ဆင်ဖြူကျွန်းအောင်သိန်း
”ပျားမုဆိုးတွေ”
“ဥဩ … ဥဩ”
ရေငတ်၍ပင် အော်လေသလော။ အဖော်ကွဲ၍ပင် တွန်ကျူးသလော။ စမ်းပေါ်ချောက်၏ တစ်ဖက်ကမ်းသို့ အေးဆောင်မျှော်ကြည့်၏။ အသံသာသော ငှက်နက်ကို မမြင်ရပါ။
သို့ရာတွင် အေးဆောင်သည် ငှက်နက်ကို တွေ့အောင် မရှာနိုင်ပါ။ ရေညှိစိမ်းများ ရွှံ့စိုများတွင် လာရောက်နားသော ပျားများကို စောင့်ကြည့်နေရသဖြင့် အာရုံကို ကြာရှည်မဖြန့်နိုင်ပါ။ ငှက်ပျောအူမျှင်များ ချထားသည့်နေရာသို့ မျက်တောင်မခတ်ဘဲ ကြည့်နေရ၏။
အေးဆောင်သည် ယနေ့ပျားမုဆိုးလုပ်မည်။
သို့ကြောင့် သူသည် ရေသောက်ရန်လာသော ပျားကောင်များကို စောင့်ကြည့်နေခြင်းဖြစ်၏။ သို့သော် လူ့မျက်စိသည် ပျားကောင် ပျံသန်းရာသို့ အရအမိမလိုက်နိုင်ပေ။
တစ်မိုင်အတွင်းတွင်ရှိသော ပျားအုံမှ ပျားများသည် ရေရှိသော နေရာ၊ ရေစိုသော မြေများ၊ ရေညှိများကို စုပ်ယူခြင်းဖြင့် ရေသောက်ပြီးနောက် ရိုးရိုးထပျံသည်။
တစ်မိုင်ကျော်သော နေရာရှိ ပျားအုံသို့ ပျံသန်းသောပျားများကား အပေါ်သို့ ထောင်တက်သွားသည်။ ထောင်တက်သည်ဖြစ်စေ ထမ်းပိုးထမ်းပျံသန်းသည်ဖြစ်စေ လူ့မျက်စိက ကြာကြာမမြင်ရပေ။
မည်မျှပင် အမြင်အာရုံကောင်းသူဖြစ်စေ ပျားတစ်ကောင်ကို ခဲတစ်ပစ်အတွင်းမှာသာ မြင်နိုင်သည်။
ပျားမုဆိုးကား ဖြစ်နိုင်လျှင် ရေအိုင်မှ ထပျံသွားသောပျားကို အစအဆုံး မြင်လိုငြား မမြင်ရပေ။ ထိုအခါ မုဆိုးက ဉာဏ်ကူသည်။
ပျားလာပြီး ရေသောက်မည့် ရေညှိပေါ်၊ သို့မဟုတ် မြေစိုပေါ်တွင် စေးကပ်ပေါ့ပါးသော အမျှင်ကလေးတွေ ချထားသည်။
ပျားက ရေသောက်ရန်လာသည်။ ကောက်ကျစ်သော ပျားမုဆိုး၏ အစီအရင်ကို ပျားမသိပါ။ ရေသောက်သည်။ ရေအဝတွင် ထပျံသည်။ ပျားမုဆိုးချထားသော စေးကပ်အမျှင်က ခြေတွင် ကပ်ပါလာ သည်။ ထိုအမျှင်က ပျားမုဆိုးအတွက် လမ်းပြဖြစ်သည်။
ယခုလည်း အေးဆောင်က ပျားစောင့်နေခြင်းဖြစ်၏။
“ဥဩ ဥဩ”
နှစ်လိုဖွယ်ကောင်းသောအသံ သာသာယာယာကလေး ဖြစ်သော်ငြား အေးဆောင် ကြာကြာမငေးနိုင်ပါ။ သူစောင့်ကြည့်နေသော ပျားတိုင်းသည် ထောင်၍ ထောင်၍ တက်နေကြ၏။ လူက တောင်ကုန်းတွေ၊ ချောက်တွေ၊ ယာတွေကိုဖြတ်ပြီး မလိုက်နိုင်ပါ။ ဖြူဖြူအမျှင်ကလေး တလွင့်လွင့်ကိုလည်း ကြည့်ရမည်။ ကုန်းကမူတွေ၊ ချောက်ကမ်းပါးတွေကိုလည်း ဖြတ်ရမည်။ မတတ်နိုင်ပါ။
သို့အတွက် အေးဆောင်သည် ထမ်းပိုးထမ်းပျံမည့်ပျားကို စောင့်သည်။ ပျားများက အေးဆောင်အတွက် လမ်းမရအောင် ပျံသန်းသည်။ ကြည့်နေဆဲ၌ ပျောက်သွားသဖြင့် အေးဆောင်ပြန်ထိုင်ရသည်။
“အဲ ဟုတ်ပြီ”
လမ်းသာသည့်ဘက်သို့ အေးဆောင်ခြေလှမ်းပြင်ထားငြား ပျားက ဆန့်ကျင်ရာဘက်သို့ ပျံသန်းကြ၏။ အေးဆောင် စိတ်မပျက်ပါ။
သူ့ဘက်သို့ ဖြူဖြူအမျှင်ကလေး ပျံသန်းလာသည်။ အေးဆောင် ပြေးသည်။ ဖြူဖြူအမျှင်ကလေးသည် တန်းပြီး ပျံသန်း၏။ အေးဆောင် မျက်တောင်မခတ်ဘဲ အတင်းပြေးသည်။ အတောင်ပါသောပျားက တည့်မတ်ဖြောင့်တန်းစွာ ပျံသန်းနိုင်သော်ငြား အေးဆောင်မှာ ယာကို ကွေ့ရသည်။ ကွေ့နေဆဲမှာပင် ဖြူဖြူအမျှင်ကလေး ပျောက်သွားသည်။
မည်သည့်ဘက်သို့ မှန်းဆပြီး လိုက်မည်နည်း။ မလိုက်တတ်ပါ။ စမ်းရှိရာသို့ ပြန်သွားမည်လော။ ခရီးကြုံပျားကို စောင့်ကြိုမည်လော။ ဆူးစူးသောကြောင့် ‘မျက်’ သည်ထင်ရသောနေရာကို အေးဆောင် ငုံ့မကြည့်အား။ လက်ဖြင့်စမ်းကြည့်ရင်း ပြာစင်သော ကောင်းကင်ကို မော့ကြည့်နေစဉ် တလွင့်လွင့်ဖြင့် ဖြူဖြူအမျှင်ကလေးတစ်မျှင် မျောလွင့်လာပြန်သည်။
“ဟန်တာပဲဟေ့”
အေးဆောင် မော့ကြည့်ရင်း ပြေးလိုက်သည်။ သို့သော် စွန်လက်သည်းချုံကြီးတစ်ခု ခံနေသဖြင့် အေးဆောင် ဆက်မလိုက်နိုင်ပါ။ စွန်လက်သည်းချုံကို သူ့တွင်ပါသော ဓားမတိုကလေးဖြင့် မထွင်နိုင်ပါ။ တစ်တောင်မျှကို သူခုတ်ထွင်နေဆဲ၌ မိုးပြာထဲက ဖြူဖြူအမျှင်ကလေး ပျောက်သွားပြီ။
သူ စိတ်မပျက်ပါ။
စွန်လက်သည်းချုံကို ကွေ့ပတ်ပြီးလာသည်။ တစ်ဖက်သို့ ရောက်ချိန်တွင် ဝမ်းဟာလာငြား ထမင်းထုပ် မပါပါ။ ရေဘူးကို ခါးတွင် ထိုးထားသည်။ ဖွင့်သောက်သည်။
ဆာလောင်သည်က ထမင်း။ ဖြည့်တင်းသည်က ရေ။ အဘယ်မှာ တင်းတိမ်ပါမည်နည်း။ တင်းတိမ်မှု မရှိရုံသာမက ပိုပြီး ဆာလောင်လာ၏။
သို့သော် ဖြူဖြူအမျှင်ကလေးတစ်ခုသည် မိုးပြာပြာနောက်ခံလျက် လွင့်မျောလာပြန်၏။ အေးဆောင် မော့ကြည့်ပြီး ပြေးသည်။ ဝါးနှစ်ရိုက်ထက် အေးဆောင် ပိုပြီးပြေးခွင့်မရ။ ချောက်တစ်ခု ခံနေသည်။
မော့ကြည့်လျက် ချောက်ထဲသို့ အေးဆောင် ဆင်းသည်။ သစ်မြစ်အဆွေးတစ်ခုကို အားပြုသဖြင့် ကမ်းပါးစောက်ပြုတ်ကျသည်။ လက်လှမ်းမီသမျှကို အေးဆောင် ဆွဲ၏။ မြက်ပင်တွေ ကျွတ်ပြီးပါလာ၏။ သစ်ကိုင်းကလည်း အဆွဲမခံဘဲ ကျိုးထွက်ကာ ပါလာ၏။
အေးဆောင်မှာ ဖမ်းဆွဲသမျှ လက်ထဲပါလာကာ တစ်လံကျော်မျှ တရကြမ်းထိုးဆင်းလာပြီးမှ မခိုင့်တခိုင်သစ်ငုတ်ကလေးကို သွားဆွဲမိ၏။ လူက အကျရပ်သွားငြား ချောက်ကား မဆုံးသေးပေ။ မျောက်မြားမြက်တွေ၊ မြက်ခါးတွေ ကာနေသဖြင့် ချောက် မည်မျှနက်သေးသနည်း။ အေးဆောင်မသိ။
ချောက်ကမ်းပါး မည်မျှနက်သည်ကို မမြင်ရသည့်နည်းတူ၊ သည်ချောက် မည်မျှကျယ်သနည်း၊ ချုံတွေပိတ်နေသဖြင့် အေးဆောင် မသိပါ။ ဆက်လက်မဆင်းမီ တစ်ချက် မော့ကြည့်ချိန်တွင် မိုးပြာနောက် ခံလျက် ဖြူဖြူအမျှင်ကလေးတစ်မျှင် လွင့်မျောသွားသည်ကို မြင်ရ၏။ အေးဆောင် မတတ်နိုင်ပါ။
သည်ချောက်ကမ်းပါး၏ ထိပ်သို့ရောက်ရန် မည်မျှကြာမြင့်ဦးမည် မသိပါ။ သို့အတွက် အေးဆောင်သည် ဓားမတိုကလေးကို မြဲမြဲဆုပ်ထားသည်။ ဤအရပ်၌ ကျား၊ ဝက်ဝံ၊ ကျားသစ်၊ ခွေးအ ရှိသည်ဟု မကြားဖူးငြား၊ မလိုလည်း လိုလည်းသဘောဖြင့် ဓားကို မြဲမြံစွာ ဆုပ်ကိုင်လျက် ဆင်းသည်။
လောလောဆယ် အေးဆောင် သတိထားရန်မှာ မြွေဖြစ်သည်။
သေးငယ်သောမြွေက ကိုက်မည်။ မြွေကိုက်ခံရလျှင် ချောက်ကမ်းပါးပေါ် သို့ မရောက်မီ အဆိပ်တက်ပြီးသေမည်။ မြွေအကြီးကြီးရှိနိုင်သော နေရာဖြစ်သဖြင့် မြွေကြီးကြီးနှင့်တွေ့ လျှင် အပတ်ခံရမည်။ ဓားမတို၏ မထိရောက်သော ခုတ်ထစ်မှုကို ဖုံးလွှမ်းပြီး လူကိုမျိုပစ်လိမ့်မည်။ မတတ်နိုင်ပါ။
အေးဆောင် ဆက်လက်ပြီး ဆင်းသည်။ မြွေကို မတွေ့စေကာမူ မြွေရေခွံကို တွေ့သည်။ ရေကလေးစပ်စပ် တွေ့သည်။ မကြာမီ ချောက်ကမ်းပါးတစ်ဖက် နံရံကို တက်မိ၏။ ဒိုးနွယ်များကို သူ၏ဓားမတိုက မဖြိုခွင်းနိုင်ပါ။ နွယ်ပင်များကြားသို့ တိုးဝင်ရ၏။ တိုးထွက်ရ၏။
အေးဆောင်ကြောက်သောအရာမှာ မြွေဖြစ်သည်။ သို့အတွက် လက်သန်းသာသာ သစ်ကိုင်းတစ်ကိုင်းကို ခုတ်ယူသည်။ လူရှေ့တွင် ကာဆီးနေသော မြက်တွေကို သစ်ကိုင်းဖြင့် ထိုးရ၊ ရိုက်ရသည်။
“ခုနေများ တောမီးလောင်ရင်တော့လား”
ကြံကြံဖန်ဖန်တွေးသော အတွေးဝင်လာသည်နှင့် တစ်ပြိုင်နက်တည်း အေးဆောင်ထိတ်လန့်၏။
မည်သို့မျှ ပြေးလမ်းမသာဘဲ သေရတော့မည့်အခြေအနေပါကလားဟု အသိဝင်လာ၏။ ချောက်ကမ်းပါး နံရံကို အတင်းတက်၏။
မြက်ပင်တွေမှာ ဆွဲတိုင်းမရပေ။ ဆွဲ၍ရသော မြက်ပင်က အပေါ် သို့ ပို့ပေးငြား ဆွေးနေသောမြက် ပြတ်ကျလျှင် အေးဆောင်လျှောကျသည်။ ပင်ခြေမှ ကျွတ်ထွက်လျှင်လည်း အေးဆောင်မှာ အပေါ်သို့ ရောက်ရမည့်အစား အောက်သို့ပြန်ရောက်၏။
“ဟာ အမေက ဟင်းရွက် အခုတ်ခိုင်းထားပါကလား။ အင်း မြသွယ်ကလည်း သူ့ဖို့ ပိုပိုမိုမို ခုတ်ခဲ့ပါ မှာထားတယ်”
အေးဆောင်၏ ရင်ထဲ၌ ပူလောင်၏။
အမေနဲ့ တွေ့ ရပါဦးမလား။ မြသွယ် မျှော်နေရော့မယ်။ အမေမှာသော ထန်းရွက်မှာ ‘ဖက်ခွက်’ ထိုးရန် ဖြစ်၏။ ဖက်ခွက်မှာ ဟင်းလျာထည့်ရန်ဖြစ်၏။ ဟင်းလျာမှာ ဆွမ်းလုံးအလှူတွင် ထည့်သွင်းလှူရန်ဖြစ်ရာ ကြွေပန်းကန်၊ ဒန်ပန်းကန်၊ ပလတ်စတစ်ပန်းကန်များကို အသုံးမပြုနိုင်သဖြင့် ထန်းရွက်ကို ဖက်ခွက်ထိုးရခြင်းဖြစ်၏။
“ဆွမ်းလုံးကို ဘယ်သူတွေ သွားပို့မှာတုံး”
အေးဆောင်မှာ အတွေးကို ချက်ချင်းဖျောက်ပစ်ရ၏။ တွေးလေလေ ရင်ပူလေလေ ဖြစ်သောကြောင့်တည်း။
ဆွမ်းလုံးပို့ရမည့် ဘုရားမှာ ဝေးလံသည်။ ဆွမ်းဟင်းပို့ရန် မနောလင်ပန်းနှင့် ဖန်ခွက်များ ဦးဆောင်စီစဉ်သော အမေ မလိုက်နိုင်။ မြသွယ်သွားလျှင် သူ့အမေ ဒေါ်မြ လိုက်ပါမည်လော။ ဒေါ်မြ မလိုက်ပါက မြသွယ်ကို အနှောင့်အယှက်ပေးမည်သူတွေ တစ်ပြုံကြီးရှိသည်။
“ဟာ မတွေးတာပဲ ကောင်းပါတယ်”
အတွေးကို အတင်းဖျောက်ကာမှ မြသွယ်၏ချစ်စဖွယ်မျက်နှာကလေးသည် ပေါ်လာ၏။ အေးဆောင် ခေါင်းယမ်းပစ်သည်။ ရှဲခနဲ အသံကြားရသဖြင့် အေးဆောင်၏ ပူသောရင်မှာ နွေးခနဲဖြစ်သွား၏။ မြွေတစ်ကောင်ပါတကား။
မြွေသည် လျှာကို တစ်ပြူတစ်လုပ်လျက် သွားလမ်းရှာ၏။ အေးဆောင်သည် အားရပါးရ ရိုက်ပစ်ရန် တုတ်ကိုမြှောက်၏။ တစ်တောင်ထက်ပိုပြီး မြှောက်မရ။ ခေါင်းပေါ်မှာ နွယ်တွေအုပ်နေ၏။ သို့ရာ တွင် မြွေမှာ တစ်ဖက်သို့ ထိုးဆင်းသွားသဖြင့် အေးဆောင်အတွက် ရန်အေးသွားတော့၏။
အေးဆောင်မှာ မြွေလျှောဆင်းသွားသည်ကို စောင့်ကြည့်နေပြီး မြွေရှိခဲ့သောနေရာသို့ တက်နင်းရသည်။
မြက်ခြောက်များကိုဆွဲပြီး ကမ်းပါးကိုတက်နေစဉ် သိမ့်ခနဲ ဖြစ်သွားချေ၏။
“ဟ ဟ ဘာဖြစ်တာတုံး”
သူအော်ဟစ်နေဆဲ၌ ကမ်းပါးယံကြီး ပဲ့ကျ၏။ ပဲ့ကျသည့် အစိုင်အခဲသေးငယ်လျှင် အေးဆောင်သေနိုင်၏။ ယခုပဲ့ကျသော ကမ်းပါးယံမှာ ကြီးမားသည့်အတွက် ကမ်းပါးကြီးလျှောကျသည်နှင့် ပြီးတော့ ၏။
အေးဆောင်မှာ အလျင်လိုခါမှ အနှေးတွေ့ရ၏။
အမေမှာသော ထန်းရွက်လည်း ခုတ်ရဦးမည်။ လိုက်လက်စ ပျားကိုလည်း ဆုံးခန်းတိုင်စေချင်ကာမှ ကမ်းပါးက ပဲ့ကျ၏။
သူသည် မကျေမနပ် ရေရွတ်ပြီး ကမ်းပါးကို ဖက်တက်၏။ သစ်ပင်မြက်ပင် ဆွဲတက်စရာတွေ့သော် ဆွဲတက်၏။ ဆွဲစရာ တွယ်စရာမတွေ့သောအခါ ပပ်ကြားအက်များကို မြှောင်ပြီးတက်ရသည်။
ချောက်ကမ်းပါးထိပ်သို့ အေးဆောင်ရောက်ချိန်ဝယ် နေသည် ချစ်ချစ်တောက် ပူလောင်လျက်ရှိ၏။ ခေါင်းပေါင်းထားသော ပုဆိုးစုတ်မှာ မီးလောင်သော အနံ့ထွက်နေ၏။ အေးဆောင်မှာ ကမ်းပါးထိပ် နေပူထဲတွင် ပက်လက်လှန်နေရာ ပက်လက်အနေအထားဖြင့် အာကာပြင်ကို မော့ကြည့်နေမိ၏။
စမ်းပေါက်တွင် အေးဆောင်ချထားသော အမျှင်တွေ မကုန်သေး။ ရေသောက်သော ပျားတွေကလည်း အလာမစဲသေးပေ။ ဖြူဖြူအမျှင်ကလေးတစ်မျှင်ကို မြင်ကာ ခဏဖြင့် အေးဆောင်ကုန်းထသည်။ ဖြူဖြူအမျှင်ကလေး သွားရာဘက်သို့ မျှော်ကြည့်ရင်း ပြေးလိုက်၏။
“ဟာ ဟုတ်ပြီကွ… ဟေး ဟုတ်ပြီ”
အေးဆောင် ဝမ်းသာသည်။
ရှေ့တွင် တောအုပ်ကိုမြင်ရသည်။ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် မဟုတ်စေကာမူ ကျီးအာပင်၊ လွန်ပင်ကဲ့သို့သော နွယ်ပင်များ ရုံတက်နေသည့် အပင်ကြီးဖြစ်၏။
ဖြူဖြူအမျှင်ကလေး ဦးတည်သွားသောအရပ်မှာ ထိုနေရာဖြစ်ရာ အရည်ပြည့်သော ပျားလပို့တစ်ခု မုချ ရှိရမည်။
သို့ကြောင့် အေးဆောင်ဝမ်းသာ၏။
ဝမ်းသာသည့်အတွက် အေးဆောင် ခြေလှမ်းသွက်ငြား ယာတွေက ခံနေသေး၏။ ယာမှာ ဆီးဆူးတွေ ကာထား၏။ ရှားစောင်းပြာသာဒ်ပင်တွေလည်း ရံထားသေး၏။ ထိုယာကို လွန်သောအခါ ချောက်တစ်ခုကို တွေ့ပြန်၏။ ချောက်သည် စောစောက အေးဆောင်စိတ်အားငယ်ခဲ့ရသည်။
ချောက်နှယ် မနက်သော်ငြား ဟင်းလင်းဖြစ်နေခြင်းဖြင့် နှောင့်ယှက်၏။ အေးဆောင်မှာ ထိုချောက်ကို ကွေ့ပတ်သွားရန် လမ်းရှာကြည့်သေး၏။ လမ်းလည်း ရှိပါ၏။ ရှိသော်ငြား ကြာရှည်ပတ်ရ၊ ကွေ့ရမည်။
သို့ကြောင့် အေးဆောင်မှာ ချောက်ထဲသို့ ဆင်းခဲ့ရ၏။
ချောက်သည် များစွာမနက်ငြား အဆင်းရော အတက်ပါ စောက်၏။ စောက်သည့်အတွက် မြေပြိုကျသည်။ ကျိုးသည် ပဲ့သည်အထိ မဖြစ်စေကာမူ ခရီးတွင်မှုကို အဟန့်အတားပြုသည်။ ချောက်ကို ဖြတ်မိချိန်၊ ချောက်ကမ်းပါးထိပ်သို့ အေးဆောင်ရောက်ချိန်တွင် ရှေ့က ညို့ညို့မှိုင်းမှိုင်း တောအုပ်ကို မျက်စိမမှိတ်တမ်း ကြည့်နေမိလေတော့၏။
ညို့ညို့မှိုင်းမှိုင်းတောအုပ်ဟု ဆိုရငြား တောအုပ်မဟုတ်ပါ။ နွယပ်ပင်များ ထူထပ်စွာ ဖုံးအုပ်နေသော မန်ကျည်းပင်လော၊ ကုက္ကိုပင်လော အတပ်မသိရသည့် အပင်တစ်ပင်ဖြစ်သည်။
ထိုအပင်သည် အေးဆောင်ကြည့်နေဆဲ၌ ထင်ရှားပြတ်သားလာ၏။ ဖြူဖြူအမျှင်ကလေးတစ်မျှင် ဝင်ရောက်ပျောက်ကွယ်သွား၏။
“ဟုတ်ပြီကွ… ဟန်ပြီကွ”
အပင်ကြီးသည် မြန်မာကုက္ကိုဖြစ်၏။ မြန်မာကုက္ကိုဖြစ်ကြောင်းကို ပြားချပ်သော မြန်မာကုက္ကိုသီးများက သက်သေခံနေ၏။ သူသည် ကုက္ကိုပင်ကြီးအောက်သို့ ရောက်ရန် မနည်းလာရ၏။ ချောက်ကမ်းပါးတစ်ခု၏ ထိပ်တွင် ရောက်နေသောကြောင့် ဖြစ်ပေသည်။
သစ်ပင်အောက်တွင် ဆူးရစ်ချုံတွေရှိသည်။ ခွေးလှေးယားနှင့် ကလိမ်ပင်တွေ ရှိသည်။
ပျားအုံ ပျားသလက် မြင်ရလို မြင်ရငြား အေးဆောင် မော့ကြည့်သည်။ အရိပ်အယောင်မျှ မမြင်ရပါ။ ပျားအုံ ပျားသလက် အရိပ်အယောင်မမြင်ရကာမျှဖြင့် အေးဆောင် လက်မလျှော့ပါ။ ကုက္ကိုပွေးတွေကို ခြေဖျားဖြင့်ကုတ်ပြီး ပင်စည်ကို ဖက်တက်တော့သည်။
ပင်စည်ကို လွန်ပြီးနောက် ခွဆုံသို့ အေးဆောင်ရောက်လာ၏။ ဤအထိ ပျားစွဲ ပျားသလက်ပျားအုံကို မမြင်ရသေး။ သို့သော် ပျားစွဲ ရှိရမည်ဟု အေးဆောင်ယုံကြည်သည်။ တမော့မော့ဖြင့် တက်လာစဉ် နောက်ထပ်ခွဆုံတစ်ခုသို့ အေးဆောင်ရောက်လာသည်။ မည်းမည်းမြင်လျှင် ပျားစွဲလောဟု သေသေချာချာကြည့်သည်။
လက်ဝဲဘက်သို့ ထောင်တက်သွားသော ကိုင်းထိပ်တွင် ကျီးပေါင်းလော ပျားစွဲလော ညိုညစ်ညစ် အရာတစ်ခု မြင်ရသည်။ သေချာစေရန် အေးဆောင် စူးစိုက်ကြည့်နေစဉ် ငြိမ့်ခနဲဖြစ်သွား၏။
“ဟာ ဟေး ဟူး … ဟေး ဟေး”
လင်းယုန်တစ်ကောင်ဖြစ်သည်။ အေးဆောင် အော်ဟစ်ခြောက်လှန့်ဆဲမှာပင် ငှက်သည် ပျားစွဲကို အတောင်ဖြင့် ရိုက်သည်။ ငြိမ်ဝပ်နေသော ပျားစွဲကြီးမှ ပျားတွေ ဝုန်းခနဲထပျံသည်။
“ဟေး ဟူး ဟေး”
အေးဆောင် အော်သော်ငြား မရပါ။ ငှက်သည် ပျားရည်များဖြင့် ရွှဲမှည့်နေသော လပို့ကြီးကို ကိုက်ချီပျံထွက်သွားသည်။
“နာလိုက်တာကွာ၊ ငါ့မှာတော့ အကွဲကွဲ အပြဲပြဲနဲ့ လာလိုက်ရတာ။ သူကတော့ အသာကလေး”
အေးဆောင် တောက်တက်ခတ်သည်။ ဆဲရေးသည်။ ပျားစွဲရှိရာသို့ ရောက်ရှိရန် များစွာလိုသေးငြား ဆက်လက်ပြီး မသွားချင်တော့ပါ။ လဲကွဲထားသမျှ၊ ထိုးကြိတ်မိသမျှ၊ ရှနထားသမျှ နေရာတွေက နာလာ၊ ကိုက်ခဲလာ၊ စပ်လာချေပြီ။ ။ ။
ငွေတာရီမဂ္ဂဇင်း၊ မေလ၂၀၀၉ ခုနှစ်
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized