မောင်ခြိမ့်
ပုံမဝေးဘု ရောက်လုပါပြီ
“အို . . . ငါကြင်းတွေဆန် . . . ငါးတန်တွေ သောင်ရေစီးမှာလ . . . ကိုတံငါ . . . လှေယာဉ်စီးပါလို့ . . . ပိုက်ကြီးနဲ့ ရေချလာ . . . အဲဒါ. . . ညီလေးတို့ တောရဲ့ သဘာဝပါ”
သရွတ်သွတ်မြစ်မကြီး၏ တစ်မျှော်တစ်ခေါ်ကျယ်ပြန့်ပြီး လှိုင်းတွန့်ကလေးများ တဖျပ်ဖျပ်လူးလွန့်လျှက်ရှိသော ရေပြင်ထက်တွင် တံငါလှေကလေးတစ်စင်းသည် တရွေ့ရွေ့ စုန်ဆင်းလျှက်ရှိ၏။
လှေကလေး၏ အလယ်တွင် ယင်းလိပ်များ၊ လက်ရိုက်တုတ်၊ ဒိုင်းဝန်း၊ ဆောင်းနှင့် ငါးပုစွန် ထည့်သည့် ဝါးကျောနှင့်ရက်ထားသည့် တောင်းများ၊ ပလိုင်းများကို ထပ်၍၊ ဆင့်၍ တင်ဆောင်လာသည်မို့ လှေပဲ့တွင် လှော်လျှက်ပါလာသော ဖိုးနီသည် လှေဦးကိုပင် မမြင်ရပါချေ။
လှေဦးတွင်မူ သားဖြစ်သူ သာအောင်သည် ရေစုန်ခရီးဖြစ်သဖြင့် လှော်တက်ကို ပေါင်ပေါ်တင်ကာ ရွာရှိသာရေး၊ နာရေးများတွင် မကြာခဏဖွင့်လေ့ရှိ၍ အလွတ်ရနေပြီဖြစ်သော သီချင်းကို သံနေသံထားဖြင့် သီဆိုရင်း လိုက်ပါလာနေသည်။
ညရှစ်နာရီခန့်ရှိပြီး ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းမှိုင်း လရောင်ကလေးကသာ မင်းမူလျှက်ရှိ၏။ ဆောင်းနှောင်းကာလ၏ အကြွင်းအကျန်မြူငွေ့များက ပိတ်ဖုံးကာဆီးလျှက်ရှိသဖြင့် ညအရေးတွင် လအကွေးကလေးကိုတောင် ရေးရေးသာ မြင်နေရသည်။
သီချင်းသံသည် မြစ်ပြင်တစ်လျှောက် ရှပ်တိုက်ပြေးလွှားလာသော လေအနော့တွင် တွဲလွဲခိုစီးလိုက်ပါသွားပြီး မြစ်ကမ်းစပ်ရှိ လမုပင်များကို တိုးဝင် ဖြတ်ကျော်ကာ ဟိုးမိုးကုပ်စက်ဝိုင်းအထိ လွင့်ပျံ့စီးမျောလျှက်ရှိ၏။
ဖိုးနီတို့သားအဖ လှေကလေးကို စီးလာကြသည်မှာ မှန်ပါ၏။ သို့သော် ပိုက်ကြီးနှင့် ရေချရန် လာကြသည်မဟုတ်၊ ချုံဖော်ရန် ထွက်လာခဲ့ကြခြင်း ဖြစ်၏။ ယနေ့ည ချုံစောင့် အိပ်ကြရပါမည်။ မနက်စောစောရေအကျတွင် ချုံဖော်ရမည်ဖြစ်ပါသည်။
လင်းပက်ပိုက်သမားများ၊ ကွန်သမားများထဲတွင် စည်းမစောင့်သူရှိ၏။ ထိုသူများသည် ချုံထဲတွင် ခိုအောင်းနေသော ငါး၊ ပုစွန်များကို ခြောက်ထုတ်၍ ဖမ်းယူသွားတတ်၏။ ထိုသို့အဖြစ် မခံနိုင်ပါ။
ဖိုးနီတို့လို ဆင်းရဲသားတံငါသည်များအတွက် ချုံတစ်ချုံဖြစ်ရန် လွယ်ကူသည် မဟုတ်။ အနည်းဆုံး ဝါးအလုံးနှစ်ဆယ်ခန့် ရှိရ၏။ လှေနှစ်စင်းတိုတ်စာ ချုံကိုင်းများ ရှာခုတ်ရ၏။ ရေစီးရေလာကောင်းသောနေရာကို ရှာရ၏။
ပြီးမှ အလျား အတောင်နှစ်ဆယ်၊ အနံ ဆယ်တောင်ခန့် ဝါးများဖြင့် ပတ်၍ စိုက်ထားရ၏။
တန်းများပစ်၍ နှီးဖြင့်ခိုင်အောင် ချည်တုတ်ထားရ၏။ ပြီးလျှင် နှစ်ရက်၊ သုံးရက်ခန့် အရွက်ကြွေအောင် နေပြထားသော လမုကိုင်း၊ ညောင်ကိုင်း၊ မန်ကျည်ကိုင်းများကို တုံးလုံးလှဲ၍ ထပ်ကာ ထပ်ကာ နင်း၍ ဖိသိပ်ရ၏။
နောက်ဆုံးတွင် ချုံအပေါ်မှ ဝါးများဖြင့် ဖိကာ ကုပ်နှိပ်ထားရသေး၏။ ဒါမှ ရေစီးအရှိန်ကြောင့် ချုံကိုင်းများ မျောပါသွားခြင်း မရှိနိုင်။
အချို့ ချုံသမားတို့က နုန်းတိုးသတ္တဝါများဖြစ်သည့် ငါးမြွေထိုး၊ ငါးကျောက်ဖား၊ ငါးမြွေကျား စသောငါးများ ခိုအောင်းနေရန် ဝါးဘူးများ ချကြ၏။
အလျားဝငါးတောင်လုံးပတ်ထွာဆိုင်မကရှိသော ဝါးပိုးဝါးကို ထက်ခြမ်းခွဲ၊ အထဲမှ အဆစ်တွေထုတ်၊ အကိုင်းအခက်၊ ခပ်ရှုပ်ရှုပ် ကိုင်းဖျားကိုင်းနားလေးများကို ထည့်၊ ပြီးမှ ရင်ချင်းပြန်အပ်၍ နှီးဖြင့်ချည်ထားသော ဝါးဘူးများကို ချုံကိုင်းများ မချမီ နွံထဲတွင် တစ်ဝက်ခန့် တုံးလုံးလှဲ၍ မြှုပ်ထားရသည်။
ချုံဖော်သောအခါ ထိုဝါးဘူးများအတွင်း နုန်းတိုးသတ္တဝါများ အပြည့်အသိပ် ပါလာတတ်၏။ ဖိုးနီတို့သားအဖသည် ထိုဝါးဘူး ဆယ်လုံးခန့်ကို ချုံထဲတွင် ထည့်ထားခဲ့ကြပါ၏။
ထိုကဲသို့ ချုံချပြီးလျှင် ဆယ်ငါးရက်မှ ရက်နှစ်ဆယ်၊ တစ်လအထိ စောင့်ရ၏။ ရေတက်ဦး ငါးမြူးတတ်သောအချိန်များတွင် ဖွဲနုနှင့် ရွှံ့စေး ရော၍နယ် ထားသော အစာလုံးများ မှန်မှန်ကျွေးရသေး၏။ ဒါမှ ချုံထဲတွင် ငါးများ ပျော်ရွှင်စွာ ခိုအောင်းကြမည်မဟုတ်လား။
နောက်ပြီး နေပူရှိန်ပြင်းသော လများ၌ အပေါ်ပိုင်းတွင် ဗေဒါပင်များဆယ်ကာ တင်ထားရသေး၏။ ထိုသို့ပြုလုပ်ရခြင်းမှာ အရိပ်အနေကောင်းသော နေရာတွင် ငါး၊ ပုစွန်တို့ ပိုမိုခိုအောင်းစေရန် ဖြစ်၏။
ဤသို့ ချုံများချကာ အသက်မွေးကြသော တံငါချုံသမားတို့ ရက်ပတ်လည်၍ ဖော်နိုင်ရန် တတ်နိုင်သလောက် လေး ၊ ငါး၊ ခြောက်နေရာ ချထားတတ်ကြပါ၏။
ယခု ဖိုးနီတို့ဖော်မည့် ချုံသည် အချိန် တစ်လတိတိစောင့်ဆိုင်းထားသော ချုံဖြစ်၍ ငါး၊ ပုစွန် အထိအမိများလိမ့်မည်ဟု တွက်ထားသည်။ သို့ဖြစ်၍ ယခု ညသား အဖနှစ်ယောက် ချုံစောင့်အိပ်ကြရန် ထွက်လာခဲ့ကြခြင်းဖြစ်၏။
သူတို့ ချုံချထားသည့်နေရာ သောင်အကွေ့ကို ရောက်တော့မည်။ ကမ်းစပ်ရှိ သမန်းချုံပုတ်များ၊ ခရာချုံပုတ်မျာအတွင်းမှ ရေကြက်၊ စနိူက်ငှက်နှင့် ရေညောင့်ကောင်တို့၏ အသံစိုးစိုးစီစီများကို ကြားနေရသည်။ မြစ်ပြင်သည် မှုန်ရီနေသော လရိပ်အောက်တွင် တိုးတိတ်စွာ စီးဆင်းလျှက်ရှိသည်။
ခပ်လှမ်းလှမ်းရှိ သောင်စပ်ကမ်းခြေတွင် မီးရောင်လက်လက်ကို လှမ်း၍ မြင်နေရသည်။ မီးခွက်၊ မီးအုပ်တို့၏ အလင်းရောင်မဟုတ်။ မီးဖိုလေးတစ်ဖို၏ အလင်းရောင် ဖြစ်၏။
ဧကန္တ ဘဝန်းသမားတစ်ယောက်ယောက် ဖြစ်လိမ့်မည်။ စကားပြောဖော်ရပြီဟူသော မျှော်လင့်ချက်ဖြင့် ဖိုးနီသည် ထိုမီးရောင်ကလေးဆီ အသာလှော်လာခဲ့သည်။ အနားရောက်တော့မှ ဘကြီးသာကျော် မြေးအဘိုး ဖြစ်နေသည်ကို တွေ့ရ၏။
“ဖိုးနီတို့ပါလားကွ၊ လာ . . . လာ . . . ရေနွေးကြမ်းသောက်ရအောင်။ ဆူတော့မယ်ကွ။ ဘာလဲ . . . ချုံစောင့်ဖို့ လာတာမဟုတ်လား”
ဖိုးနီတို့ လှေပေါ်တင်လာသော ဝါးယင်းလိပ်အပုံကြီးကို တွေ့၍ ဘကြီးသာကျော်က မေးလိုက်သည်။
“ဟုတ်တယ် ဘကြီးရေ . . . မနက်စောစော ချုံဖော်ဖို့အတွက် လာစောင့်အိပ်တာ။ မီးရောင်တွေ့လို့ အဖော်ရပြီးဆိုပြီး လှော်လာခဲ့တာ”
“အေး… အေး… ငါတို့လည်း အဖော်ရတာပေါ့ကွာ။ ငါးဖျင်းသလက် အခြောက်ကလေးတွေလည်း ဆီပူထိုးလာတယ်ကွ။ ရေနွေးကြမ်းနဲ့ မြည်းရတာပေါ့ကွာ”
“ဟုတ်တယ်အဖေ။ ကျွန်တော်တို့ချုံလည်း ဒီကနေလှမ်းကြည့်ရင် မြင်နေရတာပဲဥစ္စာ။ ဒီမှာပဲ စောင့်အိပ်လိုက်ကြရအောင်”
လှေဦးမှ သားဖြစ်သူ သာအောင်က ပြော၏။ သာအောင် အဖော်ရသွားပြီ။ ဘကြီးသာကျော်၏ မြေး ငပိန်သည် သူနှင့် သူငယ်ချင်း မဟုတ်လား။
“ဘယ်လိုလဲ ဘကြီးရဲ့၊ ခုတလော ငါးပုစွန် အထိအမိများရဲ့လား”
“အေး . . . မဆိုးဘူးကွ၊ ချောင်းဖျားဘက်က မင်းတို့ချုံတွေကော ထိရဲ့လားဟေ့”
“အသင့်အတင့်ပါပဲ ဘကြီးရာ။ ဒါပေမဲ့ စျေးကလေးကတော့ ကောင်းလာတော့ စားဖို့သောက်ဖို့တော့ ရနေတာပါပဲ။ အခုဖော်မယ့်ချုံက တစ်လတောင် အောင်းထားရတာဆိုတော့ မျှော်လင့်ထားတာပေါ့လေ”
“အခြားတော့ မပြောတတ်ဘူးဟေ့။ ငါးမြွေထိုးတော့ မင်းတို့ ချုံ တော်တော်ရလိမ့်မယ်ကွ။ ရေကျတုန်းက ငါ ဘဝန်းလိုက်စိုက်နေတုန်း နုန်းထဲမှာ နင်းမိတာများ ပွက်သေးကြမ်းနေတာပဲကွ။ ဘဝန်းထဲတောင် မရဘူးဆို တစ်ညတစ်ည တစ်ပိဿာတော့ အောက်ထစ်ပဲကွ”
ဖိုးနီနှင့် ဘကြီးသာကျော်တို့နှစ်ယောက် ရောက်တတ်ရာရာ စကားကောင်းနေစဉ် မှာပင် လှေဦးမှ သာအောင်နှင့် ငပိန်တို့ကလည်း ကလေးပီပီ အအိပ်မက်သူများဖြစ်ကြရာ ဟောက်သံပင် ပေးနေကြပြီ။
လှေအလယ်ရှိမီးဖိုကလေးတွင် ခပ်ထပ်ထပ်ကလေးဖြစ်အောင် နေပြထားသော ကိုယ်ရံကြီးပင် အရွက်များထည့်ထားသဖြင့် မီးခိုးအူ၍ ထကာ ခြင်ပြေးသဖြင့် ကလေးနှစ်ယောက် အိပ်နိုင်ခြင်းဖြစ်တော့၏။
နံနက်စောစော သုံးနာရီခန့်တွင် ရေထက်ဝက်ကျနေပြီ။ ဘကြီးသာကျော်နှင့် ဖိုးနီတို့ ကိုယ့်လုပ်ငန်းရှိရာသို့ လူစုခွဲ၍ ထွက်လာခဲ့ကြသည်။
ချုံကလေးရှိရာ မြစ်ကွေ့ကိုရောက်တော့ အမှောင်ထုက လွှမ်းခြုံနေဆဲ ရှိသေးသည်။
နက်ပြာရောင်ကောင်းကင်တွင် ကြယ်ပွင့်ကလေးများက တဖျပ်ဖျပ် တောက်ပလျှက် ရှိသည်။ ချုံနှင့် ဝါးနှစ်ပြန်ခန့်အကွာ သောင်စပ်တွင် လှေကို အသာကပ်လိုက်သည်။ အသံမထွက်စေရန် ဂရုစိုက်၍ လှေပေါ်မှ ဝါးယင်းလိပ်များကို အသာချသည်။
ချုံအနားသို့ တဖြည်းဖြည်းကပ်၍ အလာ၌ မြင်ရသော မြင်ကွင်းကြောင့် ရှေ့ဆက်၍ မလှမ်းနိုင်အောင်ဖြစ်ကာ လတာပြင်သောင်စပ်တွင် ငူငူကြီး ရပ်၍ နေမိတော့သည်။
ချုံကို စနစ်တကျ ညီညီညာညာ ပတ်ကာထားသော ဝါးတို့ ဖရိုဖရဲ ဖြစ်နေသည်။ ချုံကိုင်းတစ်ချို့ဟိုတစ်စ သည်တစ်စ ဖြစ်နေသည်။ တစ်စုံတစ်ယောက်က သူတို့ချုံကို ဖျက်ဆီးသွားခဲ့ပြီ။ ချုံထဲက ငါး၊ ပုစွန်တို့ကို ခြောက်လှန့်ထုတ်ယူသွားခဲ့ပြီ။
ကွန်သမားများ၊ လင်းပက်ပိုက်သမားများတော့ မဟုတ်တန်ရာ။ ချုံကို လှုပ်ကာယမ်းကာ ခြောက်ထုတ်၍ ကွန်ဖြင့်၊ ပိုက်ဖြင့် မသိမသာဖမ်းယူသွားပေလိမ့် မည်။
ယခုကိစ္စကတော့ တမင် ဖျက်ဆီးခဲ့သည်မှာ သေချာ၏။
နှစ်တောင်ခန့် မြေဝင်စိုက်၍ ကာထားသော ဝါးလုံးသည် သာမန်ဆွဲခါ၊ လှုပ်ယမ်းရုံဖြင့် ယခုကဲ့သို့ ကျွတ်ထွက်စရာ မရှိပါ။
ဖိုးနီသည် လူကသာလတာပြင်တွင် ပေါက်နေသော လမုပင်ကဲ့သို့ မတ်မတ်ကြီးရပ်လျှက်ရှိငြား စိတ်ကတော့ ယောက်ယက်ခတ် လှုပ်ရှားလျှက်ရှိ၏။
မိမိနှင့် ငြိုးသူရန်ဘက်ဟူ၍ မည်သူမျှ မရှိ။ ရှိစေဦးတော့၊ တံငါသည်အချင်းချင်းကတော့ ဒီလိုတော့ မလုပ်တန်ရာ ဟု တွေးနေရင်းနှင့်ပင် ဖိုးနီ၏ အာရုံတွင် မျက်နှာတစ်ခုကို ဖျတ်ကနဲ ပေါ်လာသည်။
“ကံလှ များလား …”
ချုံသမားများသည် ချုံဖော်ရာတွင် မရှိမဖြစ်သော ဝါးယင်းလိပ်များကို ဘယ်သူမှ ကိုယ်ပိုင်မရှိကြ။ တတန်တက ဝယ်ထားနိုင်သူမရှိ။ ကွန်သမား၊ ပိုက်သမား၊ ဘဝန်းသမား၊ ချုံသမား တံငါသည်တို့ ရလာသည့် ငါး၊ ပုစွန်များ ရောင်းချရာ ငါးဒိုင်များ တွင်သာ ရှိကြပါသည်။
ထိုငါးဒိုင်တို့သည် ဝါးယင်းလိပ်များကို ဝယ်ယူထားကာ ချုံသမား၊ တမံဖော်သမားများကို အခကြေးငွေဖြင့် ငှားလေသည်။ သူတို့ထံမှ ယင်းလိပ်ငှားသူသည် မိမိတို့ရလာသော ငါး၊ ပုစွန်တို့ကို သူတို့ဒိုင်မှာသာ ရောင်းချရတော့သည်။ ယင်းလိပ်ငှားခလည်း ရသည့်အပြင် ဖောက်သည်လည်း ရသောနည်း ဖြစ်သည်။
ယင်းလိပ်ကိုတော့ သည်ဒိုင်မှာငှား၍ ရောင်းတော့ တခြားဒိုင်ဆိုတာမျိုး ဘယ်သူမှ မလုပ်ကြပါချေ။ လုပ်မိသူသည် ထိုဒိုင်ကို ဘယ်တော့မှ မလာနဲ့တော့။ မပတ်သက်နဲ့တော့။ အခက်အခဲ အကျပ်အတည်းရှိလျှင်လည်း အကူအညီလာ မတောင်းနဲ့တော့။
သို့ဖြစ်၍ မျက်နှာပျက်ရမည့်အလုပ်မျိုးကို ဘယ်သူမှ မလုပ်ရဲကြပါ။ အဘယ်ကြောင့်ဆိုသော် ငါးဒိုင်၏ အကြွေးနှင့်ကင်းသော တံငါသည်က ခပ်ရှားရှားပင်။
တမြန်နေ့က မိမိ ချုံဖော်ရန် ဒေါ်တင်ကြည်ငါးဒိုင်တွင် ယင်းလိပ်သွားငှားစဉ် မိမိနှင့်ပြိုင်တူလိုလို ရောက်လာသော ကံလှနှင့် သူအရင်ယူမည်၊ ငါအရင်ယူ မည် အလုအယက် ဖြစ်ခဲ့ရ၏။ နောက်ဆုံးတွင် အစဉ်ကတိတည်ကြည်စွာ မိမိဒိုင်တွင် ငါး ပုစွန် သွင်းပေးသော ဖိုးနီကိုသာ ဒေါ်တင်ကြည်က ငှားလိုက်၏ ကံလှကိုမူ ဖိုးနီပြီးမှယူဟု ပြောလိုက်သည်။
ကံလှသည် အကြွေးရှိသောဒိုင်တွင် အကြွေးနှိမ်မှာစိုး၍ အခြားဒိုင်တွင် သွားရောင်းတတ်၏။ ဒါကို ဒေါ်တင်ကြည်ကသိ၍ ဖိုးနီကို ဦးစားပေးလိုက်ခြင်း
ဖြစ်သည်။
ထိုနေ့က မိမိကို စိမ်းစိမ်းကြီးကြည့်ကာ တောက်တချက်ခေါက်၍ မကျေမနပ် ပြန်သွားသော ကံလှကို သတိတော့ ထားမိသားပင်။ သို့သော် ယခုလို အကြံပက်စက်လိမ့်မည်တော့ မထင်မိခဲ့ပါ။
ယခုကဲ့သို့ ချုံကို ဖျက်ဆီးသွားသည်မှာ ယခုညတော့မဟုတ်နိုင်။ မနေ့ညက ဖြစ်ပေလိမ့်မည်။
ကံလှသည် မိမိနှင့် အိမ်နီးနားချင်းဖြစ်ပါလျှက် စည်းဖောက်လေပြီလား။ မျက်မြင်မဟုတ်လေရကား တိတိကျကျတော့ မပြောနိုင်။ ထင်ကြေးသာဖြစ်သည်။
ယူကြုံးမရစွာဖြင့် ဒေါသကို လျှော့ချလိုက်သည်။ ထို့နောက် ဘာမျှမဖြစ်သည့် လေသံဖြင့်
“သားရေ ယင်းတွေပတ်ပြီး ကာတော့ဟေ့။ ရေစစ်တော့မယ်”
ဆိုကာ ရေထဲ အသာလျော၍ ဆင်းသည်။
ယင်းလိပ်များကို မြေတွင်းသို့ တစ်တောင်ခန့်ဝင်အောင်လှေပေါ်မှနေ၍ လက်ရိုတ်တုတ်ဖြင့် ရိုတ်ပေးနေသောသားက
“အဖေ … ချုံတွေက ဖရိုဖရဲနဲ့ ဘယ်လိုဖြစ်တာလဲ”
ဟု မသင်္ကာသောလေသံဖြင့် ပြောသည်။
“ရေစီးကြမ်းတာရယ်၊ ငါတို့ချည်ထားတဲ့ နှီးချက်တွေက မခိုင်တာရယ်ကြောင့် ဖြစ်မှာပါကွာ။ မြန်မြန်သာလုပ်ဟေ့”
စကားကို ပြတ်အောင်ပြောပြီး ရေထဲငုပ်ကာ ယင်းလိပ်တစ်ခုနှင့်တစ်ခု အဆက်အစပ်တွင် ဟာပေါက်မရှိအောင် ကနော်တံဖြင့် သေသေချာချာဖိ၍ ဖိ၍ ထိုးနေတော့သည်။
ယင်းလိပ်များကို ပတ်ပတ်လည်ကာပြီး ချုံကိုင်းများကို ကမ်းစပ်ပေါ် တင်တော့ ရေပေါ်ရေလျှံငါးများ အခုန်နည်းလှသည်။
“ကံတရားပေါ့လေ”
ဟု တွေးရင်း ဆက်တင်နေရသော်လည်း စိတ်က ခပ်ပျက်ပျက်ပင်။
ယင်းအခြေကိုကပ်၍ ဒိုင်းဝန်းဖြင့် ထိုးကာ၊ ကော်ကာဖော်လိုက်လျှင် ခြောက်ထုတ်လိုက်သော်လည်း ချုံအောက်ခြေတွင် ခို၍ကပ်၍ကျန်ခဲ့သော လက်မကား၊ လက်မဝါ ပုစွန်ထုပ်ကြီးများကို မြင်ရတော့မှ အားတတ်လာခဲ့ရပြန်၏။
ချုံအောက်ခြေနွံထဲတွင် တစ်ဝက်နှစ်မြှုပ်ထားသောဝါးဘူးများကို ဖော်မိချိန်တွင် ဖိုးနီ ပျော်ရွှင်သွားခဲ့ပါပြီ။
ရေပြန်တက်ခဲ့ပြီ။ ခပ်လှမ်းလှမ်း ဓနိတော၊ ဝက်လာတောနှင့် လမုပင်တန်းဆီမှ လေးလေးမှန်မှန် ထွက်ပေါ်လာသော ဘုတ်အီသံသည် မှန်မှန်ကြီး ထွက်ပေါ် လျှက်ရှိ၏။
ဒေါ်တင်ကြည်၏ ငါးဒိုင်မှအပြန် ဖိုးနီတို့သားအဖ၏ လှော်တတ်တွင် အားမာန်အပြည့်၊ ပီတိအပြည့်ထည့်၍ လှော်သဖြင့် လှေကလေးမှာ ရေပြင်တွင် ရိပ်ရိပ်ပြေးတော့၏။
ဖျက်ဆီးသူက ဖျက်ဆီးခဲ့ပေမယ့် မပျက်စီးခဲ့ပါ။ ဝါးဘူးများအတွင်းမှ ငါးမြွေထိုး ငါးမြွေကျားများ၊ ပုစွန်တုပ်ကြီးများကို ရောင်းချ၍ ရလာသော ချွေးနဲစာငွေသည် ဖိုးနီ၏ စွပ်ကျယ်အင်္ကျီရင်ဘတ်ထဲတွင် ထုပ်ထုပ်ထည်ထည် ပါလာခဲ့ပြီ။
အိမ်ရှေ့ရေဆင်းတံတားမှာ လှေဆိုက်တော့ မိမိအိမ်နှင့်ကပ်လျှက် ကံလှတို့ အိမ်တွင် လူစုလူဝေးနှင့် ဆူဆူညံညံဖြစ်နေတာ တွေ့ရသည်။
“ဘာများ ဖြစ်တာပါလိမ့်”
ဟု သိချင်ဇောဖြင့် အမြန်တက်လာခဲ့မိသည်။
ကံလှသည် သားဖြစ်သူ ခွေးပုကို ပွေ့လျက် ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကာ ပတ်လည်ဝိုင်း၍ တစ်ယောက်တစ်ပေါက် ပြောနေသူများကို မော့၍ ကြည့်နေသည်။
“မအိပ်စေနဲ့၊ နှိုးထား … နှိုးထား”
“ဒါ ဂျပ်ကိုက်တာဖြစ်မယ်။ ငရုပ်သီးကျွေးကြည့်လေ။ မစပ်ဘူးဆိုရင် ဂျပ်ကိုက်တာပဲ”
“သတိမေ့နေတဲ့လူက ငရုပ်သီးစားပြီး စပ်တယ် မစပ်ဘူး ထပြီးပြောနိုင်မလားဟဲ့”
“ချောင်းဖျားက မြွေဆရာခေါ်ပြီး တွင်ခုတ်ပါလား”
စသည်ဖြင့် တစ်ယောက်တစ်မျိုး ဆူညံစွာ ပြောဆိုလျှက်ရှိသည်။
ဖိုးနီသည် လူအုပ်ထဲတိုးဝင်သွားကာ
“ဟေ့ကောင်ကံလှ … ဘာဖြစ်တာလဲဆိုတာ မြန်မြန်ပြောစမ်း”
ဟု ဆိုကာ လူနာဘေးတွင် ဝင်၍ထိုင်သည်။
“ငါလည်း အတိအကျတော့ မသိဘူးကွ။ ချောင်းထဲမှာ ဒိုင်ဝန်းသွားထိုးရင်း ရေတက်မှပြန်လာတော့ အိပ်ချင်တယ် အိပ်ချင်တယ်ပြောပြီး လှဲနေတာ။ ခေါ်လို့ မရတော့မှ … ”
ဟု စကားကို ဆုံးအောင်မပြောနိုင်ဘဲ အသံတိမ်၍ တိမ်၍သွား၏။
“ဟာ. . . ဒါဆို ဒီအတိုင်းထားလို့ ဘယ်ဖြစ်မလဲကွ။ ဆေးရုံသွားဖို့ မြန်မြန်လုပ်လေ”
ဆေးရုံသွားဖို့အတွက် ငါတို့မှာ ငွေက … ငွေက”
ပြောရင်းမှ ဖိုးနီကိုငေးလျက် ကြည့်လိုက်သည်။
ဟုတ်သားပါလား။ ကံလှတို့ ချုံမှ မဖော်ရသေးတာကို သွားသတိရရင်း ရင်ဘတ်ထဲတွင် ထည့်လာသော ငွေစက္ကူတို့ကိုယောင်၍ စမ်းမိ၏။
ပြီးမှ တစ်စုံတခုကို ဆုံးဖြတ်ရင်း ကံလှလက်ထဲမှ ခွေးပုကို ကောက်၍ ပွေ့လိုက်ပြီး လှေဆိပ်ကို အမြန်ဆင်းခဲ့တော့၏။
သူတို့ရွာကလေးနှင့် တစ်နာရီသာသာ ခရီဝေးသော ညောင်ဝိုင်းတိုက်နယ်ဆေးရုံကလေးသည်မြစ်ကမ်း၏အစပ် လယ်ကွင်း၏နံဘေးတွင် တည်ရှိကာ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင်လှပနေလေသည်။
တာဝန်ကျဆရာဝန်၊ ဆရာမတို့၏ စေတနာအပြည့်အဝနှင့် ကုသမှုမှုကြောင့် လူနာ၏ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီ။
“ဘာမြွေပဲကိုက်ကိုက် ဆေးရုံဆေးခန်းကို အမြန်ဆုံးလာပြဖို့က အရေးကြီးပါတယ်။ ဒေသခံတွေ အနေကလည်း ဆေးရုံဆေးခန်းကို လာပြပြီး ကုသမှုခံယူဖို့ ဝန်မလေးသင့်ပါဘူး။ ပိုက်ဆံရှိမှ ဆေးရုံက ကုပေးတာဆိုတဲ့ အယူအဆကလည်း မမှန်ပါဘူး။
ယခုဆိုရင် နိုင်ငံတော်ကလည်း မြို့ပြနဲ့ကျေးလက်ကျန်းမာရေး အဆင့်ကွာဟမှု နည်းအောင် တိုက်နယ်ဆေးရုံတွေ၊ ဒေသန္တရဆေးခန်းတွေကို လိုအပ်တဲ့ နေရာတွေမှာ ဖွင့်ပေးပြီး ဆေးဝါးပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပေးထားပါတယ်။ တတ်နိုင်တဲ့သူတွေအတွက် စရိတ်မျှပေးစနစ်ကို ကျင့်သုံးပြီး မတတ်နိုင်သူတွေအတွက် တတ်နိုင်သမျှ ကူညီပေးနေပါတယ်။ အဲဒီတော့ ရောဂါဝေဒနာဖြစ်လာရင် အမြန်ဆုံး ဆေးရုံဆေးခန်းကို လာရောက်ပြသကြဖို့ လိုအပ်ပါတယ်”
ဆိုသော တိုက်နယ်ဆရာဝန်လေး၏ စေတနာစကားက ဖိုးနီတို့ရွာသာများအတွက် အားဆေးတခွက်လည်းဖြစ်သလို သူတို့ဘဝအတွက် အလင်းရောင်လည်းဖြစ်၏။
စိတ်ချရပြီဖြစ်သော လူနာကို အစောင့်ထားခဲ့ကာ ဖိုးနီနှင့် ကံလှတို့ လှေကလေးနှင့် ရွာကို ပြန်လာခဲ့ပြီ။ ကံလှသည် လှေဦးတွင် ငူငူကြီး လိုက်ပါလာသည်။
“ဟေ့ကောင်ကံလှ … ဘာတွေ စိတ်ပူနေတာလဲကွ။ မင်းကလေးအတွက် စိုးရိမ်စရာမှ မရှိတော့တာ။ လိုအပ်ရင်သုံးဖို့ မင်းမိန်းမကို ငါ ပိုက်ဆံပေးခဲ့ပါသေးတယ်။ ဘာမှ အားမငယ်ပါနဲ့ကွာ။ အရေးအကြောင်းဆို ငါတို့ရှိပါတယ်ကွ …”
ကံလှသည် ဘာမှပြန်မပြောနိုင်ဘဲ ဖိုးနီကိုသာ တွေတွေကြီး ငေးကြည့်နေရင်းက ရုတ်တရက် လက်အုပ်ချီပြီး ကန်တော့လေတော့သည်။
“ဟ … ဟ … ဟေ့ကောင် ဒါဘာလုပ်တာလဲကွ။ မင်းဟာက”
ဖိုးနီက အလန့်တကြားပြော၏။
“ငါကို ခွင့်လွတ်ပါကွာ။ ငါ မင်းအပေါ်မှာ ယုတ်မာခဲ့မိတယ်။ ယင်းလိပ်ကလေး အရင်မရတာနဲ့ မင်းချုံကိုငါ ဖျက်ခဲ့မိတယ်။ အခု ငါ့သားလေးရဲ့ အသက်ဟာ မင်းပေးတဲ့ အသက်ပါပဲကွာ။ ငါ့ကို ခွင့်လွတ်ပေးပါ …”
“မဟုတ်တာကွာ။ မင်းနဲ့ငါဟာ တစ်ရွာတည်းသားတွေပဲ။ ပြီးတော့ အိမ်နီးချင်း ဘဝတူတံငါသည်တွေ မဟုတ်လား။ တို့အချင်းချင်းမှ မကူညီရင်၊ မရိုင်းပင်းရင် ဘယ်သူတွေက တို့ကို လာကူညီမှာလဲ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ကွာ။ နောက်နောင် မမှားဖို့သာ လိုတာကွ။
ပြီးတော့ ဗဟုသုတ အကြားအမြင်များအောင် စာဖတ်ကွ … ကြားလား။
အခုတို့ရွာမှာ အလင်းရောင်ဆိုတဲ့ စာကြည့်တိုက်ကလေး ဖွင့်ထားတာ မင်းလည်းအသိပဲ။ ရှေးရိုးအစွဲတွေ တတ်ယောင်ကား ဆရာအတုတွေနဲ့ချည်း စခန်းသွားလို့ မဖြစ်တော့ဘူး။
ဆရာလေး ပြောသွားတာ မှတ်မိတယ် မဟုတ်လား။ မင်းတို့ ငါတို့ရဲ့ ဘဝတွေဟာ အရင်တုန်းကလို အမှောင်တိုက်ထဲမှာ မဟုတ်တော့ဘူးကွ။ အလင်းရောင်တွေ သန်းလာပြီ။ ငါတို့တစ်တွေရဲ့ဘဝတွေကို တိုးတက်အောင် ကြိုးစားကြရမယ်။ ဒါမှ ငါတို့ သားသမီးတွေရဲ့ ဘဝတွေလည်း တိုးတက်လာမှာကွ။ ငါတို့ရွာကလေးကနေ ဆရာဝန်တွေ ထွက်မလာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးကွ. . . ”
ဖိုးနီ၏ စကားကြောင့် ကံလှသည် ခွန်အားသစ်များဝင်လာပြီး လှေကို ကျုံး၍ ကျုံး၍လှော်လေရာ လှေကလေးသည် တရိပ်ရိပ်ပြေးလျက်ရှိ၏။
ဟိုး ခပ်ဝေးဝေးရှိ ဝါးခယ်မမြို့ကို ဖြတ်ကူးထားသော ကြိုးတံတားကြီးက သူတို့ကို ဣန္ဒြေကြီးနှင့် လှမ်း၍ ကြည့်လျက်ရှိသည်။
တက်သစ်စ နေဝန်းသည် ကြိုးတံတားကြီးပေါ်မှာ မေးတင်ကာ ပြာလဲ့သော မြစ်ပြင်ကြီးကို ရွှေရောင်ပက်ဖျန်းပေးလျက်ရှိသည်။
ဖိုးနီတို့ ရွာကလေးထိပ်ရှိ “အလင်းရောင်” အမည်ရှိ စာကြည့်တိုက်ကလေးကို လှမ်း၍ မြင်နေရပြီမို့ ရွာနှင့် မဝေးတော့ပါ။ ။
(မြဝတီ မဂ္ဂဇင်း၂၀၀၉ ဒီဇင်ဘာလ)
Uncategorized