မောင်သော်က
ပုလဲငုပ်သမား ဘသက်
မိခင်ဖြစ်သူက ကုန်းမြေပေါ်တွင် မွေးဖွားခဲ့၍သာ မြေကြီး၏ သား ခေါ်ရသည်။ အသက်မွေးဝမ်းကျောင်းမှု အနေနှင့်ကား ကျွန်တော့်မှာ ပင်လယ်ရေပြာတွင်သာ ပျော်မွေ့တတ်သူဖြစ်သည့်အလျောက် ပင်လယ်၏ သားဟု ခေါ်ဆိုအပ်သော ပင်လယ်သား ဖြစ်ခဲ့ရသည်။
စိမ်းလန်းစိုပြေသော ကုန်းထက်တွင် နေထိုင်ရခြင်းထက် ပြာလဲ့သော ပင်လယ်ရေထက် ဖြူဖွေးဖောင်းအိသော ရွက်ကိုဖွင့်ကာ ကျွန်းကြိုကျွန်းကြား ပင်လယ်အော် အငူကွေ့များသာ ကျွန်တော်၏ ဘူမိ နက်သံ နေရာမှန်များဟု ထင်သည်။
ဘေးအန္တရာယ် ထူပြောသည် မှန်၏။ သို့သော် ထိုဘေးအန္တရာယ်များနှင့် ပွတ်ကာသီကာ ဒွန်တွဲနေရခြင်းက ကျွန်တော့်ဘဝကို ထက်သန်စေသည်။ ရွှင်လန်းပြည့်ဝစေသည်။
ထို့ပြင် ကျွန်တော့်ဘဝမှာ သာမန်ပင်လယ်သားတို့ထက် ဘေးအန္တရာယ်ကြီးမား သက်စွန့် ဆံဖျား လုပ်ကိုင်ပါမှ ထမင်းစားနိုင်သော ပင်လယ်ရေအောက် ပုလဲငုပ်သည့် ရေငုပ်သမားတဦး ဖြစ်ပြန်သေးတော့သည်။
မွေးဇာတိရပ်ဌာနေကို မဆိုထား၊ တိုင်းမြန်ပြည်၏ ကမ်းခြေကို တခါတရံမှ ကျွန်တော် ခြေချခွင့်ရခဲ့သည်။ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းခြေတဝိုက်နှင့် မြိတ်ကျွန်းစုတို့သည်သာ အနီးစပ်ဆုံး မိခင်တိုင်းပြည်၏ ပထဝီထုအဖြစ် ကျွန်တော် လှည့်လည်သွားလာနေထိုင်ခဲ့၏။
အများအားဖြင့်ကား မာလကား ရေလက်ကြား၊ မလေးကျွန်းဆွယ်၊ စုမာတြရေလက်ကြား၊ အင်ဒိုနီးရှားကျွန်းစု စသည့် ပင်လယ်ရေပြာထက်မှ မြကြောလွှာတဝိုက်တွင်သာ လူအမျိုးမျိုး၊ သင်္ဘောအစုံစုံ၊ ဘဝအဖုံဖုံ ကျင်လည်ကျက်စားခဲ့ရပေ၏။
ပင်လယ်ပျော်သင်္ဘောသားရေငုပ်သမားဘဝနှင့် အပေါင်းအဖော် ပင်လယ်သားအစုံ အသက်မွေးမှုတလျှောက် ယှဉ်တွဲလုပ်ကိုင်သောအခါ ကျွန်တော်တို့ တတွေမှာ တဦးနှင့်တဦး မျိုးခြားဘာသာကွဲဟူ၍ မမြင်နိုင်တော့ဘဲ သဘာဝမိခင်ပင်လယ်ပြင်ထက်၌ ဘေးအမျိုးမျိုးကို ပူးပေါင်းရင်ဆိုင်နေကြရသော ရဲဘော်ဘဝတူများဟု အသိဝင်လာတတ်ပေသည်။
များစွာသော ဘဝတူရဲဘော်များအတွက် ကြေးငွေဟူသည်မှာလည်း မည်သို့ပင် သက်စွန့်များ ရှာဖွေရလင့်ကစား ကမ်းခြေရောက်သည်နှင့်တပြိုင်နက် အကောင်းဆုံးသော အရက်၊ ရုပ်ချော သဘောကောင်းသော ကညာပျို စသည်တို့ကို ပေးစွမ်းနိုင်သည့် ဟော်တယ်များ၌ သောက်စားသုံးဖြုန်းပစ်လိုက် ခြင်းအားဖြင့်သာ ပျော်ပျော်ကြီး ဖြုန်းပစ်လိုက်တတ် ကြသည်။ သုံး၍ကုန်ပြန်လျှင် ရရာသင်္ဘောထက် ရရာအလုပ်ဖြင့် တချီထွက်ကြရပြန်သည်။
ပင်လယ်ရေနက်အောက်မှ အဖိုးနဂ္ဃ မဖြတ်နိုင်အောင် တန်ဘိုးရှိလှသော ပုလဲကို ငုပ်ယူခဲ့သည့်လက်သည် တခါတရံ ကုန်းမြေထက်၌ တပြားတချပ်မှ ကုန်းကောက်စရာမရှိအောင် ဘိုင်ကျတတ်သည်လည်း ရှိသေးသည်။
ယခုအဖြစ်အပျက်ကို စတင်ဖြစ်ပျက်ချိန်၌ ကျွန် တော့်မှာ ဤအခြေမျိုးတွင် ရှိနေဆဲဖြစ်၏။ ကျွန်တော် နောက်ဆုံးလိုက်ပါခဲ့သော ဒတ်ချ်လူမျိုးတဦးပိုင် ပုလဲသင်္ဘော ဟီလ်ဒါမှာ စိလီဘီကျွန်းစုအနီး ကျောက်တန်းတခုနှင့် ဝင်တိုက်မိသည့်အတွက် ပျက်စီးနစ်မြုပ်သွားခဲ့ပေသည်။
ကျွန်တော်နှင့်တကွ သင်္ဘောသားအားလုံးမှာမူ အသက်မသေဘဲ အခြားသင်္ဘောတစင်းက ကယ်တင်ခဲ့သဖြင့် ယခုအခါတွင် ချွတ်ခြုံကျလျက် ကွင်းစလင်းကျွန်းစုမှ တခုအပါအဝင်ဖြစ်သော သပ်စဒေးကျွန်းတွင် သောင်တင်နေခြင်းပင် ဖြစ်၏။
ထိုနေ့က ကျွန်တော်သည် တရုပ်တန်း အကွေး၏ စုတ်ချာသော ဟော်တယ်မှ အခန်းခ ဆက်ပေးရန်မရှိ တော့သဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်နေ့စဉ်အလုပ်မှာ ကမ်းခြေဆိပ်ကမ်း တလျှောက် ဆိုက်ကပ်ထားသော သင်္ဘောကြီးငယ်များတွင် တစင်းပြီး တစင်း အလုပ်ရလိုရငြားလျှောက်မေးရန် ထွက်ရခြင်းဖြစ်၏။ ဆိပ်ကမ်းသို့ဆင်းရန် စောသေးသည့်အလျောက် နောက်ဖေးလမ်း တနေရာမှ ကစားဝိုင်းတခုတွင် ဝမ်းတွင်းက ဆာဆာနှင့် ရပ်ကြည့်နေမိသည်။
ကျွန်တော့်ပခုံးကို တစုံတဦးက တို့လိုက်သည်အထင်ကြောင့် အမှတ်မဲ့ လှည့်ကြည့်လိုက်ရာ ကီတီအိုရန် ခေါ် ယခင်ကသိကျွမ်းဘူးသူ မလေးလူမျိုးတဦးအား တွေ့ရသည်။
ကီတီအိုရန်မှာ မကြာမီကမှ ဂျကာတာမှ ပြန်လာကြောင်း သိရသည်။ သူသည် ဂျကာတာမှ အရချောင်သဖြင့် စက်လှေကလေးတစင်း ဝယ်လာခဲ့ပြီးလျှင် လောလောဆယ်အားဖြင့် သပ်စဒေးကျွန်းတဝိုက် ပုလဲငုပ်နေကြောင်းလည်း သိရပေသည်။
ကီတီအိုရန်မှာ အသက် ၃၀-ကျော် ၄၀-နီးပါးတဝိုက် တွင် ရှိမည်ဖြစ်သော်လည်း ကျန်းမာသန်စွမ်း၍ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားကို ဖုံးကွယ်ထားတတ်သူ မဟုတ်ချေ။ သူက သဒ္ဒါမကျလှသော အင်္ဂလိပ်စကားဖြင့်
“ဟလို ဘသက် … မင်း အလုပ်လိုချင်တယ်ကြား တယ်”
“လောလောဆယ်တော့ အလုပ်ထက် မနက်စာထမင်း လိုနေတယ်ဗျာ။ ခင်ဗျား ထမင်းကျွေးရင်း အလုပ်အကြောင်း ပြောကြတာပေါ့”
ကီတီအိုရန်က ကျွန်တော့်အား ကုလားထမင်းဆိုင်တခုတွင် ထမင်းကျွေးရင်း သူ့အလုပ်အကြောင်းကိုပြောပြနေသည်။ သူသည် သပ်စဒေးကျွန်း မြောက်ဖက်တနေရာ၌ မုတ်ကောင်များထူထပ်သော ကျောက်တန်းတခုကို တွေ့ထားကြောင်း၊ အလားအလာမှာ ကောင်းသော်လည်း ရေမှာ အတန်နက်သည့်ပြင် ရေ ငုပ်ကိရိယာကလည်း ၂ စုံသာ ရှိသည်မို့ မတွင်ကျယ် လှကြောင်း၊ ကျွန်တော်လက်ခံပါက ကျွမ်းကျင်သောရေငုပ်သမားဖြစ်သည့်အလျောက် ပဲ့ပိုင်းရေငုပ်သမားအဖြစ် လစာရရှိမည်ဟု ဆိုလာသည်။
ထမင်း ၂-ပန်းကန်ချောသောအခါ အလုပ်လက်ခံပြီးဖြစ်တော့သည်။
ကီတီအိုရန်က ကျွန်တော့် ရေငုပ်သမားလိုင်စင်ကိုကြည့်ကာ လိုင်စင်ရက် ကျော်နေသဖြင့် အသစ်လဲ ရန်အတွက် ကျသင့်ငွေနှင့် အသုံးစရိတ်အနည်း အကျဉ်း ထုတ်ပေးပြီးနောက် ညနေပိုင်းတွင် သူ့သျင်္ဘာသို့ ဆင်းခဲ့ရန် မှာထားခဲ့လေသည်။
ကျွန်တော်လည်း လိုင်စင်စာအုပ်ကို ကိုင်လျက် ရေဝန်ရုံးသို့ ထွက်လာခဲ့သည်။ ရေဝန်ရုံးအရာရှိက ကျွန်တော့်လိုင်စင်လိုအပ်ချက်များကို ဖြည့်စွက်ပေး ရင်း ကီတီအိုရန်နှင့် အလုပ်လုပ်မည်ဖြစ်ကြောင်း သိရသောအခါ ကျွန်တော်အား မော်ကြည့်ပြီးနောက်.. .
“နေပါအုံး ဘသက်၊ မင်း ကီတီဆိုတဲ့ မလေးကောင်ကို သိတာကြာဘီလား”
ဟု မေးလေသည်။
“ကြာပါဘီ၊ သိပ်တော့ မရင်းနှီးလှပါဘူးဗျာ။ ခုဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားပေါ့။ ဘာဖြစ်လို့လဲဗျ”
“ဘာမှမဖြစ်ပါဘူး၊ အေးလေ သတိထားလုပ်ပေါ့။ ဒီကောင်ဟာ ကုန်ခိုးထုတ်တဲ့သင်္ဘောတွေနဲ့လဲ ပတ်သက်ဖူးတယ်။ မင်းက ဗမာလူမျိုးဆိုတော့ သူတို့ကြားထဲမှာ အဆင်ပြေပါ့မလားလို့ပါ….”
“ကိစ္စမရှိပါဘူး၊ ကျနော့်အလုပ်ကို ကျနော် သိပါတယ်…”
“သူ နောက်ဆုံးငှားတဲ့ ရေငုပ်သမားတော့ ငမန်းစားသွားပါပကော။ မင်းအတွက်တော့ ပိုကံကောင်း ပါစေကွာ… ရော့”
အရာရှိလုပ်သူက ခပ်ထေ့ထေ့ပြုံးရယ်လျက် ကျွန်တော့်လိုင်စင်ကို ပြန်ပေးသည်။ ကျွန်တော်က ဆွဲယူကာ အတွင်းအိတ်၌ ထည့်လိုက်ပြီးမှ ဆိပ်ကမ်း ဆီသို့ ဆင်းလာခဲ့တော့သည်။ ။
X X X X X X X X X
ကီတီအိုရန်၏ စက်လှေကလေးအမည်မှာ “ပက် တာ” ဖြစ်သည်။ ပုလဲငုပ်သင်္ဘောကလေးတို့ ထုံးစံ အတိုင်း သင်္ဘောဦးမှ ပဲ့တလျှောက်မှာ ရေငုပ်ကိရိ ယာများ၊ လေပိုက်များဖြင့် ပြည့်ကျပ်နေသောကြောင့် သင်္ဘောသားများအတွက် အိပ်ရန်နေရာကအစ ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်၏။
ပေ-၆၀ ခန့် အလျားရှိ၍ ပင်မရွက်တိုင်တခု၊ လင်းယဉ်တိုင်တခု တပ်ဆင်ထားသည်။ ဆိပ်ကမ်းအဝင်အထွက်များ၌ အသုံးပြုခုတ်မောင်းရန်အတွက် ဒီဇယ်စက်လည်း ပါရှိပေသေးသည်။
ကီတီအိုရန်က ကျွန်တော့်လိုင်စင်ကို ကြည့်ပြီးနောက် သင်္ဘောကုန်းပတ်ပေါ်တွင် သူ၏ သင်္ဘောသားများနှင့် မိတ်ဆက်ပေးသည်။ မလေးလူမျိုး ၅- ယောက်၊ အင်ဒိုနီးရှင်း ၄-ယောက်နှင့် တရုတ်တယောက် ဖြစ်ပေသည်။ မြန်မာလူမျိုးမှာ ကျွန်တော်တဦးသာ တည်း။
နောက်တနေ့တွင် သပ်စဒေးကျွန်းမှ ထွက်ခဲ့ကြ သည်။ ပင်လယ်ပြင်၌ ၅-ရက်ခရီး ရသောအခါ ဒန်လေကျွန်းသည် မိုးကုပ်စက်ဝိုင်းထက်၌ ပေါ်လာတော့သည်။
နီရဲသော ဘောလုံးကြီးသဏ္ဌာန်နှင့် နေမင်းသည် ပင်လယ်ပြင်၌ ရေသောက်ဆင်းသည့်သဖွယ် အနောက်ဖက်မိုးကုပ်စက်ဝိုင်း၌ တည်နေသောအချိန်တွင် ပက်တာသင်္ဘောကလေးသည် ဒန်လေကျွန်း မနီးမဝေး လှိုင်းလေကွယ်ရာ တနေရာ၌ ကျောက်စွဲလိုက်ပြီ ဖြစ်တော့၏။
ကျွန်တော်တို့ငုပ်ရမည့် ကျောက်တန်းမှာ ကျွန်းနှင့် ၅-မိုင်အကွာတွင် တည်ရှိပေသည်။
ရေငုပ်ရမည့်နေရာကို မှတ်သားရန်အတွက် ဘော့တလုံးကို ဦးစွာပစ်ချလိုက်ပြီးနောက် ရွက်ချလိုက်တော့ သည်။ ပက်တာသင်္ဘောကလေးသည် ရွက်အားမရှိ တော့သောအခါ ကြက်တောင်ဖော့ကလေးသဖွယ် လှိုင်းအိများထက်၌ တရွေ့ရွေ့သာ စုန်ဆန်မျောပါနေတော့သည်။
ကျွန်တော်လည်း ရေငုပ်ရန်အတွက် ပဲ့ပိုင်းတွင် ကျွန်တော့်ကူဘော် ဂျကာရားခေါ် မလေးလူငယ်တဦးနှင့် အသင့်ရှိပြီး ဖြစ်နေတော့သည်။
ရေငုပ်ကိရိယာဟု ခေါ်သော်လည်း အလွန်ရေနက် သောဒေသများတွင် လုပ်ရသည့် ကြက်ပေါင်ရေခံဝတ်စုံ၊ ခဲအလေးတပ်ဖိနပ်ကြီးများ ပါရှိသည်မဟုတ်ပေ။ မှန်ဝိုင်းပေါက်ပါရှိသော သံဦးခေါင်းစွပ်နှင့် အသက်ရှူရန် သင်္ဘောကုန်းပတ်ထက်မှ လေပို့ဆောင်ပေးရသည့် လေပိုက်သာ ပါရှိပေသည်။
ဤဒေသတဝိုက် ပုလဲငုပ်ကြသော မလေး၊ ပသျှူး ၊ အင်ဒိုနီးရှင်း စသည့် ကျွန်းသားများမှာ ဤသို့သော ရေငုပ်ကိရိယာမျိုးသာ ဈေးပေါပေါနှင့် ဝယ်ယူအသုံးပြုကြသူများ ဖြစ်ပေသည်။ တန်ရုံမျှသော ရေအနက်တွင်ဆိုမူ လေပိုက်နှင့် သံဦးခေါင်းစွပ်ကိုပင် မသုံးကြဘဲ မှန်ဝိုင်းဖြင့်ပင် ငုပ်နိုင်စွမ်း ရှိကြ၏။
အသင့်ဖြစ်နေသောကျွန်တော်သည် ဝဲဘက်တွင် မုတ်ကောင်များထည့်ရန် ပိုက်အိတ်ငယ်ကို ကိုင်လျက် ယာဘက်လက်ဖြင့် ရေထဲချထားသော အရေးပေါ် ကြိုးခေါ် မနီလာကြိုးကို ကိုင်ကာ လျှောဆင်းလိုက်သည်။
အေးမြသောပင်လယ်ရေသည် ကျွန်တော့်ခြေဖျားနှင့်ထိမိပြီး စက္ကန့်ပိုင်းအတွင်း၌ ကျွန်တော့်တကိုယ်လုံးမှာ ပင်လယ်ရေပြင်အောက် ရောက်သွားတော့သည်။
ကျွန်တော်ြကိုယ်ခန္ဓာသည် ရေထု၏ဖိနှိပ်မှုကြောင့် ဖြေးလေးညင်သာစွာဖြင့် ဆင်းသက်သွားရာမှ ပင် လယ်အောက်မြေပြင်ကို ခြေထောက်မိတော့သည်။ သင်္ဘောကုန်းပတ်ထက်မှ အသက်ရှူပိုက်တလျှောက် လေပို့နေသောစက်ကလေး၏ တဂျက်ဂျက်မည် သံမှာ တဖြည်းဖြည်း ဝေးသွားသည်ဟု ထင်မှတ်လိုက်ရတော့၏။
ကျွန်တော် အောက်သို့ ချောမောစွာ ရောက်ရှိကြောင်း သင်္ဘောထက်မှ သိရန်အတွက် တချက် ဆောင့်ဆွဲလိုက်ပြီးနောက် ပင်လယ်ရေအောက် မြေပြင်ထက်တွင် မုတ်ကောင်ရှာရန် ထွက်ရတော့သည်။
ရေမှာ ကျွန်တော်ထင်သည်ထက် ပိုနက်နေပေ၏။ ထိုအနက်၌ နေရောင်မှာ မှုန်မွှားမွှားထွန်းထားသည့် ပြာလဲ့သောမီးရောင်ကလေးပမာသာ အလင်းပေးစွမ်းနိုင်ပေသည်။
မြင်သမျှသဏ္ဌာန်များမှာ မြင်ရသည်လည်းမဟုတ်၊ မမြင်ရသည်လည်းမဟုတ်၊ မွှန်မွှားလှုပ်ရှား ယိမ်းထိုးနေသည့် အိပ်မက်တွင်းမှ သဏ္ဌာန်များကြားဝယ် ရောက်နေသည့်သဖွယ်သာ ဖြစ်သည်။
သို့သော် ထိုပသာဒကို တခါမျှမြင်ရလျှင် ပင်လယ်တွင်းသို့ အကြိမ်ကြိမ်ဆင်း၍ မျက်စိအာရုံခံစားလိုစိတ်များ မည်သူမရွေး ပေါ်ပေါက်တတ်ကြပေ၏။ သို့ကြောင့်လည်း ကျွန်တော်တို့မှာ ရေငုပ်သမားဘဝကို မစွန့်ခွာနိုင်ခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ကျွန်တော့်ဘေးနားတဝိုက်တွင် ဆော်လမွန်ငါးအုပ်တခု ဖြတ်သန်းကူးသွား မြူးတူးပျော်ပါးနေကြ သည်။ ရေအောက်ကုန်းမြေမှာ ကျောက်တန်း၊ ရှိုမြှောင်၊ လိုဏ်ဂူများဖြင့် မွမ်းမံတန်ဆာဆင်ထားပြန်သည်။ ကျောက်တန်းထက်၌ ရေမှော်ပင်များမှာ ရှည်လျားစွာ ပေါက်ရောက်နေကြပြီး ရေစီးကြောင်းတွင် ယိမ်းကသည့်သဖွယ် တိမ်းလှုပ်ကစားနေပေ၏။
အရောင်အမျိုးမျိုး၊ ပုံပန်းသဏ္ဌာန်အမျိုးမျိုး ရှိကြသော ငါး၊ လိပ်၊ ပုဇွန် စသည့် ရေသတ္တဝါများမှာ ကျောက်စွန်း၊ ကျောက်ဆွယ်၊ ကျောက်တန်း၊ ရေမှော်၊ချုံနန်းများအကြား လူးလာဝင်ထွက် ကူးခပ်နေကြသည်။
ကီတီအိုရန်မှာ ကျွမ်းကျင်သော သင်္ဘောသားရေ ငုပ်သမားဖြစ်ရုံသာ မကသေး။ နေရာရွေးရာ၌လည်းအထူးတော်သူ ဆိုရပေမည်။ သူလိုချင်သော မုတ်ကောင်နှင့် ကမာများမှာ ဤတဝိုက်၌ အတန်များပြားစွာပင် လွယ်လင့်တကူ ကောက်ယူရရှိတော့သည်။
ကျွန်တော်သည် ရှိုကြားတခုတွင် ရေအောက်ရေစီးကြောင်းအတိုင်း လျှောက်သွားကာ မုတ်ကောင်များကောက်နေစဉ် ရှေ့ဘက်အတန်နီးကပ်စွာ၌ ရှည် လျားမြင့်မားသော ရေမှော်ပင်များ အစီအရီတွေ့ သည်။ ဤရေမှော်ပင်များမှာ ကျောက်စွန်းများကို ဖုံးကွယ်နေတတ်ပြီး ရေငုပ်သမားတဦး၏ အသက် ဖြစ်သော လေပိုက်တွင် ငြိတွယ်မိလျှင် စိုးရိမ်ဘွယ် ကောင်းတတ်ပေသေးသည်။
ရေပြင်ထက်မှ ပက်တာ သင်္ဘောကလေးသည် အတန်လျင်မြန် ရွေ့လျားနေဟန်တူသည်။ ကျွန်တော့်မှာ သင်္ဘောနောက်ဖက် ခပ်ဝေးဝေးကျန်ရစ်ခဲ့သည်ဟု ကီတီအိုရန်က ရိပ်မိသောကြောင့် အရေးပေါ် ကြိုးကို တချက်ဆောင့်ဆွဲကာ သတိပေးနေပြန်သည်။
ကျွန်တော်လည်း ရှေ့ဘက်သို့တိုး၍ လျှောက်ကာ အိတ်မြန်မြန်ပြည့်စေရန် ဂရုစိုက်ကောက်ရ၏။
ဤသို့သော ရေအနက်တွင် ကျက်စားလေ့ရှိသည့် ငမန်းတို့ကိုလည်း ကြောက်ရပေသေးသည်။ ကျွန်တော့်ကြောက်စိတ်မှာ လာမည့်ဘေးကို ကြိုတင်သတိပေးမှုကဲ့သို့ ဖြစ်တော့သည်။
ဘေးပတ်ဝန်းကျင်တွင် ကူးလူးနေကြသော ငါး အုပ်နှင့် ငါးကလေးများမှာ ရုတ်ရုတ်သဲသဲဖြစ်လျက် အလျှိုအလျှို ပုန်းအောင်းပျောက်ကွယ်သွားကြတော့၏။ အနီးတဝိုက် ရေမှာလည်း စောစောကကဲ့သို့ ကြည်လင်ခြင်းမရှိတော့ဘဲ နောက်ကျိလာသည်။
မဲမဲသဏ္ဌာန်ကြီးတခုသည် ကျွန်တော့်ဦးခေါင်းထက်မှ ကျော်ဖြတ်သွားသည်အထင်ကြောင့် လှည့်ကြည့်လိုက်ရာ ရပ်တန့်တည်ငြိမ်လျက် ကျွန်တော့်အား စိုက်ကြည့်နေသော ဧရာမငမန်းကြီးတကောင်ကို တွေ့လိုက်ရတော့သည်။
ငမန်းကို ရှေ့ပိုင်းမှ ကြည့်ရသည်မှာ ထိပ်မာနေသော ရှူးဖိနပ်အစုတ်ကြီးနှင့် နှိုင်းရပေမည်။ သို့သော် မာနေသောထိပ်မှာ ငမန်း၏ ပါးစပ်ပေါက်ကြီးဖြစ်လျက် လွှသွားကဲ့သို့ ချွန်ထက်သည့် သွားများ အသဲယားဘွယ် တွေ့ရ၏။ ငမန်းကြီးမှာ ပေါင်ချိန် ၉ဝဝ-ကျော်မျှရှိမည်ဟု ခန့်မှန်းရသည်။
ငမန်းသည် သူ၏ ရေအောက်ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာသော ကျွန်တော့်အား အနှစ်နှစ်အ အလက ရန်ငြိုးခဲ့သော ရန်သူသဖွယ် ကြည့်နေသည်။ သူ့အကြည့်မှာ စူးရှထက်မြက်လွန်းလှ၍ ကျွန်တော် ရိုးတွင်းခြင်ဆီသို့ပင် ခိုက်သွားသည့်သဖွယ် တွေ့ကြုံခံစားလိုက်ရ၏။
ကျွန်တော်က နောက်သို့ တလှမ်းချင်းဆုတ်ရင်း ကျောက်ဆွယ်တခုနောက်တွင် အကာအကွယ်ယူရန် ကြံလိုက်ရသည်။ ကျွန်တော်တွင် ခုခံရန် လက်နက်ဟူ မပါရှိချေ။
ကျွန်တော်သည် ကျောက်တန်းတခု၏ နောက်ကွယ်သို့ ဝင်ရောက်ပုန်းနေရန် စိတ်ကူးဖြင့် ခပ်မှန်မှန် ဆုတ်လာခဲ့သည်။ လေပိုက်ကိုလည်း လျှော့ပေးရန် အရေးပေါ်ကြိုးဆွဲ၍ အချက်ပေးလိုက်ရသည်။ သို့သော် ကျွန်တော်ပုန်းကွယ်ရမည့် ကျောက်တန်းမှာ ရေအောက်မြေပြင်ထက်၌ မှိုပွင့်ကြီးသဘွယ် ထိပ်ပိုင်းကားနေသောကြောင့် အသက်ရှူလေပိုက်နှင့် ငြိစွန်းခဲ့လျှင်မူ ကြက်ပေါင်ပိုက်မှာ ချွန်ထက်သော ကျောက်ဆွယ်၌ ပြတ်သွားနိုင်ပေသည်။
ငမန်းသည် ကျွန်တော့်ရှေ့တူ၌ လှည့်ပတ်ကူးရင်း ကိုက်ရန် ချက်ကောင်းစောင့်နေပုံ ရပေ၏။
ရုတ်တရက် ကျွန်တော့်အသက်ရှူပိုက်မှာ နွားဖားကြိုးဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရသည်။ ကျွန်တော် စိုးရွံ့သည့်အတိုင်း ဖြစ်ပေပြီ။
ရေပြင်ထက်မှ ရွေ့လျားမျောပါနေသော သင်္ဘောသည် လေပိုက်လိုင်းကို ကျွန်တော်ဦးခေါင်းထက်မှ ကျောက်စွန်းနှင့် ငြိသွားစေပြီ ဖြစ်၏။
ကျွန်တော့်မှာ ကြက်သီးများ ထသွားလျက် အရေးပေါ်ကြိုးအား ၄-ချက် ဆောင့်ဆွဲလိုက်သည်။ ၄-ချက်၏ အဓိပ္ပာယ်မှာ အန္တရာယ်ကျရောက်နေပြီဟု အသိပေးခြင်းပင် ဖြစ်၏။
သို့သော် ကျွန်တော့်အရေးပေါ်ကြိုးမှာလည်း လေပိုက်နှင့်အတူ ကျောက်တန်း၌ ငြိနေပြီဖြစ်ခြင်းကြောင့် သင်္ဘောကုန်းပတ်ထက်သို့ မရောက်ချေ။
လေပိုက်လိုင်းမှာ တဖြည်းဖြည်း တင်းလာ၍ အသက်ရှူရသည်မှာ ကျပ်တည်းလာပေပြီ။ ထောင်း ကနဲ လေပိုက်ပြတ်သည်နှင့်တပြိုင်နက် ကျွန်တော် ဇီဝိန်ချုပ်ရပေတော့မည်။
ငမန်းကြီးကလည်း ပို၍ အတင့်ရဲစွာ ကပ်လာနေသေး၏။
နောက်ဆုံးတွင် ကျွန်တော်တို့ရေငုပ်သမားများ ကြောက်ရွံ့လှ၍ မည်သို့မျှ မတတ်နိုင်သည့်အခြေတွင်မှ ပြုလုပ်ရမည့်အလုပ်ကို ကျွန်တော်က လုပ်လိုက်ရတော့၏။
ကျွန်တော်သည် အသက်ကိုဝအောင် တချက်ရှူလိုက် ပြီးနောက် ကျွန်တော့်ဦးခေါင်းထက်မှ သံခေါင်းစွပ်နှင့် သားရေအင်္ကျီကို ချွတ်ပစ်လိုက်တော့သည်။ ကျွန်တော့်ကိုယ်၌ အလေးချိန်မရှိတော့သည်နှင့် တပြိုင်နက် အရေးပေါ်ကြိုးကိုဆွဲ၍ တက်လိုက်ရာ ကျွန်တော့်ကိုယ်ခန္ဓာမှာ တရှိန်ထိုး တက်သွားတော့ သည်။
အောက်ပိုင်း၌ ကျန်ရစ်သော ငမန်းကြီးနှင့် ကျောက်ဆွယ်ကျောက်တန်းတို့ကို ရေးရေးမျှ မြင်လိုက် ရပြီး ပျောက်ကွယ်ကျန်ရစ်တော့၏။
ကျွန်တော့်အသိတရားများမှာ ဝိုးတိုးဝါးတားသာဖြစ်သွားလျက် ကျွန် တော့်ကိုယ်ခန္ဓာသည် ရေမျက်နှာပြင်ထက် ဘွားကနဲ ပေါ်လာတော့သည်။ ကျွန်တော် အား သင်္ဘောထက်မှ ဆွဲတင်ကြသည်ကိုသာ နောက်ဆုံး သိလိုက်ရပြီး သတိမေ့လျော့သွားတော့သည်။
သတိရသောအချိန်တွင် ကျွန်တော့်မှာ ကုန်းပတ် ထက်၌ လဲကျနေလျက် ကျွန်တော့်ဦးခေါင်းမှာ ကြီး စွာသော တင်းပုတ်ကြီးနှင့် အထုခံရသည့်သဘွယ် လေးလံလျက်ရှိသည်။
လက်ကောက်ဝတ်၊ ဒူးဆစ်၊ တထောင်ဆစ်၊ ခြေကျင်းဝတ် စသည့်နေရာများကား အထိမခံနိုင်လောက်အောင် နာကျင်လှသည်။ အဆုတ်နေရာ၌ ကျောပြင်မှာ တစုံတဦးက တင်းကျပ်စွာ ဖက်ထားသည့်အလား ခံစားနေရ၏။ နှာခေါင်း၊ နားရွက်နှင့် မျက်လုံး၊ နား စသည့် ဒွါရပေါက်များမှ သွေးစိမ်း ရှင်ရှင် ယိုစီးထွက်နေ၏။
ကျွန်တော့်မှာ ရေငုပ်သမားများစွာတို့ ဇီဝိန်ကို ဖြုတ်ချွေတတ်သော (Bend) ခေါ် သွေးကျိတ်ကွဲခြင်း ခံစားနေရသည် ဖြစ်၏။ ဖိနှိပ်မှုအင်အားချင်း မညီမျှ သည့် ရေအနက်မှ ရေမျက်နှာပြင် လေထုတွင်းသို့ တရှိန်ထည်းတက်လာခဲ့ခြင်းကြောင့် ကျွန်တော့်ကိုယ် ခန္ဓာအတွင်း၌ နိုက်ထရိုဂျင်ဝင်ကာ သွေးကြိတ်များ ပေါက်ကွဲခြင်းပင် ဖြစ်၏။
သတိမရတချက် ရတချက်ဖြစ်နေသော ကျွန်တော် နားတွင်း၌ ကီတီအိုရန်၏ တစုံတရာ အမိန့်ပေးသံကို ကြားရသည်။ ထို့နောက် ကျွန်တော်၏ ကူဘော် ကလေး ဂျကာရာက ကျွန်တော့်ဦးခေါင်းထက်၌ သံ ခေါင်းစွပ်တခု တပ်ဆင်ပေးနေသည်ကို သိရသည်။
သူတို့သည် ကျွန်တော့်အား ယခင်က ကျွန်တော်ငုပ် ခဲ့သော ရေအနက်သို့ ပြန်ချကာ ပြီးမှ တဖြည်းဖြည်း ရေမျက်နှာပြင်ထက် ဆွဲတင်ရန် ပြုလုပ်နေကြခြင်းဖြစ်၏။
ခေတ်မှီသင်္ဘောကြီးများ၌ကား (Iron Doctor) ခေါ် သံအိုးကြီးတွင်းသို့ လူမမာကို သွင်းလိုက်ကာ လေထုဖိနှိပ်မှုအား တဖြည်းဖြည်းချိန်ယူခြင်းအားဖြင့် ရေငုပ်သမား၏အသက်ကို ပြန်ဆက်ရပေသည်။ သို့ သော် ပက်တာကဲ့သို့သော စက်လှေထက်၌ ဤသို့ ကုသရန် မဖြစ်နိုင်ပေ။ သို့ကြောင့် သတိမရတချက် ရတချက် ဖြစ်နေသည့် သေမင်းခံတွင်းမှ လူမမာအား ယခင်က သူငုပ်ရာရေအနက်သို့ ပြန်ပို့ပြီးမှ တဖြည်းဖြည်း ဆွဲတင်ယူခြင်းသာလျှင် သက်သာရာရကြောင်းလမ်းဖြစ်တော့သည်။
ပတ်တာသင်္ဘောသည် ရှေ့ဘက်သို့ အနည်းငယ်ခုတ်မောင်းပြီး ကျောက်ချကာ စက်ရပ်လိုက်သည်။ ကျွန်တော့်အား သင်္ဘောသားများတွဲထူကာ ကြိုး တချောင်းဖြင့် ချည်နှောင်ပြီးနောက် ပင်လယ်နက်တွင်းသို့ ပြန်ချလိုက်သည်။
ကျွန်တော့်ကိုယ်ခန္ဓာ ပေ-၇ဝ ရေအနက်၌ အတန်ကြာသောအခါ ယခင်ခံစာနေရသည့် ဝေဒနာများ လျော့ပါးသွားပြီးနောက် သတိများ ကြည်လင်လာသည်။ ကျွန်တော် ဘေးလည်ကို ကြည့်လိုက်ရာ မဲမဲသဏ္ဌာန်တခု တွေ့ရသည်။ သဏ္ဌာန်မှာ ကျွန်တော့်ကူဘော် ဂျကာရာဖြစ်၍ သူသည် ကျွန်တော့်အား စောင့်ရှောက်ရန် လိုက်ပါလာခြင်းပင် ဖြစ်၏။
ဂျကာရာက မှန်ဝိုင်းနောက်မှ သူ့မျက်နှာကို ပြုံးပြလိုက်ပြီးနောက် သူ့ခါးတွင်ချိတ်ထားသည့် ဓားကြီးတချောင်းအား လက်ဖြင့်ပုတ်ပြနေသည်။ မည်သည့်ဘေးအန္တရာယ်မှ မကြောက်ရန် ဆိုလိုနေသည်။
ဂျကာရာက ကျွန်တော်အား ဖေးကူလျက် ပေ-၇၀ အနက်မှ တဆင့်ပြီး တဆင့် ရေမျက်နှာပြင်သို့ ပြန်တက်ခဲ့သည်။ သေလုဘနန်း နာကျင်စွာ ခံစားရမှုများ ပျောက်ကွယ်သွားသော်လည်း မလှုပ်မရှားချ လောက်အောင် အင်အားက နည်းပါးနေပေသည်။ ပေ-၇ဝ အနက်တွင် ၃-ဆင့်နားပြီးမှ ရေပေါ်ရောက်ခဲ့တော့သည်။
ကျွန်တော့်အား ကုန်းပတ်ထက်တွင် အသင့်စော နေသူများက ဆွဲတင်ကာ သံခေါင်းစွပ်နှင့် အင်္ကျီကို ဖြုတ်ပေးကြသည်။ ၂-ရက်တိတိ အိပ်ရာမှ မထနိုင်တော့ပေ။ ၃-ရက်ကြာမှ ထနိုင်သည် ဆိုသော်လ ကျွန်တော့်မှာ နလံထစဖြစ်၍ အင်အားကုန်ခန်းချိနဲ့နေပေသည်။ ဂျကာရာသည် ကျွန်တော့်အပါးမှ နေ့ရောညပါ မခွာဘဲ ပြုစုပေ၏။
၃-ရက်ကြာမှ ကီတီအိုရန်သည် ကျွန်တော့်အိပ်ရာအနီး ရောက်လာသည်။ လူမမာမေးရန်ကား မဟုတ်။ ကျွန်တော့်အား ရေငုပ်ခိုင်းရန်၊ အလုပ်ဆင်းရန် စကားဆိုလာခြင်းပင် ဖြစ်၏။ ထိုအခါတွင် အကြင်နာကင်းမဲ့သော ကီတီအိုရန်အား ရေငုပ်သမားများ မုန်းတီးမှုအကြောင်းရင်းကို သိရှိပေတော့သည်။
“သိပ်အချိန်ကုန်မခံနိုင်ဘူး ဘသက်၊ အချိန်နဲနဲ မုတ်ကောင်များများ ရချင်တယ်ကွာ“
“ကျနော် မကျန်းမာသေးလို့ ပြောနေတာကီတီ။ ကျနော့်အခြေကို ခင်ဗျားလဲ သိသားဘဲဗျာ”
“ငါသိတာကတော့ ငါ့မှာ အလုပ်မတွင်ကျယ်ဘဲ လူမမာတယောက် ကျွေးထားရတဲ့ အလုပ်ပိုတာကို သိတာဘဲကွ”
“ကျနော်တော့ ရေမငုပ်နိုင်သေးဘူးဗျာ”
“အေး… ရေမငုပ်နိုင်ရင် မင်းအတွက် ပိုက်ဆံမရ ဘူး။ ဒီသင်္ဘောမှာ စားနေတဲ့အတွက် မင်း ပိုက်ဆံပြန် ပေးရမယ်။ ပိုက်ဆံမပေးရင် ထမင်းမကျွေးနိုင်ဘူးကွာ။ ဒါဘဲ….”
ကီဘီအိုရန်သည် စားပွဲထိုးတရုပ်ကလေးအား ကျွန်တော်ကို ဘာအစားအသောက်မျှ မပေးရန် မှာထားပြီး ကုန်းပတ်ထက် တက်သွားသည်။
ကျွန်တော့်မှာ မည်သို့မျှ မတတ်နိုင်တော့ချေ။ နောက်ဆုံးတွင် ရေမငုပ်သော်လည်း ကုန်းပတ်ထက်၌ လေစုတ်စက်မောင်းခြင်း၊ ကြိုးခွေခြင်း စသည့် တောက်တိုမယ်ရအလုပ်များကို လုပ်ကိုင်သောအခါမှ ထမင်းကျွေးမည် သဘောတူတော့သည်။
ရေငုပ်သမားတဦး လျော့နေသည်ကို ကီတီအိုရန်က သဘောမကျနိုင်ခြင်းကြောင့် သူကိုယ်တိုင်ပင် ကျွန်တော့်တာဝန်ဖြစ်သည့် ပဲ့ပိုင်းရေငုပ်သမားအလုပ်ကို ဆင်းလုပ်တော့သည်။ လောဘကို အတောမသတ်နိုင်သည့် ကီတီအိုရန်ကား ပင်လယ်ရေနက်အောက် ကိုယ်တိုင်ဆင်းပေပြီ။ ။
X X X X X X X X X
ပတ်တာသင်္ဘောကလေးသည် လေတိုက်ရာအရပ် ဆီသို့ ဦးတည်နေရခြင်းကြောင့် ဒီဇယ်စက်ကို ညင်သာစွာ ခုတ်မောင်းခြင်းဖြင့် ရေကြောင်းထိန်းသိမ်းထားရသည်။
ကီတီအိုရန်သည် ပဲ့ပိုင်း၌ ရေငုပ်လျက်ရှိ၏။ ကျွန် တော့်မှာ တနေရာ၌ စုပုံထားသော မုတ်ကောင်များ ကို သန့်စင်စေရန် ရေဆေးလျက် နေရသည်။
လေပို့သောစက်ကို လုပ်ကိုင်နေသည့် ဂျကာရာသည် စက်မောင်းနေရာမှ ထိတ်လန့်တကြား အော်ဟစ်ကာ ပဲ့ပိုင်းတနေရာဆီသို့ လက်ညှိုးညွှန်ပြနေတော့သည်။ သင်္ဘောကုန်းပတ်ထက်ရှိ လူအားလုံး ပဲ့ပိုင်းသို့ ငေး ကြည့်ကြရာ အတန်ကွာသောအရပ်၌ ကီတီအိုရန်၏ သံခေါင်းစွပ်မှာ စွပ်သူမပါဘဲ ပေါ်လောမျောနေ သည်ကို တွေ့ရသည်။ အသက်ရှူလေပိုက်မှလည်း ပလုံစီများထကာ ရေပေါ်၌ ဆန့်တန်းနေပေသည်။
ထွန်းလင်းသော အီကွေတာဒေသ နေသည် လှိုင်း ကြက်ခွပ်ထနေသည့် ပင်လယ်ရေပြာထက်၌ အစွမ်း
ကုန်ပူပြင်းနေသည်။ လှိုင်းကလေးများ သင်္ဘောဝမ်း ကို ရိုက်ပုတ်သံမှာ မှန်မှန်ထွက်ပေါ် နေသည်မှအပ လောကဓာတ်တခုလုံးမှာ တည်တံ့ငြိမ်သက်လှ၏။ ပင်လယ်ရေပြာအောက်၌ ကီတီအိုရန်မှာ ကြမ္မာဆိုး ငင်ခဲ့ချေပြီတကား။
“ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်သွားတာလဲ”
မလေးနှင့် အင်ဒိုနီးရှင်း သင်္ဘောသားများမှာ ဆူညံစွာ မေးမြန်းနေကြ၏။ ဂျကာရာက ပဲ့ပိုင်း၌ ငုံကြည့်ရင်း
“လေပိုက်နဲ့ သင်္ဘောယက်မနဲ့ ငြိပီး ပြတ်သွားတာဘဲ။ ဆရာ … ဆင်းပါဆရာ။ မြန်မြန်ဆင်းရင် ရှင်နိုင်ပါ သေးတယ်”
ဂျကာရာသည် အပိုစုံသာရှိသော သံခေါင်းစွပ်နှင့် အင်္ကျီကို ကျွန်တော့်အား စွပ်ပေးကာ လေပေး စက်ကို နှိုးလိုက်သည်။ ကျွန်တော်လည်း ကီတီအိုရန်အား ကယ်ဆယ်ရန်အတွက် ခိုင်ခံ့သော မနီလာကြိုးတချောင်းယူသွားကာ ရေနက်တွင်းသို့ ဆင်းခဲ့ရတော့၏။
ရေအောက်၌ကား ရေမှော်ပင်များ ထူထဲလှသည်။ ရေပြင်ထက်မှ သင်္ဘောမှာ အတန်မြန်နေခြင်းကြောင့် စက်လျှော့ရန် အချက်ပေးကြိုးကို ဆွဲလိုက်ရ၏။ အတန်လျှောက်မိလျှင်ပင် သဲခုံတနေရာ၌ မှောက် လျက်လဲကျနေသော ကိုယ်ခန္ဓာတခုကို တွေ့ရတော့ သည်။
သင်္ဘောထက်မှ ကြိုးများများ လျှော့ပေးရန် အ ချက်ပေးကြိုးကို လှုပ်လိုက်ပြီး ကီတီအိုရန်၏ ကိုယ်ခန္ဓာကို ဂျိုင်းအောက်မှ ဆွဲယူထူမလိုက်ရသည်။
လောဘသား ကီတီအိုရန်မှာ အသက်မရှိတော့ပေ။
ကျွန်တော်က သူ့ကို ပခုံးထက်၌ ထမ်းရင်း ကြိုးခွေ ကျနေရာသို့ လျှောက်လာခဲ့ရသည်။ သူ့ကိုယ်ခန္ဓာကြီးကို ကြိုးစနှင့် ခိုင်မြဲစွာ ၂ -ပတ်ကြော့ ချည်နှောင်နေဆဲ၌ ကျွန်တော်တို့ လှုပ်ရှားပြုမူပုံကို စူးစမ်းစိုက်ကြည့်နေဟန်တူသော ရန်သူတော် ငမန်းကြီးတကောင်ကို ရေမှော်ပင်များကြား၌ အထင်းသား တွေ့လိုက်ရတော့သည်။
ငမန်း၏ အမြီးဖျားသည် ဆတ်ကနဲ လှုပ်ခါသွား သည်၌ ရပ်တန့်တည်ငြိမ်နေသည့် ပေါင်ချိန်-ဂ၀၀ ကျော် ၉၀၀-မျှသော ငမန်းကိုယ်ထည်ကြီးမှာ တရှိန်ထိုး ရှေ့တက်သွား၏။
ငမန်းသည် ကျွန်တော်တို့ကို တပတ်လှည့်ကြည့် နေသည်။ ကီတီအိုရန်၏ ကိုယ်ခန္ဓာမှာ ချည်နှောင်ထားပြီး ဖြစ်၏။ ကျွန်တော်က ခြေထောက်ဖြင့် သဲများ နွံများ ထလာစေကာ ရေနောက်ကျီအောင် လုပ်လိုက်ရသည်။ ငမန်းက ရေနောက်ကို စောင့်သည့်သဖွယ် ရပ်ကြည့်နေသည်။ ကျွန်တော့်တွင် ခုခံရန် လက်နက် မပါရှိခဲ့ချေ။
ငမန်းသည် ပါးစပ်ကြီးကို ဖွင့်ချည် ပိတ်ချည် လုပ် နေဆဲ ကျွန်တော်က အလောင်းချည်ထားသောကြိုး အား ဆွဲတင်ရန် အချက်ပေးလိုက်သည်။ ရေကိုလည်း နောက်အောင် ဆက်လုပ်နေရသည်။
ငမန်း၏အာရုံမှာ ကျွန်တော်အား မတိုက်ခိုက်ဘဲ ကိုက်ခြင်းကိုက်လျှင် အလောင်းကောင်အားသာ ကိုက်ရန် ကျွန်တော်က လှည်ဖြားဥာဏ်ကူခြင်း ဖြစ်ပေသည်။ သေသူ၏အလောင်းမှာ ရှင်သူလွတ်မြောက်ရေးအတွက် ဓားစားခံဖြစ်ရပေမည်။
ကီတီအိုရန်၏ အလောင်းသည် ရေအောက် မြေ ပြင်ထက်မှ ပေ-၂ဝ ခန့် တက်သောအခါ ကျွန်တော် မြှော်လင့်ခဲ့သည့်အတိုင်း ဖြစ်လာတော့သည်။
ငမန်းသည် ရေနောက်အောင်လုပ်နေသော ကျွန်တော့်အား ဆက်ဂရုမစိုက်တော့ဘဲ ကြိုးအဖျားတွင် မလှုပ်မရှား ဖြစ်နေသော အလောင်းဆီသို့ ပါးစပ်ကြီးဖွင့်ဟကာ တအားပြေးဝင်သွားတော့သည်။
ယင်းသို့ သေသူအား ဂရုစိုက်နေစဉ်အတွင်း ကျွန်တော်၏ကြိုးကို ၄-ချက် ဆောင့်ဆွဲလိုက်ရတော့သည်။
ကုန်းပတ်ထက်မှ ဂျကာရာသည် ကျွန်တော်အား ချက်ခြင်းဆွဲတင်လိုက်သည်။ ရေပေါ်သို့ တက်လာ သည်နှင့်အတူ ကျွန်တော့်အား ဘေးကင်းရာကုန်းပတ်ထက် ဝိုင်းတင်လိုက်ကြတော့သည်။
ကျွန်တော်နှင့် မရှေးမနှောင်း တက်လာသူမှာကား ပေါင်ရင်းမှ ပြတ်၍ ပေါင်တချောင်းလုံး ငမန်းပါးစပ်တွင်း ပါသွားသည့် ကီတီအိုရန်၏ အလောင်းပင် ဖြစ်တော့သတည်း။
သပ်စဒေးကျွန်းဆိပ်ကမ်းသို့ ဝင်သောအခါ ပင် လယ်မှ ပြန်ဝင်လာကြသော သင်္ဘောစက်လှေများဖြင့် ပြည့်ကျပ်နေသည်ကို တွေ့ရပေသည်။
ပုလဲသင်္ဘောနှင့် တံငါလှေများမှာ ဝိုင်ယာလက် စက် မပါကြသော်လည်း တစုံတဦး သေဆုံးသည့် သတင်းတရပ်အား ဤမျှဝေးလံကျယ်ပြန့်သည့် ပင် လယ်ပြင်ထက် တစင်းနှင့် တစင်း မည်သို့ဆက်သွယ် အကြောင်းကြားခဲ့သည်ကို ကျွန်တော်မသိပေ။
ဤဒေသတဝိုက် ကျွန်းသား ပင်လယ်ပျော်များမှာ တနေရာမှ တနေရာ သတင်းပို့ရာ၌ ထူးဆန်းအံ့ဘွယ်ကောင်းသည့် နည်းများရှိသည်ဟု ကျွန်တော် ယူဆမိသည်။
ပင်လယ်ပြင်ထက် မိုင်ရာပေါင်းများစွာ ကွာဝေးသောအရပ်၌ ပုလဲငုပ်နေကြသူများပင် အသုဘရှုရန် ရောက်နေကြပေပြီ။ အသုဘကိစ္စ ပြီးသောအခါတွင် ငွေကောက်ခံရာ ပေါင်-၂ဝဝ ကျော်မျှ စုဆောင်းရရှိမိသည်။
မလေးကျွန်းဆွယ် ကျွန်းသားတို့ ထုံးစံအရ ထိုငွေမှာ သေသူအလောင်းကို ရေနက်တွင်းမှ ဆယ်သူအား ချီးမြှင့်ရန် ဖြစ်ပေသည်။ ထို့ကြောင့် ထိုငွေကို ကျွန် တော့်အား ပေးလိုက်ကြသည်။ မိမိ၏ အသက်ဘေး လွတ်မြောက်ရေးအတွက် သေသူအလောင်းကို ငါး စာကျွေးခဲ့ရသော ကျွန်တော်အဖို့ ယင်းသို့ ငါးစာ ကျွေးခဲ့သည်ကိုပင် ဆုငွေဖြင့် ချီးမြှင့်ပြန်သောအခါ မည်သို့ပြုရပါမည်နည်း။
နောက်ဆုံးတွင် ကျွန်တော့်ဖာသာ ဆုံးဖြတ်၍ ငွေကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။ ကျွန်တော်သည် ကြေးစားရေငုပ်သမားသာ ဖြစ်၏။ ရေငုပ်၍ရသော ငွေမှာ တရားသဖြင့်ရသောငွေသာ ဖြစ်သည်။ ဤသို့ သောငွေကို မယူလျှင် မည်သို့ ထမင်းစားရပါမည်နည်း။
စာလေးပေလေးရေးတတ်လျှင် ထိုအကြောင်းကို စာရေးစားနိုင်ကောင်း စားနိုင်ပေမည်။ သို့သော် ကျွန် တော်မှာ စာရေးဆရာ မဟုတ်ခြင်းကြောင့် ရေငုပ် သဖြင့်ရသောငွေသည်သာ ကျွန်တော့်အတွက် သမ္မာ အာဇီဝဖြစ်တော့သည်။
ယခုအချိန်တိုင် ကျွန်တော်သည် ဒန်လေကျွန်းတဝိုက်၌ ရေမငုပ်တော့ပေ။ ကျွန်တော့်ကိုယ်ခန္ဓာအား အခြားသူတဦးက ငါးစာကျွေးခြင်းမျိုးကိုတော့ ကျွန်တော် မလိုလားသည်မှာ အမှန်ပင်ဖြစ်ပါ၏။
[ မြဝတီ မဂ္ဂဇင်း ၊ ၁၉၅၉ , မေလ ]
– ပြီး –
စာရေးသူ – မောင်သော်က
Uncategorized