လင်းယုန်သစ်လွင်
ပိုက်လိုင်စင်နှင့် ပိုက်သမား
“ဒီနေ့သွားလိုက်ယင် သိပ်ကောင်းမှာဘဲ” ဟူသော အတွေးအတောတခုသည် ကိုကြီးညို၏ ခေါင်းထဲသို့ မကြာခဏ ဝင်ရောက်လာလေ၏။
ရာသီမှာသကား တန်ခူးကုန်၍ ကဆုန်ဆန်းစ ဆွေ့ဆွေ့ခုန်ရမလောက် ပူလောင်ခြောက်ကပ်သော အခါသမယ ဖြစ်၏။
ယမန်ညဉ့်က ငါးသလောက်ပိုက် မဆင်းသဖြင့် အနားရနေသော ကိုကျီးညိုသည် နံက်နေထွက်ပြူစ အချိန်ကပင် နေအိမ်ပေါက်ဝတွင်ထိုင်ကာ ဇတော်ပဲပြုတ် တပန်းကန်နှင့် လဖက်ရည်ခါးသောက်ယင်း စဉ်းစားခန်းဝင်သလိုလို အနားယူသယောင်ယောင်ဖြင့် အေးတိအေးစက် ပေါ့ပျက်ပျက် လုပ်နေမိလေသည်။
အမှန်မှာ သူ့တွင် လုပ်စရာ ကိုင်စရာ မရှိသဖြင့် သည်လို အေးတိအေးစက် လုပ်နေခြင်းတော့မဟုတ်။ အလုပ်ရှိသမျှ ဖုတ်ပူမီးတိုက် လုပ်ရမည့် အလုပ်တခုက ကိုကြီးညို ခေါင်းထက်တွင် ပိဿာလေးကြီး ဆယ်လုံးလောက် တင်ထားရသလို အရေးတကြီး ရှိနေပေ၏။
သို့ရာတွင် ထိုအရေးကြီးသော ကိစ္စတာဝန်ကြီးကိုပင် ယနေ့ လောလောဆယ်ဆယ် ဖြစ်မည် မဖြစ်မည် တွေးတော ချိန်ဆခြင်းသာ ဖြစ်၏။
သည်လိုနှင့်သာ ဇတော်ပဲပြုတ် တပန်းကန် တက်တက်ပြော၍ မြေလဖက်ရည်အိုးကြီးထဲမှ လဖက်ရည် အဖန်ခါးခါးတွေပင် တစက်တပေါက်မကျန် ချောလေပြီ။
သူ့အဖို့ ဆုံးဖြတ်ချက်ဟူ၍ကား ဘာတခုမျှ မယ်မယ်ရရ မရှိသေး။ ညောင်တုန်းမြို့ဘက် သွားရေး မသွားရေးကိုပင် တွေးမရနေဆဲ ဖြစ်၏။
တန်ခူးလ ကုန်လုနီးအချိန်ကပင် ညောင်တုန်းမြို့ မြို့ပိုင်မင်းရုံးတော်၌ ညောင်တုန်းသူကြီး လေးဆယ့်ကိုးပိုင်အတွင်းရှိ အင်းလုပ်ခွင်မှန်သမျှကို လေလံပွဲ ကျင်းပမြဲ ဖြစ်၏။
ထိုကဲ့သို့ အင်းလေလံပွဲ ကျင်းပသည့်အခါ အင်းလေလံဆွဲကြမည့် အင်းသားကြီး အသီးသီး အသက အသကတို့သည် မြို့ပိုင်မင်းရုံးတော်သို့ စုဝေးရောက်ရှိကြပြီးနောက် အင်းခွန်ဝန် အခွန်ဝန် အရေးပိုင်မင်းနှင့် ဘီးလစ်စာရေးကြီးတို့ရှေ့မှောက်ဝယ် လေလံဆွဲပွဲ ကျင်းပကြရစမြဲ ဖြစ်၏။
အင်းလေလံပွဲ အရေးအခင်းကား ကိုကြီးညိုတို့လို ငါးသလောက်ပိုက်သမားများ၏ အရေးအခင်း အပူမဟုတ်။ သူတို့လို ပိုက်သမား ကိုတံငါတွေနှင့် လားလားမျှ မသက်ဆိုင်ပေ။
အင်းလေလံ ဆွဲကြရာတွင် မည်သည့်အင်းအတွက် အဘယ်မည်သော အင်းသားကြီးနှင့် အဘယ်မည်သော အင်းသားကြီးတို့ အပြိုင်အဆိုင် ကြဲကြရရာမှ ထိုးပွဲ ရိုက်ပွဲ ကလော်ပွဲ ဆော်ပွဲတွေ ဖြစ်ကြသည့်တိုင် ကိုကျီးညိုတို့ ပိုက်သမား မြစ်တံငါတွေ အနေနှင့် အနည်းငယ်မျှ ပူစရာ ကြောင့်ကြစရာ မလိုပေ။
သို့သော်….။
ထိုမည်သော သို့သော်ကြောင့်ပင် ကိုကြီးညိုမှာ တမနက်စာလုံး အိမ်ပေါက်ဝထိုင်လျက် တွေးနေခြင်းဖြစ်၏။
အင်းလေလံပွဲပြီးသော် သူတို့ ပိုက်သမားတွေ ပိုက်လိုင်စင်လဲလှယ်ကြရပေတော့မည်။ သူတို့၏ ပိုက်လိုင်စင် နှစ်ပတ်ပြည့်သောနေ့သည် အင်းလေလံပွဲများ ပြီးဆုံးသောအချိန်ပင် ဖြစ်၏။
မိခင် ဧရာဝတီမြစ်ကြီးအတွင်း သူတို့တတွေ ထမင်းတဝမ်းစားရေးအတွက် ငါးဖမ်းပိုက်ချ လုပ်ကြရသော အသက်မွေးဝမ်းကြောင်းမှုအတွက် နိုင်ငံအစိုးရများထံ ပိုက်ခွန် ပိုက်ခ ပေးဆောင်ကြရလေသည်။
သို့မှလည်း မြစ်ကြီးဧရာဝတီအတွင်း ပိုက်ချငါးဖမ်းခြင်း အမိန့်လိုင်စင် ရရှိကြလျက် သားငါးဖမ်းဆီးခြင်းအမှုကို ပြုနိုင်ကြလေသည်။
ဤလိုမဟုတ်ပါဘဲလျက် အချိန်လွန်သည့်တိုင် ပိုက်လိုင်စင်လဲလှယ်ခြင်း မပြုလေသော် အင်းအင်စပိတ်တော် ဖမ်းဆီးခြင်းပြုပါက မြို့ပိုင်မင်းရုံးတော်ထိ ရောက်ရှိကြကာ ပိုက်လိုင်စင်ကြေးအပြင် ဒဏ်ငွေတပ်ရိုက်ခြင်း ချုပ်နှောင်ဖမ်းဆီးခြင်း ခံကြရလေ သည်။
ကိုကျီးညိုတို အရပ်ဒေသရှိ အင်းဘက်ဆိုင်ရာ အင်စပိတ်တော်များ မှုထမ်းရာထမ်းများသည် အင်းလုပ်ငန်း အင်းဌာနများကိုသာမက ကိုကျီးညိုတို့ကဲ့သို့သော ရေ၌ မုဆိုးဖြစ်ကုန်သည့် မြစ်တွင်း တံငါများကိုလည်း အခွန်လိုင်စင်များနှင့် ပတ်သက်၍ စစ်ဆေးခြင်း အရေးယူဖမ်းဆီးခြင်း ပြုနိုင်ကြပေသည်။
သ္မိကြောင့်လည်း အချိန်အတန်ငယ် လွန်လာ၍ ပိုက်လိုင်စင် အသစ်မလဲလှယ်ရသေးသော ကိုကျီးညိုမှာ ဧရာဝတီမြစ်ကြီးအတွင်း ပိုက်ဆင်းပိုက်ချနေခိုက် အင်း,အင်စပိတ်တော်နှင့် တွေ့လေမည်ကို အပူကြီး ပူမိလေ၏။
သည်အရေးကို တွေးမိသောကြောင့်လည်း ယမန်ညဉ့်က ကိုကျီးညို ပိုက်ချပိုက်ဆင်း ပျက်ခဲ့ရခြင်းဖြစ်၏။
ယမန်ညနေက သူကြီးအိမ်သိ အင်း,အင်စပိတ်တော်နှင့် ပုလိပ်အမှုထမ်းနှစ်ဦးတို့ ရောက်ရှိလာခဲ့ကြလေသည်။
သည်အတွက်ကြောင့်လည်း ကိုကျီးညိုနှင့်တကွ လိုင်စင်အသစ် မလဲလှယ်ရသေးသူ ပိုက်သမားမှန်သမျှ ပိုက်မဆင်းဘဲ နေခဲ့ကြခြင်းဖြစ်လေသည်။
ကိုကျီးညိုမှာ ပိုက်လိုင်စင်အသစ် လဲလှယ်ရေးအတွက် အခွန်အခပေးစရာ မရှိခြင်းကြောင့် ထိုအချိန် ထိုရက်ထိ လိုင်စင်အသစ် မလဲလှယ်ရသေးခြင်းတော့မဟုတ်။
စိုးရိမ်ကြောင့်ကြတတ်သော မနန်းအိမ်သည် ပိုက်လိုင်စင်ကြေးအတွက် လွန်ခဲ့သည့် ဆယ်ရက် လောက်ကပင် ကိုကျီးညိုအား ငွေပေးပြီးဖြစ်၏။
ထိုငွေသည် ယခုအခါ ကိုကျီးညိုလက်တွင် မရှိတော့ပါချေ။ သည်ငွေ မရှိတော့သည့် အကြောင်းကိုလည်း မနန်းအိမ်ကို ကိုကျီးညို မပြောဝံ့။
သိုကြောင့်လည်း မနန်းအိမ်က ပိုက်လိုင်စင် အသစ် လဲရေးအတွက် ညောင်တုန်းဘက်သွားရန် ပြောလေတိုင်း နေ့ရွှေ့ ညရွှေ့ တောင်ပြောတောပြော လုပ်နေလေတော့၏။
သည်အတွင်း ယမန်နေ့ညနေ ပိုက်ဆင်းမည်ပြုခိုက် သူကြီးအိမ်တွင် အင်းအင်စပိတ်တော်နှင့် ပုလိပ်အမှုထမ်းများ ရောက်ရှိနေသည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါ ကိုကျီးညို မျက်စိမျက်နှာ ပျက်လေတော့သည်။
“ကိုညို ဘာဖြစ်လဲဟင် … နေမကောင်းဘူးလား၊ ဟုတ်လား”
အဖြစ်မှန်ကို မသိသော မနန်းအိမ်သည် လင်ဖြစ်သူ မျက်စိမျက်နှာပျက်နေသည်ကို မြင်လိုက်သည့်အခါ စိုးရိမ်တကြီး မေးလေ၏။
“ကျုပ် နဲနဲ နေမကောင်းချင်သလိုဘဲ။ ကျောထဲက ချမ်းစိမ့်စိမ့်နဲ့ ”
ကိုကျီးညိုသည် သူ့လက်မှ လှော်တက်နှင့် ပခုံးထက်မှ ပိုက်ကို အိမ်ကပြင်တနေရာတွင် ချလိုက်ပြီး ညောင်နာနာလေသံဖြင့် ဇနီးသည်ကို လိမ်လိုက်လေသည်။
“ဟင်…. နေမကောင်းချင်ဘူး ဟုတ်လား … စောစောက ဘာလို့ မပြောလဲ။ မှန်း …. ကိုယ်တွေများ ပူနေလား….”
မနန်းအိမ်သည် ကိုကျီးညိုအနီး ရှောက်လာပြီးနောက် လင်ယောက်ျား၏ နဖူးပြင်ကို လက်ဝါးဖြင့် စမ်းသပ်လေသည်။
“ကိုယ်တော့ မပူပါဘူး”
မနန်းအိမ်က ဆိုလေသည်။
“ကျောထဲက ချမ်းစိမ့် ချမ်းစိမ့်နဲ့ကွ။ အဖျားများ ငုပ်နေလားဘဲ”
ဒုတိယမ္ပိ ကိုကျီးညို လိမ်ပြန်တော့၏။
“ဒီလိုဆို ခုည ပိုက်မဆင်းပါနဲ့တော့ ကိုညိုရယ်။ နေအုံး ရေနွေးကျိုလိုက်အုံးမယ်။ ကွမ်းရွက်ပြုတ်ရေနဲ့ ငန်းဆေးတခွက်နဲ့ ပူပူသောက်ပြီး ချွေးထုတ်လိုက်ပေါ့။ ကဲ အိပ်ရာထဲသွားပြီး စောင်ခြုံနေ ကိုညို”
ပြောပြောဆိုဆို ဇနီးသည်က အကယ်ပင် အဖျားငုပ်သည်ထင်လျက် အိပ်ရာထဲ တွဲခေါ်သွားသည့်အခါ ကိုကျီးညိုမှာ တစုံတရာ မငြင်းဆန်သာတော့ပေ။ ဇနီးသည် ခေါ်ဆောင်ရာသို့ လိုက်သင့်ပါသွားရလေသည်။
သို့နှင့် သည်ညအတွက် ပိုက်ဆင်းပိုက်ချ ပျက်ရတော့သည်။ အင်း အင်စပက်၏ ဘေးမှလည်း ကင်းဝေးရတော့သည်။
အင်း အင်စပက်တို့မည်သည်မှာ မြစ်အတွင်း ပိုက်ဆင်း ပိုက်ချ နေခိုက်၌သာ ဖမ်းဆီးနိုင်ခြင်း ဖြစ်၏။ အိပ်ရာထည်း၌ကား လာရောက်၍ ဖမ်းဆီးလိမ့်မည် မဟုတ်ပါပေ။
သို့ရာတွင် ထိုညအတွက်ပင် ငွေ လစ်ဟင်းရခြင်းနှင့်အတူ သူ အလွန်တရာကြောက်သော ရွံ့သော ကွမ်းရွက်ပြုတ်ရည်နှင့် ငန်းဆေး ပူပူခါးခါးစပ်စပ်ကြီးကိုမူ မျက်စိမှိတ်လျက် ဇွတ်နှစ်ကာ သောက်လိုက်ရလေသည်။
X X X X
နောက်တနေ့ အရုဏ်တက်အချိန်တွင်မူ ညဦးလောက်ကပင် ကိုညို နေကောင်းထိုင်သာ ရှိသွားပြီဆို၍ မနန်းအိမ်သည် ရေနွေးတအိုးတည်ပေးခဲ့ပြီးနောက် မိန်းမဖေါ်အချို့နှင့်အတူ လှေငယ်တစင်းဖြင့် ကျီးကန်းသိုက်ရွာငယ် ထွက်ခွါသွားလေသည်။
နေရောင်ကလေး ပြူထွက်လာသည့်အချိန်၌ပင် ရွာကလေး တရွာလုံးမှ ခြည်ကျစ်သံ, ခြည်ဖီးသံ, ပိုက်ဆင်း ပိုက်တက်ကြသော ကိုတံငါတို့၏ အသံဗလံများဖြင့် စီစီညံညံ လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။
ထိုအချိန်ထိ အိမ်ပေါက်ဝမှ ကိုကျီးညို မထသေး။ သူသည် အတွေးအတောတခုကို ဆက်လက်၍ တွေးတောခြင်း ပြုနေလေ၏။ ပိုက်လိုင်စင် လဲရေးအတွက် ပိုက်ထောင်ရှင် ဒေါ်ဖေါ့ဖြူထံတွင် ခေတ္တခဏ ငွေသွား၍ လှည့်ရသော် ကောင်းလေမလားဟူ၍လည်း ကိုကျီးညို တွေးလေသည်။
သို့ရာတွင် ဤလို ချေးခဲ့လျင်လည်း ထိုကိစ္စကို မနန်းအိမ် မသိဘဲနေမည်တော့ မဟုတ်။ သိလိမ့်မည်ဖြစ်၏။
အကယ်၍ မနန်းအိမ်က မေးခဲ့သော် သူ အဘယ်ပုံပြောရလေမည်နည်း။ မနန်းအိမ် ပေးထားသည့်ငွေမှာ ကျပျောက်သည် ပြောရအောင်ကလည်း သူငယ်နှပ်စားအရွယ် မဟုတ်၍ ယုံနိုင်ဘွယ် မရှိ။ ဇနီးဖြစ်သူ ပေးထားသော ငွေသည် သူကသုံးဖြုန်း စားသောက်ပစ်ခြင်းတော့ မဟုတ်။ ကြက်ဝိုင်း ဖဲဝိုင်း အရက်ဝိုင်းတွင် တသက်လုံးက ဝါသနာပါသူတယောက် မဟုတ်သဖြင့်လည်း ထိုကိစ္စ ထိုအကြောင်းဖြင့် ကုန်ရခြင်းမဟုတ်။
လူတဖက်သားအပေါ် အားနာသနားလိုက်မိခြင်း အတွက် သူ့တွင် အခက်ကြုံနေရခြင်းပေတည်း။
ထိုသူမှာ သူနှင့် ပိုက်ချဘော် ပိုက်ချဘက် ဖြစ်ရုံမျှမက တကြိမ်က ပိုက်ဖြတ်သမား ပိုက်သမားများနှင့် အရေးအခင်း ပေါ် ပေါက်ခဲ့ရာတွင် သူ့ဘက်မှ စွမ်းလွန်းတမံ ဝင်ရောက်ကူညီခဲ့သည့် နီထွေးက သုံးရက်အကြာတွင် ပြန်လည်ပေးဆပ်ပါမည်ဟူသော ကတိကဝတ်ဖြင့် ချေးသွားခြင်းသာ ဖြစ်၏။
ယခုကား ၁၀ ရက်ခန့် ကြာခဲ့လေပြီ။ သို့ရာတွင် နီထွေးကိုလည်း အရိပ်အရောင် အစအနမျှ မတွေ့ရ။ သူ့တွင်လည်း အခက်ကြုံရလေပြီ။
“တောက် … ဒီဂန်းမသား တော်တော်ခက်တဲ့ကောင်။ ဒင်းလဲ ခုထိ ပိုက်လိုင်စင် လဲရသေးတာ မှုတ်ဘူး”
ကိုကျီးညိုသည် နီထွေးအကြောင်း တွေးမိရာမှ တောက်ခေါက်ရေရွတ်လိုက်သည်။ သည်လို စိတ်ဆိုးဒေါသဖြစ်၍ ရေရွတ်မိသော်လည်း သူ ပိုက်လိုင်စင် မလဲရသေးသည့် ဘဝတူ နီထွေးအတွက်ကိုလည်း ကိုကျီးညို ကရုဏာသက်မိသည်။
ပြောမယ့်သာ ပြော၍ မျှော်မယ့်သာ မျှော်ရသည်။ နီထွေးသည် ခပ်တေတေ ခပ်ပေပေ လူတယောက်ဖြစ်၏။
ဖဲဝိုင်းဆိုလျှင် မိုးစင်စင်လင်းတော့သည်။ ကြက်ဝိုင်းဆိုလျှင်လည်း နီထွေး မပါလျှင် မပြီးသလောက်ပင် အရက်ဝိုင်းတွေ့လျှင်လည်း နီထွေး ခေါင်းစိုက်အောင် သောက်လေသည်။ နီထွေးသည် အိမ်ထောင်ရက်သားမရှိသည့် လူလွတ်တယောက် ဖြစ် သောကြောင့်လည်း နေချင်ရာနေ စားချင်ရာစား အိပ်ချင်ရာအိပ် ခြေသလုံးအိမ်တိုင်သမားလို ဖြစ်လေသည်။
“မဖြစ်သေးပါဘူး၊ ဒီကောင်ကို လိုက်ရှာအုံးမှပါဘဲ”
ကိုကျီးညိုသည် ထိုကဲ့သို့ ညည်းညူလိုက်ပြီး ထိုင်ရာမှ ထတော့သည်။
နေဝန်းသည် ထန်းတဖျားခန့် မြင့်လေပြီ။ ရွာဦးကျောင်းမှ ကိုရင်ငယ်များ ဦးပဉ္စင်းများပင် ဆွမ်းခံထွက်ကြွလာပေပြီ။
ကိုကျီးညိုသည် သဘက်တထည်ကို ဦးခေါင်းတွင် ရစ်ပတ်ပြီး နီထွေးကို ရှာဖွေရေးအတွက် အိမ်ငယ်ထက်မှ ဆင်းသက်ခဲ့သည်။
သို့ရာတွင် မွန်းတိမ်းချိန်လောက် အရောက်တွင်မူ ကိုကျီးညိုမှာ သူ့အိမ်ပေါက် သူပြန်ရောက်လာလေ၏။
သူ့တကိုယ်လုံး ချွေးပြန်နေသည်။ သူ့မျက်နှာမှာလည်း နီမြန်းနေသည်။ တရွာလုံး နှံ့စပ်ကုန်စင်အောင် နီထွေးကို လိုက်လံရှာဖွေသော်လည်း အစအနပင် မတွေ့ရ။
သူသည် စိတ်ပျက် စိတ်မောဖြစ်လျက် အိမ်ပေါက်ဝ ထိုင်ချလိုက်သည်။ ခေါင်းမှ တဘက်ကိုဖြုတ်၍လည်း မျက်နှာမှ ချွေးစီးချွေးကြောင်းများကို သုတ်လိုက်၏။
ကိုကျီးညိုသည် တောက်တခေါက်ခေါက်နှင့် နီထွေးအား ဒေါသအဖြစ်ကြီး ဖြစ်နေတော့သည်။ မွန်းတိမ်းလုနီးနေသည့်တိုင် သူ့ဝမ်းခေါင်းသည် ဆာရ လောင်ရ မွတ်သိပ်ရကောင်းမှန်း မသိ။
ထိုအခိုက်၌ပင် ခပ်လှမ်းလှမ်းမှ သူ့အိမ်သို့ ရှောက်လာနေသော နီထွေးကို ကိုကျီးညို မြင်လိုက်ရတော့သည်။
“ခွေးမသား … လာပေ့စေ။ ဒင်းခေါင်းတော့ ရိုက်ခွဲလိုက်အုံးမယ်”
ကိုကျီးညို စိတ်ထည်းက သည်လိုပင် ကြိမ်းမောင်းလိုက်လေသည်။
မကြာမီ နီထွေး သူ့အနီးသို့ ရောက်လာတော့သည်။
“ကိုကျီးညို ခင်ဗျား ကျုပ်ကို လိုက်ရှာနေတယ်ဆိုဗျ”
နီထွေးသည် အိမ်ပေါက်ဝ ရောက်မဆိုက်ပင် ကိုကျီးညိုကို မေးလိုက်သည်။ နီထွေး မျက်နှာသည် မျက်ကွင်းဟောက်ပက် ဖြစ်နေ၏။ ဦးခေါင်းဆံပင်မှာလည်း စုတ်ဖွားဖွား ဖြစ်နေ၏။
“အေး… တရွာလုံး နှံ့နေတာဘဲ”
ကိုကျီးညိုက တိုတောင်းစွာ ဖြေလိုက်၏။ သူ့မျက်နှာမှာ ဒေါသ၏ အရိပ်အရောင် လွှမ်းနေ၏။
“စိတ်မဆိုးပါနဲ့ဗျာနော်… ကျုပ်လဲ ညက တညလုံး ဖဲသေလိုက်တာ ရှိသမျှ ပြောင်တာဘဲဗျာ။ ခုမနက် ဆေးလိပ်ဘိုးတောင် မကျန်ဘူးဗျ။ ခင်ဗျား ငွေနှစ်ဆယ် ကျုပ် တနည်းနည်း ရှာပေးပါ့မယ်ဗျာ၊ စိတ်မဆိုးပါနဲ့နော်”
နီထွေးသည် ကိုကျီးညိုအား ခယဝယ တောင်းပန်လေသည်။ သူ့အပေါ် ကိုကျီးညို စိတ်ဆိုးနေကြောင်း နီးထွေး ရိပ်မိသည်။
“လိုင်စင်လဲဘို့က ဂွကျတယ်။ ဒီလိုဆို ဘယ့်နှယ်လုပ်မလဲ”
ကိုကျီးညိုက ညည်းတွားလိုက်သည်။ သူသည် နီထွေး၏ မျက်နှာကို တွေ့လိုက်ရသည့်အခါ၌လည်း ခပ်စောစောက ဒေါသစိတ်များ ပြေပျောက်သယောင် ဖြစ်မိသည်။
“အေးပေါ့ဗျာ … ကျုပ်ကလဲ စေတနာပိုမိလို့ပါ။ အစကတော့ ကျုပ်ငွေနှစ်ဆယ် အစိတ် နိုင်သေးသားဗျ။ ဝိုင်းက သိပ်ကောင်းတော့ သုံးရာမျိုး လေးရာမျိုး နိုင်နိုင်တယ်။ အဲဒီလို နိုင်လိုက်ယင် ခင်ဗျားငွေလဲ ပြန်ပေးမယ်။ ခင်ဗျားအတွက် အခွန်ငွေလဲ ကျုပ်ကဘဲ စိုက်ဆောင်မယ်လို့ ရည်စူးမိတာဘဲ”
နီထွေးက သူ့ကိုပင် ကျေးဇူးတင်ရမလို ပြောလေသည်။ ထိုအခါ၌ ကိုကျီးညို စိတ်ပြေရတော့သည်။
ဒါပေမင့် ပိုက်ခွန်ဆောင်ဘို့က လောလောဆယ် ခက်လှသည်။
“မနေ့ညနေကလဲ အင်း အင်စပက် လာတယ်ကွ။ ညက ငါ ပိုက်မဆင်းရဘူး”
“အင်း အင်စပက်တော် လာတာက အင်းမရွာက အင်းကိစ္စနဲ့ လာတာပါဗျာ။ ခု မရှိတော့ပါဘူး။ ဒီလိုလုပ်ရယင် မကောင်းဘူးလားဗျ”
ကိုကျီးညိုက နီထွေးစကားကြောင့် နီထွေးမျက်နှာကို မော့ကြည့်လိုက်သည်။
“ဆိုစမ်းပါအုံး ဘာလဲ…. ပိုက်ပေါင်ပြီး ဖဲချအုံးမလို့လား”
“မှုတ်ပါဘူးဗျာ။ ခု ကျုပ်တို့နှစ်ယောက် ပိုက်ဆင်းလိုက်ကြရအောင်။ ငါး အတော်လေးရယင် ကိုဆာမိရွဲမှာဘဲ ငွေလက်ငင်းနဲ့ နှစ်ယောက်ပေါင်း ရောင်းမယ်၊ နောက်ပြီး ရတဲ့ပိုက်ဆံ ခင်ဗျားဘဲယူပေါ့”
“မင်းဟာက ရေထဲရှိနေတဲ့ မမြင်ရတဲ့ငါးကို ကျိန်းသေတွက်နေတာကိုးကွ … ငါ့လခွေးမှဘဲ”
ကိုကျီးညိုက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်၏။
“ကံဆိုတာ မပြောနိုင်ဘူး။ အကြောင်းသင့်ယင် ငွေနှစ်ဆယ် အစိတ် ရနိုင်ပါတယ်ဗျာ။ အလကားထိုင်နေ အလကားပေါ့ ဟုတ်လား။ ကျုပ် ပိုက်ယူပြီး လှေဆိပ်က စောင့်နေမယ်ဗျာ”
နီထွေးသည် ငိုင်နေသော ကိုကျီးညိုပေါင်ကို ကိုင်လှုပ်ခါ ပြောပြောဆိုဆို ထသွားတော့သည်။ ကိုကျီးညို သည် နောက်ထပ်၍ အချိန်အတန်ကြာ ထိုင်နေသည်။
နောက်တော့ နီထွေး ပြောသလို ပိုက်ဆင်းနေခြင်းက ကောင်းသေးသည်ဟု အတွေးပေါက်လျက် လှော်တက်နှင့် ပိုက်ကို ယူငင်ကာ နေအိမ်မှ ထွက်ခဲ့လေသည်။
X X X X
အချိန်က တဖြည်းဖြည်း ကုန်လာသည်။ ညနေ သုံးနာရီကျော်ခဲ့ပြီဟုပင် ခန့်မှန်းရလေသည်။
ကိုကျီးညိုနှင့် နီထွေးမှာ တယောက်လျှင် ပိုက် လေးငါး ခေါက် ဆင်းမိသော်လည်း ဟုတ်ဟုတ်ငြားငြားငါးမရဘဲ ကျောကွဲလောက်အောင် ပူလောင်ပြင်းထန်သည့် နေ၏ ဒဏ်ကိုသာ ခံစားရလေသည်။
နှစ်ဦးစလုံး လေးတိုင်စင် တဲငယ်အောက်တွင် မှိုင်တွေချလျက် ထိုင်နေမိကြလေသည်။
ကဆုန်လ၏ ပူလောင်ပြင်းထန်သော နေရှိန်သည် နှစ်ဦးစလုံးကို အသက်ရှူမှားမတတ် ဖြစ်လေသည်။ နေရှိန်က ထန်ပြင်းလှသည့်အခါ မြစ်ကြီးဧရာ၏ ရေမျက်နှာပြင်သည် အငွေ့ထောင်းထောင်း ထလုမတတ် ရှိတော့သည်။
သူတို့နှစ်ဦးနှင့်အတူ ပိုက်ဆင်းလာသည့် ထွန်းကြည်၊ မဲလေး၊ သာအောင်တို့ သုံးဦးသည်ပင် ငါးမတိုး၊အကြောင်းမထူး၊ နေကလည်း ပူပြင်းပါဘိဟု ညည်းညူကာ ပိုက်သိမ်းလျက် ပြန်တက်သွားကြလေပြီ။
“နေပြင်းလွန်းတော့ ငါးကလဲ ဟုတ္တိပတ္တိ မတိုးပါဘူးကွာ။ လေးငါးခေါက် ဆင်းတာမှ ငါးလေး သုံးကောင်ဘဲ ရတယ်”
ကိုကျီးညိုသည် ကမ်းအောက်ခြေရေစပ်ရှိ သူ၏ လှေငယ်တွင်းသို့ စူးစိုက်ကြည့်ရာမှ စိတ်ပျက်သယောင် ပြောတော့သည်။ ကျုပ်ထက်တော့ ခင်ဗျားက တကောင်ပိုသေးတာပေါ့ဗျာ”
သူတို့နှစ်ဦးသည် အတန်ကြာ ရှေ့စကား မဆက်ကြဘဲ ငြိမ်သက်သွားပြန်သည်။
ကိုကျီးညိုမှာမူ ပိုက်ခွန်ဆောင်ရေးကိစ္စအတွက် သည်ညတွင် မနန်းအိမ်ကို ဖွင့်ပြောမှ ဖြစ်ပေတော့မည်ဟု စိတ်ကူးမိလေသည်။
“နေကလဲ ပူလိုက်တာဗျာ လွန်ပါရော။ မိုးကျချိန်နီးလို့လားတော့ မပြောတတ်ဖူး။ ပူတာနဲ့ သေရချည်ရဲ့”
“မင်းကလဲကွာ နေပူတာ ပူပူပေါ့ကွ။ ဒို့များရဲ့ ဘဝက ကျောပူမှ ဝမ်းအေးတဲ့ဘဝ။ နေပူတာထက် ပိုက်ခွန်ဆောင်ဘို့က….”
ကိုကျီးညို၏ စကားမဆုံးမီ အချိန်အတွင်း၌ပင် လေးတိုင်စင်တဲငယ် နောက်ဖက်ရှိ သရက်တောတန်းဆီမှ လူတယောက်၏ စူးစူးဝါးဝါးအော်ဟစ်လိုက်သံကို သူတို့နှစ်ဦး ကြားလိုက်ရသည်။
“အင်း အင်စပက်လာဘီ”
ကိုကျီးညိုသည် ထိုင်ရာမှ ကမန်းကတန်းထလျက် အော်သံကြားရာ သရက်တောဆီသို့ လှမ်းကြည့်လိုက်သည်။
ကိုင်းတော ကျူတောများကို တိုးဝှေ့ကာ သူတို့ရှိရာလေးတိုင်စင်တဲငယ်သို့ တဖုတ်ဖုတ်ပြေးလာနေသော လူသုံးယောက် သဏ္ဍာန်ကို မသဲမကွဲ မြင်လိုက်ရသည်။
ကိုကျီးညိုသည် မည်သို့မျှ တွေးမနေတော့ပေ။ တွေးနေရန် အချိန်လည်း မရှိတော့ပေ။
“လာဘီဟေ့ … လာနေဘီကွ”
ဟူသော စကားကိုသာ ဗလုံးဗထွေးပြောပြီးနောက် ဆယ်ပေနီးနီးအမြင့်ရှိသည့် ကမ္ဘားထိပ်မှ ရေထဲသို့ ဝုန်းကနဲ ခုန်ချလိုက်လေ၏။
ရေထဲမှ ပြန်ပေါ်လာသည့်အခါ လှေငယ်ပေါ်သို့ ဂမူးရှူးထိုးတက်လိုက်ပြီး ကိုကျီးညိုသည် နီထွေးကိုပင် ပြန်လှည့်မကြည့်နိုင်တော့ပေ။
သူ၏လှေငယ်ကို တက်ကုန်သုတ်လျက် စက္ကော့ရွာငယ်၏ အောက်ပိုင်း အိုးစုရွာကလေးဆီသို့ ဒလကြမ်းလှော်ပြေးရလေတော့သတည်း။
(၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော ယမုံနာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
– ပြီး –
စာရေးသူ – လင်းယုန်သစ်လွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized