို့ ပြန်ခဲ့ကြသည်။
ကျွန်တော်၏ စစ်သားဘဝ တောပစ်အတွေ့အကြုံမှတ်တမ်းတွင်လည်း သေနတ်တစ်ချက်မျှ မပစ်ဖောက်ရဘဲ သားကောင်ရခဲ့သည့် ‘မျောက်တံငါ’ ဟုခေါ်သော ဤ ပင်လယ်မျောက်ဖမ်းသည့် အတွေ့အကြုံလေးကို ထူးထူးခြားခြား မှတ်တမ်းတင်ရမည် ဖြစ်ပေတော့သည်။
– ပြီး –
စာရေးသူ – မိုး (သရက်)
Uncategorized