မိချမ်းဝေ
ပင်လယ်မှာ ပျော်ဝင်တဲ့ည
လှုပ်လှုပ်ခတ်ခတ်ဖြင့် လက်လက်ဖြာနေသော ရေပြင်တွေ ဘော့ကွင်းထိပ်မှ ဒရဝမ်မီးအိမ်ကလေးက ဝေလကို မျက်စပစ်ပြနေသည်။ လရထားသည် တိမ်ဇာလွှာပါးနောက်တွင် တရွေ့ရွေ့ သွားနေသည်။
ကြည့်လေမြင်လေရာတိုင်းတွင် ရေပြင်ကျယ်ကြီး များသာ မြင်ရသော်လည်း ဝေလ၏စိတ်ကို လှုပ်ခါခြင်းငှာ မစွမ်းသာတော့။ အတွေ့အကြုံသည် စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပြီ။
နောက်အားဆေးတစ်ခွက်က ‘ရေချို’၊ ရေပြင်ထဲ ရက်ရှည်ထွက် အသက်မွေးရသူတို့အဖို့ မိုးရေကို စဥ့်အိုးနှင့်ခံ ရေစစ်နှင့် စစ်ထည့်ခဲ့ရသော မိုးရေချို ကြည်ကြည်သန့်သန့်ကလေးများကိုလည်း အခြေအနေ ပေးသမျှ သယ်ယူလာခဲ့ကြရသေးသည်။
ပြည်တွင်းဖြစ် ‘အူ’တွေမို့ ကျင့်သားရပြီးသည်ဆိုစေငြား အစားပက်စက်၊ ရေမသန့်၍ ဝမ်းပျက်၊ အထက်လှန်အောက်လျှော ဖြစ်က ရေထဲတွင် ဆေးခန်းမရှိ။
သည့်အတွက် ရေချိုသန့်သန့်နှင့် ဓာတ်ဆားထုပ် ကျူရိုးကိုသာ အားကိုးကြရသည်။
ဝေလသည် လေပြည်တစ်ချက်အဝှေ့တွင် ဘော့ကွင်းထိပ်မှ ဒရဝမ်မီးအိမ်ကလေး ငြိမ်းသွားမည်စိုးစိတ်ဖြင့် စောင့်ကြည့်နေသော်လည်း မီးက ငြိမ်းသွားခြင်းမရှိ။ လှိုင်းကြက်ခွပ်များအကြား ခေါင်းကလေးဖော်၍ လှိုင်းငြိမ်ပင် စီးနေသေး၏။
ညနေလေးနာရီခန့်က ရွာမှထွက်လာသော ‘ဒင်ကြီး’ ငါးဖမ်းလှေသည် သန်းခေါင်အချိန်မှ လုပ်ငန်းစဖြစ်သည်။
“နိုင်လွန်ပိုက်ချတယ်ဆိုတာ ပန်ပိုက်ကြီးတွေလို ရေအောက်မြေပြင်နဲ့ ကပ်ပြီး မျှောရတာ မဟုတ်ဘူးကွ။ ရေအလယ်ပိုင်းလောက်မှသာ မျှောရတာ။ ရေအောက်မြေပြင်နဲ့ ပိုက်အနားစပ်ကြားမှာ လွတ်နေတဲ့ ရေသားရှိတယ်။”
အဘမှန်က ဆေးတံထဲ ဆေးကြီးမှုန့်တွေ သိပ်ထည့် မီးညှိကာ တစ်ရှိုက် နှစ်ရှိုက် ဖွာရင်း ဝေလကို လှမ်းပြောလိုက်သည်။
“အောင်ကောင်း ရေပိုက်ကို ရေထဲမချခင် ပထမဦးဆုံး အချက်ပြဘော့ကွင်းကို ချဦးနော်”
တစ်ဆက်တည်း သူ့လက်ထောက် ကိုအောင်ကောင်းကို လှမ်းပြောလိုက်သည်။ ကိုအောင်ကောင်းက ဘော့ကွင်းထိပ်တွင် အချက်ပြရန် ဒရဝမ်မီးအိမ်ခေါ် ရေနံဆီသုံး မီးအိမ်ကလေးကိုပါ ထွန်းညှိမျှောချလိုက်သည်။
ယင်းဘော့ကွင်းထိပ်တွင် ပိုက်အစကို ချည်၍ ပိုက်မျှောခြင်းကို စတင်နေသည်။
လူရှစ်ယောက်ခန့် မနားမနေ ချနေသော ပိုက်အဖုံငါးဆယ်၏ အလျားသည် နည်းသည့်အရှည်မဟုတ်။ တစ်မိုင်နီးပါး ရှည်သည်။
စက်ရှိန်လျှော့ထားသဖြင့် အားပျော့ပျော့ အင်ဂျင်စက်သံမှအပ ဝေလတို့ လှုပ်ရှားသံများသာ ပင်လယ်ပြင်မှာ မင်းမူနေသည်။ ပိုက်တစ်ခါမျှောလျှင် နှစ်နာရီနီးပါး ကြာ၏။ ပိုက်ကိုမျှော၍ ကုန်ဆုံးသွားလျှင် လှေဦးပိုင်းတွင် မီးအိမ်တစ်လုံး ထွန်းညှိပြန်သည်။
“အဲဒါက ညဖြစ်နေလို့ လူလေးရ။ တကယ်လို့ နေ့ဆိုရင် မီးအိမ်အစား အလံတိုင်ကလေးတွေ စိုက်ရမှာ။ အနီးအနားက စက်လှေသင်္ဘောတွေ ဖြတ်သွားတဲ့အခါ ဒီမှန်မီးအိမ်ကလေးနှစ်လုံးရဲ့ ဧရိယာအတွင်းမှာ ပိုက်မျှောထားတဲ့အတွက် ဒီအတွင်းဖြတ်သန်းမသွားမိစေဖို့ သတိပေးထားတာပါ”
ဝေလ မသိသေးသည့် နိုင်လွန်ပိုက်နှင့် ငါးဖမ်းခြင်းကို အဘမှန်က သင်ကြားပြသနေခြင်းဖြစ်သည်။
“ဝေလလေး အိပ်ချင်အိပ်လေ။ မနက်စင်စင်လင်းမှ ပိုက်ဖော်ရမှာ၊ အချိန်တွေ အများကြီး”
ကိုအောင်ကောင်းက ဝေလကို အခွင့်အရေးပေးသော်လည်း အဘမှန်ကိုယ်တိုင်က မအိပ်သေးဘဲနှင့် အိပ်၍မဖြစ်။ သူကိုယ်တိုင် မျက်စိကြောင်နေတာ လည်း ပါသည်။ ငါးဖော်ချိန်ကို စိတ်စောနေတာလည်း ပါသည်။ ပြီးတော့ ယခုလို ပင်လယ်ညမျိုးကို အိပ်စက်ခြင်းဖြင့် မကုန်ဆုံးချင်တာလည်း ပါသည်။
နိုင်လွန်ပိုက်ချတော့မည်ဆိုတော့ နိုင်လွန်ပိုက်ဖြင့် မိနိုင်သည့်ငါးများကို ဝေလ စိတ်ဝင်စားလာသည်။
“အများကြီးပေါ့ ဖိုးဝေလရ။ ငါးသလောက်၊ ငါးပါးနီ၊ ငါးခွေးရှာ၊ ငါးကွန်းရှပ်၊ ငါးမုန့် မဲ၊ ငါးအုန်းသီး၊ ငါးစဥ့်အိုးဖုံး၊ ငါးစင်းပြာ၊ ငါးမဲလုံး”
“ခွီး … ခွီး”
သူ မအောင့်နိုင်ပဲ ရယ်ချလိုက်တော့ ကိုအောင်ကောင်း ကျွဲမြီးတိုသွားသည်။
“ဘာရယ်တာလဲကွ၊ ငါ့လခွီးမှပဲ”
“မဟုတ်ပါဘူး ကိုအောင်ကောင်းရဲ့။ ငါးနာမည်တွေက ရယ်စရာ ကောင်းလို့ပါ”
“အမယ် ဒါဘာဟုတ်သေးလဲ။ ငါးလိပ်ကျောက်၊ ငါးတင်းဟေး ၊ ငါးကျည်းကန်း၊ ငါးတံခွန်၊ ငါးယပ်တောင် အများကြီး မိနိုင်သေးတယ်။ အဲဒီအထဲ မှာ ကံကောင်းရင်……”
ကိုအောင်ကောင်းက ဝေလကို မထိတထိ စသည့်အနေဖြင့် စကားစကိုဖြတ်ပြီး ငွေစပယ်ဆေးလိပ်ကို အချိန်ဆွဲကာ မီးညှိနေလိုက်သေးသည်။
“ကံကောင်းရင် ဟုတ်လား၊ ကံကောင်းရင် ဘာဖြစ်လဲ ကိုအောင်ကောင်းရ လုပ်ပါဦး”
“အင်း ကံကောင်းရင် ကကူရံငါးကြီးတွေလည်း မိနိုင်တယ် ပြောမလို့”ပါ
“ကကူရံ မိတာပဲ … ဘာဆန်းလဲ။ ကျွန်တော် စားဖူးသားပဲ”
“မင်းကြီးတော်… ၊ မင်းက ကကူရံအကြောင်း ဘယ်လောက်သိလို့လဲ။ ကကူရံဆိုတာ ငါးပုပ်ခြောက်လုပ်တဲ့ ငါးကွ”
“ငါးပုပ်ခြောက်လုပ်တဲ့ငါး”
ဝေလ တိုးတိုးလေး လိုက်ရွတ်ကြည့်ရင်း အဖွားလေးကို အကြီးအကျယ် သတိရသွားသည်။ အဖွားလေး နှင့် ငါးပုပ်ခြောက် ခွဲခြားမရအောင် ဆက်စပ်မှုရှိသည်။
အဖွားလေးက အဖေ့ဘက်မှ တော်သောအဖွား။ အဖေ့ အဒေါ်အရင်း။ ဝေလ၏အဖေတွင် မိဘအရင်းမရှိဘဲ အဖွားလေးက ထိန်းသိမ်းစောင့်ရှောက်လာရာ အမေနှင့်ညားသောအခါ အဖွားလေးက ဝေလနှင့်အတူ ပူးပေါင်းနေသည်။
မြေးများထဲတွင် တစ်ယောက်တည်းပါသော မြေးယောက်ျားလေးကို အဖွားလေး တုန်နေအောင် ချစ်ရှာသည်။
မြို့မှာ စာမေးပွဲကလည်း မအောင်၊ ဝေလနေပုံထိုင်ပုံ အချိုးမကျသဖြင့် အမေက အဘမှန်ရှိရာ ကျွန်းရွာ သို့ ပို့သောအခါ အဖွားလေးက မတားသာသော်လည်း စိတ်မကောင်းလှ။
အဖေက လခစား လူအေး။ အမေက အရောင်းအဝယ်သမား ထက်ထက်မြက်မြက် စီစီလောင်လောင်း။ အမေစီမံရာ တစ်အိမ်လုံး နာခံနေကျဆိုတော့ အမေ့ဩဇာဖြင့် ဝေလ အဘမှန်ဆီ ရောက်ခဲ့ပေမယ့် အကြောင်းတိုက်ဆိုင်လျှင်တော့ ဝေလ အိမ်ကို လွမ်းဆဲ။
အမေ့ကို ချစ်တာကတစ်မျိုး၊ အဖွားကို ချစ်တာ ကတစ်မျိုး၊ အဖေနှင့်တော့ ခပ်စိမ်းစိမ်း။
အဖွားလေး လိမ်းနေကျ တောင်နံကြီးနံ့ သင်းသင်းကလေးကို အဖွားအိုနံ့ဟု ဝေလမထင်မိ။
“တောင်နံကြီးက အသားရေအေးတယ်။ အသားလည်း ချောတယ်။ ကျန်းမာရေးအတွက် လူတိုင်းလိမ်းသင့်တယ်”
အဖွားလေး အညွှန်းကောင်းသဖြင့် သူ ညဘက် ကိုးကုန်းကိုးကျင်း လျှောက်သွားပြီး ပြန်လာ၍ အိပ်ခါနီးလျှင် အဖွားလေး၏ တောင်နံကြီးကို ညတိုင်းသွေးလိမ်းဖြစ်သည်။ တောင်နံကြီးကို ကြိုက်သော အနှီအဖွားလေးသည် ငါးပုပ်ခြောက်ကိုလည်း အသေအလဲ ကြိုက်ချေသေး၏။
စားသောက်ဖွယ်ရာများ မကောင်းလျှင်နေ၊ လက်နှစ်သစ်ခန့် ငါးပုပ်ခြောက်ဆီဆမ်းကလေးနှင့်ဆိုလျှင် အဖွားလေး ထမင်းစား၍ဖြစ်သည်။
ဝေလတို့ လူငယ်ပါးစပ်ဖြင့် ချွဲတဲတဲ ငန်တန်တန် အရသာရှိသော ငါးပုပ်ခြောက်ကို မကြိုက်ပေမယ့် အဖွားလေးကတော့ နံနက်စောစော ရေနွေးကြမ်းဖြင့်လည်း မြည်းနေတတ်သေးသည်။
ထိုငါးပုပ်ခြောက်လုပ်မည့် ကကူရံငါးကြီးများ မိလိုက်လျှင်တော့ အဘမှန်အတွက်လည်း ဝင်ငွေကောင်းကောင်းရ၊ အဖွားလေးအတွက်လည်း လက်ဆောင်ကောင်းပေးနိုင်မည်ဖြစ်၍ အိမ်အပြန် မျက်နှာပန်းလှမည်။
အိမ်အပြန်ဆို၍ သူ့အတွက် အိမ်အပြန်ခရီးသည် ဘယ်တော့များမှ ရောက်ရှိလာမည် မသိ။ အဘမှန်က သူ့ကို အိမ်ပြန်ဖို့ တစ်ခွန်းမှ မဟသေး။ ဝေလ သက်ပြင်းမောကလေး တိတ်တခိုးချရင်း လက်ကအလိုလို သူ့ (အုံးလီး) ကက်ဆက်ကလေးဆီ ရောက်သွားသည်။
သူကြိုက်၍ (သူ့ဘဝနှင့်လည်း တိုက်ဆိုင်နေ၍) ဖန်တရာတေအောင် ဖွင့်နားထောင်မိသည့် သီချင်းကလေး။
ထူးအိမ်သင်ရဲ့ အသံက တိုးညှင်းသာသာ ပေါ်ထွက်လို့လာသည်။
“ငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး…. အနွေးထွေးဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး……..
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး”
ညီစို့စို့ရနံ့တစ်မျိုး ဆောင်သော ခပ်ဝေ့ဝေ့ တိုက်ခတ်လာသည့် ပင်လယ်လေပြည်ထဲတွင် အိမ်ပြန်ချင်တယ် ဟူး ဆိုသည့် ညည်းချင်းကလေး လွင့်မြောဖိတ်စင်သွားသည်။
ဝေလက သူ့လက်စွဲ ဂီတာအိုကလေးကို လှမ်းယူ၍ တတ်သလောက် မှတ်သလောက် လိုက်လံတီးခတ် ညည်းညူရင်း အဘမှန်က လှမ်းကြည့်သော အကဲခတ်မျက်လုံးများကို ရှောင်လွဲနေမိသည်။
သူ့ကို စိတ်ဓာတ်ပျော့ညံ့သူတစ်ဦးအဖြစ် အဘမှန်က မြင်သွားမှာကို ဝေလအနေဖြင့် မလိုလားပါ။ သူ့နှုတ်ဖျားမှ အိမ်ပြန်ချင်တယ်ဟု မည်သည့်အခါမှ အဘမှန်ကို တိုက်ရိုက်ထုတ်ဖော် ပြောဆိုမည်မဟုတ်။
သို့ပေမယ့် ယခုလိုအချိန်မျိုးမှာ သူ့ရင်ထဲမှာတော့ အိမ်ကိုလည်း ပြန်ချင်သည်။ အဖွားလေးကိုလည်း လွမ်းသည်။ ပင်လယ်ပျော်စိတ်ဓာတ်များကြားမှ ခေါင်းပြူလာသော အိမ်လွမ်းစိတ်ကလေး။
လရထားသည် တိမ်တစ်ဆုပ်အနောက်သို့ ခပ်သုတ်သုတ် ဝင်သွားသဖြင့် ဝန်းကျင်တစ်ခွင်လုံး အလင်းဓာတ်အားနည်းသည့်အခိုက် ဂီတာအိုကလေး အနားမှာချ၍ ရင်ခွင်ကိုလာမှန်သော အလွမ်းများကို ပွေ့ပိုက်ကာ သူ့မျက်ခွံများ မှေးစင်းလာတော့သည်။
X X X X
နိုင်လွန်ပိုက်အတွင်းမှ လှေဝမ်းအတွင်းသို့ ကျဆင်းလာသော အသွင်သဏ္ဌာန်အမျိုးမျိုး ငါးများကိုကြည့်၍ ဝေလရင်ခုန်နေမိသည်။ သူက ပြူးတူး ပြဲတဲရှာနေသော်လည်း ဘယ်ဟာက ကကူရံမှန်းမသိဘဲ ရှာနေသော သူ့ကို ကိုအောင်ကောင်းက ရယ်ကျဲကျဲဖြင့် ကြည့်နေသည်။
“ဟောဒါက တံခွန်နဲ့တူတဲ့ငါးမို့ ငါးတံခွန်၊ ဟောဒါက စဉ့်အိုးဖုံးနဲ့ တူတဲ့ငါးမို့ ငါးစဉ့်အိုးဖုံး … တွေ့လား သစ်ရွက်ကလေးနဲ့ တူတဲ့ငါး ငါးခွေးလျှာတဲ့။ ဘယ်လောက်ဆန်းသလဲ။ တစ်ခြမ်းပဲရှိတယ်။ ဒီဘက်ခြမ်းက ခေါင်းခွံနဲ့ အကြေးမရှိဘူး။ ဟောဒါက တစ်ချက်တစ်ချက် ရေပေါ်ထပျံတဲ့ ငါးတင်းဟေး”
“ဟာဗျာ ကိုအောင်ကောင်းကလဲ၊ ရှာစမ်းပါဗျ … ကကူရံ ပါသလားလို”
ဝေလ စိတ်မရှည်ချင်တော့။ ကိုအောင်ကောင်း မျက်နှာကလည်း သိချင်စိတ်များနေသော ဝေလကို တမင်လုပ်နေမှန်း သိသာသည်။
“မင်း ကကူရံက ပိုက်ချတိုင်း ပါချင်မှ ပါမှာပေါ့ကွ။ ကံကောင်းရင်လည်း လေးငါးဆယ်ကောင် ပါလာရော”
“တော်ပါတော့ဗျာ၊ လာပြန်ပြီ အဲဒီကံကောင်းရင်”
ဝေလ စိတ်တိုသွားမှန်းသိ၍ ကိုအောင်ကောင်းက ဘာမှမပြောဘဲ ငါးငယ်များအောက် ရောက်နေသော လေးပေကျော်ကျော် ငါးကြီးတစ်ကောင်ကို ဆွဲထုတ်ပြီး အော်လိုက်သည်။
“ဟောဒါမှ ကကူရံ”
ကြီးလိုက်သည့်ငါးကြီး။ ကလေးတစ်ရပ်စာခန့်ရှိမည်။ တစ်ကောင်လုံးနီးပါး ဖုံးလွှမ်းထားသော ငွေရောင်နှင့်အစိမ်းရောင် ယှက်သန်းနေသည့် အကြေး ခွံများဖြင့် အမြင်တင့်သော ကကူရံဆိုသည့် ငါးကြီးများ တစ်ကောင် နှစ်ကောင် သုံးကောင်။ ဝေလ ရင်ခုန်သံမြန်လာသည်။
“တစ်ခါတစ်လေ ခြောက်ပေကျော်တဲ့အရွယ်အထိ ရတတ်သေးတယ်“
“ဟင် ဒါဆို လူတစ်ရပ်စာပေါ့’
“ပင်လယ်မှာ လူတစ်ရပ်စာငါးရတာ ဆန်းသလား။ငါးလင်းပိုင်တို့၊ ငါးလင်းရှူးတို့ဆိုရင် လူလောက်ကိုရှိတာ”
ကကူရံငါးကြီးများကို ရွေးထုတ်၍ ငါးဖမ်းလုပ်သား ကောင်လေးအချို့က ခပ်သွက်သွက် အကြေးထိုးပစ်နေကြသည်။ အကြေးထိုးပြီးသည်နှင့် ခေါင်းပိုင်းကို ခုတ်ဖြတ်လိုက်သည်။ ထိုခုတ်ဖြတ်လိုက်သည့် ခေါင်းပိုင်းရှိ ပါးခြမ်းနှစ်ခုကို ဖြတ်ထုတ်လိုက်ခြင်းဖြင့် ဇက်ကွင်းနှင့် ပါးခြမ်း ရရှိလာသည်။
ပြီးလျှင် အမြီးပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ပိုင်းဖြတ်ရပြန်သည်။ ဗိုက်ထဲမှ ငါးအူ အသည်း အဆုတ်များ ထုတ်ပစ်သည်။ ထိုသို့ ဝမ်းဗိုက်ခွဲပြီးသော် စက်လှေဝမ်းထဲ၌ ဆားမထိသောနေရာတွင် ဆယ်နာရီကြာအောင် ထားတော့သည်။
“ဆားမထိအောင် ထားတာက ပုပ်အောင် အပုပ်ခံတာပေါ့ကွ။ အဲဒီလို အပုပ်ခံထားတဲ့ငါးဟာ လိုအပ်တဲ့အတိုင်းအတာအထိ ပုပ်မှ ငါးပုပ်ခြောက်လုပ်လို့ ရတာ။ လိုအပ်တဲ့အတိုင်းအတာအထိ မပုပ်ရင် ငါးပုပ်ခြောက်လုပ်လို့ မရဘူး”
“လိုအပ်တဲ့ အတိုင်းအတာ”
ထိုပဟေဠိ၏ အဖြေကိုတော့ ဆားမထိအောင် ဆယ်နာရီကြာ ထားပြီးမှ ကိုအောင်ကောင်းက ဝေလကို ပေးလေသည်။ ကိုအောင်ကောင်းက လှေဝမ်း အတွင်း ညီညီစီထားသော ငါးပြားကိုကိုင်၍ လှုပ်ပြသည်။
“နားထောင်စမ်း ဘာသံကြားရသလဲ”
“ဟင့်အင်း ဘာသံမှ မကြားရဘူး”
“ဟာကွာ … သေသေချာချာ နားထောင်၊ အထဲမှာ အရိုးတွေ အသံမြည်နေတယ်”
ဝေလ ငါးပြားကို နားနားကပ်၍ နားထောင်မိတော့ ဟုတ်သား … အထဲက အရိုးတွေ ကရော့ .. ကရော့ နှင့် အသံမြည်နေသည်။
“ဒီမှာလည်း ကြည့်ဦး။ ငါးခုတ်သားကို လက်နဲ့နှိပ်လိုက်ရင် သွေးစိမ်းမထွက်တော့ဘူး၊ ဒါမှ။ ပြီးရင် ဟောဒီလို ဟောဒီလို”
ကိုအောင်ကောင်းက သူ့လက် သန်သန်မာမာကြီးနှင့် ငါးပိုင်းများကို ရိုက်ပြရာ “ဘုတ် … ဘုတ်” နှင့် ခပ်လေးလေးမြည်၏။
“လိုအပ်တဲ့ အနေအထားရောက်ပြီဆိုရင် ငါးပုပ်ခြောက်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီ။ ဒါတွေကို ပင်လယ်ရေနဲ့ ဖြန့်ဆေး။ အရိုးနံဘေးမှာ ကပ်နေတဲ့ သွေးကြောသွေးမျှင်တွေ ဖယ်ထုတ်။ သူ့ပုံစံအတိုင်း သုံးချက်လှီးလိုက်ရုံနဲ့ ငါးအလုံးကနေ အပြားဘဝ ရောက်သွားတဲ့ ငါးပြားတွေကို အဲဒီအချိန်ကျမှ ဆား ထည့်ရတယ်”
မကြာမီ ငါးဖမ်းလုပ်သားကောင်လေး လေးငါးယောက်ခန့် ရောက်လာပြီး လှေပေါင်းမိုးပေါ် နေလှန်းကြတော့ ပညာသားပါသေးသည်။
ခေါင်းပိုင်းတစ်ကန့် အမြီးပိုင်းတစ်ကန့် ညီညီညာညာစီပြီး လှန်းရသည်။ ညနေကျရင် ရုတ်သိမ်းစရာမလို။ သဘာဝနှင်းရည်ထိအောင် ပေါင်းမိုးပေါ်မှာ နှစ်ရက်ခန့် လှမ်းထားရမည်။
ပါးခြမ်းနှင့် ဇက်ကွင်းများကိုမူ အပုပ်ခံစရာမလိုဘဲ တုတ်ချောင်းဖြင့် သီ၍ ပေါင်းမိုးစွန်းတွင် လှန်းကြရသည်။ ဝမ်းဗိုက်ပိုင်းမှရသော လေးညှင်းတွဲများ ကလည်း သီးသီးခြားခြား စီစီရီရီ။
ကကူရံငါး တစ်ကောင်ကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် ခေါင်းရမယ်။ ပါးခြမ်းတစ်စုံရမယ်။ ဇက်ကွင်းတစ်စုံရမယ်။ အမြီးပိုင်း (ငါးပုပ်ပြားငယ်) ရမယ်။
ကိုယ်ထည်ပိုင်း (ငါးပုပ်ပြားကြီး) ရမယ်၊ ဝမ်းဗိုက်သား လေးညှင်းတွဲရမယ်။ ပြီးရင် ငါးစည်ပေါင်းတို့ အူမကြီး အူသိမ်တို့လည်း ရဦးမယ်။ ဒါကြောင့် အဖိုးတန်တာကိုးဟု လက်က ဇယ်စက်သလို အလုပ်တွေလုပ်ရင်း ဝေလတွေးနေမိသည်။
ဒီညလည်း ရေပြင်ကျယ်ထက်မှာ ဒရဝမ်မီးအိမ်ကလေး အဖော်ပြုလို့ ပိုက်ထဲသို့ ကကူရံငါးကြီးများ ဝင်မဝင် စောင့်ကြည့်ရင်ခုန်ရဦးမည်။
မှောင်ရီသန်းလာတော့ ဘော့ကွင်းထိပ်မှ အချက်ပြ ဒရဝမ်မီးအိမ်ကလေးကို ဝေလ ကိုယ်တိုင် ထွန်းညှိဖြစ်သည်။
ကိုအောင်ကောင်းက အချက်ပြဗော့ကွင်းကို ချပြီးသည်နှင့် ဘော့ကွင်းထိပ်တွင် ပိုကာစကို ချည်၍ ပိုက်မျှောခြင်းကို စတင်တော့သည်။
လရောင်ဖြန့်ကျက်ထားသဖြင့် ပိုက်စည်းကြိုးနားတွင် တပ်ထားသော အနီရောင်ဘော့လုံးကလေးများ လှုပ်ခတ်နေသော ရေပြင်ထက်တွင် ပေါ်ချည် ပျောက်ချည်ဖြစ်နေသည်။
မနေ့ညကလောက် အိမ်လွမ်းစိတ်များ မပြင်းထန် တော့။ အလုပ်က လူကိုကုစားနေခြင်းလည်း ဖြစ်နိုင်သည်။ ယခင်ညကကဲ့သို့ပင် လရထားသည် တိမ်စိုင်တိမ်ရိပ်များကြားတွင် ခရီးသွားနေသည်။ လေပြည်တစ်သုတ် ရုတ်ခနဲပြေးသွားသဖြင့် သူ့ဆံနွယ်များ ဖွာရရာကြဲသွားသည်မှအပ ညသည် အလှကြီးလှနေသည်။
“ငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် … ဟူး ….
အနွေးထွေးဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ် ဟူး……..”
ဟင် ဘယ်လိုပါလိမ့်။ ပိုက်မျှောနေရမှ ဝေလလှမ်းကြည့်လိုက်တော့ သူ့ကက်ဆက်ကလေးအနီးမှာ အဘမှန်ကို တွေ့လိုက်ရပြီ။ သူ့အကြိုက် သီချင်း သံက သူမဖွင့်ဘဲ ပျံ့လွင့်လာသည်။
ချစ်စဖွယ်ညချမ်းသည် ထိုသီချင်းသံကလေး ကြောင့် စိတ်တိုင်းကျရေးဆွဲပြီး လက်စသတ်လိုက်သော ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားတော့၏။
တစ်ဆက်တည်းမှာပင် အဘမှန်၏ မျက်လုံးအထဲမှာ ထင်ဟပ်နေသော သံစဉ်မဲ့စာသားများကို လရောင်အကူအညီဖြင့် ကောင်းစွာ ဖတ်ရှုနိုင်ခဲ့သည်။
ညလရောင်၊ တိမ်ရိပ်၊ ဒရဝမ်မီးအိမ်ကလေး ရွေ့လျားနေသောရေပြင်၊ ပိုက်ကိုတိုးမည့်ငါး၊ ထူးအိမ်သင်၊ ပြီးတော့ မြေးအဘိုးနှစ်ယောက်၏ အချစ်ဓာတ် ပျော်ဝင်နေသောည ။ ။
(ဆေးပညာမဂ္ဂဇင်း ၊ ၁၉၉၇ ခုနှစ် – အောက်တိုဘာလ)
– ပြီး –
စာရေးသူ – မိချမ်းဝေ
Uncategorized