ခင်ခင်ထူး
(ရွှေအမြုတေ၊ အမှတ် ၈၂၊ ဩဂုတ်၊ ၁၉၉၆)
—
ကျွန်မတို့မိသားစု ဘယ်လိုက ဘယ်လို ကွဲကွာလာခဲ့ကြတယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မ သိတာက ကျွန်မ ဗိုက်အရမ်းဆာနေပြီဆိုတာပါပဲ။ ဗိုက်ထဲမှာ ဆာလွန်းလို့ အစားစားရဖို့ ချောင်းနေခဲ့တယ်။ ကျွန်မ ရောက်နေတဲ့ လမ်းမကြီးပေါ်မှာ ကားတွေ တစ်စီးပြီး တစ်စီး ဖြတ်မောင်း နေတာကလွဲလို့ စားစရာ ဆိုတာ ဘာမှမရှိဘူး။ တစ်အိမ်အိမ်ကို အလစ်ဝင်မစားရင် ဘယ်ကမှ ကျွန်မ စားရမှာ မဟုတ်ဘူး။
ကားလမ်းဘေးမှာ တိုက်ကြီးတွေပဲ များတယ်။ အားလုံးဟာ အခိုင်အမာ လုံခြုံနေလေတော့ ကျွန်မ ဝင်ဖို့ မလွယ်ဘူး။ အဲသလို ကျွန်မ စိတ်ညစ်နေ တုန်းမှာ ကားတစ်စီး မောင်းထွက်သွားတဲ့ခြံဟာ တံခါးပွင့်နေတာ တွေ့လိုက် ရတယ်။ သံတိုင်တွေ စိုက်ထားတဲ့ အုတ်နံရံလေးဘေးမှာ ပြေးကပ်လိုက်ရင်း ဟိုဟိုသည်သည် ကြည့်လိုက်တယ်။ လူရိပ်လူယောင် မမြင်တာနဲ့ ကျွန်မလည်း ရဲရဲတင်းတင်းပဲ တိုက်ဘေးကို ကွေ့ဝင် လိုက်တယ်။ နောက်ဖေးဘက်ဆီကို ခြေလှမ်း ဖွဖွလေး လှမ်းမယ်ပြင်တုန်း …
“ဝေါင်း… ဝေါင်း”
အမယ်လေး၊ လန့်လိုက်တာ။ ကျွန်မ ရင်တွေ တုန်သွားတာပဲ။ အသံလာရာဆီ ကြည့်လိုက်တော့ လားလား နည်းတဲ့ ခွေးကြီးလား။ အမွေးတွေ ဖွာရရာနဲ့ ကျားရဲကြီးတစ်ကောင်လို ကျွန်မကို ကိုက်ဆွဲဖို့ ပြင်နေတယ်။ ဒါပေမယ့် သူ ကျွန်မဆီ လာလို့မရဘူး။ ကျွန်မလို လွတ်လွတ်လပ်လပ် မဟုတ်ဘူး။ ကြောက်ကြောက်လန့်နဲ့ ကျွန်မ စွတ်ပြေးတော့ တံခါးပေါက် မျက်စိ လည်နေတယ်။
“ဘလက်ကီ ဘာဟောင်နေတာလဲ ထကြည့်စမ်း”
ဆိုတဲ့အသံနဲ့အတူ ကောင်လေးတစ်ယောက် ဘွားကနဲ ပေါ်လာတယ်။
“အိုး… ဘယ်ကခွေးလဲ ခွေးသူခိုး ဝင်တာဟေ့”
ဆိုပြီး ကျွန်မနောက် ကနေ လိုက်ချောက်ကြတယ်။ သည်တော့မှ တံခါးပေါက်တွေ့ပြီး ကျွန်မ တအား သုတ်ပြေးခဲ့ရတယ်။ ခွေးကြီးရဲ့ တဝေါင်းဝေါင်း ဟောင်သံကြီးကတော့ ဆူညံ နေရစ်ခဲ့လေရဲ့။ ကြောက်လွန်းလို့ ဗိုက်ဆာတာတောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ ခွေးကြီးကို ချည်ထားလို့သာရယ်ပေါ့။ ချည်များမထားရင် ကျွန်မ အသားတွေ တစ်စစီ ပြတ်ထွက်အောင် ကိုက်ဆွဲမှာပဲ။ လမ်းမ ဟိုဘက်ရောက်တော့ ခြံတံခါးပိတ်သံနဲ့အတူ …
“ဒီလို ခွေးလေခွေးလွင့်တွေ ဝင်မှာစိုးလို့ တံခါးပိတ်ထားရတာပေါ့။ထွီ…”
ဆိုတဲ့ အသံကို ကျွန်မ ကြားလိုက်ရတယ်။ ခပ်လှမ်းလှမ်းရောက်တော့ လမ်းဘေး ထယ်ပင်ရိပ်အောက်မှာ ခဏနားလိုက်တယ်။ ဆာလိုက်တာ။ သည် အတိုင်းနေလို့တော့ မဖြစ်သေးပါဘူး။ လမ်းထဲက အိမ်တွေကို လှမ်းမျှော်ကြည့်တော့ အားလုံး အခိုင်အမာ ပိတ်ထားတဲ့ တိုက်တာတွေချည်းပဲ။ ကျွန်မ ဘယ် ဝင်လို့ဖြစ်မလဲနော်။ ကျွန်မလည်း စိတ်ပျက်လက်ပျက်နဲ့ အနောက်စူးစူးကို ဆက်လျှောက်လာခဲ့တယ်။
ဟော… ကြည့်စမ်း ၊ စားသောက်ဆိုင်တစ်ဆိုင် ပါလား။ အထဲမှာ လူတွေ စားသောက်နေလိုက်ကြတာ။ ကျွန်မဟာ ဘာလို့များ စောစောကတည်းက သည်လိုဆိုင်မျိုးကို မစဉ်းစားမိတာပါလိမ့်။ သူဌေးတိုက်ထဲ စွတ်ဝင်သွားမိ လို့ အမောသာ အဖတ်တင်ရဲ့။ ဘာအနံ့မှတောင် မရခဲ့ဘူး။
ဆိုင်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ကျွန်မအမြီးကို တဖျတ်ဖျတ် နန့်မိတယ်။ ဒါပေမယ့် ဘယ်သကောင့်သား တစ်ယောက်ကမှ ကျွန်မကို အရေးမစိုက်ကြပါဘူး။ သူတို့ဟာ စားလိုက်ကြ၊ သောက်လိုက်ကြ၊ တဝါးဝါး တဟားဟား ရယ်မောလိုက်ကြနဲ့။ ဘယ်သူကမှ ကျွန်မကို သတိမထားမိကြတာ တစ်မျိုးတော့ ကောင်းပါတယ်။ ဆိုင်ထဲကို ကျွန်မ ခိုးဝင်လိုက်တယ်။
အားပါး… မွှေးလိုက်ကြိုင်လိုက်တာ အနံ့တလှိုင်လှိုင်နဲ့ စားပွဲတွေ အောက်ကို ဝင်ခိုရင်း အားရပါးရ မွှေးရှိုက်လိုက်တယ်။ ကျွန်မမှာ အဆာပြေသွား သလိုပါပဲ။ ကျွန်မကို ဘယ်သူမှ ဂရုမပြုမိကြဘူးဆိုတာ သိတော့ ဆိုင်နောက်ဖေးကို စွတ်ဝင်သွားလိုက်တယ်။ ဖြစ်ချင်ရာ ဖြစ်တော့ပေါ့။
အိုး .. ကြည့်စမ်း။ ဒီခြင်းတောင်းထဲမှာ စားကြွင်း စားကျန်တွေမှ မနည်းဘူး။ ကျွန်မလေ စားချင်ဇောနဲ့ သွားရည်တွေ တမြားမြား ကျလာတယ်။ ခြင်းတောင်းကို လက်နှစ်ဖက်နဲ့ တွယ်ကုပ်ပြီး အားရပါးရ စားမယ်လုပ်တုန်း…
“ဟဲ့ခွေး၊ အံမာ အတင့်ရဲလိုက်တာဗျာ။ ငါတို့အစုကို နင် လာလုတာပေါ့လေ”
ဆိုပြီး ဆိုင်က အလုပ်သမား လေးက တုတ်နဲ့လိုက်ဆော်လို့ ဖဝါးနဲ့ တင်ပါး တစ်သားတည်း ကျအောင် ပြေးခဲ့ရတယ်။ ကျွန်မရဲ့ ကျောကုန်းကို တစ်ချက်၊ ဖင်မြီးကို တစ်ချက်၊ နှစ်ချက်မိသွားတယ်။ ဗိုက်က ဆာရတဲ့အထဲ နာတဲ့ဒဏ်တိုးလာလို့ စိတ်တောင်ပျက်မိပါရဲ့။ ဒါနဲ့ပဲ ကျွန်မ ခရီးဆက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ လမ်းမကြီးအတိုင်း မသွားဘဲ လမ်းသွယ် ထဲချိုးကွေ့လိုက်တယ်။ အိမ်တွေက ကျပ်သိပ်လို့၊ အနံ့တွေ ကလည်း လှိုင်လို့။ ကျွန်မ ကပဲ ဆာလွန်း နေလို့လား မသိဘူး။ အနံ့ခံကောင်းနေ လိုက်ပုံ။ အိမ်ကြိုအိမ်ကြားထဲဝင်ပြီး စားကြွင်းစားကျန်ကို ရသလောက် ကောက်စားဖို့ ဆုံးဖြတ်လိုက်တယ်။
ဘယ်နှယ့်ရှင်၊ ကျွန်မ ဆာလွန်းနေပြီလေ။ ဒီတော့ အိမ်တစ်အိမ်ထဲ စွတ်ဝင်လိုက်ပြီး အနံ့လာရာ မီးဖိုချောင်ထဲ အရောက်ဝင်ခဲ့တယ်။ ပတတ်ရပ်ပြီး ဟင်းအိုအဖုံးကို နှုတ်သီးနဲ့ ထိုးလှန်ချလိုက်တယ်။ ဘာရယ်ညာရယ် ကျွန်မ မစဉ်းစားတော့ပါဘူး။ အတင်းထိုးစားပစ်တယ်။ စားကောင်းနေတုန်းရှိသေးရဲ့ ကျွန်မနောက်က…
“ဟာ၊ ဟင်းအိုးကို ခွေးသူခိုးလှန်စားနေတယ်၊ လိုက်စမ်း။ ဟိုဘက်က တစ်ယောက်ပိတ်၊ ဒီဘက်က တစ်ယောက်ပိတ် မလွတ်စေနဲ့”
ညာသံတွေပေးပြီး ကျွန်မကို ထုကြတယ်။ တုတ်၊ အုတ်ခဲကျိုး ခဲတွေဟာ မိုးသီး မိုးပေါက်တွေလို ကျွန်မကိုယ် ပေါ်ကို ကျလာတယ်။ ဘယ်လိုမှ ရှောင်လို့ မလွတ်ဘူး။ ကျွန်မရဲ့ နဖူးတည့်တည့်ကို အုတ်ခဲကျိုး ဝင်မှန်တော့ သွေးတွေ ဖြာစီးကျလာတယ်။ နာလိုက်တာလေ။ ကျွန်မ တဂိန်ဂိန်အော်ရင်း ထွက်ပြေးခဲ့ရတယ်။ စားထားတဲ့ အစားလေးလည်း ဘယ်နံမှာ ကပ်သွားတယ် မသိလိုက်ရပါဘူး။ ကျွန်မလေ နာကျင်လွန်းလို့ မျက်ရည်တွေ ကျလာတယ်။
“ဩော်… ငါ့အဖြစ်က ဟာနေတဲ့ ဝမ်းကလေး ဖြည့်ဆည်းဖို့ အတွက်တောင် မလွယ်ပါလား။ ဟိုကပစ်၊ ဒီကရိုက်နဲ့ ဆိုးလှချည်ရဲ့”
လို့ တွေးမိပြီး ကျွန်မ ငိုတာပေါ့။ ဒဏ်ရာဒဏ်ချက်တွေက နာလွန်းလို့ ဘာမှလည်း စားချင်စိတ် မရှိတော့ပါဘူးလေ။ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ခြေဦးတည့်ရာကို တရွေ့ရွေ့ လျှောက်လာ ခဲ့မိတယ်။ သည်တုန်းမှာပဲ ကျွန်မဘေးမှာ ရန်သူတွေ ဝိုင်းလာတယ်။ ကျွန်မကို တဂီးဂီး တဂဲဂဲ မာန်ဖီပြီး ကျွန်မနောက်ကို ခွေးတွေ အုံလိုက်လာတယ်။ ကျွန်မ ကြိုးစားပြီး ပြေးတယ် ရှေ့မှာလည်း ခွေးတစ်အုပ်။ ကျွန်မ ဘယ်ကို ပြေးရပါ့မလဲရှင်။ မပြေးလို့ကလည်း မဖြစ်ဘူး။ သူတို့တစ်တွေကသာ ဝိုင်းဆွဲလိုက်၊ ကိုက်လိုက်ရင် ကျွန်မ နေရာမှာပဲ ပွဲချင်းပြီးနိုင်တယ်။
ပြေး… ပြေး။ ကျွန်မကို ကျွန်မ အားပေးရင် တအားပြေးပေမယ့် မလွတ်ပါဘူးရှင်။ သူတို့ ကျွန်မကို ဝိုင်းကိုက်ကြတယ်။ ကျွန်မ အသံကုန် အော်ရင်းက ဘာမှပြန်ပြီး မခုခံနိုင်တော့ပါဘူး။ အော်ရလွန်းလို့ ငယ်သံတွေ တောင် ပါကုန်ပါပြီ။
“ဟဲ့… ခွေးတွေ။ ဩော်… ဒီခွေးမလေးကိုပဲ ဝိုင်းကိုက်နေကြတယ်။ သွား… ကဲဟာ… ကဲဟာ”
ကျေးဇူးကြီးလိုက်ပါဘိရှင်။ ကျွန်မကို ဝိုင်းကိုက်နေတဲ့ခွေးတွေကို မောင်းထုတ်ပေးတဲ့ လူကြီးကို ကျေးဇူးတင်လိုက်တာ။ ကျွန်မကို အနိုင်ကျင့်တဲ့ ခွေးတွေဟာ သူတို့ကို နိုင်သူပေါ်တော့ တချိုးတည်း လစ်တော့တာပေါ့။ တော်တော်လည်း ဟုတ်တဲ့ ခွေးတွေလေ။ ကျွန်မဘက်က လူတစ်ယောက် ရှိလာပြီမို့ အားကိုးတကြီး မော့ကြည့်လိုက်မိတယ်။
“သွား… တဂိန်ဂိန်နဲ့ အော်မနေနဲ့ နားညည်းတယ်”
အို… လူဆိုတာ အမျိုးမျိုး ပြောင်းလဲတတ်ပါလား။ အခုပဲ ကျွန်မကို ကူညီခဲ့တယ်။ အခုပဲ မောင်းထုတ်ပြန်တယ်။ ဒယီးဒယိုင်နဲ့ ကျွန်မ ထပြေးခဲ့ရတယ်။ တော်ကြာ၊ ကျွန်မကို ထကန်လိုက်ရင် ဒုက္ခ။ သည်လို့နဲ့သာ ပြေးနေရတယ်။ ကျွန်မဝမ်းထဲမှာ ဘာအစာမှ ကောင်းကောင်း မသွင်းရသေးပါဘူး။ တစ်ကိုယ်လုံးလည်း နာလှပြီ။ နဖူးထက်က သွေးတွေကလည်း စီးကျနေတယ်။ မိုးကလည်း တဖြည်းဖြည်း ချုပ်လာပြီ။ အမှောင်ကို ရောက်တော့မယ်။ ကျွန်မလေ ဗိုက်ဆာပေမယ့် ဘယ်ကိုမှ ဝင်မစားရဲတော့ဘူး ။ မောလိုက်တာလည်း အလွန်ပါပဲ။ ဒါနဲ့ လမ်းဘေး ဓာတ်တိုင်အောက်မှာ ခွေနားလိုက်တယ်။ ဓာတ်တိုင်က မီးမလာလို့ တော်သေးရဲ့။ ကျွန်မကို ဘယ်သူမှ ကောင်းကောင်း မမြင်တော့ဘူးပေါ့။
ဒါပေမယ့် မကြာပါဘူး၊ အရက်သမား တစ်ယောက် ရောက်လာတယ်။ ကျွန်မနားကို ကပ်လာတော့ ကျွန်မကို တက်နင်းမိမှာ စိုးတာကြောင့်မို့ ယောင်ပြီး သူ့ကို ထခဲလိုက်မိတယ်။
“ဟာ… ဒီခွေး၊ ကဲဟာ”
သူက ခဲတစ်လုံးကောက်ပြီး ကျွန်မကို ထုတယ်။ ကျွန်မလည်း ပြေးရ ပြန်တာပေါ့။ တော်သေးရဲ့။ အမူးသမားက လက်မတည့်လို့။ လက်များ တည့်ခဲ့ရင် ကျွန်မရင်ဝကို မှန်မှာ အသေအချာပါပဲ။ တဖြည်းဖြည်းနဲ့ ပြေးလာ လိုက်တာ တာရိုးကြီးတစ်ခုပေါ် ကျွန်မ ရောက်လာတယ်။ တာရိုးပေါ်မှာ ခေတ္တနားရင်း လူတွေ၊ ခွေးတွေ မြင်တာနဲ့ တာရိုးအောက်ဘက် ချိုင့်ထဲကို ဆင်းပြေးခဲ့တယ်။ ဝင်းခြံခတ်မထားတဲ့ အိမ်စုတွေကိုမြင်တော့ ကျွန်မ အားနည်းနည်း တက်မိတယ်။ ညကလည်း အတော်မှောင်လာပြီ။
အမှန်ပြောရရင် ကျွန်မ ဗိုက်ဆာပေမယ့် စားချင်စိတ် မရှိတော့ပါဘူး။ ဒီတစ်ခါ စားမိရင် ထပ်ရမယ့် ဒဏ်ရာ ကိုလည်း ကျွန်မ မခံနိုင်တော့ပါဘူး။ ဒါကြောင့် အတော်လေး ချောင်ကျတဲ့ တဲကလေးတစ်လုံးရဲ့ ခုတင် အောက်ကို ခိုးဝင်လိုက်တယ်။ ကလေးအော်သံတွေ ကျွတ်ကျွတ်ညံနေလို့ ကျွန်မ ဝင်တာကို အိမ်ရှင်တွေ မသိကြပါဘူး။ ကျွန်မကိုလည်း သူတို့ သတိထားမိကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ စားရေးသောက်ရေးအတွက် အခုမှ ထင်းမီး လက်လက်လေးတွေနဲ့ ချက်ပြုတ်နေကြတုန်း။
ကျွန်မလည်း မောမောနဲ့ ခုတင်အောက်မှာ အိပ်ပျော်သွားတယ်။ တစ်မှေးတင်ရယ်ပါ။ ဇလုံသံ၊ ဇွန်းသံ တွေကြောင့် ကျွန်မပြန်နိုးလာတယ်။ ကြည့်စမ်း… ကလေးတွေထမင်းစားနေတဲ့ဘေးမှာ ထမင်းလုံးတွေ၊ အရိုးတွေ။ ကျွန်မ ဗိုက်တွေပြန်ဆာလာပြန်တယ်။ ဒါပေမယ့် သွားမစားရဲဘူး။ စားရမှာထက် အရိုက်အနှက် ခံရမှာကို ပိုကြောက်နေမိတယ်။ သည်တော့ ခုတင်အောက် မှာပဲ ငြိမ်ငြိမ်လေး ဝပ်နေရတယ်။ တစ်ကိုယ်လုံးလည်း နာနေလေတော့ လှုပ်တောင် မလှုပ်ချင်တော့ဘူး။ ခေါင်းကို ပြန်အချမှာ အရိုးတစ်ရိုးက ကျွန်မနဲ့ မလှမ်းမကမ်းကို လွင့်ကျလာတယ်။ ဘာပြောကောင်းမလဲ ကျွန်မ ပြေးဟပ်မိတာပေါ့။
“ဟေ့… ဟိုမှာ ခွေးလေး”
“အို့… အို့… ဒီမှာ ရော့၊ ရော့”
ကလေးတွေကလေ ကျွန်မကို ခေါ်ပြီး ထမင်းပုံကျွေးတယ်။ သူတို့ ထိုင်နေတဲ့ မြေကြီးပေါ်မှာပဲ ပုံကျွေးတာ။ ကျွန်မ မစားရဲစားရဲ ဖြစ်နေတုန်း…
“ဟာ… ခွေးလေးမှာ သွေးတွေနဲ့”
ကျွန်မအနားကို ကလေးတွေ ရောက်လာတယ်။ ကျွန်မကို ဝိုင်းအုံ ကြည့်ကြတယ်။
“သနားပါတယ်ကွာ။ ဘယ်သူက ရိုက်လွှတ်လိုက်တယ် မသိဘူး”
“အို… ဟုတ်ပါရဲ့။ အဖေ၊ အဖေရေ ဒီမှာ ခွေးလေးဗျ၊ သွေးတွေနဲ့”
ကလေးတစ်ယောက်က အော်ပြောတော့ လူကြီးတစ်ယောက် ကျွန်မ နားကို ရောက်လာပြန်တယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ ထပြေးမယ် လုပ်တုန်း လူကြီးက ကျွန်မခေါင်းကို လာကိုင်တယ်။ ပြီးတော့ ကျွန်မကို ကြင်ကြင်နာနာပဲ သွေးတွေ ဆေးကြောသုတ်သင်ပေးတယ်။
“ခွေးလေးကိုကွာ၊ ဘာလို့ ဒီ လောက် ထုလွှတ်လိုက်ကြတာပါလိမ်။ လူမဆန်တဲ့ဟာတွေ”
ကလေးတွေက သူတို့ ဇလုံထဲက ထမင်းတွေကို ပုံကျွေးတယ်။ ကျွန်မ မစားရဲတာမို့ လူကြီးကို မော့ကြည့်လိုက်တယ်။
“စား၊ စား ညည်း ဆာနေတယ်မို့လား”
အို… ကျွန်မ အိပ်မက်တွေများ မက်နေရော့သလား။ တစ်နေကုန် တစ်နေခန်း မရပ်မနား ပြေးလွှားခဲ့ရတဲ့ ကျွန်မကို ကြင်နာသနားတတ်တဲ့ လူဆိုတာ ရှိပါသေးလား။ ကျွန်မ ဝမ်းနည်းလိုက်တာလေ။ ထမင်း မစားနိုင်လောက်အောင်ပါပဲ။ ကျွန်မ ခုတင်အောက်ကို ပြန်ဝင်ခဲ့တယ်။
“သနားပါတယ်။ ထမင်းတောင် မစားနိုင်ရှာဘူး”
ကျွန်မ မျက်စိထဲမှာ တိုက်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ လမ်းပေါ်က ဗိုလ်ကျချင်တဲ့ ခွေးကြီးတွေကို မြင်ယောင်လာတယ်။ ပြီးတော့ ကျွန်မ တွေ့ခဲ့ရတဲ့ လူတွေ၊ ကျွန်မကို ကြင်နာတတ်တဲ့ မိသားစုလေး။ ဩော်… လူမျိုးချင်း မတူညီကြပါလားနော်လို့သာ အောက်မေ့လိုက်ရပါတယ်။
နောက်တစ်နေ့ မနက်ရောက်တော့ ကလေးတွေက ကျွန်မကို လာကိုင် တယ်။ တစ်ညတာ အိပ်စက် လိုက်ရလို့လား၊ ကျွန်မကိုယ်ကျွန်မ စိတ်ချနေရ လို့လား မသိဘူး၊ ကျွန်မ လန်းဆန်းနေတယ်။ သူတို့ ကျွေးတဲ့ ထမင်းရည်တွေကို တစ်ဝကြီးသောက်ပစ်လိုက်တယ်။
“ဖေဖေ၊ ဒီခွေးလေးကို ကျွန်တော်တို့ မွေးရအောင်နော်”
“သူ နေချင်ရင် နေပေ့စေ့ပေါ့ကွာ။ တို့မှာ ထမင်းရည်တော့ တိုက် နိုင်ပါတယ်”
အို… သခင်။ ဝမ်းသာလိုက်တာ။ ဒါ ကျွန်မရဲ့ ပထမဆုံး သခင်တွေ ပါပဲ။ ကျွန်မလေ သူတို့ကို လျှာနဲ့ လိုက်လျက်တယ်။ ခေါင်းနဲ့ ပွတ်တယ်။ အမြီးကို နန့်ပြတယ်၊ ဝပ်ပြီး ရှိခိုးတယ်။
“လိမ္မာတယ်နော်။ ဒါပေမယ့် အရုပ်က ဆိုးတယ်”
ဟုတ်ပါရဲ့။ ကျွန်မက ရုပ်ကသိပ်ဆိုးပါတယ်။ ကျွန်မကိုယ်ပေါ်က အမွေးတိုတိုလေးတွေဟာ အချို့ ဝဲစားလို့ ကျွတ်နေတယ်။ ကျွန်မရဲ့ အဆင်းက လည်း အဖြူနဲ့အနက် ကြောင်ကြောင်ကျားကျား။ နားရွက်က တိုတို။ မျက်နှာက လုံးပွပွနဲ့မို့ အမြင်တော့ ဆိုးသရှင်။
“အဖေ၊ သူ့ကို နာမည်ပေးရအောင်”
“အင်း… အရုပ်ဆိုးတယ်ဆိုတော့ ပုံဆိုးမလို့ နာမည်ပေးလိုက်ကွာ၊ ဟား… ဟား… ဟား…”
ကြည့်စမ်း၊ ကံများ တက်လာချင်တော့ ခွေးသူခိုးမ၊ ခွေးလေမဆိုတဲ့ အမည်ကနေ ကျွန်မကိုလေ ပုံဆိုးမလို့ သခင်က အမည်ပေးလိုက်ပြီ။
“ပုံဆိုးမ”
ပျော်လ်ိုက်တာ။ ကျွန်မ သိပ်သဘောကျတာပဲ။ ကျွန်မမှာ သခင် ရှိပြီ။ ကိုယ်ပိုင်နာမည်ရှိပြီ။ ကိုယ်ပိုင်စားခွက် ရှိလာပြီ။ ကျွန်မ ဟိုဝင်သည်ထွက် ခိုးစားစရာ မလိုတော့ဘူး။ ကျွန်မ ခိုးမစားတော့ဘူး။ သူတို့တစ်တွေ နေတဲ့ တာရိုး အောက်ချိုင့်က ရပ်ကွက်လေးဟာ စည်းရိုး မရှိ၊ အကာမရှိဆိုတော့ ကျွန်မ လွတ်လွတ်လပ်လပ် သွားချင်ရာ သွား၊ ရန်မူ မယ့်သူ မရှိဘူး။ ခွေးတွေအားလုံးလည်း တစ်ကောင်နဲ့တစ်ကောင် မကိုက်ကြဘူး။ အားလုံး တစ်သားတည်း။ ဘယ်ခွေးစားအိုးကို ဝင်စားစား ငေါက်မယ့် ပစ်မယ့် ခတ်မယ့်သူ မရှိဘူး။ ထမင်းရည်တွေ တင်းနေအောင် သောက်ရတာ ကိုပဲ ကျွန်မ ကျေနပ်ပါပြီ။
သခင်တို့ မိသားစုလေးနဲ့ ကျွန်မဟာ အတော်ကလေး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိလာတယ်။ သခင့် ကလေးတွေ ကစားတဲ့နေရာ၊ ရေချိုးသွားတဲ့ နေရာတွေကို လိုက်သွားပြီး ကလေးတွေကို ကျွန်မ စောင့်ရှောက်တယ်။ ကလေး တွေကလည်း ကျွန်မကို တွယ်တာကြတယ်။
“ပုံဆိုးမ၊ ပုံဆိုးမ အို့… အို့”
ကျွန်မကို ခေါ်သံကြားတာနဲ့ သခင့်ဆီ အပြေးသွားလိုက်တယ်။ သခင်က လွယ်အိတ်ထဲကို လက်နှိုက်ပြီး ထုတ်လိုက်တော့ အို… အမဲရိုးတွေ။
“စားစမ်း ပုံဆိုးမ။ ငါ ဈေးထဲက ကောက်လာတာ”
ကျွန်မအပေါ် အဲသလို စေတနာကောင်းတဲ့ သခင်တို့ မိသားစုကို ကျွန်မ အသက်နဲ့လဲ ကာကွယ် စောင့်ရှောက်မယ်လို့ အမဲရိုးစားရင်း သစ္စာပြု လိုက်ပါတယ်။
ဒါပေမယ့်ရှင်၊ တကယ်တမ်းကျတော့ ကျွန်မ မတတ်နိုင်တာတွေက အများကြီးပါ။ သခင်တို့ မိသားစု ထမင်းချက်နိုင်တဲ့အခါ သခင့်ကလေးတွေ ဆာလောင်ငိုကြွေးကြတဲ့အခါ ကျွန်မ မတတ်နိုင်ခဲ့ဘူး။ ကျွန်မ ကိုယ်တိုင် ထမင်းရည် မသောက်ရတဲ့ ရက်တွေမှာ သခင်တို့ကို သနားမိတယ်။ ကျွန်မ ကြေကွဲ ရပါတယ်။ အဲသလို ကြေကွဲနေရတုန်း မမျှော်လင့်ဘဲ ကျွန်မ ရင်ကွဲရတော့တာပါပဲ။ သခင်တို့ မိသားစု အိမ်ပြောင်း ကြတော့မယ်။ သခင်တို့တစ်တွေ အိမ်လေးကို ဖျက်နေကြပြီ။ ကျွန်မကို ခေါ်မှာလား သခင်။ မထားခဲ့ပါနဲ့နော်။ သခင့်နားကို ပွတ်သီးပွတ်သပ်လုပ်ရင်း တောင်းပန်ပေမယ့် သခင်ဟာ ကျွန်မကို အရေးမစိုက်နိုင်ပါဘူး။ သူ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ ကုန်းကျုံးလုပ်နေတယ်။ ကျွန်မ ရင်တွေ ပူလိုက်တာ။ တဖျတ်ဖျတ်နဲ့ ရှေ့ပြေးလိုက် နောက်ပြေးလိုက် လုပ်နေမိတယ်။
ကျွန်မကို ဘယ်သူမှ သတိထားမိကြပုံ မရပါဘူး။ ကျွန်မမှာသာ…
ဟော… ကားကြီးလာပြီ။ သခင်တို့ အိမ်ကို သယ်ဆောင်သွားမယ့် ကားကြီး လာနေပြီ။ လူကြီးတွေ ပစ္စည်းတွေ တင်ကြ၊ သယ်ကြ လုပ်နေတုန်း ကလေးတွေနား ကျွန်မ တိုးကပ်သွားလိုက်တယ်။ ကလေးတွေက ကျွန်မကို ဖက်ထားကြတယ်။ ကျွန်မလည်း သူတို့လက်တွေ ပါးတွေ ခြေထောက်တွေကို အငမ်းမရ လျက်နေမိတယ်။
“ကလေးတွေ တက်ကြလေ။ ဩော်… ပုံဆိုးမ”
သခင်ဟာ ကျွန်မကို သတိရသွားပြီး သခင့်ရှေ့ကို သွားပြီး ကျွန်မ ဝပ်လိုက်တယ်။ သခင့်ခြေထောက်ကို လျှာနဲ့လျက်တယ်။ ကျွန်မ ခြေထောက် တွေနဲ့ သခင့်ကို ကုတ်တယ်။ ကျွန်မကို ခေါ်နော်လို့ ကျွန်မ ပြောနေတာပေါ့။ ဒါပေမယ့် သခင်ဟာ စိတ်ရှုပ်ထွေးနေဟန်နဲ့ ကလေးတွေကိုပဲ လှမ်းအော်တယ်။
ကလေးတွေက…
“အဖေ ပုံဆိုးမရော မခေါ်ဘူးလား”
သခင်က ရင်အုံကြီး မောက်ကြွသွားပြီး သက်ပြင်းကို ချလိုက်တယ်။
“ပုံဆိုးမရယ်၊ ငါတို့တောင် ဘယ်လိုနေရဦးမယ်မှန်း မသိသေးဘူး။ အဆင်ပြေရင် နင့်ကို လာခေါ်မယ်၊ ဘယ်မှ မသွားနဲ့ ကြားလား”
ကျွန်မကို သခင် ထားခဲ့မယ်ပေါ့။ မခေါ်ဘူးပေါ့။ ကျွန်မလေ သခင့် ခြေထောက်နောက်ကို အတင်း တွယ်ကုတ်လိုက်တယ်။ ကားကြီးပေါ် သခင် တက်သွားတော့ ကျွန်မ လိုက်မတက်နိုင်တော့ဘူး။ ကားကြီး မောင်းသွားပြီ။ ကျွန်မ အပြေးလိုက်တယ်။
“ပုံဆိုးမ နေခဲ့။ အရှေ့ရပ်ထဲက ခွေးတွေ ကိုက်လိမ့်မယ်”
ကားပေါ်က လှမ်းငေါက်လိုက်တဲ့ သခင့် စကားကြောင့် ကျွနမ် ခြေလှမ်းတွေ ရပ်ပစ်လိုက်တယ်။ ဩော်… သခင်ဟာ ကျွန်မကို အရှေ့ရပ်ထဲက ခွေးတွေ ကိုက်မှာစိုးသတဲ့လား။ ကျွန်မ ကြေကြေကွဲကွဲနဲ့ ငူငူကြီး ရပ်နေမိတယ်။ သည်တုန်းမှာ ဘေးက ကားတစ်စီး ဖြတ်မောင်းလာလို့ ရှောင်လိုက်ရတယ်။
ကားပေါ်မှာ အောင်နက်ရဲ့သခင်တွေ။
အောင်နက်ရော ပါသွားလား။ ကျန်ရစ်ခဲ့ သလား သိချင်ဇောနဲ့ ရပ်ကွက်လေးထဲကို ကျွန်မ ပြန်ပြေးခဲ့တယ်။ အောင်နက်၊ တိုးပွား၊ ဝိုင်းလုံ .. သူတို့အားလုံး ကျန်ရစ်ခဲ့ကြတာပါလား။ ကျွန်မလိုပဲ သူတို့လည်း လဟာပြင် ကွင်းထဲ လျှောက်သွားနေကြတာပါလား။ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာတော့ ကျွန်မလို ဘဝတူ ခွေးတွေ၊ ကြွက်တွင်းထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ကြွက်တွေ၊ ပြီးတော့ ဘာမှ မရှိတော့တဲ့ တလင်းကွင်းပြင် ကျွန်မကို သခင် ဘယ်တော့ လာခေါ်မှာလဲ။
—
#ခင်ခင်ထူး
Uncategorized