#ခင်မောင်အေး (မန္တလေး)
ပိတောက်ပင်ချောင်မှ ဟင်းမျိုးကြီး
လေသည် ထူးထူးခြားခြား ငြိမ်နေသည်။ မှိုင်းမှုန်သော ဥတုသည် ပူပူလောင်လောင် အိုက်စပ်စပ်ကြီး ဖြစ်လျက်ရှိ၏။ အခါတိုင်း ကြားနေရစမြဲဖြစ်သော ကျေးငှက် သာရကာတို့ အသံသည်ပင် တိတ်ဆိတ်လျက် ရှိလေသည်။ အသံခပ်အစ်အစ်ဖြင့် အဝေးဆီသို့ လွင့်ပျံလာသော “တက်တက် တူးခါးခါး”ဟူသော ခါဖိုတစ်ကောင်၏ တွန်သံကိုသာ တစ်ချက်တစ်ချက် ကြားရသည်။
ဝဲယာအနှံ့ကို မပြတ်သောသတိဖြင့် တရစပ်ကြည့်ရင်း ဖိနပ်မရှိသော ခြေဖဝါးကြမ်းကြီးများဖြင့် အသက်ရှူအသံ လုံးဝမပြုဘဲ တစ်လှမ်းချင်း ရှေ့မှ ရိုင်ဖယ်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ သွားနေသော ဦးဘိုးရသည် နောက်သို့ အသာလှည့်ကြည့်လျက် မျက်ရိပ်ပြလိုက်သည်။ သူ့အနားသို့ ကျွန်တော်က ကပ်သွားလိုက်ပြီး နားထောင်ရ၏။ ကြားရသော အသံက လေသံမျှသာ…
“တောအခြေအနေကို သတိထားမိရဲ့လား၊ လုံးဝ တိတ်နေတယ်၊ ဒီပုံထောက်ရင် ဟင်းမျိုးကြီး ရှိနေပုံပဲ ၊ မျက်ခြည်မပြတ်စေနဲ့နော်… “
ကျွန်တော်က ဦးဘိုရအား အသာခေါင်းကို ညိတ်ပြလိုက်ပြီး လက်ထဲမှ ကျွန်တော်၏ စပရင်းဖီးလ်ရိုင်ဖယ်ကို မ,ပြလိုက်သည်။
“ကတောက်-ကတောက်-ကတောက်”
တော၏ အူလယ်လောက်ဆီမှ ရှဉ့်ငပေါတစ်ကောင်၏ တောက်သံကြောင့် ဆတ်ခနဲ ဖြစ်သွားသော ဦးဘိုးရက တွေ့သွားပြီးမှ ရှေ့သို့ ဆက်သွားရန် မျက်ရိပ်ပြလိုက်သည်။
နှစ်ယောက်သား သေနတ်များကို အသင့်အနေအထားဖြင့် ကိုင်ဆောင်လျက် တစ်လှမ်းချင်း တောနက်ရာအတွင်းဘက်သို့ လှမ်းခဲ့ကြသည်။
စိမ့်အေးအေးကြီး ခံစားလိုက်ရပြီးနောက် နေပြောက်မျှ မဝင်နိုင်အောင် ရှုပ်ထွေးလျက်ရှိသော တောသည် တစ်စတစ်စ ကျွန်တော်တို့နှစ်ဦးအား ညှို့လျက်ရှိ၏။ ဝဲယာ ရှေ့နောက်တွင် ပကတိ တိတ်ဆိတ်လျက် စင်းစင်းကြီး ရပ်တည်လျက်ရှိကြသည်။
ပင်စည်ဖြောင့်သော သစ်ပင်ကြီးများ မိုးရေကို ဝဝလင်လင် သောက်သုံးထားရသဖြင့် ရှည်ချင်တိုင်း ရှည်ကာ ရှုပ်ထွေးလျက်ရှိသော နွယ်ပင်ကြီးများ၊ လေအလာတွင် တနွဲ့နွဲ့ ယိမ်းလျက်ရှိသည့် မြက်ပင်ရှည်ကြီးများ။
“ဥုံ – ဖွဖွ – ဥုံ – ဖွဖွ”
တောလုံငှက်တစ်ကောင်က အပင်ဖျားဆီမှ နှစ်ခွန်းဆင့်၍ မြည်လိုက်ပြီး ငှက်နှင့်မလိုက်အောင် တောင်ပံသံ ပြင်းပြင်းရိုက်လျက် ထိုးပျံသွားသည်။ နှစ်ဦးလုံး ကြောက်စိတ်မရှိသော်လည်း ကိုယ်ခန္ဓာအတွင်းရှိ သွေးများက သဘာဝအတိုင်း တထုတ်ထုတ် မြည်အောင် တိုးလျက်ရှိ၏။
ဖျတ်ခနဲ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ပြီးမှ အသာပြုံး၍ ရှေ့သို့ တစ်လှမ်းချင်း ဆက်ကြပြန်လေသည်။
ကျွန်တော်နှင့် ဦးဘိုးရကြီး နှစ်ယောက်သား ပိတောက်ပင်ချောင်စခန်းအတွင်းသို့ ရောက်ခဲ့ရသည့်အကြောင်းကို ရှင်းလင်းရမည်ဆိုပါမူ. . .
ပုသိမ်ကြီးအပိုင် ဒဟတ်တောတစ်ရွာလုံး ညံစီစီဖြစ်လျက်ရှိသည်။ ရွာလယ်တွင် တစ်ကောင့် တစ်ကောင် ထပ်နေအောင် ပုံထားသော နွားသေ (၇) ကောင်ကို စုရုံး၍ ကြည့်နေကြ၏။
သေနေသော နွားများအားလုံးလိုလိုပင် လည်ကုပ်တည့်တည့်၌ သွေးတွေ ဒလဟောကျရင်း အသက်ပျောက်နေကြသည်။ လည်ကုပ်တစ်ခုလုံး ပြည့်မတတ် ကြီးမားသော အစွယ်ရာများကြောင့် ကျားခဲခံရခြင်းဖြစ်ကြောင်း သိသာနိုင်သည်။
တစ်ယောက် တစ်ပေါက် ဆူညံဆူညံပြောလျက်ရှိကြသော အကြောင်းအချက်များကြောင့်လည်း အဖြစ်မှန်ကို သိရှိနိုင်ပေသည်။ နွားပိုင်ရှင် ဖြစ်ဟန်တူသော ဟိန္ဒူလူမျိုး ကွန်ဒီးကတော် အဘွားကြီးက တရှုံ့ရှုံ့ ငိုညည်းလျက်ရှိသည်။
“ဘယ်လို ဖြစ်တာလဲဗျ. . “
လူစုထဲမှ တစ်ယောက်က ဟိန္ဒူအဘိုး ကြီးအား လှမ်းမေးလိုက်သည်။
“ကွန်ဒီးနော် ကနေ့ စောစောပြန်တယ်၊ အခါတိုင်းနော် မိုးစုတ်တယ်၊ ကနေ့ နေမဝင်သေးဘူး၊ နွားအုပ်က ရွာကိုဝင်တဲ့လမ်းအတိုင်း မဝင်ဘူး၊ ဆယ်ကောင်လောက် ခွဲသွားတယ်၊ ကွန်ဒီးက ဒီဘက်က နွားအုပ်ကို အသာမောင်းပြီး ဆက်သွားတယ်. . “
ကွန်ဒီး အဘိုးကြီးက ရွာသားများအား ရှင်းလင်းပြလျက်ရှိ၏။ ထို့နောက် ဆက်၍ . . .
“ကွန်ဒီး တဖြည်းဖြည်း ပြန်လာတယ်။ ခဏအကြာမှာ နောက်က အော်တယ်၊ နွားတွေ ရှေ့က နွားအုပ်က ပြေးတယ်၊ ဒါကြောင့် ခဏနဲ့ ပြန်မကြည့်နိုင်ဘူးနွားအုပ်ကိုပဲ အသာမောင်းပြီး ထိန်းလာတယ်. .”
ပြောနေရင်း ရွာသားတစ်ယောက်က ဖြတ်မေးလိုက်၏။
“အဘိုးကြီးတစ်ယောက်တည်းလား၊ အီစွပ်ကကော. . .”
“အီစွပ် မန္တလေးသွားတယ်၊ မနက်မှ ပြန်ရောက်မယ်၊ နွားနို့ဖိုး ပိုက်ဆံတွေ သွားတောင်းတယ်. . “
ကွန်ဒီးက ဖြေလိုက်ပြီးမှ
“နွားတွေ အိမ်ရောက်ပြီး ခြံထဲသွင်းပြီးတာနဲ့ ကွန်ဒီး ပြန်ကြည့်တယ်၊ တောစပ်ကအထွက်မှာ ကွန်ဒီးနွားတွေ ဒီအတိုင်းတွေ့တယ်၊ ကွန်ဒီး နွားအဖြူမကြီး မတွေ့ဘူး၊ ရပ်ကြည့်နေတုန်း ဝေးဝေးက ကျားဟိန်းသံ ခပ်တိုးတိုး ကြားတယ်။ ဒါနဲ့ မနေရဲဘူး ကွန်ဒီး ပြန်လာတယ်. . “
“တို့နွားတွေလည်း ဒုက္ခပဲဟေ့. . မအေပေး ဟင်းမျိုးကြီး ဒါလောက်ရဲနေရင်တော့. .” ဘကြီးထိုက်က ရေရွတ်လိုက်သည်။
“ဟုတ်တယ်ဗျာ.. ကျုပ်တို့လည်း ဒုက္ခပဲ၊ ယာကလည်း အဝေးသား”
“နှမ်းကြဲထားတာတောင် သွားမကြည့်ရဲတော့ဘူးပေါ့. . “
တစ်ယောက်တစ်ပေါက် ဝေဖန်လျက် ရှိကြ၏။
“ဟေ့-ဟေ့ သိပ်ဝိုင်းမနေကြနဲ့၊ ပြန်ကြ ပြန်ကြ အလကား လူရှုပ်တယ်၊ ဘိုးရသာ သွားခေါ်ချေ. .”
သူကြီး အိမ်ဝိုင်းထဲမှ မျက်နှာသုတ်ပဝါကို ပြင်ပေါင်းရင်း ထွက်လာသော သူကြီးဦးပေစိ၏အသံကြောင့် အလျှို အလျှို ပြန်သွားကြသည်။ ရွာသားများရှင်းသွားပြီး ကွန်ဒီးလင်မယားနှင့် ဘကြီးထိုက်သာ ကျန်ခဲ့သည်။
“အေးအေး. . . ဟင်းမျိုးကြီး ဒီလောက်ရဲရင်တော့ မဖြစ်ဘူးဟေ့ ၊ တော်ကြာ မျှစ်ချိုး မှိုရှာသူတွေပါ ဆက်ကုန်မယ်၊ ဘိုးရလာမှ မေးကြည့်ရအောင်… “
သူကြီးက ကွမ်းသွေးကို ဗြစ်ခနဲ ထွေးလိုက်ရင်း ပြောလိုက်၏။ ဘိုးရရောက်လာ၍ သူကြီးနှင့်တိုင်ပင်ကာ ကျွန်တော်တို့အဖွဲ့ထံ ရောက်လာခဲ့ပြီးသည့်နောက် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျွန်တော်နှင့် မွတ်တားက သောင်းကျန်းလျက်ရှိသည့် ဟင်းမျိုးကြီးအား နှိမ်နှင်းရန် ထွက်လာခဲ့ကြ၏။
မွတ်တား (သို့မဟုတ်) မန္တလေး မုဆိုးကျော် ကိုဘသိန်း က (၁၂) ဗို့ နှစ်လုံးပြူးပိုင်သလို၊ ကျွန်တော်ကလည်း ဝင်ချက်စတာ စပရင်းဖီးလ် (၃၀. ဝ၆) ရိုင်ဖယ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ကြသည်။ သို့နှင့်ပင် ကျွန်တော်တို့နှစ်ဦး ဒဟတ်တောရွာဆီသို့ ရောက်ခဲ့ကြရပြီး ပိတောက်ပင်ချောင်စခန်းသို့ ဆက်လက် ထွက်ခွာလာကြပေတော့သည်။
ဒဟတ်တောရွာသို့ ရောက်ရှိခဲ့စဉ်ကပင် ဟိန္ဒူအဘိုးကြီး ကွန်ဒီးအား စုံစမ်းမေးမြန်းခဲ့သည်ဖြစ်ရာ တစ်နေ့တည်း တစ်ချိန်တည်း နွား (၇)ကောင် တိတိ ကိုက်သတ်၍ နွားဖြူမကြီး တစ်ကောင်တည်းကိုသာ တောထဲသို့ ဆွဲသွားသည့် ဟင်းမျိုးကြီးအကြောင်း သိရှိခဲ့ရသည်။
ခထက်ကင်းရွာအလွန် ဆီးဖြူပင်ကိုကျော်၍ (၅) မိုင်မျှသွားမှ ရောက်နိုင်သော တောင်နီ တောင်စောင်း စခန်းဘက်မှ လွင်သို့ ဆင်းလာဟန်တူကြောင်း ရွာစဉ်ရွာဆက် သတင်းအရ သိကြရလေသည်။
လှည်းလမ်းအကူးတွင် နေဝင်ရိုးရီ မကြာခဏ မြင်ခဲ့ဖူးသည့် ဆီးဖြူပင်ရွာသားများအဆိုအရ ဟင်းမျိုးကြီး၏ ကိုယ်လုံးကို ခန့်မှန်းနိုင်သည်။ အလျား (၉) တောင်ကျော်ရှိပြီး လှပသလောက် ကြောက်မက်ဖွယ်ရာကောင်းပါပေသည်ဟု အဆိုရှိသည်။ မည်သူက မည်သို့ပင်ဆိုစေ ကျွန်တော်နှင့် မွတ်တားက တစ်နေ့တည်း ကွန်းဒီး၏ နွား (၇) ကောင် ကိုက်သတ်ခဲ့ပြီး အစာအလို့ငှာ တစ်ကောင်တည်း ရွေးဆွဲသွားသော ဟင်းမျိုးကြီးကို ချေးမှုန်းသုတ်သင်ရန် ဆုံးဖြတ်ပြီးကြလေပြီ။
သို့သော် ဒဟတ်တောရွာမှ စထွက်မိသည်နှင့် စိတ်ဇောကြီးနေသော မွတ်တားက ရိုးပြတ်တစ်ခုကို အမှုမဲ့ လှမ်းခုန်လိုက်သည်တွင် ခြေပွတ်တိုင် လည်သွားရ၏။ ပါလာသော ဝင်နိုဂျင်တိုနှင့် သုတ်လိမ်းပြီး ဆေးပတ်တီးနှင့် ပတ်ပြီးသည့်တိုင် လမ်းမလျှောက်နိုင်သည့်အတွက် ရွာသို့ လှည်းနှင့်ပြန်ပို့လိုက်ရသည်။ သို့နှင့် (၅) နာရီ သာသာခန့်ရောက်မှ အဘိုးရနှင့် ကျွန်တော် နှစ်ဦးသာ တောထဲသို့ ထွက်ခဲ့ရခြင်း ဖြစ်ပေသည်။
ပိတောက်ပင်ချောင်ဟု အမည်တွင်သည့်တောက ဒဟတ်တော ရွာသူရွာသားများပင် မျှစ်ချိုး မှိုရှာ မလာဝံ့သည့် တောကြမ်းဖြစ်၏။ ကြီးမားသော ကျွန်း၊ သစ်ယာနှင့် ကနစိုပင်ကြီးများ ထူထပ်လျက် ချဉ်ပြစ်၊ ဆူးရစ်နှင့် ဒိုးနွယ်များ ရှုပ်ထွေးစွာ ပေါက်ရောက်လျက်ရှိသည်။ ဆတ်၊ ဝက်၊ စိုင်နှင့် ရံဖန်ရံခါ သီးပင်တောင်ပေါ်မှာ ပြောင်များပင် (လွင်သို့ဆင်းသည့် တပေါင်းလိုလများတွင်) ရောက်လာတတ်ကြ၏။
သည်လို မြိုင်ကြီးကြီးမျိုးတွင် အမဲကြီးများ ကျက်စားသည့်နည်းတူ အမဲကြီးများ၏ ရန်သူကောင် ဟင်းမျိုးကောင်ကြီးပါ ရောက်ရောက်လာတတ်၏။ ယခုလည်း ဤဟင်းမျိုးကြီးတစ်ကောင်ကြောင့် ဒဟတ်တောရွာသားများ ဒုက္ခတွေ့ခဲ့ကြရခြင်း ဖြစ်ပေသည်။
လေသည် ထူးထူးခြားခြားကြီး ငြိမ်နေရာမှ တဖြည်းဖြည်း သုတ်ဖြူးလာသည်။ စောစောက ပူလောင်လောင်ကြီး ဖြစ်နေသည့် ဥတုကြောင့်၊ စိတ်ဇောတို့ကြောင့် တစိမ့်စိမ့် ယိုစီးလျက်ရှိသော ချွေးများကြောင့် စိမ့်ခနဲအေးလာ၏။
နေရင့်၍ လင်းလာပြီဖြစ်သည့်တိုင် အိပ်တန်းဆင်းကြက်များတွန်သံပင် မကြားရသဖြင့် သတိကို နှိုးဆွထားရသည်။ လက်မဖြင့် ရှေ့သို့ စပါးလုံးတစ်ထောက်ခန့် စိကိုတွန်း၍ လက်ညှိုးဖြင့် ရွရွလေး တင်ထား သည့် ရိုင်ဖယ်ခလုတ်ကို နှစ်ပေါင်အားခန့်ဆွဲလိုက်လျှင်ပင် “ဒိုင်း” ခနဲ ထွက်သွားမည်ဖြစ်သော လက်ထဲမှ ရိုင်ဖယ်ကို ကိုင်ဆောင်လျက် အသင့် အနေအထားဖြင့် အပါးက ရှိနေသောကြောင့်လည်း အားတက်ကာ စိတ်ဓာတ်ကြွလျက် ရှိပေသည်။တရွေ့ရွေ့ လှမ်းလာရင်းမှ ပိတောက်ပင်စခန်း ညာဘက်ကြောဆုံးလှလေပြီ။
ရှေ့တွင် လျှိုသာရှိတော့သည်မို့ ဘိုးရကို လွန်၍ ကြောအဆုံးမှ လျှိုအတွင်းသို့ အသာငုံ့ကြည့်လိုက်မိသည်။
“ဝုန်း” ခနဲ ထပျံသွားသော ယင်မမဲရိုင်းကြီးများ အသံသည် လျှိုထဲမှ ဟိန်း၍ ထွက်လာသည်။ ဘိုးရက တံတောင်ဖြင့် လှမ်းတွက်၍ လျှိုထဲတွင် တစ်ခုခုတော့ ရှိနေပြီဟု ဆိုသည့်အလား မျက်ရိပ်ပြလိုက်သည်ကို ခေါင်းဆတ်၍ နားလည်ကြောင်း ပြလိုက်ရ၏။
ကြောဆုံတွင် ထီးထီးကြီး ပေါက်နေသော ကညင်ပင်ခြေမှ စေ့စေ့စပ်စပ် လျှိုတွင်းသို့ ရှာကြည့်လိုက်သည့်အခါတွင်မူကား ချဉ်ပြစ်ပင် ဆူးရစ်ချုံအကြား တလင်းလို ခပ်ပြောင်ပြောင် တစ်နေရာတွင် ကွန်ဒီး၏ နွားဖြူမကြီး၏ အစိတ်အပိုင်း အချို့ကို လှမ်းတွေ့ရသည်။ နောက်တစ်ပိုင်းလုံး အသား မရှိတော့ဘဲ အရိုးချည်း ကျန်တော့သည်။ ခေါင်းပိုင်းနှင့် လက်ပြင်တစ်ခြမ်းကြောင့် ဖြူဖြူတွေ့ရခြင်း ဖြစ်လေသည်။
” ဟင်း. ” ခနဲ နှစ်ယောက်ပြိုင်တူ သက်ပြင်းများ အသီးသီး ချလိုက်ပြီးနောက် လေသံဖြင့် ဘိုးရက စလာသည်။
“နွားတော့တွေ့ပြီ. . . ကျားပဲ လိုတော့တယ်၊ ဒီမှာတော့ ရှိဟန်မတူဘူး၊ လျှိုကိုပတ်ပြီး မြောက်တောကို လိုက်ရအောင်”
မနေ့ညပိုင်းက ဆွဲသွားသော နွားကို တစ်ညလုံး စားထားပြီဖြစ်၍ ဆက်စောင့်နေလည်း အကြောင်းမထူးတော့သည့်အတူတူ ဘိုးရအကြံဉာဏ်အတိုင်း မြောက်တောဘက် ဆင်းကြည့်ရလျှင် တွေ့ကောင်း တွေ့ရမည် ဖြစ်သဖြင့် ခေါင်းညိတ် သဘောတူလိုက်ကာ အတူတူပင် လျှိုကိုပတ်၍ တဖြည်းဖြည်း ဆင်းလာကြသည်။
လျှိုအနိမ့်ထဲသို့ရောက်၍ တစ်ဖက်ကြောသို့တက်ရန် ခြေကို လှမ်းလိုက်သည်တွင် စိတ်က အလိုလိုလန့်သွားကာ စောစောက ဆင်းလာခဲ့မိသော တောင်ကြောပေါ်သို့ အမှတ်မထင် လှမ်းကြည့်လိုက်မိသည်နှင့် တစ်ကိုယ်လုံးရှိ မွေးညင်းများ ထောင်သွားမတတ် ခံစားလိုက်ရ၏။
ကျွန်တော်၏ ထူးခြားသော အပြုအမူကြောင့် ကျွန်တော် လှမ်းကြည့်လိုက်သောနေရာကို ဘိုးရလည်း လှမ်းကြည့်ရင်း ကြက်သေသေသွား၏။ ကြောပေါ်ရှိ ထီးထီးသော ကညင်ပင်ခြေရင်းတွင်ကား ကျွန်တော်တို့ တစ်မနက်လုံး ချောင်းလာခဲ့သော ဟင်းမျိုးကြီးက ဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံဖြင့် ဆောင့်ကြောင့်ထိုင်လျက် ကျွန်တော်တို့အား ကြည့်နေသည်ကို တွေ့ရသည်။
ကြီးမားသလောက် ရက်စက်မည့် ကျားမျက်ခွက်ကြီးကို အနိမ့်ထဲမှ မြင်နေရသည့်အတွက် တုတ်တုတ်မျှ မလှုပ်ရဲအောင် ဖြစ်ရ၏။ လှုပ်သည်နှင့် အုပ်မည့်ပုံပင်၊ ကျားကို မြင်စကတည်းက လက်မဖြင့် စိကို ရှေ့သို့တွန်းထားခဲ့ပြီးဖြစ်သော်လည်း ပြောင်းကိုမ၍ မချိန်နိုင်သေး။
မသိမသာ ဘယ်လက်မှ ပြောင်းကိုပင့်၍ သေနတ်ကို ထောင်နေမိသည်။ ကျွန်တော့်အဖို့ စက္ကန့်ပိုင်းမျှ နောက်ကျသွားခဲ့လေပြီ။ ဘိုးရက ကျွန်တော့်အရင် ကြောပေါ် နှစ်လှမ်းခန့် စောတက်မိပြီး၍ ကျားနှင့် ပိုနီးသလို ဖြစ်နေသည်။ စစ်သုံးရိုင်ဖယ်သော့က ကျပ်သည့်အတွက် သော့ကို ကျွန်တော့်လိုပင် တွန်းလိုက်ဟန် တူသည်။
ဘိုးရ၏ သော့တွန်းလိုက်သဖြင့် ချက်ခနဲ မြည်သံအဆုံးတွင် မြေကြီးနှင့် ဖျတ်ခနဲ ကပ်သွားပြီးမှ မြောက်ကြွလာသော အဝါတစ်ကန့် အနက်တစ်ကန့် ကျားကြီး၏ ကိုယ်ခန္ဓာကို ခေါင်းပေါ်မှ မြင်လိုက်ရ၏။
အလေ့အကျင့်ရှိပြီး ကျင့်သားရနေသော လက်များက လွှားခနဲခုန်ဝင်လာသည့် ကျားကိုယ်ထည်ကြီးကို “ဒိုင်း” ခနဲ လှမ်းပစ်လိုက်နိုင်သည်။ နားထဲတွင် ကပ်၍ လက်ပစ်ဗုံးကွဲသလို ကျားဟိန်းသံကြီး ကပ်ကြားရပြီးနောက် ဘိုးရသည် တောင်စောင်းမှ လျှောခနဲ ကျသွားသည်။
ဘိုးရ၏ လက်မှ ရိုင်ဖယ်သေနတ်သည်လည်း (၄) တောင်ခန့်အဝေးသို့ အရှိန်နှင့် လွင့်ကျသွား၏။ နောက်တစ်ချက်ပစ်ရန် မောင်းထိုးလိုက်ပြီးသည့် အခါမူကား ကျားကြီး မရှိတော့။
ဘိုးရအား လှမ်းခုန်အအုပ်နှင့် တစ်ချိန်တည်း သေနတ်ကို ပုတ်ပစ်လိုက်ပြီးနောက် ဒိုင်းခနဲ ပစ်လိုက်သော ကျွန်တော့် သေနတ်ကျည်ဆန်ကိုပါ ကိုယ်ကို လေထဲတွင် လူးလွန့်ရှောင်လိုက်နိုင်ကာ မြင်ကွင်းမှပါ ရှောင်တိမ်းသွားသည့် မသတီစရာ ကျားကြီး၏ လျင်မြန်မှုသည် ကျွန်တော့်အား ချောက်ချားသွားစေသည်။
“ဘိုးရ… ဘိုးရ… ဘာဖြစ်သွားသေးသလဲ ”
ကျွန်တော့်အမေးကြောင့် လဲနေရာ လျှိုကြားမှ အားယူထလျက် လွင့်ကျသွားသော သေနတ်ကို ကောက်လိုက်ပြီးမှ ဘိုးရက ရှုံ့မဲ့မဲ့ဖြင့် ကျွန်တော့်အား ပြန်ပြောနိုင်သည်။
“ဘာမှ မဖြစ်ပါဘူးဗျာ၊ သေနတ်ပဲ ပုတ်ချသွားတာ၊ သူ့ အရှိန်နဲ့ လူလဲသွားပေလို့သာပေါ့၊ နို့မို့ မျက်နှာ တစ်ခြမ်းလောက် ပါအသွားပဲ ဗိုလ်ကြီးရဲ့”
“ကျွန်တော်လည်း လှမ်းတော့ ပစ်လိုက်သား၊ ငနဲက လျင်လိုက်တာဗျာ၊ မထိလိုက်ဘူးဗျို့၊ ကဲ . . . မဝေးခင် ဆက်လိုက်ကြရအောင်လား”
“အို. . ကျုပ် သိပါတယ်၊ ဒီကောင်ကြီး ဝေးဝေးမသွားဘူး၊ ကျုပ်တို့ကို ပြန်ချောင်းနေမှာ၊ စိတ်ထင်ပြောရရင် ဒီလျှိုဆုံးက မြစ်ထဲတင်ရှိမယ်”
ဘိုးရက မကျေနပ်သံဖြင့် အဖြေပေးသည်။
“ကဲ . . . ဒါဖြင့် ကြောပေါ် တက်ကြည့်ရအောင် “
ကျွန်တော်က အပေါ်စီးကို လိုချင်သဖြင့် အကြံပေးလိုက်ရ၏။
“ကောင်းတယ် .. ကောင်းသားပဲ၊ ဒီတစ်ခါတော့ ကျုပ်တို့ အလှည့်ပဲ. . .”
ပြောပြောဆိုဆို ကျွန်တော်တို့ ဆင်းလာခဲ့သော ကြောထိပ်သို့ ခပ်သွက်သွက် ပြန်တက်သွားသော ဘိုးရကို ကြည့်မိရင်း ဆက်လိုက်သွားရသည်။
ကြောပေါ်ရောက်၍ လျှိုအဖျားဆီသို့ ကွေ့၍ ဆင်းကြပြီးနောက်၊ ပေ (၅၀) ခန့်အနက်တွင်ရှိ ဗြစ်ထဲသို့ နှစ်ယောက်သား လှမ်းကြည့်လိုက်မိသော်လည်း ရှည်လျားသော မြက်ပင်ရှည်ကြီးများက ဖုံးလွှမ်းလျက် ရှိသဖြင့် ဘာကိုမှ မမြင်ကြရ။ လေက တဖြည်းဖြည်း တိုက်နေသဖြင့် မြက်ပင်ရှည်ကြီးများ တအိအိ လှုပ်နေကြသည်။
မြက်ပင်များသည် ရှိုအစတွင် ခပ်စိပ်စိပ် ပေါက်နေရာမှ လွင်ဘက်သို့ တဖြည်းဖြည်းပါးသွားသည်။ ကိုက် (၅၀) ခန့်တွင်မူ အကွက်ကျဲကျဲသာ ရှိနေလေသည်။
တောင်မှ မြောက်သို့ တိုက်လျက်ရှိသော လေကြောင့် မြက်ပင် အဖျားရှည်ကြီးများက ကျွန်တော်တို့ ကြည့်နေရာ တောင်ခါးပန်းဘက်ဆီသို့ တအိအိ ပြေးလာနေကြသလို ရှိသည်။
“ဟော .. ဘိုးရ ကြည့်စမ်း၊ ဟိုနေရာကို”
ကျွန်တော်က ကိုက် (၅၀) ခန့်အဝေးမှ မြက်ပင်ရှည်ကြီးများကို ဘိုးရအား လှမ်းပြလိုက်မိသည်။ လေသည် တောင်မှ မြောက်သို့ တိုက်လျက်ရှိသဖြင့် မြင်ပင်များသည် တောင်မှ မြောက်သို့ အိလျက်ရှိကြသော်လည်း ကျွန်တော် မြင်ရသော မြင်ကွင်းနေရာမှ မြင်ပင်များသည်ကား မြောက်မှ တောင်သို့ လွန်၍ တဖြည်းဖြည်းအိလျက်ရှိသည်။
“ဟုတ်တယ်ဗိုလ်ကြီး . . . ဟုတ်တယ်၊ မအေပေး ဟင်းမျိုးကြီး ဗြစ်ထဲက အသာကပ်သွားနေတာ ဟိုလွင်စပ်ကို ဖြတ်ပြီး ကူးမှာပဲ ။ ကြည့်နေ. . ကြည့်နေ. . . “
ဘိုးရက ကျားကြီးသွားရာလမ်းကြောင်းကို မြင်လိုက်ရကြောင်း ပြသ၏။
ကျားသည် ကျွန်တော်တို့အား မျက်ခြည်ဖြတ်၍လစ်ရန် ဗြစ်တောကို အကာအကွယ်ယူကာ မျက်ကွယ်အနေအထားဖြင့် သွားလျက်ရှိပေပြီ။
လွင်စပ်သို့ ပခုံးပေါ်မှ ကျွန်တော်၏ (၃၀-၀၆) ချိန်ကွင်းကို မြက်ပင်ဆုံးရာ ထောက်လျက် ပစ်မှတ်ဆီသို့ ဦးတည်ထားလိုက်သည်။ စိတ်အာရုံကို လွင်ရှင်းရာ ကျားထွက်မည့် လမ်းကြောင်းတစ်ခုတည်းဆီသို့ စူးစိုက် ထိန်းချုပ်ထားလျက် တောမုဆိုး ဟင်းမျိုးကောင်ကြီး အလာကို အသာစောင့်နေလိုက်သည်။
မြောက်မှတောင်သို့ တရွေ့ရွေ့သွားနေရာမှ လွင်သို့ အရောက်တွင် စက္ကန့်ပိုင်းမျှ တန့်ခနဲဖြစ်သွားပြီး မြက်ကြားမှ အဝါနှင့် အနက်ကန့် ကြီးမားသော ကျားခေါင်းကြီး ပြူထွက်လာသည်။ တဖြည်းဖြည်းနှင့် ကျားကြီး၏ ကိုယ်ထည်သည် တိုး၍ ထွက်လာကာ ကျွန်တော်ရည်မှန်းထားရာ လွင်ထဲသို့ ဝင်လာသည်။
ရွေ့လျားလာသော ကျားသဏ္ဌာန်သည် တန့်ခနဲ ရပ်လိုက်ပြီး ကျွန်တော်တို့ရှိရာ တောင်ကြောဘက်သို့ အကဲခတ်သည့် အလားတစ်ချက်လှမ်းကြည့်လိုက်၏။ ကျွန်တော်၏ ချိန်သီးဖျားသည် ကျား၏ ကိုယ်ထည်အထက် တစ်ပေခန့်တက်နေသည်ဖြစ်ရာ ဘယ်လက်ကို နှိမ့်ချလိုက်သည်တစ်ပြိုင်နက် ကြီးမားသော ကျား၏အရှေ့ပိုင်း လက်ပြင်နေရာသို့ ချိန်သားကိုက်စွာ ကျရောက်သွားသည်။
အသက်ကို တစ်ဝကြီးရနေရာမှ အောင့်၍ ရပ်လိုက်ပြီး၊ ခလုတ်ပေါ်တွင် မှေးထားသော လက်ညှိုးကို ညှစ်လျက် ကွေးချလိုက်၏။
“ဒိုင်း. . . ”
ခနဲ မြည်၍ ထွက်သွားသော သေနတ်သံသည် ပိတောက်ပင်ချောင် တစ်လျှိုလုံး ဟိန်းသွားသည်။ ကိုက် (၅ဝ) အကွာမှ ကျားကြီးသည် မြောက်ခနဲ ဖြစ်သွားရာမှ မြေပေါ်သို့ ဝပ်ကျသွား၏။ ထို့နောက် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်သွားသည်။
“ကဲ. . . ဘိုးရ သွားကြစို့၊ သတိမလစ်စေနဲ့နော်. . . ”
နှစ်ယောက်သား မလှုပ်မရှားရှိနေသည့် ကျားအနီးသို့ တဖြည်းဖြည်း ဆင်းသွားကြသည်။ ဗြစ်ထဲသို့ မဆင်းဘဲ ကျားကို လှမ်းမြင်နိုင်သည့် လွင်ဘက်သို့ ဆင်းကာ ပတ်၍သွားပြီးနောက် အနီးသို့ တဖြည်းဖြည်း ကပ်သွားကြရာတွင်ကား ကျားသည် အသက်ပျောက်လျက် ရှိပေပြီ။
အလျား (၉) တောင်တစ်မိုက်တိတိရှိပြီး လှပသော အဝါရောင်ပေါ်တွင် ကြီးမားသည့် အနက်ကန့်ကြီးများဖြင့် ကွန်ဒီး၏ နွား (၈)ကောင်ကို တစ်နေ့တည်း သုတ်သင်ကိုက်ခဲခဲ့သည့် ပိတောက်ပင်ချောင်မှ ဟင်းမျိုးကောင်ကြီးကား ဝင်ချက်စတာ စပရင်းဖီးလ် ရိုင်ဖယ်သေနတ်မှ ယမ်းအား ဂရမ် (၂၂၀)ရှိ ငွေပြားတပ် ကျည်ထိပ်ဖူးတစ်တောင့်ကြောင့် ကိစ္စတုံးလေပြီတကား။
အိတ်ထဲမှ နဂါးစပါယ်ရှယ်တစ်လိပ်ကို ထုတ်ယူ မီးညှိလျက် တဝကြီး အားရပါးရရှူလိုက်ပြီးမှ ဒဟတ်တောရွာသား မုဆိုးကြီးဘိုးရက ကျွန်တော့် လက်မောင်းကို ဆုပ်ကိုင်လှုပ်ယမ်းလိုက်သဖြင့် ခံစားလိုက်ရသည့် ပီတိကိုမူ ထာဝစဉ် သတိတရ ရှိနေတော့မည် ဖြစ်ပါသတည်း။
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ။
Uncategorized