July 31, 2025
Uncategorized

ပိုက်သမားဖိုးထောင်

ပိုက်သမားဖိုးထောင်

“လာပြီဟေ့ ဖိုးထောင်ရေ”

ဦးပိုက်ကြီးသည် သားဖိုးထောင် ပိုက်တန်းဖော်နေသည်ကို သူ၏ လက်လှော်ဘောက်တူလှေကလေးဖြင့် ဖိုးထောင်၏လှေဆီသို့ ခပ်သွက်သွက် လှော်ခတ်လာ၏။

ဖိုးထောင်မှာ အဖေလာနေသဖြင့် အနိုင်နိုင်ဆွဲနေရသော ပိုက်တန်းကိုကိုင်ကာ

“အဖေရေ ဧရာမငါးကြီး မိထားလို့ဗျ”

ဟု ဝမ်းသာအားရပြောလိုက် သည်။

သင်္ဃန်းကြီးရွာသည် ရွေးမြစ်မှခွဲသော ဇွင်ရွဲချောင်းကြီးအဖျား ပင်လယ်ပေါက်ရွာကြီးဖြစ်သည်။ဆောင်းဦးပေါက်ရာသီဖြစ်၍ ရေလုပ်ငန်းများ ဖွံ့ထွား၍ အထိအမိများသောအချိန်အခါလည်း ဖြစ်ပါ၏။

မိုးနှင့် မုန်တိုင်းများလည်း အိပ်ပျော်သွားကြသော လ,ရာသီဖြစ်၍ “ကြက်ဖြန်း” ခေါ် “ကြက်သီးဖြန်း” လေပြည်ကလေးသာ သွဲ့သွဲ့နွဲ့နွဲ့တိုက်ခတ်နေသဖြင့် ပင်လယ်လှိုင်းခေါင်း ကြွကာ မော့ကာသာ ရှိနေသည်။

ဦးပိုက်ကြီးသည် သားဖိုးထောင်၏လှေနှင့် ယှဉ်ကာ သူ့ဘောက်တူလှေကလေးကို ကပ်ပြီး ဖိုးထောင်၏ပိုက်ကြီးကို ကူပြီးဆွဲသည်။ ပိုက်တန်းတွင် မိထားသော ငါးကြီး၏ရုန်းကန်မှုက အတော်ကလေး အင်အားကြီးမားပြီး ပင်လယ်ပြင်ကို လှိုင်းဂယက်များ ထလာအောင် တဝုန်းဝုန်းအသံ ပေါ်လာ စေသည်။

သားအဖနှစ်ဦး အားစိုက်ဆွဲယူမှုကြောင့် တဖြည်းဖြည်းနှင့် ငါးကြီး၏ ဦးခေါင်းပိုင်းသည် ပေါ်ထွက်လာလေသည်။

“ဟာ ငါးရွေးကြီးဟ”

“ဗျို့ ဦးပိုက်ကြီး ဘာရထားသလဲဗျ”

မနီးမဝေးမှ ပိုက်ဖော်လာသော ရေလုပ်သားတစ်ဦးကလှေကို တက်စုံ တကျွိကျွိ ခတ်လှော်ရာက အော်မေးလိုက်သည်။

“မောင်ကြိုင်ရေ ငါးရွေးကြီး မိထားသဟေ့”

“ဟာ ဦးပိုက်ကြီးတို့ ပိုက်ပြန်ပေါ့ဗျို့။ ဒီတစ်ကြိမ်တည်းနဲ့ မိုးစာကျေသွားပြီ”

ဦးပိုက်ကြီးနှင့် ဖိုးထောင်တို့သည် ထပ်မံမပြောနိုင်တော့။ မိထားသော ငါးရွေးကြီးကို လှေပေါ်ရောက်ရေးသာ သဲသဲမဲမဲ ကြိုးပမ်း၍ ပိုက်ကြီးကို ဆွဲ ဖော်နေကြ၏။

သည်နောက် ငါးရွေးကြီးသည် တဖြည်းဖြည်းနှင့် ဦးပိုက်ကြီးတို့၏ လှေအနီးသို့ရောက်လာတော့သည်။ ရေပေါ်သို့ ဘွားဘွားကြီးပေါ်ထွက်လာသည်။ အချိန်အားဖြင့် ပိဿာတစ်ရာနီးပါးထွက်မည့် အကောင်ကြီးတည်း။

ငါးရွေးကြီးနှင့်အတူ ပင်လယ်ငါးခူသုံးကောင်လည်း မိထားသေး၏။ ယခုအခါတွင် ဦးပိုက်ကြီး သဘောပေါက်လိုက်သည်မှာ ပင်လယ်ငါးခူကို အချောင်လာ၍ဆွဲသော ငါးရွေးကြီးမှာ ပင်လယ်ငါးခူကို ရေအောက်မှ ဆွဲမျိုလိုက်ရာက ငါးမျှားတံပါ ဝါးမျိုမိရင်း ရေလုပ်သား ဦးပိုက်ကြီးတို့၏လက်တွင်း ကျရောက်ရခြင်းပင် ဖြစ်တော့သည်။

သားအဖနှစ်ဦး ပျော်သွားကြသည်။ ငါးရွေးကြီးအားခါးလယ်မှကြိုးဖြင့် ထပ်၍ချည်လိုက်ပြီး လှေပေါ်သို့ ဆွဲတင်လိုက်ကြသည်။ သည်တစ်ခါတော့ ငါးရွေးကြီး မလှုပ်နိုင်တော့။

ဦးပိုက်ကြီးတို့ သင်္ဃန်းကြီးရွာ လှေဆိပ်သို့ ရောက်လာသောအခါတွင် သူ့ဇနီးမဖော့နှင့် သားနှင့်သမီးအပြင် ရေလုပ်သားအချို့ငါးဒိုင်မှအဝယ်တော် တရုတ်ကပြား မောင်စိန်တို့က အသင့်ကြိုလျက်ရှိလေသည်။

“ဟေ့ ဦးပိုက် ဒိုင်ကိုတစ်ခါတည်းပို့မယ်လား။ ထောင့်ငါးရာဈေး ချေမယ်နော်”

မောင်စိန်က လက်ထောင်၍ အများကြားအောင်အော်၍ပြောလိုက်၏။

ဦးပိုက်ကြီးက မဖော့ကို ကြည့်လိုက်သည်။ မဖော့က ခေါင်းညိတ်ပြသည်။ အပေါင်းအသင်းများကလည်း

“ဟုတ်တယ်လေဗျာ ဈေးရတုန်း တစ်ခါတည်း ဒိုင်ကို တင်လိုက်တာပေါ့”

အမှန်တော့ မောင်စိန်ပေးသောဈေးမှာ အများဆုံးဖြစ်သည်။ သို့နှင့် ဦးပိုက်ကြီးကလည်း ခေါင်းညိတ်ပြသည်။

နောက်ဆုံး မောင်စိန်၏ဒိုင်မှ ရေလုပ်သားများက ငါးရွေးကြီးအား ကြိုးများဆိုင်း၍ ဝါးနက်ဝါးတစ်လုံးဖြင့်လျှို၍ ထမ်းယူသွားကြ၏။ ပင်လယ်ငါးခူ သုံးကောင်အနက် နှစ်ကောင်ကိုပါ မောင်စိန်၏ ငါးဒိုင်သို့ဦးပိုက်ကြီးက ရောင်းချပစ်လိုက်သည်။

တကယ်တော့ ဦးပိုက်ကြီးမှာ မောင်စိန်ထံမှ ဆီ၊ ဆန်၊ ဆား၊ လက်ဖက်ခြောက်၊ ဆေးလိပ်ကအစ အကြွေးဝယ်ယူခဲ့ရသည်။ လိုအပ်သောငွေကြွေးကိုပင် ချေးငှားခဲ့ရသဖြင့် ကြွေးမကင်းသူဖြစ်၏။ ဤသို့ပင် မောင်စိန်၏ငါးဒိုင်နှင့် ကြွေးကင်းသူရေလုပ်သားဆို၍ ခပ်ရှားရှားပင်။

မောင်စိန်၏ငါးဒိုင်မှ ငွေပိုက်၍ပြန်လာသော ဦးပိုက်ကြီး၏နောက်တွင် ဇနီးမဖော့နှင့် သားဖိုးထောင်၊ အပေါင်းအသင်းပိုက်သမား ဖိုးချက်နှင့် ကြွက်နီဆိုသူတို့ လိုက်ပါလာကြ၏။

ရေလုပ်ငန်းနှင့် မကင်းကြသော တွေ့သမျှမိတ်ဆွေများက ပြုံး၍နှုတ်ဆက်ကြ၏။ ပြန်လည်နှုတ်ဆက်ရသည်မှာအမော။

ဦးပိုက်ကြီးက ငွေစက္ကူများကို လုံချည်အိတ်ထောင်ထဲတွင်ထည့်ကာ လက်တစ်ဖက်ကိုင်ထားရင်းမဖော့ကိုမေးလိုက်၏။

“ဟဲ့ မဖော့ တို့မိုးတွင်းစာယူထားတဲ့ကြွေးက သုံးရာ့ငါးဆယ်ဆိုတာ နင် သေသေချာချာ သိရဲ့လား”

“တော်ကလဲ သူ့မိန်းမက စာရင်းနဲ့ သေသေချာချာ ရေးထားတာဟာ”

“သူကရေးထားပြီး နင်ကရော ရေးထားလို့လား”

ဤတွင် မဖော့က မျက်စောင်းတစ်ချက် ပက်လိုက်ကာ

“ကျုပ်က စာမှမတတ်ဘဲ။ ဘာလို့ရေးရမလဲ။ခေါင်းထဲမှာမှတ်ထားတာ”

“ငါကြည့်တော့ သူရေးထားတဲ့ကြွေးစာရင်းက ရှုပ်နေတာပဲ”

“အို တော်ပဲ ကွမ်း၊ ဆေးလိပ် အယူခိုင်းရတာနဲ့ ၊လက်ဖက်ခြောက်ဖိုးဆို နည်းသလား။ ဧည့်သည်လာလို့ လက်ဖက်စုံ၊ ထန်းလျက်ဝယ်ရ။ ကလေးတွေအတွက် မုန့်ဝယ်ရနဲ့။ ပြီးတော့ ရှင့်အတွက် ငါးဆယ်တန် လုံချည်တစ်ထည် ကျုပ်အတွက်ထမီတစ်ထည်။ ဒါတောင် ပထမရေတုန်းက ရလို့ ဆပ်လိုက်တာ တစ်ဝက်လောက်ကျေသွားတယ် မဟုတ်လား”

ဤတွင် အပေါင်းအသင်း ရောင်းရင်းပိုက်သမား ဖိုးချက်က ဝင်၍ပြောလိုက်၏။

“မောင်ပိုက်ရာ မောင်စိန့်မယား မကြည်က ပိုပြီးမှတ်မယ် မထင်ပါဘူး။ ဒီဟာမက ရိုးပါတယ်။ သူတို့ကလည်း တို့ ငွေလိုရင် ထုတ်ပေးတာပဲ ဟုတ်လှပြီကွ”

ဦးပိုက်ကြီးသည် ဘာမှမပြောတော့။ မကြာမီ အိမ်တစ်အိမ်ရှေ့သို့ ရောက်လာသည်။

“မောင်ပိုက်ရေ မင်း တစ်ခါတည်းပြန်မလား။ တို့ ဒီက စောင့်နေရမလား”

ဤတွင် ဦးပိုက်ကြီးက

“ရော့ မိဖော့ ငါတို့ ဆေးဝင်သောက်လိုက်ဦးမယ်”

ဦးပိုက်ကြီးသည် လုံချည်အိတ်ထောင်ထဲမှ ငွေစက္ကူထုပ်ကို ဆွဲထုတ်လိုက်သည်။ ပတ်ထားသော သတင်းစာစက္ကူပတ်ကိုဖြေလျက် အစိတ်တန် နှစ်ရွက်ကိုထုတ်ကာ သူ၏အိတ်ထောင်တွင်ထည့်၍ ကျန်ငွေစက္ကူများကို သတင်းစာစက္ကူဖြင့် ပြန်ပတ်ကာ မဖော့အား ပေးလိုက်၏။

“ဟေ့ကောင် ဖိုးထောင် မင်း ဒီနေ့ အနားယူဦး။ ငါပြန်လာမှ စီစဉ်မယ်”

ဖိုးထောင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင် ဦးပိုက်ကြီးသည် ဖိုးချက်နှင့် ကြွက်နီကိုခေါ်ကာ သူတို့ရောက်နေသော အိမ်ကလေးအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

အိမ်အဝင် သစ်သားဆိုင်းဘုတ်ကလေးတစ်ခုကို အိမ်ရှေ့တံခါးအပေါ်တွင် တွေ့ မြင်ရ၏။

“အရက်ဖြူဆိုင်”

အရက်ဖြူဆိုင်သည် ကျေးရွာကြီးများတွင် သက်ဆိုင်ရာ မြို့နယ်ဆိုင်ကြီးမှ အသိအမှတ်ပြုခွင့်ပေးထားသော အရက်ဖြူဆိုင်ကလေးများတည်း။ ထိုအချိန်တွင် မဖော့နှင့် သား ဖိုးထောင်တို့သည် အိမ်သို့ပြန်ရောက်နေကြပြီဖြစ်၏။

“အမေ ကျွန်တော့်ကို ငွေအစိတ် ပေးပါဦး။ သူငယ်ချင်းတွေကို ဝယ်ကျွေးရဦးမယ်။ ပြီးတော့ မိညိုကလည်း ကျွန်တော့်ကို စောင့်နေမယ်ဗျ”

မဖော့ကငွေထုပ်ထဲမှ အစိတ်တန်တစ်ရွက်ကိုထုတ်ပေးရင်း

“ဖိုးထောင် နင်လည်း နင့်အဖေလို အရက်တွေသွားမသောက်နဲ့နော်။ နင်နဲ့မိညိုကိစ္စလည်း လူကြီးတွေ သဘောတူထားပြီးပြီပဲ။ တပေါင်းလဆိုရင် ဖြစ်ရမှာပေါ့”

ဖိုးထောင်သည် သူ့အမေ၏စကားကို ဆုံးအောင်ပင် နားမထောင်ဘဲ ရွာတောင်ဘက်သို့ သုတ်ခြေတင်လာတော့သည်။

မကြာမီ ဓနိတောကလေးကျော်ကာ ကန်ကုန်းသို့ ရောက်လာ၏။

ဤတွင် မျက်နှာဝိုင်းဝိုင်း၊ မျက်ဝန်းဝင်းဝင်း၊ နှာတံပေါ်ပေါ်အသားညိုညိုနှင့် အသက်ဆယ့်ရှစ်နှစ်ခန့်ရှိ လုံးကြီးပေါက်လှ မိန်းမပျိုကလေးတစ်ဦးသည် အသက်ဆယ်နှစ်ခန့်ရှိ ယောက်ျားကလေးတစ်ဦးနှင့်အတူ ရေတစ်ထမ်းကိုထမ်းကာ လမ်းတွင် ရင်ဆိုင်တိုးမိကြ၏။

“ဟေ့ အညို”

“ဟော ဖိုးထောင်”

နှစ်ဦးစလုံး ပြိုင်တူလိုလိုခေါ်ရင်းမှ လမ်းတွင် ရပ်သွားကြသည်။

အညိုဆိုသူ မိန်းကလေးမှာ ရေထမ်းကိုချကာ အပြုံးကုဋေကုဋာပွင့်လျက်ရှိသလို ဖိုးထောင်ကလည်း အပြုံးကမ္ဘာပေးလျက်အနီးကပ်ရင်း

“ငါ နင့်ဆီကိုလာတာ။ အိမ်မှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ရေကန်ကို လိုက်လာတာ။ ညကျရင် မသန်းတို့ရေဆိပ်နားမှာ ဆုံကြရအောင်”

“ဒါထက် နင်တို့ အထိအမိများလို့ ငွေတစ်ထောင်ကျော် ရတယ်လို့ကြားရတာ ဟုတ်လား”

“ဟုတ်တယ်-အမေကလည်းတပေါင်းလကျရင်နင်နဲ့ငါ့ကိုအိမ်ထောင် ချပေးမယ်တဲ့”

“ဒါဖြင့် ရှင် အိမ်ထောင်ပစ္စည်းကလေး စုထားဦးပေါ့တော်”

“အေးပါ ငါ အခုရတဲ့ငွေထဲက ငါးရာဖိုးလောက်ကို လိုအပ်တဲ့ အိမ်ထောင်ပစ္စည်းကလေးဝယ်ထားဖို့ အမေကလည်း သဘောတူပါတယ်”

ဤတွင် အညိုဆိုသော မိန်းမပျိုကလေးသည် မျက်နှာတစ်ခုလုံး ဝင်းထိန်သွား၏။ ပြီးမှ မလုံမလဲဖြင့် သူ၏မောင်လေးဖြစ်ဟန်တူသော ကောင်လေးကို ဝဲကြည့်လိုက်သည်။

ကောင်လေးက ပြုံးနေ၏။

“အစ်ကိုယောက်ဖလောင်းကြီး ငွေတစ်ကျပ်ပေးဗျာ”

ကောင်လေးက လက်ဝါးဖြန့်တောင်း၏။ ဖိုးထောင်ကတဟားဟားရယ်ကာ အိတ်ထဲမှ ငွေတစ်ကျပ်ထုတ်ပေးလိုက်၏။

“ရော့ နင်ဝယ်ချင်တာဝယ်။ ငွေအစိတ် ယူထား”

ဖိုးထောင်က သူ့အမေထံကတောင်းလာသော အစိတ်တန်တစ်ရွက်ကို အညိုအား ပေးလိုက်၏။ အညိုက လှမ်းယူကာ အင်္ကျီအောက်အိတ်ထဲ ထိုးထည့်ရင်း နောက်သို့ လှမ်းကြည့်လိုက်၏။

မိန်းကလေးနှစ်ယောက် ရေထမ်းကိုယ်စီနှင့် လာနေကြသည်။

“ဟိုမှာ မိစိန်တို့ လာနေကြပြီ။ ကျုပ် သွားမယ်”

အညိုက ရေထမ်းကို ကပျာကသီ ကောက်ထမ်းရင်း ထွက်သွား၏။

ဖိုးထောင်က ရပ်၍ကျန်ရစ်ကာ ရှေ့သွားရမလိုလို၊ အညိုနောက် ပြန်လိုက်ရမလိုလိုနှင့် ငေးနေမိ၏။ သည်အခိုက် အစိန်ဆိုသူ မိန်းကလေးနှင့် မိန်းကလေးတစ်ယောက် ရေထမ်းဖြင့် ရောက်လာသည်။

“ကိုဖိုးထောင် ရှင် အညိုကို ဘာတွေကျိတ်ပေးနေတာလဲ။ ကျုပ်တို့ကိုလည်း တစ်ခုခုဝယ်ကျွေးရမယ်နော်။ မကျွေးရင် တစ်ရွာလုံးပြောလိုက်မယ်”

အစိန်ဆိုသူကပြောလိုက်သဖြင့်ဖိုးထောင်မှာတဟားဟားရယ်ရင်းက

“ကျွေးပါ့မယ်ဗျာ … ကျွေးပါ့မယ်”

ဟု စကားလောကွတ် ထိုးလိုက်ရသည်။

သည့်နောက် ဖိုးထောင်သည် တဖြည်းဖြည်း နောက်သို့ ပြန်လှည့်ရင်း လှေဆိပ်သို့ခြေလှမ်းကိုဦးလှည့်လိုက်တော့၏။

အညို။

သူမသည် သင်္ဃန်းကြီးရွာ၏ အလှဘုရင်မကလေး မဟုတ်ပါ။ ပန်းတောင်ကိုင် အလှသရဖူမဆောင်းပါ။ ရွက်ကြမ်းရေကျိုအလှ။

သို့တစေ ပိုက်သူကြီး သမီးပျို။ ဦးပိုက်ကြီးမိတ်ဆွေဖြစ်သော ပိုက်ထောင်သူကြီး ဦးဖောင်၏သမီး။ ဦးဖောင်တို့က ဦးပိုက်တို့ထက် ငွေကြေးချောင်လည်သည်။

ကလေးချင်း မေတ္တာမျှသည်ကို လူကြီးတွေ သိထားကြသည်။ သဘောတူထားကြ၏။

တရားဝင် နားဖောက်ဖို့သာ ကျန်တော့သည်။

ယခုနှစ် ဦးပိုက်ကြီးတွင် အထိအမိများသည်။ ငွေကလေး ပို၍ပိုက်မိသည်။ သူလည်း ပိုက်သူကြီး၊ လှေ သူကြီး။ ပြီးတော့ ကျားပိုက်သူကြီး ဦးပိုက်ကြီးဆိုလျှင် မသိသူရှားပါး၏။

ရေလုပ်သားများအဖို့ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်ကို ဆေးအဖြစ် သောက်သူတွေ များကြသည်။ ထို့ကြောင့် ဦးပိုက်၏သား ဖိုးထောင်သည်ပင် သူငယ်ချင်းများနှင့် အနည်းငယ်သောက်တတ်နေပြီဖြစ်၏။

ဖိုးထောင် လှေဆိပ်သို့ ဆင်းလာသည်မှာ အရက်ပုန်းရောင်းသော ဖိုးမောင်၏အိမ်သို့ လာခဲ့ခြင်းဖြစ်၏။ ထိုနေရာတွင် သူငယ်ချင်းများနှင့် ချိန်းထားခဲ့သည်။ ဖိုးထောင်၏အဖေမှာ အရက်ဖြူဆိုင်တွင် သောက်နေသဖြင့် ဖိုးထောင်တို့က တောအရက်ရောင်းသော ဖိုးမောင်၏အိမ်သို့ လာရခြင်းဖြစ်၏။

“လာဟေ့ ဖိုးထောင်။ တို့တော့ တစ်လုံးနီးပါး ကုန်နေပြီ။ နောက်တစ်လုံး ဖိုးမောင်ရဲ့”

ဖိုးမောင်က အသင့် အရက်တစ်လုံး ချပေးသည်။ ကြမ်းခင်းပေါ်တွင် ပျဉ်ပြားတစ်ချပ်ချထားကာအရက်ပုလင်းနှင့် ဖန်ခွက်များအပြင် ကြက်သားတစ်ပွဲ ချပေးထားသည်။

ထိုင်နေသူများမှာ လူငယ်သုံးယောက်ဖြစ်သည်။ ဖိုးထောင်ချိန်းထားသော သူငယ်ချင်းများမှာ မြကျော်နှင့် ထွေးမောင်။ ယခုတစ်ယောက်တိုးလာသူမှာ ရွာမြောက်ပိုင်းမှ မောင်နီခေါ်သော ပိုက်သမားတစ်ဦး။ မောင်နီသည် ဦးဖောင်၏ ဂါးဖောင်ဦးစီးသမား။

“အစ်ကိုမောင်နီလည်း ရောက်နေပါလား။ ကျွန်တော်သိပ်ဝမ်းသာတာပဲ အစ်ကို”

ဖိုးထောင်က ဝမ်းသာအယ်လဲ ပြောလိုက်သည်။ မောင်နီက မပွင့်တပွင့်ပြုံးလျက်

“မင်း အထိများသွားတယ်ဆိုပြီး မြကျော်တို့က ငါ့ပါဆွဲခေါ်လို့ လိုက်လာရတာဖိုးထောင်။ မင်းတကာမခံလည်း ငါက ခံပါ့မယ်”

“ဟာ အစ်ကိုကလဲ။ ကျွန်တော့်တာဝန် ထားစမ်းပါ။ ကဲ စိတ်တိုင်းကျ သောက်ဗျာ”

“ဟေ့ ဖိုးထောင် ရော့ အခု မင်းအလှည့်”

မြကျော်က အရက်တစ်ခွက်ငှဲ့ကာ ဖိုးထောင်ကို လှမ်းပေးသည်။ အားလုံးက ပြုံးကြည့်လိုက်သည်။ ဖိုးထောင်ကလည်း မငြင်း။ အရက်ဖန်ခွက်ကိုယူ၍ မော့သောက်လိုက်သည်။ လည်ချောင်းတွင် ပူ၍ဆင်း၏
သည်။

ယင်းအခိုက် နောက်ထပ်လူနှစ်ယောက် အိမ်အတွင်းသို့ ဝင်လာပြန်သည်။

“ဟာ ကိုစိုးကြီးနဲ့ ကိုအောင်သိန်းကြီးတို့ပါလား။ လာပါ တစ်ခွက် တစ်ဖလား ဒါနကလေးမြောက်သွားရအောင်”

ထွေးမောင်က ပြောလိုက်လျှင် အရပ်ထောင်ထောင်မောင်းမောင်းနှင့် အရက်ဖောဖောနေသည့်မျက်နှာနှင့်အောင်သိန်းကြီးဆိုသူက တဟားဟား ရယ်၍

“ဟား… ဟား… ဟား တို့က တိုင်ကီနဲ့ မော့ရမှဟေ့။ သောက်ကြပါ အလှူရှင်တို့ရာ”

ထိုသူနှစ်ဦးလည်း အိမ်ကလေး၏ အတွင်းခန်းထရံဘေးတွင် ထိုင်ချလျက်

“တစ်လုံးပေးဟေ့ ဖိုးမောင်”

ဟုပြောလိုက်၏။

သို့နှင့် အတန်ကြာလျှင် ဖိုးထောင်တို့ဝိုင်းမှာ အရက်ရှိန်တက်လာပြီဖြစ်၍ ဆူဆူညံညံ စကားပြောလာကြသည်။ ဖိုးထောင်လည်း အတော်ကလေး မူးလာကာ မျက်လုံးမှာပင် ရီဝေလာသည်။ မကြာမီ သူက

“ဘယ်လောက်ကျသလဲ ဦးလေးမောင်”

ဟု အသံဩကြီးဖြင့် မေးလိုက်သည်။

“အားလုံး သုံးပုလင်းနဲ့ အမြည်းနှစ်ပန်းကန်ဆိုတော့ သုံးဆယ့်ငါးကျပ်ကျတယ်”

“ရပါတယ် ဦးလေးမောင်၊ ဟား … ဟား … ဟား”

ဖိုးထောင်သည် ခပ်စောစောက သူ့ဖခင် ဦးပိုက်ကြီးအား ငွေထုပ်ပေးစဉ်ကပင် ငွေငါးဆယ်ကို ဆွဲထုတ်ယူထားပြီးဖြစ်၍ ငွေသုံးဆယ့်ငါးကျပ်ကို အလွယ်တကူပင် ထုတ်ပေးလိုက်သည်။

ထို့နောက် သူငယ်ချင်းများနှင့်တွဲကာ ဖိုးမောင်၏ အရက်ပုန်းရောင်းသော အိမ်ကလေးမှ ထွက်လာကြသည်။

အထူးသဖြင့် သူ မူးနေသဖြင့် သူ၏ယောက္ခမကြီးတော်ရမည့် ပိုက်သူကြီးဦးဖောင်၏ အိမ်ရှေ့မှ မူးမူးဖြင့် ဖြတ်ကျော်လာခဲ့သည်ကို သတိမရတော့။

ဖိုးထောင်၏မိခင် ဒေါ်ဖော့မှာ သားဖြစ်သူ အရက်မူးလွန်လာပြီး သူငယ်ချင်းများက တွဲ၍ အိမ်အထိ လာပို့သည်ကို အံ့ဩခြင်း စိုးရိမ်ခြင်းများနှင့် ဗျာ များရတော့သည်။

“အဒေါ့်သားက ယောက္ခမတော်ရမယ့် ဦးဖောင် အိမ်ရှေ့မှာတောင် အသံကျယ်ကျယ်နဲ့ အော်လိုက်သေးတယ်။ ကျုပ်တို့ မနည်းထိန်းခေါ်ခဲ့ရတယ်”

မောင်နီက မျက်ခုံးချီကာ ပြောလိုက်သည်။ဒေါ်ဖော့ကတော့ ကျေးဇူးတင်ကြောင်းသာ ပြောလိုက်ရသည်။

နောက်တစ်နေ့မိုးလင်းလျှင် ဖိုးထောင်ထံသို့စာတစ်စောင်ရောက်လာသည်။

ထိုစာမှာ ဖခင် ဦးပိုက်ကြီးထံသို့ ပိုက်သူကြီး ဦးဖောင်က ပေးသောစာဖြစ်သည်။

ပိုက်ကြီး

မင်းရဲ့သား မနေ့က အရက်တွေမူးလာပြီးတော့ ငါ့အိမ်ရှေ့မှာတောင် မလေးမစားနဲ့အော်ပြီး အရက်သောက်တာဘာဖြစ်လဲ … ဘာဖြစ်လဲနဲ့ ပြောသွားတယ်။ မင်းလည်း အရက်သမား၊ သားလည်း အရက်သမားမို့ ငါ့သမီးနဲ့ လုံးဝမပေးစားနိုင်တော့ဘူး၊ ဒါပဲ”

ဦးဖောင်

– ပြီး –

စာရေးသူ – မြဝဇီ

Leave a Reply

Your email address will not be published. Required fields are marked *