ဇေယျာဘုန်းမြင့်
ပိုက်ချက်
“ပင်လယ်ဝဆီ ဒီတက်စ လှိုင်းဘောင်ဘင်
မဗေဒါ တဟုန်တိုး ချောင်းရိုးကိုဝင်
မိုးမမြင် လေမမြင် ပန်ဆင်ချင်လေတိုင်း
ရေထဦးပေနဲ့ စိတ်ကူးယဉ်ယဉ်လေတိုင်း
ပန်းထင်ရာစိုင်း”
[ ဇော်ဂျီ ၏ ဗေဒါလမ်းကဗျာများ မှ]
လှေနံနှင့် လှော်တက်ထိသံသည် မြစ်ပြင်၌ စည်းချက်ကျကျ ပေါ်ထွက်နေသည်။ ပင်လယ်ဘက်ဆီသို့မျှော်ကြည့်လျှင် မိုးကုပ်စက်ဝိုင်းကြီးကို မှိုင်းရီရီ မှန်ပျပျတွေ့ရသည်။ ပင်လယ်ပြင်ကိုငုံလျက် နဂါးငွေ့တန်းတို့သည် ဆို့ရစ်အုံ့ဆိုင်း သိုင်းနေကြသည်။ ဆည်းဆာရီ နေဖျော့ဖျော့သည် တိမ်စိုင်သားတို့အား ရွရွလေး တို့ထိနမ်းဆော့နေကြ၏။
မကြာမီ နေသည် နုသွေးနီရောင်မှ အညိုရောင်သို့ ကူးပြောင်းလာခဲ့သည်။ မြစ်ချောင်းတို့မှ အလည်လွန်ရောက်လာသော ဗေဒါဒိုက်တို့သည် လှိုင်းအိအိတွင် တရွေ့ရွေ့ စီးမျောလာကြသည်။
ပင်လယ်၏ သည်မှာဘက်ရှိ အနီးဆုံး မြစ်ပြင်ကျယ်သည်ပင်လျှင် ပင်လယ်လေ တချက်တချက် အဖြူးတွင် လူး၍ လူး၍ လှိုင်းကြက်ခွပ်လေးများ ဖြစ်သွားတတ်သည်။
သို့သော် မြစ်ပြင်ရေသည်ပကတိတည်ငြိမ် ရင့်ကျက်နေ၏။ ဣန္ဒြေရှိစွာ ဟန်လုပ်လျက် ရှိသည်။
ရာသီက မိုးအကုန် ဆောင်းအကူးကာလ ဖြစ်သည်။ ဆောင်းလေရူးက လွတ်လပ်စွာ ပျံသန်းတိုက်ခတ်နေသဖြင့် အေးစိမ့်စိမ့် ဖြစ်နေ၏။
မြစ်ပြင်မှ လှိုင်းကြက်ခွပ်တို့သည် လှေနံကို တဖျပ်ဖျပ် ရိုက်ခတ်လာ၏။ တချက်တချက် အားစိုက် လှော်လိုက်တိုင်း ရေမှုံနဲ့ ရေမွှားတို့သည် လှေဝမ်း ဘေးတလျှောက် ဖြာထွက်နေသည်။
လှော်တက်မှ ရေပွက်လုံးတို့သည် နောက်ဘက်ဆီ၌ ပလုံစီ၍ ကျန်ရစ်ခဲ့သည်။ ထူးခြားသည်မှာ လှေပေါ်ရှိ လှေလှော်ရှင်မှာ အသက် ၃ဝ ခန့်ရှိ မိန်းမ တယောက် ဖြစ်သည်။ သူသည် ရေလုပ်သား မမြမေ ဖြစ်သည်။
မမြမေသည်မျှောပိုက်ချရန် ပိုက်ချက်ရှိရာ “ဗူး” သို့ လှော်တက်လာခြင်း ဖြစ်သည်။ “ဗူး” နှင့် ဝါးငါးရိုက်စာလောက်ပင် လိုတော့သဖြင့် တက်ရှိန်ကို လျှော့ ချလိုက်သည်။ ပိုက်ချက်ရှိရာသို့ လှမ်းကြည့်လိုက်ယင်း နှုတ်မှလည်း တီးတိုး ရေရွတ်လိုက်သည်။
“ဟူး… တော်ပါသေးရဲ့တော်၊ ဘယ်သူမှ ပိုက်ချက်ကို စောမရောက်ကြသေးလို”
လှေကို ဗူးဘေးတွင် မြောင်ကပ်လိုက်သည်။ လှေကြိုးကို ပိုက်ချက်ငုတ်တွင် ကွင်းလျောချည်လိုက်ပြီးမှ လှေပဲ့တွင်ထိုင်၍ အမောပြေနေလိုက်သည်။ ရွာ ဘက်ရှိ ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို ကြားရသည်။ ရေတက်သည်အထိ အတော်စောင့်ရဦးမည်မှန်း မမြမေ သိသည်။
အသင့်ပါလာသောမီးခြစ်ဖြင့် ပြောင်းဖူးဖက် ဆေးလိပ်ကို မီးညှိသည်။ လေအနည်းငယ် တိုက်နေသဖြင့် မီးက ခြစ်မရ။ ခေါင်းတွင်ဆောင်းလာသော ဝါး ခမောက်ကို ကွယ်၍ခြစ်မှ ရသည်။ ဆေးလိပ်ကို မီးစွဲသည်အထိ တရစပ် ဖွာရှိုက်ပစ်လိုက်သည်။
မြစ်ပြင်ကို မျက်လုံးတချက် ဝေ့ကြည့်လိုက်သည်။ ပကတိ ငြိမ်သက်နေသော ရေပြင်ကြောင့် မမြမေ ဝမ်းသာသွားသည်။ သူတို့လို ပိုက်သမားများအဖို့ ရေပြင်ငြိမ်သက်နေလျှင် အခြေအနေကောင်းမွန်သည်ဟု မှတ်ယူရသည်။
ခပ်ဝေးဝေးတွင် ပိုက်လှေတစင်း နှစ်စင်းကို သဲ့သဲ့မျှ မြင်ရသည်။ မျှောပိုက်ချမည့် ဘဝတူရေလုပ်သားများ ဖြစ်ဟန်တူသည်။
မျှောပိုက်လုပ်ငန်းသည် ငါးသလောက်နှင့် ငါးကြင်းများကို ရှာဖွေဖမ်းဆီးရသော လုပ်ငန်းဖြစ်သည်။ မျှောပိုက်ချရာတွင် မြစ်ပြင်၌ ကြိုက်သလို ချနေ၍မဖြစ်။ ပိုက်ချက်ရှိရာ “ဗူး”သို့ လာ၍ နေရာယူရသည်။ ရေစောင့်ရသည်။ ရေအလောတော်ဖြစ်မှ အယင်ရောက်သူမှ စ၍ တဦးချင်း တန်းစီစနစ် ထွက်ရသည်။ ထိုသို့ စနစ်တကျလုပ်သော်မှပင် တခါ တရံ ပိုက်များ ရောနှောရှုပ်ထွေးသွားတတ်သေးသည်။ ရေကြောင်း မှားချမိပါကလည်း မလွယ်။ သဘာဝအန္တရာယ်များ၊ သင်္ဘောများနှင့် ကြုံရတတ်သေး သည်။
ထိုသို့ ပိုက်မျှောသည့် လုပ်ငန်းမှာလည်း မမြမေတို့လို မိန်းမများနှင့် မသင့်တော်။ ယောက်ျားကြီးများသာ လုပ်ကိုင်ရန် သင့်သည်။
ယခင်က ယောက်ျားများသာ လုပ်ကြသော်လည်း ယခု မိန်းမ အများအပြားပင် လုပ်ကိုင်နေကြပေပြီ။ သို့သော် မိန်းမများ လုပ်ကြသည် ဆိုသော်လည်း မမြမေတို့ရွာတွင် မိန်းမ ဆို၍ စစ်စစ်ပေါက်ပေါက် မမြမေ တယောက်သာ လုပ်သူရှိသည်။
ဤသည်မှာလည်း မမြမေ သူ့အကြောင်းနှင့် သူပင်။
ရွာတွင် မမြမေကို ‘သက်စွန့်ဆံဖျား လုပ်ကိုင်စားသောက်သည်’ ဟု ချီးမွမ်းသူက ချီးမွမ်းကြသည်။
“အလကားပါ၊ မိန်းမကိုကတော် … ဈေးလေး ဘာလေး ရောင်းစား ရလျက်သားနဲ့”
ဟု အပြစ်တင် ကဲ့ရဲ့သူက ကဲ့ရဲ့ကြသည်။ အကြောင်းသိသူ အချို့ကလည်း
“ပြောပါနဲ့အေ၊ သူ့အကြောင်းနဲ့ သူပေါ့”
ဟု ဆိုကြသည်။
ဘယ်သူတွေ ဘာပြောပြော မမြမေက မမှု။ ရေလုပ်ငန်းနှင့် ပတ်သက်၍ မမြမေ ငယ်ငယ်တည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ဆယ့်လေးငါးနှစ် သမီး လောက်ကတည်းက မမြမေ အဖေနှင့်အတူ ပိုက်မျှော ခဏခဏ လိုက်ရသည်။
အဖေနှင့်အတူ လိုက်ရလျှင် မမြမေ ပျော်သည်။ လှိုင်းခေါင်းဖြူကလေးများကို တခါတခါ စီးရသည်မှာ အိပ်မက်ထဲတွင် ဒါန်းစီးရသည်နှင့် တူသည်။
တွက်ခြေကိုက်၍ ငါးများများရပြီး အိမ်ပြန်ရသည့် နေ့ဆိုလျှင် ခြေထောက်နှင့် မြေကြီးပင်မထိ။ အိမ်သို့ ဝမ်းသာအားရ ပြေးတော့သည်။
မမြမေတို့တွင် မောင်လေးသံလုံးနှင့် အထက်အောက် မမြမေ၊ မောင်နှမနှစ်ယောက်သာ မွေးချင်းရှိသည်။ အဖေက ငယ်ငယ်ကပင် ဤတံငါရွာလေး၌ ရေ လုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးခဲ့သည်ဟု ဆိုသည်။ မမြမေ ငယ်စဉ်ကပင် အမေ ဆုံးပါးခဲ့သည်။ သံလုံးမွေးပြီးပြီးချင်း မီးတွင်းထဲမှာပင် သွေးတက်၍ ဆုံးသည်ဟု အဖေက ပြောဖူးသည်။
မမြမေ ကိုဒေါင်းစိန်နှင့် အိမ်ထောင်ကျပြီး တနှစ်လောက်အထိ မမြမေ အဖေနှင့်အတူ ပိုက်မျှော လိုက်တုန်းပင်။ ကိုဒေါင်းစိန်ကလည်း ရေလုပ်သား။ တရွာတည်းနေသူ ဖြစ်သဖြင့် မမြမေကို မကန့် ကွက်။ သို့သော် သား နီတွတ်ကို မွေးလာသောအခါ မမြမေ ပိုက်မျှော မလိုက်ရတော့။ အဖေကလည်း မခေါ်။ သမီး ယောက္ခမ နှစ်ယောက်သာ သွားတတ် သည်။
ထိုအခါတွင် မမြမေသည် အဖေနှင့် ယောက်ျားကို နေဝင်လာသည်နှင့် သားနီတွတ်ကို ထွေးပိုက်မြှူလျက် အိမ်ရှေ့မှ မျှော်နေတတ်မြဲ။
ငါးများများ ရလာသော နေ့များတွင် ရွဲဒိုင်သို့ မမြမေ အပြေးကလေး သွားသည်။ ရသမျှ ရောင်းသည်။ ကြွေး ပေးစရာ ရှိသည်တို့ကိုလည်း ပေးသည်။ ပြီးတော့ ဝယ်စရာ ခြမ်းစရာ ရှိသည်တို့ကို ကြွေးပြန် ဝယ်သည်။
တခါတရံ ကြွေးပြေလည်အောင် မပေးဆပ်နိုင်ပဲ ဈေးပြန်ယူရသည်များ ရှိလျှင် ရွဲသည်၏ အပြောအဆိုကို ခံရသည်။ မျက်နှာထိ မျက်နှာထားဟန်ကို မသိကျိုးကျွန် ပြုရသည်။
ထိုစဉ်က ယခုကဲ့သို့ ရေလုပ်သားများ စုပေါင်း၍ သ/မအသင်း ဖွဲ့ထားခြင်း မရှိသေး။ ရသမျှငါးကို ရွဲသည် လက်ဝါးကြီးအုပ် သိမ်းယူသည်။ ရေလုပ်သားများမှာလည်း ငွေကြေးကို ရွဲသည်ဆီ၌သာ အားကိုး နေကြရသည်။
ရွဲသည်ဆိုသည်မှာ သူတို့လို ရေလုပ်သားများအဖို့ ရလာသော ငါးများကို ပေးသွင်းရသော ငါးရွဲ (သို့) ငါးဒိုင်မှ ရွဲပိုင်ရှင် (သို့) ဒိုင်ပိုင်ရှင်ကို ရွဲသည်ဟု ခေါ်ကြခြင်း ဖြစ်သည်။
ထိုစဉ်က ရွဲသည်ကြီး ဦးစိန်သီးကို သွားသတိရမိသည်။ ဦးစိန်သီးအကြောင်း တွေးမိတိုင်း မမြမေ ကြိတ်မနိုင် ခဲမရ ဖြစ်ရသည်။ အမုန်းကြီးမုန်း၍ အနာကျည်းကြီး နာကျည်းမိသည်။ ဦးစိန်သီး၏ လူ လူချင်း ညှာတာထောက်ထားမှု မရှိခြင်း၊ ငွေကြေးရှင် ဆန်ခြင်းတို့ ကြောင့် မမြမေတို့ ဘဝသည် ရေတိမ်နစ် ခဲ့ရသည်။ တွေးမိတိုင်း အသည်းနာသည် ဆိုလျှင် မမြမေ လွန်မည်မထင်။
“ဟဲ့ မြမေ တယ်ဝိရိယ ကောင်းလှချည်လား ဟ၊ ရေတက်ဖို့ တော်တော်လိုသေးသဟာပဲ”
ဘဝတူ ရေလုပ်သားကြီး ဦးတောကျော်ကို လှေနား အကပ်တွင် တွေ့ရသည်။ ကျန် ပိုက်လှေ နှစ်စီး သုံးစီးလည်း ပိုက်ချက်သို့ ရောက်လာကြသည်။
“ပိုက်ချက် လာဦးသပေါ့ … ဟုတ်လား”
“အင်းပေါ့”
ဟု ပြောယင်း ပြုံး၍ ခေါင်းညိတ်လိုက်ရသည်။
“ရေနွေးကြမ်းနဲ့ ငါးဖောင်ရိုးခြောက်ပါသဟ မြမေ၊ လာမြည်းပါဦးလား”
“တော်တို့ပဲ စားပါတော်။ ရေငြိမ်နေပြီတော့၊ တော် ကြာဆိုယင် ရေ အတော်နေတော့မယ်”
ပိုက်လှေများ နောက်ထပ် တဖွဲ့ဖွဲ ရောက်လာကြသည်။ ပိုက်ချက်တွင်စုဝေး နေရာယူကြသည်။
“အင်း… ကိုဒေါင်းစိန်နဲ့ အဖေများ ရှိယင်”
ဟု တီးတိုး ဝမ်းနည်းစွာ ညည်းလိုက်သည်။
ထိုအချိန်တွင် ရွာ၏တောင်ဘက် ဘုရားပွဲမှ လောက်စပီကာအသံကို ကြားရသည်။ သီချင်းသံသည် မမြမေ၏ နားအစုံသို့ ဝင်ရောက်လာသည်။
မမြမေသည် သီချင်းသံဆီသို့ စိတ်အာရုံ လွှ င့်ပျံ့ သွားပြန်သည်။ ကပ်လာသော လှေငယ်တစင်းမှ လှိုင်းဂယက်ကလေးများသည် မမြမေလှေသို့ လာထိ၍ ဘောင်ဘင်ခတ်သွားကြသည်။
စိတ်သည် လွန်ခဲ့သော ငါးနှစ်ခန့်က မိုးသို့ အလိုလို ပြန်ရောက်သွားသည်။
သီချင်းသံက လေအသင့်တွင် မြစ်ပြင်ဆီသို့ ပျံ့လွင့်လာဆဲ။
“တံငါရွာ နေပူထဲ ကွန်တွေလဲ ဖြန့်လိုသာ
ပင်လယ်ပြင်မှာ ငါးဖမ်း ဝမ်းစာရှာ
နေညိုချိန်မှာလဲ အိမ်သူမယား သားသမီးတွေ
မြစ်ကမ်း ကစောင့်ကြိုရှာ
တနေ့တော့လေ… လေမုန်တိုင်းကြီး ကျလို့လာ
ဝမ်းနည်းစရာ ပင်လယ်ထဲ ငါးဖမ်းသွားတဲ့တို့ရဲ့အဖေ အိမ်ပြန်ချိန်ဟာ နောက်ကျသွားပြီ နေဝင်တဲ့အခါ…
အမေဟာ ငိုပြီပဲ စိုကာတွဲလို့ ကျမျက်ရည်
ကံကြမ္မာကိုသာ တွေးယင်း စောင့်မျှော်ရှာ
ဘာကို ဆိုနိုင်မလဲ ကံတရားရဲ့ ဆုံးဖြတ်ရာ
မလွန်ဆန်နိုင်ပါ ခေါင်းငုံ့လို့နေမှာ
ဝေးဝေးမှာ လှေငယ်ကလေး မျောယင်းနီးလိုလာ အဖေပြန်မပါ လှိုင်းများပုတ်ကာ စုန်ဆန်လို့မျောလာ
သောင်ပြင် ရေစပ်နား နေညိုတိုင်းလဲ သွားလိုသာ အမေဟာ ငိုကာ အခုထိစောင့်နေရှာ”
သံလုံး အပြင်းအထန် ဖျားနေချိန်က ဖြစ်သည်။ ကိုယ်ချစ်ချစ်တောက် ပူနေသဖြင့် မမြမေတို့ ခြေမကိုင်မိ လက်မကိုင် ယောက်ယက်ခတ် ဖြစ်နေရသည်။ မမြမေတို့ အဖေ ဦးဖိုးလူသည် သားဖြစ်သူကို ငန်းဆေးကြီးတိုက်၍ ရှိသမျှစောင်များကို ထပ်ခြုံပေးနေသည်။ သံလုံးက တအင်းအင်း ညည်းညူနေသည်။
“အဖေ ရွဲသည်ဆီ သွားကြည့်ပါ လားအဖေရဲ့။ ဆေးဖိုးဝါးခလောက်တော့ ရတန်ကောင်းပါရဲ့တော်။ နောက် ပိုက်မျောရတော့မှ… ”
ဦးဖိုးလူသည် မမြမေ၏ စကားကို ဆုံးအောင်ပင်နားမထောင်နေရှာတော့။ ရွဲသည်တို့ အိမ်ဘက်သို့ သုတ်ခြေတင်သွားတော့သည်။ သားဖြစ်သူ၏ ဝေဒနာမှာ လူမှန်းသူမှန်းမသိ အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
ထမင်းအိုး တလုံးချက်လောက် အကြာတွင် ဦးဖိုးလူ ပြန်ရောက်လာသည်။ ခပ်ဝေးဝေးမှ ခေါင်းငိုက်စိုက်နှင့် ပြန်လာသော ဖခင်ကို ကြည့်လိုက်သည်နှင့် အခြေအနေ မကောင်းခဲ့မှန်း မမြမေ သိသည်။ သို့တိုင် သိပင်သိငြားသော်လည်း မမြမေ အလျင်စလို မေးမိသည်။
“ ဘယ်နှယ်လဲ အဖေ…”
“မရပါဘူး မြမေရယ်”
ဦးဖိုးလူက ခေါင်းကြီး ယမ်းယင်း စိတ်ပျက် လက်ပျက်ဆိုသည်။
ကိုဒေါင်းစိန်က တဲရှေ့တွင် ပိုက်တထည်ကို ဖာယင်း သားအဖ နှစ်ယောက်ကို လှမ်းကြည့်ယင်း စိတ်မကောင်းစွာ ခေါင်းငုံ့သွားသည်။ ဦးဖိုးလူက သားဖြစ်သူ သံလုံးဘေးတွင် ထိုင်ချယင်း တွေငေးငေးကြီး လုပ်နေသည်။
“အကျိုးအကြောင်း ပြောမပြဘူးလား အဖေရယ်”
“ပြောပြပါတယ် မြမေရာ။ ပိုက်ဆံတွေကိုတဲ့ သုံးမကုန်နိုင်တဲ့ ငွေတွင်းထဲကများ နှိုက်ထုတ်နေတယ်လို့များ ငါတို့ကိုထင်နေသလားတဲ့။ အယင်ကြွေးတွေလဲ မကျေသေးဘူးတဲ့။ မပေးနိုင်တော့ဘူးတဲ့။ တောက်… လူသားအချင်းချင်း မစာနာ ဒတတ်ကြပါဘူးကွာ”
ဦးဖိုးလူသည် ပြောယင်း ဒေါသဖြစ်လာပြီး အသားများပင် တဆတ်ဆတ်တုန်လာသည်။ နေလောင်ထား၍ မည်းပြောင်ညိုညစ်နေသော ရင်အစုံသည် နိမ့်လိုက် မြင့်လိုက် ဖြစ်နေသည်။ မမြမေသည် မောင်လေးသံလုံးအတွက် ဝမ်းအနည်းကြီး နည်းကာ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ ကိုဒေါင်းစိန်က ပိုက်ဖာနေရာမှ ထလာပြီး”
“ကျွန်တော်တို့ ဘာလုပ်ကြမလဲအဖေ”
“ဟင်း… ”
ဦးဖိုးလူသည် သက်ပြင်းရှည်ကြီးကို လေးလေးပင်ပင် ချလိုက်ပြီးမှ –
“ဘာမှ ပူမနေကြပါနဲ့ကွာ။ မနက်ဖြန် အဖေနဲ့ ဒေါင်းစိန် ပိုက်မျှောထွက်လိုက်ယင် သံလုံးအတွက် ဆေးဖိုးလောက်တော့ ရမှာပါ”
“ဟုတ်တယ် … ကောင်းတယ် အဖေ၊ ဘာပွဲဖြစ်ဖြစ် မနက်ဖြန်တော့ အဖေနဲ့ ကျွန်တော် ပိုက်မျှောထွက်မယ်”
ဦးဖိုးလူ၏စကားကို ကိုဒေါင်းစိန်က ဝင်ထောက်ခံလိုက်သဖြင့် မမြမေ တွေး၍ စိုးရိမ်လိုက်သည်။
မနက်က ရွဲသည်ကြီးအိမ်ဘက် ရေဒီယိုမှ မုန်တိုင်းကြေငြာသည့်သတင်းကို ကြားလိုက်ရသည် မဟုတ် လား။
“ထွက်မနေပါနဲ့ အဖေရယ်။ ခုတလော ရာသီဥတုအခြေအနေက ကောင်းသဟာမဟုတ်ဘူး။ ကျုပ် ရွဲသည်ဆီသွားပြီး အကျိုးအကြောင်းပြောကြည့်ဦးမယ်”
ဦးဖိုးလူ လက်မခံ။ ခေါင်းခါသည်။
“မြမေ နင်သွားလဲ အကြောင်းမထူးရပါဘူးဟာ။ ငွေရှင်ကြေးရှင်ဆိုတာမျိုးက သူတို့အဖို့ သူတို့တမျက်နှာကလွဲယင် တခြားသူတွေအတွက် အဖေတို့လိုဆင်းရဲသား လူတန်းစားတွေအတွက်တော့ ကြင် နာတရား ခေါင်းပါးတတ်တဲ့ သူတွေပါ”
ဟု ပြောယင်း “မဟုတ်လား” ဟု ကိုဒေါင်းစိန်ကိုကြည့်သည်။
“ကံတရားရဲ့စီမံရာကို တို့လိုကျောမွဲလူ တန်းစားတွေက ခံနေရစမြဲပါ မြမေရာ။ ဒါပေမယ့် နင့်ဆန္ဒရှိယင်လဲ သွားကြည့်ဦးပေါ့”
ကိုဒေါင်းစိန်က ညည်းညည်းညူညူလေး ဝင်ပြောသည်။
မမြမေ ရွှဲသည်တို့အိမ်ဘက်သို့ ထွက်လာမိသည်။ ရာသီဥတု အခြေအနေကြောင့် တံငါလှေများ အလုပ်နားနေကြသည်။ ထို့ကြောင့် ဦးစိန်သီးတို့ရွဲဒိုင်တွင် ငါးသွင်းသူများ ကျဲနေသည်။ တယောက် စ နှစ်ယောက်စသာ တွေ့ရသည်။
အိမ်ပေါ်တွင် ဦးစိန်သီးနှင့် ဇနီးမပန်းတောသည် တကုပ်ကုပ် စာရင်းအင်းတွေ တွက်၍ အလုပ်ရှုပ်နေကြသည်။
“ဘာလဲ မြမေ”
ဦးစိန်သီးက အိမ်ပေါ်တက်လာသော မြမေကိုမြင်၍ လှမ်းမေးသည်။
“ဟို… ဟို… ကျုပ်မောင်လေး နေမကောင်း အတော်ဖြစ်နေလို့ပါတော်။ အဲ့ဒါ … အဲ့ဒါ”
မြမေ လိုသည့်ငွေလေး မရမည်ကို စိုး၍ စကား အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။
“ဘာလဲ၊ ဆေးဖိုးပိုက်ဆံလား”
ဦးစိန်သီး၏စကားကြောင့် မြမေ ဝမ်းသာသွားသည်။ ခေါင်းအမြန် ညိတ်၏။
“ဟုတ်ပါတယ်တော်၊ ငွေလေး နှစ်ဆယ် အစိတ်လောက် …”
မြမေ စကားဆုံးအောင်ပင် မပြောလိုက်ရရှာ။ ဦးစိန်သီး မိန်းမမျက်နှာက ကြောက်စရာကောင်း လောက်အောင် ခက်ထန်မာကျောသွားသည်။
“လာပြန်ပြီလားပိုက်ဆံ၊ တို့ကို လိုတရ ဆေးကြိမ်လုံးများ ရှိနေကြတယ် ထင်သလားမသိဘူး။ နင့်အဖေလဲ ပြောလိုက်ပြီးပြီ။ အယင်ကြွေးလဲ ကျန်သေး”
“ ဒါက ပိုက်လှေ မထွက်သေးလို့ပါ။ ထွက်လို့ရတဲ့နေ့ကျတော့လဲ ငါးကမရ”
“အို နင်တို့ပြောယင် ဒါပဲ၊ မရှိဘူး … မပေးနိုင်သေးဘူး မြမေ”
မြမေ ပြင်းထန်စွာ ငိုရှိူက်ယင်း ဦးစိန်သီးအိမ်မှ ပြေးထွက်လာခဲ့သည်။ မောင်လေး သံလုံး ကံကောင်းပါစေဟု မြမေဆုတောင်းလိုက်မိသည်။
xx xx xx xx
“သိပ်အတင့်မရဲပါနဲ့ အဖေရယ်”
နောက်တနေ့မနက် မြမေ တားနေသည့်ကြားမှပင် ဦးဖိုးလူနှင့် ကိုဒေါင်းစိန်တို့ ပိုက်ဖုံများ ကိုယ်စီထမ်း၍ ဇွတ်ထွက်သွားကြသည်။
“ဒေါင်းစိန်ရေ လှေကြိုးဖြုတ်ပြီး ပိုက်ကို ဦးတည်တိုက်ဟေ့။ ကောင်းကင်ကတော့ လင်းနေပါတယ်။ တောင်ဘက် တခွင်လောက်ပဲ နည်းနည်း ညို့ညို့မှိုင်းမှိုင်း ဖြစ်နေတာ”
“ဟုတ်တယ်အဖေရ … မုန်တိုင်းသတင်းဆိုတာ သိပ်မသေချာပါဘူး။ တကယ်လို့ ဟုတ်လဲ နည်းနည်းပါးပါးပဲ ဖြစ်မှာပါ”
မကြာမီ သူတို့ ပိုက်ချက်သို့ ရောက်သွားကြသည်။ မြစ်ပြင်မှာ လှေတစင်းစ၊ နှစ်စင်းစကို တွေ့ရသည်။ သူတို့ရောက်သွားချိန်တွင် ရေက အနေတော်အလော တော် ဖြစ်ပြီ။
“ဒေါင်းစိန်ရေ လှေကို ရေစီးဘက်လှည့်သကွာ။ ပိုက်စတွေချမယ်”
လှိုင်းဂယက်များ တဖျပ်ဖျပ်ပြေးလွှားနေသော မြစ်ပြင်ကျယ်ကို သူတို့ အားရစွာကြည့်လိုက်မိကြသည်။ ဤအချိန်မျိုးတွင် ပိုက်မျှောသမားတို့ မထွက်သဖြင့် ငါးများ ပို၍ မြူးထူးနေကြသည်။
ဦးဖိုးလူသည် ပိုက်များ တဖုံပြီးတဖုံ စချသည်။ တစချင်း တထည်ချင်း ပိုက် ခုနစ်ထည် ကုန်သွားသောအခါ လက်ရင်းကြိုးကို လှေရှိ ဗုံလုံတိုင်တွင် ချည်လိုက်သည်။
“ဒီနေ့တွက်ခြေတော့ ကိုက်မှာပါ အဖေ”
“အေး … တွက်ခြေကိုက်ကောင်းပါရဲ့ ဒေါင်းစိန်ရာ”
ငါးများ အရများလာသဖြင့် ဦးဖိုးလူနှင့် ကိုဒေါင်းစိန်မှာ ပို၍ သွက်လက်လာကြသည်။ သံလုံးဇောဖြင့် သူတို့ ပတ်ဝန်းကျင်ကို သတိမထားမိ။ ငါးများများရမှ ဖြစ်မည်။ ငါးများများရမှ သံလုံး ဆေးဖိုးရမည်။ အိမ်ပြန် မျက်နှာပန်းလှမည်။
လှိုင်းဂယက် တဖျပ်ဖျပ်သံတို့ စိပ်ဝင်လာပြီး ရေသည် ထက်ဝက်ခန့် တက်လာသည်။ မြစ်ပြင်သည်ခဏချင်းပင် လူးလွန့်လာသည်။
ကောင်းကင်၏ လေတိုးသံသည် ပို၍ ပို၍ ကျယ်လောင်လာသည်။ ပိုက်ခေါင်းကြိုးနှင့် လှေနံတို့ ပွတ်တိုက်သံကို တကျီကျီ ကြားရမှ သူတို့ ပတ်ဝန်းကျင်ကို သတိရလာကြသည်။
မည်းမှောင်လာသော ကောင်းကင် တစတစကြီးလာသော လှိုးလုံးများကို မြင်ကြရသည်။
“ ရုပ်ကြယင် ကောင်းမယ်အဖေ”
ကိုဒေါင်းစိန်ကို နှုတ်မှပြောယင်း လက်ကိုလည်း ပိုက် “လက်နား” ကြိုးကို လှမ်းသည်။
“ဘာမှမဖြစ်သေးပါဘူး ဒေါင်းစိန်ရာ။ အသည်းကြောင်ပါသကွာ။ ဟိုမှာ တွေ့လား … ငါးသေး ငါးမွှားလေးတွေ တဖျပ်ဖျပ်ခုန်နေတာ။ ခုနေ ရုပ်လိုက်ယင် ငါးအရ နည်းသွားနိုင်တယ်။ သံလုံး ဆေးဖိုးက အရေးကြီးသမို့လားကွ”
သားသမီးပေါ်ထားရှိသည့် ကြီးမားသော မိဘမေတ္တာသည် အသက်အန္တရာယ်ကိုပင် ဂရုမပြုနိုင်။ ကိုဒေါင်းစိန်သည် အခြေအနေကို လှည့်ပတ်ကြည့်လိုက်သည်။ စောစောက တွေ့နေရသော ပိုက်လှေတစီးစ၊ နှစ်စီးစတို့လည်း မြစ်ပြင်တွင် မတွေ့ရတော့။ အချိန်မီ ရုပ်သွားကြသည်။
“အဖေ သိပ်ကြမ်းလာယင် မကောင်းဘူး။ သွားကြမယ်”
ဦးဖိုးလူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တစတစ ပိုကြမ်းလာမှန်း သိရသည်။ ဒေါင်းစိန် စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပင်။
“သိမ်းကွာ ဒေါင်းစိန်”
တဝေါဝေါ အော်မြည်၍ ကြီးမားသော လှိုင်းလုံးကြီးများက တချက်တချက် လှေနံကို လျှပ်တပြက် တိုက်တိုက်သွားကြသည်။ ရှပ်တိုက်သွားသဖြင့် တော်တော့သည်။ မြုပ်လိုက်ပေါ်လိုက် ဗော့သီးများကိုကြည့်နေရာမှ ဦးဖိုးလူ ပိုက်ကို အမြန်ရုပ်သည်။ ကိုဒေါင်းစိန်မှာ ပိုက်မရုပ်အားတော့။ လှေကို တိမ်းမမှောက်သွားစေရန်ကို ထိန်းနေရသည်။
တချက်တွင် အရှိန်နှင့် ပြေးဝင်လာသော လှိုင်းလုံးတလုံးသည် လှေနံတည့်တည့်ကို ဝုန်းကနဲ ပြေးဆောင့်လိုက်သည်။
လှေတိမ်းမှောက်၍ နှစ်ယောက်သား ရေထဲသို့ ကျသွားသည်။
“အဖေရေ”
ကိုဒေါင်းစိန်၏အသံကို ခပ်ဝေးဝေး တနေရာမှ ဦးဖိုးလူ ကြားလိုက်ရသည်။
“ဒေါင်းစိန်ရေ … လှေဆီကို အရောက်ကူး”
လှေရှိရာသို့ နှစ်ယောက်သား အားစိုက်ကာ ပြန်ကူးကြသည်။ လှိုင်းတလုံး ဝင်အလာတွင် လူချင်းကွဲသွားကြသည်။ လှိုင်းလေတွေအကြားတွင် လှေဆီရောက်ဖို့ရန် မလွယ်ကူပေ။
အစွမ်းကုန် ကူးခတ်သည့်တိုင် ခရီးမပါက်တော့။ လက်ပန်းကျလာကြသည်။ လှေကိုလည်း ရှာမတွေ့။ မျက်လုံးတို့ ပြာဝေလာကြသည်။
သွားပြီ … ။
ရေမှာ ရင်းနှီးကျွမ်းဝင်ကြသော ရေလုပ်သားကြီးနှစ်ယောက်၏ ဘဝဇာတ်သိမ်းက မလှပခဲ့ရှာပါပေ။
များမကြာမီ ကောင်းကင်ပြင်သည် ပြန်လည်ကြည်လင်လာ၏။ မြစ်ပြင်သည်လည်း ပြန်လည်ငြိမ်သက်သွား၏။ စောစောက ကြမ်းခဲ့ ရမ်းခဲ့သည်ကို မသိယောင် ဆောင်နေတော့သည်။ ပူပူနွေးနွေး အနိဋ္ဌာရုံမြင်ကွင်းကို လေ- မိုး- မုန်တိုင်းတို့က အခြားအရပ်သို့ သယ်ဆောင်သွားလေသည်။
မမြမေသည် မြစ်ပြင်သို့ မျှော်ကြည့်ယင်းမှ ရှိုက်ကြီးတငင် ငိုကြွေးပူဆွေးနေရရှာသည်။ မိုး မုန်တိုင်းကျစဉ်ကတည်းက မြမေ ကမ်းပါးထိပ်မှ မျှော်ကြည့်နေမိသည်။
နောက်သုံးရက်ခန့်အကြာတွင် သံလုံးသည် မြမေလက်ပေါ်တွင် အသက်ပါသွားခဲ့ရလေသည်။
“တနေ့တော့လေ လေမုန်တိုင်းကြီကျလိုလာ
ဝမ်းနည်းစရာ ပင်လယ်ထဲ
ငါးဖမ်းသွားတဲ့တို့ရဲ့အဖေ
အိမ်ပြန် ချိန်ဟာ နောက်ကျသွားပြီ
နေဝင်တဲ့အခါ
ကံတရားရဲ့ ဆုံးဖြတ်ရာ
မလွန် ဆန်နိုင်ပါ… ခေါင်းငုံ ့နေမှာ.
ဝေးဝေးမှာ လှေငယ်ကလေး မျောယင်း နီးလို့လာ….
အဖေပြန်မပါ…”
လေအသင့်တွင် တချက်တချက် သီချင်းသံက ပျံ့လွင့်နေဆဲပင်။ ရေလုပ်သားတို့ဘဝသည် ရင်နာစရာ ကောင်းလှပါဘိတောင်း။ ရေတိမ်တွင် နစ်ခဲ့ရသော ရေလုပ်သားကြီးနှစ်ယောက်သည် ထိုတံငါရွာကလေး၌ ပြောစမှတ်ပြုဖွယ်ရာ ပုံပြင်လေးတပုဒ်ဖြစ်ခဲ့ရသည်။
ရေနှင့် ဝမ်းတထွာကို ဖြည့်ဆည်းခဲ့ရပြီး ရေတွင် ဘဝဆုံးခဲ့ရသော အဖေနှင့် ယောက်ျားအတွက် မမြမေ ရေကို အရှုံးမပေးလိုပါ။ မည်သူတွေ မည်သို့ပင်ပြော ကြပါစေ၊ မမြမေကတော့ ရေလုပ်သား ဘဝကို စိတ်ပါဝင်စားစွာ လုပ်ကိုင်လျက် ရှိပါသည်။
အဖေမြတ်နိုးခဲ့ရသော ရေလုပ်သားဘဝကို မမြမေ ဂုဏ်ယူစွာ အမွေဆက်ခံလိုက်ပါပြီ။ လာမည့်နှစ်တွင် သားနီတွတ် ရှင်ပြုအလှူလုပ်ရန် ဆရာတော်ကိုလည်း လျှောက်ပြီးပြီ။ ကောင်စီဥက္ကဋ္ဌကြီးနှင့်လည်း တိုင်ပင်ဆွေးနွေးပြီးပြီ။ ရေလုပ်သား သ/မ အသင်းကလည်း ကူညီပံ့ပိုးကြမည်။ မမြမေကိုတိုင်လည်း သားအလှူ ဖြစ်မြောက်ရေးအတွက် ငွေရှာရပြီ၊ ငွေစုရပြီ။
ဖခင်ကြီး၏ကြီးမားသောမိဘမေတ္တာကို မမြမေ ကိုယ်တွေ့ ခံစားရချေပြီ။ ထို့ကြောင့်ပင် မမြမေ ဝီရိယကြီးစွာ ပိုက်ချက်သို့ ကြိုရောက်နေခဲ့ခြင်း မဟုတ်ပါ လား။
“ဟေ့ မြမေ ပိုက်ချက်ဦးထားပြီး ဘာငိုင်နေတာလဲဟ။ ထွက်တော့လေ”
ကိုတောကျော်၏ သတိပေးသံကြားမှ မမြမေ ပတ်ဝန်းကျင်ကို သတိရလိုက်သည်။ ပိုက်လှေ တော်တော်များများ ရောက်နေချေပြီပဲ။ ရေပင် တက်စပြုပြီ။
ဤအချိန်သည် မမြမေတို့ ရေလုပ်သားများအဖို့ ပိုက်မျှောရန် အကောင်းဆုံးဖြစ်သည်။
“ဟုတ်သားပဲ၊ ငါ ပိုက်ချဦးထားပြီးတော့”
မမြမေ ပြုံးလိုက်ယင်း လှေကြိုးကို ငုတ်မှ ဖြုတ်သည်။
ပြီး ပိုက်ချက်မှ ခွာခဲ့သည်။ မမြမေ ပိုက်လမ်းကိုရသည်။
တော်သေးသည်။ ရေကြောင်းလမ်း ကျနေ ချနေရပါက အန္တရာယ်ရှိ၏။ ယခုမူ မမြမေ စိတ်မပူရ။ ကျောက်တန်းကို မကြောက်ရ။ ရေကြောင်းပြ ဗူးကို မကြောက်ရစေတော့။
ပိုက်ချက်ဦးသည့် ကျေးဇူးပေပဲ။
မမြမေ ပိုက် တစချင်း စ၍ ချသွားသည်။ တထည်ပြီး တထည် ချသည်။ လက်ရင်းကြိုးကို လှေဗုံလုံတိုင်တွင် ချည်ထားလိုက်သည်။ ရေစီးအတိုင်း မျှောထားလိုက်သည်။
သည်အတိုင်းဆို သူ တွက်ခြေကိုက်လိမ့်မည်။ မြုပ်ချည် ပေါ်ချည် ဖြစ်နေသော ဗော့သီးတို့ကိုကြည့်ပြီး မမြမေ ပီတိတသိမ့်သိမ့် ဖြစ်နေတော့သည်။
နောက်နေ့များတွင်လည်း “ပိုက်ချက်” ဦးထားမှဟု တွေးနေလိုက်မိသည်။
ဧရာဝတီတိုင်းမဂ္ဂဇင်း၊ ၁၉၈၅
– ပြီး –
စာရေးသူ – ဇေယျာဘုန်းမြင့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized