ဆင်ဖြူကျွန်းအောင်သိန်း
ပုန်းကွယ်သူတို့ ပေါ်လိမ့်မယ်
အသံထက်မြန်သော ဂျက်လေယာဉ်မဟုတ်ပေမယ့် လယ်ကြွက်သည် အသံနီးပါးတော့ လျင်မြန်၏။
မောင်ဖိုးမှင်သည် မီးကွက်အတွင်း ဝင်လာသော ကြွက်ကြီးကို မှိန်းဖြင့် ဖမ်းထောက်လိုက်သည်။ ကြွက်က အင်မတန်မြန်ပေမယ့် မောင်ဖိုးမှင်ကလည်း လျင်၏။ ထို့ကြောင့် မိလိုက်ခြင်းဖြစ်သည်။
ကြောင်တစ်ကောင်လောက်ကြီးသော ထိုကြွက်၏ အော်သံက စီစီညံသွား၏။ မောင်ဖိုးမှင်မှာ ထောက်အားကို ဖိပေးသည်။ ပိုင်ပိုင်မထိလျှင် လွတ်သွားမည်။ မသေမရှင် ဆွဲယူလျှင် အကိုက်ခံရမည်။ လယ်ကြွက် ကိုက်ခံရသော် သွားပါလေရော တစ်မိုးတွင်း…။
သို့စဉ် ကြွက်ကြီးတစ်ကောင် မီးကွက်တွင်းဖြုတ်ခနဲ ဝင်လာ၏။
“လူလေး… ချ … ချ”
သား တင်မောင်ဝင်းသည် ကြွက်ကြီးကို ဝါးရင်း တုတ်ဖြင့် နှက်၏။
“ဒါတောင် မထိဘူးလားကွ”
မောင်ဖိုးမှင်၏ အော်သံနှင့် နောက်ရောက်ကြွက်ကြီး ၏ အော်သံများ ရောထွေးသွားသည်။
ကြွက်ကြီးမှာ အော်ရင်း ဟစ်ရင်းဖြင့် မှိန်းသွားအောက်က ကြွက်ကို နမ်း၏။ သို့စဉ်တွင် တင်မောင်ဝင်း၏ တုတ်ချက်မိသွားသည်။ တစ်ချက်အော်ပြီး ငြိမ်သက်သွား၏။
“လာပြန်ပြီဟေ့ ချ … ချ”
ရုတ်တရက် ကြွက်ပေါက်စကလေးတစ်အုပ် ပြေးဝင် လာပြန်သည်။ တင်မောင်ဝင်းက တဖုန်းဖုန်းချ၏။ လွတ်သည်လည်းရှိ သေသည်လည်း ရှိ၏။
ကြွက်ကလေးများသည် ကြွက်မကြီးကို နမ်းကြ၏။ ဖင်ကနမ်း၊ ခေါင်းကနမ်း။ တင်မောင်ဝင်းကလည်း ချသည်။ ကြွက်ကလေးနှစ်ကောင် သေကျန်ခဲ့၏။
“ကော်တာပဲ အဖေရေ့။ ဒါကြီးက ကြွက်မပဲ”
တင်မောင်ဝင်းက ကြွက်တွေကို ကြိုးဖြင့် သီရင်း ပြော၏။
“ဟာ… ဒီကောင်က အထီးပဲ အဖေရ။ ကြွက်မကြီး အော်သံကြားလို့ သူပြေးလာတာပဲ။ ဒီကောင်ကလေး တွေက ဒီကြွက်မကြီးရဲ့ ကလေးတွေဗျ။ သူတို့အမေဆီ ပြေးလာတာဖြစ်ရမယ်”
တင်မောင်ဝင်းသည် ကြွက်တွဲကြီးကို တုတ်ဖျားတွင် ချိတ်ထမ်း၏။ တစ်ချီတည်းနှင့် ကြွက်ကြီးနှစ်ကောင်အပြင် ကြွက်ကလေးနှစ်ကောင် အဆစ်ရလိုက်သည်။ ဒါအတွက် အင်မတန်ဝမ်းမြူးနေ၏။
မောင်ဖိုးမှင်သည် သားငယ်ကို မထောက်ခံ။ သို့ရာ တွင် ကန့်လည်း မကန့်ကွက်ပေ။
စင်စစ် သူ့မျက်လုံးသည် သေနေ၏။ ခြေကလှမ်း သည်။ ဘယ်လက်က မီးအုပ်ကို ကိုင်ထားကာ ညာလက်က မှိန်းကို မြှောက်ထား၏။ သို့သော် သူ့၌ စိတ်ဝင်စား။ သက်မရှိ အရုပ်လို လျှောက်နေမိသည်။
မောင်ဖိုးမှင်အား ဖမ်းစားလိုက်သူများမှာ ချက် တစ်ဖြုတ် လာရောက်သွားကြသော ကြွက်မိသားစုဖြစ်၏။
“ကြည့်စမ်း၊ သူတို့မှာတော့ တိရစ္ဆာန်သာ ဆိုတယ် လင်ရယ် မယားရယ်လို့ ကြင်နာရမှန်းသိတယ်။ အသေခံပြီး မေတ္တာတရားကို ပြတယ်။ ငါတို့လင်မယားမှာတော့ ဘယ်မှာလဲမေတ္တာ…”
“အဖေ ဟိုမှာ…. ဟိုမှာ”
တင်မောင်ဝင်း အော်သံကြောင့် မောင်ဖိုးမှင် လန့် သွား၏။
မီးကွက်တွင်းမှ ကြွက်တစ်ကောင် လွတ်သွားသည်။ မီးလိုက်ထိုးရင်း မှိန်းဖြင့် ပြေးစိုက်၏။ မမိ။
“အဖေကလဲဗျာ၊ မျက်စိက ဒါလောက်ပဲ သေရ သလားဗျ။ ပေး … ကျွန်တော်ထိုးမယ်”
“မဟုတ်တာ မလုပ်ချင်စမ်းပါနဲ့ သားရယ်။ မှိန်းကို မင်း မနိုင်ပါဘူး”
မောင်ဖိုးမှင်က သားငယ်၏ ခေါင်းကိုပွတ်၍ နှစ် သိမ့်ရ၏။
ဒီကောင်မှာ အကောင်ငယ်ပေမယ့် သတ္တိရှိ၏။ ခြောက်နှစ်သားသာဆိုရသည် ဖအေကို ပြေးပြေးပြီး ပခုံး ချင်းယှဉ်သည်။ အခုပင် သူ မှိန်းကိုင်မည်ဟု ဆိုတာကို ကြည့်။
တင်မောင်ဝင်းသည် မောင်ဖိုးမှင်၏ သားသမီးများ ထဲ၌ အကြီးဆုံးဖြစ်သည်။ ညကြီးမင်းကြီး၌ ဒီလက် တောက်လောက်ဟာကို မြွေတောသို့ မခေါ်သင့်ဟု မောင်ဖိုးမှင် ထင်၏။ သို့ပေမယ့် အဖော်မပါလျှင် မဖြစ်၍ သူ့ကိုပဲ သုံးရသည်။ မတတ်နိုင်။
မောင်ဖိုးမှင်တို့ဆီတွင် ယခုအချိန်၌ မိုးမရွာသေး။ ချည်မျှင်ရှည်ဝါတွေ ပွင့်၍ကောင်းဆဲ။ နှမ်းခင်းတွေ မိုးမျှော်တုန်း။ စိုက်ခင်းနှင့် ပျိုးခင်းတွေ အခြောက် ထွန်ထားချိန်။
သည်အချိန်တွင် မောင်ဖိုးမှင်တို့လို မြေယာနေ့စား လုပ်သားတွေ ကြွက်လိုက်ကြ၏။ နေ့တွင် ခွေးအကူနှင့် ကြွက်တွင်းကိုတူးသည်။ ညတွင် မီးအုပ်နှင့် မှိန်းနှင့် လိုက်ထိုးကြ၏။
လယ်ကြွက်သည် ရန်ကုန်ကြွက်လောက်ရှိသည်။ တစ်ကောင်ကို အစိတ်သားထက်မအောက်။ အူအသည်းထုတ်ကာ မီးကင်ပြီး အကောင်ကို ဈေးတင်ရောင်း၏။ အဆီထုတ်၍လည်း စားဆီနေရာ၌ အစားထိုးနိုင်၏။ ရောင်းချနိုင်၏။
ကြွက်ဖမ်းရာသီတွင် မောင်ဖိုးမှင်တို့လို လက်သေး သမားများပင် တစ်နေ့တစ်နေ့ ကိုးကျပ် တစ်ဆယ် စီသည်။
သို့ရာတွင် ည၌ အန္တရာယ်ရှိ၏။ မှိန်းချက်မိသော ကြွက်အော်သံရှိရာသို့ မြွေ လာလေ့ရှိသည်။ ထန်းမြွေ၊ မြက်ရှောနှင့် လင်းမြွေဆိုလျှင်ကား အကြောင်းမဟုတ်၊ ဟင်းစားပင် ဖြစ်သေး၏။
ကြွက်သံသို့ လာသောမြွေမှာ မြွေဟောက် သို့မဟုတ် မြွေပွေး။
လက်တစ်ဖက်က မီးခွက်၊ လက်တစ်ဖက်ဖြင့် ကြွက် ကို မှိန်းထောက်ထားစဉ် မြွေရောက်လာလျှင် တစ်ယောက်တည်းသမားသည် ထွက်ပြေးရုံသာရှိ၏။ သို့မဟုတ်လျှင် မတော်တဆ အကိုက်ခံရမည်။
သို့ကြောင့် မောင်ဖိုးမှင်သည် လူပိုခေါ်ရ၏။ မသုံး လောက် မစားလောက် ဤလက်တောက်လောက် ကောင်လေးသည် မြွေကို ရိုက်၏။ ကြွက်သေကိုလည်း ထမ်းနိုင်သေး၏။
ယခု သည်အကူကောင်လေးက မှိန်းကိုင်မည်ဟု တက်ကျယ်သည်။ အဖေမျက်စိသေသည်ဟု ကြိမ်း၏။
ငါ အဖေကို ကြိမ်းရပါမို့လားဟု မောင်ဖိုးမှင် စိတ် မဆိုး။ လူရည်လည်သည်ဟု ဝမ်းသာ၏။ လူဟုတ်ပဲ ဟု ကျေနပ်၏။ သို့ ကျေနပ်သလို မောင်ဖိုးမှင် တစ်ဆိတ်ဝမ်း နည်းရပြန်သည်။
“ကြွက်ကလေးတွေနဲ့ ကြွက်မကြီးတောင် ချစ်ကြ ခင်ကြတယ်။ ငါ့သားလေးနဲ့ ငါ့သမီးလေးတွေမှာတော့ …”
မောင်ဖိုးမှင်၏ စိတ်မှာ လေးလံထုံထိုင်းတော့သည်။ ဝမ်းနည်းညှိုးငယ်ရသည်။
သူသည် မီးရောင်ထိုးကျရာ မြေပြင်ကို မမြင်။ ကိုယ် နှင့် ဇနီး၊ ဇနီးနှင့် ကလေးတွေ၏ ဖြစ်ပုံ၊ လုပ်ကိုင်ဆက်ဆံပုံကိုသာ ကြားယောင်မြင်ယောင်ရင်း နာကျင်လာ၏။
(၂)
ဝေးဝေးမဟုတ်။ ညနေတုန်းကဖြစ်ပုံ ပူပူနွေးနွေး။
ညနေက မောင်ဖိုးမှင် ဝါခင်းဆေးပက်အငှားလိုက် ရာ မောမောနှင့် ပြန်လာပြီး
“ငွေတင်ရေ… ကျက်ပြီလားဟေ့ ”
ဟု အိမ်ပေါ်တက်တက်ချင်း မေးမိသည်။
“ဟိုမြွေပွေးကိုက်ကို ဆန်ဝယ်လွှတ်လိုက်တာ ခုထိ မပြန်လာသေးဘူး။ ကျက်ပါလိမ့်မယ် ထမင်းကြီး”
ဇနီးငွေတင်က ကြမ်ပြင်တွင် ကားကားယားယား ထိုင်နေရာက ပြန်ဖြေ၏။ သူ့လုံချည်ထဲတွင် နို့စို့ကလေးက နို့စို့နေသည်။ နို့ညှာကလေးသည် ငွေတင်၏ ဘေးတွင် အိုးပုတ်အပဲ့တစ်လုံးနှင့် ကစားနေ၏။
“ဟိုကောင်မလေးကောကွ၊ မမြင်ပါလား”
မောင်ဖိုးမှင်က မီးဖိုထဲဝင်လာရာက မေးသည်။
“မသိပါဘူး၊ ဘယ်သင်္ချိုင်းကုန်းသွားနေသလဲလို့”
မောင်ဖိုးမှင်သည် ညတွင် အသုံးပြုရန် မီးခွက်ကို ရေနံဆီဖြည့်၏။ ထို့နောက် အိုးတွေခွက်တွေကို လျှောက်လှန်သည်။
“ခွေးယက်သထက်တောင် ပြောင်သေးသဟ”
ဟု စိတ်ထဲက ရေရွတ်မိ၏။
ဟင်းအိုးသည် ဘာဟင်းချက်ခဲ့သည် ဆိုတာလည်း သဲလွန်စမရအောင် ပြောင်ရှင်းနေသည်။ ထမင်းအိုးမှာမူ ကော်ကပ်ချင်လို့ တစ်စေ့မရှိ။
မရှိတာသိလျှင် ပို၍ဆာလောင်တတ်တာ လူ့အကျင့်။ သို့ကြောင့် မောင်ဖိုးမှင် ဆာမွတ်လာသည်။ သို့သော် သူ မပြောရဲ။ သံယောင်လိုက်၍ နို့ညှာကောင်မ ကြည်ကြည်ဌေးကထပြီး သူပါစားမည်ပြောမည်။ မစားရလျှင် ငိုမည်။ နောက် ဘီလူးလက်ဝါးနှင့် တွေ့မည်။
ထို့ကြောင့် မောင်ဖိုးမှင် ရေထသောက်ရာ နို့ညှာမအထက်က တင်မေမြင့် အိမ်ပေါ်သို့ အူယားဖားယား ပြေးတက်လာတာနှင့် တိုးသည်။
“အဖေ ဘာပါလဲ”
တင်မေမြင့်က မောင်ဖိုးမှင်ကို လာဖက်ကာမေး၏။
“အလုပ်သွားတာ ဘာပါရမလဲ၊ စောစောကပဲ ကဆစ်သီးတွေ စားထားတယ်မဟုတ်လား။ ထပ်မမေးနဲ့၊ ပါးကျိုးမယ်”
တင်မေမြင့်သည် မအေကို မျက်စောင်းထိုးကာ ဖအေကို မော့ကြည့်သည်။
“ညကျမှ အဖေပြောင်းဖူးချိုးခဲ့ပါ့မယ် မိန်းကလေး ရယ်။ ရော့ရော့ အရိုးကကိုင်””
ကလေး ကျေနပ်မည့်စကားကို ရှာဖွေပြောရင်း ရေ တစ်မှုတ် လှမ်းပေး၏။
“တမီးချားမယ်၊ ဖေ့တမီး ကျောင်းဘူးချားမယ်”
ကြည်ကြည်ဌေးက ထပူသည်။
“ဟာ စားရမှာပေါ့ သမီးရယ်။ အဖေ အားကြီး အများကြီး ချိုးခဲ့မယ်”
မောင်ဖိုးမှင်က လက်ဟန်ခြေဟန်ဖြင့် ဖြေလိုက် သည်တွင်…
“မစားရဘူး၊ တစ်နေ့လုံးကာလနာတိုက်နေတာ ဘယ်နှလောင်းရှိပြီလဲ”
ငွေတင်က ဝင်၍ ဟန့်တား၏။ ဗိုက်နာနေသော ကြောင့်ဖြစ်သည်။
ကြည်ကြည်ဌေး မဲ့သွား၏။
“ဘာမဲ့တာလဲ … သေသွားမယ်”
ငွေတင်က လက်ဝါးဖြင့်ရွယ်ရာ ကြည်ကြည်ဌေးက ဖအေကို မော့ကြည့်ပြီး ငိုချလိုက်ပါလေတော့သည်။
“ဟဲ့ … တိတ်”
ငွေတင်သည် ပြောပြောဆိုဆို ဆောင့်ဆွဲလိုက်၏။ ကြည်ကြည်ဌေး ထိုင်ကျသွားသည်။
“တိတ်ဆိုနေ””
ကလေးက မတိတ်။
ငွေတင်က ကလေး၏ကျောကို အွတ်ခနဲ အွတ်ခနဲ မြည်အောင် ဆက်၍ ထုလိုက်၏။ ကလေးမျက်လုံးပြူးသွားသည်။ အရှိုက်မှားသွားသလား၊ ကြောက်ပြီး တိတ်သွားသလား၊ တိတ်တော့သွား၏။
မောင်ဖိုးမှင်သည် စိတ်ပျက်လက်ပျက် ထိုင်မိသည်။ တစ်စက်မျှ သာယာညင်းပျောင်းမရှိသော မိန်းမ။ ပျူပျူ ငှာငှာ မရှိသော မိန်းမ။ ငါဘယ်လို မျက်စိလည်ပြီး သင်းကို ယူမိပါလိမ့်ဟု တွေး၏။ သက်ပြင်းချမိ၏။
“တစ်ခု ခိုင်းလိုက်ရင် မပေါ်လာတော့ဘူး။ အခုမှ ဘယ်မှာဝင်သေနေလို့ ဒါလောက်ကြာနေရတာလဲဟင် … သေခြင်းဆိုး”
ဆန်ထုပ်ကလေး ခေါင်းပေါ်ရွက်၍ ပြန်လာသော တင်မောင်ဝင်းအား ငွေတင်က ဆီးကြိုနှုတ်ဆက်လိုက်ခြင်းဖြစ်၏။
“လူတွေကအများကြီး အမေရ၊ တန်းစီနေရတယ်”
တင်မောင်ဝင်းက မီးဖိုထဲဝင်လာကာ ဆန်အိုးကို
ဖွင့်သည်။
“များတော့ကော တိုးပါလား၊ ဖြတ်ဝင်ပါလား”
“ဒီလိုလုပ်တာဟာ ယုတ်မာတဲ့ လူတွေမှ လုပ်တာ အမေရဲ့။ လူဆိုတာ စည်းကမ်းရှိရမယ်လို့ ဆရာက ပြောတယ်”
တင်မောင်ဝင်းက ဒုတိယတန်းသားပီပီ မှတ်သားဖူးသလောက်ဖြင့် ချေပလိုက်၏။
သည်အဖြေက ငွေတင်ကို ထိခိုက်၏။ သို့သော် သားတော်မောင်လူရည်မွန်ကိုကား ပြန်လည်မချေပ။ ခါး
ပန်းတွင် ထိုင်နေသော တင်မေမြင့်ကို
“ဟဲ့… ဘယ်လင်ကို မျှော်နေတာလဲ။ ထမင်းအိုး တယ်ပါလား”
ဟု လှမ်း ပြော၏။
တင်မေမြင့် ဆောင့်ဆောင့်နှင့် မီးဖိုထဲဝင်သွားလျှင် ရင်ခွင်ထဲက ကလေးကို ဖျန်းခနဲ မြည်အောင်ရိုက်ပြီး ကြမ်းပေါ် ဆောင့်ချသည်။ ကလေးငိုသံ တစ်အိမ်လုံး ဆူသွား၏။
“လက်တစ်ဖက်က ဆိတ်၊ ပါးစပ်က ကိုက်နဲ့ ကြာရင် အနာဖြစ်တော့မယ်”
လုံချည်ကို ဗရုတ်သုတ်ခ ဖြန့်ရန့်ခါခက်လိုက်ပြီး ရင်လျှားကာ ငွေတင် အိမ်နောက်ဖေးသို့ ဆင်းသွားသည်။ နို့စို့ကလေးသည် ကြမ်းပေါ်လက်ထောက်ကာ ငိုနေ၏။
“သမီး လာလာ … အဖေ့ဆီလာဟေ့”
မောင်ဖိုးမှင်သည် စိတ်မချမ်းသာစွာ ထသည်။ လက် ခုပ်တီးကာ ခေါ်သည်။
ကလေးက လှည့်ကြည့်၏။ မငိုတော့ … ရှိုက်ရုံသာ ရှိ တော့၏။
“ညီမရေး… ရာရာ”
ကြည်ကြည်ဌေးက မနိုင်မနင်းချီသည်။
“ပေးပါ သမီးရယ် … လွတ်ကျသွားပါ့မယ်။ အဖေ့ သမီးက သဘောကျတယ်ဟုတ်လား။ မမချီတာ သဘောကျတယ် ဟုတ်လား။ ဟောဟော ငိုရီ … ငိုရီ ဆန်တစ်ပြည်ဟေ့”
ကလေးကို မောင်ဖိုးမှင်က ညင်သာစွာ ဆွဲယူ၍ မြူ၏။ ကလေးသည် ကြည်ကြည်ဌေးကို ကုတ်ဖဲ့ရင်း ရယ်မြူးသည်။ မောင်ဖိုးမှင်၏ လက်ထဲ ရောက်လျှင် ကလေး၏ ရယ်မောသံသည် တစ်အိမ်လုံးညံလေ၏။
“နီမယေး”
ကြည်ကြည်ဌေးက မပီမသ မြူသည်။ ကလေးရယ် မော၏။ ခုန်၏။ တွန့်ကွေးမြူးတူး၏။
“ဂါလိ … ဂါလိ”
ကလေးကို ကလိထိုးသည်။
ကလေးက ကော့ပျံ ရယ်မောသည်။ မောင်ဖိုးမှင်က လွတ်မကျအောင် ပြုံးပြုံးကြီး ကိုင်ထားသည်။
“ကလေး လွတ်ကျသွားအောင် လုပ်နေတာလား ဟင်၊ သေတော့မလို့လား”
မိုးချုန်းသလို အသံကြီးက ရုတ်တရက် ပေါ်လာ၏။ ငွေတင်သည် နောက်ဖေးသို့ ဆင်းသွားရာက ပြန်ရောက်လာခြင်းဖြစ်သည်။ ကြည်ကြည်ဌေးမှာ မဲ့ခွေသွား၏။
“တစ်ခါတည်း အချိန်ရှိသရွေ့ ပြောနေရတာပဲ”
ငွေတင့်မျက်နှာက မှုန်မှိုင်းနေ၏။ ဘာကို အလိုမကျ ၍ သည်လောက် ထန်မာန်နေရသနည်း။ နှုတ်ခမ်းက စူနေသည်။ ဘာကြောင့်ရယ်မသိ။
တင်မောင်ဝင်းတို့ မောင်နှမသည် မီးဖိုထဲ၌ အလုပ်ရှုပ်နေကြ၏။ ဟင်းအိုးပြင်သူကပြင်၊ ငရုတ်သီးထောင်းသူက ထောင်း။
“မင့်မလဲကွာ။ ငါရောက်ကတည်းက အကောင်း ပြောတာ တစ်ခွန်းမှမကြားရသေးဘူး”
မောင်ဖိုးမှင်က ကလေး လှမ်းပေးရင်းပြောသည်။
“အကောင်းပြောရမလား။ ဒီတစ်ယောက်က ခုထက် ထိ မအိပ်ဘူး။ ဟို မြန်မြန်သေမယ့်ကောင်မက ဒီမသာမကို စတော့ငို။ ပြီးတော့ ဟိုဟာပူ ဒီဟာပူနဲ့”
“ကလေးပဲကွာ … ပူမှာပေါ့”
“အဖေ … ထမင်းအိုး ငှဲ့ပေးပါဦး”
တင်မောင်ဝင်းက လှမ်းပြော၏။ မောင်ဖိုးမှင်က မီးဖိုထဲဝင်လာရင်း
“အလုပ်က ပြန်လာရင် ပင်ပန်းတာက တစ်မျိုး၊ မင်းပါးစပ်က ပေါက်ကရလေးဆယ် ရွတ်ဖတ်နေတာတစ်မျိုးနဲ့ ကိုယ်ချင်းစာဖို့ကောင်းတယ်ကွာ”
ဟု ငွေတင်ကြားအောင်ပြောကာ ထမင်းအိုးငှဲ့၏။
“သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီး ပြုံးပြုံး ကလေး ကြိုမနေနိုင်ဘူးပော့။ အချော့အယဉ် ဒါလောက်ကြိုက်ရင် ဘာပြုလို့ သူဌေးသမီးကို မယူသလဲ”
“သူဌေးသမီးကို မရလို့ မင်းကို ယူတာပေါ့ကွာ။ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းရမယ်လို့ ငါမပြောပါဘူး။ အနည်းဆုံး မရယ်ချင် မပြုံးချင်နေပါ။ မဆူရင် မမာန်ရင် တော်ပါပြီ”
“ဆူသံမာန်သံ မကြားချင် နားအေးပါးအေးရှိတဲ့ဆီ သင်္ချိုင်းကုန်း သွားနေပါလား”
“တယ် … ငါ … “
မောင်ဖိုးမှင် တုတ်လိုက်တော့မည့်တဲတဲ ဖြစ်သွား၏။ ကလေးတွေကြောင့် သူ မတုတ်ဖြစ်။
ထမင်းအိုးကို ခွင် (ဖိုခုံလောက်)ပေါ် ပြန်တင်ပေးခဲ့ သည်။ ခွင်ဘေးမှာ မီးကျီးယက်၍ ကလေးတွေ သူတို့ဘာသာ သူတို့ နှပ်ကြလိမ့်မည်။
“ငါ ဘာဖြစ်လဲ၊ ဆဲလိုက်စမ်းပါလား။ ဘာဖြစ်သွား မယ် ထင်သလဲ”
“အလကား၊ ကလေးတွေလည်း တစ်ခွန်းမှ အကောင်း မပြောဘူး။ ခမျာများမှာ မျက်နှာငယ်လေးတွေနဲ့ ဘယ်လောက်သနားစရာကောင်းလဲ”
“သနားရင် ရှိခိုးနေ”
“ဘယ်လောက်ပဲ ရိုက်ရိုက် ဒီအမေပဲ ကပ်စရာရှိ တယ်။ ဒီအဖေပဲ ကပ်စရာရှိတဲ့ ကလေးတွေကို ပြောလိုက်ရင် ပိုးစိုးပက်စက်””
“ကျုပ်တို့ ဒီလိုပဲ ပြောတတ်တယ်”
မောင်ဖိုးမှင် ဆက်မပြောတော့။ လက်က ယားလာ သည်။ ရင်ထဲက မခံချိ ဖြစ်လာ၏။ မကြာမီ ထသတ်ကြရတော့မည်စိုးသဖြင့် အိမ်အောက်သို့ ဆင်းလာသည်။
လဲပြိုနေသော ခြံစောင်းရန်း၊ ခြတက်နေသော အိမ် တိုင်နှင့် စပါးပုတ်၊ အိကျနေသော ထရံ၊ ဒါတွေကို လျှောက်လုပ်လိုက်လျှင် ရင်ထဲမှာ သက်သာသွား၏။
အတန်ကြာလျှင် တင်မေမြင့်က
“အဖေရေ… ထမင်းစားရအောင်”
ဟု ကုန်းအော်သည်။
“သေရာ သွားနေတာ မဟုတ်ဘူးဟဲ့၊ ဒါလောက် အော်မနေနဲ့”
သို့သော် မောင်ဖိုးမှင်က မကြားယောင်ပြုကာ ထမင်းဝင်စား၏။ ထမင်းစားပြီးလျှင် ပြီးချင်း သားအဖနှစ်ယောက်သား ကြွက်ထိုးရန် ထွက်လာခဲ့ကြသည်။
နေဝင်ခဲ့ပေပြီ။
မောင်ဖိုးမှင်သည် လယ်ပြင်ရောက်သည်နှင့် စိတ် လက်ရွှင်လန်းလာ၏။ ကြွက်မြည်သံကြား၍ ကြွက်တစ်ကောင်တလေ ရှိုးခနဲ ရွတ်ခနဲ မြင်ရသော် ငွေတင်ကို မေ့တော့သည်။
(၃)
“ကြွက်ထီးတောင် သေခါနီး သူ့မယားကို လာနမ်း တယ်။ အားပေးတာ ဖြစ်မှာပဲ။ ကြွက်ကလေးတွေမှာ လည်း မအေကို ခင်လွန်းလို့ တချို့သေကြရရှာတယ်။ တို့ လင်မယားတွေမှာတော့…”
မောင်ဖိုးမှင်မှာ ဝမ်းနည်းလာသည်။
“အဖေကလည်း မီးကို ဘယ်ထိုးတာလဲဗျ၊ ရှေ့ကို
ထိုးပါ”
တင်မောင်ဝင်းက သတိပေး၏။
“အေးပါကွာ…. အဖေက ဟိုဟိုသည်သည် ကြည့် တာပါ””
မောင်ဖိုးမှင်က ရောထိုင်ရင်း မီးရောင်တည့်တည့် ထိုး။
ထယ်ခဲများသည် ထိုးထိုးထောင်ထောင် ဖြစ်နေ သည်။ မလှမ်းမကမ်းမှ ထယ်ခဲတို့၏ အရိပ်သည် ရှည်လျား၏။ ကြွက်များသည် လှစ်ခနဲ လှစ်ခနဲ မီးရောင်ထဲ ဝင်လာကြသည်။
“ဟိုမှာ အဖေ… ဟိုမှာ”
မောင်ဖိုးမှင် လှမ်းထိုး၏။
“ဟိုမှာတစ်ကောင်”
လွဲသွားသော မှိန်း ပြန်နုတ်ဆဲ၌ တင်မောင်ဝင်းက အော်သည်။ မှိန်းချက်ကား မမိပေ။
““ဟာ… ဟာ… ဒီမှာတစ်ကောင်”
တင်မောင်ဝင်းသည် ဖအေကို အားမကိုး၊ သူ့ဘာသာသူ တုတ်ဖြင့် လိုက်ရိုက်၏။ မှိန်းသမား မရပေမယ့် တုတ်သမားက တစ်ကောင်ရပြီ။
“အဖေကလည်းဗျာ”
တင်မောင်ဝင်း အားမလို အားမရ ညည်းသည်။ မောင်ဖိုးမှင်မှာ ကလေးပြောလည်း ပြောစရာပင်။ မြေပြင်တွင် ကြွက်ထီးနှင့် ကြွက်မ၊ ကြွက်ကလေးတွေ နမ်းလှုပ်နေကြတာပဲ မြင်နေ၏။ သူတို့တစ်တွေ ချစ်ခင် တာကို အားကျတိုင်း တိုးဆင့်ရင်နာသည်။
“အဖေ … မြွေ … မြွေ”
မောင်ဖိုးမှင် လန့်ခုန်၏။
မြွေက မောင်ဖိုးမှင်၏ ခြေတွင် ငြိပါလာပြီး လျှောကျသွားသည်။
တင်မောင်ဝင်းက မြွေကို ရိုက်သတ်၍ မောင်ဖိုးမှင် ထိုင်သည့်ဘေး ပြေးထိုင်၏။
“အဖေ ဘယ်နာသွားလဲ… ”
ခြေကျင်းဝတ်တွင်အစွယ်ရာမှ သွေးစို့နေ၏။
“မနာဘူးကွ”
“မနာပေမယ့် ပြန်ရအောင်ဗျာ”
“ခဏနေပါဦးကွာ”
မောင်ဖိုးမှင်က အေးဆေးစွာဖြေသည်။ မှိန်းကိုယူ၍ အသွားကို လုံချည်ဖြင့်သုတ်၏။ မြေတွင် စိုက်ရလွန်းသဖြင့် ပြောင်လက်ချွန်မြနေသည်။
အမြည့်ဆုံးအချောင်းထိပ်ကို မီးခွက်တွင် မြှိုက်၏။ နောက် မှိန်းသွားအေးသလောက်ရှိလျှင် မြွေစွယ်ရာကို ခြစ်သည်။ သွေးကို ညှစ်ထုတ်၏။
“ကျွန်တော် စုတ်ပေးမယ် အဖေ”
“မလုပ်နဲ့၊ မင်းပါးစပ်မှာ “ပသက်”ပေါက်တယ် မဟုတ်လား လူလေးရဲ့”
မောင်ဖိုးမှင်က ပြောပြောဆိုဆို ထန်းပင်ပေါက် ကလေးမှ အကြောနွှာ၍ ခြေသလုံးတွင် စည်း၏။
“ကဲ… သွားကြစို့ဟေ့”
သားအဖနှစ်ယောက် ရွာသို့ သုတ်ခြေတင်ခဲ့ကြ သည်။ ကြွက်တွဲကိုထမ်း၍ မောင်ဖိုးမှင်က နောက်မှ မီးခွက်နှင့် တုတ်ကိုင်၍ တင်မောင်ဝင်းက ရှေ့မှ။
“အဖေ ဘယ့်နှယ်နေသလဲဟင်”
တင်မောင်ဝင်းသည် မကြာခဏ လှည့်၍ မေးသည်။
“ဘယ့်နှယ်မှမနေဘူး လူလေး။ မင်းသာ လမ်းကို ကြည့်သွား”
သားမေးတိုင်း မောင်ဖိုးမှင်က ကျေနပ်စွာဖြေ၏။
သည်သားနှင့်အတူ လူမမည် သမီးကလေးတွေက လည်း ကိုယ့်ကို ချစ်ကြသည်။ ဒီကောင်ကြီးက ကြင်နာတတ်၏။
သို့သော် နှုတ်အာကြမ်းထော်သောမယား ငွေတင့် မျက်နှာ ပြေးမြင်သည့်ခဏဝယ် သေရမှာ မပူပန်ချင်တော့။ မြွေကိုက်ခံရသည့် ဝေဒနာဖြင့် သေပါစေတော့ ဆုတောင်းချင်သည်။
သို့သော် အရွယ်နှင့်မလိုက် သိတတ်သော သည်သားနှင့် လိမ္မာသော သမီးလေးတွေကို ခွဲ၍ သွားရမည် ကိုမူကား မောင်ဖိုးမှင် မလိုလား။ တွေးရုံနှင့် ရင်တွင်း စူးကျင်၏။
မောင်ဖိုးမှင်၏ ရင်တွင်းမှာ မီးတစ်လှည့် ရေတစ် လှည့် လွန်ဆွဲနေသည်။ နာကြည်းခြင်းနှင့် တွယ်တာခြင်းတို့ အရှုံးအနိုင်မပေါ်မီ ရွာသို့ရောက်ကြလေ၏။
“ဟေ့ကောင်တွေ ပြန်လာတာစောလှချည့်လား”
ရွာသားတစ်ယောက်က ဆီးမေးသည်။
“အေးကွာ၊ ဆေးမှူး ဘယ်သွားတယ် ကြားလဲဟေ့”
“ရှိတယ် ရှိတယ်။ ငါအခုပဲ မြင်ခဲ့တယ်”
“ကဲ… လူလေး အိမ်ကိုသွား။ အဖေ ဆေးမှူးဆီ သွားမယ်”
မောင်ဖိုးမှင်က တင်မောင်ဝင်းအား အိမ်ပြန်ခိုင်းပြီး သူက ဆေးမှူးအိမ်သို့ ပြေးလေ၏။
“ဗျို့ဆေးမှူးရှိလား။ ကျုပ်ကို မြွေကိုက်လိုက်လို့ ဗျို့”
မောင်ဖိုးမှင်က လမ်းမမှ လှမ်းအော်ရင်းပြေးဝင် လာသည်။
ဆေးမှူးနှင့် စကားဝိုင်းဖွဲ့နေသူများသည် မောင်ဖိုး မှင်အား အထိတ်တလန့် ကြည့်ကြ၏။
“ဟ ပိုးထိတယ် … လုပ်ပါဟ”
“ဘယ်က ထိလာတာလဲ””ဒ
တစ်ယောက်တစ်ခွန်း မေးတာကို မောင်ဖိုးမှင် ပြန်ဖြေနေစဉ်ဆေးမှူးက “လာလာ၊ ဒီမှာထိုင်” ဆိုကာ မောင်ဖိုးမှင် ပြသော နေရာကို စစ်ဆေးသည်။
“ခင်ဗျားလုပ်လာတာ သိပ်ကောင်းတယ်ဗျို့။ ခင်ဗျား မသေနိုင်ပါဘူး… ဟဲ… ဟဲ”
“သေလည်း ဝမ်းမနည်းပါဘူးဗျာ။ ဒီမိန်းမနဲ့ ဝေး တာပေါ့၊ အေးတောင်အေးသေး”
အကြောင်းသိများဖြစ်သဖြင့် ဆေးမှူးနှင့် ရွာသားများက ရယ်မောလိုက်ကြသည်။
“ကိုဖိုးမှင် … ကိုဖိုးမှင်၊ တော့်ကို ပိုးထိလာလို့ဆို။ ဘယ်မှာလဲဟင်။ ဘယ့်နှယ်နေလဲ။ အမလေး ဆရာဝန်ကြီး လုပ်ပါ။ ကျုပ်ယောက်ျားကို ကုပေးပါ”
အိမ်ရှေ့မှ စတင်အော်ဟစ်လာပြီး ဆေးမှူးဘေးသို့ ရောက်သည်အထိ အမျှင်မပြတ်ဝအမောတကြီး ပြောနေသူမှာ ကလေးတွေတစ်ထွေးကြီးဖြင့် ပြေးလာသော ငွေတင် ဖြစ်၏။ ငွေတင်သည် မောင်ဖိုးမှင်၏ နဖူးကို စမ်းသည်။ ပခုံးကို ကိုင်သည်။
“ကိုဖိုးမှင် ဘယ့်နှယ်နေလဲဟင်”
“နေကောင်းပါတယ်ဟာ။ ဟဲ့ သမီး ဗိုက်နာတယ်ဆိုပြီး ဘာတွေစားလာပြန်တာတုံး””
ကြည်ကြည်ဌေးအား လှမ်းမေးလိုက်သော မောင်ဖိုး မှင်၏ အသံမှာ သေရမည်ကို ကြောက်နေပြီဖြစ်သော အသံပေတည်း။
မြဝတီ မဂ္ဂဇင်း
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
Uncategorized