July 30, 2025
Uncategorized

ပုလဲနှစ်ရွှေစင်

မောင်သွေးချွန်

“ငှက်ကလေးတွေက ကျိကျိ,ကျိကျိ နဲ့ကွ။ ငါ့ကို ကြည့်ခိုင်းနေတာ။ အေး အခုနေ နတ်သမီးလေးတစ်ပါး ဘွားခနဲ ရှေ့ကပေါ်လာရင်တောင်မှ ဘယ်လောက်လှတယ်ဆိုတာ ငါသိနိုင်မှာ မဟုတ်တော့ပါဘူးကွာ”

ပျော်ရွှင်တက်ကြွမှုတွေထဲက ဝမ်းနည်းကြေကွဲ ဖွယ် စကားများ ကြားရသောအခါ မောင်ပိန် တစ်ချက် လှည့်ကြည့်ဖြစ်သည်။ တစ်လမ်းလုံး စကားများ လာသော ဖိုးတုတ်ကြီးမှာ မောနေသည့်ကြားမှပင် မောင်ပိန် ကြားလောက်အောင် ဆောင့်ကြီးအောင့် ကြီး အော်, အော်ပြီး ပြောနေတတ်သည်။

မောင်ပိန်ကသာ ဘာမှ အရေးမကြီးလေဟန်ဖြင့် “လာ … မြန်မြန်” ဟု လောနေခဲ့သည်။

မောင်ပိန် လောသမျှ အမောတကော အမီလိုက်ရရှာသော ဖိုးတုတ်ကြီးမှာ လှည်းလမ်းချောက်ထဲသို့ ဖုတ်ခနဲ ဖုတ်ခနဲ ပြုတ်ကျသွားတတ်ပြန်သည်။ ထိုအခါကျမှ နောင်တ တစ်ဖန် ရပြန်ကာ စိတ်မကောင်းခြင်းကြီးစွာဖြင့်ပင် ဖိုးတုတ်ကြီးကို တွဲထူလျက် –

“ရော့ … မြဲမြဲကိုင်ထား၊ လာ … မြန်မြန်”

ဟု ဝါးလုံးရှည်ကို ထိုးပေးလျက် လောမိပြန်လေသည်။

ဖိုးတုတ်ကြီးလည်း တုတ်ဆွဲ လိုက်ပါရင်း

“ငှက်ကလေးတွေက ကျိကျိ,ကျိကျိနဲ့ကွ။ ငါ့ကို
ကြည့်ခိုင်းနေတာ”

ဟု ကြေကွဲဖွယ် အပ်ကြောင်းထပ်ပြန်လေသည်။

မဟုတ်သေးပါဘူး။ ဒီလောက် စောစောစီးစီး ရောင်နီ တောင် မလာသေးသည့်အချိန်တွင် ငှက်ကလေးတွေ မနိုးကြသေးပေ။ အိပ်ရာထ သီချင်း မဆိုနိုင်ကြသေးပါလေ။

ဖိုးတုတ်ကြီး ကြားရသော “ကျိကျိ” အသံများမှာ လမ်းဘေးတောတန်းကလေးဆီမှ သစ်ပင်များ သစ်ကိုင်းချင်းပွတ်မိရာမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။

ငှက်ကလေးတွေ တေးဆိုသလောက် သာယာနာပျော်ဖွယ် မကောင်းလှပါ။

ငှက်ဆိုးထိုးသံပင် ဖြစ်ပါစေဦး၊ ဖိုးတုတ်ကြီး၏ သောတအာရုံမှာ ကြားနိုင်ပြီဆိုလျှင် မောင်ပိန် ပျော်ရမည်သာ။ နားလေးပါးလေး ဖြစ်ခဲ့ရှာသော ဖိုးတုတ်ကြီးသည် ကျောက်တုံး၊ သစ်ငုတ်ခလုတ် တစ်ခုခုနှင့် ဝင်တိုက်မိမည်ကို စိုးသည့်အလား
ခေါင်းငုံ့အားပြု လျှောက်လှမ်းလိုက်ပါနေသည်။

မောင်ပိန်ကလည်း လှည်းဆွဲနွားကဲ့သို့ ရှေ့မှ အသော့နှင်လျက်။

သန်းယံလွန်ကြယ်ရောင်သည် အမှောင်ကို မထွင်းဖောက်နိုင်။ သစ်ရိပ်သစ်ခက်တို့ကြားမှ ပြောက်တိ ပြောက်ကျား ထိုးကျလာသော လရောင်ကလည်း မှုန်ရေးရေးမျှသာ။

ငှက်ကလေးတွေက တကျိကျိလုပ်ကာ ကြည့်ခိုင်းပါသော်မှ ဘာကိုမျှ မမြင်နိုင်တော့ရှာသော ဖိုးတုတ်ကြီး၏ အဖြစ်ကို တစစ်စစ်နာကျင်သောရင်ဖြင့် မောင်ပိန် သတိရနေလျက်က…။

xxx xxx xxx

မိုးနှောင်း တစ်ညနေက “လေးကိုင်းချောင်း” ကလေးမှာ ဖိုးတုတ်ကြီးတို့အဖွဲ့ “ငါးမိုင်း” ခွဲခဲ့သည်။ ဖိုးတုတ်ကြီးတို့အဖွဲ့ဟု ဆိုသော်လည်း ထိုအဖွဲ့တွင် ဖိုးတုတ်ကြီးမှာ နောက်ဆုံးပိတ်က ဖြစ်သည်။

သူတို့ကို အမြဲတမ်းခေါင်းဆောင်နေသူက ဘရွှန်း။ ဘရွှန်းမှာ ဖိုးတုတ်ကြီးထက်ပင် ကြီးမားတုတ်ခိုင်ရုံမက အရပ်ကလည်း အင်မတန်မှ ထောင်မောင်းသည်။ ဘရွှန်း အရပ် ထွားကျိုင်းပုံနှင့် ပတ်သက်ပြီး ရုတ်တရက်တော့ ထန်းပင်ကြီး လမ်းလျှောက်လာသလိုပဲ ဟု သာသာထိုးထိုး တင်စားပြောဆိုကြသည် အထိပင်။

စိတ်မထင်လျှင် မထင်သလို သူ၏ ခွန်အားဗလကြီးဖြင့် ဗျန်းခနဲ တစ်ချက်ရိုက်လိုက်ရုံဖြင့် ပုံလဲသွားနိုင် သည်။ တကယ်လည်း နွားမတမ်းလေးတစ်ကောင် ဖင်ထိုင်ကျသွားအောင် ထိုးပြခဲ့ဖူးသည်။

ရွာထဲမှာ တော်ရုံတန်ရုံ အမှုးသမား ရမ်းကားနေပြီဆိုလျှင် ဘရွှန်းကြီးကို ပြေးခေါ် တတ်ကြသည်။ အမူး သမားသည် ဘရွှန်းကို မြင်သည်နှင့် ရုတ်တရက် အမူးပြေသွားသည်ထိ ခန့်ညားကြောက်ရွံ့နေတတ်သည်။

“ဟာ … ကိုဘရွှန်းကြီး မနက်ဖြန် ပြင်းပြင်းလေး တစ်လုံးချန်ထား၊ ဦးရေလေး…”

စသည်ဖြင့် လေပြေထိုးရသေး၏။

ဘရွှန်းသည် သူ၏ အရက်ဖောက်သည်များကို ပြုံးပြုံးကြီးကြည့်ကာ “မူးသာမူး၊ မရူးနဲ့” ဟု သြဝါဒပေးကာ လှည့်ထွက်သွားလေ့ရှိသည်။

ဘရွှန်း၏ အရက်ဖိုများမှာ ဆင်ဦးကင်းတောင်ခြေတွင် ရှိသည်။

ဘရွှန်းက တောင်ခြေသို့ သုံးလေးရက် တစ်ခေါက် သွားရောက်ကြီးကြပ်ပြီး ရွာထဲတွင် အနေများသည်။ တပည့်တပန်းတွေနှင့် လွှတ်ထားသည်။ ရွာနီးချုပ်စပ်မှာသာမက မြို့ပေါ်အထိ သူ့အရက်များကို တင်ပို့ သည်။ ကားလမ်း အဆင်မပြေလျှင် ခြေကျင် တောလမ်းအတိုင်း တင်ပို့သည်။

ဖိုးတုတ်ကြီးမှာ ဘရွှန်း၏ လက်ကသုံးတောင်ဝှေး တပည့်တစ်ဦး ဖြစ်သည်။

တစ်ကောင်ကြွက် တစ်မျက်နှာပီပီ နွားသိုးကြိုးပြတ် ထင်ရာစိုင်းနေသော ဖိုးတုတ်ကြီးကို ဘရွှန်းက နဖားကြိုး ထိုးနိုင်ခဲ့သည်။

ဖိုးတုတ်ကြီးက အရက်ကြိုက်သည်လေ။ သားငါးကလည်း အစားကြူးလေရာ ဘရွှန်းက ကောင်းကောင်းကြီး ထိန်းထားနိုင်ခဲ့သည်။

မေ့သလောက် တစ်ခေါက် ဆိုသလိုသာ ရွာထဲသို့ ဖိုးတုတ်ကြီး ပြန်လာတတ်သည်။ ပြန်လာတိုင်းမှာလည်း သိုင်းကွက်နင်းလျက်၊ ဒေါင်ချာစိုင်းအောင် မူးလျက်။

“ဟဲ့ … ငပိန်၊ နင့်အစ်ကိုကို ဒီအတိုင်း လွှတ်မထားနဲ့။ တစ်သက်လုံး အဖတ်ဆယ်မရအောင် ပျက်စီးမယ်။ အမျိုးလက်ညှိုးထိုး ကဲ့ရဲ့မယ်”

အမေကတော့ သူ့တူကြီးကို သံယောဇဉ်ကြီးရှာသည်။ မောင်ပိန် ဘာတတ်နိုင်မည်လဲ။

“ဝါးခုတ် … ဟုတ်လား၊ ကျွဲပခုံးထအောင်ထမ်းမှ ဝါးတစ်လုံး တစ်ကျပ် ရတဲ့ဟာ။ ငါ့အရက်ဖိုးတောင် မရှိဘူး။ မင်းဟာမင်း တစ်တောလုံး ပြောင်အောင်ခုတ်၊ ငါတော့ မလိုက်ဘူး”

ဖိုးတုတ်ကြီးက မူးမူးရူးရူး၊ ခါးခါးတူးတူး ငြင်းလွှတ် တတ်သည်။ တစ်ဆင့်တက်ပြီး

“ပျိုတို့မောင် ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင် လုပ်မနေနဲ့ဟ မောင်ပိန်ရ။ ခင်ပျိုကို တို့ ကိုဘရွှန်းကြီးက အကြွေးသိမ်းတော့မှာ။ ဟား … ဟား … မင်း ခုတ်တဲ့ ဝါးတွေ ခွဲခြမ်းရ၊ ဖျာရက်ရ၊ တောင်းရက်ရနဲ့ လက်ဖပါးတော်နုနု သွေးခြည်ဥတာ မကြည့်ရက်လို့တဲ့။ ခင်ပျိုက မင်းကို ညာခိုင်းနေတာ။ ကြည့် မယုံရင်”

ရင့်ရင့်သီးသီး မထောက်မထား စော်ကားတတ်ပြန်သည် ။

ခင်ပျိုမျက်နှာကို ကွက်ခနဲ မြင်လိုက်ရင်း မောင်ပိန်
ရင်မောသွားတတ်သည်။

ဘရွှန်းကြီးမှာ တစ်ရွာ တစ်ကျီဆောက် ဆိုသလို ဟိုရွာ ဒီရွာမှာ မယားတွေ မှိုလိုပေါက်နေသည်။ ချစ်သော ခင်ပျိုကို ဘရွှန်း ချိန်ရွယ်ကြောင်းလမ်းနေတာလည်း မောင်ပိန် သိပါသည်။

“အို… အဲဒီ ဒုစရိုက်ကောင်ကြီးဆီမှာတော့ အသုံးတော် မခံနိုင်ဘူး။ ခင်ပျို ကိုယ့်ကိုယ်ကို….”

ညပိုင်းဆိုလျှင် ခင်ပျို ဝါးထရံရက်ရာမှာ မောင်ပိန် ရောက်လာတတ်ပြီး ဝါးခွဲ နှီးဖြာ လုပ်ကူတတ်သည်။ ရံဖန်ရံခါ ဘရွှန်းကြီးနှင့် ဆုံတတ်သည်။

“ဪ… ခင်ပျိုတို့အမေ သက်သာရဲ့လားလို့ပါ။ ပိုက်ဆံလိုရင်လဲ အားမနာနဲ့”

စသည် စကားရောဖောရော ဝင်လုပ်သည်။ မိတ်ကပ် ဘူးကလေးကအစ အင်္ကျီစလေးအဆုံး မြို့ပြန်လက်ဆောင်အဖြစ် ယူလာပေးလာတတ်သည်။

“ခင်ပျို ဒါတွေမက်မောရင်လေ” ဟု စိတ်မချနိုင် ဖြစ်နေသော မောင်ပိန့်ကို မောမောလေးနှင့် သံသယ တွေ ရှင်းစေတတ်သည်။

“အဲဒီ ကိုဖိုးတုတ်ကြီးကလဲ တစ်မှောင့်တော်။ မရူးမကောင်းနဲ့ဆိုတော့ စိတ်ဆိုးရအခက်၊ မဆိုးရ အခက်နဲ့။ နင့်ကို ဘရွှန်းက ပျဉ်ထောင်အိမ်ကြီးနဲ့ ဘယ်လိုထားမှာ၊ ဘာညာနဲ့ အောင်သွယ် လာလုပ်တာ။ အဲဒါ ကိုယ့်ဘက်ပါအောင် ပြန်လုပ်ဦး။ ဟိုကအရက်တိုက် ထမင်းကျွေးပြီး တစ်သက်လုံး ခိုင်းစားတော့မှာ”

ခင်ပျိုလို မိန်းမသားတစ်ယောက်လောက်မျှ အသည်းနှလုံး မမာကြောသော ဖိုးတုတ်ကြီးအတွက် လက်လျှော့ရင်မောခဲ့ရသည်ချည်းသာ။

ညီအစ်ကိုတစ်ဝမ်းကွဲ၊ သူ့ထက် လသားမျှသာ ကြီးသော ဖိုးတုတ်ကြီးကို မောင်ပိန် ဘယ်လိုလုပ် ကယ်ရ ဆယ်ရပါမည်နည်း။ ဓနဗလ မတောင့်တင်းသော မောင်ပိန်သည် ဖိုးတုတ်ကြီး ဘဝင်ခိုက်အောင် ဘယ်လိုမြှောက်စားထားနိုင်မည်နည်း။

သည်လို အခြေအနေမှာ ဖိုးတုတ်ကြီး ရေနစ်သည်။
ရွာကို လေးကိုင်းသဏ္ဌာန် ရစ်ခွေစီးဆင်းနေသော “လေးကိုင်း” ချောင်းထဲမှာ သူတို့ ငါးခွဲခဲ့ကြသည်။ ဘရွှန်း ခေါင်းဆောင်ပြီး လုပ်တာမို့ ရွာက ဘယ်သူမှ မပြောရဲ မဟန့်ရဲ။

ဝါးဆစ်ဘူးတွေ၊ပုလင်းခွံတွေထဲမှာ မဖောက်ထုံးတွေ ထည့်ပိတ်ပြီး ချောင်းရေထဲ ပစ်ချကာ သူတို့ ငါးမိုင်း ခွဲကြသည်။ တဒိုင်းဒိုင်း ပေါက်ကွဲသံတွေ ကြားကတည်းက မောင်ပိန် ချောင်းထိပ်သို့ တအားကုန် ပြေးလာခဲ့သည်။

ချောင်းကမ်းနဖူးမှာ မူးရီလျက် သူ့ကို မျက်ထောင့်နီကြီးနှင့် ဆီးကြိုနေသော ဘရွှန်းကို မောင်ပိန် ရင်ဆိုင်လိုက်ရသည်။

“မင်းက ဘာလာရှုပ်တာလဲ”

မောင်ပိန် မဖြေ။

ချောင်းရေမှာ ပေါလောပေါ် မျောနေ သော ဗိုက်ဖွေးဖွေးနှင့် ငါးကြီးတွေကို ဖိုးတုတ်ကြီးတို့က အလု အယက် လိုက်ဆယ်နေကြသည်။

ထိုအခိုက် ဘရွှန်းကြီး တပည့်တစ်ယောက်က ထုံးပုလင်းတစ်လုံး ချောင်းညာသို့ ပစ်ဖောက်လိုက်ပြန် ၏။

ဒိုင်းခနဲ ပေါက်ကွဲသံနှင့်အတူ ရေစက်ရေမြွာတွေ ဖွားခနဲ လွင့်စဉ်မြောက်တက်သွားသည်။ ခဏကြာလျှင် နားပင်း နားကွဲ၍ သေကုန်သော ငါးများ ချောင်းရေမှာ အဖွေးသား ပေါ်လာတော့၏။

“တစ်ကောင်မကျန် ရအောင်ဆယ်။ လွတ်သွား
တဲ့ကောင် ကုန်းပေါ် ပြန်တက်မလာနဲ့”

ဘရွှန်းကြီးမှာ မောင်ပိန့်ကို အရွဲ့တိုက်ပြီး ပြင်းပြင်းထန်ထန် အမိန့်ပေးနေသည်။

“ဟေ့ကောင် ဖိုးတုတ်ကြီး … ဘာလုပ်နေတာလဲ။ ဟိုမှာ ငါးတွေ”

ဖိုးတုတ်ကြီး လက်ထဲက ငါးကြီးနှစ်ကောင်ကို တစ်ယောက်က လုယူပြီး ကမ်းစပ်သို့ ကူးပြေး သည်။ ချောင်းရေထဲမှာ တဟားဟား သောသောညံ ပွဲကျနေသည်။

ဖိုးတုတ်ကြီးသည် ရေစီးအတိုင်း ပေါလောမျောပါသွားသော ငါးကြီးတွေနောက် အပြေးလိုက်နေသည်။

မောင်ပိန် ထိတ်ခနဲ ရင်ပူသွားသည်။ ဖိုးတုတ်ကြီးကား ရေကူးတတ်သူ မဟုတ်။

ချောင်းကမ်းပါးအတိုင်း မောင်ပိန် အပြေးလိုက်သွားသည်။

“ဖိုးတုတ်ကြီး … ဟိုရှေ့မှာ ငါးကြီး၊ အကြီးကြီးကွ”

တစ်ယောက်က ညွှန်ပြနေသည်။ ဖိုးတုတ်ကြီး အလောတကြီး လိုက်သည်။

“အား … ဝူး … ဝူး”

ဖိုးတုတ်ကြီး ရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေသည်။ သူ့ ခန္ဓာအတ္တဘောကြီးကို ဘယ်လိုမှ “ဖေါ့” မထားနိုင်တော့ဘဲ မကြာခင် စုံးစုံးမြုပ်တော့မည်။

မှိန်းထိသော ငါးကဲ့သို့ သူ့တစ်ကိုယ်လုံး ဆတ်ဆတ်ခါ ဖျပ်ဖျပ်လူးနေကာ ဝူးခနဲ ဝူးခနဲ အော်နေစဉ် သူ့အဖော်တွေက တဝါးဝါး တဟားဟား ပွဲကျသွားကာ ကမ်းစပ်သို့ ကူးခတ်သွားကြတော့သည်။

“တောက်”

မောင်ပိန်သည် ချောင်းထဲသို့ ဒိုက်ထိုးခုန်ဆင်းကာ ဖိုးတုတ်ကြီးဆီ အမြန်ဆုံး အားထုတ်ကူးခပ်လာခဲ့သည်။ ဖိုးတုတ်ကြီးက ဆွဲမိဆွဲရာ အတင်းဆွဲထားလေရာ သူပါ နစ်တော့မည့်ကိန်း ကြုံတော့မလို ရှိသည်။ မောင်ပိန်သည် ကြံရာမရတော့ဘဲ ဖိုးတုတ်ကြီး မေးစေ့ကို ခွပ်ခနဲ ပြင်းပြင်းတစ်ချက် ထိုးချလိုက်သည်။

ဖိုးတုတ်ကြီး မိုက်ခနဲ ဖြစ်သွားစဉ် အချိန်ဆိုင်းမနေတော့ဘဲ ချိုင်းကြားမှ တွဲယူ၍ ကမ်းစပ်ရေတိမ်ပိုင်းသို့ မနိုင့်အနိုင် ကူးလာခဲ့ရသည်။

မောင်ပိန်မှာ မျက်လုံးတွေ ပြာဝေမူးနောက်နေကာ အသက်ရှူလို့ မရအောင်ပင် မောဟိုက်နေသည့် ကြားမှာ ဖိုးတုတ်ကြီးကို သဲသောင်ပေါ် အတင်းဆွဲတင်ကာ ဗိုက်ထဲက ရေတွေ ထွက်ကျအောင် မှောက်ချည်လှန်ချည် ပြုစုပေးရသည်။

တော်တော်နှင့် သတိလည်မလာသော ဖိုးတုတ်ကြီးကို သူ မျက်ကလဲဆန်ပျာကြည့်ရင်း ရင်ခေါင်း သံကြီးနှင့် အော်,အော်ခေါ် သည်။

“ဖိုးတုတ်ကြီး … ဖိုးတုတ်ကြီး … ဖိုးတုတ်ကြီး”

ဖိုးတုတ်ကြီး ကိုယ်လှုပ်လာပါသော်လည်း သူအော်ခေါ်နေတာကို မကြားနိုင်တော့မှန်း မောင်ပိန် မသိခဲ့ပါ။

xxx xxx xxx

“ဟေ့ကောင် ငပိန် … ထွက်ခဲ့စမ်းကွ၊ အကြောင်း သိရအောင်။ ကုန်းပေါ်မှာ မင်း ငါ့ကို ထိုးစမ်းပါ။ ရေထဲမှာ ငါ့နားတွေ ကန်းသွားအောင် ထိုးခဲ့သလို လေ။ ဟေ့ကောင် ထွက်ခဲ့ကွ … ခုထွက်”

မောင်ပိန့်အဖို့ စိတ်မကောင်းစရာတွေ၊ ခံပြင်းနာကြည်း ဒေါသထွက်စရာတွေ ဆင့်ကာဆက်ကာ ပေါ်ပေါက်ခဲ့တော့သည်။ အမေသည် မှိန်းနေရာမှ မျက်ရည်ကြီးငယ်တွေ တစ်ပေါက်ချင်း စီးကျရင်း-

“သည်းခံပါ သားရယ်၊ ညီအစ်ကိုချင်း။ ဘရွှန်းတို့ကမြှောက်ပေးလိုက်တာ။ အဖြစ်မှန်ကို သူ တစ်နေ့ နားလည်လာမှာပါ”

ဟု တုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အိမ်ရှေ့တလင်းထွက်ကာ ဖြေရှင်းတော့မည့် မောင်ပိန့်ကို တောင်းပန်နေ၏။

“ဟေ့ကောင် ထွက်ခဲ့လေကွာ။ ရေထဲမှာ မင်း ရိုက်လိုက်တာ ငါ ဘာမှ မကြားရတော့ဘူး”

သူ ထွက်ပြီး တစ်ခုခု ရှင်းပြဖို့ ကြိုးစားပါသော်လည်း အမေ့မျက်ရည်များကို မလွန်ဆန်နိုင်။

“ဟိုမြောက်ပိုင်းက ဘကြီးသိန်းနိုင်ဟာလေ ငယ်ငယ်က ရေနစ်ပြီး နားလေးပါးလေး ဖြစ်သွားတာ ခုထိ။ တစ်နေ့နေ့တော့ သူ အကြောင်းစုံသိသွားရင် အမေတို့ဘက် စိတ်ပြန်လည်လာမှာပါ”

အမေကား တူဖြစ်သူ ဖိုးတုတ်ကြီးအပေါ် ဘယ်တော့မှ မျှော်လင့်ချက် မလျော့ချေ။

မောင်ပိန် ကိုယ်တိုင်ကလည်း ဖိုးတုတ်ကြီးထက် ဘရွှန်းတို့အပေါ် ပို၍ နာကြည်းစိတ်ကုန်သွားသည်။ သင်းတို့၏ အကုသိုလ်ကံမှာ ဖိုးတုတ်ကြီးအပေါ် လုံးလုံး ကျသွားလေရာ ကံကြမ္မာကိုပင် မောင်ပိန် အတော်ကြီး နားလည်ရခက်သွားခဲ့၏။

ငါးတွေ နားကွဲပြီး သေသကဲ့သို့ ဖိုးတုတ်ကြီး ရေနစ်ပြီး နားလေးသွားခဲ့၏။ သူက သွားကယ်သည်။ သူ ကယ်တင်ခဲ့သူက ယခု သူ့ကို ရန်သူတစ်ယောက်လို မှုန့်မှုန့်ညက်ညက် ချေပစ်ချင်နေသည်။ လက်သည် တရားခံကို မောင်ပိန် ရှင်းရှင်းကြီး မြင်ထားပါ သော်လည်း ဒီလောက် ဥာဏ်နည်းသူ အစ်ကို ကို ကရုဏာ ဒေါသ ဖြစ်မိတာလည်းအမှန်။

ခင်ချိုသည်ပင် မောင်ပိန့်ဘက်မှ အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ရှာသည်။

“ခင်ပျို့ကို မရနိုင်မှန်းသိလို သက်သက် ချောက် တွန်းတာ။ ဒီအန္ဓကြီးကလဲ အကောင်ကြီးသလောက် အချိန်မစီးလိုက်တာနော်။ ကိုယ့်ကိုယ် လာကယ်တဲ့ အသက်သခင်ကိုများ။ ဟင်း …. သင်း ကံကြီးထိုက်ဦးမယ်”

“နားလေး သွားတာလဲ လုံးလုံးကြီး နားကန်းကြီးဖြစ်သွားတာ မဟုတ်ပါဘူးဟာ။ အော်ပြောရင် ကြားနိုင်ပါသေးတယ်။ အသက်လောက် ဘယ်ဟာက ပိုအရေးကြီးလဲ”

သို့ဖြင့် ဖိုးတုတ်ကြီးကို မောင်ပိန် လုံးလုံးကြီး ဥပေက္ခာပြုလိုက်ပြီ ဖြစ်ပါသည်။

သူ နေကောင်းကျန်းမာ ရှိ၍လားဆိုတာပင် မောင်ပိန် စနည်းမနာတော့ပါ။ သူ့ထိုက်နှင့် သူ့ကံ၊ ဘရွှန်းကြီး၌ အသုံးတော်ခံဘဝမှာ မြို့ကို အရက်တွေသွားပို့လို့ ရဲက ဖမ်းထားတောင်မှ အချုပ်ကို မောင်ပိန် လိုက်တော့မည် မဟုတ်ချေ။

ရေမှာ နစ်တာ တစ်ခဏ၊ အကုသိုလ်နွံကြီးထဲမှာ နစ်နေသော တစ်ဘဝလုံးကိုကား မောင်ပိန် ဘယ်နည်းနှင့်မှ မကယ်နိုင်တော့။ ကိုယ့်စိတ်ကို အပြီးအပိုင် ဖြေလျှော့ထားပါမှ။

“မောင်ပိန်ရေ … လုပ်ပါဦး၊ မောင်ပိန်ရေ … ဖိုးတုတ် ကြီး မြွေဟောက်မှုတ်လိုက်လို့ဟ”

“ဘာ”

“သဖန်းတောက တောင်ပို့မှာ မြွေဟောက်သွားဖမ်းတာ။ အဲ့ဒါ မြွေဟောက်က မှုတ်လိုက်တာ ဘာမှ မမြင်ရတော့ဘူး။ အော်နေရတယ်”

“မိုက်လိုက်တာဗျာ”

“ဘရွှန်းကြီးပေါ့ကွာ။ ပီယသိဒ္ဓိဆေးဆိုလား၊ ကာမ အားတိုးဆေးဆိုလား ဆေးဖော်ဖို့ မြွေဟောက် သည်းချေလိုတာနဲ့ ဖိုးတုတ်ကြီးကို အရက်မူးအောင် တိုက်ပြီး …”

“ရက်စက်ပါပေ့ဗျာ”

စကားထွေထူး ဆိုမနေနိုင်တော့ပဲ လာခေါ်သူ ကိုချစ်မြိုင်နောက်သို့ မောင်ပိန် ကောက်ကောက်ပါအောင် လိုက်ပါလာခဲ့သည်။

ကိုချစ်မြိုင်က သဖန်းတောမှ ထင်းတိုက်ပြီး ပြန်အလာ မြွေဆိပ်မွန်ကာ ဆန့်ငင် ဆန့်ငင် ဖြစ်နေသော ဖိုးတုတ်ကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မောင်ပိန် ရောက်သွားချိန်တွင်ကား ဘုန်းကြီး ဦးသီလ၏ “နာဂငါးပါး ဆေးမြစ်စုံ” ၏ အာနုဘော် အစွမ်းသတ္တိဖြင့် သက်သာရာရနေပြီဖြစ်သည်။

“မြင်နေတုန်းကလဲ အဝိဇ္ဇာရယ်၊ တဏှာရယ်ကြောင့် စုံသုံးကန်းနေတာပဲ မဟုတ်လား”

ဘုန်းကြီးဦးသီလ၏ သွေးထွက်အောင်မှန်သော မှတ်ချက် ။

ဖိုးတုတ်ကြီးကား စက္ခုပသာဒ၊ အမြင်အာရုံကို လုံးလုံးကြီး ဆုံးရှုံးခဲ့ပြီ။

xxx xxx xxx

“ညာဘက်ကို နည်းနည်းတိုးဟေ့ … ညာဘက်ကို။ ကြားလား”

မောင်ပိန်သည် မည်းမည်းသဏ္ဌာန်ကို မှန်း၍ ဝမ်းဗိုက်ကိုနှိပ်ကာနှိပ်ကာ တအားကုန်းအော်နေသည်။မည်းမည်းသဏ္ဌာန် အရိပ်ကြီးကား လှုပ်တယ်ဆိုရုံ ရွေ့လျားသွား၏။

“နောက်ဆုတ်ခိုင်းတာ မဟုတ်ဘူး။ ညာဘက်ကို … ကြားလား”

အော်ရသူပင် မောလှပြီ။ မောင်ပိန်သည် သူ စူးစိုက်ကြည့်နေသော ပုလဲနှစ်ရွှေစင် အလင်းတန်းကလေး ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်ကြီးနေသည်။ ငွေရောင်နှင့် ရွှေရောင် ရောစပ်တောက်ပနေသော ထိုအလင်းတန်းကလေးမှာ မြေကို ဖောက်ထွက်လာပြီး အနီးရှိ ကျွန်းပင်ကြီး၏ အမြင့်ဆုံးနေရာ အမှောင်ထဲတွင် ပုန်းလျှိုးသွားပေသည်။ စူးစိုက်ကြည့်နိုင်လွန်းမှသာ ထိုအလင်းတန်းကလေးကို အပ်ချည်မျှင်သာသာ မြင်နိုင်ပေသည်။

“အေး … ကြားတယ်၊ ညာဘက်ဆိုတာ … အေး … ဒီ ဘက်နော်”

ဖိုးတုတ်ကြီး သူ့အသံကို ကြားနိုင်သေးသဖြင့် အားတက်လို့မှ မဆုံးသေးမီ ဖိုးတုတ်ကြီး ပြိုလဲသွား တာကို ထိတ်ခနဲ မြင်လိုက်ရသည်။ ချုံနွယ်တစ်ခုခုနှင့် ငြိ၍သော်လည်းကောင်း၊ ခလုတ်တိုက်၍သော်လည်းကောင်း လဲကျသွားခြင်း ဖြစ်ပေမည်။

မောင်ပိန်သည် ဝါးတစ်ရိုက်လောက်အထိ လာမိပြီးမှ ပုလဲနှစ်ရွှေစင် အလင်းတန်းကလေးကို ရုတ်ခြည်း သတိရလိုက်သည်နှင့် သူ့ခြေလှမ်းများလည်း ကြိုး ကွင်းစွပ်ဖမ်းလိုက်သလို တုံ့ခနဲ ရပ်တန့်သွားလေသည်။

ရှေ့တူရှုသို့ အားယူစူးစိုက်ပြီး ကြည့်လိုက်သောအခါတွင်ကား မိုးသောက်အရုဏ်၏ ရှေ့တော်ပြေးရောင်နီများသည် လှိုင်းထ၍ အလိပ်လိုက် အလိပ်လိုက် ပျို့တက်လာသည်ကို မောမောနှင့် မြင်တွေ့လိုက်ရပေသည်။

တရွေ့ရွေ့ ပြေးတက်လာသော ရောင်နီလှိုင်းများ ကြားတွင် တပေါင်းလ၏ နှင်းကြွင်းနှင်းကျန်များ၊ နွေဦးမြူခြည်များ၊ အမှုန်အမွှား၊ အစက်အပြောက်၊ သွယ်တန်းရက်ဖောက်ရစ်ငင်လျက် ဝဲလှည့်ချာလည်နေသည်မှာလည်း ပန်းစကြာမှန်ပြောင်း ကြည့်ရသကဲ့သို့ မိန်းမူးဖွယ် ကောင်းလှပေသည်။

“အို … တို့၍ အလင်းတန်းကလေး”

သူသည် နှမျောတသကြေကွဲစွာ ရေရွတ်မိလိုက်ပြီး မြင်နိုင်စွမ်းသမျှ အကြည့်အာရုံကို အစွမ်းကုန် ဖွင့်ထုက်ရှာဖွေနေစဉ်မှာပဲ ဖိုးတုတ်ကြီးသည် လဲကျရာမှ ကုန်းထလာပြီး….

“ဒီဘက်ကိုနော်၊ ရပြီလား ဝေး”

ညှစ်အော်လိုက်သံက မောင်ပိန်၏ ရင်ဝတည့်တည့်ကို ပြေးရိုက်လေ၏။

ဖိုးတုတ်ကြီးကို နောက်ထပ် တစ်စုံတစ်ရာ ညွှန်ကြားနိုင်ခြင်း မရှိဘဲ သူသည် ပျောက်ဆုံးသွားသော အလင်းတန်းကလေးကို ဒေါင်းတောက်အောင် ရှာနေမိလေသည်။ ဣန္ဒြေ မရနိုင်လွန်းသော သူ့ကိုယ်သူလည်း မကျေမချမ်းဖြစ်လျှက်က ခြေလှမ်းများမှာ ရှေ့တိုးရမလို၊ နောက်ဆုတ်ရမလိုနှင့် ဇဝေဇဝါကြီးဖြစ်လျက် ရှိပြန်သည်။

အခွင့်အရေး။

ပုလဲနှစ်ရွှေစင် အလင်းတန်းမျှင်မျှင်ကလေး၊ တစ်နှစ်ပတ်လုံးမှာ တစ်ကြိမ်သာ၊ တစ်ကြိမ်မှာလည်း ဘာမှ မကြာလိုက်သော ခဏတာကလေး။

အခွင့်အရေး၊ ဟိုအဝေးကြီးမှာ မဟုတ်သော်လည်း ယခုပင် လွှဲချော်သွားနိုင်သည်ကို မောင်ပိန် စိုးထိတ် လျက် ရှိသည်။

ခရီးအသင်္ချေ နွေကန္တာကို မနေမနား ကျော်လွှားဖြတ်သန်းလာရသူလို သူ့ရင်သည် တလှပ်လှပ် ဆို့ နှင့်လျက်။

မျက်လုံးတွေ ဝေသီ၊ ဦးခေါင်းသည် ရီဝေလျက်။

မကြာမီ အရုဏ်တက်လာတော့မည်။ ရောင်နီလှိုင်းများသည် နောက်ဆုံးတောက်ပခြင်းဖြင့် တောက်ပနေသည့်အလား အစွမ်းကုန် ရဲပနေသည်။

မကြာမီ ရှင်နေမင်းကြီး လင်းလင်း ရှင်းရှင်း ဝင်းဝင်း တောက်တော့မည်။ ဖန်ရောင်ရွှေရောင် နေ့သစ်ဦး၏ ထူးသစ်သော အရောင်များက ရောင်နီလှိုင်းများကို အားမလို အားမရ လောင်ကျွမ်းပစ်တော့မည်။

ပုလဲနှစ်ရွှေစင် အလင်းတန်းမျှင်မျှင်ကလေး။ ခုပင် ဝေးလွင့်ဆွေးနင့် ဆုံးရှုံးနှလုံး ပူပန်ရတော့အံ့လော။

ပုစွန်ဆီသွေး အရှေ့မိုးကမ်းဝမှာ မျောနေသော နွေဦးမြူခြည်။ ဆောင်းနှောင်းနှင်းကြွင်းများ ရောယှက်ရက်ဖောက် ပြောက်ကျားသွယ်တန်းနေသော လှပဆန်းကြယ်သော အမျှင်အတန်းကလေးတွေထဲမှာ သူ့ရွှေငွေရောစပ်တောက်ပသော သေးမျှင်လွန်းလှသည့် အသင်းတန်းကလေးကို မောင်ပိန် အမောတကော လိုက်ရှာနေသည်။

ညက တောမီးလောင်ခဲ့သည်။

တောင်ခြေတောစပ်မှ ခင်တန်းကလေးအတိုင်း တောင်ပေါ်သို့ မြင့်တက်ကူးစက် လောင်မြိုက်ပဝင်းလျက် ရှိသည်မှာ မီးစောင်းတန်းကလေးတစ်ခုအလား၊ မီးနဂါးကြီးတစ်ကောင် ယိမ်းနွဲ့တွန့်လိမ်ကာ ကကြိုးကကွက်တွေအမျိုးမျိုး ပြောင်းပြီး လှလှပပ ကပြအသုံးတော်ခံနေသည့်နှယ်။

တစ်ဝကြီး ငေးရီကြည့်မောရင်း ညနေက ဝါးခုတ် အပြန်မှာ တွေ့ခဲ့သော ဆန်ကောလောက်ရှိသည့် ကုန်းလိပ်ကြီးတစ်ကောင်ကို ပြေးမြင်မိလေသည်။ ထိုလိပ်ကြီးနှင့် တစ်ဆက်တည်း အိပ်ရာထဲတွင် လဲနေသော ခင်ပျိုတို့ အမေကို တန်းခနဲ မြင်မိပြန်သည်။

“ကုန်းလိပ်ရဲ့ခေါင်း လိုတယ်။ အဲဒါ မင်းတို့ ရိုက် သတ်ပြီး ယူလာတာမျိုးတော့ ငါ မလိုချင်ဘူး။ ပါဏာတိပါတကံ ထိုက်တယ်။ အကုသိုလ်ဝင်သွားရင် ဆေးက စွမ်းမှာမဟုတ်တော့ဘူး။

ငါပြောတာက ပံ့သကူသားပေါ့ကွာ။ ကုန်းလိပ်ရဲ့ခေါင်း … ဟုတ်ပီလား၊ အဲဒါရှာခဲ့”

ဘုန်းကြီး ဦးသီလ၏ မိန့်မှာချက်ကို ပြန်ကြားလာသည်။

ဘရွှန်းကြီးက မျက်နှာလိုမျက်နှာရ ရမ်းကုခေါ်ပြီး ကုပေးတာလည်း ကြွေးတင်လှပြီ။ ရောဂါက မသက်သာ။

ခင်ပျို၏ မျက်နှာငယ်လေးကို မောင်ပိန် လန်းဆန်းရွှင်ပြုံးစေချင်ပြီ။ ဘယ်လို လုပ်မည်နည်း။

ကုန်းလိပ်ကို ရိုက်မသတ်ဘဲ ခေါင်းပိုင်းချည်း ဘယ်လိုလုပ်ပြီး ရအောင်ယူမည်နည်း။ ဘုန်းကြီး၏ မိန့်မှာချက်မှာ တော်တော် အစဉ်းစားရကျပ်သည်။

လိပ်ပံသကူသားရယ်လို့ ပေါက်ပေါက်ရှာရှာ။ လိပ်သင်းချိုင်းဆိုတာမျိုးလည်း ဤကမ္ဘာပေါ်တွင် လုံးဝမရှိ။ ဝါးရုံပင်ကြား ညှပ်မိ ပွတ်မိသော နွယ်ပင်လို သူ့ခေါင်းတွေ စိစိညက်ညက်ကျေအောင် စဉ်းစားသော်မှ အဖြေမရ။

ကုန်းလိပ်၊ကျောက်လိပ်၊ တောင်လိပ် ဘယ်လိုပဲခေါ်ခေါ် သင်းတို့မှာ ကျား၊ တောဝက် စသော အကောင်ကြီးများ၏ အန္တရာယ်ကြောင့် အင်မတန် သတိရှိရှိ လျှို့လျှို့ဝှက်ဝှက် နေတတ်သည်။

ဆယ်ခါ တစ်ခါ ဆိုသလို အင်မတန် ကံကောင်းပါမှ တွေ့ရတက်၏။ တွေ့ပြန်တော့လည်း သင်းတို့သည် အထိတ်တလန် ကြောက်လန့်တကြီးဖြင့် ခြေ လက် ခေါင်း များကို အင်မတန်ထူထဲသော အရေခွံ ကျောခုံးကြီးအောက်သို့ စုသွင်း၍ တုံဏှိဘာဝေ နေတတ်ပုံ မှာ စလောင်းဖုံးကြီးတစ်ချပ်အလား ထင်ရသည်။

သင်းတို့ကို ကျော်ဖြတ်သွားပါမှ၊ အန္တရာယ်ကင်းလောက်ပြီ ဆိုပါမှ ခြေ လက် ခေါင်း ထုတ်၍ ဘေးလွှတ်ရာသို့ ကားယားကားယား သုတ်ခြေတင်တော့ သည်။

ကျားလိုအကောင်မျိုးကတော့ အဆီ တဝင်းဝင်း၊ အသား အမျှင်းမျှင်းရှိသော ကုန်းလိပ်သားကို အင်မတန်ကြိုက်တတ်သည်ဟု ဆိုသည်။

ကျောက်တုံး တစ်တုံး၊ စလောင်းဖုံး တစ်ချပ် အလား ပုံမှားရိုက်ကာ ငြိမ်ကုပ်နေလေ့ရှိသော လိပ်၏ ပရိယာယ်ကိုလည်း ကျားက ကောင်းကောင်းကြီး နားလည်သည်။

ထို့ကြောင့် ကျားသည် သူ၏ ရှေ့လက်ဖြင့် လိပ်ကို ပက်လက်လှန်ထားခဲ့ကာ တစ်နေရာက စောင့်ကြည့် နေလေ့ ရှိတတ်ပေရာ တောအထာနှင့် ယဉ်ပါးသူများက “လိပ်ပက်လက်လှန်ထားတာတွေ့လျှင် အနီးအပါးမှာ တောကောင် တစ်ကောင်ကောင်၏ ဘေးဆိုးကြီး အသင့်ရှိနေသည်ဟု အမှတ်သညာ ပြုထားကြသည်။

လိပ်သည် ပက်လက်လန်နေရာမှ ပြန်မှောက်အောင်၊ အတည့်ပြန်ဖြစ်အောင် ခေါင်း ခြေ လက် တို့ကို ထုတ်လျက် တယက်ကန်ကန် ဇွဲသန်သန်ဖြင့် ဘယ်လိုပင် အားထုတ်ပါသော်လည်း နောက်ဆုံးတွင် ခြေကုန် လက်ပန်းကျကာ အမောဆို့ အသက်ငင်သွားရရှာသည်။

ထိုအခါကျမှ ကျားသည် တစ်နေရာမှ ထွက်လာကာ လိပ်၏ ဗိုက်ကိုဖောက်၍ အဆီအသားတို့ကို မြုံဝါး စားသောက်တတ်လေသည်။

ကုန်းလိပ် ပံသကူသား၊ ကုန်းလိပ်နဲ့ ဦးခေါင်း၊ ကျားလက်ထဲမှ လုယူရမည်လော။

အမယ်လေး … အတွေးထဲမှာပင် မောင်ပိန် အမောဆို့နေသည်ပင်။

“ရော် … အဲ့ဒါများ ငါ့ကို ဘာလို့ မမေးလဲ။ တို့ဘ ရလာဖူးတယ်ကော။ အေး … မသေချာ မရေရာတော့ အဖော်လိုက်မယ့်လူ မရှိဘူးလေ။ ဒါနဲ့ ငါပဲ လိုက်သွားခဲ့တာ။ ဪ … ပြောရင်းဆိုရင်းပဲ မင်းတို့ဘကို သတိရလိုက်တာကွယ်။

လိပ်တွေဟာလေ … သိပ် သနားစရာကောင်းတာ။တောထဲတောင်ထဲမှာ အန္တရာယ်ကလဲများ၊ မပြေးနိုင် မလွှားနိုင်နဲ့။

ဒီလိုကြောင့် သဘာဝတရားကြီးက လိပ်တွေကို သတ္တိထူးတစ်ခု ပေးထားတယ်ကွယ့်။

လိပ်တွေဟာ အစာ တစ်ခါဝအောင်စားပြီးရင် အကြာကြီး မြေအောင်းပြီး နေနိုင်တယ်။ မြေအောင်းပြီဆိုတော့လည်း လိပ်ကျင်းရယ်လို့ ဘယ်သူမှ သတိမထားနိုင်အောင် တူးတတ်ကြတယ်။ ဒီလို လိုက်ရှာလို့ကတော့ တကယ့်မြေသားနဲ့ ရောနေတာ။ ဘယ်ဟာ ဘယ်မှာ လိပ်ကျင်းမှန်းမသိအောင် တူး တတ်ကြတာ”

“ဒါဖြင့် ဘယ်လိုရှာကြမလဲ”

အမေ မောနေအောင် ရှင်းပြတာကိုပင် မစောင့်ဆိုင်းနိုင်တော့ဘဲ မောင်ပိန် အလောတကြီး မေးလိုက်မိသည်။

“ဒီလို ကျင်းတွေနဲ့ ပုန်းနေနိုင်ပေမယ့် တောမီးလောင်ပြီ ဆိုရင်လေ”

အမေက စကားကို ရှေ့မဆက်နိုင်အောင်ပင် စိတ်မကောင်း ဖြစ်နေရှာ၏။

“အဲဒါကွယ့် … တောမီးလောင်ပြီ ဆိုမှတော့ ဘယ်လိုလုပ် ပြေးလွတ်ပါတော့မလဲ။ ကျင်းထဲမှာ ဒီလိုပဲ အသေခံကြရတယ်။ အကောင်လိုက် မီးဖုတ်ထား သလိုပဲ။ မင်းတို့ဘကတော့ သိပ်စားကောင်းတာတဲ့။ အမေကတော့ သနားလို့ …”

ပြောပြီး ဘကို အမေ လွမ်းနေသေးသည်။ ဘကား မရှိတော့။ မောင်ပိန် ကိုရင် တစ်ဝါမရမီမှာပင် ငှက်ဖျားရောဂါဖြင့်ဆုံးပြီ။ ဘ,သာ ရှိလျှင် လိပ်ရှာနည်း မပြောနဲ့၊ ဆင်ဖမ်းနည်း ကျားဖမ်းနည်းတွေ့ပင် သင်ပေးခဲ့ဦးမှာ။

“ဝေး … ငပိန် ဒီနေရာ ဟုတ်ပလား ဝေ့”

ဖိုးတုတ်ကြီး၏ အသံလှိုင်းများ ပြေးရိုက်လာမှ အရုဏ်ဦး ပန်းချီကားနှင့်အတူ မောင်ပိန်လည်း အသက်ဝင်လာသည်။ မောင်ပိန့်မှာ ဖိုးတုတ်ကြီးကို ပဓာနပြု၍ ရှာနေသည်မဟုတ်။ ဖြုတ်ခနဲ ပျောက်ခြင်းမလှ ပျောက်သွားသော သူ၏ ပုလဲနှစ်ရွှေစင် အလင်းတန်း ကလေးကိုသာ သူ့မျက်လုံးများ ကန်းသွားမတတ် ရှာနေခြင်းဖြစ်သည်။

ညက တောမီးလောင်ခဲ့သည်။ သူတွေ့ခဲ့သော ဆန်ကောလောက်ရှိသည့် ကျောက်လိပ်ကြီး၏ အိမ်ရာ (ဝါ) လိပ်ကျင်းသည် ဤတောတန်းကလေး တွင် အမှန်ပင် ရှိရလိမ့်မည်။ တောမီးသင့်၍ လိပ် ကျင်းထဲတွင် လိပ်များ သေနေသောအခါ အာရုဏ်တက်စအချိန်တွင် လိပ်၏ ခန္ဓာကိုယ်မှ ထူးဆန်း သော ပုလဲနှစ်ရွှေစင် အလင်းတန်းကလေး ပေါ် ထွက်လာတတ်သည်။ အရုဏ်တက်ချိန်ကို ကျော် လွန်သွားလျှင် ထိုအလင်းတန်းကလေးလည်း ထူး ဆန်းစွာ ပျောက်ဆုံးသွားတတ်သည်။

ထွန်းသစ်စနေမင်းကြီး၏ ဖန်ရောင် ရွှေရောင်အောက်တွင် ထို ပုသဲနှစ်ရွှေစင် အလင်းတန်းကခလေးကို ဘယ်လိုမှ ဖမ်းမိရှာဖွေတွေ့ရှိဖို့ မလွယ်ကူပေ။

လိပ်ကျင်းမှ ပေါ်ထွက်လာသော ထိုအလင်းတန်း ကလေးမှာ တောမီးလောင်ပြီးစ ည၏အလွန် ရောင်နီများ သွန်ကျစ အချိန်တိုကလေးတစ်ခုအတွင်းမှာသာ လင်းလက်သွယ်တန်း ပေါ်ထွက်လာတတ်သည်ဟု အမေက မှာသည်။

နောက်နေ့များတွင် အလင်းအာနိသင် ကုန်ခန်းသွားကာ အလင်းတန်းကလေး ပေါ်မလာနိုင်တော့ဟု ဆိုသည်။

ရောင်နီကို နောက်ခံကားထား၍ ရွှေရောင် ငွေရောင် ရောစပ်ရက်ဖောက်သော အလင်းတန်းကလေးပေါ်လာပြန်တော့လည်း အနီးကပ်ကြည့်၍ မမြင်နိုင်ပြန်ချေ။

တစ်ခေါ် လောက် မဝေးတဝေးအရပ်မှ တဖျပ်ဖျပ်တောက်ပသော ထိုအလင်းတန်းကလေးကို တစ်ယောက်က ရှာဖွေကြည့်ရှုရပြီး တစ်ယောက်က ထိုမှာလိပ်ကျင်းရှိရာ၊ အလင်းတန်းပေါ်ထွက်ရာလောက်မှာ မှန်းဆရပ်တန့်နေရသည်။

အလင်းရှာဖွေသူက ပုလဲနှစ်ရွှေစင် အလင်းတန်း ကလေးကို တွေ့သည်နှင့် ရပ်နေသူအား ဘယ်ညာ ရှေ့နောက် အတိုးအဆုတ် အရွှေ့အပြောင်းကို ဟစ် အော်အချက်ပေးပြီး လိပ်ကျင်းရှိရာ တည့်တည့်ပေါ် သို့ ပို့ဆောင်ရသည်။

“ဒီဘက်မဟုတ်ရင် ဟိုဘက်လား”

ဖိုးတုတ်ကြီးသည် လေတိုးသံကို မောင်ပိန် အချက်ပေးသံ ထင်မှတ်ပြီး သူ့သဘောနှင့် သူ တစ်လံ လောက် ရွှေ့ပေးလိုက်လေရာ အင်မတန် ကျေးဇူးတင်စရာ ကောင်းလှပါတော့သည်။

ဖိုးတုတ်ကြီးကို စိုးရိမ်တကြီး ကြည့်လိုက်မိသော မောင်ပိန်၏ အကြည့်မျဉ်းဖြောင့်ပေါ်တွင် ထင်လင်းတောက်ပ ဖြာထွက်နေသော ပုလဲနှစ်ရွှေစင် အလင်းတန်းကလေးကို ပြန်လည်၍ ရှာဖွေတွေ့ရှိလိုက်သောကြောင့်ပါတည်း။

“ဟုတ်ပြီ … ငြိမ်၊ ငြိမ်ငြိမ်လေးနေ၊ မလှုပ်နဲ့ … ငြိမ် … ရပ်နေ … ရပ် … ရပ် … ငြိမ်”

မောင်ပိန်သည် အမြှုပ်ထွက်မတတ် ကုန်းအော်ရင်း ဖိုးတုတ်ကြီးဆီသို့ လေ၏အဟုန်ဖြင့် အားကုန်သုတ်၍ ပြေးလေတော့သည်။

ဤတဒင်္ဂကလေးအတွင်း ရောင်နီကန့်လန့်ကာကြီး ရုပ်သိမ်းကာ မိုးစင်စင် လင်းသွားမှာကို စိုးထိတ်လျှက် ရှိသမျှ အားသွန်ပြီး သူ ပြေးနေခြင်း ဖြစ်သည်။

ပြေးလမ်း၏တစ်ဝက် ရောက်သည်တွင် ကျောက်ချွန်ကြီးတစ်ခုနှင့် ဝင်တိုက်မိပြီး ဘုန်းခနဲ သူ ပစ်လဲသွားတော့သည်။ လဲကျနေရာမှပင် ဖိုးတုတ်ကြီး၏ ဦးခေါင်းအထက်ဆီသို့ သူ ပြူးပြူးပြာပြာ ကြည့်မိသည်။

ပုလဲနှစ်ရွှေစင် အလင်းတန်းကလေး။

နောက်ဆုံး တောက်ပခြင်းဖြင့် တောက်ပနေသယောင်။

သူ့ကို အမိဖမ်းလှည့်ဟု ကမ်းလင့်ဖိတ်ခေါ်နေသယောင်..။

မိုးကမ်းဝ၏ အနားသတ် ရောင်နီများကား ပါးလျားလာလျက်၊ ပန်းနုရောင်ဖျော့ဖျော့ ယှက်သန်းရာ ဇာနားတစ်လျှောက်ဆီတွင် ရွှေရည်များ ပျို့အန်စ ပြုလာပေပြီ။

မောင်ပိန်သည် အသက်မှ မရှူသာအောင် မောနေလျက်မှ ဝုန်းခနဲ ထပြေးပြန်သည်။

ဖိုးတုတ်ကြီးကား ကျောက်တိုင်ကြီးစိုက်ထားသကဲ့သို့ တောင့်တောင့်မတ်မတ်ကြီး ရပ်နေမြဲဖြင့်။

ဖိုးတုတ်ကြီး၏ ခြေဖမိုးပေါ် မျက်နှာအပ်လျက် မောင်ပိန် အားလွန် လဲကျသွားလေ၏။

“ဟာ … အို … ဘာဖြစ် … ဘာဖြစ်”

ဖိုးတုတ်ကြီးလည်း ယိုင်လဲမတတ် ဖြစ်သွားရာမှ အလန့်တကြား အော်လိုက်သည်။

မောင်ပိန်သည် တရှူးရှူး အသံထွက်အောင် မောနေရာမှ ထဖို့ပင် မကြိုးစားတော့ဘဲ ဖိုးတုတ်ကြီး၏ ခြေနှစ်ချောင်းကြားမှာ လက်ဖြင့် အတင်းယက်လေတော့၏။

“တွေ့ပြီလား … မင်းရဲ့ ရွှေတုံးရွှေခဲကြီး”

ဖိုးတုတ်ကြီးသည် အကန်းပင် ဖြစ်သော်လည်း အသံကြားဖြင့် မှန်းဆပြောနိုင်သေးသည့်အတွက် မောင်ပိန် ကျိတ်ပြီး ဝမ်းသာရ၏။

တစ်ထွာလောက် ယက်မိလျှင် မောင်ပိန်သည် အကျအနထိုင်၍ ခါးမှာ ချပ်ထားလေ့ရှိသော ဝါးခုတ်ဓားဖြင့် လိပ်ကျင်းကို ဆက်၍ တူးလေ၏။

“ရွှေတုံးကြီးရရင် မင်းကို ဒီမနက် လိပ်သားဟင်း ကောင်းကောင်း ချက်ကျွေးမယ်ကွ”

ခုမှ အမောပြေသွားဟန်ဖြင့် မောင်ပိန်လည်း ပထမဆုံးအကြိမ် ဖိုးတုတ်ကြီးကို ခွန်းတုံ့ပြန်ဖြစ်လေသည်။

“လိပ်သား ကြိုက်တယ်မို့လား”

မောင်ပိန်က အော်ပြောလိုက်မှ ဖိုးတုတ်ကြီး သဲသဲကွဲကွဲ ကြားသွားကာ “သိပ်ကြိုက်” ဟု အူမြူးသံကြီးဖြင့် ပြန်ဖြေရင်း ကလေးတစ်ယောက်လို ခုန်ပေါက် နေတော့သည်။

မောင်ပိန်သည် သတိထား၍ တူးလာရာ ခပ်မာမာ အခုအခံတစ်ခုကို ထိစမ်းမိသည်နှင့် အမောတွေ လုံးလုံး ပြေသွားကာ ဓားကို ခါးမှာပြန်ချပ်လျက် လက်ချည်းသက်သက်ဖြင့်သာ ထိုးစမ်းကြည့်မိပြန် သည်။

“ဖိုးတုတ်ကြီး ဟောဒီမှာ”

နောက်ဆုံးတွင်တော့ မီးသင့်ပြီး အကောင်မပျက် သေဆုံးနေသော ဆန်ကောလောက်ရှိသည့် လိပ်ကြီးကို သူတို့ ရရှိလိုက်ပါသည်။

မောင်ပိန်သည် လိပ်ခေါင်းကြီးကို ပွတ်သပ်လျက် ဖိုးတုတ်ကြီးကိုရွှန်းရွှန်းစားစားကြည့်ကာ

“မင်း သိပ်တော်တယ် … ရော့”

လိပ်ကြီးကို ကမ်းပေးလိုက်ရာ

“ဟာ … မင်းရွှေတုံးကြီးက အကြီးကြီးပါလား”

ဟု ဖိုးတုတ်ကြီး ပျော်ရွှင်အံ့ဩနေသည်။

ရောင်နီလှိုင်းများလည်း တဖြည်းဖြည်း ပြယ်လွင့် သွားပြီဖြစ်ရာ ဩကာသလောကကြီးမှာ နေမင်းအလင်းရောင်ဖြင့် ဝင်းပ ထွန်းသစ်နေတော့၏။

“တော်သေးတာပေါ့ … အချိန်မီတယ် ဆိုရုံလေး”

မောင်ပိန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်ကိုတော့ ဖိုးတုတ်ကြီး ကြားဟန်မတူ။ လိပ်ကြီးကို ဖျစ် ညှစ်ကြည့်ရင်း အူမြူးလို့မှ မဆုံးမီ မောင်ပိန်က လိပ်ကြီးကို ပြန်တောင်း၍ ဝါးလုံးရှည်ကြီးကိုသာ ထိုးပေးလိုက်ပြီး…

“ကဲ … ပြန်ကြမယ်၊ တုတ်ကို မြဲမြဲကိုင်”

ဟု အော်ပြောလိုက်ပြီး ခြေလှမ်းစသည်။

ဖိုးတုတ်ကြီးက …

“ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့ တောင်။
နွားညီနောင်
စည်အောင်ပ ဖေကျောင်း
မယ်နဲ့မောင် အတူနေရမှ
ဆူဝေအောင် ခြုံတွေဆွဲလိုရယ်
ကွယ် လှည်းယာဉ်နဲ့ မောင်း “

သီချင်းတကြော်ကြော် အော်ဆိုပြီး လိုက်ပါလာ သည်။

နောက်တစ်ခေါက် ပြန်အကျော့မှာ

“ဟား ဟား ဟား၊ မင်း တကယ်ပျော်နေတာကိုး”

“ကြည့်စမ်းဟေ့ ရွှေထူး၊ ဟောဒီ နွားညီနောင်ကို ဘယ်လို ကျောင်းမလဲဆိုတာ။ ဟား ဟား”

တောတန်းကလေးထဲမှ ဘွားခနဲ ခုန်ထွက်လာသော တုတ်ဓားကိုယ်စီနှင့် လူနှစ်ယောက်ကို မောင်ပိန် မထိတ်သာ မလန့်သာ တွေ့လိုက်ရပေသည်။

ရုတ်တရက် လန့်ဖျပ်သွားမိသော်လည်း သတိကြီးကြီးထား၍ သင်းတို့၏ အရိပ်အခြည်ကို အကဲခတ်နေစဉ်

“ငပိန် … မင်းဟာ တော်တော်ဥာဏ်များတဲ့ကောင်။ တောမီးလောင်တာနဲ့ ရောပြီး ငါတို့ရဲ့ ဆေးခြောက်ခင်းတွေကို မင်း မီးရှို့ပစ်တယ် မဟုတ်လား”

ပုပြတ်ပြတ်နှင့်လူက ဓားကို ရွယ်ကာ ချိန်ကာ မောင်ပိန်ကို မေးသည်။

“ဘာဗျ”

မောင်ပိန် အံ့အားကြီးသင့်နေလျက်။

“ဟ … ငပိန် ဘာဖြစ်တာလဲ၊ သွားလေကွာ”

အကြောင်းစုံကို မသိရှာသော ဖိုးတုတ်ကြီးက ခုမှ လောနေလေ၏။

“ဟိုကောင် … နောက်က ပြိတ္တာကြီး၊ မင်း တို့အကြောင်းတွေကို ဖော်ကောင်လုပ်လိုက်တယ်မို့လား။ ခု တို့ဆရာကြီး ဘရွှန်းကို ရဲက လာဖမ်းသွားပြီကွ”

“အဲဒါ ငပိန်၊ မင့်ဥာဏ်တွေ မဟုတ်ဘူးလား။ ဒီလောက်တောင် ဥာဏ်များတဲ့ ဦးနှောက်ကို ခု ဖောက် ယူရမယ်ကွ”

ဓားသမားက ကြိမ်းဝါးရင်း ရှေ့တိုးလာရာ မောင်ပိန်သည် ဖိုးတုတ်ကြီး ဆွဲထားသော တုတ်ရှည်ကို ဆတ်ခနဲ ဆောင့်ယူလိုက်ပြီး အနားသို့ တိုးလာသော ဓားသမားအား ဖြတ်ရိုက်ချလိုက်လေသည်။

ဓားဖြင့် ပင့်၍ ကာလိုက်သော်လည်း ရိုက်ချက်ပြင်းသဖြင့် ဓားသမား ဟန်ချက်ပျက်သွားစဉ်မှာပင် မောင်ပိန်သည် နောက်တစ်ချက် ဆင့်ရိုက်လိုက်ရာ ဓားသမား လဲကျသွားစဉ်မှာပဲ တုတ်ရှည်သမားက ဘေးမှ ပန်းတက်လာပြီး မောင်ပိန်ကို ဝင်တိုက်၏။

အငိုက်အငဲ့၊ အလှည့်အဝိုက် ၊ တုတ်ချင်းရိုက် ခတ်သံ တဖြောင်းဖြောင်းမှာ တောလုံးပဲ့တင်နေ လေ၏။

ဘတစ်ပြန် ကျားတစ်ပြန် အခြေအနေကို ရှုပ်ထွေး သွားစေသူကား ဖိုးတုတ်ကြီး။

သူသည် မမြင်မကန်းဖြင့် တုတ်နှစ်ချောင်းကြားသို့ ကမူးရှူးတိုး ပြေးဝင်လာခဲ့၏။ မောင်ပိန်၏ ရိုက်ချက် များ ရပ်တန့်သွားစဉ် တစ်ဖက်လူသည် ဖိုးတုတ်ကြီး အား လွတ်လွတ်ကျွတ်ကျွတ်ကြီး ရိုက်ချလိုက်လေ သည်။

ဖိုးတုတ်ကြီး၏ ခေါင်းမှ သွေးတွေ ဖြာခနဲ ပန်းထွက် ပြိုလဲသွားလျှင် မောင်ပိန်သည် နာကြည်းသော ခွန်အားများ ပြည့်ဖြိုးအားကောင်းလာလျက် တစ်ဖက်လူအား သဲကြီးမဲကြီး ဝင်တိုက်လေတော့၏။

သူကို ထိမှာလည်း နည်းနည်းမှ စိုးရိမ်ခြင်းမရှိသည့်အလား ခွန်အားများ ဖွင့်ထုတ်လျက် မျက်စိမှိတ်၍ တရမန်းကြမ်း တိုက်ခိုက်လေတော့၏။

ဘယ်လောက်ထိ မွှန်ထူနေသလဲဆိုလျှင် တစ်ဖက် လူ ပုံလဲကျသွားတာကိုပင် မောင်ပိန် သတိမထားမိ တော့။

မောင်ပိန်၏ တုတ်စင်္ကြာသည် လေထဲတွင် အခုအခံမဲ့ တဝှီးဝှီးလည်နေသည်။ ထိမိခတ်မိသော သစ်ကိုင်းချုံနွယ်များ အပိုင်းပိုင်း ကျိုးပြတ်ကျ၏။

အမောစေ့သွားပြီး လက်မလှုပ်နိုင်တော့မှသာ မောင်ပိန် မျက်လုံးဖွင့်ကြည့်သည်။ အတုံးအရုံး လဲနေသာ လူသုံးယောက်။ မြေမှာ သွေးအစွန်းစွန်း ကွက်လျက်။

သူသည် ဖိုးတုတ်ကြီးဆီသို့ ပြေးသွား၏။ ခေါင်းက ဒဏ်ရာကို ဖြဲကြည့်ရင်း နှလုံးခုန်သံကိုပါ နားစိုက်ထောင်၏။

“ဒိတ် … ဒိတ် … ဒိတ်”

အို … ဖိုးတုတ်ကြီး ဘယ်နည်းနှင့်မှ မသေနိုင်။ ခေါင်းက စီးကျနေသော သွေးတွေကိုကြည့်ရင်း ဘုန်းကြီးဦးသီလကို မြင်ယောင်လာသည်။ ဦးသီလသည် ဘုန်းကြီးလည်း ဘုန်းကြီး၊ ဆေးဆရာလည်း ဆေးဆရာ။

“အဝိဇ္ဇာနဲ့ တဏှာနဲ့ မြင်လျက်နဲ့ စုံလုံးကန်းနေကြတာ၊ အလင်းထဲမှာ မှောင်နေကြတာ”

ဩဝါဒလည်း ပေး၊ ဆေးလည်း ကု၊ အသက်လည်း ကယ်ပေးဦးမည်။

မောင်ပိန်သည် သူ့လိပ်ကြီးကို ရုတ်ခြည်း သတိရသွားပြန်၏။

လိပ်ကြီးကား ပက်လက်၊ ခြေလက်တို့ ကားယားကြီးကျနေလျက်။

ကျား၊ ဝက် စသော တောကောင်တို့၏ အန္တရာယ် ကား ဤနေရာ အနီးအပါးတွင် မရှိနိုင်တော့ပြီ။

ထို့ထက် ဘရွှန်းနှင့် သူ့လူများ၏ မျိုးတုံးအန္တရာယ် သည်လည်း ဤတော ၊ ဤတောင်၊ ဤကျေးရွာဝန်းကျင်မှ လွင့်စဉ်ဖဲ့ခွာ ဇာတ်သိမ်းခဲ့ပါပြီ။

နေမင်းအလင်းရောင် တရွေ့ရွေ့ မြင့်တက် ထွန်းတောက် လင်းလက်လာသည်နှင့် ဆီးနှင်း မြူတိမ် သူရိန် မီးခိုး ညစ်မျိုးငါးမည်တို့သည် တစ်စစီ တစ်စစီ ကွဲအက်လွင့်ပျက် ထွက်ပြေးရှုံးနိမ့်ကြရမည်သာ။

သဘာဝ ဓမ္မလောက် တိကျတော်မှန်သော ဥပဒေသ သည် ဤလောက၌ မရှိ။

မောင်ပိန်သည် သွေးအိုင်ထဲမှ ထ၍ နေမင်းကြီးကို တစ်လှည့်၊ ဖိုးတုတ်ကြီးကို တစ်လှည့် စိုက်ငေး ကြည့်နေမိလေသည်။

ရင်ခုန်ပွင့်ဝတ္ထုမဂ္ဂဇင်း ၊ ၁၉၉၁

– ပြီး –

စာရေးသူ – မောင်သွေးချွန်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *