July 31, 2025
Uncategorized

ပျားဖွတ်ည

ချမ်းငြိမ်းကျော်
ပျားဖွတ်ည

တကယ်တမ်း သွားကြမည်ဆိုတော့လည်း ယူစရာပစ္စည်းက အများသား။

လေးထောင့်သံပုံးတစ်လုံး၊ ကိုက်ငါးဆယ်ရှည် ကြိုးတစ်ချောင်း၊ တစ်ပေခန့် စို့အချောင်း နှစ်ရာခန့်နှင့် လက်ရိုက်တစ်ခု။

သွားမည့်သူက သုံးယောက်။

သူတို့အရပ် အယူအဆအရ ဘာပဲလုပ်လုပ် သုံးယောက် မသွားရ။ တစ်ယောက် ခလောက်ဆန်သည်ဟု အယူရှိကြသည်။

သို့သော် ကိုလူမော်တို့အလုပ်က သုံးယောက်သာ လိုသည်။ သုံးယောက်ထက် နည်းလို့မရ ၊ နှစ်ယောက်က အပင်ပေါ် တက်မည်။ တစ်ယောက်က အောက်စောင့်။

သည်သုံးယောက်ကလည်း သတ္တိရှိဖို့လိုသည်။

နှစ်ယောက်က သစ်ပင်တက်၍ မျောက်တစ်ကောင် အလား ပေါ့ပါးရမည်။ ထို့အတူ ပင်အောက်စောင့်ကလည်း တစ်ယောက်တည်းမို့ လာသမျှရန်သူကို သတ္တိရှိရှိ ရင်ဆိုင်ရဲဖို့ လိုသည်။

သည်တော့လည်း ကိုလူမော်အဖို့ အတွဲညီမည့်သူကို ရွေးရပြီ။

သုံးယောက်အနက် တစ်ယောက် အသုံးမကျလျှင် ခလောက်ဆန်မည်။ လုပ်ငန်းတွင် အနှောင့်အယှက်တွေ့ နိုင်သည်။

တက်ညီလက်ညီနှင့် သုံးယောက်ပေါင်း လောင်းကျော်မည့်သူကို ရှာရမည်။

သို့သော် ဝေးဝေး ရှာစရာမလို။ ပေညိုနှင့် ဖိုးဆိတ်တို့နှစ်ယောက်ကို သွားတွေ့သည်။

ပေညိုဆိုတဲ့ အကောင်က နာမည်နှင့် လိုက်အောင် ပေသည်။ အ သားညိုညို၊ ပိန်ပါးပါး၊ အရပ် ရှည်ရှည်၊ သစ်ပင် တက်ရဲသည်။ ဘယ်လောက်မြင့်သည့် သစ်ပင်ဖြစ်ပါစေ၊ မျောက်တစ်ကောင်လို တက်နိုင်သည်။ တော်ရုံအကိုင်းအခက်မဲ့သည့် ကိုင်းများပေါ်တွင် လက်လွှတ် ရပ်လျက် လမ်းလျှောက်နိုင်သည်။

ယခင်က ဆပ်ကပ်အဖွဲ့ တစ်ဖွဲ့တွင် ပါခဲ့ဖူး၏။ အဆင်မပြေသဖြင့် ရွာပြန်ကာ လယ်လုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို သစ်ပင်တက်အဖွဲ့ဝင်အဖြစ် ကိုလူမော် ရွေးချယ်လိုက်သည်။

နောက်တစ်ယောက်က ဖိုးဆိတ်။

သည်ကောင်က ကွမ်းခြံကုန်းသား။ ဆံပင်က လိမ်ကောက်ကောက်၊ အသားက မည်းမည်း၊ သွားက ခေါခေါ၊ ဘာလုပ်လုပ် တဇောက်ကန်း။

သို့သော် အပေါင်းအသင်းအပေါ် သံယောဇဉ်ကြီးသည်။ အပေါင်းအသင်းနှင့် ပတ်သက်လာလျှင် ရှေ့က မားမားမတ်မတ် ရပ်၏။ ဘာမဆို လုပ်ရဲ ကိုင်ရဲသည့် သတ္တိ ရှိသည်။ အသောက်အစား ဝါသနာပါသည်။ သူ့ကိုတော့ အောက်စောင့်အဖြစ် ရွေးချယ်လိုက်သည်။

ကိုလူမော့် အတွက် အားထားလောက်သည့် လူ နှစ်ယောက်ပါပေ။

သူတို့နှစ်ယောက်နှင့် တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းရသည်။ ပြီးတော့ တာဝန်ကိုယ်စီ ပေးခဲ့ရသည်။

ပေညိုက စို့ချွန်ရန်နှင့် ဖိုးဆိတ်က မီးတုတ်လုပ်ရန် ဖြစ်၏။ နောက်ပြီး အလုပ်လုပ်ရမှာက ညအချိန်၊ လ မိုက်ညမို့ ဓာတ်မီး တစ်ယောက်တစ်လက်စီပါဖို့ လိုမည်။

လေတဟူးဟူး တိုက်နေသည့်ကြားတွင် ခြစ်နိူင်သည့် ဓာတ်မီးခြစ်ကောင်းကောင်းတစ်လုံး။

ပစ္စည်းများ ပြည့်စုံသည်နှင့် အဖွဲ့ ဝင်များကို ချိန်းလိုက်၏။ သည်အထဲတွင် ကိုလူမော်က ခေါင်းဆောင် မဟုတ်ပါလား။

(၂)

နေစွယ်ကျိုးသည်နှင့် သတ်မှတ်ရာ သင်ပင်ကြီးအောက်တွင် လူစုမိကြသည်။ ပျားဖွပ်မည့် အပင်က ပုဆိုးနှစ်ပတ်စာခန့် ရှိသည်။ သည်အတိုင်း တက်၍ မရ။ စို့ရိုက်တက်မှ ဖြစ်မည်။ သတ်မှတ်ထားသည့် ပစ္စည်းများလည်း ကိုယ်စီ ပါကြပြီ။

ပထမဆုံး ကိုလူမော် လုပ်ငန်းစသည်။ သူ့တွင် ပါလာသော စို့များနှင့် လက်ပံပင်ကြီး၏ ပင်စည်ကို တစ်ချောင်းပြီး တစ်ချောင်း ရိုက်ကာ တက်သွား၏။ခါးတွင် ကြိုးတစ်စကိုချည်ကာ ကြိုးတန်းလန်း နှင့် တက်သွားပြီ။

စို့ကုန်သည်နှင့် ကိုလူမော် ခွဆုံသို့ ရောက်သွား၏။ ကိုလူမော် ရောက်သောနေရာနှင့် မြေပြင်သည် အတော်မြင့်ပေသည်။

ကိုလူမော်၏ ရှေ့ ပေနှစ်ဆယ်ခန့် အကွာတွင် ဆန်ကောနှစ်ချပ်စာခန့် ရှိမည့် ပျားအုံကြီး။

ပါလာသည့် ကြိုးအား ကိုင်းတွင် တစ်ပတ်ရစ်လိုက်ကာ အောက်သို့ ချပေးလိုက်သည်။ ကြိုးနှစ်စ သည် မြေပြင်သို့ ကျလျက် ရှိသည်။ ပြီးမှ ကိုလူမော် အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ပဏာမလုပ်ငန်း ပြီးလေပြီ။

အောက်ရောက်တော့ အတော်ပင် မောဟိုက်နေ၏။ တစ်ကိုယ်လုံး ချွေးတို့ဖြင့် နစ်လျက်ရှိသည်။

“ကိုလူမော် နားလိုက်ပါအုံး”

ရေဘူးကို ပေးရင်း ပေညိုက ပြောလိုက်သည်။

ကိုလူမော်က ရေဘူးကို မော့သောက်ကာ ပျားအုံ ကြီးဆီသို့ မော့ကြည့်လိုက်သည်။ ကိုလူမော်နှင့် အတူ ပေညိုနှင့် ဖိုးဆိတ်တို့ပါ မော့ကြည့်လာကြသည်။

“အင်း ဒီတစ်အုံဆိုရင် အနည်းဆုံး သံပုံးနှစ်ပုံးလောက်တော့ ရမယ်ဗျ”

ဟု ဖိုးဆိတ်က မှတ်ချက်ချသည်။

“အဲဒါ ကိစ္စမရှိဘူး၊ ခင်ဗျား မီးခြစ်ကကော တစ်ခါ ခြစ်နဲ့ တောက်ပါ့မလား”

“ဪ-ခက်နေပါပြီ၊ ကျုပ် မီးခြစ်က ဝမ်းခြစ် ဝမ်းတောက်ပါဗျ၊ ကိုင်း – ဒီမှာကြည့်”

ဖိုးဆိတ်က မီးခြစ်ကို ခြစ်ပြသည်။ လေတိုက်နေသည့်ကြားမှ လက်ကလေးကာပြီး ခြစ်လိုက်၏။ ပြောသည့်အတိုင်း တစ်ခါခြစ် တစ်ခါတောက်၊ ကိုလူမော် ကျေနပ်သွားသည်။

(၃)

တပေါင်းလေရူးက တဟူးဟူး တိုက်ခတ်နေပြန်သည်။ ရော်ရွက်ဝါတို့ကလည်း တဖွဲဖွဲ ကြွေကျနေကြသည်။ တပေါင်းတန်ခူး ပျားဖွပ်သမားတို့ မြူး သည့်လ၊ သည်လကျော်လျှင် ပျားဖွပ်၍ မကောင်း။ မိုးရွာပြီး ပျားအုံထဲ ရေဝင်မည်။ သည်တော့ ပျားရည်စစ်စစ် မရတတ်။

နောက်ပြီး ပျား ဆိုသည့် အကောင်ကလည်း မိုးရွာမည်ဆိုတာနှင့် ပျားရည်များကို ပြန်စုပ်ထားတတ်၏။ ထို့ကြောင့် မိုးဦးမကျမီ ပျားကိုဖွပ်ရခြင်း ဖြစ်သည်။

ပျားဖွပ်ရာမှာလည်း နေ့ဖွပ်၍ မကောင်း။ နေ့အချိန် ဖွပ်လျှင် ပျားတုပ်ပြီး လူပါလိမ့်ကျ သေဆုံးနိုင်၏။

ကိုလူမော်၏ဦးလေး ဦးသန်းစိန် ဆိုလျှင် နေ့ပျား ဖွပ်သဖြင့် ပျားတုပ်ပြီး သစ်ပင်ပေါ်မှ လိမ့်ကျသေ ဆုံးခဲ့ပြီ မဟုတ်ပါလား။

ကိုလူမော်ကတော့ လုပ်ငန်းကို စေ့စပ်မှ ကြိုက်သည်။ ပျားဖွပ်သည် ဆိုတာကလည်း အသက်ကို ဖက်နှင့်ထုပ်ထားရသည့်အလုပ်မျိုး။ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်းဆိုသလို အသက်နှင့် နီးလှသည်။ ပြီးတော့ လုပ်ရ သည့်အလုပ်က အကုသိုလ် အလုပ်။

(ပျားဖွပ်၊ သားတိုး၊ မယားခိုး၊ ဇောက်ထိုး ပါယ်လေးပါး) ဆိုသောစကား ရှိ၏။ ကိုလူမော် မသိ၍ မဟုတ်။ သိပါသည်။

သို့သော် လက်လုပ်လက်စား ဘဝမှာ အရိုးများသော ချေးခါးသော ရွေးမနေနိုင်။ ကျရာ ပင်ပေါက် အလုပ်ကို လုပ်ရမည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ခံ ယူထားသည်။

တစ်ခုတော့ ရှိသည်။ ဥပဒေနှင့် ကင်းလွတ်သည့် အလုပ်ဆိုလျှင် ကိုလူမော်တို့က အချိန်မရွေး။

မှောင်စပျိုးသည်နှင့် ကိုလူမော်တို့ လုပ်ငန်းစပြီ။

“ကိုင်း- ဖိုးဆိတ်ရေ တို့တောင်းတာကို မင်းက သေချာပေး၊ ကြားရဲ့လား။ ပေးတဲ့ပစ္စည်းကိုလဲ ကြိုးနဲ့ သေချာမြဲအောင် ချည်ကွ နော်။ ပစ္စည်းပြုတ်ကျရင် နောက်ဆို ဒီအပင် ပျားမစွဲတော့ဘူးကွ။ အလုပ်လဲဖင့်တယ်၊ သတိဝီရိယလဲ ရှိကွနော်။ ပျားဖွပ်သမားတွေက ခြေချင်းလိမ်နေတာ၊ အလုလဲ ခံရအုံးမယ်”

“စိတ်သာချပါ ကိုလူမော်ရ၊ ကျုပ် တစ်ခါမှ မလုပ်ဖူးပေမယ့် ပျားခိုးဖွပ်တာတို့၊ ပျားရည်လုတာတို့ ကြားဖူးနားဝ ရှိပြီးသားပါ။ ခင်ဗျားတို့သာ စိတ်ဖြောင့်အောင်လုပ်။ ကျုပ်တာဝန် ကျေစေရမယ်”

ဖိုးဆိတ်က ရင်ကော့ တာဝန်ယူလိုက်သည်။ သည်တော့မှ ကိုလူမော် စိတ်အေးသွားကာ သစ်ပင်တက်ရန် ပြင်တော့၏။ သစ်ပင်မတက်မီ လက် အုပ်ချီကာ ကန်တော့ရသည်။ ပြီးလျှင် အပင်ပေါ်သို့ စို့များနင်းကာ တက်သွား၏။

သူပြီးတော့ ပေညို ။

နှစ်ယောက်စလုံး အပင်ပေါ် ရောက် နေရာယူလိုက် သည်နှင့် အမှောင်သည် ကြီးစိုးလာ၏။ အထက်နှင့် အောက် မမြင်ရတော့။ လဆုတ် ဆယ်ရက်ညမို့ ပို၍ဆိုးသည်။ ကိုလူမော်က ဓာတ်မီးနှင့်ထိုးကာ အောက်သို့ ပစ္စည်းတောင်းသည်။

အပင်ပေါ်မှာ လေတဟူးဟူး တိုက်နေသည်။ စကားပြော၍ မရ။ ပြောလျှင်လည်း အောက်မှ ကြား ရမည်မဟုတ်။

သို့သော် ဖိုးဆိတ်က မီးတုတ်ကို ကြိုးဖျားတွင် ချည်ကာ ပေးလိုက်သည်။ ကိုလူမော်နှင့် ပေညိုတို့ကကြိုးစကို တဖြည်းဖြည်း ဆွဲကာယူလိုက်၏။

ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ရာ တိတ်ဆိတ် နေသည်။ အပင်ပေါ်က လူများ အသက်နှင့်ရင်းကာ လုပ်ကိုင်နေရ၏။

ထို့အတူ အပင်အောက်မှ ဖိုးဆိတ်မှာလည်း မြွေ၊ ကင်းနှင့် ပျားရည်လုမည့် သူများကို သတိထားနေရ၏။ အခုလို အမှောင်မျိုးနှင့်ဆိုလျှင် တော်ရုံလူ အပင်အောက်မှာ တစ်ယောက်တည်း မနေရဲ။ ဒါပေမင့် ဖိုးဆိတ်ကမူ သတ္တိအပြည့်။ စိတ်တည်ငြိမ်စွာ ထားပြီး လုပ်ကိုင်ပေးနိူင်ခဲ့သည်။

ကိုလူမော်နှင့် ပေညိုတို့ မီးတုတ်အား မီးစတင်ရှို့လိုက်၏။ လေတိုက်ခတ်မှုကြောင့် မီးခိုးများ အူလာ၏။ မီးခိုးဒဏ်ကြောင့် ပျားကောင်များ တဝီဝီအော် မြည်ကာ မီးခိုးတန်းကြီးနှင့်အတူ လေအောက်သို့ ပါ သွားလေတော့သည်။ ပျားကောင်များနောက်သို့ မီးပွားများ လွင့်ပါသွားတော့၏။

လေမရှိလျှင် ပျားဖွပ်ရသည်က မလွယ်။ ပျားကောင်များ အောက်တည့်တည့်ကျလာပြီး အောက်ကလူ ကို ကိုက်မည်။ နောက်ပြီး အပင်ပေါ် အုံရှိရာသို့ အမြန် ပြန်တက်လာပြီး ပျားဖွပ်သူကို ကိုက်မည်။

တော်ပါသေးရဲ့ ၊ ခုတော့ လေနှင့်အတူ ပါသွားပြီ။ မနက်မိုးလင်းမှသာ အုံရှိရာသို့ ပြန်ရောက်တော့မည်။

ပျားကောင်တွေ ကုန်သည်နှင့် မီးတုတ်ကို အောက်ချ ပေးလိုက်သည်။ ဖိုးဆိတ်က သံပုံး ပြန်ချည်ပေးလိုက်၏။ ကိုလူမော်က သံပုံးကို အပေါ်သို့ တဖြည်းဖြည်း ဆွဲယူလိုက်၏။

ပြီးလျှင် ပျားအုံအောက်မှ သံပုံးခံကာ ပျားလပို့အား ဓားဖြင့်လှီးထည့်လိုက်သည်။ အားလုံး ပြောင်ပြီဆိုမှ ပျားသလက်နှင့်အတူ အောက်သို့ ပြန်ချပေးလိုက်သည်။ အောက်ရောက်လာသည်နှင့် ပျားရည်ပုံးအား ဖိုးဆိတ် ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်။ များပြား လိုက်သည့် ပျားရည်တွေ၊ မိုးမကျသေး၍ထင့်၊ ပျားရည်တွေက မှန်းသည်ထက် ပိုရနေပေပြီ။

ဖိုးဆိတ် ဝမ်းသာသွား၏။ ချည်ထားသည့် ကြိုးများ ပြန်ဖြေပေးလိုက်သည်။

ကြိုးစသည် တက်လိုက် ဆင်းလိုက်။ ထို့အတူ အပင်ပေါ်မှပစ္စည်းများ အောက်သို့ တစ်ခုချင်း ချပေးနေသည်။

သူတို့လှုပ်ရှားမှုက သွက်သွက်လက်လက်။ ကိုယ့်တာဝန်ကိုယ် ဟာကွက်မရှိ ကျေပွန်စွာ ထမ်းဆောင် နေကြသည်။ နောက်ဆုံးမှ ကိုလူမော် ဆင်းလာခဲ့သည်။ ပစ္စည်း စုံ မစုံ စစ်ဆေးရသည်။

အလာတုန်းကလို မဟုတ်တော့။

ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့ ဆိုထုံးစကား ရှိသည်။

ကိုလူမော်တို့ အလုပ်က ထိုစကားနှင့် ပြောင်းပြန်။

ပွဲသွားမော့မော့၊ ပွဲပြန်ကြော့ကြော့ ဟု ဆိုရမလောက်ပင်။ ပျားရည်တွေကလည်း တနင့်တပိုး။ ကျေနပ်ဖွယ် ကောင်းပါဘိ။

“ကိုင်း-ဖိုးဆိတ်ရေ၊ တို့တော့ တော်တော်ပင်ပန်းနေပြီကွ၊ ဒီတော့ ပျားရည်ပုံးကို မင်းထမ်းခဲ့ကွာ”

“ရပါတယ် ကိုလူမော်ရ။ ဒီပျားရည်ပုံးလောက်တော့ ကျုပ်တာဝန် ယူရမှာပေါ့။ ခင်ဗျားတို့က အပင်ပေါ် သက်စွန့်ဆံဖျားတက်ပြီး ပျားရည်ပုံးလောက်မှ ကျုပ်မထမ်းဘူးဆိုရင် ဘယ်တရားပါ့မလဲ”

“ဒီလို သဘောမထားပါနဲ့ ဖိုးဆိတ်ရာ၊ တို့လဲ ကူထမ်းမှာပါကွ၊ တစ်လှေထဲစီး တစ်ခရီးတည်းသွား ဆိုတာ အေးအတူ ပူအမျှပေါ့ကွာ။ မင်းမောပြီဆိုရင် တို့တစ်လှည့်ထမ်းမယ်၊ ကဲ-ပစ္စည်းတွေ ယူ၊ ပြန်ကြရအောင်”

ပစ္စည်းများ အသီးသီးထမ်းကာ ရွာဘက်ဆီသို့ ပြန်ခဲ့ကြသည်။

သူတို့ လက်ထဲမှာတော့ ငှက်ကြီးတောင်ဓား ကိုယ်စီနှင့်။ ကျရောက်လာမည့် အန္တရာယ်ကို သူတို့ မမြင်နိုင် ကြ တကား။

(၄)

သုံးယောက်သား ခရီးနှင်လိုက်ရာ နာရီဝက်ခန့်အကြာ ရွာဘေးရှိ ရှားတောကြီး အနားသို့ ရောက် လာကြ၏။

ကိုလူမော် ရှေ့မှ ခြေသံလိုလို ကြားရသည်။ ခေါင်းနားပန်း ကြီးသွားရ၏။ ညသန်းခေါင်ကျော် အချိန်တွေ လင့်ခါမှ အသံတွေ ကြားနေရ၏။ နာနာဘာဝတွေ များလား။ ကိုလူမော် အယုံအကြည်တော့ မရှိ။ သို့သော် စိုးရိမ်စိတ်ကလေးကတော့ ဝင်လာသည်။

လဆုတ် ဆယ်ရက်ညမို့ ညနှစ်နာရီခန့်တွင် လ ထွက် သည်။ လရောင်က မိုးသားမိုးရိပ်ကြောင့် မှုန်ဝါးဝါး၊ တပေါင်း တန်ခူး မိုးသားကျူးသည့် အချိန်။

တဖြည်းဖြည်း ကိုလူမော်တို့ကို လူလေးယောက် ဝိုင်းပတ်လိုက်ကြသည်။ ကိုလူမော်တို့ တစ်ခုခုလုပ်မှ တော်မည်။ ဘယ်သူဘယ်ဝါလည်း မသဲကွဲ။ ရန်သူသာ ဖြစ်ရမည်၊ မိတ်ဆွေတော့ ဘယ်နည်းနှင့်မျှ မ ဖြစ်နိုင်။

“ဟေ့ လူမော် အဆင်သင့် လိုက်လေကွာ၊ မှာထား အလားသင့် ဆိုသလိုပါပဲ၊ စောင့်ရတာ ကြာလိုက်တာ၊ မင်းတို့ဆီက ပျားရည်ပုံး ဒီကိုပေးစမ်း”

ကိုလူမော် ဒေါသ ထောင်းခနဲ ထသွားသည်။ လက်ကလည်း ဓားကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ တစ်ဘက်လူက သူ့ကို သိနေသည်။ တစ်ဘက်လူကိုမူ သူ မသိရသေး။

“ခင်ဗျား ဘယ်သူလဲ”

“ငါဘယ်သူဆိုတာ မင်းသိဖို့ မလိုပါဘူး၊ ငါတောင်းတာကိုသာ ပေးစမ်းပါ”

“ခင်ဗျား ဘယ်သူလဲဆိုတာ မသိဘဲနဲ့ ကျုပ်က ဘယ်လိုလုပ် ပေးရမှာလဲ၊ မပေးနိုင်ဘူး။ ခင်ဗျား နောက်ဆုတ်လိုက်ပါ။

မရဲသော်လည်း ပြေးခဲစေ ဆိုသလို ကိုလူမော် ပြောလိုက်သည်။

တကယ်ဆို ကိုလူမော်အနေနှင့် ကြောက်စရာမလို။ ဖိုးဆိတ် တစ်ဦးတည်းနှင့်ပင် လူလေးယောက်ကို အနိူင်ယူနိုင်သည်။

“ဒီကောင်တွေသိအောင် ပြောပြလိုက်စမ်းပါဗျာ၊ မသေခင် သိသွားရတာပေါ့”

ဘေးမှ အဖော်တစ်ဦးက ဝင်ပြောလိုက်၏။ ခေါင်းဆောင်လုပ်သူက သဘောပေါက်သလို ခေါင်းတညိတ်ညိတ်လုပ်ရင်း-

“အေး မင်းသိအောင် ပြောလိုက်မယ် လူမော်၊ ငါ့နာမည် ထွန်းကျော်ပဲ”

“ကိုထွန်းကျော်”

နှုတ်မှ နာမည်ကို တိုးတိုးရွတ်လိုက်မိ၏။ ကိုထွန်းကျော် နာမည်ကြားသည်နှင့် ကိုလူမော် အံ့အားသင့် သွားသည်။ ကိုထွန်းကျော်မှာ မြို့ပေါ် ပရဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သည်။ သူ့ဆိုင်တွင် ပျားရည် တင်ရောင်း၏။ ပျားရည်ကတော့ မစစ်။

ကိုလူမော်တို့လို ပျားဖွပ်သမားတွေထံမှ ပျားရည်ကို ဈေးနှိမ်ဝယ်သည်။ ပြီးလျှင် သကြားရည်၊ သကာရည်တို့နှင့်ရောကာ ရောင်းသည်။ မသိသူများကတော့ ဝယ်ကြသည်။ တကယ် စစ် မစစ် သိသူတွေကတော့ ကိုလူမော်တို့လို ပျားဖွပ်သမားထံ လာဝယ်ကြ၏။

ကိုလူမော်တို့ကတော့ ပျားရည်ကို ဘာမျှမရော။တချို့ပျားသမားတွေက ပျားသလက်ကို ပျားရည် ထဲ ညှစ်ချတတ်ကြသေးသည်။ ကိုလူမော်တို့ကတော့ သည်လိုမလုပ်။ ရသမျှပျားရည်ကို ဆေးဝါးသုံးမည့်သူကို ရောင်းသည်။ တစ်ပုလင်းကိုတော့ ရွာဦးကျောင်း ဆရာတော် စတုမဓူ ဖျော်ဖို့ လှူသည်။

ကျန်တာတွေ အားလုံး စစ်မှုထမ်းဟောင်း ပျား ရည်ကုန်ထုတ်သမဝါယမအသင်းကို ရောင်းပစ်သည်။ သည်တော့လည်း ဝိသမသမားတွေ အခက်တွေ့ရပြီ။

“ဒီမှာ လူမော်၊ ပျားရည်တွေကို ထားခဲ့ပါ၊ မင်းကို စစ်မှုထမ်းဟောင်းကပေးတဲ့ဈေးထက် ငါ တိုးပေးပါ့မယ်”

“ခင်ဗျားကို ဘယ်နည်းနဲ့မှ မပေးနိုင် မရောင်းနိူင်ဘူး ကိုထွန်းကျော်။ ခင်ဗျားတို့က ပျားရည်စစ်စစ်ကို သကာရည်၊ သကြားရည်တွေနဲ့ ရောမှာဗျ”

“အဲဒါ ဘာဖြစ်သလဲ၊ ကုန်သည်ပွဲစားဆိုတာ အမြတ် ရရေးအတွက် လုပ်ကြရဘာပဲ။ ကောင်းတာနဲ့ မကောင်းတာနဲ့ ရော၊ ကောင်းတဲ့ဈေးနဲ့ ရောင်း၊ ဒီလိုပဲ လုပ်ကြရတာပဲ။ မင်းလိုဆို ဈေးရောင်းမစားဘဲ အလှူပေးစားရမလို ဖြစ်နေပြီ။ ကြိုက်တဲ့သူ ဝယ် ပေါ့ကွ၊ မကြိုက်တဲ့သူ နေပေါ့။ မင်းကို မထိခိုက်ပါဘူး လူမော်ရ”

“မလှူနိုင် ဈေးရောင်းဆိုတဲ့ စကားရှိတယ် ကိုထွန်း ကျော်၊ အင်္ဂလိပ်ဆေးတွေက အတုတွေထွက် နေတော့ လူတွေက သိပ်မသုံးရဲကြတော့ဘူး။ ဒီတော့ တိုင်းရင်း မြန်မာဆေးဘက်ကို လှည့်လာတယ်။ ဒီ အချိန်မှာလဲ ဆေးဝါးသုံးတဲ့ ပျားရည်က သကြားရည်၊ သကာရည်တွေနဲ့ ရောထားတော့ သုံးတဲ့လူတွေ သိတဲ့အတိုင်းပဲ ကိုထွန်းကျော်။ ရင်ကျပ်၊ ချွဲကျပ်ပြီး ရောဂါ ပိုတိုးလာတယ် မဟုတ်လား။ ကျုပ်ဖွပ်တဲ့ ပျားရည်ဟာ လူတွေအတွက် ဆေးပဲ ဖြစ်ရမယ်။ ဘေးဖြစ်မယ့်အတွက်ဆို ကျုပ် မရောင်းနိူင်ဘူး။ ဒါဟာ ကျုပ်ရဲ့ နောက်ဆုံးစကားပဲ ကိုထွန်းကျော်”

“ဒါပေါ့ကွ၊ အရူးဘုံမြှောက် ဆိုတာလို။ ရွာထဲမှာ လူကြီးဖြစ်တာနဲ့ ကြီးကြီးကျယ်ကျယ် ပြောနေလိုက်တာ”

ကိုလူမော် သိလိုက်ပါပြီ။ သူ့အပေါ် အနူနည်းနဲ့မရလျှင် ကြမ်းကြ ရမ်းကြတော့မည်။ ဝိသမသမားတွေကိုတော့ ရှင်းမှ ဖြစ်မည်။

နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်ဟာကိုတော့ ကိုလူမော် သဘောပေါက်ပါသည်။ သို့သော် အဆောက် အအုံတစ်ခု တည်ဆောက်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်သည်ပင် အရေးကြီးသည် မဟုတ်ပါလား။

ဝိသမသမားတွေကို နှိမ်နှင်းလိုက်ပါက မိမိအနေနှင့် သဲကောင်းတစ်ဆုပ်၊ အုတ်ကောင်းတစ်ချပ်ပမာ တာဝန်ကျေပေမည်။

စကားမဆုံးမီမှာပင် ကိုထွန်းကျော်က ငြာသံပေးကာ ကိုလူမော်အား ဓားနှင့် ပင့်ပိုင်းသည်။ ကိုလူမော်က ဓားနှင့်ဆီးခံကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

တစ်ပြိုနက်တည်းမှာပင် ပေညိုတို့ ဖိုးဆိတ်ကလည်း ဓားဆွဲလျက် ရှေ့တက်လာ၏။ သည်မှာတင် သုံး ယောက်နှင့် လေးယောက် တိုက်ပွဲက စပြီ။

သို့သော် ကိုလူမော်တို့ဘက်က အသာရနေ၏။

ဖိုးဆိတ်က သိုင်းသမား၊ သူ့ပညာကို တိုင်းပြည် အတွက် ဒီနေရာမှာ ထုတ်သုံးရပြီ။ လရောင်က လင်းလာ၏။ လရောင်ကြောင့် ဓားသွားများက တလက် လက်နှင့်။ ဓားချင်းခတ်မိသည့်အခါတိုင်း မီးပွင့်ကလေးတွေက တလက်လက်။

ကိုလူမော် သတိရလိုက်သည်။ သူတို့တွင် ပါလာသည့် ရေနံဆီမီးတုတ်ကြီးအား မြေတွင် စိုက်လိုက်၏။ ပြီးလျှင် မီးတင်ရှို့လိုက်သည်။ မီးတောက်ကြီးက လင်းထိန်လျက်။ တိုက်ပွဲလေးမှာလည်း မီးရောင် အောက်မှ တိုက်ပွဲအဖြစ် ပြောင်းလဲသွား၏။

လူတွေမှာလည်း ချွေးတွေဖြင့် ရွှဲနေကြပြီ။ တိုက်ပွဲက မထူးခြားသေး။ ဖိုးဆိတ်က နှစ်ယောက် တစ် ယောက် ရင်ဆိုင်နေရ၏။ ကိုလူမော်နှင့် ပေညိုက တစ်ယောက်စီ တာဝန်ယူထားကြသည်။

တစ်ဘက်လူမှာ မြို့သားများဖြစ်သဖြင့် ကြာရှည် တိုက်ပွဲမဝင်နှိုင်။ လက်ပန်းကျပြီ။ ဒဏ်ရာအနည်းငယ် စီလည်း ရနေကြပြီ။

ထိုစဉ် ရွာဘက်မှ လူတစ်သိုက် ဓာတ်မီးရောင် တဝင်းဝင်းနှင့် ငြာသံပေးကာ ပြေးလာကြသည်ကို တွေ့လိုက်ရ၏။

တစ်ပြိုင်နက်တည်းမှာပင် ကိုထွန်းကျော်နှင့်အဖွဲ့ အ ချက်ပေးကာ ထွက်ပြေးသွားကြ၏။

ကိုလူမော်တို့ မလိုက်နိုင်မီမှာပင် အမှောင်တွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ဖိုးဆိတ်ကပြေးလိုက်မည့်ဟန် ပြင်လိုက်သေးသည်။ ကိုလူမော်က ဆွဲထားလိုက်ရ၏။

ကျေးရွာအကြီးအကဲ ဦးကျော်ခိုင်နှင့်အဖွဲ့ ရောက်လာကြသည်။

“ကင်းသမားက မီးတောက်ကြီးတွေ့တယ်၊ လူတွေလဲ တိုက်ခိုက်နေတာ တွေ့ရတယ်ဆိုပြီး သတင်းပို့လို့ လိုက်လာခဲ့တာပဲ။ ထင်တော့ ထင်သား ၊ လူမော်တို့ပဲ ဖြစ်မယ်၊ ဒီည ဒီကောင်တွေ ပျားဖွပ်သွားတယ်။ ပျားရည်လုတဲ့ အချောင်သမားတွေနဲ့ တွေ့တာဖြစ်ရမယ်လို့၊ ခုတော့ ထင်တဲ့အတိုင်းပါပဲလား၊ မင်းတို့ ဘယ်ထိကြသေးလဲ”

“မထိပါဘူး ဦးလေးရယ်၊ ကံကောင်းလို့ပေါ့၊ သူတို့က ကျွန်တော်တို့ပျားရည်ကို အတင်းလုဖို့ ကြိုးစား တာနဲ့ ဆော်ရတာပဲ၊ ဒဏ်ရာ နည်းနည်းပါးပါးတော့ ရသွားကြတယ် ထင်ပါရဲ့”

ကိုလူမော်က အကြောင်းစုံ ရှင်းပြလိုက်သည်။ ထို့နောက် ပျားရည်ပုံးအား ထမ်းလျက် ရွာလူကြီးများ နှင့်အတူ ပြန်လာခဲ့သည်။

( ၅)

ထိုနေ့ညက ကြုံတွေ့ ရသော ပျားဖွပ်ည အတွေ့အကြုံအား ကိုလူမော်တို့အဖို့ ပြောမဆုံးနိူင် ဖြစ်ခဲ့ရ သည်။

ထို့အတူ ကိုလူမော်တို့ တစ်သက် မေ့နိုင်တော့မည် မဟုတ်ပါချေ။ ။

မြဝတီမဂ္ဂဇင်း၊ ၁၉၈၉ – စက်တင်ဘာ)

– ပြီး –

စာရေးသူ – ချမ်းငြိမ်းကျော်

Leave a Reply

Your email address will not be published. Required fields are marked *