သန်းမြင့်သန်း (ကွမ်းခြံကုန်း)
ပမ္မဝတီငါးမန်း
နေမွန်းတိမ်းလုအချိန်တွင် ဦးကြွက်နီနှင့် ငါးမန်းမျှားတန်းသမားတို့ လူစုပြီးဖြစ်သည်။ ရေဆင်းတံတားလှေဆိပ်တွင် ဆိုက်ကပ်ထားသော ဦးချွန်စက်တပ်လှေကြီးဆီသို့ လာနေကြ၏။
ဗိုက်ပူ၊ ငခွေး၊ မောင်ရေးနှင့် ဖိုးချွန်တို့လေးယောက် သဲသောင်ခုံပေါ်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။
“နေမဝင်ခင် ညစာကျွန်းကို ရောက်အောင်သွားကြမှ ဖြစ်မယ်ဟေ့”
ငါးမန်းလှေပိုင်ရှင် ဦးကြွက်နီ၏ အော်ပြောသံမှာ ကိုကိုးကျွန်းသောင်ပြင်ထက်သို့ တိုက်ခတ်လာသော တောင်လေနှင့်အတူ လွင့်ပျံလျက်ရှိ၏။
စက်လှေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ကြသည်။ ဗိုက်ပူတစ်ယောက်သာ သဲခုံတွင်ပေါက်ထားသော ကျောက်ဆူးကြိုးဖြုတ်ရန် ကျန်ခဲ့၏။ သောင်ခုံထက်သို့ ရိုက်ခတ်နေသော ဂယက်လှိုင်းကြောင့် စက်လှေမှာ ဘယ်ညာလူးလျက်ရှိ၏။
စက်မောင်း ဖိုးချွန်သည် စက်လှည့်ဂေါက်တံဖြင့် စက်နှိုးပြီး အသင့်ဖြစ်နေ၏။ မောင်ရေးနှင့် ငခွေးတို့နှစ်ယောက်မှာ ငါးမျှားချိတ်နှင့် တန်းကြိုးများကို လှေပေါ်တွင် နေရာတကျ ချထားနေကြသည်။ ဦးကြွက်နီက စက်လှေဦးမှ မတ်တပ်ရပ်လျက် မြောက်ဘက်စူးစူးသို့ လှမ်းမျှော်ကြည့်ရင်း လမ်းညွှန်အမိန့်ပေးနေ၏။
“ဖို့ဖ်ပင်လယ်ကွေ့ (Ford Bay) နဲ့ ပါချီအငူ (Pechee Point) ကြားက ကျောက်ချထားတဲ့ ရေတပ်သင်္ဘောနား ကပ်ပြီးမောင်းဟေ့။ သင်္ဘောကြီး ရေကြောင်းဘက်ကိုလည်း မရောက်စေနဲ့။ ရေကြောင်းမှာ လှိုင်းခေါင်းပွတွေထနေတယ်။ စက်ကို စလိုး (Slaw) ရိုက်ထားနော်”
ဖိုးချွန်သည် လုပ်နေကျအတိုင်း ပါချီအငူနှင့် ဦးကြိုင်ကျွန်းခေါ် တောင်ယာကျွန်း (Binnacle Rock) ကြားရှိ ရေတပ်စခန်းရုံးသို့ သတင်းပို့ရန် စက်လှေကို ဦးတည်လိုက်သော်လည်း ဦးကြွက်နီ လက်ညှိုးညွှန်လိုက်သည့်အတွက် မင်္ဂလာကျွန်းခေါ် စားပွဲကျွန်း(Table Island) သို့ ဦးလှည့်လိုက်သည်။
သို့နှင့် ညစာကျွန်း (Supper Island) ဆီသို့ စက်ရှိန်မြှင့်ကာ မောင်းလိုက်တော့သည်။ မင်္ဂလာကျွန်းနှင့် ညစာကျွန်းတို့မှာ ကိုကိုးကျွန်း၏ မြောက်ဘက်စူးစူး ကပ္ပလီပင်လယ်အတွင်း တည်ရှိကြသည်။ ကျွန်းနှစ်ကျွန်းမှာ တစ်မိုင်ခန့်သာ ဝေးကွာ၏။ သည်ကျွန်းနှစ်ကျွန်းကြားတွင် ငါးမန်း အနေအစားများသည်။
အင်္ဂလိပ်အမည်များနှင့် စားပွဲကျွန်း ညစာကျွန်းတို့မှာ အဆက်အစပ်အဓိပ္ပာယ်ရှိတန်သည်ဟု အလယ်တန်းကျောင်းထွက် စက်မောင်းဖိုးချွန် တွက်ဆမိသည်။
ဦးကြွက်နီသည် ငါးမန်းလှေထောင်ပြီး ငါးမန်းဖမ်းလုပ်ငန်း အတွေ့အကြုံ ရင့်ကျက်နေသူဖြစ်၏။ ငါးမန်းဖမ်းခြင်းကို ဝါသနာကြီးသူလည်း ဖြစ်၏။ ငါးမန်းဖမ်းသည့်အလုပ်မှာလည်း ဦးကြွက်နီအဖို့ စီးပွားဖြစ်လှသည်။
ငါးမန်းတောင်၊ ငါးမန်းအရေခွံနှင့် ငါးမန်းသားအခြောက်များမှာ ရသမျှ ရောင်းမလောက်သည့် ပင်လယ်စာများဖြစ်ကြ၍ ငွေရွှင်၍ မက်မော လောက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
xxx xxx xxx
ရေမိုင်သုံးမိုင်ခန့်ဝေးသော ညစာကျွန်းသို့ တစ်နာရီခန့်အကြာတွင် စက်လှေဆိုက်ကပ်၏။ ရေလက်ကြားငယ်လေးဖြစ်နေ၍ ကျွန်းကြားတွင် ရေစီးသန်လေ့ရှိ၏။ လူကပြား, ရေလက်ကြားဆိုသည့် အတိုင်း ကျောက်သားကျောက်ခုံအောက်ခံရှိ၍ အထူးသတိထားရ၏။ ရေဆွဲကြမ်း၍ ကျောက်ခုံနှင့်တိုက်ပြီး စက်လှေမှောက်တတ်၏။ အခန့်မသင့်ပါက လှေဝမ်းဗိုက်ပေါက်တတ်၏။
အတွေ့အကြုံရှိပြီးဖြစ်သော ဖိုးချွန်သည် ရေစီးသာသောသဲသောင်စွန်းသို့ စက်လှေ ဦးတည့်ပေးလိုက်ရာ ဗိုက်ပူသည် ကျောက်ဆူးကို သဲဝက်သားခေါက်ပေါ်သို့ အားနှင့်ပေါက်ချလိုက်၏။ ဦးကြွက်နီသည် စက်လှေပေါ်မှ ခါးဆန့်ကာ မတ်တပ်ရပ်လိုက်၏။
“ကဲ. . . နေမစောင်းခင် လုပ်စရာကိုင်စရာရှိတာတွေ အပြီးအစီးလုပ်ထားကြမယ်ဟေ့။ ပြီးတော့မှ ညနေစာထမင်း စားကြတာပေါ့”
အသင့်ချက်ပြုတ်ယူလာသော ထမင်း၊ ဟင်းအိုးများကို သောင်စပ်ရှိ သပေါ့ပင်ကြီးများအောက်တွင် ဝိုင်းဖွဲ့ထိုင်၍ စားသောက်ရန် ပြင်ဆင်လိုက်ကြသည်။ စားဦးစားဖျား ထမင်းနှင့် ဟင်းကို ဆိုင်ရာပိုင်ရာများသို့ မြှောက်ရင်း ငါးမန်းများများရရှိရန်နှင့် လုပ်သားများအန္တရာယ်ကင်းစေရန် ဦးကြွက်နီက ဦးဆောင် ဆုတောင်းပေးနေ၏။
ထမင်းစားပြီးသည်နှင့် မှောင်ရီပျိုးလာ၏။
သောင်ပြင်ထက်သို့ လှိုင်းလုံးများ ဖွေးခနဲ ရိုက်ခတ်နေသည်ကို ညဦးပိုင်းမို့ အတိုင်းသားမြင်နေရ၏။ စားပွဲကျွန်းကိုပင် မှုန်ရေးရေး မြင်နေရသေး၏။ ကောင်းကင်ထက်၌ ကြယ်ရောင်များလည်း တက် လာ၏။
ဗိုက်ပူသည် ကြယ်ရောင်အလင်းကို အားပြုလျက် ရေပြည့်လွန်းလှိုင်းအိများကို ကျော်လွှားကာ တန်းကြိုးအစကို ကျောက်စွန်းကမူဆီသို့ ဆွဲယူသွား၏။
ကော့သောင်းမှ သီးသန့်မှာဝယ်ထားသော ငါးမူးလုံးစတီးကြိုးမှာ နင့်နေအောင်လေးသဖြင့် လူလုံးလူဖန် တောင့်သော ဗိုက်ပူသည်ပင် အားစိုက်ဆွဲနေရသည်။
“ဂျက်ငုတ်ကို ခိုင်အောင်ပတ်ချည်နော်။ ဗိုက်ပူရေ မပေါ့နဲ့ဟေ့။ ဒီအချိန်က အမည်းကောင်ကြီးတွေ မိတတ်တယ်။ သိတဲ့အတိုင်းပဲ၊ ဒီအမည်းကောင်ကြီးတွေရုန်းရင် တော်တန်ရုံ ဂျက်ငုတ်တောင် လဲပြိုကုန်တော့တာ။ ဘိတ်ဘက်က ငါးမန်းကြိုး ဂျက်ငုတ်ကို သံတိုင်နဲ့လုပ်ကြတာတောင် ပြုတ်ထွက်သေးတယ်လေ”
ငခွေးသည် ငုတ်တန်းကြိုးကို ဖြောင့်ဖြောင့်ပေးရင်း ဗိုက်ပူအား သတိပေးနေ၏။ ဒေသတံငါအခေါ်ဖြင့် ငါးမန်းကို အမည်းကောင်ဟု ပြောကြသည်။ ငါးမန်းတွင် ငါးမန်းဖြူ၊ ငါးမန်းမည်းတို့ရှိကြရာ သည်ကျွန်းဒေသတစ်ဝိုက်တွင် ငါးမန်းမည်းများသာ ရှိ၍ အမည်းကောင်ဟုသာ ပြောဆိုသုံးနှုန်းလေ့ရှိကြသည်။
ဗိုက်ပူကလည်း နှယ်နှယ်ရရမဟုတ်ချေ။ လေကလေးချွန်ရင်း ဂျက်ငုတ်သစ်တိုင်ဆီသို့ မျှားတန်းကြိုးကို အသာတကြည်ပင် ဆွဲယူသွား၏။ တောင်ဆုပ်ပတ်လည် သစ်နီသားကို ကျောက်သားနှင့် သဲကြပ်လျက် လက်တစ်နှိုက်နက်အောင် တူးစိုက်ထားသည့် ဂျက်ငုတ်တွင် တန်းကြိုးအဖျားကို သုံးမတ်လုံးလွန်ဖြင့် ဖောက်ထားသော အူတိုင်အတွင်း လျှိုသွင်းရစ်ပတ် အထပ်ထပ် ချည်နှောင်ထားရာ ဝေလငါးပင် ရုန်းနိုင်ဖို့ မလွယ်ကူလှချေ။
“စိတ်ချစမ်းပါ ငခွေးရာ။ ဂျက်ငုတ်ရိုက်စားလာတာ အံတိုနေပါပြီကွ။ မင်းအမည်းကောင် ရုန်းစမ်းပါလေ့”
ဗိုက်ပူစကားကြောင့် ငခွေးသည် မဲ့ရွဲ့ရွဲ့ပြုံးလိုက်၏။
“ဟုတ်ပါပြီဗျာ။ နောက်မှ ငါးမန်းရုန်းလို့ တန်းပြတ်ထွက်သွားရင် လုပ်ခဖြတ်ခံရပြီး ဗိုက်မပူဘဲ ဗိုက်ပိန်သွားမှာစိုးလို့ပါ။ ဟုတ်စ … အပြောမကြီးနဲ့ကောင်ရေ။ ငါးမန်းဆိုတာ လွယ်တဲ့ကောင်မဟုတ်ဘူးနော်”
“ဖွဟဲ့. . . လွဲပါစေ ဖယ်ပါစေ။ မင်းပါးစပ်ပုပ်ကြီးနဲ့”
ဗိုက်ပူသည် ဒေါသတကြီးနှင့် ငခွေးကို ဟောက်လိုက်ကာ ငါးမန်းမျှားတန်းကြိုးကို ရေစပ်ဆီသို့ ခပ်သွက်သွက် ဆွဲသွားတော့သည်။
xxx xxx xxx
သုံးလက်မ ငါးမျှားချိတ်များမှာ ငါးတန်းကြိုးတွင် လက်လံ နှစ်လံခြား တန်းစီချိတ်ဆွဲရင်း အစီကြိုးများကို စစ်ဆေးရပြန်၏။ တချို့လည်း တစ်လံခွဲစီခြား၍ ထားတတ်ကြသည်။ ငါးမန်းတစ်ပြန် ငါးမျှားချိတ်တစ်ပြန် ထားကြ၏။
မောင်ရေးနှင့် ငခွေးတို့မှာ တန်းကြိုးတွင် ရှိသမျှ ငါးမျှားချိတ်ကို အသေအချာ အပြန်အလှန် စစ်ဆေးရသည်။ သံမဏိအစီကြိုးများမှာ အခရာကျ၏။ တန်းကြိုးနှင့် ငါးမျှားတွင် နှစ်ဖက်စလုံး စေ့စေ့စပ်စပ် ဖြစ်ဖို့လို၏။ သို့မဟုတ်ပါက ငါးမန်းရုန်းလျှင် ပြတ်ထွက် ပြုတ်ထွက်တတ်၏။ အချည်းနှီး မဖြစ်စေရန် အရေးကြီးလှ၏။ သေချာပြီဆိုမှသာ လက်လွှတ်ရတော့သည်။ ပေါ့ပေါ့ဆဆလုပ်၍မရပေ။
မိုးကောင်းကင်ထက်မှ ကြယ်ကလေးများ လင်းလက်တောက်ပနေပြီ။ ဆေးပေါ့လိပ်တိုကို ပါးစောင်တွင်ခဲရင်း သဲပြင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲနေသော ဖိုးချွန်က စပ်စုလိုက်၏။ ငခွေးနှင့် မောင်ရေးတို့နှစ်ယောက်မှာ ကြိုးတန်းတစ်လျှောက် ငါးမျှားချိတ်များကို အကွာအဝေးညီစွာ ချည်နှောင်ချိတ်ဆွဲလျက် ရှိကြသည်။
“မင်းလို စာမတတ်ပေမယ့် အလုပ်ကသင်တဲ့ပညာတော့ တတ်ပါတယ်ကွာ။ တန်းကြိုးအရှည် အတောင်သုံးရာရှိသကွာ။ လေးတောင်တစ်လံရှိတော့ ခုနစ်ဆယ့်ငါးလံ ရှိသကွာ။ ငါးမျှားချိတ်ကို နှစ်လံကွာစီနဲ့ဆိုတော့ အချောင်းသုံးဆယ်ချိတ်ရသကွာ။ သောင်စပ်က ဂျက်ငုတ်အထိ ဆယ့်ငါးလံ နုတ်သကွာ။ ဘာသိချင်သေးလဲ ပြောစမ်း။ လူပျိုပေါက်အရွယ်ကတည်းက ဦးကြွက်နီ ငါးမန်းလှေမှာ လုပ်စားလာတာ။ မင်းတို့ ဟိုင်းကြီးသားတွေလောက်တော့ အပျော့ပေါ့”
အစီကြိုးတပ်နေသော မောင်ရေးက ငခွေး၏စကားကို ခေါင်းညိတ်ထောက်ခံရင်း ဖိုးချွန်ကို ခပ်ထေ့ထေ့လေး ပြောလိုက်ပြန်၏။
“ငခွေးပြောတာ ဟုတ်တယ်ကွ။ ပုသိမ်၊ ဟိုင်းကြီးရေကြောင်းက ကမ်းနီးရေတိမ်ပိုင်းလောက်ရှိတာ။ တို့ ကိုကိုးကျွန်းသားတွေက ပမ္မဝတီရေပြင်ဟာ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာကြားမှာ ရှိနေတာမဟုတ်လား။ ပင်လယ်ထဲက ကျွန်းတွေနဲ့ ကျွန်းသားတွေကို ပမ္မဝတီရေတပ်သင်္ဘောတွေက စောင့်ရှောက်ပေးတယ်။ နိုင်ငံတော်က တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်တဲ့ တို့ ကိုကိုးကျွန်းမှာ ငါးရှာ၊ ဖားရှာတဲ့အလုပ်ကို ကောင်းကောင်း လုပ်ကိုင်စားသောက်နိုင်ကြတာပေါ့။ ကဲ လေပစ်နေကြတာနဲ့ ရေကျတော့မယ်။ ဗိုက်ပူရေ ငါးထိုးဖို့လုပ်တော့ဟ”
မိုးမချုပ်မီနှင့် ရေမကျမီတွင် ငါးထိုးဖို့သတိပေးလိုက်သဖြင့် သဲပြင်တွင် ထိုင်နေရာမှ စက်လှေဆီသို့ ဗိုက်ပူ ထွက်သွားသည်။ စက်လှေထဲမှ ငါးထိုးမှိန်းကိုယူပြီး ငခွေးနှင့်အတူ သောင်ပြင်ရေစပ်သို့ ခပ်သွက်သွက်သွားကြပြန်သည်။
ညစာကျွန်းမှ ဖြတ်တိုက်လာသော လေနုအေးကြောင့် ရေငုပ်ရန်ပြင်ဆင်ခဲ့သည့် ဗိုက်ပူ တစ်ကိုယ်လုံး စိမ့်အေးသွား၏။ နေ့နေ့ညည ပင်လယ်ရေသည် အေးစက်နေစမြဲဖြစ်၏။ ဘောင်းဘီတိုနှင့် အင်္ကျီမပါ ခန္ဓာကိုယ်မှာ ကြက်သီးကလေးများပင် ထ,လျက်ရှိ၏။
ဗိုက်ပူသည် ရေပြင်သို့ တဖြည်းဖြည်းချင်း ဆင်းသွားပြီး ငါးထိုးမှိန်းကိုကိုင်လျက် ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။ ငခွေးက ခါးချည်သက်ကယ်ကြိုးကိုကိုင်ကာ ကမ်းစပ်သောင်ပြင်၌ ထိုင်စောင့်နေရ၏။ တအောင့်အကြာ၌ ဗိုက်ပူပြန်ပေါ်လာ၏။ ငါးထိုးမှိန်းတွင် ငါးစိမ်းတစ်ကောင်ပါလာသည်။ မှိန်းမှဖြုတ်ပြီး ငါးစိမ်းကို သောင်ပြင်ထက်သို့ လှမ်းပစ်ပေးလိုက်ရာ ငခွေးသည် ငါးကို ပြေးကောက်လိုက်၏။
“မြန်လှချည်လားဗိုက်ပူရဲ့”
“မြန်ဆို ကျောက်ဆောင်ကြားမှာ ငါးအုပ်လိုက်တွေ့ တာကိုးကွ”
ပြောပြောဆိုဆို ဗိုက်ပူသည် ရေအောက်သို့ ငုပ်ဆင်းသွားပြန်သည်။ မကြာခင်ပြန်ပေါ်လာပြီး ငါးနီကြီးတစ်ကောင်ကို ပစ်တင်လိုက်ပြန်၏။ သုံးလေးပိဿာခန့် ငါးစိမ်းနှင့် ငါးနီကြီး နှစ်ကောင် ရရှိလိုက်သည်။
သည်ကျွန်းရေပြင်တွင် ငါးကြီးမှန်သမျှ တစ်ကောင်လုံးစိမ်း၊ တစ်ကောင်လုံးနီနေသဖြင့် ငါးစိမ်း၊ ငါးနီဟုသာ ခေါ်ကြသည်။
အမှန်စင်စစ် ပင်လယ်ငါးပြေမ၊ ကကတစ်၊ ကသပေါင်းမျိုးနွယ်များဖြစ်၏။ သည်ညအဖို့ ငါးမန်းစာ လုံလောက်ပြီဖြစ်သည်။
ပမ္မဝတီရေပြင်မှ ညငါးမန်းများအတွက် ဗိုက်ပူ တာဝန်ပြီးပြီ။ သီချင်းကလေးတအေးအေးနှင့် ကုန်းပေါ်သို့ ပြန်တက်လာချိန်တွင် မိုးစုပ်စုပ်ချုပ်ပြီ။
ညစာကျွန်းဝါးရုံတောဆီမှ ပုရစ်တို့ သံပြိုင်အော်ကြရာ ပမ္မဝတီရေပြင်ထက်သို့ လွင့်ပျံလျက် ရှိတော့သည်။
သက်ကြီးခေါင်းချချိန်တွင် ကျွန်းကြားရေညှပ်ရေကြောင်းမှာ နှစ်ဖက်သောင်ပြင်ပေါ်လာသဖြင့် တန်းကြိုးအရှည်နှင့် ကွက်တိ ဖြစ်၏။ မောင်ရေးနှင့် ငခွေးတို့သည် ငါးမျှားချိတ်များ တပ်ထားသော တန်းကြိုးကို စက်လှေပေါ်မှ အလိုက်သင့်ချသွား၏။ အစီကြိုးတန်းလန်းနှင့် ငါးမျှားချိတ်၏ စတီးရောင်များ ညအမှောင်တွင် တဖွေးဖွေးနှင့်ဖြစ်၏။
နှစ်တောင်ခန့်ရှည်သော အစီကြိုးများမှာ ရေထဲတွင် တလက်လက်တောက်ပနေလျက် စတီးငါးမျှားချိတ်များကို ရေစီးအရှိန်ကြောင့် စကြာပမာ လည်နေစေသည်။ ငါးမန်းများကို ဆွဲဆောင်လျက်ရှိရာတွင် အစာမပါ ဗလာသက်သက်ဖြစ်၏။ ငါးမျှားချိတ်ငါးချောင်းခြားတွင် ငါးစာတုံး တစ်တုံးတပ်ပြီး ငါးသွေးညှီနံ့ဖြင့် ငါးမန်းလာရန်ဆွဲဆောင်ရ၏။ အစာမက်သော ငါးမန်းအကောင်သေးများသာ ငါးစာဟပ်လေ့ရှိသည် ။
ငါးမန်းကြီးများမှာ အစာမပါသော ငါးမျှားချိတ်များကိုသာ မက်မော၍ ဟပ်လေ့ရှိကြရာ အမည်းကောင် ငါးမန်းကြီးများကို မိတတ်၏။ အရောင်လင်းလက်သော ငါးမျှားချိတ်များကို အစာထင်ကာ လာဟပ်သည်နှင့် ငြိလေ၏။ ငြိလေ ရုန်းလေဖြင့် အခြား ငါးမျှားချိတ်များနှင့် ထပ်၍ ငြိပြန်၏။ ငါးမျှားချိတ်တွင် ငြိပြီဆိုလျှင် တစ်ညလုံးရုန်းကြရာ ရေပြင်မှာ တဝုန်းဝုန်းနှင့် ပွက်လောရိုက် ဆူညံနေတော့သည်။
တန်းကြိုးပစ်ပြီး တစ်ဖက်သံမဏိပျော့ကြိုးကို စက်လှေဦးတုံးတွင် ရစ်ပတ်ကာ ကျောက်ဆူးချ၍ နားကြတော့သည်။
“ငါးမန်းသုံးမျိုးသုံးစားရှိတယ်။ စားငါးမန်း၊ စုပ်ငါးမန်းနဲ့ ခုတ်ငါးမန်းမျိုးတွေပဲ။ အားလုံးဟာ အသားစားငါးမန်းချည်းပဲ။ ရေထဲမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပေါ့”
စက်လှေပဲ့စင်တွင် ရေနွေးကြမ်းသောက်ရင်း ဝိုင်းဖွဲ့ကာ နားနေကြ၏။ ညလယ်သန်းခေါင်အထိ လူခွဲ၍ နေထွက်ချိန်တိုင်အောင် ညဦးမှ ညလယ်ချိန်၊ သန်းခေါင်ကျော်မှ နေထွက်ချိန်အထိ နှစ်ယောက်တစ်လှည့်စီ စောင့်ကြသည်။
ငါးမျှားချိတ်များတွင် ငါးမန်းကိုက်မည့်အချိန်ကို စောင့်စားရင်း ငါးမန်းများများ ရနိုင်ရေး တွေးနေသူ ဦးကြွက်နီမှာ မအိပ်နိုင်ဘဲရှိနေ၏။ ငါးမန်းတန်းကြိုး ဆီသို့သာ အာရုံစိုက်နေပုံရ၏။
စားပွဲကျွန်းပေါ်မှ နေရောင်ခြည်ပေါ်လာချိန်တွင် တန်းကြိုး လိုက်ဖော်ကြရ၏။ ဗိုက်ပူသည် ငါးထိုးမှိန်းကို ချိန်ဆရင်း ငါးမျှားချိတ်များဆီသို့ မျက်ခြည်မပြတ် ကြည့်နေရ၏။ ငခွေးသည် တန်းကြိုးကို သစ်သားဒလက်ဖြင့် ရစ်ပတ်ဆွဲယူပေးနေရ၏။
ပမ္မဝတီရေပြင်ကား ငြိမ်ချက်သားကောင်းလှ၏။
အမည်းကောင်လိုလို၊ လိပ်ကျောက်လိုလို၊ ရေဝက်လိုလို ရေပြင်၌ ခပ်ရေးရေးတွေ့လိုက်ရသဖြင့် ငခွေးသည် ဗိုက်ပူကို ရေပြင်သို့ လက်ညှိုးညွှန်ပြလိုက်စဉ် ရုတ်ခြည်းမြည်လိုက်ရသည့် မြင်ကွင်းကြောင့် အလန့်တကြား ဖြစ်သွားရ၏။
“ဝုန်း” ခနဲပေါ်ထွက်လာသော ရေလုံးရိုက်သံကြောင့် မှင်တက်သွားမိတော့၏။
ဖြူရောင်သန်းသော ငါးမန်းစွယ်ကြီးသည် စက်လှေပေါ်မှ ငခွေးဆီသို့ တန်းတန်းမတ်မတ်ဝင်လာပြီး စက်လှေနံဘေးကိုထိ၏။
လက်မြန်သောဗိုက်ပူ၏ မှိန်းသည် ခုတ်ငါးမန်း ကြီး၏ နှုတ်သီးဖျားသို့ စိုက်ဝင်သွား၏။ မှိန်းတန်းလန်းနှင့် ခုတ်ငါးမန်းကြီးမှာ ဝုန်းဒိုင်းကျဲနေတော့၏။
တစ်လံနီးပါးရှည်၍ လက်တစ်ဝါးလောက်ကြီးမားသော ငါးမန်းစွယ်ကြီးမှာ စက်လှေကို တဒိုင်းဒိုင်း ခုတ်ရင်း ငြိမ်သက်သွားတော့သည်။
“ကံသီပေလို့ ငခွေးရေ။ ကြုံတောင့်ကြုံခဲ ခုတ်ငါးမန်းနဲ့မှ လာတွေ့တယ်။ တစ်ညလုံး အမည်းကောင်တွေအသံ မကြားရပါလား အောက်မေ့တယ်။ လက်စသတ်တော့ သင်းကြောင့်ကိုး။ ဒီကောင်ကြီးမျက်စိလည်လာတာကြောင့် အမည်းကောင် ငါးမန်းတွေ အနားမကပ်တော့တာကိုး။ ဦးကြွက်နီအိမ်မှာ ငါးမန်းစွယ်ကြီးချိတ်ပြီး ဝင့်ကြွားနိုင်ပြီပေါ့ကွာ”
ဟု မောင်ရေးက မစားရဝခမန်း လှမ်းပြောလိုက်၏။
ငါးမန်းလှေပိုင်ရှင် ဦးကြွက်နီသည် လူတစ်ရပ်ခန့်ရှိသော ခုတ်ငါးမန်းကြီးကိုကြည့်လျက် ပီတိဖြစ်နေစဉ် ငါးမန်းစွယ် မခုတ်မိလိုက်သော ငခွေးကိုကြည့်ကာ လှေသားများ စုတ်သပ်နေကြတော့သည်။
သည်ငါးမန်းစွယ်ကြီးနှင့် ငခွေးခန္ဓာကိုယ်ကိုများ ခုတ်မိလိုက်လျှင်ကား မတွေးရဲစရာပင်ဖြစ်၏။
တောင်လေကြမ်းကြောင့် ပမ္မ၀တီရေပြင်မှာ လှိုင်းတံပိုးများ ထနေဆဲပင်ရှိချေပြီ။
– ပြီး –
စာရေးသူ – သန်းမြင့်သန်း (ကွမ်းခြံကုန်း)