ကုသ
ပန်းဆင်ကြီး
(၁)
၁၉၃၄ ခုနှစ်၊ မတ်လအတွင်း ဖြစ်လေသည်။
ကျွန်ုပ် မောင်ရဲနှင့် မောင်သန်းခေါင်တို့သည် ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်အဝင် မန်ဒန်အမည်ရှိသော အလွန်တောကျသည့် ရွာငယ်ကလေးတစ်ရွာသို့ ရောက်ရှိလာပြီး ရွာခေါင်းကြီး ကိုဖိုးစု၏ နေအိမ်တွင် စခန်းချကာ တည်းခိုနေထိုင်လျက် ရှိကြတော့သည်။
သို့ ရောက်လာကြခြင်းမှာ ယင်း မန်ဒန်ရွာကလေး၏ ပတ်ဝန်းကျင်တွင် ရွာသားများ စိုက်ထားကြသော ပြောင်းဖူးနှင့် နှမ်းခင်းများအတွင်းသို့ တောဆင်ရိုင်းများ မကြာခဏ ဝင်ရောက်ဖျက်ဆီးနေကြကြောင်း ခိုင်လုံစွာ သတင်းရထားခဲ့သောကြောင့်ပင်။
မန်ဒန်တောရွာကလေးသည် ကသာမြို့ အနောက်တောင်စူးစူး မိုင် ၅ဝ ကျော်ခန့်အကွာတွင် တည်ရှိနေပြီး ယင်းရွာ၏ပတ်ဝန်းကျင်တွင် တောတောင်လွန်စွာ ထူထပ်သည်နှင့်အမျှ ဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ ကျားနှင့် တောဝက်များ နေပျော်လျက် ရှိကြတော့သည်သာ။
ကျွန်ုပ်တို့သည် မန္တလေးမြို့မှ ဝန်းသိုမြို့သို့ မီးရထားစီးနင်း၍ ၎င်းမှတစ်ဖန် ပင်လယ်ဘူးမြို့သို့ မိုင် ၃ဝ မျှ ဘတ်စ်ကားစီးရသည်။ တစ်ဖန် ပင်လယ်ဘူး မြို့မှ လှည်းစီးကာ ၁၅ မိုင်မျှ ခရီးဆက်ရပြီး နောက်ထပ်ငါးမိုင်မျှ ခြေကျင်သွားမှ မန်ဒန်ကျေးရွာကလေးသို့ ပင်ပန်းခက်ခဲစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မန်ဒန်ရွာသည် ရွာသိမ်ရွာငယ်ကလေးမျှသာဖြစ်ရာ ယင်းရွာတွင် တဲအိမ်စုစုပေါင်း ၂၅ အိမ်မျှသာ ရှိပေလိမ့်မည်။
ရွာသူရွာသားများသည် စပါး၊ ပြောင်းဖူး၊ နှမ်းနှင့် ငရုတ်ပင်များကို အခါအားလျော်စွာ တစ်နှစ်ပတ်လုံး တစ်သီးပြီး တစ်သီး စိုက်ပျိုးကာ မိမိတို့ဝမ်းကို ကျောင်းနေကြရရှာသည်။
သို့ငြားလည်း အထက်ပါအပင်များ သီးနေချိန်များတွင် များလှစွာသော ဆတ်၊ တောဝက်နှင့် ချေများသည် ညအချိန်များတွင် စိုက်ခင်းများအတွင်းသို့ ဝင် ရောက်လာပြီး သီးနှံများကို ဆွတ်ခူးစားသောက်လေ့ရှိကြသောကြောင့် ရွာသားများမှာ နစ်နာဆုံးရှုံးကြရရှာတော့သည်။
အထူးသဖြင့် တောဆင်ရိုင်းများသည် ပြောင်းခင်းများအတွင်းသို့ နေ့အခါများတွင်ပင် ရဲတင်းစွာ ဝင်ရောက်လာပြီး ပြောင်းဖူးများကို စိတ်ရှိလက်ရှိ ချိုးယူစားသောက်လေ့ရှိကြသည်။
မန်ဒန်ရွာနေ ရွာခေါင်းကြီး ကိုဖိုးစုထံ၌ အလွန်ဟောင်းနေပြီဖြစ်သော တစ်လုံးထိုးသေနတ်တစ်လက်နှင့် ယမ်းတောင့် ၁ဝ တောင့်မျှသာ ရှိရကား ပြောင်းခင်းအတွင်းသို့ တောဆင်ရိုင်းများ ဝင်ရောက်စားသောက်ကြပြီဆိုလျှင် ရွာအတွင်းမှ ကုလားတက် များကို အချက်ပေါင်းများစွာ ရိုက်တီးခြောက်လှန့်ရုံမှတစ်ပါး ရွာသူရွာသားများမှာ မည်သို့မျှ မတတ်နိုင်ကြရှာချေ။
ရွာခေါင်းကြီး ကိုဖိုးစုထံတွင်ရှိသော ယမ်းတောင့် ၁ဝ တောင့်တို့ကို ကသာမြို့မ ရဲဌာနက နံပတ်များရိုက်ထားလျက် ယင်းယမ်းတောင့်များနှင့် လူဆိုးဓားပြများ၏ ရန်ကိုသာ ကာကွယ်ပစ်ခတ်နိုင်ခွင့်ရှိသည်။ သားကောင်များကိုမူ လုံးဝပစ်ခွင့်မရှိချေ။ ယမ်းတောင့်ကို ပစ်မိသည်ဖြစ်ပါက ယင်းယမ်းတောင့်အခွံကို ခုနစ်ရက်အတွင်း ကသာမြို့မ ရဲဌာနသို့ သွားရောက်ပြသပေးအပ်ရမည်ဖြစ်ပြီး မည်သို့သောအကြောင်းကြောင့် ပစ်ရကြောင်းကိုလည်း အစီရင်ခံစာ ရေးသားတင်သွင်းရချေတော့သည်။
မန်ဒန်ရွာသို့ ရောက်သည့်ညနေတွင် ကျွန်ုပ်သည် ရွာခေါင်းကြီး ကိုဖိုးစုနှင့် စကားပြောဆိုနေခိုက် မောင်သန်းခေါင်သည် ရွာခေါင်းကြီး၏ ယောက်ဖဖြစ်သူနှင့်အတူ တောလည်ထွက်သွားလေတော့သည်။
“ဒီ မန်ဒန်ရွာအနီးတစ်ဝိုက်မှာ သားကောင်တွေ အလွန်ပေါတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်။ ဟုတ်ပါသလား ရွာခေါင်းကြီး”
“ဟုတ်ပ … ကိုရဲ ကြားခဲ့တဲ့အတိုင်းပါပဲ။ ပေါလွန်းပါတယ်”
“ဘာသားကောင်တွေပါလဲ ခင်ဗျာ”
“ဒီရွာအနီးမှာတော့ ချေ၊ ဆတ်နဲ့ တောဝက်တွေ အလွန်ပေါပါတယ်။ ရွာရဲ့ အနောက်ဘက်မှာရှိတဲ့ တောတောင်တွေမှာတော့ စိုင်၊ ပြောင်နဲ့ တောဆင်တွေ အလွန်ပေါပါတယ်”
“ဟုတ်ပ”
“တောဆင်တွေဟာ အလွန်ဆိုးကြပါတယ်။ သူတို့ဟာ ရွာနားကို နေ့အချိန်မှာပဲ ဆင်းလာပြီး ကျုပ်တို့စိုက်ထားတဲ့ စပါး၊ ပြောင်းဖူးနဲ့ နှမ်းခင်းတွေထဲဝင်ပြီး စိတ်ရှိလက်ရှိ စားသောက်ကြတယ်။ စားတာက နည်းနည်းရယ်၊ အပင်တွေကို နင်းပြီး ခြေလိုက်တာက များတယ်။
နောက်ပြီးတော့လည်း မျောက်နဲ့ ကြက်တူရွေးတွေက လည်း အလွန်ဖျက်ဆီးကြတယ်”
“အလို … မျောက်နဲ့ ကြက်တူရွေးတွေက ဘယ်လိုဖျက်ဆီးကြသလဲ”
“မျောက်တွေဟာ အလွန်ယုတ်မာကြတယ်။ သူတို့ဟာ နှမ်းခင်းတွေထဲ ဝင်လာကြပြီး နှမ်းအသီးတွေကို လက်နဲ့ချွေပြီးတော့ နှမ်းစေ့တွေကို ကောင်းကင်ပေါ်ကို ပစ်တင်ကြတယ်။ ကျလာတဲ့ နှမ်းစေ့တွေကို ပါးစပ်နဲ့ခံပြီး စားကြတယ်။ သူတို့ရဲ့ ပါးစပ်ထဲကို နှမ်း ၁၀ စေ့လောက်သာဝင်ပြီး ဘေးကို အစေ့ ၃ဝဝ လောက် ဖိတ်စဉ်ပြီး ကျသွားတော့တယ်။
ကြက်တူရွေးတွေဟာ တစ်အုပ်တစ်အုပ်ကို အကောင် ၁ဝဝဝ လောက်ရှိတယ်။ နှမ်းခင်းတွေမှာ နှမ်းတွေကို အဝစားကြပြီး နှမ်းအသီးအနှံတွေကိုလည်း ကိုက်ချီပြီး သွားကြတယ်”
“ဟင် . . . ဒီလိုဆိုရင် မျောက်နဲ့ ကြက်တူရွေးတွေဟာ တယ်ဆိုးကြပါကလား။ ရွာခေါင်းကြီး သူတို့ကို သေနတ်နဲ့ မပစ်ဘူးလား”
“ကျုပ်ဆီမှာ လုံးချင်းသေနတ်တစ်လက်တော့ ရှိပါတယ်။ ဒါပေမဲ့ ယမ်းတောင့် အလုံအလောက်မရှိလို့ အခက်တွေ့ နေပါတယ်။ လုံးချင်းသေနတ်ဖြစ်လို့ အလွန်အားပျော့တာပဲ။ တောဆင်ရိုင်းတွေကို သေအောင်မပစ်နိုင်ပါဘူး။ မျောက်နဲ့ ကြက်တူရွေးတွေကိုတော့ ပစ်လို့ရပါတယ်။
ဒါပေမဲ့ ကျုပ်ဆီမှာ ယမ်းတောင့် ၁ဝ တောင့်သာ ရှိတယ်။ ကသာရဲဌာနက ဒီယမ်းတောင့်တွေကို တံဆိပ်ရိုက်ထားတယ်။ သားငှက်တွေကို ပစ်ခွင့်မရှိပါဘူး။ လူဆိုးဓားပြတွေကိုသာ ပစ်နိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့ တစ်တောင့်ပစ်မိရင် ယမ်းတောင့်အခွံကို ကသာမြို့မ ရဲဌာနမှာ သွားရောက်ပြသပေးအပ်ရပြီး ဘာကြောင့် ပစ်ရကြောင်းကိုလည်း အစီရင်ခံစာ ရေးသွင်းရပါတယ်”
“ဪ . . . ဒီလိုပါလားခင်ဗျာ၊ ခက်လှချေကလား”
“ဟုတ်ပ . . . ကျုပ်ဆီမှာသာ ယမ်းတောင့်များများရှိရင် ဒီလိုယုတ်မာလွန်းလှတဲ့ မျောက်နဲ့ ကြက်တူရွေးတွေကို မျိုးဖြုတ်ပစ်မှာပဲ။ ကျုပ်ဆီမှာ ယမ်းတောင့်များများမရှိတဲ့အတွက် အလွန်အခက်အခဲတွေ့နေရပါတယ်”
“ဪ … ဟုတ်ပ။ ယမ်းတောင့်များများ မရှိတော့ အခက်တွေ့မှာပဲ။ ဒါပေမဲ့ ရွာခေါင်းကြီး ယမ်းတောင့် မလုပ်တတ်ဘူးလား။ ယမ်းတောင့်အခွံတွေကို ပြန်လုပ်ပြီး ပစ်လို့ရပါတယ်”
“ကျုပ် မလုပ်တတ်သေးပါဘူး။ ကိုရဲ လုပ်တတ်ပါသလား။ လုပ်တတ်ရင် ကျုပ်ကို လက်တွေ့ သင်ပြပေးပါလား”
“ဟုတ်ပ … ပစ်ပြီးသား ယမ်းတောင့်အခွံတွေကို ပြန်လုပ်ပြီး ပစ်လို့ရနိုင်တဲ့နည်းကို ကျွန်တော် အခုပဲလက်တွေ့ပြပါမယ်။ ရွာခေါင်းကြီးဆီမှာ ပစ်ပြီးသား ယမ်းတောင့် အခွံလွတ်တွေ ဘယ်နှတောင့်လောက် ရှိပါသလဲ”
“ကျုပ်ဆီမှာ ပစ်ပြီးသားယမ်းတောင့်အခွံလွတ် ၅ဝ လောက် ရှိနေပါတယ်”
“ဒီလိုဆိုရင် မပူပါနဲ့တော့။ ပစ်ထားပြီးသား ယမ်းတောင့်အခွံလွတ်တွေကို ပြန်လုပ်ပြီး ပစ်နိုင်ပါတယ်။ တိုက်ထွက်လောက်ပဲ ကောင်းပါတယ်။ ပြန်လုပ်တဲ့ နည်းမှန်တွေကို ကျွန်တော်ပြခဲ့ပါမယ်။ တိုက်ထွက် ယမ်းတောင့်ထက် ပိုပြီးပြင်းအောင်လည်း လုပ်လို့ရပါတယ်။ ပြန်လုပ်တဲ့နည်းမှန်တွေကို သိလိုက်ရင် မခက်ပါဘူး။
ရွာခေါင်းကြီးဆီမှာရှိနေတဲ့ ယမ်းတောင့်အခွံလွတ်တစ်တောင့်ကို နောက်ထပ် လေးငါးခါလောက် ပြန်ပြီး လုပ်ပစ်လို့ ရပါတယ်။ ယမ်းတောင့်အခွံလွတ် တစ်တောင့်နဲ့ ဖဲထီးရိုးသံလုံးတစ်ချောင်းကို ရှာလာပေးပါ။ ကျွန်တော် လုပ်နည်းကို လက်တွေ့ပြပါ မယ်”
ဤသို့ဖြင့် ကျွန်ုပ်သည် ရွာခေါင်းကြီး ကိုဖိုးစုကို ယမ်းဖော်စပ်နည်းအမျိုးမျိုး အဖုံဖုံနှင့်တကွ ကျွန်ုပ် လေ့လာတတ်ကျွမ်းသမျှ ယမ်းတောင့်လုပ်နည်းများကို မကွယ်မဝှက်ဘဲ နည်းပြသင်ကြားပေးလိုက်ပေရာ ရွာခေါင်းကြီးလည်း အထူးပင် ဝမ်းသာသွားပြီးလျှင်
“ဟုတ်ပ . . . ဟုတ်ပ . . . တကယ်ကောင်းတဲ့နည်းပါပဲ။ ကျုပ်ကို မကွယ်ဝှက်ပဲ သင်ကြားပြသပေးတဲ့အတွက် ကိုရဲကို ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပါဘူး။ အခု ကျုပ် ယမ်းတောင့်လုပ်တတ်ပါပြီ။ ယမ်းတောင့်အတွက် ကြောင့်ကြစရာမရှိတော့ပါဘူး။
စက္ကူထူထူကိုဖောက်ဖို့ သံပြွန်ချောင်း နံပါတ် ၇/၈ တစ်ချောင်းကို နောက်တစ်ကြိမ် ကသာမြို့ကို သွားရောက်ရတဲ့အခါမှာ မုချဆက်ဆက် ဝယ်ယူခဲ့ပါတော့မယ်။ ကိုရဲ ပြောပြတဲ့ နည်းသုံးနည်းနဲ့ ယမ်းသုံးမျိုးကိုလည်း ဖော်စပ်ထားပါတော့မယ်။ နောက်ပြီးတော့ ကျုပ်တို့တစ်ရွာလုံးကို အမြဲမပြတ် အကြီးအကျယ် ဒုက္ခပေးနေတဲ့ မျောက်နဲ့ ကြက်တူရွေးတွေကိုလည်း မျိုးဖြုတ်ပစ်မယ်”
(၂)
နေဝင်ဖြိုးဖျအချိန်တွင် မောင်သန်းခေါင်နှင့် ရွာခေါင်းကြီးယောက်ဖတို့သည် ဆတ်ထီးကြီးတစ်ကောင်၊ ဒေါင်းဖိုကြီးတစ်ကောင်နှင့် တောကြက်ငါးကောင်တို့ကို ထမ်းပိုးဖြင့် ထမ်းဆောင်လာကြသည်ကို ဝမ်းမြောက်အားရဖွယ် မြင်တွေ့ ရပေတော့သည်။
ကျွန်ုပ်တို့သည် ဆတ်ကလီစာဟင်း၊ ဆတ်သားကြော်၊ ဒေါင်းသားဆီပြန်ဟင်းနှင့် တောကြက်သားစွပ်ပြုတ်တို့ဖြင့် ညစာထမင်းကို မြိန်ရှက်စွာ စားသောက်ကြရတော့သည်။
ညစာထမင်းဟင်းများကို စားသောက်ပြီးနောက် လက်ဖက်ရည်ကြမ်းသောက်ရင်း စကားပြောကြပြန်တော့သည်။
“ရွာခေါင်းကြီးခင်ဗျား . . . ဒီ မန်ဒန်ရွာအနီးတစ်ဝိုက်ကို တောဆင်ရိုင်းတွေ မလာကြဘူးလား”
“မကြာမကြာ လာကြပါသော်ကော . . .။ ကျုပ်တို့ရွာက စိုက်ထားတဲ့ စပါး၊ နှမ်းနဲ့ ပြောင်းဖူးခင်းတွေထဲမှာ မကြာမကြာ ဝင်ရောက်ချိုးဖဲ့စားသောက်ကြတာ ကလား။ ကျုပ်တို့ရွာသာမဟုတ် အနီးတစ်ဝိုက်မှာရှိတဲ့ တခြားရွာတွေနံဘေးမှာ စိုက်ထားတဲ့ စိုက်ခင်းတွေကိုလည်း မကြာခဏ ဝင်ရောက်စားသောက် ဖျက်ဆီးကြတာကလား။ အလွန်ယုတ်မာတဲ့ သတ္တဝါတွေပါပဲ”
“ဟုတ်ပ”
“မနှစ်တုန်းကဆိုရင် တောဆင်ရိုင်းကြီးတစ်ကောင်ဟာ မန်ဒန်ရွာစပ်ကိုဝင်ပြီး တဲတစ်တဲကို ဆွဲဖြိုသွားသေးတယ်။ ဆွဲဖြိုနေစဉ်အခါမှာ တစ်ရွာလုံးက ဝါးကတက်တွေကို ရိုက်တီးပြီး ဒီတောဆင်ကြီးကို ခြောက်လှန့်ကြတယ်။ ကျုပ်လည်း အလွန်စိတ်ဆိုးပြီး ဒီဆင်ရိုင်းကြီးဆီကို တိတ်တိတ်သွားပြီးတော့ ၁ဝ လံလောက်အကွာက သူ့လက်ပြင်အထက်ကို လုံးချင်းသေနတ်နဲ့ တစ်ချက် ပစ်ထည့်လိုက်တယ်။ ကိုးလုံး ကျည်ယမ်းတောင့်နဲ့ ပစ်လိုက်တယ်”
“ဒီလိုပစ်လိုက်တော့ တောဆင်ကြီးဟာ ဘယ်လိုဖြစ်သွားသလဲ”
“ဒီဆင်ကြီးဟာ ဆင်လိမ်မာကြီးဗျ။ သူ့လက်ပြင်အထက် ကိုးလုံးကျည်တွေ မှန်သွားတော့ သွေးနည်းနည်း ထွက်လာတာကိုး”
“ဟုတ်ပ”
“ဒီဆင်ကြီးဟာ အလွန်လိမ္မာတာကလား။ သူ့နှာမောင်းဖျားနဲ့ ဖုန်မှုန့်တစ်ဆုပ်ကို ကျုံးယူပြီး ဒဏ်ရာပေါ်မှာ သိပ်ထည့်လိုက်ပြီး ရွာပြင်ကို ထွက်သွားတော့တာပဲ။ ဒီဆင်ကြီးဟာ သူ့အနာကို မယဉ်းအောင် ကာကွယ်တတ်တာကိုး”
“ဟုတ်ပ . . . အင်မတန်ရဲတဲ့ ဆင်ကြီးပါပဲ။ ကျွန်တော် သူနဲ့ တွေ့ချင်စမ်းပါဘိ။ အခု မန်ဒန်ရွာကို ကျွန်တော် လာရောက်ရခြင်းအကြောင်းကတော့ တောဆင်ရိုင်းကို မပစ်ဖူးသေးလို့ တောဆင်ရိုင်းတစ်ကောင်ကို ပစ်ချင်လို့ပါပဲ။ အထူးသဖြင့် စွယ်စုံရှိတဲ့ တောဆင်ရိုင်းတစ်ကောင်ကို ပစ်ချင်ပါတယ်။ တောဆင်ရိုင်းတွေရဲ့ ဓလေ့စရိုက်များကို ရွာခေါင်းကြီး သိထားပါသလား”
“ဟုတ်ပ … ကျုပ် ကောင်းကောင်းကြီး သိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ကသာမြို့ပေါ်မှာနေတဲ့ အင်္ဂလိပ်သစ်တောအရေးပိုင် မစ္စတာဝက်ဟာ ကျုပ်တို့ရွာကို မကြာမကြာ လာရောက်ပြီး ကျုပ်နဲ့အတူ ရွာအနောက်ဘက်မှာရှိနေတဲ့ တောတောင်တွေပေါ်တက်ပြီး ဆင်ရိုင်းတွေကို ပစ်ခတ်လေ့ရှိပါတယ်။ မစ္စတာဝက်ဟာ တောဆင်ရိုင်းငါးကောင်ကို ပစ်ခတ်ရရှိခဲ့ပါတယ်”
“ဟုတ်ပ . . . ဆက်ပြီး ပြောပြပါခင်ဗျာ”
“တောဆင်ရိုင်းတွေဟာ ခန္ဓာကိုယ် အလွန်ကြီးထွားကြပါတယ်။ ဒါပေမဲ့ သူတို့ကို မြင်မိရင် ကြောက်စရာအလွန်ကောင်းပေမဲ့ သူတို့ရဲ့ ဓလေ့စရိုက်တွေကို သိထားရင်တော့ သူတို့ကို လွယ်လွယ်နဲ့ပဲ ပစ်ခတ်နိုင်ပါတယ်။ တောတောင်များအတွင်း နေပျော်ကြတဲ့ သားကောင်တွေထဲမှာ တောဆင်ရိုင်းတွေကို ပစ်ခတ်ရတာ အလွယ်ဆုံးပါပဲ”
“ဘယ်လို လွယ်ပါသလဲခင်ဗျာ . . .”
“တောဆင်ရိုင်းများဟာ အအုပ်အသင်းဖွဲ့ပြီး နေလေ့ရှိကြတယ်။ သူတို့ဟာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် တောတောင်တွေထဲမှာ ဝါးကိုင်းတွေကို နှာမောင်းနဲ့
ဆွဲချပြီး ဝါးရွက်နုတွေကို စားလေ့ရှိကြတယ်။ ဝါးရွက်နုတွေကို သူတို့ အလွန်ကြိုက်ကြတယ်။ သူတို့စားပြီးလို့ ကျန်နေတဲ့ဝါးရွက်တွေကို ပြောင်နဲ့ စိုင်တွေက စားကြတယ်”
“ဟုတ်ပ”
“တောဆင်တွေဟာ အင်မတန်နားပါးပြီး အနံ့ခံကောင်းကြတယ်။ အစာစားနေစဉ်အခါမှာ မကြာခဏ နှာမောင်းတွေကို ထောင်ပြီး ရန်သူရဲ့အနံ့ကို ခံလေ့ရှိကြ တယ်။ လူနံ့ရတာနဲ့တစ်ပြိုင်နက် လန့်ဖျပ်အောင် အော်ဟစ်ပြီး ထွက်ပြေးကြတော့တာပဲ။ အဲဒီလို ထွက်ပြေးကြတဲ့အခါမှာ သူတို့ဟာ အင်မတန် ဒေါသကြီးပြီး လူကိုမြင်လိုက်ရင် နှာမောင်းနဲ့ရိုက်ပြီး နင်းသတ်တော့တာပဲ။ အစွယ်ရှိတဲ့ဆင်က အစွယ်နဲ့ ထိုးသတ်တာပဲ”
“ဟုတ်ပ”
“ဒါကြောင့် တောဆင်အုပ်ကြီးလန့်ပြီး ပြေးထွက်ကြတဲ့အခါမှာ တောဆင်ကို ပစ်လိုတဲ့ မုဆိုးဟာ ဘယ်ကိုမှမပြေးဘဲ ဝါးရုံတစ်ရုံရဲ့နံဘေးမှာ မလှုပ်ယှက်ဘဲ ငြိမ်သက်စွာ ရပ်နေလိုက်ရင် ဘေးကင်းတော့တာပဲ။ သတ္တိရှိရှိနဲ့ မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ ရပ်နေလိုက်ရင် ဒေါသစိတ်တွေ မွှန်နေတဲ့ တောဆင်တွေဟာ ဒီမုဆိုးကို မမြင်တော့ဘဲ ကျော်လွန်သွားကြတော့တာပဲ။ ဘာကြောင့်လဲဆိုရင် တောဆင်တွေဟာ နားနဲ့နှာခေါင်း အလွန်ကောင်းကြပေမဲ့လို့ မျက်စိအား အလွန်နည်းကြတာကိုး”
“ဟုတ်ပ”
“တောင်ပေါ်မှာ တောဆင်ရိုင်းအုပ်ရောက်နေရင် ဝါးကိုင်းတွေဆွဲချသံတွေကို နှစ်မိုင် သုံးမိုင် အဝေးလောက်က ကောင်းကောင်းကြီး ကြားနိုင်တယ်။ ဒါကြောင့် တောဆင်ပစ်လိုတဲ့မုဆိုးဟာ တောဆင်အုပ်ရှိတဲ့နေရာကို နည်းနည်းမှ အသံမကြားစေဘဲ ဖြည်းဖြည်းညင်းညင်း ဝင်ရောက်သွားပြီး မိမိကြိုက်ရာအကောင်ကို ရွေးပြီး ပစ်နိုင်တယ်။ အလွန်လွယ်ပါတယ်။ ဒါပေမဲ့ လေအောက်ကဝင်မှ ရတယ်”
“ဟုတ်ပ . . . တောဆင်ကို ဘယ်လောက်အဝေးက ပစ်နိုင်ပါသလဲ”
“ဝါးရုံတစ်ရုံနဲ့ကွယ်ပြီး ၁ဝ ပေ၊ ၁၅ ပေလောက်က ပစ်လို့ရပါတယ်။ ပစ်ပြီးတာနဲ့ မုဆိုးဟာ ဆင်အုပ်ကြီး ပြေးထွက်သွားတဲ့အထိ ဝါးရုံရဲ့အနောက်မှာကွယ်ပြီး ၁၅ မိနစ်လောက် ငြိမ်ငြိမ်သက်သက် နေလိုက်ဖို့လိုတယ်။ ငြိမ်ငြိမ်မနေ လှုပ်ရှားမိရင် ပြေးထွက်လာတဲ့ဆင်တစ်ကောင်ကောင်က မြင်သွားပြီး နှာမောင်းနဲ့ရိုက်ပြီး နင်းသတ်မှာ သေချာလှတယ်။
တောဆင်တွေကို အခြားသားကောင်တွေလို တောတောင်အနှံ့ လိုက်လံရှာဖွေဖို့ မလိုဘူး။ တောင်ပေါ်မှာ သူတို့ရောက်နေရင် ဝါးကိုင်းချိုးသံနဲ့ အော်မြူးသံတွေကို အဝေးက ကြားနိုင်ပါတယ်”
“ဟုတ်ပ … ဒီလိုပြောပြတာ အင်မတန်ကျေးဇူးတင်ပါတယ်”
“ကျုပ်တို့ရွာနားမှာ ဆင်ရိုင်းတွေရှိကြောင်း ကိုရဲ ဘယ်လိုသိခဲ့ရပါသလဲ”
“ကျွန်တော်ပိုင်တဲ့ ရွှေဘိုက ဆန်စက်တစ်စက်မှာ ကိုခင်လို့ခေါ်တဲ့ လူတစ်ယောက် အလုပ်လုပ်နေပါတယ်။ သူက မန်ဒန်ရွာသားဖြစ်ကြောင်း၊ သူ့ရွာအနားက တောတောင်တွေမှာ တောဆင်တွေပေါကြောင်း ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ နောက်ပြီးတော့လည်း သူဟာ ရွာခေါင်းကြီးရဲ့ ညီတစ်ဝမ်းကွဲတော်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်”
“မှန်း… ဟုတ်ပ။ မောင်ခင်ဟာ ကျုပ်ညီတစ်ဝမ်းကွဲပါပဲ။ လွန်ခဲ့တဲ့ မိုးရာသီမှာ သူ အလုပ်သွားရှာမယ်လို့ ကျုပ်ကိုပြောပြီး ရွာကထွက်သွားတယ်။ သူ အခု ကိုရဲရဲ့ ဆန်စက်တစ်စက်မှာ အလုပ်ရနေပြီကိုး။ ကျုပ် အလွန်ဝမ်းသာတယ်။ မောင်ခင်ဟာ လူရိုးလူကောင်းတစ်ယောက်ဗျ”
“တောဆင်ရိုင်းတွေဟာ မန်ဒန်ရွာနားတစ်ဝိုက်မှာ နေထိုင်ကျက်စားလေ့ရှိကြကြောင်း၊ ရွာသားတွေရဲ့ စိုက်ခင်းတွေထဲကို ဝင်ရောက်စားသောက်ဖျက်ဆီးကြကြောင်းများကို ကိုခင် ကျွန်တော့်ကို မကြာမကြာ ပြောပြခဲ့ပါတယ်”
“ဟုတ်ပ . . . တောဆင်ရိုင်းတွေဟာ ကျုပ်တို့ရွာတွင် မကဘဲ အနီးတစ်ဝိုက်မှာ ရှိကြတဲ့ ရွာတွေနားက ပြောင်းခင်းနဲ့ နှမ်းခင်းများအတွင်းကိုလည်း မကြာခဏ ဝင်ရောက်စားသောက်ကြတယ်။ စားသောက်ကြရုံသာမက စိုက်ခင်းတွေကို နင်းခြေပြီး ဖျက်ဆီးပစ်ကြတော့တယ်။ ဒါကြောင့် စိုက်ခင်းရှင်တွေဟာ အလွန်နစ်နာ ဆုံးရှုံးကြရရှာတော့တယ်”
“ဟုတ်ပ”
“ဒီတောဆင်ရိုင်းအုပ်ကြီးနဲ့အတူ ပန်းဆင်ကြီးတစ်ကောင် အမြဲတမ်း ပါလာတတ်တယ်။ ဒီပန်းဆင်ကြီးဟာ အရပ်အမြင့်ဆုံး အထွားကျိုင်းဆုံးပါပဲ။ ဒါပေမဲ့ သူဟာ ဆင်အုပ်ကြီးနဲ့ ရောပြီးမနေဘဲ ဆင်အုပ်ရဲ့ ခပ်လှမ်းလှမ်းမှာပဲ နေလေ့ရှိတယ်။ နောက်တော့လည်း ဒီပန်းဆင်ကြီးဟာ စိုက်ခင်းတွေကို အဖျက်ဆီးဆုံး၊ ဒေါသလည်း အကြီးဆုံးပါပဲ။ လူကို တွေ့ပြီဆိုရင် သတ်ဖို့ အမြဲလိုက်တော့တာပဲ။ အလိုက်ခံရတဲ့ ရွာသားတိုင်းဟာ သေပြေးရှင်ပြေး ပြေးရဖန်များလှပြီ။ ရွာသားတွေဟာ အလိုက်ခံရတဲ့အခါမှာ အပြေးတတ်လို့သာ အသက်ဘေးက လွတ်ကြရတော့တယ်”
“ဘယ်လို အပြေးတတ်ကြပါသလဲ”
“ဟုတ်ပ …ဆင်အလိုက်ခံရရင် ဖြောင့်ဖြောင့်မပြေးရဘူး။ ဟိုကွေ့ ဒီကောက်ပြေးပြီး ဝါးရုံတစ်ရုံအောက်မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင် ဆင်ဟာ သူ့ကို မမြင်တော့ဘဲ မျက်ခြည်ပြတ်ပြီး ကျော်လွန်သွားတော့တာပဲ။ ဖြောင့်ဖြောင့်သာ ပြေးရင် ဘယ်တော့မှ မလွတ်နိုင်ဘဲ တောဆင်ရဲ့ အနင်းကို ခံရတာချည်း။
တောဆင်တွေဟာ အလွန်အပြေးမြန်ကြတာကလား။ ဒီပန်းဆင်ကြီး အလိုက်ခံရလို့ သေပြေးရှင်ပြေး ပြေးခဲ့ရတဲ့ ကျုပ်တို့ရွာသားတွေ တော်တော်များပြီ”
“အင်မတန်ဆိုးတဲ့ ဆင်ကြီးပါကလား . . . ဒါထက် ပန်းဆင်ဆိုတာ ဘယ်လိုဆင်မျိုးပါလဲ”
“ပန်းဆင်ဆိုတာ ဆင်အုပ်ထဲမှာမနေဘဲ ဆင်အုပ်ရဲ့ ခပ်လှမ်းလှမ်းမှာပဲ လှည့်ပတ်နေထိုင်လေ့ရှိတဲ့ ဆင်ကြီးမျိုးပေါ့”
“ဟုတ်ပ”
“ပန်းဆိုတဲ့စကားဟာ လှည့်ပတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ရဟန်းများခါးမှာ လှည့်ပတ်ပြီး ချည်နှောင်တဲ့ကြိုးကို ခါးပန်းကြိုး၊ တောင်ရဲ့ခါးအလယ်မှာ လှည့် ပတ်ပြီး ဖြစ်ပေါ်နေတဲ့နေရာကို တောင်ခါးပန်းလို့ ခေါ်ကြတယ်မဟုတ်လား”
“ဟုတ်ပ . . . ကျွန်တော် နားလည်သဘောပေါက်ပါပြီ။ ခုနက ရွာခေါင်းကြီး ပြောပြတဲ့ ပန်းဆင်ကြီးမှာ အစွယ်ရှိပါလား”
“အစွယ်နှစ်ချောင်းတောင် ရှိပါတယ်။ စွယ်စုံဆင်ကြီးပါပဲ”
“ဒီပန်းဆင်ကြီးကို ကသာက အင်္ဂလိပ်သစ်တော အရေးပိုင် မပစ်ခဲ့ဘူးလား”
“တစ်ခါက ပစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆင်ကြီးဟာ ချက်ကောင်းမမှန်လို့ လဲမကျဘဲ ထွက်ပြေးသွားလေရဲ့။ ဒီသစ်တောအရေးပိုင်က စိတ်မကျေလို့ ဒီဆင်ကြီးကို နောက်ထပ်ပစ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ဆင်ကြီးက အလွန်ပါးနပ်လွန်းလို့ နောက်ထပ်ပစ်ခွင့် မရနိုင်ခဲ့ဘူး”
“ဟုတ်ပ … ကျွန်တော့်ကို အခုလိုပြောပြတဲ့အတွက် ရွာခေါင်းကြီးကို ကျွန်တော် အင်မတန် ကျေးဇူးတင်ပါတယ်။ ရွာခေါင်းကြီး စိတ်မပူပါနဲ့တော့။ ဒီပန်းဆင်ကြီးကို ကျွန်တော် မသေသေအောင် ပစ်သတ်ပေးပါမယ်”
“ဒီပန်းဆင်ကြီးကိုသာ ပစ်သတ်ပေးမယ်ဆိုရင် ကျုပ်တို့ရွာသာမက အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ခေါက်ဆင်းရွာနဲ့ ပင်းချိုင်းရွာသူရွာသားအားလုံးတို့ဟာ ကိုရဲ ကို အလွန်ကျေးဇူးတင်ကြလိမ့်မယ်”
“ဟုတ်ပ … စိတ်ချပါ။ ဒီပန်းဆင်ကြီးကို ကျွန်တော် မသေ သေအောင် ပစ်သတ်ပေးပါ့မယ်”
“ဒီပန်းဆင်ကြီးဟာ တခြားဆင်တွေလို မဟုတ်ဘူး။ လူကိုမြင်ရင် ထိုးသတ်ဖို့ အမြဲလိုက်တော့တာပဲ။ မနှစ်တုန်းက ပင်းချိုင်းရွာခေါင်းဟာ ဒီပန်းဆင်ကြီးကို သူ့ လုံးချင်းသေနတ်ထဲမှာ ကျည်မကြီးထည့်ပြီး တစ်ချက်ပစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျည်မကြီးဟာ ဆင်ကြီးရဲ့ အသားထဲ မဝင်နိုင်ဘဲ ပြားပြီးကျလာတော့တယ်။ လုံးချင်း သေနတ်ဆိုတော့ အားပျော့တာကိုး။
ပန်းဆင်ကြီးလည် အလွန်ဒေါသထွက်သွားပြီး ပင်းချိုင်းရွာခေါင်းနောက်ကို သတ်ဖို့ လိုက်သေးတယ်။ ပင်းချိုင်းရွာခေါင်းက ခြေတစ်ဖက်ဆာနေလေတော့ မြန်မြန်မပြေးနိုင်ဘဲ ညောင်ပင်ကြီးတစ်ပင်ပေါ် တက်ပြေးနိုင်လို့ အသက်ဘေးက လွတ်မြောက်သွားနိုင်ခဲ့တော့တယ်။ ညောင်ပင်ရင်းမှာ သူပစ်ချခဲ့တဲ့ လုံးချင်းသေနတ်ကိုတော့ ပန်းဆင်ကြီးက နင်းချိုးပစ်လိုက်တော့တယ်”
“ဟုတ်ပ၊ ဒီလိုဆိုရင် ရွာခေါင်းကြီး စိတ်ချပြီးနေပါတော့။ ဒီပန်းဆင်ကြီးကို သေအောင်ပစ်သတ်ပြီးမှသာ ကျွန်တော် ရွှေဘိုမြို့ကို ပြန်ပါတော့မယ်လို့ ကတိပေးပါတယ်။ ယုံကြည်စေလိုပါတယ်”
“ဟုတ်ပ … ကိုရဲ ကတိပေးတာကိုကြားလိုက်တော့ ကျုပ် အလွန်ဝမ်းသာပါတယ်။ ကြိုတင်ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ ကိုရဲဘေးမှာ ထောင်ထားတဲ့ နှစ်လုံးပူးသေနတ်နဲ့ ဒီပန်းဆင်ကြီးကိုပစ်လို့သေပါ့မလား။ ဒီပန်းဆင်ကြီးဟာ အလွန် အသက်ပြင်းတယ်။ အလုံးအဖန် အင်မတန်ထွားကျိုင်းပြီး အရပ်လည်း မြင့်လွန်းတယ်”
“ဒီနှစ်လုံးပူးသေနတ်ဟာ ရိုးရိုးသေနတ်မဟုတ်ပါဘူး။ သေနတ်ရဲ့ ပြောင်းနှစ်ပြောင်းအတွင်းမှာ အရစ်တွေပါတဲ့ ရိုင်ဖယ်သေနတ်ကြီးဖြစ်ပါတယ်။ .၅၇၇ (မင်တွန်) ရိုင်ဖယ်သေနတ်လို့ ခေါ်ပါတယ်။ ဒီရိုင်ဖယ်သေနတ်ထဲမှာထည့်ပြီး ပစ်ရတဲ့ ကျည် တောင့်ထဲမှာ ဂရမ် ၅၅၀ အလေးချိန်ရှိတဲ့ ကျည်ဆန်ပါရှိတယ်။ ဒီကျည်ဆန်ရဲ့ ရိုက်အားဟာ ပြောင်းဝရဲ့ တစ်ပေအကွာမှာ ပေါင် ၆ဝဝဝ နီးပါးရှိလို့ အင်မတန် ပြင်းထန်တယ်။ ဘယ်လောက်ကြီးတဲ့ ဆင်ရဲ့ဦးခေါင်းကိုဖြစ်ဖြစ်၊ လက်ပြင်အထက်ကို ဖြစ်ဖြစ် ပစ်လိုက်ရင် တစ်ချက်တည်းနဲ့ သေစေနိုင်တယ်”
“ဟုတ်ပ၊ ဒီနှစ်လုံးပူးသေနတ်ကြီးဟာ ရိုးရိုးမဟုတ်ဘဲ ရိုင်ဖယ်သေနတ်ကြီးကိုး . . .။ ဒီလိုဆိုရင် စိတ်ချနိုင်ပါပြီ”
“ကျွန်တော်ရဲ့ မွေးစားညီ မောင်သန်းခေါင် မကြာသေးခင်က ဆတ်နဲ့ ဒေါင်းတွေကို ပစ်လာခဲ့တဲ့ နှစ်လုံးပူးသေနတ်ကတော့ ရိုးရိုးပါပဲ။ ဒါပေမဲ့ ပြောင်းဝရဲ့အဖျားမှာ နှစ်လက်မရှည်တဲ့ အရစ်တွေပါရှိနေလို့ ကျည်ချွန်ပါတဲ့ ကြေးယမ်းတောင့်ကို ထည့်ပြီးပစ်ရင် ဆင်ကို သေစေနိုင်ပါတယ်။ ဒီကျည်ချွန်ရဲ့ ရိုက်အားဟာ ပြောင်းဝရဲ့ တစ်ပေအကွာမှာ ပေါင် ၃၆ဝဝ ဆိုတော့ ဒီသေနတ်လောက်တော့ မပြင်းထန်လှဘူးပေါ့”
“ဟုတ်ပ ကျုပ်သဘောပေါက် နားလည်ပါပြီ။ မနက်ဖြန်မနက် လက်ဖက်ရည်ကြမ်းသောက်ပြီးတဲ့အခါမှာ ကိုရဲကို ကျွန်တော်ကိုယ်တိုင် ဆင်အုပ်တွေနေတဲ့ တောတောင်ထဲကို ပို့ဆောင်ပေးပါမယ်။ ကိုရဲ ခရီးပန်းလာတဲ့အတွက် အိပ်ပါတော့”
“ဒီလို ကျွန်တော့်ကို ပို့ဆောင်ပေးမယ်ဆိုတာကြားရလို့ အင်မတန်ကျေးဇူးတင်ပါတယ်။ ရွာခေါင်းကြီးလည်း လုံးချင်းသေနတ်ကို ယူဆောင်သွားပါ။ ပစ်ဖို့ ယမ်းတောင့်တွေကို ကျွန်တော် ပေးပါ့မယ်”
“ဟုတ်ပ”
(၃)
နောက်ရက်နံနက်တွင် ကျွန်တော်တို့သည် ကောက်ညှင်းပေါင်းနှင့် ဆတ်သားကြော်များကို လက်ဖက်ရည်ကြမ်းနှင့် အဝအပြဲစားသောက်ကြ၍ ပြီးသည်၏အဆုံး၌ မန်ဒန်ရွာ၏ အနောက်စွန်တွင် နေထိုင်သော ဖိုးနီဆိုသူသည် ရွာခေါင်းကြီးထံသို့ အပန်းတကြီး အပြေးအလွှားရောက်လာပြီး . . .
“ရွာခေါင်းကြီး . . . ရွာခေါင်းကြီး . . . ကယ်တော်ပါ. . . ကယ်တော်မူပါ”
“ဟင် ဖိုးနီပါလား . . . ဘာဖြစ်လို့တုံး”
“ပန်းဆင်ကြီး . . . ပန်းဆင်ကြီး. . . ”
“ဟဲ့ . . . ပန်းဆင်ကြီး ဘာဖြစ်သလဲ”
“ပန်းဆင်ကြီးနင်းသတ်လို့ ကျွန်တော့်ညီ မောင်ပု သေသွားပြီ”
“ဟင် . . . ဘယ်တုန်းက နင်းသတ်သလဲ”
“မကြာသေးပါဘူး၊ နာရီဝက်လောက်ပဲ ရှိသေးတယ်။ မောင်ပုဟာ ပြောင်းခင်းထဲကိုအသွားမှာ ပန်းဆင်ကြီးနဲ့ ပက်ပင်းပါတွေ့ မိလို့ ကျွန်တော့်ရဲ့ တဲအိမ်ဆီကို အော်ပြီး အမြန်ပြေးလာခဲ့တယ်။
ကျွန်တော်လည်း အော်သံကြားလို့ ကြည့်လိုက်တော့ ပန်းဆင်ကြီးဟာ မောင်ပုကို နှာမောင်းနဲ့ ရိုက်ချပြီးခြေနဲ့ နင်းသတ်လိုက်တော့တာပဲ။ ဒါနဲ့ ကျွန်တော်လည်း အင်မတန်ကြောက်ပြီး တဲအိမ်နောက်ဖေးပေါက်က ခုန်ဆင်းပြီး ပြေးလာခဲ့ရတော့တယ်။
တဲအိမ်ထဲမှာ ကျွန်တော့်မိန်းမနဲ့ ကလေးနှစ်ယောက် ကျန်ရှိနေပါတယ်။ ကယ်တော်မူပါ ရွာခေါင်းကြီး … အမြန်ကယ်တော်မူပါ”
ချက်ချင်းပင် ကျွန်ုပ်၊ မောင်သန်းခေါင်နှင့် ရွာခေါင်းကြီး ကိုဖိုးစုတို့သည် သေနတ်အသီးသီးကို ကျည်တောင့်များထိုးပြီး မောင်ဖိုးနီ၏ တဲအိမ်ဘက်ဆီသို့ အမြန်သွားရောက်ကြတော့သည်။
သို့ငြားလည်း ပန်းဆင်ကြီးသည် ရွာအနောက်ဘက်ရှိ တောင်ခြေဘက်ဆီသို့ ထွက်ခွာသွားနှင့်ပြီဖြစ်၍ ၎င်းအား ပစ်ခွင့်မရနိုင်ခဲ့တော့ချေ။
မောင်ဖိုးနီ၏ တဲအိမ်အနောက်ဘက် ပေ ၃ဝဝ ခန့်အကွာတွင် ပန်းဆင်ကြီး အနင်းခံခဲ့ရသဖြင့် တစ်ကိုယ်လုံးပြားနေပြီဖြစ်သော မောင်ပု၏အလောင်းကို ဝမ်းနည်းဖွယ် တွေ့မြင်ကြရတော့သည်။ မောင်ဖိုးနီ၏ဇနီးကား ကျွန်ုပ်တို့အသံများကို ကြားလိုက်တော့မှပင် တဲအပြင်သို့ ထွက်လာဝံ့တော့သည်။
မောင်ဖိုးနီသည် မိမိ၏ညီဖြစ်သူ မောင်ပု၏အလောင်းကို မြေတွင် တွင်းတူးမြှုပ်နှံပြီးသော် ကျွန်ုပ်တို့သည် ပန်းဆင်ကြီးနောက်သို့ လိုက်သွားကြတော့သည်။ ၎င်း၏ခြေရာများမှာ အတော်ပင်ကြီးသည်ကို တွေ့ မိချေတော့သည်။ ကိုဖိုးစုကား အံသွားများ ကြိတ်ပြီးရင်း ကြိတ်ပြန်ရင်းနှင့်။
နှစ်နာရီမျှအကြာတွင် ကျွန်ုပ်တို့သည် တောင်ခြေရင်းတွင် ပန်းဆင်ကြီး ယိုချသွားသော ချေးပုံကြီးတစ်ပုံကို တွေ့ မြင်ရပေတော့သည်။ ချေးပုံထဲတွင် မကြေမညက်သေးသော ပြောင်းဖူးစေ့များကို တွေ့ ရသဖြင့် ရွာခေါင်းကြီးက ပန်းဆင်ကြီးသည် အတော်အသက်ကြီးလာပြီး ဝမ်းတွင်းမီးညံ့နေပြီဖြစ်ကြောင်း ထင်မြင်ချက်ပေးလေတော့သည်။
ကျွန်ုပ်သည် ပန်းဆင်ကြီးကို တောအတွင်း ချုံမထူလှသော နေရာတစ်နေရာတွင် မုချတွေ့ ရှိပြီး ပစ်ခွင့်ရလိမ့်မည်ဟု ထင်စားမိခဲ့တော့သည်။ သို့ငြားလည်း ၎င်းသည် အလွန်ပါးနပ်နေပြီဖြစ်ရာ တောချုံထူထပ်သော မြောင်းကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ကာ အိပ်နှင့်နေပြီလောဟု တွေးချင့်မိချေတော့သည်။
နွေရာသီတပေါင်းလဖြစ်သည့်အားလျော်စွာ တောတောင်ပတ်ဝန်းကျင်သည် သာတောင့်သာယာ ရှိလှပေတော့သည်။ တစ်ချက်တစ်ချက် သုတ်ဖျန်းကာ တိုက်ခတ်လိုက်သောလေသည် အင်ကြင်းပန်းတို့၏ရနံ့များကို သယ်ဆောင်လာသည်ဖြစ်ရာ တစ်တောလုံး မွှေးကြိုင်သွားတော့သည်။ နွေရာသီ မိန်ဓလေ့ပေတကား။ ။
မကြာမီပင် ကျွန်ုပ်တို့သည် ထူထပ်စွာ ယှက်သန်းပေါက်ရောက်နေသော ဝါးတောကြီးတစ်ခုအတွင်းသို့ ရောက်သွားကြပေတော့သည်။
မျောက်လွှဲကျော်တစ်အုပ်သည် ကျွန်ုပ်တို့အား တွေ့မြင်သောကြောင့် သစ်ပင်တစ်ပင်မှ တစ်ပင်ပေါ်သို့ ခုန်လွှဲကာ ကူးပြောင်းကုန်ကြရကား ပန်းဆင်ကြီးသည် ၎င်းတို့၏အသံများကို မကြားမိပါစေနှင့်ဟု ကျွန်ုပ် ဆုတောင်းမိတော့သည်။
ဝါးရုံများအောက်တွင် ကြွေကျနေသော ဝါးကိုင်းနှင့် ဝါးရွက်ခြောက်များကြောင့် ကျွန်ုပ်တို့သည် အသံမြည်အောင် လမ်းမလျှောက်နိုင်ရကား ပန်းဆင်ကြီး နင်းသွား၍ ထင်ကာ ကျန်ရစ်ခဲ့သော ခြေရာများပေါ်တွင်သာ တဖြည်းဖြည်း နင်းလျှောက်ကာ သွားရတော့သည်။
ကျွန်ုပ်တို့သည် ပန်းဆင်ကြီး၏ ခြေရာများကိုကောက်ကာ တဖြည်းဖြည်း သွားကြရာ ၎င်းသည် တောင်ကမ်းပါးပေါ်သို့ တက်သွားသည်ကို တွေ့သိရပေတော့သည်။ ထိုနေရာမှာ ဆူးချုံများ ပေါက်နေကြသောကြောင့် ကျွန်ုပ်တို့သည် ဆူးချုံများအောက်မှ ပြားပြားဝပ်ကာ ခက်ခဲစွာ တွား၍ သွားနေရချေတော့သည်။
မကြာမီပင် ပန်းဆင်ကြီး ခေတ္တရပ်နားသွားသော နေရာကို မြင်တွေ့ရသဖြင့် ကျွန်ုပ်တို့သည် လွန်စွာအားတက်မိကြပေတော့သည်။
ပန်းဆင်ကြီးသည် မရပ်မနားဘဲ သွားနေကြောင်း သိရသဖြင့် ကျွန်ုပ်တို့မှာ လွန်စွာဝမ်းမြောက်ကြပေတော့သည်။
အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ကျွန်ုပ်တို့ မြေပြင်ပေါ်တွင် ပြားဝပ်ကာ ရင်ဖြင့်တွား၍သွားကြရသည်ကို ပန်းဆင်ကြီး မြင်တွေ့သွားပါက ကျွန်ုပ်တို့အားလုံးကို နင်းသတ်တော့မည်မှာ သေချာနေချေတော့ သည်။
နောက်များမကြာမီ ကျွန်ုပ်တို့ရှေ့ဆီမှ သစ်ကိုင်းကျိုးသံကို ကြားလိုက်ရသောကြောင့် ကျွန်ုပ်တို့သည် ငြိမ်သက်စွာနေလိုက်ကြရတော့သည်။ ပန်းဆင်ကြီးသည် ကျွန်ုပ်တို့ရှေ့ မဝေးလှသောတစ်နေရာတွင် ဝါးကိုင်းတစ်ကိုင်းကို ဆွဲချိုးကာ ဝါးရွက်များကို စားနေကြောင်း ရိပ်စားမိတော့သည်။
သို့နှင့် ကျွန်ုပ်တို့သည် မြေပေါ်တွင် ဆက်၍တွားသွားကာနေရာမှ ဝါးရုံများအကြားသို့ ရောက်လာပြီဖြစ်၍ မတ်တတ်ထကာ သွားနိုင်ကြပြန်တော့သည်။
မကြာမီပင် ဝါးကိုင်းချိုးသံများကို ကြားရပြန်သောကြောင့် ပန်းဆင်ကြီးသည် ကျွန်ုပ်တို့နှင့် များများမဝေးတော့ကြောင်း မျက်ရမ်းဆမိတော့သည်။
ထိုအချိန်အခါတွင် လေသည် မကြာခဏ တိုက်ခတ်နေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် လေအထက်တွင် ရှိနေသည်၊ သို့မဟုတ် လေအောက်သို့ ရောက်နေ သည်ကို မဝေခွဲနိုင်စွမ်းချေ။
အကယ်၍ ကျွန်ုပ်တို့သည် လေအထက်သို့ ရောက်နေပါကလည်း ဤကဲ့သို့ ဝါးရုံများ ထူထပ်စွာ ပေါက်နေသော နေရာထဲတွင် ပန်းဆင်ကြီး၏ လေအောက်ဘက်ဆီသို့ ပြောင်းရွှေ့သွားရန် စိုးစဉ်းမျှ မလွယ်ကူတော့ချေ။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရွာခေါင်းကြီး ကိုဖိုးစုသည် ခေတ္တမျှရပ်လိုက်ပြီးလျှင် ကျွန်ုပ်အား ဝဲဘက်နေရာသို့ လက်ညှိုးထိုးပြလိုက်တော့သည်။
သို့နှင့် ကျွန်ုပ်သည် ၎င်းပြလိုက်သော နေရာကိုကြည့်လိုက်ရာ ဘာကိုမျှ မတွေ့ မြင်ရငြားလည်း ထိုနေရာသို့ .၅၇၇ နှစ်လုံးပူးရိုင်ဖယ်သေနတ်ကြီးကို ပင့်ကာ ချိန်ထားလိုက်တော့သည်။
ထိုခဏ၌ပင်လျှင် ကျွန်ုပ်တို့ရှေ့ ပေ ၃ဝ မျှအကွာနေရာလောက်ဆီမှ ဝါးကိုင်းချိုးသံများကို ထပ်မံ၍ ကြားလိုက်ရပြန်သဖြင့် ကျွန်ုပ်သည် ရိုင်ဖယ်သေနတ်၏ သော့ခလုတ်ကို ရှေ့သို့ တွန်းထားလိုက်ပြီး ပန်းဆင်ကြီးကို မြင်လိုက်လျှင် မြင်လိုက်ချင်း ပစ်နိုင်ရန် အဆင်သင့်စောင့်၍ နေပေတော့သည်။
ချက်ချင်းပင် ဝါးကိုင်းချိုးသံများကို မကြားရတော့ဘဲ တစ်တောလုံး တိတ်ဆိတ်သွားတော့သဖြင့် ကျွန်ုပ်တို့သည် စိုးစဉ်းမျှ မလှုပ်ရှားဘဲ ငြိမ်သက်စွာ နေလိုက်ကြတော့သည်။
ထို့နောက် ဝါးရုံတစ်ရုံသည် အထူးပင် လှုပ်ခါသွားပြီး ပန်းဆင်ကြီးလည်း တောင်ခါးပန်းပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားသည်ကို ဝမ်းနည်းစွာ မြင်တွေ့ ရချေတော့သည်။
ရုတ်တရက် တိုက်ခတ်လိုက်သောလေကြောင့် ပန်းဆင်ကြီးသည် ကျွန်ုပ်တို့ အနံ့ကို ရသွားပြီး ထွက်ပြေးသွားခြင်းပင်။
သို့နှင့် ကျွန်ုပ်နှင့် ရွာခေါင်းကြီးသည် အလွန်ဝမ်းနည်းသော ဟန်အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။ သန်းခေါင်ကား လေသံဖြင့် အခွန်းပေါင်းများစွာ ဆဲဆိုလိုက်တော့သည်။
တစ်နာရီမျှအကြာတွင် နေဝင်သွားတော့မည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် ဇွဲကိုမလျှော့ဘဲ ပန်းဆင်ကြီးနောက်သို့ ခြေရာခံကာ လိုက်မြဲလိုက်ကြပြန်တော့သည်။ နာရီဝက်ခန့်အကြာတွင် ရွာခေါင်းကြီးသည် ကျွန်ုပ်အား တောတွင်းတစ်နေရာသို့ လက်ညှိုးထိုးပြလိုက်တော့သည်။
ထိုစဉ်မှာပင် ပန်းဆင်ကြီးသည် ဝါးရုံများအောက်၌ သွားနေသံများကို ကြားမိရတော့သည်။ ၎င်းသည် မကြာမီပင် ရပ်လိုက်တော့သည်ဖြစ်ရာ ကျွန်ုပ်တို့၏လှုပ်ရှားသံများကို နားစွင့်ကာ ထောင်နေကြောင်း မျက်ရမ်းဆမိကြတော့သည်။
ကျွန်ုပ်တို့ကား ဇွဲကို မလျှော့ဘဲ ပန်းဆင်ကြီးရှိလောက်မည်ဟု ထင်ရသော နေရာဆီသို့ ဖြည်းညင်းစွာ သွားမြဲသွားနေကြတော့သည်။
၁၅ မိနစ်မျှကြာသော် ဝါးရုံများအကြားတွင် ပန်းဆင်ကြီး၏သဏ္ဌာန်ကို မထင်မရှား မြင်တွေ့ မိတော့သဖြင့် .၅၇၇ (မင်တွန်) ရိုင်ဖယ်သေနတ်ကြီးကိုပင့်ကာ ချိန်လိုက်တော့သည်။ သို့ငြားလည်း မည်သည်ကား ပန်းဆင်ကြီး၏ ဦးခေါင်းပိုင်း၊ မည်သည်ကား အမြီးပိုင်းဖြစ်သည်ကို ဝေခွဲ၍ မရနိုင်သေးချေ။
ကျွန်ုပ်သည် ပန်းဆင်ကြီးကို ပစ်လိုက ပစ်နိုင်ပေပြီ။ သို့ရာတွင် ၎င်းအား ချက်ကောင်းမမှန်ဘဲ ဒဏ်ရာရသွားစေမည်ကို လွန်စွာ စိုးရိမ်မိချေတော့သည်။ ပန်းဆင်ကြီးသာ ငါးပေမျှ ရှေ့သို့တိုး၊ နောက်သို့ဆုတ်လိုက်သည်ဖြစ်ပါက ၎င်းအား ချက်ကောင်းကို မုချပစ်နိုင်ပေမည်ပင်။
သို့ဘိရကား ကျွန်ုပ်သည် လွန်စွာမှပင် စိတ်ရှုပ်သွားရချေတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအား ရိုင်ဖယ်သေနတ်ကြီးနှင့်ပစ်၍ ချက်ကောင်းကို မထိမှန်ပါက ၎င်းသည် ကျွန်ုပ်တို့သုံးယောက်အား အစွယ်ဖြင့် လာရောက်ထိုးသတ်တော့မည်မှာ အလွန်သေချာနေတော့သောကြောင့်တည်း။
ဒဏ်ရာရသွားသော တောဆင်ရိုင်းသည် လွန်စွာကြောက်ဖွယ်ကောင်းလှသောကြောင့် ကျွန်ုပ်သည် ချက်ကောင်းကို ပစ်ခွင့်ရမှသာ ပစ်လိုလှပေတော့သည်။ ထိုအခိုက်တွင်ပင် လေသည် သုတ်ဖြူးတိုက်ခတ်လိုက်ပြန်သောကြောင့် ပန်းဆင်ကြီးသည် ကျွန်ုပ်တို့အနံ့ကို ရသွားပြန်ပြီး ရပ်နေရာမှ လျင်မြန်စွာ ထွက်ခွာပျောက်ကွယ်သွားချေတော့သည်။
(၄)
နေလည်းဝင်သွားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ရှေ့သို့ ဆက်၍ မလိုက်နိုင်တော့ဘဲ ၁ဝ မိုင်မျှဝေးသော မန်ဒန်ရွာသို့ ပြန်လာခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင်မှ ပြန်လည်ရောက်ရှိကြပေတော့သည်။
သတင်းကို ကြားလိုက်ရသော မန်ဒန်တစ်ရွာလုံးကား အထူးပင် စိတ်ပျက်သွားကုန်ကြတော့သည်။
ကျွန်ုပ်တို့သည် ညစာထမင်းကို ဆတ်သားဆီပြန်ဟင်းနှင့် မြိန်ရှက်စွာ စားသောက်ကြပြီးနောက် ရွာခေါင်းကြီးက
“ကိုရဲ … စိတ်မပျက် စိတ်မလျှော့ပါနဲ့နော်။ ဒီပန်းဆင်ကြီးကို မနက်ဖြန်တော့ မုချပစ်ရလိမ့်မယ်လို့ ကျုပ် ထင်တယ်။ ဒီဆင်ကြီးဟာ ဝေးဝေးတော့ သွားမှာမဟုတ်ပါဘူး။ အနီးတစ်ဝိုက်မှာပဲ လှည့်လည်နေမှာပါပဲ”
“ဟုတ်ပ … ကျွန်တော် ဇွဲကို မလျှော့ပါဘူး။ ဒီပန်းဆင်ကြီးကို မသေသေအောင် ပစ်သတ်ပေးပါ့မယ်။ သူ့ကို ပစ်သတ်ပြီးမှသာ ကျွန်တော် ရွှေဘိုမြို့ကို ပြန်မယ်။ မနက်ဖြန်တော့ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော် ထင်နေပါတယ်”
ထို့နောက် ကျွန်ုပ်သည် အလွန်မောလာခဲ့သောကြောင့် အိပ်လိုက်ရာ နံနက်ကျမှပင် အိပ်ရာမှနိုးလေတော့သည်။ နှစ်ခြိုက်စွာ အိပ်ပျော်သွားသောကြောင့် လွန်ခဲ့သောရက်တွင် ကုန်ခန်းခဲ့သော အားများ ပြန်၍ပြည့်လာပေတော့သည်။
အိပ်ရာမှထပြီးနောက် ကျွန်ုပ်သည် ကောက်ညှင်းပေါင်းနှင့် ကော်ဖီကို စားသောက်နေစဉ် ပင်းချိုင်းရွာမှ လူတစ်ယောက်ရောက်ရှိလာပြီး ပန်းဆင်ကြီးသည် လွန်ခဲ့သောညက ၎င်း၏ရွာအနီးတွင် စိုက်ထားသော ပြောင်းခင်းများကို အကြီးအကျယ် ဖျက်ဆီးသွားကြောင်း သတင်းပေးပို့လေတော့သည်။
သို့ဘိရကား ကျွန်ုပ်နှင့် ရွာခေါင်းကြီး ကိုဖိုးစုတို့သည် သေနတ်ကိုယ်စီထမ်းကာ ၎င်းရွာသား ခေါ်ဆောင်ရာသို့ လိုက်သွားကြတော့သည်။ သန်းခေါင်မှာမူ ကိုယ်လက်ကိုက်ခဲနေသောကြောင့် ကျွန်ုပ်တို့နှင့် မလိုက်နိုင်တော့ဘဲ နေအိမ်တွင် ကျန်ရစ်ခဲ့တော့သည်။
ကျွန်ုပ်တို့သည် ပင်းချိုင်းရွာသို့ ရောက်လေသော် ရွာမှ လူရွယ်ငါးယောက်တို့ သည် ကျွန်ုပ်တို့နှင့်အတူ ပန်းဆင်ကြီးနောက်သို့ ခြေရာခံကာ လိုက်ပါလာကြပေတော့သည်။
နှစ်နာရီခန့်အကြာတွင် ကျွန်ုပ်သည် ဝါးပင်များပြည့်လျှမ်းကာ ပေါက်နေသော တောတစ်တောအတွင်းသို့ ဝင်ရောက်မိကြတော့သည်။ ယင်းတောအတွင်း၌ သစ်ပင်ကြီးများ လဲကျနေသည်ကိုလည်း တွေ့ ရချေသည်။
ကျွန်ုပ်သည် မကြာမီပင် ပန်းဆင်ကြီး လှဲပြီးအိပ်သွားသောနေရာကို ဝမ်းမြောက်အားတက်ဖွယ် မြင်တွေ့ ရပေတော့သည်။
ထိုခဏ၌ပင်လျှင် လေသည် အဆက်မပြတ် တိုက်ခတ်ချေတော့ရာ ဝါးကိုင်းများ တစ်ကိုင်းနှင့်တစ်ကိုင်း ပွတ်မိကြသောအသံများကို ကြားကြရလေသည်။
သို့နှင့်အမျှ ကျွန်ုပ်တို့မှာ အထူးပင် သတိရှိစွာနှင့် သွားနေကြရတော့သည်။ အဘယ်ကြောင့်ဆိုသော် လေတိုက်ခတ်သောကြောင့် ဝါးကိုင်းများ တစ်ကိုင်းနှင့် တစ်ကိုင်း ပွတ်မိကြသောအသံများနှင့် ပန်းဆင်ကြီး၏ လှုပ်ရှားသော အသံများကို ခွဲခြား၍သိနိုင်ရန် လွန်စွာခက်ခဲသောကြောင့်ပင် ဖြစ်ချေတော့သည်။
၎င်းနောက် ကျွန်ုပ်တို့သည် စမ်းချောင်းငယ်တစ်ချောင်းကို ကူးဖြတ်မိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာသော ပင်းချိုင်းရွာသားတစ်ယောက်သည် ကျွန်ုပ်အနီးသို့ ချဉ်းကပ်လာပြီး …
“ဆရာကြီးခင်ဗျာ၊ ဟောဟိုမြောက်ဘက်နားက ဝါးတောတွေထဲမှာ အသံတွေကို ကြားရပါတယ်”
“ဘာသံတွေလို့ ထင်ပါသလဲ”
“ပန်းဆင်ကြီး ဝါးကိုင်းတွေကို ချိုးချတဲ့အသံတွေလို့ ထင်ပါတယ်”
သို့နှင့် ကျွန်ုပ်တို့သည် ၎င်းညွှန်ပြသော ဝါးရုံတောအတွင်းသို့ ဖြည်းညင်းစွာ သွားရောက်ပြီး ခေတ္တမျှရပ်နားနေကြရာ မကြာမီပင် ဝါးကိုင်းကျိုးသံများကို ကြားရပေတော့သည်။
သို့ဘိရကား ပန်းဆင်ကြီးသည် ကျွန်ုပ်တို့ ရှေ့တည့်တည့် ပေ ၁ဝဝ ခန့်မျှ အကွာနေရာလောက်တွင် ရှိနေလိမ့်မည်ဟု မျက်ရမ်းဆမိတော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ၎င်းရှိလောက်မည့်နေရာဆီသို့ စိုးစဉ်းမျှ အသံမကြားစေဘဲ ဖြည်းညင်းစွာ သွားကြလေတော့သည်။
၁၅ မိနစ်ခန့်အကြာတွင် ကျွန်ုပ်သည် ရှေ့တည့်တည့် ပေ ၃ဝ မျှအကွာနေရာလောက်တွင် ပန်းဆင်ကြီး၏ ဦးခေါင်းကို ဝါးရုံနှစ်ရုံ၏အကြား၌ မြင်တွေ့လိုက်ပေတော့သည်။ ရွာခေါင်းကြီး ကိုဖိုးစုကား ကျွန်ုပ်၏ နောက်မှ ထက်ကြပ်မကွာ လိုက်နေသည်။
ထိုအခိုက်တွင် ကျွန်ုပ်သည် နေရာအနည်းငယ် ပြောင်းရွှေ့သွားပြီဖြစ်၍ ခပ်ကွက်ကွက်မျှသာ မြင်နိုင်တော့သော ပန်းဆင်ကြီး၏ ဦးခေါင်းကို ရိုင်ဖယ်သေနတ်ကြီးနှင့် ပစ်ရမည်လော၊ သို့တည်းမဟုတ် ခေတ္တခဏမျှ စောင့်နေလိုက်ပြီး ၎င်းထပ်မံ၍ နေရာအနည်းငယ် ပြောင်းရွှေ့သွားမှသာ ၎င်း၏လက်ပြင်အထက်ရှိ အသည်းနှလုံးနေရာကို ပစ်ရမည်လောဟူ၍ လေးနက်စွာ တွေးဆနေမိတော့သည်။
ကျွန်ုပ်သည် အချိန်ကြာကြာမဆွဲလိုတော့ဘဲ လျင်မြန်စွာ ဆုံးဖြတ်ချက်ချရပေတော့မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့မှာ ပန်းဆင်ကြီးနှင့် နီးကပ်နေပြီဖြစ်ရကား အချိန်ကြာသွားပါက ၎င်းသည် ကျွန်ုပ်တို့၏အနံ့များကို ရသွားပြီး မုချ ထွက်ပြေးတော့မည် မဟုတ်ပါလော။
ချက်ချင်းပင် ပန်းဆင်ကြီးသည် ကျွန်ုပ်အား မြင်တွေ့ သွားချေတော့သည်။ သို့ရာတွင် ၎င်းသည် လွန်ခဲ့သောရက်ကကဲ့သို့ ထွက်မပြေးတော့ချေ။ သို့နှင့် ၎င်းသည် မိမိ၏နှာမောင်းကို ခွေလိပ်လိုက်ပြီး ကျွန်ုပ်အား အစွယ်ဖြင့် ထိုးသတ်ရန် လျင်မြန်စွာ ကျွန်ုပ်ဆီသို့ ပြေးဝင်လာချေတော့သည်။
၎င်းသည် “အူရ်ရ်ရ်” ဟူသော အသံကြီးများကိုပြုကာ ကျွန်ုပ်အား အစွယ်နှင့် ထိုးသတ်ရန် ပြေးဝင်လာစဉ် ကျွန်ုပ်သည် .၅၇၇ နှစ်လုံးပူးသေနတ်ကြီးကို လျင်မြန်စွာ ပင့်ကာ ၎င်း၏ နဖူးကို ချိန်၍ သေနတ်မောင်းခလုတ်ကို ဆွဲဖြုတ်ချလိုက်တော့သည်။
သို့နှင့်အမျှ ရိုင်ဖယ်သေနတ်ကြီးသည် တောတောင်အနှံ့ အထူးပင် ဟိန်းသွားချေတော့သည်။
.၅၇၇ ရိုင်ဖယ်သေနတ်အတွင်းမှ ကျည်ဆန်သည် ပန်းဆင်ကြီး၏ နဖူးအလယ်တည့်တည့်ကို ကောင်းစွာထိမှန်သွားရကား ၎င်းသည် မြေပြင်ပေါ်သို့ ပြိုလဲပျပ်ဝပ်သွားပေတော့သည်။
သို့ငြားလည်း မြေပြင်ပေါ်မှ ပြန်၍ထရန် အားယူနေပြန်တော့ရကား ကျွန်ုပ်သည် ၎င်း၏လည်ပင်းကို နောက်တစ်ချက် ပစ်လိုက်တော့မှ လုံးဝအသက်ပျောက်ကာ ငြိမ်သက်သွားပေတော့သည်။
သို့နှင့်အမျှ မန်ဒန်ရွာနှင့်တကွ အခြားအနီးပတ်ဝန်းကျင်ရှိ ရွာငယ်များမှ စိုက်ခင်းများကို အကြီးအကျယ် စားသောက်ဖျက်ဆီး မင်းမူလာခဲ့သော ပန်းဆင်ကြီးသည် ဘဝဇာတ်သိမ်းရပေတော့သည်။
ဤသတင်းကို ကြားသိလိုက်သော မန်ဒန်ရွာနှင့် အခြားရွာသူရွာသားများကားပျော်၍မဆုံး၊ ရွှင်၍မဆုံး၊ ဝမ်းမြောက်ဝမ်းသာ၍မဆုံးနိုင်ကြတော့ပေ။
ထို့နောက် ကျွန်ုပ်သည် ပန်းဆင်ကြီး၏ အစွယ်ရှည်နှစ်ချောင်းတို့ကို ဖြုတ်ယူစေလိုက်တော့သည်။ ၎င်းတို့မှာ ခုနစ်ပေမျှစီရှည်ပြီး ပေါင်ချိန် ၁ဝဝ မျှစီ အလေးချိန်ရှိမည်ကို ဝမ်းမြောက်စွာ တွေ့သိရပေတော့သည်။
အလွန်ထူးဆန်းနေသည်မှာ ၎င်း၏ယာဘက်အစွယ်ရင်းတွင် ခဲတစ်လုံး နစ်မြုပ်နေသည်ကို တွေ့ ရသဖြင့် ကျွန်ုပ်သည် ယင်းခဲလုံးကို ဓားမြှောင်ဖြင့် ကလော်ထုတ်လိုက်တော့သည်။
မည်သည့်မုဆိုးသည် ထိုပန်းဆင်ကြီးအား မည်သည့်အခါက တူမီးသေနတ်ဖြင့် ပစ်ခဲ့ကြောင်း ကျွန်ုပ် မသိနိုင်စွမ်းချေ။ ယင်းခဲလုံးသည် မကောင်းဆိုးဝါးများကို နိုင်သည်ဟုပြောသောကြောင့် ကျွန်ုပ်သည် ယင်းကို ရွာခေါင်းကြီး ကိုဖိုးစုအား လက်ဆောင်အဖြစ် ပေးလိုက်တော့သည်။
တူမီးသေနတ်ဖြင့် အပစ်ခံခဲ့ရပြီး ခဲလုံးသည် မိမိအစွယ်ရင်းတွင် နစ်မြုပ်နေသည်နှင့်အမျှ နာကျင်သည့်ဝေဒနာကို အမြဲမပြတ်ခံစားလာခဲ့ရသည်ဖြစ်သောကြောင့် ပန်းဆင်ကြီးသည် အခါမလင့် ဒေါသစိတ်မွှန်ကာ လူမြင်မိတိုင်း လိုက်လံထိုးသတ်လိုခဲ့ခြင်း ဖြစ်ချေမည်။
သန်းခေါင်သည် ကိုယ်လက်အီသာလာပြီဖြစ်၍ ထိုရက်ညနေတွင် ရွာခေါင်းကြီး၏ ယောက်ဖနှင့်အတူ တောလည်ထွက်ပြန်ရာ ချေတစ်ကောင်၊ တောဝက်တစ်ကောင်နှင့် ခါငှက်လေးကောင်တို့ကို ပစ်ခတ်ရရှိလာခဲ့ပေတော့သည်။
ကျွန်ုပ်သည် ညစာကို ဟင်းမျိုးစုံတို့ဖြင့် အထူးပင် မြိန်ရှက်စွာ စားသောက်ပြီး မောမောနှင့် အိပ်လိုက်ရာ နံနက်ကျမှပင် နိုးပေတော့သည်။
၎င်းနောက် ကျွန်ုပ်သည် ကောက်ညှင်းပေါင်း၊ ခါသားကြော်နှင့် ကော်ဖီများကို စားသောက်ပြီးနောက် ရွာခေါင်းကြီး ကိုဖိုးစုအား ၁၂ ဘိုးယမ်းတောင့် ၅ဝ နှင့် ငွေကျပ် ၅ဝ တို့ကို လက်ဆောင်အဖြစ်ပေးလိုက်ရာ ရွာခေါင်းကြီးကား ကျေးဇူးတင်ဝမ်းသာ၍ မဆုံးနိုင်တော့ချေ။
နံနက် ၈ နာရီအချိန်ခန့်တွင် ကျွန်ုပ်တို့သည် သန်မာပျိုရွယ်သော မန်ဒန်ရွာသား လေးယောက်တို့အား ငှားရမ်း၍ ဆင်စွယ်ကြီးနှစ်ချောင်းကို ငါးမိုင်မျှကွာဝေးသော ပင်းချောင်းရွာသို့ ထမ်းဆောင်သွားစေသည်။
တစ်ဖန် ယင်းရွာမှ လှည်းတစ်စီးကို ငှားရမ်း၍ ၁၅ မိုင်မျှဝေးသော ပင်လယ်ဘူးမြို့သို့ စီးနင်းသွားသည်။
တစ်ဖန် ပင်လယ်ဘူးမြို့ မှ မိုင် ၃ဝ မျှကွာဝေးသော ဝန်းသိုမြို့သို့ လူစီးဘတ်စ်ကားဖြင့် ခရီးဆက်ပြီး ဝန်းသိုမြို့မှ တစ်ဖန် မန္တလေးသို့ မီးရထားစီးနင်းလာ ခဲ့သည်။
နောက်ဆုံးတွင် မန္တလေးမြို့မှ ရွှေဘိုမြို့သို့ လူစီး ဘတ်စ်ကားနှင့် စီးနင်း ရောက်ရှိသွားပေတော့သည်။
ကျွန်ုပ်သည် ရွှေဘိုမြို့သို့ ဘေးမသီ ရန်မခဘဲ ပြန်လည်ရောက်ရှိပြီးနောက် တစ်လခွဲခန့်အကြာတွင် မန်ဒန်ရွာနေ ရွာခေါင်းကြီး ကိုဖိုးစုထံမှ အောက်ပါစာကို ပေးပို့ရရှိခဲ့ပေတော့သည်။
ကိုယ်ယဲခင်ဖြား . . .
ကိုယ်ယဲယဲ့ ကြေးဆူးဂြောင့် ပျစ်ဗီးသား ရန်းဒေါင့်ဒွေဂို ကျုက်ဂေါင်းဂေါင်း ပြန်လုပ်တပ်ဗီ။ အလွှမ်ရုပ်မာဒဲ့ တောမြောက် ငါးဇယ်နဲ့ ဂျက်ဒူယွေးတယာဂျော်ဒို့ဂို ကျုတ်ပျစ်သပ်လို့ ရခဲ့ဗီ။
ကိုယ်ယဲ နောင်နှစ် မံမ်ဒံမ်ယွာဂို တောပျစ်ဖို့ လာဂဲ့ဗာ အုမ်း။ ဆိုင်ပျောင်နဲ့ ဆင်ဒွေ အလွမ်တယာပေါနေဗာသီ။ ကိုယ်ယဲ ကြမ်န်းမာဗာဈေ။
ယွာဂေါင်းဂျီး မှောင်ဖိုးဇု
မံမ်ဒံမ်ယွာ
ကတာခယိုင်။
– ပြီး –
စာရေးသူ – ကုသ